နတ်နဂါးစစ်သည်
အခန်း ၆၇
( စောင့်နေရတာ တန်ရဲ့လား.... )
ရှုချန်း နှင့် ဖုန်းပြောပြီးသည့်နောက် လင်းချူရွယ်သည် သူမ၏ နှုတ်ခမ်းပါးလေးများကို စေ့ထားမိလိုက်သည်။ သူမသည် ရှုချန်းအား အားပေးစကား ပြောလိုပေသည်။ သို့သော် အကြောင်းပြချက် ရှာမရ ဖြစ်နေခဲ့သည်။ သို့သော် ယခု အချိန်တွင်မူ အကြောင်းပြချက် ရခဲ့လေပြီ။
လင်ချူရွယ်အားရပါးရ ပြုံးမိသည်။
ထိုအချိန်တွင် သူမသည် ရှုချန်း၏ တိုက်ခန်း ဝရန်တာတွင် ရပ်နေခြင်း ဖြစ်ပေသည်။ ရှန်ယောင် ရောက်လာသောအခါ လင်းချူရွယ်သည် ဖုန်းကို အိတ်ကပ်ထဲသို့ အမြန်ထည့်လိုက်သည်။
"ဒီမှာ တကယ်ပဲ နှစ်ရက်လောက် နေမလို့လား... နင့်ရဲ့ သူဌေးက နင့်ကို တရားစွဲနေပါဦးမယ်... "
အသီးပန်းကန်ကို ကိုင်လာသော ရှန်ယောင်က ပြောလိုက်သည်။
"ငါ့မိသားစုက ကုမ္ပဏီရဲ့ ရှယ်ယာရှင်တွေဆိုတာ မမေ့နဲ့ဦးလေ... ဒါ့ကြောင့် ငါလည်း ဒီကုမ္ပဏီကို တဝက်ပိုင်တယ်လေ... ကုမ္ပဏီ စထောင်ခါစမှာ ကုမ္ပဏီ နာမည်ရဖို့အတွက် အရည်အချင်းရှိတဲ့ ကျော်ကြားသူတယောက် လိုလို့ ငါလုပ်ခဲ့တာ... သူဌေးက ငါ့ကို ဘယ်တော့မှ အတင်းအကျပ် မခိုင်းဘူး... အခုဆိုရင် ငါတို့ ကုမ္ပဏီမှာ နာမည်ကျော်တွေနဲ့ သင်တန်းသား အသစ်တွေလည်း ပိုများလာပြီ... ဒါကြောင့် ငါ မပါရင်လည်း ကုမ္ပဏီက ပုံမှန်အတိုင်း လည်ပတ်နိုင်တယ်... "
"ဒါပေမဲ့ အခုချိန်မှာ နင်က နာမည်ကြီးနေတာလေ... ငွေရှာဖို့ ကြိုးစားရမှာပေါ့... "
"ငွေက အချိန်မရွေး ရှာလို့ရပါတယ်... "
လင်ချူရွယ် သည် သူနှင့် ရှုချန်းတို့မှာ အဆင့်အတန်း၊ ကြွယ်ဝချမ်းသာမှုတို့ ကွာဟမှုကြောင့် တဦးနှင့်တဦး လက်သင့်မခံနိုင် ဖြစ်နေသည်ကို သတိရမိသွား၏။
ရှန်ယောင် ပြုံးနေမိသည်။ မီးရောင်စုံများ လင်းလက်တောက်ပနေသော ရှန်ချန်းမြို့၏ ညအလှကို ဝရန်တာမှ ငေးမောကြည့်ရင်းဖြင့် "ဟုတ်တယ်... ပိုက်ဆံရှိရင် အရာအားလုံးက ပြောင်းလဲသွားတယ်... ငါ့အဖေဆိုရင်လည်း အတိတ်တုန်းက ကာကွယ်ချင်ပါတယ်ဆိုတဲ့ အရာတွေအားလုံးကို စွန့်ခွာသွားခဲ့တယ်... "
လင်းချုရွယ်သည် "နင်လည်း အိမ်မပြန်ချင်သေးဘူးနဲ့ တူတယ်... နင့်မိထွေးကြောင့်လား... "
ရှန်ယောင် ခေါင်းခါလိုက်ပြီး "ငါ့ရဲ့ နှလုံးသားထဲက ဒဏ်ရာက အခုထိ မပျောက်သေးတာ ဖြစ်နိုင်တယ်... ငါ သူတို့ကို ပြန်မတွေ့ချင်တော့ဘူး... ငါ့ဟာငါ တယောက်တည်းပဲ ရှင်သန် ရပ်တည်ချင်တော့တယ်... "
