Ace Of The Dragon Division
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၅
( အခန်းဖော် )
ကြီးကြပ်ရေးမှူးသည် ထောက်ပို့ အဖွဲ့မှ သူရဲဘောကြောင်သော ဝန်ထမ်းများ၏ မကောင်းသော အတွေးအမြင်များကို ရှုချန်းထံ မကူးစက်စေလို။ ဘေးစကားများကြောင့် ညဆိုင်းဆင်းရခြင်းကို ကြောက်ရွံသွားသည့် အဖြစ်မျိုး မလိုလားပေ။ ထို့ကြောင့် ရှုချန်း၏ ပခုံးကို ညင်သာစွာ ပုတ်ကာ ဆိုလိုက်သည်။
"ငါ့ကောင်... မင်း နေ့ဆိုင်းဆင်းစရာ မလိုတော့ဘူး။ ဒီ ည ကိုးခွဲ အရောက်လာပြီး မနက် ရှစ် ဆို ပြန်လို့ရပြီ"
ရှုချန်း မတ်တပ်ထရပ်ပြီး ခေါင်းညိတ်ပြလိုက်သည်။
ကြီးကြပ်ရေးမှုးသည် အန္တရာယ်ကြုံလာလျှင် လက်မတွန့်ပဲ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲသူများကို လေးစား၍ အသိအမှတ်ပြုသူ တစ်ဦးဖြစ်သည်။ ထို့ကြောင့်လည်း ရှုချန်းအား နွေးထွေးကြင်နာသော အသံဖြင့် ပြောလိုက်လေ၏။
"ပြဿနာ တစ်ခုခု ဖြစ်ရင် ဘာမှ ကြောက်စရာ မလိုဘူး။ ထိပ်တိုက်သာ ရင်ဆိုင်လိုက်။ ငါတို့လို ရဲအရာရှိတွေကို သူတို့တွေ မထိရဲဘူး။ မဟုတ်ရင် ဥပဒေဆိုတာ ဘာလုပ်ဖို့ ထားနေဦးမှာလဲ။ ငါတို့ နိုင်ငံရဲ့ လူအဖွဲ့အစည်း တစ်ခုလုံးက ဥပဒေ လက်အောက်မှာ ရှိတယ်။ ဒါကို ဘယ်သူမှ မကျော်ရဲဘူး။ ငါတို့လို ဥပဒေနဲ့ အညီ လုပ်ဆောင်နေတဲ့ ရဲအရာရှိတွေကို လာရှုပ်လို့ကတော့ အချုပ်ကိုသာ လှမ်းကြည့်ထားပေတော့ပဲ"
"ကောင်းပါပြီ။ အဲ့ဒါဆို ကျုပ် ညနေလာခဲ့လိုက်မယ်"
ကြီးကြပ်ရေးမှုးက ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
ယခုဆိုလျှင် ရှုချန်းသည် နေ့ခင်းဘက်တွင် ဘာမျှ လုပ်စရာ မရှိတော့။ အမှန်ပြောရလျှင် လေ့ကျင့်ရန် အချိန်ပိုထွက်လာသောကြောင့် သူ၏ လက်ရှိ အခြေအနေကို ပို၍ တိုးတက်အောင် လုပ်ဆောင်နိုင်တော့မည်ဟု မျှော်လင့်ကာ ပျော်ရွှင်နေမိသည်။ နေ့ဆိုင်းသာ ဆိုလျှင်တော့ လေ့ကျင့်ရန် အချိန် ရှိမည် မဟုတ်။
ထို့နောက် သူ၏ ကွန်ဒိုသို့ ပြန်သွားကာ ထိပ်ဆုံးအလွှာ အရောက်၌ ဓာတ်လှေကားထဲမှ ထွက်လာစဉ် ဆွဲဆောင်မှု ရှိလှသော အမျိုးသမီးတစ်ဦး၏ နောက်ကျောအလှကို မှင်သက်စွာ တွေ့မြင်လိုက်ရသည်။ ထိုအမျိုးသမီး၏ လှပ ကျော့ရှင်းသော ခန္ဓာကိုယ် အသွင်အပြင်က ရှုချန်း နှလုံးသားကို ဖမ်းစားထားလိုက်လေ၏။ သူမအား တွေ့မြင်လိုက်ရသည့် ပုရိသ ပေါင်းတို့ကို ပါးစပ်အဟောင်းသား ဖြစ်သွားစေရုံသာမက နှာခေါင်းသွေးပါ လျှံကျလောက်သည်အထိ သမင်လည်ပြန် လှည့်ကြည့်ရသော အလှတရားမျိုးပင်။
ဓါတ်လှေကား ဖွင့်သံ ကြားသောအခါ အမျိုးသမီးက သူမ၏ ခရီးဆောင်အိတ်နှင့်အတူ လှည့်ကြည့်လိုက်သည်။ ထို ငေးမောဖွယ်ရာ မျက်နှာအသွင်အပြင်က သွယ်လျလှပသော ခန္ဓာကိုယ် အချိုးအစားနှင့် ဟာကွက် မရှိအောင် လိုက်ဖက်လွန်းလှပေ၏။ အယောက်တစ်ရာ တွင် တစ်ယောက်သာ တွေ့နိုင်သော အလှတရားမျိုးပင်။
အစောပိုင်း၌ ထိုမိန်းကလေးသည် စကားပြောခဲသော အမူအရာ ရှိသော်လည်း ရှုချန်းက တံခါးသော့ ထုတ်လိုက်သည့်အခိုက်တွင် အံ့ဩစွာဖြင့် လှမ်းမေးလိုက်သည်။
"ရှင်က ဒီ အထပ်ကို ပြောင်းလာတဲ့ အိမ်ငှား အသစ်မလား"
ရှုချန်းသည် သူမအား ထူးဆန်းသော အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။ ရှည်လျားသွယ်ဆင်းပြီး ဖြူဖွေးဥနေသော ပေါင်တံများအထက်တွင် ဂျင်းအတို တစ်ထည်ကို ဝတ်ဆင်ထားပြီး အပေါ်ပိုင်းတွင်မူ အနည်းငယ် ပွပွလျလျ ရှိသော ရှပ်အင်္ကျီကို ဝတ်ဆင်ထားလေရာ အဝတ်အစားပိုင်းတွင်လည်း ပြောစရာ မရှိလောက်အောင် ကြည့်ကောင်းနေလေ၏။ သူမပုံစံမှာ အိမ်တွင်းအောင်းရခြင်းကို နှစ်သက်သော နူးညံ့သိမ်မွေ့သည့် မိန်းကလေး တစ်ဦး ဖြစ်ပုံရသည်။
