နတ်နဂါးစစ်သည်တော်
အခန်း ၉၄ - အကြွင်းမဲ့ ပြောင်းလဲခြင်း တစ်ခု
အပြန်လမ်းတွင် လင်မိသားစုက တဲဗက်စ် ကို သူတို့အား လိုက်မပို့စေချင်ပေ။ ထို့ကြောင့် သူတို့အားလုံး ရှုချန်း၏ ကားလေးထဲသို့ တိုးဝင်သွားကြ၏။ ခရီးသည် ထိုင်ခုံတွင် ထိုင်နေသော လင်ချူရွယ်က ကားမောင်းနေသော ရှုချန်းကို ကြည့်ကာ တစ်စုံတစ်ခု ပြောချင်ပုံ ရနေသော်လည်း မပြောနိုင် ဖြစ်နေ၏။
သုံးနှစ်ကျော် ကြာပြီးချိန်တွင်တော့ ရှုချန်း အမှန်တကယ် ပြောင်းလဲသွားခဲ့လေပြီ။ အချိန်အတော်ကြာ တစ်ယောက် တစ်ဘဝစီ နေထိုင်ခဲ့ပြီး ပထမဆုံး ပြန်တွေ့ချိန်တွင် သူမအား ပရိတ်သတ်များနှင့် မီဒီယာများ ဝန်းရံထားခြင်းမှ လွတ်မြောက်အောင် လိမ္မာပါးနပ်စွာ ကူညီပေးခဲ့သည်။ ထို့အပြင် သူမ ဗိုက်ထဲမှ ဗိုက်ဆာ၍ ထွက်ပေါ်လာသော အသံကို ကြားသည့်အခိုက်တွင်လည်း အဆာပြေစားရန် ပီဇာကို မှာပေးခဲ့၏။ ထိုပီဇာမှာလည်း သူမ အကြိုက်ဆုံး ပီဇာအမျိုးအစား ဖြစ်ပေသည်။ ၎င်းအဓိပ္ပါယ်မှာ လင်ချူရွယ်၏ အကြိုက်တို့ကို ရှုချန်း ဘယ်သောအခါမှ မမေ့ဟု ဆိုလိုရင်းပင်။
ဒုတိယအကြိမ် ပြန်လည် ဆုံတွေ့ရာချိန်ဝယ် ကိုယ်ကျိုးစွန့် အနစ်နာခံကာ အစိုးရဘက်မှ ရပ်တည်၍ မြောက်ပိုင်းတံခါးဝ ဂိုဏ်း ခေါင်းဆောင်ကို စိန်ခေါ်ရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ချခဲ့သည့်အချိန် ဖြစ်ပေသည်။ ရာနှင့်ချီသော လူမိုက်များကို တစ်ချိန်တည်း ၌ တစ်ဦးတည်း သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ တွန်းလှန် တိုက်ခိုက်ခဲ့ပုံကို ပထမဆုံး အကြိမ် မြင်တွေ့ခဲ့ရပြီး ရိုးသားစွာ ဝန်ခံရပါက သူမ နှလုံးသား အမှန်ပင် တဆစ်ဆစ် နာကျင်ခဲ့ရ၏။ သူမ၏ မျက်လုံးထဲ၌ ထိုမြင်ကွင်းမှာ ရှုချန်းက အထီးကျန် ဝံပုလွေ တစ်ဦးသဖွယ် ကျူးကျော်သူများကို ဟိန်းဟောက်ရန်ပြုကာ မိမိပိုင်နက်အား ကာကွယ်နေသည့်ပုံမျိုး ဖြစ်နေပေသည်။
ထိုမြင်ကွင်းကြောင့် သူတို့ ငယ်စဉ်အခါ အထက်တန်းကျောင်သား ဘဝအရွယ်မှ နေ့ရက်များအား ပြန်ပြောင်းအောက်မေ့ သတိရမိသွား၏။ ကျောင်းဆင်းချိန်တိုင်း ရှုချန်းခမျာ ကျောင်းသားအများစု၏ ဝိုင်းဝန်းပိတ်ဆို့ အနိုင်ကျင့်ခြင်းကို ခံရရှာသည်။ ထိုသို့ ဖြစ်ရခြင်းမှာ သူမကြောင့်မှန်း လင်ချူရွယ် သိ၏။
