LIMITED EDITION (SHIMKONGZ)

By RudyAhn2211

2.4K 211 107

Present for @GyuNoona04 Publish - 8.10.23 More

-HELLO MY EX BOYFRIEND -

-YOU'RE MY ...-

1K 98 46
By RudyAhn2211

-YOU'RE MY...-

လွန်ခဲ့သောခြောက်နှစ်ခန့်မှ ဒီဇင်ဘာလ၏ ချမ်းအေးလွန်းသောနေ့တစ်နေ့ ... ။

တက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသားများဖြစ်ကြသည့် ရစ်ခီနှင့်ဂယူဘင်းတို့မှာ တွဲနေတာနှစ်နှစ်ပြည့်ခါနီးပြီဖြစ်ကာ လူအများနှင့်နေရသည့်ကျောင်းအဆောင်မှာဆိုလျှင် ညအိပ်ညနေများတွင် အပြင်ထွက်ရခက်၍ ရစ်ခီ့၏မာမားဝယ်ပေးထားသည့်ကျောင်းနားနီးနီးတွင်ရှိ‌သောကွန်ဒိုတွင် အတူနေကြကာ နှစ်ဆယ့်လေးနာရီလုံးလုံး အတူရှိခွင့်ရသည့်ဆက်ဆံရေးဖြစ်လေသည် ။

" ရှန်ချွမ်ရွေ့ ဒါ ဘယ်သူလဲ ။ "

သို့ရာတွင် သူတို့နှစ်ယောက်မှာ အတန်းတူသော်လည်း ချွမ်ရွေ့က ညနေဘက်ဆို အခြားသောအတန်းဖော်များနှင့်ချိန်း၍ ကျောင်းအားကစားကွင်းမှာပင် ဘတ်စကတ်ဘောဆော့တတ်ကာ ဂယူဘင်းကတော့ အိမ်ပြန်ပြီး သူ့ညီများကို စာပြန်ပြပေးရသည့်အတွက် နှစ်ယောက်သား၏ အိမ်ပြန်ချိန်များက မတူကြပါချေ ။

အခုလည်း သူ့ထက်အရင်ပြန်ရောက်နေဟန်တူသောဂယူဘင်းမှာ အိမ်ထဲသို့ ရစ်ခီဝင်လာသည်နှင့် မျက်နှာတည့်တည့်ကိုပစ်ပေါက်လာသည့်ဓာတ်ပုံများကြောင့် သူက ကင်မ်ဂယူဘင်းတစ်ယောက် တစ်ခုခုအပေါ်တွင်သဝန်တိုနေပြန်ပြီမှန်း အတပ်ရိပ်မိလိုက်ကာ

" ဘာဖြစ်တာလဲ ကလေးလေး "

ဟု ဆိုလိုက်ပါလျှင် ဂယူဘင်းက အောက်ငုံ့၍ ဖိနပ်ချွတ်နေသည့် သူ့နောက်ကျောပြင်အား တစ်ချက်ရိုက်လာကာ

" မင်းအဘကို ကလေးလေးပါ့လား ။ ရှန်ချွမ်ရွေ့ မင်းဒီကိစ္စကိုအခုရှင်းနော် မဟုတ်ရင်အိမ်ထဲဝင်လာဖို့ မစဉ်းစားနဲ့ ။ " ဟု အတည်ပေါက်နှင့်ဆိုလာပါသည် ။

" ဘာကိုလဲကွာ ! "

ဂယူဘင်းနှင့်သူက တွဲလာတာရက်ပေါင်းငါးရာကျော်လာပြီဖြစ်ကာ အတူရှိလာတာလည်းတစ်နှစ်ကျော်နေပြီဖြစ်သော်လည်း ဂယူဘင်းက သူ့ကိုမြင်သမျှလူနှင့် လိုက်၍သဝန်တိုမြဲတိုဆဲဖြစ်ကာ သူဘယ်ကိုပဲသွားသွား အမြဲတမ်းစိတ်မချဖြစ်နေတတ်ပြီး ရစ်ခီဘက်ကတော့ ဘယ်လိုကိစ္စမျိုးပဲဖြစ်နေပါ‌စေ သူ့စိတ်ထဲတွင် စိတ်ရှုပ်လာသည်ဟု ခံစားရသည်နှင့် တခြားသူများအပေါ်တွင်သာမကဘဲ ချစ်သူဖြစ်သည့်ဂယူဘင်းအပေါ်မှာပါ စိတ်မရှည်တတ်‌တော့ပါချေ ။ ဤသည်မှာ သူတို့နှစ်ယောက်အကြားတွင်ရှိ‌နေသည့် ဆူးငြောင့်ခလုတ်ဖြစ်နေသော မကောင်းသည့်အချက်များဖြစ်နေသော်လည်း သူတို့နှစ်ယောက်လုံးကတော့ ငယ်ရွယ်သူများပီပီ အချစ်ဆိုသည့်ခံစားချက်၏အနောက်တွင် ငါလုပ်တာမှန်တယ် ဟူသည့် မာနစိတ်လေးများက ခံနေလေရာ ထိုအကျင့်များကို ဘယ်သူ့ဘက်ကမှစ၍ အလျှော့ပေးကာ မပြင်နိုင်ကြသေးပါချေ ။

အခုလည်း ဂယူဘင်းမှာ ခုနကသူကစားလာခဲ့သည့်ဘတ်စကတ်ဘောကွင်းမှာ လာရောက်၍အားပေးသည့် ဂျူနီယာမိန်းကလေးတစ်‌ယောက်နှင့်ရစ်ခီ့ကိုသမုတ်‌နေပြန်ကာ ရန်လုပ်နေပါသည် ။ တကယ်တော့ ထိုကလေးမလေးမှာ သူတို့ကစားနေရင်းမှ ခဏနားချိန်တွင် တစ်ဖွဲ့လုံးကို ရေဘူးများလာပေးသည်တွင် သူ့တစ်ယောက်တည်းကို ကွက်ပြီးပေးတာမဟုတ်သည့်အတွက် သူကလည်း ဘာရယ်မဟုတ် ကျောင်းထဲအထိ ရေသွားယူရမှာပျင်း‌နေခဲ့သည့်အချိန်ဖြစ်၍ လာပေးသည့်ရေဘူးအား မငြင်းဖြစ်ဘဲယူလိုက်မိကာ နေရာမှာတင် ဖောက်သောက်လိုက်ရာမှ အခုအိမ်ပြန်လာချိန်တွင်တော့ သဝန်ကြောင်တတ်သည့်သူ့ရည်းစားဂယူဘင်းဆီသို့ ဘယ်ကောင်လျှာရှည်၍ သွားတိုင်လိုက်သလဲ မသိပါ ။ သူ အိမ်ပြန်မရောက်ခင်ကတည်းက သေသေချာချာကိုပုံထုတ်ကာ ပို့ထားသည့် သူ့ဓာတ်ပုံများက ဂယူဘင်း၏လက်ထဲတွင် ရောက်နေခဲ့ပြီဖြစ်ပါသည် ။

ရစ်ခီ့တစ်‌ယောက်တည်းကိုသာ ကင်မရာအား သေချာချိန်၍ရိုက်ယူထားသည့်ဓာတ်ပုံများတွင် ရေဘူးလာပေးသည့်ကောင်မလေး၏လက်ဖျားနှင့် သူ့လက်ဖျားတို့ အမှတ်မထင်ထိကပ်သွားသည့် အခိုက်အတန့်များကအစ ပုံထဲတွင် ပါဝင်နေကာ သူရေသောက်ပြီးနောက် ကျေးဇူးတင်စကားပြောသည့်အချိန်တွင် ပြုံးသည်ဆိုရုံပြုံးလိုက်သည့်ပုံအဆုံး ပါဝင်နေပြီး ဂယူဘင်းဘက်ကကြည့်လျှင်တော့ ရစ်ခီတို့၏ပုံရိပ်များမှာ ချစ်ကြည်နူးနေသည့်မြင်ကွင်းများဟု အထင်ရောက်သွားနိုင်လောက်ပါ၏ ။

" မင်း ခုနကမှလုပ်လာတာမလား ။ မသိချင်ယောင်ဆောင်မနေနဲ့ ချွမ်ရွေ့ "

" ဟာ ! မင်းလည်းသိတယ်မလား ဒါကပုံမှန်အခြေအနေပဲဆိုတာကို ရစ်မနေပါနဲ့တော့ အချစ်ရာ .. ငါပင်ပန်းလာတယ် ။ "
ရှင်းပြသည်မမည်သောရှင်းပြချက်တစ်ခုအ ပြောပြီးနောက် အိမ်ထဲသို့ သူလှမ်းဝင်လိုက်လျှင်ပဲ ဂယူဘင်းက သူ့အင်္ကျီစအားအနောက်ကနေ အတင်းလှမ်းဆွဲထားကာ

" ပင်ပန်းတယ် ? မင်းဘာသာမင်း ဘတ်စကတ်ဘောအကြောင်းပြပြီး အကြည်စိုက်လာတာကို ပင်ပန်းနေသေးတာလား ။ "

ဟု ရန်စကားအားပြောလာခဲ့ပါလျှင် ရစ်ခီမှာ ကျစ်တစ်ချက်စုတ်သပ်လိုက်မိကာ ဂယူဘင်းဆွဲထားသည့် အပေါ်ထပ်အင်္ကျီအား နေရာမှာတင် ချွတ်ချလိုက်ပါသည် ။

" မောင့်ကလေးလေး မဆိုးနဲ့တော့နော် ။ ငါတို့တစ်ကျောင်းလုံးမှာ မင်းနဲ့ငါ့ကို အတွဲတွေမှန်း လူတိုင်းသိကြပါတယ်ကွာ ။ အဲ့တာကြောင့် မင်းရည်းစားကိုဘယ်သူကမှ တကူးတကလာမကြိုက်ဘူး ဟုတ်ပြီလား ။ "

" ဘာမောင်လဲ ! ဟိုကောင်မရဲ့မောင်လား ။ ဒီတစ်ခါတော့ ငါ့ကို သေချာရှင်းပြနော် ရှန်ချွမ်ရွေ့ ။ ဟိုလိုလိုဒီလိုလိုဝေ့မနေနဲ့ ! "

" ရစ်လိုက်တာ ကင်မ်ဂယူဘင်းရာ ... ငါတကယ်ပင်ပန်းလာလို့ဟာကို အလိုက်လည်းမသိပါလား ။ ရှင်းစရာလည်း ရှိမှမရှိတာကို ဘာတွေလာရစ်နေမှန်းမသိဘူး ။  "

ထိုစကား ... ။
စိတ်ရှုပ်စွာနှင့်ပြောလိုက်မိသည့် ထိုစကားတစ်ခွန်းက သူတို့နှစ်ယောက်၏ အသိုက်အမြုံလေးအား နှစ်ရှည်ကြာသည်အထိဝေးကွာစေရန်အကြောင်းပြချက်တစ်ခုဖြစ်နိုင်မှန်း ကြိုသိခဲ့ပါလျှင် ချွမ်ရွေ့မှာ ထိုနေ့ကတည်းက ဂယူဘင်းအား စိတ်ရှည်ရှည်ထား၍ ချော့မော့ခဲ့မိမှာပင် ။

သို့ရာတွင် ထိုအချိန်က ကိုယ့်အတွက်ကိုယ်သာ တွေးခဲ့မိသည့်သူက သူ့အား မည်မျှပင်အပိုင်ရနေပါစေ ၊ ဘေးပတ်ဝန်းကျင်မှသူများ၏ သွေးထိုးမှုများကြောင့် စိတ်မချဖြစ်ကာ သဝန်တို‌နေတတ်သည့်
ဂယူဘင်း၏စိတ်ကို မဖြည့်တွေးခဲ့မိသည်က ဘာမဟုတ်သည့်ကိစ္စလေးတစ်ခုနှင့် နှစ်ယောက်သားအကြားတွင် စကားများခဲ့ကြရကာ အပျက်ပျက်နှင့် နှာခေါင်းသွေးထွက်သည့်ကိစ္စများဖြစ်သွား‌စေသည်အထိကို ကြီးမားသွားခဲ့ပါတော့သည် ။

" ဪ .. မင်းစိတ်ထဲမှာ ငါက ဘာမဟုတ်တာလေးနဲ့ ရစ်တယ်လို့ထင်နေတာပေါ့ ။

ဟား ရတယ်လေ ဒါဆိုလည်း အားတိုင်းရစ်နေတဲ့ငါ့ကို ထားခဲ့ပြီး မင်းထွက်သွားလိုက်တော့ "

" ဂယူဘင်း ! မင်း အခုပြောတဲ့စကားရဲ့အဓိပ္ပါယ်ကို မင်းသိလား ။ မင်းငါ့ကိုစိတ်ကုန်နေတာလား ။"