"ဟုတ်တယ်။ အဲ့ဒါ ကျုပ်ပဲ"
ထိုစဉ် စကား ဆုံးသွားသည်နှင့် တစ်ပြိုင်နက် နူးညံ့သိမ်မွေ့ဖွယ်ရသော မိန်းမလှလေးက ရုတ်တရက် ရှန်ချန်း၏ လက်ကောက်ဝတ်ကို ဆွဲကာ ပုခုံးပေါ်မှ ကျော်၍ ကိုင်ပေါက်လိုက်တော့သည်။ သူမ၏ မြန်ဆန်လွန်းလှသော အပြုအမူကြောင့် ရှန်ချန်းမှာ ကြမ်းပြင်ပေါ်သို့ ပစ်လဲကျသွားလေ၏။
ဖြစ်ပျက်သွားသည်များက လျှပ်စီးအလား မြန်ဆန်လွန်းလှသည်။ အားနွဲပုံရသော မိန်းမသားတစ်ဦးက အရပ် ၆ပေ ၃ လက်မ မြင့်သော အားကောင်းမောင်းသန် ယောကျ်ားတစ်ဦးကို ထိုကဲ့သို့ ပစ်လှဲချနိုင်လိမ့်မည်ဟု ရှုချန်း လုံးဝ မမျှော်လင့်ထားခဲ့။
ရှုချန်းသည် ကြမ်းပြင်ပေါ်မှ ပြန်မထသေးဘဲ အခြေအနေတစ်ခုလုံးကို နားလည်ရန် ကြိုးစားနေသည်။ ဤ မိန်းကလေး သုံးလိုက်သော နည်းပညာမှာ ရဲ သို့မဟုတ် စစ်တပ်၌ သုံးသည့် အနီးကပ် တိုက်ခိုက်ရေး နည်းစနစ် တစ်ခုပင်။ ကြည့်ရသည်မှာ သူနှင့် အလုပ်တစ်ခုတည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
ထိုစဉ် မိန်းကလေးက ခါးအနည်းငယ် ကွေးညွတ်ကာ အံကြိတ်ရင်း ပြောလိုက်သည်။
"ရှင် မရောက်လာခင် အချိန်အထိ ကျွန်မဘဝက သာသာယာယာပဲ။ ရှင့်မှာ ပိုက်ဆံရှိတယ် ဆိုတာနဲ့ ဘာမဆို လုပ်နိုင်ပြီ ထင်နေတာလား။ ဘယ်နေရာမဆို အရင်ရောက်တဲ့သူကို ဦးစားပေးရမယ်ဆိုတာ ရှင် နားမလည်ဘူးလား။ ပြောင်းမယ့်ပြောင်း ရှင်သာ ပြောင်းရမှာ။ ဆက်ပြီး ခေါင်းမာနေမယ်ရင် ကျွန်မ နေ့တိုင်း တံခါးရှေ့ လာရပ်နေမှာပဲ။ ဒါပေမဲ့ နောက်တစ်ခါ တွေ့ရင်တော့ မလွယ်ဘူးသာမှတ်။ သဘောပေါက်လား"
ရှုချန်းက ပြုံးပြီး ခေါင်းခါလိုက်သည်။
မိန်းကလေးက သူ၏ အမူအရာကြောင့် တွေဝေသွားပြီး...
"ကျွန်မပြောတဲ့အထဲမှာ ဘာရယ်စရာ ပါလို့လဲ"
ထိုစဉ် ရှုချန်းသည် ရုတ်ချည်းဆိုသလို ခြေနှစ်ဖက် အားပြုကာ ပြန်ကန်ထလိုက်ပြီး သူမအား ပုခုံးပေါ်မှ ကျော်၍ ပစ်လှဲချလိုက်လေ၏။
သူမဘက်မှ ဦးစွာ တိုက်ခိုက်လာခြင်း ဖြစ်သောကြောင့်၊ ငြိမ်ခံမနေတော့ပဲ ပြန်လည် တုံ့ပြန်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ သူမသည် ရုတ်တရက် လက်ကောက်ဝတ် ဖမ်းဆုပ်ခံလိုက်ရစဉ်တွင် ရှုချန်း၏ ခွန်အားနှင့် နည်းစနစ်မှာ သူမထက် များစွာ သန်မာကြောင်း သိလိုက်ရပြီး အလွန် အံ့အားသင့်သွားသည်။ ထို့နောက် ကိုယ်ဟန် အနေအထား ပျက်ကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့၏။ ၎င်းမှာ ရှုချန်းက သူ၏ စွမ်းအင်ကို ထိန်းချုပ်ထားလိုက်၍သာ ... အားကုန် ထုတ်သုံးလိုက်မည်ဆိုပါက ဆင် အနင်းခံလိုက်ရသလို စိစိညက်ညက် ကြေသွားနိုင်လေသည်။
ထိုစဉ် ရှုချန်းက သူ၏ အဝတ်အစားကို ဖုတ်ဖတ်ခါလိုက်ပြီး ပြန်ပြောလိုက်သည်။
"ခင်ဗျား ကျုပ်ကို တွေ့တိုင်း ဒီလိုလုပ်နေမယ်ဆိုရင်၊ ကျုပ်ဘက်ကလည်း နောက်တစ်ခေါက် ညှာတော့မှာ မဟုတ်ဘူး"
ထို့နောက် ရှုချန်းက တံခါးပိတ်မည် လုပ်စဉ် မိန်းကလေးသည် သူ၏ ညာလက် တစ်ဖက်လုံးကို တံခါးကြားထဲတွင် ပိတ်ခံလိုက်သည်။
"မိန်းကလေးတစ်ယောက်ကို လက်ပါရဲတာ ရှင် ယောကျ်ားမှ ဟုတ်ရဲ့လား"
သူမ ပြောသည်များကို ဂရုပင် မစိုက်သော ရှုချန်းက တံခါးအား အနည်းငယ် ဆောင့်ပိတ်လိုက်လေရာ၊ လက်တစ်ချောင်းလုံး တံခါးကြား ညပ်သွားသောကြောင့် စူးရှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
သို့သော် သူမ၏ လက်အား ပြန် မထုတ်သည့်အတွက် တံခါးပိတ်မရ ဖြစ်နေလေ၏။
"ဒီမှာ၊ ကျုပ်က တာဝန်အရ ပြောင်းလာတာပဲ ရှိတာ။ ခင်ဗျားတို့ ကိစ္စတွေကို စိတ်မဝင်စားဘူး။ မကျေနပ်ရင် စီမံခန့်ခွဲရေး ကုမ္ပဏီကို သွားပြော"
