နတ်နဂါးစစ်သည်
အပိုင်း ၂၇
( အနည်းငယ် ခံစားသွားရခြင်း )
ပထမဆုံး ပြေးထွက်သွားသည့် မိန်းကလေးမှာ လင်ချူရွယ် မဖြစ်နိုင်ကြောင်း အတွေ့အကြုံရင့် သတင်းထောက်များက အငယ်များကို ရှင်းပြနေချိန် "ဒင်" ဟူသော မည်သံလေးနှင့်အတူ ဓာတ်လှေကား ပွင့်သံတသံ ထွက်လာလေသည်။
ထို့နောက် မျက်နှာအား မျက်မှန်၊ ဦးထုပ်များဖြင့် ကာရံရုပ်ဖျက်ထားသော ယန်ကျင်း ၏ ဦးခေါင်းလေး ဓာတ်လှေကားအတွင်းမှ ပြူထွက်လာ၏။ မင်းသမီးပင် ရှုံးလောက်သည့် အိုက်တင် ဖြစ်၏။ သူမပုံစံက လူမိသွားမည်ကို အလွန် စိုးရိမ်နေသည့်အလား ...။
ခြေတံသွယ်သွယ် ၁၆၈ စင်တီမီတာ အရပ်အမောင်းနှင့် ခါးသေးရင်ချီ ရှိသော သူမ၏ ကိုယ်လုံးကိုယ်ပေါက်ကလေးက လင်ချူရွယ် နှင့် အရွယ်တူ ဖြစ်နေသည်။ ခေါင်းထွက်ကြည့်လိုက်သည်နှင့် သူမအား အသင့်စောင့်ဆိုင်းနေကြသော သတင်းထောက်များ သတိမူမိသွားလေ၏။
ယန်ကျင်း လည်း ဓာတ်လှေကားအတွင်းမှ ချက်ချင်း ပြေးထွက်သွားသည်။ သူမက ရဲအရာရှိတစ်ယောက်ကဲ့သို့ လျင်လျင်မြန်မြန် မပြေးသွား ... မင်းသမီးလေးတစ်ယောက် ပြေးသွားသည့်နှယ် ပြုမူသွား၏။ ထို့ကြောင့် သတိကြီးလှသော အနှီ သတင်းထောက်တို့မှာ သူမအား မင်းသမီးလေး နှင်းဖြူ တစ်ဖြစ်လဲ လင်ချူရွယ် နှင့် မှားယွင်းသွားကြလေတော့သည်။
အတွေ့အကြုံရင့် သတင်းထောက်များ ပြေးလိုက်သွားသည်နှင့် အတွေ့အကြုံနု သတင်းထောက်သစ်လေးများမှာလည်း အပြေးအလွှား လိုက်ပြေးသွားလေ၏။
(၃) မိနစ်ကြာပြီးနောက် ပထမထပ်တစ်ခုလုံး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားလေတော့သည်။
ထိုအခါမှ ရှုချန်းမှာ ဓာတ်လှေကားမှတဆင့် လင်ချူရွယ် အား ခေါ်လာလေတော့သည်။
ဓာတ်လှေကားမှ ထွက်လာသည်နှင့် သတင်းထောက်များ သာမက ပရိသတ်များကိုပါ တစ်ဦးတလေမျှ မတွေ့ရတော့ချေ။ လင်ချူရွယ် က ကားသော့ကို ထုတ်ပြီး ကားပါကင်သို့ သွားရန် ပြင်လိုက်၏။ ထိုအခိုက် ရှုချန်းက သူမအား တားဆီးလိုက်လေသည်။
"ရှင် ဘာလုပ်ပြန်တာလဲ"
"ကားဆီ သွားမလို့လား"
ရှုချန်းက မျက်လုံးပင့်ရင်း ...
"ဘယ်ကားနဲ့ သွားမလို့လဲ။ မီဒီယာသမားတွေက မင်းစီးလာတဲ့ ကားမပြောနဲ့ ... ကားဂိုဒေါင်မှာ ရှိသမျှ မင်းရဲ့ ကားတိုင်းကို အလွတ်မှတ်မိတယ်။ အဲဒီလိုမှတ်မိလို့ မင်း ဒီနေရာမှာ ရှိနေမှန်း သူတို့ အလွယ်တကူ သိတာပေါ့။ ရောက်လာကတည်းက မြေအောက်မှာ ပါကင်ထိုးထားတဲ့ မင်းပြိုင်ကားကို လူအတော်များများ သတိမူမိသွားကြလိမ့်မယ်။ ဒါကြောင့် အခုမင်းကားရှိတဲ့နေရာက အန္တရာယ်အများဆုံး နေရာပဲ။ ခဏနေရင် အဲဒီကို ငါကိုယ်တိုင် လိုက်ပို့ပေးမယ်။ ဒါပေမဲ့ အခုလောလောဆယ်တော့ ငါ့နောက်ကပဲ လိုက်ခဲ့ဦး။ ငါကိုယ်တိုင် မင်းကုမ္ပဏီကို လိုက်ပို့ပေးမယ်"
လင်ချူရွယ် က ရှုချန်းအား ကြည့်ရင်း မေးလိုက်သည်။
"ရှင့်မှာ ကားရှိလို့လား"
ရှုချန်းက ...