" သိတယ် ! ငါမင်းကိုဖြတ်လိုက်တာ ။ ငါမင်းကိုတကယ်စိတ်ကုန်သွားတာချွမ်ရွေ့။ စတွဲကတည်းက ငါ့ဘက်က စလိုက်ခဲ့ရလို့ မင်းကငါ့ကိုတန်ဖိုးမထားမှန်းလည်း သိတယ် ။ အဲ့တာကြောင့် ငါဘာဖြစ်နေနေ မင်းစိတ်ကိုပဲရှေ့တန်းတင်ပြီး ငါ့ကို ဘယ်တော့မှ နားလည်မပေးနိုင်တဲ့သူနဲ့ ရှေ့ဆက်ဖို့အတွေးမရှိတော့ဘူး ။ ပြီးတော့ မင်းရဲ့အတ္တကြီးပြီး တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ကိုလည်း ငါဆက်ပြီးသည်းမခံနိုင်တော့ဘူး ။ ငါပင်ပန်းနေပြီကွ "

ဂယူဘင်း၏မျက်ဝန်းများတွင်ဝမ်းနည်းရိပ်တို့မရှိသလို နာကျင်ရိပ်တို့လည်း အလျဉ်းကင်းကာ ဒေါသထွက်ဟန်လည်းမပြဘဲ ဂယူဘင်းကဂယူဘင်းနှင့်မတူစွာ ပြောင်းလဲနေသည့်အခါ သူကအနည်းငယ်တော့ တုန်လှုပ်သွားပေမယ့် ဒါသည်ဂယူဘင်းဘက်က သူချော့တာခံချင်၍ သပ်သပ်ဉာဏ်ဆင်သည်ဟု ထင်လိုက်မိသည့်အခါတွင်တော့ ချွမ်ရွေ့က ဧည့်ခန်းထဲမှ နှစ်ယောက်ထိုင်ခုံပေါ်တွင် ‌ခြေ
ဆန့်၍တင်ကာ ထိုင်လိုက်ရင်းမှ ဘာမဟုတ်တာလေးအတွက်နှင့် လမ်းခွဲမယ်အထိဆိုလာသူကို မမှိန်မသုန်နှင့် စိုက်ကြည့်လိုက်ကာ သဘောတူဟန်နှင့် ခေါင်းကိုငြိမ့်ပြလိုက်ပါသည် ။

သူ့အထင်မှာ အခုရက်ပိုင်းတွင် ဂယူဘင်း၏စိတ်ကပို၍ဆတ်လာကာ သူ့မျက်စိရှေ့တွင် ချွမ်ရွေ့တစ်ခါဖြတ်လျှောက်တိုင်း တစ်ခုမဟုတ်တစ်ခုနှင့် ပြဿနာရှာနေသည်မှာ သူ့ကိုငြီးငွေ့သွား၍ ဖြတ်ရန်အကြောင်းရှာနေသည်ဟု ထင်ခဲ့မိသည့်အတွက် အခုလိုဂယူဘင်းဘက်က လမ်းခွဲစကားအား ပေါ်ပေါ်တင်တင်ထုတ်ပြောလာသည့်အခါတွင်တော့ သူက အားတိုင်းစိတ်ကောက်နေသည့်ချစ်သူကို မှတ်လောက်သားလောက်အောင်ပစ်ထားချင်၍ ဂယူဘင်း၏လမ်းခွဲစကားကို လက်ခံလိုက်မိခြင်းဖြစ်ပါသည် ။ ထို့အတူ ချွမ်ရွေ့မှာ သူတို့နှစ်ယောက်သည် တွဲလာတာလည်းကြာပြီဖြစ်၍ ဂယူဘင်းဘက်က အချိန်တန်လို့စိတ်ပြေရင်ဖြင့် သူ့ဆီကိုပြန်လာလိမ့်မည်ဟု တစ်သမတ်တည်း တွေးထားခဲ့မိပါသည် ။

သို့ရာတွင် ဂယူဘင်းပြောခဲ့သလို ချွမ်ရွေ့က ဂယူဘင်း၏စိတ်ကို ဘယ်တော့မှနားလည်မပေးနိုင်ခဲ့သည့်အတွက် ဂယူဘင်း၏စိတ်ကို ခန့်မှန်းလိုက်သည့် သူ့အထင်တို့က လွဲမှားသွားခဲ့ကြောင်းကို ဂယူဘင်းတစ်ယောက် အိမ်ပေါ်က အထုတ်ဆွဲ၍ဆင်းသွားပြီး တစ်ပတ်ကြာသည်အထိ ပြန်ပေါ်မလာသည့်အခါမှသာ ဂယူဘင်းဘက်က ပြောသွားသည့်လမ်းခွဲစကားမှာ တစ်ခဏတာမျှစိတ်ဆိုး၍ပြောသွားခြင်းမဟုတ်ဘဲ အတည်ပြောသွားမှန်းကို သိလိုက်ရပါတော့သည် ။

ထိုအခါ သူကဂယူဘင်း၏အိမ်ကို‌ အရဲစွန့်၍လိုက်သွားခဲ့ပြီး ဂယူဘင်း၏အကြောင်းများကိုစုံစမ်းကြည့်ခဲ့ရာမှ ဂယူဘင်း၏အမေနှင့်တွေ့ကာ အကြောင်းစုံအား သိခွင့်ခဲ့ရပါ‌တော့သည် ။ ဤသည်မှာ ဂယူဘင်းသည် အရင်ကတည်းက သူ့အစ်မရှိသည့်ကနေဒါသို့ သွားရန်အစီအစဉ်ရှိနေခဲ့ကာ ထိုကိစ္စအား ရစ်ခီသိပါက ခွင့်မပြုနိုင်ကြောင်းကို အတပ်သိနေခဲ့၍ သူ့ကိုဖွင့်မပြောနိုင်ဘဲ စိတ်ထဲတနုံ့နုံ့ဖြစ်ကာ အားလုံးပြင်ဆင်ပြီးချိန်အထိ သွားရနိုးမသွားရနိုးနှင့်အချိန်ဆွဲနေခဲ့ပြီးမှ သူနှင့်ရန်မဖြစ်ခင်တစ်ရက်အလိုတွင်တော့ ညနေပိုင်းအတန်းအားမတက်ခဲ့ဘဲ အိမ်ပြန်လာကာ " ကျွန်တော့်မှာ ချစ်သူရှိနေလို့ ကနေဒါကိုမသွားနိုင်တော့ဘူး" ဟု ဖခင်ဖြစ်သူထံသို့ လာရောက်ပြောကြားခဲ့ကာ စိတ်ကိုယတိပြတ်ဆုံးဖြတ်လိုက်သည်ဟု ဆိုလာပါသည် ။ထို့‌ကြောင့် သူမတို့တစ်မိသားစုလုံးက ဂယူဘင်း၏ ရုတ်ချည်းဆုံးဖြတ်ချက်ကို မယုံနိုင်ဖြစ်ကာ အံ့အားသင့်‌နေကြတုန်းမှာပင် ရစ်ခီနှင့်ရန်ဖြစ်ကာလမ်းခွဲလာသည့်နေ့တွင်တော့ အထုပ်အပိုးများဆွဲ၍ အိမ်ပြန်လာကာ ရည်းစားနှင့် ပြဿနာဖြစ်ပြီး လမ်းခွဲလာခဲ့သည်ဟုဆိုလာခဲ့ကာ နဂိုကစီစဉ်ထားနှင့်ပြီးသောပညာသင်မည့်ခရီးစဉ်အား သွားတော့မည်ဟု ပြန်ပြောင်း၍ချမှတ်လိုက်ပြီး တစ်ပတ်အတွင်းမှာပင် ဟိုကိုထွက်သွားခဲ့ပြီဟု ဆိုလာပါလျှင် ရစ်ခီက ဂယူဘင်း၏ဆုံးဖြတ်ချက်အားမယုံကြည်နိုင်စွာဖြင့် နေရာမှာတင် အရုပ်ကြိုးပျက်နှင့်ထိုင်ချလိုက်ကာ သူတစ်ခါမှမမြင်ဖူးခဲ့သော ဂယူဘင်း၏မိဘများရှေ့တွင်ပင် ချစ်သူနှင့်ဝေးရပြီဆိုသည့်အသိနှင့် ငိုချလိုက်မိပါတော့သည် ။

ထိုအခါမှသာ ဂယူဘင်း၏မိဘများသည်လည်း သူမတို့၏သားဖြစ်သူပြောခဲ့ဖူးသည့်ရည်းစားဆိုသည်မှာ မိန်းကလေးတစ်ယောက်မဟုတ်ဘဲ အိမ်ပြန်လာချိန်တိုင်းတွင် အတူနေသူငယ်ချင်းဟု ပြောထားသည့်တရုတ်ကောင်လေးမှန်း သိသွားတော့ကာ ရှော့ခ်ရသွားခဲ့ကြသော်လည်း ထိုနေ့က ရစ်ခီ့၏ပုံစံက လူကြီးများ၏မျက်လုံးထဲတွင် အတော်လေးကိုသနားစရာကောင်းသွားဟန်ပါပင် ။

ဂယူဘင်း၏အမေဆိုလျှင် နေရာမှာတင်ထိုင်ချလာပြီး သူနှင့်အတူလိုက်ငိုခဲ့သလို ဂယူဘင်း၏အဖေဖြစ်သူကလည်း ရစ်ခီ့အားတွေ့သည်နှင့် သား ၊ သားဟူသည့်စကားလုံးအား ပါးစပ်ဖျားမှမချတော့ဘဲ ဂယူဘင်းပြန်မလာသည့်ကာလများတွင် သူက အတားအဆီးမရှိစွာနှင့် ဘယ်အချိန်မဆို ဂယူဘင်း၏အိမ်သို့ ဝင်ထွက်ခွင့်ရသွားခဲ့ပါတော့သည် ။ ထို့အပြင် အိမ်တွင်လည်းညီမရှိကာ မာမား၏အချစ်တော်ဖြစ်သည့်ရစ်ခီက မိန်းကလေးများ၏အကြိုက်ကိုလည်းသိ‌‌နေကာ ဂယူဘင်း၏အမေနှင့်ညီမဖြစ်သူတို့နှင့် ဆုံသည့်အချိန်တိုင်းတွင် အလိုက်အထိုက်ပြောပေးတတ်၍ ဂယူဘင်းအမေဆိုလျှင် ရစ်ခီ့တစ်ယောက်ကိုသာလျှင် ဂယူဘင်းနှင့်သ‌‌ဘောတူကာ အမျိုးတော်နိုင်တော့မည်ဟုဆိုလာခဲ့ပါသလို ဂယူဘင်း၏ညီမဆိုလျှင်လည်း အစ်ကိုအရင်းဖြစ်သူထက်ပင် သူ့ကိုပိုချစ်သည်ဟု ဆိုလာသည်အထိကို ရစ်ခီက ဂယူဘင်းမရှိသည့်ကာလများတွင် ဂယူဘင်း၏မိသားစုအပေါ်တွင်တာဝန်ကျေပွန်ခဲ့ပါသည် ။

....

" ဟင်း !"

