နတ်နဂါးစစ်သည်
အခန်း ၁၁၂
( သောက်ကျိုးနည်း…. ဒီလိုလဲ ရတာပဲလား….)
ရှုချန်းသည် အံစာတုံး ၁၀ တုံးကို ကောက်ထည့်ပြီး ခွက်ကို ခေါက်လိုက်သည်။ သို့သော် သေချာ ဂရုတစိုက် မခေါက်သည့်အတွက် အံစာတုံး နှစ်တုံး အပြင်သို့ ထွက်သွား၏။ ရှုချန်းသည် အံစာခေါက်ခြင်းနှင့် ပတ်သတ်၍ ကျွမ်းကျင်မှု မရှိခြင်းကို မြင်ရ၍ အားလုံး အံ့ဩသွားပြန်သည်။
ရှုချန်းအနီးတွင် မနေမိသည့်အတွက် ရှန်ယောင် မိမိကိုယ်ကို ကျေးဇူးတင်မိသည်။ ထိုသို့မဟုတ်ပါက ရှက်လွန်း၍ တွင်းတခု တူးကာ ပုန်းအောင်းနေမိတတ်ပင်။
ရှုချန်းသည် အံစာတုံးများကို ခွက်ထဲ တဖန် ပြန်ထည့်ကာ ခေါက်လိုက်၏။ ဤတကြိမ်တော့ အံစာတုံးများ ခုန်ထွက်မလာတော့။
ရှုချန်းသည် အတွေ့အကြုံ မရှိသူ တဦး ဖြစ်မှန်း မြင်လိုက်ရမှ ချန်းရဲ့ကျန်းရီ တယောက် သက်မ ချနိုင်တော့သည်။ သူသည် ရှုချန်း၏ အံစာခေါက်သံကို ဂရုတစိုက် နားထောင်ကြည့်လိုက်သည်။
အမှန်ဆိုရလျှင် ခွက်အတွင်း၌ ပြိုင်တူ လူးလိမ့်နေသော အံစာတုံး ဆယ်တုံး၏ အသံကို ခန့်မှန်းရသည်မှာ အလွန်တရာ ခဲယဉ်းလှ၏။ ထို့အပြင် ချန်းရဲ့ကျန်းရီ သည် မိမိကိုယ်ကို ယုံကြည်မှု အပြည့်အဝလည်း မရှိ။ သို့သော် စည်းမျဉ်းအရ အတိအကျ ဆိုသည်ထက် နှစ်ခုတိုး နှစ်ခုလျော့၍ ပြောနိုင်သည်အထိ အနိုင်ရပေသည်။ ဤအချီ အောင်မြင်ခဲ့ပါက ဒုတိယ အချီထိ ဆက်လက် ကစားနိုင်ပေမည်။ ကံကောင်းထောက်မ ကြက်ကန်းဆန်အိုး တိုး၍သာ ရှုချန်းတယောက် အတိအကျ မှန်ခဲ့သည်ဟု သူ ထင်နေ၏။
သို့သော် ချန်းရဲ့ကျန်းရီ ဂရုတစိုက် နားထောင်နေသည့် ကြားမှ အံစာခေါက်သံများမှာ မသဲကွဲ ဝိုးတဝါးဖြစ်လာ၍ ရှုချန်းအား ကြည့်လိုက်ရာ လက်ကို ရှင်းရှင်းလင်းလင်း မမြင်ရသည်အထိ မြန်ဆန်အောင် အန်စာခေါက်နေသည်အား တွေ့လိုက်ရသည်။
မှန်ပေသည်။ ရှုချန်းသည် အံစာတုံးများ ပိုမို လျင်မြန်စွာ ခုန်ပေါက် လွင့်ပျံနေစေရန် ခွက်ကို အရှိန်ပြင်းပြင်း လှုပ်ရမ်းနေ၏။
ချန်းရဲ့ကျန်းရီ ၏ ဂဏာမငြိမ်သော မျက်လုံးများကို မြင်ရသဖြင့် ရှုချန်း နှုတ်ခမ်းထောင့်စွန်း ကွေးသွားရုံမျှ ပြုံးကာ “ အံစာခေါက်သံ နားထောင်ချင်လား… နားထောင်ချင်လား… တစက္ကန့်ကို ငါးခါလောက် လှုပ်နေတဲ့ နှုန်းနဲ့ အံစာတုံးတွေကို နားထောင်ချင်လား… တစ်ခုတောင် မှန်အောင် ခန့်မှန်းနိုင်မယ် မထင်ဘူး… “
ဤကဲ့သို့ ဖြစ်ရန် ရှုချန်း စီစဉ်ခဲ့ပေသည်။ အကယ်၍ ချန်းရဲ့ကျန်းရီ ပြောသည့်အတိုင်းသာ ကစားပါက မကျွမ်းကျင်သူ ရှုချန်း ရှုံးနိမ့်မည်မှာ မြေကြီးလက်ခတ်မလွဲပင်။ ထို့ကြောင့် ဤကဲ့သို့ ကစားရန် ရှုချန်း ဆွယ်ခဲ့ခြင်း ဖြစ်၏။ ချန်းရဲ့ကျန်းရီ ခေါက်လိုက်သည့် အံစာတုံးများထက်မှ နံပါတ်များကို အုပ်ထားသည့် ခွက်ကို ထွင်းဖောက်၍ ကြည့်ကာ အတိအကျ ပြောခဲ့၏။ ထို့နောက် သူ၏ မြန်ဆန်လှသော အရှိန်အားကိုးဖြင့် အံစာခေါက်ကာ ချန်းရဲ့ကျန်းရီ ခန့်မှန်း၍ မရအောင် ပြုလုပ်ခဲ့သည်။ ဤနည်းဗျူဟာဖြင့် ကစားပွဲကို အနိုင်ယူရပေမည်။
