"သားတို့ နောက်ကျတယ်နော် "
မေမေ့ရဲ့ ထိုစကားကြောင့် ပျိုးမျက်နှာ ရဲခနဲဖြစ်သွားရသည်။ဘေးကတစ်ယောက်ကတော့ ဒါကိုကြည့်ပြီး ရုပ်ကိုပြီတီတီ လုပ်နေ၏။
"ဟို ဟုတ်တယ်မေမေ ညကအိပ်မပျော်တော့လေ အဲ့တာမနက်ကျတော့ နောက်ကျမှနိုးတာနဲ့..."
အဟတ်! နောက်ကျဆို မနက်စာမစားခင် မနက်စာစားနေတာကို။
မင်းညီလာမောင်က မနက်စာဖြစ်သည့် အုန်းနို့ခေါက်ဆွဲကိုသာ ပြုံးစိစိဖြင့် မွှေနောက်နေသည်။တကယ်ဆို မြန်မာထမင်းဟင်းကိုကြိုက်ပေမယ့် အခုလို မနက်စာမျိုးကိုတော့ သိပ်မကြိုက်သည့်လူမျိုးဖြစ်သည်။သိပ်မစားဘူး ဆိုတာထက် မစားတတ်တာမျိုးဆို ပိုမှန်သည်။
ဥပမာ မုန့်ဟင်းခါး တို့ အုန်းနို့ခေါက်ဆွဲတို့လို မနက်စာမျိုးတွေပေါ့။
အိမ်မှာတုန်းကဆို ထိတောင် ထိမကြည့်သည့်အစားမျိုး။ဒါပေမယ့် ဒီအိမ်ရောက်တဲ့နေ့တည်းက၊ မနက်စာအတူစားဖြစ်ပါပြီဆိုတဲ့နေ့တည်းက
စားလိုက်ရတဲ့ မုန့်ဟင်းခါး ၊ စားလိုက်ရတဲ့ အုန်းနို့ခေါက်ဆွဲ တစ်ခါတစ်လေတော့ တခြားမနက်စာ စီစဥ်သည်။အဲ့လိုနေ့မျိုး ဆိုလျှင်တော့ကိုယ့်အတွက်အဆင်ပြေသည်ပေါ့။
"အလုပ်ကိုလျှော့လုပ် သားကို ကြည့်ရတာ မျက်တွင်းနည်းနည်းကျနေသလိုပဲ"
မင်းညီလာမောင်သည် မေမေ့စကားကြောင့် ပျိုးမမြင်အောင် လှစ် ခနဲပြုံးလိုက်သည်။အဟွန်း! မမြင်အောင်လဲ ပြုံရသေး မဟုတ်ရင် ပျိုးဥယျာဥ်တို့က သူ့လှောင်တယ်ဆိုပြီး အတွင်းကျိတ်တွေဖြစ်နေအုံးမှာ။
"ဟုတ်ကဲ့ပါ မေမေ"
ပျိုး မေမေ့ကို ခပ်တုန့်တုန့်ဖြေပြီးမှ ကိုယ့်ဘေးမှလူကို 'မင်းကြောင့်' ဟူသည့် အဓိပ္ပါယ်ပါသော မျက်ဝန်းစူးစူးဖြင့် ကြည့်လိုက်သည်။ဒါကိုသူကတော့ သူဘာမှအသိသလို ကိုယ့်ကိုကြည့်ပြီး မေမေ့ကို တစ်ချက်ပြန်ကြည့်သည်။
ကိုယ့်မျက်တွင်း ကျနေတာရယ်လို့မဟုတ်ပေမယ့် မနက်ခင်းစောစောမှာ နည်းနည်းပင်ပန်းထားတော့ မျက်နှာကချောင်သလိုဖြစ်နေတာပင် ဖြစ်သည်။ပင်ပန်းအောင် မပြီးနိုင်မစီးနိုင်ဖြစ်နေတဲ့ လူကိုတော့ ပျိုးစိတ်တိုမိသည်။
ပျိုးပုံမှန် ရုံးသွားလျှင် Shirtကို နက်ကတိုင်နဲ့တွဲဝတ်နေကျပေမယ့် ဒီမနက်ကတော့ လည်ထောင်
