ကံ့ကော်တွေလား ဩဥသံချိုအောက် ဆိတ်ခဲ့ရပေါ့။
နှစ်။
"ဩဩ~~"
အဖျားတွင် တမင်တိမ်ပြသွားသည့်အသံမျိုးဖြင့် ကံ့ကော်ဘဝတွင် တစ်ခါမှ မပြောဆိုခဲ့ဘူး။
ဒေါ်ဩဥချိုနှင့်မှ မပြောဖူး၊ မလုပ်ဖူးတာတွေ လုပ်နေမိသည့် ကိုယ့်ကိုယ်ကိုယ်လည်း အံ့ဩရပါသည်။
"ဩဩလို့!"
"လေသံကို ပြင်! မျိုးကံ့ကော် တို့ မင်းနဲ့ ရွယ်တူမဟုတ်ဘူး!"
ခပ်တင်းတင်းပြောလာသည့် အသံအောက် ကံ့ကော်မျက်ဝန်းတို့ ဝိုင်းခနဲ။
ပိုင်ဆိုးပိုင်နင်း လာဖိဟောက်နေသူက တခြားသူဆိုလျှင် ကံ့ကော်နှင့် တစ်ပွဲတစ်လမ်းပင်။ သို့သော် သူ၏ ချွင်းချက်ကလေးဖြစ်နေသည်ကြောင့် မျက်လွှာသာ အသာချလိုက်မိသည်။
"ပြော! ဘာဖြစ်လဲဆိုတာ"
အလုပ်စားပွဲမှ ကိုင်ထားလတ်စ ပေတံနှင့် ခဲတံကို ချကာ အလိုမကျဟန် မေးလာပြန်သည်။
"ကောက်နေသေးတယ်လို့ မဖြောင့်ဘူး"
"မဖြောင့်ရင် ထပ်လေ့ကျင့်လေ မင်းကို တို့က အတင်းအကျပ် ခေါ်သင်ထားတာမို့လို့လား မင်းဘာသာ တို့ တားနေတဲ့ကြားက သင်မယ်သင်မယ် ဇွတ်တိုးခဲ့တာလေ"
ကိုယ့်အကြောင်းကိုယ်သိဟူသည့် မျက်ဝန်းအကြည့်ဖြင့်ပါ မျက်စောင်းတစ်ချက်ဝင့်ကာ ခပ်တင်းတင်း ဆိုလာသူကြောင့် ကံ့ကော်အမှန်တကယ် အကြပ်ရိုက်ရသည်။
"အိပ်ချင်နေတာ အရမ်း"
"ကျစ်!"
နုနုယွယွအလုပ်တွေနှင့် မကိုက်ညီသည်ကြောင့် သူ တကယ် မတတ်ကြွပါ။ သို့သော် ထိုစေစားရာလေးနှင့် အမြဲအနေနီးဖို့လမ်းစသည် နုနုယွယွတို့ ဖြစ်နေသည်ကြောင့် တားမြစ်နေသည့်ကြားက သူ ဇွတ်လုပ်ခဲ့တာဖြစ်သည်။ သို့သော် ထင်သလောက်မလွယ်ကူသည့်အပြင် သူနှင့်လုံးဝ စိမ်းသက်သည့်နယ်ပယ်။ ထို့အပြင် သူ့အာရုံတို့သည် သူ၏ ဩဩဆီတွင်ပင် ရောက်နေသည်မို့ ပို၍ ရှေ့မရောက်ပေ။ ထို့ကြောင့်ပင် အလုပ်မတွင်ဘဲ ပျင်းလည်းပျင်းလာသည်။
"မင်း အိပ်ချင်ရင် သွားအိပ်လိုက် အေး! ဒီညအတွက် ဒီအခန်းထဲက ထွက်သွားပြီးရင်တော့ နောက်ဘယ်တော့မှ လာ မသင်နဲ့!"
