၀ဿန်ကာလ ဖြစ်ပေသည့်အတိုင်း တိမ်တိုက် မှိုင်းမှိုင်း နက်နက်တို့က နေမင်းကြီးကို ရောင်ခြည်ဖွင့်ရန် နေရာဖယ်မပေးခဲ့ ။ အုံမှိုင်းညိုရီလျက်သာ တဖြောက်ဖြောက်ရွာနေသည့်မိုးကလည်း စနေမိုးဖွဲ တစဲစဲဟုသာ ဆိုလိုက်ချင်ပါတော့သည်။
စနေနေ့မှ ရွာလာသည့်မိုးမှာ ယနေ့ အင်္ဂါနေ့သို့ပင်ရောက်လေပြီ ခေတ္တမျှ ရပ်သွားလိုက် မကျတကျမည်သော အရှိန်ဖြင့် ရွာလိုက်နှင့်ဖြစ်နေသည်မှာ လေးရက်မြောက်သို့ပင် ရောက်လာလေပြီ။
" ဒီ ပုံအတိုင်းဆို ကျောင်းတောင်မသွားချင်တော့ဘူး စောင်ခြုံထဲမှာဘဲ နှပ်နေလိုက်ချင်တော့တယ် "
ဖန်သားပြင်အလွှာတစ်ထပ်ခြားနေသည့် အခန်းပြတင်းဝမှ တဖွဲဖွဲရွာနေသည့် မိုးစက်ကလေးများကိုကြည့်ရင်း စိတ်ထဲဖြစ်ချင်နေသည့် အရာကို တစ်ယောက်တည်း တီးတိုးပြောလိုက်မိခြင်း။
"အဲ့လိုလုပ်လို့လည်း မဖြစ်သေးပါဘူး "
ကိုယ့်စကားနှင့်ကိုယ်ပြန်လည် ငြင်းဆန်လိုက်သည်က ခေါင်းတရမ်းရမ်းဖြင့်သာ။ မည်သည်ဟူ၍ မတိကျသည့် တစ်စုံတစ်ရာသော အကြောင်းအရာကပျင်းသည့်စိတ်ကို သွေဖယ်ကာ ကျောင်းသို့လာရသည့် အဓိကအကြောင်းအရင်း။
ကားပြင်သို့ထွက်ရန် ခြေဆန့်ချလိုက်သည်နှင့် ထီးတစ်ချောင်းကလည်း မိမိကိုယ်ထက်သို့ အုပ်မိုးလျက်သား။
ကျောင်းဆောင်အတွင်းသို့ ခပ်သွက်သွက်ပင်လျှောက်လှမ်းသွားလိုက်သည်။ ပုံမှန်ထက် ပိုမြန်နေသည့် ခြေလှမ်းများက ရာသီလိုက်မိုးကြောင့်တော့မဟုတ် မိမိ့ကိုစောင့်ကြိုနေသည့် သက်ဝန်းညီညာ မျက်ဝန်းအစုံတို့ကြောင့်သာဖြစ်ပေလိမ့်မည်။
" Nik မိုးစိုလာသေးလား"
" ခန္ဓာကိုယ်တော့မစိုဘူး ဘောင်းဘီအောက်နားလေး ဘဲ နည်းနည်းစိုသွားတာ"
" အောက်နားကို ခေါက်ထားလိုက် ခြေထောက်ကို စိုစိစိနဲ့ ပစ်မထားနဲ့ "
" ထားပါကွာ ငါက ကလေးလည်းမဟုတ်တော့တာကို "
" ကျစ် ပြောရကပ် ဆိုရကပ်နဲ့ ငြိမ်ငြိမ်နေ"
ရုတ်တရက် ဒူးထောက်မတတ်ထိုင်လိုက်သည့် ရှိုင်းက အောက်နားစိုနေသည့် ကျွန်တော့် ဘောင်းဘီ၏ အနားစများကို အထက်သို့ ပင့်ခေါက်ပေးနေသောကြောင့် ကျွန်တော့်အသိစိတ်၏ တုံ့ပြန်မှုအရ ကျွန်တော်ကိုယ်တိုင် ခေါက်တင်ရန် အောက်သို့ ထိုင်လိုက်မိလေခြင်း။
" ရှိုင်း ဖယ် ကိုယ့်ဘာသာလုပ်မယ် "
ခပ်သွက်သွက်ပင် ကျန်ဘောင်းဘီအနားတစ်ဖက်ကို ခေါက်တင်လိုက်ပြီး မျက်လုံးလှန်ကြည့်မိတော့ မိမိအားခုန်အုပ်တော့မည့် ကျားပေါက်သဖွယ် အကြည့်တွေ ဖြန့်ကျက်ထားသူက ခုနလေးတင် မိမိအားစိတ်ပူပေးနေသည့်သူ ။
သူ ဘာကိုစိတ်တိုင်းမကျဖြစ်သွားသည်တော့မသိ။
ကြောက်ချင်ယောင်ဆောင်ကာ ဇာက်ကလေး ပုဝင်ပြလိုက်ပြီး မျက်နှာငယ်လေးနဲ့ ကြည့်ပြလိုက်တော့ ရယ်စစနဲ့ ပြောလာသည့်စကားက
" Nik မင်းက ကလေးပေါက်စအတိုင်းဘဲကွာ "
" ဘာလဲ ချစ်စရာကောင်းလို့လား"
နှစ်ယောက်လုံးပြိုင်တူထရပ်လိုက်ကာ
" မဟုတ်ဘူး သူငယ်နာမစင်သေးတဲ့ ရုပ်မို့လို့ "
