အပိုင်း ၆
ရှန်းဝမ့်ချုံးတွင် ပိုက်ဆံဟူ၍ ခြူးတစ်ပြားမျှပင်မပါချေ။ ထို့အပြင် သူ့ကိုယ်တွင် ဝတ်ဆင်ထားသည့် အဝတ်အထည်နှင့် ခြေထောက်မှ ဖိနပ်သည်လည်း လုယောင်ဝယ်ပေးထားသည်သာဖြစ်၏။
ခြေလှမ်းနည်းနည်း လျှောက်လာပြီးမှ ကြက်သေသေသွားရသည်။ သူသည် H မြို့တော်သို ယခုမှ ရောက်ဖူးခြင်းပင်။ ထို့ကြောင့် လမ်းများကိုလည်း မမှတ်မိချေ။ လမ်းမကြီးအတိုင်း တည့်တည့်လျှောက်ရင်း ခြေဦးတည့်ရာ သွားနေရသည်။ သူရောက်နေသည့် နေရာသည် ရှေးဟောင်းမြို့ဖြစ်သည့်အားလျော်စွာ အချို့အရာများမှာ ပြန်လည်ပြုပြင်ထားခြင်းဖြစ်၏။ လမ်းဘယ်ဘက်တွင် အပြာရောင်အကာအရံအတွဲလိုက်နှင့် ဆောက်လုပ်ရေးတစ်ခုရှိပြီး ညာဘက်တွင် ဆိုင်ခန်းအိုလေးများရှိသည်။
ညဘက်ဆောက်လုပ်ရေး ရပ်နားထား၍ အတော်လေး တိတ်ဆိတ်ပြီး ဤနေရာကြီးသည် တစ်သီးတစ်ခြားဖြစ်နေသည်။
လမ်းကျဉ်းလေးသို့ မည်သည့်ယာဉ်မျှလည်း ဖြတ်သန်းသွားခြင်းမရှိပေ။ ထိုခြောက်ကပ်နေသော လမ်းကလေးထက် သူတစ်ယောက်တည်းသာ လူးလွန့်သွားလာနေရသည်။
ဆိုင်ကလေးတွေဆိုသည်မှာလည်း တစ်ဆိုင်ပြီး တစ်ဆိုင်ပိတ်သွားကြပြီး ဝင်ပေါက် သံတံခါးကြီးမှာလည်း ပိတ်သွားချေပြီ။ ဆိုင်ငယ်လေး တစ်ဆိုင်ကတော့ ဖွင့်နေသေးသည်ကို သူတွေ့လိုက်ရသည်။ ထိုဆိုင်ငယ်လေး၏ မှန်တံခါးပေါ်တွင် ဆေးလိပ်၊ ဝိုင်၊ ဖုန်းဘေ စသဖြင့် ရေးသားထားပြီး ပျက်တစ်ဝက် ထင်တစ်ချက်ဖြင့် မထင်မသာသာ ရှိသည်။
ထိုဆိုင်ငယ်လေးမှာ ဆိုင်ဟောင်းတစ်ဆိုင် ဖြစ်ဟန်ရှိ၍ အပြင်အဆင်မှာလည်း လွန်ခဲ့သော ဆယ်နှစ်ခန့်က အပြင်အဆင်မျိုးပင်။
ရှန်းဝမ့်ချုံး ခဏမျှသာ ရပ်ကြည့်ပြီးနောက် ခြေဦးတည့်ရာသာ ဆက်ထွက်လာခဲ့သည်။
ပုစဉ်းရင်ကွဲများမှ ‘ ဗဇီးဇီးးးးဇိ ’ ဟူသော အသံများထုတ်လွှင့်လျက်ရှိပြီး နားထဲသို့ချင်းနင်း ဝင်ရောက်လာရင်း အတွေးတို့မှာလည်း လွန်လေပြီသော ဆယ်နှစ်နှစ်ခန့်က နွေရာသီဆီ ပျံ့လွှင့်သွားချေသည်။
နွေလယ် ပူအိုက်ချိန်တွင် အခြေခံစစ်သင်တန်း¹ တက်ရသည်မှာ ငရဲသို့ အရှင်လတ်လတ် အလည်သွားရခြင်းပင်။
လေ့ကျင့်ရေးတပ်ခွဲမှ တန်းဖြုတ်ပြီးသည်နှင့် လူတိုင်းသည် ရေခဲရေနှင့် သောက်စရာအေးအေးလေးများ ဝယ်ယူနိုင်ရန် ကန်တင်းသို့ အပြေးအလွှားသွားတတ်ကြသည်။ ရှန်းဝမ့်ချုံးသတိထားမိသည်မှာ လုယောင်ကတော့ မုန့်နှင့် အအေးများ ဝယ်ယူခြင်းမရှိသည်ကိုပင်။ ထို့အပြင် ယုတ်စွအဆုံး ရေပင်ဝယ်မသောက်ချေ။ သူသည် အမြဲ ဆေးသုတ်ထားသည့် အပူခံခွက်ကလေးတစ်လုံးကို ယူလာလေ့ရှိပြီး ကျောင်းမှ အခမဲ့ပေးသည့် ရေနွေးပူပူကိုသာ သောက်လေ့ရှိ၏။
