လီဝေ့ရန်သည် သူမ၏အရှေ့ရှိယောက်ျားသည် အလေးနက်ဖြစ်နေပြီး သစ္စာမဲ့သော စိတ်ရှိသော်လည်း၊ သူသည် မိန်းမတစ်ယောက်၏နှလုံးသားကို သိမ်းပိုက်လိုသောအခါတွင် ငြင်းဆန်ဖို့ရန် အလွန်ခက်ခဲကြောင်း လီဝေ့ရန်က တွေ့ရှိမိသည်။ အဲဒါကို တွေးကြည့်ရင် အဓိပ္ပါယ်တော့ရှိတယ်။ သူမ၏ယခင်ဘဝနှင့် အတွေ့အကြုံများသာ မရှိပါက၊ သူမသည် အဆင်သင့်သဘောတူမိသွားနိုင်သည်။ သူမသည် ဤအချက်ကို စဉ်းစားပြီးနောက် မြင်းကို စပ်စပ်စုစုစိုက်ကြည့်ကာ
“တကယ်ပဲ တို့အတွက်လား” ဟုဆိုလိုက်သည်။
လီယွမ်ဟန့်က အားတက်သရော ခေါင်းညိတ်ပြပြီး
“မင်း သူ့ကို နာမည်ပေးလို့ရသားပဲ”
ဟေ့ချန်က အရင်ထခုန်လိုက်ပြီး “ချူယွမ်ဆိုရင်ဘယ်လိုလဲ။ ကြားရမှာ သိပ်ခမ်းနားနေမှာ”
(ချူယွမ်=တိမ်လွှာထက်သာလွန်၍)
ချူယွမ်!၊ ချူယွမ်! လီဝေ့ရန်က တစ်ခုခုကို တွေးမိပြီးနောက် ဟေ့ချန်အား ပြုံးပြပြီး
"နာမည်လေးက ကောင်းသားပဲ”
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ ဟေ့ချန်သည် သူမ၏အကြံအစည်အားလုံးက ပြိုင်ဘက်၏ချုပ်ကိုင်မှုအတွင်းမှာ ရှိနေတယ်ဟု ခံစားလိုက်ရသည်။ သူမက ပြုံးနေပေမယ့် ဒီအပြုံးက အနည်းငယ် စိတ်မသက်မသာ ဖြစ်နေရပြီ။
ပထမဆုံးအကြိမ်အဖြစ် သူမကိုထိုးထွင်းမြင်ခံလိုက်ရတဲ့ ခံစားချက်ကို ခံစားမိတယ်။ ဒါပေမယ့် ဒီလိုခံစားချက်မျိုးက မဆိုးပါဘူးလို့ ဟေ့ချန်က တွေးလိုက်သည်။ သူမ လီဝေ့ရန်ကို သဘောကျတယ်။ သူမကဲ့သို့ မရေမတွက်နိုင်သော လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားသည့် ဤမိန်းကလေးကို သူမ သဘောကျတယ်။ ဝေ့ရန်သာ သူမ၏ဆန့်ကျင်ဘက်ဘက်တွင် မရပ်တည်ပါက ဘယ်လိုနည်းနဲ့မဆို မိတ်ဖွဲ့ချင်မိတယ်။ သူတို့ဘက်က ရပ်တည်လိုစိတ်ရှိရင် ပိုတောင်ကောင်းသေးတယ်။ ဟိုယောက်ျားတွေကို မေ့လိုက်စမ်းပါ! သူမသည် သူတို့အားလုံးကို သူမ၏ခြေထောက်အောက်တွင် နင်းခြေပစ်နိုင်သည်။ လီဝေ့ရန်မှာလည်း တူညီသော အကြံအစည်ရှိနေတယ်ဟု သူမယုံကြည်မိသည်။
တချို့လူတွေက တော်တော်ထူးဆန်းတယ်။ တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖူးတာဖြစ်နိုင်ပေမယ့် ဆုံတွေ့တဲ့ခဏမှာတော့ တစ်ယောက်နဲ့တစ်ယောက် ထာဝရသိနေကြသလို ခံစားရပြီး လူယုံအဖြစ် ဆက်ဆံဖို့အထိဖြစ်လာကြတယ်။ ယခုတော့ ဟေ့ချန်သည် ဤကဲ့သို့ ခံစားလာရသဖြင့် အလွန်သိမ်မွေ့နက်နဲစွာဖြင့် ဒီကိစ္စအား လီယွမ့်ဟန်ကို မပြောပြရန်ပင် ဆုံးဖြတ်ထားလိုက်သည်။ ဟုတ်တယ်၊ လီဝေ့ရန်ဘာလုပ်မယ်ဆိုတာကို သူမကိုယ်တိုင်မြင်ချင်တာကြောင့် သူ့ကို ပြောပြမှာ မဟုတ်ဘူး။
ဤအရာသည် သိပ်ကို သိပ်ကိုစိတ်ဝင်စားဖွယ်ကောင်းလာတော့မှာပဲ။
"ရှေ့က တောအုပ်ထဲမှာ အမဲလိုက်ကစားပွဲရှိသေးတယ်"
လီယွမ်ဟန့်က လူများအမဲလိုက်လေ့ရှိသည့် မဝေးလှသောအရပ်ကို ညွှန်ပြနေသည်။ တော်ဝင်အမဲလိုက်ကွင်းများနှင့် မနှိုင်းယှဉ်နိုင်သော်လည်း မြို့တော်ရှိသြဇာကြီးမားသောမှူးမတ်များ၏ သားသမီးများသည် ထိုဒေသသို့ မကြာခဏလာရောက်အမဲလိုက်လေ့ရှိသည်။
လီဝေ့ရန်သည် တိတ်တဆိတ်သဘောတူစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူမ၏ခွင့်ပြုချက်ရရှိပြီးနောက် လီယွမ်ဟန့်သည် ကုန်းနှီးနှင့်ကြာပွတ်ကိုပြင်ဆင်ရန် တစ်စုံတစ်ဦးအား အလျင်အမြန်အမိန့်ပေးပြီးနောက် လီဝေ့ရန်အား လှံတံကို ယဉ်ကျေးစွာပေးလာသည်။ လီဝေ့ရန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီးနောက် သူမ၏ အနောက်က မကျေနပ်တဲ့ လူငယ်လေးဆီ လှည့်ကာ
"မင်းစိတ်ဝင်စားရင် မင်းလည်း လိုက်လာလို့ရတယ်လေ"
လီမင်တိက မျက်ခုံးပင့်ပြီး "အရှင်မင်းသားက ဒါကို အဆင်ပြေပါ့မလား?"ဟု လီယွမ်ဟန့်ကိုမေးလိုက်သည်။
လီယွမ်ဟန့်က အားရပါးရပြုံးကာ "သေချာပေါက် ရတာပေါ့! ကျုပ်က လီသခင်လေးအတွက်လည်း မြင်းကို ပြင်ဆင်ပြီးထားပါပြီ!"