"ဦးထုပ်နဲ့ နေကာမျက်မှန် ဝတ်လိုက်။ ပြီးတာနဲ့ လူသိပ်မသိတဲ့ ငါ့ရဲ့ မော်တော်ဆိုင်ကယ်နဲ့ မင်းကို လိုက်ပို့ပေးမယ်။ အဲဒီအချိန်ကျရင် တွေ့ကရာလူကို မင်းဟာ မင်းသမီး လင်ချူရွယ် ပါလို့ အော်ပြောလည်း ဘယ်သူမှ ယုံကြမှာ မဟုတ်တော့ဘူး။ ရိုးရိုးကလေး စဉ်းစားကြည့်ရင်တောင် သိသာတယ်။ နာမည်ကျော် ရုပ်ရှင်မင်းသမီး တစ်ယောက်က မထင်မရှား ဆိုင်ကယ်လေးပေါ်မှာ လိုက်စီးနေလိမ့်မယ်လို့ ဘယ်သူမှ ထင်ထားကြမှာ မဟုတ်ဘူး"
လင်ချူရွယ် က ရှုချန်း၏ မျက်လုံးတည့်တည့်ကို စိုက်ကြည့်လိုက်သည်။
ရှုချန်းက ရှေ့မှဦးဆောင်ကာ လျှောက်သွားလေသည်။ အတန်ကြာမှ ထိုအမျိုးသမီးကလေးသည် လုံးဝ မလိုက်လာဘဲ သူ့နောက်၌ ကျန်ရစ်ခဲ့သည်ကို သတိမူမိသွား၏။ သူလည်း ထူးဆန်းနေဟန်ဖြင့် သူမအား ပြန်ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ"
"အခု ကျွန်မမောင်လေး ပြောတဲ့စကားကို ယုံကြည်သွားလို့ပါ"
လင်ချူရွယ် က ခပ်တိုးတိုးပြောဆိုလိုက်၏။
"သူ ဘာပြောလို့လဲ"
ရှုချန်းက မေးမြန်းလိုက်သည်။
လင်ချူရွယ် တွင် နိုင်ငံခြား၌ နေထိုင်သော သွေးနှောမောင်လေးတစ်ယောက် ရှိလေသည်။
"ရှင်က အမှန်တကယ် ဉာဏ်ကောင်းရဲ့သားနဲ့ စာမေးပွဲတိုင်းမှာ ကျွန်မကို ပထမနေရာရအောင် တမင်တကာ ဖြေဆိုပေးခဲ့တယ်လို့ ပြောခဲ့တာ"
လင်ချူရွယ် က ပြောလိုက်သည်။
ရှုချန်း ခါးသက်သက် ပြုံးလိုက်မိသည်။
"ဒါတွေအားလုံး အတိတ်မှာ ကျန်ခဲ့ပြီပဲ"
စကားဆုံးသည်နှင့် ဆိုင်ကယ်ကို ယူလာ လင်ချူရွယ် နဘေးသို့ မောင်းလာလေ၏။
"ကဲ ... တက်"
လင်ချူရွယ် က ပန်းပွင့်ဂါဝန်လေးကို မရင်း တက်လိုက်သည်။ ဆိုင်ကယ်ပေါ်ရောက်မှ ရှုချန်း၏ ခါးကို ဖက်ထားသင့်၊ မသင့် တွေဝေနေလေသည်။ တစ်စက္ကန့်မျှ တုံ့ဆိုင်းနေပြီးမှ လက်ကို နောက်ပစ်ပြီး ခြေထောက်ကိုသာ ဆွဲကိုင်ထားလိုက်လေတော့သည်။
ရှုချန်းက ဆိုင်ကယ်အား အရှိန်တင်ကာ မောင်းသွားလိုက်၏။ လင်ချူရွယ် အတွက် ပထမဆုံး အကြိမ် ဆိုင်ကယ်စီးဖူးခြင်း ဖြစ်၍ ခန္ဓာကိုယ်အနေအထားကို အလိုက်သင့် မထားတတ်သေးချေ။
"ဖြည်းဖြည်းမောင်းပါရှင် ... ရှင့်မှာ ကလေးလည်း ရှိတာ မဟုတ်ဘူး"
"ခဏနေရင် ယန်ကျင်း နဲ့ ရှန်ယောင် တို့ကို မင်းမဟုတ်မှန်း သတိမူမိသွားကြလိမ့်မယ်။ ဒါဆိုရင် သတင်းထောက်တွေ ဒီနေရာကို ကျိန်းသေပြန်ရောက်လာကြမှာပဲ။ ဒါကြောင့် မင်းကုမ္ပဏီကို အမြန်ပြန်ရောက်အောင် အရှိန်တင်မောင်းနေတာ။ မင်းက အခု ပေါက်ကွဲတော့မယ့် ချိန်ကိုက်ဗုံးတစ်လုံး လိုပဲ ... အဲဒါကို မင်း သိရဲ့လား"
ခန္ဓာကိုယ်အား အလိုက်သင့် နေသားတကျ ဖြစ်စေရန် ခက်ခက်ခဲခဲ ကြိုးပမ်းနေရသော လင်ချူရွယ် အား နောက်ကြည့်မှန်မှတဆင့် ရှုချန်း မြင်လိုက်ရ၏။ ထို့အတွက် သူ့လေသံ သိသိသာသာ နူးညံ့သွားလေသည်။
"အထက်တန်းကျောင်းတုန်းက စက်ဘီးအတူတူ စီးခဲ့တုန်းကလို ငါ့ခါးကို ဖက်ထားလေ"
ရှုချန်း၏ စကားကြောင့် လင်ချူရွယ် မှာ တစ်စက္ကန့်မျှ မှင်တက်သွား၏။ ပြီးလျှင် နှုတ်ခမ်းထောင့်၌ အပြုံးလေးတစ်စုံ မသိမသာ တွဲခိုသွားလေသည်။ သူမက အပြစ်ကင်း ရိုးသားလှသော အထက်တန်းကျောင်းသူ ဘဝသို့ ပြန်လည် ရောက်ရှိသွားဟန်နှင့် ရှုချန်း၏ အဝတ်စလေးကို ဆွဲကိုင်လိုက်လေ၏။
ရုတ်တရက် လက်ကို သတ္တိရှိရှိမြှောက်ရင်း ကလေးလေးတစ်ယောက်ပမာ အော်ဟစ်ရွှင်မြူးသွားသည့် လင်ချူရွယ် အား ရှုချန်း သတိထားမိလိုက်သည်။
"မင်း ဘာလုပ်နေတာလဲ"
ရှုချန်းလည်း ထိတ်လန့်သွားပြီး မေးမြန်းလိုက်၏။
လင်ချူရွယ် က ပြုံးရင်း ပြန်အဖြေပေးလိုက်သည်။
"ကျွန်မကို ဘယ်သူမှ မမှတ်မိဘူးလို့ ရှင်ပဲ ပြောခဲ့တာလေ။ လေဟုန်ပျံဝဲရတဲ့ အရသာက တကယ် မိုက်တာပဲနော်"
ရှုချန်းလည်း ပြုံးရင်း ခေါင်းကိုမသိမသာ ခါယမ်းလိုက်လေသည်။ မိနစ် ၂၀ မျှ မောင်းနှင်ပြီးနောက် သူမ ကုမ္ပဏီရှိရာသို့ ရောက်သွားလေသည်။ ဆိုင်ကယ်ရပ်ပြီးသည့်အခါ သူ့အား ကြည့်နေသော လင်ချူရွယ် ကို တွေ့လိုက်ရ၏။
သူမက ...
