Chilli Pepper

由 LilyLittle_Sexy

25.6K 1.7K 251

SPICE like Chilli HOT like Pepper . #LilyLittleSexy #Mature 更多

Ch-1
Ch-2
Ch-3
Ch-5
Ch-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13

Ch-4

908 40 3
由 LilyLittle_Sexy


တီ! တီ!

နှစ်ခြိုက်နေသော အိပ်စက်ခြင်းတစ်ခုဟာ ဆူညံနေတဲ့ alarm သံကြောင့် ရုတ်တရက် လှုပ်နှိုးခံလိုက်ရသည့်အခါ အမြဲ အချိန်မှန် ထနေတတ်သည့် အလေ့အထအရ Dr.ခန့်ညားဟာ ချက်ချင်းပင် နိုးထလာလေတော့သည်။ သို့သော် ရုတ်တရက် သူ၏ လက်မောင်းနှစ်ဖက်ဆီမှ ထုံကျင်နေသည့် ခံစားမှုကြောင့် ဘေးဘီကို ဆွေကြည့်မိလေတော့ ထုံးစံအတိုင်း ကြီးကောင်ကြီးမား ကောင်လေးနှစ်ယောက်ဟာ သူ၏ လက်မောင်းကို ခေါင်းအုံးအိပ်ကာ သူ့ကိုပါ တက်ခွထားလိုက်သေးသည်။ သူ့မှာတော့ ဤ golden retriever နှင့်တူသော ပါတနာ နှစ်ယောက်အား ကြည့်ကာ ပြုံးရုံသာ ပြုံးနိုင်ပေတော့သည်။

ထို့နောက် ဒီနေ့ ဆေးရုံမှာ lecture တန်း ဝင်ပေးဖို့ မရှိသော်လည်း သူ၏ တစ်ဦးတည်းသော မိသားစုဝင်အဖြစ် သူသတ်မှတ်ထားသည့် အဖိုးဖြစ်သူအား သွားတွေ့ရန် စိတ်ကူးရှိသည်မို့ သူ သူ့‌ကိုယ်ပေါ်က ခြေလက်များကို ဖယ်ထုတ်ကာ ချက်ချင်းပဲ အိပ်ယာကနေ ထလာလိုက်လေသည်။

ပုံမှန်အတိုင်းပဲ ရေတစ်ခွက်အပြည့်သောက်ကာ ရေချိုးခန်းထဲဝင်ပြီး သွားတိုက် မျက်နှာသစ်ခြင်းကို အရင်ဆုံး လုပ်လိုက်လေသည်။ ထို့နောက် gym ခန်းထဲသို့ ဝင်ကာ ပုံမှန် အခြေခံ အားကစား နည်းလေးများကိုပဲ သွေးပူအောင် ကစားလိုက်လေသည်။ သူဟာ ကျစ်လစ်ကာ သွယ်လျသည့် ခန္ဓာကိုယ်ရှိသော ယောက်ျားတစ်ယောက်သာ ဖြစ်ပြီး အရမ်းကြီး ကြီးမားသည့် ခန္ဓာကိုယ် ဖွဲ့စည်းပုံ ရှိသူတော့လည်း မဟုတ်နေပေ။ ဒါ့ကြောင့် ခန္ဓာကိုယ် သန်မာဖို့နှင့် ကျန်းမာရေး လိုက်စားရန် အတွက်ကိုသာ သူ ဦးစားပေး၍ gym ကစားဖြစ်ခြင်း ဖြစ်ပေသည်။

တီ တီ!

သူ၏ i watch မှ gym ကစားချိန်အဖြစ် သတ်မှတ်ထားသော အချိန်ပြည့်သွားသောအခါ မြည်လာသည့် အချက်ပေးသံကြောင့် သူ ပြေးစက်အား အရှိန်လျော့ချလိုက်လေသည်။ ထို့နောက် ပြေးစက်ရပ်သွားသည့်အခါ အဆင်သင့် ချထားသည့် သပတ်နှင့် ချွေးစက်များကို သုတ်ရင်း ဧည့်ခန်းဘက်သို့ ပြန်ထွက်လာလိုက်လေသည်။ အချိန်ကား မနက် 8နာရီ ခွဲ သာ ရှိနေသေးပေသည်။ ထို့ကြောင့် ဟိုကလေးနှစ်ကောင် မနိုးသေးတာ အဆန်းမဟုတ်တော့ပေ။

သူကတော့ သူလုပ်စရာရှိတာအတွက် နှောင့်နှေးမနေဘဲ ခဏ အမောဖြေကာ ရေမိုးချိုးလိုက်လေသည်။ ထို့နောက် bathrobe တစ်ထည်အား ဝတ်ကာ မီးဖိုခန်းဆီ ပြန်လာလိုက်ပြီး သူစားနေကြ အာဟာရမျှတသည့် ပေါင်မုန့်၊ ကြက်ဥ၊ ပန်းကော်ဖီ နှင့် ကြက်ဥချောင်း စသည်တို့ကို မနက်စာအဖြစ် ပြင်ဆင်ကာ စားလိုက်လေသည်။ ထို့နောက် မနက်ခင်း ကော်ဖီတစ်ခွက်အား ဇိမ်ခံကာ သောက်နေရင်း တစ်ဖက် သူပိုင်သည့် Your Desire Bar ၏ report များကို ဖတ်နေလိုက်လေသည်။

