​ခြေတလှမ်းချတိုင်းမှာ ကြာပန်း...

Von Maybel_94

1K 47 8

Tang Qi ရဲ့ သုံးဘဝ သုံးကမ္ဘာ ဝတ္ထုစီးရီးထဲက မင်းသားသုံးလျန်စုန့်နဲ့ ကြာပန်းနီနတ်သမီးချန့်ယွီတို့ရဲ့ ဇာတ်လမ်းဖ... Mehr

Chapter One
Chapter Two, Part One
Chapter Two, Part Two
ဇာတ်လမ်းမိတ်ဆက်

Prolouge

691 29 4
Von Maybel_94

三生三世 步生莲之化茧, Three Lives Three Worlds : The Step Lotus Vol:1

God's Metamorphosis : နတ်ဘုရားတစ်ပါးရဲ့အသွင်​ပြောင်းလဲခြင်း

Translator - Maybel_94

မိစ္ဆာချုပ်နှောင်ဘုံကျောင်းကြီး ပြိုပျက်ကျခဲ့
ချိန်ဝယ် မိုးနှင့်မြေကိုပါ တုန်လှုပ်ခြောက်ခြား
စေသည်အထိ ကြီးမားလှတဲ့ ကသောင်းကနင်း
ပျက်စီးဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေခဲ့တာပင်။
ထိုအခိုက် နှစ်ဆယ့်ခုနစ်ထပ်မြောက်သော
ကောင်းကင်ဘုံသည် အံ့ဩဖို့ကောင်းလှစွာ
တိတ်ဆိတ်လို့နေခဲ့ပြီး မြင့်မြတ်လှသော
မသေမျိုးတွေဟာလဲ နှုတ်ဆိတ်ရင်း
သက်ပြင်းချပြီးသည်နှင့် မျက်နှာလွှဲလို့သာ
ထွက်သွားကြ​ချေသည်။ မည်သူတစ်ဦးတစ်​ယောက်ကမျှ
ကျောက်စိမ်းရေကန်ရှိ တစ်ဦး‌‌တည်းသော
ကြာနီပန်းနတ်သမီးလေးဟာ မိစ္ဆာချုပ်နှောင်
ဘုံကျောင်းရဲ့ ကိုးထပ်မြောက်မှာ
ပိတ်မိနေကြောင်းကို သတိထားမိပုံမပေါ်ပေ။
မခံမရပ်နိုင်တဲ့ နာကျင်မှုတစ်ပုံတစ်ပင်ကြောင့်
သူမ အသိဝင်လာချိန် မျက်ဝန်းတွေကို
လှုပ်ခတ်ရင်း ဦးစွာမြင်လိုက်ရသည်က
သွေးပင်လယ်ကြီးရယ်။ သူမရဲ့ ခြေထောက်
အစုံဟာလဲ မိစ္ဆာတွေကို မလွတ်မြောက်စေအောင်
စီရင်ထားပါတဲ့ ကျောက်တုံးထောင်ချောက်ကြီး
တစ်ခုကြောင့် အပြင်းအထန် ထိခိုက်မိထားပြီး
မျက်စိရှေ့မယ် ဘုံကျောင်းကြီးရဲ့ ကျိုးပဲ့ပျက်စီး
နေသော အပိုင်းအစတွေဖြင့် မည်းမှောင်လို့
သာနေသည်။
အေးစက်စက်ဖြာကျ​နေ​သော လရောင်အောက်ဝယ် သူမကိုယ်ရှိ
ဒဏ်ရာတွေရဲ့ ဆတိုးနာကျင်မှုဟာ ပင့်ကူမျှင်တွေလို
တစ်ရစ်ပြီးတစ်ရစ် တိုးနှောင်လာရင်း
တဖြည်းဖြည်းနှင့် သူမကို ပိုးအိမ်ငယ်ထဲက
ဖောက်ထွက်မရတော့တဲ့ ​ဘောက်ဖတ်တစ်ကောင်ကဲ့သို့
ခံစားလာရစေသည်။
နတ်စွမ်းအားဖြင့် ချုပ်နှောင်ထားခြင်းမှ
လွတ်မြောက်သွားပါသော မိစ္ဆာအငွေ့အသက်တို့ဟာ
အရှေ့ဘက် ကောင်းကင်ဘုံတစ်ခွင်ဝယ် နဂါးတစ်ကောင်
ကဲ့သို့ မာန်ဟုန်ပြင်းပြင်း လှည့်လည်သွားနေရင်း
အခိုးအငွေ့တို့ကို သွေးမိုးအဖြစ်ပြောင်းလဲ​စေကာ
ဆွဲဆောင်မှုရှိသော ကြက်သွေးရောင်တို့ဖြင့်
ကြယ်တာရာမြစ်ကြောလျှောက် အလှခြယ်လို့
ထားသကဲ့သို့ပါ​ပေ။
ကြက်သွေးရင့်ရောင် မိုးရေစက်တို့ သူမ
မျက်နှာပြင်ပေါ် လာထိစင်ချိန်တွင်မူ ရေခဲတမျှ
