နတ်နဂါးစစ်သည်
အခန်း ၈၅
( ရှုချန်း လုပွဲ )
ရှန်ယောင်သည် ရှုချန်းနှင့်အတူ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ညတညကို ဖြတ်သန်းရမည်ဟု လွန်စွာ မျှော်လင့်ထားမိသော်လည်း ရှုချန်းတွင် သဘောကျရမည့်သူ အခြားတယောက်ရှိနေကြောင်း ကြားလိုက်ရသည့်အတွက် လွန်စွာ စိတ်မကောင်းဖြစ်ခဲ့ရတော့သည်။
ထိုကဲ့သို့ နှလုံးသားထဲ၌ တစုံတဦး ရှိနေခြင်းကြောင့် ယန်ကျင်းနှင့် သူမအား သိပ်ဂရုမစိုက်သည်မှာ မဆန်းပေ။
ရှန်ယောင်သည် သန့်စင်ခန်းအတွင်းသို့ ဝင်ကာ မှန်ရှေ့တွင် ရပ်လိုက်ပြီး မသက်မသာ ပြုံးနေမိသည်။ ရှုချန်းသည် လူကောင်းတဦးဖြစ်မည်ဟု သူမ ထင်ခဲ့သော်လည်း ရှုချန်းထက် အပုံကြီးသာလွန်သည့် ယောက်ျားများ သူမ အနီးပတ်လည်တွင် ဝိုင်းဝိုင်းလည်နေပေသည်။ ထို့ကြောင့် ရှုချန်းသည် ရည်းစားကောင်းတဦး ဖြစ်နိုင်သော်လည်း သူမအတွက် မရှိမဖြစ် လိုအပ်သည်တော့ မဟုတ်ချေ။ သို့သော် နောက်ပိုင်းတွင် ရှုချန်းအား သူမ စိတ် တိမ်းညွတ်မိခဲ့သည်။
သို့သော်လည်း ယခုအချိန်တွင် ရှုချန်း ချစ်နှစ်သက် စုံမက်သူရှိကြောင်း ကြားလိုက်ရသည့်အတွက် ပြိုင်ဆိုင်လိုစိတ်ရှိသူ သူမ စိုးရိမ်စိတ်များစတင် ဝင်ရောက်လာတော့သည်။
“ကောင်းပြီလေ... ငါလည်း သူ့ကို အရမ်းကြီး သဘောကျတာ မဟုတ်ပါဘူး... ဂျင်းစိမ်းနဲ့ မိဿလင် သူကြင်မှ ကိုယ်ကြင်မှာပေါ့...”
ရှန်ယောင်တယောက် မှန်ကိုကြည့်ကာ မိမိကိုယ်ကို နှစ်သိမ့်စကား ဆိုလိုက်၏။
...
နောက်တနေ့နံနက်...
စစ်တပ်သုံး ကားနှစ်စီး စစ်ဒေသငါးသို့ ရောက်ရှိလာ၏။ ကားနံပါတ်များကို ကြည့်ရသည်မှာ ရှန်ချန်းမှ ဖြစ်ပေသည်။ ကားထဲ၌ လိုက်ပါလာသူများမှာလည်း ရာထူးကြီးမြင့်ပေလိမ့်မည်။ အထောက်အထား စာရွက်စာတမ်းများကို ပြသပြီးနောက် ဂိတ်စောင့်တပ်သားများသည် ချက်ချင်းအလေးပြုကာ ဝင်ခွင့်ပြုလိုက်ကြသည်။
ကားနှစ်စီးလုံးသည် အခြေစိုက်စခန်းသို့ တည့်မတ်စွာ မောင်းနှင်လာပြီး ညွှန်ကြားရေးမှူးရုံးခန်း ရှေ့တွင် ရပ်ကာ ဟွန်းကို မရပ်မနား တီးလိုက်၏။
အဆက်မပြတ်တီးနေသော ဟွန်းသံကြောင့် စစ်ဒေသငါး ကြီးကြပ်ရေးမှူး ဒေါသထွက်သွားကာ လက်ပစ်ဗုံးဖြင့် ထပစ်ချင်စိတ်ပင် ပေါ်ခဲ့သည်။ သို့သော် ရောက်ရှိလာသူများကို မြင်လိုက်ရသည့်အခါ “ကြည့်စမ်းပါဦး... ဘယ်ကောင်တွေလဲလို့... ထိပ်တန်းစစ်ဒေသ ရှစ်က ဂုဏ်ထူးဆောင် ညွှန်ကြားရေးမှူးက ကျုပ်ရဲ့နိမ့်ကျတဲ့ စစ်ဒေသလေးကို ဘာကိစ္စကြောင့် ရောက်လာပါသလဲ...”