မိန်းကလေး၏ စိုးရိမ်စိတ်များ အနည်းငယ် မြင့်တက်လာလေ၏။
"ဒါပေမဲ့ ... ရှန်ချန်းမှာ နေရာတစ်နေရာ ရဖို့ ဆိုတာ အရမ်းခက်တယ်။ ကျွန်မ ဒီနေရာကိုလည်း ခက်ခက်ခဲခဲ ရှာထားရတာ၊ ဒီမှာ နေတာ တစ်လလောက်တောင် ရှိနေပြီ ၊ အခုမှ တခြားနေရာ ပြောင်းဖို့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါ ရက်စက်လွန်းရာ မကျဘူးလား"
ရှုချန်းက
"နေပါဦး ၊ မင်းကို အိမ်ခြံမြေ စီမံခန့်ခွဲရေးကုမ္ပဏီက လစဉ် ငှားရမ်းခရဲ့ နှစ်ဆ လျော်ကြေး ပေးထားတယ်မလား။ ဒါတောင် မလုံလောက်သေးဘူးလား"
"လျော်ကြေးပေးတာကို မလိုချင်ဘူး။ ကျွန်မကို ပြောင်းရအောင်သာ မလုပ်ပါနဲ့။ အခုမှ နေရာ အသစ် ရှာဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ပြီးတော့ ဒီတိုက်ခန်းက ကျွန်မ အလုပ်နဲ့လည်း နီးတော့ တော်တော် အဆင်ပြေတယ် ... ရှင် အနည်းဆုံးတော့ ဒီထက်ပိုပြီး စောစော သတိပေးသင့်တယ်လေ။ အခု ဒီ အမြင့်ဆုံး အထပ်မှာ အခန်း လေးခန်းတောင် ရှိတာ။ လေးခန်းစလုံးက လူတွေကို ပြောင်းစေချင်နေတာလား။ ရှင် တစ်ယောက်တည်း စတုရန်းမီတာ တစ်သောင်း ပတ်လည်မှာ နေရမှာ အထီးမကျန်လွန်းဘူးလား။ ဒီလိုလုပ်၊ ကျွန်မကို အခန်းတစ်ခန်းပဲပေး။ အိမ်လခကို ပေါက်ဈေး အတိုင်း ပေးမယ်"
"ဒီမယ် အမိ ။ ကျုပ် ခင်ဗျားရဲ့ ပိုက်ဆံကို စိတ်မဝင်စားဘူး၊ လိုလဲမလိုချင်ဘူး"
ရှန်ချန်းက သူမ၏ ကမ်းလှမ်းချက်ကို ခါးခါးသီးသီး ငြင်းပယ်လိုက်လေရာ၊ မိန်းမလှလေး၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"ဟမ် ရှင် ယောက်ျားမှ ဟုတ်ရဲ့လား။ တခြားသူတွေသာဆို ကျွန်မနဲ့ အတူနေရဖို့ မပြောနဲ့ ၊ စကားပြောခွင့် ရဖို့တောင် အသည်းအသန် ဖြစ်နေကြတာ။ ရှင်က ဒီလို အခွင့်အရေးမျိုးကို ငြင်းလိုက်တယ် ဟုတ်လား။ တခြား ယောကျ်ားတွေသာဆို ကျွန်မဆီက တစ်ပြားမှတောင် တောင်းမှာ မဟုတ်ဘူး"
"အဲ့ဒါဆိုလဲ သူတို့ဆီမှာ သွားနေလိုက်လေ" ရှုချန်းက ခပ်ပြတ်ပြတ် ပြောပြီး တံခါးကို ဆောင့်ပိတ်ရန် ဟန်ပြင်လိုက်သည်။
ဤတစ်ကြိမ်တွင်မူ မိန်းကလေးသည် သူ၏ ခံစားချက်ကင်းမဲ့သော အပြောအဆို၊ အမူအရာတို့ကို မြင်လိုက်ရသောအခါ အန္တရာယ်ကို အာရုံခံမိပြီး တံခါးကြားမှ လက်ကို အလျင်အမြန် ဆွဲထုတ်လိုက်လေ၏။
ရှုချန်း တံခါးပိတ်လိုက်ပြီးနောက်တွင် အပြင်မှ မိန်းကလေးက ဒေါသတကြီး လှမ်းပြောလိုက်သည်။
"မိန်းကလေး တစ်ယောက်အနေနဲ့ အိမ်နဲ့ အဝေးကြီးမှာ လာနေရတာ ဘယ်လောက်တောင် ခက်လဲ သိရဲ့လား။ ကျွန်မ ရှန်ချန်းမြို့ မှုခင်းဌာနမှာ တာဝန်ကျနေတာ မကြာသေးဘူး။ ဒီမြို့နဲ့ အခုထိ စိမ်းနေတုန်းပဲ၊ အသိလည်း မရှိဘူး။ အခု ရက်တွေဆိုရင် တကယ့် မှုခင်းကြီးတွေကို ဖြေရှင်းနေရတာ။ တခြား တစ်နေရာ ရှာဖို့ ကျွန်မမှာ ဘယ်လို အချိန်ရှိမှာလဲ"
သူမသည် မကြာသေးမီကမှ ရှန်ချန်းမြို့တွင် တာဝန် ပေးအပ်ခြင်းခံထားရကြောင်းကို ကြားသိပြီးနောက် သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်ကာ နောက်ပြန် လှည့်ပြီး တံခါးဖွင့်လိုက်သည်။
"မင်းပြောတာတွေကို သက်သေပြလေ"
မိန်းကလေးက မတ်တပ်ထရပ်လိုက်ပြီး သူမ၏ မှတ်ပုံတင်ကို ထုတ်ပြလိုက်ကာ မကျေမနပ် လေသံဖြင့် ဆိုလိုက်သည်။
"ကျွန်မ မလိမ်ဘူး"
ထိုအခါမှ ရှုချန်း သက်ပြင်း ချနိုင်တော့၏။
"ဒီမှာ မိန်းကလေး၊ ခင်ဗျားက ကျုပ်နဲ့ မသိပဲ တစ်မိုးအောက်ထဲ နေရဲလို့လား။ သူစိမ်းတစ်ယောက်နဲ့ ဒီလို နီးနီးကပ်ကပ်နေရမှာ မကြောက်ဖူးလား"
မိန်းကလေးက ပြုံးသယောင်ယောင် ဖြစ်သွားပြီး...
