လီမင်တိက သူမကို စိုက်ကြည့်နေပေမယ့် သူ့မျက်ဝန်းထဲမှာတော့ စိတ်ပူပန်မှုတစ်ခု ရှိနေတယ်။
"မင်း ဘယ်သူ့ကိုမှ မြင်းစီးပြီး လေးပစ်ဖို့ အစောပိုင်းတည်းက ကတိမပေးခဲ့သင့်ဘူး!"
လီဝေ့ရန်က သူမဘာသာသူမရယ်မောနေသော်လည်း
"တို့တွေ မြို့တော်ထဲမှာ နေခဲ့ရင် ငလျင်လှုပ်မှာ မဟုတ်မှာကျလို့ကွယ်? ဒါက တခြားသူအပေါ် မင်းရဲ့ ဒေါသကို ပုံချနေတာပဲ အိုက်ယား!"
သူမက ရုတ်တရက် အော်လိုက်မိတယ်။ ထို့နောက် သူမက မျက်မှောင်ကြုတ်ကာ “အသာလုပ်” ဟုဆိုလိုက်သည်။
လီမင်တိက အမြန်လွှတ်ပေးလိုက်သည်။
"မင်းခြေထောက်ကို စောစောစီးစီးဒဏ်ရာရတုန်းက ဘာမှမပြောနဲ့လို့ ဘယ်သူကပြောထားလဲ"
သူ့မျက်ဝန်းတွေက အနည်းငယ်နီရဲနေပြီး ဆံပင်တွေ ရှုပ်ပွနေကာ သူ့မျက်နှာမှာ အနက်ရောင်ရွှံ့တွေ ရှိနေတယ်။ သူကြည့်ရတာ အရမ်းစိတ်ညစ်နေပုံရတယ်။
လီဝေ့ရန်က မသိလိုက်ဘာသာ ပြုံးလိုက်တယ်။ သူမသည် လီမင်တိ၏မျက်နှာကို ထိကိုင်ကာ သူ့အတွက် သုတ်ပေးလိုက်သည်။
"မင်းရဲ့ သနားစရာကောင်းတဲ့ အခြေအနေကို ကြည့်ပါဦး! ဒါကို မင်းကို သဘောကျနေတဲ့ ကောင်မလေးတွေကို တို့ မြင်စေချင်စမ်းပါသဘိ.. သူမလေးတို့တွေ တကယ်ကို သေလောက်အောင်ရယ်နေကြလိမ့်မယ်"
သူက မျက်မှောင်ကြုတ်ထားလျက်ပင် သူမရဲ့အကြည့်တွေကို ရှောင်လိုက်ပြီး
“အစ်မကြီးတစ်ယောက်ရဲ့ မောက်မာမှုမျိုးကို မင်းကအမြဲပြသနေတယ်။ ကျွန်တော်က မင်းထက်ငယ်တာမဟုတ်ဘူးဆိုတာ မင်းကောင်းကောင်းသိရဲ့နဲ့။ ဒီလိုအခြေအနေမှာတောင် မင်းက ကျွန်တော့်ကို ရယ်စရာလုပ်နေနိုင်သေးတယ်။ မဟုတ်ရင် မင်း စိတ်မချမ်းသာဘူး ဟုတ်တယ်မဟုတ်လား?"
လီဝေ့ရန်သည် သူမ၏အတွေးများကို အလွယ်တကူ ထိုးထွင်းမြင်ခံလိုက်ရသည်ဟု ခံစားလိုက်ရပြီး သူမသည် ခဏတာ စကားမပြောနိုင်တော့ပေ။ တကယ်ပဲ သူနဲ့ ပထမဆုံးအကြိမ် ၂ကိုယ်တည်း အတူရှိနေရတာဆိုတော့ သူမလည်း ဘာပြောရမှန်းတောင် မသိတော့တာမို့ စိတ်အေးလက်အေးမျက်နှာထားဖြစ်စေဖို့ သူ့ကို ကျီစယ်နေတာပင်။
"တို့က..... ဒီတိုင်း"
"မင်းက ကျွန်တော့်ကို ဘယ်လိုရင်ဆိုင်ရမှန်း မသိဖြစ်နေတယ်ဆိုပေမယ့် မင်း ကျွန်တော့်ကို ဘယ်လိုပဲဆက်ဆံနေပါစေ ကျွန်တော့်စိတ်က မပြောင်းလဲဘူးဆိုတာ ကျွန်တော်သိတယ်"
"ဒါက ပြောင်းလဲမှာမဟုတ်ဘူး"
လီဝေ့ရန်က ခဏလောက် ငြိမ်သက်သွားပြီး တစ်ခုခုကို သတိရနေသလိုမျိုး ညည်းညူမိရင်း သက်ပြင်းကို ချလိုက်သည်။ ဤကမ္ဘာတွင် ထာဝရမပြောင်းလဲနိုင်သော အရာဆိုတာက ရှိလို့လား? သူမ မယုံကြည်ဘူး! ဘယ်တော့မှ မယုံကြည်ဘူး။ ယုံကြည်တဲ့သူတွေသည် အရူးများသာဖြစ်ကြမည်။
လီမင်တိက ထပ်စကားမပြောတော့ဘူး။ အေးစက်သောမျက်နှာထားဖြင့် သူသည်သူမ၏သွေးစွန်းနေသောဖိနပ်ကို ချွတ်လိုက်သည်။
"ကျွန်တော်တို့ ဆေးလိမ်းဖို့ လိုတယ်။ ဝေဒနာကို သည်းခံထား"
သို့သော်လည်း လီဝေ့ရန်သည် သူ့ပခုံးပေါ်ရှိ ဒဏ်ရာကို သတိပြုမိသွားသည်။ ငလျင်လှုပ်ပြီးနောက် မျက်လုံးဖွင့်လိုက်သောအခါတွင် သူသည် သူမအား တင်းတင်းကြပ်ကြပ် ဖက်ထားဆဲဖြစ်ပြီး စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသော မျက်လုံးတစ်စုံကို ဖုံးကွယ်ထားသော သူ့ဆံချည်များကို သူမ ရုတ်တရက် သတိရလိုက်မိသည်။ ဒါပေမယ့် သူမလိုပဲ သူ့နှလုံးသားက တဒုန်းဒုန်းမြည်နေတဲ့ဗုံသံလိုပင်။.... အခုတော့ သူ့ပခုံးတွေကို ဖုံးထားတဲ့အဝတ်တွေက စုတ်ပြဲနေပြီး အရေပြားအပိုင်းကို သွေးထွက်သံယိုတွေနဲ့ ပေါ်လွင်နေကကာ ဒဏ်ရာတွေကို အတွင်းထဲကနေ ကွယ်နေတယ်။ မြင်းပေါ်မှ ပြုတ်ကျသောအခါ သူ့ကိုယ်သူ ဒဏ်ရာရသွားစေခဲ့သည်မှာသိသာထင်ရှားနေသည်။.... သူမက အချိန်အတော်ကြာအသံမထွက်လာပြီးမှ
"မင်းရော ဘာလို့ ဆေးမလိမ်းတာလဲ?"
လီမင်တိက "ဒီလို အပေါ်ယံဒဏ်ရာမျိုးအတွက် မလိုအပ်ဘူး။ မင်းရဲ့ခြေကျင်းဝတ်က ပိုအရေးကြီးတယ်"
သူ့မှာ ဆေးတစ်ပုလင်းပဲရှိနေတာကြောင့် ပေါ့ပေါ့ဆဆ မဖြုန်းတီးနိုင်ဘူးလေ။
လီဝေ့ရန်၏နှလုံးသားက ရုတ်တရက် နာကျင်လာကာ
"ဒါက တို့အမှားပါ။ တို့ မင်းကို မခေါ်လာသင့်ဘူး..."
လီမင်တိက မျက်မှောင်ကြုတ်ကာ
"ကျွန်တော့်ကို မခေါ်ဘဲ မင်းကိုယ်တိုင် စွန့်စားချင်နေတာလား?"
လီဝေ့ရန်သည် ပတ်တီးစည်းမပြီးမချင်း သူ့ကို ကြောင်တက်တက် စိုက်ကြည့်နေမိသည်။ သူက ခေါင်းကိုမော့ကြည့်လိုက်တော့ သူမက သူ့ကို ကြည့်နေသေးတာကို တွေ့လိုက်ရတယ်။ သူ့နှလုံးသားက တုန်လှုပ်သွားသော်လည်း မတ်တပ်မရပ်လိုက်ပဲ သူက အသံကို လျှော့လိုက်ပြီး
"ဒါဖြင့် မင်းနဲ့ထော့ပါယုတို့က ... ဘာတွေလဲ?"
ဤသည်မှာ ယခုအချိန်ထိ သူ့နှလုံးသားထဲတွင် အနက်ရှိုင်းဆုံး မြှုပ်နှံထားသော ဆူးတစ်ချောင်းပင်ဖြစ်သည်။ သူ ဆွဲမထုတ်နိုင်သလို ထုတ်မမေးနိုင်ခဲ့သောအရာပင်။
လီဝေ့ရန်က အံ့အားသင့်သွားပြီး မဟုတ်မမှန်ဇာတ်လမ်းကို ဆိုချင်ခဲ့သော်လည်း နောက်ဆုံးတွင်တော့ ရိုးသားစွာဖြင့်
"တို့ သူ့ကို မနှစ်သက်သလို တစ်ခါမှလည်း သဘောမကျဖူးဘူး။ ဒီ့အပြင်၊ တို့ သူ့ကို ထပ်ကူညီပေးတော့မှာ မဟုတ်ဘူး! မင်း ဒါကို ကြည့်ပြီး တို့သူ့ကိုကူညီနေတယ်လို့ ခံစားမိရင်တောင်..."
