နတ်နဂါးစစ်သည်
အခန်း ၉၃
(မင်း တိုက်ပေါ်က ခုန်ခုချင်လည်း ပိုမြင့်တဲ့ တိုက်ကိုရှာ )
တင်မ်က တဲဗက်စ် လက်စဗီးဂတ်မှ ခေါ်လာသောသူ ဖြစ်သည်။ တင်မ်က တဲဗက်စ်၏ ယုံကြည်သူဖြစ်သလို ဤနေရာ၏ လျှို့ဝှက်သူလျှို တစ်ဦးလည်း ဖြစ်သည်။ ကျွမ်းကျင်ကစားသမား ဟုလည်း သတ်မှတ်နိုင်၏။ သို့အတွက်ကြောင့် တဲဗက်စ်က တင်မ်၏ စကားများကို ထည့်၍ စဉ်းစားနိုင်သည်။
များမကြာမီပင် ကာစီနိုဝန်ထမ်းက ငါးသိန်းတန် ငွေအစားထိုး ဒင်္ဂါးပြား များ ထည့်ထားသော သေတ္တာတစ်ခုနှင့် ပြန်ရောက်လာခဲ့သည်။ သူမ လဲလှယ်မည့် ငွေပမာဏက များပြားလှသောကြောင့် သာမန်ဒင်္ဂါးပြားများဖြင့် အစားထိုး မသုံးစွဲနိုင်ချေ။ လင်ချူရွယ်က မည်သည့် စကားမှ မပြောပဲ သန်းနှစ်ရာဖိုး လဲလှယ်လိုက်၏။
ဤသည်ကို ကြည့်ခြင်းဖြင့် လင်လဲ့တစ်ယောက် သူ့အမ ဖြစ်သူက ယောက်ဖဖြစ်သူကို မည်မျှ ချစ်မြတ်နိုးကြောင်း နားလည်လိုက်သည်။ ရှုချန်းသည်လည်း လင်ချူရွယ်က သန်း(၂၀၀) ပမာဏကို အလွယ်တကူ လဲလှယ်လိုက်မည်ဟု မထင်မှတ်ထားခဲ့ချေ။
တစ်ချိန်တုန်းကတော့ သူတို့နစ်ဦးအကြား လွန်မင်းစွာ ယုံကြည်မှု ရှိခဲ့ကြသည်။ ရှုချန်းက လင်ချူရွယ်၏ မျက်နှာလေးကို ကြည့်ရင်း သက်ပြင်းချ၏။
.. ငါလက်မလွှတ်နိုင်ပဲ အရမ်းခေါင်းမာနေလို့ များလား.. တကယ်တော့ ငါတို့နှစ်ယောက်ကြား ခံစားချက်တွေ ရှိနေသေးတယ်.. ဒါကြောင့် ချူရွယ်က ငါ့ကို ယုံကြည်တာပေါ့..
