“လာကွယ် မြန်မြန်လာပါဦး”
သူမသည် လီဝေ့ရန်ကို အလွန်သဘောကျပြီး နဝမမင်းသမီးကလည်း သူမကို အလွန်နှစ်သက်သည်။ သူမသည် ယနေ့တွင် နဝမမင်းသမီးအတွက် ခန်းဝင်ပစ္စည်းအချိုကို ရွေးချယ်ပေးချင်ခဲ့ခြင်းဖြစ်သည်။ ယွေ့မိဖုရားကြီးသည် ကံမကောင်းစွာဖြင့် နာမကျန်းဖြစ်နေပြီး ဧကရီကလည်း အလွန်အလုပ်များနေသဖြင့် နဝမမင်းသမီးသည် လီဝေ့ရန်အားအကြံပေးတစ်ဦးအဖြစ် ဆောင်ရွက်ပေးရန် စ၍အဆိုပြုပေးခဲ့ခြင်းဖြစ်သည်။ ဒါသည် ထုံးတမ်းစဉ်လာများနှင့် မကိုက်ညီသော်လည်း မယ်တော်ကြီးစိတ်ပျော်နေသရွေ့ အရာအားလုံးက အဆင်ပြေတယ်လေ။
မယ်တော်ကြီးက ခေါင်းညိတ်ပြလိုက်တော့ နံဘေးတွင် ရပ်နေသော ပွဲလမ်းသဘင်စီစဉ်ပေးရသော မိန်းမစိုးတစ်ဦးက ဆက်လက်၍ ရွတ်ဖတ်ပြလာသည်။
“ဆတ်ခလောက်သားမွေးစောင်တစ်စုံ၊ မြေခွေးသားရေစောင်တစ်စုံ၊ တန်ဆာဆင်ထားတဲ့ စပါးအုံးသားရေဖဲစောင်၊ တောက်တောက်ပြောင်ပြောင် ဖဲစောင်ရှစ်စုံ၊ ခေါင်းအုံးဆယ့်နှစ်လုံး၊ ခန်းဆီးစင်တစ်လုံး၊ ခြင်ထောင်စင်တစ်လုံး၊ မျက်နှာကြက်တစ်စုံ၊ တတိယတန်းရွှေ၅၀လျံ၊ သတ္တုအပေါ့သား ၅၀လျံ၊ ငွေတစ်သောင်းလျံ၊ ဖဲပိုးထည်စ အလိပ်တစ်ထောင်၊ အပြာရောင်ဝါဂွမ်း ချည်အလိပ်နှစ်ထောင်”
နဝမမင်းသမီးသည် မနက်အစောကြီးကတည်းက အိပ်ရာထခဲ့ရသည်။ သူမ၏ ခန်းဝင်ပစ္စည်းများကို ယွေ့မိဖုရားကြီးက သေချာစဉ်းစားပြီးပေးထားသည်ဟု ထင်နိုင်သော်လည်း မယ်တော်ကြီးသည် မမျှော်လင့်ပဲ သူမအား တန်ဖိုးထားသည့် အရာများကို ကိုယ်တိုင်ရွေးချယ်ရန် အလိုရှိနေခဲ့သည်။ ဒီလိုမျက်နှာသာပေးရှိတာမျိုးကို တစ်ခါမှ မတွေ့ဖူးသေးတဲ့အတွက် သူမကဘယ်လောက်ပင်ပန်းပြီး စိတ်မရှည်ဖြစ်နေပါစေ ဆက်တိုက်ပြုံးပြီး နားထောင်နေရတယ်။
တစ်နာရီထက်မနည်း ဖတ်ပြီးသောအခါတွင် စာရင်း၏၄ပုံ၁ပုံကိုသာ ဖတ်ပြီးသေးသည်။ မယ်တော်ကြီးသည် သက်ပြင်းတစ်ချက်ချကာ သူမ၏နားထင်ကို နှိပ်နယ်လိုက်ပြီး
“နားထောင်ရတာ တကယ်ကို ခေါင်းကိုက်စရာပဲ။ ဝေ့ရန် ဘာတွေက ထည့်ဖို မသင့်တော်ဘူးလိုထင်လဲကွယ်?"
လီဝေ့ရန်က ပြုံးပြီးပြောလိုက်သည်မှာ
"မယ်တော်ကြီးက အပင်ပန်းခံပြီးပြင်ဆင်ထားတဲ့ အရာတွေမှာ ဘယ်လိုများ မသင့်လျော်တာ ရှိနိုင်ပါ့မလဲ? ဒါပေမယ့် နဝမင်းသမီးက အမြဲတမ်းဆိုသလို ကိုယ်ပိုင်အမြင်ရှိတာကြောင့် မင်းသမီးမနှစ်သက်တဲ့ နန်းတော်ရဲ့ အစဉ်အလာဟောင်းတွေပါဝင်နေတဲ့ အဝတ်အထည်အားလုံးကို ရွေးထုတ်ဖို့ ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုသင့်ပါတယ်”
မယ်တော်ကြီးက ခေါင်းညိတ်လိုက်သည်။ ဒီတစ်ခါတော့ သိုလှောင်ရုံထဲက အထည်ဟောင်းတွေ တော်တော်များများကို ထုတ်ယူသွားသင့်ပြီ။ တချို့က အရောင်မွဲကုန်ပြီး ဝတ်ဖို့လည်း မသင့်တော်တော့ဘူး။ လူတွေကို ဆုချဖို့အနေနဲ့ သုံးဖို့ကလည်း အရမ်းတန်ဖိုးကြီးနေလွန်းတယ်။ ဒါတွေကို လဲလှယ်ပေးဖို့ တော်ဝင်အသုံးအဆောင်စီမံရေးဝန်းကို တောင်းဆိုတာပဲ ကောင်းလိမ့်မယ်။ သူမက ခေါင်းညိတ်လိုက်ပြီး
“ဒီလိုပဲ လုပ်ကြရအောင်”
ဒါနဲ့ပင် သူမသည် နောက်ထပ်ခေါင်းကိုက်ခြင်းကို ခံစားလိုက်ရပြီး သူမ၏နားထင်များကို ဖိပြီးရင်း ဖိနေသည်။ လီဝေ့ရန်က ဂရုတစိုက်ဖြင့်
"မယ်တော်ကြီး ခေါင်းကိုက်တာ အခုထိ အရှင်း မပျောက်သေးဘူးလားဟင်?"