ချန်းရဲ့ကျန်းရီ ခမျာလည်း နားထောင်လိုက်တိုင်း ခန့်မှန်းရခက်သည့် အသံ တဂျောက်ဂျောက်ကိုသာ ကြားနေရ၍ ဦးနှောက်ခြောက်လာ၏။ နဖူးပြင်တွင်လည်း ချွေးစေးတို့ ပြန်လာ၏။
ရှုန်ချန်းသည် အံစာခေါက်နေခြင်းကို ရုတ်တရက် ရပ်လိုက်ကာ ခွက်ကို စားပွဲပေါ် တင်လိုက်၏။ ထို့နောက် လက်ကို ခွက်ထက်မှ ရုတ်ကာ ချန်းရဲ့ကျန်းရီ အား စူးစူးရဲရဲ ကြည့်လိုက်ပြီး “ ခင်ဗျား ခန့်မှန်းလို့ ရပြီ… “ ဟု ပြောလိုက်သည်။
ချန်းရဲ့ကျန်းရီ ၏ ဦးနှောက်တခုလုံး ရှုပ်ထွေးနောက်ကျိနေပြီ ဖြစ်၍ မည်ကဲ့သို့ ခန့်မှန်းရမည်နည်း။ တခုတလေပင် ခန့်မှန်း၍ မရချေ။
ချန်းရဲ့ကျန်းရီ တယောက် ဇောချွေးများ ပြန်နေသည်ကို မြင်နေရ၍ သခင်ကြီးချင် က မျက်မှောင်ကြုံ့ကာ “ ဘာဖြစ်နေတာလဲ “ ဟု မေးလိုက်၏။
“ ကျုပ်… “
ချန်းရဲ့ကျန်းရီ ဘာဆက်ပြောရမှန်း မသိ။ ဘေးမှ ဝိုင်းအုံကြည့်နေသူများကိုလည်း စိတ်တိုနေ၏။ ရှုချန်း၏ အံစာတုံး နံပါတ်များကို သူ ဖြေနိုင်မည် မဟုတ်။ သူ အရှက်လည်း မကွဲလိုပေ။ ယခုအချိန်၌ သူ့တွင် ယုံကြည်မှု ဟူ၍ မြူတမှုံစာပင် မရှိတော့….။
“ မြန်မြန်ဖြေလေကွာ… မြန်မြန်… “
လူအုပ်ကြီးထံမှ အော်ဟစ်သံများ ထွက်ပေါ်လာလေပြီ။
ချက်ကောင်းကို ချောင်းနေသော ရှန်ယောင်က လူအုပ်ကြီး၏ စောဒက တတ်သံများနှင့် ရောယောင်ကာ သူမ၏ အသံစူးစူးလေးကို အတန်ငယ် မြှင့်ကာ “ စောနကပဲ ရှင်က အရမ်းတော်တယ်ဆိုပြီး ကြွားနေတယ်မလား… အလောင်းအစား လောက က ရှင့်ရဲ့ နာမည် ဂုဏ်သတင်းကို အကျခံတော့မလို့လား… “
ချန်းရဲ့ကျန်းရီ က “ ဖြစ်စရာလား… ငါ့ရဲ့ အံစာခေါက်တာမှာ ဆရာမကျဘူးလို့ ဘယ်သူ ပြောရဲလဲ… “
“ ဒါဆို ရှင် ဘာဖြစ်လို့ အခုထိ မဖြေသေးတာလဲ… “
ချန်းရဲ့ကျန်းရီ လည်း မျက်လုံးများကို မှိတ်ကာ စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ကြိုးစားလိုက်၏။ သူ၏ ခန့်မှန်းမှု သက်တမ်း အတွေ့အကြုံတို့ကို အသုံးပြုကာ အကြမ်းဖျဉ်း မှန်းဆလိုက်၏။ ခဏမျှကြာသောအခါ “ ၃၅ ထင်တယ်… “ ဟူသော အသံ ထွက်ပေါ်လာသည်။
ရှုချန်းလည်း ခွက်ကို ဖယ်ကြည့်လိုက်ရာ အံစာတုံးများကို ၁၊ ၁၊ ၂၊ ၂၊ ၃၊ ၃၊ ၃၊ ၅၊ ၅၊ ၆ ဟူ၍ တွေ့လိုက်ရသည်။
ထိုအံစာတုံးများကို မြင်သော အခါ ရှုချန်း ပြုံးလိုက်ပြီး “ စုစုပေါင်း ၃၁… စည်းမျဉ်းအရ နှစ်လုံးတိုး နှစ်လုံးလျော့ ရတယ်… အဲဒါတောင်မှ ခင်ဗျား ခန့်မှန်းတာ မမှန်ဘူး… မစ္စတာ ချန်းရဲ့… ခင်ဗျား ရှုံးသွားပါပြီ… “
