နတ်နဂါးစစ်သည်
အခန်း ၉၂ (စာစဥ် ၇)
(အချစ်လေး... ကိုယ့်ကို ဖဲဆော့ဖို့ ပိုက်ဆံ နည်းနည်းချေး )
မေမေလင် က ရှုချန်း နှင့် သူ့သမီး ဘေးချင်းကပ် ထိုင်နေသည်အား ကြည့်ကာ သက်ပြင်းချလိုက်ပြီး...
“သူ လင့်ဝတ္တရား ကျေပွန်ပြီး သမီးလေး အပေါ် ကောင်းပေးဖို့ပဲ ကျွန်မ မျှော်လင့်မိတယ်...”
“ ဖြစ်မှာပါ...ဒီကောင်လေး ကြည့်ရတာ လွန်ခဲ့တဲ့ နှစ်တွေကထက် ယုံကြည်မှု ရှိလာတယ် ထင်တယ်... အစ်ကိုကြီး ရှု မွေးလာတဲ့ ကလေး က သာမန်တော့ မဖြစ်နိုင်ဘူး သူ့အဖေလို သိပ်ကို သတ္တိကောင်းမှာပဲ ...”
ရှုချန်း ၏ အဖေ သတ္တိကောင်းလားဟု မေးခွန်း ထုတ်မည် ဆိုလျှင် ...
ရီမိသားစု ၏ အဖိုးတန် သမီးတော် ကို အရယူပြီး သူ့ကလေး မွေးခိုင်းခဲ့သည်ကပင် ထို မေးခွန်း အတွက် လုံလောက်ခဲ့ပြီး ဖြစ်သည် ။ ဒါ့အပြင် သူမ အား ကလေး တစ်ယောက်နှင့်အတူ ခိုးပြေးခဲ့ပြီး ရီမိသားစု နှင့် ထိပ်တိုက် ရင်ဆိုင်ခဲ့သေးသည် ။ ထို အကြောင်းပြချက် တစ်ခု ကပင် ရှုချန်း အတွက် တစ်ဘဝလုံး ကြွားဝါနေရန် လုံလောက်နေပေသည်။
ထိုစဥ်က ရီမိသားစု ခေါင်းဆောင် ၏ မျက်နှာ အမူအရာ ကို သင်မြင်ဖူးသင့်သည် ။ စိတ်ဆိုးလွန်းအားကြီးသောကြောင့် ရှုချန်း အဖေ အား သတ်ရန် သူ့တစ်ဘဝလုံးပင် မြုပ်နှံခဲ့ဖူး၏။
နောက်တစ်ပွဲ စသည်တွင် တဲဗက်စ် တစ်ယောက် ဖဲမကြည့်ရသေးခင်မှာပင် ရှုချန်း ၏ အကုန် ပုံအောလောင်းလာသည် အား ရင်ဆိုင်လိုက်ရ၏။
တဲဗက်စ် ထခုန်လုမတတ် ဖြစ်သွား၏။
ဒီကောင် သိပ်သတ္တိကောင်းလှချည်လား ။ ငါတောင် ဖဲမကြည့်ရသေးဘူး အကုန်လာလောင်းနေပြီ...
တဲဗက်စ် သူ့ဖဲအား ကြည့်လိုက်ပြီး ပြောလာသည်။
“မင်း ဒီလို ကစားနေရင် တစ်ပွဲထဲ နဲ့ ကုန်သွားလိမ့်မယ်နော်...”
ရှုချန်း ဘာမထီဟန် ပခုံးတွန့်လိုက်ပြီး...
“မင်း လိုက်ရဲမှ ဆက်ပြောပါ...”
တဲဗက်စ် က ရှုချန်း ဖဲကောင်းလား မကောင်းလားဆိုသည် အား သိရရန် နှင့် ရှုချန်း ၏ အမူအရာ ပျက်သွားစေရန် အချိန်အကြာကြီး စိုက်ကြည့်နေလိုက်သည် ။
တခဏအကြာတွင် ရှုချန်း တစ်ယောက် စိတ်မရှည်တော့...။
“သားကြီး... ငါ့မိန်းမတောင် မင်း လောက် ခံစားချက်ပါပါ နဲ့ ငါ့ကို စိုက်မကြည့်ဖူးဘူး ။ မင်း ဒီလို ဆက်လုပ်နေရင် ငါ့မိန်းမတော့ သဝန်တွေ တိုနေတော့မှာပဲ...”
