နတ်နဂါးစစ်သည်
အပိုင်း ၁၉
( ဒီခန္ဓာကတော့ တစ်ခုခု မှားနေပြီ ... )
လက်ထောက်ညွန်ကြားရေးမှူးက လက်ထဲမှ စာရွက်စာတမ်းများကို ပြန်ချရင်း အတွင်းရေးမှူး ဖြစ်သူအား မေးလိုက်၏။
"အသေးစိတ်ကို ခင်ဗျား သိသလား"
အတွင်းရေးမှူးက ခေါင်းညိတ်ပြကာ လေသံတိုးတိုးနှင့် ပြန်ဖြေလိုက်သည်။
"ဒါမတိုင်ခင်က တစ်စုံတစ်ယောက်က ကော်မရှင်နာမင်းကြီးကို ဖုန်းဆက်ပြီး လူငယ်တွေကို လွှတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ကျွန်တော် ကြားတယ်။ ဒါပေမဲ့ ညွန်ကြားရေးမှူးက သဘောမတူဘူး။ သူပေးတဲ့ အကြောင်းပြချက်က အဲဒီ လူပေါ်ကျော့လေးတွေဟာ လှည့်ကင်းရဲသားတွေကို အရှက်ခွဲခဲ့တယ်။ လှည့်ကင်းရဲဆိုတာလည်း ရဲအရာရှိတွေပဲလို့ ညွန်ကြားရေးမှူးက ပြောတယ်။ ပြီးတော့ ခရိုင်ဌာနခွဲက အစကနေအဆုံးအထိ ဖြစ်ပျက်ခဲ့သမျှ သက်သေတွေကိုလည်း တင်ပြနိုင်ခဲ့တယ်။ ဒါ့အပြင် အဲဒီကိစ္စရဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုက အရမ်း ကြီးမားသွားတယ်။ ဒါကြောင့် ရဲဌာနရဲ့ နာမည်ဂုဏ်သတင်းကို ထည့်သွင်း စဉ်းစားပြီး အဲဒီကိစ္စကို တိုးတိုးတိတ်တိတ် မဖြေရှင်းခိုင်းဘဲ တရားဥပဒေ လမ်းကြောင်းအတိုင်း ဖြေရှင်းခိုင်းခဲ့တာတဲ့"
လက်ထောက်ညွန်ကြားရေးမှူးက သက်ပြင်းချလိုက်၏။ ပြီးလျှင် အတွင်းရေးမှူးအား ထပ်မေးလိုက်ပြန်သည်။
"အဲဒီကိစ္စမှာ ပါဝင်ပတ်သက်ခဲ့တဲ့ လှည့်ကင်းရဲတပ်သားရဲ့ နာမည်ကို ငါ့ကို ပေးစမ်းပါ"
လက်ထောက် ညွန်ကြားရေးမှူး နားလည်ထားသည့် လုပ်ငန်းသဘောအရ ယခုကဲ့သို့ အမှုတွဲများသည် ညွန်ကြားရေးမှူးထံ မရောက်မီ သူ့ထံ အရင် တက်လာရမည် ဖြစ်၏။ ယခုတော့ ညွန်ကြားရေးမှူးသည် သူ့အား အသိမပေးဘဲ တစ်ဦးတည်း ဆုံးဖြတ်ချက်နှင့် အမိန့်ချခဲ့၏။ ယင်းမှာ အတော် ထူးဆန်းသော အပြုအမူ ဖြစ်သည်။
ချက်ချင်းပင် မတ်တပ်ရပ်ပြီး ညွန်ကြားရေးမှူး ရုံးခန်းဆီ သူ ဦးတည်လျှောက်လှမ်းသွားလိုက်၏။ တံခါးကို ခေါက်လိုက်သည်နှင့် ကျန်းမာသန်စွမ်းသော ခန္ဓာကိုယ်နှင့် သက်လတ်ပိုင်းအရွယ် လူကြီးတစ်ဦးက လက်ထဲမှ မှန်ကို ချပြီး သူ့အား ပြုံးကာ ကြည့်ကာ ပါးစပ်မှ "ဘာအကူအညီ လိုလို့လဲ" ဟု မေးလိုက်လေ၏။
လက်ထောက်ညွန်ကြားရေးမှူးလည်း ပြန်ပြုံးပြလိုက်သည်။
"လှည့်ကင်းရဲတပ်သားတစ်ယောက်ကို ညွန်ကြားရေးမှူး ကာကွယ်ပေးတဲ့ ကိစ္စက အရမ်း ထူးဆန်းနေလို့ပါ"
"ခင်ဗျား အတွေးလွန်နေတာပါ။ တစ်မြို့လုံးက အဲဒီကိစ္စကို သိသွားကြတဲ့အပြင် လှည့်ကင်းအရာရှိရဲ့ လုပ်ရပ်ကလည်း မှန်ကန်နေတာကိုး။ ဒီကိစ္စမှာ ဘယ်သူ့ဘယ်သူမှ ဘက်လိုက်ပြီး ဆုံးဖြတ်ခဲ့တာ မဟုတ်ဘူး။ အဖမ်းခံရမယ့်လူတွေက အဖမ်းကို ခံရမှာပဲ"
"ကျွန်တော် နားလည်ပါပြီ"
လက်ထောက်ညွန်ကြားရေးမှူးက ခေါင်းညိတ်ပြလိုက်၏။ လှည့်ကင်းရဲတပ်သားလေးနှင့် လူပေါ်ကျော့ သူဌေးသားလေးများကြား ဖြစ်သော ကိစ္စအား ဘာမှ အထူးအဆန်း မဟုတ်ပါဟု ဆိုနေခြင်းကိုက ထူးဆန်းနေလေသည်။ ၎င်းလှည့်ကင်းရဲသားလေးတွင် နောက်ခံ ကြီးကြီးမားမား ကျိန်းသေ ရှိရပေမည်။