အေးစိမ့်စိမ့်ခံစားချက်တချို့ ခန္ဓာကိုယ်တစ်ခုလုံးမှ
စီးဆင်းလို့သွားလေရဲ့။ နဖူးမှနေ မျက်နှာပေါ်သို့
ချွေး​စေးတွေ စီးကျလာရင်း ခြောက်ကပ်နေပါတဲ့
လည်ချောင်းဟာ အသံတစ်ခုသော်မျှ ပြုနိုင်ခြင်းငှာ
မစွမ်းသာ။
အဆုံးမရှိပါတဲ့ အဆက်မပြတ်နာကျင်မှုတွေရယ်။
အသက်ဆက်ရှင်ဖို့အတွက်ပဲ တောင်းပန်ရမလား
ဒါမှမဟုတ် မခံမရပ်နိုင်တဲ့ ဝေဒနာတွေ‌ကြောင့်
သေခွင့်ပေးဖို့ကိုပဲ တောင်းဆိုရမလား သူမ
တကယ် ဝေခွဲမတတ်တော့ဘူး။ ဒါ့အပြင်
ဒီဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ သူမက
ဘယ်သူ့ဆီမှာများ သွားရောက် အသနားခံရပါ့မလဲ။
နာကျင်မှုတွေကို ရပ်တန့်စေဖို့ရာ ကိုယ်တိုင်ပဲ
နောက်ဆုံးထွက်သက်ကို ဇီဝိန်ချုပ်ဖို့ကိုတောင်မှ
တစ်လက်မလေးတောင် မရွေ့နိုင်တော့တဲ့
အဖြစ်ရယ်လေ။
မြူခိုးမှိုင်းတို့နှင့် မိုးရေစက်တွေကြား သူမ
ယခု ဤနေရာမှာ ဘာလို့ရှိနေရတယ်ဆိုတဲ့အဖြစ်ကို
ပြန်ပြောင်းလို့ တွေးမိပြန်ပါသည်။
သူမရဲ့ အချစ်ရဆုံးသောသူငယ်ချင်း စန်းကျီ၏
ချစ်ရသူကို မိစ္ဆာချုပ်နှောင်ဘုံကျောင်းမှနေ
လွတ်မြောက်အောင် ကယ်တင်မည့်အစီအစဉ်ဝယ်
သူမက အဖော်ပြုလို့ လိုက်လာပေးခဲ့ခြင်းဖြစ်သည်။
မိစ္ဆာချုပ်နှောင်ဘုံကျောင်းထဲ ချိုးဖောက်ဝင်ရောက်
ခြင်းဟာ သူမရဲ့နတ်ရာထူးနဲ့ ကျင့်ကြံခြင်းစွမ်းအင်​တွေကိုပါ
မသေမျိုးလောကမှနေ ထာဝရ ပယ်ဖျက်နိုင်လောက်
သည်အထိ ကြီးမြတ်လှတဲ့အပြစ်ဒဏ်ဖြစ်မှန်း
သူမ မသိပဲ နေပါ့မလား။ သို့ပေမယ့်
သူမရဲ့ အဆက်မပြတ် ကောင်းမွန်လှတဲ့
ကံတရားကြီးကို ပုံချယုံအပ်၍ မျှော်လင့်ချက်လေး
မဆိုစ‌လောက်ဖြင့် အရဲတိုးစွန့်စားခဲ့ခြင်းသာ
ဖြစ်ချေသည်။
သို့သော်ငြား တစ်စုံတစ်ယောက်ရဲ့ ကံဇာတာဟာ
မည်မျှလောက်ပင် ကောင်းမွန်နေသည်ဆိုဦးတော့
ထိုကံကောင်းမှုအလုံးစုံ ကုန်ဆုံးသွားမည့်
နေ့ရက်ကတော့ ရှိစမြဲ။
ယခုတစ်ကြိမ်တွင်တော့ ကယ်တင်ဖို့ရန်
လိုအပ်နေသည့်သူများကတော့ ဘေးမသီရန်မခ
လွတ်မြောက်ခဲ့ပြီး ထိုသူတို့ကို ကယ်တင်ဖို့ရန်
ကြံရွယ်ခဲ့သည့် သူမကတော့ ကိုယ်တိုင်ရဲ့
ကံကောင်းခြင်းအစုစုကို အသုံးပြုပြီးသလိုမျိုး
ဘုံကျောင်း၏ ဟိုးအောက်ဆုံး ကိုးထပ်မြောက်ဝယ်
လွတ်မြောက်သွားသူနှစ်ဦးအစား ပိတ်လှောင်ရင်း
ကျန်ခဲ့ရှာလေပြီ။
ဘုံကျောင်းကြီး ပြိုကျချိန်တုန်းက
မိစ္ဆာထောင်ချောက် ကျောက်တုံးကြီးတွေဟာ
ကျယ်လောင်လှတဲ့ အသံကိုပြုလို့ အမိုးပေါ်မှနေ
လွတ်ကျလာကြတာဖြစ်သည်။ ကြယ်တာရာတွေ
ကြွေဆင်းသလို ရုတ်တရက် လျင်မြန်လှတဲ့
အရှိန်နှုန်းဖြင့် သူမရှေ့ သုံးလက်မလောက်အကွာက
မြေကြီးကို ကွဲအက်လောင်ကျွမ်းသွား‌စေသည်။

