ခြောက်လပိုင်း သုံးရက်နေ့က ဤနှစ်၏အပူပြင်းဆုံးနေ့တစ်နေ့ပင်။
အိမ်ပြင်ဘက်တွင် လေပြည်တိုက်ခတ်ခြင်းအလျဉ်းမရှိဘဲ ပုစဉ်းရင်ကွဲတို့၏ အသံများပင်လျှင် အားအင်ချိနဲ့နေသည်။
သွမ့်လင်က မနက်အစောပိုင်းတည်းကပင် တောအုပ်ထဲ၌ ဓားသိုင်းကျင့်နေ၏။
သူလေ့ကျင့်နေသည်က သွမ့်အိမ်တော်၏ကျီဖုန်းဓားသိုင်းဖြစ်သည်။ ဓားချက်တို့က လေပြင်းမုန်တိုင်းသဖွယ်ထင်မှတ်ရပြီး အရပ်လေးမျက်နှာ၌ ဓားသိုင်းကျင့်စဉ်၏အရိပ်များကို ထင်ကျန်ရစ်စေသည်။ သွမ့်လင်၏အမူအရာက မတုန်မလှုပ်တည်ငြိမ်နေပြီး မျက်ဝန်းအကြည့်များက ဓားသွားထက်ပို၍ စူးရှလျက် ဓားဦးညွှန်လိုက်ရာအရပ်တိုင်းတွင် လေပြင်းတစ်ချက်က အတူကပ်ပါလာတတ်၏။ ရုတ်တရက် သူက လက်ကောက်ဝတ်ကိုလှည့်၍ ဓားကိုနောက်ပြန်ပစ်လွှတ်လိုက်သည်။
ထိုဓားက အရှိန်ဖြင့် ပျံဝဲသွားပြီး သူ့နောက်ကျောဘက်ရှိ သစ်ပင်၏ပင်စည်ထဲသို့ စိုက်ဝင်သွားသည်။
ကနဦးက သစ်ပင်နောက်တွင် ပုန်းကွယ်နေသည့် လူငယ်လေးက ထိတ်လန့်စွာ အော်ဟစ်လိုက်ပြီး လှုပ်ခါနေဆဲဖြစ်သည့်ဓားကိုကြည့်ကာ ရင်ဘတ်ကိုဖိရင်း ပြောလာသည်။
"အစ်ကိုကြီးသွမ့်၊ ကျွန်တော်ရောက်နေတာကို အစောတည်းက သိနေတာလား"
သွမ့်လင်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး -
"အဲဒီလိုသာမဟုတ်ရင် ခုနက ဓားက မင်းလည်ပင်းကိုဖောက်သွားလောက်ပြီ"
လျိုရိက လည်ပင်းကို ကျောချမ်းစွာပွတ်သပ်လိုက်ပြီးနောက် ရယ်ရယ်မောမောဆိုသည်။
"အစ်ကိုကြီးသွမ့်ရဲ့ သိုင်းအတတ်က တဖြည်းဖြည်းပိုကောင်းလာတော့တာပဲ"
သွမ့်လင်က လက်ကိုမြှောက်၍ နဖူးမှချွေးများကိုသုတ်လိုက်သည်။
သူ၏မျက်နှာက ချောမောခံ့ညားသော်လည်း မျက်လုံးအကြည့်တို့က ဓားအိမ်မှဆွဲထုတ်လိုက်သည့် ဓားတစ်ချောင်းလို စူးရှနေပြီး ကြည့်မိသူကို ထိတ်လန့်စေနိုင်သည်။
လျိုရိက ခပ်ဆိတ်ဆိတ်သက်ပြင်းချလိုက်ရင်း ယခင်က အစ်ကိုကြီးသွမ့်၏ပုံစံမှာ ယခုလိုမဟုတ်ကြောင်းတွေးနေမိသည်။ လွန်ခဲ့သောနှစ်ဝက်မှစ၍ .....
