နတ်နဂါးစစ်သည်
အပိုင်း ၃၁ - ဂိုဏ်းလေးဂိုဏ်း၏ နောက်ခံအင်အား
ရဲစခန်းသို့ ရှူချန်းရောက်သည့်အခါ လှည့်ကင်းနေရာ ပြောင်းလဲပေးသည့် ကြီးကြပ်ရေးမှူး၏ စေတနာကို သဘောပေါက်တော့သည်။ ထို့အပြင် သခင်လေးယွမ်နှင့် တခြားလူငယ်များ၏ မိဘများမှာ အဆုံး၌ နောက်ခံကောင်းကောင်းနှင့် ချိတ်ဆက်မိသွားဟန်နှင့် ၎င်းတို့၏ သားများကို အချုပ်ခန်းအတွင်းမှ ခေါ်ထုတ်ရန် ပြင်နေသည်ကို တွေ့လိုက်ရသည်။ လူချမ်းသာကလေးများအား သုံးရက်ခန့် ထိန်းသိမ်းပြီးသည် ဖြစ်၍ လုံလောက်ပြီဟုလည်း အထက်မှ အရာရှိလူကြီးမင်းများက သဘောထားကြသည်။ လူငယ်လေးများအနေဖြင့် အချုပ်ခန်းအတွင်း မိမိတို့၏ အပြစ်များကို ဆင်ခြင်မိလောက်ပြီဟုလည်း သဘောရ၍ ပြန်လွှတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။
တာဝန်ချိန် အပြောင်းအလဲ အတွက် သတင်းပို့ရန် ရှူချန်း ဝင်လာသည့်အချိန် သခင်လေးများ၏ ရှေ့နေများမှာလည်း ဒဏ်ကြေးများကို ပေးဆောင်၍ လိုအပ်သည့် စာရွက်စာတမ်းများကို လက်မှတ်ထိုးပေးနေကြသည်။
အချုပ်ခန်းမှ ထွက်လာကြသော သခင်လေးယွမ်နှင့် အဖွဲ့မှာ ကျောများကို ဆန့်ထုတ်ရင်း အညောင်းအညာ ဖြေနေကြ၏။ လမ်းလျှောက်ဝင်လာသော ရှူချန်းကို မြင်လိုက်သည်နှင့် ရုတ်ချည်း ပြေးသွားပြီး အဝတ်လဲခန်းတွင်း ဝင်မည့် ရှူချန်း၏ လမ်းကို ပိတ်ဆို့လိုက်ကြသည်။
တာဝန်ကျအရာရှိက အော်ပြောလေတော့သည်။
"မင်းတို့ ဘာလုပ်ကြတာလဲ"
မှန်ပေသည်။ ထိုလူငယ်လေးများသည် နေ့ခင်းကြောင်တောင် ရဲစခန်းအတွင်း၌ ရဲအရာရှိတစ်ဦးကို အနိုင်ကျင့်စော်ကားရန် ကြံရွယ်နေကြခြင်း ဖြစ်၏။ သို့သော် သူတို့မှာ စိတ်ရှိလျှင်ပင် ဘာမှမတတ်နိုင်သည့် အခြေအနေ ဖြစ်၏။ သို့နှင့် သခင်လေးယွမ်မှာ ရှူချန်းအား စူးစူးရဲရဲကြည့်ရင်း လေးနက်သော လေသံဖြင့် ပြောဆိုလိုက်သည်။
"ညဆိုင်းဆင်းရဲတဲ့ သတ္တိ မင်းမှာ ရှိပါစေဦးလို့ ငါ မျှော်လင့်တယ်"
သို့သော် ရှူချန်းက သခင်လေးများကို ဂရုမစိုက်ချေ။
"မင်းတို့ အပြူအမူကို ပြင်ဆင်မယ်လို့ ငါ မျှော်လင့်တယ်။ နောက်တစ်ကြိမ် ဒီကို အလည်လာတဲ့အခါ သုံးရက်တည်းနဲ့ ပြန်ထွက်လို့ရမှာ မဟုတ်တော့ဘူး"
နဘေးမှ တခြားသော သခင်လေးများက နှာခေါင်းရှုံ့ရင်း ပြန်ပြောလိုက်၏။
"ခင်ဗျားသာ ဘာမှမဖြစ်စေနဲ့ ဟုတ်ပြီလား။ ကျုပ်တို့မှာ အချိန်တွေ ရှိသေးတာပဲ။ ရှေ့ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့"
အမှိုက်သာသာ စကားများအပေါ် ရှူချန်း မတုန်လှုပ်မည်ကို သခင်လေးယွမ် စိုးရိမ်သည်။ သို့နှင့် သူက ထပ်ကာပြောလိုက်၏။
"အနောက်ပိုင်းခရိုင်ကို ခင်ဗျား ရွေ့ပြောင်းမိန့်ကျထားတယ်လို့ ကျုပ် ကြားတယ်။ ဒါလည်း ကောင်းပါတယ်လေ။ အေး ... အနောက်ပိုင်းမှာ ခင်ဗျားကို ကျုပ် ထပ်မတွေ့မိစေနဲ့ ဟုတ်ပြီလား"
"မင်းပြောလို့ ပြီးပြီလား"
ရှူချန်းက သူတို့အဖွဲ့အား စိတ်မရှည်သလို ကြည့်ရင်း တဖက်သို့ လှည့်ကာ ရှေ့နေများအား ကြည့်လိုက်၏။
"ခင်ဗျားတို့ အမှုသည်တွေကို ထိန်းဦး။ ဒီလိုမှမဟုတ်ရင် ရဲအရာရှိတစ်ယောက်ကို ခြိမ်းခြောက်မှုနဲ့ အခုချက်ချင်း အထဲထည့်လိုက်မယ်"
ရှေ့နေများ ပျာပျာသလဲ ဖြစ်သွားပြီး ချက်ချင်း သခင်လေးများကို အရိပ်အခြည်ပြသလို တစ်ချက် လှမ်းကြည့်လိုက်၏။
သခင်လေးယွမ်နှင့်သူဌေးသားတသိုက်တို့ ဗျူရိုအတွင်းမှ ထွက်သွားကြ၏။ အပြင်ရောက်သည်နှင့် အဖမ်းခံရသည့်နေ့က သိမ်းဆည်းထားသည့် ပြိုင်ကားများပေါ်တက်ကာ မောင်းထွက်သွားကြလေသည်။
ရှူချန်းလည်း ကြီးကြပ်ရေးမှူးရုံးခန်းအတွင်းသို့ ဝင်လာလိုက်သည်။ သူ ဝင်လာသည်ကို မြင်သည်နှင့် ကြီးကြပ်ရေးမှူးက မတ်တပ်ရပ်ပြီး ပြုံးပြကာ ရှူချန်း၏ ပခုံးအား ပုတ်ကာ နှုတ်ဆက်လိုက်သည်။