လီမင်တိ ပြုံးနေတာကို သူမ မော့ကြည့်လိုက်တော့ သူမ၏မသိစိတ်ကနေပြောခဲ့တဲ့ စကားတွေက ငြီးငွေ့စရာဖြစ်နေတယ်လို့ သူမ ထင်လာတယ်။
"မင်း အခုထိမထသေးဘူးလား"
သူမသည် သူ့ကို တွန်းမထုတ်နိုင်ဘဲ သူ့ပခုံးပေါ်က ဒဏ်ရာက ပိုပြင်းထန်နေတာကို သတိထားမိသွားတယ်။ သတိအနေအထားနှင့်အတူ သူမ က သူ့ကို အလျင်အမြန် တွန်းထုတ်လိုက်ပြီး ဒဏ်ရာကိုဂရုတစိုက်ကြည့်လိုက်သော်လည်း လီမင်တိက သူမ၏လက်လေးကို တင်းတင်းဆုပ်ကိုင်ထားကာ သူ့လက်တွေက ချွေးတွေဖြင့် စေးပျစ်နေပြီး တစ်ခုခုကို တွေးနေပုံဖြင့် ဝန်ခံဖို့ ပါးစပ်ကို ဖွင့်ဟလာတယ်
"ကျွန်တော် "
"မင်းလည်း ဆေးလိမ်းရမယ်လေ မင်းဒဏ်ရာပိုးတွေဝင်ရင် ဘယ်လိုလုပ်မလဲ?"
သူ့စကားပြီးအောင်မစောင့်ဘဲ လီဝေ့ရန်က သူ့လက်ကို အမြန်ဆွဲဖယ်လိုက်သည်။ လီမင်တိက ငြိမ်နေကာ သူ့ပါးစပ်ကို ပြန်ပိတ်လိုက်သည်။
ကံကောင်းထောက်မစွာဖြင့် လီမင်တိ၏ဒဏ်ရာများသည် အပေါ်ယံသာပင်။ လီဝေ့ရန်က အဲ့ဒါတွေကို ကြည့်ပြီးမှ သက်ပြင်းချလိုက်မိသည်။ သူမက ခေါင်းကို မော့ကြည့်လိုက်တော့ သူက မျက်တောင်မခတ်ဘဲ သူမ၏မျက်ဝန်းတွေကို စိုက်ကြည့်နေတာ တွေ့လိုက်ရတယ်။ သူမ၏ နှလုံးသားသည် အကြောင်းပြချက်မရှိဘဲ ခုန်နှုန်းအရှိန်တက်လာပြီး သူမ မူလက ဘာကိုလုပ်မလို့လဲဆိုတာကိုတောင် မပြောနိုင်တော့ပေ။
ဒီတစ်ယောက်နဲ့တော့! အမြဲတမ်းလိုလို သူမမှာ သူ့ကို ကိုင်တွယ်နိုင်ဖို့ နည်းလမ်းမရှိသလိုပဲ။
သူသည် ထော့ပါကျန်းမဟုတ်ပေ။ ထို့ကြောင့် သူသည် ပုဂ္ဂိုလ်ရေးအရရန်သူမဟုတ်ဘူး။ သူသည် ထော့ပါယုလည်းမဟုတ်သဖြင့် မဟာမိတ်လည်းမဟုတ်ဘူး။ သူသည် ကျောင်းဟွာလည်းမဟုတ်၊ ထို့ကြောင့် သူသည် သေမတတ်ယှဉ်ပြိုင်ရမည့်ရန်သူမဟုတ်ပေ။ ဒါဆို နောက်ဆုံးတော့ သူက ဘာလဲ? ဆွေမျိုးလား? သူ့အသက်ကို စတေးပြီး သူမကို ကာကွယ်ပေးမယ့်သူလား? ဒီလိုမျိုး ဆွေမျိုးတွေကရှိလို့လား? ထိုမှပင် သူ့အသက်ရှူသံများက သူမနှင့် နီးကပ်လာသည်ကို သူမ သတိထားမိလိုက်သည်။ မကြုံစဖူးသော ဖိအားများဖြင့် သူမအား ဖော်မပြနိုင်လောက်အောင် အထိတ်တလန့် ဖြစ်စေရပြီ။ သူမ၏နှလုံးသားသည် ပြင်းထန်စွာ တုန်လှုပ်သွားကာ သူမ၏မျက်နှာသည် ပူလောင်လာရသည်။ သူမသည် သူ၏မျက်နှာကိုမကြည့်ဘဲ သူမ၏အနက်ရောင်မျက်ဝန်းတွေကိုသာ အောက်သို့စိုက်လိုက်နိုင်သည်။
ဟမ်၊ သူမ ဘာလုပ်ရမလဲ? ပထမအကြိမ်အဖြစ် သူမသည် သူ၏ အဓိပ္ပါယ်ရှိနေသော အကြည့်များကို ရှောင်ရှားရန် အစပြုလာသည်။ လီဝေ့ရန်သည် ဤအခြေအနေက အလွန်ဆိုးရွားသည်ဟုသာ ခံစားနေရတယ်။
"ကျွန်တော် မင်းကို သဘောကျတယ်။ အဲ့အပြင် ကောင်းကင်အောက်က တခြားဘယ်သူကိုမှ အရေးမစိုက်ဘူး။ မင်းတောင်မှ ကျွန်တော့်ကို တားလို့မရဘူး"
လီမင်တိကြည့်ရတာ သူ့ကိုယ်သူ စကားပြောနေသလိုပင်။
"ကျွန်တော် မင်းကို နှစ်သက်တယ်။ မင်းအတွက် ကျွန်တော်အရာရာကို လျစ်လျူရှုနိုင်တယ်။ ကျွန်တော် မင်းကိုသဘောကျတယ်။ ဘယ်လောက် ခက်ခဲခါးသီးကြမ်းတမ်းနေပါစေ ကျွန်တော် မင်းကို ပျော်ရွှင်စေချင်တယ်"
လီဝေ့ရန်က ရုတ်တရက် ခေါင်းမော့ပြီး သူ့ကို စိုက်ကြည့်လိုက်တယ်။ ထိုအချိန်တွင်၊ သူ၏ချောမောသောမျက်နှာသည် ထွင်းထုထားသည့် ပန်းပုရုပ်ကဲ့သို့ ထင်ရှားနေပြီး၊ သူ့မျက်ခုံးမွှေးများအောက်မှာ လူအများ၏ နှလုံးသားကိုရင်တုန်သွားရစေမည့် တည်ငြိမ်အေးဆေးသော မျက်ဝန်းတစ်စုံရှိနေသည်။ ဤအခိုက်အတန့်တွင် သူက မျက်တောင်ခတ်လိုက်လျှင် သူ့ရှေ့ကလူ ပျောက်ကွယ်သွားနိုင်သလိုမျိုး သူမကို မမှိတ်မသုန် စိုက်ကြည့်နေသည်။
"မင်းအတွက်ဆို ကျွန်တော်ဒဏ်ရာ ရပေးဆိုလည်းရနိုင်တယ် မင်းအတွက် နာကျင်ပေးနိုင်တယ်။ မင်းအတွက်ဆို အသေခံပြီး မင်းအတွက် ကောင်းကင်အောက်ကလူတိုင်းကို မကျေမနပ်ဖြစ်စေနိုင်တယ်။ အဲဒီအရာတွေကို ကျွန်တော် နည်းနည်းတောင် ဂရုမစိုက်ဘူး။ မင်းကို ကျွန်တော့်အတွက်ပဲ ပြုံးပြစေချင်တယ်။ မင်းအနားမှာ ကျွန်တော်ရှိနေတယ်ဆိုတာ သတိရပေးပါ။ ကျွန်တော် မင်းကိုချစ်တယ်ဆိုတာကို သတိရ။ ဒါကြောင့် မင်းကို ဒီနေရာထိအဖော်အတူတူလိုက်ပေးတာ ကျွန်တော် နောင်တမရဘူး။ ကျွန်တော် ဒီနေ့ ဒီနေရာမှာသေသွားခဲ့ရင်တောင် နောင်တမရဘူး"
လီဝေ့ရန်ငြိမ်သက်သွားသည်။ သူက ကတိကဝတ်တစ်ခုလို လေးလေးနက်နက်ပြောနေပြီး သူမ၏ပျှမ်းမျှနှလုံးခုန်နှုန်းကို မထင်မှတ်ပဲ ပျောက်ဆုံးသွားစေရသည်။ သူမ၏ နှလုံးသားကို နှိပ်နယ်ရင်း စကားအနည်းငယ်ဖြင့် သဘောမကျသွားစေရန် သတိပေးနေရတယ်။ သူက အရမ်းငယ်ရွယ်ပြီး အရမ်းချောမောတယ်။ သူ့အတွက်ဆို အမြင့်ထက်မှာရှိနေတဲ့ မရေမတွက်နိုင်တဲ့ မိန်းကလေးတွေ ရှိတယ်။ သူမထက် တစ်ယောက်မှ လုံးဝမသာတာမျိုးမရှိဘူး။ သူမသည် အရာအားလုံးကို လျစ်လျူရှုပြီး လှပသောလူငယ်တစ်ယောက်အတွက် တစ်စုံတစ်ခုကို အလျင်စလိုလုပ်ဆောင်မည့် ၁၇သို့မဟုတ်၁၈အရွယ် မိန်းကလေးမျိုးလည်း မဟုတ်ပေ။ သူမ မကျော်လွှားနိုင်သောအရာမရှိသလို မည်သည့်အရာမှ ထိတ်လန့်တုန်လှုပ်ခြင်း မရှိပေ။ သူမသည် လက်စားချေရန် တည်ရှိနေသူတစ်ဦးသာ။ အချစ်တဲ့လား! ဒီလိုမျိုးတွေက ကြားရတာ အဆင်ပြေပေမယ့် အလေးအနက်မထားသင့်ဘူး။
"မင်တိ၊ တို့ မင်းကိုပြောပြီးပြီလေ"
သူမ၏နှလုံးခုန်သံကို ထိန်းထားရသဖြင့် စကားတစ်ခွန်းမပြောမီ အချိန်အတော်ကြာသွားရသည်။