မှန်ပေသည်။ သူဟာ အများသိသည့် ထူးချွန်ကာ ကြင်နာတတ်သော Dr.ခန့်ညားစေ တစ်ဖြစ်လည်း Your Desire ဟူသည့် Bar ၏ နောက်ကွယ်မှ ပဲ့ကိုင်ရှင် ဖြစ်ပေသည်။ ထို့အပြင် Your Desire Bar ဟာ သာမန်လူတွေအတွက်တော့ အဆင့်မြင့်ကာ ငြိမ့်ငြိမ့်လေး အေးဆေး သောက်ချင်သူများသာ လာလေ့ရှိသော Bar ဟု ထင်ရသော်လည်း သူနှင့် ဝါသနာတူ သူများအတွက်တော့ နိဗ္ဗာန်ဘုံလေး တစ်ခုပင် ဖြစ်ပေသည်။

ထို Bar ၌ သူကိုယ်တိုင် တစ်ခန်းချင်းဆီကို စိတ်ကြိုက် ပစ္စည်းများထည့်ကာ ဖန်တီးထားသည့် အခန်း 15 ခန်း ရှိပြီး တစ်ခန်းချင်းဆီတိုင်းမှာလည်း ပိုင်ရှင်တွေ ရှိကြပေသည်။ သို့သော် ထိုအခန်း ပိုင်ရှင်တိုင်းဟာ သူတို့ ဒီ bar မှာ ဤကဲ့သို့ အခန်းပိုင်ထားသည်ကို လူထုဆီချပြလို့ မရသော ပုဂ္ဂိုလ်များပင် ဖြစ်ပေသည်။ ထို့ကြောင့် ထို Bar အား private အဆန်ဆုံးဖြစ်အောင် သူဖန်တီးထားခြင်းဖြစ်ပြီး ဧည့်သည်များ၏ လုံခြုံရေးကိုလည်း သူက အဓိက အလေးထားပေသည်။

သူ့အား ဒီတစ်ပတ်စာ တင်ပို့သည့် report ထဲ၌ room No.11 ပိုင်ရှင် အသစ်ရောက်ရှိ ဟူသည့် report ကြောင့် သူ မျက်ခုံးအား ပင့်ကာ အခန်း ပိုင်ရှင်အား ကြည့်လိုက်လေသည်။ ထိုအခါ အမည်ဝှက်ဟာ Lucifer ဟု ပြနေသည့်အခါ သူ တစ်ချက် ပြုံးမိလေသည်။

*နောက်ဆုံးတော့ ငါ့ bar မှာ အခန်းယူဖို့အထိ လေးနက်တဲ့ ပါတနာ တွေ့သွားတဲ့ပုံပဲ*

Your Desire နှင့် ပက်သတ်နှင့် နောက်ထပ် တစ်ချက်မှာ ထိုနေရာရှိ အခန်းအားလုံး၏ ပိုင်ရှင်တိုင်းဟာ one night stand တစ်ယောက်မှမပါ‌ပေ။ သူတို့ ပါတနာများနှင့် တည်ငြိမ်သည့် relationship တစ်ခု ရှိထားသည့် သူများသာ ဖြစ်ပေသည်။ သူကိုယ်တိုင်ကလည်း ဝင်လိုက်ထွက်လိုက် လုပ်နေသည့် သူတွေကို လက်မခံပေ။ ထို့ကြောင့် သူ ထို bar အား စတင် တည်ထောင်စဉ်ကတည်းက ဘာပြသာနာမှ မရှိခဲ့ဖူးခြင်း ဖြစ်ပေသည်။

*အင်? ကိုစေ နိုးနေပြီပဲ *

သူ၏ အတွေးစတွေဟာ ထမင်းစားခန်း တံခါးဘောင်အား မှီကာ မျက်စိမပွင့်တစ်ပွင့်နှင့် ပြောလာသည့် လွှမ်းကြောင့် ပျက်သွားလေတော့သည်။ သူ၏ Shirt အမဲတစ်ထည်တည်းကိုသာ ဝတ်ထားသည့် လွှမ်း၏ ပုံစံဟာ သူ၏ ဂလန်ဂလားအရပ်ကြီးကြောင့် နည်းနည်း ဖရိုဖရဲတော့ ဖြစ်နေသလိုပင်။ သို့ပေမယ့် သူ့မျက်စိထဲမှာတော့ ချစ်ဖို့ ကောင်းပါသည်။

* ဒီနေ့ schedule ရှိတယ်ဆို လွှမ်း *

*အွန်း။ ဒါပေမယ့် နေ့လည်မှ *

လွှမ်းဟာ သူ့အား အနောက်ကနေ လာဖက်ကာ ခပ်ချွဲချွဲလေး ပြောလာလေသည်။ ထို့အပြင် ရေချိုးပြီးကာစ မွှေးနေသည့် သူ၏ လည်တိုင်လေးကိုပါ တိုးဝှေ့ကာ လာရှူရှိုက်နေလေတော့သည်။

*ခွေးကလေးလို တစ်ရှုံ့ရှုံ့လာ နမ်းမနေနဲ့တော့ လွှမ်း။ ရေသွားချိုးမယ်ဆိုလည်း ချိုးတော့။ အခုနေ မနက်စာစားမယ် ဆိုရင်တော့ ကိုယ်လုပ်ပေးတဲ့ မနက်စာ စားရနိုင်သေးတယ်နော် *