"ဒီကောင်လေးတစ်သိုက်က မင်းကို နည်းမျိုးစုံသုံးပြီး ပညာပေးဖို့ ကြိုးစားတော့မယ်ဆိုတာ ငါတို့ သိတယ်။ မင်းအနေနဲ့ ဖိအားတွေ ခံစားရမှာကို ငါတို့ မလိုလားဘူး။ ဒါကြောင့် အထက်ကပေးတဲ့ အကြံကို ယူပြီး သူတို့ကို လွှတ်ပေးလိုက်တာပဲ။ ဘာပဲပြောပြော သူတို့ကို ထိန်းသိမ်းထားတာလည်း (၃) ရက် ရှိပြီ မဟုတ်လား။ ပထမဆုံးအကြိမ်အတွက် လုံလောက်တယ်လို့ ပြောရနိုင်တာပဲ။ ပြီးတော့ အနောက်ပိုင်းခရိုင်ကို တာဝန်ပြောင်းရွေ့တာလည်း မင်းအလုပ်ကို ကောင်းကောင်း မလုပ်လို့ မဟုတ်ဘူးနော်။ အဲဒီကောင်လေးတွေက မင်းကို ရန်ရှာပြီး တစ်ခုခု လုပ်လိုက်မှာ ငါတို့က စိုးရိမ်လို့။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အရမ်းကြီး အတွေးမလွန်နဲ့ ဟုတ်ပြီလား"
"ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဘာဖြစ်လို့ ဒီလိုလူတွေကို ကြောက်ရွံ့နေရမှာလဲ"
ရှူချန်းက မေးမြန်းလိုက်သည်။
ကြီးကြပ်ရေးမှူးက သက်ပြင်းချရင်း ပြန်ဖြေသည်။
"သူတို့က အဲဒီလောက် ကြောက်စရာမကောင်းပါဘူး။ ဒါပေမဲ့ တံခါးဝဂိုဏ်းလေးဂိုဏ်းက ကြောက်စရာကောင်းတာ။ ငါတို့အနေနဲ့ ရာဇဝင်လူမိုက်ကြီးတွေကို မကြောက်သင့်သလို လူမိုက်သေးသေးလေးတွေနဲ့ အလုပ်ရှုပ်နေတာမျိုးလည်း မဖြစ်သင့်ဘူး မဟုတ်လား။ ဒီသူဌေးသားလေးတွေက ဘယ်လိုပြဿနာရှာမလဲ ဆိုတာ မင်း မသိနိုင်ဘူးလေ။ အဲဒီလူငယ်လေးတွေက အရမ်း ရက်စက်ကြမ်းကြုတ်တဲ့ အမှုမျိုး မကျူးလွန်ခဲ့တော့ ရက်နည်းနည်းလောက် အချုပ်ချပြီးတာနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ပြန်လွှတ်ရမှာပဲ မဟုတ်လား။ ဒါပေမဲ့ သူတို့ ပြန်လွတ်သွားတာနဲ့ ဘာဆက်ဖြစ်မလဲ။ သူတို့က မင်းကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး မင်းနဲ့ မင်းမိသားစုကို နေ့တိုင်း စိတ်ဒုက္ခရောက်အောင် လုပ်ကြတော့မှာ။ ပြီးတော့ ဂိုဏ်းလေးဂိုဏ်းရဲ့ အရှိန်အဝါကလည်း ဒီနယ်တစ်ဝိုက်မှာ ကြီးမားတယ်။ ပုံမှန်အခြေအနေမျိုးမှာတောင် ငါတို့လို ရဲဌာနသေးသေးလေးက သူတို့ကို ကိုင်တွယ်နိုင်တာ မဟုတ်ဘူး။ မင်း ငါပြောတာ နားလည်ရဲ့လား။ သူတို့က မှုခင်းရဲဌာနက ဖြေရှင်းရမယ့် လူတွေပဲ။ ငါတို့အနေနဲ့ ပုံမှန်ပြည်သူလူထု အရေးကိစ္စတွေကိုသာ ဂရုစိုက်သင့်တယ်။ ရဲချင်းတူပေမယ့် ငါတို့လုပ်ရမယ့် တာဝန်တွေကတော့ မတူကြဘူးလေ"
ရှူချန်းမှာ ထိုင်ခုံပေါ် ထိုင်ချရင်း သိလိုဟန်နှင့် မေးမြန်းလိုက်သည်။
"ဂိုဏ်းလေးဂိုဏ်းက ဘာကြောင့် အရမ်းကြောက်ဖို့ ကောင်းနေရတာလဲ။ ဒီလိုလူဆိုးဂိုဏ်းတွေကို အမြစ်ပြတ် ရှင်းထုတ်လိုက်လို့ မရဘူးလား"
"ဂိုဏ်းလေးဂိုဏ်းအကြောင်း နားမလည်လို့သာ မင်း ဒီလို မေးတာ"
ကြီးကြပ်ရေးမှူးက အောင့်သက်သက် ပြုံးပြရင်း "ဂိုဏ်းကြီးလေးဂိုဏ်း အာဏာစက် ကြီးမားနေရတဲ့ အကြောင်းရင်းက အမည်းကနေ အဖြူ ပြောင်းလဲရာမှာ အထိခိုက်အပွန်းစင်း မရှိအောင် ပြောင်းလဲနိုင်ခဲ့လို့ပဲ။ ဒါကြောင့်လည်း သူတို့ဟာ အခုချိန်ထိ ရပ်တည်နေနိုင်တာပေါ့။ အရှေ့ပိုင်းတံခါးဝဂိုဏ်းက ဆိပ်ကမ်းတွေကို ထိန်းချုပ်ထားတယ်။ ဟိုးအရင် လှေငယ်တွေနဲ့ ငါးဖမ်းတဲ့အချိန်ကတည်းက သူတို့ဟာ ဆိပ်ကမ်းဒေသတွေကို ထိန်းချုပ်ခဲ့ကြတာ။ ကုန်သွယ်ရေးကို အပေးအယူ အတိုးအလျော့လုပ်ပြီး သူတို့လုပ်ငန်းတွေကို တရားဝင် စီးပွားရေးလုပ်ငန်း ဖြစ်အောင် အစိုးရနဲ့ ညှိခဲ့ကြတာ။ သူတို့ကို ဖယ်ထုတ်လိုက်တာနဲ့ ဆိပ်ကမ်းဒေသ အတော်များများမှာ ကုန်သယ်ကုန်ပို့ လုပ်နိုင်တဲ့လူ မရှိတော့ဘူး။ အဲဒီအခါ ရှန်ချန်း မြို့ရဲ့ ဆိပ်ကမ်းကုန်သွယ်ရေး ကဏ္ဍတစ်ခုလုံး ရပ်ဆိုင်းသွားလိမ့်မယ်။ ဒါဆိုရင် အစိုးရအတွက် စီးပွားရေးတိုးတက်မှု နှောင့်နှေးတဲ့ ပြဿနာမျိုးတောင် ကြုံလာရနိုင်တယ်... "