ဘေးမှ နဝမမင်းသမီးသည် အလွန်စိုးရိမ်ပူပန်ကာ အလျင်အမြန်ပင်
“မယ်တော်ကြီး ဒီလိုဖြစ်ရတာ သမီးကြောင့်ပါ။ သမီးရဲ့ အိမ်ထောင်ရေးအတွက် ပင်ပန်းခဲ့ရပြီ။ သမီး တကယ်ကို တောင်းပန်ပါတယ်" ဟုဆိုလာသည်။
ယွေ့မိဖုရားကြီး၏ခန္ဓာကိုယ်သည် နာမကျန်းဖြစ်နေပြီး ဧကရီသည် နဝမမင်းသမီး၏မွေးမိခင်မယ်တော်မဟုတ်သောကြောင့် ဤကိစ္စကို စိတ်မပါတပါကိုင်တွယ်ဖြေရှင်းနေသဖြင့် မယ်တော်ကြီးသည် မကြည့်ရက်နိုင်တော့ဘဲ သူမ၏လက်ထဲသို့ ထည့်ကာစီမံလိုက်သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်ကတည်းက ခန်းဝင်ပစ္စည်းအကြောင်းတွေးရုံဖြင့် ခေါင်းကိုက်စေခဲ့ရပြီဖြစ်သည်။ သူမက ခေါင်းခါပြပြီး
“ဒါက အသက်ကြီးရောဂါဖြစ်တာပါကွယ်” ဟု ပြောလိုက်သည်။
လီဝေ့ရန်က တိုးတိုးလေးဖြင့် "ဝေ့ရန် အတင့်ရဲပြီး ပရုတ်ဆီတစ်မျိုးကို ပေးပါရစေ။ ဒါက အကူအညီဖြစ်ကောင်းဖြစ်နိုင်လောက်ပါတယ်”
မယ်တော်ကြီးသည် သူမကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏အကြည့်သည် နွေးထွေးမှုအနည်းငယ်ကို ဖော်ပြနေ၏။
"မင်းက စိတ်ထားကောင်းတယ်။ ဒါပေမယ့် ဒါက သက်ကြီးရောဂါပါ။ တော်ဝင်သမားတော်တွေက မနည်းတဲ့ နည်းလမ်းတွေကို သုံးခဲ့ပေမယ့် အောင်မှ မအောင်မြင်ခဲ့ပဲ”
အစကတည်းက နဝမမင်းသမီး၏နူးညံ့လှပသောမျက်နှာပေါ်တွင် ဝမ်းနည်းမှုအရိပ်အယောင်ကို အနည်းငယ်မျှ မတွေ့နိုင်ခဲ့ပေ။ သူမသည် မယ်တော်ကြီးကိုကြည့်ကာ ဂျီကျ၍ ပြောလိုက်သည်။
"မယ်တော်ကြီး စမ်းသုံးကြည့်လိုက်ပါနော်!"
ထိုနောက် သူမ၏သဘောဖြင့်သူမ လီဝေ့ရန်ထံလှမ်းလာကာ ပျိုနီပန်းပင်ပုံစံအလှဆင်ထားသည့် အိုးလေးကို ယူဆောင်လိုက်သည်။ သူမသည် ရှူရှိက်ကြည့်ရန် အဖုံးကိုဖွင့်လိုက်သောအခါ အေးမြလန်းဆန်းသော ပရုတ်ရနံ့ကို ခံစားလိုက်ရသည်။ သူမသည် သူမ၏ လက်သန်းကြွယ်ကိုအသုံးပြု၍ အဆီထဲသို့ ညင်သာစွာနှစ်ပြီး မယ်တော်ကြီး၏နားထင်များပေါ်သို့ ညင်သာစွာ ပွတ်လိုက်ကာ
“ဘယ်တော့မဆို အနည်းဆုံးတော့ စမ်းကြည့်သင့်တယ်လေ”
အချိန်အတော်ကြာပြီးနောက်တွင် မယ်တော်ကြီးသည် သက်ပြင်းပျော့ပျော့လေး တစ်ချက်ချကာ
“ဒါက တကယ်ကို တော်တော်လေး နေလို့ကောင်းသွားတာပဲ”
လီဝေ့ရန်ကပြုံးလိုက်သည်။ ဤပရုတ်ဆီသည် ခေါင်းကိုက်ရောဂါအတွက် ပုံမှန်သမားတော်များ၏ကုသမှုနှင့် ကွဲပြားသည်။ ဒီနှစ်တွင် သူမသည် မယ်တော်ကြီးထံတွင် မျက်နှာရရန် သာမန်ထက်လွန်ကဲသော အားစိုက်ထုတ်မှုများဖြင့် ဤလျှိဝှက်ချက်ဆေးနည်းကို တွေးတောနိုင်ရန် အားထုတ်ခဲ့ရသည်။ ယခုအချိန်တွင် ထုတ်သုံးလိုက်လျှင် ထိရောက်မှုကောင်းကောင်းရမည်မှာ အသေချာပင်။
“တို့က ဒီနည်းလမ်းကို ကံကောင်းထောက်မစွာနဲ့ ပြုလုပ်တတ်တဲ့တို့ဘွားဘွားဆီက ကြားခဲ့ဖူးတာပါ။ မယ်တော်ကြီးလည်း ခေါင်းကိုက်ဝေဒနာရှိတာကို သတိရပြီး အရဲစွန့် လုပ်ခဲ့မိပါတယ်။ တကယ်လို့ ထိရောက်ရင်တော့ ကောင်းတာပေါ့၊ မထိရောက်ခဲ့ရင်လည်း ခန္ဓာကိုယ်ကို ဘာအန္တရာယ်မှ ဖြစ်စေမှာ မဟုတ်ပါဘူး”
သေချာတာပေါ့။ မယ်တော်ကြီးက တကယ့်ကို စိတ်ပျော်ရွှင်သွားခဲ့ပြီး လီဝေ့ရန်ကို သိမ်မွေ့တဲ့ မျက်နှာထားဖြင့်ပင်ကြည့်ကာ
"မင်းရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်ကွယ်"
ခန်းမဆောင်အတွင်းမှ အခြေအနေသည် ပို၍ သဟဇာတ ဖြစ်လာပုံရသည်။ နဝမမင်းသမီးသည် ပြုံးလျက် အခွံနီသောလိမ္မော်သီးများကို ကိုယ်တိုင်ကိုယ်ကျ အခွံနွှာပြီး မယ်တော်ကြီးအား တစ်စိတ်ချင်းစီ ပေးနေသည်။ ထမင်းစားချိန်ရောက်သောအခါ မယ်တော်ကြီးက
“ဝေ့ရန် ဒီမှာနေပြီး ငါတို့နဲ့ အတူတူပဲ စားလေ” လို့တောင် ပြောလိုက်သေးတယ်။
ဒါကတော့ မကြုံစဖူး တော်ဝင်အခွင့်အရေးကြီးပေ။ လီဝေ့ရန်က ပြုံးလျက်
"ကျေးဇူးတင်ပါတယ် မယ်တော်ကြီး”
အဲဒါနဲ့ပင် မိန်းမစိုး၁၀ယောက်လောက်က ခန်းမဆောင်အလယ်မှာ လေးထောင့်ပုံစံစားပွဲတစ်လုံးဖြစ်အောင် ထမင်းစားစားပွဲ၂ခုကို စီပြီး ငွေရောင်ခြယ်ထားတဲ့စားပွဲခင်းကို စားပွဲပေါ်သို့ တင်လိုက်သည်။ ထမင်းစားပွဲတော်၏အရှေ့ဘက်တွင် လက်ရာမြောက်စွာ ထွင်းထုထားသော ရှေးဟောင်းသစ်သား လက်တင်ကုလားထိုင်သည် မယ်တော်ကြီးအတွက် ဆိုသည်မှာ ထင်ရှားနေပြီး ထမင်းစားပွဲ၏ တစ်ဖက်တစ်ချက်ရှိ အနည်းငယ်သေးငယ်သောထိုင်ခုံများသည် သူမနှင့်နဝမမင်းသမီးတို့ အတွက်ဖြစ်သည်။