*တကယ်?*

လွှမ်းက အလွန်ပျော်သွားသည့် အသံနှင့် သူ့အား မေးလာလေသည်။ ထိုအခါ သူလည်း အသာပြုံးကာ ခေါင်းငြိမ့်ပြလိုက်လေသည်။

*Ben လည်း စားမှာ ကိုကို!*

သို့သော် ဘယ်အချိန်တည်းက ရောက်နေလည်း မသိသည့် Ben ကပါ အိပ်ချင်မူးတူးနှင့် သူ့အနား ပြေးလာသည့်အခါ ခန့်ညား ပြုံးလိုက်မိလေသည်။ ထို့နောက် သူ၏ ပေါင်ပေါ် လာတက်ထိုင်သည့် Ben ကြောင့် သူ ထိုကောင်လေး၏ ခါးလေးကို လှမ်းထိန်းထားပေးလိုက်လေသည်။ သူ့မှာ အခုတော့ အနောက်ကနေ တစ်ယောက်က သိုင်းဖက်ထားတာကို ခံနေရသလို ပေါင်ပေါ်လည်း တစ်ယောက်က တက်ထိုင်နေသေးတာမို့ တကယ် မလွယ်လှပေ။

*ကဲ နှစ်ယောက်လုံး စားရမယ်။ ခုတော့ ထတော့ မင်းတို့ ခုမှ အိပ်ယာက ထတာ ရေသွားချိုးကြသွား !*

မွ! မွ!