"ထပ်ပြောရရင် တရားဝင် ကာစီနိုလိုင်စင်တွေကို ရှန်ချန်းမြို့ တစ်မြို့တည်းမှာပဲ ထုတ်ပေးတာ ။ မြို့ရဲ့ ကာစီနိုရုံကြီး (၉) ခုထဲမှာ အနည်းဆုံး (၆) ခုက အနောက်ပိုင်းတံခါးဝ ပိုင်ဆိုင်တဲ့ ကာစီနိုရုံတွေပဲ"
ရှူချန်၏ မျက်လုံးအစုံ ကျဉ်းမြောင်းသွားသည်။ အရှေ့ပိုင်းတံခါးဝဂိုဏ်းသည် အမှန်တကယ် ကြောက်စရာ ကောင်းလှပေ၏။
ကြီးကြပ်ရေးမှူးက ဆက်ပြောလေသည်။
"တောင်ပိုင်းတံခါးဝဂိုဏ်းကတော့ ရှန်ချန်း မြို့က ပင်လယ်ကမ်းစပ်နဲ့ မြစ်ကမ်းနဘေး စားသောက်ဆိုင် လုပ်ငန်းတွေကို ပိုင်ဆိုင်ကြတယ်။ ပုကျင်း မြစ်တစ်ဖက်တစ်ချက်က (၁၀) မီတာရှည်တဲ့ စားသောက်ဆိုင်တန်းရှည်ကြီးကို မင်း မြင်ဖူးတယ် မဟုတ်လား။ ဒါတွေအားလုံး တောင်ပိုင်းတံခါးဝ ပိုင်တာချည်းပဲ။ နောက်ဆုံးနဲ့ အဆိုးဆုံးကတော့ မြောက်ပိုင်းတံခါးဝဂိုဏ်းပဲ။ တခြားဂိုဏ်းတွေလောက် နေရာကောင်း၊ လုပ်ငန်းကောင်း မရထားပေမယ့် သူတို့ဂိုဏ်းက နိုက်ကလပ်တွေကို ဖွင့်ထားကြတယ်"
"မြောက်ပိုင်းတံခါးဝဟာ တခြားဂိုဏ်းတွေနဲ့ ယှဉ်ရင် ပိုက်ဆံမချမ်းသာဘူး။ ဒီလို ပိုက်ဆံမချမ်းသာတဲ့အတွက်လည်း သူတို့ပုံရိပ်ကို သိပ်ဂရုမစိုက်ဘဲ စိတ်ရှုပ်စရာ အလုပ်အတော်များများ လုပ်ကိုင်ပေးကြတာပေါ့။ အဖွဲ့သားတွေကို လုံလောက်အောင် မထောက်ပံ့နိုင်တော့ အဖွဲ့သား အတော်များများက အပြင်ထွက်ပြီး ကိုယ်ပိုင်အလုပ်တွေ လုပ်ကိုင်တတ်ကြတယ်။ မင်းနဲ့ မြောက်ပိုင်းတံခါးဝဂိုဏ်းသားတွေနဲ့ ပြဿနာတက်ခဲ့မှန်း သိရတော့ ငါတို့ စိတ်ပူသွားတာပေါ့။ ဒါကြောင့်လည်း မင်းကို အနောက်ပိုင်းကို တာဝန်ပြောင်းရွေ့ပေးလိုက်တာပဲ"
ရှူချန်း ခေါင်းညိတ်ပြလိုက်သည်။ ယခုတော့ ဂိုဏ်းကြီးလေးဂိုဏ်းအကြောင်းကို သူ အတော်အသင့် နားလည်လာချေပြီ။ ကြီးကြပ်ရေးမှူး ပြောပြခဲ့သည့် ဂိုဏ်းလေးဂိုဏ်းပိုင် လုပ်ငန်းများကိုပင် ဖြေရှင်းရန် မလွယ်လှချေ။
အစိုးရသာ ဂိုဏ်းကြီးလေးဂိုဏ်းအား ဖျက်သိမ်းရန် ကြံစည်ခဲ့ပါက ဖြစ်လာမည့် ပြဿနာများကလည်း ဒုနဲ့ဒေး ရှိနေပြန်သည်။ ထို့အပြင် ဂိုဏ်းကြီးလေးဂိုဏ်းသည် ၎င်းတို့၏ တရားမဝင် လုပ်ငန်းများကို တရားဝင်ဖြစ်အောင် အကောင်းဆုံး ပြောင်းလဲနိုင်ခဲ့၏။ ထို့ကြောင့် သံသယဖြစ်ရာ သက်သေ တစ်ခုတလေ သို့မဟုတ် ၎င်းတို့အား ခြိမ်းခြောက်နိုင်သည့် တရားဥပဒေအဖွဲ့အစည်း တစ်ခုခုတို့အား မည်သည့်နည်းနှင့်မျှ ချန်ထားရစ်မည် မဟုတ်ချေ။ ထိုသူတို့သည် အလုပ်များလုပ်ရန် အပေါ်ယံ၌ ရဲများအတွက် ငါးစာလေးများ ချကျွေးထားမည့်ပုံ ရှိလေသည်။
"ကျွန်တော် နားလည်ပါပြီ။ ဗျူရိုက စီစဉ်တဲ့အတိုင်း လုပ်လိုက်ပါ့မယ်"
ရှူချန်းက ပြန်ပြောလိုက်၏။
ကြီးကြပ်ရေးမှူးက သူ့ပခုံးကို ပုတ်ကာ ချီးကျူးစကား ဆိုလိုက်လေ၏။
"မင်းလိုရဲအရာရှိမျိုးကို ငါ လေးစားပါတယ်။ ရဲတစ်ယောက်ဆိုတာ ပြဿနာတက်မှာ မကြောက်ရဘူးလေ။ အရိုးသားဆုံးပြောရရင် ဒီကောင်လေးတွေကို ထိမိတာနဲ့ နယ်ပြောင်းခံရတာ များတယ်။ မင်းတစ်ယောက်တည်းကသာ ဒီကောင်လေးတွေကို ဒီအခြေအနေထိရောက်အောင် ဆုံးမနိုင်တာ။ မင်း သူတို့ကို သင်ခန်းစာပေးနေပုံကို ငါတို့ညီအစ်ကိုတွေ ကြည့်ပြီး ကြိတ်ဝမ်းသာနေကြတာကွ။ ဒီတစ်ကြိမ်တော့ အထက်ကလည်း ငါတို့နဲ့အတူ ရပ်တည်ပေးခဲ့တယ်။ ပြီးတော့ မင်းကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်။ ဒီတစ်ခေါက် ဗျူရိုက လူကြီးတွေက ဖြစ်ပျက်ခဲ့သမျှနဲ့ ပတ်သက်ပြီး ငါတို့ဌာနက ရဲအုပ်ကို ချီးကျူးခဲ့ကြသေးတယ်။ ဒါပေမဲ့ ဒါတွေအားလုံး မင်းကြောင့် ဖြစ်လာတာပါ။ အခုဆိုရင် ရဲအုပ်က မင်းမှာ တက်လမ်းတွေ ရှိတယ်လို့ ထင်နေပြီ။ အလုပ်ကောင်းကောင်း လုပ်ကွာ။ ငါတို့ကို စိတ်မပျက်စေနဲ့ ဟုတ်ပြီလား"