ကောင်းစွာလေ့ကျင့်ထားသော မိန်းမစိုးတစ်စုသည် ဟင်းပွဲများကို စတင်နေရာချနေကြသည်။ အရသာမျိုးစုံနှင့် စားကောင်းသောက်ဖွယ်ရာများ၏မွှေးရနံ့များသည် လေထဲတွင် ပျံ့လွင့်လာနေသည်။ ဤနေရာရှိ အစားအသောက်များသည် လီအိမ်တော်၏နှစ်သစ်ကူးညစာထက်ပင် တော်တော်ကို များပြားလွန်းလှသည်။ ဒါတောင်မှ ဤအစားအစာတွေကို ရိုးရှင်းစေရန် အထူးစီစဉ်ထားခြင်းပင်။ မိန်းမစိုးသည် မြေပြင်ပေါ်တွင် ဒူးထောက်ပြီး
“ပွဲတော်ကို တည်ခင်းပြီးကြောင်းပါ။ ကျေးဇူးပြုပြီး စတင်သုံးဆောင်လို့ရပါပြီ” ဟု လျှောက်တင်လိုက်တယ်။
နဝမမင်းသမီးသည် လီဝေ့ရန်အား ထမင်းစားပွဲတော်၌ အမှားလုပ်မိကာ မယ်တော်ကြီးစိတ်ပျက်သွားမည်ကို စိုးရိမ်သဖြင့် သိထားသင့်သော အစားအသောက်ကျင့်ဝတ်များကို သတိပေးလိုခဲ့သည်။ ဒါပေမယ့် လီဝေ့ရန်က မမျှော်လင့်ထားပဲ သူမအတွက် ရည်ရွယ်ထားသောနေရာကို အတိအကျ လျှောက်လှမ်းလာခဲ့ပြီး မယ်တော်ကြီးဘက်သို့ လှည့်ကာ အရိုအသေပေး၍ နေရာထိုင်ခင်းအတွက် ကျေးဇူးတင်ကြောင်း ပြောကြားလိုက်သည်။ ထိုနောက် သူမသည် မယ်တော်ကြီးနှင့် နဝမ မင်းသမီးတို့ ထိုင်ပြီးသည်အထိ ထိုနေရာတွင် ရပ်လျက်စောင့်နေပြီး နောက်ဆုံးမှထိုင်လိုက်သည်။ သူမတို့စားသောက်နေကြစဉ်တွင် နဝမမင်းသမီးသည် လီဝေ့ရန်အား အံ့သြသောမျက်လုံးများနှင့် စိုက်ကြည့်နေမိသည်။ သူမကအလွန်ပင် အံ့သြနေရ၏။ လီဝေ့ရန်သည် သူမယခုထိပင်လေ့ကျင့်ယူနေရသေးသော ထိုကဲ့သို ဆီလျော်သည့် အမူအကျင့်များကို မည်ကဲ့သို့ ပြသနိုင်သည်ကို သူမ နားမလည်ပေ။ ဝေ့ရန်၏ ထမင်းစားပုံစားနည်းကလည်း သူမထက်တောင် ပို၍သိက္ခာရှိနေသေးတယ်။
ဤကဲ့သို့သော အမူအကျင့်မျိုးသည် တစ်နေ့တည်းနှင့် သင်ယူ၍ရနိုင်သော အမူအကျင့်မျိုးမဟုတ်ပေ။ နဝမမင်းသမီးတင်မကပဲ မယ်တော်ကြီးပင်လျှင် လီဝေ့ရန်အား တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားရကာ ထပ်ခါကြည့်နေမိတယ်။ သို့သော် မည်သူမှ ဘာမှတော့ မပြောပေ။ မယ်တော်ကြီးသည် ဒါကို လီဝေ့ရန်၏မွေးရာပါ လူမှုရေးနားလည်မှုဖြစ်သည်ဟုပင် ခံစားမိသည်။
နေ့လယ်စာစားနေချိန် တစ်လျှောက်လုံးတွင် ခန်းမဆောင်ကြီးသည် အလွန် တိတ်ဆိတ်နေ၏။ အမြဲလိုလို တက်ကြွနေတတ်သော နဝမမင်းသမီးပင်လျှင် တွေ့ကရာစကား မပြောရဲပေ။ နေ့လယ်စာစားပြီးနောက်တွင် လီဝေ့ရန်သည် နဝမမင်းသမီးနှင့်အတူ ခန်းမဆောင်၏ အစွန်းနှစ်ဖက်ရှိခန်းဆီးများအနောက်ဆီသို့ ထွက်ခွာသွားသည်။ မိန်းမစိုးတစ်ယောက်က သူမတို့အား ပလုတ်ကျင်းရန် ရေနှင့် လက်သုတ်ရန် ပုဝါအနွေးတစ်ထည် ယူလာပြီး ခဏကြာပြီးနောက်တွင် ဖာလာစေ့လုံးနှင့် လျှက်ဆား ပါရှိသော ငွေရောင်သေတ္တာလေးကို ယူလာပေးသည်။ တစ်ဖက်တွင် ၎င်းသည် အစာချေဖျက်ရာတွင် အထောက်အကူဖြစ်ပြီး အခြားတစ်ဖက်တွင်တော့ တစ်ယောက်နှင့်တစ်ယောက် စကားပြောရာ၌ မွှေးကြိုင်သောရနံ့များကို ရရှိစေသည်။
နဝမမင်းသမီးသည် လီဝေ့ရန်အား တိတ်တဆိတ်ကြည့်နေကာ သူမ၏လှုပ်ရှားမှုများသည် ဆီလျော်နေကာ မွန်မြတ်နေပြီး သူမ၏အပြုအမူများသည် ဂုဏ်သိက္ခာရှိရှိ သဘာဝကျနေကြောင်းကို သတိပြုမိသည်။ သူမသည် နန်းတော်ထဲ၌ကြီးပြင်းလာကာ အချိန်အတော်အကြာကတည်းက ဤအပြုအမူများကို ကျက်မှတ်ခဲ့ရသည်ကို မတွေးပဲမနေနိုင်ခဲ့ပဲ သူမအပြုအမူများသည်လည်း အမိန့်ပေးညွှန်ကြားထားသောကြောင့်သာ လိုက်နာပြုလုပ်နေရခြင်းဖြစ်သည်။
တစ်ခါက ယွေ့မိဖုရားကြီးသည် သူမက ထိုစည်းမျဉ်းများကို လေ့လာခဲ့စဉ်အခါက အလေးအနက်ထား၍ မသင်ယူကြောင်း ပြောကာ အပြစ်ဆိုခဲ့ဖူးသည်။ အဲဒီတုန်းကတော့ သူမက ဒါဟာ နေ့စဉ်အလေ့အထတစ်ခုပဲ။ အလေးအနက်ထားပြီး သင်ယူစရာဘာရှိလို့လဲ ဟူ၍ပင် တွေးခဲ့ဖူး၏။ သို့သော် ယနေ့တွင်တော့ လီဝေ့ရန်၏အပြုအမူများသည် လွင့်မျောနေသော တိမ်တိုက်များနှင့် ရေစီးကြောင်းများကဲ့သို့ လှုပ်ရှားနေပြီး မယ်တော်မိဖုရားကြီး၏ နေ့စဉ်အပြုအမူထက်ပင် များစွာဂုဏ်သိက္ခာရှိပြီး လှပနေပုံပေါ်သည်ကို သူမတွေ့လိုက်ရ၏။ နန်းတော်ထဲတွင် နှစ်ပေါင်းများစွာ နေလာခဲ့သောအထိန်းတော်ကြီးတွေတောင်မှ လိုက်မမှီနိုင်လောက်ပါဘူး။ သူမ၏ စိတ်ထဲတွင် မသေချာမရေရာမှုများက ပိုမိုနက်နဲလာသော်လည်း မယ်တော်ကြီးရှေ့မှောက်တွင်တော့ သူမ ဘာတစ်ခုမှ မမေးရဲခဲ့ဘူး။
ထိုအချိန်တွင် မိန်းမစိုးတစ်ယောက်က ကြောက်ရွံ့တုန်လှုပ်နေသော မျက်နှာထားဖြင့် ရုတ်တရက် ဝင်ရောက်လာကာ ဒူးထောက်လျက်
