နတ်နဂါးစစ်သည်
အခန်း ၄၁
( ခွန်အား စမ်းသပ်မှု )
ရှုချန်းသည် ရေချိုးကိုယ်လက်သန့်စင်ပြီး နောက်တွင် အားကစားစွမ်းရည်ဆိုင်ရာ အကဲဖြတ်မှု ရမှတ်များ ထုတ်ပေးသော ကလပ်ဆီသို့ ဦးတည်လိုက်သည်။
ယခုအချိန်တွင် သူ၏ ခွန်အားနှင့် အရှိန်ကို သိရှိရန် လွန်စွာ စိတ်အားထက်သန်နေ၏။ အဘယ်ကြောင့်ဆိုသော် ထိုအရည်အချင်း နှစ်ရပ်သည် လက်တွေ့တိုက်ပွဲများတွင် သိသာထင်ရှားလှသော အားသာချက်များ ဖြစ်ခြင်းကြောင့်ပင်။
ဇီဝသွေးရည်ကြည် ထိုးသွင်းခံရပြီးနောက်တွင် ရှုချန်းသည် ခွန်အားတို့ လျော့ကျသွားခဲ့သည်။ အဆိုးဆုံးမှာ သူ၏ ကြံ့ခိုင်မှု၊ အရှိန်နှင့် သက်လုံတို့ကို ကျဆင်းသွားစေသည့်အတွက် လက်တွေ့တိုက်ပွဲများတွင် သေဆုံးနိုင်သည်အထိ အားနည်းချက်များ ဖြစ်လာခဲ့၏။
သို့သော်လည်း ဤနှစ်ရက် အတောအတွင်း၌ သူ၏ စွမ်းအားတို့ တိုးတက်လာသလို ခံစားနေရ၏။ ထို့အတွက်ကြောင့် သူ၏ ခွန်အားများ မည်သည့်အဆင့်သို့ ရောက်နေမှန်း သူကိုယ်တိုင် မသိ ဖြစ်နေသည်။ ဥပမာ ဆိုရလျှင် သာမန် လူတဦးသည် သူ၏ စွမ်းအားကို နားလည် သိရှိ၏။ သို့သော် ရှုချန်းမူကား သူ၏ စွမ်းအားတို့ကို မထိန်းချုပ်နိုင် ဖြစ်နေရှာသည်။
ဥပမာ ဆိုရလျှင် ယမန်နေ့ကကဲ့သို့ ရှန်ယောင် အား သာမန်သာ တွန်းလိုက်သော်လည်း လေထဲ မီတာ ၂၀ ခန့်အထိ လွင့်သွားစေသည့် အဖြစ်မျိုးပင်။
ရှုချန်းခမျာ ဤစွမ်းရည်တို့ကို ထိန်းချုပ်မရ ဖြစ်နေရှာ၏။
ရှုချန်းသည် အရပ် ၁.၉ မီတာ မြင့်သော်လည်း Gym တွင် မြင်ရလေ့ရှိသော ယောက်ျားသားကြီးများကဲ့သို့ မဟုတ်။ စစ်တပ်ထဲတွင် စစ်သည်များ၏ ခန္ဓာကိုယ် အရွယ်အစား ကြွက်သား အကြီးအသေးထက် စွမ်းရည်ကောင်းမွန်ရန်သာ အလေးပေးရာ ရှုချန်း၏ ခန္ဓာထက်မှ ကြွက်သားများမှာ လွန်စွာ မကြီးမားလှပေ။
ဤအကြိမ်တွင် လုယုသည် ကလပ်သို့ ရောက်လာခဲ့သည်မှာ မည်ကဲ့သို့သော အခိုက်အတန့်တွင်မဆို ပေါ်ထွက်လာသော စွမ်းအင်တို့ကို တိုင်းတာနိုင်မည့် ကိရိယာများ ရှိသည့်အတွက် သွားရောက်ခြင်း ဖြစ်ပေသည်။