အပိတ် ဆွဲသားအနက်ရောင်အင်္ကျီလက်ရှည်ကို အပေါ်ကုတ်အနက်ရောင်ဖြင့် တွဲဝတ်ထားကာ Pantကလဲ အနက်ပဲ ဖြစ်နေတာမို့ တစ်ကိုယ်လုံး နက်စွေးနေတာကြောင့် အသားအရည်ဖြူဖြူကြည်ကြည်မှာ ပို၍ပင် ဖြူဖွေးနေသည်။
ဒီလို လည်ပင်းဖုံးအောင် ဝတ်ရတဲ့ တရားခံကလဲ ဘေးကတစ်ယောက်ပါပဲပေါ့။
ဆံပင်အပေါ်လွှာကို စပရင်ကွင်းဖြင့် စည်းထားကာ နှာဖူးစပ်က ဆံပင်အနည်းငယ်ကိုတော့ရှေ့မှာချထားသည့် သူက Jean ပျော့Shirt လက်ရှည်ကို ရင်ဘက်ကြယ်သီး ဟထားပြီး လက်ကို တံတောင်ဆစ်ခေါက်တင်ထားသည်။ပြီးတော့ Jeanpantအနက်ကို ခါးပတ်အနက်ဖြင့်ဝတ်ဆင်ထားသည်။
ပျိုးကမှ တစ်ခါတစ်လေ Accessories ဆိုလျှင် လည်ဆွဲခပ်မျှင်မျှင်၊ bracelet တို့ လက်စွပ်တို့ကို ကို ပွဲတွေဘာတွေတက်လျှင် ဝတ်ဆင်တတ်သေးသည် ။အခုကတော့ သူနဲ့လက်ထပ်တဲ့နေ့ကစ သူစွပ်ပေးထားတဲ့ ဘယ်ဘက်လက်သူကြွယ်မှ လက်စွပ်နဲ့ လက်မမှာ လဲ ထိုနည်းတူ သူစွပ်ပေးသည့် လက်စွပ်ကိုစွပ်ထားသည်။
မင်းညီလာမောင်တစ်ယောင် ကတော့ အဲ့လိုတစ်ခုမှ ဝတ်တာဘာညာမတွေ့ လက်မှာသာ သူနှင့်လိုက်ဖက်သည့် တန်ဖိုးကြီးနာရီတွေကိုသာ ဝတ်ဆင်တတ်သည်။ဘယ်ဘက်လက်သန်းကြွယ်မှာတော့ ... ။
"စားလို့မကောင်းဘူးလား... "
တို့ခနဲ၊ ဆိတ် ခနဲသာ လုပ်နေပြီး မနက်စာကိုရေရေရာရာ မစားသည့်သူ့ကို ကြည့်ရင်းမေးလိုက်၏။
ပျိုး သူ့ကိုကြည့်နေတာကြာပြီ အရေးအကြီးဆုံး ဖြစ်တဲ့ မနက်စာကိုမှလေ သူက တစ်ခါမှ မယ်မယ်ရရစားတယ်ဆိုတာ မတွေ့။
"ဟို... မောင်...."
ပျိုး ကသူ့ဆီက အဖြေကို မျှော်လင့်စွာစောင့်နေ၏။မေမေကလဲ ထိုနည်းတူစွာပင်။
မင်းညီလာမောင်က ဘာဖြေရမှန်းမသိ မေမေ့ကိုကြည့်လိုက် ပျိုးကိုကြည့်လိုက်နှင့် ဖြေဖို့ခက်ခဲနေသယောင် ။
ဒီလို မနက်စာတွေကို မစားတတ်လို့ပါလို့ပြောလိုက်ဖို့ကို အားနာနေမိသည်။ ကိုယ်ကပြောလိုက်ပြန်ရင်လည်း သူတို့က ပြန်အားနာနေအုံးမည်။
"သားက ဒီလိုမနက်စာ သိပ်မစားတတ်လို့များလားကွယ်။ နိုင်ငံခြားမှာ အနေကြာလာတာဆိုတော့လေ "
"မဟုတ်..."