သူမအား ပိုးပန်းနေသူ အပေါင်းက သူမ၏ ငယ်ကျွမ်းဆွေ ရှုချန်းအား လက်စားချေခြင်း သို့မဟုတ် ဒေါသတို့ကို လာရောက် ပေါက်ကွဲ ပုံချခြင်းတို့ ပြုကြခြင်း ဖြစ်ပေသည်။ သို့သော် ထိုသူများအား တဇွတ်ထိုး ပြန်၍ တိုက်ခိုက်ရမည်မှန်း ရှုချန်း သိ၏။ ရန်ပွဲပြီးသည့် အခိုက်တွင် ထောင့်တစ်ထောင့်၌ ပုန်းအောင်းနေပြီး သူ၏ ဒဏ်ရာဒဏ်ချက်တို့ကို လင်ချူရွယ့်ကိုလည်း မပြသလို မည်သူ့ကိုမျှလည်း မပြ၊ စကားတစ်ခွန်းမှလည်း စောဒကမတတ်ပဲ နေတတ်၏။
ယနေ့ တတိယ အကြိမ်မြောက်တွင်တော့ တဲဗက်စ်၏ လှောင်ပြောင်မှုကို အေးဆေးစွာ ရင်ဆိုင်ကာ အပြတ်အသတ်လည်း အနိုင်ယူပြခဲ့၏။
လင်ချူရွယ်၏ အတိတ်မှတ်ဉာဏ်များထဲမှ ရှုချန်းမှာ အစဉ်အမြဲ အနေအေးကာ ငြိမ်သက် တိတ်ဆိတ်နေတတ်ပြီး မိမိကိုယ်ကိုယ် ညံ့ဖျင်းသူဟု ထင်နေသော ကောင်လေး တစ်ဦးဖြစ်ပေသည်။ သို့သော် ယနေ့အချိန်တွင် ရှုချန်းမှာ သူ့အား ထိလာသူတို့ကို ပြန်လည် တုံ့ပြန် တိုက်ခိုက်ရုံသာမက မိမိကိုယ်ကိုယ် ပိုမို ယုံကြည်မှုရှိပြီး ပိုမို အစွမ်းထက်လာသူ တစ်ဦး ဖြစ်လာနေလေပြီ။
“ အဖေ… ဒီနေ့ ပိုက်ဆံတွေ အများကြီး နိုင်လာလို့ ကျွန်တော့်ကို လောင်းကစား သမားလို့ မထင်ပါနဲ့… ဘုရားစူး ကျိန်ပြောရဲပါတယ်… ကျွန်တော် ဘယ်တုန်းကမှ လောင်းကစား မလုပ်ခဲ့ဖူးပါဘူး… “
ချွေးသံရွဲရွဲနှင့် ရှုချန်းက ရှင်းပြရင်း ကားမောင်းနေ၏။ သူ၏ ဘဝအချိန်များကို ထိုကာစီနိုတွင် ပြန်ရခဲ့သော်လည်း အချိန်ရှိသရွေ့ လောင်းကစား ပြုလုပ်၍ သူ အချိန်မဖြုန်းလိုပေ။
လင်ကွေ့ရန်က ရယ်မောလိုက်ပြီး…
“ မင်းတို့ အားလုံး အရွယ်ရောက်လာပြီပဲ… မင်းတို့ ဘာလုပ်လဲ ဦးလေး လိုက်ပြီး မတင်းကြပ်ပါဘူး… မင်းအနေနဲ့ မင်းဘာလုပ်နေမှန်း မင်းကိုယ်တိုင် မသိတဲ့အခါမျိုး ဒါမဟုတ် မင်းမှာ လုပ်စရာ မရှိတာမျိုး ဖြစ်နေမှာပဲ ဦးလေး စိတ်ပူတာ… ပိုက်ဆံလိုတဲ့အခါတိုင်း ဦးလေးကို အကြောင်းကြားလိုက်နော်… “
ရှုချန်းက ပြုံးပြီး…