လီမင်တိသည် ရုတ်တရက်ပြုံးလိုက်ကာ ဆေးပုလင်းအလွတ်ကို ဖယ်ပစ်လိုက်သည်။ သူက မတ်တပ်ထရပ်ပြီး ဟာသလုပ်သလိုမျိုး ခေါင်းစဉ်ပြောင်းလိုက်တယ်။
"ဒီလိုစကားတွေကိုပြောတာကို ကျွန်တော်အမုန်းဆုံးမို့ ကျွန်တော်တစ်ခါပဲပြောမယ်။ မင်းဒါကို ကြားပြီးတာနဲ့ ဒီတိုင်းထားခဲ့လိုက်တော့။ ကျွန်တော်မင်းကို နောက်တစ်ကြိမ်ထပ်ပြောကပြီး မင်းကို ဘယ်တော့မှ အနှောင့်အယှက်ပေးမှာမဟုတ်ဘူး။ အဲ့ဒါကို ကျွန်တော်ဘယ်တုန်းကမှ မပြောဖူးသလို ဆက်ဆံလို့ရတယ်"
ဒီလိုပြောပြီးတာနဲ့ သူက သူမအရှေ့ထိ လျှောက်လာပြီး ခေါင်းငုံ့ကုန်းလိုက်ကာ မျက်နှာကို သူမဘက်သို့မလှည့်ဘဲ
“မကြာခင် ကောင်းကင်က မှောင်လာတော့မှာ။ သူတို့တွေ ကျွန်တော်တို့ကို မတွေ့ရင်တောင် တောင်ဘက်ကို ဆက်သွားမယ်ဆိုရင် ပြန်သွားရမယ့်လမ်းကိုရှာနိုင်တယ် သွားကြရအောင်"
သူက သူမကို သယ်သွားမှာလား! လီဝေ့ရန်က ငြိမ်သက်သွားပြီး မကြာခင်မှာ ဒါက အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း သဘောပေါက်သွားတယ်။ သူမ၏ ခြေထောက်တွေက လမ်းမလျှောက်နိုင်သေးဘူး။ တစ်လမ်းလုံး ဖြည်းညှင်းစွာ ခြေလျင်လျှောက်လျှင် မိုးလင်းသည် အထိ လမ်းလျှောက်လျှင်ပင် မည်သူမျှ ရှာမတွေ့နိုင်ပေ။ တခြားရွေးချယ်စရာမရှိပဲ သူမ၏လက်တွေကို သူ့ပုခုံးပေါ်တင်လိုက်ရတယ်။ သူသည် သူမကို ပွေ့ချီကာ သူမ၏ပျော့ပျောင်းသော ခန္ဓာကိုယ်ကို သူ၏ ကျယ်ပြန့်သော နောက်ကျောကို မှီထားစေလိုက်သည်။
ကံကောင်းထောက်မစွာဖြင့် သူ့မျက်နှာကိုတော့ သူမ ကြည့်စရာ မလိုတော့ပေ။ လီဝေ့ရန်သည် သက်ပြင်းတစ်ချက်ကို ဖြည်းညှင်းစွာထုတ်လိုက်သဖြင့် ထိုသက်ပြင်းလေက သူ့နားရွက်နားကိုဖြတ်ကာ ထူးထူးခြားခြား ခိုက်ခိုက်တုန်သွားစေသည်။ လီမင်တိက ရုတ်တရက် ထရပ်လိုက်ပြီး
"ဒါဆို ကျွန်တော်တို့ စထွက်ပြီနော်"
သူက သူမကို လုံလုံခြုံခြုံနဲ့ပွေ့ချီထားပြီး အရှိန်ပြင်းပြင်းနဲ့ ရှေ့ကိုပြေးသွားတယ်။ ဘာမှမဖြစ်ခဲ့သလိုမျိုး အဆင်ပြေနေသလိုသရုပ်ဆောင်နေပေမယ့် သူ့ခံစားချက်တွေကို မထိန်းထားနိုင်တာတော့မတတ်သာဘူး။ သူက သူမအတွက် ခက်ခဲတဲ့အရာတွေကို ဘယ်လိုလုပ်လိုလိုလားလားလုပ်နိုင်ပါ့မလဲ? သူ့မှာ သူမထက် ပိုချစ်ရတဲ့သူမရှိဘူး။ သူ့အတွက်တော့ လမ်းတစ်လျှောက်လုံး သူမနှင့် အတူတူလျှောက်လှမ်းချင်ရုံသာ၊ သူမကို ဤကဲ့သို့ သယ်ပိုးထားချင်ရုံမျှသာဖြစ်ပြီး သူမအား သူ့ကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်စိတ်ချစွာ မှီခိုအားထားစေလိုတာပဲ။ အဲ့အတွက် သူဘယ်လောက်တန်ဖိုးပေးရပေးရ အရေးမကြီးပါဘူး။
လီမင်တိသည် တစ်နာရီလုံးလုံး စကားတစ်လုံးမှ မပြောခဲ့ပေ။ လီဝေ့ရန်သည် အတွင်းစိတ်ကနေ သက်ပြင်းချလိုက်မိသည်။ သူမသည် အလွန်တုံးတိနိုင်လွန်းပြီး တစ်ဖက်သား၏ခံစားချက်ကို ထိခိုက်နာကျင်စေသည်ဟု သူမခံစားမိသည်။ အမှန်ဆို သူက အမြဲတမ်းလိုလိုဝန်ခံပြီးရင်း ဝန်ခံနေပေမယ့်လည်း၊ သူ့နှလုံးသားသည်လည်း ဒဏ်ရာမရနိုင်လောက်အောင် ကျောက်တုံးဖြင့်ပြုလုပ်ထားခြင်းမဟုတ်ပေ။ သူမက စကားအရာမှာ ပိုလိမ္မာစွာပြောသင့်တယ်။ နောက်ဆုံးတော့ သူသည် သူမအတွက်သာ စိတ်ရောကိုယ်ရောနှစ်ပြီး သရုပ်ဆောင်နေရရှာတယ်။
လီမင်တိသည် သူ့မျက်နှာတွင် "နာကျင်ခံစားခဲ့နေရပါတယ်" ဟူသော တံဆိပ်ကပ်ထားသလိုဖြစ်နေကြောင်း မသိပေ။ သူ တိတ်တိတ်ဆိတ်ဆိတ်နေရခြင်း၏အကြောင်းရင်းမှာ ယခုအချိန်က သူ၏အပြုအမူတွေက အလွန်ပြင်းထန်နေသလားဟု အတိအကျ တွေးနေမိခြင်းကြောင့် ဖြစ်သည်။ အရာအားလုံးကို တစ်ဆင့်ပြီးတစ်ဆင့်သာလုပ်ဆောင်ရမယ်ဟုသာ သူ့စိတ်ထဲကပြောနေမိတယ်။ လူတွေကို ထိတ်လန့်သွားစေတဲ့ ဒီလိုဝန်ခံမှုပုံစံကို နောက်တစ်ကြိမ်မှာ တိုးတက်လာစေဖို့ လိုအပ်တယ်။ ဟုတ်တယ်၊ နောက်တစ်ခါဝန်ခံရမယ့်အချိန်ကို ကောင်းကောင်းရွေးချယ်ဖို့ လိုတယ်။ သူ့ရဲ့ဝမ်းနည်းစရာကောင်းတဲ့ အသွင်အပြင်က အခုချိန်မှာတော့ အံဝင်ခွင်ကျ မဖြစ်နေသေးဘူး။ သူ့စိတ်ထဲက လူကို ဖယ်ပစ်ဖို့ ခက်လိမ့်မယ်မလား။
နှစ်ယောက်လုံးက လုံးဝမသက်ဆိုင်သော ပြဿနာနှစ်ခုအကြောင်းကို တွေးရင်း တိတ်ဆိတ်သွားကြသည်။
လီဝေ့ရန် သက်ပြင်းရှည်ကြီးချပြီးနောက်တွင် တစ်စုံတစ်ယောက်က သူမ၏အမည်ကို ခေါ်ဆိုသံကြားလိုက်ရသည်။ သူမက အမြန်ပင်
"တို့ကို အောက်ချလိုက်"ဟုဆိုလိုက်သည်။
လီမင်တိက ညွှန်ကြားတဲ့အတိုင်း လုပ်လိုက်တယ်။ သူမအား အောက်ချလိုက်ရုံရှိသေး လီယွမ်ဟန့်က စိုးရိမ်တကြီးဖြင့် လူတစ်စုနှင့်အတူ အမြန်ပြေးလာသည်ကို မြင်လိုက်ရတယ်။
"အန်းဖိန်၊ မင်းအဆင်ပြေလို့တော်ပါသေးတယ်"
လီယွမ်ဟန့်သည် လီဝေ့ရန်ကို အားနာနေဟန်ဖြင့် ကြည့်နေတယ်။
"ငလျင်လှုပ်တုန်းက လီသခင်လေးက မင်းဆီ အပြေးအလွှားသွားနေတာတွေ့တော့ ကျုပ်လည်း ဟေ့ချန်ကို အရင်ကယ်တင်ဖို့ သွားလိုက်တာပါ"
လီဝေ့ရန်က ခေါင်းညိတ်ပြပြီး "တို့ အဆင်ပြေပါတယ်။ မင်းသမီးဟေ့ချန်ရော အဆင်ပြေရဲ့လား မသိဘူး"
"ကျုပ်ညီမလား သူမက မြင်းပေါ်ကနေ ပြုတ်ကျသွားတော့ နံရိုးတချို့ မတော်တဆ ကျိုးပဲ့သွားရတယ်။ ကျုပ်လည်း သူမကို အချိန်မဆိုင်းဘဲ ပြန်ပို့ဆောင်လိုက်ဖို့ တစ်ယောက်ယောက်ကို ညွှန်ကြားထားပြီးပါပြီ"ဟု လီယွမ်ဟန့်က ချက်ချင်း ပြန်ပြောလိုက်တယ်