"မယ်တော်ကြီး၊ လျူမယ်မယ်က အမွှေးနံ့သာကိုပူဇော်ဖို့အတွက် ဖုကျီဘုရားကျောင်းကို သွားနေခဲ့တဲ့လမ်းပေါ်မှာ တစ်စုံတစ်ယောက်ပြန်ပေးဆွဲတာကို ခံလိုက်ရကြောင်းပါ! အခု အတူလိုက်ပါသွားတဲ့ အမျိုးသမီးအရာခံတွေအားလုံးပြန်ရောက်လာကြပြီး အော်ဟစ်ငိုကြွေးနေကြလို့ နန်းတော်အဝင်ဝမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေကြပါပြီ"
လျူမယ်မယ်သည် ယခင်ဧကရာဇ်က နှောင်းပိုင်းနှစ်များတွင် လက်ထပ်ခဲ့သော နောက်ဆုံးသော ကြင်ရာတော်ဖြစ်သည်။ သူမသည် ငယ်ရွယ်စဉ်အချိန်၌ နန်းတော်ထဲသို့ ဝင်ရောက်လာသောကြောင့် ဘုရင်မင်းမြတ်၏ မျက်နှာသာပေးမှုနှင့်မေတ္တာကို မည်သို့ရယူရမည်ကို နားမလည်ခဲ့ပေ။ ထို့ကြောင့် သူမတွင် မည်သည့်သွေးသားမှမရှိဘဲ မယ်တော်ကြီးနှင့်သာ ကောင်းကောင်းမွန်မွန် ဆက်ဆံရေး ရှိခဲ့သည်။
ယခုအချိန်တွင်လည်း သူမသည် အသက်အရွယ် သိပ်မကြီးသေးတာကြောင့် မယ်တော်ကြီးကဲ့သို့ နန်းတော်ထဲတွင် အမြဲလိုလို မနေနိုင်ပေ။ ထို့ကြောင့် လစဉ်သတ်မှတ်ထားသောနေ့တွင် သူမသည် ဖုကျီဘုရားကျောင်းတွင် အမွှေးတိုင်များပူဇော်ပြီး ကံကောင်းရန်အတွက် သွားရောက်ဆုတောင်းခြင်းက သူမ၏ငြီးငွေ့စရာကောင်းသောဘဝကို သက်သာရာရစေရန် နည်းလမ်းတစ်ခုအဖြစ် ယူဆနိုင်သည်။ သို့သော်လည်း လူတစ်ယောက်က ဒီလိုဂုဏ်သိက္ခာရှိတဲ့ လျူမယ်မယ်ကို ပြန်ပေးဆွဲရဲလောက်အောင် သတ္တိရှိလိမ့်မယ်လို့ ဘယ်သူက တွေးမိပါ့မလဲ!
မယ်တော်ကြီးသည် ထိတ်လန့်တကြား ဖြစ်သွားပြီး အားယုတ်သွားသည်။
“ဘယ်သူကများ ဒီလိုလုပ်ရပ်မျိုးကို နေ့ခင်းကြောင်တောင်ကြီးမှာ လုပ်ရဲရတာလဲ?”
ဒီအကြောင်းကို သူမ တွေးမိလေလေ ထူးဆန်းတယ်လို့ ပိုထင်လာမိတော့တယ်။ သူမသည် မုန်းတီးစွာဖြင့်
“သူတို့တွေမှာ ရည်မှန်းချက်ကြီးတဲ့ ကျားသစ်တစ်ကောင်လို သတ္တိမျိုးရှိနေတာပဲဖြစ်ရမယ်!”
သူမ စကားပြောပြီးနောက်တွင် ခုနကလေးတင် သက်သာသွားသော ခေါင်းကိုက်ဝေဒနာကို အတိုးချ၍ ပြန်လည် ခံစားလိုက်ရသဖြင့် သူမသည် ကောင်းကောင်းပင် မထိုင်နိုင်သလို ဖြစ်သွားရသည်။ နဝမမင်းသမီးသည် ပရုတ်ဆီထဲသို့ လက်ချောင်းများဖြင့် အမြန်တို့လိုက်ပြီး မယ်တော်ကြီး၏နှာခေါင်းအောက်သို့ ရှူရှိုက်စေရန် ယူဆောင်လာလိုက်သည်။ ခဏအကြာတွင်မှ မယ်တော်ကြီးသည် သူမ အသက်ပြန်ရှူနိုင်သကဲ့သို့ ပြန်ခံစားရတော့သည်။
နဝမမင်းသမီးက ချက်ခြင်းဆိုသလို မိန်းမစိုးကို အော်ငေါက်လိုက်၏။
“မင်း ရှင်းရှင်းလင်းလင်း မရှင်းပြရသေးဘူးလေ။ ဘာတွေဖြစ်ခဲ့တာလဲ အတိအကျ ပြောစမ်း?”
မိန်းမစိုးက အလျင်အမြန် ပြောလိုက်သည်မှာ
“လျူမယ်မယ်က နန်းတော်အတွင်းကနေ ထွက်သွားတုန်းကတော့ အားလုံးအဆင်ပြေနေခဲ့ပါတယ်။ ဒါပေမယ့် သူတို့တောင်ပေါ်တက်တက်ချင်းမှာပဲ အကြောင်းတစ်ခုခုကြောင့် လူဆိုးဂိုဏ်းတစ်ခုက ပြေးထွက်လာခဲ့ပြီး သူတို့တွေက ဘာရှင်းပြချက်မှမပေးဘဲ တိုက်ခိုက်ခဲ့ပြီး ဝေါယာဉ်ကို လုယူသွားခဲ့ကြတာပါ”
မယ်တော်ကြီးသည် နောက်ကျောဘက်ကနေ အေးစိမ့်မှုကို ခံစားလိုက်ရကာ အံ့အားသင့်စွာဖြင့်
“ဝေါယာဉ်မှာ အတွင်းနန်းတော်အဆောင်အယောင် ပါတယ်မလား! ဒီလိုအဖြစ်မျိုးဖြစ်သွားနိုင်မယ်ဆိုတာ ဘယ်သူသိပါ့မလဲ။ ငါ့ကို ခေါ်နေလို့ ဘာတွေများကောင်းမှာလဲ..."
နဝမမင်းသမီးသည် လီဝေ့ရန်ကိုကြည့်လိုက်ကာ သူမ၏အပြုံးကိုဖုံးကွယ်လျက်၊ နောင်တအပြည့်ရှိနေဟန်ဖြင့်
“မယ်တော်ကြီး၊ သမီးကိုပဲ အပြစ်တင်ရတော့မှာပဲ။ အမှန်တော့ ဒီနေ့ လျူမယ်မယ်ဘုရားကြီးက နန်းတော်ကနေထွက်ခွာခါနီးမှာ လူတွေအများကြီးခေါ်ဆောင်လာနေတာကို တွေ့လိုက်ရပြီး ဂုဏ်ကျက်သရေအပြည့်နဲ့ အဆောင်အယောင်တွေ ခင်းကျင်းပြသနေတာကို တွေ့လိုက်ရပါတယ်။ အခုလို ပြသာနာတွေများနေတဲ့အချိန်မျိုးမှာ ဒီလိုမျိုးဝံ့ကြွားပြတာမျိုး မလုပ်သင့်ဘူးလို့ သမီးကပြောခဲ့ပါတယ်။ လျူမယ်မယ်ဘုရားကြီးက သေသေချာချာ ဆင်ခြင်တွေးတောပြီးတော့ အရေးပါသူတွေဆိုတာ ဒီလို အပြင်အဆင်တွေမရှိဘဲ ခရီးသွားနိုင်ရမှာဖြစ်ပြီး ကြီးကြီးမားမားလူသိရှင်ကြားမလုပ်တော့ဘူးလို့ဆိုပါတယ်။ မယ်မယ်ဘုရားကြီးသာ မူလကရည်ရွယ်ထားတဲ့အတိုင်း ခရီးထွက်သွားခဲ့မယ်ဆိုရင် အဲ့ဒီလူဆိုးကောင်တွေက ဒီလိုပြစ်မှုမျိုးကို ကျူးလွန်ဝံ့မှာ မဟုတ်ရပါဘူး...”