ဟေ့ချန်သည် သူတို့အဖွဲ့ရှိလူနည်းစု၏ အပြုအမူများကို သတိပြုမိနေသည်။ သူမ၏ မြင်ကွင်းထဲတွင် လီယွမ်ဟန့်၊ လီဝေ့ရန်နှင့် ထိုချောမောလှသော အမျိုးကောင်းသား၃ယောက်ပါသည့် အံဝင်ခွင်ကျ မြင်ကွင်းတစ်ခုက ထင်ရှားနေတယ်။ သူမက ရယ်မောလိုက်မိတယ်။ လီဝေ့ရန်၊ ဪ၊ လီဝေ့ရန်၊ မင်းကိုကိုင်တွယ်ရတာ လွယ်ကူတဲ့လူ မဟုတ်သလိုပဲ။ မင်းအနားမှာ ဆွဲဆောင်မှုရှိတဲ့ လူငယ်လေးတစ်ယောက်ရှိနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိနေရပေမယ့် တို့ရဲ့စတုတ္တအစ်ကိုဖြစ်သူနဲ့လည်း နီးလည်းမနီးကပ်သလို အဝေးမှာလည်း မနေပြန်ဘူး။
"ကောင်းလိုက်တာ!"
လီမင်တိ၏အပြုံးသည် သိမ်မွေ့နေပုံရသည်။
လူလေးယောက်နှင့် မြင်းလေးကောင်ကို လေးနှင့်မြှားများ တပ်ဆင်ထားသော်လည်း လီဝေ့ရန်နှင့် လီယွမ်ဟန့်တို့သည် အရှေ့တွင် စကားစမြည်များပြောကာ ရယ်မောနေကြပုံမှာ သူတို့သည် အမဲလိုက်ရန် ရည်ရွယ်ချက်တောင်မရှိကြပုံပေါ်နေတယ်။ လီမင်တိသည် ဤမြင်ကွင်းကိုမြင်လိုက်သောအခါတွင် သူ၏ ချောမောသောမျက်နှာသည် မတတ်သာစွာ တဖြည်းဖြည်းအေးစက်သွားကာ သူ့ပတ်ဝန်းကျင်ရှိလူများကို ကြောက်လန့်သွားစေရသည်။ သို့သော် ဒါကိုမြင်သော မိုဖေ့ပြည်မှ အခြားသူများကမူ ဘာမှအမူအရာပျက်ချင်းမရှိစွာသတိပြုမိကြသည်။ မိုဖေ့ပြည်ရှိ အမျိုးသမီးများအားလုံးသည် အမျိုးသားများနှင့်တန်းတူ မြင်းစီးနင်းတိုက်ခိုက်ကြပြီး ယောက်ျားများနှင့်ယှဉ်လျှင် ပို၍ပင် ရက်စက်ကြသည်မလား။ သူတို့၏အမြင်အရ၊ ဤအန်းဖိန်မင်းသမီးသည် ရဲရင့်လွန်းသည်ဟုသာ ယူဆကြတယ်။
"လီသခင်လေး၊ ဟိုဘက်မှာ ကစားပွဲရှိတယ်နော်"
ဟေ့ချန်က ချုံပုတ်အတွင်းပုန်းနေသည့် မီးခိုးရောင်ယုန်တစ်ကောင်ကို ရယ်မောရင်း လက်ညှိုးထိုးပြလိုက်တယ်။ သူမ၏ စကားမဆုံးခင်မှာ လီမင်တိက မြှားတစ်စင်းကို ရှေ့သို့ပစ်ခဲ့သော်လည်း ဘာမှမထိမှန်ခဲ့ပေ။ မီးခိုးရောင်ယုန်သည် တစ်နေရာရာသို့ ကြာမြင့်စွာပြေးသွားတော့တယ်။ ဟေ့ချန်က သူ့ကို စကားအနည်းငယ်နဲ့ ကျီစယ်ချင်ပေမယ့် သူသည် အစကတည်းက သားကောင်ရဲ့ ဦးတည်ရာကို မကြည့်နေတာကို သိလိုက်ရတယ်။ ဆန့်ကျင်ဘက်အားဖြင့် သူ့မျက်နှာသည် ရုပ်တုတစ်ခုလိုပင်။ လှုပ်ခါနေသည့် တစ်ခုတည်းသောအရာမှာ သူ၏လောင်ကျွမ်းနေသော အကြည့်များပင်ဖြစ်သည်။ သူကြည့်နေသည့် ဦးတည်ရာမှာ လီဝေ့ရန်နှင့် လီယွမ်ဟန့်တို့၏ရှေ့တွင် အတိအကျ ရှိနေတယ်။
ဟေ့ချန်က သိမ်သိမ်မွေ့မွေ့ မရယ်မောဘဲမနေနိုင်ဖြစ်နေမိတယ်။ တခြားလူတွေက မိုဖေ့တော်ဝင်မိသားစုက ပရော်ပရည်ဖြစ်တယ်ဆိုပြီးပြောကြပေမယ့် ဒါကအမှန်ပင်။ သို့သော် သူတို့နှစ်ဦးသည် ဖခင်ဘက်ကတော်စပ်သည့်ဝမ်းကွဲမောင်နှမများဖြစ်သည်ဟု ဆိုကြပြီး ဆက်ဆံရေးမှာ ဒွိဟဖြစ်စရာပဲ။ ဘယ်နေရာမှာမဆို ပြောပြလို့မရတဲ့ ဆက်ဆံရေးတွေကရှိတတ်တယ်မလား။ သူမသည် မျက်လုံးလေးများ ပုတ်ခတ်ပုတ်ခတ်ဖြင့် သူမ၏မြင်းကို အနီးသို့ကပ်စေရန်တွန်းလိုက်သည်။ သူမ၏အပြုံးသည် ပို၍ချိုမြိန်လာပြီး ဆွဲဆောင်မှုအရိပ်အမြွက်ပင် သယ်ဆောင်လာရင်း ခေါင်းလေးကို အနည်းငယ်စောင်းငဲ့ကာ လီမင်တိအား
"တာ့လီပြည်ရဲ့ရှုခင်းတွေက သိပ်လှတယ်လို့ လူတွေက ပြောကြတယ်။ လီသခင်လေးက တို့ရဲ့ လမ်းပြဖြစ်ပေးနိုင်မလား မသိဘူး"
လီမင်တိက သူမကို တစ်ချက်တောင် မကြည့်ပေ။ သူသည် ရှုခင်းကို အနည်းငယ်မျှတောင် မပျော်မွေ့ မခံစားနေတာက သိသာလှတယ်။
သူ့မျက်ဝန်းတွေက လီဝေ့ရန်ဆီမှာပဲ လက်တွေ့ကျကျ ရှိနေသဖြင့်ဟေ့ချန်က ရယ်မောပြီး
"လီသခင်လေး၊ ရှင်က ရှင့်အစ်မကို နှစ်ခြိုက်တယ်ဆိုရင်တောင် ရှင် သူမကို မိတ်ဆွေဖွဲ့နေတာတွေကိုတော့ တားမြစ်လို့မရဘူးလေနော်”
ထိုမှသာ လီမင်တိက လှည့်ကြည့်လိုက်သည်။ ဟေ့ချန်ကို ဘေးဘက်ကနေတစ်ချက်ကြည့်လိုက်ပြီး သူက ရုတ်တရက်ပင်
"မင်းသမီး ဟေ့ချန်၊ ဒီလိုလှည့်စားမှုကို ရပ်လိုက်ပါ။ မင်းရဲ့ ပေါပေါပဲပဲလှည့်ကွက်တွေကို ကျုပ် ဂရုစိုက်တယ်လို့ မင်းထင်နေတာလား?"