"မင်းနဲ့အတူ ပါလာတဲ့ မောင်နှမတွေက မင်းကို နေရာတကာလိုက်ရှာနေကြတာ။ နောက်ဆုံးတော့ မင်းတို့ကိုရှာတွေ့မယ့် လမ်းကြောင်းမှန်ကို ရှာတွေ့နိုင်ခဲ့တဲ့ သူတို့ရဲ့ ကံကြမ္မာကြောင့်တော်ရော့တယ်"
လီဝေ့ရန်သည် စိတ်မကောင်းစွာကြည့်နေသော မောင်နှမ၂ယောက်ကိုမြင်လိုက်ကာ သူတို့တွေလည်း ဒဏ်ရာမရရှိသည်ကိုတွေ့လိုက်ရသောအခါမှသာ သက်ပြင်းတစ်ချက်ချလိုက်တယ်။
"မမလေး၊ ဘယ်နေရာမှာ ထိခိုက်သွားသေးလဲ"
ကျောက်ယွဲ့ သည် လျင်မြန်စွာပြေးလာသည်။
လီဝေ့ရန်က "ဒါက အရေးတကြီးတော့မဟုတ်ဘူး။ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ငါ လမ်းလျှောက်ရတာ နည်းနည်းတော့ အဆင်မပြေဘူး"
ဒါကိုကြားတော့ လီယွမ်ဟန့်က စိတ်ပူသွားပြီး ချက်ချင်းပင်
"ကျုပ် မြက်ခင်းပြင်မှာ အမဲလိုက်တုန်းက ဒဏ်ရာတွေရတော့ ကိုယ့်ဘာသာ စည်းနှောင်ခဲ့ဖူးတယ်။ ကျုပ်ကြည့်ကြည့်ပါရစေလား"
သူက ပြောပြီးတာနဲ့ ရှေ့ထွက်လာပြီး လီဝေ့ရန်၏စကတ်ကို မတင်ဖို့လုပ်လိုက်တယ်။
လီမင်တိ၏ မျက်နှာသည် အရောင်ပြောင်းသွားပြီး သူက ရှေ့ကနေကာလိုက်ကာ
"မလိုပါဘူး၊ ဒါက မသင့်တော်လှဘူး"
လီယွမ်ဟန့်က ငြိမ်သွားသည်။ သူက လှောင်ပြောင်ပြုံးပြပြီး
"ကျုပ်တောင်းပန်ပါတယ်။ ခဏလေးအတွင်း ကျုပ်စိတ်တွေပူမိသွားလို့ပါ။ ကျုပ်တို့ပြန်လာပြီးရင် သမားတော်ကိုရှာရင် အဆင်ပြေမှာပါ။ အခုတော့ မြို့တော်ကို အမြန်ပြန်ကြရအောင်။ ငလျင်လှုပ်တာ တော်တော်ပျက်စီးသွားစေတော့ မိသားစုတိုင်း ဆုံးရှုံးရတာတွေများမှာတော့ ကျုပ် ကြောက်မိတယ်"
လီဝေ့ရန်က ခေါင်းညိတ်ပြပြီး စကားများများမပြောတော့ဘဲ အစုလိုက်က မြို့တော်ထဲကို အမြန်ပြန်ကြတယ်။
လမ်းတစ်လျှောက်တွင် လီဝေ့ရန်သည် ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့ခဲ့ပြီး သတင်းများစွာကို ကြားခဲ့ရသည်။ ဥပမာအားဖြင့်၊ လူရာပေါင်းများစွာသည် ဖုကျီဘုရားကျောင်း၏ အကြီးဆုံးတံခါးအပြင်ဘက်တွင် စုဝေးကြပြီး အားလုံးသည် ဒုက္ခသည်များဖြစ်နေကြသည်။ ဥပမာအားဖြင့်၊ မင်းသားများစံအိမ်တော်ရှိ အဆောက်အဦများစွာ ပြိုကျခဲ့ရသည်။ ဥပမာအားဖြင့် မြို့တော်ရှိဆန်ဆိုင်များနှင့် ပုဂ္ဂလိက ငွေတိုက်ဒါဇင်ပေါင်းများစွာ လုယက်ခံခဲ့ရသည်။ ဥပမာအားဖြင့်၊ ပျက်စီးနေသောအိမ်များကိုအခွင့်ကောင်းယူကာ သူတစ်ပါး၏ကံဆိုးမှုမှ အကျိုးအမြတ်ကို လိုချင်သူအချို့ရှိခဲ့သည်ဆိုတာမျိုးပေါ့...ကံကောင်းထောက်မစွာဖြင့် မြို့တော်၏တရားသူကြီးသည် အစီရင်ခံစာတင်ရန် နှောင့်နှေးခြင်းမရှိဘဲ နန်းတော်ထဲသို့ ဝင်ရောက်ကာ တော်ဝင်အစောင့်များကို ခေါ်ယူခဲ့သဖြင့် လက်ရှိအချိန်မှာတော့ အခြေအနေကို ထိန်းထားနိုင်နေတယ်။ ဒါပေမယ့် လီဝေ့ရန် အမြင်အရတော့ အဆိုးဆုံးအခြေအနေက မရောက်ရှိသေးတာ ထင်ရှားတယ်။
မူလက ဤဘေးအန္တရာယ်သည် မြို့တော်အစွန်အနီးတစ်ဝိုက်တွင်သာ ဖြစ်ပွားတယ်ဟုသာ သူမထင်ခဲ့သည်။ ဒါပေမယ့် တကယ်တော့ သူမတို့မြို့တော်ကို ရောက်တဲ့အခါမှာတော့ လီယွမ်ဟွမ့်ကပြောလာတယ်။
"ဒီဘေးအန္တရာယ်က တာ့လီပြည်ရဲ့ ထက်ဝက်ကျော်ကိုတောင်လွှမ်းခြုံသွားတယ်လို့ ကြားမိတယ်။ သိပ်ပြင်းထန်တာပဲ!"
"အို ဒါဆို မိုဖေ့ပြည်ကရော?"ဟု လီဝေ့ရန်က ရုတ်တရက် မေးလိုက်သည်။
လီယွမ်ဟန့်က ခေါင်းယမ်းပြီးပြပြီး "ကျုပ်သိသလောက် မြောက်ဘက်မှာတော့ ဘာမှမဖြစ်ခဲ့ဘူး"
"အိုး . "
လီဝေ့ရန်က ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး
"ဒါဖြင့် တောင်ဘက်မှာရော?"
လီယွမ်ဟန့်က မျက်မှောင်ကြုတ်လိုက်ပြီး လီဝေ့ရန်လို လက်မထပ်ရသေးသော မိန်းကလေးသည် အဘယ်ကြောင့် ဤမျှ စိတ်ပူနေရသည်ကို မသိဖြစ်ရတယ်။ သူက ရေရွတ်စွာဖြင့်
"လောလောဆယ်တော့ တောင်ဘက်က ဘာသတင်းမှ ထွက်မလာသေးဘူး"
လီဝေ့ရန်က ပါးစပ်ကို ထပ်မဖွင့်တော့ဘဲ တိတ်တိတ်ဆိတ်ဆိတ် နေလိုက်တယ်။
နောက်ဆုံးတွင် လီအိမ်တော်သို့ရောက်သောအခါ လီဝေ့ရန်သည် အိမ်တော်ရှေ့တံခါးသည် တစ်ခုတည်းဖြစ်နေသေးသည်ကို မြင်လိုက်ရသဖြင့် အနည်းငယ်စိတ်သက်သာရာရသွားသည်။
"အန်းဖိန်လည်း အိမ်တော်ပြန်ရောက်ပြီဆိုတော့ ကိုင်တွယ်ရမယ့် ကိစ္စတွေအများကြီးရှိမှာပဲ။ ကျုပ် အရင်သွားနှင့်ပြီး ရက်ပိုင်းအတွင်းမှအလည်လာပါတော့မယ်" လို့ လီယွမ်ဟန့်က ရိုးတည့်တိုး ပြောလိုက်တယ်။
လီဝေ့ရန်က ခေါင်းညိတ်ပြပြီး သူအမြန်ထွက်သွားတာကို ကြည့်နေလိုက်တယ်။ လီမင်တိက သူမ၏အနောက်မှာ နှာခေါင်းရှုံ့လိုက်ပြီး လုံးဝ စိတ်မရှည်တော့ဘူးဖြစ်နေတယ်။
လီဝေ့ရန်က အများကြီး ထပ်မပြောတော့ဘူး။ သူမသည် ခြေကျင်းဝတ်နာကျင်မှုကို ခုခံရင်း ကျောက်ယွဲ့၏လက်ကို ဆုပ်ကိုင်လိုက်ပြီး လီအိမ်တော်ထဲသို့ ဝင်သွားသည်။ သူမ၏အိမ်တော်အဝင်ဝမှာ ရပ်လိုက်တော့ ကျောက်တုံးတွေက မြေပြင်ပေါ်မှာ ပြန့်ကျဲနေတာကို မြင်ရသဖြင့် အဲဒီနေရာဟာ ပျက်စီးခြင်းမရှိတာမဟုတ်ဘူးဆိုတာ ရိပ်မိလိုက်တယ်။ သူမကို ကြိုဆိုဖို့ ထွက်လာတဲ့ အိမ်စောင့်က တုန်လှုပ်နေသည်ကို သူမက သတိပြုမိသည်။ လီဝေ့ရန်၏မျက်နှာသည် တည်ငြိမ်နေသော်လည်း သူမ၏လက်များကို အလိုအလျောက် ဆုပ်ကိုင်ထားမိရင်း
"သခင်မကြီး ဘယ်လိုနေလဲ? သတ္တမကိုယ်လုပ်တော်နဲ့ စတုတ္တသခင်လေးကော ဘယ်လိုလဲ?"