"ရှင် လက်ဖက်ရည်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် တစ်ခုခု လိုက်သောက်ပါလား"
ရှုချန်းက ခေါင်းကိုခါယမ်းရင်း ပြောလိုက်သည်။
"မသောက်တော့ပါဘူး။ မင်းကားသော့ပေးလေ။ မင်းကားကို ငါ မောင်းလာခဲ့ပေးမယ်"
လင်ချူရွယ် က ခေါင်းလေးကို ညိတ်ရင်း ဝက်ဝံရုပ်ကီးချိန်းနှင့် ကားသော့ကို ကမ်းပေးလိုက်၏။
"ဒါဖြင့် ကျွန်မ သွားနှင့်တော့မယ်နော်"
ရှုချန်းလည်း ဆိုင်ကယ်ကို စက်ပြန်နှိုးပြီး စက်ဝိုင်းပုံ ကွေ့ကာ စကားတစ်ခွန်းမှ မဆိုဘဲ အံ့ကြိတ်နေရှာသော လင်ချူရွယ် အား နောက်တွင်ချန်ရစ်လျက် မောင်းထွက်သွားလေတော့သည်။ သူ၏ နောက်ကျောအား ငေးကြည့်နေသော လင်ချူရွယ် ၏ နှုတ်မှ လူကြီးလူကောင်း မဆန်တဲ့လူ ဟူသော ကျိန်ဆဲသံလေး လွင့်ပျံ့လာလေတော့၏။
"အတော် ထွက်သွားချင်နေတယ် ဟုတ်လား။ ရှင့်ဗိုက်ထဲမှာ အပြင်ထွက်လာမယ့် ကလေးလေး ရှိနေလို့လား ဟမ်"
ကုမ္ပဏီထဲ ဝင်လိုက်သည်နှင့် လက်ထောက်ကောင်မလေးနှင့် အေးဂျင့်တို့မှာ သူမအား ချက်ချင်း မှတ်မိသွားကြ၏။
နှစ်ယောက်စလုံး သူမထံ အူယားဖားလျားနှင့် ပြေးလာရင်း ...
"အမယ်လေး ... ကျွန်မတို့ကို လန့်ပြီးသေအောင်များ လုပ်နေသလား မင်းသမီးရယ် ... အခုရော ဘယ်ကိုသွားတာတုန်း။ ဖုန်းကိုလည်း ပိတ်ထားတယ်။ ချူရွယ် ... ဒီအတိုင်း ဆက်လုပ်နေလို့ကတော့ ကျွန်မတို့ နှလုံးရောဂါ ရလိမ့်မယ်။ မင်းသမီးကို ရှာဖို့ တွေ့ဖို့ချိန်းထားတဲ့ လုပ်ငန်းနှစ်ခုကို ခဏ နောက်ဆုတ်ထားလိုက်ရတယ်။ ပြီးတော့ ဂျာကြီးကလည်း မင်းသမီးကို စောင့်နေတယ်။ ကြည့်ရတာတော့ မင်းသမီးကို စောင့်နေရတဲ့လူတွေကို ထမင်းစားကျွေးပြီး တောင်းပန်မလို့နဲ့ တူတယ်"
လင်ချူရွယ် လည်း မန်နေဂျာရုံးခန်းသို့ ဆွဲခေါ်ခံရလေတော့သည်။ ပြီးလျှင် နာရီဝက်တိတိ သူမ၏ တဇွတ်ထိုး နိုင်မှုများကို မဖြစ်မနေ နားထောင်ခိုင်းရင်း ဆုံးမလေတော့၏။
အပြင်ထွက်လာသည့်အခါ လင်ချူရွယ် မှာ ပုံမှန်အတိုင်း ဘာမှမဖြစ်သလိုပင်။ ကုမ္ပဏီတစ်ခုလုံး၌ သူဌေး၏ ဆူပူဆုံးမမှုအား တည်တည်ငြိမ်ငြိမ်နှင့် နားထောင်နိုင်သူဆို၍ သူမ တစ်ဦးတည်းသာ ရှိနိုင်လေသည်။
"အစ်မ ချူရွယ် ... စောနက လူတစ်ယောက်လာပြီး အစ်မကားသော့ကို ပေးသွားတယ်။ ပြီးတော့ အစ်မကားကို ကုမ္ပဏီရှေ့က အမှတ် ၂၂ မှာ ရပ်ထားပြီးသွားပြီ"
ဓာတ်လှေကားမှတဆင့် ဆင်းလာသော လင်ချူရွယ် ကို မြင်သည်နှင့် လုံခြုံရေးက အပြေးကလေး လာပြီး ကားသော့ကို အပ်လေသည်။
လင်ချူရွယ် လည်း ခေါင်းညိတ်ပြလိုက်၏။ သော့ကိုယူပြီး ပြန်လှည့်ရန် ပြင်လိုက်စဉ် လုံခြုံရေးက အိတ်တစ်လုံးကို ထုတ်ပြီး ပြောလိုက်ပြန်၏။
"အော် ဟုတ်ပေသားပဲ။ အဲဒီလူက အစ်မလေးကို ဒီပီဇာတွေ ပေးဖို့လည်း မှာသွားသေးတယ်။ အစ်မလေး အခုလောက်ဆို ဆာနေလောက်ပြီတဲ့"