မယ်တော်ကြီးက အံ့အားသင့်သွားသော်လည်း မကြာမီ ခေါင်းခါပြပြီး
“ဒါက မင်းအပြစ် ဘယ်လိုဖြစ်ရမှာလဲကွယ်? ဘေးကပ်ဆိုးကြီးပြီးတဲ့နောက်ဆို အဖြစ်အပျက်အားလုံးကို ရိုးရိုးရှင်းရှင်းနိယာမနှင့်အညီ ကျင့်ဆောင်ရမှာပဲ။ ဒီ့အပြင်၊ ဗိမာန်တော်ကို ဆုတောင်းဖို့သွားတဲ့လမ်းမှာ အဲ့လိုဖြစ်ပျက်နိုင်မယ်လို့ ဘယ်သူကထင်ပါ့မလဲ?”
သူမ၏လေသံက အေးစက်နေပြီး မကြာခင်မှာပဲ
"အရှင်မင်းကြီး ဒါကိုသိပြီလား"
မိန်းမစိုးက အလျင်စလိုဖြင့် “ဧကရာဇ်ရဲ့ ကျန်းမာရေးက ဒီနေ့ သိပ်မကောင်းမွန်လှတာကြောင့် သမားတော်ကို ဆင့်ခေါ်ထားပါတယ်။ ဒီအမှုထမ်းက အစီရင်ခံစာမတင်ဝံ့သေးပါဘူး”
မယ်တော်ကြီးက မျက်မှောင်ကြုတ်လိုက်ပြီး “ငါတို့က ဒီအခြေအနေကို ကျယ်ကျယ်ပြန့်ပြန့်သိသွားအောင် မလုပ်နိုင်ဘူး။ အရာရှိယင်းကို ရှာဖို့ ငါ့အမိန့်တော်ကို မြန်မြန်ယူလိုက်။ ညနေမစောင်းခင် လျူမယ်မယ်ကြီးကိုရှာဖို့ ပြောလိုက်!ဒါမှမဟုတ်ရင် သူခေါင်းကိုဖြတ်ပေးရမယ်လို့”
"နားလည်သဘောပေါက်ပါပြီ!"
မိန်းမစိုးကြီးက ကမန်းကတန်းထွက်ခွာသွားတယ်။
နဝမမင်းသမီးသည် မယ်တော်ကြီး၏မျက်နှာသည် ပို၍ဖြူဖျော့လာသည်ကို မြင်လိုက်ရပြီး
“စိတ်မပူပါနဲ့ မယ်တော်ကြီး၊ မယ်မယ်ဘုရားကြီးလျူက အမြဲတမ်းလို စေတနာကောင်းနဲ့ ပြုမူတတ်သူပါ။ ကောင်းကင်ဘုံက သူမကို ကာကွယ်ပေးပါလိမ့်မယ်။ ကြီးကြီးကျယ်ကျယ် ဘာမှဖြစ်လာမှာ မဟုတ်လောက်ပါဘူး။ အားလုံးက နားလည်မှုလွဲတာဖြစ်နိုင်ကြောင်းပါ”ဟုပျာပျာသလဲဆိုတော့သည်။
နားလည်မှုလွဲတာ? ဒီလိုနားလည်မှုလွဲတာ ဘယ်လိုဖြစ်နိုင်မလဲ? တိုင်းပြည်ကို တည်ထောင်ပြီးကတည်းက နှစ်တစ်ရာကျော်အတွင်းမှာ ဒီလိုမျိုး တစ်ခါမှမဖြစ်ဖူးဘူး။ တိုင်းပြည်အနောက်ဆောင်မှ ကြင်ရာတော်တစ်ဦးကပြန်ပေးဆွဲခံရပြီး ပြန်ပေးဆွဲခံရသော ကြင်ရာတော်သည် ကြင်ယာတော်မယ်မယ်ကြီးပင်ဖြစ်နေသည်။ ဤအရာသာသတင်းထွက်လာပါက လူများက အံသွားများကြားမှ ရယ်မောကြလိမ့်မည်။ ထို့ကြောင့် မင်းသမီး၏ စကားများကြားပြီးနောက်တွင် မယ်တော်ကြီးသည် သူမ၏မျက်နှာပေါ်တွင် ဘာအရိပ်အယောင်မျှမရှိနေပေ။ ကြင်ရာတော်မယ်မယ်ကြီးသည် ယခင်ဧကရာဇ်မင်းနတ်ရွာစံချိန်တွင် အသက်၁၄နှစ်သာရှိသေးသည်... နှစ်များကြာလာသည်နှင့်အမျှ သူမသည် အလွန်လှပသောအသွင်အပြင်ကို ထိန်းသိမ်းထားပြီး အသက်ကြီးလာသည်နှင့်အမျှ ဆွဲဆောင်မှုရှိနေဆဲပင်။ အဆိုပါ အံသြဖွယ်ရာလူဆိုးဓါးပြများသည် ငွေကြေးကြောင့်လား အလှနောက်ကြောင့်လား ပြန်ပေးဆွဲသွားခြင်း ဟုတ်မဟုတ်ဆိုတာ မသိရသေးပေ။ ဆိုးရွားမှုတစ်ခုခုသာ အမှန်တကယ်ဖြစ်ပျက်ခဲ့ပါက၊ မယ်တော်ကြီးသည် ယခင်ဧကရာဇ်မင်းမြတ်နှင့်အတူသင်္ဂြိုဟ်မြုပ်နှံခံရတော့မည်ကို စိုးရိမ်နေသည်။
မယ်တော်ကြီး၏မျက်ခွံများသည် အလိုအလျောက် လှုပ်ခါလာသည်။ သက်လတ်ပိုင်း နူးညံ့သိမ်မွေ့သောအမျိုးသမီးတစ်ယောက်ကို ပြန်ပေးဆွဲမည့်သူက ဘယ်သူဆိုတာ သူမ အမှန်တကယ်ပင် မတွေးနိုင်တော့ပေ။ ထို့အပြင် သူမသည် ဗိမာန်တော်သို့သွားရောက်တာဖြစ်သဖြင့် မည်သည့်စည်းစိမ်ဥစ္စာများမရှိမှာဖြစ်သဖြင့် ထိုသို့သောသူကိုခေါ်သွားခြင်းက ဘာကြောင့်များလဲ? ဒါက ရိုးရိုးရှင်းရှင်းပင်— ရယ်စရာကောင်းလွန်းတယ်။ အခုဘာလုပ်ကြမလဲ? သူမကို မတွေ့နိုင်ဘူးလို့ မပြောရင်တောင် သူမကို ရှာတွေ့ရင် ပိုတောင် ပြဿနာဖြစ်လာလိမ့်မယ်!