“ အဆင်ပြေပါတယ် ခင်ဗျာ့… ဟွာရှကို ပြန်ဖို့ ကျွန်တော် ဆုံးဖြတ်ချက်ချခဲ့တုန်းက ရွေးချယ်ခဲ့တဲ့ အရာကို ဦးလေး သိပြီးသား ဖြစ်မှာပါ… ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် သက်သေပြချင်တာပါ… ဒါကြောင့်လည်း ကျွန်တော် တိုးတက်ပြောင်းလဲ လာတာပါ… “
နောက်ခန်းတွင် ထိုင်နေသော လင်ကွေ့ရန်က ရှေ့ထိုင်ခုံဆီသို့ ခါးကိုင်းလိုက်ပြီး ရှုချန်း ပုခုံးကို လက်ဖြင့် ပုတ်လိုက်၏။ လင်ကွေ့ရန် အတော်လေး ဘဝင်ခွေ့နေသည်။
“ ကောင်လေး… ဒါပေမဲ့ ဦးလေး အကြံပေးချင်တာ တစ်ခုက မလိုအပ်ပဲ မင်းက ဘယ်သူ့သားဆိုတာ ထုတ်မပြနဲ့… အမှန်ပြောရရင် ရီ မိသားစုကို သွားမရှာဖို့ တည့်ပဲ အကြံပေးချင်တယ်ကွာ… “
ရှုချန်း ခါးသက်သက် ပြုံးလိုက်၏။
“ ဦးလေး… ဒါ ဖြစ်နိုင်မယ်လို့ ထင်လား… ဦးလေးသာ ကျွန်တော့် နေရာမှာဆို အဖေဖြစ်တဲ့သူရဲ့ အရိုးပြာတွေ ရေခြားမြေခြား တိုင်းတပါးမှာ မြှုပ်ထားရတာကို ကြည့်နေမှာလား… တစ်နေ့တော့ အဖေ့ အရိုးပြာတွေကို အိမ်ပြန်သယ်ချင်တယ်…ရီ မိသားစုက ကျွန်တော့်ကို တားဖို့ ကြိုးစားနေတာကို ဂရုမစိုက်ဘူး… ကျွန်တော့် လမ်းမှာ လာရှုပ်တဲ့သူကို သတ်ပစ်မယ်… “
ရှုချန်း ထိုစကား ပြောလိုက်သည့်အခါ လင်ချူရွယ် တစ်ယောက် သူမ၏ အကြည့်များ ရှုချန်းဆီမှ ရုတ်သိမ်းလိုက်၏။ သူ အမှန်တကယ် ပြောင်းလဲသွားလေပြီ…။ ယခင် အတိတ်အချိန်အခါက ရှုချန်းမှာ သူ အလိုရှိသော အရာများအတွက် ပြင်းပြသော စိတ်ဆန္ဒ မရှိခဲ့သော်ငြား ယခု ပစ္စုပ္ပန်မှ ရှုချန်းကတော့ သူ ရည်ရွယ်ထားသော အရာအားလုံးကို ပိုင်ပိုင်နိုင်နိုင် စိတ်ဆုံးဖြတ်ထားပုံ ရပေသည်။
ရှန်ချန်းမြို့တွင် ချူရွယ်ဝယ်ထားသော အဆင့်မြင့် တန်ဖိုးကြီး ကွန်ဒိုဆီသို့ လင်မိသားစု တန်းပြန်ခဲ့၏။ ထိုကွန်ဒိုမှာ ဥယျာဉ်တစ်ခုနှင့် လေဟာပြင် ရေကူးကန် တစ်ခု ပါရှိသည့် ဇိမ်ခံအိမ် အမျိုးအစား ကွန်ဒိုတစ်ခု ဖြစ်ပေသည်။
ကွန်ဒိုအတွင်း၌ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ရသော လက်ထောက် ရှောင်လန် က နောက်ဆုံးတွင် လင်ချူရွယ် ပြန်လာသည်ကို မြင်သောအခါမှသာ သက်မ ချနိုင်တော့၏။ သို့သော် သူမနှင့်အတူ ရှုချန်း ပါလာသည်ကို မြင်လိုက်ရာ လွန်စွာ ဒေါသထွက်သွားတော့သည်။