သူတို့နှစ်ဦးသည် မသိလိုက် မသိဘာသာဘဲ သူငယ်ချင်းဖြစ်နေချေပြီ။ ရှန်းဝမ့်ချုံးသည် အတန်းတွင်း လူသိများလာပြီး နောက်ရက်အနည်းငယ် အကြာတွင်တော့ သူ့အား ပတ်လည်ဝန်းရံလျက်ရှိသော အဖွဲ့ငယ်လေးပင် ဖြစ်မှန်းမသိ ဖြစ်လာချေသည်။
လုယောင်သည်လည်း ရှန်းဝမ့်ချုံးဆွဲခေါ်လာ၍ ထိုအထဲတွင် ပါဝင်ခဲ့ရချေသည်။ အခြားသူများနှင့် ဆက်ဆံရေးတွင်လဲ အရာရာရှောရှောရှူရှူပင်။
တစ်ဖွဲ့လုံး ဆူပါမားကတ်များသို့ သွားကြမည်ဆိုလျှင် လုယောင်သည်လည်း သူ့အနာက်မှ ကပ်၍ပါလာသည်ပင်။ အခြားသူများက တစ်မျိုးမဟုတ် တစ်မျိုးဝယ်ယူကြသော်လည်း လုယောင်ကတော့ ဘာမျှမဝယ်ချေ။ သို့သော်လည်း ၎င်းသည် မည်သို့မျှ အနေကျုံ့ခြင်းမရှိသကဲ့သို့ အခြားသူများ၏ သောက်စရာများကိုလည်း စိတ်ဝင်စားပုံ ရှိဟန်မတူ။ သို့သော်လည်း ရှန်းဝမ့်ချုံးက အနှီကိစ္စကို စိတ်မသက်မသာဖြစ်ရချေသည်။
‘ ရှန်းဝမ့်ချုံးအတွက်တော့ ပိုက်ဆံနည်းနည်းအတွက် ဘယ်စိတ်ထဲထားနေမလဲ။ သူလုယောင်အတွက် ဝယ်ကျွေးချင်စိတ်ရှိတာပေါ့။ ဒါပေသိ လုယောင်တစ်ယောက်တည်းကို ကွက်ကျွေးမယ်ဆိုရင်ကျ တစ်မျိုးဖြစ်နေမယ်လေ။ ဒါကြောင့် လုယောင်ကောင်းမှု အကြောင်းပြု အကုန်လုံးကို ဝယ်ကျွေးရတော့တာပါပဲ။ ’
လုယောင်က သူ့ကို အမြဲဂရုတစိုက်ရှိတာကြောင့် သူလည်း လုယောင်ကို တစ်ခုခုပြန်ပေးချင်သည်။ ရှန်းဝမ့်ချုံးသည် ကလေးဘဝကတည်းက ခြေမွေးမီးမလောင်၊ လက်မွေးမီလောင် နေရသူဖြစ်သည့်အားလျော်စွာ တစ်ကိုယ်ရည်ကိစ္စများကို ကိုင်တွယ်နိုင်ခြင်းမရှိပေ။ ထို့ကြောင်ြ့ လုယောင်သည် ညစဉ် သူ့အတွက် အိပ်ရာပြင်ပေးပြီး သူ့အဝတ်များကိုပင် လျှော်ဖွက်ပေးသေးသည်။ ငွေဖြင့် အစေခံငယ်ကို ဝယ်ယူသည့်နှယ် ခံစားရ၍ သူငြင်းဆန်ရသည်။ လုယောင်နှင့် နှစ်ကိုယ်ကြားတွေ့၍ ‘ ငါ့အဖေက စစနောက်နောက်နဲ့ ပြောသွားတာပါကွာ။ မင်းငါ့ကို အဲလောက်အသေးစိတ်ဂရုစိုက်နေဖို့ မလိုပါဘူး။ ’
လုယောင်က ‘ မဟုတ်တာ။ မင်းဘာမှလုပ်တတ်တာမှမဟုတ်တာ။ မင်းအင်္ကျီတွေတောင် မလျှော်ဘဲပစ်ထားလို့ အတော်ပေရေနေတာလေ။ ဘာလို့ ကိုယ်က မလျှော်ပေးရမှာလဲ။ ’
သူသည် ခြေလက်စုံသည့် လူတစ်ယောက်ဖြစ်နေပါသော်လည်း လက်တစ်ဖက်တည်းပါသည့် လုယောင်က သူ့အတွက် အစစအရာရာကူညီပေးနေရသည်။