သူ တစ်ယောက်ချင်းဆီရဲ့ ပါးကို အနမ်းတစ်ချက်ဆီပေးလိုက်ကာ သူ့အား တွယ်ကပ်နေသည်ကို ဖယ်စေလိုက်လေသည်။ ထိုအခါ နှစ်ယောက်သား အတိုင်အဖောက်ညီစွာ ရေသွားချိုးကြသည့် ကောင်လေးတွေကို ကြည့်ကာ ခန့်ညား ခေါင်းသာ အသာခါမိလေတော့သည်။ ဒါဟာ သူ နှစ်သက်ရသည့် နံနက်ခင်း ဆည်းလည်းလေးတွေ ဖြစ်ပေသည်။

~~~~~~~~~~~~~~~

ထို့နောက် ဆယ့်ငါးမိနစ်လောက် ကြာသည့်အခါမှာ နှစ်ယောက်လုံး အတူတူ ပြန်ထွက်လာကြသည်မို့ ခန့်ညား မျက်ခုံးပင့်မိသွားလေသည်။

*မင်းတို့ နှစ်ကောင် အတူ ရေချိုးလာတာလား?*

*အင်းလေ။ အချိန်ကုန် သက်သာတာပေါ့ ကိုကိုရ*

Ben က သူထိုင်နေကြဖြစ်သည့် ထိပ်ဆုံးခုံ၏ ဘယ်ဘက်၌ ဝင်ထိုင်ကာ ဘာမှမဖြစ်သလိုပင် ပြောလာလေသည်။

*ငါ့ ခွင့်ပြုချက်မရဘဲ ပေါက်ကရတွေတော့ လုပ်မလာဘူး မဟုတ်လား?*

သူ အင်တင်တင်နဲ့ မေးလိုက်လေတော့ နှစ်ယောက်သား သူ့ကို ပြိုင်တူကြည့်လာကာ ခဏနေတော့ အတူတူပင် အကြည့်လွှဲသွားကြပြန်သည်။

*မလုပ်ပါဘူး ကိုစေကလည်း။ ကျွန်တော်တို့က ကိုစေနဲ့ အတူ ရှိမှသာ တက်ကြွကြတာ*

လွှမ်းက သူ့အား မကြည့်ဘဲ ပန်းကန်ထဲက ကြက်အူချောင်း တစ်ချောင်းကိုသာ ခက်ရင်းနဲ့ ထိုးကာ စားရင်း သူ့အား ပြန်ဖြေလာလေသည်။

* ငါ မင်းတို့ကို စားခိုင်းသေးလို့လား?*

သူ နည်းနည်း ဟန့်ပေးလိုက်မှသာ အစားအသောက်တွေဆီ လက်လှမ်းနေသည့် နှစ်ကောင်သား ရပ်တန့်သွားကြလေတော့သည်။ လွှမ်းဆို လက်ထဲက ကိုက်လက်စ ကြက်အူချောင်းကိုတောင် မျိုချရမလား ထွေးထုတ်ရမလား အခက်တွေ့နေရတော့သည်။ ထို့နောက် နှစ်ယောက်သား လက်လေးတွေကို စားပွဲအောက်ပြန်ချကာ သူ့အား သခင်အမိန့်ကို စောင့်နေသည့် ခွေးကလေးတွေလို ကြည့်လာကြလေသည်။

*ဟက်!*

သူ့စိတ်ထဲ ထိုကောင်လေးတွေရဲ့ ပုံစံဟာ အရမ်း အသည်းယားဖို့ ကောင်းလွန်းတာမို့ ထပ်ပြီး မစ ရက်တော့ပေ။

* အပင်ပန်းခံပြီး လုပ်ပေးထားတဲ့ သူကို အရင် ကျေးဇူးတင်မှပေါ့ကွ*

သူ ပြောလိုက်မှ နှစ်ယောက်သား ပြုံးကာ သူ၏ ပါးပြင် နှစ်ဖက်အား ပြိုင်တူ အနမ်းတစ်ပွင့်ဆီ ပေးလာလေတော့သည်။

* ကဲ စားတော့ *

ထို့နောက် သူ ခွင့်ပြုပေးလိုက်မှသာ နှစ်ယောက်သား စတင် စားသောက်ကြလေတော့သည်။ လွှမ်းအတွက်ကတော့ သူစားသလိုသာ ပုံမှန် လုပ်ပေးထားပေမယ့် Ben အတွက်ကတော့ ဆန်ပြုတ်ပူပူလေး လုပ်ပေးထားခြင်း ဖြစ်ပေသည်။ မနေ့ညက သူအပြစ်ပေးထားသည့် အတွက် Ben ၏ ပါးပြင်လေးတွေဟာ အခုထိ အနည်းငယ် ယောင်နေသေးပေသည်။

*ဒီနေ့ အိမ်မှာပဲ သေချာ နားနေလိုက် Ben *

*ဒီမှာလားဟင်?*

*မင်း အခန်း မင်းပြန် *

ကိုကို့၏ အဖြေကြောင့် Ben ၏ အပြုံးမျက်နှာလေးဟာ ပြန်၍ ရှုံ့တွသွားလေတော့သည်။ သူ့အခန်းဆိုတာ ဒီအထပ်ရှိ သီးသန့်ခန်း သုံးခန်းထဲမှ တစ်ခန်းဖြစ်ပေသည်။ သို့ပေမယ့် သူဟာ ကိုကို့၏ အငွေ့အသက်ရှိတဲ့ နေရာမှာပဲ နေလိုလေသည်။ သို့ပေမယ့် ကိုကိုက ပြန်ဆို သူက ပြန်ရမှာပင်။ ရွေးချယ်စရာ မရှိနေပေ။

*ပြီးတာပါပဲ *

Ben ကလေးဆန်စွာ နှုတ်ခမ်းကို တစ်ဒေါင်လောက်ထော်ကာ ပြောလိုက်လေသည်။

* လွှမ်းက အလုပ်ကိစ္စ ချိန်းထားရင် အချိန်နောက်မကျစေနဲ့ အရောက်သွား ကြားလား *

*ဟုတ် ကိုစေ *

ခန့်ညား သူ ဘာပြောပြော အမြဲ တဟုတ်ဟုတ် လုပ်ကာ နောက်ကွယ်မှာမှ ကုတ်သမြင်းတတ်သည့် လွှမ်းကိုလည်း မမှာလို့ မရပေ။ လွှမ်းဟာ သူ့ရှေ့ရောက်ရင် သူ တစ်ခွန်းပဲ ပြောလိုက်တာနဲ့ နာခံတတ်သည့် ကောင်လေးဖြစ်ပေသည်။ သို့ပေမယ့် ထိုကောင်လေးဟာ သူ့လောကထဲမှာတော့ သူ့ဟာသူ ပွေရှုပ်တတ်တာ နာမည်ရှိပြီးသား ကောင်လေး ဖြစ်ပေသည်။ ထို့အပြင် အလုပ်လုပ်ရင်လည်း အရမ်း လက်ပေါက်ကပ်ပြီး သူ့ကို လာရှုပ်တဲ့ သူတွေကိုလည်း မျိုးစုံ ပညာက ပေးတတ်သေးပေသည်။

သူဟာ သူထိန်းချုပ်နေသည့် သူတွေ၏ အလေ့အထနှင့် အကျင့်စရိုက်ကို အမြဲ ဂရုစိုက်ကာ လေ့လာထားတတ်သည်။ ကိုယ်ထိန်းချုပ်ချင်တဲ့သူကို ကိုယ်ကိုယ်တိုင်က သေချာမသိလျှင် သူက Dom တစ်ယောက်ဟုပင် မခေါ်ထိုက်တော့ပေ။

~~~~~~~~~~~~~~~

သူတို့ သုံးဦးသားလုံးဟာ ၁၀ နာရီခွဲ အတိမှာပဲ အသီးသီး လမ်းခွဲလိုက်ကြလေသည်။ Ben ဟာ သူ့အခန်း သူပြန်နားသည်။ လွှမ်းဟာ မြို့လည်ထဲရှိ သူနေနေကြ ကွန်ဒိုအား ပြန်ကာ နားသည်။ ထို့အပြင် သူကတော့ အဘိုးဖြစ်သူအား တွေ့ရန် မြို့အပြင်ဘက် စွန်းစွန်းရှိ အပန်းဖြေ အိမ်ရာဆီသို့ ထွက်လာလိုက်လေတော့သည်။

၄၅ မိနစ်ခန့် ကားမောင်းပြီးသည့် အခါမှာတော့ လူချမ်းသာများ၏ အပန်းဖြေ အိမ်ရာများ ရှိရာ Villa သို့ သူ၏ ကားလေးဟာ ဆိုက်ရောက်လာလေတော့သည်။ ထို့နောက် သူပင် ကားဟွန်းတီးစရာ မလိုပေ။ သူ၏ ကား ရောက်ရှိလာသည်ကို အဝေးက လှမ်းတွေ့တာနှင့် ခြံတံခါးကြီးဟာ အဆင်သင့် ဖွင့်ထားပြီးသားပင် ဖြစ်သည်။ ဒါဟာ ဒီ အိမ်မှာ အဘိုးဖြစ်သူနဲ့ အတူမနေသော်လည်း သူတစ်ဦးသာလျှင် ရရှိနိုင်သော အထူး အခွင့်အရေး ဖြစ်ပေသည်။