တိုင်ဆန်၏ လက်သီးချက်သည် ၄၅၀ ကီလိုဂရမ်ထက် ပိုမို ပြင်းထန်ကာ မွေ့ထိုင်းလက်ဝှေ့ကျော် Aquila ၏ ကန်ချက်မှာလည်း ၅၀၀ ကီလိုဂရမ်ထက် ပိုမို၏။ ထို့အတူ ဟဲဗီးဝိတ် ကစ်ဘောက်ဆင်သမား Peter Aerts ၏ ကန်ချက်မှာလည်း ကြောက်မက်ဖွယ်ကောင်းစွာပင် ၈၃၆ ကီလိုဂရမ်အထိ ရှိ၏။ ထို့ကြောင့် ဤသူများအား လက်ဝှေ့သမားဆိုသော အမည်နာမထက် လူသားလက်နက် ဟု ခေါ်တွင်ခြင်းကသာ ပိုမိုသင့်လျော်ပေမည်။
ဒိုင်နမိုမီတာ ဆီသို့ ရောက်သောအခါ အားကစား ဝါသနာရှင်များနှင့် သခင်လေးများကို ရှုချန်း တွေ့လိုက်ရသည်။
ထိုသခင်လေးများသည် လှပသော မိန်းမငယ်လေးများ အနား၌ ဝဲလည်ဝဲလည် လုပ်နေကြသည်။ သခင်လေးများကဲ့သို့သော သူများသည် လုပ်စရာ ကိုင်စရာ မရှိ အားယားနေသည့် အခါမျိုးတွင် မိန်းမငယ်လေးများ အနား၌ အမဲသားအား မျှော်နေသည့် ခွေးပေါက်လေးများ ပမာ သရေတမြားမြားဖြင့် လာရောက် လည်ပတ်လေ့ ရှိကြသည်။ ထို့အပြင် သူတို့၏ ပိုင်ဆိုင်မှု စည်းစိမ်ဥစ္စာတို့ကို ထုတ်ဖော်ပြသကာ မိန်းမပျိုတို့အား မက်လုံးပေး ဆွဲဆောင်ကြ၏။
ထို့ကြောင့် ရှန်ချန်းမြို့ကြီးတွင် ဖခင်၏ အရိပ်အောက်မှ ရုန်းထွက်ခြင်း မပြုနိုင်သေးသော်လည်း အချစ်ကို ရှာဖွေစူးစမ်းနေကြသည့် သခင်လေးများ ပြည့်နှက်နေသော် ပျော်ပွဲစားရုံများစွာမှာ လက်ညှိုးထိုး မလွဲပင်။
ထိုအချိန်တွင် ဒိုင်နမိုမီတာများကို အခြားသော သူများက အသုံးပြုနေကြသည့်အတွက် ရှုချန်းလည်း ငုတ်တုတ်ထိုင်ကာ စောင့်နေလိုက်သည်။
ထိုစဉ် အားကစားဝတ်စုံ ဝတ်ဆင်ထားကာ ဦးထုပ်ဆောင်းထားသော မိန်းကလေး တဦးသည် ရှုချန်းနောက်ရှိ ခုံတွင် နားကြပ်ဖြင့် သီချင်းနားထောင်ရင်း ထိုင်နေသည်။ သူမ၏ သွယ်စင်းလှသော နှာတံ၊ ကော့ညွတ်နေသည့် မျက်တောင်ရှည်တို့က သူမအား မိန်းမလှတဦး ဖြစ်ကြောင်း သက်သေပြနေ၏။
မိန်းကလေးအားလုံးမှာ သခင်လေးများနှင့် ကျီစယ်စနောက် မြူးထူးနေချိန်တွင် ဤမိန်းကလေးမှာမူ သီချင်းနားထောင်ရင်း ကိုယ်ပိုင်ကမ္ဘာငယ်ထဲတွင် တဦးတည်း မျောလွင့်နေ၏။
