နတ်နဂါးစစ်သည်
အခန်း ၈၈
( လောင်းကစားဟူသည် အနုပညာတမျိုး...)
တဲဗက်စ် ရှယ်ယာဝင်ထားသော ကာစီနိုသို့ရောက်သောအခါ အားလုံး ကားပေါ်မှဆင်းလိုက်ကြသည်။
ဦးထုပ် ခပ်ငိုက်ငိုက်ဆောင်းကာ နေကာမျက်မှန် တပ်ထားသည့်အတွက် လင်ချူရွယ်အား အခြားသူများ မှတ်မိရန် ခဲယဉ်းပေသည်။ သူမ၏ အလှအပ သင်္ကေတတခုဖြစ်သော မျက်ဝန်းလဲ့ပြာပြာများကို နေကာမျက်မှန်ဖြင့် ဖုံးကွယ် ထားနိုင်ခဲ့သည်။ ထို့ကြောင့် ပါပါရာဇီများ သူမဆီသို့ ရောက်လာမည် မဟုတ်ချေ။ အကယ်၍ ရောက်လာလျှင်ပင် ကာစီနို လုံခြုံရေးများက တားဆီးပေလိမ့်မည်။
ကာစီနိုထဲသို့ ရောက်သောအခါ အတော်လေး လုံခြုံသွားပြီဖြစ်၍ လင်ချူရွယ်သည် ရှုချန်းအနားသို့ တိုးကပ်လိုက်၏။
ဤကာစီနိုမှာ အနောက်ပိုင်းတံခါးဝဒေသရှိ ကာစီနိုထက် အစစအရာရာ ပိုမို ခမ်းနားကြီးကျယ်ကာ ကောင်းမွန်လှ၏။ ကာစီနို အနီးတဝိုက်တွင်လည်း ဟိုတယ်များ၊ အပန်းဖြေစခန်းများစွာ ရှိသည့်အတွက် ရှန်ချန်းမြို့သို့ ရောက်ရှိပါက မဖြစ်မနေ သွားရောက် လည်ပတ်ရမည့် နေရာ တခုဟုပင် ဆိုရပေမည်။
တဲဗက်စ် က ဂုဏ်ယူဝံ့ကြွားစွာဖြင့်…
“ဒီကာစီနိုကို ဒေါ်လာသန်း ၅၀၀ ကျော်လောက် အကုန်အကျခံ ဆောက်ခဲ့တာ... ရှန်ချန်းမှာတင် မကဘူး... တစ်ကမ္ဘာလုံးမှာပါ နာမည်ကြီးတယ်...”
လင်လဲ့က…
“မင်းက ရှယ်ယာဘယ်လောက်ပိုင်တာလဲ...”
“သိပ်တော့မများပါဘူး... ၂၀ % လောက်ပဲ...”
တဲဗက်စ် က နှိမ့်ချစွာ ပြောလိုက်၏။ သို့သော် ၂၀ % ဆိုသည်မှာ ဒေါ်လာ သန်း ၁၀၀ ကျော်ဖြစ်၍ လွန်စွာ ကြီးမားသော ငွေပမာဏဖြစ်ပေသည်။ ဤကဲ့သို့သော ကာစီနိုတခုတွင် ရှယ်ယာရှင်ဖြစ်နေသည့် တဲဗက်စ် အဖို့ သက်တူရွယ်တူများ အကြားတွင် ကြွားလုံးထုတ်နိုင်၏။
“အန်တီနဲ့ အန်ကယ် စိတ်ကြိုက်ကစားကြပါ... ယွမ် နှစ်သန်းလောက်ကတော့ ကျွန်တော့်စာရင်းထဲပဲ ထည့်လိုက်... ကျွန်တော် ရှင်းလိုက်မယ်...”