ရှန်းဝမ့်ချုံး စိတ်မသက်မသာဖြစ်ရပြီး သူ့ကိုယ်သူလဲ ရှက်ရွံ့မိသည်။ သူသည် သခင်ငယ်လေးဖြစ်ပြီး သူ၏အရှက်ရစရာများကို သတိထားမိတော့ ပိုလို့ပင် စိုးရိမ်သွားသည်။ သူသည်ယောက်ျားတစ်ယောက်ပင် ဖြစ်သည့်အတွက် အခြားသူများရှေ့တွင် မိမိုက်၍သာ ရှိနေချင်သည်။
သူ၏ နှလုံးအိမ်အတွင်းမှ လုယောင်သည် သူ့အပေါ် အမှန်စင်စစ် ကောင်းမွန်သူဖြစ်သည့်အတွက် သူ့အပေါ်ထားသည့် ကရုဏာသက်ဝင်မှုသည် ပို၍ပင် လေးနက်သွားသည်။
‘မဟုတ်လျှင် လုယောင်က ဘာလို့ သူ့ကို ကူညီပေးမှာလဲ။ ဘာတဲ့။ အစေခံငယ်ဟုတ်လား။ ဒါက ဘယ်ခေတ်မို့လဲ။ ’
လုယောင်သည် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် “ရှောင်မြှိန် မင်းဘာလို့ လူတိုင်းကို အဲလောက် ခဏခဏ ဝယ်ကျွေးနေရတာလဲ။ မင်းမှာ မုန့်ဖိုးတွေ အများကြီးရှိတယ်ဆိုပေမဲ့ မင်းပိုက်ဆံကုန်သွားရင်တောင် သူတို့က ဝယ်ကျွေးခိုင်းနေလိမ့်မယ်။ အဲဒါဆို အဆင်မပြေဘူးနော်။ ’’
“ မင်းက ငဲ့ညှာတတ်ပြီး ချစ်စရာကောင်းတာပဲ ဥစ္စာ။ မင်းဝယ်မကျွေးတောင် အကုန်လုံးက မင်းကို ဆက်ခင်ကြမှာပါ။ ”
ရှန်းဝမ့်ချုံး တုံ့ဆိုင်းသွားပြီး သူ့အမူအရာမှာလည်း ပြောင်းသွားသည်။
‘သူဘာကြားလိုက်တာ။ လုယောင်ပြောလိုက်မှ သူသောက်ပေါကြီးကို ဖြစ်လို့ ။’
‘ ငါ တကယ်ဂရုစိုက်တာ မင်းကိုပါကွ။ ဒါပေမဲ့ သူ့နှလုံးသားထဲက ပဲ့တင်သံတွေကို လုယောင်ကြားအောင် ဘယ်လိုဖော်ပြရပါ့။’ ရှန်းဝမ့်ချုံး၏ နှာခေါင်းမှ ‘အမ်’ ဟူသော နှာသံတစ်ခု ထွက်ပေါ်လာပြီး မှုန်ကုပ်ကုပ် အမူအရာဖြင့် အဝေးသို့ထွက်သွားသည်။
‘ အဲဒီ ငပိန်းက လူတွေရဲ့ ခင်မင်မှုနဲ့ ကူညီတတ်တဲ့ စိတ်စေတနာတွေ ဘာတွေကို တကယ် မခွဲခြားတတ်ဘူးပဲ။ ’ ဆိုပြီး ညည်းတွားရင်း နွားနို့တစ်ပုလင်းကို အငမ်းမရ သောက်နေလိုက်သည်။
ကျောင်း၌စာသင်စဉ်အတောအတွင်း တူညီဝတ်စုံဝတ်ဆင်၍ တစ်တက်တန်းတက်ရသောကြောင့် ကျောင်းသားများအားလုံးသည် တူညီသည်ဟုထင်ရသည်။ တဖြည်းဖြည်းနှင့် သိလာရသည်က အနံကြီးခွင်ကျယ် နောက်ခံကောင်းသူများသည် ပေါင်းသင်းရခက်၍ လက်လည်းဖွာကြသည်။
ရှန်းဝမ့်ချုံးသည် သူ့ကိုယ်သူတွန်းအားပေးရင်း လုယောင်ကိုလည်း မခက်ခဲစေလိုခဲ့ပေ။ သူတိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း လုယောင်ကို ပိုက်ဆံပေးနေမှုသည် ၎င်း၏ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားလေးစားမှုကို ပျက်ပြားစေဟန်ရှိသည်။ ထို့အတူ ပိုက်ဆံဖြုန်းဖို့အတွက် လုယောင်ကို သူနှင့်အတူ ဆွဲမခေါ်ချင်ပေ။
