နဝမမင်းသမီး၏ဝင်သက်ထွက်သက်တိုင်းတွင် သေရည်ရနံ့များဖြင့်ပြည့်နှက်နေပြီး သူမ၏ မျက်နှာသည် မူးဝေကာနီမြန်းနေသည်။ သူမ၏မျက်လုံးများတွင် မျက်ရည်များသည် ရုတ်တရက် လျှံထွက်လုနီးပါးပြည့်လျှံလာ၏။
လီဝေ့ရန်သည် သူမ၏စကားကိုကြားကာ ခဏတာထိတ်လန့်သွားရာမှ သတိပြန်ဝင်လာပြီး သူမတို့အနားရှိအစေခံမိန်းကလေးဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်သည်။
"မင်း အိမ်တော်ရဲ့ မင်းသမီးဆီ သွားပြီးပြောချေဦး။ နဝမမင်းသမီးလေးက သေရည်နည်းနည်းသောက်ထားလို့ အနားယူဖို့ နေရာလိုအပ်နေတယ်လို့"
အစေခံမိန်းကလေးက အခြေအနေကို သဘောပေါက်ပြီး ချက်ချင်း ပြေးသွားတော့သည်။
သို့သော်လည်း နဝမမင်းသမီးသည် တုန်တုန်ယင်ယင်ဖြင့် မတ်တပ်ထရပ်လိုက်သည်။ လီဝေ့ရန်သည် ပွဲအခမ်းအနားအတွင်း သူမတစ်ခုခုကို လွန်ကဲစွာလုပ်မိမည်ကို စိုးရိမ်သဖြင့် သူမကိုကူညီပေးရန် အမြန်ထရပ်လိုက်သော်လည်း မင်းသမီးသည် ထိုနေရာတွင် ငြိမ်သက်စွာသာရပ်နေရုံမျှဖြစ်ပြီး ရုတ်တရက် မျက်ရည်များ သူမ၏ပါးပြင်ပေါ်သို့ အလုံးလိုက် စီးကျလာတော့သည်။
အနီးနားရှိ သခင်မလေးတစ်ယောက်က "နဝမမင်းသမီး ဘာလို့များငိုကြွေးနေရတာလဲ?" ဟုအထိတ်တလန့်ဆိုတော့သည်။
လီဝေ့ရန်သည် တည်ငြိမ်သောအမူအရာဖြင့် ပြန်ဖြေလိုက်သည်မှာ
“မင်းသမီးက ကပ်ဘေးဒုက္ခဒဏ် ခံနေရသူတွေက နေအိမ်တွေကိုဆုံးရှုံးပြီး ခြေဦးတည့်ရာလျှောက်သွားနေရတာတွေ၊ အိုးမဲ့အိမ်မဲ့ ဖြစ်နေရတဲ့ကြားထဲက ဆာလောင်တဲ့ဒဏ်ကိုလည်း ခံစားနေကြရတာတွေကို ကြားခဲ့တယ်လေ။ ဒါကြောင့် သူမကစိတ်ဆင်းရဲပြီး မခံစားနိုင်ဖြစ်နေရတာပါ”
အခြားသူများကလည်း မနေနိုင်ပဲ နဝမမင်းသမီးကိုသာကြည့်နေကြသည်။ ထိုကဲ့သို့သော အကြောင်းအရာကြောင့် မင်းသမီးကမျက်ရည်ကျနိုင်လိမ့်မည်ကိုတော့ မယုံကြည်ကြပေ။ သို့သော်လည်း လီဝေ့ရန်၏အလွန်အေးစက်နေသောမျက်နှာရှေ့တွင်တော့ စကားတစ်ခွန်းမျှမပြောဝံ့ကြပဲ တစ်ယောက်ကိုတစ်ယောက်ကြည့်နေရုံသာတတ်နိုင်တော့သည်။ ဧကရာဇ်သည် မင်းသမီးအား နယ်စားကြီးလျို၏သားဖြစ်သူကျန်းနှင့် ထိမ်းမြားပေးရန် စီစဉ်နေသည်ဟူသော ကောလာဟလ ရှိနေတယ်လေ။
ထိုအချိန်တွင် တစ်စုံတစ်ယောက်က တီးတိုးပြောလာသည်။
“နဝမမင်းသမီးက မထိမ်းမြားချင်လို့ မိဖုရားယွေ့ရဲ့ တံခါးဝရှေ့မှာ အချိန်အတော်အကြာဒူးထောက်ခဲ့သေးတယ်လို့ တို့ကြားထားတယ်”
“ဟမ်? သူတို့နှစ်ယောက်က ငယ်ကျွမ်းဆွေတွေ မဟုတ်ကြဘူးလား? သူမက ဘာလို့ သူ့ကို လက်မထပ်ချင်ရတာလဲ?”
“ရှူး! ဘယ်သူ သိနိုင်မှာလဲ? သူမကို တုန်နေအောင်ချစ်တဲ့မိဖုရားယွေ့က တကယ်ပဲ သူမကို နန်းတော်ထဲမှာ ၃ရက်၃ညတိုင်တိုင် ဒူးထောက်စေထားခဲ့တာတဲ့!”
လီဝေ့ရန်သည် အတင်းအဖျင်းများကို ကြားသော်လည်း လျစ်လျူရှုကာ မင်းသမီးငိုကြွေးနေတာကိုပဲ တည်ငြိမ်စွာကြည့်နေသည်။ သူမ ၏ နှလုံးသားထဲမှာတော့ မင်းသမီးရဲ့ ဒုက္ခကို နားလည်နိုင်သည်။ သူမချစ်မြတ်နိုးပြီး လေးစားခဲ့ရတဲ့ ယောက်ျားတစ်ယောက်က သူမအပေါ် ဘာခံစားချက်မှ မရှိခဲ့ဘူးတဲ့လေ။ သူမ ဘယ်လိုလုပ် အဆင်ပြေနိုင်ပါ့မလဲ? ဒါပေမယ့် လီဝေ့ရန်ကတော့ အချစ်မခံရတာလည်း အဆင်ပြေတယ်လို့ ခံစားမိတယ်။ တကယ်တော့ ကိုယ့်ကိုယ်ကိုချစ်တတ်ဖို့ပဲ လိုအပ်တာပင်။ တကယ်လို့ ကိုယ်က ကိုယ်တိုင်တောင် မချစ်တတ်ဘူးဆိုရင် အခြားသူတွေ ကိုယ့်ကို ချစ်လာဖို့ ဘယ်လိုလုပ် တောင်းဆိုလို့ရနိုင်မလဲ? ဒါကြောင့် ဘယ်လောက်ပဲ သူမက နဝမမင်းသမီးကို စာနာမိတယ်ဆိုပေမယ့် သူမမှာတော့ အဲ့လို စိတ်မျိုးအမှန်တကယ်မရှိပေ။
ထိုအချိန်တွင် မင်းသမီးယုံနင်း၏အမျိုးသမီးအရာခံက ကိုယ်တိုင်ကိုယ်ကျ ရောက်လာပြီး အပြုံးဖြင့်ပြောလာသည်။
“ဒီအစေခံက မင်းသမီးကို အခန်းတစ်ခုဆီ ခေါ်ဆောင်သွားပေးပါ့မယ်”
သို့သော် နဝမမင်းသမီးသည် လီဝေ့ရန်၏လက်ကိုသာဆုပ်ကိုင်လိုက်ပြီး မလွှတ်တော့ပေ။ အမျိုးသမီးအရာခံသည် ထူးဆန်းစွာဖြင့် သူမကို ကြည့်လိုက်သည်။ လီဝေ့ရန်က
“တို့ မင်းသမီးနဲ့ အတူလိုက်ခဲ့ပါ့မယ်” ဟု ပြောလိုက်သည်။
ပွဲအခမ်းအနားအတွင်းတွင် ဤကဲ့သို့ ဆွဲလားရမ်းလားလုပ်ခြင်းသည် စဉ်းစားချင့်ချိန်နိုင်သောသူ၏အပြုအမူတော့မဟုတ်လှပေ။
အမျိုးသမီးအရာခံသည် ခေါင်းညိတ်လိုက်ပြီး နဝမမင်းသမီးကိုကူညီရန် ပို့ဆောင်ပေးသော အစေခံမိန်းကလေးကို ခေါ်လိုက်သည်။ သူမကတော့ သူတို့ လမ်းကြောင်းကို အလင်းရောင်ရစေရန် အနီရောင်ပိတ်ကျဲနှင့် လက်ဆွဲမီးအိမ်ကို သယ်ဆောင်ကာ လေးနက်စွာဖြင့်
“ကျေးဇူးပြုပြီး ခြေလှမ်းတွေကို ဂရုစိုက်ကြပါ”
မင်းသမီးယုံနင်းနေထိုင်ရာ အိမ်တော်ရဲ့ အနောက်ဘက်ဥယျာဉ်တော်သည် ညဘက်တွင် တိတ်ဆိတ်နေ၏။ လီဝေ့ရန်သည် နဝမမင်းသမီးကို တစ်လျှောက်လုံး ပို့ဆောင်ခဲ့ပြီး ဘေးရှိအခန်းနားမှာ မရပ်ခင်တွင်
“တို့ ပွဲအခမ်းနားဆီကို ပြန်သွားသင့်ပြီ”
ကျောက်ယွဲ့သည် သူမအား အဝေးမှ အဆက်မပြတ် စောင့်ကြပ်နေခဲ့ပြီး တစ်ခဏမျှပင် စိတ်အေးလက်အေး မနေခဲ့ပေ။
အမျိုးသမီးအရာရှိက ခေါင်းညိတ်ပြလိုက်ပြီး “ကျေးဇူးတင်ပါတယ် အန်းဖိန် မင်းသမီး”
သူမသည် လူတွေကို နဝမမင်းသမီးအား အတွင်းသို့ ပို့ဆောင်ရန် အမိန့်ပေးဖို့ ပြင်နေတုန်းမှာပဲ ရုတ်တရက်ဆိုသလို နဝမမင်းသမီးသည် မတ်တပ်ထရပ်လိုက်ပြီး ဘာမှမပြောပဲ လီဝေ့ရန်ကို စိုက်ကြည့်နေသည်။ အချိန်အတော်ကြာပြီးနောက် သူမသည် ရှေ့သို့ နှစ်လှမ်းတိုးကာ လက်ဝှေ့ယမ်းပြီး အခြားသူများကို ပထုတ်လိုက်သည်။
“မင်းတို့ အားလုံး သွားနိုင်ပြီ။ ငါ့မှာ အန်းဖိန်မင်းသမီးကို ပြောချင်တာတွေ ရှိတယ်”
ဒီတော့ နဝမမင်းသမီးက မူးချင်ယောင်ဟန်ဆောင်နေခဲ့တာပေါ့။ လီဝေ့ရန်သည် သူမ၏သံသယများကို အတည်ပြုလိုက်ပြီး သူမ၏ နှုတ်ခမ်းကို အနည်းငယ်ပင့်ကာ မေးလိုက်သည်။
“မင်းသမီး အမူးပြေသွားပြီလား?”
