နတ်နဂါးစစ်သည်
အပိုင်း ၁၇
( ပျားရည်ထောင်ချောက်လေးများပင် အလုပ်မဖြစ် )
၎င်းရှေ့နေမှာ သူ၏ အရည်အချင်းကို အမှန်တကယ် ဖြုန်းတီးနေခြင်းပင်။ ရုပ်ရှင်မင်းသား မလုပ်ခဲ့သည်က အမှန်တကယ် နှမြောစရာပင်။
ရှုချန်းက မထိတထိ ပြုံးရင်း "မရဘူး" ဟု ပြောလိုက်လေသည်။
ရှေ့နေက ထပ်မံ အော်ပြောပြန်၏။
"တစ်သိန်း ... ယူပြီးသွားတော့"
"မင်းတို့လူတွေကို ခေါ်ပြီး ထွက်သွားဖို့ စောနကတည်းက ငါပြောခဲ့သားပဲ။ မင်းတို့က ငါ့ကို ပြဿနာရှာချင်တာကိုး။ အခုတော့ ငါစိတ်ပြောင်းသွားပြီ။ (၁၅) ရက် မပြည့်မချင်း ဘယ်သူမှ မထွက်သွားရဘူး။ တရားရုံး သွားချင်ကြတယ် မဟုတ်လား။ အခုငါ့မှာရှိတဲ့ သက်သေအရ ငါဟာ အပြစ် မရှိဘူး"
ရှေ့နေ၏ မျက်နှာမှာ ဝမ်းချုပ်နေသူတစ်ဦးအလား ရှုံ့တွလာတော့သည်။
သခင်လေးယွမ်နှင့် အချုပ်ခန်းနောက်မှ ကောင်ဆိုးလေးအားလုံး အပြင်ထွက်ပြီး ဝမ်းချုပ်သလို မျက်နှာပေးများနှင့် ရှေ့နေများထံ ဖြစ်ပျက်နေသမျှ လာရောက်မေးမြန်းလိုနေကြသည်။ သခင်လေးယွမ်က သူ့ရှေ့နေကို ခေါ်လိုက်၏။
"ဘာဖြစ်တာလဲ။ အဲဒီကောင် ဒီလောက် မောက်မာနေတာ မွဲသွားတဲ့အထိ တရားစွဲပစ်ပါလား"
ရှေ့နေမှာ ခါးသက်သက် ပြုံးပြလိုက်၏။ ပြီးလျှင် သခင်လေးယွမ်ထံ တိုးသွားပြီး လေသံကလေးနှင့် ပြောလိုက်သည်။
"သခင်လေးယွမ် ... မနက်စောစောစီးစီး သွားပြီး အဲဒီဗီဒီယိုတွေကို ပိုက်ဆံပေး ဖျက်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလူဆီမှာ ကော်ပီတစ်ခွေ ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ အခု သူ့မှာ အရုပ်ရော၊ အသံရော သက်သေတွေ ရှိနေတယ်။ ဒါ ကျုပ်တို့ အတော်ကလေး ဒုက္ခရောက်သွားနိုင်တဲ့ သက်သေတွေပဲ။ သူလုပ်ခဲ့တာတွေက တရားဥပဒေနဲ့ အညီ ဖြစ်နေတယ်။ ဒီတော့ သူကသာ သခင်လေးတို့ကို ဆက်ပြီး ချုပ်နှောင်ထားမယ် ဆိုရင်လည်း ဘယ်သူမှ ဘာမှ ဝင်ပြောနိုင်တော့မှာ မဟုတ်ဘူး "
သခင်လေးယွမ်၏ မျက်နှာလည်း အနည်းငယ် ပြောင်းလဲသွား၏။
သူနှင့်အတူ သံတိုင်နောက်မှ လူငယ်များ အားလုံးလည်း မျက်လုံးပြုးသွားကြသည်။ လူငယ်တစ်ဦးက ရုတ်ချည်းဆိုသလို သံတိုင်အပြင်သို့ ထွက်သွားရန် ပြင်လိုက်သည်။ သို့သော် ရှုချန်း က ချက်ချင်း ရောက်သွားပြီး အချုပ်ခန်းတံခါးအား ကန်ပိတ်လိုက်လေ၏။
"မင်းတို့တွေကို ငါ အခွင့်အရေး ပေးပြီးသားပဲ။ မင်းတို့က မယူချင်မှတော့ နောက်ထပ် (၁၅) ရက် ငါ့ကို ထပ်ပြီး အဖော်ပြုပေးကြပေါ့။ အိုး ဟုတ်သားပဲ။ ငါ အပြင်သွားစရာ ရှိသေးတယ်။ ဒီတော့ မင်းတို့အချင်းချင်းပဲ အဖော်ပြုပေးနေကြဦး ဟုတ်လား"
ရှုချန်း တံခါးကို ပိတ်ရင်း ပြောလိုက်သည်။
သံတိုင်နောက်ကွယ်မှ သခင်လေးများ စိုးရိမ်ပူပန်သွားကြသည်။
"ငါတို့ကို ထပ်ပိတ်ထားရဲသေးတယ် ဟုတ်လား"
"ဘာဖြစ်လို့ မပိတ်ရဲရမှာလဲ"
ရှုချန်းက လူငယ်များကို တစ်ချက် ကြည့်လိုက်၏။ ပြီးလျှင် ဆုံးဖြတ်ပြီးသားဟန်နှင့် ပြန်ပြောလိုက်သည်။
"မင်းတို့ကို မရိုက်ရဲပါဘူး ပြောလို့ ငါ ရိုက်ပြခဲ့တယ်။ အဲဒီမှာပဲ မင်းတို့က မင်းတို့ကို မဖမ်းရဲပါဘူး ပြောလို့ ငါ ဖမ်းပြခဲ့တယ်။ ကဲ အခုတော့ မင်းတို့အားလုံး သံတိုင်တွေနောက်ကို ရောက်နေပြီ။ ကဲ အခု နောက်ထပ် (၁၅) ရက် မင်းတို့ကို ထပ်ချုပ်ထားမယ်ဆိုတဲ့ ငါ့စကားအတိုင်း တကယ် လုပ်မလုပ်ကို မင်းတို့ သိချင်ကြသေးလား"
သခင်လေးယွမ်မှာ အသက်ပြင်းပြင်း တစ်ချက် ရှိုက်လိုက်၏။ ပြီးလျှင် လေသံနှင့် ခံစားချက် အမူအရာကို ပို၍ နှစ်လိုဖွယ်ကောင်းအောင် ပြင်ဆင်ရင်း ပြောလိုက်သည်။