"ကျွန်မက ငတုံးမှ မဟုတ်တာ၊ အဲ့ဒါကြောင့် ရဲမှတ်ပုံတင်ကို ပြထားတာလေ။ ဘယ်သူက မှုခင်း ရဲအရာရှိတစ်ယောက်ကို လာရှုပ်ရဲမှာလဲ။ ပြီးတော့ ပြောပါဦးမယ်၊ ရှင်နဲ့ ကျွန်မက တစ်လွှာတည်းနေမှာ၊ တစ်ခန်းတည်း နေမှာမှ မဟုတ်တာ။ ကျွန်မမှာ တခြား ရွေးချယ်စရာလည်း မရှိဘူး၊ ဒါပေမဲ့ အခု ဖြေရှင်းနေရတဲ့ ကိစ္စတွေ ပြီးတာနဲ့ နောက်တစ်နေရာကို ရှာထားလိုက်ပါမယ်"
"အဲ့ဒါဆိုလဲ ကောင်းပြီလေ၊ ဝင်ခဲ့" ရှုချန်းက တံခါးဖွင့်ထားခဲ့ပြီး ဧည့်ခန်းထဲသို့ လျှောက်သွားသည်။
မိန်းကလေးက ဝမ်းသာအားရနှင့်...
"ရှင် နောက်ဆုံးတော့ ကျွန်မရဲ့ အလှတရားတွေအောက်မှာ ကျရှုံးသွားပြီမလား"
ထိုသို့ ဆိုကာ ဧည့်ခန်းတွင်းသို့ လိုက်ဝင်လာသော်လည်း တံခါးကို ပြန်မပိတ်ခဲ့ပေ။ ၎င်းကို တွေ့မြင်လိုက်သော ရှုချန်းက မရယ်ပဲ မနေနိုင်တော့။
"အခုမှ ကြောက်နေပြီလား"
"ဘယ်သူက ကြောက်နေလို့လဲ"
"မင်း နာမည် ဘယ်လိုခေါ်လဲ"
"ယန်ကျင်း ... ရှင်ကရော ... "
" ရှုချန်း။ ဒါနဲ့ မင်း မကြောက်ဘူးဆို ဘာလို့ တံခါး ပြန်မပိတ်ခဲ့တာလဲ"
"သေစမ်း၊ ဒီလူ တော်တော် ဉာဏ်ပြေးတာပဲ။ ဒီလို အသေးစိတ်ကလေးကိုတောင် သတိထားမိတာ တော်ရုံတော့ မဟုတ်ဘူး"
မှုခင်းရေးရာ ရဲအရာရှိ တစ်ဦးအနေဖြင့် သူမ၏ အစီအစဉ်အား လူသိသွားသောအခါ အနည်းငယ် ရှက်သွားပြီး ကို့ရိုးကားယား ဖြစ်ခဲ့ရသည်။
ထို့နောက် သူမ၏ ခြေထောက်ကို နောက်ပြန် ကန်ကျောက်၍ တံခါးအား ပိတ်လိုက်လေ၏။
"ကဲ တံခါး ပိတ်သွားပြီ။ ကျေနပ်ပြီလား "
"မင်း လာနေလို့တော့ရတယ်။ ဒါပေမယ့် အခန်းကို ကျုပ် အရင် ရွေးမယ်။ မင်းဘက်က ငှါးခ ပေးစရာမလိုဘူး။ အဲ့ဒီအစား အလုပ်က ပြန်ရောက်ရင် သန့်ရှင်းရေးသာ လုပ်ပေးထား "
ရှုချန်းသည် အပျင်းထူပြီး တမင်ခိုင်းနေခြင်း မဟုတ်။ အိမ်မှုကိစ္စ လုပ်ရန်အတွက်နှင့် သူ၏ လေ့ကျင့်ချိန်များကို ဖဲ့မပေးလိုခြင်းကြောင့်သာ ဖြစ်သည်။
အခန်း ၅ ပြီး
Ace OF The Dragon Division
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၆
( မိန်းမပျိုလေး နှစ်ဦး )
ယန်ကျင်းသည် ထက်မြက်ပြီး လိမ္မာပါးနပ်သော အမျိုးသမီးတစ်ဦး ဖြစ်လေရာ သန့်ရှင်းရေး လုပ်ရမည်ဆိုသော အသံကို ကြားလိုက်သည့်အခိုက်တွင် အနည်းငယ် တွန့်ဆုတ်သွားမိသည်။ သို့သော်လည်း ရှန်ချန်းမြို့၏ ဤရွှေတြိဂံနယ်မြေတွင် နေထိုင်မှု ကုန်ကျစရိတ်က သူမ၏ အတွေးထဲတွင် ခြောက်လှန့်နေလေ၏။ လစဉ် ငှားရမ်းခ ယွမ် ၆ ထောင်မှ ၇ ထောင်ခန့် ပေးနေရခြင်းနှင့် ယှဉ်လျှင် အိမ်မှုကိစ္စလုပ်ရခြင်းက တော်သေးသည်ဟု ဆိုရမည်။
ဤနည်းဖြင့် တစ်နှစ်လျှင် ယွမ် ၈သောင်း၄ထောင်ခန့် လျှော့ချနိုင်သလို သူမ၏ အသုံးစရိတ်ကိုလည်း အတော်အတန် ချွေတာမိလိမ့်မည်။ ယန်ကျင်းက စဉ်းစားပြီး ခဏအကြာတွင် ကမ်းလှမ်းချက်ကို သဘောတူလိုက်၏။
"ကောင်းပြီလေ၊ သဘောတူတယ်။ ဒါပေမဲ့ ရှင့်ဘက်က စည်းကမ်း တချို့ လိုက်နာဖို့တော့ လိုလိမ့်မယ်။ ပထမဆုံး အနေနဲ့ ကျွန်မ သဘောမတူပဲ အခန်းထဲ မဝင်ရဘူး။ ကျွန်မဘက်ကလည်း ရှင့်အခန်းကို ယောင်လို့တောင် လှမ်းကြည့်မှာ မဟုတ်ဘူး။ ပြီးတော့ အများသုံးနေရာတွေကို သန့်ရှင်းရေး လုပ်ဖို့က ... "
ရှုချန်းက သူမအား အခန်းထောင့်မှ နေ၍ စောင်းငဲ့ ကြည့်လိုက်သည်။
"ဘာလဲ ကျုပ်က လုပ်ရမှာလား"
ယန်ကျင်းမှာ ပြန်လည် တုံ့ပြန်ရန် စကားထွက်မလာတော့ပဲ နှုတ်ခမ်းကိုသာ ဆူ၍နေသည်။ ထို့နောက်တွင် ...