တဲဗက်စ် အမှတ်ဝင်ယူလိုက်သည်။ သိမ်နုပ်စွာ ဝတ်ဆင်ထားသော ရှုချန်းကို ကြည့်ကာ လင်မိသားစု၏ သမက်သည် ငွေကြေး မပြေလည်သူဖြစ်မည်ဟု တဲဗက်စ် ယူဆမိသည်။ ထို့ကြောင့် ယနေ့တွင် ရှုချန်းအား သိမ်ငယ်စိတ်ဝင်ကာ သူ၏ ချမ်းသာကြွယ်ဝမှုလည်း ပိုမိုပေါ်ပေါက်လာအောင် တဲဗက်စ် ဦးတည် လုပ်ဆောင်နေခြင်း ဖြစ်ပေသည်။
ထို့နောက် လင်လဲ့၏ပခုံးကို ဖက်လိုက်၏။ ရှုချန်းထံမှ လင်ချူရွယ်ကို အရယူရန် ကြိုးပမ်းမည့် ခရီးစဉ်တွင် သူမ၏မောင် လင်လဲ့မှာ အရေးပါသည့် သော့တချောင်း ဖြစ်လာပေလိမ့်မည်။
ထို့ကြောင့် ပြုံးလိုက်ကာ…
“ဝီလျံ (လင်လဲ့၏ အင်္ဂလိပ်နာမည်)... လက်စ်ဗီးဂတ်စ်မှာတော့ မဟုတ်ပေမဲ့ အာရှရဲ့ အကြီးဆုံး ကာစီနိုကို ရောက်တုန်းရောက်ခိုက် မင်းကိုလိုက်ပြမယ်... ဆော့ပါလား... နိုင်တော့လည်း ငွေထုပ်ပိုက်ပြီး ပြန်လို့ရတာပေါ့... နှစ်သန်းလောက်ကတော့ ငါ့စာရင်းထဲပဲ ထည့်ထားလိုက်ပါ... ရတယ်...”
လင်လဲ့သည် ပခုံးပေါ်မှလက်ကို ပုတ်ထုတ်လိုက်ကာ ရပ်တည်ဖြင့် “ငါတို့က အဲဒီလောက် ရင်းနှီးနေလို့လား...”ဟု ဆို၍ ရှုချန်းဘက်ကို ရွှေ့လိုက်သည်။
သို့သော် တဲဗက်စ် အပြုံးမပျက်ပဲ ရှုချန်းကို ကြည့်၍ “ခင်ဗျားလည်း ကစားကြည့်ချင်လား...”
“ကျုပ်က ရဲဝန်ထမ်းတယောက်ပါ... ဒီလိုမျိုး မလုပ်သင့်ဘူး...”
တဲဗက်စ် သည် ရှုချန်းကို မထီမဲ့မြင်ကြည့်လိုက်ကာ …
“ရောက်တုန်းရောက်ခိုက်တော့ နှစ်ပွဲလောက် အပျော်ဆော့သွားသင့်တယ်လေ... မဟုတ်ရင် ခင်ဗျား နောင်တရနေမယ်...”
လင်ချူရွယ်က ရှုချန်းအနားသို့ တိုးကပ်ကာ …
“နင် ကစားချင်ရင် ငါ့ကတ်ကို ယူသွားလေ...”
တဲဗက်စ် က အားနာဟန်ဖြင့် …
“ဆောရီးနော်... မစ္စတာရှုက အရမ်း လေးစားဖို့ကောင်းတာပဲ... ကင်းလှည့် အရာရှိတွေက မြေပဲတွေပဲ ရတယ်လို့ ကြားဖူးတယ်... ဟုတ်ရဲ့လား... ဒီလောက် လစာနည်းနည်းပဲ ရတဲ့ အလုပ်နဲ့ ငွေကုန်ကြေးကျများတဲ့ ရှန်ချန်းမြို့တော်ကြီးမှာ မစ္စတာရှု ဘယ်လိုတွေများ ရှင်သန် နေထိုင် စားသောက်နေလဲဆိုတာ ကျုပ် သိချင်မိတယ်...”
“အဖေက ကျုပ်အတွက် ပိုက်ဆံတွေနဲ့ ကွန်ဒိုတွေ ဝယ်ပေးခဲ့လို့ ကျုပ် အဆင်ပြေပါတယ်...”
“အိုး ဟုတ်လား... ကွန်ဒို ဝယ်ပြီး ငှားတာ အရမ်းအမြတ်ရတယ်လို့ ကြားဖူးတယ်... အခု ခင်ဗျား ဘယ်လောက်လောက် စုမိနေပြီလဲ...”
“သိပ်တော့ မများပါဘူး... လွန်ခဲ့တဲ့ ၁၀ နှစ် ကျုပ်တို့ ဗြိတိန်မှာရှိတုန်းက ရှန်ချန်းမှာ ကွန်ဒိုတလုံး ဝယ်ခဲ့တယ်လေ... အဲဒီတုန်းကတော့ တသန်းပေါ့... အခုဆို မြေရော အဆောက်အအုံရောဆိုရင် တစ်ဘီလီယံလောက် တန်နေပြီ... ဒါပေမဲ့ ဒေါ်လာမဟုတ်ဘူး... ယွမ်ဈေးနဲ့ပဲ...”