သို့သော် သူမသည် ချက်ချင်းပင် ပြုံးလိုက်ကာ လင်းချူရွယ်အား "ဒါနဲ့ နင်ရော ဘယ်တော့လောက် လက်ထပ်ဖို့ စိတ်ကူးထားလဲ... နင့်ရဲ့ ပတ်ဝန်းကျင်မှာ ချမ်းသာကြွယ်ဝတဲ့ အမွေဆက်ခံသူတွေ အများကြီးပဲဆိုတာ ငါကြားတယ်... မနာလိုတောင် ဖြစ်မိတယ်... "
လင်းချူရွယ်က တခစ်ခစ် ရယ်မောလိုက်ကာ "အဲ့လောက်ကြီးလဲ အထင်မကြီးပါနဲ့... ဒီလူတွေ အားလုံးက ငါနဲ့ ခဏလောက်ပဲ အတူနေချင်ကြတာ... ပြီးတော့ အခုအချိန်က ငါ ရွှေထီးဆောင်းနေတဲ့ ကာလလေ... ငါ့မှာ ရွှေထီး မရှိတော့ရင် ငါ့အနားမှာ ဝိုင်းနေတဲ့သူတွေလည်း အလိုလို ပျောက်သွားတော့မှာ... "
"ဒါပေမဲ့ နင် စဉ်းစားထားတဲ့လူတော့ ရှိတယ်မလား... "
လင်ချူရွယ်ခေါင်းခါလိုက်သည်။
"ငါ ဒါတွေ စိတ်မဝင်စားသေးဘူး... လောလောဆယ်တော့ ဂီတကိုပဲ အာရုံစိုက်ချင်သေးတယ်... "
"ဟဲ့ နင်က ဟွာရှမှာ အနုပညာလုပ်ဖို့ တယောက်တည်း ရောက်လာခဲ့တာ မဟုတ်ဘူးလား... တခါတလေမှာတော့ အထီးကျန်မှာ သေချာတယ်... နင့်ကို ဂရုစိုက်ပေးမယ့် လူတယောက်ယောက်တော့ လိုအပ်နေပါပြီ... "
လင်းချူရွယ်က ပြုံးလိုက်ကာ "ဟုတ်တယ်လေ... ဒါကြောင့် နင့်ဆီ လာလည်တာပေါ့... နင်က ငါ့ကို ဂရုစိုက်ပေးမယ့် အကောင်းဆုံး သူငယ်ချင်း မဟုတ်ဘူးလား... "
ရှန်ယောင် မျက်လုံးပြူးသွားသည်။
"နင် ပြောပြန်ပြီ... နင့်ကို ပရိတ်သတ်တွေ ဝန်းရံထားတဲ့ပုံကို ငါ အခုထိ ကောင်းကောင်း မှတ်မိပါသေးတယ်... "
"ဟုတ်တယ်လေ... ငါ ဘယ်လောက် နာမည်ကြီးတယ်ဆိုတာကို နင်မှ မယုံတာ... ငါ သတိထားဖို့ ပြောသားပဲ... အဲ့ဒါကို နင်က ငါ့လိပ်စာ သွားပြီး ပြောလိုက်တယ်လေ... ပြီးတော့ အခု ငါ့ကို ပြန်ပြီး အပြစ်တင်နေတာလား... "
ရှန်ယောင် ရယ်မောမိသည်။
လင်းချူရွယ်နှင့် သူမ စတင်တွေ့ဆုံပုံကို ပြန်လည်တွေးတောမိပြီး ပြုံးမိသွားသည်။ သို့သော် သူမသည် သက်ပြင်းရှည်ကြီး တချက်ချလိုက်ကာ ...
"ရှုချန်းတယောက် မြောက်ပိုင်းတံခါးဝ ခေါင်းဆောင်ကို နိုင်ပါ့မလား မသိဘူး... မြောက်ပိုင်းတံခါးဝ ခေါင်းဆောင်က အရမ်းဆိုးတယ်လို့ ငါကြားဖူးတယ်... သူ အနိုင်ရဖို့အတွက်ဆိုရင် အရက်စက်ဆုံး နည်းလမ်းတွေကို သုံးမယ့် သနားညှာတာစိတ် လုံးဝ မရှိတဲ့ သူတယောက်ပဲ... "
လင်းချူရွယ်သည် ရှန်ယောင် ကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး ....