လင်ချုရွယ် တခစ်ခစ် ရယ်မောလိုက်ကာ ရှုချန်း ၏ လက်မောင်း အား မထိတထိ ဆွဲဆိတ်လိုက်သည်။ ထိုသို့ ပြုမှုပြီးနောက် သူမ သတိဝင်လာကာ ရှက်ရွံသွားတော့သည်။
ရှုချန်း ၏ ထိုပုံစံကို သူမ မမြင်ရသည်က ကြာလွန်းခဲ့ပြီ ။ ယင်းက သူမ အား ငယ်ဘဝ အား သတိရစေပြီး မပြီးပြတ်သေးသော ခံစားချက်တို့ နိူးထလာစေသည် ။
တဲဗက် တစ်ယောက် ထိုမြင်ကွင်းကြောင့် သွေးအန်လု နီးပါး ဖြစ်သွား၏။ သူ့ကို အနိုင်ကျင့်နေသည် မှာ များလွန်းသွားလေပြီ ။ လက်ရှိတွင် သူ့ ပိုက်ဆံ အားလုံး ရှုံးထားပြီး ထိုနှစ်ယောက်သည်လည်း မျက်စိအရှေ့ ချစ်ကြည်နူး တစ်တီတူး ပြနေခဲ့သည်။ ယင်းက မည်သို့မှ လက်သင့်မခံနိုင်ချေ။
သူ့ နှလုံးသားထဲ ကြိမ်းဝါးလိုက်တော့သည်။
“ငါ ဖဲ မကောင်းသေးလို့ပေါ့ကွာ... ဖဲကောင်းလို့ကတော့ ခွေးဖြစ်သွားအောင် ရိုက်ချပစ်မယ်...”
သို့သော် ဤတစ်လှည့်၌ သူ နောက်ဆုတ်လိုက်၏။
ရှုချန်း နှာခေါင်းရှုံလိုက်သည် ။
“အော် ဒါနဲ့များ ငါ့ လာစိုက်ကြည့်နေသေးတယ်... အချိန်ဖြုန်းလိုက်တာ...”
တဲဗက်စ် ၏ မျက်လုံးများ မီးတောက်သွားသည် ။ သူတို့သာ ဥရောပ၌ ရှိနေလျှင် ခုံ အား မှောက်လှန်ပြီး ရှုချန်း ကို ခုန်အုပ်ပစ်လိုက်မည် မှာ သေချာသည် ။ သို့သော် လက်ရှိ နေရာ က ထိုသို့ လုပ်မရ ။
ဖဲဝေသူက ဆက်ဝေသည် ။
ဤတစ်ပွဲ ရှုချန်း ဖဲ အား တစ်ချက် ကြည့်ပြီးနောက် သန်း ၅၀ လုံး ကြေးမတင်တော့ ။ တဲဗက်စ် ဖဲကောင်းနေသည်မို့ တစ်ချက်တည်း နှင့် အဆုံးသတ်ချင်နေသည် ။
“ဘာဖြစ်တာလဲ... ဒီတစ်ကြိမ် အားလုံးကို ပစ်မတင်တောပါလား... ” တဲဗက်စ် လှောင်ရယ်လိုက်၏။
ရှုချန်း ခပ်အေးအေး ပခုံးတွန့်လိုက်ကာ...
“အိုး... ငါ မင်းကို ဖြဲခြောက်တယ်လို့ ထင်မှာစိုးလို့ ကြေးမတင်တာပေါ့ကွာ... မင်းလည်း မင်းပိုက်ဆံ ပြန်ရအောင် ဖြေးဖြေးချင်း အနိုင်ယူပေါ့...”