"ကျွန်တော်တို့ အဲဒီကိစ္စ ဆွေးနွေးရအောင်လား"
ရှူချန်းက "ဘာအကြောင်းလဲ"
သခင်လေးယွမ်က "ကျွန်တော်တို့ကို ထွက်သွားဖို့ ကိစ္စပါ။ ကျွန်တော်တို့မှာ လက်ဆောင်ကောင်းကောင်းတွေ ရှိပါတယ်"
မျက်နှာကို အကြီးဆုံးပြုံးရင်း ရှုချန်းက ပြောလိုက်သည်။
"တောင်းပန်တယ်ကွာ။ ရဲအရာရှိဖြစ်လာတာ ရာဇဝတ်သားတွေကို ကယ်ဖို့ မဟုတ်ဘူး။ တရားဥပဒေရှေ့မှောက် ခေါ်လာနိုင်ဖို့ပဲ။ ၁ သန်း မပြောနဲ့ မင်းတို့ရှေ့နေက ငါ့စားပွဲပေါ်ကို ၁၀ သန်း ယူလာရင်တောင် ငါ့ဆုံးဖြတ်ချက်ကို လုံးဝ မပြောင်းနိုင်ဘူး"
ထို့နောက် သော့ကို ထုတ်ပြီး အင်္ကျီအိတ်ကပ်ထဲ ထည့်ကာ ထပ်မံ ထွက်သွားပြန်သည်။ သံတိုင်နောက်ကွယ်မှ သခင်လေးများ ဒေါသတကြီး အော်ဟစ်ဆဲဆိုရင်း ကျန်ရစ်ခဲ့လေတော့၏။
"ဟေ့လူ ... မထွက်သွားနဲ့လေ။ ဒီကို မြန်မြန်လာပြီး ကျုပ်တို့ကို လွှတ်ပေးလေဗျာ"
ရှေ့နေများလည်း ရှုချန်းအား ကပ်လာကြ၏။ ပြီးလျှင် ခြိမ်းခြောက်ဟန်ပါသည့် အမူအရာများနှင့် မေးလိုက်သည်။
"ခင်ဗျား တရားရုံးကို လာရမယ်ဆိုတာ ယုံသလား"
ရှုချန်းကလည်း စိတ်ပျက်နေဟန်နှင့် ပြန်ဖြေလိုက်၏။
"ဒီမှာပဲ ကျုပ်တို့ရဲ့ နေ့စဉ် တာဝန်ဝတ္တရားကို နှောင့်ယှက်နေမယ်ဆိုရင် ခင်ဗျားပါ အပြစ်ရှိသွားလိမ့်မယ်။ ခင်ဗျား ထုတ်ချင်တဲ့ ကောင်လေးတွေက အမှုကျူးလွန်ခဲ့လို့ (၁၅) ရက် အထိန်းသိမ်းခံရမယ်။ သူတို့ကို မရမက ထုတ်ဖို့ ဆက်ကြိုးစားမယ် ဆိုရင်တော့ ကျုပ် ကြိုပြီး တောင်းပန်လိုက်မယ်။ ခင်ဗျားကိုပါ ဟောဒီ အချုပ်ခန်းထဲ အခု ထည့်ပစ်မယ်။ ကျုပ်စကားကိုရော ယုံသလား"
ရှုချန်း၏ လေးနက်သော မျက်နှာအမူအရာကို ကြည့်ရင်း ရှေ့နေမှာ နောက်သို့ ခြေတစ်လှမ်းပြီး တစ်လှမ်း ဆုတ်လိုက်လေ၏။ တံတွေးကို အခါခါ မြိုချရင်း ကျန် ရှေ့နေများ၏ မျက်နှာကို ကြည့်လိုက်၏။ ပြီးလျှင် ၎င်း၏ အမှုသည်များထံ ပြန်သွားပြီး ရှေဆက်လုပ်မည့် ကိစ္စများကို တိုင်ပင်နေတော့သည်။
ရှုချန်းလည်း ထိုသူများကို နှောင့်ယှက်မနေတော့ဘဲ ဗျူရိုမှ တန်းထွက်လာလိုက်၏။ လှလှပပကလေး တရေးအိပ်စက်နိုင်ဖို့ သူ လိုအပ်နေသေးသည်။
သူ့နောက်မှ သူ့အား ဆဲဆိုအော်ဟစ်နေသော ကောင်လေးများ၏ အသံကို ကြားနေရသည်။ သို့နှင့် နောက်ပြန်လှည့်ပြီး ခံစားချက်ကင်းမဲ့နေသော လေသံဖြင့် ပြောလိုက်သည်။
"စခန်းမှာ စီစီတီဗီတွေ နေရာတိုင်း တပ်ထားတယ်။ မင်းတို့ သုံးနှုန်းတဲ့ စကားလုံးတွေကို သတိထားသုံးကြ။ နို့မဟုတ်ရင် စခန်းမှာ နှစ်ပေါက်သွားမယ်"
ထိုမောက်မာလှသော သခင်လေးအားလုံး၏ ပါးစပ်များ ရုတ်ချည်း ပိတ်သွားကြ၏။ အထူးသဖြင့် သံတိုင်ကို လက်နှင့် မကျေမချမ်း ကိုင်ထားသည့် သခင်လေးယွမ် ဖြစ်လေသည်။ ရှုချန်းပြောသည့်အတိုင်း သူတို့သာ ပြဿနာမရှာခဲ့လျှင် ယခုလောက်ဆို အပြင်ရောက်နေပြီ ဖြစ်၏။ ယခုတော့ ထိုရဲအရာရှိလေးက သူတို့အား နောက်ထပ် (၁၅) ရက် ထိန်းသိမ်းခွင့် ရသွားပြန်ပြီ ဖြစ်၏။
ရှုချန်းကို လိုက်ပြောနေ၍လည်း အကြောင်းမထူးနိုင်မှန်း သဘောပေါက်သည်နှင့် ရှေ့နေများမှာ ရွေးချယ်စရာ မရှိဘဲ ဗျူရိုဒါရိုက်တာဆီ ဦးတည်သွားပြန်၏။ ဒါရိုက်တာမှာလည်း ရှေ့နေများကို မြင်သည်နှင့် နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။
"ဆောရီးပဲ။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကျုပ် ဘာမှ မသိဘူး"