"နင် သူ့ကို စိတ်ပူနေတာလား... "
ရှုချန်းသည် မိန်းကလေးနှစ်ဦးနှင့် တအိမ်ထဲအတူ နေထိုင်ကာ ထိုအထဲမှ တဦးမှာ သူမ၏ အချစ်ဆုံး သူငယ်ချင်း ဖြစ်နေပေသည်။ ဤသည်ကို လင်းချူရွယ်အနေဖြင့် လက်ခံရန် အတော်ပင် ခက်ခဲ၏။
"အဲ့လိုတော့လည်း မဟုတ်ပါဘူး... ဒါပေမဲ့ သူက စိတ်ဝင်စားဖို့ ကောင်းတယ်လို့ မထင်ဘူးလား... သူ လုပ်သမျှကို ကြည့်လိုက်... ပုံမှန် မဟုတ်ဘူး... သူ့လောက် စိတ်ဝင်စားဖို့ ကောင်းတဲ့ ယောကျ်ား တစ်ခါမှ မတွေ့ဖူးသေးဘူး... ပွင့်ပွင့်လင်းလင်း ပြောရရင် သူက အားကိုးလို့ ရမယ့် လူတယောက်လို့ ငါထင်တယ်... ဟိုတညကလည်း တခါမှ မမြင်ဖူးတဲ့ မိသားစုအတွက်နဲ့ အနောက်တံခါးဝ ကာစီနိုမှာ သောင်းကျန်းခဲ့သေးတယ်... ငါ မြင်ခဲ့ဖူးတဲ့ ယောက်ျားတွေထက် ပိုသာပါတယ်... "
သူမ၏ ခင်ပွန်းဖြစ်သူအား ချီးကျူးစကားဆိုနေသည့် ရှန်ယောင်ကို လင်ချူရွယ်အံ့ဩတကြီး ကြည့်နေမိသည်။ သို့သော်လည်း ဤသည်မှာ အမည်ခံ အိမ်ထောင်ရေးတခုသာ ဖြစ်သည့်အတွက် အဘယ်ကို ဂရုစိုက်ရမည်နည်း။
ရှုချန်းသည် သူမအား လွတ်လပ်ခွင့်ပေးခဲ့သည့်အတွက် သူ့အနေဖြင့်လည်း ရှုချန်းအား အခြား မိန်းကလေးများနှင့် ဆက်ဆံမှုရှိသည်ကို ခွင့်ပြုသင့်ပေသည်။ သို့သော်လည်း လင်းချူရွယ်၏ စိတ်ထဲတွင် ပျော်မနေတော့ချေ။
"နင် သူ့ကို သဘောကျနေတာလား... "
လင်ချူရွယ်မနေနိုင်ပဲ မေးလိုက်မိသည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... နင် ဘယ်ကနေ ဘယ်လိုမျိုး တွေးမိတာလဲ... ငါသာ လူတွေကို လွယ်လွယ်နဲ့ ချစ်မိရင် ငါ့မှာ ရည်းစားတွေ မှိုလိုပေါက်နေရောပေါ့... "
"ကောင်းပါတယ်လေ... "
"ဘာပြောလိုက်တယ်... "
ရှန်ယောင် နားကြားမှားသည်ဟု ထင်မိသည်။
"ငါ ဘယ်သူ့ကိုမှ မချစ်ဘူးလို့ ကြားတာနဲ့ ကောင်းတယ်လို့ ပြောရရောလား... လင်ချူရွယ် နင် ငါ့ကို အမြဲတမ်း အပျိုကြီး လုပ်စေချင်တာလား... "
"ဟုတ်တယ်လေ... နင်က အမြဲတမ်း လေယာဉ် လိုက်နေရတာ... နင့်မိသားစုကို အချိန်ပေးနိုင်မှာ မဟုတ်ဘူးလေ... ဒါ့ကြောင့် နင် တယောက်တည်းနေတာ ပိုကောင်းမယ်... "
လင်းချူရွယ်က ရယ်မောကာ ပြောဆိုလိုက်သည်။
"စိတ်ပူမနေနဲ့ ငါနဲ့ သင့်တော်တဲ့သူ တဦးကို တွေ့တာနဲ့ လေယာဉ်မယ် အလုပ်ကနေ ထွက်မှာ... "
လင်းချူရွယ်သည် ကြယ်ရောင်စုံ လင်းလက်တောက်ပနေသော ကောင်းကင်ယံကို ကြည့်ကာ ရယ်မောလိုက်ပြီး ...
