နတ်နဂါးစစ်သည်
အပိုင်း ၂၅
( ရုတ်တရက်ရောက်လာသော သတင်းထောက်များ )
(၁၂) နာရီ ထိုးခါနီးတွင် ယန်ကျင်း လည်း မီးဖိုချောင်သို့ ဝင်ကာ ချက်ပြုတ်လေ၏။ လင်ချူရွယ် နှင့် ရှန်ယောင် တို့နှစ်ဦးမှာ ဧည့်ခန်းထဲတွင် ထိုင်ရင်း ရှေးဟောင်းနှောင်းဖြစ်များ ဆက်ပြောနေကြ၏။
"နင်နဲ့ ဘော်ဒါကဏ္ဍရပ်စဲရမယ်။ တပါတ်တိတိ အနားရတာကို ငါ့ကို လုံးဝ မပြောဘူး ဟုတ်လား"
မည်သူမျှမရှိခိုက် လင်ချူရွယ် က ရှန်ယောင် အား စတင် အပြစ်တင်စကား ဆိုလိုက်၏။
ရှန်ယောင် လည်း အမှားလုပ်မိသူတစ်ယောက်အလား လျာလေး ထုတ်ပြရင်း ...
"မလုပ်ပါနဲ့ဟာ ... ငါလည်း နင့်ကို ပြောပြချင်ပါတယ်။ ဒါပေမဲ့ နင့်အခြေအနေက အရင်ကနဲ့ တူမှ မတူတော့တာ။ နင့်ကိုယ်နင်လည်း ကြည့်လေ ... ဘယ်သွားသွား နင့်ပုံပါတဲ့ ပိုစတာတွေ လမ်းမှာ အပြည့် မြင်နေရတာ။ နင်က နာမည်ကြီး ဖြစ်နေပြီ။ နင်သွားလေရာ လမ်းတွေတောင် ပိတ်နေတာ သိရဲ့လား။ ငါသာ နင်နဲ့ တွေ့လို့ကတော့ သေလုမြောပါး နှိပ်စက်ခံရမှာဟဲ့။ ပြီးခဲ့တဲ့တစ်ခေါက် ဖြစ်သွားတာတွေကို ငါ အခုထိ မေ့မရသေးဘူး။ ဒါကြောင့် နင်ကလွဲပြီး အားလုံးကို ငါ တစ်ပတ် အနားရတဲ့အကြောင်း ပြောဖြစ်ခဲ့တာပါ"
လင်ချူရွယ် မှာ နားရွက်နောက်မှ ဆံပင်စလေးများကို သပ်နေတော့၏။ နောက်ဆုံး လက်ကို ချပြီး စားပွဲပေါ်မှ သစ်သီးလှီးဓားပါးလေးကို ယူရင်း ပန်းသီးတစ်လုံးကို လှီးဖြတ်နေလေ၏။
"ပြီးခဲ့တဲ့တစ်ခေါက်က တကယ့်ကို မတော်တဆပါ။ ပရိသတ်တွေက ငါ့ကို မှတ်မိနေလိမ့်မယ်လို့ ငါလည်း မထင်ထားဘူး"
"သေလိုက်ဟယ် ... နင့်ရဲ့ စိတ်မနှံ့တဲ့ ပရိသတ်တွေကြောင့် ငါ့ဘဝမှာ ပထမဆုံး ယောက်ျားလေး ရေချိုးခန်းထဲ ဝင်ပုန်းခဲ့ရတာ။ မတော်လို့ ဒီအကြောင်းသာ လူတွေ သိသွားလို့ကတော့ ငါ့နာမည်က ဂွမ်းပြီ"
ရှန်ယောင် က လင်ချူရွယ် အား လှမ်းကြည့်ရင်း ပြောလိုက်သည်။
"ဒါနဲ့ နေပါဦး ... ငါအခု နားရက်ရမှန်း နင် ဘယ်လို သိတာလဲ"
"နင် ... နင်က ဘယ်တိုင်းပြည်ရောက်ရောက် ရောက်တဲ့နေရာမှာ ဓာတ်ပုံရိုက်ပြီး Weibo မှာ အမြဲ တင်နေကြပဲ။ သုံးရက်တိတိ Weibo မှာ နင့်ဓာတ်ပုံ အသစ်မတက်တာ မြင်တော့ ဒီကောင်မတော့ ပိတ်ရက်ရပြီ ဆိုပြီး တွေးမိတာပေါ့ဟဲ့"
လင်ချူရွယ် က ဂုဏ်ယူဝံ့ကြွားဟန်နှင့် ပြောဆိုလိုက်၏။
ရှန်ယောင် က ...
