နတ်နဂါးစစ်သည်
အခန်း ၈၃
( လှည့်စားမှု )
“ပထမထပ် ဓာတ်လှေကားနားမှာ ဘယ်သူတွေရှိလဲ...”
“တပ်သား ၆ နဲ့ ၁၀...”
“ဒါဆိုရင် ဓာတ်လှေကားဘေးမှာ ဆံပင်နောက်လှန်စီးထားတဲ့ အသက် ၃၀ အရွယ် ယောက်ျား တယောက်ရှိတယ်... ကိစ္စတခုခုရှိလို့ ရဲတွေလာရင် ဓာတ်လှေကားကို နှောင့်ယှက်ဖို့တာဝန်ယူထားတဲ့သူ... သူလည်း လက်နက်ကိုင်ထားတယ်...”
လင်းပိုင်သည် ရှုချန်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။ ရှုချန်း နှုတ်မှ ထွက်လာသော အမိန့်တိုင်းသည် သူတို့ အဖွဲ့ဝင်တိုင်း၏ အသေးစိတ် အချက်အလက်များနှင့် ကွက်တိမှန်ကန်နေပေသည်။
ရှန်ယောင်နှင့် ယန်ကျင်းလည်း ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
တပ်သား ၆ နှင့် ၁၀ သည် ဓာတ်လှေကားဆီသို့ ရောက်သောအခါ ထိုင်နေသော အမျိုးသားကို တွေ့လိုက်ရ၏။ ထိုသူသည် သတင်းစာ ဖတ်ဟန်ဆောင်နေသော်လည်း တပ်သားတဦးက ရဲတံဆိပ် ပြလိုက်ပြီး တဦးက လက်ထိပ်ခတ်လိုက်တော့သည်။
ထို့နောက် ထိုသူ၏ ခါးမှ သေနတ်ကို ထုတ်ယူကာ “ဓာတ်လှေကားက ပစ်မှတ်ကို ရှင်းပြီးပါပြီ...”
ထိုအသံကြောင့် လင်းပိုင်မျက်နှာ ညိုမဲသွားသည်။ ရှုချန်းသည် သူမကို ပြုံးကြည့်ကာ “ငါတို့နဲ့ ကစားချင်သေးလား...”
လင်းပိုင် ဘာမှမပြောဘဲ ခေါင်းငုံ့လိုက်၏။
ရှုချန်းက ဆက်လက်၍ “လေးလွှာ ကော်ရစ်ဒါ အဆုံးမှာ ကုတ်အင်္ကျီရှည် ဝတ်ထားတဲ့ ယောက်ျားတယောက်ရှိတယ်... ဆံပင်ရှည်ကို စီးထားတယ်... သူက ငါတို့အခန်းရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ တာဝန်ယူထားတာ...”
ရှုချန်း၏ အမိန့်ကြောင့် တပ်သား သုံးဦး သွားရောက် စစ်ဆေးလိုက်ရာ ကုတ်အင်္ကျီရှည်ကို ဝတ်ဆင်ထားပြီး စီးကရက် မီးညှိနေသော မသင်္ကာဖွယ် အမျိုးသား တဦးကို တွေ့လိုက်ရသည်။
ထို့ကြောင့် တပ်သားတဦးက အနားသို့ ကပ်သွားကာ “အစ်ကို... မီးခြစ်ခဏ ငှားလို့ရမလား...”
ထိုသူက တပ်သားကို စိုက်ကြည့်လိုက်သည်။ သို့သော် ထိုအချိန်မှာပင် အခြားသော တပ်သားနှစ်ဦးက ဝင်လုံးကာ ထိုသူကို ကြမ်းပြင်ပေါ်သို့ လှဲချလိုက်၏။ ထို့နောက် လက်နက် သိမ်းဆည်းကာ ပထမထပ်သို့ ဓာတ်လှေကားမှတဆင့် ခေါ်ဆောင် ဖမ်းဆီးသွားတော့၏။
“လေးလွှာက ပစ်မှတ်ကို ရှင်းပြီးပါြပီ...”
“ကောင်းပြီ...”
ထို့နောက် ရှုချန်းသည် ယန်ကျင်းဘက်သို့ လှည့်ကြည့်ကာ “ဘယ်နှမိနစ်ကြာပြီလဲ...”
ယန်ကျင်းက နာရီကိုကြည့်ကာ “ရှစ်မိနစ်လောက် ကြာသွားပြီ...”
ရှုချန်း ပြုံးလိုက်ကာ “နောက်ထပ် သုံးယောက်လောက် ကားပါကင်ကို သွားကြ... ကားပါကင်မှာ လုံခြုံရေးတယောက်ရှိတယ်... သူကလည်း လူသတ်သမားအဖွဲ့က ငှားထားတာ... သူ့ဆီကိုသွားပြီး ဗန်ကားနဲ့လူသုံးယောက် ထွက်သွားပြီလို့ ပြောလိုက်... အဲဒီနားမှာ ဗန်ကား တစီး ရပ်ထားတယ်... သော့တန်းလန်းနဲ့ပဲ... မင်းတို့ ဆေးရုံကနေ မောင်းပြီး ဟိုဟိုဒီဒီ လျှောက်သွားကြ...”