ထို့နောက် ရှုချန်းသည် ဒိုင်နမိုမီတာ အသုံးပြုနေသူများကို ကြည့်လိုက်ရာ နှစ်ဖွဲ့ကွဲနေကြောင်း တွေ့လိုက်ရသည်။ တဖွဲ့တွင် ယောက်ျားလေး သုံးဦး၊ မိန်းကလေး သုံးဦး ရှိနေ၏။ ကျန်တဖွဲ့တွင်မူ ယောက်ျားလေး နှစ်ဦးနှင့် မိန်းကလေး တဦး ရှိပေသည်။
ယောက်ျားလေး တဦးနှင့် မိန်းကလေး တဦး ရှိသည့် အဖွဲ့ကို ကြည့်လိုက်ရာ ထိုသူများမှာ သခင်လေးများထက် မျိုးရိုးစဉ်ဆက် ဆင်းသက်လာသည့် စစ်သည်များနှင့် ပိုတူနေကြောင်း တွေ့လိုက်ရသည်။ ထိုယောက်ျားလေးများ၏ ဘိုးဘေး၊မိဘတို့မှာ စစ်သည်များ ဖြစ်ကြ၍ ငယ်ရွယ်စဉ်ကပင် ၎င်းပတ်ဝန်းကျင်တွင် ကြီးပြင်းခဲ့ရဟန် ရှိသည်။ ထို့ကြောင့်လည်း အင်အားအရာတွင် ထိုယောက်ျားသားများအား ဂုဏ်မောက်သူ သခင်လေးတို့ ယှဉ်နိုင်ခြင်း မရှိ။
သို့သော်လည်း ရှန်ချန်းမြို့ကဲ့သို့သော မြို့ကြီးပြကြီးများတွင် ချမ်းသာကြွယ်ဝသူတို့အား တရားဥပဒေတို့က လျော့ပေါ့ မျက်နှာသာပေးခြင်းတို့ ရှိပေသည်။
ထိုအချိန်တွင် စစ်သည်ကဲ့သို့ ခပ်တောင့်တောင့် ယောက်ျားလေး နှစ်ဦး အသုံးပြုနေသည့် ဒိုင်နမိုမီတာတွင် လက်သီး ပြင်းအားကို ၁၉၀ ကီလိုဂရမ် ပြသနေ၏။ ထိုအထဲမှ ယောက်ျားလေး တစ်ဦးက ထိုင်ကာ သီချင်းနားထောင်နေသည့် မိန်းကလေးကို ခေါ်လိုက်ရာ သူမက " ထပ်ပြီး ထိုးကြည့်ဦး " ဟု ပြောလိုက်သည်။
ထို့ကြောင့် ယောက်ျားလေးလည်း ခေါင်းညိတ်ကာ နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လျက် အရှိန်ယူပြီးမှ အားဖြင့် ပြေးထိုးလိုက်သည်။
ဒိုင်နမိုမီတာတွင် ၂၃၀ ကီလိုဂရမ်ကို ပြသနေသည်။
မိန်းကလေးသည် ထိုအချက်အလက်ကို သူမ ဖုန်းထဲ ထည့်မှတ်လိုက်သည်။ သူမသည် သီချင်းနားထောင်ရုံသာမက အချက်အလက်များကိုလည်း မှတ်တမ်းတင်နေပေသည်။
သူမသည် အချက်အလက်များကို မှတ်ပြီးနောက်တွင် " ရှီဝမ်ပင်း... နင့်အလှည့်... " ဟု ပြောလိုက်သည်။
ရှီဝမ်ပင်း ဆိုသည့် သူလည်း ဒိုင်နမိုမီတာအား လက်သီးဖြင့် ထိုးလိုက်၏။
" ၂၁၀ ကီလိုဂရမ်... မဆိုးပါဘူး... နောက်တခေါက်..."