"နင်တစ်ယောက်တည်း ငါ့ကို ဒီအထိ လာရှာရဲတယ်နော်။ နင့်အေးဂျင့်တွေ ဘာတွေများ အရင်လွှတ်လိုက်တာ မဟုတ်ဘူးဟယ်။ မတော်လို့ နင့်ပရိသတ်တစ်ယောက်ယောက်သာ တွေ့သွားလို့ကတော့ ဟင်း ဟင်း ... နင့်ပရိသတ်တွေ ဘယ်လောက် အရူးထသလဲဆိုတာ ငါ သိတယ်နော်"
လင်ချူရွယ် က ဘာကိုမှ မစိုးရိမ်သည့်အလား ပန်းသီးကို တစ်ကိုက်ကိုက်ရင်း ပြောလိုက်သည်။
"အေးဂျင့်ကို ငါနဲ့အတူ ခေါ်လာရင် အခုလို နင်နဲ့ အေးအေးဆေးဆေး တွေ့နေရမယ် ထင်နေလို့လား။ ဝေးသေး ... ဒီမှာ ဒီလိုလုပ် ... ဟိုမှာ ဟိုလိုလုပ်နဲ့ ... နေ့တိုင်းပဲဟယ် ... ငါတော့ မောလွန်းလို့ သေသာ သေလိုက်ချင်တော့တာပဲ"
ရှန်ယောင် လည်း ပိုမိုစိတ်ဝင်စားသွားဟန်နှင့် သူမအနား တိုးကပ်သွားလေသည်။
"ဒါဖြင့် နင် ဒီကို ဘယ်လိုရောက်လာတာလဲ"
"ငါ အိမ်သာ သွားချင်ယောင်ဆောင်တာပေါ့ဟဲ့။ ပြီးမှ သူတို့ဆီ မက်ဆေ့တစ်စောင် ပို့ပြီး ငါ့ဖုန်းကို ပိတ်လိုက်တာ"
ယခုလို အပြုအမူမျိုး ပထမဆုံးအကြိမ် မဟုတ်သည့်အလား လင်ချူရွယ် က အပြုံးလေးနှင့် ပြောလိုက်၏။
ရှန်ယောင် လည်း စိတ်ပျက်လက်ပျက်နှင့် ပြောလေတော့သည်။
"နင့်အေးဂျင့်နဲ့ အကူတွေတော့ အခုလောက်ဆို ခေါင်းမီးတောက်နေလောက်ပြီ"
ထိုအချိန်၌ ရှုချန်းမှာ တစ်ရေးတမော အိပ်နေရာမှ ပြန်နိုးလာပြီး အဝတ်လှမ်းရန် ဝရန်တာကို ထွက်သွားလေသည်။ သူက အဝတ်များကို အဝတ်လျှော်စက်ထဲ ဦးဆုံး ထည့်လိုက်၏။ သိပ်မကြာခင် ရှုချန်း၏ မျက်လုံးထောင့်၌ လူရိပ်တစ်ရိပ်ကို ဖျတ်ခနဲ မြင်လိုက်ရသည်။ ပန်းပွင့်ပုံ ဝတ်စုံလေးနှင့် လင်ချူရွယ် တစ်ယောက် သူ့နောက်တွင် ရပ်နေလေ၏။ နောက်ဆုံးအဝတ်ကို လှမ်းပြီးချိန် ရှုချန်းမှာ ဘာပြောရမှန်း မသိ၍ ပြတင်းပေါက်ဆီ လျှောက်သွားပြီး ကောင်းကင်ကြီးကိုသာ မော့ကြည့်နေလေသည်။
လင်ချူရွယ် က သူ့အနား လျှောက်လာရင်း ပြတင်းပေါက်ပေါ် လက်တင်ကာ စကားဆိုလိုက်၏။
"အထင်မလွဲပါနဲ့ရှင် ... ရှင် ဒီမှာနေမှန်း ကျွန်မ တကယ် မသိလို့ပါ။ ဒါ တိုက်ဆိုင်မှုတစ်ခုပဲနော်။ ဒီတိုင်းပြည်ကို ရောက်ကတည်းက ကျွန်မမှာ သူငယ်ချင်းကောင်းဆိုလို့ နည်းနည်းပဲ ရှိတာပါ။ အဲဒီထဲမှာ ရှန်ယောင် လည်း တစ်ယောက် အပါအဝင်ပေါ့"
ရှုချန်း ခေါင်းညိတ်ပြလိုက်သည်။
"ယန်ကျင်း ကို ပြောလိုက်တဲ့ စကားကလည်း ကျွန်တော် နောက်ပြောင်ပြီး ပြောခဲ့တာပါ။ ပြီးတော့ အဲဒီစကားကို ဘယ်သူမှလည်း မယုံကြပါဘူး။ ဒီတော့ စိတ်မပူပါနဲ့ ... ခင်ဗျား လက်ထပ်ထားတာကို ဘယ်သူမှ မသိကြပါဘူး"
လင်ချူရွယ် လည်း ခေါင်းလေးကို မသိမသာ ညိတ်ပြ၏။ ကောင်းကင်ကြီးအား မော့ကြည့်နေသည့် သူမမျက်ဝန်းများက ရှုချန်း၏ မျက်နှာအား မသိမသာ ငေးကြည့်နေသည်။ ပြီးနောက် စကားလမ်းကြောင်း ပြောင်းလိုက်လေ၏။
"ရှင်ကော ဘယ်လိုလဲ ... အလုပ်မှာ အဆင်ပြေရဲ့လား"
"ဒီမှာနေရတာ နည်းနည်း အသားမကျသေးရုံကလွဲရင် ကျန်တာအားလုံး အဆင်ပြေပါတယ်။ စစ်တပ်မှာ လေး ငါးနှစ် နေခဲ့ရတော့ အပြင်ဘက်လောကကြီးက ဒီလောက်ထိ မြန်မြန်ဆန်ဆန် ပြောင်းလဲနေလိမ့်မယ်လို့ မထင်ထားမိဘူး"
ရှုချန်းက သူမဘက်သို့ လှည့်ရင်း ပြုံးပြလိုက်သည်။
"ဒါပေမဲ့ မင်းက ... အခုဆို ဘယ်နေရာသွားသွား နာမည်ကြီးနေတာပဲနော်။ တခြားတဖက်မှာ ကျုပ်ကတော့ အစွန့်ပစ်ခံ ဖြစ်နေရတယ်"
"ရှင့်ရည်မှန်းချက် အိပ်မက်ကို အခုထိ မစွန့်လွှတ်သေးဘူးလား"
လင်ချူရွယ် က သူ့အား ငေးကြည့်ရင်း မေးမြန်းလိုက်သည်။