သူက လွန်ခဲ့သည့်နှစ်များဆီမှအကြောင်းတို့အား ပြန်လည်၍ တွေးတောနေမိရာမှ သေးသေးမွှားမွှအကြောင်းလေးတစ်ခုနှင့် စိတ်ဆိုးပြီး တစ်ဖက်သတ်လမ်းခွဲသွားသူကို သတိရသွားသည့်အခါတွင်တော့ ရင်မောစွာဖြင့် သက်ပြင်းတို့ကိုသာ အခါခါချလိုက်မိပါတော့သည် ။

ပြီးမှနံရံပေါ်က နာရီကိုတစ်ချက်ကြည့်လိုက်မိကာ ပွဲအခြေအနေကို စိတ်ဖြင့်တွက်၍ မှန်းဆလိုက်မိပါသည် ။ ဖက်ရှင်လောကမှ နှစ်ရှည်ကြာအောင်စံမံထားခဲ့သည့်ပွဲကြီးဖြစ်သည်နှင့်အညီ ဆိုးလ်၏အထက်တန်းအကျဆုံးသော ဟိုတယ်ကြီးတွင်ခမ်းခမ်းနားနားကျင်းပ‌ပြီး မီဒီယာသမားများအား ဖိတ်ခေါ်ကာ နေရာစုံမှ တိုက်ရိုက်ထုတ်လွှင့်ပြသနေသောပွဲကြီးတွင်  တက်သစ်စလေးများကအစပါဝင်သည့် Runwayများအပြင် အနုပညာရှင်အချို့၏ ကြားဖြတ်ဖျော်ဖြေပွဲများကြောင့် သုံးနာရီကျော်လောက်ကြာမည့်ပွဲတွင် အခုက နောက်ဆုံးနားမှအစီအစဉ်များကိုပင် ရောက်နေပြီဖြစ်၍ နောက်နာရီဝက်လောက်ဆိုရင်ဖြင့် ပွဲပြီး၍ပြန်လို့ရလောက်မည်ဖြစ်ပါသည် ။

သို့ပါ‌သော်လည်း ဒီနေ့ပွဲကတော့ အရင်ကပွဲများလိုမဟုတ်သဖြင့် ကိုယ့်အလှည့်ပြီးသည်နှင့် တန်းပြန်၍မရသေးဘဲ ဖြစ်နေကာ ပွဲစီစဉ်သည့်အဖွဲ့က သူ့ကိုနောက်ဆုံးအစီအစဉ်အထိ အချိန်ဆွဲကာ နေခိုင်းထား၍ မပြန်နိုင်‌သေးဘဲ နောက်ဆုံးပိတ်ပွဲပြီးသည့်အချိန်အထိ နေရဦးမည်ဖြစ်ပါသည် ။

အရင်ကဆိုလျှင် ရစ်ခီက ကျန်သည့်သူများ ဘယ်လိုပဲဖြစ်နေပါစေ ကိုယ်လုပ်ချင်သည်ကိုသာလုပ်တတ်ကာ ပွဲစီစဉ်သူများဘက်က နည်းမျိုးစုံဖြင့် တားဆီးထားပါစေ သူပြန်ချင်လာရင် ထပြီးပြန်လိုက်ကာ စိတ်မပါလျှင်လည်း သတ်မှတ်ထားသည့်လျော်ကြေးပေး၍ ပွဲကိုဖျက်ရင်လည်း ဖျက်ပစ်လိုက်သည်ပင် ။

သို့ရာတွင် အခုကတော့ ရစ်ခီရှန်က ရစ်ခီရှန်၏အကျင့်အတိုင်း မလုပ်ရဲပါချေ ။ အကြောင်းမှာ အခုပွဲထဲတွင် ဗွီအိုင်ပီတန်းမှာ သူ၏ရည်းစားဟောင်းဟု မဆိုသာသော ခြောက်နှစ်ကျော်လောက်တစ်ဖက်သတ်စိတ်ကောက်နေသည့် သူ့အချစ်လေးရှိနေသည်ဖြစ်ပြီး ရစ်ခီ့အ‌နေနှင့် ဂယူဘင်း၏ မျက်နှာကို ငေးကြည့်နိုင်ဖို့က ပွဲစီစဉ်သူများစီစဉ်ပေးသည့်အတိုင်းနောက်ဆုံးroundအထိလျှောက်ပေးမှသာ မြင်ခွင့်ရမည်ဖြစ်သည့်အတွက် သူကစိတ်ကိုမနည်းပင် လျော့ချ၍ သက်သောင့်သက်သာမရှိသည့် အ‌တော်လေးကိုဟိုက်ကာ ညှပ်ရိုးများသာမကဘဲ ရင်ဘတ်များအထိ ဟနေသောအဝတ်အစားများကို မလဲနိုင်သေးဘဲ သည်းခံ၍ဝတ်ထားရပါ‌တော့သည် ။

" ကင်မ်ဂယူဘင်း ကင်မ်ဂယူဘင်း တော်တော်ကိုစိတ်ကောက်နိုင်တဲ့ကောင် ။ ငါ့ကိုကျ အတ္တကြီးသလေး တစ်ကိုယ်ကောင်းဆန်သလေးနဲ့ ကိုယ့်စိတ်ကိုယ်အဟုတ်ထင်တဲ့ကောင်လို့ စွပ်စွဲသွားပြီး သူကျတော့ ငါ့ဘက်ကခယနေတာတောင် သူ့စိတ်သူအ လေးထားပြီး ငါ့ကိုခါးခါးသီးသီးလုပ်ချနေတာ ။ "

သူက သူ့နှလုံးသားကိုအနုနည်းဖြင့် နှိပ်စက်နေသည့်ရည်းစားဟောင်းအကြောင်းအား တွေးမိလေအသည်းယားလေမို့ သူတတ်နိုင်သည့် ဂယူဘင်း၏နောက်ကွယ်တွင် တစ်ယောက်တည်းမကျေမနပ်ပြောရင်းဖြင့်သာ အခန်းထောင့်တီဗီမှ လိုက်ဖ်ပြနေသည့်ပွဲထဲမှ မြင်ကွင်းများအား စိတ်မပါလက်မပါနှင့်ကြည့်ပြီး နောက်ဆုံးပိတ်အစီအစဉ်အား စောင့်နေရာမှ ကင်မရာက ရှေ့ဆုံးတန်းမှ ဂယူဘင်းဆီသို့ရောက်သွားလျှင်ပဲ ရစ်ခီ၏အာရုံတို့က တီဗီစခရင်ပေါ်တွင်သာ ကပ်ညိသွားပါတော့သည် ။

သူ့လက်တစ်ဝါးစာသာရှိသောခပ်သေးသေးမျက်နှာက အရင်ကတော့ ရစ်ခီ့၏နှုတ်ခမ်းပါးတို့‌ နေရာလပ်မကျန်အောင် အခြေချခဲ့ရာနေရာဖြစ်ပြီး အခုလို နာမည်ရှိအေဂျင်စီတစ်ခုမှ စီအီးအိုတစ်‌ယောက်၏မျက်နှာချောချောက သူ့အတွက်တော့ မြင်သာမြင်၍ မကြင်ရတော့သော " ရစ်ခီရှန်မနမ်းရ " ဟူ၍တားမြစ်ထားသောတားမြစ်‌နယ်မြေတစ်ခုဖြစ်နေပါတော့သည် ။ ထို့အပြင် ဂယူဘင်းသည် သူ့ထက်အနည်းငယ်ကိုယ်ခန္ဓာဖွံ့ထွားသော်လည်း သူစိတ်ပင်ပန်းသည့်အချိန်တိုင်းတွင်တော့ ရစ်ခီ့၏ရင်ခွင်ထဲတွင်တိုးကပ်၍ သူ့ပါးပြင်ကို ရစ်ခီ့၏လက်များအား ဆွဲယူ၍ ကိုယ်တိုင်ကိုယ်ကျပွတ်တိုက်ကာ ဝင်ခွေနေတတ်သည်က ခွေးပေါက်လေးများ သခင်၏အနားတွင် ကပ်ချွဲတတ်သည့်ပုံစံမျိုးဖြစ်ပြီး အခုကတော့ သူ့ရင်ခွင်ထဲတွင် ရင်ခွင်ပိုင်ရှင်ခွေးပေါက်ကလေးမရှိတော့၍ ဟာတာတာ ။ ဒါတင်မကသေး .. ဂယူဘင်း၏ခပ်ကြီးကြီးလက်ဖဝါးများသည် အခြားသူများနှင့်ဆိုလျှင် အုပ်မိုးပေးနိုင်ကာ အနွေးဓာတ်ပေးနိုင်သည်ဖြစ်သော်လည်း ရစ်ခီနှင့်ဆိုလျှင်တော့ ထိုအနွေးဓာတ်ပေးသည့်လက်ဖဝါးများသည် အေးစက်နေတတ်ကာ ရစ်ခီ့၏လက်များထဲတွင် ကိုယ်တိုင်ကိုယ်ကျဆုပ်ကိုင်ပေးမှသာလျှင် နွေးထွေးသွားတတ်သည်အထိကို ဂယူဘင်းက သူကိုယ်တိုင်သာမကဘဲ သူ့စိတ် ၊ သူ့ခန္ဓာအားလုံး ရစ်ခီ့အပေါ်ပုံအပ်ကာ အားကိုးခဲ့သော်လည်း.......

ဟင်း !အရာအားလုံးက ရစ်ခီအသုံးမချခဲ့တာချည်းပါပင် ။

" ဒေါက် ဒေါက် "

တီဗီစခရင်မှ အကြည့်မလွှဲနိုင်ဘဲ 
အတွေးများစွာနှင့် ငြိမ်သက်နေမိသောရစ်ခီမှာ သူ့အခန်းတံခါးအားခေါက်သံကိုကြားသော်လည်း ငိုင်နေခဲ့မိပြီး သုံးလေးခါလောက်အဆက်မပြတ်ခေါက်နေသည့်အခါမှာသာ သူက ကျစ်တစ်ချက်စုတ်သပ်၍
အတွေးတို့ကို ပြန်လည်၍ရုတ်သိမ်းလိုက်ရကာ လော့ချထားခဲ့သည့်တံခါးအား ဆောင့်အောင့်၍ သွားဖွင့်လိုက်လျှင်ပဲ တံခါးရှေ့တွင် ပွဲစီစဉ်သည့်အဖွဲ့မှ အကူကောင်လေးက သူ့ကို ရယ်ပြနေခဲ့ပါသည် ။

" ဘာလဲ "

" ဟို နောက်ဆုံးအစီအစဉ်ရောက်ပြီခင်ဗျ ။ အဲ့တာကြောင့် ဒီကအစ်ကိုကို အစ်မအက်စတာက ခေါ်ခိုင်းလိုက်လို့ပါ ။ "

" အင်း "

တကယ်ဆိုလျှင် သူရှောင်နေလိုက်သင့်ပါသည် ။ အက်စတာ၏ သူ့အပေါ် ရစ်မူးစွာပစ်ကြွေနေမှုကို ကြိုသိထားလျက်နှင့် သူကအစကတည်းက ရှောင်နေခဲ့သင့်ပါသည် ။ သို့ရာတွင် မိန်းကလေးဘက်က လူအများကြည့်နေလောက်မည့် အခုလို တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်မှတစ်ဆင့် သူ့ကိုဖွင့်ပြောရန် အစီအစဉ်ကို ကာယကံရှင်ဖြစ်သည့်ရစ်ခီကိုယ်တိုင်ကိုပင် သိထားစေသည်အထိ ပွင့်လင်းနေသည့်အခါ ရစ်ခီ့ဘက်က ငြင်းရခက်သွားစေပါ‌တော့သည် ။

‌ဤသည်ကို သူကသိသိလျက်နှင့် ဂယူဘင်း၏မျက်နှာတစ်ခုတည်းကြောင့် အခုချိန်အထိ မပြန်ဖြစ်သေးဘဲ နေရာမှမခွာနိုင်ကာ နေနေမိလိုက်ခြင်းက အခုတော့ သူစင်ပေါ်တက်လိုက်မိပါက တစ်ဖက်ကအမျိုးသမီးအား လူပုံအလယ်တွင် အရှက်ခွဲလိုက်သလိုဖြစ်နေတော့မည်ကို စိုးရိမ်သွားရပါတော့သည် ။

အသည်းကွဲသည့်ဝေဒနာကို သူကိုယ်တိုင်လည်း ခံစားခဲ့ဖူး၍ မည်မျှခံစားရခက်မည်ကိုသိနေသည့်အတွက် ရစ်ခီကသက်ပြင်းတစ်ချက်ကို လေးပင်စွာချပြီးသည်နှင့် သူကအကူကောင်လေး၏အနောက်ကနေ လိုက်နေရာကနေ ‌ရပ်လိုက်မိကာ

" ငါမလိုက်တော့ဘူး ။ "

" ဗျာ! အစ်မက အစ်ကို့ကိုခေါ်ကိုခေါ်လာရမယ်လို့ပြော- "

" မင်းသာဆိုရင်ရော "

" ဗျာ ! "

" မင်းသာဆိုရင်ရော လူကြားထဲမှာ ကိုယ်မကြိုက်တဲ့မိန်းကလေးတစ်ယောက်က ဖွင့်ပြောလာရင် လက်ခံမှာလား ။ "

အကုန်လုံးသိထနှင့်ကြပြီးဖြစ်သည့် အကြောင်းအရာဖြစ်၍ သူက‌ ကောင်လေးအား ဝေ့ဝိုက်မနေတော့ဘဲ ပေါ်တင်သာပြောလိုက်ပါလျှင်ပဲ သူ့စကားအားနားလည်သွားသည့်ကောင်လေးက ခေါင်းတငြိမ့်ငြိမ့်လုပ်နေခဲ့ပြီး ခဏအကြာတွင်မှ ခေါင်းကုတ်သွားကာ

" ဒါပေမဲ့ ဟို ဟို ... "

စကားတို့ထစ်အနေကာ ပြောစရာစကားပျောက်နေပါလျှင် သူက ကောင်လေး၏ပခုံးအား နှစ်ချက်မျှပုတ်လိုက်ပြီးမှ

" ငါသွားနှင့်ပြီ ။ "