"ဟင်"
သွားအိပ်ချင်အိပ်ဆိုသည့်အသံတွင် နှုတ်ခမ်းညိုညိုတို့ တွန့်ကွေးကာ ပျော်သွားရပေမယ့် နောက်က စကားတွင်တော့ ထရပ်မည့် ခြေထောက်တွေပင် တုန့်ခနဲ။
"ငါ ဒီပညာကို သိပ်တန်ဖိုးထားတယ် မြတ်နိုးတယ် မျိုးကံ့ကော် ငါ့ရဲ့ ငယ်ဘဝ အိပ်မက်က ငါဖန်တီးလိုက်တဲ့ ဝတ်စုံလေးတွေကြောင့် ဝတ်တဲ့သူတိုင်း ပိုပြီး လှပကြော့ရှင်းနေဖို့ ဝတ်စုံလေးတွေကနေ သူတို့ရဲ့ စိတ်ကျေနပ်မှုလေးတွေ တဒင်္ဂဖြစ်ဖြစ် ရသွားစေချင်တယ်၊ စိတ်အဆင်မပြေနေရင်တောင် ဝတ်စုံလှလှလေးမှာ ခဏတဖြုတ် စိတ်အာရုံကြည်လင်သွားစေချင်တယ် အဲဒါက ငါ့အတွက် ပျော်ရွှင်စေတယ်။ အားတက်စေတယ်။ တစ်ယောက်ယောက်ကများ အလေးမထားဘဲ ခပ်ပေါ့ပေါ့တွေးပြီး ကပျက်ကချော်လာလုပ်နေရင် ငါအရမ်းဒေါသထွက်တယ် ဥပမာ မင်း အခုလုပ်နေတဲ့ပုံစံပဲ သင်ချင်ပါတယ်ဆိုပြီး တဂျီဂျီလာလုပ်တယ် တားနေတဲ့ကြားက မင်းပဲ သင်ချင်လွန်းလှချည်ရဲ့ဆိုလို့ ငါခွင့်ပြုခဲ့တာ အခု ငါ သိပ်စိတ်ပျက်တယ်"
ဒေါသပါသော အေးစက်စက်အသံနှင့် စိတ်ပျက်သည့်အရိပ်အယောင်စွန်းထင်းနေသည့် အကြည့်တို့အောက် ကံ့ကော် မျက်လုံးလေးကို ပုတ်ခတ်ရင်း ထိန်းနေရသည်။ သူက အဲ့လောက်အထိ မတွေးမိခဲ့ပါ။
"ကျနော် ကပျက်ကချော် မလုပ်ဘူး"
"ဟက်! ကပျက်ကချော် မလုပ်ဘူး ဟုတ်လား ဒါဆို မင်း စိတ်ဝင်တစားနဲ့ သေချာ ကြိုးစားနေခဲ့တာပေါ့လေ ဟမ်"
"ကျနော်..."
အမေးတွင် အဖြေမရှိတော့ပေ။
"မေးနေတာ ဖြေလေ မျိုးကံ့ကော် ဟမ်!"
"..."
မွေးကတည်းက ဒီလိုအကြပ်အတည်းမျိုး ကံ့ကော် အခုမှ ကြုံဖူးခြင်းပင်။ မလိမ်မညာတမ်းဆို လန့်ပါသည်။ ကြောက်ပါသည်။ မေးခွန်းတို့ကို မဖြေရဲသလို ဖြေလည်း မဖြေတတ်။ လက် ထောက်ထားသည့် အပ်ရာတို့ကောက်ကွေးနေသည့် ပြက္ခဒိန်စက္ကူကိုသာ ဆုပ်ချေနေမိသည်။
"အဲ့လက်ကို အခု လွှတ်ပြီး မတ်တပ်ရပ်! "
မတ်ခနဲဖြစ်သွားသည့် ကိုယ်လုံးလေးသည် အလျင်အမြန်။ ဆုပ်ချေထားသည်ကြောင့် စက္ကူမှုန်တို့ပင် ဘယ်ဘက်လက်ဖဝါးတွင် ကပ်ကျန်နေသေးသည်။ သို့သော် မသုတ်ဖယ်မိဘဲ မတ်တပ်ထရပ်ကာ ရှေ့မလှမ်းမကမ်းတွင် ရပ်လိုက်ရသည်။ ဘဝမှာ တစ်ခါမှ မကြုံတွေ့ဖူးသည့် ပထမအကြိမ်တွေတိုင်းသည် ဒီအမျိုးသမီးနှင့်မှ။