"နောက်ပြန်လှည့်မကြည့်နဲ့"

အဆိုပါ စကားလေးတစ်ခွန်သာပြောဖို့ သူမ
အချိန်ရခဲ့လေသည်။
မိစ္ဆာထောင်ချောက် ကျောက်တုံးကြီးတွေ
ပြုတ်ကျလာပြီး သူမမြင်ကွင်းကို ကွယ်မသွားခင်
နောက်ဆုံးအကြိမ်အနေနဲ့ သူမမြင်လိုက်ရသည်က
စန်းကျီဟာ သူချစ်ရပါတဲ့အမျိုးသမီးကို
ရင်ခွင်ထဲဝယ် လုံခြုံစွာပွေ့ပိုက်ထားလို့
ဖုန်မှုန့်တွေ ကျောက်ခဲအပိုင်းအစတွေကြား
မြူမှုန်တစ်စမျှ မစင်ရလေအောင် ဂရုတစိုက်
ခေါ်ထုတ်သွားနေခြင်းသာ ဖြစ်ချေသည်။

သူဟာ သူမစကားကို အမှန်တကယ်ကိုပဲ နားထောင်ခဲ့ပြီး
သူမကျန်ရစ်ခဲ့ရာ အနောက်ဘက်ကို
တစ်ချက်လေးသော်မျှ ပြန်လှည့်မကြည့်ခဲ့ပေ။
ဒီအောက်ဘက် နှစ်ဆယ့်ခုနစ်ထပ်မြောက်မှနေ
အထက်ကောင်းကင်ဘုံရှိ ကျောက်စိမ်းနန်းတော်ကို
လှမ်းမြင်နိုင်စွမ်းမရှိပြီမို့ သူတို့နှစ်ဦးသား
လုံခြုံဘေးကင်းစွာ လွတ်မြောက်သွားရဲ့လား
သူမ မခန့်မှန်းတတ်ပါ။ သူတို့နှစ်ယောက်ကို
ကယ်တင်နိုင်ဖို့အတွက် သူမအနေနဲ
ကိုယ့်အသက်ကိုတောင် ပဓာန မထားနိုင်ခဲ့။

