နတ်နဂါးစစ်သည်
အခန်း ၄၃
( အမှတ်မထင် တိုက်ပွဲတခု )
ရှုချန်း၏ တကိုယ်လုံး ချွေးများ ရွှဲရွဲစိုနေပေသည်။
သူ့ စွမ်းအား ထိန်းချုပ်မှုသည် ယခင်ကနှင့် နှိုင်းစာလျှင် အနည်းငယ်မျှသာ တိုးတက်လာခဲ့သည်။ ဤကဲ့သို့ တစုံတဦးအား ထိုးနှက်မိပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်ကို တွေးတော၍ပင် မရချေ။
"ဒါ ဘယ်လိုဖြစ်ရတာလဲ... "
ရှုချန်း ရေရွတ်နေမိသည်။ ဇီဝသွေးရည်ကြည်သည် သူ၏ ကိုယ်ခံအားစနစ်နှင့် ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များအားလုံးကို လုံးလုံးလျားလျား ချိုးဖျက်နှိမ်နင်းမည်ဟု ဆိုကြသည် မဟုတ်ပါလော။ သို့သော် အဘယ်ကြောင့် သူ၏ အကြားအာရုံကို တိုးတက် ကောင်းမွန်စေသနည်း။ ထို့အတူ သူ၏ ခွန်အားသည်လည်း အဘယ်ကြောင့် လွန်စွာ ကြောက်မက်ဖွယ် ကောင်းနေသနည်း။
အမျိုးသား ဇီဝဗေဒ သုတေသနဓါတ်ခွဲခန်းမှ ဆရာဝန်သာ ဤနေရာတွင် ရှိနေခဲ့ပါက ရှုချန်းသည် ထိုပေါက်ကွဲအား ဖြစ်ပေါ်စေသည့် မျိုးရိုးဗီဇများ အကြောင်းကို သိရှိပေလိမ့်မည်။
မှန်ပေသည်။ ဤသည်မှာ ပုရွတ်ဆိတ်များ၏ အစွမ်းထက် အရည်အချင်း တခုပင်။
ပုရွတ်ဆိတ် တကောင်သည် လူတဦး၏ အရွယ်အစား ဖြစ်ခဲ့ပါက သူတို့၏ ကိုယ်ပိုင် အလေးချိန်ထက် အဆ ၅၀ ပိုမို မြင့်မားသည့် အရာဝတ္ထုတို့ကို မြှင့်တင်နိုင်သော အစွမ်းကြောင့် အစာကွင်းဆက်၏ ထိပ်ဆုံးသော နေရာကို အလွယ်တကူ သိမ်းပိုက်နိုင်မည်ဟု တချိန်က ဆိုခဲ့ဖူးသည်။
ထို့ကြောင့် ရှုချန်းသည် ယခုအချိန်တွင် သူ၏ ကိုယ်အလေးချိန်ထက် ဆယ်ဆသာသော ခွန်အားကို ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်ပေသည်။ သို့သော် ထိုအကျိုးသက်ရောက်မှုကို သူ သေချာစွာ မသိရှိသေးချေ။
သူ ဤကဲ့သို့ လွန်စွာ စိတ်လှုပ်ရှားနေသည်မှာ ထိုခွန်အားများမှ ဘေးထွက်ဆိုးကျိုးများ ရှိလာမည်ကို စိုးရိမ်သောကြောင့်ပင်။
ရှုချန်းသည် ပြန်လာသည့် လမ်းတလျှောက်လုံးတွင် သူ၏ လက်များကို ပြန်၍ ကြည့်နေမိသည်။ ဘေးထွက်ဆိုးကျိုးဆိုသည့် အရာများကို ခေတ္တ ခေါင်းထဲမှ ထုတ်ထားလိုက်သည်။ အနည်းဆုံးဆိုရလျှင် ယခုအချိန်အခါ၌ သူ၏ ခွန်အားနှင့် အာရုံခံစွမ်းအင်များ သိသိသာသာ တိုးတက်လာခဲ့သည့်အတွက် နဂါးတပ်ဖွဲ့တွင် ပါဝင်ရန် မျှော်လင့်ချက် ရှိနေဆဲပင်။
ဤသည်မှာ ငယ်စဉ်ကတည်းက သူ့ဖခင် အပေါ် ပေးအပ်ခဲ့သည့် ကတိစကား တခု ဖြစ်ပေသည်။ မျိုးဆက် နှစ်ခုကျော် ကြာရှည်ခဲ့သော အမုန်းတရား တခုလည်း ဖြစ်၏။
"အားချန်... မင်းအမေ ဘာလို့ အနားမှာ မရှိလဲ သိရဲ့လား... "