ဟေ့ချန်၏မျက်နှာသည် အနည်းငယ်ပြောင်းလဲသွားပြီး
"ရှင်ပြောတာကို တို့နားမလည်ဘူးရယ်!"ဟု လက်ငင်းဖြေကြားလာသည်။
လီမင်တိ၏နှုတ်ခမ်းများသည် ကွေးညွှတ်သွားကာ ရေခဲလိုအေးစက်သောအပြုံးကို ထုတ်ဖော်ပြသနေသော်လည်း သူက ရုတ်တရက် အရှိန်ပြင်းပြင်းနှင့် အရှေ့ဘက်တောအုပ်ဆီသို့ ပြေးသွားသည်။ သူသည် သူမတို့နှစ်ယောက်ကို နှစ်ကိုယ်ထဲအချိန်မပေးချင်တာ ထင်ရှားနေတယ်။လီယွမ်ဟန့်က အခုလီဝေ့ရန်ကို ဘာမှလုပ်ပေးမှာမဟုတ်ဘူးဆိုတာကို သူသိပေမယ့် ဝေ့ရန်က သူ့ကို အခွင့်အရေးမပေးပဲ ယေဘုယျအားဖြင့်တော့ တခြားယောက်ျားတွေနဲ့ ပျော်ရွှင်စွာရယ်မောနေတာမျိုးကို သူ မမြင်ချင်သေးဘူး။
ချစ်ခြင်းမေတ္တာအတုအယောင်တစ်ခုဖြစ်ကြောင်း သူ ကောင်းကောင်းသိသော်လည်း မည်သို့ပင်ဆိုစေကာမူ အဆင်မပြေလှပေ။ သူသည် ထိုဦးတည်ချက်မှ လှုပ်ရှားမှုကို နားထောင်နေပြီး လေပြည်တိုက်၍ သယ်ဆောင်လာသော နှစ်ဦးကြား စကားပြောသံကို ကြားလိုက်ရသည်။
လီဝေ့ရန်က "စတုတ္ထမင်းသားက ဘယ်လောက်ကြာကြာနေဖို့ အစီအစဉ်ရှိတာများလဲ"
လီယွမ်ဟန့်သည် "မူလကတော့ လွန်ခဲ့တဲ့ ၂ရက်အတွင်း ကျုပ်ထွက်ခွာဖို့ စီစဉ်ထားခဲ့ပေမယ့် အခုတော့ နောက်ထပ် ရက်အနည်းငယ် ဆက်နေရဦးမယ်"
လီဝေ့ရန်၏အသံမှာ အနည်းငယ် အံ့အားသင့်သွားကာ
"ဒီမှာ မပြီးစီးသေးတဲ့ လုပ်ငန်းတစ်ခုရှိနေသေးလို့များလား"
လီယွမ်ဟန့်က သဘာဝကျကျ တွန့်ဆုတ်နေဟန်ဖြင့်
“တကယ်တော့ အရှင်မင်းကြီးက နန်အန်းမြို့စားရဲ့ တရားဝင်သမီးကို ကျုပ်နဲ့ လက်ထပ်ထိမ်းမြားခွင့်ချီးမြှင့်ပေးခဲ့တယ်” ဟုဆိုသည်။
လီဝေ့ရန်က နားထောင်သော်လည်း ပေါ့ပါးသောအသံဖြင့် "အင်း"ဟုသာ ဆိုသည်။ လီချန်းယွိသည်လည်း နန်အန်းမြို့စား၏ တရားဝင်ဒုတိယသားနှင့် ထိမ်းမြားဖို့ကြောင်းလမ်းထားသည်။ သူမတို့အကြောင်းပြောရရင် မိသားစု၂စုက အတော်လေးဆက်ဆံရေးရှိနေတာပဲ။ ....သူမက သူမဘာသာသူမ ရေရွတ်လိုက်မိတယ်။
"နန်အန်းမြို့စားရဲ့သမီးက နူးညံ့သိမ်မွေ့ပြီးတော့ မိန်းမပျိုနအင်္ဂါရပ်နဲ့အညီ သူမရဲ့ ရုပ်ရည်ကလည်း ကောင်းမွန်သားပဲ။ ဂုဏ်သိက္ခာရှိတဲ့အိမ်ထောင်စုက သခင်မလေးတွေအကြားတောင် သူမလိုလူက ရှားပါပေ့“
ဒါဟာ အဓိပ္ပါယ်မရှိတာချည်း။ နန်အန်းမြို့စားရဲ့တရားဝင်သမီးပျိုက အိမ်ထောင်ကျသွားတာကြာလှပြီ။ ဒီမိုဖေ့ပြည်မင်းသားနဲ့ လက်ထပ်ဖို့ နောက်တစ်ယောက်က ဘယ်မှာရှိမှာတဲ့လဲ? နန်အန်းမြို့စားသည် ရှင်ဘုရင်နဲ့လက်ဝါးချင်းရိုက်ကာ ကိုယ်လုပ်တော်မှမွေးသောသမီးကို အထောက်အပံ့အဖြစ် အသုံးချလိုက်ပြီဟု သူမက သံသယဖြစ်မိသော်လည်း လီယွမ်ဟန့်ကိုတော့ ထုတ်ပြောမည်မဟုတ်ပေ။
"မင်းက ရယ်ရင်ပိုလှတယ်!"
လီယွမ်ဟန့်သည် သူမ၏စကားကိုကြားဟန်မတူဘဲ ယင်းအစား လီဝေ့ရန်ကို စတင်ချီးမွမ်းလာသည်။ တကယ်ပဲ လီဝေ့ရန်က ရယ်ခဲလှပေမယ့် သူမရဲ့အပြုံးက တော်တော်လေးလှတယ်။
ရယ်မောတဲ့အခါ စိတ်မသက်မသာဖြစ်ပုံရတဲ့ မိန်းကလေးတွေဆိုတာမျိုးက မရှိဘူး။ လီဝေ့ရန်သည် သူမကိုယ်သူမ အလွန်သတိထားနေခဲ့တာဖြစ်သည်။ ချောမောတဲ့ယောကျာ်းသားက သူမကို နည်းနည်းလောက်ချီးမွမ်းရုံနှင့် ကောင်းကင်ကြီးဘယ်လောက်မြင့်သလဲ ဒါမှမဟုတ် မြေကြီးဘယ်လောက်နက်တယ်ဆိုတာမျိုးကို သူမ မမေ့ပါဘူး။ သူမသည် တိုးတိုးလေးသာပြောလိုက်သည်မှာ
“အရှင်မင်းသားက စေ့စပ်ကြောင်းလမ်းပြီးပြီဆိုတော့ သတို့သမီးအသစ်လေးနဲ့ မကြာခင် ပြန်သွားရမှာပဲ“
လီယွမ်ဟန့်၏မျက်နှာသည် ရုတ်တရက်နီမြန်းသွားသော်လည်း သူ့အသံက ရုတ်တရက် နူးညံ့လာပြီး
"ဒါပေမယ့် ကျုပ်က သူမကို တစ်ခါမှ မတွေ့ဖူးသလို သူမကို ကျုပ် မနှစ်ခြိုက်ဘူး။ အစကတည်းက ကျုပ်ရွေးချယ်ခဲ့တဲ့လူက မင်းပဲ"
လီဝေ့ရန်က မျက်မှောင်ကြုတ်လိုက်ပြီး
"ဒါပေမယ့် ကျီရှန်နန်းတော်က အကြောင်းပြချက်မရှိဘဲ မီးလောင်သွားရတယ်။ အရှင်မင်းမြတ်က ဒီအိမ်ထောင်ရေးကို ပယ်ဖျက်ပြီးသွားပြီ။ ရှင်ဘုရင်မရဲ့နှုတ်ထွက် စကားတော်က အလေးချိန်ထောင်ချီလေးနက်တယ်ဆိုတာ နားလည်ထားသင့်တယ်။ သူ့ဆုံးဖြတ်ချက်က အတည်ဖြစ်ပြီးတော့ နှစ်သက်သလို ပြောင်းလို့မရဘူး"
လီယွမ်ဟန့်၏အသံသည် အထူးခိုင်မာစွာဖြင့်
"ဟုတ်တာပေါ့ ကျုပ်သိပါတယ်၊ ဒါပေမယ့် ကျုပ် မင်းကို ဒီနေရာမှာ စောင့်နေပါ့မယ်၊ မင်းသဘောတူတဲ့အထိ စောင့်နေမယ် ဆိုတာ ကျုပ် မင်းကို ပြောချင်တယ်။ ဒါ့ပြင် ကျုပ်ရဲ့ ပဏာမဇနီးသည်ရာထူးက မင်းအတွက် သီးသန့်ပဲ"
ခဏလောက်ကြာတော့ လီဝေ့ရန်ရဲ့ လေသံက အနည်းငယ်စိတ်ပျက်သွားဟန်ဖြင့်
"အိမ်ထောင်အရင်ပြုမယ့်သူက ဇနီးသည်ဖြစ်လာပြီး နောက်မှခိုးပြေးသွားရတဲ့သူက ကိုယ်လုပ်တော်ဖြစ်သွားရမယ်။ စတုတ္ထမင်းသားက ရှင့်ရဲ့ခံစားချက်တွေကို ဝန်ခံဖို့ အရမ်းအာရုံစိုက်နေတာပဲ။ ရှင်က တို့ကို ခိုးရာလိုက်ခိုင်းနေတာလား?"