ထို့ကြောင့် ရှီဝမ်ပင်း လည်း ခေါင်းညိတ်လိုက်ပြီး ထဖန် ထပ်ထိုးလိုက်ရာ ၂၆၈ ကီလိုဂရမ်အထိ ဖြစ်သွား၏။
မိန်းကလေးက " နင့်အနေနဲ့ဆို ဒီ အမှတ်က မကောင်းသေးဘူး... နေ့တိုင်း ခါးကြံ့ခိုင်မှု လေ့ကျင့်ဖို့ လိုတယ်... " ဟု သနားကြည့် ကြည့်ကာ ပြောလိုက်သည်။
ရှီဝမ်ပင်း လည်း ရှက်ရွံ့စွာ ခေါင်းညိတ်လိုက်ပြီး မျက်နှာလည်း အနည်းငယ် နီရဲသွား၏။ ထို့ကြောင့် သူ့ဘေးက သူငယ်ချင်းက ရှီဝမ်ပင်း အား တံတောင်ဖြင့်တွတ်ကာ " အဲဒါကြောင့် အနှိပ်ခံ သိပ်မသွားနဲ့ ပြောတာဟ... မင်းက သောက်စကားကို နားမထောင်ဘူး... "
" ကောင်းပြီ... အကဲဖြတ်မှု ပြီးပြီ... မင်းက တခြားသူတွေထက် သာပေမဲ့ ငါတို့ရဲ့ စံချိန်စံနှုန်းတွေနဲ့ မကိုက်ညီဘူး... ပိုကြိုးစားဦး... "
အမျိုးသမီးက နှစ်ဦးလုံးကို ပြောလိုက်သည်။
" ဟုတ်ကဲ့ နည်းပြ... "
တဖက်တွင် ရှိနေသည့် သခင်လေးများသည်လည်း ထိုသူနှစ်ဦး၏ အမှတ်များကို မြင်ပေသည်။ မိန်းကလေးများ အကြားတွင် သူတို့၏ အစွမ်းအစကို ထုတ်ပြနိုင်ပါက လေးစား အထင်ကြီး ခံရပေမည်။ ဤသို့သော အခွင့်အရေးမျိုးကို အလဟသ လက်လွှတ်ခံမည် မဟုတ်ချေ။ ထို့အပြင် ထိုမိန်းကလေးအား " နည်းပြ " ဟု ခေါ်လိုက်သံ ကြား၍ ထို ယောကျ်ားလေး နှစ်ဦးမှာ စစ်သည်များ ဖြစ်ကြောင်း သိလိုက်၏။ သို့ဖြစ်၍ ထို စစ်သည်နှစ်ဦးထက် ပိုမို အစွမ်းပြနိုင်ပါက မိန်းကလေးများ အထင်ကြီးကြမည်မှာ အသေအချာပင်။
" ဟ... ရှန်ချန်းမြို့က စစ်သည်တွေက ဒီလောက်ပဲ အစွမ်းရှိတယ်လား... ရှန်ချန်းမြို့အတွက်တော့ စိတ်ပူစရာပဲ... "
နည်းပြ က မျက်မှောင်ကြုံ့ကာ ကြည့်လိုက်၏။
ထိုစဉ် သခင်လေးများထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသူက ဒိုင်နမိုမီတာကို ပြေးထိုးလိုက်ရာ ရှီဝမ်ပင်း ထက် ၂၅ ကီလိုဂရမ် ပိုမိုပေသည်။
ယင်းအား မြင်သော် ရှီဝမ်ပင်း၏ မျက်နှာမှာ မသာမယာ ဖြစ်သွားတော့သည်။
အခန်း ၄၁ ပြီး
နတ်နဂါးစစ်သည်
အခန်း ၄၂
( သောက်ကျိုးနည်း )
အမွေဆက်ခံသူ သခင်လေးများ ပတ်လည်တွင် ရှိနေသော မိန်းမငယ်များထံမှ ချီးကျူးစကားသံတို့ ထွက်ပေါ်လာကြသည်။
လက်သီးဖြင့် ထိုးလိုက်သော သခင်လေးမှာ ထိုကဲ့သို့ ချီးမွမ်းသံများကို ကြည်နူးပီတိ ဂွမ်းဆီထိနေ၏။ သူသည် နည်းပြကို ဘာမှ မပြောပဲ ပြုံး၍သာ ကြည့်နေသော်လည်း သူ့မျက်ဝန်းထဲတွင် မထီမဲ့မြင်ပြုမူသည့် အရိပ်အငွေ့တို့ ရှိနေသည်။
မာနခိုးဝေနေသော နည်းပြ ဆရာမ မျက်နှာအေးစက်စက်မှာလည်း ပုံမှန်ပင်။
ထို့ကြောင့် သခင်လေးသည် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ကာ အရှိန်ယူပြီးမှ ဒိုင်နမိုမီတာ တဖန်ပြေးထိုးလိုက်၏။
ကျယ်လောင်သော အသံတခုနှင့် အတူ ဒိုင်နမိုမီတာတွင် ၂၉၉ ကီလိုဂရမ်ဟူသော စာသားကို တွေ့လိုက်ရသည်။
" ကျိုး ... မင်း ၃၀၀ ပြည့်ဖို့ နီးစပ်နေပြီ... "
သခင်ငယ် ကျိုး ၏ ဤရမှတ်သည် စစ်သည်လူငယ် နှစ်ဦးအား ရင်ဆိုင်တိုက်ခိုက် အနိုင်ယူရန် လုံလောက်နေပေပြီ။ ထို့ကြောင့် သူသည် နည်းပြအား ကြည့်ကာ...