နဝမ မင်းသမီး၏မျက်နှာသည် အနည်းငယ် တောင်းဆိုနေဟန်ပေါ်သည်။ အမျိုးသမီးအရာရှိသည် အခြေအနေကို ကြည့်ပြီး အစေခံမိန်းကလေးအားလုံးကို ထွက်သွားရန် ညွှန်ကြားလိုက်သည်။ သူမက
“ဒီအစေခံက အပြင်မှာ စောင့်ကြည့်နေပါ့မယ်။ မင်းသမီးတို့ နှစ်ယောက် ကျေးဇူးပြုပြီး လွတ်လွတ်လပ်လပ် စကားပြောကြပါဦး”
အမျိုးသမီးအရာရှိကတံခါးပိတ်သွားပြီးနောက် နဝမမင်းသမီးသည် လီဝေ့ရန်ကို စိုက်ကြည့်လာပြီး သူမ၏အကြည့်သည် ရှုပ်ထွေးနေသည်။ သူမက ရုတ်တရက်
“မမဝေ့ရန်၊ တို့ မမကို တောင်းဆိုစရာရှိလို့ပါ”
လီဝေ့ရန်သည် သူမ၏မျက်ခုံးကိုပင့်ကာ ဒီစကားက ဘာကြောင့် အရမ်းရင်းနှီးနေသလို ခံစားနေရပါလိမ့်ဟု သူမဘာသာ တွေးနေမိသည်။ နဝမမင်းသမီးက လူတွေကို တောင်းပန်လိုက်ရင် အရာအားလုံးကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ထင်နေတာလား?
နဝမမင်းသမီးက မျက်ရည်ဝဲလျက် “မမဝေ့ရန်၊ တို့ရဲ့မယ်တော်ဆီကို သွားပြီး တို့ကို အဲဒီယောက်ျားနဲ့ မထိမ်းမြားပေးဖို့ ပြောပေးလို့ရမလား? အခုဆိုရင် မယ်တော်က မမကို တော်တော်လေးယုံကြည်နေတာလေ။ သူမက တို့ကို မမနဲ့ တူအောင်နေဖို့တောင် ပြောနေတာ။ တို့ တောင်းပန်ပါရစေ၊ တို့တောင်းဆိုနေတာပါနော် မမ?”
တကယ်လည်း လီဝေ့ရန်နဲ့ ကြင်ရာတော်ယွေ့တို့က အခုတလော ရင်းနှီးနေခဲ့ကြတာ မှန်ပေမယ့် သူတို့ဟာ နဝမမင်းသမီး ထင်နေသကဲ့သို့ ဆက်ဆံရေးကောင်းမွန်နေကြတာ မဟုတ်ပဲ သူမတို့အချင်းချင်း အကူအညီပေးနိုင်သောကြောင့်သာဖြစ်သည်။ လီဝေ့ရန်သည် ဤငယ်ရွယ်သောမင်းသမီးလေးကို ကြည့်ရင်း ဖြည်းညင်းစွာ ပြောလိုက်သည်။
“ဒါက ကြင်ရာတော်ယွေ့ရဲ့ စိတ်ကူးမဟုတ်ပါဘူး။ အရှင်မင်းကြီးရဲ့ စိတ်ကူးပဲ။ တို့က ရှင်ဘုရင်ကို ဆန့်ကျင်ပြီး အငြင်းအခုံ လုပ်လို့မှ မဖြစ်နိုင်တာ”
သူမက ကြင်ရာတော်ယွေ့ကို တောင်းဆိုတာက အကူအညီဖြစ်မှာမဟုတ်မှန်း ပြောတာကို နဝမမင်းသမီးကြားလိုက်သောအခါ သူမ၏ မျက်လုံးများသည် ချက်ချင်း နီမြန်းလာပြီး မွန်းကြပ်လာကာ
“ဒါဆို တို့ သူ့ကို တကယ်ပဲ လက်ထပ်လိုက်ရတော့မှာလား? ဒါပေမယ့် တို့ သူ့ကို မနှစ်ခြိုက်ဘူးလေ!”
အဲဒီလိုပြောနေရင်း သူမ၏အင်္ကျီလက်ကိုယူလိုက်ပြီး သူမ၏မျက်လုံးထောင့်ကို ညင်သာစွာ သုတ်လိုက်သည်။
“ဒီလိုဆိုရင်တော့ တို့.....တို့ သေတာကမှ ကောင်းဦးမယ်!”
လီဝေ့ရန်က သူမ ငိုနေတာကိုကြည့်ပြီး နောက်ဆုံးသော ဂရုဏာလက်ကျန်လေးဟာ သူမ၏နှလုံးသားထဲမှ ပျောက်ကွယ်သွားလေသည်။
ဒီလောကကြီးမှာ နည်းလမ်းအမျိုးမျိုးဖြင့် မရေမတွက်နိုင်သော လူတွေက အစားတစ်လုတ်စာ ပိုရဖို့အတွက်နဲ့ပဲ နာကျင်မှုကို ပြင်းထန်စွာ တောင့်ခံရင်း အသက်ရှင်သန်ရန်အတွက် အသက်မွေးဝမ်းကြောင်းပြုရင်း အလုပ်ရှုပ်နေကြရတယ်။ ဒါပေမယ့် သူမ၏မျက်စိရှေ့မှာရှိနေတဲ့ ဒီမင်းသမီးလေးကတော့ သူမရဲ့ အိမ်ထောင်ရေးကို အလိုမကျတာလေးအတွက်နဲ့ သူမကိုယ်သူမ သေကြောင်းကြံစည်မှုကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် အသုံးချနေတယ်။ သူမလေးသည် အမှန်တကယ် နုံအလွန်းပြီး လူတွေကို နားမလည်နိုင်အောင် စိတ်ကုန်စေကာစိတ်အနှောင့်အယှက်ဖြစ်စေရသည်။ ဒါ့အပြင် ဧကရာဇ်က သူမအား လက်ထပ်စေလိုသော ယောက်ျားဟာ သူမ၏ငယ်ကျွမ်းဖြစ်ပြီး သူမနှင့်အတူကြီးပြင်းလာသော ချောမောပြီး တောက်ပသော လူငယ်တစ်ဦးဖြစ်သည်။ သူမ၏အသက်ကို တောင်းဆိုနေသော ယမမင်းတချို့လည်း မဟုတ်ပေ။ အကယ်၍ သူမသာ ဆန္ဒမရှိပါက ဧကရာဇ်ထံသို့သွားပြီး သူမလိုချင်သောအရာအတွက် အပြင်းအထန် တိုက်ယူနိုင်တယ်လေ။ သူမ ရှုံးနိမ့်ခဲ့ရင်တောင် အနည်းဆုံးတော့ သူမအတွက် သူမကိုယ်တိုင် တိုက်ပွဲဝင်ခဲ့တယ်လို့ ဆိုနိုင်သေးတယ်။ သို့ပေမယ့် ယခု သူမက ပွဲအခမ်းနားမှာ ထိန်းမနိုင်သိမ်းမရဖြစ်နေပုံနဲ့ သနားစရာကောင်းအောင် အော်ဟစ်ငိုကြွေးနေပုံက အတော်လေးကိုလိမ္မာပါးနပ်မှု မရှိတာပဲ။
နဝမမင်းသမီးသည် ရုတ်တရက် မျက်လုံးများကို ပင့်လိုက်ပြီး
“မမဝေ့ရန်၊ တခြားနည်းလမ်းတစ်ခု ရှိပါသေးတယ်။ မမသာ တို့ကို ကူညီပေးရင် အရာအားလုံး ပြေလည်သွားလိမ့်မယ်”
လီဝေ့ရန်သည် ဘာခံစားချက်မှမရှိပဲ စိုက်ကြည့်လိုက်ပြီး သူမ၏မျက်ခုံးများကို ပင့်တင်လိုက်သည်။
နဝမမင်းသမီး၏မျက်လုံးထဲတွင် မီးတောက်သဖွယ်ဖြစ်နေပြီး
“တတိယသခင်လေး အယုံကြည်ရဆုံးသူက မမဆိုတာ တို့သိတယ်။ မမက သူ့ကို တို့နဲ့အဝေးကို ခေါ်သွားပေးခိုင်းလို့ ရလောက်တယ်! သူက မမ ပြောတာဆို နားထောင်လောက်တယ်!”