လီယွမ်ဟန့်၏မျက်လုံးများသည် လေးနက်မှုအပြည့်ရှိလာပြီး သူ၏ထောင့်ကျသောမျက်နှာကို လုံးဝရိုးသားစွာမြင်ရစေကာ
"မဟုတ်ဘူး၊ ခိုးပြေးခြင်းလို့ ခေါ်တယ်ဆိုတာက မင်းမှာရှိမယ့် သဘောတရားတစ်ခုသာသာပဲ။ မင်းသာ တာ့လီပြည်ထားခဲ့ပြီး ကျုပ်နဲ့လိုက်လာမယ်ဆိုရင် ကျုပ်တို့လာတဲ့အရပ်က အဲဒါကို ဘယ်လိုမြင်ကြမလဲဆိုတာ မင်းသိမြင်လာလိမ့်မယ်။ ကျုပ်ရဲ့ မယ်တော်နဲ့အတူတူလိုမျိုးပဲလေ။ သူမရဲ့မိသားစုနောက်ခံက သိပ်မရှိလှသလို သူ့မှာ ခင်ပွန်းရှိပြီးသားဖြစ်ခဲ့ပေမယ့်လည်း အခုသသူက ကျုပ်ရဲ့အဖဧကရာဇ်ကိုချစ်နှစ်သက်တာမို့ အရာရာတိုင်းကို သူမဘေးချိတ်ထားပြီး သူ့နောက်ကိုလိုက်ဖို့ ညဘက်ကြီးထွက်ပြေးလာတယ်။ ဘယ်သူမှ သူမကို မလှောင်ပြောင်ခဲ့သလို တခြားသူတွေကလည်း သူမရဲ့ ရဲစွမ်းသတ္တိကိုပဲ ချီးကျူးခဲ့ကြတယ်"
လီဝေ့ရန်က ပြုံးလိုက်ပုံမှာ ထိုဇာတ်လမ်းကို သိပ်စိတ်မဝင်စားသည့်ပုံပင်။ လီယွမ်ဟန့်က အနည်းငယ် စိတ်ရှုပ်သွားရသည်။ သာမာန် ဂုဏ်မြင့်သော သခင်မလေးများသည်သာဆို ဤပုံပြင်မျိုးများကိုကြားသိပြီးနောက် လွန်စွာစိတ်လှုပ်ရှားသွားကြလိမ့်မည်။ သူ့ကို သေချင်စိတ်ပေါက်သည်တဲ့အထိ ငြီးငွေ့စေတဲ့ တာ့လီပြဇာတ်တွေလိုပင် ထူးချွန်ပြီး ပြည့်စုံတဲ့စာပေ ပညာရှင်တွေကို မိန်းမပျိုလေးတွေက ချစ်မိသွားပြီး သူတို့ရဲ့ ဂုဏ်မြင့်တဲ့မိသားစုအဆင့်အတန်းကို မဆင်မခြင် စွန့်လွှတ်ကာ အတူခိုးပြေးသွားကြတာမျိုးပေါ့။ ယင်းနောက် စာပေပညာရှင်များသည် တော်ဝင်အမှုထမ်းစာမေးပွဲများတွင် အမှတ်အများဆုံးများဖြစ်လာပြီး လူတိုင်း၏ကြည်နူးမှုဖြင့် ဂုဏ်မြင့်စေသောအားဖြင့် မိန်းမပျိုလေးနှင့်အတူ ပြည်တော်ပြန်လာကြမည်။ ဒါက ဒီအမျိုးသမီးတွေ လိုချင်တဲ့ ပုံပြင်မျိုး မဟုတ်ဘူးလား? မဟုတ်ဘူး၊ လီဝေ့ရန်လို ဉာဏ်ရည်ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်က အချစ်ဇာတ်လမ်းကို တောင့်တနေရလို့ လွယ်လွယ်နဲ့ယိမ်းနွဲ့မယ့်သူတော့ မဟုတ်ဘူး။ ဆိုတော့ကား သူသည် တခြားကဏ္ဍတွေမှာ ပိုကြိုးစားရတော့မှာပဲ။
သူက ဒီအကြောင်းကို တွေးမိပြီး ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပုံဖြင့်
"မနေ့ကညနေက ကျုပ် ညီအစ်ကိုကျောင်းဟွာဆီ အလည်သွားခဲ့သေးတယ်။ စကားစမြည်ပြောနေတုန်း မင်းအပေါ်ထားတဲ့ သူ့ရဲ့မုန်းတီးမှုက လျော့မသွားဘူးဆိုတာ ကျုပ်မြင်ခဲ့ရတယ်။ နောက်ပြီး နယ်စားကြီးကျောင်းက ၂ရက်အကြာမှာ ပြန်လာလိမ့်မယ်ဆိုတော့ မင်းကို အန္တရာယ်ပြုဖို့ ထောင်ချောက်တွေဆင်ထားမှာကို ကျုပ်ကြောက်မိသား။ ကျောင်းဟွာက ကျုပ်ရဲ့ သွေးသောက်ညီနောင်ဆိုပေမယ့် မင်းက ကျုပ်ရဲ့ နှလုံးသားထဲကလူဆိုတော့ မင်းကို တစ်စုံတစ်ခုလွဲချော်သွားတာမျိုး မဖြစ်စေချင်ဘူး။ သို့ပေမယ့် မင်းတို့၂ယောက်ထိပ်တိုက်တွေလာမယ်ဆိုရင်တော့ မင်းဘက်မှာပဲ ကျုပ်ရပ်တည်မှာ သေချာတယ်" လို့ ပြောပြီး အမိန့်တံဆိပ်ပြားတစ်ခုကို ပေးလာတယ်။
"ဒီ အမိန့်ပြားကို ကိုင်ထားမယ်ဆိုရင် မင်းကျုပ်ကိုရှာဖို့ နားနေစခန်းကို အချိန်မရွေးလာ လို့ ရတယ်"
ထိုကဲ့သို့ လေးလေးနက်နက် ချစ်ခင်မှုရှိသော အကြည့်ဖြင့်သာဆို သူမသည် မသိနားမလည်သောမိန်းမပျိုလေးဖြစ်ခဲ့လျှင် သူမသည် သူ့ကို ကြွေကြသွားမည်မှာ သေချာတယ်။ သွေးသောက်ကျမ်းသစ္စာကျိန်ဆိုထားသော ညီအစ်ကိုနှင့် ချစ်လှစွာသောမိန်းမကြားတွင် လှပသောမိန်းမပျိုလေးကို ရွေးချယ်မည်တဲ့လား? ဒီစကားတွေက တစ်နည်းနည်းနဲ့ ရယ်စရာကောင်းပုံရတယ်။ လီဝေ့ရန်သည် အမိန့်တံဆိပ်ပြားကို ယူလိုက်ပြီး သူမ၏အပြုံးသည် အနည်းငယ်နက်ရှိုင်းလာသည်။ လီယွမ်ဟန့်အမြင်အရမူ သူမကတကယ်ကြီး ရင်ထဲထိရှသွားပုံရနေသည်။
"ဒါဆိုလည်း ကျေးဇူးပဲနော်"