တာဝန်ကျ ရဲအရာရှိများမှာ ရှေ့နေများအား စိတ်မရှည် သည်းမခံနိုင်လောက်အောင် စခန်းအပြင်သို့ လိုက်လံ ပို့ဆောင်နေရ၏။
"ကဲ ကဲ ... အချိန်ပြည့်ပြီ။ အခု ပြန်ပါတော့။ နောက် (၁၅) ရက်ကြာမှ ခင်ဗျားတို့ လူကို လာထုတ်ကြပါ။ အခု ကျုပ်တို့ အလုပ်လုပ်ရဦးမယ် ဟုတ်ပြီလား"
ရှေ့နေအားလုံး ကန်ထုတ်ခံလိုက်ရသည်နှင့် ဆူညံပွက်လောရိုက်နေသော သခင်လေးအားလုံး မျက်ရည်များ ကျကာ ငိုကြလေတော့၏။
"ငါလူးပဲ ... အစောကြီးကတည်းက ထွက်သွားရမှာ။ အခုတော့ ဒီမှာ နောက်ထပ် (၁၅) ရက် အချိန်ဖြုန်းရဦးမယ်။ ငါ့ဘဝမှာ ပထမဆုံး ရဲချုပ်ကျဖူးတာပဲကွ။ အရေးကြီးဆုံးက အဲဒီ မလောက်လေး မလောက်စား ရဲအရာရှိရဲ့ လက်ချက်နဲ့ ကျရတာ။ သေစမ်းကွာ ... ငါ့ဖင်ကို ကျွဲလာ -ိုး သလိုပဲ"
မကျေမချမ်းနှင့် စောဒက တက်နေသော သူငယ်ချင်းများ၏ စကားသံများကို နားထောင်ရင်း သခင်လေးယွမ်မှာ အံ့ကို တင်းတင်းကြိတ်ရင်း ဒေါသတကြီး ပြောဆိုလိုက်၏။
"စိတ်မပူပါနဲ့ကွာ။ အဲဒီခွေးသားက ငါတို့ အပြင်မရောက်ခင် ကိစ္စတုန်းသွားမှာပါ"
ရှေ့နေများမှာမူ တခြား ရွေးချယ်စရာ မရှိတော့သည့်အဆုံး ၎င်းတို့၏ ဆရာ့ ဆရာကြီးများထံ အကူအညီတောင်းရန် ပြန်သွားကြလေတော့သည်။
ရှူချန်းမှာ ထိုလူများကို အနည်းငယ်မျှပင် ဂရုမစိုက်။ ထိုလူများမှာ သူတို့ သခင်လေးများ လွတ်မြောက်ရန် ရဲ အဆက်အသွယ်များကို ရှာဖွေကြတော့မည်။ ရှေ့နေများကိစ္စ ဖြေရှင်းပြီးသည်နှင့် သူ့တိုက်ခန်းသို့ ပြန်လာလိုက်၏။
တိုက်ခန်းထဲဝင်လိုက်သည်နှင့် စာရွက်များကို စီနေသော ယန်ကျင်း ကို တွေ့လိုက်ရသည်။ ရှန်ယောင် မှာ သူမအိတ်ကို ကိုင်ထားရင်း ခြေသည်းများကို ဆေးရောင်တင်နေ၏။ သူမ၏ တိုနံ့နံ့ စကပ်လေးက သူမခန္ဓာကိုယ် အပေါ်ပိုင်းလေးကို လုံးလုံးဖုံးမထားနိုင်မှန်း သူမ မသိသေးချေ။
သူမအား ကြောင်နနဖြင့် ကြည့်နေသော ရှုချန်းကို မြင်လိုက်ရမှ ဘာဆက်လုပ်ရမှန်း မသိအောင် ဆွံ့အသွားသည်။ ထို့နောက် သူမက ရှုချန်းကို ကြည့်ရင်း စကပ်ကို ပြန်ဆွဲချလိုက်၏။
"ရှင် ဘာကြည့်နေတာလဲ"
ရှန်ယောင် က နှာခေါင်းရှုံ့ရင်း မေးလိုက်သည်။
ရှုချန်းက "မင်းကို ကြည့်မှာ ဒီလောက်ကြောက်နေရင်လည်း ဒီမှာ မနေနဲ့လေ။ တခြားမိန်းကလေးတစ်ဦးနဲ့ တစ်ခန်းတည်း အတူတူ နေရတာ အဆင်မပြေဘူးလို့ ငါလည်း ပြောနေတာပဲ"
ရှန်ယောင် က ပြန်ပြောလိုက်သည်။
"ကျွန်မကလည်း အများကြီး မတောင်းဆိုပါဘူး။ ငှားခကို နှစ်ဆတောင် ပေးနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မ ရှင့်ကို ပြောချင်တာက ဒီနေရာလေးနဲ့ ကျွန်မက ရင်းနှီးနေတော့ ပြောင်းလည်း မပြောင်းချင်လို့ပါ။ ကျွန်မက ခဏခဏ ကမ္ဘာပတ်နေရတာဆိုတော့ ရှန်ချန်း မှာ သိပ်နေဖြစ်တာ မဟုတ်ဘူး။ ဒီတော့ စိတ်မပူနဲ့ ဟုတ်ပြီလား။ ပြီးတော့ ဒီကွန်ဒိုတိုက်ခန်းက အကျယ်ကြီးကို ကျွန်မကို အခန်းတချို့ ငှားပေးလို့ကော ရှင် ဘာဖြစ်သွားမှာလဲ"
ရှုချန်းက ခေါင်းညိတ်ပြရင်း လက်ကို ဆန့်တန်းလိုက်သည်။
"ပိုက်ဆံ"
ရှန်ယောင် မှာ မယုံနိုင်ဟန်ဖြင့် မျက်တောင်လေးများပင် တဖျတ်ဖျတ် ခတ်သွား၏။
"ရှင် ကျွန်မဆီက ပိုက်ဆံ တောင်းနေတာလား"
မဖြစ်စလောက် အိမ်ငှားခကို မဆိုထားနှင့် ... သူမနှင် သမီးရည်းစားဖြစ်ရန် ငွေကို တောင်လို ပုံပေးသူများ တပုံတပင် ကြုံခဲ့ဖူးသည့် ရှန်ယောင် မှာ ရှုချန်း၏ အပြုအမူကြောင့် ဆွံ့အသွားသည်။ ထိုသူက တကယ့်ကို တစ်ခုခုပင် ...