စကားလုံးများပင် မဆုံးသေး ခြေလှမ်းများက ခပ်ကွာကွာသို့ပင် ပြေးနှင့်လေပြီ။
" ရှိုင်းသော်တာ တော်တော်စလို့ ကောင်းနေတယ်ပေါ့ မင်းတော့ ငါ့လက်က မလွတ်ဘူးမှတ်"
တုံ့ဆိုင်းနေခြင်းမရှိပါဘဲ ပြေးသွားသည့်လူနောက်သို့ ခပ်သွက်သွက်ပင် ပြေးလိုက်ရတော့၏။
သာမန် မိုးရွာသည့်နေ့မည်သော်လည်း ကျွန်တော့်အတွက်တော့ အမှတ်တရ ပန်းချီကားတစ်ချပ်နယ် ရင်ခွင်တစ်နေရာတွင် ချိတ်ဆွဲအလှကြည့်နေမည့် နေ့လေးတစ်နေ့ပေါ့ ။
_________________
မှောင်မဲခြင်း အတိနှင့် အလုံပိတ်အခန်းကြီးက တက်ခနဲ Lighter ဖုံးပွင့်သွားသည့်အသံနှင့်အတူ
အပြာရောင် မီးလျှံလေးကလည်း အတားအဆီးမဲ့စွာ တိုးထွက်လာပြီး ယိမ်းထိုးနေခြင်းမရှိ တည်တံ့စွာပင် ရောင်ခြည်ဖြာနေလျက်။
အပြာရောင် မီးလျှံလေးထက်သို့ ထိုးညှိလာသည့် cigarette က စက္ကန့်ပိုင်းနှင့်ပင် အခိုးတလူလူထွက်လာလေပြီ။
မီးတောက်လေးနောက်မှာ ဆေးလိပ်မီးညှိနေသည့် လူကား အမျိုးသားငယ်တစ်ယောက်ဖြစ်နေပေသည် ။ စွန်ရဲကဲ့သို့သော မျက်လုံးတစ်စုံက ငယ်ရွယ်မှုကို ဖြိုခွင်းလျက် cigarette ညှပ်ထားသည့် လက်ဖမိုးမှ ထောင်ထနေသည့်သွေးကြောများနှင့်အညီ မာန်မထီမှုတို့ကလည်း ထိုအမျိုးသား၏ မျက်နှာထက်၌ နေရာလပ်မရှိ နေရာယူထားကြ၏။
တဖျပ်ဖျပ် နှင့် စလောင်းမီးလုံးလေးက ကြိုးတုပ်ခံထားရကာ ဒူးထောက်လျက်သား ထိုင်ချထားသည့် လူ၏ နေရာတစ်ကွက်စာမှ အပ ကျန်နေရာများသို့ အလင်းရောင်ဖြန့်ကျက်ထားခြင်းမရှိ ။
မီးသီးအောက်တည့်တည့် နေရာမှလွဲကျန်နေရာများက အမှောင်ထုထဲတွင်သာ ခုနတုန်းကအမျိုးသား၏ ဆေးလိပ်မီး နီစစကိုသာ မြင်နေရ၏။
" မင်းကို ဘယ်သူလွှတ်လိုက်တာလဲ "
အမှောင်ထုထဲမှ အသံက သြဇာသံအတိဖြင့်
" မပြောနိုင်ဘူး "
" ဒါဆိုလည်း မေးခွန်းပြောင်းမေးမယ် ဘာကြောင့် ငါ့PAကို နောက်ယောင်ခံလိုက်နေတာလဲ "
" မပြောနိုင်ဘူး "
" ဟက် တော်တော်စောက်ကြောတင်းတဲ့ကောင်ဘဲ "
" . . . . . . .. ."
" ဒါနောက်ဆုံးမေးခွန်း ဒီတခါငါလိုချင်တဲ့အဖြေမရင် ဒီနေ့ကမင်းရဲ့ နောက်ဆုံးနေ့ရက်ဖြစ်သွားလိမ့်မယ် "
" . . . . ......"
" ငါမေးတာတွေကို ဖြေမှာလား မဖြေဘူးလား "
" ဘာတစ်ခုမှ မဖြေနိုင်ဘူး "
ဒိုင်း!
ကျယ်လောင်စွာ ထွက်ပေါ်လာသည့် သေနတ်သံနှင့်အတူ ကျည်တစ်တောင့်ကလည်း လူတစ်ယောက်၏ နဖူးထက်၌ အမှတ်အသားပြုကာ ဉီးခေါင်းထဲသို့ ဖောက်ဝင်သွားလေပြီ။
" ငါမေးတဲ့ နောက်ဆုံးမေးခွန်းကို မင်းမှ လက်မခံဘဲ "
" ငါ့ဆီကို စောက်ကြောတင်း တဲ့ကောင်တွေများများသာလွှတ် ငါ့မှာရန်သူက မင်းအပြင်တခြားလူမှမရှိတာ မင်းရဲ့ကောင်တွေ မဖြေတဲ့မေးခွန်းက ငါ့အတွက် ရှင်းလင်းတိကျတဲ့ အဖြေတစ်ခုက ရှိပြီးသားဘဲ ဟိန်း စ က္က"
လှောင်သံ အနည်းငယ်ရောနေသည့် စကားလုံးတို့က အမှောင်ထုထဲမှ ထွက်ပေါ်လာခြင်း. . .