လက်ပြ၍ နေရာမှအမြန်ပြန်၍လှည့်ထွက်လာခဲ့လိုက်ပါတော့သည် ။

သို့ပါသော်လည်း အက်စတာကပဲ အရှက်ကွဲကံပါလေသလား ၊ ရစ်ခီကပဲ ကံဆိုးနေသလားတော့မသိခဲ့ပါ ။ ရစ်ခီ့ဘက်က မလိုက်လာနိုင်လောက်မှန်းသိနေခဲ့၍ထင် သူထွက်လာသည့်အထွက်ပေါက်မှာတင် မိန်းကလေးနှစ်ယောက်က ပိတ်ရပ်နေပြန်ကာ ထိုအထဲမှ ခပ်သွက်သွက်နှင့် ကောင်မလေးသည် ရစ်ခီပြန်ထွက်လာသည်အားမြင်သည်နှင့်

" မောင်လေး လိုက်မလာရင် နောက်ရက်ကျ K2နဲ့အလုပ်ဆက်မလုပ်တော့ဘူးလို့ အစ်မအက်စတာက ပြောလိုက်ပါတယ် ။ "

ဟု တည့်သာဆိုလာပါလျှင် ရစ်ခီ့၏ခြေလှမ်းများက ရပ်တန့်သွားရကာ ကောင်မလေးများဘက်ကို လှည့်ကြည့်လိုက်မိပါသည် ။

ဂယူဘင်းအုပ်ချုပ်နေသည့်K2တွင် အက်စတာနှင့်ပတ်သက်နေရသည်မှာ သူတစ်ယောက်တည်းရှိနေတာမဟုတ်ဘဲ အခြားသောအငယ်လေးများလည်းရှိနေသည်တွင် အက်စတာလိုနာမည်ကြီးဒီဇိုင်နာနှင့် ဆက်ဆံရေးသာပျက်ပြားသွားပါက သူတို့အတွက် အခွင့်အလမ်းတစ်ခုလျော့သွားနိုင်ကာ စီအီးအိုဖြစ်သည့်ဂယူဘင်းအတွက်လည်း အနည်းနှင့်အများတော့ ထိခိုက်မှုရှိနိုင်တာကြောင့် ရစ်ခီမှာစဉ်းစားရကျပ်သွားခဲ့ပြီဖြစ်ပါသည် ။

ထို့ကြောင့် သူက တစ်ဖက်သို့လှည့်၍ ယခုအခြေအနေအား မည်ကဲ့သို့ရှောင်ဖယ်ရမည်လဲဆိုသည်ကို ခဏမျှအကြံထုတ်ကာစဉ်းစားပြီးနောက်တွင်တော့ သူက အကြံတစ်ခုရသွားသည့်အခါ မိန်းကလေးနှစ်ယောက်ဘက်သို့ပြန်၍လှည့်လိုက်ကာ

" ခဏ! ကင်မ်ဂယူ မဟုတ် စီအီးအိုကင်မ်ရော ပွဲထဲမှာရှိသေးလား ။ "

ဟူသည့်‌ သေချာနေသည့်မေးခွန်းအား အတည်ပြုဟန်နှင့်မေးလိုက်လျှင်ပဲ သူ့ကိုမောင်လေးဟုခေါ်နေသည့် ခုနကမိန်းကလေးကပင်

" ဟုတ်ရှိတယ်ရှင့် ။ ပွဲကပြီးတော့မှာမို့ လိုက်ခဲ့တော့နော် မောင်လေး "

ဟုဆိုလာလျှင် ရစ်ခီကဟနေသည့်သူ့ရင်ဘတ်အား လက်နှင့်အသာဆွဲစိလိုက်ရင်းမှ တစ်ချက်ပြုံးလိုက်ရင်းဖြင့် ခေါင်းကိုငြိမ့်ပြလိုက်ပါတော့သည် ။

ကင်မ်ဂယူဘင်းအမြဲပြော‌
နေခဲ့သလို ရစ်ခီရှန်ဆိုတဲ့ကောင်က အတ္တကြီးပြီး ကိုယ့်စိတ်ကိုယ်ပဲဦးစားပေးတတ်တဲ့ကောင်ပဲလေ ။ အဲ့ဒီစိတ်ကလေးကို လူအများရှေ့မှာ ဖွင့်ချလိုက်ရင်တော့....

...

ရစ်ခီသည် အက်စတာကြောင့် ဘေးကျပ်နံကျပ်အခြေအနေအား ကြုံတွေ့နေရပါသလို ပွဲထဲတွင်ရှိနေသော ဂယူဘင်းမှာ လည်း နောက်ဆုံးအစီအစဉ်အား အတင်းကိုဆွဲဆန့်နေသည့် MCဖြစ်သူအား ကြည့်ကာ မျက်မှောင်ကြုတ်နေပြီဖြစ်ပြီး သူနှင့် မျက်စောင်းထိုးမှခုံတွင်ထိုင်နေသည့် အက်စတာကိုလည်း စူးစိုက်၍ကြည့်နေမိသည်မှာ သူသာလူသားမဟုတ်ဘဲ နဂါးဖြစ်‌နေခဲ့ပါလျှင် အက်စတာတော့ ပြာကျနေလောက်ပြီဖြစ်လေသည် ။ ထိုမျှအထိကို သူကအက်စတာအား ကြည့်မရဖြစ်နေရခြင်းမှာ သူကြိုတင်၍ရရှိထားသည့်သတင်းစကားအား အကောင်အထည်ဖော်ရန် ကိုးဆယ့်ကိုးရာခိုင်နှုန်း သေချာနေသည့် ပတ်ဝန်းကျင်အခြေအနေကြောင့်ဖြစ်ကာ ဂယူဘင်းက သူကိုယ်တိုင်ဘက်က အဆင်သင့်မဖြစ်သေးသည့်တိုင်အောင် ရည်းစားဟောင်းဖြစ်သည့် ရစ်ခီ့ကိုတော့ဖြင့် ဘယ်သူ့ဆီကိုမှ ထည့်မပေးချင်သေးပါချေ ။

အများအမြင်တွင် သူနှင့်ရစ်ခီမှာရစ်ခီက ဂယူဘင်းထက်ပို၍ ပိုင်စိုးလိုစိတ်ကြီးသည့်စိတ်ရှိမည်ဟု ထင်တတ်ကြသော်လည်း တကယ်တမ်းတွင်တော့ ရစ်ခီဘာလုပ်လုပ် အနောက်ကလိုက်၍ သဝန်တိုပြီးပူလောင်နေရသည်မှာ ဂယူဘင်းသာ ။

ရစ်ခီ့၏ပရော်ဖက်ရှင်နယ်အလုပ်ကိုက  အမျိုးသမီးများနှင့် တွဲလုပ်ရမှန်းသိပါလျက်နှင့် သူက ရည်းစားဟောင်းဖြစ်သူအပေါ် စိတ်မချသည့်စိတ်တို့သာ အမြဲတစေဖြစ်ပေါ်နေရကာ နေ့ရက်တိုင်းလိုလိုတွင် ဂယူဘင်းက သူကိုယ်တိုင်ပင်မသိလိုက်ပါဘဲနှင့် ရစ်ခီရှိရာအရပ်ကိုသာ မယောင်မလည်နှင့် ရောက်နေတတ်ပါသည် ။

အရင်ကတော့ သူ့ဘက်ကစပြီး ဖွင့်ပြောခဲ့ရ၍ ရစ်ခီကသူ့အပေါ်အလေးမထား ဟုထင်ကာ ကာယကံရှင်ကိုလည်း ထိုအခြေအနေအပေါ်တွင် ထုတ်မမေးနိုင်ဘဲ တစ်ယောက်တည်းစိတ်ပင်ပန်းခဲ့ရပြီး ထိုအချိန်က အလိုက်မသိသည့်ရည်းစားသည်လည်း သူတို့နှစ်ယောက်ကတွဲနေကြသည့် ဆက်ဆံရေးပင်ဖြစ်နေခဲ့ပါသည့်တိုင်အောင် ချစ်ကြောင်းကြိုက်ကြောင်းအား နှုတ်မှထုတ်မပြတတ်ခဲ့ပါချေ ။

ထိုအစား မသိမသာသောအပြုအမူများဖြင့်သာ ဖွင့်ဟလာတတ်ကာ ဂယူဘင်းက သူ့အတွက် အစားအသောက်များ ၊ မွေးနေ့အမှတ်တရများအတွက် လိုလေသေးမရှိအောင် ဖြည့်ဆည်း‌ပေးပြီးဝယ်ပေးကာ ချစ်ကြောင်းအား ဖွင့်ဟသည်ထက် " ချစ်တယ် "ဆိုသည့်စကားကိုတော့ နှုတ်ကနေ အမြဲတစေထုတ်ပြောစေချင်ခဲ့ပါသည် ။

ဂယူဘင်း၏သဘောမှာ သူကိုယ်တိုင်ကလည်း ချစ်ကြောင်းမြတ်နိုးကြောင်းအား အပြုအမူနှင့်ရောစကားနှင့်ပါ အမြဲတစေဖွင့်ထုတ်ပြတတ်သည့်အကျင့်ရှိသည့်အတွက် သူ့ပါတနာဆီမှလည်း ထိုကဲ့သို့သော အခြေအနေကိုသာ မျှော်လင့်ထားခဲ့ပါသည် ။

ထို့အပြင် ရုပ်ရှင်များထဲက တစ်ကွက်ကြောင်ဒါရိုက်တာ၏လမ်းညွှန်မှုဖြင့်မင်ူသမီးများဘက်က ပြောရသည့်
" အချစ်ကို စကားနဲ့ထက်အပြုအမူများနဲ့သက်သေပြတာကိုသာ လိုလားပါတယ် " ဆိုသည့် ခပ်ပေါပေါဒိုင်ယာလော့များနှင့် ဆန့်ကျင်ဘက်ပင် ဂယူဘင်းက သူ့ကို ဆယ်ခါလောက် အရိပ်တကြည့်ကြည့်နှင့်ဂရုစိုက်ပြသည်ထက် တစ်ခါလောက်ပဲစကားနှင့် ချစ်ပြတာကိုပိုပြီးသဘောကျတတ်သူဖြစ်ပါသည် ။ ထိုအတွက်ကြောင့် သူ့ကို တစ်ယောက်ယောက်ကများ " မင်းကအပေါ်ယံကိုသဘောကျတဲ့လူမျိုးလား ။ " ဟုမေးလာခဲ့လျှင်လည်း သူက " ဟုတ်တယ် " ဟုသာဖြေလိုက်မည်သာ ။

သို့ပါသော်လည်း ထိုသို့စိတ်ရှိကြောင်းကို သူ့ဘက်က ပွင့်ပွင့်လင်းလင်းနှင့် ဖွင့်မပြောဖြစ်ခဲ့ပါသလို ရစ်ခီ့ဘက်ကလည်း နည်းနည်း‌လေးမှပင် အလိုက်မသိခဲ့သည်တွင် နှစ်ယောက်သားအကြားတွင် သေးသေးမွှားမွှားကိစ္စများနှင့်တင် ကတောက်ကဆတ်ဖြစ်နေတတ်ကြပါသည် ။ ထို့အပြင် ရစ်ခီဘက်ကကြည့်လျှင် ဂယူဘင်းကရည်းစားဦးဖြစ်ကာ ဂယူဘင်းအနေနှင့်လည်း ရစ်ခီကသာ့သူ့ရည်းစားဦး ၊ အချစ်ဦးဖြစ်နေသည်တွင် နှစ်ဖက်လုံးဘက်မှ ပထမဆုံးအကြိမ် ရည်းစားစထားဖူးသည်ဖြစ်၍ တစ်ယောက်အကြိုက်ကို တစ်ယောက်က ဘယ်လိုဦးစားပေးရမလဲဆိုသည်ကို မသိခဲ့ကြသလို တစ်ယောက်၏ခံစားချက်ကိုလည်းတစ်ယောက်က သိသလိုနှင့် မသိဘဲဖြစ်နေသည်တွင် ဘာမဟုတ်သည့်ကိစ္စလေးနှင့်ပင် အခုလို ဝေးကွာသွားခဲ့ကြရပါသည် ။