ရှုချန်းတစ်ယောက် ကောင်းကင်အား ပြန်လည် ငေးမောကြည့်မိလိုက်၏။ အတန်ကြာသည်အထိ သူ စကားမဆိုဘဲ နှုတ်ဆိတ်နေသည်။ ပြီးမှ အံ့ကို တင်းတင်းကြိတ်ရင်း အဖြေပြန်ပေးလိုက်သည်။
"ကျုပ်အဖေနဲ့ ကျုပ်ကို စွန့်ပစ်သွားခဲ့တဲ့ အဲဒီ ရီ မိသားစုဝင်တွေကို မရရအောင် ရှာဖွေပြီး တရားမျှတမှုကို ပြန်တောင်းဆိုရမယ်"
ဆုံးဖြတ်ချက် ပြတ်သားနေသော ရှုချန်း၏ မျက်နှာကို လင်ချူရွယ် မြင်လိုက်သည်နှင့် သူမစိတ်နှလုံးထဲ တိုးတိုးကလေး ရေရွတ်မိလိုက်လေသည်။
"ကျွန်မလည်း လက်မလျော့ဘူး။ ကျွန်မတို့ရဲ့ လက်ထပ်ပွဲကို ယုံကြည်ချက်အပြည့်၊ သတ္တိအပြည့်နဲ့ ရှင် ရင်ဆိုင်လာရဲတဲ့နေ့ကို စောင့်နေဦးမှာ"
ပြတင်းပေါက်နဘေးတွင် အတန်ကြာ မတ်တပ်ရပ်နေပြီးနောက် သူမ စကားဆက်လိုက်သည်။
"ရိုးရိုးသားသား ပြောရရင် ကျွန်မတို့နှစ်ဦး အခုလို အရမ်းတွေ သူစိမ်းဆန်နေစရာလည်း မလိုပါဘူး။ ဘာပဲပြောပြော ကျွန်မတို့က လက်ထပ်ထားကြတဲ့လူတွေပဲ မဟုတ်လား"
"မင်းအလုပ်နဲ့ ဘယ်လိုဖြစ်မလဲ။ မင်းက အခုဆိုရင် နာမည်ကျော် ဘုရင်မတစ်ပါး ဖြစ်နေပြီ။ မင်းဟာ လက်ထပ်ဖူးတဲ့ မိန်းမတစ်ယောက် ဆိုတဲ့ သတင်းစကားမျိုး မဆိုထားနဲ့ ... တခြား သွားပုပ်လေလွင့် ကောလဟာလတွေကြောင့် မင်း ထိခိုက်သွားမှာကိုတောင် ကျုပ် မလိုလားဘူး။ ကျုပ်တို့ သတိထားမှ တော်ကာကျမယ်။ ကျုပ်တို့နှစ်ယောက်အကြောင်း ပေါ်သွားမှာစိုးလို့ ကျုပ် မင်းကို ဖုန်းတောင် မဆက်ခဲ့ဘူး။ ဒါဟာ ကျုပ်မင်းကို ပေးခဲ့ဖူးတဲ့ ကတိစကားအတိုင်း ကျုပ် ရှေ့ဆက်လျှောက်မှာပါ"
လင်ချူရွယ် မှာ ခေါင်းကို မသိမသာ ညိတ်ပြရင်း ပြောလိုက်သည်။
"ရှင် အဆင်ပြေသလိုသာ လုပ်ပါ"
ထို့နောက် တစ်ဖက်သို့ ပြန်လှည့်ပြီး အိမ်ခန်းအတွင်းသို့ ဝင်သွားလေသည်။
သို့သော် အပြင်မှ ပြန်ရောက်လာပြီး စိုးရိမ်ပူပန်နေသည့် မျက်နှာကလေးနှင့် ယန်ကျင်း ထံမှ အူယားဖားယား စကားသံတစ်ချို့ ထွက်လာလေသည်။
"မကောင်းတော့ဘူး ... တိုက်အောက်မှာ သတင်းသမားတွေနဲ့ ပါပါရာဇီတွေ အများကြီး ရောက်နေကြတယ်။ ချူရွယ် ... နင် ရောက်နေမှန်း သိသွားကြလို့လား မသိဘူး"
ရှန်ယောင် ၏ မျက်နှာလည်း မသိမသာ ပြောင်းလဲသွားလေ၏။
"သေစမ်း ... ဒီနေရာကနေ ချူရွယ် ကို မြန်မြန် ခေါ်ထုတ်သွားမှ ဖြစ်မယ်"
ပြီးခဲ့သည့်အကြိမ်က မယုံနိုင်လောက်အောင် အရူးထခဲ့ကြသော အားပေးသူ ပရိသတ်များနှင့် နဖူးတွေ့ ဒူးတွေ့ ကြုံဆုံဖူးသော ရှန်ယောင် မှာ မီဒီယာနှင့် ပရိသတ်များ၏ လှောင်ပိတ်ဖမ်းခံခြင်း အခြေအနေကို ကောင်းကောင်းကြီး သိထားလေသည်။ ထို့ကြောင့် ယန်ကျင်း ဘက်သို့ လှည့်ပြီး အကြံတစ်ခုခုထုတ်ရန် ပြောလိုက်လေသည်။
"ချူရွယ် ... နင့်အေးဂျင့်နဲ့ အကူတွေကို ဖုန်းမြန်မြန်ခေါ် ... ပြီးတော့ သက်တော်စောင့်တစ်ချို့လည်း ခေါ်လာဖို့ မြန်မြန် ပြောလိုက်"
ရှန်ယောင် က လင်ချူရွယ် အား လှမ်းပြောလိုက်၏။
ဆန့်ကျင်ဘက်အားဖြင့် ကာယကံရှင် လင်ချူရွယ် မှာ လွန်စွာ တည်ငြိမ်နေလေ၏။ အကြောင်းက ယခုလို အခြေအနေမျိုး၌ စိတ်လှုပ်ရှား စိုးရိမ်နေခြင်းက မည်သည့် ကောင်းကျိုးမျှ မရှိမှန်း သိ၍ ဖြစ်သည်။ ယခင်က သူမ၏ အေးဂျင့်နှင့် အကူများကိုသာ နည်းလမ်း စဉ်းစားခိုင်းခဲ့၏။ ထိုအခါ ကုမ္ပဏီက လုံခြုံရေး အဖွဲ့တဖွဲ့ စေလွှတ်ပြီး သူမအား ခေါ်ထုတ်သွားလေ့ ရှိလေသည်။
ရှုချန်းက ဗလာဖြစ်နေပြီ ဖြစ်သည့် အဝတ်ခြင်းနှင့် ပြန်ဝင်လာရင်း အေးအေးလူလူ ပြောလိုက်လေ၏။
"ဒီမှာ ကာကွယ်ပေးနိုင်တဲ့ ရဲတစ်ယောက်လုံး ရှိနေတာကို ဘာကို စိုးရိမ်နေတာလဲ"
ယန်ကျင်း တစ်ယောက် တစ်စက္ကန့်မျှ ဆွံ့အသွားသည်။ ပြီးမှ ...