ပျိုးလက်ထဲက ဇွန်းကိုချလိုက်ပြီး...
"အဲ့တာကို ဘာလို့ပွင့်ပွင့်လင်းလင်းမပြောရသလဲ ကွတ်ကီးရယ်၊၊မနက်စာဆိုတာကို အရေးကြီးဆုံးပဲလေ မင်းပြောမှ ငါတစ်ခုခုစီစဥ်ပေးတတ်မှာပေါ့ခုတော့ တောက်လျောက်ကို... "
ပျိုးရဲ့ မျက်နှာနဲ့အသံမှာ အားမလိုအားမရ မှု နဲ့ အားနာမှုအပြင် ဂရုဏာဒေါသလေးတွေ ရောပြွန်းနေသည်မို့ မင်းညီလာမောင်က ကျေနပ်စွာပြုံးမိလိုက်ပါသည်။ကိုယ်မြတ်နိုးရတဲ့ လူက ကိုယ့်ကို ဂရုဏာ ပိုတိုင်း ကြည်နူးရတာဟာ သိပ်ချိုမြိန်ပါလား။
ကိုယ်က ပြောနေသမျှ သူကတော့ ကျေကျေနပ်နပ်ကိုပြုံးနေတာမို့...
"မင်းကို ဟာသဖောက်နေတာ မဟုတ်ဘူးနော်
မင်းညီလာမောင်"
"ကဲပါ သားရယ် သူ့ဆီကအဖြေကိုလဲ စောင့်လိုက်ပါဦး "
မေမေ က ပျိုးကို ပြောပြီးမှ သူ့ကိုတစ်ဖန်ပြန်ကြည့်ကာ...
"သားဒီအစားအစာမျိုး မကြိုက်တာလား မေမေတို့ကလဲ သားကိုမမေးလိုက်မိဘူးကွယ်"
ဒီတော့မှ ...
"ဟုတ်ကဲ့ အမေ...ကျွန်တော် မြန်မာထမင်းဟင်းကြိုက်ပေမယ့် အခုလို မနက်စာကိုတော့ သိပ်မစားဖြစ်ဘူး"
ပျိုး သူ့ကို 'ခက်ပါတယ် ' ဆိုသည့် အဓိပ္ပါယ် မည်သော မျက်ဝန်းတစ်စုံဖြင့်ကြည့်လိုက်ရင်း နောက်နေ့ မနက်စာကို သူ့အတွက် တစ်ခုခု သေချာစီစဥ်ပေးဖို့ ဆုံးဖြတ်လိုက်တော့သည်။အလုပ်တွေ ပိုလိုက်တာ ။
မနက်စာ စားအပြီး ပျိုး ရုံးသွားဖို့ကားဆီ မသွားမီမနေ့ညက ခေါ်လာပြီး ပြန်ပို့မည့် ဂူဂူးလေးကို လိုက်နှုတ်ဆက်သည်။
"နောက်မှ ထပ်တွေ့မယ်နော် ဂူဂူး။ အစားတွေအများကြီးစားနော်"
မင်းညီလာမောင်က သူ့ရဲ့ လက်အိတ်ကို စွပ်ရင်း
ဂူဂူးကို ပိုက်ပြီး ဆိုင်ကယ်နားမှာရပ်နေတဲ့ တစ်ယောက်ဆီ လျှောက်လာပြီး။
"နောက်ကျရင်ရော ဂူဂူးကိုတွေ့ချင်သေးလား"
ပျိုး က ဂူဂူးလေးကိုကြည့်နေရာမှ သူ့ကိုပြန်မော့ကြည့်လိုက်ပြီး...