စစ်ဒေသရှစ် ညွှန်ကြားရေးမှူးက “ငါ မင်းကို ပြောစရာရှိတယ်...”
“တော်လိုက်တော့... နှစ်တိုင်း ငါတို့အဖွဲ့ကို မင်း အနိုင်ကျင့်လာတာ... ငါ့မှာ မင်းကိုပြောစရာစကား မရှိဘူး... မင်းလိုကောင်အတွက် ငါ့ရဲ့ လက်ဖက်ခြောက်တွေ မဖြုန်းနိုင်ဘူး...”
“မင်းကလည်း လာစမ်းပါကွာ...”
စစ်ဒေသရှစ် ညွှန်ကြားရေးမှူး ရုံးခန်းအတွင်းသို့ ဦးစွာဝင်လိုက်၏။ ထို့ကြောင့် စစ်ဒေသငါး ကြီးကြပ်ရေးမှူးလည်း နောက်မှ ဝင်လိုက်သွားကာ တံခါးကိုပိတ်လိုက်သည်။
“ဘာပြောမလို့လဲ...”
စစ်ဒေသရှစ် ကြီးကြပ်ရေးမှူးသည် ရှုချန်း၏ ကိုယ်ရေးအချက်အလက်ဖိုင်ကို စားပွဲပေါ်သို့တင်လိုက်ပြီး “သူ့ကို ငါတို့ စစ်ဒေသရှစ်က လိုချင်တယ်...”
“ငါ မင်းကို ပြောပြီးပြီမဟုတ်လား... ဒီကောင့်ကိုပေးလို့မရဘူး...”
စစ်ဒေသရှစ် ညွှန်ကြားရေးမှူး ရယ်မောလိုက်ကာ ....
“သူ့ကိုပေးလိုက်စမ်းပါ... မင်းတို့စစ်ဒေသက နှစ်တိုင်း ပြိုင်ပွဲမှာ ရှုံးနေတာလေ... သူ့ကို ငါ့ဆီသာ ပေးလိုက်ရင် ငါတို့ စစ်ဒေသ ဒီနှစ်ပြိုင်ပွဲမှာ ထိပ်ဆုံးသုံးဖွဲ့ထဲပါမှာ အာမခံတယ်... ထိပ်ဆုံးသုံးဖွဲ့မှာပါရင် သူ့ရဲ့ စွမ်းဆောင်ရည်တွေကိုလည်း ပိုပြဖို့ အခွင့်အရေးရလိမ့်မယ်... ဒါဆိုရင် သူ့အနာဂတ်က ပိုကောင်းမယ် မဟုတ်ဘူးလား...”
စစ်ဒေသရှစ် ညွှန်ကြားရေးမှူးနှင့်အတူ ပါလာသောသူကလည်း....
“အဆင်ပြေမယ်မဟုတ်လား... သူ့ကို စစ်ဒေသရှစ်ကို ပေးလိုက်ပါ... အခုချိန်မှာ မဆုံးဖြတ်ရသေးပေမဲ့ သူ့ကို ငါတို့က တောက်ပတဲ့အနာဂတ်တခု ပေးနိုင်ပါတယ်...”
စစ်ဒေသငါး ကြီးကြပ်ရေးမှူးသည် ထိုသူနှစ်ဦးလုံးကို ကြည့်လိုက်သည်။ ထိုသူနှစ်ဦးအနက် တဦးမှာ ရှန်ချန်း ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူး ဖြစ်ပေသည်။
“ဒီနေ့ ဘာဖြစ်နေတာလဲ... မင်းတို့နှစ်ယောက်လုံး ဘာကိစ္စ ငါ့ရဲ့ နုံချာလှတဲ့ရုံးခန်းလေးကို ရောက်လာကြတာလဲ...”