ရှုချန်း၏ ငယ်ဘဝ တလျှောက်လုံး ထိုမေးခွန်းကို အကြိမ်ကြိမ် အခါခါ မေးမြန်းခြင်း ခံရဖူးပေသည်။ မေးမြန်းသည့် အခါတိုင်းလည်း စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းခါပြခဲ့သည်သာ။ ငယ်စဉ် အရွယ်ကတည်းက မိခင် မရှိ၍ အမြဲ လှောင်ပြောင်ခံနေရသူ တစ်ဦး အနေဖြင့် တနေ့နေ့ တချိန်ချိန်တွင် မိခင်ဖြစ်သူ ပြန်လာမည်ဟု မျှော်လင့်ခဲ့မိသည်။
ထိုအကြောင်းကို မေးမြန်းလိုက်သည့်အခါတိုင်း ရှုချန်း၏ အဖေသည် ကောင်းကင်ကို မော့ကြည့်ကာ " ဒါတွေ အားလုံးက အဖေ့ရဲ့ အပြစ်တွေပါ... အဖေ တောင်းပန်ပါတယ်... အဖေသာ ပိုပြီး အစွမ်းထက်ခဲ့ရင် မင်းအမေက အဖေ့နောက်ကို လိုက်လာနိုင်မှာ... ဒါကြောင့် မင်းကို တောက်ပတဲ့ အနာဂါတ်တွေ ပိုင်ဆိုင်အောင် ပြုစုပျိုးထောင်ပြီးမှပဲ မင်းအမေနဲ့ တွေ့ဖို့ ခေါ်သွားလို့ ရတော့မယ်... "
"အမေနဲ့ တွေ့ဖို့ သား ဘာလုပ်ရမလဲ... "
ဖခင်ဖြစ်သူက ရယ်မောလိုက်ကာ ... " ခက်တယ်ဆိုပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး... နဂါးတပ်ဖွဲ့ထဲကို ဝင်ပြီး ထိပ်တန်းစစ်သည် ဖြစ်လာတဲ့အခါ မင်းရဲ့ အဖိုးက မင်းကို လာရှာပြီး မင်းအမေဆီ ခေါ်သွားလိမ့်မယ်... "
ငယ်ရွယ်သေးသော ရှုချန်းသည် ထိုစကားလုံးများကို နားမလည်ခဲ့ချေ။
လင်ချူရွယ်၏ အဖေက " မင်းအမေကို မမုန်းပါနဲ့... သူက အပြစ်ကင်းတယ်... မင်းအမေကြောင့်သာ မဟုတ်ရင် မင်းအဘိုးက မင်းအဖေကို သတ်ပစ်ခဲ့တာ ကြာပြီ... သူတို့ အိမ်ထောင်ရေးက အစကတည်းက အဆင်မပြေဘူး... ရီမိသားစု တစ်ခုလုံးကလည်း မင်းအဖေကို အမြဲတမ်း ဘေးဖယ်ထားခဲ့တာ..."
ထို့ကြောင့် သူတို့၏ မိသားစုကလေးမှာ တစ်စုံတစ်ဦး၏ ပယောဂကြောင့် ကွဲကွာသွားခဲ့ရခြင်း ဖြစ်ကြောင်း ရှုချန်း သိခဲ့ရပေသည်။ သူ့အဖေ၏ ဈာပနတွင်ပင် အမေဖြစ်သူ လာရောက်သည်ကို မတွေ့ခဲ့ရပေ။
ထို့ကြောင့် သူသည် နဂါးတပ်ဖွဲ့ထဲသို့ ဝင်ရမည် ဖြစ်ပေသည်။ သူသည် သာလွန်ကောင်းမွန်သော သူများနှင့် ထိတွေ့ဆက်ဆံ ရင်းနှီးကာ အင်အားကြီးလာမည့် တစ်နေ့တွင် သူတို့၏ မိသားစုအား တစစီ ကွဲပြားစေခဲ့သော သူအား ဆွဲခေါ်ကာ ဖခင်၏ သင်္ချိုင်းရှေ့တွင် ဒူးထောက် တောင်းပန်ခိုင်းမည်ဟု ရည်ရွယ်ထားခဲ့သည်။
သူ၏ ရင်ထဲတွင် အမုန်းတရားတို့ အစဉ်အမြဲ ပြည့်နှက်နေမိသည်။
ရှုချန်းသည် ကားထဲသို့ ဝင်ထိုင်လိုက်ရာ စက်နှိုးမရသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် ကားစက်ဖုံးကို ဖွင့်ကြည့်လိုက်ရာ ကြိုးများ အားလုံး ပြတ်နေသည်ကို တွေ့လိုက်ရပြီး မှတ်စု တစ်ခုကိုလည်း တွေ့လိုက်ရ၏။
ထိုစာရွက်တွင် ရေးသားထားသည်မှာ " အရာရှိ... မင်းရဲ့ ကားကို ငါတို့ ဖျက်ခဲ့တာ... ငါတို့ကို ဖမ်းချင်ရင် ... မှာ လာရှာလို့ရတယ်... "