လင်ချူရွယ် လည်း အံ့အားသင့်သွားသည်။ သူမ အမှန်တကယ် ဗိုက်ဆာနေပြီ ဖြစ်၏။ လွယ်အိတ်ကို ခပ်မြန်မြန် ဖွင့်ကြည့်လိုက်ရာ အတွင်း၌ ချိစ်ပီဇာတစ်ဗူးကို တွေ့လိုက်ရလေသည်။ ပီဇာဗူးကို မြင်လိုက်ရမှ လင်ချူရွယ် ၏ မျက်နှာကလေး ပြုံးယောင်သန်းသွားသည်။
"ကားကို ခပ်မြန်မြန်သွားယူတာက ငါ့အတွက် ပီဇာဝယ်ပေးချင်လို့ပေါ့ ဟုတ်လား"
ယခုချိန်ထိ သူမအကြိုက် ချိစ်ပီဇာကို မှတ်မိနေသေး၍ လင်ချူရွယ် ၏ စိတ်ကလေး လှုပ်ရှားသွားသည်။
တကယ်တမ်းပြောရလျှင် ဓာတ်လှေကားအတွင်း ရှိစဉ်ကတည်းက လင်ချူရွယ် ၏ ဗိုက်မှ တဂွီဂွီ မြည်သံကို ရှုချန်း ကြားခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် အင်္ဂလန်တွင် ရှိစဉ်က လင်ချူရွယ် ၏ အနှစ်သက်ဆုံး အစားအစာဖြစ်သော ပီဇာအား အလာလမ်းတွင် ဝယ်ယူခဲ့ခြင်း ဖြစ်၏။
အပိုင်း ၂၇ ပြီး
နတ်နဂါးစစ်သည်
အပိုင်း ၂၈
( အရင်းခံစွမ်းအား )
'အမျိုးသား သုတေသန အခြေစိုက် စမ်းသပ်လေ့လာရေး ဌာန'
ဓာတ်ခွဲခန်းအပြင်ဘက်၌ နဂါးတပ်ဖွဲ့မှ နည်းပြဆရာမှာ ထိုင်ခုံတွင် ထိုင်လျက် တစ်စုံတစ်ရာအား စောင့်ဆိုင်းနေလေ၏။
နာရီဝက်မျှ ကြာသည့်အခါ အခန်းတွင်းမှ သိပ္ပံပညာရှင် (၃) ဦး ထွက်လာပြီး မက်စ်များကို ချွတ်ကာ တီးတိုးတိုင်ပင်နေကြလေ၏။
" ကျောက် ... ခင်ဗျား ယူလာတဲ့ ဇီဝသွေးရည်ကြည်ကို ကျုပ်တို့ စစ်ဆေးကြည့်ပြီးသွားပြီ။ အဲဒါက တိရစ္ဆာန်ရဲ့ မျိုးရိုးဗီဇ ထည့်သွင်းထားတဲ့ စမ်းသပ်သွေးရည်ကြည်တစ်မျိုးပဲ"
သိပ္ပံပညာရှင်တစ်ဦးက နဂါးတပ်ဖွဲ့မှ နည်းပြဆရာအား ဆေးရည်ကြည်စစ်ချက် အဖြေကို ပြောပြလိုက်သည်။
"တိရစ္ဆာန် မျိုးရိုးဗီဇ ပါတယ် ဟုတ်လား"
နည်းပြဆရာ ကျောက် တစ်ယောက် ခဏကြာမျှ တွေဝေသွားသည်။
"ဆရာ ပြောချင်တာက ရုပ်ရှင်တွေထဲကလို တိရစ္ဆာန်တွေရဲ့ မျိုးရိုးဗီဇတွေကို စမ်းသပ်လေ့လာနေကြတယ်လို့ ဆိုလိုချင်တာလား"
သိပ္ပံပညာရှင်က ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်တယ်။ ခင်ဗျားယူလာတဲ့ သွေးရည်ကြည်ထဲမှာ တစ်ကောင်ထက်မကတဲ့ တိရစ္ဆာန် အများကြီးရဲ့ မျိုးရိုးဗီဇတွေကို တွေ့ရှိရတယ်။ အဲဒီတိုင်းတပါးသားတွေရဲ့ မျိုးရိုးဗီဇ စမ်းသပ်မှု နည်းလမ်းတွေက တကယ်ကို ရဲရင့်ကြပြီး နည်းပညာကလည်း အရမ်းကောင်းတယ်လို့ ပြောရမယ်။ မျိုးရိုးဗီဇ စမ်းသပ်မှုတွေမှာ အောင်မြင်မှု ကြီးကြီးမားမား ရထားပြီး ကျုပ်တို့ မမှီနိုင်တဲ့ အဆင့်ကိုတောင် ရောက်နေနိုင်တယ်။ လက်ရှိအချိန်ထိ ကျုပ်တို့ အစွမ်းအစအရ အဲဒီသွေးရည်ကြည်ထဲမှာ လင်းနို့၊ သစ်ရွက်ခုတ် ပုရွတ်ဆိတ် နဲ့ သိမ်းငှက် စတဲ့ တိရစ္ဆာန်သုံးမျိုးရဲ့ မျိုးရိုးဗီဇတွေကိုပဲ တွေ့ရသေးတယ်"