ဒါပေမယ့် ဒီလောက်ကြီးထိ အန္တရာယ်ရှိသွားနိုင်
လိမ့်မယ်လို့လဲ သူမ မတွက်ဆမိခဲ့ရုံပါ။
ဒီလိုမျိုး တစ်စုံတစ်ဦးကို ကယ်ထုတ်ရပါမဲ့
အစီအစဉ်ထဲ ခြေစုံပစ်မဝင်မိခင် သူမအနေနဲ့
ကိုယ့်ကိုယ်ကို သတိပေးနေခဲ့သည့်အရာမှာ
ဒါမျိုး သူများကိစ္စဝင်ပါတာ သူမအတွက်
ကျိန်းသေပေါက် နောက်ဆုံးအကြိမ်သာ
ဖြစ်စေရမယ်လို့လေ။ သူတို့နှစ်ဦးသာ
ကောင်းကင်ဘုံကိုးဆင့်လုံးမှ လွတ်မြောက်နိုင်ပြီ
ဆိုသည်နှင့် သူမ နောက်ထပ်တစ်ခါ အခုလို
သူငယ်ချင်းမိတ်ဆွေ ဆက်ဆံရေးတစ်ခုအတွက်
မိမိအသက်ကိုပါ အလျော်အစားဖြစ်စေမည့်
ကိစ္စမျိုးမှာ ထပ်မရင်းတော့ပဲ ကိုယ့်ဘာသာ
တည်ငြိမ်အေးချမ်းတဲ့ ဘဝလေးတစ်ခုကိုသာ
ဖြတ်သန်းတော့မည်ဟု ဆုံးဖြတ်ထားမိတာပင်။
သူမရဲ့ အတွေးတွေဟာ အမှန်တကယ်ကြီး
ဖြစ်လာလိမ့်မယ်လို့ ဘယ်သူကများ ထင်မိမှာလဲ
လေ။ ဒီတစ်ကြိမ်ဟာ တကယ့်ကို သူမအတွက်
နောက်ဆုံးအကြိမ်ဖြစ်ခဲ့ပါပြီ။ သူ့မထွက်သက်ရဲ့
တကယ့်ကို နောက်ဆုံးအကြိမ်ပါပဲလေ။
မသေမျိုးတစ်ယောက်အနေနဲ့ မိစ္ဆာချုပ်နှောင်
ဘုံကျောင်းထဲ ဇီဝိန်ချုပ်ရခြင်းဆိုသည်မှာ
အတော်လေးတော့ အရှက်ရသိမ်ငယ်စေသည့်
ကိစ္စရပ်တစ်ခုသာ။ ဒါ​ကြောင့်မို့ သူမဟာ ဒီအပျက်အဆီး
အကျိုးအပဲ့ တစ်ပုံတစ်ပင်ကြားမှနေ နည်းနည်းလေး
ရလိုရငြား တိုးထွက်ဖို့ရာ ကြိုးစားကြည့်ချင်ပေမဲ့
သွေးလွှမ်းနေတဲ့ ကျောက်စိုင်‌ကျောက်ခဲတွေကြား
သူမ အနည်းငယ် လှုပ်ရှားမိရုံလေးနဲ့တင်
နာကျင်မှုဟာ သူမခန္ဓာကိုယ်ကို ဓားချက်ပေါင်း
ရာထောင်ချီဖြင့် ထိုးဆွနေသည့်အလား
မခံမရပ်နိုင်အောင် ပြင်းထန်လွန်းလှသည်။
မိစ္ဆာထောင်ချောက် ကျောက်တုံးကြီးတွေအောက်မှ
သူမရဲ့သွေးတွေ တစိမ့်စိမ့် ယိုဖိတ်လာရင်း
မှန်ကဲ့သို့ကြည်လင်နေပါသော ဝေဒနာပင်လယ်ထဲ
ကွေ့ဝိုက်ကာ စီးဆင်းသွားသည်ကို သူမ
ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။ သွေးစီးကြောင်း
ကွေ့ကောက်သွားရာတစ်လျှောက် ကြာနီပန်းတို့လဲ
ဖူးပွင့်လာရင်း နှစ်ဆယ့်ခုနစ်ထပ်မြောက်
ကောင်းကင်ဘုံတစ်ခုလုံး လှပခမ်းနားသော
အနီရင်ရောင်ပင်လယ်ကြီးဖြင့် လွမ်းခြုံထားခြင်း
ခံနေရသကဲ့သို့ပင်။
သုံးလောကတွင် ဘယ်နေရာမှာ ဘယ်လောက်ပဲ
ကြာနီပန်းပေါ်ထွက်ခဲ့ပါ‌စေ သူ့ရဲ့ နောက်ဆုံး
သက်တမ်းမှာ ပွင့်ဖူးလာပါသည့် ကြာနီပန်းဟာ
မည်သည်နှင့်မျှ နှိုင်းယှဉ်မရသည့် အလှတရားကို
ပိုင်ဆိုင်ပေသည်။ ဒါ့အပြင် သူမဟာ သမုဒ္ဒရာကြီး
လေးစင်းနဲ့ ကန္တာရရှစ်ခုမှာ ပန်းနတ်သမီး
တစ်ဦးအနေနဲ့ အမြင့်မြတ်ဆုံးသောရာထူးကို
ပြိုင်ဘက်မရှိ သိမ်းပိုက်ထားသူပင်။
သူမခန္ဓာဟာ သေအံ့ဆဲဆဲဖြစ်ပြီမို့ သူမရဲ့
နောက်ဆုံးထွက်သက်ဝယ် ပွင့်ဖူးလာပါသည့်
ကြာနီပန်းဟာလဲ ကျောက်စိမ်းရေကန်ရဲ့
ဆယ်မိုင်ပတ်လည်တစ်လျှောက် ပွင့်လန်းလျက်
ရှိပါသည့် ပန်းပေါင်းစုံတို့ထက်ကို သာလွန်လို့
ကျက်သရေရှိစွာ ထွန်းလင်းတောက်ပနေလေရဲ့။
အထက်ကောင်းကင်ဝယ် ဝေ့ဝဲသွားလာနေပါသည့်
မိစ္ဆာအငွေ့အသက်တို့ဟာ တဖြည်းဖြည်းချင်းဆီ
ဧရာမလူ့ဘီလူးကြီးအဖြစ် ကူးပြောင်းလာနေပြီး
ထျန်းခန်းအကာကွယ်ရဲ့ လေးဖက်လေးတန်ကို