" စစ်တပ်က စစ်သည်တွေရဲ့ ခွန်အားက ဒီလောက်ပဲလား... တကယ် စိတ်ပျက်မိပြီ... သူတို့ရဲ့ ခန္ဓာကိုယ်ပုံစံတွေ ကြွက်သားတွေ အတွင်းအားတွေကို ကြည့်ပြီး မရိန်းတပ်သားတွေနဲ့ တန်းတူဖြစ်မယ်လို့ အမြဲထင်ထားခဲ့တာ... ဒီနေ့တော့ အထင်နဲ အမြင် တက်တက်စင်အောင် လွဲပါရောလား.... တကယ်ကို စိတ်ပျက်မိတယ်... "
" -ီးစကားမပြောနဲ့... "
စစ်သည် နှစ်ဦး ဒေါသထွက်သွား၏။
သခင်လေးက ရယ်မောလိုက်ကာ " အဟက်... ဘာလဲ... ခုနက မြင်ရတဲ့ အချက်အလက်တွေက မှားနေတာလား... နိုင်ငံတကာ အသိအမှတ်ပြု ဒိုင်နမိုမီတာက ချို့ယွင်းနေတယ်လို့ ပြောချင်တာလား... မင်းတို့ ငါ့ထက် အမှတ်နိမ့်လို့ စက်ပျက်နေတယ် ထင်တာလား... လာစမ်းပါ... ငါက အပျော်တမ်း လေ့ကျင့်တဲ့သူပါ... မင်းတို့က ငါ့ထက် ပိုသန်မာတယ်... ဒါပေမဲ့ မင်းတို့ နေ့တိုင်းလေ့ကျင့်နေပြီး ရလာတဲ့ ရလဒ်ကတော့ ငါ့ထက် နိမ့်နေပါလား... "
စစ်သည်နှစ်ဦးမှာ သခင်လေးအား နှာနုရိုး ဖြတ်ချိုးရန် လက်တပြင်ပြင် ဖြစ်နေသော်လည်း နည်းပြ၏ တားဆီးမှုကြောင့် ငြိမ်လိုက်ရသည်။
အမိန့်နာခံခြင်း ဆိုသည်မှာ စစ်သည်များအတွက် တာဝန်တခုပင်တည်း။ ထို့ကြောင့် မည်မျှပင် ဒေါသထွက်နေစေကာမူ ခံစားချက်တို့ကို မျိုသိပ်ထိန်းချုပ်ကာ အမိန့်အတိုင်း ငြိမ်သက်လိုက်ရ၏။ ဤသည်ကို မြင်၍ ရှုချန်း ကျေနပ်မိသည်။
နည်းပြဆရာမက သခင်လေး ကျိုး ဆိုသူအား ပုံမှန်လေသံဖြင့် ...