သူတို့ အနှီအခြေအနေကို ဘယ်လိုများ ညှိနှိုင်းကြရမည်နည်း။ သူကပဲ လုယောင်အပေါ် ဂရုစိုက်တဲ့ နည်းလမ်းပြင်ရမလား ဒါမှမဟုတ် လုယောင်ကပဲ သူ့ရဲ့ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုကို လျှော့ရမလား။
သူတို့အနေနှင့် အနီးကပ်ရင်းနှီးသည့် သူငယ်ချင်းမဖြစ်လျှင်တောင် သာမန်ခင်မင်သည့် သူငယ်ချင်းဖြစ်သည်က သူစိမ်းသူပြင်ဖြစ်သည်ထက်တော့ သာသေးသည်။
ဒါပေမဲ့ သူအစကတည်းက လုယောင်ကို တအားဂရုစိုက်ပေးခဲ့သည်တော့မဟုတ်ပေ။
ထို့နောက် ရှန်းဝမ့်ချုံးသည် လုယောင်အားနှစ်ရက်မျှ စကားမပြောခဲ့ပေ။ ထို့အတူ အခြားသူများအတွက် အရမ်းကာကော ငွေသုံးစွဲခြင်းမရှိတော့ချေ။
ညနေစောင်းမှ ညလယ်အထိ လုယောင်သည် ဓာတ်မီးတစ်လက်နှင့် ဂွမ်းကပ်စောင်အောက်တွင် အလုပ်များနေသည်။ သူ့ဘက်က လုယောင်ကို မခေါ်မပြောလုပ်ထား၍ သွားလည်း မမေးလိုပေ။
မှိတ်စိတစ်မှိတ်အတွင်း အခြေခံစစ်ပညာသင်တန်း ပြီးဆုံးသွားချေပြီ။
ရှန်းဝမ့်ချုံးသည် သူဘယ်နည်းနှင့်မျှ ကျောင်းအဆောင်တွင် ဆက်မနေသင့်တော့ပြီဟု တွေးမိသည်အထိပင်။ အကြောင်းမူ မိခင်ကို မှီတည်ရှင်သန်ရသော ကြက်ပေါက်ကလေးများနှင့် လုယောင်ကို အရာရာအားထားနေရာသော သူ့ဘဝတို့မှာ မခြားနားသောကြောင့်ဖြစ်ချေသည်။ ဟိုတစ်နေ့က ကိစ္စပြီးကတည်းက လုယောင်နှင့် အခေါ်အပြောမရှိတော့သောကြောင့် အထက်ပါ ခံစားချက်ကြီးမှာလည်း မရှိတော့ချေ။
အခြေခံစစ်သင်တန်းပီ့းနောက် ဆရာက ကျောင်းနှင့်ပတ်သက်သည့် အချက်တချို့ကို အကြမ်းဖျဉ်းရှင်းပြသည်။ ထို့နောက် တန်းဖြုတ်ကာ အဆောင်သို့ ကိုယ်စီကိုယ်စီ ပြန်လာကြသည်။
ရှန်းဝမ့်ချုံးသည် လုယောင် သူ့နောက်မှ ထပ်ကြပ်မကွာလိုက်လာသည်ဟု ခံစားနေရသည်။ သူတို့အခန်းတွင်းတို့ ရောက်သောအခါ ကုတင်ပေါ်ထိုင်ရင်း ဖိနပ်လဲလိုက်သည်။ လုယောင်က သူ့ဆီလျှောက်လာပြီး သူ၏ရှည်လျားသော အရပ်ကြီးကြောင့် ကိုယ်အနည်းငယ်ကိုင်းကာ “ ရှောင်မြှိန် မင်းကျောင်းစဖွင့်ရင် အဆောင်မှာမနေတော့ဘူးလား။” ဟူ၍ မေးလာသည်။
ရှန်းဝမ့်ချုံးလည်း ကမူးရှူးတိုးဖြင့် “ မသိသေးဘူး။ ” ဟု ခပ်မြန်မြန်သာ ဖြေလိုက်သည်။