ရက်စက်ကြမ်းတမ်းစွာ ထိုးဖောက်ဖို့ကြိုးစားရင်း
ကျယ်လောင်စူးရှလှတဲ့ ရင်ခေါင်းသံကြီးကိုပါ
ပြုမူလျက်ရှိသည်ပင်။
အရုဏ်ဦးအချိန်လဲ ရောက်ရှိလာပြီမို့ ထိုမိစ္ဆာကြီးကို
အနှေးနဲ့အမြန် သူမ ရင်ဆိုင်ရတော့ပေမည်။
သူမကို တစ်စုံတစ်ယောက်များ လာကယ်လိမ့်ဦး
မလားဆိုတဲ့ မျှော်လင့်ချက်လေး သတိပြန်ရကာစက
ရှိသေးပေမယ့် ယခုတွင်တော့ ထိုအတွေးကို
ဆက်ပြီး ဆုပ်ကိုင်မထားတော့ပေ။
မိစ္ဆာချုပ်နှောင်ဘုံကျောင်း ပြိုကျသွားခိုက်မှာ
အတွင်းထဲရှိ ထောင်ပေါင်းများစွာသော
မကောင်းဆိုးဝါးတို့ လွတ်မြောက်ခဲ့သည်မို့
နတ်ဘုရားအပေါင်းဟာ ထျန်းချန်းအကာကွယ်ကို
စီရင်လို့ အဆိုပါ နှစ်ဆယ့်ခုနစ်ထပ်မြောက်ဘုံအား
ပိတ်နှောင်လိုက်ခြင်းကို ကြည့်ခြင်းအားဖြင့်
မည်သူတစ်ဦးကမျှ နှစ်ပေါင်းများစွာ
ဖမ်းဆီးခံထားရပါသည့် ထိုမိစ္ဆာအပေါင်းတို့အပေါ်
သနားညှာတာမှု အလျှင်းရှိပုံမပေါ်။
သူမရဲ့ကံကြမ္မာကို သူမကိုယ်တိုင် လက်သင့်ခံ
ပြီးပါပြီ။
သူမဟာ မွေးစတည်းက မသေမျိုးတစ်ယောက်
ဖြစ်ခဲ့ခြင်းမျိုးမဟုတ်ပဲ ဝိညာဉ်ပုံစံအသွင်နဲ့
နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီးခါမှ မသေမျိုး
အဖြစ်ကို ရရှိခဲ့ခြင်းပင်။ ထို့အတွက် သူမအနေနဲ့
ခံစားချက် ခုနစ်မျိုးနဲ့ လိုချင်ရမ္မက် ခြောက်ပါးတို့ကို
စွန့်လွှတ်ခဲ့ပြီးပါပြီ။
ဒီတစ်ကြိမ်မှာ ကံကောင်းထောက်မပြီး
သူမ အသက်ဆက်ရှင်ခဲ့သည်ဆိုရင်လဲပဲ သူမ
နှလုံးသားထဲက အစစ်အမှန် အလိုရှိပါသည့်တစ်စုံတစ်ရာကို မရရှိနိုင်တော့ပြီဖြစ်လို့
သေဆုံးလိုက်ဖို့ရာလဲ ခပ်ကောင်းကောင်းပါပဲလေ။
ဒီဘဝမှာ သူမ‌‌အနေနဲ့ ဖက်တွယ်ထားနေစရာ
တစ်ခုမှမရှိပြီမို့ မိစ္ဆာချုပ်နှောင်ဘုံကျောင်းအောက်
ရှင်သန်ခြင်းကို အဆုံးသတ်လိုက်ရမည်ဆိုလဲ
သူမအတွက် အဆင်ပြေပါသည်။ အနာဂတ်မှာ
အများသူငှာရဲ့ လှောင်ပြောင်ဟားတိုက်စရာ
အဖြစ်မျိုး ရောက်လိမ့်မည်ဆိုသော်ငြား
ထိုအချိန် သူမအနေနဲ့ ဒီလောကကြီးမှာ
ဆက်လက်တည်ရှိနေတော့မည်မှ မဟုတ်ပဲလေ။
ထို့ကြောင့် သူမစိတ်အစုံကို လျှော့ချလိုက်ပြီး
အရာရာကို လက်သင့်ခံလိုက်သလို မျက်ဝန်းတို့အား
ငြိမ်းချမ်းစွာ မှိတ်ချလိုက်ချိန်ဝယ် နူးညံ့ချိုမြိန်သော
ပုလွေသံလေးတစ်ခု ကြီးမားလှသော
တိမ်ပင်လယ်တို့မှ ပျံလွင့်လို့လာသည်ပင်။
စီးချက်ညီသော ပုလွေသံစဉ်အောက်ဝယ်
အစောက အရှေ့ဘက်ကောင်းကင်ဘုံတစ်ဝိုက်
စုဝေးနေပါသော မိစ္ဆာအခိုးအငွေ့တို့ဟာ
သေစေနိုင်မည့်ချက်ကောင်းတည့်တည့်ကို
ရုတ်ချည်း ထိုးစိုက်ခံလိုက်ရသလို ကသောင်းကနင်း
ရုန်းကန်း သောင်းကျန်းလေတော့သည်။
သူမခန္ဓာကိုယ်ပေါ် ရစ်ပတ်လွှမ်းခြုံနေပါသည့်
ဝေဒနာပေါင်းစုံဟာလဲ ရုတ်တရက် ဆွဲယူပစ်လိုက်
သလို ပျောက်ကင်းသွားသည်မို့ မျက်စိရှေ့ရှိ
မှုန်ဝါးဝါးမြင်ကွင်းကို ကြိုးစားပမ်းစား
ကြည့်မိသည်ပင်။
သိပ်မဝေးလှတဲ့ အကွာအဝေးတစ်ခုမှာ
လှိုင်းတံပိုးကြီးတစ်ခုဟာ ကောင်းကင်ဘုံမှနေ
ထိုးထွက်လာပြီးနောက် ထိုအဖြူရောင်
တိမ်တိုက်တို့နောက်ဝယ် ခမ်းနားကြီးကျယ်လှသော
ငွေမှင်ရောင် နဂါးကြီးတစ်​ကောင်အသွင်သို့​ပြောင်းလဲသွားလေသည်။