“ ဘာလို့ ငါ့ကို အဲ့လို စိုက်ကြည့်နေတာလဲ.. အလကား ပေးတာ မဟုတ်ဘူးနော်.. ရှုံးသွားရင် ငါ့ကို ပြန်ဆပ်ရမယ်..” ရှုချန်းက သူ့ကို စိုက်ကြည့်နေသည်တွင် လင်ချူရွယ်က မျက်နှာမထားတတ် ဖြစ်သွားပြီး ဇက်ကလေးပု နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
တဲဗက်စ်တစ်ယောက် ဆက်လက် သည်းမခံနိုင်တော့ချေ။
ရှုချန်းကြောင့်သာ မဟုတ်လျှင် သူနှင့် လင်ချူရွယ်တို့က ကျောင်းတော်၏ အလိုက်ဖက်ဆုံး စုံတွဲဖြစ်လာမည်ပင်။ မည်သည့် ကပွဲမဆို သူက လင်ချူရွယ်နှင့် အတူ တက်ရောက်ရန် နည်းလမ်းရှာနိုင်၏။ သို့သော် လင်ချူရွယ်က စာသင်နှစ်ဝက်တွင် ရုတ်တရက် ကျောင်းမှ ထွက်သွားခဲ့သည်။
လိုက်လံ စုံစမ်းကြည့်သော အခါမှ သူမက ဇာတိမြို့မှ ထွက်ခွာသွားပြီး ဟွာရှ၌ မင်းသမီး သွားလုပ်နေသည် ဆိုခြင်းကို သိခဲ့ရသည်။ ပထမတွင်တော့ လင်ချူရွယ်က မည်သည့် အတွက် လင်ချူရွယ်က မော်ဒယ်မင်းသမီး လုပ်ရကြောင်း နားမလည်ခဲ့ပေ။ ပြီးနောက်တွင်တော့ လင်မိသားစုပိုင် ကုမ္ပဏီက ထိုအနုပညာ ကုမ္ပဏီတွင် ရှယ်ယာဝင်ထားကြောင်း သိရှိပြီး စိတ်အေးခဲ့ရသည်။
များမကြာမီတွင်တော့ လင်မိသားစုက လင်ချူရွယ်ကို အသုံးမကျသော မွေးစားသား ရှုချန်းနှင့် လက်ဆက်ပေးခဲ့ကြောင်း ကြားသိရသည့်အပေါ် အင်္ဂလန်၏ လူငယ်မျိုးဆက် အတော်လေး အသည်းပေါက် ဒေါသထွက်ခဲ့ကြသည်။ လင်ချူရွယ်က အင်္ဂလန်မှ ထွက်ခွာသွားသည့် အပြင် ရှုချန်း၏ နောက် ဟွာရှားသို့ လိုက်ပါသွားခဲ့သည် မဟုတ်ပါလား။
ရှုချန်းသာ အင်္ဂလန်သို့ ပြန်သွားရဲလျှင် လူငယ်မျိုးဆက်၏ မျက်မုန်းကျိုး ရန်စမှုများ သေချာပေါက် ခံရမည်ဟု တဲဗက်စ် ပြောရဲပေသည်။ ရှုချန်းက ဒင်္ဂါးပြားအသစ်များကို ထုတ်ကြည့်ကာ ရေတွက်ပြီးနောက် သန်း၅၀ ပစ်တင်လိုက်သည်။
“ကြေးမြှင့်မယ်.. မဟုတ်သေးဘူး.. မင်း ကြေးမြှင့်ချင်လား.. လက်ရှောင်ချင်လား..”
“မင်း ပိုပြီး ကြေးမြှင့်ချင်ဟန် ဆောင်လေလေ မင်းဖဲမကောင်းဘူး ဆိုတာ ပိုသိသာလေလေပဲ… မင်းက ကိုယ့်သေတွင်း ကိုယ်တူးချင်မှတော့ မင်းနဲ့ ကစား ပေးရသေးတာပေါ့.. ဖဲရှုံးလို့ဆိုပြီး ငါတို့ ဟိုတယ်ပေါ်ကတော့ ခုန်မချနဲ့ ပေါ့ကွာ..” တဲဗက်စ်က ရှုချန်းကို ကြည့်ရင်း ထိုသို့ ပြောလိုက်သည်။
“လောလောဆယ် ငါ့ကို အနိုင်ယူနိုင်တာ ဘာမှ မရှိသေးဘူး..” ရှုချန်းက တည်ငြိမ်စွာ ပြောသည်။ “ပြီးတော့ မင်းမှာ ကြေးမြှင့်ဖို့ရော ငွေရှိသေးရဲ့လား.. မင်း ကြေးမြှင့်ချင်တယ်ဆိုရင် သန်း ၃၀၀ တင်ရမှာနော်..”