သွေးအိုင်ဖြစ်နေသည့်ကြမ်းပြင်၌ မှောက်လျက်အနေအထားနှင့် အသက်မရှိတော့သည့် အလောင်းကောင်၏ အနားသို့ မီးညှိရန် နေရာမရှိတော့သည့် Marlboro cigarette အတိုအစလေးကို သွေးအိုင်ထဲသို့ ပစ်ချလိုက်ပြီး အမှောင်ထဲမှ ဆေးလိပ်တိုပိုင်ရှင် အမျိုးသားလည်း ခပ်ကြော့ကြော့ပင် ထွက်သွားလေသည်။
အားကောင်းမောင်းသန်လူဖြောင့်ကြီးများကလည်း ထိုအမျိုးသားနောက်မှ ထပ်ကြပ်မကွာလိုက်သွားကြလေ၏။
ဂိုထောင်ပျက်ကြီးထဲမှ လူတစ်စုက အနက်ရောင် ကား၃စီးထံသို့ တရွေ့ရွေ့ရောက်ရှိလာကြပြီး ကားအသီးသီးထံသို့ လူခွဲသွားကြလေသည်။
ရှေ့ဆုံးမှ အနက်ရောင် Toyota ကားထဲတွင်တော့ နပန်းသမားနီးနီးခန္ဓာကိုယ် နှင့် မောင်းနှင်သူအပါ ပယင်းရောင်စိုလဲ့နေသည့် မျက်လုံးပိုင်ရှင်အမျိုးသားတို့ နှစ်ဉီးတည်းသာ ။
နောက်ခန်းထဲတွင်ထိုင်နေသည့် အမျိုးသားက မျက်လုံးအစုံတို့ကို မှိတ်ထားကာ နှုတ်ခမ်းဖျားမှ ခပ်တိုးတိုးဆိုလာသည့် စကားလေး၏ အဆုံးရွဲ့စောင်းအပြုံးတစ်ချက်က ခေတ္တမျှ သာ တည်ရှိနေလိုက်နိုင်၏။
" မင်း အကွက်တွေလောက်တော့ မျက်စိမှိတ်ပြီး ရွေ့ပြလိုက်မယ် ဟိန်းစက္က "
နားသယ်စပ်မှ မှဲ့ နက်လေးက အညိုရောင် လှိုင်းထလျက်ရှိသည့် ဆံသားလေးတို့နှင့် လိုက်ဖက်ညီစွာ တည်ရှိနေ၏။
___________
" Nik ရှေ့နားက မုန့်လင်မယားဆိုင်ရောက်ရင် ငါတို့ ၀င်ဝယ်ရအောင်"
ဆေးရုံမှ တန်းချိန်အပြီးမှာ နှစ်ယောက်သား လမ်းလျှောက်ပြန်ခဲ့ကြခြင်းဖြစ်သည်။ ဖြူ နှင့်က တစ်ခါတစ်လေမှ ကျသည့်ဆေးရုံတူ၏ ။Nik နှင့် ကတော့ မှတ်မှတ်ရရ တစ်ပတ်သာလျှင် လွှဲဖူး၏။
" အင်း ဝယ်ကြမယ်လေ နားပြီးသားလည်းဖြစ်တာပေါ့ "
အသိအမှတ်ပြုဟန် ခေါင်းလေး တစ်ချက်ငြိမ့်ပြလိုက်သည်ကိုတော့ Nikတစ်ယောက် မြင်လိုက်၏။
နေ့လည်ပိုင်းလောက်ကတည်းက မိုးရွာတာရပ်သွားခြင်းဖြစ်သည်။
မိုးနံ့သင်းပျံ့ပျံ့က နှာဖျားထိပ်၌ ကပ်ညှိတွယ်ကပ်နေလျက် ဆေးရုံမှ လမ်းလျှောက်လာခဲ့သည်မှာ အတန်ကြာပြီမို့ နှစ်ဉီးသား၏ ကျောပြင်ံ၌ ချွေးသီးချွေးပေါက်တို့က ရှပ်အဖြူရောင်နှင့် ကျောပြင် မကွာအောင် ထိန်းပေးသည့်အလား ကပ်ညှိနေ၏။
ဗန်ဒါပင်ကြီး၏ အောက်မှ မုန့်လင်မယားဆိုင်လေးသို့ရောက်သောအခါ ဆိုင်ရှင်က ခါတိုင်းရောင်းနေသည့် အန်တီကြီးမဟုတ် လူငယ်ပိုင်းအရွယ် ကောင်လေးတစ်ယောက်ဖြစ်နေ၏။
" ညီလေးခါတိုင်းရောင်းတဲ့ အန်တီမထွက်ဘူးလား"
" မထွက်ဘူးအကို မေမေက မုံရွာဘက်ခရီးထွက်သွားလို့"
" အော် "
မိမိတို့ လာထိုင်ကတည်းက ကောင်လေး၏ မျက်နှာမှာ တခုခုအား အလိုမကျသည့်နှယ် သုန်မှုန်နေသဖြင့် Nikနှင့်ကျွန်တော်ကပင် အရိပ်တကြည့်ကြည့်ဖြစ်နေရ၏။
" ညီလေး မုန့်လင်မယားဘဲရတာလား ကျန်တာဘာရသေးလဲ"
" ဟုတ်အကို မုန့်လင်မယားဘဲရှိတော့တယ် ဘိန်းမုန့်က ကုန်သွားပြီ"
" အာ မုန့်လင်လင်ရော မရောင်းဘူးလားဟင်"
"ဗျာ ဘယ်လိုမုန့်လဲ ကျွန်တော်မသိဘူး"
" မုန့်လင်မယားဆိုတော့ လင်နဲ့မယားပေါ့ မယားမပါဘဲ လင်နှစ်ခုဘဲပါတဲ့မုန့်မရောင်းဘူးလားလို့မေးတာ"
" ဟား အကိုကတော့နောက်ပြီ"
အစသန်သောNikကြောင့် ထိုကောင်လေးမျက်နှာမှာ အစောပိုင်းလောက်ခက်ထန်မနေတော့ပေ
။
" အကိုတို့ခနနော် ဒီတစ်ဒယ်ချရင် ထည့်ပေးမယ် အပြင်ကဟာတွေကမပူတော့လို့ "
" ရတယ်ညီလေး "
အရင်နေ့တွေက ရွာထားသည့်မိုးနှင့်အပြိုင် မိုးတိတ်သည်နှင့် ရန်ကုန်မြို့၏ အပူချိန်ကလည်း နေရောင်ပင် ကောင်းကောင်းမမြင်ရသော်လည်း နေသာသောနေ့များကဲ့သို့ပင် ပူအိုက်လှ၏။