ထိုစာတွင် ဖော်ပြထားသော ငါတို့ ဆိုသည်မှာ တဦးတယောက်တည်း မဟုတ်ပဲ အဖွဲ့လိုက်ဖြစ်ကြောင်း ဖော်ပြပေသည်။
ရှုချန်းသည် သူနှင့် ရန်ငြှိုးရန်စရှိသူများကို စဉ်းစားကြည့်လိုက်ရာ အရှေ့တံခါးဝ ကာစီနိုမှ အကြီးအကဲချင် နှင့်အဖွဲ့ဖြစ်မည်ဟု ကောက်ချက်ချခဲ့မိသည်။ သူ တာဝန်ထမ်းဆောင်ချိန်တွင် ထိုသူတို့ မနှောင့်ယှက်ရဲသည့်အတွက် တာဝန်ချိန် ပြင်ပတွင် လာရောက်နှောင့်ယှက်ခြင်း ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် ရှုချန်း ဒေါသထွက်သွားကာ သူတို့ ပေးထားသည့် လိပ်စာအတိုင်း တက္ကဆီဖြင့် ချက်ချင်းသွားလိုက်သည်။
ထိုလိပ်စာမှာ မြို့ပြင်ရှိ ဂိုထောင်တခု ဖြစ်နေ၏။ ထို့ကြောင့် ထို ဂိုထောင်အနီးသို့ မရောက်ခင်တွင် တက္ကဆီ ဒရိုင်ဘာအား "ဒီမှာ ရပ်လိုက်တော့" ဟု ပြောလိုက်သည်။
ရှုချန်းသည် ကျသင့်ငွေကို ရှင်းပြီးနောက် တက္ကဆီ ဒရိုင်ဘာအား " ဖုန်းနံပါတ် ငါ့ကို ပေးဦး... ဒီမှာ တက္ကဆီ မရှိတဲ့အခါ မင်းကိုဖုန်းဆက်မလို့..."
တက္ကဆီ ဒရိုင်ဘာလည်း သူ၏ ဖုန်းနံပါတ်ကို ရှုချန်းအား မပေးချင် ပေးချင်ဖြင့် ပေးလိုက်သည်။
ဂိုထောင်အတွင်းတွင် တုတ်များ၊ စတီးပိုက်များ၊ ဓါးများနှင့် အခြားလက်နက် ကိရိယာအစုံ ကိုင်ဆောင်ထားသော လူမိုက် အယောက် ၃၀ ခန့် ရှိနေကြသည်။ အချို့က မတ်တပ်ရပ်လျက်၊ အချို့က ထိုင်လျက်၊ အချို့က ဆေးလိပ်သောက်လျက်၊ အချို့မှာမူ စိတ်မရှည်တော့ချေ။
"အစ်ကိုကျား... ဒီကောင်လာမယ်လို့ ထင်နေတာလား... ငါတို့က သူ့ကားကို ဖျက်ဆီးခဲ့ရုံပဲ... သူ့ရဲ့အစ်ကို ဒါမှမဟုတ် သူ့မိသားစုဝင် တယောက်ယောက်ကို ဓါးစာခံ အနေနဲ့ ဖမ်းထားတာ မဟုတ်ဘူးလေ... "
အစ်ကိုကျားသညိ စီးကရက်ဘူးကို ပစ်ချလိုက်ကာ "သူ လာမလား၊ မလာဘူးလား ငါလည်း မသိဘူး... ဒါပေမဲ့ ဒီကိစ္စက သူ့ကို သတိပေးတဲ့ အနေနဲ့ လုပ်ခဲ့တာ... အကြီးအကဲချင်အပေါ် ငါတို့ရဲ့ သစ္စာစောင့်သိမှုကို ပြဖို့ လုပ်နေတာပဲ... ဒါတောင်မှ ညဖက် ကင်းလှည့်ဖို့ သတ္တိရှိသေးရင် ငါတို့ အလွန် မဆိုသင့်တော့ဘူး... "
ထိုအချိန်တွင် တံခါးကို ရုတ်တရက် ကန်ဖွင့်သံ ကြားလိုက်ရသည်။ ရဲတပ်ဖွဲ့များ ဝင်ရောက်ကာ သူတို့ဂိုထောင်အား စီးနင်းသည်ဟု ထင်၍ ထိတ်လန့်သွားကြသည်။ သို့သော် သူတို့သည် ဖမ်းဆီးခံရသည်အထိ ပြင်းထန်သော ပြစ်ဒဏ် တစုံတရာ ပြုလုပ်ထားခြင်း မရှိချေ။
သို့သော် သူတို့ ထင်ထားသည်နှင့် တခြားစီ ဖြစ်နေပေသည်။ တံခါးဝတွင် ရှုချန်း တဦးတည်းသာ ရပ်နေသည်ကို တွေ့လိုက်ရ၍ လူမိုက် ၃၀ မှာ ဟားတိုက်ရယ်မောလိုက်ကြသည်။
အကိုကျားသည် ရှုချန်းကို လက်မ ထောင်ပြလိုက်ကာ "အကိုကျားဆိုတဲ့ ငါက မင်းရဲ့ သတ္တိကို လေးစားပါတယ်ကွာ... "