စားပွဲကို မယုံကြည်နိုင်စွာ တွေတွေကြီး စိုက်ကြည့်ရင်း ချန်းရဲ့ကျန်းရီ ၏ မျက်နှာမှာ စက္ကူ တရွက်အလား ဖြူဖျော့သွား၏။
ဤသို့သော လူသစ်ကလေး တစ်ဦးကို ရှုံးနိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ချေ။
“ မဟုတ်ဘူး… ဒါ မဖြစ်နိုင်ဘူး… ကျုပ် အံစာတုံးတွေကို ခင်ဗျား ရမ်းပြီး ခန့်မှန်းလိုက်တာ… ကံကောင်းလို့ မှန်သွားတာမလား…. “
ထိုအချိန်တွင် လူအချို့က ချန်းရဲ့ကျန်းရီ အား လှောင်ပြောင် ပျက်ရယ် ပြုလာကြသည်။
“ မင်း ယောက်ျားမဟုတ်ဘူးလား… ဆင်ခြေတွေ ပေးမနေနဲ့… ကံကောင်းတယ်ဆိုတာက စုစုပေါင်းလောက်ကိုပဲ ခန့်မှန်းနိုင်တာ… မစ္စတာရှုက အံစာတုံး တတုံးစီအထိ အတိအကျ ခန့်မှန်းသွားတာ… အဲဒါ ကံကောင်းတယ်လို့ ခေါ်မလား… အရှုံးကို လက်မခံနိုင်ရန် ကစားမနေနဲ့… ဘာဆင်ခြေတွေ လာပေးနေတာလဲ… “
“ ဟုတ်တယ်… ပြောတော့ အံစာခေါက်တာ ဆရာကြီးဆို…. အခုတော့ အရှက်ကွဲတာပဲ… စုစုပေါင်းကိုတောင် မှန်အောင် မခန့်မှန်းနိုင်ဘူး… ဆရာကြီး ဟုတ်လား… သောက်ပေါနဲ့ ပိုတူနေသလိုပဲ… “
ချန်းရဲ့ကျန်းရီ က ဒေါသမီးတို့ တဝင်းဝင်း တောက်နေသည့် မျက်လုံးများကို ပရိတ်သတ်တို့ကို စိုက်ကြည့်လိုက်သည်။ ထို့နောက် ရှုချန်းဘက်သို့ လှည့်ကာ “ ငါ မယုံဘူး… မင်း ကံကောင်းသွားတာ… “
ပရိတ်သတ်များထံမှ အသံများ စီကနဲ ထွက်လာပြန်၏။
“ အရှက်မရှိတဲ့ကောင်… “
ချန်းရဲ့ကျန်းရီ သည် ပရိတ်သတ်များ စူးကနဲ တချက် ကြည့်လိုက်သည်။
ရှုချန်းက “ အိုခေလေ… ဒါဆိုရင် ကံအပေါ် မူမတည်တဲ့ စွမ်းရည်ပြလို့ရတဲ့ ကစားနည်း တခုခု ကစားကြမလား… “
ချန်းရဲ့ကျန်းရီ က နှာခေါင်းတချက်ရှုံ့ကာ... “ အံစာတုံးကို စုစုပေါင်း တန်ဖိုး အများဆုံး ဒါမှမဟုတ် အနည်းဆုံး ရအောင် ခေါက်မယ်… ဒါက ဘယ်သူ ပိုတော်လဲဆိုတာ ဆုံးဖြတ်လို့ အကောင်းဆုံး နည်းပဲ… အခု ခန့်မှန်းတဲ့ ကစားနည်းကကျ ကံတရားအပေါ် အရမ်း မှီခိုနေတယ်… ဘာစွမ်းရည်မှ မပါဘူး… “
ရှုချန်း ပခုံးတွန့်လိုက်၏။
“ ကောင်းပြီလေ… ဘယ်သူ အငယ်ဆုံး တန်ဖိုး ရမလဲ ကြည့်ကြတာပေါ့… ဘယ်လိုလဲ… “
“ ကျုပ်လည်း အဲ့လို ပြောမလို့ပဲ… အံစာတုံး ဘယ်နှတုံးနဲ့ ကစားချင်လဲ… “
“ ငါး တုံးပဲ လုပ်ကြတာပေါ့… “
ထို့နောက် ချန်းရဲ့ကျန်းရီ သည် အံစာတုံး ငါးတုံးကို ခွက်ထဲ ချက်ချင်းထည့်ကာ မရပ်မနား စတင် ခေါက်တော့သည်။
ထိုအချိန်တွင် အံစာတုံးများကို ခွက်အတွင်းသို့ တတုံးချင်း ထည့်နေသည့် ရှုချန်း၏ ပုံမှာ ရှန်ယောင်အား ဆွေ့ဆွေ့ခုန်မတတ် ဒေါသထွက်သွားစေ၏။