"ကောင်းပြီလေ ကျွန်မပဲ လုပ်လိုက်ပါ့မယ်။ ဒါပေမဲ့ ရှင်အရမ်း ပျော်မသွားနဲ့ဦး။ ကျွန်မဘက်က မတရား အခိုင်းခံနေရတယ်လို့ ခံစားရတာနဲ့ ဒီကနေ ထွက်သွားမှာနော်"
"ဒါဆိုလည်း အခုကတည်းက ထွက်သွားပါလား"
"ရှင် ... "
"မင်း အခြေအနေနဲ့ အရိုးများတယ် ချေးခါးတယ် လုပ်နေလို့ မရဘူး။ ဒီ တစ်ထပ်လုံးက ရှန်ချန်းမြို့ကို အပေါ်စီးကနေ မြင်ရတဲ့ ရှားပါး နေရာကောင်းပဲ။ ကျုပ်ရဲ့ ဝရန်တာကို ရှုခင်းကြည့်ဖို့အတွက် ပိုက်ဆံ အပုံလိုက်ပေးငှားမယ့်သူတွေ တစ်ပုံကြီး ရှိတယ်။ အခု မင်းဆီက အိမ်ငှားခလည်း တောင်းထားတာ မဟုတ်ဘူး။ သန့်ရှင်းရေးလေး လုပ်ပေးရတာလောက်ကို ဈေးဆစ်မနေပါနဲ့"
ယန်ကျင်းက အံကြိတ်ကာ ပြန်လည် တုံ့ပြန်လိုက်သည်။
"ဒါပေမဲ့ ကျွန်မက အိမ်ဖော်လုပ်ဖို့ လာတာမှ မဟုတ်တာ။ အိမ်ဖော်တွေကိုတောင် ပိုက်ဆံပေးခေါ်ရတာနော်။ အဲ့ဒီအတွက် ကျွန်မဘက်ကလည်း ရှင့်ဆီက တစ်ပြားမှ မတောင်းထားဘူးလေ။ ရှင်က ယောကျ်ားပဲ၊ အားနွဲ့တဲ့ မိန်းမသား တစ်ယောက်ကို ဒီလောက် အကျပ်ကိုင်စရာ လိုလို့လား။ နည်းနည်းလောက် အလျှော့ပေးလိုက်လို့ မရဘူးလား"
"မင်းဘက်ကပဲ စည်းကမ်းတွေ အရင်စ သတ်မှတ်တာလေ"
ယန်ကျင်းသည် စက္ကန့်အနည်းငယ် နှုတ်ဆိတ်သွားပြီးနောက်တွင်
"ရှင်နဲ့ ကျွန်မက သူစိမ်းတွေလေ။ နှစ်ယောက်ကြား စည်းမဲ့ကမ်းမဲ့ နေချင်သလိုနေရင် အနာဂတ်မှာ မဖြစ်သင့်တာတွေ ဖြစ်လာလိမ့်မယ်"
"အဲ့ဒီအတွက် ဘာမှ စိတ်မပူနဲ့။ ဒီမှာ၊ ကျုပ်က မိကောင်းဖခင် သားတစ်ယောက်။ လုပ်သင့် မလုပ်သင့် ကိစ္စတွေကို နားမလည်ရလောက်အောင် ပညာမဲ့တဲ့သူ မဟုတ်ဘူး။ မင်း ဘာတွေ စိတ်ပူနေလဲဆိုတာ ကျုပ်သိတယ်။ အခုကတည်းက တစ်ခါတည်း ရှင်းအောင်ပြောထားမယ်။ ကျုပ်ဘက်က ခင်ဗျား ကို စိတ်ကို မဝင်စားတာ။ အစတုန်းက ကျုပ်ကို ခင်ဗျားရဲ့ အလှနဲ့ မြူဆွယ်ဖို့ ကြံနေတာမလား။ အခု ကျုပ်နဲ့ ခွန်အားချင်းပါ မယှဉ်နိုင်တော့ အားနွဲ့တဲ့ မိန်းမတစ်ယောက် ဖြစ်သွားပြီး လှည့်စားဖို့ လုပ်ပြန်ပြီ။ ဘာမှ ရှည်ရှည်ဝေးဝေး တွေးမနေနဲ့တော့။ ခင်ဗျား ထက်ပိုလှတဲ့ မိန်းကလေးတွေကိုတောင် ကျုပ် ရင်မခုန်ခဲ့ဖူးဘူး။ အဲ့ဒီတော့ ခင်ဗျား စိတ်ပူနေတဲ့ အရာတွေကို စိတ်ချလက်ချသာ မေ့ထားလိုက်တော့"
ရှုချန်းသည် ယခုအချိန်တွင် ချစ်သူရည်းစား ထားရန် အချိန်မပေးနိုင်။ သူ၏ စိတ်ထဲတွင် နဂါးတပ်ဖွဲ့သို့ အမြန်ဆုံး ဝင်ရန် အတွေးသာ ရှိလေ၏။
သို့သော်လည်း ယန်ကျင်း မှာ သူမ၏ အလှကို အမြဲ ဂုဏ်ယူပြီး ယုံကြည်မှု အပြည့်ရှိသော မိန်းကလေးတစ်ဦး ဖြစ်လေရာ ထိုကဲ့သို့ လျစ်လျူရှုခံနေရခြင်းက သူမအား စော်ကားလိုက်သလိုပင်။
ယခုဆိုလျှင် ရှန်ချန်းနှင့် စေ့စပ်ညှိနှိုင်းရာတွင် အခြေအနေမဟန်တော့သော်လည်း၊ အခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်။ သူမအား နေထိုင်ခွင့်ပေးရန်ကိုပင် ခက်ခက်ခဲခဲ တောင်းဆိုခဲ့ရသည် မဟုတ်လော။ ရှုချန်းပြောခဲ့သလို ရှန်ချန်းမြို့တွင် ဤကဲ့သို့ ရှုခင်းကောင်း၍ အချက်အချာကျသော ကွန်ဒိုမျိုး တွေ့ရှိရန် မလွယ်တော့ပေ။
သို့သော်ငြား သူမမှာ ငယ်ရွယ်လှပ၍ စွဲမက်ဖွယ်ကောင်းသော အမျိုးသမီး တစ်ဦး ဖြစ်သောကြောင့် ရှုချန်းဘက်မှ လူကြီးလူကောင်းပီပီ ညှိနှိုင်းသင့်သည် မဟုတ်လော။
"ရှင် ဘာဖြစ်လို့ အားနွဲ့တဲ့ မိန်းမသားကိုမှ အနိုင်ကျင့်နေချင်ရတာလဲ" ရန်ကျန်းသည် နှုတ်ခမ်းစူလျက် အပြစ်ကင်းစင်သော အကြည့်ဖြင့် သူ့အား စိုက်ကြည့်လိုက်သည်။
"မင်းက အားနွဲ့တဲ့ မိန်းမသား ဟုတ်လား" ရှန်ချန်းသည် သူမ၏ စကားကို ကြားလိုက်ရသောအခါ ဝက်ဝက်ကွဲ ရယ်လေတော့သည်။
"၆ပေ၃လက်မ ရှိတဲ့ ယောကျ်ားတစ်ယောက်ကို ပခုံးပေါ်က ကျော်ပြီး ကိုင်ပေါက်နိုင်တဲ့ မိန်းမက အားနွဲ့တဲ့ မိန်းမသား ဟုတ်လား။ မှုခင်းရေးရာ ဌာနရဲ့ ခေါင်းဆောင်တောင် ဖြစ်လာနိုင်တဲ့သူက ဒီလိုစကားမျိုး ထွက်လာတာ တကယ် အံ့ဩစရာပဲ"
ယန်ကျင်းသည် ထိုလူ ဤမျှ မျက်စိလျင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့။ သူမ၏ မှတ်ပုံတင်ကို ထုတ်ပြလိုက်သော စက္ကန့်အနည်းငယ် အတွင်းမှာပင် အသေးစိတ်ကျသော အချက်အလက်များကို ဖတ်ရှုနိုင်ခဲ့ခြင်း ဖြစ်သည်။
"တခြားသူတွေအမြင်မှာတော့ တရားမျှတမှုကို လိုလားတဲ့ ရဲအရာရှိတစ်ယောက်ပေါ့။ ဒါပေမဲ့ ကျွန်မကို ရိုက်နှက်ခဲ့တဲ့ သူရှေ့မှာတော့ အားနည်းတဲ့ မိန်းကလေး ဖြစ်သွားပြီ။ ကျွန်မလို လူသစ်တစ်ယောက်ကို အနိုင်ကျင့်လိုက်ရလို့ ရှင် ကျေနပ်ရဲ့လား"
ရှုချန်းက သူ၏ လက်ကို ဝှေ့ရမ်းပြီး...