မြင်ကွင်းကို ရှင်းရှင်းလင်းလင်း ပိုမြင်သာအောင်
သူမ မျက်ဝန်းတွေကို ပွတ်သပ်လိုက်ချင်ပေမဲ့
လက်လေးတစ်ချောင်း ပင့်မြှောက်ဖို့တောင်မှ
သူမထံ လက်ကျန်ခွန်အား ရှိမနေတော့ချေ။
အဆိုပါ အဖြူရောင် လှိုင်းတံပိုးကြီးတွေဟာ
တစ်ခုထက်တစ်ခု ပိုမိုကြီးမားစွာ ပေါ်ထွန်းနေပြီး
‌ထောင်ပေါင်းများစွာသော မြင်းတပ်တို့ဖြင့်
မိစ္ဆာအငွေ့အသက်တို့အား နှိမ်နင်းနေသကဲ့သို့ပင်။
ကြက်သွေးရင့်ရောင် မိုးရေတို့ကြား သံစဉ်စီးချက်
ကျလှပါတဲ့ ပုလွေသံလေးဟာ ကြယ်တာရာ
မြစ်ကြောတစ်လျှောက် ပျံ့ဝင်ရင်းဖြင့်ပင်
နှစ်ဆယ့်ခုနစ်ထပ်မြောက်သော ကောင်းကင်ဘုံဟာ
နဂိုမူလ တည်ငြိမ်အေးချမ်းတဲ့ အ‌ခြေအနေသို့
ပြန်ရောက်ရှိခဲ့လေပြီ။
သမုဒ္ဒရာကြီးလေးစင်းနဲ့ ကန္တာရရှစ်ခုထက်ဝယ်
ယခုကဲ့သို့ ရင်သပ်ရှုမောဖွယ် ခမ်းခမ်းနားနား
မြင်ကွင်းနဲ့ သာယာငြိမ့်ညောင်းသော ပုလွေသံတို့
ခြံရံပြီး ရောက်ရှိလာတတ်သူဆိုလို့ သူမသိထားသူ
တစ်ဦးသာရှိလေသည်။ ဒါပေမယ့် အဆိုပါသူက
လက်ရှိအချိန်မှာ မိစ္ဆာမျိုးနွယ်စုတို့ အပိုင်စီးထား
ပါသည့် တောင်ဘက်လွင်ပြင်ကျယ်မှာ
စစ်ပွဲကို ဦးဆောင်နေရမှာလေ။
ထို့ထက်ပိုပြီး သူမ ‌‌‌‌‌‌‌‌မတွေးနိုင်ခင်မှာပဲ
သန့်ရှင်းစင်ကြယ်လှသည့် ပိုးဖိနပ်အဖြူရောင်
တစ်စုံဟာ သူမမြင်ကွင်းထဲ ဝင်ရောက်လာလေ
သည်။ ပတ်ဝန်းကျင် နေရာအနှံ့မှာ သွေးကွက်တို့
ပြန့်ကျဲနေသော်ငြား အဆိုပါ ပိုးဖိနက်ထက်ဝယ်
မည်သည့် အညစ်အကြေး အစွန်းအထင်းလေးမျှ
ပေကျံထားခြင်းမရှိ​ပေ။