ရှုချန်းသည် လူမိုက်များ အားလုံးကို စေ့စေ့ကြည့်လိုက်ကာ "ငါ့ကားကို ဘယ်သူ ဖျက်စီးသွားတာလဲ... "
"ငါတို့ အားလုံး လုပ်ခဲ့တာကွာ... ကျေနပ်လား... ဘာလဲ ငါတို့အားလုံးကို ဖမ်းချင်လို့လား... "
အကိုကျားက ပြောင်စပ်စပ်ဖြင့် ပြောလိုက်သည်။
"ငါတော့ သောက်လုပ်ရှုပ်ဦးမယ်... ဒါပေမဲ့ မင်းတို့ကို ငါ သင်ခန်းစာပေးမှ ဖြစ်မယ်... မင်းတို့ အနေနဲ့ အနာဂါတ်မှာ ဘယ်လို နေထိုင်ရမလဲ ဆိုတာ သေချာမှတ်ထား... "
"ဟုတ်လား... ဒါဆိုရင်လည်း ငါတို့ကို သင်ခန်းစာ ပေးပါဦး... မင်း ငါတို့ကို စော်ကားခဲ့တာတွေ မေ့သွားပြီလား... တကယ်ဆိုရင် မင်းကို ငါတို့ကမှ သင်ခန်းစာ ပေးသင့်တာ... အကြီးအကဲချင်က ပြောထားတယ်... မင်းကို ရှန်ချန်းရဲ့ ဘယ်နေရာမှ မမြင်ချင်တော့ဘူးတဲ့... "
"မိဘတွေတောင် သားသမီးရဲ့ ကံကြမ္မာကို မထိန်းချုပ်နိုင်ဘူး... သူက ဘာကိစ္စ ငါ့ကို ထိန်းချုပ်နိုင်မှာလဲ... "
"ရှန်ချန်းမှာ မင်း လုပ်ခဲ့တာတွေကို မင်းသိလား... မင်းက ကင်းလှည့်အရာရှိလေး တယောက်ပဲ... မင်းမရှိရင်လည်း ဒီရှန်ချန်းမြို့ကြီးက ဆက်ပြီး လည်ပတ်နေဦးမှာပဲ... ပြီးတော့ မင်း ပျောက်သွားလို့လဲ အကြီးအကဲချင်ကို ဘယ်သူမှ အပြစ်တင်မှာ မဟုတ်ဘူး... ငါ မင်းကို ရွေးချယ်စရာ တစ်ခု ပေးမယ်... ငါ့ကို နှစ်သန်းပေး ဒါဆို မင်း ဒီကနေ ထွက်သွားနိုင်အောင် ကူညီမယ်... ဒါပေမဲ့ ဒီ ရှန်ချန်းမြို့မှာ ဘယ်တော့မှ ပြန်ပေါ်မလာဘူးလို့ ကတိပေးပြီး ထွက်သွားရမယ်... ဘယ်လိုလဲ... "
အစ်ကိုကျား ဆိုသူသည် တုံးအသူတစ်ဦး မဟုတ်ပေ။ ကင်းလှည့်အရာရှိငယ် တစ်ဦးကို သတ်ဖြတ်ခြင်းသည်ပင်လျှင် ကြီးမားသော ရာဇဝတ်မှု တစ်ခု ဖြစ်ပေသည်။
"မင်းကို ကြောက်မယ်လို့ ထင်နေတာလား... မင်းတို့ရဲ့ အကြီးအကဲချင်ဆိုတဲ့ ကောင်ကိုတောင် ရိုက်ခဲ့သေးတာပဲ... နှစ်သန်းလောက်ပေးပြီး ငါ့ကို ဒီမြို့က ထွက်ပြေးဖို့ ကူညီခိုင်းမယ် ထင်နေတာလား... ဒီလိုဆိုရင် ငါ ဘာကိစ္စ ရဲအရာရှိ ဖြစ်နေဦးမှာလဲ... ဒီရှန်ချန်းမြို့ကို မင်းတို့ရဲ့ အကြီးအကဲချင် အုပ်ချုပ်နေတာ မဟုတ်ဘူး... "
ရှုချန်း ရယ်မောကာ ပြောလိုက်သည်။
ရှုချန်းစကားကြောင့် အစ်ကိုကျား ဆိုသူ၏ မျက်နှာနီသွားကာ "မင်းက မီးနဲ့ ကစားနေတာပဲ... "
အခန်း ၄၃ ပြီး
နတ်နဂါးစစ်သည်
အခန်း ၄၄
( အကြမ်းဖက်သူများကို အကြမ်းဖက်၍ ပြန်ဖြေရှင်းခြင်း )
"ငါက မီးနဲ့ ကစားနေတာ မဟုတ်ဘူး... "
ထိုအချိန်တွင် ရှုချန်း၏ နားထဲတွင် စူးရှရှ အသံလှိုင်းတခုကို ကြားလိုက်ရကြောင်း သိပေသည်။
သို့သော် ဤသည်မှာ အာထရာစိုးနစ် အသံလှိုင်းဖြစ်ကြောင်း သူ မသိခဲ့ပေ။ ထိုအချိန်တွင် အစ်ကိုကျား ဆိုသူသည် သူ၏ လူများကို အသံနက်ကြီးဖြင့် ...