လီယွမ်ဟန့်က နူးညံ့စွာပြုံးပြလိုက်ပြီး "ကျုပ်တို့ကြားမှာ ကျေးဇူးတင်စရာ မလိုပါဘူးကွာ"
ဒီလူကတော့! သူ့ကို တစ်လက်မလောက် ပေးလိုက်ရုံနဲ့ သူက တစ်မိုင်လောက်လိုချင်နေသေးတယ်။ လီမင်တိ၏မျက်လုံးများသည် မီးတောက်များ လောင်ကျွမ်းလုမတတ်ပင်။
"လီသခင်လေး"
အနောက်မှလာသောဟေ့ချန်သည် ခက်ခက်ခဲခဲ လိုက်လာခဲ့ရသည်။
"ရှင့်ရဲ့သားကောင်ကို တို့တွေတွေ့ပြီးပြီရော်။ရှင်က မျက်လုံးတွေကိုတည့်တည့်ပစ်လိုက်တာအပြင် ၁၀မီတာအကွာက သစ်ပင်တစ်ပင်မှာတောင် ထိမှန်နေသေးတယ်။ ရှင်ဘယ်လိုများလုပ်လိုက်တာလဲ? တို့တွေရဲ့ အကောင်းဆုံး လေးသည်တော်မှာတောင် မကြည့်ဘဲနဲ့ပစ်လိုက်နိုင်တဲ့နည်းလမ်းမရှိဘူး!"
လီမင်တိသည် ယုန်ကို မတွေ့လိုက်ရဟုယူဆဆနိုင်သဖြင့် ၎င်း၏ဦးတည်ရာကို ဘယ်သို့ ပိုင်းခြားနိုင်လိုက်သနည်းဟု ဟေ့ချန်က တွေးနေခဲ့မိသည်။ ဒါသည် သူ့အတွင်းပိုင်း အစွမ်းအစမှာပုံမှန်မဟုတ်ပဲ မြင့်မားနေခြင်းကြောင့် မဟုတ်ပါက၊ သူ၏အကြားအာရုံသည် သာမန်လူထက် ပို၍စူးရှနေပေသောကြောင့်ပင်ဖြစ်ရမည်။
လီမင်တိက "ကြက်ကန်းဆန်အိုးတိုးရုံပါ" ဟု လျစ်လျူရှုစွာပြောလိုက်ပြီး စကားမပြောချင်သလို တုံ့ပြန်လာသည်။
ဟေ့ချန်က မျက်မှောင်ကြုတ်လိုက်မိသည်။ သူမသည် ဘယ်တုန်းကမှ ဒီလောက် လျစ်လျူရှုမခံခဲ့ရဖူးဘူး။ သူမ၏ တတိယညီမတော်ကိုအလွန်ချစ်မြတ်နိုးလှပါချည်ဆိုသောကြင်ရာတော်မင်းသား ယွိနွမ်သည်ပင်လျှင် သူမကြောင့် စိတ်မရှုပ်ထွေးဘဲမနေနိုင်ဖူးပေ။ ယောက်ျားတို့ဆိုသည်မှာ ကိုယ့်အိုးခွက်ထဲက အစာတွေကိုစားနေရင်းနဲ့ အခြားခွက်ရှိအစားအသောက်များကို ကြည့်တတ်ကြသူချည်းသာပင်။ ထို့အပြင် လီဝေ့ရန်၏အစီအမံများသည် သူမနှင့်အနည်းနှင့်အများ အတူတူပင်ဖြစ်နိုင်သော်လည်း အသွင်အပြင်က သူမနှင့်လုံးဝ မယှဉ်နိုင်ပေ။ လောကနိယာမအရ လီမင်တိသည် သူတပါးကို အချိန်အကြာကြီး ချစ်ခဲ့သော်ငြားလည်း ဤချောမောလှပသော သူမလိုမိန်းကလေးမျိုးကို မငြင်းပယ်သင့်တာမှ မှန်ကန်တာမလား။ သူမ၏အရင်က ယူဆချက်များ၌ အမှားတစ်ခုရှိကောင်းရှိနိုင်တာများဖြစ်သွားသလား! သူမသည် လူအများကိုဖိအားဖြစ်စေရလောက်သော လီမင်တိ၏ဆွဲဆောင်မှုရှိသော နံဘေးရုပ်သွင်ကို ကြည့်ကာ အနည်းငယ် အံ့ဩနေမိတယ်။
သူတို့လေးယောက်က သိပ်ဂရုမမူမိသည့်အခိုက်တွင် သူတို့ ခြေဖဝါးအောက်က မြေပြင်က ဖြည်းညှင်းစွာ ခါထွက်လာပြီး မကြာခင်မှာပဲ မြေပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားတယ်။ မြင်းများအားလုံး ထိတ်လန့်သွားကြသည်။ သူတို့ရဲ့ ခွာတွေကို မြှောက်ပြီး ဟစ်အော်လိုက်ရင်း သူတို့ရဲ့ ခန္ဓာကိုယ်တွေက လေထဲကို ခုန်တက်လာပြီး ပျံဝဲသွားကြတယ်။ လီယွမ့်ဟန်က စက္ကန့်ပိုင်းလေးအတွင်းမှာ တုံ့ပြန်လိုက်သူ့ကိုယ်သူကာကွယ်ဖို့အတွက် မြင်းပေါ်ကနေ လှန်ချလိုက်ပြီး မြေပြင်ပေါ် အကြိမ်ကြိမ် လှိမ့်ပစ်လိုက်တယ်။ ထိုအချိန်တွင် သူသည် လီဝေ့ရန်ကို ဂရုစိုက်ရန် အချိန်မရှိပေ။ သူက တစ်ချက်တောင်ကြည့်ဖို့တောင် မမှတ်မိနိုင်ဘဲ လွန်ခဲ့သည့်အခိုက်အတန့်က သူ့ရဲ့ ချစ်ရည်လွှမ်းနေတဲ့အသွင်အပြင်က မေ့ပျောက်သွားရသည်။
ဝေ့ရန်! လီမင်တိသည် ချက်ချင်းပင် မြင်း၏ဇက်ကြိုးကိုဆွဲကာ သူမဆီသို့ ပြေးသွားသည်။ လီဝေ့ရန်သည် ငလျင်ကို ပထမဆုံး သတိပြုနိုင်ခဲ့သော်လည်း သူမ၏လှုပ်ရှားမှုသည်လီယွမ်ဟန့်၏ထက်ဝက်ခန့် နှေးကွေးသွားခဲ့ရသည်။ သူမ၏မြင်းသည် ရှေ့သို့ တွန်းခါထွက်သွားလိုက်သောအခါတွင် သူမသည် မြင်းပေါ်ကဆင်းလိုက်ရန်ပင် အချိန်မရှိခဲ့ပေ။ အနောက်ကနေ ကျယ်လောင်တဲ့ ခွာသံတွေ ကျယ်လောင်စွာ
ထွက်မလာခင်ထိ သူမက အသံတောင် မထွက်နိုင်ဖြစ်ခဲ့ရတယ်။ မြင်းပေါ်မှ ဆွဲချခံရစဉ် သူမ၏ခန္ဓာကိုယ်သည် လေထဲသို့ ပျံတက်သွားရသည်။
"မင်း အဆင်ပြေရဲ့လား?"