"တွေ့ချင်တာပေါ့ "
"ဒါဆို နောက်ထပ် မောင်နဲ့အတူတူ သူ့ဆီခဏ ခဏသွားရအောင်နော်"
"အင်း..."
ပျိုး သူ့ကို လည်ချောင်းမှ အသံတစ်ချက်ပြုကာ ဂူဂူးရဲ့ ခေါင်းလေးကိုပွတ်ပြီး...
"နောက်မှ တွေ့မယ်နော် "
ပြောပြီးတာနဲ့ မင်းညီလာက ဂူဂူးရဲ့ Helmetသေးသေးလေးကို ဆောင်းပေးကာ ကျောမှာ ချီသိုင်းသည့် ကြိုးလေးတပ်ပြီး သူ့ကျောမှာ လွယ်လိုက်သည်။
"မောင် သွားတော့မယ် အလုပ်မှာ ဂရုစိုက်နော်"
"မင်းသာ ဆိုင်ကယ်ကိုဖြည်းဖြည်းမောင်းပါ "
"ဟုတ်ပါပြီဗျာ..."
ပျိုး လဲ သူ့ဆိုင်ကယ်ခြံထဲက ထွက်သွားတော့မှ ကားဆီပြန်လျှောက်လာခဲ့သည်။
သူ့ကိုပြောရမယ် နောက်ကိုဆိုင်ကယ်အစား ကားကိုပဲစီးဖို့။ သူက ဆိုင်ကယ်ကိုဖြည်းဖြည်းသက်သာ မောင်းတဲ့ကောင်မဟုတ်ဘူး။
-------။
နောင်နောင် က သူ့မွေးနေ့ကို မိဘမဲ့ ကျောင်းမှကလေးတွေကို အဟာရတိုက်ခြင်း၊ စာရေးကိရိယာလှူခြင်း၊ အလှူငွေ လှူခြင်း အမှူမှာ ပျိုးကို မရမက ခေါ်တာမို့ ပါလာခဲ့ရသည်။
ပျိုးလဲ ထိုကျောင်းအတွက် အလှူငွေထည့်လှူခဲ့သည်။
ပျိုးတို့ရောက်နေသည့် မိဘမဲ့ကျောင်းမှာ ကလေးငယ် အယောက်ရာကျော်၊ ဆယ်တန်းကျောင်းသား အယောက်သုံးဆယ်နှင့် ကျန်ကလေးများမှာ အရွယ်စုံရှိကြသည်။
"ကလေးတွေကို ခုလို လှူတန်းရတာက ငါကိုယ်တိုင် မိဘမဲ့ ဖြစ်ခဲ့ဖူးတာမို့လို့ပါ ၊ ခိုကိုးရာ ရင်ခွင်မရှိတဲ့ ကလေးတွေရဲ့ အဖြစ်ကို ငါသိပ်ကိုယ်ချင်းစာတယ် ဥယျာဥ်"
ပျိုး နှင့်နောင်နောင် တို့ ကလေးတွေကို အဟာရကျွေးနေစဥ် အပြင်ဘက်သို့ လမ်းလျှောက်လာခဲ့ကြသည်။
ပြောပြနေတဲ့ နောင်နောင့်မျက်နှာကို ပျိုးကြည့်တော့ သူ့မျက်နှာက ကြည်လင်အေးချမ်းနေသည်။
"ဒါနဲ့လေ နောင်နောင် ငါမင်းကိုမေးချင်တာရှိတယ်"
"အင်း မေးလေ"
"မင်းအဖေလဲ Fedral ရဲ့ဆက်ခံသူပဲ မဟုတ်လား ဘာလို့...."