တကယ်တော့ ထိုအချိန်ကဖြစ်ခဲ့သည့်ပြဿနာတွင် ရစ်ခီ့ဘက်ကလွန်သည်ဆိုပေမယ့် သူ့ဘက်ကလည်း အလုံးစုံတော့ မှန်မနေခဲ့သည်ကို ဂယူဘင်းကိုယ်တိုင်ကအသိဆုံးပါပင် ။ ရစ်ခီပြောခဲ့သလို ဂယူဘင်းနှင့် ရစ်ခီတို့က အတွဲများဖြစ်ကြမှန်းကို တစ်ကျောင်းလုံးက သိနေကြတာကို သူက ကြံဖန်၍သဝန်တိုလိုက်မိသည်က ရည်းစားတစ်ယောက်၏ ခံစားချက်ထက် ကျော်လွန်ကာ တစ်ဖက်သားအပေါ် ပိုင်စိုးလိုစိတ်လွန်ကဲခြင်းဖြစ်ပြီး တစ်ဖက်ကစဉ်းစားကြည့်လျှင်လည်း သူကရစ်ခီ့ဆီက ဖြေရှင်းချက်ရအောင် တောင်းပြီးမှ လမ်းခွဲမလား ၊ ဆက်တွဲမလားဆိုသည်ကို ဆုံးဖြတ်ခဲ့သင့်သည်ဟု တွေးမိကာ နောင်တရခဲ့ပါသည် ။ သူအသည်းအသန်ကြိုက်ခဲ့ရသူ၏ စိတ်နေသဘောထားကိုက အကုန်လုံးအပေါ် ဖာသိဖာသာသာနေတတ်ကာ သူ့ကိုတောင်မှ ရည်းစားတစ်ယောက်၏အခွင့်အရေးကိုအပြည့်အဝမယူဘဲ စည်းတားထားသည်အထိကို ကိုယ့်အကန့်နှင့်ကိုယ်နေတတ်သည့်လူစားမျိုးဖြစ်လေသည် ။ ဒါကို ဂယူဘင်းက ကောင်းကောင်းကြီးသိနေပေမယ့် သူကအခြားသောသူစိမ်းများနှင့် သူ့ကိုတစ်သားတည်းဆက်ဆံသည်ကို မကြိုက်တာဖြစ်ပြီး ရစ်ခီ့ဘက်က သူ့အပေါ် ပွင့်လင်းစွာဆက်ဆံသည်ကို တိတ်တဆိတ်နှင့် မျှော်လင့်နေခဲ့မိတာဖြစ်ပါသည် ။

သို့ပါသော်လည်း ရစ်ခီရှန်က နောက်ဆုံးအချိန်အထိ သူ့စိတ်ကိုမသိခဲ့ဘဲ လမ်းခွဲစကားပြောသည်ကိုပင် သာမန်ကာလျှံကာဖြင့် သဘောထားနေခဲ့‌လေရာ အဆုံးတွင်တော့ သူက ရစ်ခီ့ကို ချစ်နေသေးသော်လည်း ရစ်ခီ့အနားတွင်ဆက်၍နေပါက ကိုယ့်အတွေးများနှင့်ကိုယ်ပူလောင်၍ ကိုယ့်ဒုက္ခကိုယ်ရှာမိတော့မည်ဖြစ်သည့်အတွက် ရင်နာနာနှင့်ပင် ထွက်လာခဲ့လိုက်ခြင်းသာဖြစ်ပါသည် ။

ထို့ကြောင့် အခုချိန်တွင်တော့ 

သူ့ဘက်က ရစ်ခီ့အပေါ်ရှိနေသည့်ခံစားချက်အား ပြောရမည်ဆိုပါလျှင် " မောင့်ကို ချစ်တော့ချစ်တယ် ၊ ပတ်တော့ မပတ်သက်ရဲတော့ဘူး " ဟုသာအဓိပ္ပါယ်ဖွင့်ဆိုရမည်သာ ။

ထိုအတွက်ကြောင့် သူက အက်စတာ၏အစီအစဉ်အား ဝင်ဖျက်လိုက်ရမည်လော ၊ သို့တည်းမဟုတ် ရစ်ခီရှန်၏ အက်စတာ့အပေါ် တုံ့ပြန်မှုအား စောင့်ကြည့်ရမည်လော ဟူ၍ အတွေးများနေတုန်းမှာပင် စင်ဘေးကနေ ပွဲထဲသို့ဝင်ရောက်လာသည့်ရစ်ခီ့အား တွေ့လိုက်ရတာကြောင့် သူက နေရာမှ ထလိုက်မိလုမတတ်ပင် ဖြစ်သွားရပါတော့သည် ။ 

ဒီကောင်ကတော့ အခုလိုအချိန်မှာ ဒီနေရာကိုလာရင် ဘယ်လိုဖြစ်တော့မလဲဆိုတာကိုသိရဲ့သားနဲ့ ... 

ဂယူဘင်းမှာ သကောင့်သားအား စိတ်ထဲကနေလှမ်းကာဆဲလိုက်မိသော်လည်း ဘေးပတ်ပတ်လည်တွင် လူအများရှိနေသည့်အတွက် သူကရစ်ခီ့အပေါ်ထောင်းခနဲဖြစ်သွားသည့်ဒေါသအား အမြန်ပဲချုပ်တည်းလိုက်ကာ မသိချင်ယောင်ဆောင်နေတုန်းမှာပင် စတိတ်ပေါ်မှ အမ်စီဖြစ်သူ၏ " ခဏနေကျရင်တော့ ဒီနေ့ပွဲရဲ့အရေးပါဆုံးသူကို ဖိတ်ခေါ်ချင်ပါတယ် " ဟု ကြေညာလာပါလျှင် သူကခုံအောက်က လက်သီးနှစ်ဖက်ကိုသာ တင်းနေအောင် ဆုပ်ထားလိုက်မိပါတော့သည် ။ 

ထို့အတူ သူကရင်ပူစွာနှင့် ရစ်ခီ့ဘက်ကိုမသိမသာနှင့် ဝေ့ကြည့်လိုက်လျှင်ပဲ ရစ်ခီ့၏အကြည့်များကလည်း သူ့ဆီမှာသာရှိနေကာ မရယ်မပြုံးနှင့်စိုက်ကြည့်နေပုံက '  မင်းငါ့ကိုအခုလာတားရင်မှီသေးတယ်နော် ' ဟူသည့်ကိုယ့်ကိုယ်ကိုယ်အထင်ကြီးနေသည့်ပုံစံ ဖြစ်နေသည့်အခါ သူက တိုးထွက်ချင်နေသည့်ကာကွယ်လိုစိတ်များကို မနည်းချုပ်တည်းကာ မသိချင်ယောင်သာဆောင်၍ မျက်နှာသေဖြင့်သာ ဆက်ပြီးထိုင်နေလိုက်ပါတော့သည် ။

သို့သော်လည်း နံဘေးမှအလိုက်မသိသည့်ဂျွန်၏ 

" အစ်မအက်စတာက တော်တော်လှတယ်နော် စီအီးအို ... သူနဲ့သာဆိုရင် ရစ်ခီဟျောင်းလည်း ငြင်းနိုင်မှာမဟုတ်ဘူး ။ " 

ဟူ၍ အလိုက်မသိစွာပြောလာသည့်စကားအဆုံးတွင်တော့ ဂယူဘင်း၏မကြည်ကြည့်တို့က ဂျွန့်ဆီသို့ ဒိုင်းခနဲကျရောက်သွားတော့ကာ 

" ငါတို့ကဘာအလုပ်လုပ်တာလဲ ဂျွန် "

" ဗျာ ! အမ် မော်ဒယ်အေဂျင်စီလေ စီအီးအိုကလည်း "

" ဒါဆို ငါတို့အေဂျင်စီကလူ‌တွေက လူပြောစရာဖြစ်မယ့် လူမှုရေးပြဿနာတွေ ၊ နာမည်ဆိုးတွေနဲ့ နာမည်မကြီးသင့်ဘူးမလား ။ "

" ဗျာ အဲ ဟုတ် "

" အင်း မင်းပြောတာမှန်တယ် ။ ရစ်ခီရှန်က အခုငါ့အေဂျင်စီက ... ဒါကြောင့်မို့လို့ သူ့ကြောင့်နဲ့ ငါ့အေဂျင်စီက နာမည်ပျက်လို့မဖြစ်ဘူး ။ "

" .... "

" ဟုတ်တယ် အဲ့တာကြောင့် ငါက စီအီးအိုတစ်‌ယောက်အနေနဲ့ သွားတားရမယ် ။ အဲ့လို ငါတားတာကလည်း တခြားစိတ်ကြောင့်မဟုတ်ဘူး "

နံဘေးရှိဂျွန်တစ်ယောက်မှာတော့ စီအီးအို၏ သူ့ကိုယ်သူသတိပေးနေသလားဘာလားမသိသည့်စကားများကို နားမလည်နိုင်စွာနှင့် စကား၏အဓိပ္ပါယ်ကို နားလည်အောင် မနည်းကြိုးစားနေတုန်းမှာပင် စီအီးအိုကင်မ်က နေရာမှဝုန်းဆိုထရပ်လိုက်လေရာ ဂျွန်သာမကဘဲ ဘေးမှသူများကပင်ဂယူဘင်းအား အထူးအဆန်းနှင့် ကြည့်လာကြပါတော့သည် ။

သို့ရာတွင် ကာယကံရှင်မှာတော့ သူ့မျက်လုံးထဲတွင် စင်ပေါ်တက်ရန် ပြင်နေပြီဖြစ်သော အက်စတာနှင့်ရစ်ခီကိုသာ ကိုးလိုးကန့်လန့်ဖြစ်စွာ မြင်နေရတာကြောင့် ထိုခဏမှာပင် သူကပတ်ဝန်းကျင်ရှိလူများကို ဂရုမစိုက်နိုင်တော့ဘဲ ခြေတံရှည်များ၏အကူအညီဖြင့် ရစ်ခီ့အနားသို့ အမြန်ပဲလျှောက်သွားလိုက်ပါတော့သည် ။

ပြီးသည်နှင့် စင်ဘေးမှ ကင်မရာလွတ်နေသည့်နေရာသို့ သူရောက်လာသည်အား အံ့ဩသလိုကြည့်နေသည့်အက်စတာနှင့်သူမ၏ဘေးမှမိန်းကလေးများကို တစ်ချက်ဝေ့ကြည့်လိုက်ကာ

" အခုကနောက်ဆုံးအစီအစဉ်တောင် ရောက်ပြီဆိုတော့ ရစ်ခီ့အလှည့်က ပြီးပြီထင်တယ် ။ ဒါဆို သူ့ကို ကျွန်တော်ခေါ်သွားလိုက်တော့မယ် ။ " 

ဟု တည်တင်းနေသောမျက်နှာဖြင့် ဆိုလိုက်ပါလျှင် အက်စတာ၏မျက်ဝန်းများထဲတွင် အလိုမကျဟန်တို့ ပြည့်နှက်သွားပါတော့သည် ။

" စီအီးအိုကင်မ် ဒါ တို့ရဲ့ပွဲနော် ။ နည်းနည်းပါးပါးလေးအလိုက်သိသင့်တယ်မထင်ဘူးလား ။ "

တစ်ဖက်မှသူသည် အမျိုးသမီးတစ်ယောက်ဖြစ်သော်လည်း သူလိုအေဂျင်စီကြီးမှပိုင်ရှင်ကိုပင် မရှိန်ဘဲ ရင်ဘောင်တန်း၍ ခပ်မာမာပင်ပြန်ကာ ပြောနိုင်နေခြင်းမှာ အနှီနယ်ပယ်တွင် သူမ၏လုပ်ဆောင်နိုင်စွမ်းသည်လည်း မသေးကြောင်းကို ပြန်လည်၍ပြသလာခြင်းဖြစ်သော်လည်း ဂယူဘင်းကတော့ ထိုအရေးအရာများကို အရေးမစိုက်နိုင်ဘဲ ရစ်ခီ့၏ခပ်ဟဟပွင့်‌နေသည့် ရင်ဘတ်နေရာကိုသာ မျက်တောင်မခတ်တမ်း ငေးကြည့်နေကြသည့် အက်စတာ၏နောက်မှ ကောင်မလေးများကိုသာ မျက်မှောင်တစ်ချက်ကြုတ်၍ကြည့်လိုက်မိကာ အပေါ်မှထပ်ဝတ်လာသည့်ကုတ်အရှည်အား အမြန်ပဲဆွဲချွတ်လိုက်ပြီး ရစ်ခီ့အား လှမ်းပေးလိုက်ပါတော့သည် ။

ဘယ်လောက်ပဲရည်းစားဟောင်းဖြစ်နေပါစေ သူ့ဘက်က ရစ်ခီ့အပေါ်သံယောဇဉ်ကျန်ရှိနေသေးသည်သာမကဘဲ ချစ်သည့်စိတ်တို့ကလည်း အပြည့်ကျန်နေသေးလေရာ အခုလိုသူ့ရှေ့တွင် ရှန်ချွမ်ရွေ့အပေါ်မျက်လုံးနှင့် ပစ်မှားခြင်းမျိုးကိုပင် သူက‌သဘောမတွေ့လှပါ ။

" ဘာကိုအလိုက်သိရမှာလဲ ။ လိုက်ဖ်လွှင့်နေတဲ့စင်ပေါ်ကို ငါ့အေဂျင်စီကလူကိုလက်လွတ်စပယ်တင်လိုက်ရအောင် ကင်မ်ဂယူဘင်းကို ငနုံများမှတ်နေလား ။ 

ခြုံထား ငါတို့ပြန်မယ် ။ "