သူမသည် ဘာမှမှားယွင်းမှုမရှိသလို ပြောနေပေမယ့် ဒီတောင်းဆိုမှုကို ပြုလုပ်ဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာကိုသာ သူမ သိရင်တော့။ နောက်ဆုံးမှာတော့ သူမ၏အသံသည် မြေပြင်ပေါ်သို့ဖုန်မှုန့်လေးကျသွားသကဲ့သို့ပင် မကြားနိုင်လောက်အောင် တိုးနိမ့်သွားသည်။ သူမ ကိုယ်တိုင်လည်း ဒီတောင်းဆိုမှုဟာ ဘယ်လောက်ရိုင်းပြလဲဆိုတာကို သိသောကြောင့်ပင်။
လီဝေ့ရန်၏မျက်လုံးများသည် တုန်လှုပ်သွားသည်။ အချိန်အတော်လေးကြာပြီးမှ သူမက
“သူက မင်းကို ခေါ်သွားပေးမှာ မဟုတ်ဘူး”
နဝမမင်းသမီးသည် သူမ ဤကဲ့သို့ မြန်မြန်ဆန်ဆန် ငြင်းဆန်လိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့် ဆွံ့အသွားရတယ်။
လီဝေ့ရန်က ဂရုတစိုက်ဖြင့်ပြောလိုက်သည်။
“တကယ်လို့ သူသာ မင်းကို နှစ်သက်ရင် သူ့အလိုလို မင်းကို လက်ထပ်ချင်လာမှာပဲ။ ပြီးတော့ မင်းအနေနဲ့ တို့ကိုလည်း ဘာမှပြောပေးခိုင်းဖို့ လိုအပ်မှာမဟုတ်ဘူး။ ဒါပေမယ့် သူက မင်းကို မနှစ်သက်ဘူးလေ။ ဒါတောင် မင်းက သူ့ကို တို့ အတင်းအကျပ် လုပ်ခိုင်းစေချင်သေးရင်တော့။ သိက္ခာရှိပြီး လေးစားစရာကောင်းတဲ့ မင်းသမီးက ဒီအခြေအနေ အထိ တကယ်ရောက်သွားပြီလား?”
ချက်ချင်းပင် နဝမမင်းသမီး၏မျက်နှာသည် ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ သူမသည် တစ်ခုခု ပြောတော့မလိုဖြင့် ပါးစပ်ဟလိုက်ပေမယ့် ငြိမ်သက်သွားပြန်တယ်။ သူမ၏မျက်နှာသည် အဖြူရောင်နှင့်အနီရောင်ရောယှက်နေကာ တုန်လှုပ်စွာဖြင့်
“တို့က မမတော့ တို့ကို ဒီလိုစကားမျိုး မပြောလောက်ဘူး ထင်ထားတာ။ မမလည်း ဘာလို့များမယ်တော်နဲ့ တစ်ပုံစံတည်းပြောနေရတာလဲ!”
လီဝေ့ရန်သည် ညင်သာစွာ ခေါင်းခါလိုက်ပြီး
“ဘာဖြစ်လို့လဲဆိုတော့ မင်းသမီးက ကိုယ့်ရဲ့ အဆင့်အတန်းကို မေ့နေတာကို! မင်းသမီးက ဧကရာဇ်မင်းရဲ့သမီးတော်၊ မင်းသမီးတစ်ပါးလေ! ဒီနှစ်တွေ တစ်လျှောက်လုံး အရှင်မင်းကြီးက မင်းသမီးမလုပ်ချင်တဲ့ အရာကို ဘာတစ်ခုမှ အတင်းအကျပ် မလုပ်ခိုင်းခဲ့ဖူးဘူး! ဒါပေမယ့် သူက ဘာလို့ မင်းရဲ့ ဆန္ဒကိုဆန့်ကျင်ပြီး နယ်စားမင်းကြီးလျိုရဲ့ အိမ်တော်နဲ့ ထိမ်းမြားပေးချင်နေတာလဲဆိုတာကို မင်းသမီးသိလား? နယ်စားမင်းကြီးလျိုရဲ့ အိမ်တော်မှာ ဘယ်လိုလူတွေနေကြသလဲ? သူတို့က သတ္တမမင်းသားနဲ့ ဘယ်လိုဆက်ဆံရေးတွေရှိသလဲ? ခံစားချက်နဲ့ တွက်ချက်မှု နှစ်ခုလုံးအရ သူတို့မှာ မင်းနဲ့သတ္တမင်းသားတို့အတွက် နက်ရှိုင်းတဲ့ ဆက်ဆံရေး ရှိနေတယ်။ ဒါပေမယ့် ထိမ်းမြားလက်ထပ်ပေးခြင်းကပဲ ဒီဆက်ဆံရေးကို အာမခံချက်ပေးနိုင်မယ်! ဒါမှ အရှင်မင်းကြီးက သူ့ရဲ့စိတ်ကို သက်သက်သာသာထားပြီး နယ်စားကြီးလျိုကို စစ်အင်အားများများပေးနိုင်လိမ့်မယ်!”
နဝမမင်းသမီးသည် ဂရုတစိုက်နားထောင်နေခဲ့ပြီး သူမ၏မျက်နှာသည် ပို၍ပင် ဖြူဖျော့လာသည်။ အချိန်အတော်ကြာပြီးနောက်မှ သူမက
“သူတို့အားလုံးက တို့ကို လက်နက်တစ်ခုလို သဘောထားနေကြတာပဲ” ဟုပြောလိုက်သည်။
လီဝေ့ရန်သည် ပြုံးလိုက်ပြီး သူမ၏အပြုံးသည် အေးစက်နေသည်။
“လက်နက်တစ်ခုဖြစ်တယ် ဆိုတာက မင်းသမီးမှာ တန်ဖိုးရှိတယ်လို့ ဆိုလိုတာပဲ။ တန်ဖိုးမရှိတဲ့သူတွေဆိုတာ သူတို့ကို ဂရုစိုက်မယ့်သူ မရှိတဲ့သူတွေပဲ။ တို့ အခု ဒီမှာရပ်နေပြီး မင်းသမီးကို စကားပြောနေတယ်ဆိုတာလဲ မင်းသမီးရဲ့ နဝမမင်းသမီးဆိုတဲ့ ဂုဏ်ကြောင့်ပဲလေ။ တကယ်လို့ မင်းသမီးက ဒါကို မသိဘူးဆိုရင်တော့ ဒီရာထူးကို စွန့်ခွာပြီး မင်းသမီးရဲ့ ခမ်းနားတဲ့ အဝတ်တွေကိုချွတ်ချ၊ လမ်းမပေါ်ကို လျှောက်လှမ်းသွားကြည့်လိုက်ပါ။ မင်းသမီးလိုမျိုး အစောင့်အကြပ်မရှိတဲ့ မိန်းမလှလေးက မီတာသုံးရာလေးကိုတောင် ဘေးကင်းကင်းနဲ့ လမ်းလျှောက်နိုင်မလား ဆိုတာ မြင်ယောင်ကြည့်လိုက်! ဒီလိုမျိုး စည်းစိမ်တွေနဲ့ဘဝမျိုးသာ မဟုတ်ရင် ကပ်ဘေးဆိုးကြီးရဲ့ သားကောင်တွေလိုမျိုး မင်းသမီးလည်း လမ်းဘေးမှာ ဆာလောင်ပြီး သေရလိမ့်မယ်ဆိုတာကို တွေးကြည့်လိုက်စမ်းပါ!”
နဝမမင်းသမီးသည် အသံမထွက်တော့ပဲ သူမ၏ရှည်လျားသောမျက်တောင်လေးများသည် အောက်သို့ငုံ့ဆင်းလာကာ တုန်လှုပ်နေတော့သည်။ သူမ၏နှလုံးသားကတော့ ရုန်းကန်နေရပုံပေါ်သည်။
“မင်းသမီးရဲ့ အဆင့်အတန်းက မင်းသမီးတစ်ပါးဖြစ်နေတာကို ဝမ်းသာသင့်တယ်။ မဟုတ်ရင် မင်းသမီးရဲ့ အပြုအမူမျိုးနဲ့ ဒီနေ့အထိ အေးအေးချမ်းချမ်းနဲ့ အသက်ရှင်နေနိုင်ပါ့မလား? မင်းသမီးတစ်ယောက်ရဲ့ ဘဝကို မလိုချင်ရင်တောင်မှ မင်တိကိုပါဆွဲထည့်ပြီး မင်းသမီးနဲ့အတူ အိုးမဲ့အိမ်မဲ့ဖြစ်စေချင်လို့လား?”
လီဝေ့ရန်၏အသံတွင် ရက်စက်မှု အနည်းငယ် ပါဝင်နေသည်။ အပေါ်ယံတွင်တော့ သူမက နဝမမင်းသမီးလေးကို သင်ကြားပြသနေပေမယ့် သူမ၏နှလုံးသားထဲတွင်တော့ သူမဘာသာသူမ ထပ်ခါတလဲလဲနှင့် ပြတ်ပြတ်သားသား ပြောနေသော အသံတစ်ခုရှိနေတယ်။
လီဝေ့ရန် နင်က တကယ်စက်ဆုပ်စရာကောင်းတာပဲ။
နင်က နဝမမင်းသမီးကို လီမင်တိနဲ့တတွဲတွဲရှိနေတာကိုမကြိုက်လို့ ဒါကို အသုံးချပြီး သူမကို ကြောက်အောင်လုပ်နေတာပဲ။
လီမင်တိက သာမန်အဆင့်အတန်းက မဟုတ်ဘူးဆိုတာ နင်သိတယ်လေ။ နဝမမင်းသမီးက သူနဲ့အတူနေရမယ်ဆိုရင်တောင် သူမရဲ့ဘဝက အခြွေအရံအများကြီးနဲ့ စည်းစိမ်တွေလည်း ရှိနေဦးမှာပဲ။
နဝမမင်းသမီးက အပြစ်ကင်းစင်ပြီး ဟန်ဆောင်မှုကင်းတယ်ဆိုတာကို နင်သိနေတာပဲ။ သူမက နင့်ဆီကနေ အကူအညီတောင်းခံရမယ်ဆိုတဲ့နောက်ဆုံးမျှော်လင့်ချက်လေးကို ဆုပ်ကိုင်ထားတဲ့ မိန်းကလေးငယ်လေးတစ်ယောက်ပါပဲ။ ဒါပေမယ့် နင်က သူမရဲ့မျက်နှာကိုပျက်စေရပြီး ဒီလိုမျိုး သူမကိုကြိမ်းမောင်းနေသေးတယ်။
နင်က နဝမမင်းသမီးကို နှစ်တွေ အများကြီး ကူညီပေးခဲ့တယ်ဆိုတာ အမှန်။ ဒါပေမယ့် သူမကလည်း နင့်ကို ကာကွယ်ပေးဖို့ အမြဲရှိနေပေးခဲ့တာပဲလေ။ နင်က သိပ်ကိုဆိုးဝါးတဲ့ အရာတွေကို လုပ်နေတာ အထင်အရှားပဲ။ ဒါပေမယ့် တော်ဝင်နန်းတော်ထဲက ဘယ်ဂုဏ်မြင့်တဲ့မိန်းမတွေက နင့်ကို အထင်သေးဝံ့ခဲ့သလဲ? နင့် အတွက်ကြောင့်နဲ့ နဝမမင်းသမီးက လူတွေရဲ့ အိမ်တော်တံခါးဝကိုခေါက်ပြီး သူတို့နဲ့ ငြင်းခုံဖို့တောင် ဆန္ဒရှိခဲ့သေးတယ်။
ကျန်းဖုန်းက နဝမမင်းသမီးကို တကယ်ချစ်မြတ်နိုးနေတယ်ဆိုတာ နင်သိပါတယ်။ တကယ်လို့သူမက သူ့ကို အခုမချစ်မြတ်နိုးဘူးဆိုရင်တောင် နောင်အနာဂတ်မှာ သူမကျေနပ်ရောင့်ရဲလာမှာသေချာတယ်။ ဒါပေမယ့် သူမက ခံစားချက်ကင်းမဲ့တဲ့ပစ္စည်းတစ်ခုမဟုတ်တဲ့လူသားတစ်ယောက်လေ။ နင့်မှာ ခံစားချက်တွေမရှိလို့ သူမ ပိုင်ဆိုင်တဲ့ခံစားချက်တွေကို နင်ကမနာလိုဖြစ်နေတာလား?