ရှိုင်းတစ်ယောက် ကတော့ အပူဒဏ်ကြောင့် ဟန်မဆောင်နိုင်တော့ပေ။ ရှပ်အင်္ကျီစကို ကိုင်ကာ လေရရန် တလှပ်လှပ်လုပ်နေသဖြင့် ညှပ်ရိုးထင်ထင်နှင့် လည်တိုင်ဖြူဖြူကြော့ကြော့ကလည်း အထင်းသာ တမင်ပင် လှပ်ပြနေသယောင် ။
လူမြင်မတော်သည့်အဆုံး မိမိကျောပိုးအိတ်ထဲမှ ယပ်ခပ်လို့ရမည့်အရွယ် စာအုပ်အပါးတစ်အုပ်ထုတ်ကာ သကောင့်သားအား ယပ်ခပ်ပေးရတော့၏
" ပေး ငါ့ဘာသာ ငါခပ်မယ်"
" တော်စမ်းပါ ဟိုဘက်လှည့် "
ဟိုဘက်မလှည့်ဘဲ မိမိအား ပြူးကြည့်နေသောကြောင့် စိတ်မရှည်နိုင်စွာဖြင့် ကိုယ်တိုင်သာ ဆွဲလှည့်လိုက်ရတော့၏။ရှိုင်းမှာ မိမိထင်ထားတာထက်ပို၍ ပူနေသလိုပင် ကျောပြင်တခုလုံး ချွေးတွေက ရေလောင်းချထားသည့်နှယ်။
" မင်း နဲ့ငါ လမ်းလျှောက်လာတာချင်းအတူတူကိုကွာ မင်းကငါ့ထက်ပိုပူနေသလိုဘဲ"
" တစ်ယောက်နဲ့တစ်ယောက်တူမလားကွ"
" ရော့ခနလောက် ကိုယ်ဘာသာခပ်နေအုံး"
" အစကတည်းက ပေးလို့ပြောနေတာကို"
တုံ့ပြန့်သံမကြားသဖြင့် လှည့်ကြည့်လိုက်တော့ Nikကရှိမနေတော့ ခပ်လှမ်းလှမ်းသို့ ပြေးသွားလိုက်သည်ကိုသာ တွေ့ရတော့သည်။
" ဟော ဘယ်သွားတာပါလိမ့်"
ခပ်တိုးတိုးရေရွတ်မိတော့ မုန့်ကြော်နေသည့် ကောင်လေးက ခပ်ဟဟရယ်၍
" အဲ့ဒီအကိုက အကို့ကို အရမ်းဂရုစိုက်တာနော်"
" ကိုယ်တို့က ပေါင်းလာတာ၈နှစ်ကျော်ပြီလေ ကိုယ့်ရဲ့အစ်ကိုအရင်းတစ်ယောက်ဆိုလည်းမမှားဘူး"
" သြော် အဲ့တာကြောင့်တော်တော်လေးဂရုစိုက်တာကိုး"
" . . . . . "
"အကို ဘယ်လောက်ဖိုးထည့်ပေးရမလဲ"
" ၂ထောင်ဖိုးလောက်ထည့်ပေးလိုက် ငါ့ညီ"
" ဟုတ်ကဲ့ "
ကောင်လေးမုန့်ထည့်ပေးတာစောင့်ရင်း ဟိုသကောင့်သားအား မျှော်ရပြန်သေး၏။ဘယ်သွားမယ် ဘာလုပ်မယ်ဆိုတာလည်း တစ်ခွန်းတစ်လေမျှပြောမသွားသောကြောင့် လိုက်ရှာရမည်ဆိုလည်းမဟုတ်တတ်။
ခေတ္တအကြာမှ အလျင်စလိုပြေးလာသူက မောဟိုက်ကြီးစွာပင် ချွေးစတို့က ညိုမြမြဆံနွယ်တို့ထက် တွဲခိုလျက် မေးထိပ်မေးဖျား၌ လည်း ထိုနည်းတူစွာပင်။
" ဟျောင့် ဘယ်သွားတာလဲကွ ဘာမှလည်းပြောမသွားဘူး"
" ရော့ ဒီမှာ ဒီအင်္ကျီမြန်မြန်လဲလိုက် ချွေးအအေးပတ်မယ်"
" မင်း ဒါသွားဝယ်တာပေါ့ "
" အရစ်ရှည်မနေနဲ့ မြန်မြန်လဲလိုက်တော့"
" ငါက လူမြင်ကွင်းကြီးမှာ ချွတ်လဲရမှာလားကွ"
" လဲလိုက် လေ ဘာဖြစ်လို့လဲ မင်းမှာ လူတွေအမြင်ခံလို့မရတဲ့ ပေါက်စီတွေဘာတွေရှိနေလို့လား "
" ကျစ် ဟျောင့် မင်းစောက်ရှက်မဲ့တာတော့ လွန်လွန်းတယ်"
နှစ်ယောက်သား တစ်တွတ်တွတ်ဖြစ်နေတာကိုကြည့်ရင်း မုန့်သည်ကောင်လေးကတော့ ဟန်ပင်မဆောင်နိုင် ပြုံးစိစိပင်ဖြစ်လို့နေလေပြီ။
" အကို ကျွန့်တော့်အိမ်မှာ ဝင်လဲလိုက်လေအိမ်မှာ ဘယ်သူမှမရှိဘူး ဒီလမ်းကြားထဲက ထောင့်ဆုံးက တံခါးအပြာလေးနဲ့အိမ်က ကျွန်တော့်အိမ်ဘဲ"
" မဟုတ်တာ ရပါတယ်ညီလေးရဲ့ "
" ရရင်လည်း ဒီမှာလဲလိုက်တော့မြန်မြန် "
"အာ့ဆိုလည်း မင်းကာပေးထား"
မိမိအား ကျောပေး၍ အင်္ကျီလဲနေသူကို လက်နှစ်ဖက်ဆန့်ကာ လမ်းကလူတွေမမြင်အောင် ကာပေးထားသော်လည်း မုန့်လင်မယားဆိုင်၏နောက်ဘက်မှ စတိုးဆိုင်ထဲရှိ အမကြီးများကတော့ ကွက်ကြည့်ကွက်ကြည့်နှင့်မို့ မိမိဘက်ဆွဲလှည့်ကာ ဖြုတ်လက်စ ကြယ်သီးအားပြန်တပ်ပေးပြီး ဟိုကောင်လေး၏ အိမ်ကို သွားရန်သာ စကားလမ်းကြောင်းရတော့သည်။
" ညီလေး မင်းအိမ်မှာဘဲ ဝင်လဲခိုင်းလိုက်တော့မယ် ရမယ်မလား"
" ရတယ်ရတယ်အကို ကျွန်တော်လိုက်မပြတော့ဘူးနော် ကြော်လက်စကြီးမို့"
" ဟုတ်ပြီဟုတ်ပြီ ကျေးဇူးဘဲကောင်လေး"
.....