ဂယူဘင်းမှာ သူ့ကို ရန်စွာနေသည့်အက်စတာအားပြောပြီးသည်နှင့် ရစ်ခီ့ဆီကိုပါ အင်္ကျီကိုလှမ်းပေးလိုက်လျှင်ပဲ ရစ်ခီကသူ့အား ရယ်မြူးရိပ်များသမ်း‌နေသည့်မျက်ဝန်းများဖြင့် ပြန်ကြည့်လာပါတော့သည် ။ ထို့‌ကြောင့် သူက ရည်းစားဟောင်း၏ ထိုအကြည့်များအား မခံနိုင်စွာဘဲနားရွက်ဖျားတို့ရဲသွားရကာ တစ်ဖက်သို့ အမြန်လှည့်လိုက်မိပါသည် ။ 

ထိုအခါတွင်တော့ ရစ်ခီသည်လည်း သူ့စိတ်ကိုနားလည်သည်ထင်ပါ၏ ။ ကမ်းပေးလာသည့်အပေါ်ထပ်ကုတ်အား မငြင်းဆန်ဘဲ ချက်ချင်းပင်ဝတ်လိုက်ပါလျှင် ရစ်ခီဝတ်ပြီးသည်နှင့် သူက စင်နောက်မှအထွက်‌တံခါးပေါက်ဆီကို မေးဆတ်ပြ၍ သွားကြရန်ပြောလိုက်သည်တွင် ရစ်ခီကနားလည်ကြောင်း ခေါင်းအသာငြိမ့်ပြလာပါသည် ။ 

" သွားမယ် ။ " 

ထို့နေယက် သူတို့နှစ်ယောက်၏အခြေအနေအား နားမလည်သလိုအကြည့်များဖြင့်ကြည့်နေကြသည့်သူများကိုချန်ရစ်၍ နေရာမှလှည့်ထွက်လိုက်လျှင်ပဲ ဆယ်ယောက်ခန့်ရှိသောလူများထဲမှ အရင်ဆုံးသတိဝင်လာဟန်ရသည့်အက်စတာက 

" ကင်မ်ဂယူဘင်း ! ငါ့ရဲ့အစီအစဉ်ကို စီအီးအိုတစ်ယောက်ရဲ့လုပ်ပိုင်ခွင့်ဘောင်က‌နေကျော်ပြီး လာဖျက်ရအောင် နင်နဲ့ရစ်ခီရှန်က ဘာမို့လို့လဲ ။ " 

ဟုလှမ်းအော်ကာ မေးလာပါလျှင် ထိုအခိုက်ဝယ် အက်စတာအား နောက်ကျောပေးထားပြီဲဖြစ်သည့် ဂယူဘင်း၏နှုတ်ခမ်းတို့က အထက်သို့ကော့ညွတ်သွားတော့ကာ သူ့အားအကဲခတ်သလိုကြည့်လာသည့် နံဘေးမှရစ်ခီ့၏လက်အား ကိုင်ဆွဲလိုက်ပြီးနောက် အက်စတာဘက်သို့ လှောင်ပြောင်ရိပ်တို့စွန်းထင်းသည့်အကြည့်များဖြင့် ပြန်၍လှည့်ကြည့်လိုက်ကာ

" ဒါ ကိုယ့်ကောင်လေး ။ အခုလိုကိုယ်တို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် စိတ်အခန့်မသင့်လို့စိတ်ဆိုးနေတုန်းမှာ ကြားထဲကဝင်ဖျက်မယ့်လူတွေကို ကိုယ်ကစီအီးအိုတစ်ယောက်အနေနဲ့မဟုတ်ဘဲ ရည်းစားတစ်ယောက်အနေနဲ့ ဝင်ပြီးကာကွယ်တာတော့ လုပ်သင့်တယ်မလား ။ 

အဟက် ဒါဆို ဆီးယူနော် ညီမတို့ ... 

ငါတို့လည်းသွားရအောင်လေ မောင် ! "

ပြောပြီးသည်နှင့် ဂယူဘင်းမှာ သူ့စကားကြောင့် ပါးစပ်အဟောင်းသားဖြစ်ကာ ကျန်ခဲ့ကြသည့်လူအုပ်ကြီးဆီမှကျောခိုင်း၍ ရစ်ခီ့၏လက်နွေးနွေးများကို တင်းကြပ်စွာဆုပ်ကိုင်ရင်းဖြင့် ပွဲထဲမှတာဝန်ရှိသူများသာ ထွက်ခွင့်ရှိသည့်ထွက်ပေါက်မှနေ၍ ကားပါကင်သို့ ထွက်လာခဲ့လိုက်ပါတော့သည် ။

...

" ဂယူဘင်း ဂယူဘင်း နေပါဦး  ။ လုပ်ချင်ရာလုပ်သွားပြီး အခုမှဘာဖြစ်နေတာလဲ ။ "

" မဟုတ်- ခုနက စကားကို စိတ်ထဲမထားနဲ့ ။ ပြန်တော့ !"

ရစ်ခီမှာ ပွဲထဲကထွက်လာပြီးသည် ကားပါကင်အရောက်မှာပင် သူ့ကိုကားပါကင်တွင် တစ်ယောက်တည်းထား၍ အိမ်သို့ ပြန်ပြေးသွားသည့်တစ်ယောက်ကြောင့် သူက ဝတ်စုံပြည့် ၊ မိတ်ကပ်အပြည့်ဖြင့် ပွဲလုပ်သည့်ဟိုတယ်၏အပြင်ဘက်အထိထွက်၍ လုံခြုံရေးတစ်ယောက်အား အကူအညီတောင်းကာ တက္ကစီငှားခိုင်းလိုက်ပြီးမှ Runway လျှောက်တုန်းကဝတ်ထားသည့်အဝတ်အစားများဖြင့်ပင် ဂယူဘင်း၏တိုက်ခန်းသို့ ထွက်လာခဲ့ရပါသည် ။

ထို့နောက် ဂယူဘင်း၏တိုက်ခန်းရှေ့ကို သူရောက်သွားပြန်တော့လည်း ကင်မ်ဂယူဘင်းတို့က သူ့အိမ်ရှေ့အထိ ရစ်ခီလိုက်လာမှန်းသိသည်နှင့် ဖွင့်လာသည့်တံခါးကို အမြန်ပြန်ပိတ်ရန်ပြင်နေရာ သူက တံခါးကို တစ်ကိုယ်လုံးနှင့်ကာထားပြီးမှ ဂယူဘင်းအလစ်မှာပင် အခန်းထဲကိုမရမကတိုးဝင်ခဲ့ရပါသည် ။

ထိုသို့ဖြင့် ဂယူဘင်း၏အခန်းထဲကို ခက်ခက်ခဲခဲဝင်ခွင့်ရပြီးနောက် ဧည့်ခန်းထဲတွင် ခြေချရုမျှသာရှိပါသေးသည် ။ အခန်းထဲကိုရောက်ရောက်ချင်းပင် ဧည့်သည်အားပြောလာသည့် စကားပြောပုံကကြည့်ပါလေ ။ နေရာမှာတင် ဆွဲဆတ်ပြီးလုပ်ပစ်ချင်စရာကို ကောင်းနေပါတော့သည် ။

ထို့ကြောင့် သူက စိတ်ကိုအဆုံးအထိလျှော့ချလိုက်ပြီးနောက် ဂယူဘင်းပေးထားသည့်ကုတ်အင်္ကျီအား အရင်ချွတ်လိုက်ကာ ဆိုဖာခေါင်းမှီပေါ်ကို လှမ်းတင်လိုက်ပြီးမှ သူ့အား မထုံတတ်တေးမျက်နှာနှင့် လိုက်ကြည့်နေသည့် အိမ်ပိုင်ရှင်ဂယူဘင်းရှိရာဆီကို ရှုတည်တည်မျက်နှာပေးဖြင့် တစ်လှမ်းချင်းပင် လျှောက်သွားပြလိုက်ပါသည်။ 

" ရစ် ရစ်ခီ !! အဲ့နားကပဲစကားပြောငါ့နားကပ်မလာနဲ့ ။ "

" ဘာလို့လဲ ။ စိတ်ဆိုးနေတဲ့ရည်းစားလေးကို မောင်ကချော့မလို့လေ ။ "

" ဘာမောင်လဲ ။ မင်းသေချင်နေတာလား ရှန်ချွမ်ရွေ့ ! ခုနက အက်စတာကို ဒီတိုင်းပြောလိုက်တာပါလို့ မင်းကိုပြောပြီးသားလေ ။ "

" ဘာလို့ပြောလိုက်တာလဲ ။ မောင့်ကိုသဝန်တိုလို့မလား "

" သေလိုက် ! ငါ့ကုမ္ပဏီကလူက နာမည်ပျက်မှာစိုးလို့ ဝင်ပြီး ကာကွယ်ပေးရုံပဲ အများကြီးတွေးမနေနဲ့ ။ " 

" ဪ .... "

ရစ်ခီကတစ်လှမ်းလှမ်း၍ အရှေ့တိုးလေ ၊ ဂယူဘင်းက အနောက်သို့တစ်လှမ်းဆုတ်လေဖြင့် အခြေအနေက မလူးသာမလွန့်သာပင်ဖြစ်နေပါသည် ။ ၎င်းနောက် ရစ်ခီသည် ဂယူဘင်းဘက်ကခပ်စွာစွာပြန်ပြောလာသည့်စကားများအား ဪ ...ဟူသည့်စကားကိုသာ သံရှည်ဆွဲ၍ပြောကာ တုံ့ပြန်ပြီးသည့်နောက်တွင်တော့ အနောက်ကိုအတင်းဆုတ်နေသည့်ဂယူဘင်းက နံရံနှင့်ကျောချင်းကပ်မိသွားပြီဖြစ်ကာ ရစ်ခီကတော့ သူဖမ်းစရာမလိုဘဲ အလိုက်သင့်ပင် သူ့ထောင်ချောက်ထဲတွင် ပိတ်မိသွားရှာသည့်ခွေးပေါက်လေးအားကြည့်ကာ တစ်ချက်မျှရယ်လိုက်မိပါသည် ။ 

ပြီးမှ ခွေးပေါက်လေး၏နှာခေါင်းလုံးလေးအား လက်ညှိုးနှင့်အသာပွတ်ဆွဲလိုက်ကာ 

" ပတ်ပြေးနေရတာမမောသေးဘူးလား ဟင် အချစ် "

နှုတ်ခမ်းစွန်းတစ်ဖက်ကိုသာကွေးညွတ်၍ နားနားကိုတိုးကပ်ကာ နှစ်ကိုယ်ကြားယုံမျှအသံဖြင့်ဆိုလိုက်လျှင်ပဲ ဂယူဘင်း၏ပခုံးနှစ်ဖက်က ကျုံ့သွားကာ 

" မ မမောဘူး ။ ငါမင်းရဲ့အချစ်မဟုတ်ဘူး ။ ဖယ်စမ်းပါ ! ငါ့အနားတိုးမလာနဲ့လို့ ရစ်ခီ !!! "

သူ့အားကာထားသည့်ရစ်ခီ့အားတွန်းဖယ်နေသော်လည်း ထိုတွန်းဖယ်နေသောလက်များတွင် အားမပါမှန်းသိသာလှပါသည် ။

ထို့ကြောင့် ရစ်ခီမှာ လက်တစ်ဖက်က နံရံကိုလက်ထောက်ထားပြီး နောက်တစ်ဖက်ကိုတော့ဖြင့် သူ့ပခုံးအားဆွဲဖယ်နေသည့်ဂယူဘင်း၏လက်ပေါ်သို့ပြန်၍အုပ်ကိုင်လိုက်ကာ သူ့အားမျက်လုံးချင်းမဆုံအောင် ရှောင်နေသည့်သူနှင့် အကြည့်ချင်းဆုံအောင်ကြိုးစားပြီးမှ ဂယူဘင်းဘက်က သူ့အားပြန်၍ကြည့်လာသည့်အခါတွင်တော့ ရစ်ခီက အရင်ကတည်းက တစ်ခါမှထုတ်ဖော်မပြောခဲ့ဖူးသည့်သူ့စိတ်အား  ချစ်ရသူအား ပထမဆုံးအကြိမ်အဖြစ် ဖွင့်ဟကာပြောပြလိုက်မိပါသည် ။

" ‌နားလည်တယ် ။ မင်းအခုခံစားနေရတာတွေကို ငါနားလည်တယ် ။ ငါ့ဘက်ကအရင်ကမကောင်းခဲ့ဘူးဆိုတာကိုလည်း သိတယ် ။ အဲ့တာကြောင့် မင်းစိတ်ပြေမယ့်အချိန်အထိ ဘယ်လောက်ပဲဖြစ်ဖြစ် မရမကစောင့်နေခဲ့တာ ... 