"ဒါနဲ့ ရှုချန်း ငါ့ကို ဖွင့်ပြောလာမလား ဆိုပြီး ရန်ကျင်းနဲ့ ငါ လောင်းကြေးထပ်ထားတယ်... "
လင်ချူရွယ်အံ့အားသင့်သွားသည်။ "တကယ်ကြီးလား... "
ရှန်ယောင် ခေါင်းညိတ်လိုက်သည်။
"တစ်လလုံး ခွင့်ရက်ရနေတာ ပျင်းဖို့ကောင်းတယ်လေ... စိတ်ဝင်စားစရာ တခုခုတော့ လုပ်မှပေါ့... ပွင့်ပွင့်လင်းလင်း ပြောရရင် ရှုချန်းလို ယောကျ်ားမျိုးက ဘယ်မိန်းကလေးနဲ့မှ ရင်းရင်းနှီးနှီး နေတာ မဟုတ်ဘူး... ဒါ့ကြောင့် သူနဲ့ ချစ်သူဖြစ်သွားရင် သူ့ချစ်သူ ကောင်မလေးက တကယ် ကံကောင်းမှာပဲ... ဘာလို့လဲဆိုရင် တခြား မိန်းကလေးတွေနဲ့ ပက်သက်ပြီး စိတ်ပူနေစရာ မလိုတော့လို့လေ... "
ထိုစကားကြောင့် လင်ချူရွယ် တိတ်တခိုး သက်ပြင်းချမိသည်။ ရှုချန်းသည် သူ့ကို ဘယ်သောအခါကမှ မချစ်ခဲ့ဖူးသည်မှာ ဖြစ်နိုင်ပေသည်။
"ဒါပေမဲ့လည်း သူ ငါ့ကို ချစ်မိသွားတဲ့အခါ ငါတကယ် လက်မခံနိုင်မှာကို ကြောက်မိတယ်..." ရှန်ယောင် သက်ပြင်းချကာ ပြောလိုက်သည်။
လင်းချူရွယ်သည် နှုတ်ခမ်းများကို ဖြေးညင်းစွာ ဖွင့်ဟလိုက်ကာ...
" ရှုချန်း နင့်ကို ဖွင့်ပြော မပြောဆိုတာပဲ အရင်ဆုံး ကြည့်ပါဦး... နင်နဲ့ငါ လောင်းရအောင်... "
ထိုသို့ ပြောနေသေည်လည်း လင်းချူရွယ်၏ စိတ်အတွင်း၌မူ ...
" သူ နင့်ကို ချစ်မယ်ဆိုတာ ငါ မယုံဘူး... တကယ်လို့ သူ နင့်ကို ချစ်ခဲ့ရင် အဲ့ဒီနေ့ ငါ သူ့ကို ကွာရှင်းပေးမယ်... "
"လင်းချူရွယ်... ငါ ဘယ်လောက် ချစ်စရာကောင်းလဲ ဆိုတာ နင် မသိသေးပါဘူး... နင်ကပါ အလောင်းအစားလုပ်မယ်ဆိုတော့ ငါ အကောင်းဆုံး ကြိုးစားသွားမှာပါ... "
ရှန်ယောင် သည် လင်းချူရွယ်၏ တင်ပါးကို လက်ဖြင့် ပုတ်ကာ ပြောလိုက်သည်။
ထိုကိစ္စတွင် လင်းချူရွယ်၏ လောင်းကြေးမှာ ရှုချန်းနှင့် သူတို့အကြားမှ ငယ်ဘဝ အမှတ်တရများနှင့် သံယောဇဉ်တို့ ဖြစ်နေပေသည်။ အမှန်ဆိုရလျှင် လင်းချူရွယ်နှင့် ရှုချန်းတို့မှာ တစ်ဦးမှစ၍ စကားပြောသည်ကို တစ်ဦး စောင့်မျှော်နေကြသူများပင်။ ထို့ကြောင့် ရှန်ယောင်ကို အသုံးချကာ ရှုချန်း၏ သူမအပေါ် ခံစားချက်တို့ကို သိရှိရန် စမ်းသပ်လိုပေသည်။ ရှုချန်းသည် သူမကဲ့သို့ ငယ်ဘဝ အမှတ်တရများနှင့် သံယောဇဉ်များအပေါ် တွယ်တာမှုများ ရှိနေဆဲ ဖြစ်သည်လောကို သူမ သိရှိလိုပေသည်။
"ငါတို့ လောင်းကြမယ်လေ... တကယ်လို့ နင် နိုင်သွားရင် ငါ့နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားတဲ့ လျှို့ဝှက်ချက် တခုကို ပြောပြမယ်... "
လင်းချူရွယ်သည် ရှန်ယောင် ကို စေ့စေ့ကြည့်ကာ ပြောလိုက်သည်။
ရှန်ယောင် အနိုင်ရသည့်နေ့သာ အမှန်တကယ် ရောက်ရှိလာပါက သူမ၏ လူမသိ သူမသိ အိမ်ထောင်ရေးကို အဆုံးသတ်ရသောနေ့ ဖြစ်ပေလိမ့်မည်။
အခန်း ၆၇ ပြီး
နတ်နဂါးစစ်သည်
အခန်း ၆၈
( ရက်ချိန်း )
နှစ်ရက်အကြာတွင် လူ ၃,၀၀၀ ဆန့် အားကစားကွင်း တခု၌...