"မမလေးကို အကြောင်းပြန်ရမယ်ဆိုရင် အဲဒီအချိန်တုန်း သခင်မကြီးက စတုတ္တသခင်လေးနဲ့ ဥယျာဉ်တော်ထဲမှာ ဆော့ကစားနေတာပါ။ နားနေဆောင်ရဲ့ထောင့်တစ်နေရာက ရုတ်တရက် ပြိုကျသွားပြီးတော့ သခင်မကြီးက စတုတ္တသခင်လေးကို အကာအကွယ်ပေးဖို့ သူမရဲ့လက်တွေကို အသုံးပြုပြီး ကာပေးလိုက်လို့မြက်ခင်းပြင်ပေါ်မှာ လဲကျသွားပြီးအနည်းငယ် ဒဏ်ရာအချို့ရသွားပေမယ့် ဘာမှ ပြင်းထန်မှုတော့ မရှိပါဘူး။ ကိုယ်လုပ်တော်က စတုတ္တသခင်လေးကို ပြန်ချီပိုးလိုက်ပြီး စတုတ္တသခင်လေးက ကြောက်ရွံ့ပြီး ငိုကြွေးနေခဲ့ပါတယ်။ ကံသီပေလို့ သခင်မလည်းအဲ့အချိန်မှာရှိနေခဲ့ပါတယ်။ သူမသာ တစ်ခုခုဖြစ်နေတယ်ဆိုတာကို ပထမဆုံး သတိပြုမိသူဖြစ်ပြီး လူတွေကိုအပြေးခေါ်ရင်း နားနေဆောင်ဆီကိုပြေးလာခဲ့တာပါ။ သူမသာ သခင်မကြီးကိုတွန်းထုတ်ပြီး စတုတ္တသခင်လေးကို ကယ်တင်လိုက်တာမဟုတ်ရင် ကြောက်စရာကောင်းတဲ့ကိစ္စကြီးဖြစ်သွားပါလိမ့်မယ်.. ” ဟု အိမ်တော်ထိန်းက ဒီကိစ္စကို သေချာပြန်ပြောပြလာတယ်။
တိတ်တဆိတ် နားထောင်နေစဉ် လီဝေ့ရန်၏ မျက်နှာတွင် အမူအရာ ပျက်ပြယ်သွားခြင်းမရှိပေ။ လူတွေ ဘေးကင်းနေသရွေ့ရပြီ။ သို့သော်လည်း ကျောင်းယွိလန်သည် မင်ကျီကို ကယ်တင်သည်အထိ လုပ်ခဲ့သည်ကတော့ ဒါက သူမ မမျှော်လင့်ထားတဲ့ အရာပင်။
"အိမ်တော်မှာ ဘယ်လောက်ပျက်စီးသွားလဲ?"
လီဝေ့ရန်သည် ဟယ့်ရှင်းယွမ်အဆောင်သို့ လျှောက်သွားလိုက်သည်။ သတ္တမကိုယ်လုပ်တော်၏နေရာထက် သခင်မကြီး၏နေရာဆီသို့ ဦးစွာသွားရောက်လည်ပတ်ရန် လိုအပ်သည်မှာ မြေးမလေးတစ်ဦးအနေဖြင့် သူမ၏တာဝန်ပေ။
"သခင်ကြီးရဲ့ ရှေးဟောင်းကြွေထည်တွေ၊ ပန်းချီကားတွေနဲ့ လက်ရေးလှစာရေးမူတွေက ပျက်စီးမှုအများဆုံးပါပဲ"
အိမ်တော်ထိန်းက ထစ်ထစ်အအဖြင့်
"ကျန်တာတော့ အကောင်းတိုင်းပါပဲ"
အိမ်တော်က မပြိုကျသွားပေမယ့် အဖိုးတန်ကြွေထည်တွေနဲ့ ရှေးဟောင်းပစ္စည်းတွေ အားလုံး စင်ပေါ်ကနေ တိုက်ရိုက်ပြုတ်ကျသွားတယ်။ အခန်းတစ်ခန်းချင်းစီရဲ့ ပစ္စည်းတွေကလုံးဝ ကမောက်ကမဖြစ်နေတာ သူတို့တွေ့လိုက်ရတဲ့အခါ သူတို့ရဲ့ ဦးရေပြားတွေ ထုံကျင်သွားစေရတယ်။ လီရှောင်ရန်၏ထိတ်လန့်သော အမူအရာကို တွေးတောရင်း အိမ်တော်ထိန်းသည် ခေါင်းမှ ခြေဖျားထိ မတုန်လှုပ်ဘဲမနေနိုင်ပေ။
လီဝေ့ယန်က ခေါင်းညိတ်ပြပြီး နောက်ဆုံးတွင် လီမင်တိနှင့်အတူ သခင်မကြီး၏ခြံဝင်းထဲသို့ ဝင်သွားသည်။ တံခါးဝသို့ ရောက်သောအခါတွင် ငိုသံကြားရတော့ သူမ၏ စိတ်နှလုံး တင်းကျပ်သွားရသည်။ သူမ ကန့်လန့်ကာကို အမြန်ဖယ်မလိုက်ပြီး အထဲကို ဝင်သွားသည်။
ဝင်လာပြီးတာနဲ့ သခင်မကြီးရဲ့ ပြင်းပြင်းထန်ထန် ပြစ်တင်ဆုံးမသံကို ကြားလိုက်ရတယ်။
"ညည်းဘာလို့ ငိုနေတာလဲ? ညည်းပါးစပ်ကို ပိတ်ထားစမ်း!"
ငိုသံက ရုတ်တရက် ရပ်သွားသည်။
အားအင်ပြည့်နေသော သူမ၏စကားများကို နားထောင်လိုက်မှ လီဝေ့ရန်သည် နောက်ဆုံးတွင် စိတ်အေးလက်အေးဖြစ်သွားပြီး အသံကိုမြှင့်ကာ
"သခင်မကြီး၊ အဆင်ပြေရဲ့လား"
လီသခင်မကြီးက သူမ၏ခေါင်းကို မော့လိုက်တော့ လီဝေ့ရန်ကို အကောင်းတိုင် ပြန်လာခဲ့တာမြင်တော့ သူမသည် နောက်ဆုံးတွင် မဖြေရှင်းနိုင်သော စိုးရိမ်ပူပန်မှုများကို ဖြေလျှော့လိုက်ပြီး
"အားလုံးအဆင်ပြေပါတယ်အေ။ ငါတို့ ပိုင်ဆိုင်မှုအနည်းငယ်ပဲ ဆုံးရှုံးခဲ့ရတာကို ကြည့်ဦး သူမ က ငိုယိုရင်းနဲ့ သရဲတစ္ဆေလိုဖြစ်နေတယ်"ဟုပြောရင်းဖြင့် သခင်မကြီးက ဒုတိယသခင်မကို စူးစူးရဲရဲနဲ့ ကြည့်လိုက်တယ်။
ဒုတိယသခင်မက ကုလားထိုင်မှာထိုင်ပြီး မျက်လုံးထောင့်တွေကို လက်ကိုင်ပုဝါနဲ့ သေချာသုတ်လိုက်ကာ
"သခင်မကြီး၊ ကျွန်မလည်း ဒီလို မဖြစ်ချင်ပါဘူး။ ဒါပေမယ့် ကျွန်မအိမ်တော်ရဲ့ တစ်ဝက်လောက်က အပေါက်ထဲကျွံသွားပြီ"
ထိုအချိန်တွင်၊ ကျောင်းယွိလန်က "ယောင်းမလေးအတွက် တို့ခြံကို ခွဲဝေပေးနိုင်ပါတယ်။ တို့ဆီမှာ လူကနည်းနည်းပဲရှိတာ။ ဒီလောက်ကြီးတဲ့ ခြံဝင်းကြီးကို တို့တွေ မသုံးနိုင်ဘူးလေ"
အခန်းတွင်းရှိလူတိုင်းက သူမဘက်သို့လှည့်လာကြသည်။ ကျောင်းယွိလန်သည် ခြံဝင်းအတွင်း၌ ပိတ်ထားခံခဲ့ရသည်။ နောက်ပိုင်းတွင်၊ အိမ်သူအိမ်သားများသည် ဧည့်သည်တော်များကို ဧည့်ခံရန်သာ အလုပ်များနေသဖြင့် အမြဲလိုလို ဤကဲ့သို့ ပိတ်ထားကာ ဖုတ်ဖက်ခါသွားကြသည်။ လီရှောင်ရန်က သူမကိုအဝင်အထွက်ကင်းလွှတ်ထားဆဲဖြစ်သော်လည်း သူမကို ဘယ်တော့မှ အသိအမှတ်မပြုတော့ပေ။ မိသားစုကလည်း သူမကို လူတစ်ဦးအဖြစ် မမှတ်ယူကြဘူး။ ဤအခိုက်အတန့်တွင် သူမပြောသောစကားကို ရုတ်တရက်ကြားလိုက်ရာ၊ ဒုတိယသခင်မ၏ငိုသံသည် မသိစိတ်မှရပ်တန့်သွားကာ သူမဘေးနားရှိ ဒုတိယသခင်မလေးနှင့် ထိတ်လန့်သောအကြည့်ချင်း ဖလှယ်လိုက်သည်။ သူမတို့ နှစ်ယောက်သားက သံသယရှိပုံရသည်။ ကျောင်းယွိလန်သည် ကံဆိုးမိုးမှောင်ကျမှုနှင့် ကြုံပြီးနောက်တွင် သူမတို့သည် သူမအား အနိုင်ကျင့်တာ လျော့သွားခြင်းမရှိခဲ့ပေ။ သူမက ရုတ်တရက်ကြီး ဘာလို့ ဒီလောက် ကြင်နာပြနေရတာလဲ? သူမမှာ ရည်ရွယ်ချက် တစ်ခုခုရှိလို့ ဖြစ်မလား?