" မင်း သာလွန်တာကို ပြချင်တာနဲ့ သူတို့နဲ့ ယှဉ်ဖို့ မလိုပါဘူး... ပြီးတော့ သူတို့က ငါ လေ့ကျင့်ပေးနေတဲ့ လူသစ်တွေ... ဒီနေ့ မင်း မြင်လိုက်ရတာ သူတို့ရဲ့ စွမ်းဆောင်ရည် အပြည့်အဝ မဟုတ်သေးဘူး... "
ကျိုး က ရယ်မောလိုက်ကာ ... " စိတ်ချစမ်းပါ... တပ်ထဲက စစ်သည်တွေ ဒီလောက် အားနည်းတယ်ဆိုတာ ဘယ်သူ့ကိုမှ မပြောပါဘူး... "
ကျိုး နံဘေးမှ မိန်းကလေးများကပါ ရောယောင်ရယ်မောတော့၏။
" ကျွန်မရဲ့ ဝမ်းကွဲ ညီမ တယောက် စစ်သည်တွေရဲ့ အားကိုးချင်စရာ ကောင်းတဲ့ အကြောင်းတွေ ပြောပြီး စစ်သည်တယောက်ယောက်နဲ့ လက်ထပ်ချင်နေတယ်လေ... ဒါပေမဲ့ စစ်သည်တိုင်းက အားကိုးချင်စရာ မကောင်းဘူးဆိုတာ သိလိုက်ရပြီ... ခစ်ခစ်... "
ထိုမိန်းကလေး၏ စကားမှာ စစ်သည်နှစ်ဦးကို ဒေါသထွက်သွားစေရန် လုံလောက်ပေသည်။ စစ်သည်များ၏ စိတ်လွတ်ကိုယ်လွတ် ဒေါသထွက်မှုနှင့် ယဉ်ပါးပြီး ဖြစ်သော ရှုချန်းသည် ထို စစ်သည်နှစ်ဦး၏ ဒေါသအခြေအနေကို ရိပ်စားမိ၏။
ထို့ကြောင့် နှစ်ဖွဲ့လုံး ဆက်လက် မပြောဆိုခင်တွင် ထလိုက်ကာ ဒိုင်နမိုမီတာ ဆီသို့ လျှောက်လာပြီး " ခင်ဗျားတို့ မသုံးရင် ကျုပ်ကို တဆိတ်လောက် သုံးခွင့်ပြုပါ... "
သခင်လေး ကျိုး နှင့် သူငယ်ချင်း နှစ်ဦးက မျက်ခုံးပင့်ကာ ကြည့်လိုက်ပြီး ကဲ့ရဲ့ရှုံ့ချသော အမူအရာဖြင့် ...
" ဒီတောသားက ဘယ်ကလဲ... "
" ဟေ့ကောင်... ငါတို့ သုံးနေသေးတာ မင်းမမြင်ဘူးလား... "
သခင်လေး တဦးသည် ရှုချန်းရှေ့တွင် လက်ဖြင့်တားကာ ပြောလိုက်၏။
အခြား တယောက်ကလည်း ရှုချန်းအား အထက်ဆီးဆန်စွာ ကြည့်ကာ ...
" မင်းလိုကောင်လည်း ဒါတွေ သုံးတယ်လား... မင်းကြည့်ရတာ အားကစားခန်းမ ပြန်ပြီး ဝိတ်မရမယ့် နလပိန်းတုံးပုံပဲ... "
" ဖယ်စမ်းကွာ... "
ရှုချန်းသည် သူ့အား တားဆီးထားသော သခင်လေး ကျိုး ၏ လက်အား ဖတ်ကနဲ ရိုက်ဖယ်လိုက်သည့်အတွက် သခင်လေး ကျိုး ဒေါသထွက်သွား၏။
သခင်လေး ကျိုး မှာမူ ရှုချန်းအား အထင်သေးစွာ ကြည့်ကာ ... " ၁၈၀ ကီလိုဂရမ်တောင် မရရင် အရှက်ကွဲမှာနော်... ဒီစက်ကို မသုံးတာ ကောင်းမယ်... "