အမှန်အတိုင်း ပြောရလျှင် ရှူချန်းမှာ ရာထူးဂုဏ်သိမ်များကို လုံးဝ ဂရုမစိုက်ချေ။ သို့သော် သူက ခေါင်းညိတ်ပြရင်း ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့ ... ပြောစရာမရှိတော့ဘူးဆိုရင် ကျွန်တော် လှည့်ကင်းထွက်ဖို့ သွားပါတော့မယ်"
ကြီးကြပ်ရေးမှူးက ခေါင်းညိတ်ပြရင်း "ဒါဖြင့် ငါလည်း အလုပ်ဆင်းတော့မယ်။ ညကျရင် မင်း သတိထားပါ။ တစ်ခုခုဖြစ်လာရင် ငါ့ဆီဖုန်းဆက်ပြီး အကြောင်းကြား။ တခြား လုပ်ဖော်ကိုင်ဖက်တွေလည်း မင်းကို ကူညီပြီး စောင့်ရှောက်ပေးကြလိမ့်မယ်"
ရှူချန်းလည်း တခြားလုပ်ဖော်ကိုင်ဖက်များနှင့်အတူ ဆိုင်ကယ်ရှိရာသို့ ထွက်လာလိုက်သည်။ သို့သော် ဆိုင်ကယ်ဦးထုပ် ကျန်ခဲ့၍ ပြန်ယူရန် နောက်ကြောင်းပြန်လှည့်လိုက်၏။ လုပ်ဖော်ကိုင်ဖက်များနှင့် ခွဲပြီး တစ်ကိုယ်တည်း ပြန်ဝင်လာသော ရှူချန်းအား သခင်လေးယွမ်တို့အဖွဲ့ မြင်တွေ့သွားသည်နှင့် ကားနှစ်စီးနှင့် လမ်းပိတ်ထားလိုက်လေသည်။
သခင်လေးယွမ်က ကားမှန်ပြတင်းကို ချရင်း ရှူချန်းအား အေးစက်သော မျက်ဝန်းများနှင့် ကြည့်လိုက်သည်။
"လှည့်ကင်းရဲတစ်ယောက် လုပ်ရတာကို မင်း နောင်တရသွားအောင် ငါလုပ်ပြမယ်"
ရှူချန်မှာ စိတ်ထဲမထည့်ဟန်နှင့် ပြန်ပြောလိုက်သည်။
"ပြဿနာမရှိဘူး။ မင်းကို လူကောင်းတစ်ယောက်ဖြစ်လာအောင် ငါ သင်ပေးမယ်။ တစ်နှစ်နဲ့ အလုပ်မဖြစ်ရင် မင်းကို သုံးနှစ်လောက် ထောင်ထဲမှာ ထည့်ထားပြီး သင်ပေးမယ်။ သုံးနှစ်နဲ့ အလုပ်မဖြစ်ရင်တော့ ဆယ်နှစ်ပေါ့။ မင်း လူကောင်းမဖြစ်မချင်း ငါကလည်း မင်းကို သင်ပေးပါ့မယ် စိတ်ချ"
သခင်လေးယွမ်မှာ ကားမှန်ပြတင်းကို ပိတ်ပြီး ထွက်သွားလေတော့၏။
ဆိုင်ကယ်ပြန်လှည့်လာသော ရှုချန်း၏ လုပ်ဖော်ကိုင်ဖက်များမှာ အဖြစ်အပျက်ကို မြင်တွေ့လိုက်သည်နှင့် အပြေးကလေး ရောက်လာကြသည်။ သူတို့အားလုံး အနည်းငယ် စိုးရိမ်နေသည့် မျက်နှာများဖြင့် "ကားနဲ့ လှည့်ကင်းပတ်ချင်သလား။ ဆိုင်ကယ်က မလုံခြုံဘူးနဲ့ တူတယ်"
"ကျွန်တော်တို့က တရုတ်နိုင်ငံထဲမှာပါ။ ဘယ်လိုလုပ်ပြီး မလုံခြုံဘူး ဖြစ်ရမှာလဲ။ ဟိုးအရင်ခေတ်ကလိုမှ မဟုတ်တော့တာ"
ရှူချန်းက ခေါင်းကိုခါယမ်းပြရင်း ဘာမှမထူးခြားသလို ပြန်ပြောလိုက်သည်။
"ကျွန်တော့်ရှေ့က ဘယ်လိုအရာကိုမဆို ရင်ဆိုင်မယ်"
စကားဆုံးသည်နှင့် ဆိုင်ကယ်စက်ကို နှိုးပြီး မောင်းထွက်သွားလေတော့သည်။
မလှမ်းမကမ်းတစ်နေရာရှိ ပြိုင်ကားတစ်စီးပေါ်၌ ထွက်ခွာသွားသော ရှူချန်းအား ဒေါသမီးတောက်လောင်နေသည့် မျက်ဝန်းများဖြင့် သခင်လေးယွမ်တစ်ယောက် ကြည့်ရှုနေလေသည်။
"အဲဒီကောင် အနောက်ပိုင်းတံခါးဝ ပိုင်နက်ထဲ လှည့်ကင်းပတ်ဖို့ ထွက်သွားပြီ။ ဆိုတော့ မြောက်ပိုင်းတံခါးဝဂိုဏ်း ပိုင်နက်ထဲမှာ မရှိတော့ဘူး။ အခုတော့ ဒီကောင်တွေ ကျွန်တော်တို့ ပိုက်ဆံယူပြီး ဘာမှ မလုပ်ပေးနိုင်တော့ဘူး။ အကိုယွမ် ... ကျွန်တော်တို့ ဘာလုပ်ကြမလဲ"
ထိုင်ခုံပေါ်မှ သခင်လေးတစ်ဦးက မေးငေါ့ရင်း မေးမြန်းလိုက်၏။
သခင်လေးယွမ်က ပြန်ပြောလာသည်။
"ဒီကောင့်ကို ရင်ဆိုင်ဖို့ ရှန်ချန်း မြို့ရဲ့ အကြီးအကဲ (၄) ပါးကို အကူအညီ တောင်းရတော့မှာပေါ့။ အကြီးအကဲ (၄) ပါးကို စော်ကားရဲတဲ့ သတ္တိ ဒီကောင့်မှာ ရှိ၊ မရှိ စောင့်ကြည့်ကြသေးတာပေါ့ကွာ"
အခန်း ၃၁ ပြီး
နတ်နဂါးစစ်သည်
အပိုင်း ၃၂ - ကျေးဇူး
ရှန်ချန်း မြို့ အနောက်ပိုင်း၏ အကြီးမားဆုံးသော အင်္ဂါရပ်မှာ လူချမ်းသာများနှင့် ရွှေတူးသမားများ ဖြစ်ကြလေသည်။