"အားလုံးပဲ သူ့ကို ဝိုင်းတားလိုက်ကြ... သူ့ကို အရှင်ဖမ်းပြီး အကြီးအကဲချင် ဆီ ပို့ရမယ်... "
ရှုချန်းအား အကြီးအကဲချင် မည်သို့မည်ပုံ စီရင်မည်ကို သူ ဂရုမစိုက်ချေ။ သူ ဂရုစိုက်သည်ကား ရဲအရာရှိ တစ်ဦးကို သတ်ဖြတ်ပါက အကျိုးဆက်များစွာကို ရင်ဆိုင်ရခြင်းပင်။ သူသည် ထိုကဲ့သို့ ရင်ဆိုင်နိုင်စွမ်း မရှိသောကြောင့် ရှုချန်းအား အရှင် ဖမ်းဆီးကာ အကြီးအကဲချင် ဆီသို့ ပို့ဆောင်မည် ဖြစ်သည်။
ကျား၏ စကားသံ အဆုံးတွင် လူမိုက် ၃၀ ကျော်သည် ဝိုင်းအုံလာကြသည်။
သို့သော် ရှုချန်းမှာမူ ငြိမ်သက်စွာပင် ရပ်နေဆဲပင်။
ဇီဝဗေဒ ဓါတ်ခွဲခန်းမှ သုတေသီများက လင်းနို့များသည် လူများ၏ သာမန်နားဖြင့် မကြားနိုင်သော အာထရာစိုးနစ်လှိုင်းများကို ပျံသန်းချိန်တွင် ထုတ်လွှတ်သည်ဟု ဆိုပေသည်။
ထို အာထရာစိုးနစ်လှိုင်းများ၏ ပြန်လည်တုန့်ပြန်မှုကို ကြည့်ကာ မည်သည့် အတားအဆီးများ ရှိသည်ကို ကြိုတင် သိရှိနိုင်၏။
ထို့ကြောင့် ထို လူမိုက် ၃၀ ရောက်မလာသေးမီ အချိန်ကတည်းကပင် အာထရာစိုးနစ်လှိုင်းများကို အခြေခံ၍ ရှုချန်း၏ ဦးနှောက်သည် ထိုသူတို့ လှုပ်ရှားမှုများကို ကြိုတင် သိရှိနေပြီဖြစ်သည်။
ရှုချန်းသည် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့်အခိုက်တွင် မည်သို့ မည်ပုံ ဖြစ်ပျက်နေသည် ဆိုသည့် အရာ အားလုံးကို ဦးနှောက်သည် ခွဲခြားစိတ်ဖြာနိုင်စွမ်း ရှိပေသည်။ ထိုအခိုက်အတန့်တွင် ရှုချန်း၏ မျက်လုံးများသည် မည်သည့် ရှုထောင့်မှမဆို ထွက်ပေါ်လာသော လှုပ်ရှားမှု အားလုံးကို သိရှိနိုင်ပေသည်။ ထို့ကြောင့် ဤဂိုထောင်တခုလုံးအား သူ မြင်တွေ့နေရသည်ဟု ဆိုနိုင်၏။
ထို့ကြောင့် ရှုချန်းသည် အာထရာစိုးနစ်လှိုင်းများ၏ တုန့်ပြန်မှုကို အခြေခံကာ သူ့အား ရိုက်လိုက်သော တုတ်ကို အလိုအလျောက် ရှောင်တိမ်းနိုင်ခဲ့သည်။ ထို့အတူ ဘေးမှ ရိုက်နှက်လိုက်သော လက်နက်များကိုလည်း အလွယ်တကူ ရှောင်ရှားနိုင်ခဲ့၏။
ထို့ကြောင့် တိုက်ခိုက်မှုမှန်သမျှကို မသိစိတ်ဖြင့် အလိုအလျောက် ရှောင်တိမ်းနေခြင်း ဖြစ်ကြောင်း ရှုချန်း နားလည် သဘောပေါက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် အာထရာစိုးနစ်လှိုင်းများ၏ တုန့်ပြန်မှုအရ အလိုလို ပြန်လည် ပြုမူနေသည်ကို သိရှိခဲ့ရသည်။ သူ့ ဦးနှောက်သည် ပတ်ဝန်းကျင်ရှိ ဖြစ်ပျက်သမျှသော အရာအားလုံးကို ဖမ်းယူကာ အလိုက်သင့် ခန္ဓာကိုယ်က တုန့်ပြန်နေတော့သည်။