လီမင်တိသည် မြေပြင်ပေါ်သို့ လဲကျသွားသော်လည်း သူမကို သူ့ရင်ခွင်ထဲတွင် အကာအကွယ်ဖြင့် ဆုပ်ကိုင်ပွေ့ဖက်ထားရန်သာ လုံးလုံးလျားလျားအတွေးရှိနေသည်။
"ဘာမှမဖြစ်ပါဘူး"
လီဝေ့ရန်၏ခန္ဓာကိုယ်သည် လှုပ်ခါသွားပြီး အပြည့်အဝပြန်လည်ကောင်းမွန်မလာသေးကြောင်း သူမ သိလိုက်ရသည်။ မြေပြင်တစ်ခုလုံး တုန်ခါသွားသောကြောင့် မူးဝေခြင်းကို အနည်းငယ် ခံနိုင်ရည်မရှိဖြစ်နေတယ်။ ထိုအချိန်တွင်၊ ဟေ့ချန်၏အော်ဟစ်သံကို သူတို့ကြားလိုက်ရသည်။ ခပ်ဝေးဝေးက အစောင့်အကြပ်တွေက ကိုယ့်မြင်းတွေကိုတောင် မထိန်းနိုင်တော့ဘူးဆိုမှတော့ တောင်နဲ့မြောက်ကို ဘယ်လိုခွဲခြားနိုင်မလဲ? သူတို့အားလုံးဟာ လမ်းကြောင်းအနှံ့ ပြေးလွှားနေတဲ့ ခေါင်းမဲ့ ယင်ကောင်တွေလိုဖြစ်နေတယ်။
အစပိုင်းမှာတော့ မြေပြင်လှုပ်ရမ်းမှုရပ်တန့်ပြီးတာနဲ့ ပရမ်းပတာအဖြစ်ပျက်က ပြီးသွားလိမ့်မယ်လို့ မျှော်လင့်ထားတာ။ သို့သော် လီမင်တိသည် လီဝေ့ရန်ကို သူမ၏ခြေထောက်ပေါ်သို့ရပ်နိုင်ရန် မကူညီခင်တွင် ရုတ်တရက်ပြင်းထန်သောတုန်လှုပ်မှုတစ်ခုက လောကတစ်ခုလုံးကို ရှုပ်ယှက်ခတ်သွားစေပြန်သည်။ လီယွမ်ဟန့် သည် မြေပြင်ပေါ်သို့ လဲချသွားရပြီး မတ်တပ်တောင်မထနိုင်ခင် ခေါင်းပေါ်မှ တဟုန်ထိုး အော်မြည်သံကြီးကိုကြားလိုက်ရသည်။ သူ့ကိုယ်သူ “အဲဒါ မကောင်းတော့ဘူး” ဟု ညည်းလိုက်မိသည်။ သူတစ်ပါးတွေကို ဂရုမစိုက်နိုင်ဘဲ သူသည် နံဘေးဘက်သို့ ဦးစွာ လှိမ့်ပြေးသွားသည်။ နောက်တစက္ကန့်တွင် တောအုပ်ထဲတွင် မရေမတွက်နိုင်သော သစ်ပင်ကြီးများ ပြိုလဲသွားသဖြင့် မြေကြီးကွဲအက်သံများ ထွက်ပေါ်လာသည်။ အမှုန်အမွှားတွေက လေထဲမှာ ပြည့်နေပြီး အရာအားလုံးကို ဖုံးလွှမ်းသွားရတယ်။
ဖုန်မှုန့်များကြားတွင် လီမင်တိသည် ဘာကိုမှ မမြင်နိုင်ဘဲ လီဝေ့ရန်ကိုသာ တင်းတင်းကြပ်ကြပ်ဖက်ထားပေးကာ သူ့ခန္ဓာကိုယ်အောက်တွင် အကာအကွယ်ပေးထားသည်။ လီယွမ်ဟန့်သည် တစ်ခုခုကိုဝသတိရသွားပြီး လီဝေ့ရန်ကို ရှာရန် ပြန်လှည့်သွားသော်လည်း သစ်ပင်ကြီးတစ်ပင်က ရုတ်တရက်ပြုတ်ကျလာကာ သူ့အမြင်အာရုံကို ဖြတ်တောက်ပစ်လိုက်သည်။ ထိုအချိန်တွင်၊ ဟေ့ချန်၏အော်သံကိုကြားရပြီး ရုန်းရင်းဆန်ခတ်ဖြစ်မှုအလယ်တွင် မလွတ်မြောက်နိုင်သော အစောင့်အကြပ်များ၏ သွေးသံတရဲရဲ အော်ဟစ်သံများကို သူကြားလိုက်ရသည်။ ...ဟေ့ချန် သည် အသုံးကျနေဆဲဖြစ်ပြီး ဤနေရာတွင် မသေပစ်လိုက်စေနိုင်ဟု လီယွမ်ဟန့်သည် နှလုံးသားမဲ့စွာ တွေးကာ ဟေ့ချန်ကို ကယ်တင်ရန်သာ လှည့်ကြည့်လိုက်သည်။
လီဝေ့ရန်သည် မြေကြီးတစ်ခုလုံး တုန်လှုပ်သွားသကဲ့သို့ ကြီးမားသောအက်ကွဲသံကိုသာ ကြားလိုက်ရသည်။ သူမမှာ ဦးတည်ရာကို ပြောပြဖို့ နည်းလမ်းတောင် မရှိခဲ့ဘဲ သူမ၏ ပတ်ဝန်းကျင်က အရာအားလုံးက ကွဲအက်ကုန်ပြီဟုသာ ခံစားနေရတယ်။ တောထဲမှာ တိရစ္ဆာန်တွေက တစ်ကောင်ပြီး တစ်ကောင်ယောက် အသည်းအသန်ပြေးလွှားနေကြတယ်။ အချိန်မီ မလွတ်မြောက်သော သူများသည် မြေပြင်ရှိအက်ကွဲကြောင်းများအပေါ် ပြုတ်ကျသွားရသည်။ ထိုသို့သော အတွေ့အကြုံသည် တကယ်ကို ကြောက်စရာကောင်းလှသည်။
