အရွယ်လွန်အချစ် 💓
Old Love -8
သူပြောသမျှကို ပုံပြင်မှတ်ပြီ အိပ်လိုက်ခြင်းက အကုသိုလ်လည်းကင်းရင်တုန်ပန်းတုန် ဖြစ်ခြင်းလည်း ဝေးတာပေါ့လို့..
တွေးရင် တရားစခန်း၀င်ဖူးသည့် အတွေ့အကြုံ နည်းနည်းကလေးကို အသုံးချ …
သူ ဘာပြောပြော တစ်ဖက် နားက၀င် တစ်ဖက်နားကထွက် ..
၀င် လေ ထွက်လေ မှတ် …
နောက်ဆုံးတော့ သူလည်း ပါးစပ်ပိတ် ကျွန်မ လည်း ဒီကိုလ်ဂျင် အရှိန်ကြောင့် အိပ်…
.
.
နိုးလာတော့လည်း နေမမြင်ရသေးပါဘူး .. ဒါ့ပင်မယ့် နားထဲမှာ ဆိုင်ကယ်သံ ကားသံ ကလေးတွေတော့ ကြားနေရပါပြီ ..
မိုးကုတ်ရဲ့ အလှပေါ့လေ ..
မိုးဘယ်လောက်ရွာရွာ ဆိုင်ကယ် အမိုးကိုင်လေးတွေနဲ့ သူတို့လိုရာခရီးနှင်ကြ သွားကြ လာကြ လုပ်ကိုင်နေကြတာပါပဲ..
မိုးရွာလို့ အလုပ်ပျက်တယ်မရှိ အသွား အလာပျက်တယ်လို့လည်းမရှိပါဘူး..
နေရာသစ်ရဲ့ လူနေမူ့ကို ကျွန်မက မျက်လုံးမဖွင့်နိုင်သေးခင် မြင်ဖူးသမျှ လေးစိတ်ကူးထဲမှာပုံဖော်ကြည့်နေမိသည်..
ပုံဖော်ရင် ကျွန်မက မျက်လုံးမဖွင့်ခင် လက်ကို ဆန့် ခြေထောက်နှစ်ဖက်စုံခြေဆင်းရင် အကြောဖြေဖို့ အတွက် စောင်းနေတဲ့ ကျွန်မကိုယ်လေးကို ပက်လက်လှန်ဖို့လူပ်ကြည့်သည်..
လူပ်လို့မရ ..
ဒီနေ့ကျမှ ကျွန်မ စောင်က ဘာကြောင့် ကျွန်မကိုယ်ပေါ် ဒီလောက်ကြီးလေးနေရသလဲ …
အနံ့ကလည်း ကျွန်မ စောင်လျှော်တုန်းက ထည့်သုံးထားတဲ့ အမွှေးဆီအနံ့အပြင် အခြား သင်းပျံ့ပျံ့ စံပယ်ပန်း နံ့ လိုလို ဘာလိုလို အနံ့လေးတစ်ခုကလည်းရနေ သေးသည်..
အနံ့ အကြောင်း တွေးမိတော့မှ ဖွင့်ဖို့လေးပင်နေတဲ့ ကျွန်မမျက်လုံးများက ချက်ချင်း ပွင့်လာပြီ ကျွန်မလုံနေအောင် လည်ပင်း ပေါ်ထိ လွှမ်ခြုံထားသည့်စောင်ရဲ့ အောက်ပိုင်း ပေါ်က သူ့ ခြေထောက်ကို သတိထားမိသည် ..
“အံ့မယ်လေး … တင်ထားလိုက်တာ အားရပါးရ ..စုံကို ပစ်တင်ထားတာ..”
ခြေထောက် တင်ရတာ တော် တော်တော့ ဝါသနာကြီး ပုံရတဲ့ ယောင်္ကျားပဲ..
ကားစီးတာတောင် အခန့်သား ခြေထောက်လာတင်ဖူးတဲ့ ယောင်္ကျားဆိုတော့ ကုတင် ပေါ်ဆိုရင် တော့ .. အင်း.. မပြောတော့ပါဘူးလေ …
ခြေထောက်တင်တာလေးနဲ့ စောစောစီးစီး ရန်သွားလုပ်ရင်လည်း ကိုယ်ပဲ မိအေး နှစ်ခါနာ ဖြစ်သွားမှာ ကြောက်လို့ နောက်ဆုံးမှာ ကျွန်မက တိတ်တိတ်ကလေး စောင်လေးကို အသာယာဖယ် ..
အကြောဆန့်ဖို့ ပြင်ထားတဲ့ ကိုယ့်ခြေထောက်ကလေးကို အသာလေး ကုတင်အောက်ချ ..
ခြေထောက်နှစ်ဖက် ကုတင်အောက်ကျလို့ ကြမ်းပြင်နှင့်ထိပြီဆိုမှ ဇွတ်ခနဲ ခေါင်းထောင် ခါးမတ်ပြီ မက်တပ်ရပ် လိုက်သည် ..
“ဟူး … အမယ်လေး ငါ့နှယ် နံနက်ခင်း အိပ်ရာထ တာတောင် တူတူပုန်းတမ်းဆော့သလို လူမိမှာ ကြောက်နေရသေး ..”
သည်လိုတွေးရင် ကျွန်မက ခြေလှမ်း တွေကို ခပ်ဖွဖွလေး နင်း လမ်းလျှောက်ပြီ အိပ်ခန်းတံခါး အရင်ဖွင့် လိုက်သည်..
ထို့နောက် အိပ်ခန်းအပြင်ထွက်ရင် ၀ရန်တာဖက်ကို အမှတ်တမဲ့ မျက်လုံးက
ကြည့်မိလိုက်၏..
.
.