ထို့​နောက်အမျိုးသားတစ်ဦး၏ အေးစက်စက်လေသံကို
သူမ အပေါ်မှနေ ကြားလိုက်ရလေသည်။

"ငါထွက်သွားတာ ရက်အနည်းငယ်ပဲ ရှိသေးတယ်...
မင်းက အခုလို သနားစရာအခြေအနေမျိုးမှာ
ရောက်နေပြီလား..."

သူမဘေး ဒူးတစ်ဖက်ထောက်လို့
ငုံကြည့်နေပါသည့် ဖြူလွလွဝတ်ရုံဖြင့်
မသေမျိုးတစ်ဦးကို မော့ကြည့်နိုင်ဖို့ သူမခေါင်းကို
အနည်းငယ် လှုပ်ရှားလိုက်မိသည်။
မဲ့ပြုံးလေးတစ်ခု သူမ မျက်နှာဝယ်
ဖြစ်ပေါ်လာပြီးနောက် မောဟိုက်နေသည့်လေသံဖြင့်
သူမက ဆိုလေသည်။

"ဒီတစ်ကြိမ်လဲ... ကျွန်မ...ထပ်ပြီး...ကံကောင်းဦး
မယ်...ထင်လိုက်မိတာ..."

ဘေးပတ်ပတ်လည်ရှိ မြူခိုးငွေ့တို့ဟာ
တဖြည်းဖြည်းချင်း ပျောက်ကွယ်လာပြီးနောက်
ထျန်းခန်းအကာကွယ်ပေါ်မှ နွေးထွေးလှပါသည့်
နေရောင်ခြည်တို့က နှစ်ဆယ့်ခုနစ်ထပ်မြောက်
ကောင်းကင်ဘုံရဲ့ နေရာတိုင်းကို အလင်းပေးလို့
လာချေပြီ။
သူမဟာ သူ့ရဲ့ မျက်နှာအမူရာကို သေချာတော့
မမြင်ရပေမယ့် သူ့ရဲ့ အေးစက်စက်
လက်ချောင်းတွေဟာ သူမရဲ့ မျက်နှာပြင်ကို
‌ထိတွေ့လျက်ရှိသည်ကိုတော့ ခံစားမိလေသည်။

"တကယ်ကိုပဲ မင်းကြုံခဲ့ရသမျှ အရာအားလုံးက
မင်းရဲ့ ကောင်းမွန်လှတဲ့ ကံတရားကြောင့်လို့ပဲ
ထင်နေတာလား..."

ဒါဟာ ပထဆုံးအကြိမ် သူဟာ ဒီလိုပုံစံမျိုးနဲ့
သူမကို ပြောဆိုဆက်ဆံခြင်းပင်။ အရင်က
တစ်ခါမှ ဒီလိုစကားမျိုး သူမကို သူပြောလာဖူးတာ မရှိခဲ့ဘူး။

ဖြစ်နိုင်တာက သူမဘဝ နေဝင်ချိန်ကို ရောက်ခါနီးမို့
ထင်ပါရဲ့။ ဟိုအရင်က တစ်ခါမှ မတွေးဖူးပါတဲ့
ကိစ္စတချို့ကို သူမစိတ်ထဲ ထင်ထင်ရှားရှား
သိလိုက်ရပါပြီ။ သိပ်ပြီး ရယ်စရာကောင်းတာက
သူမဟာ ကိုယ်တိုင်က မသေမျိုးဖြစ်နေပါလျက်နှင့်
ကံကောင်းခြင်းတွေဟာ ရှိနေသေးကြောင်းကို
ယုံကြည်ခဲ့သေးတာလေ။
မိစ္ဆာချုပ်နှောင်ဘုံကျောင်းအောက် နာကျင်မှု
ဒဏ်ရာများစွာကို တောင့်ခံ‌‌ထားရတာတောင်မှ
သူမဟာ မျက်ရည်တစ်စက် မကျနိုင်ခဲ့ဘူး။
သူမ ဘဝသက်တမ်းတစ်လျှောက် သူမ
တစ်ခါမှ မငိုခဲ့ဖူးပေ။ ဒါဟာ သူမ အရမ်းကိုစိတ်ဓာတ်ကြံ့ခိုင် သန်မာနေလို့မဟုတ်ပါပဲ
ကြာနီပန်းတို့ဟာ မျက်ရည်မရှိပါပဲ
မွေးဖွားလာရခြင်းကြောင့်သာလျှင် ဖြစ်ချေသည်။
ကြာနီပန်းတွေ မျက်ရည်မရှိတာ မှန်ပေမယ့်
ကွဲကြေသွားတဲ့ နှလုံးသားအစုံကတော့ သွေးတို့ကို
မျက်ရည်အဖြစ် အစားထိုးပေးလေရဲ့။ သူမ
မျက်ဝန်းထောင့်မှနေ သွေးမျက်ရည်တစ်စက်
ပါးပြင်တစ်လျှောက် စီးကျလို့သွားချေသည်။
အရာရာကို သူမဟာ အချိန်လွန်မှသိလိုက်ရပြီမို့
ဘယ်လိုတုံ့ပြန်ရမည် မသိတော့ချေ။
သွေးမျက်ရည်လေး တစ်စက်ဟာ အနီရောင်
ကျောက်စိမ်းတစ်ခုနှယ့် ပုံဆောင်ခဲအဖြစ်
ပြောင်းသွားပြီး အဆိုပါသူ၏ လက်ဖဝါးပေါ်
သက်ဆင်းသွားချေသည်။
သူမဟာ နှုတ်ခမ်းအစုံကို ဖွင့်ဟာလို့ သူမ
ပြောချင်သည်တို့ကို အတတ်နိုင်ဆုံး
ကြိုးစားပြီး ပြောလေတော့သည်။

"အကယ်၍...အကယ်၍များ...နောက်ဘဝသာ
ရှိနေခဲ့မယ်ဆိုရင်...မင်းသားသုံးကို..."

ထိုအမျိုးသား၏ လက်အစုံကို ဆုပ်ကိုင်ထားရင်း
သူမ ထိုစကားတို့ကို အဆုံးသတ်နိုင်ဖို့
ကြိုးစား‌နေဆဲပင်။

"အကယ်၍...နောက်ဘဝသာ..ရှိခဲ့မယ်ဆိုရင်ဖြင့်..."