“ အစ်မ ချူရွယ်… ဘာလို့ ဒီကောင်နဲ့ တွဲနေသေးတာလဲ… သခင်လေး ချန်းက ကုမ္ပဏီကို ဖိအားတွေတောင် ပေးနေသေးတယ်… ဒီကောင်က သူ့ကို အရင်တစ်ခေါက် ဖမ်းထားတာကို အခုထိ အခဲမကြေသေးဘူး… အတော်လေး ဒေါသထွက်နေတုန်းပဲ… “
ရှုချန်းမှာ ရှောင်လန် အား အာရုံစိုက်ရန် ပျင်းလွန်း၍ အခန်းထဲသို့သာ တန်းဝင်သွားပြီး ရိသဲ့သဲ့တော့ ပြောခဲ့လိုက်၏။
“ အဲဒီကောင် ယောက်ျားဆို ကျုပ်ကို လာရှာဖို့ ခင်ဗျား သွားပြောလိုက်… ကျုပ်နောက်ကွယ်မှာ ချူရွယ် အခက်တွေ့မယ့် အရာတွေ လုပ်မနေနဲ့… “
“ ငါ့ သမီးကို ချုပ်ကိုင်ချယ်လှယ်ချင်နေတဲ့သူ ရှိတာလား… “
ထိုစဉ် လင်ကွေ့ရန် လျှောက်ဝင်လာပြီး ရှောင်လန် အား မကြည်မသာဖြင့် လှမ်းကြည့်လိုက်၏။
“ ဥက္ကထ လင်… “
ဗြိတိန်တွင် နေထိုင်သော လင်ကွေ့ရန် အမှန်တကယ် ပြန်လာမည်ဟု မျှော်လင့်မထားသည့် ရှောင်လန် မှာ သခင်ရှေ့မှောက် ရောက်သွားသော ခွေးပေါက်လေး တစ်ကောင်အလား ဖြစ်သွား၏။
“ ဒီရက်ပိုင်းထဲ ငါ နားဖို့ လိုတယ်… ချိန်းထားတဲ့ ကိစ္စတွေ အားလုံးကို အချိန်ပြောင်းရင်ပြောင်း မဟုတ်လည်း ဖျက်ပစ်ဖို့ ကုမ္ပဏီကို ပြောခိုင်းလိုက်… “
လင်ချူရွယ်မှာ အလည်အပတ် ရောက်နေသည့် မိဘများနှင့် အတူ နေထိုင်ရန် အချိန်အနည်းငယ် လိုအပ်သည့်အပြင် ရှုချန်းနှင့် ကွာရှင်းရန် သင့်၊ မသင့် စဉ်းစားဆုံးဖြတ်ရန်လည်း အချိန်လိုအပ်ပေသည်။ ထို့အပြင် ယခုအချိန်၌ သူမ စိတ်မှာ ရှုပ်ထွေးနောက်ကျိနေ၍ အလုပ်ကိုလည်း အာရုံမစိုက်နိုင်ကြောင်း သိသာ၏။
လင်ချူရွယ်နှင့် ရှောင်လန် စကားပြောနေစဉ် လင်ကွေ့ရန်က ရှုချန်းအား ခေါင်မိုးထပ်သို့ သူနှင့် အတူ လိုက်ခဲ့ရန် လက်ဟန်ခြေဟန် ပြလိုက်၏။
ဖခင်ဖြစ်သူမှာ ယောက်ဖအား တဖန် ထပ်မံ စိတ်ဒုက္ခပေးဦးမည်ကို သိ၍ လင်လဲ့လည်း နောက်မှ လျင်မြန်စွာ လိုက်သွားခဲ့လေသည်။
ထိုသုံးဦးကို ကြည့်ကာ လင်ချူရွယ် အမေက ခေါင်းကို တွင်တွင် ခါယမ်းပြီး…
“ ဒီအဘိုးကြီးတော့ လက်သီးတွေ ထပ်ယားနေပြန်ပြီနဲ့ တူတယ်… “
အမှန်တော့ ယင်းမှာ လင်ကွေ့ရန်နှင့် ရှုချန်းတို့အကြား၌ နားလည်မှု တစ်ခု တည်ဆောက်ထားပုံ ရ၏။ နှစ်ဦးသား အပြင်သို့ ရောက်သောအခါ လင်ကွေ့ရန်က ရှုချန်းကို ကြည့်၍…