သူ၏ အနက်ရောင် BMW ကားလေးအား ကားဂိုထောင်၌ သူကိုယ်တိုင်ပင် ဝင်ရပ်လိုက်ကာ ပေါ်တီကိုအောက် လျှောက်လာလိုက်သည့်အခါ သူ အိမ်ထဲမဝင်ခင် အပြင်သို့ ထွက်လာသည့် စုံတွဲတစ်တွဲနှင့် လာစုံလေတော့သည်။

ထိုအခါ သူမ၏ အမျိုးသား လက်မောင်းကို ချိတ်ဆွဲထားသော ကျော့မော့နေအောင် ဝတ်စားထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးဟာ သူမ၏ မောက်မာရိပ် သန်းနေသော မျက်နှာအား မော်ချီထားကာ ဝတ်ထားသည့် နေကာမျက်မှန်အား အောက်သို့ အနည်းငယ် လျှောချကာ သူ့အား ကြည့်လာလေသည်။

* အို ကြားသား မိုးကြိုး! ငါတို့ အိမ်က တရားမဝင် မျိုးရိုးလေး လာလည်တာပဲ *

စတွေ့တာနဲ့ သူ့အား ခနဲ့လာသည့် သူ့ထက် ၉ နှစ်သာ ကြီးသော အဒေါ်တော်စပ်သူအား ခန့်ညားလည်း မရှိသည့် သူလိုပင် သဘောထားကာ ကျော်လာရန် ပြင်လိုက်လေသည်။

*နင့်အဒေါ် ငါတစ်ယောက်လုံး စကား ပြောနေတာ အဖတ်မလုပ်တာလား? နင့် မိဘတွေနင့်ကို ဆိုဆုံးမ မထားဘူးလား? *

သို့သော် သူကသူ့ဟာသူအေးဆေးနေပေမယ့် သူ့အား လာလာ ခလုတ်တိုက်နေသည့် သူတွေကြောင့် သူ ဆက်ပြီး သွားနေသည့် ခြေလှမ်းတွေ ရပ်သွားလေတော့သည်။ ထို့နောက် ဘာအမူအရာမှ ပြ‌မနေသည့် မျက်နှာသေနှင့်ပင် ဒေါ်ဒေဝီအား တည့်တည့်ကြည့်ကာ ပြောလိုက်လေသည်။

*ဆိုဆုံးမမဲ့ မိဘ? ဟက်! အမေက လူယုတ်မာတွေကြောင့် မျက်နှာတောင် မမြင်ဖူးခင် ဆုံးပါးသွားပြီး အမျိုးကောင်းတယ်ဆိုတဲ့ အဖေလုပ်သူက မယားငယ်မကို အိမ်ပေါ် ခေါ်တင်ထားတဲ့ မိသားစုမှာ ကြီးပြင်း လာရတဲ့ ကျွန်တော့်ကို ဘယ် မိဘဆိုတဲ့ဟာတွေက လာဆုံးမမှာလဲ?*

*နင်! ငါ့အစ်ကိုကို ဘာပြောတာလဲ!*

သူ၏ သွေးသားအား ထိတော့ ဆတ်ဆတ်ခါအောင် နာနေသည့် အဒေါ်ဖြစ်သူအား သူကြည့်ကာ မဲ့ပြုံးတောင် မပြုံးနိုင်တော့ပေ။ ဘယ်လိုလုပ် သူ့အဘိုးလို စိတ်ထားပြည့်ဝသည့် သူမှာ ဒီလို မြွေဆိုးနဲ့တူတဲ့ သားသမီးတွေ ရှိနေနိုင်ရတာလဲ?

*အချစ်ရယ် စိတ်လျော့ပါ။ ဆေးရုံမှာ အစည်းအဝေးရှိသေးတယ်လေကွာ။ လာ သွားရအောင်ပါနော် *

သူ့အဒေါ်၏ အမျိုးသားဖြစ်သူကတော့ သူ့အား အနည်းငယ် ရှိန်ပုံရကာ သူ့အမျိုးသမီးကို ပထုတ်နေလေသည်။ သို့သော် သူကလည်း သူ့ဟာသူ နေတဲ့သူကို စောက်ပေါလို့ အထင်သေးနေမှာ ဆိုးတာမို့ သူ့မှာလည်း အဆိပ်တွေရှိသည်ဆိုတာကို သတိပေးသည့်အနေနှင့် စကားတစ်ခွန်းပြောလိုက်လေသည်။

*အော် ဒါနဲ့။ လူနာတစ်ယောက်ကို ခွဲစိတ်ရင်း table dead ဖြစ်သွားတယ်ဆို ? သေချာကော မိသားစုဝင်တွေကို လှည့်စားထားရဲ့လား? ဟက်! တော်ကြာ ကိုယ် မူးပြီး ခွဲစိတ်တာ လူသိသွားတဲ့နေ့ jail ထဲ အောင်းနေရမယ်နော်!*