“သူငယ်ချင်း... ဒီတခေါက် ရှုချန်းရဲ့ စွမ်းဆောင်ရည်ကို ကြည့်လိုက်တော့ မင်းရဲ့စစ်ဒေသမှာ နေခိုင်းတာ နှမျောဖို့ကောင်းတယ်လို့ ထင်မိတယ်... သူ့ရဲ့ တိုက်ရည်ခိုက်ရည်နဲ့ စွမ်းအားအရဆို ရာဇဝတ်သားတွေနဲ့ ရင်ဆိုင်တာ ပိုပြီးသင့်တော်မယ်လို့ထင်မိတယ်... အခု ငါ့ရဲတပ်ဖွဲ့မှာလည်း သူ အရမ်းပျော်နေပြီ...”
ရဲညွှန်ကြားရေးမှူးက ပြုံးကာပြောလိုက်သည်။
စစ်ဒေသငါး ညွှန်ကြားရေးမှူးက ...
“ရာဇဝတ်ကောင်တွေနဲ့ သူ တိုက်ခိုက်မှာကို ငါမစိုးရိမ်ပါဘူး...ဒါပေမဲ့ နောက်မှရောက်လာတဲ့သူကို အရေးပေးလို့ စည်းလုံးနေတဲ့ မင်းတို့ရဲတပ်ဖွဲ့ကို မပြိုကွဲစေနဲ့ပေါ့... ပြီးတော့ မမေ့နဲ့ဦး... ငါက သူ့ကို အားလပ်ရက်ပေးတဲ့အနေနဲ့ ရဲတပ်ဖွဲ့ကို ပို့လိုက်တာ... ငါတို့ စစ်ဒေသငါးမှာ သူ့ရာထူးရှိသေးတယ်... ဒါကြောင့် သူ့ကို မင်းတို့ဆီ အပြီးမပေးနိုင်ဘူး...”
ရဲညွန်ကြားရေးမှူးက....
“ဒါ့ကြောင့်လည်း ငါတို့ရဲတပ်ဖွဲ့ကို တရားဝင်လွှဲပြောင်းပေးဖို့ မျှော်လင့်ပြီး လာပြောတာပေါ့... လောလောဆယ်တော့ ကတိမပေးနိုင်သေးပေမဲ့ အနာဂတ်မှာ မှုခင်းဌာနရဲ့ ရာထူးကြီးတယောက်ဖြစ်လာမှာ သေချာတယ်...”
စစ်ဒေသငါး ညွှန်ကြားရေးမှူးသည် ရှုချန်းအတွက် ကောင်းမွန်သော အနာဂတ်တို့ ရှိနေပြီဖြစ်ကြောင်း သိလိုက်ရ၍ ဝမ်းသာမိ၏။ ထိုအချိန်တွင် စစ်ဒေသရှစ် ညွှန်ကြားရေးမှူးကို လှမ်းကြည့်လိုက်ကာ ...
“ဟိုကတော့ ကမ်းလှမ်းနေပြီ... မင်းရော ဘယ်လိုထင်လဲ...”
စစ်ဒေသရှစ် ညွှန်ကြားရေးမှူးသည် ရဲညွှန်ကြားရေးမှူးကို ကြည့်လိုက်ရာ...
“မင်းက စစ်သားစစ်စစ်တယောက်ကို ဖျက်ဆီးနေတာပဲ... သူ့မှာတိုးတက်ဖို့ အခွင့်အလမ်းတွေ အများကြီးပဲ... ငါတို့ စစ်ဒေသကိုသာရောက်လာရင် ထိပ်တန်း စစ်သား တယောက်ဖြစ်အောင် ပြုစုပျိုးထောင်ပေးနိုင်တယ်လို့ ငါ အာမခံတယ်...”
ရဲညွှန်ကြားရေးမှူးက... “ကြွားမနေနဲ့... ငါ ဒီကောင့်ကိုခေါ်မယ်... မင်းတို့စစ်တပ်က ခွန်အားအရာပဲ လေ့ကျင့်ပေးနိုင်တာ... ငါတို့ ရဲတပ်ဖွဲ့မှာဆိုရင် ဘက်စုံထူးချွန်အောင် လေ့ကျင့်ပေးနိုင်တယ်... မင်းတို့ စစ်တပ်မှာနေရင် စာနာစိတ်မရှိတဲ့ စစ်သားတယောက်ပဲ ဖြစ်သွားလိမ့်မယ်...”
ထိုစကားကြောင့် စစ်ဒေသရှစ် ညွှန်ကြားရေးမှူး ဒေါသထွက်သွားကာ...
“မင်း ဘာစကားပြောတာလဲ...”