နေဝင်ချိန် ... ယူနီဖောင်း ချွတ်ပြီး ညစာစားရမည်ကို ပျင်းရိလွန်းသလို ဖြစ်နေသော ရှုချန်းအား ကြည့်ကာ ယန်ကျင်း က စူးစမ်းလိုဟန်နှင့် မေးမြန်းလိုက်၏။
"ရှင်က တကယ့် ရဲအရာရှိတစ်ယောက်လား"
"ရဲအရာရှိတစ်ယောက်ကို လူလိမ်လားလို့ မေးတာ ရာဇဝတ်မှုမြောက်တယ်နော်"
ရှုချန်းက သူမအား စုံထောက်ကြီး ရှားလော့ဒ်ဟုမ်း၏ အကြည့်မျိုးဖြင့် တစ်ချက် လှမ်းကြည့်ရင်း ပြောလိုက်သည်။
ရှန်ယောင် ၏ အသံကလေး ရုတ်တရက် ပျံ့လွင့်လာ၏။
"ရှင်က ယာဉ်ထိန်းရဲ ဖြစ်သင့်တာ သိလား"
ယန်ကျင်း ကလည်း ခေါင်းညိတ်ရင်း "ကျွန်မလည်း သဘောတူတယ်" ဟု ပြန်ပြောလိုက်သည်။
ရှုချန်းက အသားပြားကို ဝါးစားရင်း မေးလိုက်၏။
"ဘာဖြစ်လို့လဲ"
ရှန်ယောင် က ပြောလိုက်သည်။
"ရှင့်ရဲ့ သံမဏိမျက်နှာနဲ့ ကိုယ်ကျိုးမဖက်တဲ စိတ်ဓာတ်ကြောင့် မိန်းမလှလေးတွေ မြင်လည်း လက်မှတ်ဖြတ်ပေးနိုင်မှာပဲ။ ဒါဆိုရင် သတ်မှတ်ခွဲတမ်း ကျော်လွန်လို့ ရှင် ရာထူးတောင် အတိုးမြန်ဦးမယ်"
ရှုချန်းမှာ ဝါးလက်စ အသားပြားပင် နင်သွား၏။
ထိုအခိုက်မှာပင် အလွန်တိုးလျ ညင်သာသော "တဝီဝီ" မြည်သံတစ်ခုကို သူ့နားနှင့် ကြားလိုက်ရ၏။ ရှုချန်း မျက်မှောင်ကြုတ်သွားသည်။ ယင်ကောင်တစ်ကောင်ကို သူ့မျက်လုံးထောင့်စွန်း၌ ဖျတ်ခနဲ တွေ့လိုက်ရ၏။ "ဝှီး" ဟူသော လေခွင်းသံနှင့်အတူ လေထဲမှ ယင်ကောင်အား တူနှင့် ဖမ်းယူလိုက်၏။
မိန်းမလှလေးနှစ်ဦးစလုံး ရှုချန်း၏ လျှပ်တပြက် လှုပ်ရှားမှုကြောင့် ထိတ်လန့်သွားပြီး တူအား အလိုလို ကြည့်မိလိုက်ကြသည်။ သူတို့နှစ်ဦးစလုံး ယင်ကောင် ကို ကြည့်ရင်း စကားမဆိုနိုင်တော့ဘဲ ဆွံ့အနေကြတော့၏။
ရှုချန်းသည်လည်း သူ့ကိုယ်သူ လုံးလုံးလျားလျား ထိတ်လန့်တုန်လှုပ်သွားလေ၏။
သူ့လက်သူ ပြန်ကြည့်လိုက်သည်။ ပြီးလျှင် သူလုပ်ခဲ့သည့် လှုပ်ရှားမှုများကို ပြန်စဉ်းစားကြည့်၏။ ပြောစရာ မလိုလောက်အောင် သူ့လက် လှုပ်ရှားမှု အရှိန်က အလွန်တရာ လျှင်မြန်လွန်းနေသည်။
"အူး ယူး ... ရွံစရာကြီး"
အလွန်အသန့်အပြန့်ကြိုက်သော သူဌေးသမီးလေး ရှန်ယောင် မှာ ရှုချန်း ဖမ်းလိုက်သော ယင်ကောင်ကို ကြည့်ရင်း အော့အန်တော့မတတ် ဖြစ်သွားလေသည်။
ရှုချန်းသည်လည်း လက်ထဲမှ ယင်ကောင် ကို လွှတ်ရင်း သူ့လက်သူ မယုံနိုင်သလို ကြည့်နေမိ၏။ အမြန်နှုန်း ... အလွန် မြန်ဆန်လွန်းလှ၏။ အဆင့်အေ အထွတ်အထိပ်အဆင့်တွင် ရောက်ရှိနေစဉ်က အမြန်နှုန်းထက်ပင် ပိုမို မြန်ဆန်လွန်းနေသည်။
သို့သော် သူ့ခန္ဓာကိုယ်ထဲ ထိုးသွင်းခဲ့သည့် မျိုးရိုးဗီဇအရည်ကြောင့် သွေးကြောများ ပိတ်ဆို့ကာ ခန္ဓာကိုယ် စွမ်းဆောင်ရည်များ ကျဆင်းနေရမည် မဟုတ်လော။ ဆေးရည် ထိုးသွင်းချိန်ကတည်းက ယခုအချိန်ထိ သူ့ခန္ဓာကိုယ် ပြောင်းလဲသွားသည်မျိုး သူ မခံစားရသေး။ ယခုမူ လျှင်မြန်လွန်းသော အရှိန်ကြောင့် သူကိုယ်သူပင် ထိတ်လန့်တုန်လှုပ်နေမိ၏။