“နောက်ထပ် သုံးယောက်က ဆန့်ကျင်ဘက် အဆောက်အအုံကို သွားကြ... အဲဒီအဆောက်အအုံရဲ့ လေးလွှာ ညာဘက်အစွန်ဆုံး အခန်း၊ ငါ့အခန်းနဲ့ မျက်နှာမူနေတဲ့ အခန်းမှာ ဆေးရုံတခုလုံးကို ကြည့်နေတဲ့ လူသတ်သမားရှိတယ်... သူ့ကိုရှာကြ...”
“ဟုတ်ကဲ့...”
ကောင်းစွာလေ့ကျင့်ထားသော ရဲမှုခင်း တပ်သားများသည် တာဝန်ကို သိရှိကြပေသည်။ သုံးဦးသည် ကားပါကင်သို့သွားကာ ရဲတံဆိပ်ပြားထုတ်ပြလိုက်သည်။
လုံခြုံရေးကြောက်လန့်သွားကာ “ဘာတွေဖြစ်နေလဲတော့ ငါမသိဘူး.. ဒါပေမဲ့ လူတယောက်က ငါ့ကိုမှာထားတယ်... ဗန်ကားတစီး ထွက်သွားတာနဲ့ သူ့ကို အကြောင်းကြားရမယ်တဲ့..”
“ကောင်းပြီ... ငါတို့ရဲတွေနဲ့ ပူးပေါင်းဖို့ မျှော်လင့်တယ်...”
“ဟုတ်ကဲ့...”
“ဒါဆိုရင် ဗန်ကားထွက်သွားပြီလို့ မင်းကိုမှာတဲ့လူကို ပြောလိုက်...”
ဝန်ထမ်း ခေါင်းညိတ်လိုက်၏။
ထို့နောက် အရာရှိသုံးဦးသည် ဗန်ကားထဲသို့ ဝင်လိုက်၏။ ထိုစဉ် ရှုချန်း၏ အမိန့်ပေးသံ ထွက်ပေါ်လာသည်။
“ကားထဲက မီးတွေ ပိတ်လိုက်... မဟုတ်ရင် မင်းတို့ကို သတိထားမိနေလိမ့်မယ်.. ပြီးရင် ချောင်ကျတဲ့ ရပ်ကွက်ဘက်ကို မောင်းသွားလိုက်...”
“ဟုတ်ကဲ့...”
ဗန်ကား ထွက်ခွာသွားသည့် အခိုက်တွင် လုံခြုံရေးက ကားထွက်သွားကြောင်း သတင်းပို့လိုက်သည်။
ဗန်ကားအမှန်တကယ် ထွက်သွားခြင်း ရှိမရှိကို သိရှိရန် ခေါင်းဆောင်သည် ဆန့်ကျင်ဘက် အဆောက်အအုံမှသူကို လှမ်းမေးလိုက်၏။
“ဟုတ်တယ်... တကယ် ထွက်သွားပြီ...”
“ဒါဆိုရင် ငါ နောက်က လိုက်သွားမယ်... ငါ့နောက်ကို ရဲတွေလိုက်လာလား ကြည့်ပေးဦး...” ဟု ခေါင်းဆောင်က ပြောလိုက်သည်။
“ဟုတ်ပြီ...”
ရှုချန်းသည် ဆန့်ကျင်ဘက် အဆောက်အအုံသို့ ရောက်နေသည့် တပ်သားများအား အမိန့်ပေးလိုက်သည်။
“ဆရာ... ကျုပ်တို့ ဟိုတယ်ဝန်ထမ်းကို ခေါ်ပြီး ပစ်မှတ်ဆီကို သွားနေပါပြီ... တမိနစ်အတွင်း ဖမ်းလိုက်ပါ့မယ်...”
မကြာမီမှာပင် ပစ်မှတ်ရှိသည့် အခန်းတံခါးဝသို့ ရောက်သွားသည်။ ဟိုတယ်ဝန်ထမ်းက တံခါးခေါက်လိုက်၏။ ထိုသူသည် ဟိုတယ်ဝန်ထမ်းတဦး ရောက်နေမှန်းသိသော်လည်း တံခါးဖွင့် မပေးချေ။
“လူကြီးမင်းအတွက် ဒီနေ့ မျက်နှာသုတ်ပုဝါအသစ် မပေးရသေးလို့ပါ... နောက်ကျသွားတာ တောင်းပန်ပါတယ်...”