ရှုချန်း၏ လက်များက နေရာမရွေ့သေး။ ပြောရလျှင် ပိုက်ဆံ မရမချင်း လှုပ်မည့်ပုံမပေါ်။
ရှန်ယောင် က မချိတင်ကဲနှင့် ယန်ကျင်း ကို ညွန်ပြရင်း မေးလိုက်၏။
"သူမဆီကကျတော့ ဘာဖြစ်လို့ အိမ်ငှားခ မတောင်းရတာလဲ"
"သူမ လစာက သိပ်များတာ မဟုတ်ဘူး။ ဒီအိမ်အလုပ်တွေအားလုံးကို ကူလုပ်ပေးမယ်လို့လည်း သဘောတူထားတာ။ မင်းကရော သူမလို လုပ်နိုင်လို့လား။ မင်း လုပ်နိုင်မယ် ဆိုရင် အိမ်ငှားခ မပေးနဲ့လေ"
ရှုချန်းက ပြန်ပြောလိုက်၏။
ရှန်ယောင် လို မိန်းမလှလေးအတွက် ယခုလောက် ပိုက်ဆံကလေးမှာ ပြဿနာ မဟုတ်။ သို့သော် ယောက်ျားသားတစ်ယောက်က သူမအား ပိုက်ဆံတောင်းနေသည်။ ထို့အပြင် သူမ၏ လှပကျော့ရှင်းသော ရုပ်ရည်လေးကိုလည်း အနည်းငယ်မျှပင် စိတ်ဝင်စားပုံ မပြ။ သူမ အံကို တင်းတင်းကြိတ်လိုက်၏။ ပြီးလျှင် ရှုချန်း၏လက်ထဲ တစ်ရာတန် အထပ်လိုက် ပေးလိုက်ကာ နှာခေါင်းရှုံ့လိုက်သည်။
ငွေပြည့်၊ မပြည့် ရေတွက်ပြီးသည်နှင့် ရှုချန်းလည်း တရေးတမော အိပ်ရန် အခန်းထဲ ပြန်ဝင်သွားလေတော့၏။
တဖြည်းဖြည်း ပျောက်ကွယ်သွားသော ရှုချန်း၏ ကျောပြင်ကို ကြည့်ရင်း ရှန်ယောင် မှာ ထိုသူ၏ ဖင်အား အပ်နှင့် လိုက်ထိုးချင်စိတ်ကို မနည်းထိန်းထားရ၏။
အခန်းထောင့်ဆီမှ ယန်ကျင်း ၏ အသံလေး ပျံ့လွင့်လာသည်။
"ပျားရည်ထောင်ချောက်တွေက သူနဲ့ဆို အလုပ်မဖြစ်ပါလား။ အတော် ပင်ပန်းတာပဲ"
သူမ စိတ်ဆိုးနေရသည့် အကြောင်းရင်းကို ယန်ကျင်း တစ်ယောက် သိနေ၍ ရှန်ယောင် က ချက်ချင်းပင် လက်ကို ပိုက်ပြီး ရှင်းပြလိုက်၏။
"ဒီကမ္ဘာကြီးထဲမှာ ကျွန်မ အလှကို ရှောင်ကွင်းနိုင်တဲ့ ယောက်ျားသား ရှိမယ်လို့ လုံးဝ မယုံကြည်ဘူး။ အောင်မြင်နေတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကနေ နိုင်ငံခြားသား တော်ဝင်မျိုးနွယ်တွေနဲ့ မှူးမတ်တွေအပြင် နေ့တဓူဝ မရေမတွက်နိုင်တဲ့ လူချမ်းသာ ကိုလူချောတွေနဲ့ တွေ့နေရတာ။ ဒီနေ့ကျမှ ဒီလိုလူရဲ့ အိမ်ငှားခတောင်းတာကို ခံရတယ်။ သူ့ကို ကျောင်းမှန်းကန်းမှန်းသိအောင်တော့ သင်ပေးရဦးမယ်"
ယန်ကျင်း မှာ သွားတက်ကလေးများ ပေါ်အောင် ပြုံးရင်း ပြောလိုက်လေသည်။
"အဲဒါလည်း မလွယ်ဘူးနော်။ မနေ့ကပဲ ကျွန်မ အလုပ်လုပ်တဲ့ ဗျူရိုက အတော်ဆုံး ဖိုက်တာတစ်ယောက်နဲ့ သူ့ကို ချခိုင်းခဲ့သေးတယ်။ အခုဆိုရင် ဗျူရိုက ဖိုက်တာခမျာ ဘဝရဲ့ အဓိပ္ပါယ်ကို ပြန်ပြီး မေးခွန်းထုတ်နေပြီ"
အခန်း ၁၇ ပြီး
နတ်နဂါးစစ်သည်
အပိုင်း ၁၈
( လူတွေကြားက အခြေခံ ယုံကြည်မှုများ ပျောက်ကွယ် )
ရှန်ယောင် က ပေါ့ပေါ့ပါးပါး စလင်းအင်္ကျီရှည်တထည်ကို ဝတ်ပြီး လိမ္မော်သီးတစ်လုံးကို အခွံခွာကာ ယန်ကျင်း ဆီလျှောက်လာလိုက်သည်။