ရဲညွှန်ကြားရေးမှူးက လက်ကာပြကာ အခြေအနေ အား တည်ငြိမ်စေလိုက်သည် ။
“ကောင်းပြီ... ရှုချန်းအကြောင်း မပြောတော့ဘူး... ဒါပေမဲ့ ဒီကောင်လေးကို ငါသဘောကျတယ်...”
စစ်ဒေသရှစ် ကြီးကြပ်ရေးမှူးကလည်း....
“ငါလည်း သဘောကျတယ်...ငါပဲ သူ့ကိုခေါ်မယ်...”
နှစ်ဦးသား မျက်လုံးချင်းဆိုင်ကာ စူးစူးရဲရဲ စိုက်ကြည့်လိုက်ကြသည်။
“ကောင်းပြီ... မင်းတို့နှစ်ယောက် ငြင်းမနေကြနဲ့တော့... ငါ ဆုံးဖြတ်ပေးမယ်... အရင်ဆုံး ရှုချန်းကို ငါ့အဖွဲ့မှာပဲ ဆက်ထားမယ်... ဒါပေမဲ့ သူ့ကို ဘာအချက်တွေကြောင့် သဘောကျလဲဆိုတာ ပြောပြနိုင်မလား...”
ရဲညွှန်ကြားရေးမှူး သက်ပြင်းချလိုက်သည်။
“မင်းလည်း သိမှာပါ...ရှန်ချန်းက ဘဏ္ဍာရေး အချက်အချာကျတဲ့ မြို့ကြီးလေ... လူတန်းစားလည်း စုံတယ်... ငါတို့ ရဲသင်တန်းဆင်းတွေထဲမှာ အရည်အချင်းရှိတဲ့သူတွေက နည်းသထက် နည်းလာတယ်... ဘယ်လိုပုံစံနဲ့ ရာထူးတက်မလဲဆိုပြီး အခွင့်အရေးချောင်းနေတဲ့ ကောင်တွေပဲများလာတယ်... တကယ်အရည်အချင်းရှိရှိ မှန်မှန်ကန်ကန်လုပ်တဲ့ ရဲဆိုတာ တဖြည်းဖြည်း နည်းလာတယ်... ဒါ့ကြောင့်လည်း ချမ်းသာတဲ့မိသားစုတွေက သူတို့ စိတ်ထင်တိုင်းကြဲတော့တာပဲ... ရဲတွေကိုလည်း ဂရုမစိုက်တော့ဘူး... ရှုချန်းသာဆိုရင် ဒီပြဿနာတွေကို ဘယ်လို ဖြေရှင်းရမယ်ဆိုတာ သိတယ်... သူကချမ်းသာပြီး ထင်တိုင်းကြဲနေတဲ့ အမွေဆက်ခံသူတွေရော တံခါးဝဂိုဏ်း လေးခုက အဖွဲ့ဝင်တွေကိုရော အတိုင်းအတာတခုအထိ သင်ခန်းစာပေးပြီးပြီ... ဒီလိုအရည်အချင်းရှိတဲ့ သူတယောက်က ကင်းလှည့်အရာရှိ အဆင့်နဲ့ပဲ ရပ်တန့်နေဖို့ မသင့်တော်ဘူး... သူ့ကိုယ်သူ ယုံကြည်မှုလည်း အရမ်းရှိတယ်... ငါတို့ရှန်ချန်းမှာ ဒီလိုလူတွေ အရမ်းလိုအပ်တယ်...”
စစ်ဒေသငါး ညွှန်ကြားရေးမှူး ခေါင်းညိတ်လိုက်ကာ စစ်ဒေသရှစ် ညွှန်ကြားရေးမှူးကို ကြည့်လိုက်၏။
“မင်းကရော ဘယ်လိုထင်လဲ...”
စစ်ဒေသရှစ် ညွှန်ကြားရေးမှူးကမူ တိုတိုပြတ်ပြတ်သာ ပြောလိုက်၏။
“သူ့ရဲ့ ခွန်အားကြောင့်ပဲ...”
စစ်ဒေသငါး ညွှန်ကြားရေးမှူးသည် ရှုချန်း၏ကိုယ်ရေးအချက်အလက်ဖိုင်တခုကို ဆွဲထုတ်ကာ...