သူ့အိမ်ကရပ်ကွက် အလယ်ခေါင် လမ်မကြီး ဘေးမှာ ရှိသည်မို့ သွားလာ လူပ်ရှားနေသော သူများကို မြင်နိုင်သလို မျက်နှာချင်းဆိုင်အိမ်က မဝါတို့လူပ်ရှားပုံကိုပါ လှမ်း မြင်နေရသည် ..
“အို .. ကြည့်ပါအုံး တီရီ တောင် နံနက်စောစော ဆွမ်းတော်ကပ်ပြီ ဘုရား၀တ်ပြုတော့မှာပဲ …”
တစ်ဖက်အိမ်က ယောက်မအကြီး လူပ်ရှားမူ့ကို မြင်တော့မှ မခင်မျိုး ခေါင်းထဲ ဆွမ်းအတွက် ထမင်းချက်ဖို့ ဟင်းချက်ဖို့ ကို သတိရပြီ အခန်းထဲက သူ့ကိုနိူးပြီ ဈေး လိုက်ပို့ ခိုင်းသည် …
@@@
ဈေးမဟုတ်ပဲ အခုမှ ဆိုင်ဖွင့်ဖို့ပြင်နေသည့် လျှပ်စစ် ပစ္စည်း ဆိုင်နားရောက်တော့ သူက ကားရပ်လိုက်သည်မို့
“ဘာ၀ယ် မလို့လဲ ..”
“ခင်ခင်ပဲ .. ထမင်း ဟင်း ချက်ချင်တယ်ဆို .. ထမင်းအိုး ဟင်းအိုး ဘာညာအရင် ၀ယ်ကြမယ်လေ ..”
“အို .. အဲ့ဒါတွေက ၀ယ်စရာမှ မလိုပဲ .. အိမ်မှာ ရှိပြီးသားပဲ ..”
“ကိုယ့်အိမ်မှာ .. အဲ့ဒါတွေ တစ်ခုမှ မရှိပါဘူး ..”
“ဪ .. မနေ့က မန္တလေးက သယ်လာတဲ့ လက်ဖွဲ့ ပစ္စည်းတွေ ထဲမှာ ရှိတယ် ..”
“ဖောက်မကြည့် ဘဲ … ခင်ခင် က ဘယ်လိုသိ ..”
“ကိုယ့်လူတွေအကြောင်း သိနေပြီးသားမို့ ဖောက်မကြည့်ဘဲ သိပါ့..
သူတို့တုန်းက ကျွန်မက ထမင်းအိုး လက်ဖွဲ့ထားတာမို့ သူတို့က ထမင်းအိုးပြန်လက်ဖွဲ့ မှာပဲ .. ဟင်းအိုး လက်ဖွဲ့ ခံထားရတဲ့သူက ကျွန်မ ကိုဟင်းအိုး ပြန်လက်ဖွဲ့ ပေးမှာပဲ ..
ဒါတွေကတော့ ရိုးနေပါပြီ ..
ဈေးကိုသာ မြန်မြန်မောင်းပါ .. ဈေးသိမ်းသွားလို့ ဘာမှမရလိုက်ဖူး ဖြစ်နေပါအုံးမယ် …”
“မဖြစ်စေရပါဘူး .. ခင်ခင် .. ခင်ခင် လိုချင်တာ တစ်နေရာမရရင် နောက်တစ်နေရာ ကိုယ်လိုက်ပို့ပေးမှာပေါ့ ..”
သူပြောလိုက်တဲ့ စကားကြောင့် ကျွန်မ ခဏတော့ပြုံးမိသည်..
ပြုံးမိရင် ကျွန်မ ကောက်ချက်ချမိသည်က သူ..ဒီလိုတွေ အပြောကောင်းလို့လည်း မိန်းမတွေ ဝိုင်းဝိုင်းလည်တာပဲလို့ လေ ..
.
.
ဈေးကြီးထဲရောက်သည်နှင့် ပထမဦးဆုံး ၀ယ်သမျှ ထည့်ဖို့ ခြင်းတစ်လုံး အရင်၀ယ်လိုက်သည် ..
ခြင်း၀ယ်ပြီတော့ ခြင်းကိုင်ရင် သူက ပြုံးစိစိဖြင့်
“ကိုယ်နဲ့ ခင်ခင် မင်္ဂလာဆောင်ပြီ ပထမဦးဆုံး ၀ယ်လိုက်တာက ဈေးခြင်းပေါ့နော် ..”
သူအဲ့သလို ပြောတော့ ကျွန်မရင်ထဲ တစ်မျိုးတော့ တစ်မျိုးလေးပင် တစ်ခါမှ မခံစားမိဖူးသေးသည့် နွေးထွေး ခြင်း လား ပျော်ရွှင်ခြင်းလား ကျွန်မ မပြောတတ်..
လောလောဆယ် ကျွန်မပြောတတ်သည်က ကျွန်မ သွားသမျှဆိုင်..သူ တကောက်ကောက်လိုက်..
ရွေးသမျှ ပစ္စည်းတိုင်းကို သူစိတ်ရှည်ရှည်နှင့် ခေါင်းညိတ်လိုက် သယ် ပေးလိုက် လုပ်ပေးသည်..
ဒါ့အပြင် ကျွန်မက မိုးကုတ်မှာ “ ရွှေဘိုဆန်က ဈေးကြီးတယ် .. မန္တလေးမှာဆို ဒီလောက်ကြီး မရှိဘူး .. “
ပြောတော့ သူက ပြုံးပြီ သယ်ယူစရိတ် တက်တာလေကွာတဲ့ ..