ယန်ကျင်း သည်လည်း ယင်ကောင်အား ရုတ်တရက် ဖမ်းယူလိုက်သည့် ရှုချန်း၏ အမြန်နှုန်းကြောင့် တုန်လှုပ်နေ၏။ လေကဲ့သို့ လျှင်မြန်လွန်း၍ ရှုချန်း လက်လှုပ်လိုက်သည့် အချိန်ကိုပင် သူမမှာ မမြင်နိုင်ခဲ့။ သူမ ရှန်ယောင် ကို မော့ကြည့်ချိန် ယင်ကောင်ကို တူနှင့် ဖမ်းဆုပ်ထားရင်း "အိုး ဟေး ... ငါ ယင်ကောင်တစ်ကောင် ဖမ်းမိထားတယ်" ဟု ဆိုနေသလို ပို့စ်ပေးထားသော ရှုချန်းကို မြင်တွေ့လိုက်ရ၏။
သူမတို့နှစ်ဦး ထမင်းပြန်စားရန် ဆုံးဖြတ်လိုက်ချိန် ရှုချန်း၏လက် နောက်တကြိမ် လှုပ်ရှားသွားပြန်သည်။
တူနှစ်ချောင်း အလယ်တွင် နောက်တကြိမ် ထပ်မံ ဖမ်းမိနေသော ယင်ကောင်အား ယန်ကျင်း နှင့် ရှန်ယောင် တို့ မြင်တွေ့လိုက်ရ၏။ ယင်ကောင်မှာ အသက်ရှင်နေဆဲ ဖြစ်ပြီး အတောင်ပံများပင် တဆတ်ဆတ် လှုပ်ခါနေ၏။ ယင်ကောင်လေးမှာ ဘဝ၏ ဖြစ်တည်မှုကို ပြန်လည် စဉ်းစားနေသည့် အလားပင်။
ရှုချန်းလည်း ချက်ချင်း တူကို ချလိုက်၏။ ဘာတွေဖြစ်နေမှန်း စဉ်းစားမရသည့်အဆုံး သူ မတ်တပ်ရပ်ပြီး "အလုပ်သွားလိုက်ဦးမယ်" ဟု ပြောလိုက်၏။
သူ ပါးစပ်ကို သုတ်ပြီး မတ်တပ်ရပ်လိုက်သည်။ ပြီးလျှင် ဦးထုပ်ကို ဆောင်းပြီး ချက်ချင်း ထွက်သွားလေတော့၏။
ယန်ကျင်း မှာ တစ်ထိုင်တည်း ယင်ကောင်နှစ်ကြိမ် ဖမ်းပြသွားသော ရှုချန်း၏ နောက်ကျောပြင်အား မှင်တက် ကြည့်ရှုနေမိတော့၏။
"ဘယ် ... ဒီလူ ဘယ်လိုလုပ်လိုက်တာလဲ"
...
ရှုချန်းလည်း ဓာတ်လှေကားထဲ ရောက်သည်နှင့် သူ့ ညာဘက်ကို ပြန်ကြည့်လိုက်၏။ ပြီးလျှင် လေထဲသို့ လက်သီးတစ်လုံး ပစ်ခွင်းကြည့်လိုက်သည်။ အရှိန်က ထင်ထားသလို မဟုတ်တော့ ... ပုံမှန်အတိုင်းပင်။
"ငါ့ မသိစိတ်ရဲ့ အစွမ်းကြောင့်များလား"
ရှုချန်း ကိုယ်တိုင်လည်း နားမလည်နိုင်တော့ချေ။
ဓာတ်လှေကားမှာ အောက်သို့ ဆင်းနေပြီ ဖြစ်သော်လည်း မိန်းကလေးနှစ်ယောက်၏ စကားသံများကို သူ ကြားနေရပြန်၏။
ရှန်ယောင် က ...
"ဒီလောက်အမြန်နှုန်း ရအောင် သူ တစ်ယောက်တည်း ဘယ်နှစ်နှစ်လောက် ကြိုးစားခဲ့သလဲ မသိဘူး။ သူ့လို လူပျိုတစ်ယောက်က ကျွန်မတို့ကို တစ်နေ့နေ့မှာ မုဒိန်းကျင့်လာမှာကို မစိုးရိမ်ဘူးလား"
ယန်ကျင်း က... "ထွန်ဆွဲနေတဲ့ နွားလိုပေါ့။ နွားဆိုတာ လယ်ကြောင့် မဟုတ်ဘဲ အလုပ်ကြိုးစားလွန်းလို့ သေရတာ။ ဒီမှာ ငါတို့နှစ်ယောက် ရှိနေတာပဲ ... မစိုးရိမ်ပါနဲ့"
ဓာတ်လှေကားထဲမှ ရှုချန်းမှာ ငိုရမလား၊ ရယ်ရမလား မသိတော့။ အနှီမိန်းကလေးများပင် စိတ်ဖောက်ပြန်နေကြသလော ... သို့တည်းမဟုတ် အပြင်ပန်းလှသလောက် အတွင်းပိုင်းက ရုပ်ဆိုးအကျဉ်းတန်နေသူများလော ... ကမ္ဘာလောကကြီးတစ်ခုလုံး ဘာတွေ ဖြစ်ကုန်ပြီနည်း။
ထိုအခိုက် ဘာကြောင့်မှန်း မသိ ... ရှုချန်း၏ အကြားအာရုံတို့ ပိုမို ပြတ်သားကြည်လင်လာ၏။
ဓာတ်လှေကားထဲမှာပင် တခြားသော အသံဗလံများကို စတင် ကြားလာရပြန်သည်။
"အကို ပေါင် ... သူ နေတဲ့အခန်းက ဘယ်အခန်းလဲ သိလား။ ဒီကွန်ဒိုကြီးက အကြီးကြီးပဲ။ တစ်ခန်းချင်းစီ လိုက်ရှာနေရရင် ကျုပ်တို့အတွက် မစားသာဘူး"
"မစိုးရိမ်ပါနဲ့ကွာ။ ငါ စုံစမ်းပြီးသား။ ဒီကွန်ဒိုမှာ သူနေတယ်ဆိုတာ အတိအကျပဲ။ အဲဒီတော့ ဓာတ်လှေကားရှေ့မှာသာ စောင့်နေ။ အခုက သူ့ ဂျူတီအချိန်ပဲ"