“ငါ့မှာ ဘယ်လောက်ရှိလဲ မမေးနဲ့ မင်းမှာ ဘယ်လောက် ရှိသလဲ ဆိုတာသာ အရင်ပြော.. မင်း ဘယ်လောက် ထုတ်နိုင်လဲ..” ရှုချန်းတစ်ယောက် လွန်မင်းစွာ မောက်မာ၍ ဆော့ကစားနေသည်ကို တဲဗက်စ် သည်းမခံနိုင်တော့ပေ။
.. မင်းက ငွေအကြောင်း ပြောရလောက်အောင် တန်လို့လား…
“ငါမင်းလောက်တော့ မချမ်းသာပါဘူး… ဒါပေမယ့် ငါသာ အလိုရှိရင် ငွေကြေးဆိုတာ ငါ့အတွက် ကိန်းဂဏန်း တစ်ခုသာသာပဲ..” ရှုချန်းကလည်း ပြန်ချေပသည်။ ယခု သူ၏ ထွင်းဖောက်မြင်ရသော မျက်လုံးဖြင့် ဆိုလျှင် မချမ်းသာနိုင်စရာ အကြောင်း ရှိဦးမည်လော။ သူအလိုချင်ဆုံး အရာက ငွေကြေးမဟုတ်ပဲ လေးစားမှုသာ ဖြစ်သည်။
သူ၏ ခန္ဓာကိုယ် အခြေနေအကြောင်းကို သေသေချာချာ နားလည်သွားပါက ကမ္ဘာတစ်ခုလုံးကို ပါးစပ်အဟောင်းသား ဖြစ်သွားအောင် ရှုချန်းတွင် လုပ်ဆောင်နိုင်စွမ်း ရှိပေသည်။
နဂါးအဖွဲ့ကလည်း အဆင်ပြေသွားပေလိမ့်မည်။ သူက နောက်ထပ် ရွေးချယ်ပွဲကို သွားရမည်ပင်။ ထို့အပြင် သူ့အတွက် ဝမ်းနည်းစရာ အတိတ်ဖြစ်သော ဗြိတိန်သို့လည်း ပြန်ရမည်။ တစ်ရက်တွင်တော့ သူက ဗြိတိန်အင်ပါယာသို့ ပြန်မည် ဖြစ်သည်။ ထိုနေ့က လင်ချူရွယ်အား သူ၏ ဇနီးအဖြစ် တရားဝင် ကြေညာမည့် နေ့လည်း ဖြစ်သည်။
သူနှင့် သူ့ဇနီးကို မထိုက်တန်ဟု တွေးထင်နေကြသူများ အားလုံး ပါးစပ်ပေါက်များ ပိတ်သွားစေရန် ရှုချန်း သက်သေပြလို၏။ ပြီးလျှင် ရီမိသားစု။ သူ၏ တစ်ဘဝလုံး အဖြစ်ချင်ခဲ့ဆုံး သူ့အဖေအတွက် တရားမျှတမှု ပြန်ယူပေးရန်လည်း ရှိသေးသည်။ ဤသည်က ရှုချန်း၏ အကြီးမားဆုံး ရည်မှန်းချက်၊ သူ့နှလုံးသားထဲမှ မာနပင်။
“လေကျယ်လိုက်တာ.. မင်းက လင်ဦးလေးရှေ့မှောက်မှာ ငွေကြေးဆိုတာ ကိန်းဂဏန်းတစ်ခုပဲလို့ ကြွားရဲတယ်ပေါ့… မင်း ငွေဘယ်လောက် တတ်နိုင်သလဲတော့ ငါမသိဘူး.. ဒါပေမယ့် တော်တော်လေးတော့ လေကျယ်တာပဲ..” တဲဗက်စ်က ခနဲ့လိုက်သည်။
“ပေါက်ပန်းလေးဆယ်တွေ ပြောနေမှာလား.. လိုက်မှာလား မလိုက်ဘူးလားပဲ ပြော..မင်း ဆက်ကစားမယ် ဆိုရင် ငွေရှာရ ဘယ်လောက်လွယ်ကြောင်း ငါ ပြပေးမယ်..” ရှုချန်းက စိတ်မရှည်တော့ပဲ လွှမ်းမိုးမှုအပြည့်နှင့် အပေါ်စီးဆန်စွာ ပြောလိုက်သည်။
တဲဗက်စ်က အံတင်းတင်းကြိတ်ရင်း ပြောသည်။ “နောက်ထပ် ရှယ်ယာ ၅% ထပ်လဲခဲ့..”