ပြီတော့ မိုးကုတ်က လူတွေအများစုက ယာဆန် တွေ မိုးမိတ်ဆန်တွေ အနောက်ပိုင်းက ထွက်တဲ့ ဆန်တွေ စားကြတဲ့ အကြောင်းပါ ဈေးထဲမှာ လမ်းလျှောက်ရင် သူက ကျွန်မကို ပြောပြသည်…
သည်လိုဆိုတော့လည်း သူက အိမ်မှာ ထမင်းအိုးမရှိပင်မယ့် ဆန် အကြောင်းတော့ အလိုက်သထိုက် ပြောတတ်သားပဲလို့ ကျွန်မ စိတ်ထဲကနေ အမှတ်ပေးမိသည် ..
ဆန် ၀ယ်ရင် ဆန်အကြောင်း ပြောလိုက် ဆီ၀ယ်ရင် ဆီ အကြောင်းပြောလိုက် ကြက်သွန်၀ယ်တော့ ကြက်သွန် အကြောင်း ပြောလိုက်ဖြင့် သူ နှင့် ကျွန်မ ဈေးတစ်ပတ် ပတ် ဈေး၀ယ်ထွက်ခဲ့သည် ..
ဈေး၀ယ်ထွက်ရင် နံနက်စာ အဆာပြေ သူအခေါ် ၀မ်သဖိုး ကျွန်မအခေါ် တို့ဟူးနွေး ပျော့ကလေးပါ တို့ဟူး ကြော်ကလေးနှင့် တွဲ စားခဲ့ကြသည်..
အိမ်ရောက်သည်နှင့် သူ့ကိုကျွန်မက လက်ဖွဲ့ ပစ္စည်းပုံးတွေထဲက ပစ္စည်းတွေ ဖောက်ခိုင်းတော့
“ခင်ခင် ပြောတာ မှန်နေတာပဲ .. ခင်ခင် လူ့တွေက ထမင်း ပေါင်းအိုး ဟင်းအိုး ရေနွေးအိုး စုံ နေအောင် ဖွဲ့ လိုက်တာ ..”
“ဟွင်း..ကျွန်မကလည်း သူတို့တုန်းက အဲ့သလို ဖွဲ့လို့ ဖွဲ့ကြတာပါ .. နူတ်ကနေတော့ အပျိုကြီး ယောင်္ကျားမယူဘူးလား ..
မယူဘူးလား နဲ့ အပျိုကြီး ယောင်္ကျားယူရင် ကျွန်မတို့က ဘာလက်ဖွဲ့ မှာနော် ဘာညာ နဲ့ အာရွီးတဲ့ ဟာမတွေပါ ..
တကယ်လည်း ယူရော အပျိုကြီး လက်ဖွဲ့ဖူးတဲ့ ကိုရီးယား မိတ်ကလေးတွေတောင် သူတို့က ချိုင်းနားမိတ်တွေ ပြန်လက်ဖွဲ့ကြတာ အံ့ရော .. "
ကျွန်မက အပေါင်းသင်းမိတ်ဆွေများရဲ့ စိတ်ကို ငြိုငြင်၍လည်းမဟုတ် အပြစ်တင်သည်လည်း မဟုတ် အရှိတိုင်း မြင်မိသည့်အတိုင်း ထုတ်ပြောမိတော့ သူကရယ်ပြီ
“ခင်ခင် .. ဒီဟာတွေ မကြိုက်ရင် ဆိုင်မှာ သွား အသစ် သွား၀ယ်ကြမယ်လေ ..”
“အို .. ပိုက်ဆံ အလကားနေ အလကား ကုန်အောင် မ၀ယ်ပါဘူး ..
ပျက်အောင် တော့ သုံးရမှာပဲ.. ပေး ပေး .. ထမင်း အိုး အရင် တည် ရအောင် ..”
ပြောရင် ကျွန်မက ၀ယ်လာတဲ့ ရွှေဘို ပေါ်ဆန်မွှေး ကလေးကို နို့ဆီဘူး မရှိလို့ ထမင်းပေါင်အိုးထဲက ရေချိန် ခွက်ကလေးနဲ့ ခပ် ချက်လိုက်သည်..
ထို့နောက် ကျွန်မအနား ခါးထောက်လိုက် မက်တပ်ရပ်လိုက် လုပ်နေသည့် သူ့ကို ကျွန်မက နူတ်ကနေ စီပြီ တစ်ခုချင်း ခိုင်းနေလိုက်သည် …
သည်လိုနှင့် သူ့ကိုလည်း ခိုင်း ကျွန်မဘာသာ လည်း ချက် နှင့် အသားဟင်းတစ်ခွက် အရွက် ကြော် တစ်ခွက် ချက်လို့ ပြီသွားရော..
ချက်ပြီးသည်နှင့် ကျွန်မ ယောက်မလေးက သေချာ လေးထုပ်ပိုးပြီ လက်ဖွဲ့ လိုက်တဲ့ ကျွန်မအကြိုက် ကြွေပန်းကန်လုံး ပန်းကန်ပြား တွေထဲ လှလှပပလေး ခပ်ထည့်လိုက်တော့ အနံ့လေးကလည်း တသင်းသင်းနဲ့ ..
ဟင်းလေးတွေကလည်း လှနေလိုက်တာ …
ထမင်း ဟင်းကို ကျွန်မ ဒီနေ့ မှ ချက်ဖူးတာမဟုတ်ပင်မယ့် ဘာကြောင့်မှန်းရယ်မသိ ဒီနေ့ကျမှ တစ်ခါမှ မခံစားဖူးသည့် ခံစားချက်ကလေးဖြင့် ဟင်းချက်ရတာ တော်တော်ပျော်စရာကောင်းနေသည်…
ကျွန်မချက်ပြုတ်ပြီ သည့် ဟင်းကလေးတွေ ကြည့်တော့လည်း လှ ...
ထမင်းကလည်း ဒီနေ့မှ ပိုပြီ အတော်သင့် အနေအထားကလေးဖြင့်ပျော့သည် မာသည် မဟုတ် ကော့ပြန်နေပါရော ..