လီမင်တိသည် သူမအားကာကွယ်ပေးထားပြီးတင်းတင်းကြပ်ကြပ် ပွေ့ဖက်ပေးထားသည်။ လီဝေ့ရန်သည် အဘယ်ကြောင့် ဤမျှကြီးမားသောငလျင်ကြီး ရုတ်တရက်လှုပ်ခတ်သွားသည်ကို စဉ်းစားရန် အချိန်မရှိနေပေ။ သူမသည် လီမင်တိ၏လက်ကို ထိုနည်းအတိုင်းသာ ဆုပ်ကိုင်လိုက်ပြီး သူ မနာကျင်စေရဘဲ ဘာမှမဖြစ်သွားစေရန်သာ မျှော်လင့်နေမိသည်။ ထို့ကြောင့် သူမ၏ဘယ်ဘက်ခြေကျင်းဝတ်ကို ချွန်ထက်သောကျောက်တုံးကထိမှန်သွားသောအခါ အသံမထွက်ဘဲ သွားများကိုသာ အံကြိတ်ထားလိုက်သည်။ သူမသည် သူ့အားသူမအတွက် ပူပန်မနေစေချင်သလို ယခုလို ရှင်ခြင်းနှင့် သေခြင်းအကြားတွင် သူ့ကို အာရုံမများစေချင်ပေ။
တုန်ခါမှုကတဖြည်းဖြည်း ရပ်တန့်သွားရန် အချိန်မည်မျှကြာမည်ကို ဘယ်သူမျှ မသိကြပေ။ တစ်နာရီ၏လေးပုံတစ်ပုံသာ ကြာမြင့်သော်လည်း လီဝေ့ရန်၏မျက်လုံးများတွင်မူ တစ်သက်တာ တည်မြဲနေပုံရသည်။ မြေကြီးတုန်ခါမှုက နောက်ဆုံးတွင် ရပ်တန့်သွားသော်လည်း သူမ၏နားများသည် တုန်ယင်နေဆဲဖြစ်ပြီး၊ သူမသည် အမြင်အာရုံဝေဝါးခြင်းနှင့်အတူ မူးမေ့လဲသွားရသည်။ သူမ စိတ်ကို တည်ငြိမ်အောင် ထိန်းပြီးမှသာ သူမတို့ပတ်ဝန်းကျင်က အရှုပ်အထွေးတွေကို မြင်တွေ့လာရတယ်။ ခုနတင်က လူတွေ ဘယ်ကို ထွက်ပြေးသွားကြမှန်း သူမ မသိပေ။
လီမင်တိသည် ခဏတာ နားထောင်ကြည့်လိုက်ပြီးမှ နောက်ဆုံးတွင် ငလျင်ရပ်တန့်သွားကြောင်း သေချာပြီးနောက် သူသည် သက်ပြင်းရှည်ကြီးချကာ လီဝေ့ရန်အား ခေါင်းစခြေဆုံး ထိခိုက်မှုရှိမရှိ ငုံ့ကြည့်လိုက်သည်။
"တို့အဆင်ပြေပါတယ်"ဟု လီဝေ့ရန်က ကမန်းကတန်းပြောလိုက်သည်။ သူ့မျက်နှာတစ်ခုလုံး မည်းပေနေသော်လည်း အနည်းဆုံးတော့ သူမ အသက်ရှင်နေသေးသည်။
"ငလျင်လှုပ်တာ တကယ်ကြီးဖြစ်နေတာပဲ"
လီမင်တိက သူတို့ပတ်ဝန်းကျင်က အခြေအနေတွေကို လှည့်မကြည့်ခင်မှာ သူမ နေရထိုင်ရကောင်းမကောင်းဆိုတာကို သေချာစေတယ်။ သူတို့သည် လက်ရှိတွင် တောင်ထိပ်မှပြုတ်ကျမည့် ကြီးမားသောကျောက်တုံးကြီးတစ်ခု၏အကွယ်တွင် ပုန်းကွယ်နေခဲ့ခြင်းဖြစ်သည်။ ပြီးတော့ ဒီတောင်က ယှဉ်လိုက်ရင် ကြီးမားလှတဲ့ တောင်ပူစာတစ်ခုထက် မပိုဘူး။ မူလက သူမတို့တွေ တောအုပ်လေးဘေးမှာ ရပ်ခဲ့ပေမယ့် အခုတော့ မမျှော်လင့်ဘဲ မြေပြင်ပေါ် ပြုတ်ကျသွားရပြီ။ ခွန်အားအချို့ ပြန်လည်ရရှိပြီးနောက် လီမင်တိသည် သူ့ကိုယ်သူ ရုန်းထပြီးနောက် လီဝေ့ရန်ကို မြေပြင်ပေါ်မှ ဆွဲထူပေးလိုက်သည်။
လီဝေ့ရန်သည် ခက်ခက်ခဲခဲ မတ်တပ်ရပ်နေသော်လည်း အဆင်မပြေဖြစ်နေ၍ အသက်ပင်ပင် မရှူနိုင်တော့ပေ။ သူမ၏အသက်ရှုသံကို ထိန်းကာ နှစ်ကြိမ်လောက်ငြိမ်သက်စွာ ချောင်းဆိုးလိုက်ရသည်။ ရင်ဘတ်ပေါ်တွင် ကြီးမားသော ကျောက်တုံးကြီးတစ်ခု ဖိထားပြီး ဘောလုံးတစ်လုံးထဲကို မြှပ်နှံထားသကဲ့သို့ ဖြစ်နေသည်။ လီမင်တိသည် သူမ၏အသက်ရှူမှုကို ထိန်းညှိရန် အမြန်ပြန်လှည့်လာသော်လည်း သူမ၏အကြည့်များက သူ့လက်ပေါ်တွင် ထူးထူးခြားခြား စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။ ငေးကြောင်ပြီးကြည့်လိုက်တော့ သူ့လက်အောက်မှာ နူးညံ့တဲ့ အရာတစ်ခု ရှိနေတာကို တွေ့လိုက်ရတယ်။ အဲဒါသည် သူ့လက်က မထိသင့်တဲ့နေရာကို သူထိမိနေမှန်း သိလိုက်ရတယ်။ သူသည် ရှက်ကိုးရှက်ကန်းနဲ့ နီရဲလာပြီး လက်ကို ရုတ်လိုက်ကာ
"ကျွန်တော်တို့နဲ့ အတူတူလာခဲ့တဲ့လူတွေ တစ်နေရာရာကို ပြေးသွားသလိုပဲ"
လီဝေ့ရန်က သူ့ကို စိုက်ကြည့်ချင်သော်လည်း ထိုသို့သော စွမ်းအင်မရှိပေ။ သူမက ရိုးရိုးရှင်းရှင်းပင်
"သူတို့က သူတို့အသက်ရှင်ဖို့ ပြေးလွှားနေကြတာ။ လူတိုင်းက မင်းလိုမဟုတ်ဘူး။ မင်းသေခါနီးဖြစ်နေတဲ့အခါ ဘယ်သူက ခုန်ပေါက်နိုင်တော့မှာလဲ။ အတည်ကြီးကို မင်းကသေရမှာကို မကြောက်ဘူးလား?"