"စက်နင်းတာက အခြေခံအကျဆုံးအချက်ပဲ ငါ ပညာဒါနသွားသင်တဲ့ မိဘမဲ့ကျောင်းက ခုနှစ်တန်းအရွယ်ကလေးမလေးတွေတောင် စက်နင်းဖြောင့်ဖို့ သိပ်အချိန်မယူရဘူး လုံးဝ မရဘူးဆိုတဲ့လူတောင် အလွန်ဆုံး တစ်ပတ်ပဲ မျိုးကံ့ကော် ဒါတောင် သူတို့အချိန်တိုင်း မလေ့ကျင့်ရဘူး"
ကလေးတွေနှင့် နှိုင်းပြောလာသည်ကြောင့် ကံ့ကော် မကျေမနပ်ဖြင့် မျက်လုံးလှန်ကြည့်တော့ စိုက်ကြည့်နေသူနှင့်တိုးသည်။
"မျက်လုံးလှန်မကြည့်နဲ့! ငါ မင်းကို ကလေးနဲ့ နှိုင်းပြီး ပြောနေတာ မဟုတ်ဘူး စိတ်ပါဝင်စားမှုကို ပြောပြနေတာ! မင်း စက်နင်းကျင့်နေတာ ဘယ်လောက်ရှိပြီလဲ မေးနေရင် ဖြေ! ကျစ်!"
"နှစ်ပတ်"
အသံပြတ်ဖြင့် ထွက်သွားပေမယ့် ထိုအသံတွင် ကံ့ကော်၏ ရှက်ရွံ့မှုတို့ ပါသည်။
"နှစ်ပတ်ဆိုတဲ့အချိန်က ဖြောင့်တန်းမနေရင်တောင် မင်းအခု နင်းထားသလို ကောက်ကွေး တွန့်လိမ် စောင်းနေတာမျိုး မဖြစ်သင့်ဘူး မျိုးကံ့ကော် အဲ့တော့ စိတ်မဝင်စားဘူးဆိုရင် ရပ်လိုက်! ငါ့ပညာကို ကပျက်ကချော်လုပ်ပြီး စော်ကားတာမျိုး ငါလုံးဝ သည်းမခံနိုင်ဘူး ထပ်ပြီး ငါ့ကို စိတ်ပျက်အောင် လာမလုပ်နဲ့!"
ပြောပြီးသည်နှင့် အခန်းထဲမှ ထွက်သွားသူကို ကံ့ကော် လိုက်ကြည့်နေမိသည်။
ပုတ်ခတ်ပုတ်ခတ်ဖြင့် ထိန်းထားသည့် မျက်ဝန်းတို့ဆီက မထိန်းလိုက်နိုင်သည့် မျက်ရည်အစအနတို့ကို ညာဘက်လက်ခုံဖြင့် ပွတ်ဆွဲပစ်လိုက်သည်။ ခေါင်းက ဆံပင်ကောက်ကောက်တွေကိုပါ စိတ်ရှုပ်စွာ ဆွဲဖွပစ်ရင်း ခုံတွင် ထိုင်လိုက်သည်။
အတူရှိနေချင်သည်ကြောင့်၊ အလုပ်လုပ်နေသည့် မျက်နှာလေးကို ငေးနေချင်သည်ကြောင့် ကြံရွယ်ခဲ့တာပေမယ့် ဩဩမြတ်နိုးရာပညာကို စော်ကားလိုစိတ် မရှိခဲ့ပါ။
နောက်ပြီး ဩဩ လေသံမာတာကိုလည်း သူ မကြိုက်ပါ။ ကျန်တဲ့သူတွေနှင့်ဆို နူးညံ့ညင်သာသလောက် သူ့အပေါ်ဆို အမြဲ လေသံမာတတ်သည်။ အဲဒါက ဝမ်းနည်းစေသည်။