လုယောင်သူ ဘာမှထပ်မမေးတော့ဘဲ အတန်ကြာ တိတ်ဆိတ်နေပြီးမှ “ ငါမေးကို ပေးစရာလေးရှိတယ်။ ” ဟု ပြောလာသည်။
ရှန်းဝမ့်ချုံးလည်း သူ့ဆီအကြည့်တစ်ချက် ပို့လိုက်မိသည်။
ကောက်ရိုးဖြင့် ပြုလုပ်ထားသည့် သိုးအရုပ်ကလေးသည် လုယောင်၏ လက်ဖဝါးဖြင်ပေါ်တွင် တင်ထားလေသည်။ ထိုအရုပ်ကလေးမှာ လုံးဝိုင်းပြီး အင်မတန်မှ ချစ်ဖို့ကောင်းလှသည်။
ထိုသိုးငယ်လေး၏ ချစ်စရာကောင်းပုံကြောင့် ရှန်းဝမ့်ချုံး၏ မျက်လုံးများပင် ရွှန်းရွှန်းဝေလျက် တောက်ပသွားသည်။ မျက်လုံးလေး ပေကလက်ပေလက်ဖြင့် လက်ခံဖို့ သင့်၊ မသင့်သူမသိချေ။ သူငယ်စဉ်ကတည်းက သိုးနှင့် ပတ်သက်သည့် အရုပ်ပေါင်းစုံကို သဘောကျသည်။ သို့ပေသည့် ယခုကတော့ ပထမဆုံး Hand-made အရုပ်လေး လက်ခံရခြင်းပင်။
ရှန်းဝမ့်ချုံးက လုယောင်ကို ကြည့်နေပြီး လုယောင်က ရှန်းဝမ့်ချုံးကို ကြည့်လျက် နှစ်ဦးသား အကြည့်ချင်းဖလှယ်နေကြသည်။
ရှန်းဝမ့်ချုံးသည် သိုးရုပ်ကလေးကို ယူလိုက်ပြီး
“ မင်းက ဒီရက်ပိုင်း နေ့နေ့ညည ဒါကို ကျိတ်လုပ်နေတာပေါ့လေ။ ဟုတ်စ။ ငါကတော့ မင်း ဘယ်လိုအဆင့်မြင့်တဲ့ အရာတွေ လေ့လာနေတာလဲလို့ ထင်နေတာ။ ”
ပြီးနောက် မည်သည့်အခါမျှ လုယောင်သည် ညဉ့်နက်သည်အထိ စာမကြည့်ကြောင်းနှင့် မည်သည့် ကျူရှင်ကိုမှလည်းမတက်ကြောင်းကို သတိထားမိသွားသည်။ ၎င်းသည် ပြဋ္ဌာန်းဖတ်စာအုပ်မှ စာများကို ဖတ်ရုံဖြင့် ကိုယ်တိုင်တွေးသိ တီထွင်နိုင်သူဖြစ်သည်။ မည်သူ့ဆီမှ မေးမြန်းသင်ယူရသည်ဟူ၍လည်း မတွေ့ရချေ။
လုယောင်သည် ပြုံးလျက် “ မင်းသဘောကျတယ်ဆိုလို့ ကိုယ်ဝမ်းသာပါတယ်။ ” ဟုပြောလေသည်။
နေ့လယ်ခင်းအချိန်…
ရှန်းဝမ့်ချုံး၏ အဖေရောက်ရှိလာပြီး အိမ်ပြန်ခေါ်သွားသည်။
သူ့လက်ကို အဖေက ကိုင်ထားပြီး အလွန်ပူသော နေ့ဖြစ်သည့်အတွက် လက်ဖဝါးပြင်တစ်ခုလုံး ချွေးရွှဲနေသည်။ နောက်လက်တစ်ဖက်တွင်တော့ သိုးရုပ်ကလေးကို လျှို့ဝှက်ကိုင်ဆောင်ရင်း ဆော့ကစားနေသည်။ ထို့နောက် “ ဖေ့ သား သားကျောင်းမှာနေတာလဲ ကောင်းမယ်လို့ ထင်တယ်။ သားနေနိုင်ပါတယ်ဗျ။” ဟု တီးတိုးဆိုသည်။
တကယ့်အကြောင်းကို ကာရင်း “ ဒီမှာ မပြည့်စုံတော့ အတွေ့အကြုံရပြီး ပင်ပန်းတဲ့အတွက် ပိုအိပ်ပျော်စေတယ်လေ။ အဲဒါကြောင့်ပါ” ဟု ဖြည့်ပြောလေသည်။