*နင် ဘာပြောတယ်! ကဲ့ဟယ်!*

သူမ၏ အနာကို ထိတော့ စပ်သွားသည့် မျက်နှာအား သူ တစ်ချက်ပင် ကြည့်ကာ သူ့ထံ ရိုက်လာသည့် လက်အား ဖြတ်ကနဲ လှမ်းဖမ်းလိုက်လေသည်။

*နင်! အမျိုးမကောင်းတဲ့ ဟာလေး! လွှတ်စမ်းငါ့ကို!*

ခန့်ညား ဒေါ်ဒေဝီ၏ ဒေါသထွက်နေသော မျက်နှာအား အားရအောင် တစ်စိမ့်စိမ့် ကြည့်လိုက်ကာ မျက်တောင်မခတ်တမ်း သတိပေးလိုက်လေသည်။

*ဆေးရုံမှာ ဖြစ်သမျှ ကျွန်တော် မသိတာ တစ်ခုမှ မရှိဘူး။ လွှတ်ထားပေးတယ်ဆိုတိုင်း ရောင့်တက်မနေနဲ့ ။ ‌အဒေါ် ထိုင်ချင်နေတဲ့ နေရာက ကျွန်တော်သာ စိတ်ပါရင် ခဏလေးနဲ့ ယူပစ်လိုက်လို့ရတယ်ဆိုတာ နားလည်ထား!*