ထ ထွက်သွားရမလားဟု တွေးမိလိုက်သေးသည်။ ထိုသို့ ထွက်သွားလိုက်ရင် တင်းနေတဲ့ ဆက်ဆံရေးတစ်ခုက ပြတ်တောက်ဖို့သာ ရှိသည်။ မဖြစ်ချင်ပါ။
သဘောကျတယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာတင် မသိမသာ ဘက်လိုက် ခဲ့မိသည် မဟုတ်လား။ သူ့သဘောဆိုတာနဲ့ လိုလိုလိုက်လိုက် ပြုပြင်ပေးခဲ့မိသည်။ စိတ်မညစ်စေချင်။ ကိုယ့်ကြောင့် မျက်နှာ မညိုးသွားစေချင်။
မျိုးကံ့ကော်ဆိုတာ သူ့မျက်ဝန်းထဲက မှဲ့နက်လေးအောက် အပိပိအရိရိ ဝပ်တွားခဲ့မိလေသည်။ အရာရာရဲ့ ချွင်းချက်ကလေးပေမို့လေ။
~*~
မျက်နှာပေါ် ပူလောင်လင်းလက်လွန်းသည်ဟု ခံစားရ၍ မျက်လုံးတို့ကို မဖွင့်ချင်ဘဲ ဖွင့်ရတော့သည်။ စိတ်သည် မကြည်မလင်။ မျက်နှာတည့်တည့် လာထိုးနေသည့် နေရောင်ကြောင့် ကောင်းကင်ပေါ် တစ်ချက်စောင် ကြည့်မိသည်။ အိပ်နေတဲ့အချိန် နှောင့်ယှက်ခံရတာလောက် စိတ်တိုတာ မရှိ။
နေပါဦး။ နေက လာထိုးနေရအောင် ဘယ်အချိန်မို့လို့...လဲ။
သေပြီ။
ဆယ်နာရီခွဲသို့ ညွှန်ပြနေသည့် နာရီကြောင့် ဆတ်ခနဲ ထထိုင်လိုက်ရာ ခေါင်းပင် မူးသွားရသည်။
သို့သော် မူးနေသည့်ခေါင်းကို ပြီးမှ ဆက်မူးဟု ခဏ စောင့်ခိုင်းကာ ဆံပင်ကောက်ကွေးတို့ကို ညှပ်ဖြင့် ဖြစ်သလို လုံးကာ တွယ်လိုက်ပြီး မျက်နှာသစ်ရန် ပြေးရသည်။
ဘယ်လိုတောင် အိပ်ပျော်မိလဲ မသိ။
အတူတူ ဘုရားဝတ်တတ်ခွင့်လေး တစ်ရက် လွတ်ရပြီ။ အေးချမ်းလွန်းသည့် စိတ်အခြေအနေနှင့် ကြည်စင်နေသည့် မျက်နှာဖူးဖူးလေးက ရင်ကို အေးစေသည်။ စိတ်ကို နွေးစေသည်။ နောင်သံသရာထိ ရေစက် ဆုံချင်သည်။
မှန်ထဲက မျက်ကွင်းဟောက်ပက်ကို မသိချင်ယောင်ဆောင်ပြီး သဘက်ဖြင့် ရေစ တို့ကို ဖြစ်သလို ပွတ်ဆွဲရင်း အောက်ထပ် အမြန်ဆင်းလာလိုက်သည်။
လှေကားအောက် ရောက်တော့ ဧည့်ခန်းဆီ အသာ အကဲခတ်တော့ မရှိ။ ထမင်းစားခန်းဆီ ဝင်လာတော့ ဒေါ်လေးလှသာ ရှိသည်။
"ကံ့ကော်လေး နိုးပြီလား ရှစ်နာရီလောက်က ဒေါ်လေး လာနှိုးဦးမလို့ပဲ မင်းရဲ့ မမက ညက ညဉ့်နက်တယ် အိပ်ပါစေ ဆိုလို့"
"ဟင် ဩဩက အဲ့လိုပြောတယ်!"