‘ တကယ်တော့ လုယောင် အထီးကျန်မှာစိုးလို့သာ။ လုယောင်က အမြဲအထီးကျန်နေတတ်ပြီး သူသာ အဖော်မပြုရင် လုယောင်ဘဝလေးက အထီးကျန် ခန်းခြောက်နေမယ် မဟုတ်လား။ သိပ်ကို သနားစရာကောင်းတဲ့ လုယောင်လေးပါ။ လုယောင်ကို အဖော်ပြုပေးဖို့နဲ့ အထီးကျန်တာတွေကို ကုစားပေးဖို့က သူ့အတွက်တော့ သိပ်ကြီးမားတဲ့ ကိစ္စမဟုတ်ပါဘူး။ သူ့အတွက်ကတာ့ ခြင်တစ်ကောင် ရိုက်သလောက်ပဲရှိတယ်။ ပြီးတော့ လုယောင်ရဲ့ ဂရုစိုက်မှုအောက်မှာ နေရတာလဲ မဆိုးဘူးမဟုတ်လား။ သက်တောင့်သက်သာနဲ့ နေသာပါတယ်။’
သူ့အဖေကတော့ ပြုံးရင်းသား “ အမယ်လေးး။ ငါ့တို့ရဲ့ ရှောင်မြှိန်လေးတောင် အရွယ်ရောက်လာပြီပဲ။ ကိုယ့်အားကိုယ်ကိုးပြီး
အမှီအခိုကင်းကင်းနေတော့မယ်ပေါ့။ အခြေခံစစ်သင်တန်းက ထိရောက်ပုံပဲ။ ကျောင်းအိပ်ကျောင်းစာဖြစ်ဖို့ ဖောင်တင်ရမယ်ထင်တယ်။ ပြီးတော့ တစ်သီးတစ်သန့် နေလို့မရဘူးနော်။ သား မင်းနေနိုင်ပါ့မလား။ ”
…
လက်ရှိသူတွေးထားသည့်အရာများသည် အတ္တကို ဗဟိုပြုလျက် အနည်းနှင့် အများ လက်တွေ့နှင့် ကင်းကွာနေသေးသည်။
“ ဟိုက်ယား…. ”
ရှန်းဝမ့်ချုံးသည် လနှင့်ကြယ်တို့ မစုံသော
ကောင်းကင်ယံကို မော့ကြည့်မိရင်း သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ပြန်တွေးမိတော့ မာနလွှမ်းတဲ့ အတိတ်ခရီးက ရှက်ဖွယ်အတိပါကလား။ သူအနေနှင့် ထိုရှက်ဖွယ်လိလိ အတိတ်က အရိပ်များကို ပြန်လည်ချေဖျက်လိုရုံသာ ရှိသည်။
“ရှန်းဝမ့်ချုံးးးးး”
သူ့အား ရည်းညွှန်းခေါ်ဝေါ်သော စူးစူးနစ်နစ်လှမ်းခေါ်သံကို ကြားလိုက်ရသည်။
ရှန်းဝမ့်ချုံး လှည့်ကြည့်လိုက်မိသည်တွင် လမ်းတစ်ဖက်မှ လုယောင်ကို တွေ့လိုက်ရသည်။
ထို့နောက် အရှေ့သို့ ပြန်လှည့်ကာ မည်သည့်စကားမျှ မဆိုနိုင်ပါဘဲ ခပ်သုတ်သုတ်နှင့် လုယောင်မှ ဝေးရာဆီသို့ အပြေးတစ်ပိုင်း ထွက်သွားမိသည်။ သာ၍ သာ၍ မြန်သောအလျင်ဖြင့် မပြေးရုံတမည်ပင်။
လုယောင် လိုက်မှီလာသည်နှင့်အမျှ သူ၏ နှလုံးခုံနှုန်းတို့သည်လည်း သာ၍ မြန်မြဲပင်။
လုယောင်၏ နက်မှောင်ကြီးမားသော လက်ဖဝါးက သူ့ပုခုံးပေါ်သို့ ရောက်လာချေပြီ။ သူ၏ စိုးရိမ်မှုလွှမ်းသော စိတ်အစဉ်ကြောင့် အနောက်ဘက်မှ ပုဂ္ဂိုလ်ကျော်၏ လှမ်းဆွဲသော အားကို အံမတုနိင်ရှိနေသည်။ ယခုအချိန်တွင် သားရဲတစ်ကောင်က သူ့လည်ကုပ်သို့ ခဲရန် အားထုတ်နေသည့် အလားပင်။
လုယောင်သည် အင်မတန်မောဟိုက်နေဟန်ရှိပြီး သူ၏ မျက်ဝန်အစုံသည်လည်း ထိတ်လန့်ဖွယ်ပင်။ ၎င်းသည် ဒေါသတစ်ဝက် စိုးရိမ်စိတ်တစ်ဝက်ဖြင့် “မင်းဘယ်တွေသွားနေတာလဲ။”