ရှုချန်းက ဝင်သတိပေးလိုက်သည်။ “အဲ့လောက်နဲ့ မလုံလောက်သေးဘူး.. မင်းရှိသမျှ ငွေအကုန် ထုတ်ရမှာ…”
တဲဗက်စ်က စားပွဲပေါ် လက်ထောက်ရင်း ရှုချန်းကို ပြန်မေး၏။ “အဲ့တာဆို မင်းငွေတွေကရော ဘယ်မှာလဲ.. မင်းမှာ ရှိလို့လား..”
“သိပ်ရှိတာပေါ့.. အခုချက်ချင်း ငါ့ရှေ့နေကို ခေါ်လိုက်တာနဲ့ ငါ့ကွန်ဒိုအတွက် အနည်းဆုံး သန်း(၆၀၀) ရတယ်.. မင်းရဲ့ ရှယ်ယာ ၅ရာခိုင်နှုန်းက သန်း(၁၅၀) ပဲ ရှိမှာ.. တစ်လှည့်တောင် မလောက်ဘူး.. အဲ့လောက်နဲ့ မင်းဘယ်လိုမျိုး ကစားမှာလဲ..” ရှုချန်းက အထင်သေးသည့်ဟန်ဖြင့် ပြန်ပြောသည်။
“အဲ့တာတွေ မလိုပါဘူး.. ငါ့မှာ USD ဒေါ်လာတွေရှိတယ်.. ဒေါ်လာကို ကာစီနိုမှာ သုံးလို့ ရတယ်.. မင်းယူထားလိုက်..” လင်ကွေ့ရန်က ပြုံးလျှက် ပြောသည်။ ရှုချန်းက တဲဗက်စ်ကို ကြည့်ရင်း ထပ်မေး၏။
“မင်း ဘယ်လိုလဲ..”
တဲဗက်စ်က စာရင်းကိုင်ကို လှမ်းမေးလိုက်သည်။ “ငါ့မှာ ရှယ်ယာ ဘယ်လောက် ကျန်သေးလဲ..”
“ သန်း (၄၀၀) လောက်ပေါ့..”
တဲဗက်စ်က အံကိုတင်းတင်းကြိတ်ရင်း အသံနက်ကြီးဖြင့် ပြောလိုက်သည်။
“သန်း(၃၀၀) ယူလာခဲ့… ငါ ဒီကောင့် ဖဲကို ကြည့်မယ်..”
“မလိုဘူး.. ရှယ်ယာ လွှဲပြောင်းစာချုပ်ပဲ ယူခဲ့ပေးလို့ ရမလား..” ရှုချန်းက စာရင်းကိုင်ကို ကြားဝင်ပြောလိုက်သည်။ ရှုချန်း ဘာလုပ်လိုနေသည်ကို တဲဗက်စ် သိသည်။ အကယ်၍ သူရှုံးသွားလျှင် ရှုချန်းက သူ၏ ရှယ်ယာများကို အပိုင်ရလိုခြင်းပင်။ တဲဗက်စ်က မျက်လုံးမှေးကျဉ်းကာ ပြော၏။ “မင်းနိုင်မယ်လို့ ထင်နေတာလား..”