ထိုသို့ ပြောလျက် တစ်သန်းတန် ဒင်္ဂါးပြား အား စားပွဲထက် ပစ်တင်လိုက်သည်။
တဲဗက်စ် တစ်ယောက် အခွင့်အရေးလာပြီ ဟု တွေးလိုက်သည်။ ရှုချန်း က လူသစ် တစ်ယောက်အလား ပြုမှုနေသည် မဟုတ်လော ။ လွန်ခဲ့သည့် သုံးလှည့်၌ ရှုချန်း ၏ မောက်မောက်မာမာ ပြုမှုခြင်း ကို သူ အတော်လေး ခံစားခဲ့ရသည် ။ ထိုစဥ် က ဖဲမကောင်းသည်ကြောင့် သူ မစွန့်စားရဲခဲ့ချေ။
ရှုချန်း က တစ်သန်းသာ ကြေးထပ်လာသည်မို့ ဤတစ်ကြိမ် သူ့အကွက်ထဲ ရောက်ပြီဟု တဲဗက်စ် တစ်ယောက် မှတ်ယူလိုက်၏။
“ ငါးသန်း... ” သူ နောက်ဆုံး၌ မာန်ပါပါ ဟစ်အော်လိုက်သည် ။
သို့သော်ငြားလည်း တဲဗက်စ် ၏ စကားသံ ဆုံးသည်နောက်တွင် ရှုချန်း က သူ့အရှေ့ရှိ ငွေပုံကြီး အား စားပွဲ အလှည့်သို့ တွန်းပို့လိုက်တော့သည် ။
“မင်း လိုက်မှာလား မလိုက်ဘူးလား...”ရှုချန်း တဲ့တိုး မေးသည်။
မြင်းချေး အပုံလိုက်ကြီး စားလိုက်ရသည့် အလား တဲဗက်စ် ၏ မျက်နှာ တစ်ပြင်လုံး တွန့်လိမ်သွားတော့သည် ။
သောက်ကျိုးနည်း... မင်း သူများတွေလိုမျိုး ရိုးရိုးရှင်းရှင်း တဆင့်ခြင်း သွားလို့ မရဘူးလားကွ...
သူ ခက်ခက်ခဲခဲ တံတွေးတစ်လုတ် မြိုချလိုက်သည် ။ ဟုတ်ပေသည် ။ ဤတစ်ကြိမ် ဖဲကောင်းသည်မို့ သူ နောက်ဆုတ်စရာ မလိုအပ်တော့။
သို့သော်...
မေးခွန်းတစ်ခုတော့ ရှိသည်။ သူသာ ငွေသန်း ၅၀ ဆုံးရှုံးလိုက်ပါက ဤ ကာစီနိူ ၏ ရှယ်ယာ ၁.၅ ရာခိုင်နှုန်း ထပ်ပါသွားပြီ ဟု ပြောနိုင်ပေသည် ။ သူ့အတွက် စွန့်စားရာတော့ ကျ၏။
ထိုသို့ တွေးမိလိုက်သည်တွင် အကူအညီ ရလိုရငြား တင်မ် အား ကြည့်လိုက်ပြီး အကြံဉာဏ်တောင်းလိုက်၏။ တင်မ် ၏ အမူအရာတို့က အလွန်အမင်း တည်ငြိမ်နေခဲ့ကာ ရှုချန်း အား တစ်ချိန်လုံး အကဲခတ်နေလေသည် ။
သူ တည်တည်ငြိမ်ငြိမ်ဖြင့် တဲဗက်စ် အား ကြည့်လိုက်ပြီး...
“တရုတ်မှာ ဆိုရိုးစကား တစ်ခု ရှိတယ် အလောင်းအစား မှာ ကိုယ့်အခွင့်အရေး ကို ဆုပ်ကိုင်ပါတဲ့ ... ငွေက ရွှေ ဖြစ်သွားနိုင်တာပဲ ၊ အခု ခင်ဗျား ဖဲကလည်း သူ့ကို ဖိနိုပ်နိုင်လောက်အောင် တော်တော်လေးလေး ကောင်းနေတာပဲ မဟုတ်လား ”
တဲဗက်စ် တခဏ တွန့်ဆုတ်သွားကာ မှန်သည် ဟု ခံစားလိုက်ရသည် ။ ဤတစ်ကြိမ် သူ့ ဖဲက အတော်လေး ကောင်းနေပြီး ရှုချန်း အား ရှုံးနိုင်ချေ အနည်းငယ်သာ ရှိပေသည် ။
အချိန်အကြာကြီး တွေးတောပြီးနောက် စိတ်ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည် ။ တဆက်တည်း သူ့မျက်လုံးများ မှေးကျဥ်းသွားကာ ရှုချန်း အား ကြည့်လိုက်ပြီး ...
“မင်း သိပ်ကို သွေးကောင်းနေတယ်ပေါ့ ဟုတ်လား ။ ငါ မင်းကို ပြောလိုက်မယ်... ဒီတစ်ကြိမ် မင်းဆီက အတိုးကော အရင်းပါ ရအောင် ယူမယ်...သန်း ၅၀ .. ငါလိုက်တယ်...”