လီဝေ့ရန်သည် နဝမမင်းသမီးကို ကြည့်ကာ သူမ၏မျက်လုံးများကို ငုံ့ထားရင်း ခက်ခက်ခဲခဲ အပြုံးကိုချိုးနှိမ်လိုက်ရသည်။ လျူမယ်မယ်ဖုရားကြီးအကြောင်းကို သူမသိတာပေါ့!သူမသည် အမှန်တကယ်ပင် လှပပြီး ပိန်ပိန်ပါးပါး သွင်ပြင်ရှိသည်။ သူမသည် အရပ်ရှည်ရှည် သွယ်လျသော အမျိုးသမီးတစ်ဦးလည်းဖြစ်သည်။ မျက်ရစ်တစ်ဖက်သာပါရှိသော်လည်း၊ သူမသည် ကြင်ရာတော်မယ်မယ် ဖြစ်ခဲ့ကာ အမြင်ဖမ်းစားနိုင်လောက်သည် စွဲမက်ဖွယ်အဝတ်အစားများ မ၀တ်ဆင်ခြင်းဖြင့် စည်းမျဉ်းများကိုမကျော်လွန်သည့် ဝတ်စားဆင်ယင်မှုပုံစံကို အမြဲပြသနိုင်ခဲ့သည်။
နှောင်းဧကရာဇ် ကွယ်လွန်သည့်နှစ်တွင် သူမသည် အလွန်ငယ်ရွယ်သေးသည်။ နောက်ပိုင်းမှာတော့ သူမက ယောက်ျားအချို့နဲ့ ရင်းနှီးကျွမ်းဝင်ခဲ့တယ်လို့ ကောလာဟလတွေတောင် ထွက်ပေါ်ခဲ့တယ်။ အကယ်၍ မယ်တော်ကြီး၏ အကာအကွယ်ကြောင့်သာ မဟုတ်ပါက၊ လျူမယ်မယ်ကြီးသည် ကွယ်လွန်သူ ဧကရာဇ်မင်းနှင့်အတူ နှစ်ရှည်လများမြေမြှုပ်နှံထားရပေလိမ့်မည်။ သူမသည် ယခုလိုတွင် အတော်လေး အေးချမ်းစွာနေရဖို့ဆို ပိုတောင်မဖြစ်နိုင်ဘူးရယ်။
အမှန်တရားမှာမူ ဝေ့ရန်သည် နဝမမင်းသမီး အား ကြင်ရာတော်လျူမယ်မယ်ကြီး၏ အဆောင်အယောင်ကိုပြောင်းလဲလိုက်စေကာ သာမာန်ဂုဏ်မြင့်သောအမျိုးသမီးဟု ထင်ယောင်ထင်မှားဖြစ်အောင် တတ်နိုင်သမျှ ပြုလုပ်ရန်နည်းလမ်းကို ပထမဆုံး တွေးတောခဲ့ခြင်းဖြစ်သည်။ ထို့နောက် သူမသည် တူညီသောမြင်းရထားတစ်စင်းကို စီစဉ်လိုက်ပြီး သူတို့၏မျက်လုံးများရှေ့တွင် ရည်ရွယ်ချက်ရှိရှိ ထားပေးလိုက်သည်... ရထားနှစ်စင်းသည် အတူတူပင်ဖြစ်သည်ဟု သူတို့ထင်အောင် မည်သို့လုပ်ရမည်ဆိုသည့်နည်းလမ်းအတွက်မူ… ကျောက်ယွဲ့အား မြင်းရထားပေါ်၌အစေခံအဖြစ်လိုက်ပါသွားစေလိုက်ခြင်းပင်။
(T/N: သဘောက မြင်းလှည်း၂စီးကိုပုံစံတူလုပ်ပြီး ၁စီးမှာ ကျောက်ယွဲ့ကိုဟန်ပြလိုက်သွားခိုင်းလိုက်တာပါ။ ထင်ယောင်ထင်မှားဖြစ်သွားတော့ ကြင်ရာတော်လျူပါတဲ့လှည်းကိုဝေ့ရန်ပါတယ်ထင်ပြီး ပြန်ပေးဆွဲသွားကြတာပါ။ အိုင်ရေးထားတာရှုပ်နေမှာစိုးလို့ပါနော်)
ဤအခိုက်တွင် မယ်တော်ကြီးဆီက “အိုက်ယိုး! အမလေး” ဟူသော အသံကို ကြားလိုက်ရသည်။
သူမတို့ဘေးက အမျိုးသမီးအမှုထမ်းက လက်ဖက်ရည်ခွက်ကို အမှတ်မထင် မှောက်ကျစေမိပြီး လက်ဖက်ရည်က မယ်တော်ကြီးရဲ့လက်ကို အပူလောင်သွားစေတယ်။ မယ်တော်ကြီး၏ ဒေါသအမျက်သည် ကန့်သတ်ချက်သို့ရောက်ရှိသွားခဲ့ပြီး သူမသည် မမျှော်လင့်ဘဲ လက်ကိုမြှောက်ကာ အမျိုးသမီးအမှုထမ်းကို ပါးရိုက်ချလိုက်သဖြင့် ခန်းမဆောင်တစ်ခုလုံးရှိ လူတိုင်း လန့်ဖျပ်သွားကြရသည်။ လွန်ခဲ့သည့် ၁၀နှစ်ကျော်အတွင်း မယ်တော်ကြီးသည် မည်သည့်အခြွေအရံကိုမျှ တစ်ခါမှ လက်မပါခဲ့ပေ။ နန်းဆောင်၏အရှင်သခင်သည် ပြစ်ဒဏ်ပေးသူသာဖြစ်သည်။ ကိုယ့်သဘောနဲ့ကိုယ်လှုပ်ရှားရန် မလိုအပ်ကြောင်း နားလည်ထားရမည်ဖြစ်သည်။ ဒါပေမယ့် ဒီနေ့တော့ မယ်တော်ကြီးက ဒေါသတွေ ဒီလောက်ထိတောင်ရောက်သွားရ၏။
နဝမမင်းသမီးက လီဝေ့ရန်ကို တိတ်တဆိတ် မျက်စပစ်လိုက်ကာ စကားတစ်ခွန်းမှ မပြောပေ။
လီဝေ့ရန်က ပေါ့ပေါ့ပါးပါးပင် အသက်ရှုထုတ်လိုက်သည်။ အခုတော့ သူမက နောက်တဆင့်ကို ချောမွေ့စွာ အကောင်အထည်ဖော်နိုင်မလားဆိုတာ စောင့်ကြည့်ဖို့ပဲ လိုတော့ပြီး အစီအစဉ်တစ်ခုလုံး အောင်မြင်လား မအောင်မြင်ဘူးလားဆိုတာ သူမ သိလာရတော့မယ်...