"ဒါပေမဲ့ သူက ရဲအရာရှိတစ်ယောက်နော်"
တစ်စုံတစ်ဦးက စိုးရိမ်ပူပန်နေသည့်ဟန်နှင့် ဝင်ပြောပြန်၏။
"အဲဒီတော့ ဘာဖြစ်လဲ။ သူက လှည့်ကင်းရဲတစ်ယောက်ပဲ။ မင်းဘာတွေ သွေးကြောင်နေတာလဲ။ သူ့ခေါင်းကို အိတ်စွပ်ပြီး မှတ်လောက်သားလောက်အောင် ဝိုင်းရိုက်ကြတာပေါ့။ အဲဒါတောင်မှ ဒီနေ့ည ငါတို့ရဲ့ သခင်လေးယွမ်ကို မလွှတ်ပေးသေးဘူးဆိုရင် ပိုပြီး ကြယ်ရောင်စုံ မြင်သွားရအောင် သင်ခန်းစာ ပေးလိုက်ဦးမယ်။ ဘာသက်သေမှ မကျန်ခဲ့စေနဲ့။ ဒီကိစ္စမှာ ငါတို့ သူဌေး ပါတယ်ဆိုတာ လုံးဝ သိလို့ မရဘူးနော်"
"ရဲ ... လှည့်ကင်းအရာရှိ။ ဒီလူတွေက ငါ့ရဲ့ ချောမောလှပတဲ့ မျက်နှာလေးအကြောင်း ပြောနေကြတာ မဟုတ်ဘူးလား"
ထိုစကားလုံးများကြောင့် ရှုချန်း၏ အာရုံကြောများ နိုးကြားလာတော့၏။ ဓာတ်လှေကား ပထမထပ်သို့ ရောက်ခါနီး တတိယထပ်ခလုတ်ကို ချက်ချင်း နှိပ်ကာ အပြင်သို့ ထွက်သွားလိုက်သည်။
လမ်းလျှောက်လာနေရင်း ပတ်ဝန်းကျင်မှ ဆူညံသံမျိုးစုံနှင့် စကားသံမျိုးစုံကို သူ ကြားနေရပြန်၏။ အကြောင်းရင်းကို သူလည်း မသိချေ။ သို့သော် သူ့နား တစ်ခုခု ဖြစ်နေမှန်းတော့ သူ သိ၏။ ရုတ်တရက် ကမ္ဘာကြီးတစ်ခုလုံး ဆူညံပွက်လောရိုက်နေသလို ခံစားလာရသည်။ စင်္ကြန်ထဲမှ အဝတ်လျှော်စက်များ ထားသည့် အခန်းကို ဖြတ်လာချိန် စက်များအတွင်းမှ ရေစက်များ လည်ပတ်သံကို ပီပီသသကြီး ကြားနေရပြန်၏။
လှေကားအတိုင်း အောက်ဆင်းရန် ပြင်လိုက်ချိန် လူတစု၏ စကားသံကို ထပ်မံ ကြားလိုက်ရပြန်သည်။
"အကို ပေါင် ... သူ လှေကားကနေ ဆင်းလာရင်ကော ဘယ်လိုလုပ်မလဲ"
"မပူစမ်းပါနဲ့ကွာ ... ငါ လောင်ဆန်း နဲ့ မာလျူ တို့နှစ်ယောက်ကို လှေကားကို ကြည့်ခိုင်းထားတယ်။ အဲဒီကောင် အလုပ်သွားရင် ကျိန်းသေ ငါတို့လက်က မလွတ်ဘူး။ အဲဒီကောင်ကို တွေ့ရင် လုံးဝ အလျင်စလို မလုပ်နဲ့။ သူ ရှိနေတဲ့နေရာကို အရင်ဆုံး သတင်းပို့ ဟုတ်ပြီလား"
ရှုချန်းလည်း ခြေလှမ်းများကို ရပ်တန့်လိုက်၏။ အဝိုင်းပတ် လှေကား ထိပ်ဆုံးမှနေ၍ ကြည့်လိုက်ရာ ပထမထပ်၌ ဆံပင် ဆေးဆိုးထားသော လူ ၃ - ၅ ယောက်အား တွေ့လိုက်ရလေတော့သည်။
(မြုပ်ကွက် အချို့တော့ ပေါ်လာပြီ )
အခန်း ၁၉ ပြီး
နတ်နဂါးစစ်သည်
အပိုင်း ၂၀
( ရှန်ချန်း မြို့က ဂိုဏ်းကြီးလေးဂိုဏ်း )
ရှုချန်းက ဘာမှမဖြစ်သလို လှေကားအတိုင်း ဆင်းချလာ၏။ ပြီးလျှင် လှေကားရင်း၌ စောင့်ဆိုင်းနေကြသော ဆံပင်ရောင်စုံနှင့် လူဆိုးသူခိုးပုံစံ ငါးဦးကို လက်ယမ်းပြလိုက်သည်။
မကြာခင် ဓာတ်လှေကားနဘေးတွင် စောင့်နေကြသော လူငါးဦးနားသို့ တခြားလူကိုးဦး ချက်ချင်း ရောက်လာကြ၏။ ပြီးလျှင် ရှုချန်းအား ဝန်းရံလိုက်ကြသည်။ ပစ်မှတ်က သူတို့အား သတိမူမိသွားပြီ ဖြစ်၍ ခေါင်းကိုအိပ်စွပ်ပြီး ရိုက်နှက်မည့် အကြံမှာ အလုပ်မဖြစ်တော့ချေ။ သည့်အတွက် ရွေးချယ်စရာမရှိဘဲ ရှုချန်းအား "အကြင်နာဆုံး သတိပေးစကား" ပေးရန် ဆုံးဖြတ်လိုက်လေ၏။