ထိုနေရာသည် သေမင်းတမန် ထိုးသတ်ပွဲ ကျင်းပမည့် နေရာ ဖြစ်ပေသည်။ ထိုကဲ့သို့သော နေရာမျိုးတွင် ထိုးသတ်ပွဲများ မကျင်းပြရန် မြို့တော် တာဝန်ရှိသူများက တားမြစ်ထားသော်လည်း ဤ ပွဲမှာ မြောက်ပိုင်းတံခါးဝ ဂိုဏ်း ဖျက်သိမ်းခြင်း၊ မဖျက်သိမ်းခြင်းနှင့် စပ်ဆိုင်နေ၍ တာဝန်ရှိသူများ အားလုံးက မျက်ကွယ်ပြုထားကြ၏။ ထို့အပြင် ရဲဌာနမှ တာဝန်ရှိသူများပင် လာရောက် ကြည့်ရှုနေကြသေးသည်။
မြေအောက်ဂိုဏ်းများမှ သူ အများအပြားလည်း လာရောက် ကြည့်ရှုကြ၏။ ထို့အပြင် ဤ ထိုးသတ်ပွဲကို တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်ရန်ပင် မြို့တော် တာဝန်ရှိသူများနှင့် ညှိနှိုင်းခဲ့ကြသည်။ ရဲအရာရှိ တဦးသည် လူမိုက်တဦးအား ရှုံးနိမ့်ခဲ့ပါက ရဲဌာန တခုလုံး အရှက်ရစေမည် ဖြစ်သောကြောင့်ပင်။
အနောက်တံခါးဝ ကာစီနိုတွင် ရှုချန်း၏ လက်စလက်နကို မြင်တွေ့ခဲ့ကြသော နာမည်ကျော် လူချမ်းသာ အများစုမှာလည်း မြောက်ပိုင်းတံခါးဝ ခေါင်းေဆာင်အား အနိုင်ရစေလိုကြသည်။ ထို့အပြင် ရှုချန်းနှင့် ရန်ညိုးရန်စ ရှိခဲ့သော သခင်လေး ယွန် နှင့် အပေါင်းအပါများသည်လည်း မြောက်ပိုင်းတံခါးဝ ခေါင်းဆောင်ဘက်မှ အားပေးကြ၏။
လင်းတုန် ၊ သူ၏ အစ်ကို နှင့် အပေါင်းအသင်း အချို့လည်း ထိုးသတ်ပွဲ မစခင်ကတည်းပင် လာရောက် စောင့်ဆိုင်းနေကြသည်။
ထိုးသတ်ပွဲ မစတင်မီ တနာရီ အလိုကတည်းပင် အားကစားရုံ အတွင်း၌ လူထောင်ချီ ရောက်ရှိနေကြပြီ ဖြစ်သည်။
VIP အခန်းမှ ကြည့်ရှုရန် ဝင်သွားသော ရဲဌာမှ အရာရှီ တဦးကိုလည်း တွေ့လိုက်ရ၏။ ထို့အတူ ရှန်ချန်းမြို့ စစ်ဒေသမှ သူများပါ လာရောက်သည့်အတွက် အံ့အားသင့်ဖွယ် ဖြစ်နေသည်။ ထို့အပြင် ရန်ဝေ၊ ဝူဟောက်၊ ဝမ်ယင်း၊ ရှီဝမ်ပင်း နှင့် သူတို့၏ ကြီးကြပ်ရေးမှုးပါ ရောက်နေကြသည်။ ကြီးကြပ်ရေးမှုသည် လာရောက် ကြည့်ရှုရန် ဆန္ဒ မရှိသော်လည်း ဝမ်ယင်း အတင်းအကြပ် ခေါ်လာ၍ ပါလာခြင်း ဖြစ်၏။
ရဲဌာန၊ အစိုးရဌာနတို့သာ မက စစ်တပ်မှ တာဝန်ရှိသူများပါ လာရောက်သည့်အတွက် ထိုးသတ်ပွဲမှာ ပိုမို စည်ကား အသက်ဝင်နေသည်။ ထိုးသတ်ပွဲ မစတင်ခင်မီတွင် သူတို့အား လာရောက် နှုတ်ဆက်သူတို့ကလည်း မနည်းမနော။
ဤထိုးသတ်ပွဲအား လောင်းကြေးထပ်သူများကလည်း များလှ၏။ သို့သော် လာရောက်သူ ၉၈% သည် မြောက်ပိုင်းတံခါးဝ ခေါင်းဆောင်၏ တန်ခိုးအာဏာ အရှိန်အဝါတို့ကိုသာ သိကြပြီး ရှုချန်းအကြောင်းကိုမူ စဉ်းငယ်မျှပင် မသိချေ။ သို့ဖြစ်၍ မြောက်ပိုင်းတံခါးဝ ခေါင်းဆောင်ဘက်မှ လောင်းကြေးထပ်သူများသာ များပြား၏။
အခြားသော တံခါးဝ ဂိုဏ်း သုံးခုမှ တာဝန်ရှိသူများလည်း ရောက်လာကြသည်။ ကုန်သွယ်ရေး ကိုယ်စားလှယ် အရှေ့ တံခါးဝ တာဝန်ရှိသူ၊ တရားဝင် ကာစီနို ဖွင့်ခွင့် ရရှိထားသည့် အနောက်တံခါးဝ တာဝန်ရှိသူ၊ စားသောက်ကုန်နှင့် အိမ်ခြံမြေ လုပ်ငန်း ကိုယ်စားလှယ် တောင်ပိုင်း တံခါးဝ တာဝန်ရှိသူတို့သည် ထိုးသတ်ပွဲသို့ လာသည့် အရာရှိ အသီးသီးတို့ကို လာရောက် နှုတ်ဆက်ကြ၏။
" ဒီလို အထူးဧည့်သည်တော်တွေ လာမယ်ဆိုတာ ကြိုသိရင် VIP ခန်းတွေ ပိုပြင်ထားမှာပေါ့ဗျာ... "
အနောက်တံခါးဝ တာဝန်ရှိသူက လက်ဆွဲနှုတ်ဆက်ရင်း လောကွတ်ပြုလိုက်၏။
ရဲဒါရိုက်တာလည်း နှာခေါင်းတချက်ရှုံ့လိုက်ပြီးမှ ....