အနောက်ပိုင်းခရိုင်တွင် ကမ္ဘာတစ်ဝှမ်းမှ ဇိမ်ခံပစ္စည်းမျိုးစုံကို ရောင်းချနေ၏။ ဤအချက်ကပင် အမျိုးသမီးများအတွက် သုခဘုံနတ်နန်းတစ်ခု ဖြစ်နေရခြင်း ဖြစ်သည်။ ဇိမ်ခံချမ်းသာသည့် ဘဝတစ်ခုကို ပိုင်ဆိုင်ရန် လူချမ်းသာ အမျိုးသားတို့၏ နှလုံးသားအား အပိုင်သိမ်းမည့် ရည်ရွယ်ချက်ဖြင့် နိုင်ငံတစ်ဝှမ်းမှ လာရောက်ကြသော မိန်းမလှမျိုးစုံအား ရှန်ချန်း မြို့ အနောက်ပိုင်းတွင် မျက်စိမုန်းလောက်အောင် မြင်တွေ့နေရလေသည်။
ရှူချန်းရောက်နေသည့် နေရာတွင် နာမည်ကျော် ဘရန်းဒတ်မျိုးစုံနှင့် ဖက်ရှင်ကျကျ ဝတ်ဆင်ထားပြီး ဈေးဝယ်ထွက်နေကြသည့် အမျိုးသမီး မျိုးစုံကို မြင်တွေ့နေရသည်။ ဤနေရာတွင် တစ်နေ့တစ်ည မတ်တပ်ရပ် နေရမည်ဆိုလျှင်ပင် ပျင်းရိရမည် မဟုတ်ပေ။ အကြောင်းမှာ မိန်းမလှမျိုးစုံကို နေရာမရွေး၊ အချိန်မရွေး မြင်တွေ့နေရသောကြောင့် ဖြစ်လေ၏။ ဆိုရိုးရှိခဲ့သလိုပင် ... မိန်းမများမှာ ပိုလှလေ ရရှိပိုင်ဆိုင်နိုင်မည့် အခွင့်အရေးက ပိုများလေပင် ဖြစ်၏။
မိန်းမလှလေးများ၏ အလှနှင့် လိုက်ဖက်ညီသည့် ရှူးဂါးဖေဖေတို့သည် များသောအားဖြင့် နောက်ခံကြီးကြီးမားမား ပိုင်ဆိုင်ထားကြသူများ ဖြစ်လေသည်။
သို့သော် အထက်ကအရာအားလုံးသည် ညတွင်းချင်း ချမ်းသာလာသူများကို ဗဟိုပြု၍ ဖြစ်တည်နေသည့် အရာများ ဖြစ်လေသည်။ ယင်းသို့ လူချမ်းသာများ ရှိနေကြသည့် အနောက်ပိုင်းသည် လောင်းကစားရုံ ကာစီနိုရုံများ ဝင်ရောက်လာသည့် အကြောင်းရင်းလည်း ဖြစ်ပေသည်။
မှန်ပေသည်။ အာရှတွင် အကြီးမားဆုံးနှင့် တရားဝင်လည်ပတ်နေသည့် အဆင့်မြင့် ကာစီနိုရုံကြီးဟု ရှန်ချန်း မြို့၏ အနောက်ပိုင်းခရိုင်အား ခေါ်ဆိုကြလေသည်။ ဤနေရာတွင် တစ်ညတည်းနှင့် ပိုင်ဆိုင်သမျှ ကုန်းကောက်စရာ မရှိအောင် ဆုံးရှုံးနိုင်သလို ညတွင်းချင်း ထားစရာ မရှိအောင် ချမ်းသာသွားသော သူဌေးသူကြွယ်များ မွေးထုတ်ရာ နေရာလည်း ဖြစ်လေသည်။
ညစ်ထေးနေသော ပိုက်ဆံနံ့တို့ တလှိုင်လှိုင် ထွက်နေသော အနောက်ပိုင်းခရိုင်တွင် မိန်းမလှလေးများနှင့် ဇိမ်ခံပစ္စည်းမျိုးစုံတို့သည် ကာစီနိုရုံကြီးများကို လည်ပတ်စေသည့် တန်ဖိုးကြီး သံသရာ စက်ဝန်းတစ်ခုလည်း ဖြစ်ပေတော့၏။
ဤနေရာတွင် လုံခြုံရေးကို တင်းတင်းကြပ်ကြပ် ချမှတ်ထား၏။ အမှန်တကယ်အားဖြင့် သူဌေးသူကြွယ်ပေါများသော အရပ်တွင် သူခိုးသူဝှက်များလည်း ပေါများတတ်ပေသည်။ ကြီးကြပ်ရေးမှူးနှင့် ရဲအုပ်မှာ သူ့အား ယုံကြည်၍သာ ယခုလို နေရာမျိုးအား စောင့်ကြည့်ရန် ရှူချန်းအား စေခိုင်းခဲ့ခြင်း ဖြစ်လေသည်။
ည (၁၀) နာရီထိုးနေချေပြီ။ လမ်းမပေါ်ရှိ ဇိမ်ခံကားမျိုးစုံမှ ဝင်လိုက်ထွက်လိုက် ပြုလုပ်နေကြသော မိန်းမလှမျိုးစုံကို ရှူချန်း မြင်တွေ့နေရ၏။ မိန်းမလှလေးများနှင့် သူဌေးသူကြွယ်တို့မှာ ဈေးဝယ်ထွက်နေကြသလို တစ်ချို့မှာ အနီးနားရှိ နိုက်ကလပ်များသို့ သွားနေကြ၏။ တစ်ချို့မှာ နီးစပ်ရာ ဟိုတယ်ထဲသို့ သွားကာ အချစ်ပွဲဆင်နွဲရန် ပြင်ဆင်နေကြ၏။ ပြောရလျှင် တောနက်ကြီးတစ်ခုအလား ညသည် သူ့သားရိုင်းများနှင့်သူ အလုပ်ရှုပ်နေပြီ ဖြစ်၏။
ရှူချန်း၏ နားကြပ်မှ ရဲအရာရှိတစ်ဦး၏ အသံကို ကြားလိုက်ရသည်။
"မင်းက ဆိုင်ကယ်နဲ့ဆိုတော့ သတိထားဦး။ ဒီဇိမ်ခံကားတွေထဲက မင်းဆိုင်ကယ်နဲ့ ဘယ်ကားခြစ်မိ ခြစ်မိ ငါတို့မှာ ပြန်လျော်ဖို့ ပိုက်ဆံ မရှိဘူး"
ရဲအရာရှိ၏ နောက်ပြောင်လိုက်သော စကားကြောင့် ရှူချန်း ပြုံးမိသွားသည်။ သူက "ဒါဖြင့် ကျွန်တော် ဘာကို ဂရုစိုက်ရမလဲ"
"သူခိုးတွေကိုပဲ ဂရုစိုက်။ ဒါပဲနော် ... ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် စကားများ ငြင်းခုံနေတာပဲ ဖြစ်ဖြစ်၊ ယောက်ျားက မိန်းမကို ရိုက်နှက်နေတာပဲ ဖြစ်ဖြစ်၊ မိန်းမက ငိုနေတာပဲ ဖြစ်ဖြစ် မင်း ဘာမှ ဝင်မပါနဲ့။ ဒီနေရာက မိန်းမတွေက ပိုက်ဆံအတွက် ယောက်ျားတွေကို ဘယ်မဆို လုပ်ရဲကြတာ။ ဒါကြောင့် မိန်းမတစ်ယောက်ယောက် ပတ်သက်နေပြီ ဆိုတာနဲ့ တုန်လှုပ်မနေနဲ့၊ သွားပြီးတော့ ဖြေရှင်းဖို့လည်း မကြိုးစားနဲ့။ ပြီးတော့ ကာစီနိုထဲမှာ ဖြစ်ပျက်တာတွေအားလုံးက အရပ်ဘက် တာဝန်ယူမှုဆိုင်ရာ အငြင်းပွားခြင်း ကိစ္စရပ်လို့ သတ်မှတ်ထားတယ်။ ဒီတော့ ငါတို့လို လှည့်ကင်းရဲအရာရှိတွေအနေနဲ့ မပတ်သက်တာ အကောင်းဆုံးပဲ"