နောင်နောင် က နာမလည်ဟန်တွေ ပြည့်နေသည့် ပျိုးမျက်နှာကို ကြည့်လိုက်သည်။
ပြီးတော့မှ နောင်နောင်ကအရင် ဂေဟာဝန်းအတွင်းက ဗာဒံပင်အာက်ရှိ သစ်သားနောက်မှီ နှစ်ယောက်ထိုင်ခုံလေးမှာ ဝင်ထိုင်လိုက်သည်။
ပျိုးလဲ သူ့ဘေးမှာ ဝင်ထိုင်လိုက်၏။
နောင်နောင်က ရှေ့မှာရှိနေသော ရေတမာပင်ကို အဓိပ္ပါယ်မဲ့ကြည့်ကာ ပင့်သက်တစ်ချက်ကို ရှိုက်လိုက်၏။
"ဖေဖေက အချစ်သူရဲကောင်းလေ ၊ လေးလေးလိုမိဘစကားနားထောင်တဲ့သားမဟုတ်ဘူး "
ထိုမှ အစပြုကာ တက္ကသိုလ်ကျောင်းသားဘဝမရောက်ခင် စပ်ကြားသူ့ဘဝအကြောင်းကိုရော သူ့အဖေ ဦးဆက်နေနောင် နဲ့ သူ့မိသားစုအကြောင်းကို ပျိုးအား ပြောပြလေသည်။
"ဖေဖေ့မိဘတွေက မေမေ့လို မိန်းမရွှင်တစ်ယောက်နဲ့ သဘောမတူဘူး သူတို့သဘောတူတဲ့မိန်းကလေးကိုလဲ ဖေဖေကမယူဘူးလေ၊ ပြီးတော့မေမေက တစ်ကောင်ကြွက်"
ပျိုး သူ့မေမေက မိန်းမရွှင်တစ်ယောက်ဆိုတာကို အခုမှသိခွင့်ရခဲ့တာပါ။စိတ်မကောင်းပါဘူး။
နောင်နောင် က ဆက်ပြော၏။
"မေမေ့ကိုယူရင် အမွေပြတ်မယ်ဆိုတာသိရက်နဲ့မေမေ့ကိုဇွတ်တရွတ်ယူခဲ့တာ၊မေမေကလဲ ဖေဖေကဘာဥစ္စာမှ မပိုင်တော့တဲ့လူတစ်ယောက်ဖြစ်တာတောင် ဖေဖေ့ကို ယူခဲ့တာ"
ပျိုး ခေါင်းညိတ်မိသည်။ပြီးတော့ စိတ်ထဲမှလည်း
နောင်နောင့်အဖေကို ချီးကျူးမိသည်။ဒီလောက်ချမ်းသာတဲ့မိသားစုနဲ့ အပြတ်ခံပြီး မိန်းမရွှင်တစ်ယောက်ကို ရဲရဲဝံ့ဝံ့ ယူရဲသည်ပေါ့။
"အဲ့ဒီမှာ Fedaral နဲ့ငါတို့ကဘာမှ မသက်ဆိုင်တော့ဘူးပေါ့၊ငါ့ကိုမွေးပြီးပြီးချင်းမှာပဲ မေမေကဆုံးသွားတယ် "
"ဟင်...နောင်နောင် မင်းအဆင်မပြေရင်ဆက်မပြောပါနဲ့တော့"
နောင်နောင် က ပျိုးကို ပြန်ငဲ့ကြည့်သည်။ပျိုး နောင်နောင်မျက်ဝန်းတွေကို မဖတ်တတ်ဘူး သူနာကျင်နေမလား။
"ငါ ဘာမှမဖြစ်ပါဘူးကွ ၊ဖေဖေက ငါ့ကိုအားလုံးပြောပြတုန်းကတောင် ဖေဖေဝမ်းနည်းမနေဘူး၊ ငါလဲ အခုဝမ်းမနည်းပါဘူး "
အမေကို ဓာတ်ပုံထဲမှာပဲ မြင်ခဲ့ရပေမယ့်၊ မင်းညီလာမောင်လို ရွှေပေါ်မြတင် မနေခဲ့ရပေမယ့် ပြီးတော့ မင်းကို သူ့လို....။