အဖွဲ့ကို ဦးဆောင်လာသူမှာ နာမည်ပြောင် ဖက်တီးဟု ခေါ်တွင်သော အကို ပေါင် (ကျားသစ်နက်ဟု အဓိပ္ပါယ်ရသည်) ဖြစ်လေသည်။ သူက ပီကေကို ဝါးရင်း ထီမထင်သည့် အပြုံးမျိုးဖြင့် ပြောလိုက်သည်။
"အရာရှိရှု မဟုတ်လား"
ရှုချန်းက သူ့အမေးကို ပြန်မဖြေဘဲ နေရာတွင်သာ ရပ်နေလေ၏။
အကို ပေါင် ၏ လူများမှာ ရှုချန်း၏ ယူနီဖောင်းအင်္ကျီမှ ရာထူးအဆင့်ကို မြင်လိုက်ရသည်နှင့် ရုတ်ချည်းဆိုသလို အထင်သေးသည့် အပြုံးမျိုး ပြုံးလိုက်ကြသည်။
"သခင်လေးယွမ်နဲ့ သူ့သူငယ်ချင်းတွေကို အချုပ်ခန်းထဲ ထည့်နိုင်တယ်ဆိုလို့ တခြား အကောင်ကြီးကြီး တစ်ကောင် မှတ်နေတာ ... အခုတော့ အောက်ဆုံးက ရဲတပ်သားလေးတစ်ယောက် ဖြစ်နေပါလား"
ထို့နောက် ပါးစပ်မှ ပီကေကို ထွေးထုတ်လိုက်၏။ ပြီးလျှင် ရှုံ့မဲ့နေသော မျက်နှာနှင့် ရှုချန်းနား ကပ်လာရင်း အက်ကွဲနေသော လေသံနှင့် ပြောလိုက်သည်။
"ရှန်ချန်း မှာ ဆက်နေချင်သေးတယ်ဆိုရင် သခင်လေးယွမ်နဲ့ တခြားသခင်လေးတွေကို အပြင်ထုတ်ပေးလိုက်"
ရှုချန်းက အေးဆေးတည်ငြိမ်စွာနှင့် "မင်းက ဘယ်သူလဲ" ဟု မေးလိုက်သည်။
"ကျုပ်ပြောလည်း ခင်ဗျား သိမှာ မဟုတ်ဘူး"
ပေါင်က နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။
"ကျုပ်နာမည်ကို သိလို့ကတော့ ခင်ဗျား အခုလို တည်ငြိမ်ချင်ယောင်ဆောင်နိုင်မှာတောင် မဟုတ်ဘူး။ ရှန်ချန်း ရဲ့ ရှေးဟောင်း ဂိုဏ်းကြီး လေးဂိုဏ်းအကြောင်း ခင်ဗျား ကြားဖူးသလား"
"အေး"
ရှုချန်း၏ ပုံစံက ဘာမှ မပြောင်းလဲသေး။
"အထက်တန်းကျောင်းမှာတုန်းက အဲဒီအကြောင်းတွေ ကြားဖူးတယ်။ အဲဒီဂိုဏ်းရဲ့ ဂိုဏ်းသားတွေ အားလုံးက လူယုတ်မာတွေ ဆိုလားပဲ"
အကိုပေါင်နှင့် အခြားလူများ၏ မျက်နှာ အမူအရာများ ပြောင်းလဲသွား၏။ သို့သော် သူတို့အားလုံး အူလှိုက်သည်းလှိုက် ရယ်မောလိုက်ကြလေသည်။
"ဟုတ်ပြီလေ ... ငါတို့က လူယုတ်မာတွေမှန်း မင်း သိပြီဆိုတော့ ငါတို့ကို ရန်မစတာ အကောင်းဆုံး ဖြစ်မှန်း မင်း သိမှာပေါ့။ ဒီလိုမှမဟုတ်ရင် မင်းအတွက် အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး။ လောလောဆယ် ရဲယူနီဖောင်း ဝတ်ထားနိုင်ပေမယ့် ၂၄ နာရီပတ်လုံး ရဲဝတ်စုံ ဝတ်ထားနိုင်မှာ မဟုတ်ဘူးနော်။ ရဲဘဝကနေ အလုပ် မဖြုတ်ခံရဘူးလို့ ဘယ်သူမှလည်း အာမ,မခံထားဘူး"
"မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား"
ရှုချန်း၏ မျက်လုံးအစုံ ကျဉ်းမြောင်းသွားသည်။
"ကျုပ်တို့ရဲ့ ချစ်လှစွာသော ရဲအရာရှိကြီးကို ဘယ်လိုလုပ် ခြိမ်းခြောက်ရဲမှာလဲဗျာ"
ပေါင်က ပြုံးရင်း ပြောလိုက်၏။
"ကျုပ်က အရာရှိရှုကို စကားလေး လာပြောရုံပါ။ ခင်ဗျား လမ်းလျှောက်နေချိန်ပဲ ဖြစ်ဖြစ် ... ကားမောင်းနေချိန်ပဲ ဖြစ်ဖြစ် သတိထားဖို့ပါ။ အထူးသဖြင့် ခင်ဗျားက မော်တော်ဆိုင်ကယ် စီးရတာ ကြိုက်တယ် မဟုတ်လား။ မတော်တဆမှုတွေဆိုတာက နေရာတိုင်းလိုလို ဖြစ်နေတာဆိုတော့ ... ဟဲ ဟဲ ခင်ဗျားရော ဘယ်လိုထင်သလဲ"
"ခင်ဗျား စိတ်ပူပေးဖို့ ကျေးဇူးပဲ"
ရှုချန်းက သူ့အား ကြည့်ရင်း မေးလိုက်သည်။
"ခင်ဗျားရဲ့ နာမည်က ..."