ဟုတ်တာပေါ့! မယ်တော်ကြီးရဲ့စိုးရိမ်သောကတွေက မပြီးနိုင်သေးဘူး။ သူမက လက်ဖက်ရည်တစ်ငုံသောက်လိုက်တုန်းပင်မိန်းမစိုးက ပျာယာခတ်စွာဖြင့် လျှောက်တင်လာသည်မှာ
“ယခုပင် မိုဖေ့ပြည်ရဲ့စတုတ္ထမင်းသားက သူ့လူတွေကို ခေါ်ဆောင်သွားပြီး မြောက်ဘက်သို့ အလျင်အမြန်ထွက်ခွာသွားခဲ့ကြောင်းပါ။ သို့ပေမယ့် သူတို့တွေက အိမ်ရှေ့စံရဲ့အမဲလိုက်ကွင်းပြင်ကိုဖြတ်သန်းသွားလာနေရင်း အိမ်ရှေ့စံရဲ့မြင်းရထားတွေ မြင်းတွေနဲ့ မတော်တဆ ပွတ်တိုက်မိသွားကြပေမယ့် သူတို့က သူတို့ရဲ့အဆင့်အတန်းကို ဖော်ပြမနေဘဲ မြောက်ဘက်ကိုသာ ဆက်သွားခဲ့ကြပါတယ်။ ကောင်းကင်ကမှောင်စပြုလာပြီဖြစ်တော့ အိမ်ရှေ့စံလက်အောက်မှာရှိတဲ့ သက်တော်စောင့်တွေက တစ်ဖက်လူရဲ့အဆင့်အတန်းအခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ရပါဘူး။ မြင်းရထားလုံးအတွင်းကနေ အမျိုးသမီးတစ်ဦး အော်ဟစ်အကူအညီတောင်းသံကို ရုတ်တရက်ကြားလိုက်ရတာနဲ့ သူတို့က လူဆိုးတွေလို့ ထင်ပြီး သတ်ဖို့ ပြေးသွားကြတော့မှသာ ရထားလုံးအတွင်းမှာ ကြင်ရာတော်မယ်မယ်ကြီးအထဲမှာ ရှိနေတာကို တွေ့ရှိခဲ့ရကြောင်းပါ”
မယ်တော်ကြီး၏လက်ဖက်ရည်ခွက်သည် စားပွဲပေါ် သို့ပြုတ်ကျကာ လူတစ်ကိုယ်လုံး မတ်တပ်ရပ်လိုက်မိသည်။ သူမ၏မျက်နှာမှာပြာလာတယ်။ ခုဏလောက်တုန်းက ဒါကို လျူမယ်မယ်ကြီး၏ငယ်ချစ်ဟောင်းရဲ့ အမှားအယွင်းတစ်ခုလို့ သူမတွေးမိလုနီးပါးဖြစ်သေးတယ်။ ဒါပေမယ့် ဒါကအခုတော့မှားမှန်းသိပြီ။ လျူမယ်မယ်ကြီးနှင့်ကျင်းဦးရီးတော်! ဒီအချက်က သူတို့နှစ်ယောက်လုံးအတွက် အံ့သြစရာမရှိပါဘူး။ အရင်တုန်းကတော့ သူတို့က ငယ်ချစ်တွေဖြစ်ကြပြီး ငယ်စဉ်ကတည်းက အတူကြီးပြင်းခဲ့ကြတာပင်။ ဤဂုဏ်မောက်သောညီတော်ကို နှိမ်နှင်းရန်အတွက် နှောင်းဧကရာဇ်သည် လျူမယ်မယ်ကြီးကို နန်းတော်ထဲသို့ခေါ်ယူစေပြီး ချစ်ကြိုးရှည်တစ်စုံကို ဖြိုဖျက်စေလိုက်သည်။ နောက်ပိုင်းမှာတော့ နောင်တရစရာတွေ အများကြီးရှိလာခဲ့ရတယ်။ ယခင်ဧကရာဇ်နတ်ရွာစံသောအခါ ကျင်းဦးရီးတော်သည် လျူမယ်မယ်ကြီးနှင့်တွေ့ဆုံရန်ပင်အမှန်တကယ် ဝန်လေးနေခဲ့ရသည်။ နှစ်စဉ်နှစ်တိုင်း သူသည် သီးသန့်အထူးတွေ့ဆုံရန် တာ့လီမြို့တော်ကိုလာရောက်သော်လည်း ချစ်ခြင်းမေတ္တာကိစ္စမရှိဘဲ ရိုသေသမှုသာလာရောက်သဖြင့် မယ်တော်ကြီး က သူတို့ကိုတွေ့ဆုံရန်ခွင့်ပြုခဲ့သည်။ ဤနှစ်များ တစ်နှစ်ထက်တစ်နှစ် အသက်ကြီးလာသည်နှင့်အမျှ ကျင်းဦးရီးတော်သည် ဤကိစ္စကို တဖြည်းဖြည်း မေ့ပျောက်စပြုလာသည်။ လျူမယ်မယ်ကြီးသည် စာနှစ်စောင်ပို့သော်လည်း အကြောင်းမပြန်သဖြင် လက်လျှော့လိုက်ရသည်နှင့် ဤကိစ္စသည် လုံးဝအပြီးသတ်သွားရသည်။
မယ်တော်ကြီးသည် ထိုအချက်ကို တွေးကာ ဖြည်းညှင်းစွာ ထိုင်ချလိုက်သည်။ လျူမယ်မယ်ကြီးနှင့် ကျင်းဦးရီးတော်တို့၏ကိစ္စများသည် ငယ်ကျိုးငယ်နာများသာပင်။ ထိုအချိန်က လျူမယ်မယ်ကြီးသည် ငယ်ရွယ်သေးပြီး ယခုအခါ အသက်ကြီးနေပြီဖြစ်ကာ နန်းတော်၌ မူလကကြီးပြင်းလာခဲ့ရသည့် ချောမောသော ခန့်ညားသောမင်းသားများပင် အချေမှုန်းပစ်ခံခဲ့ရပြီပဲ။ ကျင်းဦးရီးတော်က တခြားအတွေးတွေ ဘယ်လိုရှိနိုင်ပါ့မလဲ? မယ်တော်ကြီးက သူမရဲ့စိတ်နှလုံးသားကပဲထင်ယောင်ထင်မှားဖြစ်နေတယ်လို့တွေးလိုက်မိတယ်... အဲဒီအခါရောက်မှ မိုဖေ့ပြည်ရဲ့စတုတ္တမင်းသားက ဘာကြောင့်များ လျူမယ်မယ်ကြီးကို အဝေးသို့ခေါ်သွားဖို့ အတင်းအကြပ်လုပ်ခဲ့တဲ့အကြောင်းကိုတွေးမိစပြုလာတယ်။ ဒါပေမယ့် သူက ဘာလို့များလျူမယ်မယ်ကြီးကို ပြန်ပေးဆွဲရတာလဲ? သူမက ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ နဝမမင်းသမီးသည် ဖြူဖြူဖျော့ဖျော့နှင့် တစ်ခုခုမှားယွင်းသလိုဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် အမြန်မေးလိုက်မိသည်။
"မင်း ဘာဖြစ်နေတာလဲ?"