" ဘာကို အထူးဧည့်သည်တော်တွေ လုပ်နေတာလဲ... ကျုပ်တို့က ခဏခဏ တွေ့နေကြတာပဲကို... နောက်ဆို ပိုတောင် တွေ့ကြရမယ် ထင်တယ်... "
ရဲဒါရိုက်တာသည် အနောက်တံခါးဝ တာဝန်ရှိသူအား ရင်ထဲမှ မပါသော စကားလုံးများ ပြောလိုက်၏။
ရှန်ချန်းမြို့တော်၏ သမိုင်းကြောင်းတွင် အမဲစက်ကြီးများ သဖွယ် ဖြစ်နေသော တံခါးဝ လေးခုအား အမြစ်ဖြတ် နှိမ်နင်းရန်မှာ ရဲဒါရိုက်တာ၏ တာဝန်ပင် ဖြစ်၏။ သို့သော် အခြေခိုင်မာနေပြီ ဖြစ်သည့် ထိုဂိုဏ်းကြီးများကို မြေလှန် အမြစ်ဖြတ် နှိမ်နင်းရန်မှာ ရဲဒါရိုက်တာ တဦးတည်း၏ အင်အားဖြင့် မလုံလောက်ချေ။ သို့သော်လည်း ရဲဌာနသည် ထိုဂိုဏ်းများကို အခွင့်အခါ သင့်လျင် သင့်သလို အရေးယူ နှိမ်နင်းခြင်းတို့ လုပ်ဆောင်၏။ သို့ရာတွင် ထိုဂိုဏ်းများ၏ ခေါင်းဆောင်များနှင့် ထိတွေ့နိုင်ခြင်း မရှိခဲ့ပေ။
ဤအကြိမ်တွင်မူ ရှုချန်း သည် မြောက်ပိုင်းတံခါးဝ ခေါင်းဆောင်နှင့် ထိပ်တိုက် တွေ့ဆုံခဲ့လေပြီ။ မြောက်ပိုင်း တံခါးဝမှာ ဂိုဏ်းလေးခု အနက် အင်အား အနည်းဆုံး ဖြစ်နေခဲ့ချိန်တွင် ကင်းလှည့် အရာရှိ တဦး၏ စော်ကားမှုကို ခံခဲ့ရ၏။ ထိုကင်းလှည့် အရာရှိအား မှတ်သားလောက်အောင် ဦးနှိမ်ခြင်း မပြုနိုင်ပါက မြောက်ပိုင်း တံခါးဝ၏ နေဝင်ချိန် ဆိုက်ရောက်လာပေတော့မည်။ ထို့ကြောင့် ဤအခြေအနေကို အသုံးချကာ မြောက်ပိုင်းတံခါးဝ ခေါင်းဆောင် အသက်ရှင်နေသေးကြောင်းနှင့် ရဲအရာရှိ တဦးကို သတ်ဖြတ်နိုင်သည်အထိ တန်ခိုးထွားနေသေးကြောင်း ရှန်ချန်း တမြို့လုံးအား သိရှိအောင် ကြေညာမောင်းခတ်ရန် ဆုံးဖြတ်လိုက်သည်။
ရဲဒါရိုက်တာ၏ စကားကြောင့် တံခါးဝ သုံးခုမှ တာဝန်ရှိသူများ ပြုံးရုံသာ ပြုံးလိုက်သည်။ အကယ်၍ ဤပွဲတွင် သူတို့ အနိုင်ရခဲ့လျှင်ပင် အနာဂတ်တွင် ရဲဌာနသည် သူတို့အား ပိုမို တင်းကြပ်ဖိနှိပ်ပေလိမ့်မည်။ ယခင်က အာဏာနှင့် အရင်းအမြစ်များကို ထိုတံခါးဝ ဂိုဏ်းများမှ လက်ဝါးကြီးအုပ်ထားနိုင်သော်လည်း ယခုအချိန်တွင် ရဲတပ်ဖွဲ့က ပြန်လည် သိမ်းပိုက်လာပြီ ဖြစ်သည်။
" ညွှန်ကြားရေးမှူး... ကျုပ်တို့လည်း ဒီ အလုပ်တွေ စွန့်လွှတ်ပြီး တရားဥပဒေနဲ့ အညီ နေတော့မယ်... အခွင့်အရေးပေးပါ... "
တံခါးဝ သုံးခုမှ တာဝန်ရှိသူများက နောက်ပြောင်လိုက်သည်။
ညွှန်ကြားရေးမှူးက နှုတ်ခမ်းတွန့်ရုံသာ ပြုံးပြီး ...