"ကျွန်မတို့ အမြဲတမ်း အလျော့ပေးနေလို့ မရဘူးဆိုတာ ရှင် သိတယ် မဟုတ်လား။ အထူးသဖြင့် ကျွန်မတို့လို မိန်းမလှလေးတွေဆိုတာ မွေးကတည်းက အားသာချက်တွေ ရှိပြီးသား။ ကျွန်မတို့ နှလုံးသားကို ပိုင်ဆိုင်ချင်တဲ့ ယောက်ျားသားတွေမှ လက်ချိုးရေလို့တောင် မနိုင်ဘူး။ ဒီလိုလူမျိုး ဘာကြောင့် စိတ်ဝင်စားနေရမှာလဲ။ လက်စားချေဖို့အတွက် နည်းလမ်းတစ်ခုတော့ ရှာမှ ဖြစ်မယ်။ သူ့မှာလည်း လျှို့ဝှက်ချက်တွေ ရှိမှာပဲ။ ကျွန်မတို့ အဲဒီ လျှို့ဝှက်ချက်တွေကို ရှာကြည့်ကြရအောင်။ အဲဒီအခါကျမှ နောင်တစ်ချိန် ကျွန်မတို့အပေါ် ဒီလူ မောက်မောက်မာမာနဲ့ ဆက်ဆံရဲမလားဆိုတာ ကြည့်ကြသေးတာပေါ့"
"ကြမ်းခင်းကို ညစ်ပတ်အောင် မလုပ်နဲ့ရှင်။ ကျွန်မ စောနလေးတင်မှ ရှင်းထားတာ"
ယန်ကျင်း က အမှုမဲ့အမှတ်မဲ့ ပြန်ပြောလိုက်၏။
ရှန်ယောင် က ပြန်ပြောလိုက်သည်။
"ကျွန်မက ရှင့်အတွက် နည်းလမ်းရှာပေးနေတာလေ။ ရှင်က ဒီဘဝမှာ အသားကျနေပြီလား။ ဒီလိုလူမျိုးကို မှတ်လောက်သားလောက်အောင် ဆုံးမပေးရမယ်လေ။ ဒါမှ နောင် မောက်မောက်မာမာ မပြောတော့မှာ"
ယန်ကျင်း က ဖိုင်တွဲအတွင်းမှ မှတ်တမ်းစာရွက်များကို တစ်ခုစီ ထုတ်ပြီး စတင် အလုပ်လုပ်နေလိုက်သည်။
သူမက အလုပ်လုပ်နေရင်းနှင့် "ရာဇဝတ်သားတွေကို နှစ်ပေါင်းများစွာ လေ့လာခဲ့တဲ့ ကျွန်မရဲ့ အတွေ့အကြုံအရ ပြောရရင် ရှုချန်းက သာမန်လူတစ်ယောက် မဖြစ်နိုင်ဘူး" ဟု ပြောလိုက်သည်။
ရှန်ယောင် ၏ မျက်ခွံလေးများ မသိမသာ တုန်ခါသွား၏။
"ရှင် ဘာပြောချင်တာလဲ"
ယန်ကျင်း က ရှုချန်း၏ ပုဂ္ဂိုလ်ရေးမှတ်တမ်းဖိုင်ကို အံဆွဲအတွင်းမှ ထုတ်ကာ ရှန်ယောင် ရှေ့ တိုးပေးလိုက်၏။
"ဒါ ရှုချန်းရဲ့ မှတ်တမ်းဖိုင်ပဲ။ စစ်တပ်ထဲမှာ ရှစ်နှစ် တာဝန်ထမ်းဆောင်ခဲ့တယ် ဆိုတဲ့ အချက်ကလွဲရင် ကျန်တာ ဘာမှ မရှိဘူး "
ရှန်ယောင် က ရှုချန်း၏ ဖိုင်တွဲကို တစ်ချက်လှမ်းကြည့်ပြီး နားမလည်နိုင်ဟန်ဖြင့် မေးမြန်းလိုက်၏။
"ဒါနဲ့များ သူက ဘာကြောင့် သာမန်လူတစ်ယောက် မဖြစ်နိုင်ဘူးလို့ ရှင် ပြောရတာလဲ"
"အဲဒီနေ့က ကျွန်မရောက်လာတော့ သူ့ပါးစပ်က ဒီတိုက်ခန်းမှာ နေပါလို့ ပြောလာအောင် တံခါးနားမှာ ကျွန်မ တမင်တကာ စောင့်နေသေးတယ်။ ဒါပေမဲ့ သူ ဘာမှ မပြောခဲ့ဘူး။ ပထမတော့ သူက မိန်းမလှလေးတွေကို စိတ်မဝင်စားသယောင် နေပြီး မိန်းကလေးတွေရဲ့ စိတ်ဝင်စားမှုကို ရယူတဲ့ လူမျိုးလားလို့ ထင်မိသေးတယ်။ ဒါပေမဲ့ ကျွန်မ အထင် မှားသွားတယ်။ သူက လုံးဝကို ဂရုမစိုက်တာ။ အဲဒီတုန်းက ကျွန်မလည်း အခု ရှင်ဖြစ်သလို ဖြစ်ခဲ့သေးတယ်။ တခြားလူတွေက ရှင့်ကို အရေးပေး ဆက်ဆံသလိုမျိုး ဒီလူက မဆက်ဆံလို့ ရှင် ဒေါသထွက်နေမှာပေါ့။ ပြီးတော့ အတူတူ ညနေစာ စားရအောင်လို့ အကြောင်းပြပြီး ကျွန်မ အလုပ်လုပ်တဲ့ ဌာနကို သူ့ကို မရရအောင် ခေါ်ခဲ့တယ်။ ပြီးတော့ ကျွန်မကို တဖက်သတ် ကြိုက်နေတဲ့ စီနီယာနဲ့ သူ့ကို ပေးတွေ့လိုက်တယ်။ ကျွန်မ ပြောမယ်ရှင် ... အဲဒီလူက မယုံနိုင်လောက်အောင် စွမ်းဆောင်ရည် ပြည့်ဝပြီး အရမ်း တည်ငြိမ်လွန်းတဲ့လူ။ ကျွန်မတို့ဌာနက အတော်ဆုံးဆိုတဲ့ အရာရှိကို သူ အကျွမ်းကျင် အပိုင်နိုင်ဆုံးဆိုတဲ့ အလုပ်တွေမှာ ယှဉ်ပြိုင်ရင်း ရှုချန်းက အနိုင်ယူပြခဲ့တယ်။ ရှုချန်းနဲ့ တွေ့ခဲ့ရတဲ့ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက် စီနီယာလည်း အခုဆိုရင် သူ့ဘဝသူ ပြန်ပြီး မေးခွန်းထုတ်နေလောက်ပြီ"