"ဟယ် ... ဟုတ်သားပဲ။ ငါက ရဲတစ်ယောက် ဆိုတော့ အမိန့်ပေးလို့ ရတာပဲ။ ဒါပေမဲ့ ငါ့တစ်ယောက်တည်း ဘယ်လိုလုပ်ရမလဲ။ သူတို့နဲ့ မျက်နှာချင်းဆိုင် စကားမပြောရသေးခင်မှာတင် လူအုပ်ပိလို့ ဒုက္ခရောက်နေဦးမယ်"
ယန်ကျင်း က ရှုချန်းအား လှမ်းကြည့်လိုက်၏။
"ဒါပေမဲ့ ခဏနေပါဦး ... အဲဒါက ရှင်လုပ်လည်း ရတာပဲ မဟုတ်လား။ ရှင်က လှည့်ကင်းရဲတစ်ယောက်ပဲ။ အနည်းဆုံးတော့ ရှင့် အိမ်နီးနားချင်းတွေကို အမိန့်ပေးလို့ ရတာပဲ။ ပါပါရာဇီတွေနဲ့ ပရိသတ်တွေကြားမှာ ရှင်ကြိုက်တဲ့ ဆယ်လီတစ်ယောက် လူအုပ်အပိခံရမယ့် အဖြစ်ကို ရှင် ကြည့်ရက်သလား ပြော"
"သူမကို ငါကြိုက်တယ်လို့ တစ်ခွန်းမှ မပြောဖူးပါဘူး"
ရှုချန်းမှာ နောက်ပြန်ဆုတ်သွား၏။
"အဲဒီစကားကို ရှင် ကျယ်ကျယ် မပြောလည်း ကျွန်မတို့ အကုန် သိတယ် ဟုတ်ပြီလား"
လင်ချူရွယ် ၏ပုံစံက အတန်ငယ် စိတ်ပျက်သွားဟန် ပေါက်သွားလေသည်။
"ရှုချန်း ... ဒီကိစ္စ ရှင့်လက်ထဲ အပ်လိုက်ပြီ"
ရှန်ယောင် မှာ ခေါင်းထောက်ရင်း ပြောလိုက်လေသည်။
"ချူရွယ် တကိုယ်လုံး မပြောနဲ့ ... ဆံပင်မွှေးတစ်ချောင်းတောင် တစ်ခုခု ဖြစ်လို့ကတော့ ဒီတိုက်ခန်းတစ်ခုလုံး ကျွန်မအဖေကို ဝယ်ခိုင်းပြီး ရှင့်ကို ကန်ချပစ်မယ်"
ရှုချန်း ကိုယ်တိုင်လည်း လင်ချူရွယ် အား မကူညီနိုင်ပါဟု တစ်ခွန်းမှ မပြောရသေး။ မယ်မင်းကြီးမတို့က သူ့အား တစ်ဖက်သက် တိုက်စစ်ဆင်နေကြလေ၏။ လင်ချူရွယ် ၏ အကျိုးအတွက် မကြိုက်ပါဟု ငြင်းရုံသာ ဖြစ်သည်။ သူ့တွင် တခြား ဘာအတွေးမှ မရှိချေ။
"ကောင်းပြီလေ ... သူမကုမ္ပဏီကို ကျုပ် လိုက်ပို့ပေးမယ်။ ဒါပေမဲ့ ခင်ဗျားတို့နှစ်ယောက်လည်း ကျုပ် ခိုင်းသလို လုပ်ပေးရမယ်"
ရှုချန်းက ပြောလိုက်၏
"နေကာမျက်မှန်နဲ့ ဦးထုပ်တွေ ဝတ်လိုက်ကြ။ ဒီကွန်ဒိုမှာ ဓာတ်လှေကားလေးခု ရှိတယ်။ လူခွဲပြီးတော့ မီဒီယာနဲ့ ပရိသတ်တွေကို အာရုံလွှဲကြည့်ကြတာပေါ့"
ရှုချန်း၏အကြံက အလုပ်ဖြစ်နိုင်ကြောင်း ယန်ကျင်း နှင့် ရှန်ယောင် တို့နှစ်ဦးစလုံး တွေးမိလိုက်သည်။ ရှန်ယောင် မှာ သူမအခန်းထဲ ပြေးဝင်ပြီး နေကာမျက်မှန်နှစ်လက်ကို ယူလာလိုက်သည်။ ပြီးလျှင် ယန်ကျင်း အတွက် တစ်ခု လှမ်းပေးပြီး သူမကိုယ်တိုင်လည်း တစ်ခုယူတပ်လိုက်၏။ ထို့နောက် နှစ်ယောက်စလုံး ဦးထုပ်ကိုယ်စီ ဆောင်းလိုက်ကြသည်။ အမျိုးသမီးဆောင်း ဦးထုပ်များကို မတွေ့ကြသည့်အဆုံး အမျိုးသားဆောင်း ဦးထုပ်များကိုသာ ယူငင်ပြီး လူခွဲကာ ဓာတ်လှေကားများဆီ လျှောက်သွားပြီး အောက်ဆင်းရန် ပြင်လိုက်ကြသည်။
လင်ချူရွယ် အား ရှုချန်းက ဓာတ်လှေကားရှိရာသို့ ခေါ်ပြီး အပေါ်တက်လာသည်အထိ စောင့်ဆိုင်းကြည့်လိုက်၏။ လက်ကိုနောက်ပစ်ကာ ရပ်နေသည့် လင်ချူရွယ် ၏ ပုံစံမှာ စိတ်လှုပ်ရှားနေသည့်ဟန် မရှိပေ။ သူမက ရှုချန်းအား ကြည့်ကာ ပြောလိုက်၏။
"ရှင် ကျွန်မကို မပို့ချင်ဘူးဆိုရင်လည်း လိုက်ပို့ပေးစရာ မလိုပါဘူး"
"မင်းရဲ့ ရှေ့တက်လမ်းကို မထိခိုက်စေချင်လို့ ငါတို့လက်ထပ်ထားတဲ့ သတင်းကို ထုတ်မပြောခဲ့တာပါ။ ဒါပေမဲ့ ဘာပဲပြောပြော မင်းအဖေကိုယ်တိုင် ငါ့ကို အပ်ထားတာဆိုတာ့ ငါ့မှာ မင်းကို ကာကွယ်ပေးရမယ့် တာဝန် အပြည့် ရှိပါတယ်"
ရှုချန်းက လင်ချူရွယ် အား ကျောပေးရင်း တက်လာသည့် ဓာတ်လှေကားအား စောင့်ဆိုင်းနေလိုက်သည်။ သူ မျက်လုံးများကို ပိတ်လိုက်၏။ သူ၏ ထက်မြက်လွန်းသော အကြားအာရုံတို့ စတင် အသက်ဝင်လာတော့သည်။
ထို့နောက် တဖြည်းဖြည်း တက်လာသော ဓာတ်လှေကားအတွင်းမှ သတင်းထောက်သုံးယောက်၏ စကားသံကို သူ ကြားလိုက်ရလေ၏။
အခန်း ၂၅ ပြီး
နတ်နဂါးစစ်သည်
အပိုင်း ၂၆