ဒုတိယသခင်မရဲ့ သံသယအမူအရာကိုမြင်တော့ ကျောင်းယွိလန်က ပေါ့ပေါ့ပါးပါးပင်
"ဒါ့အပြင် ဒုတိယသခင်မလေးက အိမ်ထောင်ပြုတော့မှာဆိုတော့ သန့်ရှင်းတဲ့အခန်းတစ်ခု လိုအပ်နေသားပဲ။ အရှေ့ဘက်ဝန်းအတွင်းမှာ နေရာနည်းနည်းရအောင် တို့လုပ်ပေးနိုင်မှာပါ"
သူမက ကျေးဇူးအကြွေးတင်ခံဖို့တောင် မလုပ်နေဘူး။ ဘာကြောင့်လဲဆိုတော့ သူ့မရဲ့ အနေအထားအရ ဒါက အကျိုးရှိတယ်လေ။ အခုတလော သူမရဲ့အခြေအနေက တော်တော်ခဲယဉ်းနေတာလေ။ ဆိုတော့ကား မိုက်မဲတဲ့ အရာတွေကို သူမ လုံးဝထပ်မလုပ်နိုင်တော့ဘူးပေါ့။
လီဝေ့ရန်က ကျောင်းယွိလန်ကို တစ်ချက်ကြည့်လိုက်ပြီး
"ဒီနေ့ အဖြစ်အပျက်ကို အိမ်တော်ထိန်းဆီက နေကြားပြီးပါပြီ။ သခင်မကြီးနဲ့ စတုတ္တမောင်လေးကို ကယ်တင်ခဲ့တဲ့ အမေ့ကို တို့အနေနဲ့ကျေးဇူးတင်ရဦးမယ်"
တကယ်ဆို ကျောင်းယွိလန်သာ ဉာဏ်ကောင်းရင်၊ သခင်မကြီးအား အနည်းငယ်စော၍ သေဆုံးဖို့ မျှော်လင့်သင့်သည်။ လီမင်ကျီကိုဆို ပိုလို့တောင်ပေါ့လေ။
ကျောင်းယွိလန်၏ဖြူဖျော့သောမျက်နှာပေါ်တွင် အပြုံးတစ်ခုထွက်ပေါ်လာပြီး
"ဘယ်လိုပဲဖြစ်ဖြစ် ငါက သူလေးကို ရက်အတော်ကြာ ပြုစုပျိုးထောင်ခဲ့တာပဲ။ ဒါကြောင့် သူသေသွားမှာကို ကြည့်မနေနိုင်လို့ပါ"
ဒီလိုပြောလိုက်ပေမယ့် သူမကိုယ်တိုင်လည်း ဘာကြောင့် ပြေးလာမိလဲဆိုတာ နားမလည်ဘူး။ ဒါက ရိုးရှင်းစွာ အံ့သြစရာပါပဲ။ လီမင်ကျီ၏ပြုံးနေသော မျက်နှာလေးကို သူမမြင်လိုက်သောအခါတွင် သူမလည်း မတတ်သာစွာကယ်တင်ဖြစ်သွားသည်။
လီဝေ့ရန်က ပြုံးပြီး စကားပြောရပ်လိုက်သည်။ သူမက သခင်မကြီးဘက်ကိုလှည့်ပြီး
"အဖေရော နေသာရဲ့လား?"
လီသခင်မကြီး၏မျက်နှာပျက်သွားပြီး
“ဒီတစ်ခါတော့ မြို့တော်မှာ ရုတ်တရက် ငလျင်လှုပ်ပြီး အိမ်တော်တော်များများ ပြိုကျသွားတယ်လေ။ အရှင်မင်းကြီးရဲ့နန်းတော်တောင် အချမ်းသာမခံရဘဲ ကြီးကြီးမားမားဆုံးရှုံးမှုသွားတယ်ဆိုတယ်။ အရှင်မင်းကြီးလည်း တော်တော်လေးတုန်လှုပ်ခြောက်ခြားသွားတယ်လို့ ငါကြားလိုက်ရတယ်။ သူက ယဇ်ပလ္လင်တစ်ခုတည်ဖို့ လူတွေကိုချက်ချင်းခေါ်စေပြီး မင်းမျိုးမင်းနွယ်တွေနှင့် အမတ်မင်းတွေအားလုံး အတူတကွ ဒူးထောက်ကြရမယ်ဆိုပြီး စာထုတ်လိုက်တယ်“
လီဝေ့ရန်က မျက်ခုံးပင့်လိုက်မိသည်။ သဘာဝဘေးအန္တရာယ်များသည် ရှောင်လွှဲ၍မရသော်လည်း၊ ဒါကို ဧကရာဇ်မင်းသည် မိမိကိုယ်တိုင် ကျူးလွန်ခဲ့မိသောအပြစ်များကိုပေးဆပ်ရန်ဖြစ်သည်ဟု လူတိုင်းက အလိုလိုယုံကြည်ကြသည်။ ဧကရာဇ်မင်းကို ကြောက်ရွံ့ထိတ်လန့်စေသည့် လက်တစ်ဆုပ်စာ မီးတောက်များရှိခဲ့သော ထိုညနေခင်းကလည်း ရှိနေခဲ့ပြီး ရုတ်တရက်ငလျင်လည်းလှုပ်သွားခဲ့သည်မလား။ ဤအဖြစ်အပျက်များကြောင့်၊ ဧကရာဇ်မင်းသည် နတ်ဘုရားများသည် သူ၏ ပြစ်ဒဏ်ကိုဖြစ်ပေါ်စေသည်ဟု ခံစားမိသည်မှာ ပို၍ပင် ဖြစ်နိုင်ချေရှိသည်။
"အရှင်မင်းကြီးက ဒါတွေကို သူ့အပြစ်လို့ မထင်ဘူး။ အရာရှိတွေ အမှားတွေအတွက်သာ သူက တာဝန်ယူလိုက်ရတယ်လို့ ခံစားနေတယ်"
သခင်မကြီး၏မျက်နှာတွင် စိုးရိမ်မှုဖြင့် ပြည့်နှက်နေသည်။
"သူက မှူးကြီးမတ်ရာတွေ၊ အမတ်ချုပ်ကြီးတွေ၊ အုပ်ချုပ်ရေးဌာန၆ခုကို တာဝန်ခံရတဲ့ အရာရှိတွေကို တော်ဝင်နန်းမဆောင်ကြီးထဲ ခေါ်ဆောင်စေပြီး အားလုံးကို သူနဲ့အတူ ဒူးထောက်နေခိုင်းထားတယ်။ သူတို့တွေဒူးထောက်နေရတာ ၂နာရီ ၄နာရီလောက်ကြာနေပြီဆိုတော့ မင်းအဖေရဲ့ ခန္ဓာကိုယ်က မခံရပ်နိုင်ုဖြစ်မှာကို ငါကြောက်မိတယ်အေ!"
လီဝေ့ရန်သည် သူမ၏နှလုံးသားထဲတွင် အပြုံးလေးကို ထိန်းသိမ်းထားလိုက်သည်။ သူမ၏ ခေါင်းထဲမှာတော့ လီရှောင်ရန်ကို ၈ရက်၊၁၀ရက်လောက် ဒူးထောက်စေနိုင်ရင် ကောင်းမယ်လို့ထင်တယ်။ သူ့ခြေထောက်တွေ မသန်စွမ်းဖြစ်သွားပြီး နောက်ဘယ်တော့မှ ထေုင်မလွှားနိုင်တော့တဲ့အထိ ဒူးထောက်ခံရရင် ပိုတောင်ကောင်းဦးမယ်။ အဲဒါက သူမရဲ့ နာကြည်းမှုတွေကို ဖယ်ရှားပေးလိမ့်မည်။ သို့သော် သူမ၏မျက်နှာတွင် သခင်မကြီးနှင့် ထပ်တူစိုးရိမ်ပူပန်သောအမူအရာတစ်ခုရှိနေပြီး
"ဟုတ်တယ်၊ သမီးတို့ ဂျင်းဟင်းရည်နည်းနည်းလောက် စောစောပြင်ထားသင့်တယ်"
သူမက ကျောင်းယွိလန်ကို တစ်ချက်ကြည့်လိုက်ပေမယ့် ကျောင်းယွိလန်၏မျက်နှာမှာ မကျေနပ်တာကိုတွေ့မြင်ရတော့ မပြုံးမိဘဲမနေနိုင်ဘူး။ ယခုအချိန်တွင် လီရှောင်ရန်ကို အမုန်းဆုံးသူမှာ သူမကိုယ်တိုင်မဟုတ်ပဲ လီသခင်မဖြစ်သည့်ကျောင်းယွိလန်ပင်။ သူမ၏ငယ်ရွယ်နုပျိုမှုကို ဖြုန်းတီးတာထည့်မပြောရင်တောင် လီရှောင်ရန်သည် အကျပ်အတည်းကာလတွင် သူမကို လုံးဝစွန့်ပစ်ခဲ့သည်မလား။ ဒီလိုဆိုတော့ သူတို့နှစ်ယောက်ကြားက ရန်ငြိုးတွေ တိုးလာတာပဲ။
ကျောင်းယွိလန်ကို လေ့လာကြည့်ပြီးနောက် လီဝေ့ရန်သည် ကြောက်ရွံ့ထိတ်လန့်နေသော သားအမိနှစ်ယောက်ကို နှစ်သိမ့်ရန် ခြေကျင်းဝတ်နာကျင်မှုကို တွန်းလှန်ကာ သတ္တမကိုယ်လုပ်တော်၏နေရာဆီသို့ သွားလိုက်သည်။ ထို့နောက် သူမ၏ခြံဝင်းဆီသို့ပြန်လာခဲ့သည်။ ပိုင်ကျီနဲ့ မိုကျူးက သူမကို စောင့်မျှော်နေရင်း မျက်ရည်ကျနေတာကို သူမက မြင်လိုက်ရတော့ ထိတ်လန့်ပြီး ထမခုန်မိဘဲမနေနိုင်ဖြစ်ရတယ်။
လီမင်တိက အံသြသွားပြီး "မင်းတို့နှစ်ယောက် ဘာလုပ်နေကြတာလဲ"
ပိုင်ကျီက ငိုယိုပြီး "ဒီအစေခံ....ဒီအစေခံက ...မမလေး တစ်ခုခုဖြစ်မှာကို ကြောက်လို့.... "
သူမ ပြန်မလာမှာကို ကြောက်လို့လား? လီဝေ့ရန်သည် သူမ၏ကံကြမ္မာကို သန်မာသည်ဟု ထင်ခဲ့သည်။ ဒါကြောင့် အပြင်မှာ သူမက ဒီလောက်လေးနဲ့ ဘယ်လိုလုပ်သေသွားနိုင်ရမှာလဲ? သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် နှစ်သိမ့်ပေးသည်မှာ
"ဘာမှ ထိခိုက်မှုမရှိဘူး။ ကြည့်လေ ငါ လုံလုံခြုံခြုံနဲ့ ပြန်လာခဲ့တာမဟုတ်ဘူးလား?"