" ဘာဖြစ်ရပြန်တာလဲ သူများအိမ်ကို အားနာစရာကြီး"
" အမြင်မတော်လို့ပေါ့ကွ"
" ဘာအမြင်မတော်တာလဲ ငါ့မှာ လူအမြင်ခံလို့မရတဲ့ ပေါက်စီတွေမှ မရှိဘဲ"
" ပေါက်စီရှိတဲ့ဟာမတွေက ကိတ်ခြောက်ပြားကြီးကို မျက်တောင်မခတ်ဘဲ ငမ်းနေလို့ဟေ့"
" ဟား ဟား ဟား ဘာလဲ မင်းက မနာလိုနေတာလား"
" မနာလိုဖြစ်စရာလားကွ..... ဒီအိမ်ဖြစ်မယ် ဝင်ခဲ့မြန်မြန်"
" ဟျောင့် ဖြေးဖြေး ငါ့လက်ကောက်ဝတ် ပြုတ်ထွက်တော့မယ်"
" အာ sry လုပ်တော့ မြန်မြန်လဲလိုက်"
" ဟိုဘက်လှည့်နေ ဟျောင့် ဒီဘက်လှည့်မလာနဲ့"
" ခနတုန်းက ဒီလိုရှက်ရကောင်းမှန်းမသိဘူးလား"
" လျှာမရှည်နဲ့ ဟိုဘက်လှည့်နေလိုက်"
သူ့ဘက်လှည့်မလာရန် တစ်တွတ်တွတ်ပြောနေသည့် ရှိုင်းအား ကျောပေး၍ ဆန့်ကျင်ဘက်သို့ လှည့်ခဲ့လိုက်တော့ ပျဉ်ကပ် နံရံထက်တွင်နေရာယူထားသည်က အမျိုးသားနှစ်ယောက် လက်ထက်စာချုပ်တွင်လက်မှတ်ထိုးနေကြသည့်ပုံလေးမှာ ရွှေဘောင်ခတ်ထားသည့် မှန်အိမ်လေးထဲ လှပစွာပင်။
ဘေးဘီဝဲယာကို ဝေ့ရမ်းကြည့်မိတော့ မင်္ဂလာ ဆွမ်းကပ်နေသည့်ပုံများနှင့် မင်္ဂလာပွဲကျင်းပနေသည့်ပုံများ စုံတွဲပုံများက နံရံအပြည့် အကျအနချိတ်ဆွဲထားသည်ကို တွေ့ရသဖြင့် နှုတ်ခမ်းထောင့်စွန်းလေးနှစ်ဖက်အထက်သို့ ကော့တက်သွားသည်ကိုတော့ ရှိုင်း သတိပေးမှပင် သိလိုက်ရ၏။
" မောင်မင်းကြီးသား ဘာတွေကြည်နူးနေတာတုန်း မျက်နှာကြီးက မျောက်အုန်းသီးရတဲ့ရုပ်နဲ့"
ရှိုင်း ၏ စကားကြောင့်Nikတစ်ယောက် ခပ်ဟဟရယ်၍ ဓါတ်ပုံများထံသို့ မေးငေါ့ပြလိုက်၏။
" အဲ့တာ ဟိုကောင်လေးမလား"
" ဟုတ်တယ်လေ"
"သူက ယောင်္ကျားလေးချင်း လက်ထက်ထားတာပေါ့"
"ဟုတ်လောက်တယ် မင်းသူ့ကို ဘယ်လိုထင်လဲ"
" ဟမ် ဘာကိုလဲ"
" အထင်သေးသွားလားလို့မေးတာ"
" မသေးပါဘူး သူ့စိတ်နဲ့သူ့သဘော သူယူချင်တဲ့လူယူမှာပေါ့ ငါတို့က ၀င်စွက်ဖက်လို့မှမရတာ"
" အင်း ငါကတော့ အထင်ကြီးမိတယ် ကိုယ်ချစ်တဲ့လူကို ရဲရဲကြီးလက်တွဲပြနိုင်လို့"
" ဟုတ်တယ်နော် သူတို့နှစ်ယောက်လူတွေကဲ့ရဲ့ရှုတ်ချတာ တော်တော်ခံခဲ့ရမှာ"
" တော်တော်လေးရုန်းကန်ခဲ့ကြရမှာ "
" . . . . .. . "
" သွားရအောင် ရှိုင်း သူများအိမ်မှာ ကြာနေပြီ "
မုန့်ဆိုင်လေးနားရောက်တော့ ခုနတုန်းက ကောင်လေးက တစ်ယောက်တည်းမဟုတ်တော့ပေ ။သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်နှင့်အတူ ရယ်မြူးရွှင်ပျနေလျက်။
" အကိုတို့ မှာထားတာရပြီလား ညီလေး"
" ဟုတ် ရပါပြီ အကို ဒီမှာ "
"ကျေးဇူးဘဲကောင်လေး အိမ်မှာ အဝတ်လဲခွင့်ပေးလို့"
" ရပါတယ် အကိုရဲ့ "
ကျွန်တော်လည်း ကျောပိုးအိတ်ထဲမှ Leather walletအညိုလေးအား ထုတ်လိုက်ပြီး ၅၀၀၀တန်တစ်ရွက်ယူကာ ကောင်လေးအားလှမ်းပေးလိုက်သော်လည်း
ထိုကောင်လေးမှာ တစ်ဖက်လက်နဲ့ မုန့်ကိုကြော်နေကာ ကျန်တစ်ဖက်ဖြင့်မမှီမကမ်း လှမ်းပေးနေကာ ကျွန်တော်ပေးသည့်ပိုက်ဆံလည်း မယူနိုင်သည်မို့ သူ့ဘေးနားတွင်ထိုင်နေသည့် အမျိုးသားက တစ်ဆင့်ယူ၍ ပေးလာ၏။
" ပေး မောင်ပေးလိုက်မယ်"
ထိုအမျိုးသား၏ စကားကြောင့် ကျွန်တော်ကတော့ အနည်းငယ်အံ့သြမိသော်လည်း ရှိုင်းတစ်ယောက်ကတော့ ဟန်ပင်မဆောင်နိုင်ပါးစပ်က အဟောင်းသားပေ။