“ မဆိုးဘူး… မင်းက မြောက်ပိုင်းတံခါးဝဂိုဏ်း ခေါင်းဆောင် သခင်ကြီး ရန်ကို သတ်ဖို့ တကယ် သတ္တိရှိတာပဲ… ဦးလေးနဲ့ မတွေ့ရတဲ့ သုံးနှစ်ထဲမှာ မင်း အတော်လေး ကြီးပြင်းလာလိုက်တာကွာ… “
ရှုချန်း ပြုံးလိုက်၏။
“ ဦးလေး… ကျွန်တော့်ကို မရိုက်ခင်မှာ ကျွန်တော့်ရဲ့ ပြီးခဲ့တဲ့ တိုက်ပွဲအကြောင်း သေချာ မစုံစမ်းခဲ့ဘူးပဲ… ဒီနေ့ ဦးလေး လုပ်ခဲ့တာက ကိုယ့်ကိုယ်ကိုယ် နည်းနည်း စိတ်မချ ဖြစ်နေတယ်လို့ ဆိုလိုတာမလား… “
လင်ကွေ့ရန် ပြုံးလိုက်ပြီး…
“ ဒီနေ့ မင်းကို နိုင်ဖို့ စိတ်မချ ဖြစ်နေတယ်ဆိုပြီး ခံစားရတယ် ဟုတ်လား… ဟာသပဲ… “
ရှုချန်းက…
“ သုံးရက်လောက် မတွေ့လိုက်ခဲ့တဲ့ သူတောင် ပြန်တွေ့ရင် မတူတော့ဘူးဆိုတဲ့ ဆိုရိုးစကား ရှိတယ်လေ… ကျွန်တော်တို့ မတွေ့တာ သုံးနှစ်တောင် ကြာပြီ… “
လင်ကွေ့ရန်နှင့် ရှုချန်း၏ ဖခင်တို့မှာ စစ်မြေပြင်မှ သေအတူ ရှင်မကွာ ညီနောင်များ ဖြစ်သလို ယခင်အတိတ်က ထိပ်တန်း အထူးတပ်ဖွဲ့၏ တပ်ဖွဲ့ဝင်များလည်း ဖြစ်ခဲ့ကြ၏။ လင်ကွေ့ရန်မှာ ဗြိတိန်သို့ သွားခဲ့ကာ အထက်တန်းလွှာ သူဌေး တစ်ဦး ဖြစ်ခဲ့သော်လည်း လက်ဝှေ့ထိုးသတ်ခြင်းမှာ သူ၏ ဝါသနာ တစ်ခု အမြဲ ဖြစ်နေခဲ့၏။ အစ်ကိုရှု၏ သားဖြစ်သူ ရှုချန်း ငယ်စဉ် အခါက ကိုယ်ခံပညာ တစ်ခုမျှ မတတ်ပဲ အရွယ်ရောက်လာပါက လင်ကွေ့ရန် စိတ်မကောင်းရမည် ဖြစ်၍ ရှုချန်းအား ကိုယ်ခံပညာ အများအပြား သင်ကြားပေးခဲ့လေသည်။
ထို့ကြောင့်လည်း ၎င်းမှာ ကျောင်းဆင်းချိန်တိုင်း ပစ်မှတ်ထား အနိုင်ကျင့် တိုက်ခိုက်ခြင်းခံခဲ့ရသည့်တိုင် ရှုချန်း ပြန်လည် တိုက်ခိုက်နိုင်ခြင်း၏ အကြီးဆုံး အကြောင်းပြချက် ဖြစ်ပေမည်။
လင်လဲ့မှာ ရှုချန်းလောက် အရည်အချင်း မရှိသော်လည်း ထိုသို့ တိုက်ခိုက် သတ်ပုတ်ရခြင်းကို နှစ်ခြိုက်၏။ သူသည် သိမ်မွေ့သော ကောင်လေးဟု ထင်ရသော်လည်း ရိုင်းစိုင်းသော နှလုံးသား တစ်စုံ ရှိပေသည်။ ထို့ကြောင့် လင်ချူရွယ်အမေက လင်ကွေ့ရန်အား လင်လဲ့ကို ကိုယ်ခံပညာ သင်ပေးရန် ခွင့်မပြုခဲ့ချေ။ သို့သော် လင်လဲ့က ရှုချန်းအား သင်ပေးသော ကိုယ်ခံပညာ တိုက်ကွက်အချို့ကို လျှို့ဝှက်စွာ ပြန်လည် သင်ယူရင်း နှစ်ဦးသား ညီနောင်ကောင်းများ ဖြစ်လာခဲ့ကြ၏။