"ကျွန်တော်မလာခင် အစ်ကိုကြီးလုရဲ့အုတ်ဂူကို အရိုအသေပေးခဲ့သေးတယ်"
သွမ့်လင်က ခေါင်းအသာညိတ်လိုက်ပြီး တခဏတိတ်ဆိတ်နေသည်။ ထို့နောက်မှ ပြောလာ၏။
"အွန်း၊ သူနဲ့မင်းက အတော်ရင်းနှီးတာပဲလေ။ မင်းကိုတွေ့ရတော့ သူလည်းဝမ်းသာမှာပါ။"
"ကျွန်တော် အဲဒီတုန်းက ဆရာသခင်နဲ့ လော့ယန်ကို လိုက်သွားမိလို့ အစ်ကိုကြီးလုကို နောက်ဆုံးအနေနဲ့တောင် မမြင်လိုက်ရဘူး"
သွမ့်လင်က ထိုအကြောင်းကို ဆက်မပြောချင်တော့သဖြင့် ဓားကိုသိမ်းလိုက်ပြီး လျှောက်လာသည်။
"အိမ်ထဲဝင်ထိုင်ဦးလေ"
သွမ့်လင်နေသည့်အိမ်က အသစ်ဆောက်လုပ်ထားခြင်းဖြစ်ပြီး မက်မွန်တောအုပ်နံဘေးတွင် ကပ်လျက်တည်ရှိသည်။ နွေဦးရာသီဆိုလျှင် ပြတင်းတံခါးတစ်ချက်ဖွင့်လိုက်သည်နှင့် မက်မွန်ပန်းများကို မျက်စိတဆုံးမြင်တွေ့နိုင်မည်ဖြစ်သည်။
သွမ့်လင်က ဓားသိုင်းကျင့်ထား၍ ချွေးစိုနေသဖြင့် အဝတ်အစား အရင်လဲသည်။ ထို့နောက် လျိုရိကို ရေနွေးကြမ်းဖြင့် ဧည့်ခံ၏။
"ဒီကို ဘယ်လိုရောက်လာတာလဲ"
"တစ်နေ့တစ်နေ့ တောင်ပေါ်မှာပဲ ဓားသိုင်းကျင့်နေရတာ ပျင်းလွန်းလို့သေမလိုပဲ။ ဖြစ်ချင်တော့ အစ်ကိုကြီးသွမ့်နေတဲ့တောင်ကြားနဲ့က နီးတာနဲ့ ရက်ပိုင်းလောက် အနားယူဖို့ထွက်လာလိုက်တာ"
ရာသီဥတုက ပူပြင်းလွန်းလှသည်။ လျိုရိက လက်ဖက်ရည်ကြမ်းကို တစ်ကျိုက်တည်းမော့လိုက်ပြီး ဆက်ပြော၏။
"ဒီကိုလာရင်း လမ်းမှာ အမှုတစ်ခုထပ်ဖြစ်တဲ့အကြောင်း ကြားခဲ့သေးတယ်"
"အော?"