နည်းပြဆရာ ကျောက် မျက်မှောင်ကြုတ်သွားသည်။
"အဲဒီသိပ္ပံပညာရှင်တွေက ဘာလုပ်ဖို့ ကြိုးစားနေကြတာလဲ"
သိပ္ပံပညာရှင်က ပြုံးပြလိုက်၏။
"ဒီကမ္ဘာကြီးထဲမှာ ရူးမိုက်မိုက် အတွေးအခေါ်ရှိတဲ့ မျိုးရိုးဗီဇ သိပ္ပံပညာရှင်တွေဆိုတာ အများကြီးပဲဗျ။ ပြီးတော့ နိုင်ငံအတော်များများကလည်း မျိုးရိုးဗီဇ ပညာရပ်နဲ့ ပတ်သက်ပြီး သုတေသနတွေ လုပ်ဆောင်နေကြပြီ။ အခုလောလောဆယ်တော့ ဘယ်နိုင်ငံမှ သိသာထင်ရှားတဲ့ အောင်မြင်မှုကြီး မရသေးဘူး။ သူတို့က လူသားရဲ့ ဒီအန်အေနဲ့ တိရစ္ဆာန်တွေရဲ့ ဗီဇကို ပေါင်းစပ်ပြီး အဆုံးအစမဲ့တဲ့ စွမ်းဆောင်ရည်တွေနဲ့ လူသားရဲ့ အစွမ်းကို ပိုပြီး မြှင့်တင်ဖို့ ကြိုးစားနေကြတာ။ ဒါပေမဲ့ ဘယ်သူမှတော့ မအောင်မြင်ကြသေးပါဘူး။ အဲဒီခြုံခိုတိုက်ခိုက်ခဲ့ရတဲ့ သိပ္ပံပညာရှင်တွေဆီမှာ အတော် ဆန်းကြယ်တဲ့ စိတ်ကူးအကြံဉာဏ်တစ်ခု ရှိတယ်။ လင်းနို့တွေဟာ သဘာဝအရ အကောင်းဆုံး အကြားအာရုံ ပိုင်ဆိုင်ထားကြတယ်။ သူတို့ရှေ့က အတားအဆီးတွေကို အသံလှိုင်းတွေ ထုတ်လွှင့်ပြီး ရှာဖွေတတ်တဲ့ အကြောင်းတော့ ခင်ဗျားလည်း သိမှာပါ။ တကယ်လို့ လင်းနို့တွေရဲ့ စွမ်းရည်နဲ့ လူသားရဲ့ ဒီအင်အေ ပေါင်းစပ်နိုင်ခဲ့ရင် အကြားအာရုံဟာ သာမန်ထက် အဆ ၁၅၀ ပိုကောင်းလာလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ အသံလှိုင်းလွန် တုံ့ပြန်ချက်တွေက အန္တရာယ်ကို ကြိုပြီး သတိပေးနိုင်တယ်။ ပြီးတော့ ကျုပ်တို့ရဲ့ ခန္ဓာကိုယ်ကို ပိုပြီး မြန်မြန်ဆန်ဆန် လှုပ်ရှားလာစေနိုင်တယ်"
ထို့နောက် သိပ္ပံပညာရှင်က သင်တန်းနည်းပြ ကျောက် အား လင်းနို့များ၏ နမူနာအချက်အလက်များကို ထုတ်ပြပြီး ရှင်းပြပြန်သည်။
"တိရစ္ဆာန်တစ်ကောင်တည်းနဲ့ ပေါင်းစပ်ပြီး စမ်းသပ်မှု အတော်များများ ပြုလုပ်ခဲ့ကြပေမယ့် နိုင်ငံအတော်များများမှာ အောင်မြင်မှု မရခဲ့ကြသေးဘူး။ သုတေသန ဓာတ်ခွဲခန်းမှာရှိတဲ့ အဲဒီလူရဲ့ တိရစ္ဆာန်ပေါင်းများစွာရဲ့ မျိုးရိုးဗီဇတွေကို တစ်ခုတည်းအဖြစ် စုစည်းကြည့်မယ့် စိတ်ကူးဟာ နေ့ခင်းဘက် အိပ်မက်,မက်နေတယ်လို့တောင် ပြောရမယ်"
သူတို့လေးဦးသား စကားတပြောပြောနှင့် လမ်းလျှောက်လာကြ၏။ ထိုအခိုက် နည်းပြဆရာ ကျောက် က စူးစမ်းလိုသည့်ဟန်ဖြင့် မေးမြန်းလိုက်လေသည်။
"ဘယ်လိုပုရွတ်ဆိတ်မျိုးပဲ ဖြစ်ဖြစ် ပုရွတ်ဆိတ်မျိုးစိတ်ထဲကပဲ မဟုတ်လား။ ရည်ညွန်းချက်အနေနဲ့ ဘယ်လို လက္ခဏာတွေနဲ့ စွမ်းဆောင်ရည်တွေကို ကျွန်တော်တို့ အသုံးပြုနိုင်သေးလဲ"
သိပ္ပံပညာရှင်က ခပ်ဖွဖွပြုံးရင်း အဖြေပြန်ပေးလိုက်သည်။