ထမင်းစားပွဲပေါ် ထမင်းပွဲ ဟင်းပွဲ ပြင်ပြီးမှ သတိရတယ် ..
ဟိုဖက်အိမ်က ယောက်မတွေ ကို ဟင်းပေးဖို့လေ ..
နေ့လယ်စာအတွက်တော့ ကွက်တိ ဖြစ်မှာပဲ ..
တွေးရင် ကျွန်မက ပန်းကန် လုံး အလွတ်ကလေး ထဲ ဟင်းတွေခွဲ ထည့်တော့သူက
“ခင်ခင် .. ညနေစာ အတွက် ခွဲချန်နေတာလား ..”
“မဟုတ်ပါဘူး .. ဟိုဖက်အိမ်က မဝါတို့ အတွက်ပါ .. ဒါနဲ့ ညနေ့စာကို ဘယ်အချိန်စားလဲ …”
“ခင်ခင် ကရော ..”
“ကျွန်မက ၅ နာရီ နောက်ပိုင်း ဘာမှ မစားတော့ဘူး ..”
“ဒါဆို ကိုယ်လည်း ခင်ခင့် လိုပဲပေါ့ .. ဒါပင်မယ့် ဒီနေ့တော့ ကိုယ်ရော ခင်ခင် ရော ၅နာရီ နောက်ပိုင်းမှ ထမင်းစားဖြစ်မယ်ထင်တယ်နော် ..”
“ ဧည့်ခံပွဲက ဘယ်နှ နာရီစ မှာ လဲ ..”
“ညနေ ၆ နာရီ မှ စမယ်လေ လူစုံ တက်စုံ ..”
လူစုံတက်စုံ ဆိုတဲ့ စကားကိုတော့ သူက တက်တက်ကြွကြွကြီး ပြောပြီသူ့ဇာတိမှာ လုပ်မယ့် ပွဲကို သူတော်တော်ကြီး ကျေနပ်နေပုံရသည်…
💙💙💙
“ခင်ခင် အလှပြင် ဆိုင် သွားမလား ကိုယ်လိုက်ပို့မယ်..”
“မသွားချင်ပါဘူး …ကျွန်မ လှ အောင်ပြင်လည်း ရှင့် ဧည့်သည်တွေက ကျွန်မ မကြည့်ပါဘူး ရှင့်ပဲ ကြည့်ကြမှာပါ ..”
ဒီစကားကိုတော့ ကျွန်မ သူ့ကို တကယ် ထေ့ငေါ့ပြီ ပြောလိုက်တာပါ ..
သူကလည်း သဘောပေါက်ပါသည် ..
သဘောပေါက်လျက်နဲ့
“ဟုတ်ပါတယ် ခင်ခင် တအားလှလို့လည်း မဖြစ်ပါဘူး … ခင်ခင် တအား လှနေရင် လူတွေငေး နေမှာ ကိုယ်မကြိုက်ဘူး ..”
“ဟွင့် ..ပြောတာပါပဲ … ကိုယ်ပိုင်တာ သူများ ငေးတာ မကြိုက် ရင် ကိုယ်ကလည်း သူများပိုင် တာမငေးဖို့တော့ လိုတာပေါ့ ..”
“သူများပိုင်တာ ငေးရတာ ဝါသနာမပါ ပါဘူးဗျာ .. ကိုယ်ပိုင် တာလေးတောင် ကြည့်လို့မ၀တာ ..”
ပြောရင် သူက မှန်ရှေ့မှာထိုင်နေတဲ့ ကျွန်မ မေဖျားကို ဆွဲထိလိုက်သည်မို့
“အို … ဖယ်ပါ ..မိတ်ကပ် ကွက် ကုန်လိမ့်မယ် ..”
“ကွက်ပါစေ ဗျာ .. မိန်းမ မျက်နှာလှလှလေး ဘယ်သူ့မှ ကို ပေးမကြည့်ချင်ဘူး ..”
“အို … အပိုတွေ .. ကျွန်မ ရှေ့ကနေဖယ် ရှင့်ဖာသာ ရှင် လုပ်စရာရှိတာ
သွားလုပ်စမ်းပါ …”
ကျွန်မက မျက်စောင်းထိုးပြီ အော်တော့ ခင်ခင် ခင် ခင် လို့ သူ့တစ်ယောက်တည်း ရယ်ရင် လေတချွန်ချွန် ဖြင့် ကျွန်မအနားကနေ ခွာသွားသည်..
နေ့လယ်ခင်း ဟိုဖက်အိမ် ကျွန်မ ဟင်းသွားပို့ရင် စကားပြောနေလို့ ခဏ လောက်ကြာတော့လည်း နောက်ကနေ လိုက်လာပြီ ချက်ချင်းလာ ခေါ် …
ထမင်းစားပြီ တီဗီ ခဏကြည့်တော့လည်း အနားလာပြီ ထိုင်ရင်.စကားပြောလိုက် …
ဟိုဟိုဒီဒီ ကျွန်မ အကြောင်းတွေ လာမေးလိုက်နဲ့ ..
တစ်ခါတစ်လေ များဆို ယောင်္ကျားလေးသာဖြစ်တယ် ပဲကျိ ကျနေတာပဲလူကိုလာမှီပြီ ပချွဲနချွဲ နဲ့ ..
ဟွင်း .. လူကိုလာပြီ သူပြောသမျှ လိမ့်ရုံ ကျေနပ်တတ်တဲ့ သူငယ်နှပ်စား ကလေးမလေးများ မှတ်နေ …
အသက်လေးဆယ်ရောက်နေပြီရှင့် တော်ရုံ အပြောကလေးများနဲ့ ကြွေမယ်များ ထင်နေ ...