( ဝိုး ... ဆရာတို့က ဆရာကျနေပြီပဲ )
"ရှင် ဘာလုပ်နေတာလဲ"
မျက်လုံးမှိတ်ထားသည့် ရှုချန်း၏ အပြုအမူကို နားမလည်ဟန်နှင့် လင်ချူရွယ် က မေးမြန်းလိုက်၏။
ရှုချန်း၏ နားက လင်ချူရွယ် ၏ ဗိုက်မှ ဆာလောင်၍ ထွက်ပေါ်လာသော "ဂလူး ဂလူး" ဟူသော အသံတိုးတိုးလေးအပြင် ပတ်ပတ်လည်မှ အသံနှင့်လှုပ်ရှားသံများကို ကြားနေရ၏။
သူက နောက်ပြန်လှည့်ပြီး လင်ချူရွယ် အား ထူးဆန်းနေသလို ကြည့်လိုက်သည်။
လင်ချူရွယ် မှာလည်း ရုတ်တရက်ချည်း သူမအား အထူးအဆန်း စိုက်ကြည့်နေသော ရှုချန်း၏ အပြုအမူကြောင့် အံ့အားသင့်သွားပြီး ဓာတ်လှေကားတံခါးပေါ်မှ အထပ်ပြ နံပါတ် စခရင်ကို ကြောင်နနနှင့် ကြည့်နေလိုက်သည်။
ရှုချန်းက လင်ချူရွယ် ၏ လက်အား အသာအယာ ဖမ်းကိုင်ရင်း ပြောလိုက်သည်။
"ဟောဟိုမှာ ခဏလောက် သွားပုန်းနေလိုက်"
ရှုချန်းက ကော်ရစ်တာမှ နေရာလွတ်တစ်ခုအား ညွန်ပြရင်း ပြောလိုက်သည်။
ရှုချန်း စေခိုင်းသည့် အကြောင်းရင်းကို မသိသော်လည်း သူမအား တာဝန်ခံ လိုက်ပို့ပေးနေသူ ဖြစ်၍ ရှုချန်း၏ စကားအတိုင်း ကော်ရစ်တာမှ နေရာလွတ်သို့ အပြေးကလေးသွားပြီး ပုန်းအောင်းနေလိုက်သည်။
ဓာတ်လှေကား အပေါ်တက်လာချိန် ရှုချန်းက အိမ်ခန်းတံခါးအား ပိတ်ရန် သော့ရှာနေသည့် ပုံစံမျိုး ဟန်ဆောင်လိုက်သည်။ ဓာတ်လှေကားတံခါး ပွင့်သွားသည်နှင့် ကင်မရာကိုင်ရင်း ထွက်လာသော သတင်းထောက် ၃ ယောက်ကို တွေ့လိုက်ရသည်။
သတင်းထောက်များက ပတ်ပတ်လည်ကို အကဲခတ်ကြည့်လိုက်ရာ သူတို့အား ကျောပေးလျက် တံခါးပိတ်ရန် ကြိုးစားနေသော ရှုချန်းအား တွေ့လိုက်ရလေသည်။
သို့သော် ကော်ရစ်တာ၌ ပုန်းနေသော လင်ချူရွယ် ကိုမူ မမြင်တွေ့ကြချေ။
လင်ချူရွယ် လည်း အတန်ငယ် ထိတ်လန့်သွား၏။ ဓာတ်လှေကား၌ သတင်းထောက် သုံးယောက် တက်လာမှန်း ရှုချန်း အဘယ်ကြောင့် ကြိုသိနေရသနည်း။
"ဟောဟိုက ဆရာ ... ဒီအထပ်မှာ လင်ချူရွယ် ကိုများ မြင်မိသလား မသိဘူး။ ဒါမှမဟုတ် သူမ ဘယ်အခန်းမှာ ရောက်နေသလဲဆိုတာရော သိသလား မသိဘူး"
သတင်းထောက် သုံးယောက်ဆုံးက တိုင်ပင်ထားသည့်အလား ရှုချန်း၏ လက်ထဲသို့ ယွမ် ၃၀၀ ထည့်ပေးရင်း ဆက်ပြောလိုက်သည်။
"ကူပါဦးဗျာ ... ကျုပ်တို့အလုပ်က တကယ် မလွယ်ကူလို့ပါ "
ရှုချန်း မသိမသာ ပြုံးမိလိုက်သည်။ ပိုက်ဆံ ၃၀၀ အား ယူပြီး အိတ်ကပ်ထဲ ထည့်ကာ အောက်ဆုံးအထပ်အား လက်ညိုးညွန်ပြလိုက်၏။
"ဒီနေ့မနက် အဲဒီအခန်းရှေ့မှာ မျက်နှာစိမ်း မိန်းကလေးတစ်ယောက် ရပ်နေတာတော့ သတိထားမိတယ်ဗျ။ ဒါပေမဲ့ ခင်ဗျားတို့မေးတဲ့ မိန်းကလေး ဟုတ်၊ မဟုတ်တော့ ကျွန်တော်လည်း အတပ် မသိဘူး"
သတင်းထောက် ၃ ယောက်လည်း သွေးနံ့ရသည့် ငါးမန်းများအလား သူ ညွန်ပြရာသို့ ပြေးသွားကြလေ၏။
ရှုချန်းလည်း ချက်ချင်း လင်ချူရွယ် ရှိနေသည့်ဘက်သို့ လှည့်ကြည့်လိုက်သည်။ သတင်းထောက်များက သူမအား ကျောပေးပြေးထွက်သွားကြသည် ဖြစ်၍ ခြေဖျားထောက်ပြီး ဓာတ်လှေကားနားသို့ သူမ လျှောက်လာလိုက်၏။ ပြီးလျှင် သူမအား ရှုချန်းက ဓာတ်လှေကားအတွင်းသို့ ဝင်စေကာ တံခါးကို ပိတ်လိုက်သည်။
ထို့နောက် ပထမထပ်ခလုတ်ကို ခပ်မြန်မြန် နှိပ်လိုက်သည်။ သူ့နောက်မှ လင်ချူရွယ် လေးမှာ မထိတထိ မျက်နှာလေးနှင့် ပြောလိုက်သည်။
"အဲဒီပိုက်ဆံ ၃၀၀ ကျွန်မနဲ့လည်း ဆိုင်တယ်နော်"
ရှုချန်း မျက်လုံးပင့်ကြည့်လိုက်၏။
"ကျုပ်မှာတော့ ခင်ဗျားလေး ဒီကထွက်နိုင်အောင် အသည်းအသန် ကြိုးစားနေရတာ။ ဒါကိုတောင်မှ ပိုက်ဆံ ၃၀၀ ကို ဝေစုလာခွဲနေသေးတယ် ဟုတ်လား"
"ဟေ့ ... ရှင်မှားနေပြီနဲ့ တူတယ်နော်။ အဲဒီသတင်းထောက်တွေ ပိုက်ဆံပေးတာက ကျွန်မ ရှိတဲ့နေရာ လိုချင်လို့လေ"