နဝမမင်းသမီး၏အသံသည် အလွန်အမင်း စိုးရွံ့ထိတ်လန့်ခြင်းကဲ့သို့ တုန်လှုပ်သွားကာ မျက်လုံးများ မလှုပ်မရှားဖြင့်
“မယ်တော်ကြီး… မူလက… လျူမယ်မယ်ကြီးနဲ့ ဆုတောင်းသွားချင်ပါတယ်လို့ ဒီမြေးတော်ပြောခဲ့မိပါတယ်။ ဒါပေမယ့် မယ်တော်ကြီး အခေါ်တော်ရှိတာနဲ့ သမီးက မနေ့ကတင်လေး ဆုတောင်းဖို့မလိုက်ဖြစ်တော့ကြောင်းကို မယ်တော်ဧကရီဆီအကြောင်းကြားစေလိုက်တာပါ"
မယ်တော်ကြီး၏မျက်နှာသည် တစ်ခဏမျှ တောင့်တင်းသွားပြီး မိုဖေ့ပြည်၏ စတုတ္တမင်းသားဘာလုပ်ဖို့ကြိုးစားနေသည်ဆိုတာကို ရုတ်တရက် သဘောပေါက်သွားသည်။ သူနှစ်ခြိုက်နေတဲ့သူက လီဝေ့ရန်မဟုတ်တဲ့ နဝမမင်းသမီးဖြစ်နေတာပေါ့! သေချာစဉ်းစားကြည့်မယ်ဆို မိုဖေ့ပြည်ရှိစတုတ္တမင်းသား၏ အဆင်အတန်းသည် မင်းသမီးတစ်ပါးနှင့်သာအတူ ရှိသင့်သည်။ သို့သော် ဧကရာဇ်သည် သူ၏သမီးတော်ကို တိုင်းတစ်ပါးတွင် လက်ထပ်ခွင့်မပြုပေ။ ဘယ်သူ့ကိုမဆို ပြောင်းလဲနိုင်သော်လည်း စိတ်မချမ်းသာသော်ငြား မိုဖေ့ပြည်စတုတ္တမင်ူသားက အခြားမည်သည့်အရာကိုမျှ မပြသခဲ့ခြင်းဖြစ်ရမည်။ ဒါပေမယ့် အခု သူစောင်မျှော်နေတာက ဒီအရာကို!! သူတို့ထွက်ခွာသွားရမည့်ရက်သည် ၁၀ရက်အကြာတွင်ဖြစ်ရမှာသိသာထင်ရှားသော်လည်း ရုတ်တရက် သူကကြိုတင်မပြောဘဲ လျူမယ်မယ်ကြီးကို ပြန်ပေးဆွဲခဲ့သည်။ မဟုတ်ဘူး၊ သူက နဝမမင်းသမီးကို ပြန်ပေးဆွဲချင်နေခဲ့ပြီး လျူမယ်မယ်ကြီးကို မှားယွင်းပြန်ပေးဆွဲသွားတာဖြစ်ရမယ်။ အရာအားလုံးက ပြီးပြည့်စုံသွားမှတော့ ပြသာနာက တော်ရုံမဟုတ်ဘူးဆိုတာ ဧကရာဇ်က ဝန်ခံရတော့မယ်။
ဒါတင်မကသေးဘဲ အခု မိုဖေ့ပြည်က လှုပ်ရှားဖို့ အသင့်ဖြစ်နေပြီး စစ်တပ်က နယ်စပ်မှာ စုရုံးနေပြီ။ ဧကရီသည် မိုဖေ့ပြည်ဧကရာဇ်ကိုကြည့်ရှုရန် လူများကိုစေလွှတ်ခဲ့ပြီး၊ တစ်စုံတစ်ယောက်အား ကိုယ်ပိုင်ဓါးစာခံတစ်ခုအဖြစ်စေထားရန် စိတ်ဆန္ဒရှိခဲ့သည်။ နဝမမင်းသမီးကို တော့လက်ထပ်ပေးဖို့ ကြိုမမျှော်လင့်ထားခဲ့ဘူး။ အခုတော့ ဧကရီ၏အကြံအစည်
များသည်လည်း သဲထဲရေသွန်ဖြစ်ရ၏။
ကောင်းတယ်! သိပ်ကိုကောင်းတယ်! ဒီမိုဖေ့ပြည်မင်းသားက တကယ့်ကိုတော်ပါပေတယ်။ မယ်တော်ကြီးသည် အမျက်ရှလွန်းသဖြင့် သူမ၏လက်များသည် အေးစက်ပြီးတောင့်တင်းလုနီးပါးပင်။ လီဝေ့ရန်သည် နဝမမင်းသမီးကို တစ်ချက်ကြည့်လိုက်တော့ နဝမမင်းသမီးက အမြန် နှစ်သိမ့်စွာဖြင့်
“မယ်တော်ကြီး အမျက်တော်မရှပါနဲ့နော်..တော်လိုက်ပါတော့နော်!"
တခဏအတွင်းတွင် မိန်းမစိုးငယ်လေးအိုက်အိုက်က
"လျူမယ်မယ်ကြီးကို ကယ်တင်ခဲ့ပြီးနောက် မြင်းရထားများနှင့် မြင်းများက လုယူသွားခံခဲ့ရကြောင်းပါ။ ကံမကောင်းစွာပဲ၊ မိုဖေ့စတုတ္တမင်းသားနဲ့ မင်းသမီးဟေ့ချန်တို့က ထွက်ပြေးရှောင်တိမ်းနှင့်နေပြီဖြစ်ကြောင်းပါ"
မယ်တော်ကြီးက ဒေါသနဲ့ သက်ပြင်းချရင်း
“မင်းတို့တွေ အသုံးကျအောင်နေဖို့ ဘာများစားကြလဲဟမ်? အရူးငတုံးတွေ! အားလုံးက အရူးတွေပဲ!”
သူမသည် စတုတ္တမင်းသားကိုပင် ကျိန်ဆဲလိုက်ရပြီဟု ထင်မြင်မိသဖြင့် ယခုအချိန်တွင်တော့ သူမ၏ပါးစပ်ကို ပိတ်လိုက်ကာ ဘာမှ မပြောတော့ပေ။
လီဝေ့ရန်သည် ခေါင်းငိုက်စိုက်ချကာ အလွန်စိတ်မချမ်းသာသော အကြည့်ဖြင့်ရှိနေသော်လည်း သူမ၏နှလုံးသားက လှောင်ရယ်နေမိသည်။ သူမလုပ်ခဲ့တဲ့ ပြဇာတ်က အချည်နှီးမဖြစ်ခဲဘူးပဲ။ ထော့ပါကျန်းသည် သူမကလီယွမ်ဟန့်ကို နှစ်သက်ကြောင်း အမှန်တကယ် ယုံကြည်သွားပြီး သူမသည် သူမ၏မြင်းရထားထဲတွင် အမှန်တကယ် ရှိနေသည်ဟုပင် သံသယရှိခဲ့သည်။ သူမကိုလီယွမ်ဟန့်နဲ့ခိုးရာလိုက်ပြေးထွက်တော့မယ်ဟုထင်သွားတယ်! အိမ်ရှေ့စံ၏အမဲလိုက်ကွင်းပြင်မှာ လီယွမ်ဟန့်တို့နဲ့တိုးမိတယ်ဆိုတာ တိုက်ဆိုင်သောမတော်တဆမှုမဟုတ်ပေ။ အရာအားလုံးသည် ထော့ပါကျန်းမှ စီစဉ်ထားခြင်းဖြစ်ပုံရကာ ဘယ်သို့ဘယ်ပုံ လုပ်လိုက်သလဲဆိုတာကို လီဝေ့ရန်က သိချင်စိတ်ပြင်းပြစွာဖြင့် နှုတ်ခမ်းကိုကော့ညွှတ်မိ၏။
နဝမမင်းသမီးက စိတ်မသက်မသာစွာနဲ့
"မယ်တော်ကြီး၊ ဒီတစ်ခါ အစ်ကိုတော်အိမ်ရှေ့စံရဲ့ ကျေးဇူးကြောင့်ပေါ့။ မဟုတ်ရင် လျူမယ်မယ်ဘုရားကြီးတော့...."
143.1.ကျောင်းမိသားစုပျက်သုဉ်းရ(စာမြည်း)
"ဒီတစ်ကြိမ် ကိစ္စအတွက် ကျုပ်သေချာပေါက်လက်စားချေမယ်!"
(T/N: ဒီအပိုင်းကစပြီးဖတ်ရတာ စာလေးတွေထောက်တယ်ဆိုသည်းခံပေးပါနော်။ မူရင်းသေချာeditထားတဲ့eng translatorက အပိုင်း၁၄၂ထိပဲပြန်ထားတာပါ နောက်အပိုင်းတောက်လျှောက်ကraw translationမို့ engလိုတောင်ဖတ်ရအဆင်မချောတာကြောင့်မြန်မာလိုဆီလျော်အောင်ရေးရတာနည်းနည်းအခက်တွေ့နေလို့ပါ အိုင်အတတ်နိုင်ဆုံးတော့ကြိုးစားရေးပေးပါ့မယ်နော်)