သူ့လို အကြောင်းသိ ပုဂ္ဂိုလ် ကြီးကို လင် တော်ထားရသည်မို့ မခင်မျိုးတို့
အသိတရားနဲ့ အရှိတရား အမြဲ တွဲထားပြီ အမှား အမှန် ခွဲခြားတတ်အောင်လည်း နေနေပါတယ် ရှင် …
.
.
ကျွန်မ ပြင်ဆင် ပြီးသည်ထိ သူ့မှာ သလို့ မပြီး …
စောစောကပဲ ဆံပင်ညှပ်ဆိုင်ကနေ တစ်ခေါက်ပြန်လာ..
သူ့ဆံပင်ပုံစံ ကို ကျွန်မ အတင်းကြည့်ခိုင်းပြီ ခင်ခင် ကိုယ်ကြည့်ကောင်းရဲ့လား..ကြည့်ကောင်းရဲ့လား လာလာမေး..
အသက်ကြီးမှ အလှတော်တော် ကြိုက်တဲ့လူ ..
အမြင်ကတ်ကတ် နဲ့ ဘရိတ်ဓါးယူ ဆွဲခေါင်းရိတ် ပေးလိုက်ရမလား မေးမှ ကြည့်ကောင်းရဲ့လားထပ်မမေးရဲတော့ ဘူး …
အခုလည်း အောက်ထပ်ရောက်ပြီမှ အပေါ်တစ်ခေါက် ပြန်တက်သွားပြန်ပြီ ဘာသွားယူပြန်ပြီလည်း မသိ ..
စိတ်ပျက်ပျက်နဲ့ ကျွန်မလည်း ဖုန်းထုတ်ကြည့်ရင် ထိုင် စောင့်လိုက်သည်..
စောင့်ရင် သဲသဲက Viberကနေ မနေ့က မင်္ဂလာပွဲက ဓါတ်ပုံတွေ ပို့ထားသမျှ ကျွန်မအခုမှ သေချာကြည့်ဖြစ်သည် ..
ချစ်စရာအကောင်းဆုံးကတော့ ကျွန်မတူကလေး ပေါ့ရှင် ..
ကျွန်မနဲ့ ဆယ်နှစ်လောက်ကွာတဲ့ မောင်လေးမို့ မောင်လေးကို ချစ်သလို တူကလေးကျပြန်တော့လည်း တစ်မျိုးတစ်ဖုံချစ်ရပြန်ရော…
အမေ နဲ့ အဖေ ဓါတ်ပုံကြည့်တော့ အဖေက စိတ်မသက် မသာ ဖြစ်နေပုံ သိပ်သိသာတာပါပဲ ..
ဓါတ်ပုံရိုက်မှာမို့ မျက်တောင်မခတ် မိအောင်ထိန်းနေသလို မျက်ရည်မကျအောင်လည်း ထိန်းနေသည့် မျက်နှာထားမျိုးနဲ့...
အင်း ... မိသားစု ၀င်တွေကြားက သူနဲ့ ကျွန်မပုံသေချာကြည့်ရင် သက်ပြင်း အရှည်ကြီး ချလိုက်ပြီ
"သူကလည်း အခုတော့ ကျွန်မရဲ့ သက်ဆိုင်သူ မိသားစု၀င် ပေါ့ လေ .."
သည်လိုတွေးရင် လှေကား ဘက်ကို လှမ်းကြည့်တော့ နေကာ မျက်မှန် အမည်းကြီးတပ်ပြီ ဆင်းလာတဲ့သူ ...
"ဪ ... ညနေ့ခင်း လုပ်မယ့် ပွဲကို မျက်မှန်အမည်းကြီးတပ်မယ်ပေါ့ .."
"ဒီ၀တ် စုံ ဒီဇိုင်းက နေကာမျက်မှန် နဲ့မှ လိုက်မယ်ထင်လို့လေ ..ဘယ်လိုလဲ .. မလိုက်ဘူးလား .."
မျက်မှန်ကို ချွတ်လိုက် တက်လိုက်ဖြင့် ကျွန်မကို..လာမေးတော့ စိတ်ထဲကနေ
" အင်း ငါတော့ အရူးများ လင် တော်မိပါ့ လာမသိဘူးတော်လို့ကို" ပြောမိသည်...
နူတ်ကနေတော့ တစ်ခွန်းပဲ မေးလိုက်သည်..
"ရှင်က မျက်မှန်အမည်းကြီး တပ်ပြီ ဘယ်သူတွေများ ချောင်းကြည့်ချင် လို့လဲ .."
သည်လိုမေးတော့ မျက်မှန် ကိုယ်တော်က စွေ့ခနဲ့ မျက်မှန်မည်းကြီးကို ချွတ် သူ့အနောက်တိုင်း၀တ်စုံ အနောက်ရောင် ကုတ်ပေါ် ချိတ်ပြီ ကျွန်မ လက်ကို ဆွဲ အိမ်ပြင် ထွက်သည် ...
💙💙💙
ကိုမျိုးကျော်သူ နှင့် မခင်မျိုး
တို့၏
မင်္ဂလာ ဧည့်ခံပွဲ အခမ်းအနား
ဧည့်ခံပွဲ ဆိုတော့ မျက်နှာပေါင်းစုံ လူပေါင်းစုံပေါ့..
ဧည့်ခံပွဲထဲမှာ ကျွန်မသိသူဆို၍ ကျွန်မ လက်ကိုင်ထားသည့် သူရယ် ယောက်မနှစ်ယောက်ရယ် .. သူ့တူ နှစ်ယောက် ရယ် .. ဒါပါပဲ ..
ဒါပင်မယ့် ကျွန်မက ကြောင်တောင်တောင်လေး ဖြစ်နေမှာကို တော့ ကျွန်မကိုယ်ကျွန်မ သိပ်စိုးရိမ်သည် ...