လင်ချူရွယ် က နှုတ်ခမ်းလေးကို ထော်ရင်း မုန်းချင်စရာကောင်းသည့် ပုံစံနှင့် ပြောလိုက်သည်။
"ကျွန်မသတင်းရဖို့ သူတို့က ပိုက်ဆံ ၃၀၀ ပဲ သုံးခဲ့တယ် ကြည့်စမ်း ... ကျွန်မကတော့ ပိုက်ဆံ ထောင်ဂဏန်းလောက် သုံးမယ် ထင်ထားတာ။ ပြီးတော့ ရှင်ကရော ... သူတို့ပေးတဲ့ ပိုက်ဆံ ၃၀၀ ကို လက်ခံလိုက်သေးတယ် ဟုတ်လား"
"တိတ်တိတ်နေဦး"
မကျေမချမ်း ရေရွတ်နေသော သူမအား တိတ်တိတ်နေရန် အချက်ပြရင်း အောက်ထပ်မှ အသံများကို နားစွင့်ကြည့်လိုက်၏။
သူ နားကြားမလွဲနိုင် ... ပထမထပ်မှ ဆူညံပွက်လော ရိုက်နေသော စကားသံများကို သူ ကြားလိုက်ရ၏။ တိုက်ခန်းစီမံခန့်ခွဲရေးဌာနက လုံခြုံရေးများ စေလွှတ်ပြီး အခြေအနေကို ထိန်းကျောင်းနေသည့်ဟန် ရှိသည်။
သို့သော် သတင်းရရေးနှင့် မင်းသမီးမြင်ရရေး တက်ကြွနေကြသော သတင်းထောက်များနှင့် ပရိသတ်များကို သူတို့မှာ အပြင်သို့ ထွက်သွားခိုင်း၍ မရဘဲ ဖြစ်နေသည်။ အောက်ထပ်မှ ကြားနေရသော အသံများအရ အနည်းဆုံး လူ ၃၀၊ ၄၀ ခန့် ရှိနေလိမ့်မည်ဟု ရှုချန်း ခန့်မှန်းမိ၏။
လူအုပ်ကြီးမှာ လောလောဆယ် စကားနှင့်သာ ပြောဆိုနေကြသေး၏။
ယခုအတိုင်းဆိုလျှင် ပထမထပ်သို့ ဓာတ်လှေကား ရောက်သည်နှင့် သူတို့နှစ်ဦး၏ အခြေအနေ ကောင်းမည်ပုံ မရချေ။
ရုတ်တရက် ရှုချန်းက ဓာတ်လှေကားအား ဒုတိယထပ်တွင် ရပ်ခိုင်းလိုက်ပြီ လင်ချူရွယ် အား အပြင်သို့ ခေါ်ထုတ်လိုက်၏။
"ရှင်ဘာလုပ်တာလဲ။ ကျွန်မတို့ အောက်ဆင်းရမှာ မဟုတ်ဘူးလား"
သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်လာသော လင်ချူရွယ် က အကြောင်းရင်းကို သိလိုဟန်နှင့် မေးမြန်းလိုက်သည်။
"အရမ်းနောက်ကျသွားပြီ။ ဒီနေရာကို သူတို့ ပိတ်ဆို့လိုက်ကြပြီ"
ရှုချန်းက ပြောဆိုရင်း သူမလက်ကလေးကို မလွှတ်တမ်း ဆွဲကိုင်ကာ လှေကားထစ်များဆီ လျှောက်သွားလေ၏။ သို့သော် လှေကားအောက်ထပ်ဆီမှ ဆူညံသံတစ်ချို့ကို ကြားလိုက်ရပြန်သည်။
"အောက်ထပ်မှာလည်း လူတွေ အများကြီးပဲ။ မင်းသမီး မနှင်းဖြူအကြောင်းကို တစ်ယောက်ယောက်က ကျိန်းသေ ပြောလိုက်တာ ဖြစ်မယ်။ ဦးနှောက်မရှိမှ မင်းသမီးက ဓာတ်လှေကားက ဆင်းလာမှာ။ ငါတို့ လှေကားကို မလွတ်တမ်း စောင့်ကြည့်နေရင် တစ်ခုခု ထူးမှာတော့ အသေအချာပဲ"
ရှုချန်းမှာ ရှေ့ဆက်သွားနေရာမှ ရပ်တန့်ပြီး လင်ချူရွယ် အား နောက်ပြန်မေးလိုက်၏။
"မင်းဖုန်း ခဏပေး"
"ဘာလုပ်ဖို့လဲ"
လင်ချူရွယ် မှာ သူမ ဖုန်းတောင်းခံလိုက်ရ၍ အတန်ငယ် တွေဝေသွားသည်။
"မင်းကို ရောင်းစားတော့မယ် ထင်နေလို့လား"
ရှုချန်းက သူမအား စိုက်ကြည့်ရင်း ပြောလိုက်၏။
လင်ချူရွယ် လည်း မပေးချင်ပေးနှင့် ပိုက်ဆံအိတ်ထဲမှ ဖုန်းကို ထုတ်ပေးလိုက်၏။
ရှုချန်းက ဖုန်းကို ပြန်ဖွင့်လိုက်သည်။ ထိုအခါ missed calls ပေါင်း နှစ်ဒါဇင်မျှ ရုတ်ချည်း ပေါ်လာ၏။ အားလုံး သူမ၏ အေးဂျင့်ထံမှ ဖြစ်လေသည်။ ရှုချန်းက ရှန်ယောင် ၏ နံပါတ်ကို ရွေးချယ်ပြီး ခေါ်ဆိုလိုက်သည်။
"ဟယ်လို ... ချူရွယ် နင် အဆင်ပြေရဲ့လား။ အမလေး ဘုရားရေ ... နင် မထွက်လာနဲ့ဦးနော်။ ကွန်ဒိုတစ်ခုလုံး ပရိသတ်တွေ အပြည့်ပဲ"
ရှန်ယောင် က စိုးရိမ်ပူပန်နေသည့် လေသံဖြင့် ပြန်ပြောလိုက်သည်။
"အဲဒီမှာ အခြေအနေ ဘယ်လိုရှိလဲ"
ရှုချန်းက မေးမြန်းလိုက်၏။
ရှန်ယောင် တစ်ယောက် တစ်မိနစ်မျှ တွေဝေသွား၏။ ပြီးမှ အဖြေပြန်ပေးလိုက်သည်။
"ကျွန်မ အပြင်ရောက်ပြီ။ ကျွန်မ အပြင်ထွက်လာတုန်းက လုံခြုံရေးက ကျွန်မကို ချူရွယ် မှတ်ပြီး တစ်ခြားလမ်းတစ်ခုကနေ ခေါ်ထုတ်သွားပေးတာ"
ရှုချန်းက ...