"ငါခုနှစ်တန်းနှစ်လောက်ရောက်တော့ လေးလေးက ဖေဖေ့ဆီလာတယ် ကိုယ်ပိုင်လုပ်ငန်းတစ်ခုလုပ်ဖို့ အရင်းအနှီးပေးပေမယ့် ဖေဖေက လက်မခံခဲ့ဘူး စက်ရုံတစ်ခုရဲ့သာမာန်မန်နေဂျာဘဝနဲ့ပဲ ငါ့ကို ပျိုးထောင်ခဲ့တယ်။ ဒါပေမယ့် ငါရှစ်တန်းေလာက်မှာပဲ ဖေဖေအသည်းရောဂါနဲ့ဆုံးတယ် အဲ့ဒီနောက်ပိုင်း ငါမိဘမဲ့ဖြစ်ခဲ့တာ "
"ဒါဆို မင်းကျောင်းဘယ်လို ဆက်တက်လဲ"
"လေးလေးပေါ့... လေးလေးကငါ့ကို ထောက်ပံ့ပေးတယ်လေ နောက်ငါဆယ်တန်းပြီး ၊ ငါ့ကိုလက်မခံတဲ့အဘိုးနဲ့အဘွားလဲ မရှိတော့မှ ညီလာရယ်၊ အန်တီခင်ရယ်၊ လေးလေးရယ် ငါ့ကိုလာခေါ်ခဲ့တာ "
ညီလာဆိုသည့် နာမည်ကြောင့် ပျိုးအာရုံထဲသူ့မျက်နှာထင်းခနဲ ပေါ်လာပါသည်။
"သြော်...မင်းက သိပ်သဘောထားကြီးတာပဲ နောင်နောင်ရ ၊ ငါသာမင်းနေရာမှာဆို.. "
"ကိုယ့်ဘိုးဘွားတွေကို စိတ်နာမိမယ်မလား"
ပျိုး ခေါင်းမညိတ်မိသော်ငြား ခေါင်းလဲမခါမိပါ။တကယ်လဲ စိတ်နာမိမှာကိုး။
"ငါ့ အဖေရဲ့ဘိုးဘွားတွေကိုစိတ်မနာပေမယ့် နည်းနည်းလေး စိတ်ဆိုးတယ်သိလား"
ထိုစကားကိုတော့ နောင်နောင်က ခပ်အက်အက် ရယ်လျက်ပြောသည်။
ငါ့ဘိုးဘွားတွေသာ မေမေ့ကိုချွေးမအဖြစ် လက်ခံခဲ့ရင်၊ ငါ့ကိုသာ မြေးအဖြစ်အသိအမှတ်ပြုခဲ့ရင်မင်းတို့မိသားစုနဲ့ ဆွေးမျိုးတော်စပ်ဖို့ တာဝန်အယူခံက ညီလာ မဟုတ်ဘဲ ငါဖြစ်နေခဲ့မှာလေ။
အခုလို မပိုင်ရတဲ့ပန်း ၊ သူများလက်ထဲကပန်းကို
ဘယ်ငေးနေရပါ့မလဲ။
"အင်း...မင်းအဖေက သနားဖို့ကောင်းသားနော်"
"ဖေဖေက သနားစရာမကောင်းပါဘူး အားကျစရာကောင်းတာ သူချစ်တဲ့မေမေ့ကို ပိုင်ဆိုင်ခွင့်ရတယ်လေ"
နောင်နောင်က သူ့ပါးပြင်နှစ်ဖက်ပေါ်က ပါးချိုင့်ရေးရေးလေးနှစ်ခုပေါ်သည်အထိ ပြုံးလိုက်ပါသည်။
ခဏကြာ နှစ်ယောက်သား ဟိုဟိုသည်သည် စကားထိုင်ပြောပြီးတော့ နောင်နောင်က သူ့ကားထဲက ကတ်ထူဘူးလေးကို ယူလာပြီး ပျိုးဆီပြန်လာခဲ့သည်။
"ရော့ မင်းအတွက်"
ပျိုး က သူ့လက်ထဲက ကတ်ထူဘူးကိုယူလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လက်ညှိုးထိုးကာ...