"ပုရွတ်ဆိတ်တွေကို အထင်မသေးနဲ့ဗျ။ သူတို့ခန္ဓာကိုယ်ထက် အလေးချိန် အဆ ၅၀ ပိုလေးတဲ့ အရာတွေကိုတောင် မနိုင်ကြတယ်။ အရင်တုန်းက သတ္တဗေဒပညာရှင်တစ်ဦးဟာ ပုရွတ်ဆိတ်တွေသာ လူသားအရွယ် ရှိလို့ကတော့ ကမ္ဘာကြီးကို လူသားတွေလက်ထဲက အရယူပြီး ထိန်းချုပ်နိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ဖူးတယ်။ ဒီအချက်ကို စဉ်းစားကြည့်ဗျာ ... တကယ်လို့ လူသားတွေသာ ပုရွတ်ဆိတ်တစ်ကောင်ရဲ့ စွမ်းဆောင်ရည် ရသွားခဲ့ရင် သူ့ထက် အလေးချိန် အဆ ၅၀ ပိုလေးတဲ့ အရာဝတ္ထုတွေကို မနိုင်လိမ့်မယ်။ ဒီအချက်က ကြောက်စရာပဲ မဟုတ်လား။ တွေးကြည့်ရုံနဲ့ စိတ်လှုပ်ရှားစရာ ဆိုပေမယ့် တကယ်တမ်းတော့ ခက်ခဲတဲ့ သုတေသန လုပ်ငန်းစဉ် တစ်ခုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပုရွတ်ဆိတ်တွေရဲ့ အရွယ်အစားက အရမ်း သေးငယ်လွန်းတော့ သူတို့ကို လေ့လာဖို့ အရမ်း ခက်ခဲတယ်လေ။ ပုရွတ်ဆိတ်တွေရဲ့ မျိုးရိုးဗီဇကို ထုတ်ပြီး ပေါင်းစပ်ကြည့်ဖို့ဆိုတာ ပိုလက်ဝင်တာပေါ့ မဟုတ်ဘူးလား။ ပုရွတ်ဆိတ်တောင် ဒီလောက် ခက်ခဲနေရင် တခြား တိရစ္ဆာန်တွေဆို စဉ်းစားသာ ကြည့်ပေတော့ဗျို့"
နည်းပြဆရာ ကျောက် က ထပ်မေးလိုက်ပြန်သည်။
"ဒါဖြင့် သိမ်းငှက်တွေကရော ဘာအတွက်လဲ"
သိပ္ပံပညာရှင်က အဖြေပြန်ပေးလိုက်၏။
" 'လျှင်မြန်ခြင်း' ဆိုတဲ့ စကားသုံးလုံးပဲ။ ဒီကမ္ဘာပေါ်မှာ လျှင်မြန်သွက်လက်ဆုံး တိရစ္ဆာန်ဟာ ကျားသစ်လည်း မဟုတ်သလို ကျားလည်း မဟုတ်ဘူး။ သိမ်းငှက်နဲ့ သိမ်းငှက်မျိုးနွယ်ဝင် ငှက်တွေပဲ။ ဝေဟင်ကနေ ပျံဝဲပြီး မြေပြင်က သားကောင်ကို ပုန်းရှောင်ချိန်မရအောင် ဖမ်းဆီးနိုင်တယ်။ ဒီအချက်ကို ကြည့်ရုံနဲ့ သိမ်းငှက်ဟာ ဘယ်လောက် လျှင်မြန်ဖျတ်လတ်တယ်ဆိုတာ မြင်သာမှာပေါ့။ ဒါပေမဲ့ ပိုပြီး မယုံနိုင်စရာကောင်းတဲ့ အချက်က သူတို့ရဲ့ ထူးခြားတဲ့ အမြင်အာရုံပဲ။ သူတို့ရဲ့ မျက်လုံးဟာ အရာဝတ္ထုတွေကို အဆပေါင်းများစွာ ချဲ့ပြီး ကြည့်ရှုနိုင်တယ်။ ဒါဟာ တယ်လီစကုပ်တွေနဲ့ အတူတူပဲ။ လူသား မျက်ကြည်လွှာနဲ့ မတူတဲ့အချက်က သိမ်းငှက်တွေရဲ့ မျက်ကြည်လွှာအတွင်းသားဟာ နှစ်ခု ရှိတာပဲ။ တစ်ခုက အလယ်မှာ ရှိပြီး ကျန်တစ်ခုက ဘေးဘက်မှာ ရှိတယ်။ အလယ်က မျက်ကြည်လွှာအတွင်းသားဟာ ရှေ့တည့်တည့်က အရာဝတ္ထုတွေကို ပီပီသသ မြင်တွေ့နိုင်စေပြီး ဘေးဘက်က တစ်ခုကတော့ သိမ်းငှက်တွေရဲ့ ရှေ့တည့်တည့်မှာရှိတဲ့ အရာဝတ္ထုတွေရဲ့ ပုံရိပ်ကို ဖမ်းယူသိမ်းဆည်းနိုင်တယ်။ အလယ်ဗဟို မျက်ကြည်လွှာအတွင်းသား နှစ်ခုနဲ့ ဖွဲ့စည်းထားတဲ့ သိမ်းငှက်ရဲ့ ဦးခေါင်းရှေ့ပိုင်းဟာ အာရုံခံမှု အားအကောင်းဆုံး အဝေးကြည့် မှန်ပြောင်းပုံ အပိုင်းအခြားတစ်ခု ဖြစ်တဲ့အတွက် သိမ်းငှက်တွေရဲ့ အမြင်အာရုံဟာ စက်လုံးတစ်လုံးနဲ့ ဆင်တူတယ်လို့ ပြောရနိုင်တယ်။ ဒီလိုစက်လုံးပုံအမြင်ကြောင့် အဝေးက အလွန်ကျယ်ပြောတဲ့ နေရာဒေသတွေကို တစ်ပြိုင်နက်တည်း တွေ့မြင်နိုင်ကြတာ ဖြစ်တယ်"