"သဘောပေါက်ပါပြီ"
ကာစီနိုတစ်ဝိုက် သွားလာလှုပ်ရှားရသည့်အခါ မြင်မြင်သမျှ အရာရာ အလွန် ကြီးကျယ်ခမ်းနားပြီး စိတ်အားတက်ကြသဖွယ် ခံစားရသည်မှာ သေချာလေသည်။
ကြွယ်ဝချမ်းသာမှုသည် လူ့အဖွဲ့အစည်းအတွင်း လူများအကြား ကွာဟမှုကို ဖန်တီးပေးပြီး မိသားစုများကြား ကွာဟမှုကို ဖြစ်ပေါ်စေလေသည်။ ထိုသို့ ကွာဟချက် မရှိခဲ့ပါက ရှူချန်း၏ မိခင်နှင့်ဖခင်တို့မှာ ကွဲကွာခဲ့ကြမည် မဟုတ်ချေ။ သူတို့မိသားစု ဘဝလေးမှာ ပြီးပြည့်စုံသော မိသားစုလေးအဖြစ် တည်ရှိနေဦးမည် ဖြစ်၏။
ကာစီနိုတံခါးဝ၌ ကလေးမလေးတစ်ဦး ရပ်နေပြီး အတွင်းသို့ ဝင်ခွင့်ပြုရန် တောင်းပန်နေလေ၏။ မြင်းမြှီးဆံပင်လေးနှင့် ဖြူဖျော့ဖျော့ နူးညံ့သော မျက်နှာကလေးကြောင့် သူမပုံစံမှာ အထက်တန်းကျောင်းသူလေးတစ်ယောက်သာသာ ရှိရပေဦးမည်။ သို့သော် ယခု၌ ကလေးမလေးသည် ငိုယိုရင်း အစောင့်၏ အင်္ကျီစကို ဆွဲကာ သူမအား အထဲသို့ ဝင်ပြီး အဖေဖြစ်သူကို ရှာဖွေခွင့်ပြုရန် တောင်းပန်နေလေ၏။
"ကျေးဇူးပြုပြီး ကျွန်မ တောင်းပန်ပါတယ်ရှင်။ ကျွန်မအဖေကို သွားရှာခွင့်ပေးပါလားဟင်။ အဲဒါက မေမေ့ခွဲစိတ်ခ ပိုက်ဆံတွေပါ။ ဖေဖေက ဘာကြောင့်များ ဒီလို လုပ်ရက်ရတာလဲ မသိဘူး"
"ဆောရီးပဲကွာ ... ငါတို့က ကလေးတွေကို အထဲဝင်ခွင့်မပေးနိုင်ဘူး"
"ကျွန်မတောင်းပန်ပါတယ်။ ကျွန်မဖေဖေနာမည်က ယန်ကုန်ရှ ပါ။ သူ့ကို ဆက်ပြီး မလောင်းခိုင်းလို့ ရမလားရှင်။ အဲဒီပိုက်ဆံတွေက မေမေ့အသက်ကိုကယ်ဖို့ ကျန်တဲ့ တစ်ခုတည်းသော ပိုက်ဆံတွေပါ။ ကျေးဇူးပြုပြီး ရှင်တို့နှစ်ယောက်ကို တောင်းပန်ပါတယ်ရှင်"
ကလေးမလေးမှာ ပြောပြောဆိုဆိုနှင့် အစောင့်နှစ်ယောက်ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်၏။
သို့သော် အစောင့်နှစ်ယောက်က ကလေးမလေးအား အဝေးသို့ တွန်းထုတ်လိုက်၏။ လောင်းကစားရုံသို့ လာမည့်လူများ၏ အမြင်၌ မသင့်တော်သော သူမ၏ အပြုအမူကို မန်နေဂျာ မြင်ပါက သူတို့နှစ်ဦးအား အလုပ်ထုတ်ပစ်မည် စိုးသောကြောင့် ဖြစ်လေသည်။ လူထု၏ ဆိုးဆိုးရွားရွား အမြင်များမှလွဲ၍ ကာစီနို တည်ထောင်ခဲ့သည့် သက်တမ်းတစ်လျှောက် မကြာခဏ လာရောက်ဆော့ကစားသူများအနက် မည်သူတစ်ဦးတစ်ယောက်မျှ မနှောင့်ယှက်စေရန် စည်းကမ်းချက်တစ်ခု ထုတ်ထားလေသည်။
ယင်းမှာ ပိုက်ဆံ ဘယ်ကလာသည်ကို ဂရုမစိုက်ဘဲ ပါသမျှ ပိုက်ဆံမကုန်မချင်း ဧည့်သည်တိုင်း ငွေရလိုစိတ်ဖြင့် လောင်းကစားအား တစွဲတလမ်း ဆော့ကစားစေခြင်း ဖြစ်သည်။
ဒူးထောက်၍ မရခင်မှာပင် မြေကြီးပေါ် တွန်းလှဲချခံလိုက်ရသောကြောင့် ကလေးမလေးမှာ ကူကယ်ရာမဲ့ ငိုကြွေးလေတော့သည်။
ရှူချန်းလည်း ဆိုင်ကယ်ကို လမ်းဘေးတွင် ရပ်ပြီး ပြေးသွားလိုက်၏။
လုံခြုံရေးအစောင့်နှစ်ယောက်လည်း ရဲအရာရှိတစ်ယောက် ပြေးလာသည်ကို မြင်သည်နှင့် ဖြေရှင်းလိုက်ကြသည်။
"လောင်းကစားရုံတွေမှာ ပမွှားလေးတွေကို ဝင်ခွင့်မပြုဘူးဆိုတာ ခင်ဗျားလည်း သိမှာပါ။ ခင်ဗျား ဒီကလေးမလေးကို ပြောကြည့်ပါဦး"
ရှူချန်းက ကလေးမလေးအား ကူမပေးပြီးနောက် ဝင်ပေါက်နဘေးရှိ စကျင်ကျောက် စားပွဲတစ်ခုဆီ ခေါ်သွားလိုက်သည်။
"ဘာဖြစ်တာလဲ"
"ကျွန်မအဖေက လောင်းကစားစွဲနေတာ။ ကျွန်မတို့ မိသားစု စုဆောင်းထားတဲ့ ပိုက်ဆံ ၂၀၀၀၀၀ ယွမ်ကို ယူသွားတယ်။ ပြီးတော့ သူ ပြန်မထွက်လာတာ တစ်ရက်နီးနီး ရှိနေပြီ ..."