ဒါ့ကြောင့် အသစ်မြင်ရကြုံနေရတဲ့ ၀န်းကျင်မှာ ကျွန်မ ၀င်ဆန့်နိုင်ဖို့ထက်လိုက်လျောညီထွေ မူ့ရှိအောင် နေတတ်ဖို့ ကြိုးစားပါသည်...
သူက ဒါက ကိုယ့်မိတ်ဆွေ ကို.... ဘယ်သူပါလို့ မိတ်ဆက်ပေးတိုင်း ကျွန်မက ခေါင်းကလေးငြိမ့်ပြရင် တစ်ဖက်လူကို အသိမှတ်ပြု နူတ်ဆက်သည်..
မ.... ဘယ်သူပါလို့ သူမိတ်မဆက်ပေးဘဲ ဧည့်သည်ကိုယ်တိုင် လာပြီ ထမိတ်ဆက်ရင်တော့ ကျွန်မမှာ သတိလေး ထားပြီ နူတ်ဆက်ရသည် ...
နူတ်ဆက်တဲ့သူ အမျိုးသမီးများရဲ့စကားလုံးများနှင့် အမူအရာကိုကြည့်ပြီ ဘယ်သူကတော့ သူ့ အဆက်ဟောင်း တွေထဲက တစ်ယောက်ဖြစ်မယ် လို့ တောင် စိတ်ထဲကနေ ကျွန်မ ခွဲခြား ကြည့်မိနေပါ သေးတယ် ...
အခုဆိုကြည့် မနေ့က လာငိုသွားသည့် ၀တ်မူန်နှင့်အတူ ခေတ်မီမီ ၀တ်စားထားသော
အမျိုးသမီးလေး နှစ်ယောက် သူနှင့်ကျွန်မ မက်တပ်ရပ် ဧည့်သည်တွေကို နူတ်ဆက်နေသည့်အနား လှမ်းလာ နေကြသည်...
မျက်နှာလေးတွေကလည်း ပြင်ထားကြသည်မှာ ကျွန်မကြည့်သည့် ကိုရီးယား ဇာတ်လမ်းထဲက မင်းသမီးလေး တွေလို ချစ်စရာကောင်းကြပါသည်...
ခန္ဓာကိုယ်ကလေးတွေကလည်း သေးသေးသွယ်သွယ်ကလေးတွေဖြင့်ပေါ့ပေါ့ပါးပါး ဟန်ပန် ကလေးတွေ အပြည့်ပါပဲ..
ဦးမျိုး မူန် သေတာမြင်ချင်လို့လား မေးသွားသည့် ကောင်မလေးက ဒီနေ့တော့ သူမ မဟုတ်သလိုပင် အပြုံးကလေးတွေဝေလို့
သူမကို သည်လို မြင်ရတော့ ကျွန်မ တကယ် ၀မ်းသာမိပါသည်...
ဒါ့ကြောင့် ၀တ်မူန်ကို ကျွန်မသိနေသော အသိတစ်ဦးအဖြစ် ပြုံးပြလိုက်ပါသည် ..
၀တ်မူန်ကတော့ ကျွန်မ ကိုပြုံးပြနေသလား ကျွန်မဘေးကလူကိုပဲ ပြုံးပြနေသလားမသိ
ပြုံးတော့ ပြုံးနေသည်..
အနားရောက်သည် နှင့် ကောင်မလေးတွေကဦးမျိုးလို့ ပြိုင်တူ ခေါ်ကြ၏..
ပြိုင်တူခေါ်လိုက်သည့် သူမတို့ အသံ ကြောင့် ဧည့်ခံပွဲ လာသူ အားလုံး၏ မျက်လုံးများက ဧည့်ခံနေသည့် တီးဝိုင်း ဘက်မှာ မရှိ ကျွန်မတို့ဆီ ရောက်လာသည်...
တချို့က ကျွန်မကို သနားသလို လှမ်းကြည့်ကြသည်..
တချို့က ကျွန်မကို စာနာသလို လှမ်းကြည့်ကြသည်..
တချို့က ကျွန်မကို ဘာမှ မသိဘူးထင်တယ်
'အ' လိုက်တာ ရိုးမယ့်ပုံကြီးနော် ဆိုပြီ ပြုံးစိစိ နှင့် လှောင်သလိုလှမ်းကြည့် ကြသည်...
ကျွန်မလည်း လူတွေ အကြည့် လူတွေအမြင်ကို နားလည်သဘောပေါက်ရက်နှင့်ပင် မသိချင် ယောင် မမြင်ချင်ယောင်တောင် ကောင်မလေးတွေကို ပြုံးပြီ ဆီးကြို နူတ်ဆက်လိုက်၏..
အထူးသဖြင့် ကျွန်မ နာမည်သိနေသည့် ၀တ်မူန်ကိုပေါ့ ..
"၀တ်မူန် ... လှနေလိုက်တာကွယ် .. မနေ့ကနဲ့တောင်မတူဘူး လူတောင် မှားသွားတယ် .."
ကျွန်မက ပြောတော့ သူမက ခပ်ချေချေ ပုံလေးကဖြင့်
"ဟုတ်တယ် .. အန်တီ ရဲ့ .. သမီးက အသည်းကွဲလို့ လှနေတာ .."
သူမက ပြောတော့ အခြား မိန်းကလေး နှစ်ယောက်က ဟား တိုက်သည့်သဖွယ် ရယ်လိုက်ကြသည်..
ကျွန်မလည်း သူတို့နှင့်အတူ ရောရယ်လိုက်ပြီ
"ဟုတ်လား ကွယ် ... အသည်းကွဲလို့ လှတာ
၀တ်မူန်ပဲ ရှိမယ် ..
တို့ကတော့ မလှချင်နေ အသည်းကွဲ မခံနိုင် ဘူး .. ဟုတ်တယ် နော် ကိုမျိုး .."