“ဒီမှာ မင်းတို့ကိုယ်တိုင် ကြည့်ကြ... ငါ လုံးဝမလိမ်ဘူး... သူ့ရဲ့ ခွန်အားသိသိသာသာ ကျဆင်းသွားပြီ... ဒါ့ကြောင့်လည်း ကြမ်းတမ်းတဲ့တပ်ဖွဲ့ထဲမှာ မထားတော့ဘဲ ရှန်ချန်းမှာ ကင်းလှည့်အရာရှိအဖြစ်နဲ့ ခဏ အနားယူခိုင်းထားတဲ့ သဘောမျိုးပဲ...”
စစ်ဒေသရှစ် ကြီးကြပ်ရေးမှူးသည် ထိုဖိုင်ကိုကြည့်ကာ မျက်မှောင်တချက် ကြုတ်လိုက်၏။
“ဘယ်လိုဖြစ်လို့ ခွန်အားတွေ ကျဆင်းသွားတာလဲ...”
“ဒါပေမဲ့ ငါဂရုမစိုက်ဘူး... သူ့ ခွန်အားတွေကျတာပဲဖြစ်ဖြစ် တိုးတာပဲဖြစ်ဖြစ် သူ့လိုမျိုး စစ်သားတယောက်ကို ရဲတပ်ဖွဲ့ထဲမှာ အချိန်ဖြုန်းနေတာမျိုး ငါ မမြင်ချင်ဘူး... သူ့ကို ငါ့တပ်ဖွဲ့ထဲပေးလိုက်... ထိပ်တန်းပြန်ရောက်အောင် ငါ ကူညီပေးမယ်...”
စစ်ဒေသငါး ညွှန်ကြားရေးမှူးက ....
“ငါ သူ့ကို မလိုချင်တော့ဘူးလို့ မပြောဘူး... ဒီနေရာက ရှုချန်းရဲ့အိမ်ပဲ... သူ ပြန်လာချင်တဲ့အချိန်တိုင်း ပြန်လာလို့ ရတယ်... ဒါပေမဲ့ မင်းတို့နှစ်ယောက် ငါ့ဆီလာပြောတာထက် ရှုချန်းနဲ့ တိုက်ရိုက်သွားတွေ့ပြီး သူ့စကားတွေကို နားထောင်သင့်တယ်... ရိုးရိုးသားသားပြောရရင် သူ့စွမ်းအားတွေ ကျဆင်းသွားတာကြောင့် ငါ အပြစ်ရှိသလို ခံစားမိတယ်... ဒါ့ကြောင့် သူ့ဆုံးဖြတ်ချက်အတိုင်း ငါ လက်ခံမယ်... ရဲတပ်ဖွဲ့ထဲ ဝင်ချင်ရင်လည်း ငါ မကန့်ကွက်ဘူး... စစ်တပ်ဒေသငါးကို ပြန်လာချင်တယ်ဆိုရင်လည်း ကြိုဆိုမယ်... ဒါမှမဟုတ် စစ်ဒေသရှစ်ကို သွားမယ်ဆိုလည်း ရတယ်... အကုန်လုံးက သူ့ဆန္ဒအတိုင်းပဲ...”
ထို့နောက် စစ်ဒေသရှစ် ညွှန်ကြားရေးမှူးနှင့် ရဲညွှန်ကြားရေးမှူးတို့ တဦးကိုတဦး ကြည့်ကာ စကားနိုင်လုကြပြန်သည်။
“ငါတို့ကို အသိဥာဏ်မရှိတဲ့ စစ်သားငတုံးတွေလို့ ပြောတယ်မလား... မင်းရဲ့ ရဲသင်တန်းကျောင်းက အရည်အချင်းရှိတဲ့ကောင်တွေကိုပဲ ခေါ်လိုက်စမ်းပါ... ငါတို့စစ်တပ်က လူတွေကို လာမရှာနဲ့..."
ရဲညွှန်ကြားရေးမှူးကလည်း ခေါင်းငုံ့မခံဘဲ ...
“မင်းတို့လိုကောင်တွေကြောင့် စစ်သားတွေ ပိန်းနေတာလေ... ငါတို့ဆီမှာ ဆိုရင်တော့ ဉာဏ်ကောင်းလာမှာပေါ့...”
ထိုသူနှစ်ဦးကိုကြည့်ကာ စစ်ဒေသငါး ညွှန်ကြားရေးမှူး ကြောင်အနေမိသည်။
“ကဲ ကဲ... လာကြ... မင်းတို့တွေ ထိုးချင်ရင်လည်း အပြင်မှာသွားထိုးကြ... ငါ့ရုံးခန်းကတော့ ကျဉ်းတယ်...”
အခန်း ၈၅ ပြီး