နှစ်ဦးသား ခွက်များကို မရပ်မနား လှုပ်ခါနေကြ၏။ ချန်းရဲ့ကျန်းရီ ကမူ ခွက်အနားသို့ နားကပ်ကာ အံစာခေါက်သံကို နားထောင်ရင်း မှန်းဆနေသည်။ နောက်ဆုံးတော့ နှစ်ဦးသား ခွက်များကို စားပွဲပေါ်သို့ တင်လိုက်ကြသည်။
ရှုချန်းက “ ခင်ဗျား အရင်ဖွင့်ပါ… “
ချန်းရဲ့ကျန်းရီ ခွက်ကို မလိုက်ရာ အံစာတုံး တတုံးစီမှာ ၁ ကျ၍ စုစုပေါင်း ၅ မှတ် ဖြစ်လေသည်။
ထိုမြင်ကွင်းကြောင့် သခင်ကြီးချင် က ကျေနပ်အားရစွာ ရယ်မောကာ... “ အံစာတုံး တတုံးစီက ၁ ကျတယ်… စုစုပေါင်း ၅ မှတ်… အနည်းဆုံးကျအောင် လုပ်နိုင်ခဲ့တာပဲ… “
ရှုချန်းသည် သခင်ကြီးချင် ပြောနေသည်ကို ဝင်ဖြတ်ကာ “ နေပါဦး… ဘာလို့ ငါးက အနည်းဆုံးလို့ ပြောတာလဲ… “
သခင်ကြီးချင် က ရှုချန်းကို “ လာနောက်နေတာလား… “ ဟူသော အမူအရာမျိုးဖြင့် စိုက်ကြည့်ကာ “ အံစာတုံး တတုံးစီရဲ့ အငယ်ဆုံး တန်ဖိုးက ၁ လေ… အံစာတုံး ငါးတုံး…. စုစုပေါင်း ၅… ဒီထက် နည်းတဲ့ တန်ဖိုး ရှိသေးလို့လား… “
လူအုပ်ကြီးကလည်း သခင်ကြီးချင် မှန်ကန်ကြောင်း ထောက်ခံလိုက်သည်။
သို့သော် ရှုချန်းက ခွက်ကို မလိုက်ကာ “ ဒါက အနည်းဆုံး ဖြစ်သင့်တယ်မလား… “
လူအုပ်ကြီးလည်း ဝိုင်းအုံ ကြည့်လိုက်ရာ အမှုန့်ဖြစ်သွားသော အံစာတုံးများကို မြင်လိုက်ရ၏။ အံစာတုံး အတုံးဟူ၍ မရှိတော့…။ အားလုံး ကြောင်အသွားကြသည်။
ရှုချန်းလည်း အောင်နိုင်သူ အပြုံး ပြုံးလိုက်ကာ “ ကျုပ်က စုစုပေါင်း ၀ (သုည) လေ… စိတ်မကောင်းပါဘူး… ခင်ဗျားထက် နည်းတယ်… ဒီတခါလည်း ကျုပ်ပဲ ထပ်နိုင်ပြန်ပြီ… “
သခင်ကြီးချင် က စူးစူးရဲရဲ စိုက်ကြည့်လိုက်ကာ “ သောက်အဓိပ္ပါယ် မရှိတာတွေ… အံစာတုံး တတုံးမှ မရှိတော့တာကို ခွင့်ပြုလို့လား… “
ရှုချန်းသည် ချန်းရဲ့ကျန်းရီ ကို လက်ညှိုးထိုး၍ “ သူသာ ပရို တယောက်ဆို အံစာတုံးကို အမှုန့်ဖြစ်တဲ့အထိ ခေါက်နိုင်ရမယ်… အဲ့လို မလုပ်နိုင်ရင်တော့ အရှုံးကို လက်ခံလိုက်ပေါ့… စုစုပေါင်း ၅ မှတ် ရတာနဲ့ အလိုလို နိုင်ပြီဆိုတဲ့ စည်းကမ်း မရှိဘူး… ခင်ဗျားတို့ နှစ်ယောက်ကို ကျုပ်မေးမယ်… ဒီအရှုံးကို လက်ခံရဲတဲ့ သတ္တိ မရှိဘူးလား… “
ချန်းရဲ့ကျန်းရီ ဘာပြောရမှန်း မသိ ဖြစ်နေ၏။
“ သောက်ကျိုးနည်း… ဒီလိုလဲ ရတာပဲလား… “
အခန်း ၁၁၂ ပြီး
နတ်နဂါးစစ်သည်
အခန်း ၁၁၃
( ငွေကြေးခဝါချမှု စစ်ဆင်ရေး )
ဤအချီတွင် ချန်းရဲ့ကျန်းရီ သည် နည်းစနစ်အရ အောင်မြင်သည် ဖြစ်စေ၊ ရှုံးနိမ့်သည် ဖြစ်စေ ပထမ အချီက ရှုံးနိမ့်ခဲ့သည့် ခံစားချက်နှင့် သိပ်မကွာခြားသော ခံစားချက်ကို ခံစားနေမိသည်။ ပထမအချီ၌ ရှုံးနိမ့်ခဲ့သော်လည်း အရှက်မဲ့စွာ နောက်တချီ ထပ်မံ ဆော့ကစားရန် စိန်ခေါ်ခဲ့၏။ ထို့ကြောင့် ဤတကြိမ်တွင်လည်း ထပ်မံ စိန်ခေါ်ပါက သူ၏ ဂုဏ်သိက္ခာတို့ ရေစုံမျောရပေတော့မည်။