ပေါင်က ရှုချန်းအား စိုက်ကြည့်ရင်း ထိုရဲအရာရှိသည် သူ့နာမည်အား ရည်ရွယ်ချက်ရှိရှိ နောက်တစ်ကြိမ် ထပ်မေးရင်း ရန်စနေသလားဟု တွေးမိလိုက်၏။
သူ တစ်လုံးချင်း ပေါင်းပြလိုက်သည်။
"သဝေ ထိုး ...င သတ် ... ပေါင်"
"ခင်ဗျား နာမည် အစစ်ကို ပြောတာ"
ရှုချန်း ပြောလိုက်၏။
ပေါင်က စားတော့မတတ် မျက်လုံးကြီးများဖြင့် ကြည့်ရင်း "မင်းက ဘာလုပ်ချင်လို့လဲ" ဟု မေးလိုက်၏။
"ဘာမှ မလုပ်ပါဘူး"
ရှုချန်းက ပြောလိုက်သည် ။
"ကျုပ်တို့ တရားဥပဒေအတွက် ဆောင်ရွက်နေချိန် ကျုပ်တို့ရဲ့ တာဝန်ဝတ္တရားတွေကို ဝင်မနှောင့်ယှက်ဖို့ ခင်ဗျားကို သတိပေးချင်ရုံပါ။ ခင်ဗျားကိုယ်ခင်ဗျား ပေါင်လို့ ပြောတယ်။ ဒါပေမဲ့ ခင်ဗျား ပုံစံက ကျားသစ်နက်နဲ့လည်း မတူသလို လူနဲ့လည်း မတူဘူး။ မှတ်ပုံတင်ထဲက နာမည်အစစ်ကို ထုတ်မသုံးရဲမှတော့ ဒီလိုလုပ်ပါလား ... ကျုပ် လုပ်ဖော်ကိုင်ဖက်တွေကို အကူအညီတောင်းပြီး ခင်ဗျားရဲ့ မှတ်ပုံတင်ကို စာရင်းဖျက်ပေးလိုက်မယ် ဆိုရင်ကော ဘယ်လိုလဲ"
"မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား"
ပေါင်၏ မျက်နှာကြီး မည်းနက်သွားလေ၏။ အသံနက်ကြီးနှင့် ပြောရင်း ရှုချန်းနား တိုးကပ်လာသည်။
သူတို့နှစ်ဦး၏ မျက်နှာများမှာ ထိလုမတတ် နီးကပ်နေလေ၏။ ပြီးလျှင် တစ်လုံးချင်း ပီပီသသ ပြောလိုက်လေသည်။
"ဟုတ်တယ် ... ငါက ရဲတွေကို ကြောက်တယ်။ ဒါပေမဲ့ မင်းလို ပတ်တရောင် လှည့်ရတဲ့ လှည့်ကင်း ရဲတပ်သားလောက်တော့ ငါ လုံးဝ မကြောက်ဘူး"
ရှုချန်းကလည်း ဘာမှမဖြစ်သလိုပင် ပြန်မေးလိုက်၏။
"ဒါဖြင့် မင်းအခု ဘယ်သူ့အတွက် အလုပ်,လုပ်ပေးနေတာလဲ။ လွန်ခဲ့တဲ့ နှစ်တွေကတည်းက ဂိုဏ်းကြီးလေးဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်နေရာတွေ အပြောင်းအလဲ ဖြစ်ခဲ့တယ်။ ဒီတော့ ညဈေးကို အခု ဘယ်သူ ထိန်းချုပ်နေမှန်း ငါ တကယ် မသိဘူး။ မင်း သူဌေး ဘယ်သူလဲဆိုတာ ငါ အတော်ကလေး သိချင်နေတာကွ"
"ငါ့ဆီက စကားလာနှိုက်ဖို့ မကြိုးစားနဲ့"
ပေါင်က နှာရှုံ့ရင်း ပြောလိုက်သည်။
"မင်း အခွင့်အရေးရှိရင် ည (၁၂) နာရီ နောက်ပိုင်း လာခဲ့လိုက်လေ။ တကယ်ပြောတာ ... မင်းလိုကောင်ကို ငါတို့ကလည်း အားရပါးရ ကြိုဆိုတယ်။ ဒါပေမဲ့ မင်း သတ္တိကောင်းဖို့တော့ လိုမယ်နော်။ ဟဲ ဟဲ ... ကဲ နှုတ်ဆက်တယ် အရာရှိ ရှုရေ ... ငါပြောတဲ့ စကားတွေကို အလေးအနက်ထားတာ အကောင်းဆုံးပဲ။ မင်းအနေနဲ့ သခင်လေးယွမ်နဲ့ တခြားသူဌေးလေးတွေကို လွှတ်ပေးရင် လွှတ်ပေး ... မလွှတ်ပေးလို့ကတော့ ငါတို့ မင်းဆီ နောက်တကြိမ် ထပ်လာခဲ့မယ်။ မင်း နေရာကို ငါတို့ အလွယ်တကူ ရှာဖွေနိုင်တယ်ဆိုတာတော့ မင်း သိမှာပါ"
ထို့နောက် လက်ပြပြီး ကျန်လူများနှင့်အတူ ထွက်သွားလေတော့သည်။
"အဲဒီလူက မြောက်ပိုင်းတံခါးအဖွဲ့ကပဲ"
ထိုအချိန်၌ ဒုက္ခရောက်နေသော ရှုချန်းကို ဝမ်းသာကျေနပ်သလို မျက်နှာပေးနှင့် ယန်ကျင်း တစ်ယောက် ဝင်လာရင်း ပြောလိုက်သည်။
"ဘာဖြစ်လို့ ဒီလိုလူတွေကို သွားရန်စရတာလဲ"
"သူတို့က အရင်စတာ"
ရှုချန်းက ဦးထုပ်ကို နေသားတကျ ဖြစ်အောင် ပြုပြင်လိုက်ရင်း အပြင်သို့ ထွက်သွားလေသည်။ ယန်ကျင်း လည်း ရှုချန်းနောက်သို့ အပြေးအလွှား လိုက်သွားလေသည်။