ကျွန်မက ရယ်လျက် ချိတ်ထားသည့် ညာလက်အပြင် ဘယ်လက်နှင့်ပါ တို့ပြီ ခပ်နွဲ့နွဲ့လေး မေးလိုက်တော့ သူက လေကြောင့် လွင့်နေသည့် ကျွန်မနဖူး ဆံနွယ်စလေးတွေကို
သတ်ရပ် ပြီ
"ခင်ခင်က ကိုယ့် မိန်းမ လေဗျာ..ခင်ခင်အသည်းကွဲသွားရင် ကိုယ် တစ်ခြမ်း ထုတ်ပေးမှာပေါ့ ...
ပြီတော့ခင်ခင်က အသည်းမကွဲလည်း လှနေတာလေဗျာ .."
သူက တော်ကီကောင်းကောင်း နှင့် ကျွန်မကို တယုတယ တွေ လုပ်ပြတော့ ကျွန်မက အချစ်ခံရလို့ ရှက်နေတဲ့ မိန်းမတစ်ယောက်သဖွယ် ပြန် ဟန်ဆောင်ပေးရတာပေါ့ ...
ကျွန်မကပဲ ဟန်ဆောင်ကောင်းလို့လား
သူကပဲ သရုပ်ဆောင်တော်၍ လားမသိ
ကောင်မလေး တွေသာမက လူတွေရဲ့ အကြည့်တွေကလည်း တစ်ဖက်ကို လှည့်သွားကြသည်..
တစ်ဖက်သို့ မျက်လုံးတွေက လှည့်သွားပင်မယ့် စကားတွေက တော့ လှည့်မသွား ကျွန်မနှင့်သူ့ဆီမှာပါပဲ...
ခဏ ကြာတော့ အမျိုးသမီးတစ်ယောက်က မဝါ တို့နား ကပ်ပြီ ကျွန်မ မကြားတကြားလေး ပြောလိုက်သည်...
"ဝါ့ ယောင်းမက ဘယ်ဆိုး လဲ .. ပုံစံကြည့်တော့ ခပ်တုံးတုံးကလေးနဲ့ တတ်သားပဲ တဲ့ .."
ပတ်၀န်းကျင်သစ်က ကျွန်မရဲ့ ၀တ်ပုံစားပုံကိုကြည့်ပြီ ခပ်တုံးတုံးပဲ လို့ သတ်မှတ်ထားပုံရသည်ပဲ...
အို ... သည်လိုဆိုတော့ သူတို့အမြင်မှာ ထက်ထက်မြက်မြက်ကလေး ဖြစ်အောင် ကျွန်မက
ထုံးထားတဲ့ ဆံထုံးကြီးကို ဖြည် ...
ကွေးကောက်နေအောင် ဆံပင်တွေ ကောက်
ထားရမလား ဒါမှ မဟုတ် ဖြောင့်စင်းထားရမလား..
နူတ်ခမ်းကလေးကိုလည်း ရဲနေအောင်ဆိုး ..
မျက်ခုံးမွှေးလေးတွေကိုလည်း ညီနေအောင်
သွားပြီ တက်တူးထိုး...
ခန္ဓာကိုယ်ပေါ်မှာလည်း ခေတ်မီတဲ့ အ၀တ်စား အကောင်းစားကြီး ၀တ်ထားရမလား..
ဒါတွေကပဲ အခုခေတ်လူတွေ အမြင်မှာ မိန်းမတစ်ယောက် ထက်မြက်သွက်လက် နေသည်လို့မြင်တာလားပေါ့ ...
ဒါဆို စောစောက ကောင်မလေးတွေကိုရော ထက်မြက် သွက်လက်တယ်လို့ လူတွေ မြင်ပါ့သလား ...
မမြင်ကြပါဘူး ... ခေတ်လူငယ်တွေ အမြင်မှာတော့ ex ကြီးကို သွားဖဲ့ လိုက်သည့်ပေါ့ ..
လက်တွေ့မှာတော့ မရင့်ကျက်သေးတဲ့ အသည်းနုနုကလေးတွေ မိအေး နှစ်ခါနာသလို နာရသည်..
အတွေးပေါင်း သောင်းခြောက်ထောင် လောက်ဖြင့် ဧည့်ခံပွဲမှာ ကျွန်မ ဧည့်ခံနေသည်...
၀န်းကျင် အသစ်က လူတွေ အကြောင်းကို
လည်း အကဲခတ်နေသည်..
အခုလည်း ကြည့် ...
မျက်နှာမှာ မထီပြုံးပြုံးပြီ သူနဲ့ကျွန်မမက်တပ်ရပ်နေသည့် နေရာဆီ တည့်တည့်ကြီး လာနေပါပြီ အမျိုးသားတစ်ယောက် နဲ့ အမျိုးသမီး တစ်ယောက်..
အမျိုးသားရဲ့အသက်ကတော့ ကျွန်မတို့နှင့် ရွယ်တူပဲထင်ပါရဲ့ ..
အမျိုးသမီးအသက်ကတော့ ငယ်ပါသေးထင်ပါရဲ့ ..
အနားရောက်သည်နှင့် သူ့ပုခုံးကို ပုတ် ကျွန်မဖက်ကို မေးငေါ့ပြီ ..
"မျိုးကျော် ... မင်း ကဘယ်လိုလည်းကွာ ..
ဘေဘီလေး တွေကြိုက်တဲ့ ဒယ်ဒီSugarကြီးက.. အကြိုက်တွေ ပြောင်းကုန်ပြီလား.."
ကျွန်မဘေးက သူကဘာမျှပြန်မဖြေတော့ ထိုလူကပဲ စကားဆက်သည်..
"နောက်ဆုံးတော့ ခြေငြိမ်ချင်ယောင်ဆောင်ဖို့
အစ်မတွေကြိုက်တဲ့ နန်းဆန်သူ့ကို ရွေးလိုက်ရတယ်ပေါ့ကွာ... ဟားဟား ..