ဒီလိုဆို သူ ညက လေးနာရီလောက်မှ အိပ်ရာဝင်တာကို သိနေခဲ့တာပေါ့။
ဒီလောက်ဆို အခြေအနေတို့ကောင်းသည်။ တစ်ညလုံး စက် နင်းကျင့်ခဲ့သည့် ရလဒ်သည် မနက်လေးနာရီတွင် ဩဩအလုပ်စားပွဲပေါ် ဖြောင့်တန်းနေသည့် ချည်ကြောင်းပါသည် အစပြတ်လေးကို တင်ပေးနိုင်ခဲ့သည်။
စက္ကူနှင့်တောင် မဖြောင့်သည်ကြောင့် ဒေါသထွက်စေမိသူသည် အစ ပြတ်ပေါ် တင်နင်သွားနိုင်သည်ကြောင့် ဒေါသပြေသွားရင် သိပ်ကောင်းမည်။
ခြေထောက်တွေ ညောင်းရကျိုးနပ်ချင်သည်။ ဂုတ်ကြောတွေ တက်ရလည်း အပြုံးတစ်ပွင့်သာ ရလျှင် ကျေနပ်ပါသည်။
အဆူအပူလည်း သူ့ဆီက ရချင်ပြီး အချီးအကျူးလည်း သူ့ဆီက ရချင်ပါသည်။
ထိုနေ့က မနက်စာ စားပြီးနောက် ခဏနားကာ ရေမိုးချိုးသည်။
ပြီးနောက်မှသာ ပြန်အိပ်ရန် ပြင်လိုက်သည်။ ဒီနေ့က ဗုဒ္ဓဟူးနေ့မို့ တစ်ယောက်သောသူလေး ဆိုင် တစ်နေကုန်ထိုင်သည့်နေ့။ ထို့ကြောင့် သူ တစ်နေကုန် နား၍ ရသည်။
ညနေ အိပ်ရာနိုးမှ ရေတစ်ခေါက်ပြန်ချိုးကာ အလုပ်အပြန် ကြိုတော့မည် ဖြစ်သည်။
"ကျနော်က မမကို ကူချင်တာ တစ်ယောက်တည်း ပင်ပန်းနေတာမျိုး မကြည့်ရက်ဘူး ကူညီပေးချင်တာ"
ပြောစကားကြောင့် ခပ်ပြုံးပြုံးကြည့်လာသူသည် ကံ့ကော်စိတ်ထင် ကျေနပ်နေသယောင်လေး။
မပြုံးဘဲနေရင် လှသည်။ ပြုံးလိုက်လျှင် ပို၍ လှသည်။ စိတ်လွတ်လက်လွတ်ရယ်မောနေလိုက်လျှင်တော့ အသက်ခဏ ပျောက်ရသည်။
"နောက်ကို သေချာလိုက်လုပ် တို့ စိတ်မပျက်ချင်တာ သိတယ်မဟုတ်လား "
မေးဖျားဆီ လက်ညိုးလက်မ အသာ ညှပ်ကာ ချစ်စနိုးလာလုပ်နေသူကြောင့် မျိုးကံ့ကော်တို့ တောင့်ခနဲ။
လူသားပေမို့ ရိုးရိုးသတ်လည်း သေပါတယ်။
ဒီလိုကြီး လာပြီး ထိကပါးရိကပါးလုပ်ဖို့ မလိုပါဘူး။
လုပ်ချင်ရာ လုပ်သွားသူကတော့ ပြုံးတုံ့တုံ့မျက်နှာပေးဖြင့် ထွက်သွားလေပြီ။ ကျန်ခဲ့သူမှာသာ အသက်မှန်အောင်ရှူနေရသည်။
~*~
"ဖြန်း!"
"အ! မမ!"
လက်မောင်းဆီ ရုတ်တရက် အလည်လာသည့် သစ်သားကိုက်တံကြောင့် နာလည်းနာသွားကာ လန့်လည်း လန့်သွားသည်ကြောင့် လက်ညိုးထိပ်ကိုပါ အပ် စူးမိလေသည်။
"ဘယ်နှခါပြောရမလဲ! ပုလဲအပ်ထိုးရင် အဲ့လို ကြီး ဖောင်းအောင် မထိုးပါနဲ့လို့! ဟမ်! အကုန်ပြန်ဖြုတ်! အစက ပြန်ထိုး!"