ရှုချန်းသည် ထိုကဲ့သို့သော တိုက်ခိုက်မှုများကို အလွယ်တကူ ရှောင်တိမ်းနိုင်နေသည်ကို တွေ့ရ၍ လူမိုက်များ အားလုံး အံ့အားသင့်လာကြသည်။
ထိုအချိန်တွင် ရှုချန်းသည် အာထရာစိုးနစ်လှိုင်းများမှ ပေးပို့သော တုံ့ပြန်ချက်များကို အလိုအလျောက် မဟုတ်ဘဲ သတိထားကာ ထိန်းချုပ် တုန့်ပြန်လိုက်သည့်အခါတွင်တော့ သူ၏ လှုပ်ရှားမှု၊ရှောင်တိမ်းမှုများမှာ ပို၍ပင် ကောင်းမွန်လာလေသည်။
ယခုအချိန်သည် ပြန်လည်တိုက်ခိုက်ရမည့် အချိန်ဖြစ်၍ သူ ပိုမို အာရုံစူးစိုက်လိုက်သည်။
ထိုအချိန်တွင် သူနှင့် အနီးဆုံး လူနှစ်ယောက်မှာ တုတ်ကို ကိုင်မြှောက်ကာ သူ့ရှေ့တွင် ရှိနေပြီ ဖြစ်သည်။ ရှုချန်းသည် ထိုသူတို့၏ လက်ကောက်ဝတ်များကို ဆွဲကိုင်ကာ လွှင့်ပစ်လိုက်သည်။ ထိုသူနှစ်ဦးမှာ ဧရာမ ထရပ်ကားတစ်စီးဖြင့် အတိုက်ခံလိုက်ရသည့်အလား အဝေးသို့ လွင့်စင်ကျသွားတော့၏။
ထိုသို့ ကျသွားသူ နှစ်ဦးအနက် တဦးမှာ မျက်နှာဖြင့် ကျသွား၍ ရှေ့သွားနှစ်ချောင်းပင် ကျွတ်ထွက်သွား၏။
ထို့နောက် ရှုချန်းသည် ကိုယ်ကိုကိုင်းကာ ကြမ်းပြင်ထက် တစ်ပတ်လှည့်၍ ကန်လိုက်ရာ အနီးအနားရှိ လူကိုးဦးလုံး၏ ခြေကျင်းဝတ်များကို စတီးတုတ်ဖြင့် ရိုက်သည့်အလား ပြင်းထန်စွာ ထိခိုက်သွားစေ၏။
ထိုသူအားလုံး မြေပြင်ပေါ်သို့ လဲကျကာ ညီးညူသွားရသည်။
သူတို့၏ လက်တွင် ကိုင်ဆောင်ထားသော လက်နက်များအားလုံးလည်း မြေပြင်ပေါ်တွင် ပြန့်ကျဲသွားသည်။
ရှုချန်းသည် ဓါးကို မကိုင်ဘဲ စတီးပိုက်ကို ကောက်ကိုင်လိုက်သည်။ ထို့နောက် ၎င်း စတီးပိုက်အား နံချပ်ကူကဲ့သို့ အပြန်ပြန်အလှန်လှန် လှည့်ကာ လူမိုက်များ၏ ဗိုက်၊ ရင်ဘတ်၊ ခြေထောက်အဆစ်များနှင့် အခြားနေရာများသို့ ဆက်တိုက် ဆိုသလို ရိုက်နှက်တော့သည်။
သံမဏိပိုက်လုံး၏ တဝီဝီ မြည်သံသည် အားလုံး၏ နားထဲတွင် ကျယ်လောင်စွာ ကြားနေရသည်။
ရှုချန်းသည် ထိုလူမိုက် ၃၀ အား အမှိုက်များကဲ့သို့ပင် ပေါ့ပေါ့တန်တန် သဘောထားကာ မျက်တောင်တချက်မျှပင် မခတ်ပဲ အေးအေးဆေးဆေး ရိုက်နှက်တိုက်ခိုက်ခဲ့သည်။
ဤကဲ့သို့ သူ့လူများ တဖြုတ်ဖြုတ် လဲကျနေသည်ကို မြင်လိုက်ရသည့်အတွက် ကျားသည် ဒေါသ ဖြစ်သွားသည်။ နှစ်မိနစ်ခန့် ကြာပြီးနောက်တွင် ဂိုထောင်တစ်ခုလုံး၌ ညီးညူအော်ဟစ်သံတို့ ကျွတ်ကျွတ်ညံနေသည်။
ထိခိုက်ဒဏ်ရာ ရရှိသွားသူ ၂၀ ခန့်သည် မြေပြင်ပေါ်၌ လူးလှိမ့်နေ၏။ အချို့သည် ခြေသလုံးများ၊လက်များ ကျိုးသွားကာ အချို့မှာလည်း မျက်နှာ၌ ထိခိုက်ဒဏ်ရာများ ရနေကြသည်။ အားလုံး၏ ခန္ဓာကိုယ်တွင်လည်း သွေးများ စွန်းပေနေကြ၏။