တဲဗက် အရှေ့ရှိ ဒင်္ဂါးအပုံလိုက် ကို အလယ်သို့ တွန်းပို့လိုက်သည် ။
“ အရမ်းက ဒီလို ပြိုင်ဘက်မျိုးကို လိုအပ်နေတာ...ဒါပေမဲ့ ဒီလောက်နဲ့တော့ မရသေးဘူး ။ ရင်ခုန်စိတ်လှုပ်ရှားစရာလေးတွေ ဖန်တီးလိုက်ကြရအောင် ... သန်း ၅၀ ထပ်တိုးတယ်... မင်း လိုက်မှာလား...”
ရှုချန်း က နောက်ထပ် သန်း ၅၀ အား ထပ်တိုးလိမ့်မည်ဟု တဲဗက်စ် ထင်မထားခဲ့ချေ။
သူ့ဘေးရှိ တင်မ်က ပြောလာခဲ့သည်။
“ ကစားခဲ့တဲ့ ဖဲချပ်တိုင်းကို ကျုပ် မှတ်ထားပြီးပြီ အရောင်တူ ကျနိုင်တာက ၁၂ ရာခိုင်နှုန်းပဲ ရှိတယ် ။ အစဥ်လိုက် က ၅ ရာခိုင်နှုန်း ... ဒီလိုဆိုမှတော့ ခင်ဗျား အတွက် အနိုင်ရချေက ၈၈ ရာခိုင်နှုန်းကို ရှိနေတာ ... ဒီလို ဆိုမှတော့ မစ္စတဲဗက်စ်... ခင်ဗျား ဒီပွဲကို ဆက်လိုက်သင့်တယ်လို့ ကျုပ်ထင်တယ်... ”
တဲဗက်မှာ စိတ်ပညာ တိုက်ပွဲတွင် ရှိနေဆဲပင် ။ လက်ရှိ ပမာဏ နှင့် သူ အနိုင်ရလျှင်ပင် အရင်းသာ ရှိနေသေးသည်။ ထိုကြောင့် သူ မနိုင်သေးဟု ပြောနိုင်သည် ။ သူ့ ပန်းတိုင် မှာ ရှုချန်း ၏ ပိုင်ဆိုင်မှု အားလုံးကို သိမ်းယူရန် ဖြစ်၏။
သို့သော် ထိုသို့ လုပ်ရန် ရှုချန်း အား တွန်းအားပေးရမည် ဖြစ်ပြီး သူသည်လည်း ငွေသားများများ ထုတ်ရပေမည်။
ယခု ရှုချန်း က သန်း ၁၀၀ လောင်းကြေး ထပ်လာပြီမို့ တဲဗက်စ်သာ အနိုင်ရလျှင် အရာအားလုံး အဆင်ပြေသွားလိမ့်မည်။ ဒီ့အပြင် ရှုချန်း ကိုပင် သင်ခန်းစာ ကောင်းကောင်း ပေးသည့်အလား ဖြစ်သွားပေမည်။
ထိုသို့တွေးလိုက်ပြီးနောက် မူလရှိခဲ့သည့် ရှယ်ယာ ၂၀ ရာခိုင်နှုန်း မှ ၅ ရာခိုင်နှုန်း အကုန်ကို ငွေသား သန်း ၁၅၀ အဖြစ် လဲလိုက်တော့သည်။
“ သန်း ၁၅၀.. မင်း ဆက်လိုက်ဖို့ သတ္တိရှိလား...”
တဲဗက်စ် ၏ စိတ်ထဲတွင်တော့ အေးစက်စက် ပြောနေမိ၏။
ကဲ ငါ သန်း ၁၅၀ အထိ တိုးလိုက်ပြီ မင်း ဖဲမကောင်းဘူးဆိုရင် ဆက်ကစားဖို့ သွေးရှိလား...
ထိုစဥ် ရှုချန်း ၏ အမူအရာက ကျဥ်းထဲကျပ်ထဲ ရောက်နေသည့်အလား ဖြစ်နေ၏။
သူ့ဘေးရှိ လင်ချုရွယ် မှာ စိုးရိမ်နေပုံ ရသည် ။ ရှုချန်း တစ်ယောက် လောင်းကစား ဆိုသည့် တွင်းနက်ထဲ ကျဆင်းပြီး ရှုံးနိမ့်ခြင်း နှင့် အဆုံးသတ်သွားမည်ကို တွေးပူမိသည်မို့ အင်္ကျီစအား ဆွဲကိုင်လိုက်ကာ...