ထို့ကြောင့် ရှုချန်းအား မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ “ ဟွာရှမှာ အိပ်နေတဲ့ နဂါးတွေ မှိန်းနေတဲ့ ကျားတွေ တကယ်ရှိတာပဲ… ငါ ရှုံးတာ လက်ခံတယ်… ကျုပ်က အပြောနဲ့ အလုပ် ညီတဲ့ သူတယောက်ပါ… “ ဟု တလုံးချင်း ပြောလိုက်၏။
ထို့နောက် နောက်သို့ တချက် လှည့်မကြည့်ပဲ ကာစီနိုရုံထဲမှ တလှမ်းချင်း လှမ်းကာ ထွက်ခွာသွားတော့သည်။
ချန်းရဲ့ကျန်းရီ၏ ရှုံးနိမ့်မှုကြောင့် မျက်နှာ နာသွားရရှာသော သခင်ကြီးချင် သည် ယနေ့အဖို့ ရှုချန်း ရှုံးတော့မည် မဟုတ်ဟု လုံးလုံးလျားလျား နားလည်ခဲ့၏။ သို့သော် ရှုချန်းအား ဤ နေရာတွင် ဆက်လက်၍လည်း မနေစေလိုပေ။ ရှုချန်းသာ ဆက်လက် ရှိနေပါက သူတို့၏ ကာစီနိုရုံအတွက် မုချ အနှောင့်အယှက် ဖြစ်ပေတော့မည်။
ထို့ကြောင့် ရှုချန်း ထွက်ခွာသွားအောင် မည်သို့ လုပ်ရမည်ကို တွေးနေစဉ်တွင် ရှုချန်းသည် ပိုက်ဆံအိတ်ကို ထုတ်လိုက်သည်ကို မြင်သောအခါ လောင်းကစား ပြုလုပ်တော့မည်ဟု ထင်မိ၍ သခင်ကြီးချင် ထိတ်လန့်သွား၏။
“ခင်ဗျား ဘာလုပ်နေတာလဲ… “
ရှုချန်းက တချက် စူးရဲစွာ ကြည့်လိုက်ကာ “ စီးကရက် သောက်ဖို့ ထုတ်နေတာ… ဘာတွေ စိတ်ပူနေတာလဲ… “
ထို့နောက် စီးကရက် တလိပ်ထုတ် မီးညှိကာ ပိုက်ဆံအိတ်ကို ပြန်သိမ်းလိုက်၏။
“ အရာရှိ ရှု… ခင်ဗျား လောင်းကစား လုပ်တာ သတင်းပို့လိုက်ရင် ပြသနာ အကြီးအကျယ် တက်မှာနော်… “
“ ဟားဟား… နည်းနည်းလောက်တောင် ကစားလို့ မရဘူးလား… ယွမ် ၁၀၀ လောက်ပါ… လောင်းကစားက ပျော်ဖို့ကောင်းပါတယ်… “
သခင်ကြီးချင် က “ မဟုတ်ဘူး… ဒီနေ့ ဒီမှာ ဘာတွေ ဖြစ်နေလဲဆိုတာ ကကြီးကနေ အ အထိ ခင်ဗျား မြင်နေတာပဲ… ဘာပြသနာမှ မရှိဘူး… ဒါကြောင့် ခင်ဗျား အခု ပြန်သင့်ပါပြီဗျာ.. “
ရှုချန်းလည်း သက်ပြင်းလေပူတချက် မှုတ်ထုတ်ကာ ခေါင်းခါယမ်းလိုက်ပြီး “ အေးလေ… ခင်ဗျားမှ မနေစေချင်တာ… ကျုပ်လည်း ထွက်သွားရုံပေါ့… “ ဟုဆိုကာ ဝိုင်ခွက်ကို ချ၍ ကာစီနိုထဲမှ တလှမ်းချင်း ထွက်လာခဲ့လိုက်သည်။
သခင်ကြီးချင် ၏ နောက်မှ သက်တော်စောင့်တဦးက အနားကပ်၍ “ သခင်ကြီးချင် သူ့ကို သတ်ဖို့ တယောက်ယောက် လွှတ်လိုက်ရမလား… “ ဟု တီးတိုးမေးလိုက်သည်။