*အင့် !*

ခန့်ညား သူမနဲ့ စကား ဆက်ဖက်မပြောတော့ပဲ လက်ကို ဆောင့်လွှတ်ကာ အိမ်ထဲကိုသာ ဝင်လာလိုက်လေသည်။ နောက်ကွယ်မှာ ဒေါင့်ဖိနပ်ကို စောင့်ကာ ဒေါသတစ်ကြီး ကျန်ခဲ့သည့် သူ့အဒေါ်အား ရွံမုန်းစွာဖြင့် သူ နှာတစ်ချက် မှုတ်မိလေသည်။ သူဟာ ဒေါ်ဒေဝီ ပြောသလို ဒီမျိုးရိုး၏ တရားမဝင် မျိုးဆက် ဖြစ်နေတာကိုပင် သူ့ကိုယ်သူ ပို၍ ဂုဏ်ယူမိသေးသည်။ သူဟာ ဒီမျိုးရိုးနဲ့လည်း မတူချင်ပေ။ ကောက်ကျစ်စဉ်းလည်းမှုတွေ၊ ဖောက်ပြားမှုတွေနဲ့သာ မိသားစုအချင်းချင်း အမဲဖြတ်နေကြသည့် မိသားစုမို့ သူက ပိုတောင် ဝေးဝေး နေချင်သေးပေသည်။

~~~~~~~~~~~~~~~~~

သူ အိမ်ကြီးထဲသို့ ဖြတ်ကာ အဘိုးရှိနေတတ်သည့် သီးသန့် ဥယျာဉ်လေး ရှိရာသို့ ထွက်လာတော့ အဝေးတစ်နေရာကနေ ထိုင်ကာ စာအုပ်ဖတ်နေသည့် သူ၏ အဘိုးဖြစ်သူအား သူမြင်လိုက်ရလေသည်။ ထို့ကြောင့် သူ လျှောက်သွားလိုက်သည့်အခါ ခပ်လှမ်းလှမ်းကနေ အဘိုးကို စောင့်ကြည့်ပေးနေသည့် အဘိုး၏ PA ဖြစ်သူဟာ သူ့အား ဦးညွတ်ကာ နှုတ်ဆက်လာလေသည်။

*သခင်လေး ရောက်လာပါပြီလား။ ဥက္ကဌကြီးက သခင်လေးကို အမြဲ မျှော်နေတာပါ *

*ကျွန်တော် သိပါတယ်။ အဲ့တာကြောင့် နားရက်လေးမှာ အဘိုးကို လာအဖော် ပြုပေးတာပေါ့ *

သူ၏ စကားအား ဦးလေးကောင်းဟာ အသာပြုံးကာ ခေါင်းငြိမ့်ရင်း ထောက်ခံလေသည်။

*သွားလိုက်ပါဦး။ ကျွန်တော် ဒီမှာပဲ ရှိနေပါ့မယ် *

သူ ဦးလေးကောင်းအား ခေါင်းပင် ငြိမ့်ပြလိုက်ကာ မျက်နှာထပ်၌ အပြုံးပန်းလေးတွေကို ပြင်ဆင်ကာ သူ့အဘိုးဖြစ်သူနား သွားလိုက်လေသည်။ ထို့နောက် သူ၏ အဘိုးအား အနောက်ကနေ ပင့်ဖက်လိုက်ကာ ...

*ကဲ ကြည့်ပါဦး ဘယ်သူလာလဲဆိုတာ *

ထိုအခါ မျက်နှာထပ်၌ အရေးအကြောင်းတွေနှင့် လူကြီးဟာ သူ့အား လှည့်ကြည့်လာကာ ပြုံးပြလာလေသည်။

*ငါ့မြေးလေးပဲ!*

တစ်ချိန်က ခန့်ညားကာ ကိန်းကြီးခန်းကြီးနိုင်ခဲ့သည့် အာဏာကြီး ပုဂ္ဂိုလ်တစ်ယောက်ဟာလည်း အိုမင်းခြင်း၏ တိုက်စားမှုကြောင့် သူချစ်ခင်ရသူ၊သူမျှော်နေရသူကိုများ တွေ့ရလျှင် ဟန်ဆောင်ခြင်း ကင်းစွာဖြင့် ပြုံးတတ်နေပြီ ဖြစ်လေသည်။

ခန့်ညား သူ့ အဘိုးဖြစ်သူ၏ wheelchair နှင့် တစ်တန်းတည်း ဖြစ်စေရန် ဒူးတစ်ဖက်ထောက်ကာ ထိုင်ချလိုက်ကာ သူ့အဘိုးဖြစ်သူ၏ လက်အား ဆုပ်ကိုင်ရင်း အပြုံးလေးနှင့် မေးလိုက်လေသည်။

*ကျွန်တော့်ကို မျှော်နေတာလား ?*

ထိုအခါ အဘိုးဟာ သူ၏ လက်များကို ပြန်လည် ဆုပ်ကိုင်လာကာ အားကိုးတစ်ကြီး ပြောလာလေသည်။

*ငါ့အချစ်ဆုံး မြေးလေးကို မမျှော်တော့ အဘိုးက ဘယ်သူကို မျှော်ရမှာလဲ ? ဒီရက်တွေမှာ အဘိုးမှာ အထီးကျန်လိုက်တာ ဆိုတာ ပြောမနေပါနဲ့ကွာ *

သူ့အဘိုး၏ အပြောကြောင့် ခန့်ညား သူ၏ ရင်ထဲမှာ နည်းနည်းလေးတော့ ခံစားမိသွားလေသည်။ ဒီအိမ်ကြီးထဲမှာ သူ့အဒေါ်တို့ မိသားစု သုံးယောက်အပြင် သူ့အဖေတို့ လင်မယားနှင့် သားသမီး နှစ်ယောက်ပါ အတူ နေကြတာမို့ ဤအိမ်ကြီးဟာ ဒီလောက်ထိ အထီးကျန်စရာတော့ ကောင်းမနေပါ။ သို့သော် လောဘတွေနဲ့သာ ပြည့်နေကြတဲ့ သူတွေမို့လို့သာ အဘိုးနဲ့ အံမကိုက်ကြခြင်း ဖြစ်ပေလိမ့်မည်။

*အထီးကျန်ရင် အဘိုး ဆေးပေးမှီယူလေးတစ်ယောက်လောက် ရှာပါလားဗျ ။ တစ်သက်လုံး ပိုက်ဆံတွေရှာထားတာ ဘာလုပ်ဖို့လဲ *

သူ ခပ်နောက်နောက်လေးပြောတော့ သူ၏ အဘိုးဟာ သဘောတစ်ကျနှင့် ရယ်မောလာလေသည်။ ထို့ကြောင့် သူပါ လိုက်ရယ်မောကာ အဘိုးဘေးက သစ်သား ခုံလေးမှာ ဝင်ထိုင်လိုက်လေသည်။

*ဘာဆေးပေးမှီယူလည်းကွ။ တမလွန်မှာ မင်းဖွားဖွားနဲ့ ပြန်တွေ့ရင် ငါ့ကို ရစ်လို့ပြီးမှာ မဟုတ်တော့ဘူးကွ *

*ကြောက်တယ်ပေါ့လေ *

*ချစ်တာပါကွာ *