ဒါပေမဲ့ အချစ်ရယ်  ခြောက်နှစ်ဆိုရင် လုံလောက်သင့်ပြီမဟုတ်လား ။ ငါ့ကို မင်းတစ်ဖက်သတ်လမ်းခွဲခဲ့တဲ့နေ့တုန်းက မင်းပြောသွားခဲ့တဲ့အချက်တွေကို ငါ့ဘက်က ကြိုးစားပြီးပြင်နေပြီမို့ ငါ့ကိုပြန်လက်ခံပေးပါတော့လား ဟင် ။ ငါ အရင်လိုအတ္တလည်းမကြီးတော့ဘူး ၊ တစ်ကိုယ်ကောင်းလည်းမဆန်တော့ဘူး ၊ မင်းအပေါ်မှာလည်း ပွင့်လင်းအောင် ကြိုးစားနေပြီ ၊ နောက်ပြီး မင်းစိတ်ကိုလည်းဥပေက္ခာမပြုတော့ပါဘူး ။ အဲ့တာကြောင့် ငါ့ကို-... "

သို့ရာတွင် ရစ်ခီ့၏စကားမဆုံးခင်မှာပင် သူ့အား အမည်ဖော်၍မရသောအကြည့်များနှင့်ကြည့်နေခဲ့သည့်ဂယူဘင်းက ရစ်ခီ့၏နှုတ်ခမ်းပါးများပေါ်သို့ လက်ညှိုးတစ်ချောင်းအားတင်လာကာ နှစ်ယောက်တည်းရှိချိန်မှခေါ်တတ်သည့်

" ချွမ်ရွေ့ ! " ဟူသည့်နာမည်အားခေါ်လာပါလျှင် သူကဂယူဘင်းအနားသို့ပို၍တိုးကပ်လိုက်ကာ ဂယူဘင်း၏ပခုံးပေါ်သို့ ခေါင်းကိုမှောက်ချလိုက်ရင်းဖြင့် 

" ပြောလေ မောင့်အချစ်ပြောတာကို နားထောင်နေပါတယ် ။ "

ဟူသည့်စကားအား ခပ်တိုးတိုးသာဆိုလိုက်ပါသည် ။ ထိုအခါတွင်တော့ ဂယူဘင်းက သက်ပြင်းကိုချလိုက်ဟန်ရကာ ဂယူဘင်း၏နှာဖျားမှ လေငွေ့နွေးနွေးများက ရစ်ခီ့၏လည်တိုင်ပေါ်သို့ နီးကပ်စွာပင် ကျရောက်လာခဲ့ပါတော့သည် ။

" ယုံတယ် ။ မင်းပြောင်းလဲလာပြီဆိုတာကို ငါယုံတယ် ။ ငါမင်းကို ဒီနှစ်တွေထဲမှာ အနီးကပ်စောင့်ကြည့်နေခဲ့တာပဲလေ ။မင်းပြောင်းလဲလာတာကို ယုံပါတယ် ။ "

".... "

" ဒါပေမဲ့ မင်းသိလား ချွမ်ရွေ့ ... မင်းအပေါ်ထားတဲ့ ငါ့စိတ်တွေကတော့ အခုထိပြောင်းလဲလို့မရသေးဘူး ။ ကောင်းတဲ့အချက်ရော ၊ မကောင်းတဲ့အချက်ရော ။ "

" .... "

" ငါမင်းကိုချစ်တယ် ဟုတ်တယ် အဲ့ဒီအချက်ကတော့ အရင်ကတည်းကနေ အခုချိန်ထိမပြောင်းလဲဘူး ။ ဒါပေမဲ့ အဲ့လိုပဲ ချစ်တဲ့စိတ်နဲ့အတူ မင်းမကြိုက်သ‌ဘောမကျတဲ့ မင်းအပေါ်သဝန်တိုတတ်တဲ့အကျင့်ကိုတော့ ဖျောက်လို့မရဘူး ။ ဟက် တကယ်တော့ မင်းကအတ္တကြီးတာမဟုတ်ဘဲ ငါ့ဘက်ကအတ္တကြီးတာပဲနေပါမယ် ။ အဲ့တာကြောင့် ငါနဲ့ပြန်တွဲရင် မင်းဘက်က အရင်လိုပဲစိတ်ရှုပ်နေရလိမ့်မယ် ။ ငါက မင်းနဲ့ပတ်သက်တာမှန်သမျှအရာအားလုံးကို  ငါပဲပိုင်ဆိုင်ချင်တဲ့အထိက်ု အတ္တကြီးတယ် ။ မင်းအပေါ်လည်း အရင်လိုပဲ ချုပ်ချယ်မိသွားရင် မင်းလည်းစိတ်ညစ်ရမယ့်အတူတူ ငါတို့ အစကနေပြန်မစတာပဲ ကောင်းမယ်ထင်တယ် ။ "

ဂယူဘင်းမှာ နှစ်အတော်ကြာအထိ သူ့စိတ်သူဆန်းစစ်နေခဲ့ရာမှ ရစ်ခီနှင့် နှစ်ယောက်တည်းတွေ့ကြသည့်အချိန်တိုင်းတွင် ဟိုးအရင်ကျောင်းသားဘဝတွဲခဲ့စဉ်အချိန်တုန်းကလိုပင် ရင်ခုန်နေမိဆဲဖြစ်ကာ တစ်ဆက်တည်းမှာပဲ ရစ်ခီ့အား လူတိုင်းနှင့်သဝန်တိုနေမိသည့်ကိုယ့်စိတ်ကိုယ်ပါ ဒွန်တွဲ၍မြင်နေခဲ့ရသည်တွင် သူ့အနားသို့ ကပ်နေသည့်ရစ်ခီ့အား အတတ်နိုင်ဆုံးပြန်၍လက်မခံမိအောင်စိတ်ကိုတင်းပြီး ကြိုးစားခဲ့မိပါသည် ။ 

ဂယူဘင်း၏သိစိတ်များတွင် သူ၏‌ဖျောက်ဖျက်မရသည့် ရစ်ခီ့အပေါ်ထားရှိသည့် ပိုင်စိုးလိုစိတ်များ ၊ အတ္တကြီးမှုများကြောင့် ရည်းစားဟောင်းဖြစ်သူအား ပြန်မတွဲသင့်တော့ကြောင်းအသိပေးနေသော်လည်း တစ်ဖက်တွင်တော့ ဂယူဘင်း၏မသိစိတ်ထဲမှာ ကိုယ့်ဘက်ကမ‌ကောင်းသည့်စိတ်မျကို ဖုံးကွယ်ထားကာ အတိတ်တစ်ချိန်က ရစ်ခီ့ဘက်က မကောင်းသည့်အချက်များကြောင့် သူကပြန်၍လက်မခံနိုင်ဟူသည့်အတွေးများကို ရိုက်သွင်းထားခဲ့မိပါသည် ။

ထို့ကြောင့် သူက ရစ်ခီ့အားယုံကြည်သော်လည်း ရစ်ခီရှန်သည်လည်း ခံစားချက်ရှိသည့်လူသားထဲကလူသားတစ်ယောက်ပဲပေမို့ ဘယ်လောက်ပဲ ဂယူဘင်းအပေါ်မှာ အရင်အတိုင်းမပြောင်းလဲသောစိတ်တို့ရှိနေသေးကာ ချစ်နေပါသည်ဟုဆိုနေလင့်ကစား ဂယူဘင်း၏လူတိုင်းနှင့်သဝန်တိုကာချုပ်ချုပ်ချင်နေသည့်စိတ်ကြောင့်ပင် သူ့အားသည်းခံနိုင်ပါသည်ဟုဆိိုနေသည့် ရစ်ခီ့အား အရင်ကသူဖြစ်ခဲ့သလို စိတ်ပင်ပန်းမှုမျိုးအား မခံစားစေချင်ပါပေ ။ ထို့အပြင် ရစ်ခီသည်လည်းဘယ်လိုပဲနေနေခံစားချက်ရှိသည့်သူပဲမို့ ကြာလာလျှင်ဖြင့် သူ့က်ုစိတ်ကုန်၍ သူ့အနားမှ ရစ်ခီပြန်၍ထွက်သွားနိုင်မည့်အရေးကိုလည်း ကြိုတင်ကာ တွေးဆ၍စိတ်ပူနေမိပါသည် ။

ပထမတစ်ခါတုန်းကတော့ ရစ်ခီရှန်၏ရင်ခွင်ထဲကနေ သူ့ဘက်ကဦးအောင်ထွက်ခဲ့သည်ဆိုပေမယ့်လည်း အတ္တကြီးသည်ဟုပဲဆိုဆို သူ့ဆီကနေ ရစ်ခီထွက်သွားမည့်အဖြစ်ကိုတော့ ဂယူဘင်းကလက်ခံနိုင်ပါ ။ ထို့အတွက်ကြောင့် သူက သူ့ဆီကနေ ရစ်ခီပြန်၍ထွက်သွားနိုင်မည့်အ‌ခြေအနေတို့ မရောက်ရလေအောင် သူတို့၏ဆက်ဆံရေးကိုအစကနေပြီး ပြန်မစတော့ရန်သာ စိတ်ကိုတင်းထားလိုက်ပါသည် ။

" ငါ နားလည်တယ် ။ မင်းဘယ်လိုပဲဖြစ်ဖြစ် ငါလက်ခံနိုင်တယ် ။ ကင်မ်ဂယူဘင်းက ကင်မ်ဂယူဘင်းဖြစ်နေသရွေ့ လက်ခံတာမို့ မင်းရဲ့ကောင်းတဲ့အချက်ရော ၊ မကောင်းတဲ့အချက်ကိုရော ငါကသဘောကျတယ် ။ အဲ့တာကြောင့်စိတ်ကိုမတင်းထားပါနဲ့တော့ အချစ်ရယ် ။ 

မောင့်အချစ် ပင်ပန်းနေပါလိမ့်မယ် "

သို့ပါသော်လည်း ခံစားချက်မရှိသည့်ပုံနှင့်ရစ်ခီက သူ့စိတ်အားနားလည်ဟန်နှင့် ဂယူဘင်း၏စကားအဆုံးမှာပင် သူ့ကို ခါးကနေဆွဲ၍ပွေ့ဖက်လာကာ ခံစားချက်တို့‌အခုထက်ပို၍ထွက်မလာတော့ရန် စိတ်ကိုတင်းထားပြီး တောင့်တောင့်ကြီးရပ်နေသည့်ဂယူဘင်းအား ရစ်ခီက ခပ်ဖွဖွဖက်ထားရာမှ ကျောကိုပါပွတ်သပ်၍ စိတ်သက်သာရာရစေရန် ပြုမူလာပေးသည့်အခါ ဂယူဘင်းမှာ သူလွမ်းနေခဲ့ရသည့်ရစ်ခီ့၏‌သွယ်လျနေသည့်လက်များ၏ လက်ချောင်းတစ်ချောင်းချင်းစီမှ အနွေးဓာတ်များကို ကျောပြင်တစ်လျှောက်လုံး ခံစားမိသွားချိန်တွင်တော့ သူက စိတ်ကိုဆက်လက်၍တင်းမထားနိုင်တော့ဘဲ သူ့အားထွေးပွေ့ထားသည့် ရစ်ခီ့၏ပခုံးများအားအားကိုးစိတ်အပြည့်ဖြင့် ပြန်လည်၍ဖက်တွယ်လိုက်မိပါတော့သည် ။

" ငါလွမ်းနေခဲ့တာ ။ ငါ့ဘေးကနေ မင်းထွက်သွားမှာကို ကြောက်နေခဲ့တာ ။ မင်းကို အတ္တကြီးတယ်လို့ စွပ်စွဲနေတဲ့ငါက မင်းထက်တောင်ပိုပြီးအတ္တကြီးနေခဲ့မိတာ ။ တောင်းပန်ပါတယ် ငါမင်းကိုအကြာကြီးစောင့်ခိုင်းမိလို့ "

" မဟုတ်တာကွာ ။ ငါကသာတောင်းပန်ရမှာပါ ။ အရင်က မင်းစိတ်ကိုမမြင်နိုင်ခဲ့လို့ "

" ချစ်တယ် ။ ငါမင်းကိုအရင်ကလည်းချစ်တယ် ။ အခုလည်း ချစ်နေတုန်းပဲ ချွမ်ရွေ့ ။ "

ပြောပြီးနောက် သူကရစ်ခီ့အားဖက်ထားရာမှ ပြန်ခွာလိုက်ကာ သူ့အားမရယ်မပြုံးရုပ်နှင့်ကြည့်နေသည့် ရစ်ခီ့၏လက်နှစ်ဖက်အားဆွဲယူလိုက်ပြီးနောက် ရယ်မြူးရိပ်သမ်းနေသောရစ်ခီ့၏မျက်ဝန်းများထဲကို တည့်တည့်စိုက်ကြည့်ကာဖြင့် 

" မောင် ငါနဲ့ပြန်တွဲမလား ။ ငါကမပြည့်စုံနေပေမယ့် - "