ပိုင်ကျီနဲ့မိုကျူးက ထပ်ခါတလဲလဲ ခေါင်းညိတ်ပြပေမယ့် သူတို့ရဲ့ ဆူပူငိုကြွေးသံတွေကို မထိန်းနိုင်သေးဘူး။ လီဝေ့ရန်က ဆက်မပြောတော့ဘဲ အိမ်တော်ထဲကို ခြေထောက်ထော့နဲ့နဲ့ဖြင့်ပြန်သွားပေမယ့် သူမရဲ့ခြေကျင်းဝတ်က ယောင်ကိုင်းနေပြီ။ လီမင်တိသည် ပိုင်ကျီ၏ အထိတ်တလန့်အကြည့်ကို လျစ်လျူရှုလိုက်ပြီး သူမ၏ဖိနပ်ကိုချွတ်ကာ ခြေထောက်ကို ညင်သာစွာ နှိပ်နယ်ပေးရင်း
"ကျွန်တော် မင်းကို အရင်ပြန်ပြီး အနားယူဖို့ ပြောခဲ့တယ်မလား။ ဒါပေမယ့် မင်းက ဟိုဟိုဒီဒီကိုပြေးလွှားသွားဖို့ အတင်းခေါင်းမာနေတာ..မင်းဒီတိုင်း ပြန်သွားလိုက်ရင်လည်း ဘာမှမဖြစ်ပါဘူးလို့ ကျွန်တော်ပြောခဲ့တယ်လေ“
လီဝေ့ရန်၏မျက်လုံးများရှေ့တွင် နူးညံ့သိမ်မွေ့ပြီး နားမလည်နိုင်သော မျက်လုံးတစ်စုံကရှိနေသည်။ စိုးရိမ်ပူပန်မှုနှင့် စွန့်လွှတ်ရန် တွန့်ဆုတ်ခြင်းတို့ကို သူ့မျက်လုံးများတွင် ရေးသားထားသည်။ သူ့ကို ကြင်နာတတ်မှန်း သူမ သိပေမယ့် သူ့ကိုကြည့်ရတာ တကယ်ကိုပဲ သူမ၏နှလုံးသားကို နူးညံ့စေတယ်။ သို့သော် သူမက သူ့ကို လက်မခံနိုင်သေးဘူး။
လီဝေ့ရန်၏မျက်ခုံးများမှာ ရှုံ့တွနေရင်း ယခုတော့ သူမသည် နာကျင်မှုကို အမှန်တကယ် သိရှိသွားပြီဖြစ်သည်။ နဖူးမှ ချွေးပေါက်များ ရွှဲလာသဖြင့် သူမ၏ဖြူဖျော့ဖျော့ နှုတ်ခမ်းများကို ကိုက်ထားကာ
"မင်းဘယ်လို ပတ်တီးစည်းရမှန်း မသိပါဘူး။ ပိုင်ကျီကိုပဲလုပ်ခိုင်းလိုက်ပါ"
ဒါက တကယ်သေလောက်အောင် နာကျင်ရတာပဲ။ ရုပ်ရည်ချောမောရုံဖြင့် နာကျင်မှုကို ရပ်တန့်ရန် နည်းလမ်းမရှိပါလားဟု လီဝေ့ရန်က သူမ၏နှလုံးသားထဲတွင် ထည့်သွင်းမှတ်သားလိုက်မိသည်။
(T/N: မင်တိလိုကောင်ချောလေးလည်း နာကျင်တာကိုမကုစားပေးနိုင်ဘူးပြောချင်နေတာ haha)
သူတကယ်လက်ကုန်သုံးပြီး သူမအတွက် ပိုနာကျင်စေခဲ့တာများဖြစ်နိုင်သလား? သူ့လက်ကိုမလွှတ်ခင် လီမင်တိ၏မျက်နှာက နီမြန်းသွားသည်။ လီဝေ့ရန်က သူ့ကို အမြန်မောင်းထုတ်လိုက်ပြီး
"မင်း ကိုယ်တိုင်တောင် ဒဏ်ရာတွေ ရနေတာ။သမားတော်ရှာဖို့ အမြန်မလုပ်သေးဘူးလား?"
သူမ သူ့ရဲ့မျက်လုံးတွေကို ထပ်မကြည့်နိုင်တော့ဘူး။ ကြည့်လိုက်မိလျှင် သူမ၏စိတ်ဆန္ဒတွေ ပြိုကွဲကျသွားရုံသာ ရှိတော့မည်။
လီမင်တိက မတ်တပ်ထရပ်ပြီး တစ်ဖက်ကိုပြန်ဆုတ်လိုက်ကာ
"ကျွန်တော်အဆင်ပြေပါတယ်"
ပိုင်ကျီက သူ့တာဝန်ကိုလက်လွှဲယူလိုက်ပြီး
"မမလေး၊ သမားတော်နဲ့ပြဖို့လိုတယ်နော်။ ဒီခြေကျင်းဝတ်က ပြင်းပြင်းထန်ထန်ယောင်ကိုင်းနေတယ်"
လီဝေ့ရန်က ဒါကို လီမင်တိလုပ်တာ မဟုတ်လောက်ဘူးလို့ ထင်မိတယ်။ သူက အတင်းအားကုန်သုံးပြီး ပတ်တီးမစည်းပေးတန်ရာလောက်ပါဘူး။ သူမကိုယ်တိုင်လည်း ကိုယ့်ဘာသာ လုပ်နိုင်သားပဲ...
လီမင်တိသည် တစ်ဖက်မှာ ထိုင်ချလိုက်ပြီး သူ့မျက်ဝန်းများက သူမကို စိုက်ကြည့်နေသေးသော်လည်း သူပြောသည့်စကားမှာ
“မင်း အခု မင်းရဲ့ အစီအစဉ်ကို ကျွန်တော့်ဆီပြောပြနိုင်ပြီ မဟုတ်လား?”
လီဝေ့ရန်သည် သူထွက်ခွာရန် ဆန္ဒမရှိသည်ကို မြင်သောအခါတွင် သူမသည် သူ့ကို ကလန်ကဆန်မလုပ်တော့ပေ။ သူမက ပြုံးလိုက်ပြီး
"ဒီလို ကြီးကြီးမားမားအဖြစ်အပျက်တစ်ခု ဖြစ်ခဲ့မှတော့ တို့တွေရဲ့ မူလအစီအစဉ်ကိုလည်းပြုပြင်ပြောင်းလဲဖို့ လိုလာလိမ့်မယ်"
လီမင်တိက မျက်မှောင်ကြုတ်ကာ "မင်းက ဒီငလျင်ကို ဆိုလိုတာလား? ဒါက အခြေအနေငိုပြောင်းလဲစေမှာတဲ့လား?"
ပိုင်ကျီရဲ့ လှုပ်ရှားမှုတွေက နူးညံ့ပြီး ထိရောက်တယ်။ လီဝေ့ရန်က သက်ပြင်းတစ်ချက်ချကာ
"ဒါပေါ့၊ တာ့လီပြည်ကသာ ထိခိုက်ပြီး မိုဖေ့ပြည်နဲ့ နန်ကျောင်းပြည်က အကောင်းတိုင်းဖြစ်နေတယ်ဆိုရင် စစ်ပွဲကြီးမဖြစ်ဘူးဆိုတာ အာမခံဖို့ ခက်တယ်။ စစ်ပွဲကြီးတွေမရှိလာရင်တောင် အိမ်တွေ မီးရှို့ လုယက်တာ နည်းပါးသွားမှာမဟုတ်တာ သေချာတယ်။ ဒေသအသီးသီးမှာ ပြသာနာရှာချင်သူတွေကလည်း ရှိတယ်လေ"
လီမင်တိသည် အဓိကအချက်ကို ချက်ခြင်းစဉ်းစားလိုက်ပြီး
"မင်းက ကျောင်းမိသားစု ပြန်လာမှာကို ကြောက်နေတာလား?"
လီဝေ့ရန်၏နှုတ်ခမ်းပေါ်တွင် အေးစက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး
"မင်းနဲ့တို့တောင် ဒီလို တွေးမိမှတော့ သူတို့ပြန်မလာနိုင်ဘူးလို့ ထင်လား? နယ်စားကြီးကျောင်းက သူ ပြန်မလာနိုင်မှာကို ကြောက်နေတယ်။ ကျန်တဲ့ ကျောင်းမိသားစုဝင်တွေကလည်း သူ့ကို ယခင်လိုရာထူးပြန်လည်ရရှိဖို့ စောင့်မျှော်နေတယ်။ ဒီလို ကြီးကြီးမားမားဖြစ်ရပ်တွေ ပေါ်ပေါက်လာပြီးနောက်ဆိုရင် ဧကရာဇ်က မိဘတွေအတွက် ဝမ်းနည်းပူဆွေးရမယ့်ကာလကို ပြန်လည်စဉ်းစားပေးလာတော့မယ်။ ထူးခြားတဲ့အခြေအနေတွေက ထူးခြားတဲ့အဖြေတွေလိုအပ်တယ်လေ။ ရှေ့မှာလည်းသာဓကတွေရှိဖူးသားပဲ"
လီမင်တိ၏မျက်လုံးများတွင် ရွှင်မြူးမှုက တောက်ပသွားပြီး
"ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်က ဒီမိုဖေ့ပြည်ကစတုတ္ထမင်းသားနဲ့ ကျွန်တော်တို့အဖော်လုပ်ခဲ့တာတွေက မကြာခင်မှာကပြမယ့်ပြဇာတ်တစ်ခုအတွက်လို့ မင်းပြောနေတာလား? အဲဒါကို ကျွန်တော်တို့ ကောင်းကောင်းအသုံးချနိုင်ပါ့မလား?"
လီဝေ့ရန်၏အပြုံးသည် လှောင်ပြောင်သရော်မှု အပြည့်နှင့်
"ဟုတ်တယ်၊ ဒီလောကမှာ အလကားရတဲ့နေ့လည်စာဆိုတာမရှိဘူး။ တို့ကို သူနဲ့အမဲလိုက်ဖို့ တောင်းဆိုခဲ့မှတော့ သူ့အနေနဲ့ တို့ကို တန်ပြန်လက်ဆောင် နည်းနည်း ပို့ပေးဖို့ လိုတယ်လေ။ သူ ဝမ်းနည်းပူဆွေးရပြီး သွေးမြေကျသွားမှာကိုတော့ တို့ကြောက်သားပဲ"
ပိုင်ကျီနဲ့မိုကျူးက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ရင်း လီဝေ့ရန် ဘာတွေများတွေးနေမှန်း မသိနိုင်ဘူးဖြစ်နေတယ်။ မိုဖေ့ပြည်၏စတုတ္ထမင်းသားကို ဝမ်းနည်းပူဆွေးစွာ သွေးမြေကျစေနိုင်ဖို့က ဘယ်လိုလုပ်လွယ်ကူနိုင်မှာတဲ့လဲ။ ဒါက ဘယ်လိုလုပ်လွယ်နိုင်ပါ့မလဲ!