"ဒီတစ်ခါက ကျင်းလင်အိမ်တော်ရဲ့ ဒုတိယသားတဲ့။ ကြားမိတာတော့ အဲဒီလူက အပျော်အပါးလိုက်စားတတ်တယ်တဲ့လေ။ အမှုဖြစ်တဲ့ညကလည်း လှေပေါ်မှာ ပျော်ပါးနေတာ။ နောက်နေ့မနက်လည်းကျရော သေနေပြီတဲ့။ သူလည်း အရင်လူတွေရဲ့ သေပုံသေနည်းအတိုင်းပဲ ခေါင်းဖြတ်ခံထားရတယ်။"
သွမ့်လင်က လက်သီးကိုကျစ်ကျစ်ဆုပ်မိသွားပြီး တဖြည်းဖြည်းပြန်ဖြေလျှော့လိုက်ကာ ပြောသည်။
"သေချာပေါက် မိစ္ဆာဂိုဏ်းရဲ့လက်ချက်ပဲ"
"ဟုတ်တယ်။ မနှစ်တည်းက အခုထက်ထိ သေတဲ့လူက ဆယ်ယောက်ကျော်နေပြီ။ အစ်ကိုကြီးသွမ့်၊ အဲဒီမိစ္ဆာဂိုဏ်းက မကောင်းဆိုးရွားတွေ ဒီလိုမျိုးခေါင်းတွေလိုက်ဖြတ်နေတာ ဘာအတွက်လို့ထင်လဲ။"
သွမ့်လင်က တိတ်ဆိတ်နေသည်။
သူ၏အမူအရာတင်းမာနေကြောင်းမြင်သောအခါ လျိုရိ ပြန်သတိရသွားသည်။ လုရှိုးဝမ်သေဆုံးချိန်က ရောဂါကြောင့်ဖြစ်သည့်တိုင် မိစ္ဆာဂိုဏ်းသားများက အလောင်းကိုဖျက်ဆီးပစ်ခဲ့သည်။ ထို့ကြောင့် အလောင်းကိုမြုပ်နှံလိုက်ရသည့်တိုင် အကောင်းပကတိ ပြည့်ပြည့်စုံစုံမဟုတ်ခဲ့ချေ။ လျိုရိလည်း စကားကျွံမိခြင်းအတွက် နောင်တရသွားပြီး ခေါင်းငုံ့၍ လက်ဖက်ရည်ကြမ်းသာ ထိုင်သောက်နေတော့သည်။ တစ်အိုးလုံးနီးနီးကုန်သွားလေမှ သူက လက်ဖြင့်ယပ်ခတ်ရင်း ဆက်ပြော၏။
"မိစ္ဆာဂိုဏ်းကလူတွေက တကယ်ကောက်ကျစ်လွန်းတယ်။ အရင်နှစ်တုန်းက ဂိုဏ်းချုပ်တွေစုပြီး ဂိုဏ်းပေါင်းစုံသိုင်းဖလှယ်ပွဲလုပ်ထားတာက သူတို့ကိုနှိမ်နင်းဖို့အတွက်ပဲ။ ဒါပေမဲ့ နှစ်ဝက်လုံးလုံး ခက်ခက်ခဲခဲစုံစမ်းနေတာတောင် လက်ဝဲအရှင်နဲ့ပတ်သက်ပြီး ဘာသတင်းမှမရသေးဘူး။"
နောက်ဆုံးတွင် သွမ့်လင်လည်း နှုတ်ဟလာ၏။
"အရင်အချိန်တွေတည်းက မကောင်းမှုက ကောင်းမှုကို လွှမ်းမိုးနိုင်ခဲ့ရိုး ထုံးစံမရှိဘူး။ အခုချိန်မှာ သူတို့က လူတွေကို ဒုက္ခဆက်ပေးနိုင်သေးပေမဲ့ သူတို့ရဲ့နေဝင်ချိန်လည်း ရောက်လာဦးမှာပဲ။"
လျိုရိက ဤကိစ္စကို သူ အစဉ်စုံစမ်းနေခဲ့ကြောင်းသိ၍ မနေနိုင်စွာမေးလိုက်သည်။
"အစ်ကိုကြီးသွမ့်မှာ သဲလွန်စရှိနေပြီလား"
"မင်းပြောကြည့်၊ လူတစ်ယောက်က လက်စားချေလိုစိတ်ပြင်းပြနေရင် ဘယ်အချိန်မှာ သူ့ရဲ့အမုန်းအာဃာတတွေက အပြင်းထန်ဆုံးဖြစ်လိမ့်မလဲ။"
လျိုရိက မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြစ်နေပြီး ချက်ချင်းမတွေးနိုင်ပေ။
သွမ့်လင်က ဆက်ပြောသည်။
"မှတ်မိသေးလား။ ငါတို့ အရင်နှစ် ဘယ်အချိန်တုန်းက မိစ္ဆာဂိုဏ်းကို ဖြိုခွင်းခဲ့တာလဲ။"
"ကျွန်တော် အတိအကျကိုမှတ်မိတယ်။ အဲဒီနေ့က ရှစ်လပိုင်း ၈ရက်နေ့ပဲ ......"