ရှုချန်း၏ ထိုမျှလောက်သော ပြင်းထန်သည့် တိုက်ခိုက်ပုံကို ကြည့်ကာ ကျန်ရှိသည့် လူရှစ်ဦးခန့်သည့် ကြောက်လန့်တုန်လှုပ်စွာဖြင့် ရပ်နေသည်။ သူတို့ ဆက်၍ တိုက်ခိုက်မည်လော၊ လက်နက်ချ အညံ့ခံမည်လော ဇဝေဇဝါ ဖြစ်နေပုံ ရသည်။ ထို့ကြောင့် သူတို့အားလုံး ချွေးများ စိုရွှဲလျက် နေရာတွင် ကြောင်လျက်သား ရပ်နေမိကြ၏။
စတီးတုတ်ကို ဆုပ်ကိုင်ထားသော ရှုချန်းသည် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီးမှ ...
" မင်းတို့ ဥပဒေကို လိုက်နာရင် ငါလည်း လိုက်နာမယ်... ဒါပေမဲ့ မင်းတို့က အကြမ်းဖက်တဲ့နည်းနဲ့ ဖြေရှင်းရင်တော့ ငါလည်း အကြမ်းဖက်ရမှာပဲ... ဆက်ပြီး လုပ်ကြတာပေါ့... စည်းကမ်းမရှိဘူး၊ ဉပဒေ မရှိဘူး... ငါတို့ လက်သီးချင်းပဲ ထိုးပြီး ဆက်ပြီး ဖြေရှင်းရအောင်... "
"ဆက်ပြီး တိုက်ကြမယ်... " ရှုချန်းက ဒေါသတကြီး အော်လိုက်သည်။
ကျားနှင့် ကျန်သည့်သူ ရှစ်ယောက်သည် ကြောက်လန့်တကြားဖြင့် နောက်သို့ အနည်းငယ် ဆုတ်သွားကြသည်။ သူတို့အား ရှုချန်း အမှန်တကယ် ရိုက်နှက်မည်ကို စိုးရိမ်၍ အသက်ပင် ရဲရဲ မရှူရဲကြတော့ပေ။
အစ်ကိုကျား ဆိုသူသည် ကြောက်ရွံ့နေ၏။ ဤတကြိမ်တွင် သူ အမှန်တကယ် ကြောက်ရွံ့နေခြင်းပင်။ သူသည် ရှုချန်းနှင့် ယှဉ်နိုင်သူ မဟုတ်ချေ။
ထို့ကြောင့် ရှုချန်း ရှေ့သို့ ခြေတလှမ်းတက်လာတိုင်း တစ်ဖက်မှ လူကိုးဦးသည် နောက်သို့ ခြေနှစ်လှမ်း ဆုတ်သွား၏။
ထိုအချိန်တွင် အစ်ကိုကျား၏ မျက်ဝန်းထဲ၌ တစုံတရာကို တွေ့လိုက်ရသည်။ ရှုချန်း၏ နောက်ကွယ်၌ လူတဦး တိတ်တဆိတ် ရောက်လာကာ ဓါးဖြင့် ထိုးရန် ကြံစည်နေသည်ကို မြင်လိုက်မိသည်။
သို့သော် အာထရာစိုးနစ်လှိုင်းများကို အာရုံခံနိုင်သူ ရှုချန်းအဖို့ နောက်စေ့တွင်လည်း မျက်လုံး တစုံ ရှိနေသည့်အလားပင်။ ထို့ကြောင့် သူသည် နောက်ကိုလှည့်ကာ စတီးပိုက်ဖြင့် ရိုက်လိုက်သဖြင့် ဓါးဖြင့် ထိုးရန် ကြံရွယ်သူ၏ ဦးခေါင်းကို တည့်တည့် ထိမှန်ကာ ထိုသူ သတိလစ် လဲကျသွားတော့သည်။
ထို့ကြောင့် ကျား၏ နောက်ဆုံးသော မျှော်လင့်ချက်ကလေးမှာလည်း မှေးမှိန်ပျောက်ကွယ်သွားရပေသည်။
"မင်းက ရဲအရာရှိ တယောက် မင်း ဒီလိုတွေ လုပ်လို့ မရဘူး... " ကျားက တုန်လှုပ်စွာ ပြောလိုက်သည်။
ရှုချန်းသည် မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်ပြီး ... "မင်းတို့က အနက်ရောင် အဖွဲ့အစည်းက လာတာမလား... ငါလည်း မင်းတို့ သုံးတဲ့ နည်းလမ်းအတိုင်း ဖြေရှင်းလိုက်တာလေ... "
ကျားသည် လက်ထဲတွင် ကိုင်ထားသော စတီးပိုက်ကို လွှင့်ပစ်ကာ လက်နှစ်ဖက်မြှောက်လိုက်ပြီး ...