ရှန်ယောင် က နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။
"သေနတ်ပစ်တာ၊ ကိုယ်ခံပညာရပ်တွေမှာ ထူးချွန်တော့ရော ဘာအရေးလဲရှင်။ ကျွန်မအဖေရဲ့ သက်တော်စောင့်ဆိုလည်း အဲဒါတွေအကုန် ထူးချွန်တာပဲ။ စက်ဆရာက စက်တွေအကြောင်း နားလည်မှ အလုပ်ရမှာ ဖြစ်သလို ရဲအလုပ်နဲ့ အသက်မွေးမယ့်လူကလည်း ဒီလိုအရာတွေ ကျွမ်းကျင်မှ အလုပ် ရမှာပေါ့ ... အဲဒါ ထူးဆန်းလို့လား"
ယန်ကျင်း က ... "သူနဲ့ ပတ်သက်ပြီး သာမန်မဟုတ်ဘူးလို့ ပြောရတာက သူ့မှာ အားနည်းချက်ဆိုတာကို မရှိတာရှင့်"
ရှန်ယောင် က "ရှင် ဘာကို ဆိုလိုတာလဲ"
ယန်ကျင်း က ...
"ရှင်နဲ့ကျွန်မ နှစ်ယောက်စလုံးကို ထိပ်တန်း မိန်းမလှလေးနှစ်ယောက်လို့ သတ်မှတ်နိုင်တယ် ... ဟုတ်တယ်နော်။ ဒါပေမဲ့ သူ့ရှေ့ရောက်တဲ့အခါ ကျွန်မတို့ရဲ့ လှပမှုက ဘာမှ အသုံးမဝင်တော့ဘူး။ မိန်းမလှလေးတွေရဲ့ ဖြားယောင်းမှုကို တည်တည်ငြိမ်ငြိမ်နဲ့ တုံ့ပြန်နိုင်တဲ့ ယောက်ျားသားမျိုး ဒီကမ္ဘာကြီးထဲမှာ လက်တဆုပ်စာပဲ ရှိတယ်။ အဲဒီလိုလူတစ်ယောက် တွေ့ခဲ့ရင်တောင် အဲဒါဟာ မိန်းမလှလေးရဲ့ သွေးဆောင်မှုက မလုံလောက်သေးလို့ တည်ငြိမ်နေတာလို့ ပြောနိုင်သေးတယ်။ ဒါပေမဲ့ ကျွန်မတို့နှစ်ယောက်စလုံးရဲ့ ရှေ့မှာလည်း သူက လုံးဝကို တည်တည်ငြိမ်ငြိမ်ပဲ။ ဘာမှ အပြောင်းအလဲ မရှိဘူး။ ဒီအချက်အပြင် သူ့ရဲ့ စွမ်းဆောင်ရည်တွေကိုပါ ထပ်ပေါင်းပြီး စဉ်းစားကြည့်ရင် သူဟာ သာမန်လူတစ်ယောက် မဖြစ်နိုင်ဘူးလို့ ကျွန်မ စိတ်ထဲ ခံစားမိနေတာပဲ။ သူ့ရဲ့ အကျင့်စာရိတ္တ၊ စိတ်နေစိတ်ထားနဲ့ စွမ်းဆောင်ရည်တွေမှာလည်း ဘာပြစ်ချက်မှ ကျွန်မ ရှာမတွေ့ဘူး ဖြစ်နေတယ်"
ထိုအချိန်မှာပင် အခန်းတွင်းမှ ရှုချန်း ထွက်လာလေ၏။ ပစ်မှတ်အား ချိန်ရွယ်ထားသည့် ဒုံးကျည်လောင်ချာများအလား သူ့အား စိုက်ကြည့်နေကြသည့် မိန်းကလေးနှစ်ယောက်ကို သတိထားမိလိုက်သည်နှင့် သူ ဇဝေဇဝါ ဖြစ်သွားလေသည်။ သို့သော် မိန်းမလှလေးနှစ်ဦးအား လျစ်လျူရှုပြီး ရေခဲသေတ္တာသို့သွားကာ သောက်ရေ သောက်လိုက်၏။ ပြီးလျှင် လေ့ကျင့်ခန်းလုပ်ရန် လေ့ကျင့်ခန်းထဲ ထွက်လာလိုက်သည်။
တခြားအခန်းတစ်ခုနဲ့ သူ လေ့ကျင့်ခန်းလုပ်နေခိုက် ယန်ကျင်း ထံမှ စကားသံ ထွက်ပေါ်လာလေသည်။
"တွေ့လား ... သူ့နေရာမှာ တခြားလူတွေ ဆိုလို့ကတော့ ဒီနားမှာ အကြောင်းမရှိ အကြောင်းရှာနေပြီး ကျွန်မတို့နဲ့ စကား မရရအောင် ပြောနေမှာ။ ဒါပေမဲ့ ရှုချန်းက ကျွန်မတို့နှစ်ယောက်စလုံးကို မရှိသလို လျစ်လျူရှုသွားတယ်"
ရှန်ယောင် မှာ စကားလုံးများကို ခပ်ဖြည်းဖြည်း စဉ်းစားနေရင်း...