“ဒင်္ဂါးပြားတွေ မလိုဘူး.. ရှယ်ယာတွေကိုပဲ လောင်းကြေးအဖြစ် သုံးလိုက်.. ငါနောက်ထပ် သန်း(၂၀၀) ထပ်မြှင့်မယ်.. မင်း ဖဲချပ်ကြည့်ချင်ရင် ကျန်တဲ့ ရှယ်ယာအကုန် ထုတ်လိုက်..”
တဲဗက်စ်က ရှုချန်းကို စိုက်ကြည့်ရင်း စာရင်းကိုင်ကို တစ်လုံးချင်း ပြောသည်။ “သူပြောတဲ့ အတိုင်း လုပ်လိုက်..”
စာရင်းကိုင်က သွက်သွက်လက်လက်ပင် ထသွားပြီးနောက် တဲဗက်စ် လက်မှတ်ထိုးရန် စာချုပ်နှင့်အတူ ပြန်ရောက်လာခဲ့သည်။ တဲဗက်စ် လက်မှတ်ထိုး လိုက်ပြီးနောက် လွှဲပြောင်းစာချုပ်က အသက်ဝင် သွားချေပြီ။ သူက စာချုပ်ကို ပစ်ချကာ ဖဲချပ်များ လှန်ပြရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
“ငါ့မှာ ဖလက်ရှ် (အရောင်တူ) .. မင်း လေးလှည့်ဆက်တိုက် ဖဲကောင်းမယ်လို့ ငါမယုံဘူး… ဒီတစ်ခေါက်တော့ မင်းကို လေလုံးထွားခွင့် မပေးတော့ဘူးကွ..”
တဲဗက်စ် လှန်ပြလိုက်သော ဖဲချပ်များကို ကြည့်ကာ လင်ချူရွယ်တို့ မိသားစု မျက်နှာပျက် သွားခဲ့သည်။ တဲဗက်စ် တစ်ယောက် ဖဲကောင်းမှန်း ရိပ်မိသော်လည်း ဖလက်ရှ် ဖြစ်လောက်မည်ဟုထိတော့ မထင်ထားခဲ့ပေ။ ထို့အပြင် ဖလက်ရှ်ကိုမှ ( Q) ကွင်းဖဲနှင့် ဖလက်ရှ် ဖြစ်သည်။
ဖလက်ရှ်ထဲတွင် ထို့ထက် ပါဝါပိုကြီးသည်မှာ ( K) ကင်းနှင့် (Ace) အေ့စ် သာ ကျန်တော့သည်။ သို့သော် ဖလက်ရှ်ရနိုင်ခြေ ကပင် လွန်စွာ နည်းပါး၏။ စထွိုက် ဖလက်ရှ် ဖြစ်ရန်ကတော့ ပို၍ပင် အခွင့်ရေး နည်းပါးပြီး ဂိုးဒန်းဖလက်ရှ်(ရွှေဖလက်ရှ်) ဖြစ်ရန်ကတော့ ဆိုဖွယ်ပင် မရှိချေ။
လင်မိသားစု၏ ပျက်ယွင်းသွားသော မျက်နှာကို ကြည့်ကာ တဲဗက်စ်၏ အပြုံးက ပို၍ ပီပြင်လာခဲ့သည်။