ရှုချန်းသည် ၎င်းကိစ္စအား ပေါ့ပေါ့တန်တန်ဟန်ဖြင့် ပြောဆိုလိုက်သည်။
တစ်ဘီလီယံဟူသော စကားကို ကြားသည့်အခါ တဲဗက်စ် မျက်နှာပျက်ယွင်းသွားသည်ကို မြင်ရ၍ လင်လဲ့ ဟန်မဆောင်နိုင် တခွီးခွီး ကြိတ်ရယ်မောမိသည်။ တစ်ဘီလီယံသည် အမေရိကန်ဒေါ်လာ ၁.၆ မီလီယံခန့်သာ ရှိသော်လည်း စီးပွားရေး လုပ်ငန်းတခု လုပ်ဆောင်ခြင်းထက်တော့ အမြတ်ပိုမိုများပြားပေသည်။
“အားချန်း... ငါ့ကို ဒီကိစ္စ ဘာလို့မပြောခဲ့တာလဲ...”
လင်ကွေ့ရန် အံ့အားသင့်သွားသည်။
ရှုချန်းက ရှိုးတိုးရှန့်တန့်ဖြင့် … “အဖေ ထားခဲ့တဲ့ ပိုက်ဆံတွေ ငွေတန်ဖိုး ကျသွားမှာစိုးလို့ ဒီကွန်ဒိုကို ဝယ်ထားလိုက်တာလေ... အထွေအထူး မဟုတ်တာနဲ့ မပြောမိတာပါ... ဝယ်ပြီးကတည်းက ဈေးတက်လာတယ်ပဲ ဆိုပါတော့... ကျုပ် ကံကောင်းသွားရုံပါ... ဒါပါပဲ...”
လင်ချူရွယ် အမေက ရယ်မောလိုက်ကာ … “ဒါ အရမ်းကောင်းနေပြီလေ... ရင်းနှီးမြှုပ်နှံမှုဆိုတာ ကံတရားရော အကွက်အကွင်း မြင်မှုအပေါ်မှာပါ မူတည်တယ်... အခုဆို တစ်သန်းကနေ တစ်ဘီလီယံတောင် ဖြစ်သွားပြီ မဟုတ်လား... အားချန်းနဲ့ ရွယ်တူတွေထဲမှာ ဒီလောက် ရှာနိုင်မယ့်သူ အများကြီး မရှိဘူးလို့ ထင်တယ်နော်...”
သူ ပိုင်ဆိုင်သည့် ကာစီနိုထဲတွင် ရှုချန်းအား ချီးမွမ်းခန်းဖွင့်သည်ကို ကာစီနို ရှယ်ယာရှင်ကြီး တဲဗက်စ် နားမခံနိုင်တော့ချေ။ ထို့ကြောင့် ချောင်းဟန့်လိုက်ကာ …
“ခင်ဗျားမှာ ပိုက်ဆံရှိရင် ဘာလို့မကစားတာလဲ... နည်းနည်းလောက်ဖြစ်ဖြစ် လောင်းကစားလေး လုပ်ကြည့်ပါလား... စိတ်ပြေလက်ပျောက်ပေါ့...”
ရှုချန်းက လင်ကွေ့ရန် လင်မယားအား ကြည့်ကာ ပြောလိုက်သည်။
“အဖေနဲ့အမေ ဒီကိုလာတော့ ယွမ်တွေ သိပ်ယူမလာဘူးမလား... ကျွန်တော့်ပိုက်ဆံတွေ ရှိတယ်လေ... ဒါတွေယူသုံးပါလား...”
လင်ကွေ့ရန် တို့နှစ်ဦးသည် ပြင်ပလူတဦးဖြစ်သော တဲဗက်စ် ၏ ငွေကို မည်သည့်နည်းနှင့်မျှ မထိလိုကြပေ။ စီးပွားရေး ကောင်းမွန်ကာ အဆင့်အတန်းရှိသူများ ဖြစ်သည့်အတွက် ဤမျှလောက်သော ပမာဏ အနည်းငယ်အတွက် တဲဗက်စ် အား ကျေးဇူးကြွေးလည်း မတင်လိုကြချေ။ သို့သော် ရှုချန်းမှာမူ သူတို့၏ သားအရင်းကဲ့သို့ ဖြစ်နေသည့်အပြင် သမက်လည်း ဖြစ်၍ ငွေယူသုံးခြင်းက ကိစ္စမရှိချေ။
လင်ကွေ့ရန် က ခေါင်းညိတ်လိုက်ပြီး… “ကောင်းပြီလေ... ဒါဆိုလည်း ကစားကြတာပေါ့...”