" အကို ပိုက်ဆံ အအမ်းယူအုံးလေ "
" မယူတော့ဘူးကောင်လေး အိမ်ငှါးသုံးခွင့်ပေးလို့ ပြန်ပေးတယ်ဘဲ သဘောထားလိုက်တော့ "
ခေါင်းလေးညိတ်ပြကာ " ကျေးဇူးပါ အကို" ဟူသော အသံကြားမှသာ ကျွန်တော်တို့နှစ်ယောက် ခြေလှမ်းများက ရှေ့ဆက်ခဲ့ကြတော့သည်။
မုန့်လေးစားရင်း လမ်းလျှောက်လာခဲ့သည့်တစ်လျှောက် ခြေလှမ်းထက် လက်မြန်နေသူက ရှိုင်း သော်တာ ပင်။ ခြေ တစ်လှမ်း မုန့်တစ်ခုနှိုက်ကာ စားနေသူကိုတော့ ကျွန်တော်အလွန်ပင်အံ့သြမိပါ၏။ သူ့လက်လေးက သေးလို့သွက်နေတာဟုပင် သတ်မှတ်လိုက်မိသည်။
ကျွန်တော်ပင် ဘယ်လောက်မှ မစားလိုက်ရ မုန့်ကကုန်သွားသဖြင့် ရှိုင်း တစ်ယောက်ကျွန်တော့်ဘက်လှည့်ကာ ဆီလူးထားသည့်နယ်အဆီတ၀င်းဝင်းဖြစ်နေသည့် နှုတ်ခမ်းလေးက နားရွက်တက်ချိတ်မတက် ပြုံးပြလာ၏။
" ဟျောင့် ငါတောင် ဘယ်နှခုမှ မစားရသေးဘူး"
" လက်နှေးရင် အမှိုက်ပစ်ဘဲ"
" လက်က မြန်ချက် ပါးစပ်ကလည်းသွပ်နိုင်ပ့"
" ဘာလဲ မင်းကငြိုငြင်တာလား မုန့်လေး ၂၀၀၀ဖိုးလောက်ကို"
" မငြိုငြင်ပါဘူး မြိုနိုင်တဲ့အကြောင်းပြောပြတာ"
". . . . ."
သူ့ကျောပိုးအိတ်ကလေး ရှေ့ယူကာ ကျောပိုးအိတ်တစ်ခုလုံး မွှေနှောက်ရှာနေပုံထောက်ရင် တစ်ရှုးထုတ် ပျောက်ပြန်ပြီထင်ပါ၏။
အလွန်အသန့်ကြိုက်သူမို့ တခုခုစားပြီးတိုင်း ပေချင်ပေ မပေချင်နေ တစ်ရှုးလေးနှင့် သုတ်သင်သန့်ရှင်းလိုက်ရမှ ကျေနပ်သူမို့ တစ်ရှုးထုတ် အမြဲဆောင်ထားတတ်၏။ သို့သော်လည်း ပျောက်သည့်ရက်က ခပ်များများပင်။
ခါတိုင်းလိုပင် အသင့်ဆောင်ထားသည့် လက်ကိုင်ပုဝါလေး ထုတ်ကာဝေ့ရမ်းပြလိုက်တော့ မျက်လုံးများပင်မှေးမှိတ်သွားသည်အထိ ပြုံးပြလာကာ လက်ဖြန့်တောင်းလာ၏။
" ရှေ့တိုးခဲ့ ငါသုတ်ပေးမယ် "
နှုတ်ခမ်းလေးစူကာ ရှေ့တိုးလာသောကြောင့် အလိုက်သင့်ပင် ဆီတ၀င်းဝင်းနှင့်နှုတ်ခမ်းနားတစ်ဝိုက် သန့်ရှင်းပေးလိုက်၏။ရှိုင်း ဆိုသည်ကား ကျွန်တော့်ပစ္စည်းများကလွဲ၍ မည်သည့်ပစ္စည်းကိုမှ အခြားသူနှင့်အတူ ရောသုံးလေ့မရှိ။
ဖြူ့ရဲ့ လက်ကိုင်ပုဝါတောင် မိန်းကလေးပစ္စည်းမို့ ယူမသုံးချင်ဘူးတဲ့လေ။
ကျေနပ်ပါတယ် ကိုယ်က ဒီလိုမျိုး သူ့ရဲ့ တစ်ဉီးတည်းသောလေးဖြစ်နေရတာကို။
" ပုဝါလေးက မွှေးနေတာဘဲ "
"မောင်မင်းကြီးသားရေ မင်းအကြောင်းသိလို့ကို အမွှေးဆီ တပေပါလောက် ထည့်လျှော်ထားတာ"
" ချစ်လိုက်တာ ငါ့သူငယ်ချင်းလေးကမှ အကောင်းဆုံး "
ပြောပြောဆိုဆိုနှင့် မသန့်ရှင်းရသေးသည့် လက်နှစ်ဖက်က ကျွန်တော့်ပါးနှစ်ဖက်ကို ဖျစ်ညစ်လာသောကြောင့် ချက်ချင်းပင် ဖယ်ချလိုက်ကာ
" ဟျောင့် ဆီတွေ ငါ့ပါးပေါ်မှာပေကုန်ပြီ"
" sry sry မင်းကလည်းglowတယ်ဘဲ သဘောထားလိုက်"
" အပြစ်လွတ်အောင်တော့ ပြောတတ်ပ့"
" ဟဲဟဲ လက်ကတော့ ထုံးစံအတိုင်း"
ပါးစပ်ကသာခပ်ဖြေးဖြေးဆိုနေသော်လည်း လက်က ကျွန်တော့်အင်္ကျီစနားသို့ ရောက်နေလေပြီ။
" ပြောမနေနဲ့တော့ လက်ကအင်္ကျီပေါ်ရောက်နေပြီကို"
" ဟဲဟဲ"
ဇာက်ကလေးပုက ပြုံးဖြီးပြနေသူကတော့ တစ်ကယ် ကလေးတစ်မျှပင်။
ရှိုင်း မင်းကလေ တစ်ကယ်ချစ်ဖို့ကောင်းတာ ဘာရယ်မဟုတ် မင်းပြုမူလိုက်တဲ့ အပြုအမူအသေးအဖွဲလေးကအစ လိုက်ပြီး အသည်းယားရလွန်းတော့ တစ်ယောက်ထဲလဲပြုံးပြုံးကြီးနဲ့ အရူးကြီးနဲ့တောင် တူနေပြီ။