"ဟုတ်"
ကြားလိုက်ရသည့် စကားကြောင့် ထိုင်ငိုချချင်စိတ်ပေါက်နေသည်ကို မနည်းထိန်းကာ ထိုးထားပြီးသား အပ်တို့ကို အကုန်ဖြုတ်နေရသည်။
ပြန်လုပ်ရင် ပထမ အပ်ကို ကိုင်လိုက်ပြီး မမ ဆီ တစ်ချက်ဝေ့ကြည့်တော့ လုပ်လေဆိုသည့် သဘော မေးဆတ်ပြသည်။
ပထမတစ်ချောင်း လက်နှင့်ကွယ်ထိုး၍ ပြေသေးသည်။
ဒုတိယတစ်ချောင်း လည်း ပြေ...။
"ဖြန်း!"
"အ!"
စက္ကူနှင့် အစ တွဲထိုးရသည့် အခန်းရောက်တည်းက ကံ့ကော် အဆင်မပြေတော့ပေ။
ထိုးလိုက်တိုင်း အောက်က အစက ဖောင်းကာ မမ ထိုးပြသလို မဖောင်းမကြွဘဲ မတွဲတတ်။
"အဲ့ အစကို အဲ့လိုကြီး မယူရဘူးထလို့ ပြောနေတယ်လေ ကျစ်! ဒီမယ်ကြည့်! ထိုးမယ့်နားကို လက်နှင့် အရင်ဖိ ပြီးမှ ပုလဲအပ်ကို ဒီလိုလေး တွေ့လား! မင်းလို လက်ကြီးနဲ့ အတင်းဖောင်း ထိုးနေလား အသာလေး ထိုးရင် ရတယ်! ပြန်လုပ်!"
ဘေးပတ်ဝန်းကျင်ကို မကြည့်ဖြစ်တော့ပေ။ ဒီနေ့မှ မမ က ဆိုင်ကို လိုက်သင်ရန် ခေါ်သည်ကြောင့် စက္ကူလိပ်ကြီး တစ်ဖက်၊ အပ်ချည်တို့ အစတို့ ထည့်သည့်အိတ်ကြီးက တစ်ဖက်နှင့် ကံ့ကော်လိုက်လာတာဖြစ်သည်။
ဆိုင်က မမရဲ့ ဝန်ထမ်းလေးတွေလည်း ရှိကာ အပ်ထည် လာအပ်သူတချို့လည်း ရှိသည်။ အထည်အပ်သူတွေနဲ့ စကားပြောနေရသည်ကြောင့် အစောက ကံ့ကော်နား မမ မရှိခြင်း။ ထို့ကြောင့် ခပ်မြန်မြန် အပ်ကို ထိုးသွားပေမယ့် မှားတယ် အစက ပြန်လုပ်ဟူ၍ အစက ပြန်စရသည်။ အကုန်ဝိုင်းကြည့်နေသလိုမျိုး ခံစားချက်အပြင် မမကပါ သစ်သားပေတံဖြင့် ရိုက်ကာ လာသေးသည်။ စိတ်အခြေအနေသည် မကောင်းတော့ပါ။ ဖွဖွလေး လာထိရင်တောင် နာတယ် ဆိုကာ ထိုင်ငိုမိတော့မည့်အနေအထားသို့ ရောက်နေပြီ။
"ကျစ်! မှားနေတယ်လို့ အကုန်ပြန်ဖြုတ်!"
"ဟင့်"
"ကံ့ကော်"
အပ်ထိပ်နှင့် လက်ညိုး မိတ်ဆက်တာတွေသည် အကြိမ်ကြိမ်။ အခုတစ်ခါလည်း အကုန်ပြန်ဖြုတ်ခိုင်းနေပြန်သည်ကြောင့် ထိုးထလက်စ တစ်ဝက်ကျော်ကို ကြည့်ပြီး ငိုချင်လာသည်က ထိန်းမရတော့ပေ။
"ပြန် ချင် ပြီ "
~*~
(ဟဲဟဲ )