လင်ကွေ့ရန် သည် သူဌေးပီပီ လောင်းကစား ဆော့ကစားရသည်ကို နှစ်သက်သူဖြစ်၍ အားလပ်ချိန်များ၌ လက်စ်ဗီးဂတ်စ်သို့ သွားတတ်ပေသည်။
ထိုစကားကြောင့် တဲဗက်စ် လွန်စွာ စိတ်လှုပ်ရှားသွား၏။
“ကောင်းပြီ... ခင်ဗျားကြီးရဲ့ပိုက်ဆံတွေ အကုန်လုံးရှုံးအောင် လုပ်ပြမယ်... စောင့်ကြည့်နေ... ခင်ဗျား တစ်ပြားမှမကျန်အောင် ရှုံးရင် ကျုပ် ငွေထပ်ချေးပေးမယ်...”ဟု စိတ်အတွင်းမှ ရေရွတ်လိုက်သည်။
ထို့နောက် ဖဲကစားရန် VIP အခန်းသို့ သွားကြတော့သည်။
ရှုချန်း၏ ဘဏ်ကတ်ထဲတွင် အိမ်ခြံမြေစီမံခန့်ခွဲမှုကုမ္ပဏီမှ ရရှိထားသည့် ယွမ် သန်း ၂၀ ခန့် ရှိပေသည်။ လင်ကွေ့ရန် စုံတွဲမှာ လောင်းကြေး ကြီးမြင့်သော ဂိမ်းများကို မကစားလိုသဖြင့် တရုတ်ယွမ် ငါးသန်းခန့် တန်ဖိုးရှိသည့် ကတ်ပြားများကိုသာ ရယူလိုက်သည်။
လင်လဲ့လည်း တစ်သိန်းတန် ကတ်ပြားကိုယူကာ ဂိမ်းအသေးလေးများ ဆော့ကစားရန် ထွက်ခွာသွားခဲ့သည်။ လင်ချူရွယ်သည် မိဘများ အနီးတွင်သာ ရှိနေ၍ တဲဗက်စ် လည်း လင်ကွေ့ရန် နှင့် ကစားရန် ဆုံးဖြတ်လိုက်၏။
တဲဗက်စ် က ရှုချန်းကို ကြည့်ကာ… “ခင်ဗျားရော မကစားဘူးလား...”
သူတို့ကစားသည်မှာ နိုင်ငံခြားသားများသာ ကစားလေ့ရှိသော ပိုကာ ကစားနည်း ဖြစ်ပေသည်။ ထို့ကြောင့် လင်ကွေ့ရန် ရယ်မောလိုက်ကာ…
“ငါ့သမက်က ဒီကစားနည်းကို မသိဘူး တဲဗက်စ်... မင်းက ကာစီနိုဖွင့်ထားတော့ ဘယ်လောင်းကစားမဆို ကျွမ်းကျင်ပြီးသား ဖြစ်ကောင်းဖြစ်လိမ့်မယ်... ငါ့သမက် လူရိုးလေးကိုတော့ ဆွဲမထည့်ပါနဲ့..."
“ကျွန်တော်လည်း အဲဒီလောက် မကျွမ်းကျင်ပါဘူး... ဒါပေမဲ့ လေ့လာဖို့တော့ အချိန်အတော် ယူခဲ့ရတာပေါ့...”
လင်ချူရွယ်က ရှုချန်းအား လက်မောင်းချိတ်ထားရင်းမှ ခပ်ဖွဖွ ပြုံးကာ ပြောလာသည်။
“နင် တကယ် မကစားချင်ဘူးလား...”
ရှုချန်း အနည်းငယ် ပြုံးလိုက်၏။ “ဒါတွေက ပျင်းဖို့ကောင်းတယ်...”
အရာအားလုံးကို ထွင်းဖောက်မြင်နိုင်သူ ရှုချန်းအဖို့ ဤကစားနည်းမှာ ငြီးငွေ့ဖွယ်ကောင်းလှပေသည်။
“ဉာဏ်ရည်နိမ့်တဲ့ လူတွေကတော့ ဒီလိုတွေးကြမှာပါပဲ... တကယ်တော့ လောင်းကစားဆိုတာ အနုပညာတစ်ခုပဲဗျာ့... ကစားနည်းမသိ အသုံးမကျလို့ အမြဲတမ်း ရှုံးနေတဲ့သူတွေကတော့ ပျင်းစရာလို့ ထင်မှာပေါ့... ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီကစားနည်းတွေမှာ နိုင်ဖို့ဆိုတာ မလွယ်ဘူး... ကျွမ်းကျင်မှုရော ဉာဏ်ရည်ပါ လိုအပ်တယ်...”
တဲဗက်စ် သည် အကွက်ဝင်သည်နှင့် ရှုချန်းအား တစင် ထိုးနှက် တိုက်ခိုက်တော့၏။ သူ့စကား အရ ဉာဏ်တိမ်သည့် လူများ သည် ဝင်ရောက်ကစားရန် အဆင့်မတူဟုပေ။
အခန်း ၈၈ ပြီး