"တော်တော့ ဆက်မပြောနဲ့တော့။ အိမ်မှုကိစ္စ လုပ်ရင်လုပ်၊ မလုပ်နိုင်ရင် လာတဲ့လမ်းအတိုင်း ပြန်တော့"
"ရှင် တော်တော် ဂွကျတဲ့ ယောကျ်ားပဲ" ယန်ကျင်းက နှုတ်ခမ်းစူလျက် မကျေမနပ် အော်ပြောလိုက်ပြီး ခရီးဆောင်အိတ်ကို ကောက်ကိုင်ကာ တံခါးဆီသို့ လှည့်ထွက်သွားသည်။ သူမ၏ အတွေးထဲတွင် ရှုချန်းက လှမ်းတားမည်ဟု (တထစ်ချ) ယုံကြည်ထားသော်လည်း၊ အမှန်တကယ်တွင် လက်တွေ့နှင့် စိတ်ကူးများ ထပ်တူမကျခဲ့။
ရွေးချယ်စရာ မရှိတော့သည့် ယန်ကျင်းမှာ နောက်ပြန်လှည့်ပြီး ဧည့်ခန်းထဲသို့ ပြန်လျှောက်လာသည်။ ထို့နောက် အထုပ်အပိုးများကို ပြန်ချလိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။
"ရဲအရာရှိတွေဆိုတာ လူတွေကို အလုပ်အကျွေးပြုဖို့ ကျိန်ဆိုထားရတာ။ ကျွန်မကပဲ သဘောထားကြီးကြီးနဲ့ ရှင့်အလိုကို လိုက်ပေးရမှာပေါ့"
ထို့နောက် သူမ၏ ဂုဏ်သိက္ခာကိုပင် အဖတ်မဆည်နိုင်တော့ပဲ အိပ်ခန်းထဲသို့ ပြေးဝင်ကာ အိပ်ရာခင်းများကိုပင် ထုတ်လဲလိုက်တော့သည်။
ရှုချန်းသည် ဤတစ်ယောက်နှင့် ပြဿနာရှင်းပြီရုံသာ ရှိသေးသည်။ အပြင်ဘက် စင်္ကြံလမ်းမှ ရန်ဖြစ်သံများ ကြားလိုက်ရပြီး၊ စကားများသံများက သူ၏ အခန်းတံခါးဝနှင့် နီးသထက် နီးလာသည်။ ထို့ကြောင့် ရှုချန်းက တံခါးထပိတ်ရန် ပြင်စဉ်၊ ရန်ဖြစ်နေသူ နှစ်ဦးမှာ ရုတ်တရက် တံခါးဆွဲဖွင့်လိုက်လိမ့်မည်ဟု မထင်မှတ်ထားခဲ့။ ပန်းနုရောင် နှုတ်ခမ်းတစ်စုံ၊ ရှည်လျား ကော့ညွတ်နေသော မျက်တောင်များနှင့် လှိုင်းတွန့်သဖွယ် ဆံနွယ်ပိုင်ရှင် အမျိုးသမီးသည် ရှုချန်းကို တွေ့လိုက်သောအခါ သူမ၏ ဘဲဥပုံစံ ရှယ်သွယ်သော မျက်နှာထားက ချက်ချင်းပင် မာကျောသွားသည်။
သူမ၏ ခရီးဆောင်အိတ်ကို ရှန်ချန်း အခန်းထဲသို့ ပစ်သွင်းလိုက်ပြီး ယွမ်တစ်ရာတန် ငွေအထပ်လိုက်အား ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်လိုက်လေ၏။ ထို့နောက် ရှုချန်းကို စူးရဲစွာ စိုက်ကြည့်ကာ မာကျောသော လေသံဖြင့် ဆိုလိုက်သည်။
"ကျွန်မ နေ့တိုင်း လေယာဉ်စီးနေရတာ၊ ပြန်ရောက်တာနဲ့ ပင်ပန်းလွန်းလို့ စိတ်အေးလက်အေး အိပ်မယ် ကြံရုံ ရှိသေး၊ အိမ်ခြံမြေ စီမံခန့်ခွဲရေးက အခန်းပြောင်းပေးရတော့မယ် ဆိုပဲ။ ရှင့်မှာ ပိုက်ဆံရှိတယ်ဆိုတိုင်း ဒီလို ထင်တိုင်းကြဲလို့ ရမယ် ထင်နေတာလား။ ရှင့် ပိုက်ဆံ ရှင် ပြန်ယူသွား၊ ကျွန်မ အတွက် အိပ်စရာ နေရာပဲ လိုတာ"
ထို့နောက် သူမ၏ ဒေါက်မြင့်ဖိနပ်ကို စီးလျက် ရှုချန်း အိမ် အတွင်းသို့ ကမူးရှူးထိုး ဝင်သွားသည်။ ဖြစ်ပျက်သွားသည်များမှာ မြန်ဆန်လွန်း၍ ရှုချန်းတစ်ယောက် ကြောင်အမ်းအမ်းဖြစ်ကာ ရပ်ကြည့်နေမိ၏။
သူမနှင့် အတိုက်အခံ ဖြစ်နေသော အိမ်ခြံမြေ မန်နေဂျာသည် ရှုချန်းရှေ့တွင် မျက်နှာပင် မဖော်ရဲလောက်အောင် အားနာသွားကာ ကယောင်ကတမ်းဖြင့် တောင်းပန်လိုက်သည်။
"ဆရာ ရှု ... "
အခြေအနေတစ်ခုလုံးကို အံ့အားသင့်နေသော ရှုချန်းက မန်နေဂျာကို အကျိုးအကြောင်း မေးမြန်းလိုက်သည်။
"ဘာတွေ ဖြစ်နေတာလဲ"