"အဲဒီဂိုဏ်းကြီးလေးဂိုဏ်းက လူတွေကို သွားရန်မစတာ အကောင်းဆုံးပဲ"
ယန်ကျင်း က သတိပေးလိုက်သည်။
"တစ်ခြားလူတွေရဲ့ ပိုင်နက်ထဲမှာ စိတ်ကြိုက် လုပ်လို့ မရမှန်း ငါသိတယ်။ ဒီလိုပဲ ... သူတို့ ဘာလုပ်လုပ် ငါ စိတ်မဝင်စားဘူး။ ဒီလောကကြီးထဲမှာ ပြီးပြည့်စုံတဲ့ တရားမျှတမှု မရှိမှန်းလည်း ငါ သိတယ်။ ဒါပေမဲ့ ငါမျက်စိရှေ့ရောက်လာရင်တော့ တရားဥပဒေ မလိုက်နာတဲ့ လူဆိုးလူမိုက်မှန်သမျှ အပြစ်ပေးခံရမှာပဲ"
ရှုချန်းက ပြန်ပြောလိုက်၏။
"ရှန်ချန်း မြို့က တံခါးလေးပါး ဂိုဏ်းသားတွေဆိုတာ ရှင် ရန်စလို့ရတဲ့ လူတွေ မဟုတ်ဘူး။ ဂိုဏ်းလေးခု တည်ရှိခဲ့တဲ့ သမိုင်းကြောင်းဟာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ။ အစိုးရ ကိုယ်တိုင် ဒီဂိုဏ်းကြီးလေးဂိုဏ်းကို ထိန်းသိမ်းဖို့ အထူးတလည် မဟာဗျူဟာတွေ ချမှတ်ရတယ်။ သူတို့ရဲ့ ဂိုဏ်းဝင်အင်အားအပြင် လူဆိုးဂိုဏ်း မှန်ရန် တရားဥပဒေနဲ့ မလွတ်ကင်းတဲ့ အလုပ်တွေ တွဲပါစမြဲဆိုတဲ့ အရင်ခေတ်က စီးပွားရေးလုပ်ငန်းမျိုးတွေ မဟုတ်ဘဲ တရားဝင် လုပ်ငန်းတွေကို စီမံခန့်ခွဲနေကြတာ။ ဒီလူတွေနဲ့ ယှဉ်ရင် ရှင်ပဲ ဒုက္ခရောက်မှာ"
"စောင့်ကြည့်ကြတာပေါ့လေ"
ရှုချန်းက ပြောဆိုပြီး လမ်းကို မြန်မြန် လျှောက်သွားလိုက်သည်။
ယန်ကျင်း မှာ အံ့ကို ကြိတ်ရင်း မကျေမနပ် ထပ်ပြောလိုက်၏။
"သူတို့ဆီမှာ တရားဥပဒေကို လက်တလုံးခြား လှည့်စားနိုင်တဲ့ ဥပဒေပညာရှင်တွေ ပါနေလို့ ကိုင်တွယ်ရခက်ခဲတယ်လို့ ကျွန်မ ပြောပြနေတာ။ ကျွန်မတို့ ရာဇဝတ်မှု နှိမ်နှင်းရေး ဌာနက သူတို့ကို မျက်ခြေမပြတ် စောင့်ကြည့်နေတာ။ ဒါပေမဲ့ သူတို့ကို သွားထိလိုက်တာနဲ့ ရှန်ချန်း မြို့ကြီးတစ်ခုလုံး ဝရုန်းသုန်းကားဖြစ်သွားနိုင်တဲ့အပြင် လူ့အဖွဲ့အစည်းတစ်ခုလုံး မငြိမ်မသက်တဲ့အထိ ဖြစ်သွားနိုင်တယ်။ ဒါကြောင့် ကျွန်မတို့ကိုယ်တိုင် သူတို့ကို ရှောင်ကြရတယ်။ ဒီတံခါးလေးပါးဂိုဏ်းသားတွေနဲ့ ရှင် ခပ်ကင်းကင်းနေနိုင်လေ ရှင့်အတွက် ပိုကောင်းလေပဲလို့ ကျွန်မ လာပြောပြတာ"
ရှုချန်းမှာ စကားတစ်ခွန်းမှ မဆိုဘဲ ဆိုင်ကယ်ပေါ်တက်ကာ ညဂျူတီဝင်ရန် ထွက်သွားလေသည်။
ညဆိုင်းဆင်းရန် ရောက်လာသည့်အခါ သခင်လေးယွမ်နှင့် ကျန်သူဌေးသားလေးများက ဆူဖြိုးနေသည့် သိုးသူငယ်တစ်ကောင်အား ဆာလောင်မွတ်သိပ်နေသည့် ဝံပုလွေအုပ်ကြီးတအုပ်က ကြည့်သလို ရှုချန်းအား ကြည့်နေကြလေသည်။ သခင်လေးယွမ်မှာ ရှုချန်းအား မြင်သည်နှင့် မခန့်လေးစားဟန်နှင့် ရယ်မောပြလိုက်သည်။
"မင်းဆီကို ဘယ်လိုပြဿနာမျိုးတွေ လာနေမှန်း မင်း မသိသေးဘူးပေါ့လေ ဟုတ်လား"
"ပြဿနာဆိုတာ ဆေးစွမ်းကောင်းတစ်ခွက်ပဲ။ ရဲတစ်ယောက်အနေနဲ့ ပြဿနာက ကိုယ့်ကိုလာမရှာရင် ကိုယ်က ပြဿနာကို သွားရှာရတယ်။ ဒီလိုမှမဟုတ်ရင် ငါတို့ဘဝတွေက အရမ်း ပျင်းစရာ ကောင်းနေမှာပေါ့"
ရှုချန်းက ပြန်ရယ်ပြလိုက်၏။ သခင်လေးယွမ်ပြောသည့် သတိပေးစကား အဓိပ္ပါယ်ကို သူ ကောင်းကောင်း သိသည်။ ၎င်းမှာ ပေါင်တို့အဖွဲ့၏ ခြိမ်းခြောက်စကားနှင့် ခပ်ဆင်ဆင် ခြိမ်းခြောက်လိုက်ခြင်း ဖြစ်သည်။