"ရှင်ပြောတာကို နားထောင်နေရင်းနဲ့ သူ့ကို မိန်းမလျာလို့ ကျွန်မစိတ်ထဲ ဘာကြောင့် ထင်လာမိသလဲ မသိဘူး"
ယန်ကျင်း လည်း သူမစကားကြောင့် အံ့ဩမှင်တက်သွားသည်။ ပြီးလျှင် ရုတ်ချည်း ခေါင်းညိတ်ပြရင်း ...
"ကျွန်မလည်း အဲဒီလို ထင်တယ်"
ထိုအခါမှ ရှန်ယောင် လည်း ယုံကြည်ချက်အပြည့်နှင့် ပြောလိုက်လေ၏။
"ဒီလိုပဲ ဖြစ်ရမယ်။ မိန်းမလျာတွေကလွဲလို့ ကျွန်မကို စိတ်မဝင်စားတဲ့ ယောက်ျားမျိုး တစ်ခါမှ မမြင်ဖူးသေးဘူး"
ယန်ကျင်း က "ဒီလိုလုပ်ပါလား ... ရှင်ဝင်သွားပြီး သူ့ကို စမ်းသပ်ကြည့်ပါလား။ ရှင့် အဝတ်တွေကို ချွတ်ပြီး သူ့ကို ပတ်ပြီး လျှောက်ကြည့်ပေါ့"
ရှန်ယောင် မှာ တံတောင် နှင့်တွစ်ရင်း အော်ဟစ်လေတော့သည်။
"ရှင်သွားပါလား။ ရှင့်ရဲ့ ယူနီဖောင်းနဲ့ လက်ကိုင်တုတ်ကို ယူပြီး သူ့နဘေးနား သွားပတ်နေပါလား"
ထိုအခိုက် တကိုယ်လုံး ချွေးများ ရွဲနစ်နေသော ရှုချန်းတစ်ယောက် ပြန်ထွက်လာ၏။ သူက ရေခဲသေတ္တာသို့ သွားပြီး ရေထပ်သောက်ရန် ပြန်ထွက်လာခြင်း ဖြစ်သည်။ သတိကြီးကြီး ထားတတ်သည့် စစ်သားတစ်ယောက် အနေဖြင့် သူ့အား စိုက်ကြည့်နေသော မျက်လုံးနှစ်စုံကို ချက်ချင်းလိုလို သတိမူမိသွားလေသည်။
ရေသောက်ရင်း တစ်ဖက်သို့ လှည့်လိုက်သည်နှင့် သူ့တကိုယ်လုံး ဖောက်ထွင်းမတတ် ကြည့်နေကြသော မိန်းမလှလေးနှစ်ယောက်ကို တွေ့လိုက်ရလေသည်။ ဂေးနေပြီး အပေါ်နေမည့်လူ၊ သို့မဟုတ် အောက်နေမည့် လူလားဟု စဉ်းစားနေသည့်အလား မိန်းမလှလေးနှစ်ယောက်မှာ တစ်ပြိုင်တည်းလို သူ၏ ခါးအောက်ပိုင်း တစ်နေရာကိုသာ တစ်ပုံစံတည်း စူးစူးစိုက်စိုက် ကြည့်နေကြ၏။
ရင်ဟိုက် စလင်းအင်္ကျီရှည်လေးကို ဝတ်ဆင်ထားသည့် ရှန်ယောင် မှာလည်း ရှုချန်းသည် မိန်းမလျာ တစ်ယောက် ဟုတ်၊ မဟုတ် သို့မဟုတ်ပါက မိန်းမပြီးဆေး အောင်ထားသည့် လူစားမျိုး ဟုတ်မဟုတ် ဆိုသည်တို့ကို အသည်းအသန် စမ်းသပ်လိုနေတော့၏။
သို့နှင့် ဆိုဖာပေါ်မှ ရှန်ယောင် မှာ မသိမသာနှင့် သူမ၏ စကပ်လေးကို မတင်လိုက်၏။ ပြီးလျှင် "ဖက်" ဟူသော အသံထွက်အောင် သူမ၏ စကပ်အောက်အသားစအား ခါးအထိ ဆွဲတင်ပြီး ပြီးပြည့်စုံလွန်းသော သူမ၏ ပေါင်သား အလှလေးများကို အလုံးစုံ ထုတ်ပြလိုက်သည်။
ရေသောက်နေသော ရှုချန်းမှာ ရေပင် သီးမတတ် ဖြစ်သွား၏။ ထိုမြင်ကွင်းကြောင့် သူ နှလုံးရောဂါ ရချင်သလို ဖြစ်သွားသည်။
"ဖူး ..."