"ငါ့အတွက်"
"အင်းလေ မင်းအတွက်"
ပျိုး ကတ်ထူပြားပေါ်မှာ ကြယ်ပန်း Background နှင့် ကတ်ပြားပေါ်က Happy Birthday ဆိုသည့် စာလုံးလေးကြောင့် ကြောင်တောင်တောင်ဖြစ်သွားရသည်။
ဒီနေ့က သူ့မွေးနေ့လေ ပျိုးမွေးနေ့မှမဟုတ်ဘဲ။
"နောင်နောင် ဒါက"
"မွေးနေ့ လက်ဆောင်လေ... မင်းမွေးနေ့အတွက်လက်ဆောင်"
ပျိုး သူ့ကိုနားမလည်စွာကြည့်လိုက်သည်။
"ငါ မင်းကို မွေးနေ့လက်ဆောင်ပေးလာခဲ့တာ ဆယ်နှစ် နော် ဒီတစ်ကြိမ်ပျက်ကွက်မိမှာဆိုးလို့ကြိုပေးတာ "
"ဘာလို့လဲ မင်းကဘာလို့ပျက်ကွက်မှာလဲ"
နောင်နောင်က ပေါ့ပေါ့ပါးပါး ပင်ရယ်လျက်..
"အော်...ငါကခုဆို fedralရဲ့ CEO ဖြစ်လာပြီလေကွာ မင်းမွေးနေ့ကို အလုပ်တွေကြောင့်မေ့ရင်မေ့မှာပေါ့"
ပျိုးနဲ့သူ ခင်မင်ခဲ့တဲ့ Uni first year ကစလို့ သူစင်္ကါပူ ရုံးခွဲမှာတုန်းအလုပ်လုပ်နေတဲ့နှစ်တွေမှာလည်း ပျိုးမွေးနေ့ ဒီဇင်ဘာလ နှစ်ဆယ့်သုံးရက်နေ့ဆိုလျှင် နောင်နောင့်ဆီကမွေးနေ့လက်ဆောင်ကိုအမြဲ ရတတ်သည်။
ပျိုး ထိုစက္ကူဘူးကို မဖွင့်ကြည့်ပေမယ့် အထဲကပစ္စည်းကို ခန့်မှန်းမိပြီးသား။အဲ့ဒီတစ်ခု နောင်နောင်က ဘာမှန်းမသိ သူက နှစ်တိုင်းမွေးနေ့လက်ဆောင်ကို တစ်မျိုးတည်းပေးသည်ကို။
"ဘာလဲ တက္ကသိုလ်ဘုန်းနိုင်ရဲ့' သူငယ်ချင်းလိုပဲ ဆက်၍ ခေါ်မည်ခိုင် ' ပဲမဟုတ်လား"
"မဟုတ်ပါဘူး ကွ "
ဒါဖြင့်!
ပျိုးက စက္ကူဘူးကို ဖွင့်မည်အပြု...