လူသတ်သမားသည် ဟိုတယ်တွင် တညလုံးနေမည့်သူ မဟုတ်၍ မလိုလားအပ်သော ပြဿနာကို ရှောင်ရှားသည့်အနေဖြင့် “ရပါတယ်... ကိစ္စမရှိဘူး...” ဟု ပြောလိုက်သည်။
အပြင်တွင်ရောက်နေသော တပ်သားသုံးဦးသည် ထိုသူ ရှိနေမှန်း သေချာကြောင်း သိရ၍ အခန်းတံခါးကို ချက်ချင်းဖွင့်လိုက်သည်။ သို့သော် အတွင်းမှ ချက်ချထား၏။ ထို့ကြောင့် အင်အားသုံးကာ တံခါးကို ရိုက်ချိုး ဝင်သွားသည်။
တံခါးဝတွင် ရပ်နေသော လူသတ်သမားနှင့် ရဲသုံးဦး ဝင်တိုက်မိသွားကြသည်။
လူသတ်သမား လဲကျသွားရာမှ ပြန်ကုန်းထလိုက်ချိန်တွင်တော့ ရဲများက သေနတ်နှင့်ချိန်ထားပြီးသား ဖြစ်နေသည်။
“ပစ်မှတ် ရှင်းပြီးသွားပါပြီ...”
ရှုချန်း ပြုံးလိုက်ကာ မျက်နှာဖြူဖျော့နေပြီဖြစ်သော လင်းပိုင်ဆီသို့ ကြည့်လိုက်ကာ “၁၀ မိနစ်အတွင်းမှာ အကုန်လုံးကို ဖမ်းပြီးသွားပြီ...”
လင်းပိုင် တကိုယ်လုံး တုန်လှုပ်နေကာ ရှုချန်းအား ကြောက်လန့်သော အမူအရာဖြင့် “နင် ဘယ်လိုလုပ်လိုက်တာလဲ...”
ရှုချန်း ပြုံးလိုက်ကာ “ယုံကြည်မှုဆိုတာ အရမ်း အရေးကြီးတယ်... ဒါပေမဲ့ နင်တို့ လူမိုက်တွေ အကုန်လုံးက ပိုက်ဆံအတွက်ဆို ဘာမဆို လုပ်မဲ့သူတွေချည်းပဲ... မင်းတို့အဖွဲ့ထဲက တယောက်က ဒီစစ်ဆင်ရေးကို ထုတ်ပြောလိုက်တယ်လေ...”
“မဖြစ်နိုင်ဘူး... ငါတို့အဖွဲ့ထဲက ဘယ်သူမှ ဒီ စစ်ဆင်ရေး အသေးစိတ်တွေကို မသိဘူး...”
ရှုချန်းသည် အဖြစ်မှန်ကို ပြောဆိုရန် ဖုံးကွယ်ထားပေသည်။ ယန်ကျင်းနှင့် ရှန်ယောင်အား သူ အရာအားလုံးကို ထွင်းဖောက်မြင်နိုင်စွမ်း ရှိကြောင်းကိုလည်း ပြောပြ၍ မရပေ။ ရယ်စရာတခုသာ ဖြစ်နေလိမ့်မည်။
လင်းပိုင် သက်ပြင်းချ ခေါင်းညိတ်လိုက်ကာ... “ငါတို့ရှုံးတယ်...”
“မဟုတ်ဘူး... နင်တို့ ခေါင်းဆောင်ကျန်သေးတယ်...”
လင်းပိုင် ခေါင်းမော့ကာ ရှုချန်းအား အသနားခံသောအကြည့်ဖြင့် ...
“ကျေးဇူးပြုပြီး သူ့ကိုတော့ လွှတ်ပေးလိုက်ပါ...”
“လူသတ်သမားခေါင်းဆောင်ကို လွှတ်ရမယ်ဟုတ်လား... ငါ့ကိုလာနောက်နေတာလား...”
“သူက ဘာမှမလုပ်ပါဘူး... ညွှန်ကြားရုံပါပဲ...”
“ဟုတ်တယ်... ညွှန်ကြားတဲ့ကောင်က သေဖို့ အထိုက်တန်ဆုံးပဲ... မူးယစ်ဆေးရောင်းတဲ့သူက သုံးတဲ့သူထက်ပိုပြီး အပြစ်ကြီးတယ်... ဒီလိုပဲ ညွှန်ကြားတဲ့ကောင်က အခြားသူတွေထက်ပိုပြီး အပြစ်ကြီးတယ်...”
ထို့နောက် ရှုချန်းသည် နားကြပ်မှတဆင့် “ဗန်ကားထဲက သူတွေ မင်းတို့နောက်ကိုလိုက်နေတဲ့ မာစီးဒီးကား တစီး ရှိတယ်... ရဲဌာနကို မောင်းသွားလိုက်... ဖမ်းဖို့ အသင့်ပြင်ထားဖို့လည်း ဌာနချုပ်ကို အကြောင်းကြားလိုက်...”
“ဟုတ်ကဲ့...”
ရှုချန်းသည် နားကြပ်ကိုချွတ်ကာ ယန်ကျင်းအား ပေးလိုက်ပြီး “ခေါင်းဆောင်ယန် ဂုဏ်ပြုပါတယ်... ငါ ပင်ပန်းလို့ အိပ်တော့မယ်...”
ထို့နောက် ရှုချန်း လှဲကာ အိပ်လိုက်သည်။
ရှန်ယောင်လည်း ရှုချန်းကို စောင်ခြုံပေးလိုက်၏။
ထိုအချိန်တွင် ယန်ကျင်းမှာမူ မျက်လုံးအပြူးသားဖြင့် အံ့အားသင့်နေရှာသည်။
အခန်း ၈၃ ပြီး