ရှုချန်းသည် သခင်လေး ကျိုး ၏ စကားကို အဖက်မလုပ်ပဲ လက်သီးကို မြှောက်လိုက်သည်။ ယနေ့ မနက်ပိုင်းကပင် ရှန်ယောင် အား လေထဲ လွင့်စေခဲ့၏။ သူမ၏ ကိုယ်အလေးချိန် အရပ်အမြင့်တို့ဖြင့် တွက်ဆကြည့်ရာ ရှုချန်း လက်သီး ပြင်းအားမှာ ၁၅၀ ကီလိုဂရမ် အနည်းဆုံး ရှိကြောင်း ယူဆမိသည်။
ထို့ကြောင့် ရှုချန်းသည် သူ၏ လက်သီးပြင်းအား မည်မျှရှိကြောင်း အတိအကျ သိရန် ဆုံးဖြတ်လိုက်သည်။
ရှုချန်းသည် ဒိုင်နမိုမီတာအား ထိုးလိုက်၏။
၁၆၅ ကီလိုဂရမ်။
" ဟားဟား... ဟား... "
ကျိုး နှင့် သခင်လေး နှစ်ဦးထံမှ ရယ်သံများ ထွက်လာ၏။
၁၃၀ မှ ၁၈၀ သည် သာမန်လူများ၏ ခွန်အား ဖြစ်ရာ ရှုချန်း၏ ၁၆၅ ဆိုသော ရမှတ်မှာလည်း သခင်လေးတို့အတွက် လှောင်ပြောင်ဖွယ်ပင်။
သခင်လေး သုံးဦးသည် ရှုချန်းဆီသို့ အာရုံပြောင်းသွားသည်ကို တွေ့၍ နည်းပြ ဘာမှမပြောပဲ အသာကြည့်နေလိုက်သည်။ ယနေ့အဖို့ သူမ၏ စစ်သည်နှစ်ဦး အရှက်ရခဲ့ရှာသည်။ ထို့ကြောင့် ဤအဖြစ်အပျက်ကို သင်ခန်းစာ ယူကာ နောင်တွင် ပိုမိုကြိုးစားလေ့ကျင့်ခိုင်းရပေမည်။ ထိုမှသာ သူမ၏ ရွှေတံဆိပ်ဆုရ နည်းပြ ဟူသော ဂုဏ်ပုဒ်အား မထိခိုက်မည် ဖြစ်၏။
" သွားကြမယ်ကွာ... "
စစ်သည် နှစ်ဦးသည် ပြောပြောဆိုဆိုဖြင့် တံခါးဆီသို့ လျှောက်သွားလိုက်၏။
သူတို့ သုံးလှမ်းခန့် လှမ်းပြီးချိန်တွင် ရှုချန်းသည် ဒုတိယမြောက် လက်သီးအား ထပ်မံ ထိုးသွင်းလိုက်သည်။
ထိုအခါ ရမှတ်မှာ ၁၉၈ အထိ ထိုးတက်သွား၏။
နည်းပြပင်လျှင် အနည်းငယ် အံ့အားသင့်သွားသည်။ ထို့အတူ လှောင်ပြောင်နေသော သခင်လေးများလည်း နင်သွား၏။ ဤသည်သာမက ထွက်ခွာရန် ဟန်ပြင်နေသော စစ်သည် နှစ်ဦးပါ ကျောချမ်းသလို ခံစားမိလိုက်ကြသည်။
ထိုအချိန်တွင် ရှုချန်းသည် တတိယ အကြိမ် ထပ်မံ ထိုးပြန်၏။
ဖောင်း...
၂၂၈...
အားလုံး တုန်လှုပ်သွားကြ၏။ ဤ ဒိုင်နမိုမီတာ ချို့ယွင်းနေပြီလောဟုပင် သံသယ ဝင်လာကြသည်။
ရှုချန်းသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်ကာ ထပ်ထိုးပြန်၏။
၂၈၈...
နည်းပြပင်လျှင် ထိတ်လန့်စပြုလာသည်။
စစ်သည်နှစ်ဦးလည်း တံတွေးမြိုချမိနေသည်။ သခင်ငယ်များနှင့် မိန်းကလေးများမှာလည်း ကြောင်အနေကြ၏။ တနေရာလုံး တိတ်ဆိတ်နေကာ အပ်ကျသံပင် ကြားရလောက်၏။
ရှုချန်း ထပ်ထိုးပြန်သည်။
၃၆၈...
ထပ်ထိုး၏။
၄၅၅...
နောက်တကြိမ်...
၇၅၀...