လီဝေ့ရန်သည် နဝမမင်းသမီးကိုကြည့်ကာ နောက်ဆုံးတွင် ညင်သာစွာဖြင့်ပြောလိုက်သည်။
"မင်းသမီး ဘာလုပ်သင့်သလဲဆိုတာကို နည်းနည်းလောက်ထပ်ပြီး စဉ်းစားကြည့်ပါဦး"
သူမက ဒီလမ်းကို လမ်းတစ်ဝက်လောက်လျှောက်ပြီးနေပြီ။ အခုချိန်မှ ဘယ်လိုလုပ်ပြီး နောက်ဆုတ်ရမလဲ?
သူမကိုယ်သူမ ဘာဆင်ခြေမှ မပေးချင်တော့ဘူး။ ပြီးတာက ပြီးသွားပြီ။ သူမရဲ့ ရည်ရွယ်ချက်ကလည်း ရှင်းနေတာပဲ။ သူမဟာ မြင့်မြတ်တဲ့ လူစားမျိုးမဟုတ်ခဲ့တဲ့အတွက်တော့ စက်ဆုပ်စရာကောင်းတယ်။ သူမ တစ်ခုခုကို သဘောမကျတော့ဘူးဆိုရင် သူမ တားဆီးလိုက်မယ်။ အခြားသူတွေရဲ့ နှလုံးသားတွေ နာကျင်ရမယ်ဆိုရင်တောင်၊ အခြားသူတွေရဲ့ ခံစားချက်တွေကို နင်းချေရမယ်ဆိုရင်တောင်မှပေါ့။ တစ်စုံတစ်ခုဖြစ်ပေါ်တိုင်း တခြားသူတွေကို ပျော်ရွှင်လာအောင် သူမ လုပ်ပေးမှရမယ်ဆိုရင်တော့၊ လီဝေ့ရန်၊ သူမလည်း ဘယ်ပျော်နိုင်ပါတော့မလဲ! မင်တိက နဝမမင်းသမီးကို လုံးဝ မနှစ်သက်ဘူးလေ။ သူမကို မရေရာတဲ့ မျှော်လင့်ချက်တွေပေးနေမယ့်အစား အခုချိန်မှာ နည်းနည်းလောက် လွန်လွန်ကဲကဲပြောလိုက်တာက ပိုကောင်းပါတယ်။ ဒါမှ သူမ လုံးလုံးလက်လျှော့သွားတော့မှာ! ဒီကိစ္စမှာ ဒီလိုလုပ်လိုက်တာလဲ မမှားပါဘူးလေ!
သူတစ်ပါး အခက်တွေ့ရအောင် မလုပ်ခြင်းက ကိုယ့်အတွက်ကိုယ် ခက်ခဲအောင် လုပ်နေခြင်းပဲ!
လီဝေ့ရန်က နောက်လှည့်ပြီး ပြန်ဖို့လုပ်နေတုန်းမှာပဲ နဝမမင်းသမီးက
“မမ ဝေ့ရန် တို့တောင်းပန်ပါတယ်။ တို့ တော်တော်လေး စည်းကျော်မိသွားတယ်” ဟုရုတ်တရက်ဆိုလာသည်။
လီဝေ့ရန်ကတော့ လှည့်မကြည့်ခဲ့ပေ။ နဝမမင်းသမီး၏မျက်လုံးများသည် စိုစွတ်တောက်ပနေပြီး သူမက မပြောခင်မှာ သူမ၏နှုတ်ခမ်းများက ဆုံးဖြတ်ချက် ချပြီးသည့်အလား။
"တို့ သူ့ကို လက်ထပ်လိုက်ပါတော့မယ်"
သူမ၏အသံသည်မောဟိုက်စွာဖြင့်တိုးနိမ့်စွာဖြင့်
"ကျေးဇူးတင်ပါတယ်" ဟုပြောလာသည်။
လီဝေ့ရန်က ဘာမှပြန်မပြောဘဲ တန်းတန်းမတ်မတ်သာ ထွက်လာတော့သည်။ ကျေးဇူးတင်စရာဘာမှမရှိဘူး။ ငါဒါကို မင်းအတွက် လုပ်ခဲ့တာမဟုတ်ဘူး....
သူမ စိတ်ထဲတွင် ဤကဲ့သို့တွေးနေမိကာ အလွန်အေးဆေးတည်ငြိမ်သော မျက်နှာထားဖြင့် ထွက်သွားပြီး အမျိုးသမီးအရာရှိအား
"နဝမမင်းသမီးက ခဏလောက် အနားယူဖို့ လိုအပ်လို့ ကျေးဇူးပြုပြီး အိမ်ခန်းထဲကို မဝင်သေးပဲ သူမကို မနှောင့်ယှက်ပါနဲ့ဦး" လို့ ပြောလိုက်တယ်။
အမျိုးသမီးအရာရှိက ခေါင်းညိတ်လိုက်ပြီး "ဒါဆို ဒီအစေခံက အန်းဖိန်ကို ပွဲအခမ်းနားဆီ ပြန်ပို့ဆောင်ပေးပါ့မယ်"
လီဝေ့ရန်လည်း ခေါင်းညိတ်လိုက်ပြီး အမျိုးသမီးအရာရှိ၏ အနောက်ကလိုက်လာကာ ပွဲတော်သို့ပြန်လာလိုက်သည်။ ယခုအချိန်တွင် သေရည်ပွဲတော်သည် ကျင်းပနေဆဲဖြစ်သည်။ မင်းသမီးယုံနင်းသည်လည်း ငွေကြေးနှင့်ပစ္စည်းအမြောက်အမြားကို စုဆောင်းထားပြီးဖြစ်ပြီး ပုံမှန်အားဖြင့် သူမ၏ လေးနက်တည်ကြည်နေတတ်သောမျက်နှာတွင် ရှားရှားပါးပါးအပြုံးကို ဖော်ပြနေသည်။
လီဝေ့ရန်က အဝေးမှ အနီးသို့ရောက်လာသည်ကိုမြင်တော့ သူမက ခေါင်းညိတ်ပြသည်။ လီဝေ့ရန်က အမျိုးသမီးအရာရှိအား
“တို့ ဘွားဘွားရဲ့ ခန္ဓာကိုယ်အခြေအနေက သိပ်မကောင်းလှဘူး။ လှူဒါန်းရမယ့် ရတနာတွေကိုလည်း တို့ လှူပြီးသွားပြီဆိုတော့ တို့ ကြာကြာနေလို့မရဘူး။ တို့ အခု ပြန်လိုက်ပါတော့မယ်"
အမျိုးသမီးအရာရှိက ခေါင်းညိတ်လိုက်ပြီး
"ကျေးဇူးပြုပြီး စိတ်မပူပါနဲ့ အန်းဖိန်။ ဒီအစေခံက ဒါကို မင်းသမီးဆီမှာ ကိုယ်တိုင်သတင်းပို့လိုက်ပါ့မယ်။ ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါဦး။ ဒီအစေခံက မင်းသမီး အတွက် ရထားလုံးတစ်စီးကို ပြင်ဆင်ပေးပါ့မယ်"
လီဝေ့ရန်က ဒီကိုလာရောက်ဖို့ နဝမမင်းသမီးရဲ့ ရထားလုံးကိုစီးလာခဲ့တာကြောင့် အခု သူမမကပြန်ဖို့ဆို ရထားလုံးတစ်လုံးကိုစီစဉ်ပေးရန် လိုအပ်နေတယ်။ လီဝေ့ရန်သည် တစ်ဖက်သား၏ကောင်းသောစေတနာကို မငြင်းဆန်တော့ဘဲ
“ကျေးဇူးပါပဲ” ဟု တိုးတိုးလေးသာ ပြောလိုက်သည်။
သူမကိုယ်သူမ သံသယစိတ်အနည်းရှိနေသေးတာကြောင့် ပွဲအခမ်းနားထဲမှအတက်ကြွဆုံးဖြစ်နေသောနေရာကို တစ်ချက်ကြည့်လိုက်သောအခါ သူမ၏အကြည့်သည် မင်းသမီးဟေ့ချန်နှင့်ဆုံမိသွားတယ်။ ဟေ့ချန်သည် တောက်ပပြီး တက်ကြွသော လူတစ်ယောက်ကဲ့သို့ ထင်နေရသည်။ ဂုဏ်မြင့်မြတ်သောအမျိုးသမီးအုပ်စု၏အလယ်တွင် သူမသည် စိတ်အားထက်သန်စွာတက်ကြွပြီး ပွင့်လင်းကာ အပြစ်ကင်းစင်ရိုးသားသောသူတစ်ဦးအဖြစ်တောင် အပြည့်အဝကို သရုပ်ဆောင်နေသည်။ အရာရာကို စူးစမ်းလေ့လာလိုစိတ်ရှိနေသော တိုင်းပြည်ရပ်ခြားမှမင်းသမီးလေးတစ်ပါးရဲ့ ပုံစံနဲ့ပေါ့။ ထို့အပြင် အလှူငွေများပေးလှူခဲ့ကြသည့်အချိန်တုန်းကလည်း မယုံနိုင်လောက်အောင် ရက်ရောသောပုံစံဖြင့် ပြိုင်ဘက်ကင်းသော ပမာဏကို ပေးကမ်းခဲ့သေးသည်။ ဒါက သူမအား မင်းမျိုးမင်းနွယ်တွေမှာသာ ရှိနိုင်သော ဂုဏ်ကျက်သရေမျိုးဖြင့်တောက်ပနေစဉ်မှာပဲ သူမသည် အလွန်လေးစားစရာကောင်းပြီး ဖော်ရွေတတ်သူတစ်ယောက်အဖြစ်ပါ လူအများကို ခံစားရစေရသည်။