ဒါကလည်း ကောင်းပါတယ်ကွာ..
အိမ်ပြန်ရင် တစ်မျိုး အိမ်အပြင်ကျရင် တစ်မျိုး နှစ်မျိုးသုံးမျိုး ပေါ့ ဟုတ်ဖူးလား ..ဟဲဟဲ"
ဘာသဘောတရားတွေနဲ့ ပြောသွားသလည်းဆိုတာ သူတို့အချင်းချင်းကတော့ ပိုနားလည်မှာပေါ့ ...
ကျွန်မကတော့ ကျွန်မနားလည်သလောက်ဆိုရင် ဒီလူဟာ လူရှေ့သူရှေ့တောင် မရှောင် အကျင့်စာရိတ္တ ဖောက်ပြားမူ့ကို ဂုဏ်ယူစွာ
ပြောနေသည်ပဲ ...
အလိုက်သထိုက် ကျွန်မ ပြန်ပြုံးပြဖို့တောင် မတန်ဘူးထင်၍ ကျွန်မ ပြုံးမပြပါ ..
သူကိုယ်သူတော့ လူငယ်ဆန်ဆန် စကားလေးတွေ ပြောပြီ တစ်ဖက်သားကို ခလုတ်တိုက်ရသည်ကိုပင် ထို အမျိုးသားက ကျေနပ်သွားပုံရသည်..
အမှန်တိုင်း ပြောရရင် ကျွန်မကတော့ မကျေနပ်ပါ ...
ကျွန်မယူထားသည့် သူက ဒီလို လူမျိုးနှင့် အသိမိတ်ဆွေ ဖြစ်နေသည်ကိုပင် ကျွန်မ မကျေနပ် ...
ဧည့်ခံပွဲ ပြီးမြောက်သည်နှင့် အိမ်ကို ကျွန်မတို့ ပြန်ရောက်လာသည် ...
ပြန်ရောက်ရောက်ချင်း အိမ်ထဲ ၀င်သည်နှင့် သူ့ဆီဖုန်း ၀င်လာသည် ..
သူဖုန်းပြောရင် ကျွန်မ မျက်နှာကို လှမ်းကြည့်နေမှန်း ကျွန်မသိသည် ...
သိလျက်နှင့် ကျွန်မ မျက်နှာ ကြောကို ပိုတင်းထားလိုက်ပြီ မီးခလုတ်ဖွင့် အပေါ် ထပ်ကို တက်လိုက်သည် ...
သူလည်း နောက်ကနေ လိုက်လာရင်
"ဟိုလူတွေကွာ ... ထပ်ရစ်ပြီ ဖုန်းတွေခေါ်နေတာ ... "
ကျွန်မ ဘာစကားမျှ ပြန်မပြောဖြစ် သူ့ပဲ ဆက်ပြောနေသည် ...
"အေးဆေး သောက်မနေခဲ့ပဲ ကိုယ့်ကိုပြန် လာခဲ့ဖို့ ဇွတ်တွေ ခေါ် နေတာ .."
ဒီတစ်ကြိမ်တော့ နားကပ် ချွတ်နေသည့် ကျွန်မလက်တွေ ရပ်သွားပြီ သူ့ဖက်ကိုလှည့် ပြောလိုက်သည်..
"ရှင် ... အပြင်ကို ထပ်သွားချင်ရင် သွား..
ကျွန်မ မဝါတို့နဲ့ သွား နေမယ် ...
နောက်နေ့လည်း မဝါတို့နဲ့နေမယ် ...
ခြောက်လ ပြည့်ရင် ကျွန်မ မန္တလေးကို ပြန်မယ် .."
"ခင်ခင်..."
"ဟုတ်တယ် .. ကျွန်မက ရှင့်မိန်းမ ခင်ခင် ဖြစ်နေပြီ ..
ဒီ အမှန်တရားကို ကျွန်မလက်ခံ ထားတယ် ..
လက်ခံထားလို့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားနေတယ် ..
ရှင်လည်း ရှင့်ကိုယ်ရှင် မိန်းမ ယူထားတဲ့ လူတစ်ယောက်လို နေပါ ..
ရှင့်အတိတ်က အမှားတွေကို ကျွန်မ ဘာတစ်ခုမှ မတူးဆွဘူး ...ပြုပြင်ပေးဖို့လည်း မကြိုးစားဘူး..
အခုလက်ရှိ ပစ္စပ္ပုန် နဲ့ အနာဂတ် မှာတော့ ရှင်ကိုယ်တိုင် ပြုပြင်ပြီ နေပါ ...
ကျွန်မ ယုံကြည်ရအောင်နေပါ ..
အဲ့သလိုမှ မဟုတ်ဘူး ရှင်မနေနိုင်ဘူးဆိုရင်တော့ ကျွန်မကလည်း ရှင့်အိမ်က အလှပြ မယားအဖြစ် မနေနိုင်ဘူး ..
ကျွန်မဘ၀ ကိုလည်း သနားစဖွယ် လင်တွယ်ကပ်နေတဲ့ မိန်းမအဖြစ်နဲ့လည်း အဆုံးမသတ်နိုင်ဘူး ..
ကျွန်မ တစ်ညနေ့ခင်းလုံး မျိုသိပ် ထားသမျှ ထုတ်ပြောလိုက်ရလို့ ကျွန်မရင်ထဲ ပေါ့ပါးသွားသည် ...
သူလည်း ဘာမျှ ပြန်မပြောတော့ပဲ မှန်ဗီရိုကြီးထဲက သူ့အ၀တ်စား တွေ သူ့ဘာသာ ထုတ် လဲ သိမ်းခေါက်နေ၏..
>>>ဆက်ရန်
ကြိုးစားရေးသားပါအုံးမည် 💪💙
#Skykyiphyu