သခင်ကြီးချင် က မီးတောက်မတတ် မျက်လုံးများဖြင့် ဆတ်ကနဲ လှည့်ကြည့်လိုက်ကာ “ သူ့ကို သတ်ပစ်မယ် ဟုတ်လား… ဟိုတခေါက်က ပရိုကျပါတယ်ဆိုတဲ့ လူသတ်သမား တဖွဲ့လုံး ထောင်ထဲမှာ လက်ဖက်ရည်သွားသောက်နေရတာ မသိဘူးလား… မမေ့နဲ့… ရှုချန်းဆိုတဲ့ကောင်က မြောက်ပိုင်းဂိတ်တံခါးဝရဲ့ သခင်ကြီးရန်ကိုတောင် သတ်လာတာ… မင်းက သူ့ကို သတ်နိုင်မှာတဲ့လား… အခုဆို ဒီကောင်က အရင်လို ကင်းလှည့် အရာရှိလေး မဟုတ်တော့ဘူး… မှုခင်းစုံစမ်းစစ်ဆေးရေး ဌာနရဲ့ ခေါင်းဆောင်တယောက် ဖြစ်နေပြီ… သူသေတာနဲ့ ရဲတွေက ငါတို့ကို ချက်ချင်း သံသယဝင်မှာ… အခန့်မသင့်ရင် အချုပ်ထဲတောင် သွားအိပ်ရလောက်တယ်… မင်းအိပ်ချင်လို့လား… ငါတို့ ကာစီနိုကို သူ နောက်တခေါက် ထပ်ပြီး ခြေမချ သရွေ့ ဘာမှ မလုပ်နဲ့… ဒီနေ့ လောင်းကြတဲ့ စာရင်းတွေကို သွားစစ်လိုက်ဦး… တကယ်လို့ ဆယ်သန်းအထက် နိုင်တဲ့သူ ရှိရင် ပြော… သူတို့နဲ့ ညှိစရာတွေ ရှိတယ်… “
“ ဟုတ်ကဲ့… “
ရှုချန်း အပြင်ရောက်သည်နှင့် ရှန်ယောင်အား “ စစ်ဆင်ရေးစမယ်… ငါထွက်သွားတဲ့အတွက် သူတို့ လုံခြုံရေး လျှော့လိမ့်မယ်… “
နံဘေးမှသူများ သံသယဝင်မည်စိုး၍ ရှုချန်း စကားကို ရှန်ယောင် နားထောင်၍သာ နေ၏။ တခွန်းမှ ပြန်မပြောချေ။
ရှုချန်းသည် ယာယီကွပ်ကဲရေး ဌာန လုပ်ထားသော လမ်းတဖက်ခြမ်းရှိ အဆောက်အဦးထဲသို့ ဝင်သွားလိုက်၏။ သူဝင်လာသည်နှင့် တပြိုင်နက် အရာရှိများက သဘောကျ နှစ်ခြိုက်နေသည့် လေသံဖြင့် ...
“ ခေါင်းဆောင်ရှု… ဖဲကို ဘယ်လို ရိုက်လိုက်တာလဲ… “
“ ခေါင်းဆောင် ရှု… ace ၄ ကတ်ကို ဘယ်လို မှော်ဆန်အောင် လုပ်သလိုမျိုး ကျုပ်ကိုလည်း လုပ်ပေးနိုင်မလား… “
Ace ၄ ကတ်အကြောင်း မေးနေသော တပ်သားအား “ -ီးကို မှော်ဆန်တာလား… စောင့်ကြည့်နေတာ ဘယ်လိုလဲ… အားလုံး ပုံမှန်ပဲလား… “
“ အကုန်ပုံမှန်ပါပဲ… ကာစီနိုတခုလုံးကို သေချာစောင့်ကြည့်နေပါတယ်… “
“ ကောင်းပြီ… VIP ဧရိယာထဲမှာ ဘယ်သူတွေ ကစားနေလဲဆိုတာ ပို့ပေးဦး… “
ဟက်ကာက “ ဒေတာတွေ စုထားပြီးပါပြီ.. “ ဟု ဖြေလိုက်၏။
ဖဲရိုက်နေရာတွင် အရှေ့အလယ်ပိုင်းမှ လူတဦး ရှိနေသည်။ ကျွမ်းကျင်မှု မရှိလှသော ထိုသူသည် လောင်းကြေးမြင့် ပွဲများတွင် ကစားနေသည်မှာ အနည်းငယ် သံသယဝင်စရာပင်။ ထို့အတူ ပြည်တွင်း ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီ တခု၏ သူဌေးကြီး တဦးလည်း ရှိနေသည်။ ထိုသူ နှစ်ဦးစလုံးမှာ ငွေကြေး ခဝါချရန် ရောက်ရှိနေခြင်း ဖြစ်နိုင်၏။ ထို့အတူ နယ်မြေခံ ရဲစခန်းသည် ပြည်တွင်း ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီအား လူကုန်ကူးမှုနှင့် ဆက်စပ်ကြောင်း မှတ်တမ်းတင်ထားသေးသည်။
ရှန်ချန်းက ဟက်ကာအား “ သူတို့ စားပွဲကို တချက် ကြည့်ရအောင်… ငွေပမာဏ ဘယ်လောက် ကစားနေလဲ… “
ဟက်ကာလည်း ကင်မရာ ဦးတည်ချက်ကို စားပွဲပေါ်သို့ ချက်ချင်း ပြောင်းလိုက်ရာ ငွေပမာဏ သန်းချီ ကစားနေသည်ကို မြင်တွေ့ရ၏။ ထို့ကြောင့် ရှုချန်းသည် ရှန်ယောင်အား “နံပါတ် ၃၂ VIP စားပွဲကို သွားကစား… “