“မင်းဖဲက ဖလက်ရှ် ဖြစ်နေရင်တောင် ငါ့မှာ ကွင်းစပိတ်ရှိတယ်.. ကွင်းဖဲချင်းတူရင်တောင် စပိတ်ကိုတော့ မနိုင်ဘူး.. မင်းမှာ ကင်းဖဲ ဖလက်ရှ် ဖြစ်ရင်ဖြစ် မဟုတ်ရင် အေ့စ်ဖလက်ရှ်(စပိတ်တစ်ဖဲချပ်ပါသော ဖလက်ရှ်) ပါမှသာ ငါ့ကိုနိုင်လိမ့်မယ်.. ဒါပေမယ့် ငါတွက်ထားသလောက် အခုငါတို့ ဆော့ပြီးသမျှထဲမှာ ကင်းဖဲနှစ်ချပ် ပါပြီးသွားပြီ.. တစ်ဖဲ သုံးချပ် ပါပြီးသွားပြီ.. ကျန်တဲ့ ဖဲချပ်ထဲမှာ ကင်းဖဲ တစ်ဖဲ ရနိုင်ခြေက မတရားနည်းလွန်းတယ်.. ဒုတိယချက် အနေနဲ့ အရောင်တူသုံးချပ် ရဖို့ဆိုတာက ပိုနည်းတယ်… မင်းမှာ ဖလက်ရှ် ရခဲ့ရင်တောင် ငါ့ကွင်းဖဲကို နိုင်ဖို့ ခက်တယ်…”
အမှန်တော့ တဲဗက်စ်တစ်ယောက် ဖဲချပ်များကို မည်သို့ တွက်ချက်ရမှန်း မသိပေ။ တင်မ်က သူ့ကို အသေးစိတ် စီစစ်တွက်ချက်ပြီး ပြောပြခဲ့ခြင်း ဖြစ်သည်။ တဲဗက်စ်က တင်မ်ပြောပြခဲ့သော အကြောင်းရာများကို လင်ချူရွယ်တို့ ရှေ့ အထင်ကြီး ခံရစေရန် ဆရာကြီးဟန်ဖြင့် ရှင်းပြ နေခြင်းသာ။
ပြောရမည်ဆိုပါက ကွင်းဖဲနှင့် ဖလက်ရှ်ကို နိုင်သော ဖဲအစဉ်က လွန်မင်းစွာ နည်းပါးသည်။ ထို့အပြင် သူတို့က ဆော့ပြီးသော ဖဲချပ်များကိုလည်း ဝိုင်းဘေး တွင် ပုံထားခဲ့၏။ မရှိတော့သည့် ဖဲချပ်များကို ကြည့်ခြင်းဖြင့် ရှုချန်းတစ်ယောက် တဲဗက်စ်၏ ဖဲအစဉ်ကို အနိုင်ရနိုင်ခြေက ၅ရာခိုင်နှုန်းပင် မရှိချေ။
“ငါ့မှာ ကင်းဖဲနှစ်ချပ်နဲ့ အေ့စ်သုံးချပ် ရှိတယ်.. ကင်းဖလက်ရှ် ဖြစ်နိုင်ချေ ၆ရာခိုင်နှုန်း ရှိတယ်.. အေ့စ် ဖြစ်နိုင်ချေက ၂ရာခိုင်နှုန်း ရှိတယ်.. ဒါပေမယ့် တခါတလေ ကံတရားဆိုတာ ပစ်ပယ်လို့ မရဘူး..” ရှုချန်းက ပြုံးရင်း ပြောလိုက်သည်။
ရှုချန်၏ ယုံကြည်မှုရှိသော အပြုံးကို ကြည့်ကာ တင်မ်က စိတ်မသက်မသာ ခံစားလိုက်ရ၏။ သူက ကျန်ရစ်သော ဖဲချပ်များကို ကောက်ယူရင်း တွဲကြည့် လိုက်သည်။ ကင်းဖဲနှစ်ဖဲမှ တစ်ချပ် ပျောက်နေသည်တွင် တင်မ်၏ မျက်နှာ ကွက်ခနဲ ပျက်သွား၏။