ရှုချန်းတစ်ယောက် ရပ်မရအောင် ချောင်းတဟွတ်ဟွတ် ဆိုးနေတော့၏။ သူ့ ပါးစပ်နှင့် နှာခေါင်းတို့မှ ဆိုဒါရည်များ တရွှမ်းရွှမ်း ပြန်ထွက်လာတော့သည်။
ရှန်ယောင် လည်း ကားနေသော ခြေနှစ်ချောင်းကို ချက်ချင်း ပြန်စေ့၊ စကပ်စကို ပြန်ဆွဲချကာ နှာခေါင်းရှုံ့ရင်း သူမအခန်းဆီ ပြန်ဝင်သွားလေ၏။ ရှုချန်းကို ဖြတ်လျှောက်သွားသော ထိုမိန်းမလှလေး၏ မျက်ဝန်းထဲ၌ ဉာဏ်များ၍ အထင်သေးသည့် အရိပ်အငွေ့များ ပြည့်လျှံနေတော့သည်။
ချောင်းဆိုးနေသော ရှုချန်းလည်း နောက်ဆုံး ရပ်တန့်သွားတော့၏။ ပါးစပ်တွင် ပေနေသော ဆိုဒါအရည်များကို သုတ်ရင်း ရှန်ယောင် တစ်ယောက် ဘာဆေးစားမှားသလဲဟု ယန်ကျင်း အား မေးလိုက်သည်။
ယန်ကျင်း သည်လည်း စာရွက်စာတမ်းများကို ဖိုင်ထဲ ပြန်ထည့်သိမ်းပြီး သူမ အခန်းရှိရာသို့ ပြန်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။ ရှုချန်းအား ရောက်သည့်အခါ သူ၏ အောက်ပိုင်း အတွင်းခံနေရာအား ကွက်ကွက်ကွင်းကွင်း ကြည့်လိုက်၏။ ပြီးလျှင် "တိရစ္ဆာန်" ဟူသော စကားလုံးသုံးလုံးကို ပီပီသသ ပြောဆိုသွားလေတော့သည်။
"ဘာတုန်းဟ"
ရှုချန်းမှာ မိန်းမတို့၏ သဘောကို လိုက်မမှီနိုင်တော့။
"ဒီမိန်းကလေးနှစ်ယောက် ခေါင်းနဲ့ တစ်ခုခုများ ဆောင့်မိထားကြသလား မသိဘူး"
မိန်းကလေးနှစ်ယောက်စလုံး ထူးဆန်းနေသည်ဟု ရှုချန်း စိတ်ထဲ တွေးနေမိသည်။
နောက်ဆုံး အသက်ကို မနည်းရှုရင်း လက်ကျန် ဆိုဒါကို သောက်လိုက်၏။ မသိစိတ်၏ စေ့ဆော်မှုကြောင့် သူ၏ ဘောင်းဘီအောက်ပိုင်းအား လှမ်းကြည့်လိုက်၏။ ချွေးများနှင့် ရွဲနစ်နေသော ဘောင်းဘီ ပြင်ပမှပင် သိသာလှသော မဟာမြိုင် တောအုပ်အတွင်းမှ ညီငယ်ဖြစ်သူ၏ အကြောပြိုင်းပြိုင်းနှင့် အားမာန်ပြနေသော ကောက်ကြောင်းကို မြင်လိုက်ရလေတော့သည်။
ရှန်ယောင် တစ်ယောက် သူမ၏ လုံခြုံရေး အာမခံ ဘောင်းဘီတိုလေးကို မတင်လိုက်သော အခိုက်အတန့် အကြောင်း ရှုချန်း ပြန်စဉ်းစားမိလိုက်သည်။ အမှန်တကယ်ဆို သူ့မှာ ဘာဆိုဘာမှ မမြင်မိလိုက်။ သို့သော် သူကိုယ်တိုင်လည်း ညီငယ်ဖြစ်သူ၏ ဗလပြပွဲကို ခွင့်ပြုမိလိုက်သည်။ အလွန် ရှက်စရာ ကောင်းလှပေ၏။
ရှန်ယောင် ၏ အရူးလုပ်ခြင်းကို ခံလိုက်ရပြီဟု ရှူချန်း တွေးမိလိုက်သည်။ သူ ခေါင်းကို ဘာမှမတတ်နိုင်သလို ခါယမ်းရင်း သက်ပြင်းကို ချမိလိုက်၏။
"ဒီနေ့ခေတ် လူတွေကြား အခြေခံ ယုံကြည်မှုတွေတောင် မရှိတော့ပါလား"
...
ထိုည၌ ...
သခင်လေးတို့၏ ရှေ့နေများမှာ သက်ဆိုင်ရာ မိသားစု (၁၂) စုနှင့် ဆွေးနွေးငြင်းခုံပြီးနောက် အများပြည်သူ လုံခြုံရေးဗျူရိုဌာနသို့ ကိုယ်တိုင်ကိုယ်ကျ မေးမြန်းကြည့်ရင်း ဆုံးဖြတ်လိုက်လေ၏။ ဆုံးဖြတ်ပြီးသည်နှင့် မြို့တော်မှ ရဲဌာနချုပ်သို့ ဖုန်းဆက်လိုက်တော့သည်။
ရှန် မြို့တော် ဗျူရိုမှ လက်ထောက် ညွန်ကြားရေးမှူးက ဖုန်းကို ကောက်ကိုင်လိုက်၏။ ပြီးလျှင် သူ၏ အတွင်းရေးမှူးအား ထိုသတင်းများကို မေးမြန်းကြည့်လိုက်သည်။
မြို့တော် ဗျူရိုလက်ထောက် ညွန်ကြားရေးမှူးက...
"မြို့အရှေ့ပိုင်း ခရိုင်ရုံးခွဲမှာ သူဌေးသား လူငယ် (၁၂) ဦးကို ဖမ်းချုပ်ထားတဲ့ သတင်း မင်း သိသလား"
အတွင်းရေးမှူးက "သိပါတယ်။ ကျွန်တော့်ဆီလည်း ဖုန်းတွေ ဆက်လာကြပါတယ်။ ဒါနဲ့ ကျွန်တော်လည်း အဲဒီကိစ္စကို စုံစမ်းကြည့်လိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ ညွန်ကြားရေးမှူးကိုယ်တိုင်က အဲဒီကိစ္စကို ခရိုင်ခွဲဗျူရိုကိုယ်တိုင် စီမံပါလေ့စေလို့ ခွင့်ပြုမိန့်ပေးခဲ့တာ ကြားခဲ့ရပါတယ်။ ဆိုလိုတာက ဒီကလေးတွေကို ခရိုင်ခွဲဗျူရိုက ဆုံးဖြတ်တဲ့အတိုင်း မလွှတ်ပေးဖို့ပါ"
"အို ... ဟုတ်လား"
လက်ထောက် ညွန်ကြားရေးမှူးတစ်ယောက် မျက်မှောင်ကြုတ်သွားမိသည်။
အခန်း ၁၈ ပြီး