" ဒါပေါ့... မင်းတို့ တရားမဝင် ရယူထားတဲ့ အရာအားလုံးကို ရဲတပ်ဖွဲ့က ပြန်သိမ်းပိုက်ပြီးရင် နိုင်ငံတော်က မင်းတို့ကို ဘဝအသစ် တခု ပြန်ပေးမှာပေါ့... ဘဝအသစ် တခု ပြန်ပေးရုံတင် မကဘူး... ညစ်ထေးနေတဲ့ မင်းတို့ နှလုံးသားတွေကို စင်ကြယ်အောင် ၁၅ နှစ် နှစ် ၂၀ လောက် ကုသပေးဦးမှာ.... " ( ထောင်ကျခြင်း )
တာဝန်ရှိသူ သုံးဦး၏ မျက်နှာများ လငပုတ်ဖမ်းသကဲ့သို့ ညိုမဲသွား၏။
ထိုအချိန်တွင် တာဝန်ရှိသူများ၏ တပည့် တဦးသည် သစ္စာကြောင့်သိကြောင်းကို ပြသလို၍ ညွှန်ကြားရေးမှူးကို ကြည့်ကာ ... " တရားစီရင်ချက် မချခင်မှာ ချေပခွင့်တော့ ရှိပါတယ်..." ဟု ပြောလိုက်၏။
ထိုသူအား အနောက်တံခါးဝ ကိုယ်စားလှယ်က ပါးဖြတ်ရိုက်လိုက်ကာ ...
" ဒီစကားဝိုင်းမှာ ဝင်ပြောရအောင် မင်း အဆင့်က ဘာလဲ... " ဟု ငေါက်ငမ်းလိုက်သည်။
ညွှန်ကြားရေးမှူးက အသာပြုံးကာ " ဟုတ်တယ်... ခင်ဗျားတို့ တပည့်တွေကို သေချာ ဆုံးမထား... အာချောင်ရင် ပြသနာတွေ တက်တတ်တယ်... ကောင်းပြီ... ပွဲချိန်တောင် ရောက်ပြီ... ခင်ဗျားတို့ ဆက်ပြီး ဧည့်ခံစကား ပြောပေးဖို့ မလိုတော့ဘူး.... "
ထို့ကြောင့် တာဝန်ရှိသူ သုံးဦးလည်း နောက်လိုက်နောက်ပါများနှင့် အတူ မိမိတို့ ထိုင်ခုံရှိရာဆီသို့ ထွက်ခွာသွားကြ၏။
ထိုသူများ ထွက်ခွာသွားချိန်မှာပင် ကာရာတေး ဝတ်စုံ ဝတ်ဆင်ထားသော အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်း အသက် ၅၀ ခန့် လူကြီး တဦးသည် ညွှန်ကြားရေးမှူးအား ပြုံးရွှင်စွာဖြင့် လာရောက် နှုတ်ဆက်၏။
ထိုသူမှာ မြောက်ပိုင်းတံခါးဝ ခေါင်းဆောင်ပင်။ တံခါးဝ သုံးခုမှ တာဝန်ရှိသူများကို မောက်မာစွာ ဆက်ဆံခဲ့သော ညွှန်ကြားရေးမှူးသည် အားကောင်းမောင်းသန် မြောက်ပိုင်းတံခါးဝ ခေါင်းဆောင်ကိုတော့ ဖော်ရွေစွာ ပြန်လည် နှုတ်ဆက်လိုက်၏။
" ခင်ဗျားလို နာမည်ကျော် တယောက်ရဲ့ ထိုးသတ်ပွဲကို ကြည့်ခွင့်ကြုံမယ်လို့ ထင်မထားခဲ့ဖူးဘူး... "
ညွှန်ကြားရေးမှူးသည် ဟန်ဆောင်ပြုံးကာ နှုတ်ဆက်လိုက်၏။
သခင်ကြီးရန်( မြောက်ပိုင်းတံခါးဝ ခေါင်းဆောင် ) ရယ်မောလိုက်ကာ " ကျုပ်က အိုနေပါပြီ... အရင်တုန်းကတော့ အရှေ့တောင် အာရှမှာ အတော်ဆုံးဆိုတဲ့ ကိုယ်ခံပညာ သမားတယောက်ကို သတ်နိုင်ခဲ့တယ်... အချိန်တွေ ကုန်တာ မြန်တယ်ဗျာ... နှစ်ပေါင်း ၂၀ ဆိုတာ မနေ့တနေ့ကလိုပဲ.... ဒီနေ့တော့ ချာတိတ်လေး တစ်ကောင်နဲ့ ထိုးရဦးမယ်... ကျုပ်ရဲ့ အမှတ်တရတွေကို ကာကွယ်ဖို့ ကြိုးဝိုင်းထဲ ထပ်ဝင်ရဦးမှာပေါ့... "
ညွှန်ကြားရေးမှူးက ရယ်မောကာ " သေရင် ဘာမှ ယူသွားလို့ မရဘူး... အသက်ရှိတုန်းလေး လုပ်ချင်တာ လုပ်ရတာ... "
သခင်ကြီးရန် ခေါင်းညိတ်လိုက်သည်။ ထို့နောက် များပြားလှသော ပရိသတ်များကို လှမ်းငေးလိုက်ပြီး ...
" မြို့ခံတွေရော ရဲတွေပါ ဒီလောက် လာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး... နည်းနည်းတောင် စိုးရိမ်လာပြီ... "
" ဘာတွေ စိုးရိမ်နေတာလဲ... "
" စင်ပေါ်မှာ ကင်းလှည့် အရာရှိကို သတ်လိုက်ရင် ရောက်နေတဲ့ ရဲနဲ့ စစ်တပ်က ဒီနေရာကို ထိန်းချုပ်လိုက်မှာ စိုးရိမ်တာ... "
" စိတ်ပူမနေနဲ့... ကျုပ်တို့ သဘောတူထားပြီးသားပဲကို... ဒီနေရာကို ထိန်းချုပ်တာမျိုးတွေ မလုပ်ဘူး... ဒါပေမဲ့ ခင်ဗျားလူတွေ ဆူပူအုံကြွလာရင်တော့ ထိန်းချုပ်ရလိမ့်မယ်... "
ထိုအချိန်တွင် ပွဲကြည့်စင် ထောင့်တနေရာ၌ ကုတ်အင်္ကျီရှည် ကိုယ်စီ ဝတ်ဆင်ထားသော ယန်ကျင်းနှင့် ရှန်ယောင်တို့ တိတ်တဆိတ် ထိုင်နေကြသည်။ သူတို့ နှစ်ဦး အကြားတွင် ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းကာ နေကာမျက်မှန် တပ်ထားသည့် လင်ချူရွယ် ရှိနေ၏။ ထိုစဉ် သူမ၏ ဖုန်းသံ ထွက်ပေါ်လာသည်။
ဖုန်းနံပါတ်ကို ကြည့်ကာ ချက်ချင်း ကိုင်လိုက်သည်။
" အစ်မ... ငါတို့ ရောက်နေပြီ... နင်နဲ့ ယောက်ဖ ဘယ်မှာလဲ... "
" အရင်ဆုံး အဖေနဲ့ အမေကို လေးရာသီ ဟော်တယ်ဆီ ခေါ်သွားနှင့်... အဖေက တရုတ်စာ စစ်စစ် မစားရတာ ကြာပြီဆိုတော့ တရုတ်ဟင်းပွဲတွေ မှာထားပြီး စောင့်နေ ခဏနေရင် ငါနဲ့ ရှုချန်း လာခဲ့မယ်... "
လင်လဲ့ က " အစ်မ... အဖေ စိတ်ဆိုးလိမ်မ့ယ်နော်... သူက နင်နဲ့ ယောက်ဖကို တွေ့ချင်လို့ လာတာလေ... စောင့်ခိုင်းထားရင် ငါ့ကို ဖြတ်ရိုက်မှာပေါ့... အဖေက အခုထိ သန်မာနေတုန်းပဲ... အဲလိုမဟုတ်ရင် ငါ လုပ်ချင်ရာ လုပ်တာ ကြာလှပြီ... "
လင်ချူရွယ် နှုတ်ခမ်းကို တချက် ဖိကိုက်လိုက်ပြီး " လုပ်ပါ... ခဏလေးပဲ စောင့်ခိုင်းထားပါ... ငါ ဒီမှာ အလုပ်များနေလို့... "
အခန်း ၆၈ ပြီး