“ရနိုင်ချေ အရမ်းနည်းတယ်ဟုတ်.. ဒါပေမယ့် နောက်ဆုံးကျန်တဲ့ ကင်းဖဲက ငါ့ဆီမှာပဲ..” ရှုချန်းက ပထမဆုံး ဖဲချပ်ကို လှန်လိုက်သည်။ ထိုဖဲက ဒိုင်းမွန်းကင်းဖဲ ဖြစ်သည်။ ထို့နောက် ကျန်နှစ်ကတ်ကို လှန်လိုက်သည်တွင် အရောင်တူ ဖဲချပ်များ ဖြစ်နေပြန်၏။ သူ၏ ဖဲအစဉ်က တဲဗက်စ်၏ ကွင်းဖဲ အစဉ်ထက် ပိုကြီးပေသည်။
“မင်းထက် နည်းနည်းလေးပဲ ပိုကြီးသွားတာပါ.. စိတ်မကောင်းပါဘူး..” ရှုချန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
လင်လဲ့က ဒင်္ဂါးပြားများကို တပွေ့ကြီး ပြေးပွေ့ရင်း ကျယ်လောင်စွာ ရယ်မော၏။
တဲဗက်စ်ကတော့ ခုံပေါ်မှ နောက်ပြန်လဲကျသွားပြီး သူ၏မျက်လုံးများက မယုံကြည်နိုင်စွမ်းဖြင့် ကြောင်တိကြောင်တောင် ဖြစ်နေခဲ့သည်။ တင်မ်၏ လက်ထဲမှ ဖဲချပ်များသည်လည်း ကြမ်းပေါ်သို့ ပြုတ်ကျကုန်၏။
ရှုချန်းက လင်လဲ့ကို ပြောလိုက်သည်။
“လွှဲပြောင်းစာချုပ်ကို ယူခဲ့ပါ..” ပြီးနောက် ရှုချန်းက ကာစီနိုင်၏ ဘဏ္ဍာရေးအကြီးကဲကို မေးလိုက်သည်။
“ကျုပ်မှာ ရှယ်ယာ ၁၃..၅ ရာခိုင်နှုန်း ပိုင်ထားပြီးပြီ ဆိုတော့ ဒီဒင်္ဂါးပြားတွေကို ငွေသား မလဲပဲ ကျန်တဲ့ ရှယ်ယာ ၆.၅ ရာခိုင်နှုန်းကို ပေါက်ဈေး နှစ်ဆနဲ့ ဝယ်မယ်ဆိုရင် အဆင်ပြေတယ်မလား..”
“စည်းမျဉ်းအရ ဆိုရင်တော့ ပြေပါတယ်..” ဘဏ္ဍာရေး မန်နေဂျာက ပြန်ဖြေ၏။
“ရှယ်ယာ ၂၀ ရာခိုင်နှုန်းဆိုတာ တစ်ဦးပိုင် ဖြစ်နေတာမို့ ခွဲထုတ်ပစ်လို့ မကောင်းဘူးလေ..”
“အဲ့တာဆိုရင်လည်း ကောင်းပြီ… ကျုပ်ကို ရှယ်ယာ ၂၀ ရာခိုင်နှုန်း စာချုပ် ချုပ်ပေးပါ.. ဒီစားပွဲပေါ်က ဒင်္ဂါးပြားတွေနဲ့ ငွေချေမယ်..”
ဘဏ္ဍာရေးမန်နေဂျာက ခေါင်းညိတ်ပြီးနောက် ရှယ်ယာ စာချုပ် အသစ်ဖြင့် ပြန်ရောက်လာခဲ့သည်။ ရှုချန်းက ရှယ်ယာစာချုပ်ကို လင်ချူရွယ်၏ စားပွဲဘေး တင်ရင်း ပြုံးကာ ပြောလိုက်သည်။ “အချစ်ကလေး.. ဒါ အချစ်ကလေး အတွက် ကိုယ့်ရဲ့ ပထမဆုံး လက်ဆောင်..”