ထိုအကြည့်တစ်ချက်တည်းဖြင့် လီဝေ့ရန်သည် တစ်ဖက်လူကလည်း သူမကို တည့်တည့်စိုက်ကြည့်နေကြောင်း သေချာသွားသည်။
သူမသည် အမျိုးသမီးအရာရှိကသူမအတွက် ရထားလုံးကို စီစဉ်ပြီးသည်အထိ အချိန်ကြာကြာ စောင့်ရန်မလိုအပ်လိုက်ပေ။ လီဝေ့ရန် သည် ရထားလုံးပေါ်တက်ပြီး လမ်းတစ်လျှောက်လုံးစောင့်ကြပ်ပေးနေသော ကျောက်မောင်နှမတို့နှင့်အတူ မင်းသမီးယုံနင်း၏အိမ်တော်မှ လမ်းပေါ်သို့ ထွက်လာခဲ့၏။ ခါတိုင်းဆို ဒီအချိန်မှာ ညနေခင်းဈေးဖွင့်နေလောက်ပေမယ့် အားလုံးက တိတ်ဆိတ်နေတယ်။ ညနေခင်းလေပြေသည် ထူးဆန်းသော အေးစိမ့်စိမ့်ရနံ့မျာ ရောနှောနေပြီး သူမကို အနည်းငယ် မူးဝေသွားစေရသည်။
ရထားလုံးက တံတားတစ်စင်းကိုဖြတ်သွားချိန်တွင် အောက်မှရေများသည် အသံမထွက်ပဲ ငြိမ်သက်စွာ စီးဆင်းနေ၏။ လီဝေ့ရန်သည် ရထားလုံး၏ခန်းဆီးစကို မြှောက်လိုက်ပြီး ရေပေါ်တွင် လှိုင်းထနေသော လ၏ရောင်ပြန်ဟပ်နေမှုကို ကြည့်နေတယ်။
အချိန်အတော်ကြာလာခဲ့ပေမယ့်လည်း ဒီလိုပွဲအခမ်းနားတွေကို သူမ တက်ရောက်လိုက်တိုင်း သူမနဲ့အံဝင်ခွင်ကျမဖြစ်သလို ခံစားနေရတုန်းပဲ။
တခြားလူတွေအားလုံးက ရယ်မောရင်း ပျော်ပျော်ပါးပါးဆိုကြ၊ ကကြရင်း အတူတူ သောက်ကြရင်း ဘယ်သူကဘယ်ကနေသိလာတယ်ဆိုတဲ့ နောက်ဆုံးပေါ် ကောလဟာလအကြောင်းတွေကိုပြောနေကြတယ်။ သူမကတော့ တစ်ယောက်တည်းပဲဖြစ်နေလေ့ရှိတယ်။ လူတွေများတဲ့ ဒီလိုပွဲအခမ်းနားတွေကို သူမ တက်ရောက်တဲ့အခါတိုင်း အမြဲတမ်းပြုံးနေသော်လည်း သူမက ပိုလို့တောင် အထီးကျန်နေသလို ခံစားရတယ်။ ဒီလိုအသက်ရှင်မှုတွေ အားလုံးရဲ့ အဓိပ္ပါယ်က ဘာများလဲ? ထိုသို့တွေးကာ သူမသည် မထိန်းနိုင်ပဲညင်သာစွာသက်ပြင်းတစ်ချက်ချလိုက်မိသည်။
ရထားလုံး၏ခန်းဆီးစကို လေတိုက်ခတ်နေစဉ် ရထားလုံးသည် ကျွီခနဲမြည်ပြီး ရပ်တန့်သွားရသည်။
ကျောက်နဉ်က ခန်းဆီးအပြင်ဘက်မှ ပြောလိုက်သည်မှာ
“မမလေး တစ်ယောက်ယောက်က မြင်းရထားလုံးကို ရပ်ပေးဖို့ တောင်းဆိုနေပါတယ်”
ကျောက်ယွဲ့က ရထားလုံး၏ခန်းဆီးကို မလိုက်သောအခါ လီဝေ့ရန်သည် ရထားလုံးအပြင်ဘက်တွင် ခမ်းနားသောမြင်းကိုစီး၍ ကျာပွတ်ကိုင်ဆောင်ထားကာ သူမကိုကြည့်နေသော လှပသည့် မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။
သူမက နောက်ဆုံးတော့ ရောက်လာခဲ့ပြီပေါ့ – မင်းသမီးဟေ့ချန်! အရင်တစ်ခါက သူမကို နံရိုးကျိုးသွားတယ်လို့ ပြောပေမယ့် သူမက အံ့သြစရာကောင်းလောက်အောင် ပြန်လည်ကောင်းမွန်လာပုံပါပဲ။ ဒါမှမဟုတ် သူမရဲ့ ကြံ့ခိုင်မှုကပဲ အံ့သြစရာကောင်းတာဖြစ်ကောင်းဖြစ်နိုင်တယ်။ လီဝေ့ရန်က သူမကို တိတ်တဆိတ် သာ ကြည့်နေလိုက်တယ်။ အံ့သြစရာကောင်းတာက ဟေ့ချန်သည် သူမ၏အနောက်ကိုလိုက်လာဖို့ အခြွေအရံတစ်ယောက်မှ ခေါ်မလာခဲ့ပဲ ဒီကိုတစ်ယောက်တည်းလာဖို့အတွက် မြင်းစီးလာခဲ့တာပင်။
သူမသည် ပေါ့ပါးစွာဖြင့် မြင်းပေါ်မှ ဆင်းလာပြီး ပါးစပ်သည် နားရွက်တက်ချိတ်တော့မည့်အလားပြုံးရယ်ကာ
"အန်းဖိန်၊ တို့ကို မင်းနဲ့ စကားစမြည်ပြောဖို့ လမ်းအတူလျှောက်ခွင့် ရမလား?"
လီဝေ့ရန်လည်း ပြုံးပြီး ရထားလုံးပေါ်မှဆင်းလာလိုက်သည်။
သူမတို့ နှစ်ယောက်က တံတားတစ်လျှောက် လမ်းလျှောက်နေချိန်တွင် ညနေခင်း လေညင်းလေးက ကန်ရေပြင်ကိုဖြတ်သန်းလာပြီး ရေလယ်ခေါင်တွင် မရေမတွက်နိုင်သော လှိုင်းတွန့်လေးများကို ဖြစ်ပေါ်စေနေသည်။ ဟေ့ချန်သည် သူမ၏အင်္ကျီဝတ်ရုံလက်မှ သေတ္တာငယ်လေးကိုယူကာ လီဝေ့ရန်၏အရှေ့သို့ ပေးလာသည်။
လီဝေ့ရန်သည် လက်ခံရယူရန် သူမ၏လက်များကိုဆန့်လိုက်ပြီး အဖုံးကိုဖွင့်လိုက်သည်။ အထဲတွင်ရှိနေသောအရာကို မြင်လိုက်ရသောအခါ သူမသည် မအံ့သြပဲမနေနိုင်ဖြစ်သွားရ၏။ မထင်မှတ်ဘဲ သေတ္တာအတွင်းတွင် ရှိနေသောအရာသည် ဇာမဏီငှက်ပုံသဏ္ဍာန်ကျောက်စိမ်းဆွဲပြားတစ်ခုဖြစ်နေသည်။ လရောင်အောက်တွင် ထိုဆွဲပြားသည် အလင်းရောင်ခပ်ဖျော့ဖျော့ထွက်နေပြီး မျက်လုံးများကို စူးရှစေတယ်။
“ဒါက ကျောက်စိမ်းဇာမဏီပါ” မင်းသမီး ဟေ့ချန်က ရှင်းပြသည်မှာ
“ဖခမည်းတော်က ဒီပစ္စည်းကို အနာဂတ်မှာ ဇနီးဖြစ်မယ့်သူကို ပေးအပ်ဖို့ စတုတ္ထအစ်ကို တော်ကို မိန့်ကြားခဲ့တယ်လေ။ မဟုတ်သေးပါဘူး။ မိုဖေ့ရဲ့ အနာဂတ်ဧကရီလို့ ပြောရမလားပဲ”
ဒီတော့ လီယွမ်ဟန့်က မိုဖေ့ပြည်ရဲ့နောက်ဖြစ်လာမယ့် ဧကရာဇ်အဖြစ်အမည်တပ်ပြီးသွားပြီပေါ့။ လီဝေ့ရန်ကပြုံးလိုက်မိတယ်။ နောက်ဆုံးတော့ သူမ မှန်းဆထားတာ မမှားခဲ့ဘူး။ ဒါဆိုရင်တော့ ဒီနေရာကိုရောက်လာတဲ့ လူက တကယ်ကို ရဲရင့်လွန်းတာပဲ။