ပြောလိုက်သော်လည်း သူ့စကားပင်မဆုံးလိုက်ပါ ။ သူ့မျက်ဝန်းများကို စိုက်ကြည့်နေရာမှ သူ့နှုတ်ခမ်းများဆီသို့ ရုတ်ချည်းအကြည့်ရောက်သွားသည့်ရစ်ခီမှာ ဂယူဘင်း၏စကားတစ်ဝက်တစ်ပျက်နှင့်တင် သူ့နှုတ်ခမ်းများအားပိတ်လာခဲ့ကာ ဒီတစ်ခါတွင်တော့ ဂယူဘင်း၏ပြောလက်စစကားစကို လက်ညှိုးနှင့်ပိတ်ပြီး ဟန့်တားလာသည်မဟုတ်ဘဲ နီရဲရဲနှုတ်ခမ်းများနှင့်ဖြစ်နေသည့်အခါ ဂယူဘင်းမှာလည်း လက်မြန်ခြေမြန်ရှိလှသည့်ရည်းစားလေးအား ပြန်လည်၍ အထွန့်တက်ခွင့်ကိုမရလိုက်ပါချေ ။ 

ပြီးမှ ခဏအကြာတွင် ပြန်၍ဖယ်ခွာသွားပြီး ဂယူဘင်းအား ပြုံးစိစိနှင့်ပြန်ကြည့်ကာဖြင့်

" လက်ခံတယ် ။ မောင်တို့ပြန်တွဲကြတာပေါ့ ။ "  

ဟုဆိုလာပါလျှင် ရုတ်တရက်ကြီးအနမ်းခံလိုက်ရ၍ စကားမဆက်နိုင်တော့လောက်အောင်အထိ ဆွံ့အနေသည့်ဂယူဘင်းမှာလည်း သဘောတကျနှင့်ပြုံးမိသွားရကာ ရည်းစားဟောင်းတစ်ဖြစ်လဲရည်းစားအသစ်လေး၏ ရင်ခွင်ထဲသို့တိုးဝင်လိုက်ပြီး ဒီဇိုင်နာအက်စတာ၏ ရစ်ခီရှန့်တစ်‌ယောက်တည်းအတွက် သီးသန့်အကွက်မြင်စွာဆင်ယင်ပေးထားသည့် ရင်ဘတ်တစ်ဝက်နီးပါးမျှပေါ်နေသည့်ဝတ်စုံအားကြည့်ကာ နို့နှစ်ရောင်ကဲ့သို့ဖြူဖွေးနေသည့် မောင့်၏ရင်ဘတ်အား ပါးနှင့်လိုက်ကာပွတ်တိုက်လိုက်ရင်းဖြင့် အက်စတာအားချီးကျူးလိုက်မိပါတော့သည် ။

‌တော်လိုက်တဲ့ဒီဇိုင်နာမမ... သူ့ကျေးဇူးကြောင့်နဲ့ပဲ အခုလိုမောင့်ရဲ့အလှအပတွေကို သူကအနီးကပ်ခံစားနိုင်ခဲ့တာ ။

...

ခြောက်လကြာပြီးနောက် ....

" ထွက်လာပြီ .. ထွက်လာပြီ ။ "

လေဆိပ်တစ်ခုလုံးတွင် နေရာလွတ်မကျန်အောင် စောင့်နေကြသည့် သတင်းမီဒီယာသမားများ ၊ ပရိတ်သတ်များကြောင့် အခုမှ ထွက်လာကြသည့်သူများမှာ ထွက်ပေါက်တွင်ပင် ပိတ်နေတော့ကာ ဘော်ဒီဂတ်များကလည်း အခုမှဆိုက်သည့်လေယာဉ်မှဆင်းလာသည့်သူတို့၏အလုပ်ရှင်နှစ်ယောက်အား အန္တရာယ်မဖြစ်အောင်အသေအချာကို နေရာယူကာ ကာကွယ်ပေးနေကြပါတော့သည် ။ 

သို့ရာတွင်‌ အပြင်မှာ ထိုကဲ့သို့သော ရုန်းရင်းဆန်ခတ်အခြေအနေများရှိနေသော်လည်း ဂယူဘင်းမှာတော့ လေယာဉ်ပေါ်ကဆင်းကတည်းက အိပ်ချင်မူးတူဖြစ်နေသည့်အတွက် လမ်းလျှောက်ရင်းအိပ်မပျော်သွားစေရန်အတွက် နံဘေးမှမောင့်၏လက်အားချိတ်ကာ ထွက်လာခဲ့ပါသည် ။ 

လွန်ခဲ့သောခြောက်လခန့်က အက်စတာ၏ကျေးဇူးဖြင့် K2မှစီအီးအိုကင်မ်ဂယူဘင်းနှင့် နာမည်ကြီးမော်ဒယ်‌ကောင်လေးရစ်ခီရှန်တို့၏သတင်းများက အင်တာနက်အသုံးပြုသူများအကြား ဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့ကာ အင်တာနက်ပေါ်သို့ ထိုသတင်းတက်လာလာချင်းမှာပင် ကာယကံရှင်နှစ်ယောက်ထဲမှ လူသိများသည့်ရစ်ခီက သူ့အကောင့်မှတစ်ဆင့် သူ တရားဝင်ပွဲမထွက်ခင်က ဂယူဘင်းနှင့် တွဲရိုက်ထားသည့်ပုံအား တင်လိုက်ပြီး နှစ်ယောက်သားအကြားမှ တွဲနေသည့်ဆက်ဆံရေးအား

လူသိရှင်ကြားဝန်ခံလိုက်သည်တွင် အဆိုပါသတင်းက Modelling လောကထဲမှာအတော်လေးကို ဂယက်ရိုက်သွားသလို ရစ်ခီ့၏ဖန်များအကြားတွင်လည်း ရစ်ခီ့အား " စီအီးအိုရဲ့ဘေဘီအလှလေး " ဟူသည့်နာမည်နှင့် အတော်လေးနာမည်တွင်သွားစေခဲ့ကာ ထိုနာမည်အားကြားရစဉ်က ဂယူဘင်းမှာ အူတက်မတတ်ရယ်လိုက်ရပါသလို ကာယကံရှင်ဖြစ်သူရစ်ခီက‌တော့ဖြင့် သွေးပါတက်သွားသည်အထိပါပင် ။ 

တကယ်တော့ ဟုတ်လည်းဟုတ်ပါသည် ။ ရစ်ခီနှင့်အတူရှိလျှင်သူက "မောင့်ကလေးလေး ၊ မောင့်အချစ်လေး " ဖြစ်နေတတ်ကာ အသက်မကွာသည့်ရစ်ခီ့ဆီက အလိုလိုက်ခြင်းကို မနေတတ်လောက်သည်အထိ ခံရသော်လည်း ဤသည်ကို မသိကြသည့် အပြင်ကသူစိမ်းသူများကတော့ စီအီးအိုကင်မ်၏ အပြင်မျက်နှာဖုံးကိုသာကြည့်၍ ဆုံးဖြတ်ကြပုံရကာ ဂယူဘင်း၏ရည်းစားလေးကို " စီအီးအိုကင်မ်၏ကလေးလေး " ဟု လွဲမှားစွာခေါ်နေကြသည်က ရစ်ခီ့အား သွေးတက်စေသလို ဂယူဘင်းကိုတော့ သဘောတကျဖြင့် အူတက်မတတ်ပင်ရယ်မော‌စေခဲ့ပါသည် ။

" အိပ်ချင်မူးတူးနဲ့ ဘာတွေပြုံးနေတာလဲ အချစ် "

" စီအီးအိုကင်မ်ရဲ့ကလေးလေးကို သဘောကျလို့ "

" မင်းအဲ့လိုကြီးပြောပြန်ပြီလား ။ ဘယ်သူက ကလေးလေးလဲဆိုတာ မင်းသိပါတယ် "

" အင်း ငါလေ ငါကမောင့်ရဲ့အချစ် ၊ မောင့်ရဲ့ကလေးလေး "

ဂယူဘင်းက ရစ်ခီ၏လက်အားကောက်၍ချိတ်လိုက်ကာ ပြုံးစိစိနှင့်ပြောနေတုန်းမှာပင် အဝေးမှပြေးလာကြသည့်ကင်မရာမီးရောင်များကြောင့် သူကလက်တွန့်သွားကာ ချိတ်ထားသည့်လက်များအား ပြန်ဖြုတ်ရန်ပြင်လိုက်သော်လည်း ရစ်ခီက သူ့လက်များကိုပြန်၍ဆွဲထားကာ

" ပုံမှန်အတိုင်းပဲနေ ။ ဘယ်သူ့ကိုမှဂရုမစိုက်နဲ့ " 

ဟု ပါးစပ်လှုပ်ယုံမျှဖြင့် ပြောလာပါလျှင် ထိုအခါမှ ဂယူဘင်းသည်လည်း လူအများရှေ့ရောက်လျှင်ဖြင့် စင်ပေါ်တွင်လမ်းလျှောက်နေသကဲ့သို့ မျက်နှာတည်ကာ ဘယ်သူ့မှလူမထင်သည့်ပုံဖြင့် လျှောက်နေသည့်မောင့်အား နံဘေးကနေငေးကြည့်ရင်းဖြင့် ပြုံးလိုက်မိကာ မောင့်၏လက်အား ပို၍ပင်တင်းကျပ်အောင်ဖက်တွယ်ထားလိုက်ပါတော့သည် ။

လူကြီးများအကြား ရှိနေရသည့်ရာထူးနှင့် အလုပ်တာဝန်များကြောင့် အမြဲတစေ formal suitနှင့်သာ ကင်မရာရှေ့ရောက်နေတတ်သော စီအီးအိုကင်မ်ကြီးသည် ယခုတစ်ခါတွင်တော့ ရည်းစားနှင့် အပျော်ခရီးမှပြန်လာသည်ဖြစ်၍ ပေါ့ပေါ့ပါးပါးပုံစံဖြစ်နေယုံသာမကဘဲ ချစ်သူကောင်လေး၏လက်ကိုပါ မလွှတ်တမ်းချိတ်လာလျက် ပြုံးစိစိဖြစ်နေသည့်အခါ နောက်တစ်ရက်မနက်တွင် ကိုရီးယားမှဆိုရှယ်မီဒီယာများမှာ နေရာယူသွားသည့်နေကာမျက်မှန်အား ဟန်ပါပါတပ်ထားကာ အပေါ်အောက်အနက်ဖြင့် မိမိုက်နေသည့်မော်ဒယ်လ်လေးဘက်က သူ့လက်ကိုတွယ်ချိတ်ထားသည့်သူ့ဘော့စ်ဖြစ်သူအား မသိမသာတစ်ချက်ပြန်လှည့်ကြည့်နေသည့်ပုံနှင့်အတူ တင်လာသည့်သတင်းခေါင်းစဉ်မှာကား 

" တစ်နိုင်ငံလုံးမှာ တစ်ယောက်ပဲရှိတဲ့ Limited Edition စီအီးအိုကင်မ်ကို နိုင်ငံခြားသားတရုတ်‌မော်ဒယ်လ်ကောင်လေးက သိမ်းသွားပြီ !! " ဟူ၍ဖြစ်ကာ 

ရှန်ဟိုင်းမှသူများအသုံးများသည့် ဝေ့ပေါ်တွင်တော့ စီအီးအိုကင်မ်ဘက်က သူ့ချစ်သူကောင်လေးကို အားကိုးပြီး ဖက်တွယ်ထားဟန်ဖြစ်နေသည့်ပုံအား ရစ်ခီ့၏ရှုထောင့်မှရိုက်ယူထားကာ

" ငါတို့ရှန်ဟိုင်းရဲ့Limited Edition လေးကို သူများနိုင်ငံကစီအီးအိုက သိမ်းသွားပြီ ။ " ဟူသည့်Topicက အခြား‌သောအနုပညာသတင်းများနှင့်အတူ Hot Search ထဲသို့ပင် ဝင်သွားခဲ့ပါတော့သည် ။

....

9800
RudyAhn2211

9/10/23

8:31PM

Continue Reading

You'll Also Like

293K 7.2K 53
what will happen to ayasha (🐶) after their marriage contract with mikael (🦊) ended? Knowing that she's pregnant with the billionaire? This story a...
288K 13.8K 93
Riven Dixon, the youngest of the Dixon brothers, the half brother of Merle and Daryl dixon was a troubled young teen with lots of anger in his body...
164K 7.6K 103
In the vast and perilous world of One Piece, where the seas are teeming with pirates, marines, and untold mysteries, a young man is given a second ch...
1.7M 61.9K 43
" Wtf is wrong with you, can't you sleep peacefully " " I-Its pain..ning d-down there, I can't...s-sleep " " JUST SLEEP QUIETLY & LET ME ALSO SLEEP...