သူ့အဘိုး၏ စကားကြောင့် ခန့်ညား သဘောတစ်ကျ ပြုံးမိလေသည်။ အဘိုးဟာ အဘွားနှင့် ယူကာစက ဆရာဝန်ပေါက်စလေးတစ်ယောက်သာဖြစ်ပြီး ဆေးရုံအုပ်ကြီး ဖြစ်သည့် အဘွား၏ မိဘများထံမှ ညိုငြင်ခံခဲ့ရသူလည်း ဖြစ်ပေသည်။ သို့သော် အဘွားကို အရမ်းချစ်သည့် အဘိုးဟာ အစွမ်းကုန်ကြိုးစားကာ ယိုင်နဲ့လုနီးပါးဖြစ်နေသည့် အဘွားမိဘတွေ၏ ဆေးရုံအား လက်လွှဲယူကာ M နိုင်ငံ၏ ထိပ်တန်း ဆေးရုံတစ်ခုဖြစ်အောင် ဖန်တီးပြနိုင်ခဲ့သည်။ အခုဆိုလျှင် တစ်နိုင်ငံလုံး ဆေးရုံခွဲပေါင်းများစွာနှင့် ဆေးဝါးလောက၏ နံပါတ် ၁ နေရာကို ဦးဆောင်နေသည့် Excellent Group ပင် ဖြစ်နေပြီ ဖြစ်လေသည်။

ထိုကဲ့သို့ သတ္တိ၊ဇွဲ၊လုံ့လနှင့် ပြည့်စုံသည့် အဘိုးဟာ သစ္စာတရားကိုလည်း အလေးထားပေသည်။ ထို့ကြောင့် သူ့အဖေနှင့် သူ့အမေ အပြင်မှာ ကလေးရလာတာ သိတာနှင့် ချက်ချင်း လက်ထပ်ပေးရန် ဆုံးဖြတ်ခဲ့သော်လည်း ဖေဖေ့ဆီက အလိမ်ခံရကာ တစ်နပ်စား အကြံခံလိုက်ရသည့် သနားစရာ သူ့အမေဟာ သူ့အဖေနှင့် အချစ်ဦးဟူသော သူ့လက်ရှိမိထွေး၏ အကြောင်းကို သိသွားကာ ရန်ဖြစ်ကြရင်း ချော်လဲရာကနေ သူ့အား မွေးပြီးတာနှင့် ဆုံးပါးသွားခဲ့ရသည်။ သူ့အမေမှာ သူ့အဖေနှင့် တရားဝင်ပင် လက်ထပ်ခွင့်မရလိုက်ပေ။

ထို့ကြောင့် အဘိုးဟာ သူ့သွေးသားဖြစ်သည့် သူ့အား အကောင်းဆုံး ခေါ်ယူကာ စောင့်ရှောက်ပေးခဲ့သလို သားဖြစ်သူ၏ အရှုပ်ထုတ်ဖြစ်သူမှာလည်း ကိုယ်ဝန်ရှိနေကြောင်း သိရသည့်အခါ မတတ်သာပဲ လက်ထပ်ဖို့သာ ခွင့်ပြုလိုက်ရတော့သည်။ ထို့ကြောင့် အဘိုးဟာ သူ့အား သနားဂရုဏာ ပိုသည်လားတော့မသိ ငယ်စဉ်ကတည်းက သူ့အပေါ်ဆို အလွန်ကောင်းပေးသည့် တစ်ဦးတည်းသော သူဖြစ်ပေသည်။ဒါ့ကြောင့်လည်း သူက သူ၏ သွေးသားတော်စပ်သူ အဖေထက် အဘိုးအား ပို၍ သံယောဇဉ်တွယ်နေရခြင်း ဖြစ်ပေသည်။

*မြေး‌လည်း အသက်ရလာပြီကွယ်။ အခုထိ တစ်ယောက်တည်းပဲလား ?*

သူ့အဘိုးဟာ သူမကြိုက်တဲ့ မေးခွန်းမှန်း သိပေမယ့် သူ့အား တစ်ကိုယ်တည်း ဖြစ်မနေစေချင်ဘူး ထင်ပါ၏။ မေးလာသည့်အခါ သူကလည်း ထုံးစံအတိုင်းပင် အဖြေ ပြန်ပေးလိုက်လေသည်။

*တစ်ယောက်တည်းပဲ ကောင်းပါတယ်ဗျာ။ ကျွန်တော် အိမ်ထောင်တစ်ခုကို မတည်ထောင်ချင်ဘူး *

သူ၏ မိဘတွေအဖြစ်အပျက်ကြောင့် ရခဲ့သည့် သူ၏ စိတ်ဒဏ်ရာဟာ သစ္စာမဲ့ခြင်းနှင့် ပက်သတ်ပြီး သူ့အား လွန်စွာမှ သတိထားစေသည် အထိပင်။ သူဟာ သူ့ဘက်ကနေလည်း ဘယ်သူ့ကိုမှ သစ္စာမဖောက်ပြားခဲ့သလို သူ့အပေါ် ဖောက်ပြန်လျှင်လည်း သူ လက်မခံနိုင်ပေ။ ထို့ကြောင့် သူ ဘယ် ပါတနာကိုမှ သူ၏ ချစ်သူလိုမတွဲပေ။ အမြဲ သူတို့တွေကို အကွာအဝေး တစ်ခုမှာပဲ ထားထားလေ့ရှိပေသည်။ ထို့ကြောင့် သူ့ပါတနာတွေရဲ့ private life ကိုလည်း သူ ဘာမှ လိုက်မချုပ်ချယ်ထားပေ။

သူ့ဘက်ကနေ ဘယ်သူ့ကိုမှ အလေးအနက် မချစ်မိသွားစေရန် ကြိုတင် ဟန့်တားထားခြင်းဆိုလည်း မမှားပေ။ တကယ်တော့ သူဟာ သူ့ဘက်က အလုံးစုံ ချစ်မိသွားပါမှ တစ်ဖက်သားက သူ့အပေါ် ဖောက်ပြားလာမည်ကို ကြိုတွေး၍ ကြောက်ရွံ့နေခြင်းသာ ဖြစ်ပေသည်။ သို့သော် သူ ထိုအရာအား ဘယ်သူ့ကိုမှ ဝန်ခံမှာ မဟုတ်ပေ။ သူဟာ ဘယ်သူမှ သူ့အားနည်းချက်ကို နင်းကာ သူ့အား အရှုံးသမား လုပ်ခွင့်မပေးနိုင်သောကြောင့် ဖြစ်ပေသည်။

>>>>>>>>>>>>>>>>>>>>T.B.C

A/N

ဒီ အပိုင်းလေးကတော့ ကိုကို့ရဲ့ ထရော်မာနဲ့ မိသားစု life လေးအကြောင်းပါ။ ပြီးတော့ ဒီအပိုင်းလေးမှာ ကိုကို့ POV တွေကိုပဲ မြင်သာအောင် ပြရတာက နောက်လာမဲ့ ဇာတ်လမ်းတွေမှာ ကိုကို နဲ့ ဟိုကလေးနှစ်ကောင် ဇာတ်လမ်းမှာ စိတ်ထင့်စရာတွေ ဖြစ်မနေအောင်လို့ပါ။

#3833 words
#Lily
#20.1.24

继续阅读

You'll Also Like

587K 31.5K 20
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...