သခင်လေးယွမ်တို့အဖွဲ့သည် လူမြင်ကွင်း၌ ရှင်းလင်း၍ မရလျှင် လူမမြင်ကွယ်ရာ၌ အမှောင်ဒုစရိုက်သားများကို စေခိုင်း၍ ရှင်းလင်းခိုင်းကြမည့် လူစားမျိုးများ ဖြစ်လေသည်။
"မင်းဆိုတဲ့ကောင်က အတော်ကလေး လေကျယ်တာပဲကွ"
သခင်လေးယွမ်က ပြန်လည် လှောင်ပြောင်လိုက်သည်။
"မင်းနှာခေါင်းကို ဘာကြောင့်များ မစင်ပုံထဲ ထိုးနှစ်ချင်နေရတာလဲ။ စိတ်ကြီးတဲ့ ငါတို့လို သူဌေးသား လူငယ်လေးတွေဆိုတာ ဟောဒီ ရှန်ချန်း မြို့မှာ တစ်ပြုံကြီး။ ဘာလဲ ... သူတို့အားလုံးကိုပါ မင်းက ဖမ်းမလို့လား။ ရှန်ချန်း မြို့ရဲ့ နာမည်အကျော်ကြားဆုံး သခင်လေး လေးယောက်ကိုပါ မင်းက ရန်စ ပြဿနာရှာတော့မယ်ပေါ့ ဟုတ်လား"
"ဘာ နာမည်ကြီး သခင်လေး လေးယောက်လဲ။ ငါ့မျက်လုံးထဲမှာတော့ တရားဥပဒေကို ချိုးဖောက်တဲ့ လူတိုင်းဟာ ရာဇဝတ်သားတွေချည်းပဲ"
ရှုချန်းက သေနတ်ကို တိုက်ချွတ်နေရင်း ပြန်ပြောလိုက်သည်။
"(၁၅) ရက်ပြည့်တဲ့အထိ ထိုင်စောင့်နေမယ့် အစား အပြစ်ဝန်ချတောင်းပန်ခြင်း ပန်ကြားလွှာကို မင်းတို့ ရေးနေသင့်တယ်။ ဒါမှ မင်းတို့အားလုံး ခပ်စောစော ထွက်သွားနိုင်တာပေါ့"
သခင်လေးယွမ်က "အေး ငါဆိုတဲ့ကောင်ကလည်း (၁၅) ရက် မပြည့်မချင်းကို ဒီမှာ တမင်နေ,နေတာ။ ငါ အပြင်ရောက်တဲ့အခါ မင်းကို ခွင့်လွှတ်နိုင်မလားဆိုတာလည်း စောင့်ကြည့်ချင် စောင့်ကြည့်လိုက်ဦး။ ဒါပေမဲ့ ငါ့စိတ်ထဲမှာတော့ မင်းကို ဘယ်လိုမှ ခွင့်လွှတ်လို့ မရဘူး။ ဒါပေမဲ့ အခုချက်ချင်း ငါ့ကို ဒူးထောက်ပြီး တောင်းပန်မယ်ဆိုရင်တော့ မပြောတတ်ဘူး"
ရှုချန်းက မခို့တခို့ ရယ်မောလိုက်သည်။
"ငါကတော့ ရယ်ဒီပဲ။ မင်းသာ ပြောတဲ့အတိုင်း ဖြစ်အောင်လုပ်။ ငါက ဒီမှာ လူသစ်ဆိုတော့ ပုံမှန်အတိုင်းဆို အတော် ပျင်းစရာကောင်းနေခဲ့တာ။ နောင်ကျရင် မင်းတို့ ကောင်လေးတွေနဲ့ ငါ ဆော့ကစားပေးမယ် ဆိုရင်ကော ဘယ်လိုလဲ"
သခင်လေးယွမ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားလေသည်။
"မင်း ဘယ်တော့မှ မမေ့နိုင်အောင် ငါ လုပ်ပြမယ်"
ရှုချန်းက "ငါလည်း မင်းလိုလုပ်ပြမှာပေါ့ကွာ"
ထို့နောက် ဆိုင်ကယ်ဆီ သွားကာ ပတ်တရောင်လှည့်ရန် ထွက်သွားလေတော့သည်။
ပုံမှန် အတိုင်း ရှုချန်းမှာ အထက်တန်းကျောင်းများ တဝိုက်သို့ သွားကာ ကျောင်းသားလူရွယ်များ ကုန်စင်သည်အထိ စောင့်ဆိုင်း၏။ ပုန်ကန်နွယ်မျိုးဆက် လင်းမိသားစု၏ ဆယ်ကျော်သက်ကောင်လေးမှာ သူ့အား ထပ်မံ တွေ့လိုက်ရ၍ အံ့အားသင့်သွားလေသည်။ ကောင်လေးက ရှုချန်းထံ လာပြီး စီးကရက်တစ်လိပ်ကို ကမ်းပေးလိုက်၏။ ရှုချန်းကလည်း လက်ခံပြီး စီးကရက်ကို မီးညှိလိုက်လေသည်။
"ကျုပ်အကိုနဲ့ ကျုပ် လောင်းထားတဲ့ပွဲမှာ ကျုပ် အနိုင်ရတော့မယ်နဲ့ တူတယ်"
ရွှေအိုရောင် ဆံပင်နှင့် ကောင်လေးက ကြည်နူးစွာ ပြောဆိုလိုက်၏။
ရှုချန်းက ဆေးလိပ်ငွေ့ကို ရှိုက်ထုတ်ရင်း မေးလိုက်သည်။
"ဘာလောင်းထားလို့လဲ"
ရွှေအိုရောင်ဆံပင်နှင့် ကောင်လေးက "ကျုပ်အကို ပြောတာတော့ ခင်ဗျား ပြဿနာ အကြီးကြီး တက်ပြီတဲ့။ ကျုပ်ကိုယ်တိုင်တောင် ခင်ဗျားကို ဒီနေ့ည မမြင်ရတော့ဘူး မှတ်နေတာ။ အနားတိုးစမ်းပါဦးဗျ။ ခင်ဗျားကို အသေအချာ ကြည့်ရအောင် ... ခင်ဗျားက အခု လူမဟုတ်ဘဲ သရဲတစ္ဆေဘဝ ရောက်နေပြီလား ဆိုတာ"
အခန်း ၂၀ ပြီး