ရှန်ယောင်လည်း နံပါတ် ၃၂ VIP စားပွဲကို ရှာကာ ဝင်ထိုင်လိုက်၏။
သို့သော် သူမ ထိုင်လိုက်သည်နှင့် ဝန်ထမ်းများ ရောက်လာကာ “ မင်္ဂလာပါ မစ္စ… ဒါက ကန့်သတ် ဧရိယာပါ… “ ဟု လာပြောကြလေသည်။
ရှန်ယောင်က အနည်းငယ် ဒေါပွဟန် ဆောင်ကာ “ လုပ်ငန်း လုပ်နေပြီး ဖောက်သည်တွေကို ဘယ်လို ဆက်ဆံနေတာလဲ… ငါ့မှာ ပိုက်ဆံ မရှိဘူးလို့ ထင်နေတာလား… ငါ ပိုက်ဆံ အလုံအလောက်ပါသရွေ့ ဒီမှာ ကစားလို့ရတယ်… ခုံ နှစ်လုံး လွတ်နေသေးတယ်… ဒီက လူကြီးမင်း သုံးယောက်နဲ့ ကစားရတာ ဘယ်လောက်တောင် ပျော်စရာ ကောင်းလိုက်မလဲ… “
အသံစာစာလေးကြောင့် လှည့်ကြည့်လိုက်ရာ ချောမောလှပသော မျက်နှာ၊ အချိုးအဆစ်ကျန လှပသော ခန္ဓာကိုယ်နှင့် မိန်းမလှလေး ရှန်ယောင်ကို မြင်လိုက်ရ၍ ထိုဝိုင်းမှ လူများ ကိုယ့်မျက်စိ ကိုယ်မယုံနိုင် ဖြစ်သွား၏။ ထို့ကြောင့် ဝန်ထမ်းအား “ မိန်းမလှလေးက ကျုပ်တို့နဲ့ ကစားဖို့ ဆန္ဒရှိနေရင် ကစားခွင့် ပြုလိုက်ပါ… “
ထို့နောက် ရှန်ယောင်ဘက်သို့ လှည့်ကာ ချိုသာစွာ ပြုံးလိုက်ပြီး “ မိန်းမလှလေး… ကျုပ်တို့က လောင်းကြေးတော့ မြင့်တယ်နော်… ကစားမှာ သေချာရဲ့လား… “
ရှန်ယောင်က သူမ၏ ပန်းဆီရောင် နှုတ်ခမ်းနုနုတို့ကို ချစ်စဖွယ် ပြုံးကာ “ ဟုတ်ကဲ့ရှင့် “ ဟု ပြောလိုက်၏။
“ ကဲ… ဒါဆိုလည်း ကစားကြတာပေါ့… “
ထိုစားပွဲတွင် ကစားသမား စုစုပေါင်း သုံးယောက်ရှိ၍ ရှန်ယောင်ရောက်လာသည့်အခါ လေးယောက် ဖြစ်သွား၏။ ထိုစားပွဲ၏ အဓိက ဇာတ်ကောင်မှာ အရှေ့အလယ်ပိုင်းဒေသမှ ဧည့်သည် ဖြစ်သည်။ မှောင်ခိုဘဏ်နှင့် သဘောတူညီချက် အရ လာမည့် သုံးရက်အတွင်း ကာစီနိုမှ အမေရိကန်ဒေါ်လာ ၉၅၀ မီလျံခန့် ရရှိပေလိမ့်မည်။ ဤကဲ့သို့ သဘောတူညီချက် ရနိုင်ရန် ဖဲဝေသူ အား လာဘ်ထိုးထားရသေး၏။
ရှုချန်းသည် ဟက်ကာ ပြသော ကင်မရာ မော်နီတာမှ မကြည့်ပဲ သူ၏ ထွင်းဖောက်မြင်နိုင်စွမ်းကို အသုံးပြု၍ ထိုစားပွဲဆီသို့ လှမ်းကြည့်လိုက်သည်။ ဖဲဝေသူ သည် အရှေ့အလယ်ပိုင်းမှ ဧည့်သည်ကို ဖဲချပ်ကောင်းများ ပေးနေသည်ကို မြင်လိုက်ရ၍ ရှန်ယောင်အား “ ဖဲဝေသူ နဲ့ အရှေ့အလယ်ပိုင်း ဧည့်သည်က ဖဲလိမ်ရိုက်နေပြီ… ငါ ပြောတဲ့ အတိုင်းပဲ လိုက်လုပ် သိလား… “
ရှုချန်း၏ စကားကို နားကြပ်မှ တဆင့် ကြားလိုက်ရသော ရှန်ယောင် ခေါင်းညိတ်ပြလိုက်၏။
အရှေ့အလယ်ပိုင်း ဒေသမှ ဧည့်သည်သည် ရှန်ယောင်အား ငေးကြည့်လိုက်ကာ “ ဒီကောင်မလေး ကစားတတ်ပုံ မပေါ်ဘူး “ ဟု တွေးမိသွား၏။ ထို့အတူ အခွင့်အရေးမှာ မဖိတ်ခေါ်ပဲ ရောက်လာပြီဟု တွေးထင်မိသွားပြီး “ မိန်းမလှလေး… ဒီကစားနည်း သင်ပေးရမယ်လေ… ဖုန်းနံပါတ် ကိုယ့်ကို ပေးလို့ရမလား… ခုည တခုခု သောက်ကြရအောင်လေ… “