လင်ချူရွယ်တစ်ယောက် ကြက်သေ သေသွားခဲ့သည်။ ရှုချန်းက ရှယ်ယာစာချုပ်ကို သူမနာမည်ဖြင့် လွှဲပြောင်းပေးခဲ့မည်ဟု မထင်ထားခဲ့။ အကယ်၍ ထိုရှယ်ယာများကို ပြန်ရောင်းမည်ဆိုလျှင် အနည်းဆုံး ယွမ်သန်း၈၀၀ မှ ၉၀၀ ကြား ရှိပေလိမ့်မည်။
လင်ချူရွယ်က ငြင်းမည်ပြုစဉ် ရှုချန်းက ထပ်ပြောလိုက်သည်။ “ငါ့ရဲ့ အလုပ်အကိုင် ရာထူးနဲ့ဆိုရင် ကာစီနိုရှယ်ယာတွေ ပိုင်တာက အဆင်မပြေဘူးလေ.. ပြီးတော့ သူတောင်းစား တစ်ယောက်ကိုလည်း သွားလှူလိုက်လို့ မရဘူး မဟုတ်လား..”
ရှုချန်း၏ စကားသွား စကားလာအရ အကယ်၍ တဲဗက်စ်သာ စကားပြန်ရုပ်သိမ်း၍ သူ့ရှယ်ယာများကို ပြန်တောင်းပါက သူတောင်းစား ဖြစ်သွားမည်ဟု သတိပေးလိုက်ခြင်းပင်။
တဲဗက်စ်က မျက်လုံးများ နီရဲရင်း ခေါင်းငုံ့ထားခဲ့သည်။ လင်ချူရွယ်က လွှဲပြောင်းစာရွက်ကို လက်မှတ်ထိုးသည်တွင် ရှုချန်းက တဲဗက်စ်၏ ရင်ထဲထိစေမည့် စကားကို သာသာနှင့် နှက်လိုက်သေး၏။
“ရက်ရောတဲ့အတွက် ကျေးဇူးပါကွာ.. နောက်တစ်ခါ ငွေတွေ မလိုချင်တော့လို့ ပေးပစ်ချင်တယ်ဆိုရင် ငါ့ကို အချိန်မရွေး ခေါ်လိုက်ပါ.. ငွေကြေး ဆိုတာ ငါ့အတွက် ကိန်းဂဏန်းတစ်ခုသာသာ ဆိုပေမယ့်လည်း အလကားရမယ့် လက်ဆောင်ကိုတော့ မငြင်းကောင်းဘူးလေ.. ဟုတ်တယ်မလား…”
ထို့နောက်တွင်တော့ ရှုချန်းတို့ ငါးဦးသာ မတ်တပ်ရပ်၍ ထထွက်လာခဲ့သည်။ အခန်းထဲမှ ထွက်ချိန်တွင် ရှုချန်းက နောက်လှည့်၍ ပြောလိုက်၏။
“ဪ ဒါနဲ့.. မင်းရဲ့ ကာစီနိုက သိပ်တော့ မမြင့်ဘူး ခုန်ချချင်တယ်ဆိုရင် နည်းနည်းမြင့်တာလေး ရွေးနော်.. တော်ကြာ တန်းမတေပဲ ဒုက္ခိတဘဝ ရောက်နေမှာစိုးလို့..”
ဖွီး.. ရှုချန်းတို့ ထွက်ခွာသွားသည်နှင့် တဲဗက်စ်မှာ သွေးတစ်လုပ်အပြည့် အန်ချလိုက်ရသည်။ သူ၏ခန္ဓာကိုယ်က ဆုံးရှုံးမှု၊ အရှက်ရမှုနှင့် ဒေါသများကြောင့် တဆတ်ဆတ် တုန်ယင်နေပြီး တင်မ်ကို ထိုင်ခုံဖြင့် ကောက်ပေါက်တော့သည်။
“လောင်းကစား ဆရာကြီး.. ဟုတ်လား.. မင်းမေစပကို လောင်းကစားဆရာကြီး.. မင်းဖဲက ယီးကိုကောင်း… ဟမ်.. ဟမ်… ငါမင်းကို သတ်မယ် … ငါမင်းကို သတ်ပစ်မယ်ကွ..”
အခန်း ၉၃ ပြီး