"ကျွန်တော် ဆရာ့ကို ပြောဖို့ မေ့သွားတာ တစ်ခုရှိတယ် ။ အရင် အိမ်ငှားလေးယောက်မှာ အမျိုးသမီး နှစ်ယောက်က ပြောင်းပေးဖို့ ဘယ်လိုမှ လက်မခံဘူး ဖြစ်နေတယ်။ သူတို့နဲ့ ပြေရာပြေကြောင်း ဆွေးနွေးလို့ ရမယ် ထင်ခဲ့တာ၊ ဒီလောက် ညှိနှိုင်းရခက်လိမ့်မယ်လို့ မမျှော်လင့်ထားတာ အမှန်ပဲ။ ကျွန်တော် တောင်းပန်ပါတယ် ဆရာ ရှု၊ သူတို့ထဲက တစ်ယောက်က ရဲအရာရှိဆိုတော့ အတင်းအကျပ်လည်း မပြောရဲဘူး။ နောက် တစ်ယောက်ကတော့ လေယာဉ်မယ်တဲ့၊ ဒါပေမဲ့ သူစီးနေတဲ့ ပြိုင်ကားကို ကြည့်ရတာ ဝါသနာအရ လုပ်နေတာပဲ ဖြစ်မယ်။ ကျွန်တော်တို့ သူဌေး ကိုယ်တိုင်တောင် သူနဲ့ ညှိနှိုင်းဖို့ အစွမ်းကုန် ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ ဘယ်လိုမှ မအောင်မြင်ခဲ့ဘူး"
ရှုချန်းက ငိုမဲ့မဲ့ ဖြစ်နေသော မန်နေဂျာ၏ မျက်နှာကို တွေ့လိုက်ရသောအခါ ပြောမည့် စကားများပင် ထွက်မလာတော့။ ထို့အပြင် အပြစ်အားလုံး သူ့အပေါ် ပုံချ၍ ဆူပူပြောဆိုရလောက်သည်အထိ အကြင်နာတရား ကင်းမဲ့သူ မဟုတ်ပေ။ ရှုချန်းသည် မူလက ဤအထပ်ရှိ အခန်းလေးခန်းစလုံးကို အပိုင်သိမ်းကာ၊ လေ့ကျင့်ရေး ကိရိယာများအတွက် နေရာပို ထွက်လာစေရန် စီစဉ်ထားခဲ့သော်လည်း၊ နောက်ဆုံးတွင် မတတ်သာပဲ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော ပိုက်ဆံများကိုသာ ကုန်းကောက်လိုက်ရသည်။
ထိုစဉ် ယန်ကျင်းသည် အခြား အမျိုးသမီး တစ်ဦး ဝင်လာသည်ကို သတိမမူမိသေးပဲ အခန်းထဲမှ ထွက်လာလေ၏။ ထို့နောက် ရှုချန်း၏ အာရုံစိုက်မှုကို ရရန် လက်ခုပ်တီး၍ လှမ်းခေါ်လိုက်သည်။
"ကျွန်မကို နေခွင့်ပေးလို့ ကျေးဇူးပဲ၊ ညကျရင် ရှင့်ကို ထမင်း လိုက်ကျွေးမယ်"
ရှုချန်းက လေးပင်နေသော အသံဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။
"မင်း ဟင်းချက်ဖို့ ပျင်းလို့မလား"
"ပေါ်သွားပြန်ပြီ"
ယန်ကျင်းသည် ဤလူကြီးနှင့် ရှေ့လျှောက် တစ်မိုးအောက်ထဲ နေရမည့် အဖြစ်ကို တွေးကာ ရင်လေးနေမိသည်။ သူ၏ ရှေ့တွင် မည်သည့် အတွေးအမြင်ကိုမျှ ဖုံးကွယ်ထား၍ ရတော့မည် မဟုတ်ပေ။ ထို့အပြင် ရှုချန်းသည် ပြောဆိုဆက်ဆံရာတွင် မိန်းကလေး ဆိုသည်နှင့် ချွင်းချက်ထား၍ ညှာတာခြင်းမျိုးလည်း မရှိခဲ့။ ယန်ကျင်းသည် ထို လူ့ဂွစာနှင့် ပက်သက်၍ သိချင်လိုစိတ်ကို မအောင့်အီးနိုင်တော့ပဲ ထုတ်မေးလိုက်သည်။
"ရှင် ချစ်သူ မရှိဘူး မလား"
ရှုချန်းက ခေါင်းညိတ်လိုက်ပြီး " အတိအကျ ပြောရရင်တော့ မရှိဘူး"
"အဲ့ဒါဆို ရပြီ။ လာ သွားမယ်။ ရှင့်ကို ထမင်း တစ်နပ်လောက်တော့ ဝယ်ကျွေးရမှာပေါ့။ ဒီနေ့ တစ်နေ့လုံး အိမ်ကိစ္စ ရှင်းနေရတာနဲ့ပဲ အချိန်တော်တော် ကုန်သွားပြီ"
ရှုချန်းသည် မြို့၏ လက်ရှိ အခြေအနေနှင့် ရာဇဝတ်မှု ဖြစ်ပွားနှုန်းကို လေ့လာရန် အခွင့်အရေးကောင်း တစ်ခုဟု ယူဆကာ အပြင်ထွက်စားမည့် အစီအစဉ်ကို သဘောတူလိုက်သည်။
တစ်ဖက်တွင်မူ ယန်ကျင်း၌ အကြံအစည် တစ်ခု ရှိနေသည်ကို မရိပ်မိခဲ့ပေ။ သူမသည် အိမ်ကိစ္စတွင် အလျှော့ပေးခဲ့ရပြီး နောက်ဆုံး အိမ်အကူ တစ်ယောက် ဖြစ်လာခဲ့ခြင်းအပေါ် အခဲမကျေပေ။ ထို့ကြောင့် သူမ၏ လုပ်ဖော်ကိုင်ဖက်များ သွားလေ့ရှိသော စားသောက်ဆိုင်သို့ ရည်ရွယ်ချက်ရှိရှိ ခေါ်ဆောင်လာခဲ့သည်။