ရှန်းဝမ့်ချုံး၏ နှလုံးသားလေးသည် ရပ်လုမတတ်နစ်မွန်းသွားပြီး အရှက်မဲ့သော အပြုံးမျက်နှာဖြင့် “မင်း ဘာလာလုပ်တာလဲ။ ငါက ခဏလမ်းလျှောက်ထွက်လာတာပါကွ။” ဟု ပြန်ဖြေလေ၏။
“ငါ့ကို လွှတ်ပေးပါလား။ မင်းကိုင်ထားတာ ငါ့အရိုးတွေတောင် ကျိုးတော့မလိုပဲ။”
လုယောင်သည် အသက်ပြင်းပြင်းရှူလျက် လက်ကို ခပ်ဖြည်းဖြည်းလွှတ်ပေးရင်း “ကိုယ်တောင်းပန်ပါတယ်။ အဲလိုဖြစ်ဖို့ မရည်ရွယ်ပါဘူး။ မင်းနာသွားသေးလား။ မင်းက ဘာမှမပြောဘဲ လှည့်ထွက်သွားတော့။ ကိုယ့်ကို နှုတ်တောင်မဆက်ဘဲ ထွက်သွားတော့မယ်ထင်လို့ပါ။ “
“မင်းအခု အလုပ်ကော နေစရာကော မရှိတာကို ဘယ်သွားမလို့လဲ။ ကိုယ်မင်းကို စိတ်ပူတယ်။”
သူတို့နှစ်ဦးစလုံး မည်သူကမျှ WeChat Notiအကြောင်းကို ထုတ်မပြောကြပေ။ ပြောရန်မလိုအပ်ကြောင်းကိုလည်း အချင်းချင်းနားလည်ကြပေသည်။
ရှန်းဝမ့်ချုံးတစ်ယောက် လုယောင်နှင့်သာ ပြန်လိုက်သွားရသည်။
တကယ်တမ်းတော့ ရှန်းဝမ့်ချုံးထိုကိစ္စကို လုယောင်နှင့် ဆွေးနွေးလိုသည်။ သို့သော်လည်း ပြောမည်ကြံလိုက် ပြန်မျိုချလိုက်နှင့် လုံးလည်ရိုက်နေသည်။
‘သူဘယ်လိုရှင်းပြရမလဲ။ အရင်နေရာတွေတုန်းကတော့ သူက လူလိမ်လူကောက်ဟုတ်ပါတယ်။ မဟုတ်ကြောင်း ဘယ်လိုရှင်းပြလို့ ရနိုင်မလဲ။ သူက လုယောင်ရှေ့ဆို လူကောက်လူပွေ မဟုတ်ပါဘူး။ အဲဒါက အရေးကြီးလို့လား။’
ညဘက်၏ လေနုညင်းအေးများ တိုက်ခတ်လျက် ရှိ၏။
ရုတ်တရက် သူ လုယောင်ဆီ မလာခဲ့သင့်ဘူးလို့ ရှန်းဝမ့်ချုံးတွေးမိသွားသည်။ လုယောင်သည် ကြင်နာ၍ နှလုံးသား နူးညံ့သူဖြစ်သည်။ ဖြတ်သွားဖြတ်လာ ခွေးလေးကိုပင် ၎င်းက လျစ်လျူရှုမထားတတ်ပေ။ သူက လုယောင်ရှေ့မှာ ကောင်းချင်ယောင်ဆောင်ပြီး ဆက်နေနေမယ်ဆိုလျှင် လုယောင်က သူသေလျှင်လည်း သေချာပေါက် ဝမ်းနည်းနေပေလိမ့်မည်။
ပထမတုန်းက လူပွေလူကောက်ဖြစ်နေပါက မည်သူမှ သူ၏ သေဆုံးမှုနှင့်စပ်လျဉ်း၍ ငိုကြွေးနေကြမည် မဟုတ်ပေ။
သူက အပိုတွေ လုပ်ခဲ့သည့် လူပိုတစ်ယောက်သာ။
လုယောင်သူ့ကို လူပွေလူကောက် လူယုတ်မာအဖြစ်မြင်စေဖို့ သူလုပ်ရမည်။
မှန်သည်။ လုယောင်သူ့အပေါ် သိပ်စိတ်ပျက်သွားစေရမည်။ ထိုအတိုင်းဆို လုယောင်သည် သူသေဆုံးကြောင်း ကြားသိလျှင်ပင် သက်ပြင်းတစ်ရှိုက်မျှဖြင့်သာ ဝမ်းနည်းပေလိမ့်မည်။