“ငါတို့ လက်လွှတ်သင့်တယ်လို့ ထင်တယ်နော်...လောင်းကြေးထပ်မတင်ရင် ဒီပွဲရှုံးလည်း ကိစ္စမရှိဘူး... ဘယ်လိုပဲ ဖြစ်ဖြစ် အစက နိုင်ထားတဲ့ ပိုက်ဆံ ဆုံးရှုံးသွားမှာပဲ ရှိတာ...”
ရှုချန်း ခေါင်းညိတ်လျက် စကားလမ်းကြောင်း ပြောင်းလိုက်သည်။
“ချုရွယ်... ကိုယ်တို့ လက်ထပ်ထားတာလည်း ကြာခဲ့ပြီ မင်းအတွက် မင်္ဂလာဦး လက်ဆောင်နဲ့ ပက်သက်ပြီး ဘာမှ မပေးရသေးဘူးနော်...”
လင်ချုရွယ် ဆွံအသွားပြီးနောက် တီးတိုးလေသံဖြင့်...
“ရှင် ဘာကို ပြောချင်လို့လဲ...”
ရှုချန်း ပြုံးလိုက်ပြီး...
“ကိုယ် နိုင်ရင် မင်းကို လက်ဆောင်ဝယ်ပေးမယ်လေ...”
ထို စကားကြားရသည်တွင် လင်ချူရွယ် ရှက်ရွံသွားပြီး ဘာစကား ပြောရမှန်း မသိတော့ချေ။ သူမ မျက်လုံး လှည့်ကြည့်လျက် တစ်ဖက်သို့ လှည့်ကာ မည်သည့်စကားမှ မဆိုတော့ပေ ။ ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် သူမတို့ ထိုသို့ ချစ်စကားများ ပြောခြင်းသည် ပထမဦးဆုံး အကြိမ် ဖြစ်သဖြင့် ရုတ်တရက်ကြီး မည်သို့ ပြန်ဖြေရမှန်း မသိ ။ ရင်ခုန်သံများ မြန်လာပြီး သူမ ၏ နှင်းဖြူရောင် အသားအရည် က ပန်းရောင်သို့ပင် သန်းချေသည်။
ရိုးရိုးသားသား ပြောရလျှင် ရှုချန်း သူ့ကဒ်ထဲရှိ ငွေသားတို့ အကုန်ကုန်သွားပြီ ဖြစ်သည် ။ သူ၏ ကွန်ဒိုတိုက် နှင့် ပိုင်ဆိုင်မှုကို အပေါင်အဖြစ် မထားလိုက်လိုချေ။ ထို့ကြောင့် လင်ချူရွယ်ထံ အရေထူထူ လေသံဖြင့်...
“အချစ်လေး ကိုယ် ဖဲဆော့ဖို့ မင်း ပိုက်ဆံ နည်းနည်း ချေးပေးနိုင်မလား...”
လင်ချူရွယ် ချက်ချင်း ထရယ်တော့သည် ။ သူမ ရယ်ရခက်ခက် ဒေါသထွက်ရ ခက်ခက် ဖြစ်ရသည်။ ရှင် ချစ်စကားလေးတွေ ပြောနေတာက ကျွန်မဆီက ပိုက်ဆံချေးချင်လို့ ဟုတ်လား..
သို့သော်လည်း သူမ နှုတ်ခမ်းလေး ဆူလျက် ...
“ကျွန်မ ဒီနှစ်ထဲ အလုပ်လုပ်ပြီး သန်း ၂၀၀ လောက်တော့ ပိုက်ဆံ စုဖြစ်ခဲ့တယ်.... ဒါကုန်ရင်တော့ ကျွန်မ ကိုယ် ကျွန်မ ကုမဏ္ဏီ ဆီ ရောင်းစားရပြီနော်...”
သူမ ထိုသို့ ပြောလိုက်သော်လည်း ထရပ်ကာ ကဒ်ထဲမှ ငွေများကို ထုတ်ယူရန် ကောင်တာဆီသို့ ဦးတည်လိုက်လေသည်။
ရှုချန်း တကယ်ကြီး လောင်းကြေးလိုက်တော့မည် အား မြင်သော် တဲဗက်စ် တစ်ယောက် ချွေးပြန်သွားတော့သည် ။
ထိုစဥ် တစ်ဖက်ရှိ တင်မ် က သူ့အား စိတ်လျော့စေရန် ပြောလာ၏။
“အကောင်ကြီးကြီး မိဖို့က စိတ်ရှည်မှ ရတယ်နော်...”
အခန်း ၉၂ ပြီး