ထိုစကားလုံးလေးများက နှုတ်ခမ်းဝထက်မှ ဖြတ်သန်းသွားခြင်းတော့မဟုတ်ပေ။
ဟုတ်ပေ၏။ထုံးစံဖြစ်နေလေပြီ ငယ်ကအကျင့်ကြီးသည်အထိ ကြီးက အကျင့် သေသည်အထိဆိုသည့်စကားအတိုင်းဖြစ်တော့မည်ထင်ပါ၏။ ရှိုင်း နဲ့ ကျွန်တော် ခင်လာပြီး သိပ်မကြာခင်လောက်ကတည်းက စသလိုလို နောက်သလိုလိုနဲ့ လက်မှာ တစ်ခုခုပေတိုင်း ကျွန်တော့်အင်္ကျီစကို လာဆွဲသုတ်တာက ရှိုင်းရဲ့ သေရာပါအကျင့်ဖြစ်ပေလိမ့်မယ်။
" Nik "
အတန်ကြာတိတ်ဆိတ်နေရာမှ ရှိုင်း ၏ အသံတိုးဖွဖွကြောင့် ဘေးသို့ လှည့်ကြည့်မိကာ ပြန်လှည်တုံ့ပြန်ဖြေကြားလိုက်၏။
" အင်း ပြောလေ"
" ဟိုမှာကြည့် "
ရပ်တန့်သွားသောခြေလှမ်းတို့နှင့်အတူ တည့်မတ်သော လက်ညိုးတစ်ချောင်းက မိမိတို့ရပ်နေသည့် တည့်တည့်မှ ဖန်ပြင်နောက်က ဝတ်စုံ များထံသို့ဖြစ်သည်။
ရှိုင်း ပြမှသတိထားမိသည်က ကျွန်တော်တို့ ရောက်နေတာ wedding dresses shopရှေ့တွင်ဖြစ်သည်။ ဆိုင်တွင်း၌ သတို့သား သတို့သမီးဝတ်စုံ အပြင် သတို့သား အရံဝတ်စုံကိုပါ setလိုက်တွဲပြထားခြင်းဖြစ်သည်။
ဆိုင်းဘုတ်အားသေချာကြည့်လိုက်မိမှ သိလိုက်ရသည်က Grooms dress
SHOP ဖြစ်နေသည်ဆိုတာပင် ။ဒါကြောင့် သတို့သမီးအရံ ၀တ်စုံမရှိခြင်းဖြစ်ပေလိမ့်မည်။
" ဟျောင့် မင်းဘာမြင်လဲ"
" Grooms dress SHOPပါဆိုကွာ သတို့သားဝတ်စုံတွေမြင်တာပေါ့ကွ "
" ငါပြောတာအဲ့တာ မဟုတ်ဘူးကွ သတို့သားဝတ်စုံနဲ့ သတို့သားအရံဝတ်စုံတွေကို ကြည့် ရင်ထိုးက တမျိုးလေး"
ရှိုင်းပြောမှသတိထားမိ၏။သတို့သမီးဝတ်စုံမှလွဲ၍ သတို့သား ဝတ်စုံနှင့်အရံဝတ်စုံ က ရင်ထိုးပါကြ၏။ သာမန်မင်္ဂလာဝတ်စုံများတွင်တွေ့နေမြင်နေကျ ရင်ထိုးမျိုးမဟုတ်သောကြောင့် မျက်စိထဲ သိသာထူးခြားနေသည်ကတော့အမှန်ပင် ။
နှင်းဆီပန်းမည်လည်း မဟုတ်။
စံပယ် ခရေလည်းမမည်။
ငှက်မွေးငှက်တောင်လည်းမဟုတ်။
စိန်ခြယ်ကနုတ်ပန်းခက်လည်း မဟုတ်။
ပန်းတစ်ပွင့် ။
ရိုးတံ ရွက်ညှာ မပါသည့် တစ်ပွင့်တည်းသာ ပုံဖော်ထားသည့် ပန်းမည်ကား တရုတ်စကားပန်းပေတည်း။
ပွင့်ဖတ် အဖြူတို့ကား စိန်ဖြူဖြူတို့နှင့်စီခြယ်ထားပြီး ပွင့်ဖတ်တို့ဆုံရာ အလယ်တည့်တည့် တွင် ဝါကြည်ကြည် အရောင်လေးက မည်သည့်စိန်ဖြင့်ပြုလုပ်စီခြယ်ထားသည်တော့မသိ။
ထူးဆန်းနေသည်က သတို့သားအရံဝတ်စုံ တွင်ပါထိုရင်ထိုးအား တပ်ဆင်ထားခြင်းဖြစ်သည်။
" အင်း တမျိုးဘဲ ပုံမှန်ပန်းမျိုးလည်းမဟုတ်ဘူးပြီးတော့ သတို့သားအရံ ဝတ်စုံတွေမှာပါ ဘာလို့အဲ့ရင်ထိုးမျိုး တစ်ပုံစံတည်း တပ်ထားတာလဲ မသိဘူး"
" ငါလည်း အဲ့တာကိုသိချင်နေတာ"
" ငါတို့ ဝင်မေးကြည့်ကြမလား "
" ဟာ မင်းကလည်း ဝယ်မှာလည်းမဟုတ်ဘဲ အားနာစရာကြီး"
" ဈေးရောင်းရင်တော့ ရှင်းပြရမှာ ဆိုင်ရှင်တာဝန် ဝယ်တာမဝယ်တာ Customerရဲ့ ဆုံးဖြတ်မှု ဘာမှအားနာစရာမရှိဘူး "
" မင်းက တစ်ကယ့်မိန်းမကြီးအတိုင်းဘဲ ကပ်သီးကပ်ဖဲ့နဲ့"
" လျှာမရှည်နဲ့ လာခဲ့ ၀င်မေးကြည့်ရအောင်"
မှန်တံခါးလေးအား တွန်းဖွင့်လိုက်တော့ ခေါင်းလောင်းသံ တချွင်ချွင်နှင့်အတူ counterနောက်မှ အမျိုးသမီးတစ်ယောက်က ကျွန်တော်တို့ ရှိရာဘက်သို့ လှမ်းကြည့်လာ၏။