"ဟုတ်ပြီ ... အရမ်းကောင်းတယ်။ အခု အထဲပြန်ဝင်လာပြီး ဓာတ်လှေကားက ပရိသတ်တွေ ထွက်သွားအောင် လုပ်ပေးပါဦး"
"ကျွန်မကလား"
ရှန်ယောင် မှာ ရုတ်တရက် ပေါက်ကွဲထွက်တော့မလို ခံစားလိုက်ရသည်။
"ချူရွယ် ရဲ့ ပရိသတ်တွေ ဘယ်လောက် အားပေးကြမ်းတယ်ဆိုတာ ရှင် မသိလို့လား။ သူတို့ ကျွန်မကို ဖမ်းမိပြီး အဝတ်အစားတွေ အကုန် ချွတ်လိုက်ရင် ဘယ်လိုလုပ်မလဲ ဟင်"
ရှုချန်းက ...
"သူတို့ ဖမ်းမိတော့မယ့် အချိန်ထိစောင့် ... သူတို့ အနားရောက်လာမှ မျက်မှန်ကို ချွတ်ပြီး ခင်ဗျား ဘယ်သူဘယ်ဝါမှန်း သိအောင် လုပ်လိုက်။ ဒါဆိုရင် သူတို့ ခင်ဗျားကို ဆက်ပြီး စိတ်ဝင်စားကြတော့မှာ မဟုတ်ဘူး"
လင်ချူရွယ် မှာ ရှုချန်း၏ စကားကြောင့် သွားတက်လေးများပင် ပေါ်အောင် ရယ်မောလေတော့၏။
တခြားဖုန်းတစ်ဖက်တွင်တော့ ရှုချန်း၏ စကားက အဓိပ္ပါယ် ရှိသယောင် ထင်နေသော ရှန်ယောင် မှာ ပေါက်ကွဲသွားလေတော့သည်။
"နေပါဦး ... ရှင့်စကားက ဘာလဲ။ ကျွန်မမျက်နှာကို မြင်လိုက်တာနဲ့ သူတို့တွေက ချက်ချင်း ကျွန်မကို စိတ်မဝင်စားတော့ဘူးပေါ့ ဟုတ်လား။ ကျွန်မ မျက်နှာက ဘာဖြစ်နေလို့လဲ။ ရှင်က ကျွန်မရဲ့ အလှအပကို စော်ကားလိုက်တာပဲ။ ဒီကွန်ဒိုတိုက်ခန်းတစ်ခုလုံး အဖေ့ကို ဝယ်ခိုင်းပြီး ရှင့်ကို ကန်ထုတ်ပစ်မယ် ဆိုတာ ယုံလား ... ဟင်"
ရှုချန်းမှာ ...
"ဟုတ်ပါပြီ ... ဟုတ်ပါတယ်။ အရင်ဆုံး မင်းသူငယ်ချင်းကို ကယ်ဆယ်ရအောင် ဟုတ်ပြီလား။ ပရိသတ်တွေကို တခြားနည်းနဲ့ ဖယ်ထုတ်ဖို့ စဉ်းစားလိုက်ဦးမယ်"
ရှုချန်းလည်း ချက်ချင်း ဖုန်းချပြီး ယန်ကျင်း အား သူ့ဖုန်းနှင့် ခေါ်ဆိုလိုက်၏။ သူစိမ်းမိန်းကလေး တစ်ယောက်၏ ဖုန်းနံပါတ် မှတ်ထားသော ရှုချန်း၏ အပြုအမူကို မြင်လိုက်ရသည်နှင့် လင်ချူရွယ် မှာ အနည်းငယ် စိတ်ပျက်သွားလေသည်။ သို့သော် သူမနှုတ်ကတော့ ဘာမှ ထုတ်မပြောဘဲ နေလိုက်၏။ ထားခဲ့သည့် ကတိစကားအတိုင်း တစ်ယောက်အတွင်းရေးကို တစ်ယောက် ဝင်မစွက်ဖက်သင့်ပေ။
"ဟယ်လို ... ရှုချန်းလား"
ဖုန်းကိုင်ပြီးသည်နှင့် တစ်ဖက်မှ ယန်ကျင်း ၏ ခိုးကြောင်ခိုးဝှက် ဖြေဆိုသံလေး ထွက်လာသည်။
"မင်း ဘယ်မှာလဲ"
"ကျွန်မက အခု တတိယထပ်မှာ။ စောနက ဓာတ်လှေကား ပွင့်သွားတာနဲ့ လူအုပ်ကြီးတစ်အုပ်က ကျွန်မရှိတဲ့ ဓာတ်လှေကားဆီ ပြေးလာကြတာ။ ဘုရားကယ်လို့သာပေါ့ ... ဓာတ်လှေကားတံခါး ချက်ချင်း ပိတ်သွားလို့။ မဟုတ်လို့ကတော့ မလွယ်ဘူး"
ယန်ကျင်း က ပြန်ပြောလိုက်သည်။
"ဓာတ်လှေကားဆီသွားပြီး ငါ ညွန်ကြားတာကို စောင့်နေ။ ခဏနေရင် ရှန်ယောင် က လူအုပ်ကြီးကို အယောင်ပြ ခေါ်လာလိမ့်မယ်။ ဒါပေမဲ့ သူမနောက်ကို အကုန်လုံး မလိုက်လာလောက်ဘူး။ တစ်ချို့ ပရိသတ်တွေ ကျန်ခဲ့နိုင်တယ်။ သတင်းထောက်တွေက အလွယ်ကလေး အရူးလုပ်လို့ ရတဲ့ လူတွေ မဟုတ်ဘူး။ မိန်းကလေးတစ်ယောက်ယောက်ကို ချူရွယ် အဖြစ် အယောင်ဆောင်ခိုင်းထားမှန်း သူတို့ ရိပ်မိမှာပဲ။ ဒီတော့ မင်းက အောက်ထပ်ကို ဆင်းပြီး ကျန်နေတဲ့ လူအုပ်နဲ့ သတင်းထောက်တွေကို တခြား တစ်နေရာ အယောင်ပြ ထပ်ခေါ်သွားရမယ်"