“ကျောက်စိမ်းဇာမဏီဆွဲပြားက လောကတစ်ဝှမ်းလုံးမှာ ဒီလိုအမျိုးအစားတစ်ခုတည်းပဲရှိတယ်။ ဒီပစ္စည်းကို ခိုးယူဖို့ကြိုးစားရာက လူဘယ်နှစ်ယောက်တောင် ထိခိုက်နာကျင်ခဲ့ကြရသလဲဆိုတာတောင် တို့ မသိတော့ဘူး။ ဒါ့အပြင် နှစ်ပေါင်းတစ်သိန်းအတွင်းမှာ ဒီဆွဲပြားကို မိုဖေ့ပြည်ရဲ့ ဧကရီကိုပဲ လက်ဆင့်ကမ်းလာခဲ့တာ။ ဒီပစ္စည်းကို အန်းဖိန်ဆီ တို့ရဲ့ စတုထ္ထအစ်ကိုတော်ပေးရတဲ့ နောက်ကွယ်က အဓိပ္ပါယ်ကို အန်းဖိန်နားလည်တယ်မို့လား?" ဟုမင်းသမီး ဟေ့ချန်က ဒီလိုနည်းနဲ့ မေးလာတယ်။
လီဝေ့ရန်သည် လက်မခံနိုင်သကဲ့သို့ သူမကို တိတ်တဆိတ်သာ ကြည့်နေ၏။
မင်းသမီးဟေ့ချန်က ရယ်မောလိုက်ပြီး “စတုတ္ထအစ်ကိုတော်မှာက ကိုယ်လုပ်တော်လေးယောက်ရှိပေမယ့်လည်း တရားဝင်ဇနီးသည်တစ်ယောက်ကို လက်မထပ်ရသေးဘူးလေ။ ဒါကလည်း သူအတော်ကြာကြာလေး ရှာဖွေနေခဲ့ပေမယ့် သူသင့်တော်တယ်လို့ထင်ရတဲ့ အမျိုးသမီးကို မတွေ့ခဲ့ရလို့ပါ။ ဒါပေမယ့် သူက အန်းဖိန်ကို အချိန်အတော်ကြာလေ့လာပြီးတဲ့နောက် အန်းဖိန်က ထက်မြက်ပြီး စွမ်းဆောင်နိုင်စွမ်းရှိပြီး အေးဆေးတည်ငြိမ်၊ ချင့်ချိန်နိုင်စွမ်းရှိရုံ သာမကပဲ အန်းဖိန်ရဲ့ ပင်ကိုယ်စရိုက်ကလည်း သူနဲ့ တော်တော်လေး လိုက်ဖက်တယ်လို့ ခံစားမိသွားတယ်လေ။ ဒါကြောင့် အန်းဖိန်က ဒီကျောက်စိမ်းဇာမဏိနဲ့ အသင့်တော်ဆုံးလို့ သူထင်နေတယ်"
"အရှင်မင်းကြီးက စတုတ္ထမိုဖေ့မင်းသားကို ဇနီးလောင်းအသစ်တစ်ယောက် ချီးမြှင့်ပေးအပ်ပြီးပြီပဲ" ဟု လီဝေ့ရန်ကခပ်ရှင်းရှင်းပင် ပြန်ဖြေလိုက်၏။
သူမ၏လေသံတွင် အထူးတလည်ပျော်ရွှင်ခြင်း စိတ်လှုပ်ရှားခြင်းများ ရှိမနေပေ။ မင်းသမီး ဟေ့ချန်၏မျက်စိသူငယ်အိမ်များသည် အံ့အားသင့်သွားသောကြောင့် အနည်းငယ် ကျယ်လာသော်လည်း လျင်မြန်စွာပြန်ပြုံးလိုက်ပြီး
“ဒါက အန်းဖိန်တို့ တာ့လီဧကရာဇ်မင်းရဲ့ လုပ်ရပ်တစ်ခုပါပဲ။ တို့တွေကတော့ ဒါကို အသိအမှတ်မပြုနိုင်ဘူး။ ဇနီးလောင်းအသစ်ဆိုတဲ့ သူအကြောင်းကို တို့တွေ စုံစမ်းပြီးသွားပြီ။ သူမက ပျော့ညံ့တဲ့ အိမ်တွင်းပုန်းသခင်မလေး တစ်ယောက်ပါပဲ။ မိုဖေ့နန်းတော်ကို သူမ ရောက်တာနဲ့ ၆လထပ်ပိုပြီး သူမ ရှင်သန်နိုင်မှာ မဟုတ်ဘူးဆိုတာ တို့လောင်းရဲတယ်။ စတုတ္ထအစ်ကိုတော်က ဒီပန်းအိုးလိုအနုအယွလူမျိုးနဲ့ လက်ထပ်ရမှာကို ကျေနပ်မှာမဟုတ်ဘူး။ သူလိုချင်တဲ့သူက အန်းဖိန်ပဲ"
လီဝေ့ရန်၏မျက်နှာပေါ်တွင် စိတ်အနှောင့်အယှက်ဖြစ်နေသော အရိပ်အယောင်များ ပေါ်လာသော်လည်း လျင်မြန်စွာပဲပြန်ပျောက်ကွယ်သွားသည်။ သူမက ပြုံးလျက်
“မင်းသမီး ဒီကျောက်စိမ်းဇာမဏီဆွဲပြားက ဒီလို အရေးပါတဲ့အဓိပ္ပာယ်ရှိနေတာဆိုတော့ ကျေးဇူးပြုပြီး တို့လက်မခံနိုင်တာကို ခွင့်လွှတ်ပေးပါ"
ဟေ့ချန်က ပြုံးလိုက်ပြီး "လီဝေ့ရန်၊ တာ့လီပြည်မှာပဲနေပြီး မင်းဘာလုပ်နိုင်မှာလဲ? မင်းရဲ့ ကိုယ်ပိုင်ဉာဏ်ရည်ဉာဏ်သွေးနဲ့ အရည်အချင်းတွေကိုချိုးနှိမ်ပြီး အဲဒီပွဲအခမ်းအနားက အရည်အချင်းမရှိတဲ့ အမျိုးသမီးတွေလိုပဲ မင်း နေနိုင်လိမ့်မယ်။ ဒါပေမယ့် မင်းသာ မိုဖေ့ပြည်ကို သွားမယ်ဆိုရင် မင်းလုပ်ချင်တာမှန်သမျှ လုပ်နိုင်ပြီး အနာဂတ်မှာ မင်းက မိုဖေ့ပြည်မှာ သြဇာအာဏာအရှိဆုံး အမျိုးသမီးဖြစ်လာလိမ့်မယ်"
"ဩဇာအာဏာအရှိဆုံး မိန်းမ" ဆိုသော စကားလုံးသုံးလုံးကို ပြောနေချိန်တွင် ဟေ့ချန် ၏မျက်လုံးများတွင် တပ်မက်မှုအနည်းငယ်ထင်ဟပ်နေတယ်။ သို့သော်လည်း သူမသည် ထိုခံစားချက်များကို ကောင်းစွာဖုံးကွယ်ထားပြီး သူမ၏မျက်နှာပေါ်တွင်အပြုံးသာရှိနေတယ်။
မိုဖေ့ပြည်မှာ သြဇာအရှိဆုံးအမျိုးသမီး ဖြစ်လာမတဲ့လား? လီဝေ့ရန်သည် သူမ၏ နှလုံးသားထဲတွင် အေးစက်စွာရယ်မောလိုက်သည်။ ဒီလောကကြီးမှာ ဒီလိုအရာမျိုးက ဘယ်လိုလုပ် ဈေးပေါပေါနဲ့ ရနိုင်ပါ့မလဲ?
"ဒီတော့ တို့က အဖိုးအခအနေနဲ့ ဘာပြန်ပေးရမှာလဲ ပြောကြည့်ပါဦး?"
လီဝေ့ရန်၏မျက်နှာသည် အပြုံးအနည်းငယ်သာ ရှိတော့သည်။
သူမက တကယ်ကို ထက်မြက်တဲ့ မိန်းမတစ်ယောက်ပဲ! ဟေ့ချန်က ချိုသာစွာဖြင့်
“အဖိုးအခကလား… တို့ရဲ့ စတုတ္ထအစ်ကိုတော်မှာ ရန်သူတွေ အများကြီးရှိတယ်ဆိုတာ မင်းသိတယ်ဟုတ်? သူတို့က နည်းလမ်းပေါင်းစုံနဲ့ ဒုက္ခပေးဖို့ သေချာပေါက် တွေးနေကြမှာပဲ။ ဒီတော့ စတုတ္ထအစ်ကိုတော်အတွက် နည်းဗျူဟာကောင်းကောင်း တချို့ကို အန်းဖိန်ကစီစဉ်ပေးရပါလိမ့်မယ်”
လီဝေ့ရန်က ဒီကိစ္စသည် အဲ့လောက်မရိုးရှင်းနိုင်ဘူးဆိုတာ သိသည်။ အနည်းဆုံးတော့ လီယွမ်ဟန့်က သူမကိုပိုင်ဆိုင်နိုင်ရန် တောင်းဆိုပေးဖို့အတွက် ကျောင်းဟွာနဲ့ သဘောတူညီမှု တစ်ခုခုတော့ ရှိခဲ့မှာပဲ။
"ဒီလောက်ပဲလား?"
သူမက ဖြည်းညှင်းစွာ ထပ်ပြောလိုက်သည်မှာ
“တို့က စတုတ္ထမင်းသားအတွက် နည်းဗျူဟာတချို့ကို စီစဉ်ပေးရုံပဲလား?”
ဟေ့ချန်၏အပြုံးသည် မပြောင်းလဲသော်လည်း သူမ၏မျက်လုံးများက နက်နဲလာသည်။ သူမက ဖြည်းညှင်းစွာဖြင့်
"သေချာပေါက် ဒီလောက်ပဲတော့ ဘယ်ဟုတ်ပါ့မလဲ။ ဒါပေမယ့် ဒါတွေကိုပြောဖို့က အချိန်မတန်သေးပါဘူး။ အန်းဖိန် အခုလုပ်ဆောင်ဖို့လိုအပ်နေတာက ဒီအလောင်းအစားကို ဆုံးဖြတ်ပေးဖို့ပဲ။ ဘယ်လိုလဲ လောင်းကြေးထပ်မှာလား မထပ်ဘူးလား?"