" ဝတ်စုံရွေးမလို့လာတာလား မောင်လေးတို့"
" မဟုတ်ဘူးအစ်မ ဟိုဝတ်စုံလေးအကြောင်းမေးကြည့်မလို့"
အရုပ်တွင် စွပ်ထားသည့် ခုနကဝတ်စုံကို လက်ညိုးထိုးပြလိုက်တော့ ထိုအစ်မက သဘောပေါက်သွားဟန် ခပ်ချိုချိုပြုံးပြ၍
" အဲ့တာက oderထည် မောင်လေးရဲ့ မောင်လေးရချင်ရင် မှာလို့ရတယ် အစ်မကတစ်ပုံစံတည်းချုပ်ပေးမှာ"
" ဟုတ်ကဲ့ ကျွန်တော်တို့သတို့သားဝတ်စုံက ရင်ထိုးလေး တချက်ကြည့်လို့ရမလားဗျ့"
" ရတယ် ရတယ်မောင်လေး ခနအစ်မ ယူလာပေးမယ်"
ထိုသို့ပြောကာ ထိုအစ်မအနောက်ရှိ မှန်ဗီရိုထဲမှ နီညိုရောင်ကတ္တီပါသေတ္တာတစ်လုံးကို Counterပေါ်ချလာ၏။
" ဒါလေးက၀တ်စုံမှာ တပ်ထားတာနဲ့ တစ်ပုံစံတည်းဘဲ "
" တော်တော်လှတာဘဲ"
" ဟုတ်တယ်မောင်လေး သူကအပြင်ဘက်ပွင့်ဖက်တွေကို white topaz {ဥဿဖယားအဖြူ)လေးတွေနဲ့စီထားတာမို့ စိန်လိုမကြည်ဘဲ အဖြူရောင် သန်းသန်းလေးရတာ အလယ်ကအဝါရောင်လေးတွေကCanary diamonds (ကိန္နရီစိန်)နဲ့လုပ်ထားတာမို့ တရုတ်စကားပန်းနဲ့ တော်တော်လေးတူတယ် တစ်ကယ့် ပန်းအစစ်ကိုယူတပ်ထားသလိုမျိုးဘဲ"
"ဟုတ်အစ်မ ဒါနဲ့ဘာလို့ သတို့သားအရံဝတ်စုံမှာပါ သတို့သားဝတ်စုံနဲ့ တစ်ပုံစံတည်း တပ်ထားတာလဲဗျ့"
" အော် အဲ့တာက သတို့သားအရံက သတို့သားနဲ့ ညီအစ်ကို အရင်းလိုချစ်ရတဲ့သူငယ်ချင်းမို့ သတို့သားက တစ်ပုံစံတည်းတပ်ခိုင်းထားတာ "
" အော်ဟုတ် ကျွန်တော်တို့ ဖြတ်သွားရင်း အဲ့ဝတ်စုံလေးက နည်းနည်းလေးထူးခြားနေလို့ ဝင်မေးကြည့်တာ ရှင်းပြပေးတာ ကျေးဇူးပါအစ်မ"
" ရတယ် ရတယ်မောင်လေး မင်္ဂလာဝတ်စုံနဲ့ ပတ်သက်လို့ လိုအပ်တာရှိရင်အစ်မဆိုင်ကိုလှမ်းလာခဲ့နော် ကိုယ်လိုချင်တဲ့ ဒီဇိုင်းကို ပြောပြီးတော့လည်း ချုပ်ခိုင်းနိုင်ပါတယ် အသိမိတ်ဆွေတွေလိုအပ်ရင်လည်း အစ်မဆိုင်ကို ညွန်ပေးပါအုံးနော်"
" ဟုတ်ကဲ့ပါအစ်မ ကျွန်တော်တို့သွားတော့မယ်နော်"
ထိုဆိုင်ရှင်အစ်မ မှာ အလွန်သဘောကောင်းသည်ဟု ဆိုရပေမည်။ သူ့ဆီက ပစ္စည်းတစ်စုံတစ်ရာမဝယ်သော်လည်း မျက်နှာတစ်ချက်မပျက် စိတ်ရှည်စွာ အသေးစိတ်ရှင်းပြပေးနေပုံက မသိရင် ကျွန်တော်တို့ကVIP Customer တစ်ယောက်ကဲ့သို့ပင်။ သို့မဟုတ် Nikပြောသလို သူ့တာဝန်အရရှင်းပြသည်လားတော့မသိပေ။
" Nik "
" အင်းပြော"
" မင်း နဲ့ ငါ ဘယ်သူအရင် မင်္ဂလာဝတ်စုံ ဝတ်ရမလဲမသိဘူးနော်"
" မပြောတတ်ဘူးလေ အတူတူဝတ်ရတာလည်းဖြစ်ချင်ဖြစ်မှာပေါ့"
" အာ ဟုတ်သားဘဲ ဘယ်သူအရင်မင်္ဂလာဆောင်ဆောင် တစ်ယောက်ကတော့ သေချာပေါက် သတို့သားအရံ လုပ်ရမှာဘဲကို"
ကိုယ်ဆိုလိုတာ အဲ့လိုအဓိပ္ပာယ်မှ မဟုတ်ဘဲမချစ်ရယ်
မင်းလက်ကို အခြားသူလက်ထက်လက်စွပ် ဝတ်ပေးတာ ကြည့်ရမည့်သူအနေနဲ့ မင်္ဂလာခန်းမထဲမှာ ရှိမနေချင်ပါ
မင်းလက်ကလေးကိုင်ပြီး လက်ထက်လက်စွပ်ဝတ်ပေးရမယ့်သူက ကိုယ်ဖြစ်မှသာလျှင် ကိုယ်ဟာမင်းရဲ့ မင်္ဂလာခန်းမထဲမှာ ရှိနေနိုင်မှာပါ
မင်းကိုသိပ်ချစ်တဲ့အကြောင်း
ဖွင့်မပြောတတ်တာလား
ဖွင့်မပြောရဲတာလား
ကိုယ်မခွဲခြားတတ်သေးဘူးအချစ်
သေချာတာတစ်ခုကတော့ ကိုယ်ဖွင့်မပြောရသေးဘူးအချစ်ရယ် !
#4682_Words
#Thway_Myat_Nwae
#3.10.2023(TUE)
#At6:15AM