ကလေးမလေးမှာ ပြောရင်းနှင့် ငိုလေတော့၏။
"အဲဒါ အမေ့ ခွဲစိတ်ခတွေ။ ဆရာဝန်က ဒီညနောက်ဆုံးထားပြီး ခွဲစိတ်ရတော့မယ် ... ဆက်ပြီး ရက်ရွေ့လို့ မရတော့ဘူးလို့ ပြောတယ်။ ဒါပေမဲ့ ပိုက်ဆံရမှ ခွဲစိတ်မှုကို စတင်မှာ။ အခုတော့ အဖေက ပိုက်ဆံအားလုံးကို လောင်းကစားလုပ်ဖို့ ယူသွားတယ် ..."
ရှူချန်း မျက်မှောင်ကြုတ်လိုက်သည်။
ဒီလိုအဖေမျိုး တစ်ကယ် ရှိသလား ...
ကလေးမလေးက ရှူချန်း၏ အဝတ်အစားအား တင်းတင်း ဆုပ်ကိုင်ရင်း "အကိုကြီး ... ရှင် အထဲကိုဝင်ပြီး ကျွန်မအဖေကို ကူရှာပေးနိုင်မလားရှင်။ အဖေက လောင်းကစားရတာ ကြိုက်ပေမယ့် အမေ့ကို ခွဲစိတ်ဖို့ ပိုက်ဆံရှာနေတာလည်း ဖြစ်နိုင်တာပဲ။ ဒီနေ့နောက်ဆုံးထားပြီး ခွဲစိတ်ရမယ်ဆိုတာ သူ သိတယ်။ ဒါကြောင့် တစ်နေကုန် ပျောက်နေမှာ မဟုတ်ဘူး။ အထဲမှာ သူ တစ်ခုခု ဖြစ်နေပြီနဲ့ တူတယ်။ အရာရှိအစ်ကိုကြီး ... အထဲကို ဝင်သွားပြီး ကျွန်မအဖေကို ရှာပေးနိုင်မလားဟင်။ ကျွန်မ အခု ဘာလုပ်ရမှန်း မသိဘူး။ ပိုက်ဆံမရှိရင် အမေကို ဒီည ခွဲစိတ်မှု ပြုလုပ်နိုင်မှာ မဟုတ်ဘူး။ ဆရာဝန်ကလည်း အကောင်းဆုံးခွဲစိတ်ချိန် ကျော်သွားလိမ့်မယ်လို့ ပြောတယ်။ ဖေဖေလည်း အနားမှာမရှိတော့ ... ကျွန်မ တကယ် ဘာလုပ်ရမှန်း မသိတော့ဘူး"
ရှူချန်းတစ်ယောက် သနားသွားသည်။
"သမီးမှာ ဖုန်းရှိလား"
ကလေးမလေးက ခေါင်းညိတ်ပြလိုက်၏။
"သမီးအဖေရဲ့ ဓာတ်ပုံကော ရှိသလား"
ရှူချန်းက မေးမြန်းလိုက်သည်။
ကလေးမလေးက ရုတ်ချည်းပင် ဖုန်းကိုထုတ်ပြီး သူမအဖေ၏ ဓာတ်ပုံကို ထုတ်ပြလေ၏။
"ဒါ သမီးအဖေ ယန်ကုန်ရှ ပါ။ ကျေးဇူးပြုပြီးတော့ ကိုကိုရဲအရာရှိကြီးရယ် ... ကျေးဇူးပြုပြီး သူ့ကို သေချာ ရှာပေးပါနော်။ ဒီနေ့ညကျော်သွားတာနဲ့ မေမေ့ကို ကုလို့ ရတော့မှာ မဟုတ်ဘူး။ ကျေးဇူးပြုပြီး ပြောပေးပါနော်။ ပိုက်ဆံတွေအားလုံး ကုန်သွားရင်တောင် ကျေးဇူးပြုပြီး နောက်ဆုံးတစ်ကြိမ်အဖြစ် မေမေ့ကို လာတွေ့ဖို့ ပြောပေးပါနော်"
ရှူချန်းလည်း ခေါင်းညိတ်ပြလိုက်၏။
"ဒါဖြင့်လည်း သမီးအမေကို စောင့်ရှောက်ဖို့ ဆေးရုံကို အမြန်ပြန်နှင့် ဟုတ်ပြီလား။ သမီးအမေက ဘယ်ဆေးရုံမှာလဲ။ သူမ နာမည်ကရော"
"မေမေက ပထမ ပြည်သူ့ဆေးရုံမှာပါ။ မေမေ့နာမည်က လင်ဖန်း ပါ"
"ကောင်းပြီလေ ... အကို အထဲဝင်သွားပြီး သမီးအဖေကို ကူရှာပေးမယ် ဟုတ်ပြီလား"
"ကျေးဇူးအရမ်းတင်ပါတယ် အရာရှိကိုကို"
ကလေးမလေးမှာ အလွန်အမင်း ကျေးဇူးတင်သွားလေသည်။ မျက်ရည်များကို သုတ်ရင်း မျှော်လင့်ချက်ယှက်သန်းနေသော မျက်ဝန်းများဖြင့် သူ့အား ကြည့်လိုက်၏။
ရှူချန်းကိုယ်တိုင်လည်း ကာစီနိုအတွင်းသို့ ရဲယူနီဖောင်းဖြင့် ဝင်သွား၍ မရချေ။ သို့နှင့် ရဲစခန်းသို့ တစ်ခေါက်ပြန်လာပြီး အရပ်ဝတ်များကို လဲလှယ်လိုက်၏။ ပြီးလျှင် တက္ကစီတစ်စီးကို ငှားပြီး ကာစီနိုရှိရာသို့ ပြန်ထွက်လာလိုက်သည်။ သူ အတွင်းသို့ဝင်ရန် ကြိုးစားသည့်အခါ အစောင့်နှစ်ယောက်က သူ့အား မြင်ဖူးသည့်ပမာ ပြောဆိုနေကြလေ၏။
"ခင်ဗျားကို ကြည့်ရတာ မြင်ဖူးသလိုပဲ"
ပြောရလျှင် သူတို့နှင့် မကြာသေးခင်ကမှ ဆုံစည်းခဲ့သည်။ ကံကောင်း၍သာ သူ့အား ရဲအရာရှိမှန်ူ မမှတ်မိကြခြင်း ဖြစ်သည်။
"ကျုပ်က ဒီနားတစ်ဝိုက် ပတ်ဆော့နေတဲ့လူတစ်ယောက်ပါ။ ဒါကြောင့်လည်း ရင်းနှီးသလို ဖြစ်နေတာ နေမှာပေါ့"