"ကျုပ် အရှုံးပေးပါတယ်... "
ရှုချန်းကာ ရယ်မောကာ... "နောက်ကျသွားပြီ... "
ထို့နောက် အစ်ကိုကျား အား ဂုတ်မှ ဆွဲကိုင်ကာ မြှောက်ထားလိုက်၏။ ရှုချန်း၏ အရပ်မှာ ၁.၉ မီတာ ရှိပြီး ကျား၏ အရပ်မှာ ၁.၇ မီတာ ဖြစ်ရာ ရှုချန်းသည် သူ့အား မြေပြင်အထက် အနည်းဆုံး ၃၀ စင်တီမီတာ အကွာတွင် မြှောက်ထားသကဲ့သို့ ဖြစ်နေပေသည်။ ကျန်သည့်သူ ရှစ်ဦးမှာလည်း ဘာမျှ မလုပ်ရဲချေ။
လူ ၂၀ခန့် ပြိုင်တူတိုက်ခိုက်၍ အနိုင်မယူခဲ့နိုင်သူအား သူတို့ ရှစ်ဦး မည်ကဲ့သို့ အနိုင်ယူနိုင်ပေမည်နည်း။ ထို့ကြောင့် သူတို့လည်း လက်များ မြှောက်လိုက်ကြတော့သည်။
ရှုချန်းသည် မျက်နှာ သွေးဆုတ်ကာ ဖြူရော်ရော် ဖြစ်နေသော ကျားကို ကြည့်လိုက်ပြီး ...
" ငါ့ကားပြင်ဖို့ ဘယ်သူပေးမှာလဲ... "
ကျားသည် တစက္ကန့်မျှပင် မတုံ့ဆိုင်းဘဲ "ကျွန်တော်... ကျွန်တော် ပေးပါမယ်... "
"ဟုတ်ပြီ... မင်းတို့ ဂိုဏ်းက အမှားလုပ်မိတော့ အပြစ်ပေးခံရမှာပေါ့... "
ကျား၏ မျက်နှာ ပြောင်းလဲသွားသည်။
"ဒါပေမဲ့ မင်းတို့ ဂိုဏ်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ငါ လိုက်နာရမှာ ပျင်းတယ်... ဒါကြောင့် ပေါ့ပေါ့ပါးပါးဘဲ အပြစ်ဒဏ်ပေးတော့မယ်... "
ရှုချန်းသည် ပြောပြောဆိုဆိုဖြင့် ကျား၏ မျက်နှာအား လက်သီးဖြင့် ထိုးလိုက်၏။ မလှမ်းမကမ်းတွင် ရပ်နေသော လူရှစ်ဦးသည် ကျား၏ မျက်နှာအား ရှုချန်း လက်သီးဖြင့် ထိုးသည်ကို သေချာစွာ မြင်လိုက်ရပေသည်။ ကျား၏ ပါးစပ်မှ အနည်းဆုံး အံသွားငါးချောင်း သို့မဟုတ် ခြောက်ချောင်းခန့် လွင့်ထွက်သွား၏။
ထို့အပြင် ကျား၏ ခန္ဓာကိုယ်မှာ လေထဲသို့ သုံးမီတာခန့် လွင့်သွားပြီးမှ မြေပြင်ပေါ်သို့ အရုပ်ကျိုးပျက် ပြုတ်ကျသွားတော့သည်။ သူသည် ကုန်းရုန်းထရန် ကြိုးစားလိုက်သော်လည်း ထပ်မံ လဲပြိုကျသွားတော့၏။
ရှုချန်းသည် ဂိုထောင်အတွင်းရှိ ကျန်ရှိနေသူ ရှစ်ဦးကို လှမ်းကြည့်လိုက်ရာ ထိုသူများသည် စေ့စေ့ပင် မကြည့်ရဲဘဲ ကြောက်ရွံ့စွာဖြင့် ခေါင်းငုံ့ထားလိုက်ကြသည်။ သူတို့ ရှူချန်း ၏ အကြည့်နှင့် ရင်မဆိုင်ဝံ့ ။ ရှုချန်း၏ ဤမျှလောက်သော အစွမ်းထက်မှုကို သူတို့ ဘယ်သောအခါမျှ မေ့လျော့နိုင်တော့မည် မဟုတ်တော့ပေ။
အခန်း ၄၄ ပြီး