လျိုရိကပြောရင်း မျက်လုံးများအရောင်လက်သွားပြီး -
"ဂိုဏ်းချုပ်သေတဲ့ နှစ်ပတ်လည်နေ့ပေါ့!"
"အွန်း၊ လက်ဝဲအရှင်ကို ငါမတွေ့ဖူးဘူး။ ဒါပေမဲ့ သူ့ရဲ့စရိုက်လက္ခဏာအရ အမှောင်ထဲမှာပဲ တစ်ချိန်လုံးပုန်းကွယ်နေမှာမဟုတ်ဘူး။ ဂိုဏ်းချုပ်ရဲ့နှစ်ပတ်လည်နေ့ကိုရောက်ရင် လှုပ်ရှားမှုကြီးကြီးမားမားရှိလာနိုင်တယ်။"
"အဲဒီအချိန်ကျရင် တိုက်ပွဲကြီးထပ်ဖြစ်ဦးမှာများလား"
သွမ့်လင်က နှာခေါင်းရှုံ့လိုက်ပြီး ခေါင်းငုံ့ကာ ဓားရှည်၏လက်ကိုင်ကို ပွတ်သပ်လိုက်သည်။ သူ၏နှုတ်ခမ်းထောင့်များက အပြုံးတစ်ခုကို လှစ်ဟပြလာ၏။
"ငါလိုချင်တာကလည်း အဲဒါပဲ"
သူ့မျက်လုံးများထဲတွင်တော့ ရယ်ပြုံးရိပ်တို့ရှိမနေဘဲ သတ်ဖြတ်လိုသော အငွေ့အသက်များသာ ကြီးစိုးနေခဲ့သည်။
လျိုရိလည်း ကျောချမ်းသွားမိပြီး လုရှိုးဝမ်သေဆုံးပြီးသည့်နောက်တွင် သွမ့်လင်က အခြားလူတစ်ယောက်လို ပြောင်းလဲသွားသည်ဟု ခံစားမိလိုက်၏။
သူတို့နှစ်ဦး ရောက်တတ်ရာရာ စကားများဆက်ပြောရင်း နေ့လယ်ပိုင်းရောက်သောအခါ ထမင်းအတူစားကြသည်။ ညနေပိုင်းတွင်တော့ သွမ့်လင်က နောက်တစ်ကြိမ်ဓားရေးကျင့်ပြီး လျိုရိကမူ ထိုမျှလုံ့လမရှိချင်ပါချေ။ ထို့ကြောင့် တောင်အောက်ဆင်း၍ လုရှိုးယန်၏အိမ်သို့ ထွက်လာခဲ့လိုက်သည်။
ရက်အနည်းငယ်ကြာပြီးနောက် မိစ္ဆာဂိုဏ်း၏အကြွင်းအကျန်များကို ခြေရာခံမိသည်ဆိုသောသတင်းက သိုင်းလောကတခွင်ပျံ့နှံ့လာခဲ့သည်။
"နောက်ပြီး အဲဒီနေရာက မိစ္ဆာဂိုဏ်းရဲ့နေရာဟောင်းနဲ့လည်း နီးတယ်။ အဲဒီနေရာကို အရင်နှစ်တည်းက မီးရှို့လိုက်ပြီလေ။ မိစ္ဆာဂိုဏ်းကလူတွေ ပြန်သုံးနေကြတာများလား။"
သွမ့်လင်က တွေးတွေးဆဆပြောသည်။
"စခဲ့တဲ့နေရာမှာပဲ အဆုံးသတ်ရမှာပေါ့။ ကြည့်ရတာ လက်ဝဲအရှင်က တိုက်ပွဲနေရာကို ရွေးလိုက်ပြီပဲ။"
"ဒါက ထောင်ချောက်လို့ အစ်ကိုကြီးသွမ့် ထင်လား။"
"ထောင်ချောက်ဟုတ်မဟုတ် သွားကြည့်လိုက်ရင်သိမှာပဲမလား"
သွမ့်လင်က များများစားစားမပြောတော့ဘဲ ခပ်ရှင်းရှင်းသာဆိုသည်။
"ငါပစ္စည်းသိမ်းလိုက်ဦးမယ်။ မနက်ဖြန်ပဲသွားတော့မယ်။"
လျိုရိက အမြန်ဝင်ပြော၏။
"ကျွန်တော်လည်းလိုက်မယ်!"