ရှူချန်းက မျက်လုံးများကို ပင့်ရင်း ခန်းမအတွင်းသို့ ဝင်လာလိုက်၏။ ကာစီနိုရုံကြီးမှာ လွန်စွာ ကြီးမားလှလေ၏။ ခန်းမတစ်ခုတည်းကပင် အနည်းဆုံး စတုရန်းမီတာ ထောင်ဂဏန်းခန့် ကြီးမားပေမည်။ အတွင်း၌ လောင်းကစား စားပွဲပေါင်း ၅၀ ကျော် ရှိပြီး ၎င်းတို့တွင် အခြေခံအားဖြင့် ဂိမ်းမျိုးစုံ ရှိနေကြသည်။ စားပွဲတိုင်းတွင် ကစားသမား ၃ ဦးမှ ၅ ဦးအထိ ဝင်ရောက်ဆော့ကစားနိုင်ပြီး ပင်မခန်းတွင် လောင်းကစားသမား အနည်းဆုံး ၂၀၀ ခန့် ရှိနေလေသည်။ ထို့အပြင် ဒုတိယထပ်၌ ပိုမို လုံခြုံစိတ်ချရ၍ သီးသန့်ဆန်သော VIP ကဲ့သို့ သီးသန့်ခန်းများလည်း ရှိလေသည်။
အများအားဖြင့် မိမိတို့ ရောက်ရှိနေကြောာင်း တစ်ခြားသူများကို မသိစေချင်သည့် လူပုဂ္ဂိုလ်များအတွက် ဆောက်လုပ်ပေးထားသည့် အခန်းများ ဖြစ်လေသည်။ သို့သော် VIP အခန်းများသည် လောင်းကစားငွေ ကန့်သတ်ချက် သိသိသာသာ မြင့်မားပြီး ၎င်းတို့ ထည့်သွင်း ယူဆောင်လာရမည့် ငွေပမာဏလည်း အများအပြား လိုအပ်လေသည်။
ရှူချန်းလည်း အနီးနားမှ လူများကို မေးမြန်းစုံစမ်းကြည့်၏။ ပိုက်ဆံ ၅ သိန်းထက်ပိုသည့် ငွေပမာဏ ပြနိုင်သည့် ဧည့်သည်များသာ ဒုတိယထပ်သို့ တက်နိုင်ကြောင်း သိလိုက်ရသည်။ သို့နှင့် ကလေးမလေး၏ အဖေ ယန်ကုန်ရှ အား ပင်မခန်းမကြီးထဲတွင် ဆက်လက်ရှာဖွေလိုက်၏။ သို့သော် သူ အတန်ကြာ ရှာဖွေကြည့်သော်လည်း ရှာမတွေ့ဘဲ ဖြစ်နေသည်။ အချိန်ကလည်း တစစ နောက်ကျနေပြီ ဖြစ်၏။ ကလေးမလေး၏ သနားစဖွယ် မျက်နှာလေးကို ပြန်လည် မြင်ယောင်မိသည်နှင့် သူ့ရင်တွင် သနားကရုဏာစိတ်လေးများ ဖြတ်ပြေးသွား၏။ ငယ်စဉ်ကတည်းက အဖေဖြစ်သူ ဆုံးပါးသွားသော သူ့လိုမျိုး ကလေးမလေးကိုလည်း မိတကွဲ ဖတကွဲ မရှင်သန်လိုပေ။
ဖုန်းကို ထုတ်ကာ ရှူချန်းက ရှန်ယောင်အား ခေါ်ဆိုလိုက်၏။
ထို့နောက် မိသားစုဝင်တစ်ယောက်ယောက်ကို သတ်သွားသည့် လူသတ်သမားနှင့် စကားပြောနေရသည့် လေသံမျိုးနှင့် ရှန်ယောင်၏ လေသံ က ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာလေသည်။
"ကျုပ်ကို ကူညီပါ"
ရှူချန်းက ဒဲ့တိုးပင် ပြောလိုက်၏။
"မကူညီနိုင်ဘူး"
ရှန်ယောင်ကလည်း သူ့ထက်ပင် စကားဒဲ့တိုး ပြန်ပြောလိုက်၏။
ရှူချန်းက "အသက်တစ်ချောင်း ကယ်ဖို့ပါ" ဟု ပြန်ပြောသည်။
ရှန်ယောင်က "ရှင့်သောက်ပါးစပ်ပိတ်ပြီး ဘာလုပ်ရမယ်ဆိုတာသာ မြန်မြန်ပြော"
ရှူချန်းက "မင်းမှာ ပိုက်ဆံ ယွမ် ၂၀၀၀၀၀ လောက် ရှိမလား"
ရှန်ယောင်မှာ အံ့ကြိတ်ရင်း "ရှူချန်း ... ကျွန်မ ရှင့်ကို ပြောမယ်။ ရှင်အခု တကယ်ကြီး ပြောနေတာလား။ ရှင် ကျွန်မကို ဘာလုပ်ခဲ့သလဲဆိုတာ မေ့သွားပြီလား။ အဲဒါကို ကျွန်မဆီက ပိုက်ဆံလာချေးရဲတဲ့ သတ္တိရှိသေးတယ် ဟုတ်လား"
ရှူချန်းက "ပထမပြည်သူ့ဆေးရုံကို သွားပြီး လင်ဖန်းလို့ခေါ်တဲ့ မိန်းမတစ်ယောက်ကို သွားကြည့်စေချင်တာ။ သူမအတွက် ခွဲစိတ်ခ ဘယ်လောက်ကုန်ကျသလဲဆိုတာ စုံစမ်းပေးပါ။ ပြီးတော့ သူမ ခွဲစိတ်ခန်းဝင်နိုင်အောင် ဆေးဖိုးဝါးတွေ ဆရာဝန်ထံ ကျုပ်ကိုယ်စား ပေးထားစေချင်လို့ပါ"
ရှန်ယောင်က ရယ်မောလိုက်သည်။
"ကျွန်မက ရှင့်ကို ကူညီမယ်လို့ ထင်နေတယ်ပေါ့ ဟုတ်လား။ ဘာဖြစ်လို့ ကူညီရမှာလဲ"
ရှူချန်းက သက်ပြင်းချရင်း "ရှန်ယောင် ... အရိုးသားဆုံးပြောရရင် မင်းက တကယ်ကိုလှတယ်"
"ဟွမ့် .."
ရှန်ယောင်မှာစိတ်မပြေသေးဟန်နှင့် နှာခေါင်းရှုံ့ရင်း ပြန်ပြောလိုက်၏။
"ကိစ္စကို ရှင် သေချာရှင်းပြလေ"
"ငါလည်း အသေးစိတ် ဘယ်ကစပြောရမှန်း မသိဘူး။ ဒါပေမဲ့ ငါပြောနိုင်တာ တစ်ခုက ဒီနေ့ မင်းရဲ့ စကပ်ကို မတော်တဆ ဆွဲဖြဲမိသွားတော့ ငါ့ညီလေး ... ထောင်မတ်"
ရှန်ယောင်၏ မျက်လုံးအစုံ ရုတ်ချည်း ပြူးကျယ်သွား၏။ ပြီးလျှင် အသည်းအသန် အော်ဟစ်လိုက်လေတော့သည်။
"လူယုတ်မာ ... ရှင်နိုင်တယ် ပြောတော့"
အခန်း ၃၂ ပြီး