သူမရဲ့ လက်ကျန်အသက်ဓာတ်လေး ကုန်ခမ်းမည့်
အချိန်ဟာ ရောက်ရှိနေပြီမို့ ပတ်ပတ်လည်ရှိ
ပတ္တမြားရောင် ကြာနီပန်းလွင်ပြင်ကြီးဟာ
သူမထွက်သက်နှင့်အတူ ညိုးနွှမ်းလို့လာချေပြီ။
ဒါပေမယ့် သူ့ကို ပြောသွားချင်တဲ့စကားတချို့ကို
သူမ အဆုံးမသတ်ရသေး။ ဖြူဖျော့ဖျော့
လက်ချောင်းလေးတွေဟာ သူ့ရဲ့လက်အစုံကို
ဆုပ်ကိုင်ထားရာမှနေ လျှောဆင်းလို့
ပြုတ်ကျသွားချိန် သူမရဲ့ ပိတ်ကျသွားပြီဖြစ်သည့်
မျက်ဝန်းထောင့်လေးဝယ် သွေးမျက်ရည်လေး
တစ်စက်ဟာ ငွေ့ရည်ဖွဲ့လို့ကျန်ခဲ့လေသည်။

သူဟာ မျက်နှာကိုငုံ့လို့ သူမကို အုပ်မိုးကြည့်မိရင်း
အချိန်အတန်ကြာမှ သူမရဲ့ အေးစက်နေပြီဖြစ်သည့်
လက်ဖဝါးအစုံထဲ အနီရောင် ကျောက်စိမ်းလေးကို
ထည့်ပေးကာ ခပ်တင်းတင်း ဆုပ်ကိုင်ထားလေရဲ့။

"အကယ်၍များ နောက်ဘဝရှိနေခဲ့မယ်ဆိုရင်...
မင်းဘယ်လိုဖြစ်ချင်သလဲ ချန်းရိ..."

နှင်းဆီပွင့်ဖတ်တို့ဟာ ဝေဒနာပင်လယ်ရဲ့
ထောင်ပေါင်းများစွာသော အနားသတ်တစ်လျှောက်
ပြန့်ကြဲလို့နေရင်း လွင့်မျောနေတဲ့ ကုမုဒြာကြာ.ပန်းတို့ဟာ
တစ်ပွင့်ပြီးတစ်ပြီး ဆက်ကာဖူးပွင့်ရင်း
အဖြူရောင်ပွင့်ချပ်တို့ဟာ မိုးရေစက်တို့ကြား
ရောနှောနေလေရဲ့။
အကယ်၍ နောက်ဘဝဆိုတာရှိခဲ့ရင်ဖြင့်တဲ့...
ဒါပေမယ့် မသေမျိုးတွေမှာ ဘယ်တုန်းကများ
နောက်ဘဝဆိုတာ ရှိခဲ့ဖူးလို့လဲလေ။

To be Continue Chapter One ,

ဘာသာပြန်သူတွင်​ပြောစရာရှိသည် : တန့်ချီက​တော့ ​စစချင်းကို ဓါးနဲ့ထိုး​နေပြီ TwT

Unicode ကိုအားလုံးအသုံးပြုသင့်​နေပါပြီ​နော်။ Zawgyiနဲ့မတင်ပါခင်ဗျာ။

Weiterlesen

Das wird dir gefallen

Erica Von Sam

Historische Romane

2.9M 110K 60
They say her voice was once bewitching to all who heard it. She was like a siren luring sailors to their deaths on quiet nights... Those are just rum...
126K 10K 100
Ongoing novel လင်းရှင်းလန်ဟာကမ္ဘာပျက်ကပ်ကာလမှာစွမ်းအင် 2မျိုး နိုးထခဲ့ပေမယ့် သူ့ရည်းစားနဲ့ သူ့သူငယ်ချင်းက လအနည်းငယ်စာ အစားအသောက်အတွက်နဲ့ သူမကို သုတေ...
77.9K 2.7K 66
𝑨𝒏 𝒂𝒖𝒕𝒉𝒐𝒓 𝒘𝒉𝒐 𝒇𝒊𝒏𝒅𝒔 𝒉𝒆𝒓𝒔𝒆𝒍𝒇 𝒊𝒏 𝒉𝒆𝒓 𝒐𝒘𝒏 𝒄𝒓𝒆𝒂𝒕𝒊𝒐𝒏. 𝘙𝘦𝘯𝘦𝘦, 𝘢 𝘵𝘸𝘦𝘯𝘵𝘺-𝘧𝘪𝘷𝘦 𝘺𝘦𝘢𝘳 𝘰𝘭𝘥 𝘴𝘦𝘭𝘧...
Beyond Times Von Woody

Historische Romane

104K 6.4K 57
-"And where do I reside?" -"You reside in my heart, Priye!" Two broken souls, who endured pain and loneliness all their life. Destiny united them and...