ဤနေရာအထိ စကားပြောနေရင်းမှ သူ့မျက်နှာ၏ ဂရုမစိုက်မှုကို သတိပြုမိကာ သက်ပြင်းကိုမချဘဲမနေနိုင်ဘဲ တခြားနေရာကို လှည့်ကြည့်လိုက်သည်။
"မြို့တော်ထဲကလူတွေရော တစ်ခုခုဆိုးဆိုးရွားရွား ဖြစ်သွားပြီလားလို့ တို့တွေးမိတယ်"
သဘာဝကျစွာပင် လီဝေ့ရန်က လီမင်ကျီနဲ့သတ္တမကိုယ်လုပ်တော်နဲ့ သခင်မကြီးတို့ကို ဆိုလိုတာဖြစ်သည်။ လီမင်တိက ခေါင်းတညိတ်ညိတ်နဲ့
"သူတို့က အိမ်တော်မှာရှိနေတာပဲ။ မြေငလျင်တုန်လှုပ်မှုခံစားရရင် သူတို့ အပြင်ကိုပြေးထွက်လာကြတဲ့အခါ သူတို့အဆင်ပြေမှာပါ"
သူက ဒီလိုပြောပေမယ့် သူ့စိတ်ထဲမှာတော့ ဒါက မလိုအပ်တဲ့ကိစ္စဟု ခံစားရတယ်။ သို့သော်လည်း ယခုတွင် သူတို့သည် မိမိတို့ကိုယ်ကိုပြုစုစောင့်ရှောက်ရန်ကပဲ လုံးလုံးလျားလျားအရေးကြီးနေသောကြောင့် ဤစိုးရိမ်မှုများကို လီဝေ့ရန်အား ထုတ်ဖော်မပြနိုင်ပေ။
"လီယွမ်ဟန့်နဲ့ တခြားသူတွေ အနီးအနားမှာ ရှိနေသင့်တယ်"
လီဝေ့ရန်သည် အဝေးမှ သမင်တစ်ကောင်၏ ရုပ်ကြွင်းကိုလှမ်းကြည့်လိုက်မိသည်။ သူတို့တွေ မရည်ရွယ်ဘဲ တောင်ထိပ်ကနေ လှိမ့်ဆင်းသွားကြတာ ထင်ရှားနေတယ်။ ယခုအချိန်တွင် တိရစ္ဆာန်၏အလောင်းများမှလွဲ၍ အခြားဘယ်သူတစ်ဦးတစ်ယောက်ကိုမ ရှာမတွေ့ပေ။
"ကျောက်နဉ်နဲ့ သူ့ညီမလေးလည်း အဆင်ပြေမှဖြစ်မယ်။ သူတို့တွေက တို့တွေနောက်ကို တစ်ချိန်လုံး လိုက်နေခဲ့တာဆိုတော့ မကြာခင်မှာ တို့တွေကို ရှာတွေ့သွားပါလိမ့်မယ်"
အကောင်းဆုံးနည်းလမ်းကတော့ တစ်နေရာတည်းမှာ နေပြီး မလှုပ်ရှားဘဲ တခြားသူတွေက ကယ်တင်မယ့်အချိန်ကို စောင့်ရမှာဖြစ်သည်။ ဒါပေမယ့် ဒီနေရာက ခုနကနဲ့ လုံးဝကို ကွဲပြားနေပုံရပြီး လီမင်တိက သူတို့ဘယ်နေရာမှာ ရှိနေမှန်းတောင် မသေချာနိုင်ဘူးဖြစ်နေတယ်။ ကြောက်မက်ဖွယ်ငလျင်လှုပ်ခတ်မှုနှင့်အတူ ထိတ်လန့်တုန်လှုပ်နေသော လွတ်မြောက်မှုသည် သူတို့အား မရင်းနှီးသောချိုင့်ဝှမ်းတစ်ခုထဲသို့ တွန်းပို့ခဲ့သည်မလား။
လီဝေ့ရန်က ငြိမ်သက်သွားပြီး ဘယ်ဘက်ခြေကျင်းဝတ်ကနေ ပြင်းထန်တဲ့နာကျင်မှုကို ခံစားရတယ်။ သူမက စကားပြောချင်သော်လည်း သူမအရှေ့က အရာအားလုံးသည် ရုတ်တရက် မည်းမှောင်သွားရသည်။ သူမ၏ ခန္ဓာကိုယ်သည် ခွေလဲလျော့ရဲသွားကာ သတိလစ်သွားရသည်။
သူမရုတ်တရက် လဲကျသွားတာကိုမြင်တော့ လီမင်တိက သူမ ဒဏ်ရာတွေရထားပြီဆိုတာ သိလိုက်ပေမယ့် သူမရဲ့ဒဏ်ရာတွေက ဘယ်နေရာမှာရှိလဲဆိုတာ မမြင်ရဘူးဖြစ်နေတယ်။ သူ့နှလုံးသားက တခဏချင်း တင်းကျပ်သွားတယ်။ ခက်ခက်ခဲခဲဖြင့် သူမကို သူ၏ ကျောပေါ်တင်ကာ နောက်ဆုံးတွင် လေကွယ်ရာကို ခိုလှုံရာအဖြစ် အသုံးပြုရန်အတွက် သူတို့ခိုလှုံနိုင်မည့်နေရာကို ရှာတွေ့သည်အထိ ရှာဖွေလိုက်သည်။ တစ်နာရီနီးပါးစောင့်ဆိုင်းပြီးနောက် လီဝေ့ရန်သည် သူမ၏မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်ကာ ချောင်းဆိုးလာတော့သည်။ သူ့ကို လှမ်းကြည့်လိုက်တော့ သူမတို့ နှစ်ယောက်ကို ဘယ်သူကမှ အခုထိရှာမတွေ့သေးတာကို တွေ့လိုက်ရတယ်။ ထို့နောက် သူမသည် ခက်ခက်ခဲခဲ ရယ်မောလိုက်ပြီး
"တို့ခန္ဓာကိုယ်က တော်တော်သန်မာတယ်လို့ တို့ထင်ခဲ့တာ။ တို့က ဒီလိုအားနည်းနေမယ်ဆိုတာကို ဘယ်သူသိမှာလဲ!"
140.2.ကောင်းကင်နဲ့မြေကြီး အစိတ်စိတ်ကွဲအက်ရ(စာမြည်း)
"မင်းကို ကျွန်တော့်အတွက်ပဲ ပြုံးပြစေချင်တယ်။ မင်းအနားမှာကျွန်တော်ရှိနေတယ်ဆိုတာ သတိရပေးပါ။ ကျွန်တော် မင်းကိုချစ်တယ်ဆိုတာကို သတိရ။ ဒါကြောင့် မင်းကို ဒီနေရာထိအဖော်အတူတူလိုက်ပေးတာ ကျွန်တော် နောင်တ မရဘူး။ ကျွန်တော် ဒီနေ့ ဒီနေရာမှာသေသွားခဲ့ရင်တောင် နောင်တမရဘူး"
(T/N: paid gp ဝင်ဖို့မေးထားသူလေးတွေခဏလောက်စောင့်ပေးပါနော် ဒီ၂ရက်အတွင်း အကြောင်းပြန်နိုင်အောင်ကြိုးစားနေပါတယ်နော် အဆင်မပြေမှုများအတွက်တောင်းပန်ပါတယ်နော်)