‘ သူဆိုသည်မှာလဲ အပြစ်ပေးခံထိုက်သူ မဟုတ်ပေလား။ ဒါ ကောင်းတဲ့ ကိစ္စပါပဲ။’ ထို့သို့ဖြင့် ရှန်းဝမ့်ချုံး အသေးစိတ်တွေးတောရင်း အစီအစဉ်ချနေမိသည်။
လမ်းဆုံတွင် သူတို့ ကားပိတ်နေပြီး မီးပွိုင့်လည်း စောင့်နေကြသည်။
လုယောင်သည် လက်နှစ်ဖက်ဖြင့် စီတီယာတိုင်ကို ကိုင်ထားပြီး လက်ချောင်းကိုလည်း ထိုပေါ်တွင်သာ နေရာချထားသည်။
ရုတ်တရက် ရှန်းဝမ့်ချုံးက “ကိုယ်တောင်းပန်ပါတယ်။ ကိုယ်မင်းကို ဒီဆယ်စုနှစ်အတွင်း ပြန်မကြည့်မိခဲ့ဘူး။”
“ အဆင်ပြေပါတယ်။ ငါကစပြီး မင်းကို ငါရှေ့က ထွက်သွားဖို့ ပြောမိတာကိုး။ ငါအခုကြုံနေရတာတွေ ဖြစ်ပျက်ခဲ့တာတွေကလဲ မင်းနဲ့နှ မဆိုင်ဘဲကိုး။” ဟုသာ ပြန်ပြောလိုက်သည်။
လေထုမှာ လေလံသွား၍ ရှန်းဝမ့်ချုံးက သူသိချင်သည်ကို မေးလိုက်သည် “ လုယောင်… ဒီနှစ်တွေအတွင်း မင်းငါ့ကို မေးချင်တာ မရှိဘူးလား။”
သူမမှန်မှန်းသိသော်လည်း နှလုံးက မသိလိုက် မသိဘာသာပဲ ကစုန်ပေါက်နေပြီး လုယောင်၏ အဖြေကို စိုးရိမ်တကြီး စောင့်နေမိသည်။
ထို့နောက် လုယောင်က “ မရှိပါဘူး။” ဟူ၍ ပြန်ဖြေသံကို သူကြားလိုက်ရသည်။
သူ၏ကိုယ်ပေါ်သို့ အင်မတန့် အင်မတန်လေးလံသည့် ကျောက်တုံးတစ်တုံး လှိမ့်ဆင်းလာသည့်နှယ်၊ သူ့ကို သေနတ်ဖြင့် ပစ်သတ်သွားသည့်နှယ် မချိမဆန့် ခံစားလိုက်ရသည်။
ရှန်းဝမ့်ချုံးသည် လုယောင် ခေါင်မာစိတ်ခိုင်၍ ကောင်းမွန်သော လူတစ်ဦးသာဖြစ်ကြောင်း သူသိပေသည်။
လုယောင်သည် မည်သည့်အခါမျှ လိမ်မည်မဟုတ်ပေ။
ဒါပေသိ သူကတော့ လူလိမ်တစ်ဦးမျှသာ
သူရဲ့ခေါင်းကို လှည့်လိုက်ရင်း လုယောင်ကို “ ငါကောပဲ။” ဟုပြောလိုက်သည်။
¹) အခြေခံစစ်သင်တန်း
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ကောလိပ်နဲ့ တက္ကသိုလ်ကျောင်းတွေကို
အခြေခံစစ်သင်တန်းပေးပြီး နိုင်ငံသားတိုင်း စစ်ပညာတတ်စေဖို့ စနစ်လုပ်ဆောင်ထားပါတယ်။ တစ်ခါတရံမှာ မသင်မနေရ အနေနဲ့ ပြဋ္ဌာန်းချက်အနေနဲ့ သင်ယူရပါတယ်။
တောင်ကိုရီးယားကတော့ ကျောင်းတွေမှာမသင်ပေးဘဲ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေနဲ့ စစ်မှုထမ်းစေပြီး သင်ကြားပေးပါတယ်။
မြန်မာပြည်မှာတော့ တက္ကသိုလ်တွေမှာ အခြေခံစစ်သင်တန်းကို ကာလတိုသင်တန်းအနေနဲ့ သင်တန်းပေးတာတွေရှိပါတယ်။
( လက်ရှိကျောင်းတက်နေတဲ့ သင်တန်းဆင်းတွေကို အခုစစ်မှုထမ်းခိုင်းပါတော့မယ် ခိခိ။ )
18 Nov 23
Sat
7:08 PM