ရှန်ယောင်က ရှေ့သို့ ဝဲကျနေသည့် ဆံနွယ်များကို သွယ်ပြောင်းလှသော လက်ကလေးများဖြင့် နားရွက်နောက်သို့ သပ်လိုက်ကာ မပွင့်တပွင့်လေး ပြုံးလိုက်ပြီး လေသံ တိုးတိုးကလေးဖြင့် “ ဘယ်လို ကစားရမှန်း မသိပေမဲ့ ဖြည်းဖြည်းချင်းတော့ သင်နေပါတယ်… “
နောက်တကြိမ် ဖဲချပ်များ မဝေခင်အချိန်တွင် ရှန်ယောင် လက်ထဲ၌ အကောင်းဆုံးသော ဖဲများ ရှိနေသည်ကို ရှုချန်း မြင်လိုက်ရ၏။ ဖဲဝေသူ သည် အစက သုံးဦးတည်းသာ ကစားရန် စီစဉ်ထားသော်လည်း ရှန်ယောင် ရောက်လာသဖြင့် အနည်းငယ် အပြောင်းအလဲ ဖြစ်သွား၏။ ယခုအချိန်တွင် အကောင်းဆုံး ဖဲချပ်များကို အများဆုံး လက်ဝယ် ပိုင်ဆိုင်ရရှိထားသူမှာ ရှန်ယောင် ပင်။ သူမနောက်တွင်တော့ အရှေ့အလယ်ပိုင်းဒေသမှ ဧည့်သည်။ ကျန်နှစ်ဦးမှာမူ အသင့်အတင့်သာ။ ဤတကြိမ်မှာ ပြင်းထန်ပေလိမ့်မည်။
ရှန်ချန်းက ရှန်ယောင်အား “ ဒီပွဲ နင်စိတ်ကြိုက်လောင်ကြေးထပ်… သူတို့ဆီက လောင်းကြေး များနိုင်သမျှ များများ ရအောင်လုပ်… “
ရှန်ယောင်၏ မျက်နှာလှလှလေးထက်တွင် စွဲမက်ဖွယ် အပြုံးလေး တပွင့် ချက်ချင်း ပေါ်လာ၏။ ထို့နောက် ရရှိထားသော ဖဲချပ်များကို လေးဦးသား တချပ်ချင်း ကြည့်လိုက်ကြသည်။
အရှေ့အလယ်ပိုင်းဒေသမှ ဧည့်သည်မှာ ကာစီနိုမှ ဖဲဝေသူ အား ယုံကြည်၍ ငါးသန်းကို စိတ်ချလက်ချ ချက်ချင်း လောင်းကြေးထပ်လိုက်၏။ ဖဲဝေသူ သည် အရှေ့အလယ်ပိုင်းဒေသမှ ဧည့်သည်အား အတတ်နိုင်ဆုံး ဖဲချပ်ကောင်းများ ပေးထားသော်လည်း အကြိမ်တိုင်းတွင် အကောင်းဆုံးသော ဖဲချပ်များ ရနိုင်မည်ဟု အာမ မခံနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် အခြားသော ကစားသမားများလည်း ရှိသေး၍ အရှေ့အလယ်ပိုင်းဒေသမှ ဧည့်သည်သာ အစဉ်အနိုင်ရနေပါက သံသယဝင်စရာ ဖြစ်လာကာ ကာစီနို၏ ဂုဏ်သတင်းလည်း ထိခိုက် ပျက်ပြားရပေမည်။ ဖဲဝေသူ သည် ကုလားဖန်ထိုးချိန်တွင် ဖဲချပ်ကောင်းများကို မှတ်သားထားပြီး အရှေ့အလယ်ပိုင်းဒေသမှ ဧည့်သည်အား ရွေးပေးလေ့ရှိ၏။ သို့သော် မှားယွင်းသည့်အခါလည်း ရှိပေသည်။
အရှေ့အလယ်ပိုင်းဒေသမှ ဧည့်သည်သည် လောင်းကြေး အဝိုင်းပြားများကို စားပွဲပေါ် ပစ်ချကာ ရှန်ယောင်အား ပြုံးကြည့်လိုက်ပြီး “ အထူးသဖြင့် မိန်းမလှလေးတွေ အပေါ်မှာဆို ကျုပ်က အမြဲ ရက်ရောပါတယ်… “ ဟု ပြောလိုက်၏။
“ တကယ်လား… ဒါပေမဲ့ ငါးသန်းလောက်နဲ့တော့ ရက်ရောတယ်လို့ မထင်မိပါဘူး… “
ရှန်ယောင်သည် ပြောပြောဆိုဆိုဖြင့် လောင်းကြေး အဝိုင်းပြား အကြီး တချပ်ကို ချလိုက်၏။
“ ၁၀ သန်း လောင်းတယ်… “
အခန်း ၁၁၃ ပြီး