နည်းပြဆရာ ကျောက် က စိုးရိမ်နေသည့် လေသံဖြင့် မေးလိုက်သည်။
"ဒါဖြင့် ကျွန်တော် ယူလာတဲ့ သွေးရည်ကြည်က အလုပ်ဖြစ်ရဲ့လား။ တကယ်လို့ အဲဒီသွေးရည်ကြည်ကိုသာ လူတစ်ယောက်ယောက်ရဲ့ ခန္ဓာကိုယ်ထဲ ထိုးသွင်းလိုက်ရင် ဘာတွေ ဖြစ်လာနိုင်သလဲဟင်"
"လူ့ခန္ဓာကိုယ်ထဲ ထိုးသွင်းမယ် ဟုတ်လား"
သိပ္ပံပညာရှင်က ခါးသက်သက် ပြုံးပြလိုက်သည်။
"အသက်သေဆုံးတာမျိုးပဲ ဖြစ်ဖြစ် ... ကိုယ်တွင်းအင်္ဂါတွေ ပျက်ယွင်းပြီး ပြင်ပရောဂါဘယကြောင့် သေဆုံးရမယ့်အချိန်ကို ထိုင်စောင့်နေရတာမျိုးပဲ ဖြစ်ဖြစ် ဖြစ်လာမှာပေါ့။ ခင်ဗျား ယူလာတဲ့ သွေးရည်ကြည်ကို ကျုပ်တို့ စစ်ဆေးကြည့်ပြီးသွားပြီ။ ပေါင်းစပ်မှု အချိုးအဆက သိပ်မမြင့်မားတော့ ချို့ယွင်းချက်ရှိတဲ့ ထုတ်ကုန်တစ်ခုလို့ သတ်မှတ်လို့ ရနိုင်တယ်။ တိရစ္ဆာန်တစ်ကောင်ရဲ့ မျိုးရိုးဗီဇနဲ့ လူသားရဲ့ ဒီအန်အေကို ပေါင်းစပ်ရတာ အတော်ကလေး ခက်ခဲတဲ့ အလုပ်ပဲဗျ။ တိရစ္ဆာန်မျိုးစုံရဲ့ မျိုးရိုးဗီဇတွေကို ဟန်ချက်ညီညီ ပေါင်းစည်းပြီး လူသားခန္ဓာကိုယ်ထဲ ထိုးသွင်းတာဆိုရင် ပိုဆိုးမှာပေါ့။ ထိုးသွင်းခံရသူရဲ့ ဒီအန်အေတစ်သျှူးတွေဟာ တိရစ္ဆာန်မျိုးစပ် မျိုးရိုးဗီဇဆဲလ်တွေရဲ့ ဝါးမြိုဖျက်ဆီးခြင်းကို ခံရလိမ့်မယ်။ ဇီဝဗေဒ သုတေသန သမိုင်းတစ်လျှောက် အခုလို စမ်းသပ်ချက် အောင်မြင်ခဲ့တယ်လို့ ကျုပ်တို့ မကြားဖူးဘူး"
နည်းပြဆရာ ကျောက် က သက်ပြင်းချရင်း ပြောလိုက်သည်။
"ဒီတခေါက် နဂါးတပ်ဖွဲ့ဝင် ရွေးချယ်ပွဲမှာ အရည်အချင်း ပြည့်မှီသူ မူလက သုံးဦး ရှိခဲ့ပေမယ့် တစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို အဲဒီသွေးရည်ကြည် ထိုးသွင်းခံခဲ့ရတယ်။ ဒါကြောင့် သူ့ရဲ့ ကျန်းမာရေးနဲ့ ပြီးပြည့်စုံတဲ့ စွမ်းရည်တွေ ကျဆင်းသွားခဲ့တယ်။ ပြောရရင် အတော်ကလေး သနားစရာပါပဲ"
သိပ္ပံပညာရှင်က ပြန်ပြောလိုက်သည်။
"အဲဒါအမှန်ပဲဗျ။ ပြီးတော့ အဲဒီလူအတွက် အချိန်သိပ်မကျန်တော့ဘူး။ ကျုပ်တို့ နည်းနည်းလောက် လျော့ပေါ့ စဉ်းစားပေးလို့ ရပါတယ်။ နဂါးတပ်ဖွဲ့မှာ လူပိုတွေ မရှိပေမယ့် အနည်းဆုံးတော့ သူ့ကို သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေမှာ ကူညီခိုင်းလို့ ရတာပဲ"
နည်းပြဆရာ ကျောက် တစ်ယောက် မချိတင်ကဲ ပြုံးလိုက်မိသည်။
"ကျွန်တော်လည်း အဲဒီလို စဉ်းစားမိပါတယ်။ ဒါပေမဲ့ စစ်ဖက်ရေးရာက တက်လာတဲ့ အဲဒီလူဟာ အတော်မာနကြီးတယ်တဲ့။ နဂါးတပ်ဖွဲ့က သနားသောအားဖြင့် ပေးသနားလာတဲ့ ဘယ်လိုနေရာ ဘွဲ့ထူးကိုမှ မလိုချင်ဘူးလို့ ပြောတယ်"
သိပ္ပံပညာရှင်က ခေါင်းတဆတ်ဆတ် ညိတ်ရင်း ...