ဧကရာဇ်သည် မိမိကိုယ်မိမိဆင်ခြင်သုံးသပ်ကြရန် အမိန့်တော်ကို အလျင်အမြန် ထုတ်ပြန်ခဲ့ပြီး ထို့အပြင် ဒေသအသီးသီးရှိသဘာဝဘေးဒဏ်ခံခဲ့ရသော အရပ်သားများအား စားနပ်ရိက္ခာများ စတင်ထောက်ပံ့ပေးရန် စပါးကျီများကို ဖွင့်လှစ်ပေးခဲ့သည်။ လူထု၏ မငြိမ်သက်သောစိတ်မာန်များက လျင်မြန်စွာ ငြိမ်သက်သွားကာ သဘာဝဘေးဒဏ်သင့်ဒေသများမှ ပုန်ကန်ထွက်ပြေးရန်ကြံစည်ကြသော သာမာန်ပြည်သူများသည်ပင် သူတို့၏ နေအိမ်များကို ပြန်လည်တည်ဆောက်ရန် သူတို့၏ဇာတိမြို့များသို့ ပြန်လည်ရောက်ရှိလာကြသည်။ သိသိသာသာပင်ပျက်စီးသွားရသော မြို့တော်သည်လည်း ပြုပြင်မွမ်းမံမှုများအကြားတွင် နောက်တစ်ကြိမ် ထပ်ရောက်ရှိလာရပြီ။
အခြေအနေသည် အပေါ်ယံပေါ်တွင် ခေတ္တငြိမ်သက်သွားသော်လည်း လက်တွေ့တွင်မူ မြို့တော်ရှိလူများမှာ မငြိမ်မသက်ဖြစ်နေကြသည်။ ပထမဦးစွာ ဧကရာဇ်မင်းသည် မူလလမ်းခရီးတွင်ရှိနေသည့် နယ်စားမင်းကျောင်းအား တောင်ပိုင်းနယ်စပ်ကို ပြန်လည်ခုခံကာကွယ်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။ ထိုအချက်အပေါ်မူတည်ရမယ်ဆိုရင် လက်ရှိနိုင်ငံရေးအခြေအနေကို တုံ့ပြန်ရန်အတွက် ကျောင်းမိသားစုအပေါ် သူ၏သဘောထားသည် သိသိသာသာ ပြေလျော့သွားခဲ့ပြီ။ သူသည် ဆယ်ရက်အတွင်း ကျောင်းရွှီကို နန်းတော်ထဲသို့ သုံးကြိမ်ဆက်တိုက်ဆင့်ခေါ်ခဲ့သည်။ ထို့အပြင် သူတို့သည် တော်ဝင်စာကြည့်ဆောင်တွင် တော်ဝင်တရားရုံးတော်ကိစ္စရပ်များကို သီးသန့်ဆွေးနွေးခဲ့ကြသည်။ ခဏကြာတော့ မြို့တော်ရဲ့ နေရာအနှံ့မှာ ဆွေးနွေးမှုတွေ ပေါ်ပေါက်လာရတယ်။ ထိုသို့သောသတင်းများသည် လီဝေ့ရန်၏နားသို့ရောက်ရှိလာသော်လည်း သူမက အမှုမဲ့အမှတ်မဲ့ကဲ့သို့ လုံးဝဥပေက္ခာထားစွာပြုမူနေသည်။
ဒီအခြေအနေကို မူလက မျှော်လင့်ထားသလိုဖြစ်နေတာကြောင် သူမအတွက်တော့ ဘာမှ မထူးဆန်းဘူး။ လီဝေ့ရန်သည် လီရှောင်ရန်ပင် မနေနိုင်မထိုင်နိုင်ဖြစ်နေတာကို မြင်လိုက်ရသည်။ သူသည် ၃ရက်လျှင် ၂ကြိမ် ပြည်တွင်းရေးအခြေအနေကို အကဲဖြတ်ရန် သူ၏စာကြည့်ဆောင်သို့ အကြံပေးအရာရှိများကို ဆင့်ခေါသော်လည်း သူမကမူ သူမလုပ်ရမယ့်အလုပ်ကိုသာအာရုံစိုက်ကာ သူမ၏ဒဏ်ရာများကို ပြုစုစောင့်ရှောက်ရင်း အိပ်စက်အနားယူလိုက်ဖြင့်ပျက်စီးဆုံးရှုံးမှု စာရင်းပြုစုနေသည့် အစေခံများကိုသာ စောင့်ကြည့်နေခဲ့တယ်။ ထို့နောက် ပျက်စီးသွားသော ရှေးဟောင်းပစ္စည်းများနှင့် ပန်းအိုးများအတွက်တော့ အနည်းငယ် နှမြောမိတယ်။ သူမသည် အခြားမိသားစုမှ ဂုဏ်အသရေမြင့်မြတ်သော မိန်းမပျိုများကဲ့သို့ ဆုံးရှုံးမှုကြီးကြီးမားမား ခံစားခဲ့ရသော စုန့်ယန်ကျွင်းအား အခါအားလျော်စွာ နှစ်သိမ့်ပေးသေးသည်။
သို့သော် နဝမမင်းသမီးသည် လီဝေ့ရန်ထံသို့ ရုတ်တရက် ဖိတ်ကြားစာတစ်စောင် ပေးပို့လာတယ်။ လီဝေ့ရန်သည် သူမ၏လက်ထဲရှိရွှေရောင်ဖိတ်ကြားစာကို ဆုပ်ကိုင်လိုက်ပြီး တွေးတောနေသည်မှာ ဆုံတွေ့မယ့်နေရာသည် နန်းတော်မဟုတ်ပဲ အခြားခြံဝင်းတစ်ခုတွင် ရှိနေတာဖြစ်ကြောင်းကို တွေ့ခါနီးတစ်ရက်အလိုမှ သတိရသည်။
"မမလေး ချိန်းထားတဲ့နေရာကိုသွားမှာလား?" ဟု ပိုင်ကျီက အသံတိုးတိုးဖြင့်မေးလာသည်။
လီဝေ့ရန်က သက်ပြင်းချလိုက်ပြီး ဖိတ်ကြားစာကို ဘေးနားသို့ ပေါ့ပေါ့တန်တန်ပစ်တင်လိုက်ကာ
"မင်းသမီး ချိန်းဆိုထားတာဆိုတော့ ငါသွားရမှာ သဘာဝကျပါတယ်။ သူမမှာ ငါ့ကို ပြောစရာရှိနေတယ်လို့ထင်တာပဲ"
ပိုင်ကျီ၏မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်။ နဝမမင်းသမီးလေးက လီဝေ့ရန်ကို ဘာကြောင့်ရှာနေရတာလဲ? ထို့အပြင် အဆိုပါဖိတ်ကြားမှုတွင် စကားလုံးအသုံးအနှုန်းများသည် အလွန်စိတ်ရင်းမှန်ရိုးသားနေပုံရပြီး တောင်းဆိုမှုတစ်ခုတောင်းဆိုသလိုဖြစ်နေတယ်။ ဒါပေမယ့် အိမ်ထောင်ရေးပြသာနာက ပြီးသွားပြီမို့ နဝမမင်းသမီးက ဘာလုပ်ချင်တာများလဲ?
လီမင်တိက သူမကို သေချာပေါက် တားမြစ်မှာကိုသိသဖြင့် လီဝေ့ရန်က သူ့ကိုအကြောင်းကြားခဲ့ပေ။ ယင်းအစား၊ နဝမမင်းသမီးသည် အမှန်တကယ်အရေးတကြီးကိစ္စရှိနေလောက်တယ်ဟု သူမ၏ပင်ကိုယ်အသိက သူမအား ပြောပြသောကြောင့် သူမသည် ချိန်းဆိုမှုကိုရောက်အောင်သွားခဲ့သည်။ သူမသည် အခြားခြံဝင်းသို့ ရောက်သည်အထိ စောင့်ရင်း၊ ပိုင်ကျီသည် လီဝေ့ရန်ကို မြင်ရထားပေါ် တွင် တွဲကူပေးထားသည်။ နဝမမင်းသမီးသည် မမျှော်လင့်ဘဲ တံခါးဝတွင် လူကိုယ်တိုင်ရပ်စောင့်နေသည်။ လီဝေ့ရန်ကို သူမမြင်တာနဲ့ တပြိုင်နက် စိုးရိမ်တကြီးမျက်လုံးတွေနဲ့ ပြေးလာပြီး
"မမဝေ့ရန်။ သတ္တမအစ်ကိုတော်ကို လာကြည့်ပါဦး။ သူ့အခြေအနေက တကယ်ကို သိပ်မကောင်းဘူးဖြစ်နေပြီ"
141.1.အယောင်ပြတိုက်ခိုက်မှုကို ပြင်ဆင်(စာမြည်း)
" တို့က ရှင့်ကိုဘာလို့ရွေးချယ်ခဲ့တယ်ထင်လဲ? ဘာလို့ဆို ထော့ပါကျန်းက ရှင့်ကို မုန်းတီးနေလို့၊ သူ မနာလိုဆုံးလူက ရှင်ဖြစ်နေတာကြောင့်!"
(T/N: ဝေ့ရန် အပိုင်းတွေက ရေးမပြီးသေးပါဘူး ကျန်းမာရေးအခက်အခဲနဲ့ အလုပ်အချိန်ဇယားတွေကြောင့် ကြောင့် on going paid gpတွေတောင် နားထားရပါတယ် ဒါကြောင့် အခုကစပြီး အပိုင်းဘယ်နှစ်ပိုင်းကိုအပြီးသတ်ရေးပြီးမှ ဘယ်လောက်ဆိုပြီး pdf fileနဲ့ထုတ်ပေးပါတော့မယ်ရှင့်)