ဟေ့ချန်သည် ဤအရာကို ဘယ်မိန်းမျိုးမဆို ငြင်းဆန်ရန်အကြောင်းမရှိလောက်ဘူး ဟု သူမ ထင်ခဲ့သည်မှာ သိသာသည်။ မိုဖေ့ပြည်၏ နောင်ဖြစ်လာမည့်ဧကရာဇ်နှင့် လက်ထပ်ခြင်းသည် မရေတွက်နိုင်သော အန္တရာယ်များနှင့် တိုက်ပွဲများကိုရင်ဆိုင်ရမည်ဟု ဆိုလိုသော်လည်း မရေတွက်နိုင်သော စည်းစိမ်များနှင့် အတိုင်းအဆမရှိသောသြဇာတို့ကိုလည်း ပိုင်ဆိုင်နိုင်မည့် အဓိပ္ပါယ်ကိုဆောင်ပါသည်။ ဒါက သူမဘဝရဲ့ ရည်မှန်းချက်လည်းဖြစ်ပြီး လီဝေ့ရန်က ဒါကို လက်လွှတ်မခံလောက်ဘူး ဟု သူမထင်မိ၏။
လီဝေ့ရန်က သူမ၏နှုတ်ခမ်းများကို စူကာ ပြုံးလိုက်ပြီး လှောင်ရယ်လိုက်သည်။
"မင်းတို့အားလုံးက တို့ကို တကယ် အထင်ကြီးလွန်းနေတာပဲ"
"ကျောင်းမိသားစုကို အပူတပြင်း အခြေအနေတစ်ခုထဲ တွန်းပို့နိုင်တဲ့ မိန်းကလေးတစ်ယောက်က တို့တွေကို အထင်ကြီးဖို့ကလွဲပြီး ရွေးချယ်စရာမှ မပေးခဲ့တာပဲလေ"
တကယ်တော့ ကျောင်းဟွာကသာ လီဝေ့ရန် လုပ်ခဲ့တဲ့အရာတော်တော်များများကို မပေါက်ကြားစေခဲ့ဘူးဆိုရင် သူတို့က သူမအတွက် အချိန်အများကြီးဖြုန်းနေမှာ မဟုတ်ဘူး။ ဒီလိုမျိုး လိမ္မာပါးနပ်ပြီးရက်စက်သော မိန်းမသည် လီယွမ်ဟန့်လိုချင်နေသောမိန်းမမျိုးဖြစ်သည်။မင်းသမီးဟေ့ချန်သည် သူမ၏ဆံပင်များကို ကစားကာ ချစ်စရာကောင်းစွာပြုံးလိုက်ပြီး
"အမှန်တိုင်းပြောရရင် အန်းဖိန်က ကျောင်း မိသားစုတစ်ခုလုံးနဲ့ ရန်သူဖြစ်အောင်လုပ်ဖို့အထိ သတ္တိရှိတဲ့ မိန်းကလေးတစ်ယောက်လေ။ ဒါက အန်းဖိန်ကို အမှန်တကယ်ကြောက်စရာကောင်းစေပေမယ့် မယုံနိုင်လောက်အောင် အစွမ်းထက်ကြောင်းလည်း ပြသနေတယ်လေ။ တို့တော့ အန်းဖိန်ကို တကယ်လေးစားပြီး သဘောကျတယ်။ အန်းဖိန်က တို့ရဲယောင်းမတော်ဖြစ်လာမယ်လို့ တကယ်ပဲ မျှော်လင့်နေပါတယ်"
လီဝေ့ရန်သည် ဘာမှပြန်မပြောပဲ သူမကို တိတ်တဆိတ် ကြည့်နေခဲ့သည်။
ဟေ့ချန်ကတော့ သူမတို့နှစ်ယောက်က မိတ်ဆွေကောင်းများဖြစ်သကဲ့သို့ ပြုံးပြနေတယ်။
လီဝေ့ရန်က သူမကိုကြည့်ပြီး ကျောက်စိမ်း ဇာမဏီဆွဲပြားပါရှိတဲ့သေတ္တာကို သူမဆီ ပြန်ပေးလိုက်၏။
ဟေ့ချန်၏ထိတ်လန့်သွားသော အမူအရာကိုမြင်လိုက်ရတော့ လီဝေ့ရန်က ခပ်ဖျော့ဖျော့ပြုံးကာ
“တို့ ဒီကိစ္စကို အချိန်ယူပြီး စဉ်းစားဖို့လိုသေးလို့ ကျေးဇူးပြုပြီး စတုတ္ထမင်းသားကို ပြောလိုက်ပါ”
ဟေ့ချန်၏မျက်လုံးများက မှေးစင်းသွားသည်။ ဒီအမျိုးသမီးက သံသယဖြစ်နေတာလား ဒါမှမဟုတ် ပါးနပ်စွာနဲ့ငြင်းပယ်လိုက်တာလား။ ဤအခိုက်အတန့်တွင် လီဝေ့ရန်ဘာတွေတွေးနေသလဲဆိုတာကို သူမ နားမလည်နိုင်တော့ပေ။ အရင်က လီယွမ်ဟန့်အပေါ် လီဝေ့ရန်ဆက်ဆံပုံက ရည်ရွယ်ချက်တစ်ခုခုရှိပုံရတယ်။ ဒါပေမယ့် အရမ်းမနီးကပ်လွန်းသလို ခပ်တန်းတန်းနေတာလည်း မဟုတ်ခဲ့ဘူး။ လီယွမ်ဟန့်က သူမအနားမှာ ဝဲနေရင်တောင် တစ်ခါတစ်လေ ကောင်းကင်လောက်ထိ သူ့ကို ချီးမွမ်းပြီး တစ်ခါတစ်လေကျတော့လည်း သူ့ကို မြေကြီးပေါ်ထိ ပစ်ချပြန်တယ်။ အစတုန်းကတော့ သူက သူမကို အနည်းငယ်သာ စိတ်ဝင်စားခဲ့ပေမယ့် သူ့နှလုံးသားသည် လျင်မြန်စွာပဲ ညို့ယူခံလိုက်ရပြီး သူမကို လိုချင်တပ်မက်လာရတော့တယ်။
ဒီလို ကြည့်ပြန်တော့လည်း လီဝေ့ရန်က ယောက်ျားတစ်ယောက်ရဲ့ နှလုံးသားကို နားလည်တဲ့ပုံပဲ။ စွန်တစ်ခုဟာ အမြင့်ဆုံးနဲ့ အဝေးဆုံးမှာ ပျံသန်းနေပေမယ့် ကြိုးတန်းကိုတော့ သူမလက်ထဲမှာ အခိုင်အမာ ဆုပ်ကိုင်ထားတယ်လေ။
ဟေ့ချန်သည် မူလအစတွင် လီဝေ့ရန်က အမြင့်ကိုတက်ရန် ကိုယ့်ဘဝကိုယ်ပင် ဖျက်ဆီးတတ်သော သူမလိုလူမျိုးတစ်ယောက်ပဲဟု ထင်ထားခဲ့သည်။ ဒီလို စွဲမက်ဖွယ်ကောင်းတဲ့ လက်ထပ်ခွင့်တောင်းခံမှုကို သူမ ငြင်းပယ်မှာ မဟုတ်လောက်ပါဘူးပေါ့။ အရင်က သူ့ကို သူမ လက်မထပ်ချင်ရတဲ့ အကြောင်းရင်းက ကျီရှန်နန်းတော်မှာ ရုတ်ရုတ်သဲသဲဖြစ်ရလောက်တဲ့အထိအိမ်ထောင်မပြုချင်တာကြောင့်ပင်မလား။ စတုတ္ထမင်းသားရဲ့ တန်ဖိုးကိုလည်း သူမ မမြင်နိုင်ခဲ့ဘူး။ အခုတော့ စတုတ္ထမင်းသားက မိုဖေ့ပြည်ရဲ့ နောင်ဖြစ်လာမယ့်ဧကရာဇ်ဆိုတာကို သူမ သိသွားပြီဆိုတော့ သူမသေချာပေါက် သူနဲ့ အတူနေချင်မှာ သေချာတယ်လေ။ ဒါပေမယ့် အခုတော့ ဟြေချန်က စိတ်ရှုပ်ထွေးနေပြီ။
ဟေ့ချန်က သူမ၏မျက်နှာကို တမင်တကာ ညိုးလိုက်ပြီး
"လီဝေ့ရန်၊ နောက်ကျရင် အရှုံးပေးရအောင် တွန်းအားပေးခံရဖို့ပဲ ရှိတာကြောင့် ဒီတောင်းဆိုမှုကို မငြင်းလိုက်ပါနဲ့လား။ တို့ရဲ့ စတုတ္ထအစ်ကိုတော်က မင်းကို အရမ်းလေးစားပါတယ်။ မင်းသာ ဒီအတိုင်း ဆက်လုပ်နေရင်တော့…”
လီဝေ့ရန်က ရုတ်တရက်နောက်ပြန်လှည့်လာပြီး သူမကို စူးစူးစိုက်စိုက် စိုက်ကြည့်ရင်း အသံနက်နက်ဖြင့်
“ဘယ်လိုဖြစ်လို့ မင်းသမီးက အရှက်လွန်ပြီး ဒေါသတွေ ပေါက်ကွဲနေရတာလဲ?”