ယန်ကျင်း သက်ပြင်းချလိုက်၏။
"ရှင့်စကားအတိုင်းသာ ဖြစ်ခဲ့ရင်တော့ ရှန်ယောင် အတွက် (၃) မိနစ်လောက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ကျင်းပရတော့မယ်။ ပြီးတော့ ရှင့်အကြံမှန်း သိတာနဲ့ အပြင်ရောက်တာနဲ့ တန်းသတ်မှာ"
ရှုချန်းတစ်ယောက် ဆွံ့အသွား၏။ သူ ခါးသက်သက် ပြုံးလိုက်သည်။ သူ၏ ထက်မြက်လှသော အကြားအာရုံတို့က ပထမထပ်မှ ဖြစ်ပျက်နေသမျှကို ကြားလိုက်ရပြန်သည်။
ရှန်ယောင် လည်း ပြန်ဝင်လာ၏။ မှန်တံခါး ပွင့်သွားသည်နှင့် အလွန်စိတ်လှုပ်ရှားနေဟန် ဆောင်ရင်း တဖက်သို့ လှည့်ကာ ထွက်ပြေးလေသည်။ သူမနောက်မှ ပရိသတ်များလည်း ပြေးလိုက်လာကြ၏။ ဦးထုပ်နှင့် နေကာမျက်မှန် ဆောင်းထားသော်လည်း လူအုပ်ကြီးအား မြင်သည်နှင့် ရုတ်တရက် လှည့်ပြေးသွားသော မိန်းကလေးအား သူတို့၏ အိုင်ဒေါမလေးအဖြစ် မှတ်ယူပြီး ပရိသတ် အတော်များများ ပြေးလိုက်သွားကြလေသည်။
"ဟိုမှာ မင်းသမီးနှင်းဖြူ ... မင်းသမီးနှင်းဖြူ ပြေးသွားပြီဟေ့"
ပရိသတ်တစ်ချို့က အသည်းအသန် ထအော်ပြီး ရှန်ယောင် နောက် ပြေးလိုက်လေသည်။ တစ်စုံတစ်ဦးက စတင်ပြေးလိုက်သည်နှင့် တခြားလူများလည်း စိတ်မထိန်းနိုင်ဘဲ ထိုလူ့အတိုင်း ပြေးလိုက်ကြလေတော့သည်။
ရှုချန်းက ယန်ကျင်း အား ဖုန်းမှတဆင့် စေခိုင်းလိုက်၏။
"အခု မင်းရဲ့ သရုပ်ဆောင်စွမ်းရည်ကို ပြရမယ့် အလှည့်ပဲ။ အောက်ထပ်ကိုသွားပြီး ပီပီပြင်ပြင် သရုပ်ဆောင်လိုက်တော့"
ယန်ကျင်း မှာ စိတ်ဒုံးဒုံး မချနိုင်သေးချေ။
"သတင်းထောက်တွေကို လွယ်လွယ်ကလေး အရူးလုပ်လို့ မရဘူးနဲ့ တူတယ်"
ရှုချန်းက ...
"စိတ်မပူပါနဲ့ .. မင်းက လှပြီး သူမနဲ့ ခန္ဓာကိုယ်အချိုးအစား တူတယ်။ ဦးထုပ်နဲ့ နေကာမျက်မှန်နဲ့ ဆိုရင် လင်ချူရွယ် လား၊ တခြား လူတစ်ယောက်လားဆိုတာ သူတို့ ရုတ်တရက် ခွဲနိုင်ကြမှာ မဟုတ်ဘူး"
"ကောင်းပြီလေ"
ယန်ကျင်း မှာ ပြောဆိုရင်း ဓာတ်လှေကားထဲ ဝင်ကာ ပထမထပ်သို့ ဆင်းသွားလေ၏။
ပထမထပ်မှ သတင်းထောက် အနည်းငယ်မှာလည်း လူအုပ်ကြီးနောက်သို့ ပြေးလိုက်သွားရန် ပြင်လိုက်ကြသည်။ သို့သော် အတွေ့အကြုံရှိသည့် သတင်းထောက်တစ်ချို့က သူတို့အား ဆွဲခေါ်ထားလိုက်၏။
"ဘယ်ကို ပြေးလိုက်ကြမလို့လဲ။ ဒီလှည့်ကွက်အဟောင်းကြီးကို ငါတို့က အံတိုနေပြီ မဟုတ်လား။ အဲဒီကောင်မလေးက လင်ချူရွယ် မဟုတ်ဘူး။ သူမရဲ့ လက်ထောက်တစ်ယောက်ပဲ ဖြစ်ရမယ်။ လင်ချူရွယ် က အပေါ်ထပ်မှာပဲ ရှိနေဦးမယ်"
သတင်းထောက် အသစ်များအားလုံး တညီတညွတ်တည်း ရေရွတ်လိုက်ကြသည်။
"ဝိုး ... ဆရာတို့က ဆရာကျနေပြီပဲ"
အပိုင်း ၂၆ ပြီး