“ ကောင်လေး… သုံးနှစ်တောင် ရှိပြီဆိုတော့ မင်းကိုယ်မင်း သာသာထိုးထိုးလေး မှန်းဆထားပြီးရောပေါ့… ပြောစမ်းပါဦး… ပြီးခဲ့တဲ့ သုံးနှစ်အတွင်း မင်းဘာတွေ သင်ယူခဲ့လဲ… “
လင်ကွေ့ရန်က ရယ်မောရင်း မေးလိုက်၏။
ရှုချန်းက မျက်လုံးမှိတ်လိုက်ပြီးမှ ပြန်ဖွင့်ပြီး…
“ ကျွန်တော် ဘယ်လိုရှင်းပြရမလဲ မသိဘူး… ကျန်းဆန်းဖုန်း ရဲ့ ထိုက်ကျိ လိုမျိုး ဘာဆိုဘာမှ အခုထိ မသင်ရသေးလိုမျိုး ခံစားရတယ်… တိုက်ကွက်အားလုံး မေ့နေပုံ ရပေမဲ့ တကယ်တော့ အကုန်လုံးကို တကယ် ကျွမ်းကျင်နေတယ်… “
လင်လဲ့ ရယ်မောလိုက်ပြီး…
“ ယောက်ဖ…ကိုယ့်ကိုယ်ကိုယ် မြှောက်နေတာ လျှော့လိုက်ပါ… အဖေက မင်းကို ခပ်ပြင်းပြင်း ရိုက်လိုက်လို့ အိပ်ယာထဲက တစ်ရက်လောက် ထပ်ပြီး မထနိုင် ဖြစ်သွားမှာ စိုးလို့ပါကွာ… “
“ ကြားလား ကောင်လေး… အရင်တုန်းက မင်းကို ဒီလူအိုကြီး ဘယ်လို ပြတ်ပြတ်သားသား အနိုင်ယူခဲ့လဲဆိုတာ လူတိုင်း မှတ်မိနေသေးတယ်နော်… “
လင်ကွေ့ရန် ခနဲ့တဲ့တဲ့ ပြော၏။
ရှုချန်းက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး…
“ ဦးလေး… အပြောလေးတွေ လျှော့ပြီး အလုပ်နဲ့ပဲ သက်သေပြရအောင်… “
လင်ကွေ့ရန် မျက်ခုံးပင့်လိုက်သည်။
“ လက်တစ်ဖက် မြှောက်လိုက်တာရဲ့ အဓိပ္ပါယ်က ဘာလဲ… “
ရှုချန်းက…
“ ဦးလေးကို ခြေနှစ်ချောင်းနဲ့ လက်တစ်ဖက် အကျောပေးထားတာလေ… ကျွန်တော် လက်တစ်ဖက်တည်း သုံးမှာ… “
“ ဟားဟား… ဟားဟား… မင်း အရင်အတိုင်းပါပဲလား ကောင်လေး… နည်းနည်းလေးတောင် အလျှော့မပေးပဲ သောက်ရမ်း ခေါင်းကြောမာတဲ့ကောင်… “
ဆိုဖာထက်တွင် ထိုင်နေသော လင်ချူရွယ်က မျက်နှာကြက်တွင် တပ်ဆင်ထားသော အပြင်ဘက်ကို မြင်ရသည့် မှန်ချပ်မှ တစ်ဆင့် ရှုချန်းတို့ နှစ်ဦးကိုကြည့်ကာ ပြုံးလိုက်၏။
“ အဖေတော့ ခုနေ့ ဘေးကျပ်နံကျပ် ကိစ္စ တစ်ခုနဲ့ ကြုံရတော့မှာပဲ… “
ရှုချန်းနှင့် သခင်ကြီးယန်တို့ အကြားမှ တိုက်ပွဲကို မြင်တွေ့ခဲ့ဖူးသည့် လင်ချူရွယ်မှာ ရှုချန်း၏ စွမ်းရည်ကို သိရှိထားပြီး ဖြစ်သည်။
အခန်း ၉၄ ပြီး