"ဟေ့ကောင်...အခုတော့မဖွင့်နဲ့ကွာ မင်းမွေးနေ့မှဖွင့်ကြည့်"
ပျိုး နောင်နောင့်ကို ပို၍ ပို၍ပင်နားမလည်နိုင်ဖြစ်လာခဲ့ရသည်။
"မွေးနေ့လက်ဆောင်လေကွာ...မင်းမွေးနေ့မှ ဖွင့်ကြည့်ပေါ့"
ပျိုး လက်လျော့လိုက်သည်။သူ့ရှေ့မှာမဖွင့်တော့ဘူး။ နောင်နောင့်မွေးနေ့အတွက် လက်ဆောင်ကတော့ ဒီကအပြန် နေ့လယ်စာအတူတူစားပေးရမည်။ဒါက သူ့မွေးနေ့မှာ ပျိုးကိုတောင်းဆိုသည့်တစ်ခု။ကျောင်းပြီးကတည်းက ဒါပထမဆုံး သူ့ကိုမွေးနေ့လက်ဆောင်ပြန်ပေးခြင်းပေါ့။
နောင်နောင်က ခုံမှာ ပြန်ဝင်ထိုင်လိုက်သည်။
"ဥယျာဥ်...မင်းငါ့ကို သိလား"
ပျိုး မျက်မှောင်တစ်ချက်ကြုတ်လိုက်သည်။ဒီအရူးကဘာပိုးထပြန်တာလဲ။
"သိတယ်လေ မင်းက ငါ့ရဲ့တစ်ဦးတည်းသော သူငယ်ချင်း ၊ အကောင်းဆုံးသော သူငယ်ချင်း နောင်နောင်ပဲကို"
နောင်နောင်က ခပ်ယဲ့ယဲ့ ပြုံးကာ ခေါင်းညိတ်ပြန်သည်။အင်း...သူငယ်ချင်း။
"ပျိုးဥယျာဥ်...မင်းက ငတုံးပဲကွ"
"ဘာလို့ ငါက ငတုံးဖြစ်ရတာလဲ မင်းသာ ရူးကြောင်ကြောင်တွေ မေးလိုက်၊လုပ်လိုက် လုပ်နေတာလေ ငါ့ကိုဘာလို့ နှစ်တိုင်းစာအုပ်တစ်အုပ်တည်းကို ထပ်ခါတစ်လဲလဲ ပေးတာလဲ ပြောပါဦး"
"မင်းကို ဖတ်စေချင်လို့ပေါ့ကွ"
မင်းကို ဖတ်ကြည့်စေချင်လို့ပေါ့ ငါ့နှလုံးသားကို။!
ရင်အတွင်းမှ သူမကြားအောင်ရေရွတ်မိသည်။
အဲ့ဒီဝတ္တု မင်းကိုငါ ဆယ်ကြိမ်တိုင်ပေးလို့ မင်းဆယ်ကြိမ်ဖတ်ချင် ဖတ်လိမ့်မယ်။မဖတ်ရင်လဲ မဖတ်ဘူးပေါ့။ဒါပေမယ့် အနည်းဆုံးတစ်ကြိမ်တော့ ဖတ်ဖြစ်တယ်မဟုတ်လား။
ငါ့နှလုံးသားကိုတော့ မင်းတစ်ကြိမ်မှ ဖတ်မကြည့်ခဲ့ဘူး ဥယျာဥ်။
လူတွေက သီချင်းတစ်ပုဒ်ကိုနားထောင်တဲ့အခါ ၊ ဝတ္တုတစ်ပုဒ်ကို ဖတ်တဲ့အခါ အဲ့ဒီသီချင်း၊ဝတ္ထုမှာ
ကိုယ်နဲ့ပတ်သက်သူကို သတိရတတ်ကြတယ်တဲ့လေ။
တက္ကသိုလ်ဘုန်းနိုင်ရဲ့ အဲ့ဒီဝတ္ထုမှာ ငါ့ကိုဘယ်ဇာတ်ကောင်နေရာမှာထားသလဲ ငါသိပ်သိချင်တယ်။ပြီးတော့မင်းရော ဘယ်ဇာတ်ကောင်နေရာမှာနေသလဲ။
--------။
1994 , September, 2
Happy Birthday, Naung Naung.
To Naung Naung - အချစ်ကိုအချစ်နဲ့ထပ်တူကျပြီး ဘဝတစ်လျှောက် အေးချမ်းပါစေကွယ်။
_______။
part-27...
Ts🖤