ထိုသို့ ရောက်လျှင် အမှတ်မထင် တွေ့ဆုံသည်ဟု အမည်တပ်ကာ အပေါင်းအသင်းများကြားတွင် သူမ မည်မျှ ရေပန်းစားနေကြောင်း ရှုချန်းအား သိစေလိုသည်။ ထို့အပြင် သူတို့၏ နတ်ဘုရားမက ယောကျ်ားတစ်ယောက်နှင့် အတူ စားသောက်နေသည်ကို မြင်ပါက ထိုလုပ်ဖော်ကိုင်ဖက်များ မြင်သွားပါက ရှုချန်းအား မနာလိုစိတ်ဖြင့် ဒေါသူပုန်ထကာ ပညာပေးရန် ကြိုးစားကြပေလိမ့်မည်။ ၎င်းက သူမ၏ ရင်ထဲမှ နာကျဉ်းချက်အချို့ကို ဖြေလျှော့ကောင်း ဖြေလျှော့ပေးနိုင်လိမ့်မည်ဟု တွေးထင်နေလေ၏။
ရှုချန်းသည် ကားမရသေးသဖြင့် ယန်ကျင်း၏ ဆလွန်းနှင့်သာ သွားလိုက်သည်။
ရှန်ချန်း တစ်မြို့လုံး၊ ဈေးဝယ်စင်တာများ၏ မျက်နှာပြင်များ လမ်းတစ်လျှောက်ရှိ ကြော်ငြာဆိုင်းဘုတ်များတွင် လင်ချူရွယ် ၏ ကုန်ပစ္စည်း ကြော်ငြာများကို နေရာအနှံ့ မြင်တွေ့နိုင်သည်။ သူမ၏ ဓါတ်ပုံများက မြို့၏ အလှကို ထပ်လောင်း အားဖြည့်ပေးနေသည့် အလားပင်။
ထိုစဉ် ရှုချန်းက အဆက်မစပ်မရှိ ကောက်ကာငင်ကာ ထပြောလိုက်သည်။
" မိန်းကလေး တစ်ယောက်က ဘယ်လောက်ကြီး လှနေပါစေ၊ ကျုပ် ခံစားလို့ မရတာ ဘာကြောင့်လဲ သိလား ... "
"ဘာလို့ဆို ကျုပ် မိန်းမက လင်ချူရွယ် လေ "
ယန်ကျင်းက စတီယာရင်ကို ဖြောင့်အောင် ထားရန် ကြိုးစားရင်း ထရယ်လိုက်လေသည်။
" ရှင့် မိန်းမက လင်ချူရွယ် ဆို ကျွန်မ လိုင်းပေါ်ကနေ တိုက်ရိုက်လွှင့်ပြီး ချီးစားပြမယ် "
ရှုချန်းက အနည်းငယ် ဆွံ့အသွားသည်။
"ဒီ အတိုင်း နောက်လိုက်တာပါ။ ချီးစားပြဖို့လောက်အထိ မလိုပါဘူး"
ယန်ကျင်း တစ်နေ့တွင် ထို စကားအတိုင်း လိုက်လုပ်မည်ကို မတွေးဝံ့ပေ။
"ကျွန်မလည်း စနေတာပါရှင်။ ရှင်ပြောတာသာ အမှန်ဆို ရှင့်ရဲ့ ရှေ့မှာကို ထိုင်စားပြလိုက်မှာ "
" ... "
ထို့နောက် သူတို့ နှစ်ဦး စားသောက်ဆိုင်သို့ ရောက်လာခဲ့သည်။ ရှုချန်းသည် ဆိုင်၏ အနေအထားကို အကဲခတ်လိုက်ပြီး သာမန်ဆိုင် တစ်ဆိုင်သာ ဖြစ်ကြောင်း တွေ့မြင်လိုက်လေရာ၊ ထမင်း တစ်နပ် အတွက်နှင့် ဤမျှ ဝေးဝေးလံလံ လာခဲ့ရသည့် အကြောင်းအရင်းကို မတွေးတတ်တော့ပေ။ ထို့နောက် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေစဉ် အနီးတွင် မှုခင်းရဲဌာန၏ အဆောက်အအုံကို သတိထားမိသွားသည်။ ဤသည်မှာ သမရိုးကျ တိုက်ဆိုင်မှု မဟုတ်မှန်း ချက်ချင်းပင် သဘောပေါက်သွားလေ၏။
ယန်ကျင်းသည် ရှုချန်း တစ်ယောက် သူရဲဘောကြောင်ပြီး ထထွက်သွားမည်ကို စိုးရိမ်နေမိသည်။ ထို့ကြောင့် မသိမသာ ပြုံးပြလိုက်ပြီး...
"ဒီ ဆိုင်က ရဲအရာရှိတွေကို ဈေးလျှော့ပေးတယ်လေ။ နေရာက သိပ်တော့ အဆင့်မမြင့်ပေမယ့် အစားအသောက်ကတော့ တော်တော် အရသာ ရှိတယ်။ ပြီးတော့ ပါဝင်ပစ္စည်းတွေကိုလည်း အော်ဂဲနစ်တွေပဲ သုံးထားတာ ဆိုတော့ အိမ်ချက်ဟင်းပွဲ တော်တော်များများ ဒီမှာ ရတယ်"
ရှုချန်းက ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီလေ၊ အဲ့ဒါဆိုလည်း ဒီမှာပဲ တစ်ခုခု စားကြတာပေါ့"
ထို့နောက် သူတို့ နှစ်ဦး ဆိုင်ထဲသို့ ဝင်လာသည်ကို အထဲ၌ စားသောက်နေသော လုပ်ဖော်ကိုင်ဖက်များက မျက်မှန်းတန်းမိလိုက်ကြသည်။
ထို့နောက် တစ်ယောက်နှင့် တစ်ယောက် မျက်စပစ်လိုက်ကြပြီး
"ဟေ့ရောင် ဟိုမှာ ငါတို့ မှုခင်းဌာနရဲ့ ဆည်းလည်းလေးမလား။ လီတဟွမ် တော့ သွားပြီ။ အဲ့ဒါကြောင့် ကျန်ရစ်ကြီး ဖြစ်ခဲ့တာကိုး။ ဟားဟား ... သူ့ကို မြန်မြန် သွားခေါ်လိုက်။ ဟိုမှာ သူ့ နတ်ဘုရားမလေးက ငါတို့ နယ်မြေကို လာပြီး ချစ်သူကိုတောင် လာကြွားနေပြီ"
အခန်း ၆ ပြီး