ဟေ့ချန်သည် ဟန်မဆောင်နိုင်အောင် အံ့အားသင့်သွားသည်။
လီဝေ့ရန်က “တို့က ဒါကို စဉ်းစားဖို့ အချိန်အတိုင်းအတာတစ်ခု လိုအပ်ရုံလေးပါ။ စတုတ္ထမင်းသားက ဒီလောက်အထိတောင် စိတ်ရှည်သည်းခံမှုနဲ့ဇွဲလုံ့လမရှိရင်တော့ တို့က သူ့ကို အိမ်ကိုပြန်လိုက်ဖို့ပဲ ကမ်းလှမ်းပါရစေ”
လီယွမ်ဟန့်သည် ပုံမှန်မဟုတ်သော အတိုင်းအတာနှင့် ဇွဲလုံ့လရှိသူတစ်ယောက်ဖြစ်သည်ကို သူနေ့စဉ်ပေးပို့လာသော လက်ဝတ်ရတနာများကိုကြည့်လျှင် သိနိုင်လိမ့်မည်။ ဒါတွေအားလုံးက အဖိုးမဖြတ်နိုင်တဲ့ အရာတွေချည်းပဲ။ အလွန်ရက်ရောပြနေခြင်းက သူမကို အနိုင်ရယူနိုင်ရန် သူမည်မျှစိတ်ပိုင်းဖြတ်ထားကြောင်း ဖော်ပြနေသည်။
"လီဝေ့ရန်! တို့တွေက မြိုတော်ကနေ နောက်သုံးရက်အကြာမှာ ညနေ၃ချက်ထိုးနဲ့ ၅ချက်ထိုးဝန်းကျင်လောက်မှာ ထွက်ခွာသွားတော့မယ်” ဟု ဟေ့ချန်က ရုတ်တရက် သူမ၏ အနောက်ကနေ ပြောလိုက်သည်။
လီဝေ့ရန်သည် သူမ၏ခြေလှမ်းများကို မရပ်တန့်ဘဲ လျစ်လျူရှုလျက်
“အခုကစပြီး ၃ရက်အတွင်း ဘေးဥပဒ်ဒဏ်သင့်နေတဲ့ ဒုက္ခသည်တွေအတွက် ဆုတောင်းပေးဖို့ တို့က တောင်ပေါ်ကို သွားရတော့မှာ။ မင်းတို့ကို လိုက်မပို့နိုင်တော့တဲ့ အတွက် တောင်းပန်ပါရစေ"
လီဝေ့ရန် ထွက်ခွာသွားသော ရထားလုံးကို စိုက်ကြည့်ရင်း ဟေ့ချန်၏မျက်ခုံးများက တွန့်သွားရ၏။ သူမသည် မသေချာမရေရာမှုကို ပထမဆုံးအကြိမ် ခံစားခဲ့ရသော်လည်း လျင်မြန်စွာပဲ စတင် ရယ်မောလိုက်သည်။ လီဝေ့ရန်၊ အော် လီဝေ့ရန်။ ဘဝကို ဒီလို ရှင်သန်ပြီး လှည့်ပတ် ရုန်းကန်နေထိုင်ဖို့အတွက် မင်းက တကယ်ကို အံ့ဩစရာကောင်းတယ်။ တကယ်လို့မင်းသာ မိုဖေ့ပြည်ရဲ့ ဧကရီဖြစ်ဖို့ အမှန်တကယ် စိတ်မဝင်စားဘူးဆိုရင် ဒီအချိန်မှာ မင်းဘယ်မှာရှိမယ်ဆိုတာကို ဘာကြောင့်ပြောပြပါ့မလဲ?
ရထားလုံးသည် လီအိမ်တော်သို့ ရောက်ရှိလာသည်။ လီဝေ့ရန်သည် ရထားလုံးပေါ်မှဆင်းကာ လှည့်လိုက်ပြီး မင်းသမီးယုံနင်း၏အိမ်တော်မှ ရထားလုံးမောင်းသူအား ငွေကြေးပေးရန် ကျောက်ယွဲ့အားညွှန်ကြားလိုက်သည်။ နောက်တော့ သူမ အထဲဝင်ခါနီးတွင် ရုတ်တရတ် တအုန်းအုန်းမြည်နေသော မြင်းခွာသံကို ကြားလိုက်ရရတယ်။
ကျောက်ယွဲ့က စိတ်လှုပ်ရှားစွာဖြင့် "တတိယသခင်လေးပဲ!" ဟုဆိုသည်။
လီဝေ့ရန်သည် မြောက်ဘက်မှတစ်ဟုန်ထိုးလာနေသော လီမင်တိကိုကြည့်ရန် မဝေးလှသော နေရာကို မျက်တောင်မခတ်ပဲ စိုက်ကြည့်နေလေသည်။
ယနေ့ပွဲအခမ်းနားသို့ သူက မတက်ရောက်ခဲ့သော်လည်း ပွဲတော်တစ်လျှောက်လုံးတွင် လီဝေ့ရန်သည် သူ့နာမည်ကို သခင်မလေးအများအပြားကပြောနေကြသည်ကို ကြားနေခဲ့ရသည်။ သူ့ရဲ့ ထူးချွန်လှတဲ့ဆွဲဆောင်မှုကို လူတိုင်းသိကြပေမယ့် အရာရှိဖြစ်ဖို့ကို သူ ဆန္ဒမရှိဘူး။ ဘယ်မိန်းကလေးကများ သူ့နှလုံးသားကို သိမ်းပိုက်ပြီး လီအိမ်တော်အတွင်းသို့ လက်ထပ်နိုင်မလဲဆိုတာကို ဘယ်သူမှ မသိနိုင်ကြဘူး။ လီဝေ့ရန်ကတော့ သူဘာကြောင့် အရာရှိ မဖြစ်ချင်တာလဲဆိုတာကို သေချာသိတာပေါ့။ အဲဒီအချိန်မှာ မြင်းစီးရင်းချည်းကပ်လာသော သူ့ကို တိတ်တဆိတ်ကြည့်နေလိုက်တယ်။ သူ့ရဲ့တောက်ပပြီး လှပတဲ့အဝတ်အစားတွေက ညရဲ့အမှောင်ထုထဲမှာ ဝင်းလက်နေပေမယ့် သူ့ရဲ့ တောက်ပ၊နက်နဲပြီး ကြည်လင်နေတဲ့မျက်လုံးတွေနဲ့သူ့မျက်နှာကိုတော့ ဘယ်ယှဉ်လို့ ရနိုင်ပါ့မလဲ။
လီမင်တိက သူမကို တွေ့လိုက်တော့ သူရဲ့ မျက်နှာပေါ်မှာ စူးရှတဲ့အပြုံးတစ်ခု ပေါ်လာပြီး မြင်သူတိုင်းကို မျက်ကန်းလုနီးပါးဖြစ်စေလောက်တယ်။
သူသည် မြင်းကို ရပ်ခိုင်းဖို ဇက်ကြိုးကိုဆွဲကာ မြေပြင်ပေါ်ခုန်ဆင်းလိုက်ပြီး ထပ်မံ ပြုံးပြပြန်သည်။
"ဒီနေ့ ပွဲအခမ်းနားက ချောချောမွေ့မွေ့ ပြီးလိုက်ရဲ့လား?"
လီဝေ့ရန်က ပြုံးပြီး “ချောချောမွေ့မွေ့ ပြီးသွားတာပေါ့။ အချောမွေ့ဆုံးပါပဲ”
သူမသည် ရုတ်တရက် နဝမမင်းသမီး၏ငိုကြွေးနေသော မျက်နှာကို ရုတ်တရက် သတိရလိုက်ပြီး တုံဆိုင်းသွားပေမယ့် ချက်ခြင်းပဲ သူမက ပြန်ပြုံးပြီး
"နဝမမင်းသမီးနဲ့ကျန်းဖုန်းတို့ရဲ့ လက်ထပ်ပွဲကို စီစဉ်လို့ ပြီးသွားပြီတဲ့" လို ပြောလိုက်တယ်။
လီမင်တိ၏အမူအရာသည် စက္ကန့်ပိုင်းမျှ အံ့အားသင့်သွားသည်။ အဲဒီနောက် သူက
“ဒါက မင်းရဲ့အစီအစဉ်နဲ့ရော သက်ဆိုင်နေသလား?” ဟုဆိုတယ်။
လီဝေ့ရန်၏ခြေလှမ်းများသည် အနည်းငယ် ရပ်တန့်သွားကာ ဘာမှမဖြစ်ထားသကဲ့သို့
“မဟုတ်ဘူး။ မဆိုင်ပါဘူး” လို့ ပြောလိုက်၏။
သူမသည် မူလက နဝမမင်းသမီး၏ စိတ်အခြေအနေကို ပြောပြချင်ခဲ့သော်လည်း ယခုအချိန်မှာ လိုအပ်သည်ဟုမမြင်တော့ပေ။
"အဲဒီဘက်မှာရော အားလုံးအဆင်သင့်ဖြစ်သွားပြီလား?"
လီမင်တိက ပြုံးစိစိဖြင့်ပြန်လည်တက်ကြွလာသည်။
“နောက် ၃ရက်လောက်စောင့်ပြီး ပြဇတ်ပွဲကိုသာ စောင့်ကြည့်နေလိုက်ပါ”
လီဝေ့ရန်က ခေါင်းညိတ်ပြီး "သူတို့အားလုံး ဒီလိုရက်ရောတဲ့လက်ဆောင်ကို ကြိုက်ကြလိမ့်မယ်လို တို့ မျှော်လင့်ပါတယ်"
ယခုမှစ၍ ၃ရက်မြောက်နေ့သည် ၃လပိုင်း၁၀ရက်နေ့ဖြစ်သည်။ ထိုနေ့တွင် လီဝေ့ရန်သည် ရေမိုးချိုး၊ ၀တ်စားဆင်ယင်ကာ ညသန်းခေါင်ယံ၌ ပြင်ဆင်ထားပြီးဖြစ်နေမည်။ နေ့ခင်းဘက်တွင် သူမကနန်းတော်ထဲသို့ ဝင်မည်။ မယ်တော်ကြီးသည် ယနေ့တွင် သူမနှင့် စကားပြောရန် တောင်းဆိုလာတယ်။ သူမသည် မယ်တော်ကြီး၏ အဆောင်သို့ ရောက်သောအခါ နဝမမင်းသမီးလည်း ထိုနေရာ၌ ရှိနေသည်။ သူမ ရောက်လာတာကို မြင်သောအခါ နဝမမင်းသမီးက မယ်တော်ကြီးဆီသို့ လှည့်မသွားခင် ပြုံးလျက် ခေါင်းအနည်းငယ်ညိတ်လိုက်ရင်း
"မယ်တော်ကြီး ကြည့်ပါဦး မမဝေ့ရန် ရောက်လာပြီ" ဟု ဆိုလေသည်။
မယ်တော်ကြီးက ပြုံးပြီး သူမဆီသို့ လက်ယပ်ခေါ်လိုက်သည်။
142.2.ကြောက်မယ်ဖွယ်ဘေးဆိုးကြီး(စာမြည်း)
"အခု အဲဒီအမျိုးသမီးအခြွေအရံတွေအားလုံး ပြန်ရောက်လာကြပြီးတော့ အော်ဟစ်ငိုကြွေးနေကြလို့ နန်းတော်အဝင်ဝမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေပါပြီ"