နတ်နဂါးစစ်သည်
အပိုင်း ၅၉
( အကဲဖြတ်မှု ( ၁ ) ( တုံ့ပြန်မှု အမြန်နှုန်း )
ဝမ်ယင်း သည် အခြားသော စစ်သည် နှစ်ဦးကို မှာကြားစရာ ရှိသည်တို့ မှာကြားပြီးနောက် ရှုချန်းနှင့် အတူ ထွက်ခွာသွားခဲ့သည်။ သူမသည် ရှုချန်းအား အကဲဖြတ် စစ်ဆေးမှုများ ပြုလုပ်မည့် အခြေစိုက် စခန်းဆီသို့ ဦးဆောင် ခေါ်ငင်သွားခဲ့သည်။
ရှီဝမ်ပင်း နှင့် သူ၏ သူငယ်ချင်းသည် သူတို့၏ ဒေါသအိုး နည်းပြဆရာမကို ခေါ်ဆောင်သွားနိုင်သည့် ရှုချန်းကို အံ့ဩတကြီး ကြည့်နေကြသည်။
ထို့နောက် သူတို့နှစ်ဦးသား ခေတ္တမျှသာ လေ့ကျင့်ပြီး ရှုချန်း ဘာလုပ်နေလဲ သိရှိနိုင်ရန် အခြေစိုက်စခန်း ဆီသို့ ပြန်သွားလိုက်ကြသည်။
အခြေစိုက်စခန်းတွင် ရှုချန်း၏ လေ့ကျင့်မှုအား အထောက်အပံ့ပြုနိုင်မည့် ပစ္စည်းကိရိယာ များစွာ ရှိပြီး ယခု လေ့ကျင့်နေသည့် ကလပ်ထက် များစွာ သာလွန်ကောင်းမွန် ပြည့်စုံပေသည်။
" ငါတို့ စစ်တပ်မှာ တာဝေးပစ်ခတ်မှုတွေ အကဲဖြတ်တဲ့အခါမှာ စက်ဝိုင်းပြား တခုကို လေထဲ ပစ်လိုက်တယ်... အဲဒီ စက်ဝိုင်းပြားက နှစ်စက္ကန့်အတွင်း ပျောက်သွားလိမ့်မယ်... ဒါကြောင့် အကဲဖြတ်ခံမယ့်သူမှာ လျင်မြန်တဲ့ တုံ့ပြန်မှု မရှိရင် စက်ဝိုင်းပြားကို ထိအောင် အချိန်မီ ပစ်နိုင်မှာ မဟုတ်ဘူး.... ဒါက ငါတို့ဆီမှာ အခက်ခဲဆုံး အကဲဖြတ်မှု တခုပဲ... "
ရှီဝမ်ပင်း တို့ နှစ်ဦးသား စကားပြောပြောဖြင့် လမ်းလျှောက်လာနေကြသည်။ ထို စက်ဝိုင်းပြားအား ပစ်ခတ်ရသည့် အကဲဖြတ်မှုကို အောင်မြင်ခဲ့သည်ကို ရှီဝမ်ပင်း က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောနေသေးသည်။
" ဒီနေရာမှာက သေချာ အကဲဖြတ်လို့ မရဘူး... ဒါကြောင့် တပ်ထဲမှာ သွားပြီး အကဲဖြတ် စမ်းသပ်ကြတာ များတယ်.. "
...
ထိုအချိန်တွင် အကဲဖြတ်မှု ခံယူရန် ရောက်ရှိနေသော ရှုချန်း စကားတခွန်းမှ မပြောချေ။ သူသည် အကဲဖြတ်မှု အဆင့်များကို ငေးကြည့်နေ၏။ သူသည် စစ်တပ်ထဲတွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က တာဝေးပစ်ခတ်မှု စွမ်းရည် လွန်စွာ ကောင်းမွန်သည့်အတွက် စက်ဝိုင်းပြားအား ပစ်ခတ်ရမည့် စမ်းသပ်မှုမှာ သူ၏ အမြန်နှုန်းကို အကဲဖြတ်ရာ၌ အသုံးဝင်မည် မဟုတ်ချေ။
ရှုချန်း တုံ့ဆိုင်းနေသည်ကို မြင်ရ၍ ဝမ်ယင်း သည် ရှီဝမ်ပင်း ကို လက်ညှိုးညွှန်ပြကာ " တကယ်လို့ လျင်မြန်မှု အမှတ်ချင်း ယှဉ်ချင်ရင် ရှီဝမ်ပင်း နဲ့ ပြိုင်လို့ရတယ်... စက်ဝိုင်းပြားကို နှစ်စက္ကန့်အတွင်း ပစ်တဲ့ အကဲဖြတ်မှုမှာ သူ့ အရှိန်က အတော်ကောင်းတယ်... ငါတို့ စစ်ဒေသ တခုလုံးမှာ သူ့ အမှတ်က အများဆုံးခဲ့ပဲ... လူအတော်များများက ၁၀ခါ ပစ်ရင် တခါလောက်ပဲ ထိတယ်... ရှီဝမ်ပင်း တယောက်ပဲ သုံးကြိမ် ထိအောင် ပစ်နိုင်တယ်... သူနဲ့ ယှဉ်ပစ်ကြည့်ပါလား... "
နည်းပြ ဝမ် ၏ ချီးကျုူးနေမှုကြောင့် ရှီဝမ်ပင်း စိတ်တွင်းမှ ကြိတ်ကာ ရယ်မောမိ၏။
" တကယ်တော့ ကံကောင်းလို့ အဲလောက် ပစ်နိုင်တာပါ... တကယ်တော့ နှစ်စက္ကန့်အတွင်းမှာ စက်ဝိုင်းပြားကို ပစ်ဖို့ဆိုတာ တကယ်ကို ခက်တယ်... ဦးနှောက်ကလည်း ပစ်ရမယ့် နေရာကို တွက်ချက်ရသေးတယ်... လက်ကလည်း ကွက်တိမှန်အောင် ချိန်ဆရသေးတယ်... ပြီးတော့ စက်ဝိုင်းပြားကို လေထဲ မြှောက်လိုက်ချိန်မှာ အသံမထွက်တော့ မျက်လုံးနဲ့ပဲ သေချာ ကြည့်နေရတာ... "
ရှုချန်း ခေါင်းညိတ်လိုက်သည်။ အမှန်တော့ သူ့အား အသေးစိတ် ရှင်းပြနေရန် မလိုပေ။ သို့သော် နည်းပြ ဝမ် က ရှင်းပြနေ၍ သူ ငြင်းပယ်ရန်လည်း မကောင်းချေ။
" ကောင်းပြီလေ... စမ်းကြည့်မယ်... "
ထိုအချိန်တွင် ရှီဝမ်ပင်း သည် စက်ဝိုင်းပြားကို ပစ်ခတ်ရမည့် သေနတ်ကို ချက်ချင်း ကောက်ကိုင်လိုက်သည်။ ဤမျှ တက်ကြွနေပုံအရ ရှီဝမ်ပင်း သည် နည်းပြ ဝမ် ရှေ့တွင် အစွမ်းပြခွင့်ရရန် အချိန်အတော်ကြာ စောင့်စားနေပုံ ရ၏။ ထို့အပြင် ဝမ်ယင်း မှာ သူတို့၏ ကိုယ်ကာယဆိုင်ရာ နည်းပြသာ ဖြစ်ပြီး အထွေထွေနည်းပြ မဟုတ်၍ သူတို့၏ စွမ်းရည်များကို ပြသခွင့် မရခဲ့ချေ။
ဝမ်ယင်း နှင့် ရှီဝမ်ပင်း မှာ သက်တူရွယ်တူ ဖြစ်ကြ၍ ကျားတို့ သဘာဝအရ ဆန့်ကျင်ဘက် မ သတ္တဝါတို့ရှေ့တွင် သူတို့၏ အစွမ်းသတ္တိများကို ထုတ်ဖော် ပြသလိုကြပေသည်။ ထို့အပြင် စစ်တိုင်းဒေသ မှ ချမှတ်ထားသော စည်းမျဉ်း ဥပဒေသများသာ မရှိပါက ရှီဝမ်ပင်း သည် နည်းပြ ဝမ် နှင့် အချစ်ဇာတ်လမ်း တပုဒ်ပင် ဖန်တီးလိုနေသေး၏။
သို့သော် ကံတရား၏ မျက်နှာသာပေး ဖေးမမှု မဲ့ကင်းရှာသူ ရှီဝမ်ပင်း ခမျာ နည်းပြ ဝမ် သည် သင်ကြားလေ့ကျင့်ပေးသည့် အလုပ်သဘောအရ ဆက်ဆံမှုမှ လွဲ၍ အခြားသော အကြောင်းအရာ စဉ်းငယ်မျှပင် ပြောဆိုဆက်ဆံခြင်း မရှိ၍ သူ၏ အစွမ်းတို့ကို ပြခွင့်မသာ ဖြစ်နေရှာ၏။
ထို့ကြောင့် ဤအခွင့်အရေးကို ရှီဝမ်ပင်း မစောင့်ဆိုင်းနိုင်တော့ချေ။ သူသာ ရှုချန်းထက် ပိုမို အစွမ်းပြနိုင်ပါက နည်းပြ ဝမ် သည် သူ့အား သဘောပင် ကျနိုင်ပေသည်။
ရှုချန်းသည် လေ့ကျင့်ရေး ကိရိယာကို ဖျက်ဆီးခဲ့သည့်နေ့မှ စ၍ နည်းပြ ဝမ် ၏ အာရုံစူးစိုက်မှုကို ရရှိခဲ့ပေသည်။ ထို့ကြောင့် ရှုချန်းအား အနိုင်ယူကာ နည်းပြ ဝမ် ၏ စိတ်အာရုံကို အရယူမည်ဟု သူ တွေးတောလိုက်သည်။
ထိုအကြောင်းကို တွေးလေလေ ရှီဝမ်ပင်း ပိုမို စိတ်လှုပ်ရှားလေလေ ဖြစ်လာသည်။ စက်ဝိုင်းပြားအား ပစ်ခတ်ရမည့် သေနတ် နှစ်လက်ကို ကောက်ယူလိုက်ကာ ရှုချန်းထံသို့ တလက် ပေးလိုက်သည်။
" ငါ အရင် လုပ်ပြတာ ကြည့်ချင်လား... "
ရှုချန်း ခေါင်းညိတ်လိုက်ကာ ပစ်ခတ်ရမည့် နေရာသို့ လျှောက်သွားလိုက်သည်။ ရှုချန်းက ...
" စက်ဝိုင်းပြားက ငါတို့နဲ့ ဘယ်လောက် အကွာအဝေးကနေ လေထဲ မြှောက်မှာလဲ... "
" ဒါက အစားစားပဲ... မင်းရဲ့ ပစ်ခတ်မှု စွမ်းရည်ကို ယုံကြည်ရင်တော့ မီတာ ၅၀ အကွာကနေ ပစ်လေ... သိပ်ပြီး ယုံကြည်မှု မရှီရင် ၂၀ မီတာလောက်ကနေ ပစ်ပေါ့... ဒါပေမဲ့ ဘယ်လောက်ကပဲ ပစ်ပစ် အဓိကက မင်းရဲ့ အရှိန်ပဲ... ချိန်သားကိုက် လှုပ်ရှားနိုင်ရမယ်... "
" ၂၀ မီတာကနေ အရင်ဆုံး ပစ်ရအောင်... "
ရှီဝမ်ပင်း ပြောလိုက်သည်။
" ရှုချန်း... အာရုံစူးစိုက်ထား... စက်ဝိုင်းပြားကို သေချာကြည့်... "
ရှီဝမ်ပင်း သည် ရှုချန်းအား ထပ်မံ သတိပေးနေသည်။
ထိုအချိန်တွင် စက်ဝိုင်းပြား နှစ်ခု မြောက်တက်လာလေသည်။ သို့သော် ဤအကြိမ်တွင် ရှုချန်း မပစ်ခတ်ခဲ့။ ရှီဝမ်ပင်း မှာမူ လျင်မြန် သွက်လက်စွာပင် ပစ်ခတ်လိုက်၏။ သို့သော် လွဲချော်ခဲ့သည်။
ပစ်ခတ်မှု ဖြစ်စဉ် တခုလုံးကို ရှုချန်း နားလည်သွားခဲ့သည်။ ပုံမှန်ဆိုလျှင် စက်ဝိုင်းပြား တခုသည် လေထဲသို့ မြင့်မြင့် ပစ်မြှောက်ခြင်း ခံရလေလေ ပြန်ကျရန် အချိန် ကြာလေလေ ဖြစ်ပေသည်။ သို့သော် ယခုမူ မတူချေ။ စက်ဝိုင်းပြားများကို လေထဲသို့ တည့်မတ်စွာ ပစ်မြှောက်ခြင်း မဟုတ်ပဲ မည်သည့် နေရာမှမှန်း မသိ ပစ်လွှတ်နေခြင်း ဖြစ်ရာ ၎င်းတို့ကို နှစ်စက္ကန့်အတွင်း ထိမှန်အောင် ပစ်ခက်ရန်မှာ ခဲယဉ်းလှ၏။
" ကောင်းတယ်ကွာ... မင်းပစ်တာ နည်းနည်း စောသွားတာ... "
ရှီဝမ်ပင်း ၏ သူငယ်ချင်းက ချီးကျူးလိုက်သည်။ သူသည် အနည်းငယ်မျှသာ ကပ်၍ လွဲချော်ခဲ့ခြင်း ဖြစ်သည်။ ရှုချန်းဆိုလျှင် ပစ်ပင် မပစ်လိုက်နိုင်။
ရှီဝမ်ပင်း ရယ်မောလိုက်ကာ နည်းပြ ဝမ် အား လှမ်းကြည့်လိုက်သည်။ သူမ၏ မျက်နှာမှာ သာမန်ပင်။ မည်သည့် ခံစားမှုမျှ မတွေ့ရ။ နောက်တကြိမ်တွင် စက်ဝိုင်းပြားအား ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့ပါလျှင်မူ သူမ၏ စိတ်အာရုံကို ရယူနိုင်မည်ဟု ရှီဝမ်ပင်း တွေးမိလိုက်သည်။
ရှုချန်းသည် ရှီဝမ်ပင်း ၏ စကားကို အာရုံစိုက်နေ၍ စက်ဝိုင်းပြား ထွက်လာသည်ကို သတိမထားမိ ဖြစ်ခဲ့ရသည်။
ပထမအကြိမ် အတွေ့အကြုံအရ ဤအကဲဖြတ်မှုတွင် ကံတရားလည်း အနည်းငယ်မျှ လိုအပ်ကြောင်း ရှုချန်း ခံစားမိသည်။
" ဒီ အကဲဖြတ်မှုမှာ ကံတရားလည်း ပါတာပဲ... ငါလည်း ကံကောင်းရင် ထိမှာပါ... "
ရှီဝမ်ပင်း က " ကျည်ဆယ်တောင့်ပဲ ပစ်ခွင့်ရှိတာ... မင်း ကံကောင်းရင် တခေါက်ပေါ့... ဘယ်သူမှ သုံးကြိမ်တော့ ကံမကောင်းနိုင်ဘူး... "
ရှုချန်း၏ စကားသည် သူ့အား အနည်းငယ် ဒေါသထွက်စေခဲ့သည်။ ရှုချန်းဆိုလိုသည်မှာ ရှီဝမ်ပင်း သည် ကံကောင်း၍သာ ထိမှန်လုနီးပါး ပစ်ခတ်ခဲ့နိုင်ဟု ဖြစ်နေသည်။
" မင်းလည်း ၁၀ ချက် ပစ်ပြီး ဘယ်လောက် ကံကောင်းမလဲ စမ်းကြည့်လိုက်လေ... "
ရှီဝမ်ပင်း စိတ်ထဲမှ ပြောလိုက်၏။
အပိုင်း ၅၉ ပြီး
နတ်နဂါးစစ်သည်
အပိုင်း ၆၀
( အဆတ်မပြတ် မျက်နှာဖြတ်ရိုက် ပညာ )
ရှုချန်း၏ စိတ်ထဲတွင် ထိုလူငယ်အား စော်ကားလိုခြင်း မရှိချေ။ စက်ဝိုင်းပြားများကို ပစ်ခတ်ခြင်းမှာ စွမ်းရည် အကဲဖြတ်ခြင်း တခု ဖြစ်သော်လည်း ကံတရား အပေါ်တွင်လည်း မူတည်နေပေသည်။
ထို့ကြောင့် ရှီဝမ်ပင်း စိတ်ခုသွားသည်ကို သူ ဂရုမစိုက်ချေ။
ရှုချန်းသည် သေနတ်အား မောင်းတင်လိုက်သည်။ ရှီဝမ်ပင်း သည် သူ့အား ဘာမှ မပြောသော်လည်း သူငယ်ချင်း ဖြစ်သူကမူ " ငါတို့တပ်ထဲမှာ ဒီစမ်းသပ်မှု ဝင်ပြိုင်တဲ့သူတွေ အများကြီး ရှိတယ်... ကံကောင်းတဲ့သူဆို ဆယ်ကြိမ်မှာ သုံးကြိမ်လောက်ပဲ ထိတာ... မင်းရော ကံဘယ်လောက်ကောင်းမလဲ... "
ရှုချန်း ခေါင်းညိတ်ကာ ပြုံးလိုက်ပြီး " ငါ စမ်းကြည့်မယ်လေ... ကံကောင်းရင်တော့ စက်ဝိုင်းပြား နှစ်ပြားလောက် ထိမှာပေါ့... "
ရှီဝမ်ပင်း ၏ သူငယ်ချင်းသည် စက်ကို ဖွင့်လိုက်၏။
သေနတ်ကို အသင့်ပြင်ကာ အရှေ့သို့ စူးရဲစွာ စိုက်ကြည့်နေသော ရှုချန်းကို ရှီဝမ်ပင်း အကဲခတ်နေသည်။ ယမန်နေ့က ပြသခဲ့သော လက်သီးပြင်းအားမှာ အမှန်ပင် ကြောက်မက်ဖွယ် ကောင်းသော်ငြား လူတဦးသည် နယ်ပယ်တိုင်းတွင် ထူးချွန်လိမ့်မည် မဟုတ်ဟု ရှီဝမ်ပင်း ယုံကြည်နေ၏။ ရှုချန်းသည် ပစ်ခတ်မှုနှင့် တုံ့ပြန်မှု အမြန်နှုန်းတွင် သူ့အား မမီနိုင်ဟု ဖြည့်တွေးနေသည်။
ရုတ်တရက်ဆိုသလို စက်ဝိုင်းပြား တချပ် အရှိန်ပြင်းပြင်းဖြင့် ထွက်ပေါ်လာသည်။ လူအများစုမှာ စက်ဝိုင်းပြားကို မြင်မှသာ လားရာကို မှန်းဆ၍ ပစ်ခတ်ကြ၏။ ထိမှန်ခြင်း၊ မထိမှန်ခြင်း ဆိုသည်မှာ ကံတရားအပေါ် မူတည်နေပေသည်။ ကမ္ဘာတဝှမ်းမှ ထိပ်တန်း လက်ဖြောင့်တပ်သားများပင် ထိမှန်နိုင်ခြေ ၃၀% မရှိပေ။
သို့သော် ရှုချန်းမှာမူ မတူ ကွဲပြား၏။ စက်ဝိုင်းပြားကို မမြင်ရမီကတည်းကပင် အာထရာဆိုးနစ်လှိုင်းများကို ဦးနှောက်က အာရုံခံကာ အလိုအလျောက် တုံ့ပြန်ပြီးသား ဖြစ်နေသည်။ ထို့ကြောင့် မည်သည့် နေရာမှမဆို ထွက်ပေါ်လာသည့် စက်ဝိုင်းပြားများ၏ လားရားကို ဦးနှောက်က ချက်ချင်း တွက်ဆနိုင်၏။ သို့ဖြစ်၍ တစက္ကန့် အတွင်းမှာပင် စက်ဝိုင်းပြားအား ထိမှန်အောင် ပစ်ခတ်လိုက်တော့၏။
ရှီဝမ်ပင်း နှင့် အဖော်ဖြစ်သူတို့ ကြောင်အသွားသည်။
ရှုချန်းက အသာအယာ ပြုံးလိုက်ကာ " တော်တော်ကံကောင်းသွားတာပဲ... "
ထိုစဉ်မှာပင် နောက်ထပ် စက်ဝိုင်းပြား တချပ် ထွက်ပေါ်လာပြန်၏။ ရှုချန်းလည်း ထိမှန်အောင် ပစ်ခတ်ပြန်သည်။ တစက္ကန့်အတွင်း၌ စက်ဝိုင်းပြား လားရာကို တွက်ဆခြင်း၊ ချိန်ရွယ်ခြင်း၊ ပစ်ခတ်ခြင်းတို့ကို ဆက်တိုက် လုပ်ဆောင်ခဲ့၏။
စက်တွင်လည်း ထိမှန်ကြောင်း ပြသနေ၏။
ရှီဝမ်ပင်း မျက်ခုံးပင့်မိသည်။ စက်ချို့ယွင်းမှု တစုံတရာ ရှိနေသည်လော။ သို့သော် စက်ဝိုင်းပြား နှစ်ခုအား ထိမှန်အောင် ပစ်ခတ်နိုင်ခြင်းမှာ အမှန်ပင် ဖြစ်နေသည်။
" ကျေးဇူးပြုပြီး မထိပါစေနဲ့... လွဲစမ်းပါ.... "
သူ၏ စံချိန်ကို ရှုချန်း မချိုးဖြတ် နိုင်စေရေးအတွက် ရှီဝမ်ပင်း တယောက် ကြိတ်ကာ ဆုတောင်းရတော့သည်။
ထိုအချိန်တွင် ဝမ်ယင်း မှာမူ ငြိမ်သက်စွာ ရပ်နေ၏။ သူမ၏ မျက်ဝန်းလှလှမှ အကြည့်တို့မှာ ရှုချန်းအပေါ်သို့ ရောက်ရှိနေသည်။ ထိုလူအား သူမ လွန်စွာ သိလိုပေသည်။ ဤကဲ့သို့သော စစ်သည် တဦးသည် အဘယ်အတွက်ကြောင့် စစ်မှုထမ်းခြင်းမှ အငြိမ်းစား ယူခဲ့သနည်း။
စစ်တပ်ထဲတွင် သူမ၏ အသိအကျွမ်း များစွာ ရှိ၍ ထိုမျှ အစွမ်းထက်သော စစ်သည် အကြောင်းကို အနည်းဆုံး တစွန်းတစခန့်တော့ ကြားဖူးရပေမည်။ သို့သော် သူမသည် ရှုချန်းအကြောင်း တခါမှ မကြားဖူးသလို ထိုနာမည်ကိုလည်း စစ်သည် အဆင့်သတ်မှတ်ခြင်း ဇယားတွင် တခါမှ မမြင်ဖူးချေ။
" တကယ်တော့ ဒီစမ်းသပ်မှုက ကံတရားအပေါ် မူတည်နေတာပါကွာ... "
ရှီဝမ်ပင်း ရှက်ရမ်း ရမ်းကာ ပြောတော့၏။
သို့သော် တတိယမြောက် စက်ဝိုင်းပြားကိုလည်း ထိမှန်အောင် ရှုချန်း ပစ်ခတ်နိုင်ခဲ့သည်။ ရှီဝမ်ပင်း နှင့် သူငယ်ချင်း ဖြစ်သူတို့ မျက်နှာ တည်သွားကြ၏။
သုံးချက်... သုံးချက်...
နောက်ထပ် စက်ဝိုင်းပြား တခု ထွက်လာပြန်သည်။ ရှုချန်း ထပ်မံ ပစ်ခတ်ပြန်၏။ သို့သော် ဤတကြိမ်တွင်မူ တစက္ကန့်အတွင်း၌ စက်ဝိုင်းပြား တခုတည်းကို နှစ်ချက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
စက်ပေါ်ရှိ အမှတ်မှာ ငါး ဟူ၍ ပြနေသည်။
" ဘာလဲဟ... လေးချက်မြောက် ပစ်တာ မဟုတ်ဘူးလား... ဘာကိစ္စ ငါးချက် ဆိုပြီး ပြနေတာလဲ... "
ရှီဝမ်ပင်း ၏ သူငယ်ချင်း ဇဝေဇဝါ ဖြစ်သွားသည်။
" စက်ကတော့ တခုခု မှားနေပြီ... "
ရှီဝမ်ပင်း တယောက် မိမိစံချိန်ကို ကာကွယ်ရန် အကြောင်းရှာလိုက်သည်။
သို့သော် ဝမ်ယင်း က " နှစ်ချက် ပစ်လိုက်တာ မကြားဘူးလား... စက်ဝိုင်းပြား တချပ်တည်းကို နှစ်ချက် ပစ်လိုက်တာလေ... ဒါကြောင့် စက်မှာ ငါးမှတ်လို့ ပြနေတာ... "
ရှီဝမ်ပင်း တို့ နှစ်ဦးသား ရှုချန်းကို ကြောင်အစွာ ငေးကြည့်မိ၏။
ငါးခုမြောက် စက်ဝိုင်းပြား ထွက်လာသည့်အခါ ဝမ်ယင်း သည် သေနတ်မောင်းခလုတ်ပေါ် တင်ထားသော ရှုချန်း၏ လက်ခလယ်ကို အသေအချာ စိုက်ကြည့်လိုက်သည်။ တစက္ကန့်ဆိုသည့် အချိန်တွင်း၌ ရှုချန်း၏ လက် လှုပ်ရှားသွားခြင်း ရှိ၊ မရှိ သူမ သေချာစွာ မမြင်နိုင်ပေ။ သို့သော် သေနတ်သံ သုံးချက်ကိုတော့ ကြားလိုက်ရ၏။
ထို့အတူ စက်ပေါ်တွင်လည်း ရမှတ်မှာ ရှစ်မှတ် ဖြစ်နေလေပြီ။
ရှီဝမ်ပင်း တို့ နှစ်ဦးသား ပါးစပ် အဟောင်းသား ဖြစ်နေသည်မှာ ယင်ကောင် ဝင်ဥ၍ ရလုမတတ်။
ထိုကဲ့သို့ ထိတ်လန့် ကြောင်အနေသည့် သူများ စိတ်သက်သာရာ ရစေရန် ရှုချန်း ပြုံးလိုက်ကာ ...
" ဒါက သေနတ်အစစ်မှ မဟုတ်တာ... သေနတ်အစစ်ဆို တချက်ပစ်ပြီးတိုင်း ပြန်ကန်နေတာနဲ့ ငါ ဒီလို ဘယ်ပစ်နိုင်မလဲ... "
ထိုသို့ ရှင်းပြသည့်တိုင် ရှီဝမ်ပင်း တယောက် ကြောင်အနေဆဲပင်။
သေနတ်အစစ်များကို မပြောလိုပေ။ ဤကဲ့သို့ စမ်းသပ်မှုတွင် အသုံးပြုသော တချက်ပစ် သေနတ်ဖြင့် တစက္ကန့်အတွင်း မည်သို့ သုံးချက် ပစ်သနည်း။
ရှီဝမ်ပင်း စိတ်ထဲ၌ အတော်ဝမ်းနည်းသွား၏။ သူသည် စက်ဝိုင်းပြား ဆယ်ပြားကို ဆယ်ကြိမ် ပစ်ပါမှ သုံးကြိမ်သာ ထိမှန်ခဲ့၏။ ရှုချန်းမှာမူ စက်ဝိုင်းပြား ငါးပြားကို ရှစ်ချက်အထိ ပစ်ခတ်နိုင်ခဲ့၏။
အဘယ်ကြောင့် သူတို့ နှစ်ဦး အကြားမှ ကွာခြားချက်မှာ ထိုမျ ကြီးမားရသနည်း။ ရှီဝမ်ပင်း ရှက်ရွံ့လွန်း၍ တွင်းတခု တူးကာ ဝင်ပုန်းချင်စိတ်ပင် ပေါ်လာသည်။
သို့သော် ရှုချန်းက " ဒီလို ပစ်ပြီး ငါ့ရဲ့ တုန့်ပြန်မှု အမြန်နှုန်းကို စမ်းသပ်သို့ မရဘူး ဖြစ်နေတယ်... တခြား ပုံစံ တခုနဲ့ စမ်းကြည့်ရအောင်... "
ရှီဝမ်ပင်း နှင့် သူငယ်ချင်း ဖြစ်သူတို့ ထိတ်လန့်သွားကြသည်။ ဤကဲ့သို့ ပစ်ခတ်နိုင်ခြင်းမှာပင် ရှုချန်းအတွက် ငှက်ပျောသီး အခွံ့နွာသကဲ့သို့ လွယ်ကူနေသလော။ ရှုချန်းအဖို့ သွေးပူရုံသာ ရှိသေးသည်လော။
ထိုအချိန်တွင် ရှုချန်းသည် ရှီဝမ်ပင်း ၏ သူငယ်ချင်းဘက်သို့ လှည့်ကာ " ငါ့အတွက် မျက်စိအကာ ရှာပေးပါလား... "
သုံးဦးသား ရှုချန်းကို ပိုင်တူ ကြည့်လိုက်ကြကာ " မျက်စိအုပ်ပြီး ပစ်မလို့လား... "
ရှုချန်း ခေါင်းညိတ်လိုက်သည်။
ဟင်...
ရှီဝမ်ပင်း တို့ နှစ်ဦးသား ထပ်မံ အံ့အားသင့်ရပြန်သည်။
ဤသူသည် မည်သို့သော သူနည်း။
မိမိတို့သည် အဘယ်ကြောင့် ထိုသူအား နည်းနည်းမျှပင် မယှဉ်နိုင်ရသနည်း။
အဘယ်ကြောင့်နည်း.....။
အပိုင်း ၆၀ ပြီး