ဤအကြိမ်တွင်တော့ အားလုံး ဟန်မဆောင်နိုင်အောင် ထိတ်လန့်သွားကြတော့သည်။ အထူးသဖြင့် သခင်လေး သုံးဦး။ ကျောရိုးထဲမှ စိမ့်ကနဲ ဖြစ်သွားသည်အထိ တုန်လှုပ်သွားကြ၏။ ထိုသူအား သူတို့ လှောင်ပြောင်မိခဲ့လေပြီ။
၄၅၀ ကီလိုဂရမ် ပြင်းအား ရှိသော တိုင်ဆန်၏ လက်သီးချက်သည် လူတဦးအား လွင့်ထွက်သွားစေနိုင်၏။ ၇၅၀ ဆိုလျှင်... ။
သို့သော် ရှုချန်းမှာ ရပ်တန့်မည့် အရိပ်အယောင် မပေါ်ချေ။ ဤတကြိမ်တွင် လေးခွမှ သားရေကြိုးအား ဆွဲသကဲ့သို့ လက်သီးကို ဖြည်းဖြည်းချင်း နောက်သို့ ဆုတ်လိုက်၏။ ရှုချန်း လုပ်သမျှကို အားလုံး မျက်တောင်မခတ်တမ်း ကြည့်နေကြသည်။
ထို့နောက် ရှုချန်းလည်း ဒိုင်နမိုမီတာအား ထိုးလိုက်၏။ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ဧရာမ ဒိုင်နမိုမီတာကြီးမှာ တုန်ခါသွား၏။
ထို့အတူ ထွက်ပေါ်လာသော ရမှတ်မှာလည်း အားလုံး တုန်လှုပ်သွားရသည်။
၁၂၅၇...
အားလုံး တံတွေးများ မြိုချနေမိသည်။
ရှုချန်းသည် လက်သီးများကို ကြည့်နေကာ တစုံတခု လိုနေသကဲ့သို့ ထင်မိသွား၏။
ထို့ကြောင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။ ထိုစဉ် သခင်လေး ကျိုး နှင့် ဝင်တိုက်မိသွား၏။ သူသည် ကျိုးမျိုးနွယ် အား စိုက်ကြည်ကာ... " တဆိတ်လောက် ဖယ်ပေးလို့ ရမလား... "
သခင်လေး ကျိုး မှာ ကျားရှေ့ရောက်သည့် ယုန်သူငယ်ပမာ ကုပ်ကုပ်ကလေးဖြင့် လွတ်ရာသို့ ရှောင်ပေးလိုက်၏။
ထို့နောက် ရှုချန်း၏ အားကုန် ထိုးနှက်မှုကြောင့် ဒိုင်နမိုမီတာသည် မြေမြင်အထက် တမီတာခန့်အထိ ပင် မြောက်တက်သွားတော့၏။
ဖုန်း...
ဒိုင်နမိုမီတာမှ မီးခိုးများ အူတက်လာကာ လျှပ်စီးများလည်း တဖြတ်ဖြတ် လက်ပြီး ရှော့ခ်ဖြစ်သွား၏။
သွေးအေးကာ မာနကြီးလှသည့် နည်းပြ ဆရာမ အပါအဝင် အားလုံး ပါးစပ်အဟောင်းသားဖြင့် ထိုမြင်ကွင်းကို ငေးကြောင်ကြည့်နေကြသည်။
ဒိုင်နမိုမီတာကို လက်သီးတချက်ဖြင့် ဖျက်ဆီးခဲ့သည်လော။ ထိုလက်သီးမှာ မည်မျှပင် အစွမ်းထက်သနည်း။၊
ဒိုင်နမိုမီတာ ပျက်စီးသွား၍ ရမှတ်တို့ကိုလမ်း မဖော်ပြနိုင်တော့။
" အာ... သောက်ဂွပဲ... အမှတ်ကြည့်လို့ မရတော့ဘူး... "
ထို့နောက် ဒိုင်နမိုမီတာ ပျက်စီးသွားသည်မှာ သူနှင့် မဆိုင်သည့်အလား အေးဆေးပင် ထွက်ခွာသွားတော့၏။ ရှုချန်း တံခါးအပြင်သို့ ရောက်သွားသည့်တိုင် အခြားသူများမှာ ပါးစပ်အဟောင်းသားဖြင့် ကျန်ရစ်ခဲ့တော့သည်။
အခန်း ၄၂ ပြီး