"ဒါဖြင့်လည်း သူ့ကို ပင်စင်လစာ ကောင်းကောင်းနဲ့ အကျိုးခံစားခွင့် ကောင်းကောင်းရနိုင်မယ့် နေရာကောင်းမျိုးမှာ ခန့်ကြည့်ပေါ့လေ။ ဘာပဲပြောပြော နဂါးတပ်ဖွဲ့ဝင်ဖြစ်ဖို့ အသက်သွေးချွေးတွေ ရင်းနှီးခဲ့တဲ့ စစ်သည်တော်တိုင်းဟာ လေးစားထိုက်စရာ လူတော်တွေချည်းပဲ မဟုတ်လား "
နည်းပြဆရာ ကျောက် လည်း ခေါင်းညိတ်ပြလိုက်၏။
"လိုအပ်တာမှန်သမျှ စီစဉ်ပြီးပါပြီ။ အဲဒီလူက အခုတော့ ရှန်ချန်း မြို့မှာ လှည့်ကင်းရဲအရာရှိအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ ပြဿနာကြီးကြီးမားမား မဖြစ်သရွေ့တော့ သူ့အတွက် အကောင်းဆုံး ဖြစ်အောင် ကျွန်တော်တို့ဘက်က ဖြည့်ဆည်းပေးမှာပါ"
သိပ္ပံပညာရှင်လည်း ခေါင်းညိတ်ပြလိုက်သည်။
"အခွင့်ရတဲ့အခါ သူ့ဆီသွားပြီး စကားလေးဘာလေး ပြောကြည့်ပေါ့။ ကျုပ် ပြောချင်တာက နောက်ဆုံး သူ ဘယ်လိုမှ ကျော်ဖြတ်လို့မရခဲ့ရင် သူသေဆုံးပြီးတဲ့နောက် သူ့ရဲ့ ခန္ဓာကိုယ်ကို လှူဒါန်းနိုင်မလားလို့ မေးပေးဖို့ပါ"
နည်းပြဆရာ ကျောက် မျက်မှောင်ကြုတ်သွားသည်။
"အဲဒါ အကြံကောင်းလို့တော့ ကျွန်တော် မထင်ဘူး။ ဘာပဲပြောပြော အဲဒီမတော်တဆမှုကြောင့် သူ့ဘဝ ပျက်ခဲ့ရပြီးပြီ။ သူ့ကို အခုလို စကားထပ်ပြောရမယ်ဆိုရင် အနာပေါ် ဆားဖြူးသလို ဖြစ်နေမှာပေါ့။ သူ့ခန္ဓာကိုယ်ကို သေပြီးတဲ့နောက် သုတေသနလုပ် စမ်းသပ်ဖို့အတွက် တောင်းခံတာ လူသားမဆန်ဘူးလို့ ကျွန်တော် ထင်တယ်"
သိပ္ပံပညာရှင်လည်း ခါးသက်သက် ပြုံးပြလိုက်၏။
"ကျုပ်သိပါတယ်။ ဒါကြောင့်လည်း ခင်ဗျားကို သွားမေးနိုင်မလားလို့ မေးကြည့်တာပါ။ သူသာ ဆန္ဒမရှိရင် ကျုပ်တို့ဘက်ကလည်း အတင်းအကြပ် မလုပ်ပါဘူး။ ကျုပ်က ခင်ဗျားကို တစ်ခေါက်လောက် ကြိုးစားကြည့်စေချင်တာပါ"
"ကောင်းပြီလေ ... ဒါဖြင့်လည်း ကျွန်တော် လူမိုက်ကြီး လုပ်ပေးရမှာပေါ့။ ခင်ဗျားတို့ သိပ္ပံပညာရှင်တွေရဲ့ စိတ်ထဲမှာ ရလဒ်တွေ ထွက်ဖို့နဲ့ ဆုလာဘ်တွေ ရဖို့ပဲ တွေးနေကြတာပဲနော်"
နည်းပြဆရာ ကျောက် က ကျိန်ဆဲလိုက်လေတော့သည်။
သိပ္ပံပညာရှင်က ...
"ဒီလိုဖြစ်လာခဲ့ရင်လည်း သူ့အတွက် မနစ်နာရအောင် လျော်ကြေးငွေ ပိုပေးလို့ရပါတယ်။ သူ့ရဲ့အိပ်မက်က တိုင်းပြည်ကောင်းကျိုး ထမ်းရွက်ဖို့အတွက် ဆိုတော့ ရဲစခန်းမှာ ရှိနေတဲ့ သူ့ကို အခွင့်အရေး ပိုများများ ရအောင် လုပ်ပေးကြတာပေါ့။ ဒါဆိုရင် မသေခင် သူ့ဆန္ဒကို ဖြည့်ဆည်းပေးသလိုလည်း ဖြစ်မှာပါ"
"နားလည်ပါပြီ"
နည်းပြဆရာ ကျောက် က ပြန်ပြောလိုက်၏။
"သူ့ အထက်အရာရှိကို မေးကြည့်လိုက်ပါ့မယ်။ ကောင်းပြီလေ ... ခင်ဗျားတို့ သုတေသန လုပ်ငန်းမှာ တိုးတက်မှု တစ်ခုတလေ ရှိရင်လည်း ကျွန်တော့်ကို အသိပေးပါဦး။ ကဲ ... အခု ကျွန်တော် ပြန်လိုက်ဦးမယ်"
...
ရှန်ချန်း မြို့ ...
ရေခဲသေတ္တာအတွင်းမှ အအေးဗူးတစ်ဗူးကို ထုတ်သောက်ပြီး လေ့ကျင့်ခန်းအတွင်းသို့ ရှုချန်း ဝင်လာလိုက်၏။ ပုံမှန်အတိုင်း သူ တံခါးကို ပိတ်လိုက်သည်။ သို့သော် တံခါးလက်ကိုင်တစ်ခုလုံး သူ ဆွဲဖြုတ်မိလိုက်သည်ကို တအံ့တဩ တွေ့လိုက်ရလေ၏။
ရှုချန်း မျက်မှောင်ကြုတ်ပြီး ပတ်ပတ်လည်ကို ကြည့်ရင်း ကျိန်ဆဲလိုက်သည်။
"ဘယ်လို အသုံးမကျတဲ့ ဆောက်လုပ်ရေးကုမ္ပဏီက ဒီတိုက်ကို ဆောက်ခဲ့သလဲ မသိဘူး။ ဈေးပေါတဲ့ ပစ္စည်းတွေ ထည့်သုံးထားပါလား ... ချီးပဲ။ ဒီအတိုင်းလေး ဆွဲလိုက်တာနဲ့ တံခါးလက်ကိုင်ဘုက ပြုတ်ပါလာရသလား"
ထို့နောက် အထွေအထူး မစဉ်းစားမိဘဲ စားပွဲဆီသို့ ပြန်လာလိုက်၏။ ရေသောက်ရန် ဖန်ခွက်အား မလိုက်၏။ သို့သော် သူ့လက်နှင့် ဆုပ်ကိုင်လိုက်သည်နှင့် ဖန်ခွက် အစိတ်စိတ်အမြွာမြွာ ကွဲထွက်သွားသည်ကို တွေ့လိုက်ရလေတော့သည်။
အခန်း ၂၈ ပြီး