"မင်း... အန္တရာယ်များလွန်းတယ်"
"ကျွန်တော့်ဆရာလည်း သေချာပေါက်သွားမှာပဲ။ လမ်းတစ်ဝက်မှာ ဆုံလိုက်ရင်ရပြီလေ"
လျိုရိဆရာသခင်၏အရည်အချင်းကို သွမ့်လင်က သိနားလည်ပြီးဖြစ်သည်။ ထို့ကြောင့် ဆက်မငြင်းပယ်တော့ဘဲ အခန်းသို့ပြန်ကာ အဝတ်များသိမ်းဆည်းထုပ်ပိုး၏။ ထို့နောက် သေရည်တစ်အိုးယူကာ အိမ်ပြင်ထွက်၍ မက်မွန်တောနက်ထဲသို့ လျှောက်ဝင်လာခဲ့သည်။
ထိုမက်မွန်တောကို လွန်ခဲ့သောနှစ်ဝက်က စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။ မက်မွန်ပင်တန်း၏အဆုံးတွင်တော့ အုတ်ဂူသစ်တစ်လုံးက ရိုးရိုးရှင်းရှင်းတည်ရှိနေ၏။ နေဝင်ချိန်ရောက်လျှင် ရင်သပ်ရှုမောဖွယ်ရှုခင်းအလှကို မြင်တွေ့ခံစားနိုင်သည်။
သွမ့်လင်က သေရည်အိုးကိုဖွင့်၍ အုတ်ဂူရှေ့တွင် အကုန်လောင်းလိုက်သည်။ ထို့နောက် တစ်ကိုယ်တည်းရေရွတ်သလိုပြော၏။
"ကျွန်တော် တခဏလောက် ခရီးထွက်ရမယ်"
"မဖြစ်မနေသွားရမယ့်ခရီး ဖြစ်နေလို့ပါ။ သူတို့လက်ထဲမှာ ခင်ဗျားရဲ့..... ရှိနေသေးတယ်လေ။"
"ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ အလွန်ဆုံးနှစ်လလောက်ပဲကြာမှာပါ။"
သွမ့်လင်က အေးစက်သောအုတ်ဂူရှိရာကို ပြုံးပြရင်း နှလုံးသားချင်းထပ်တူကျသူအား နူးညံ့နွေးထွေးစွာပြောလိုက်သည်။
"ဒီကိစ္စတွေအကုန်ပြီးသွားရင် ကျွန်တော် ခင်ဗျားဆီပြန်လာခဲ့ပါ့မယ်။ ကျွန်တော်တို့ ဘယ်တော့မှ ထပ်မခွဲခွာရတော့ပါဘူး။"
••••••••••
လျိုရိတစ်ယောက် လမ်းပေါ်တွင် ခြေဦးတည့်ရာလျှောက်သွားနေသည်။
အရှေ့ဘက်လမ်းမှ သစ်အယ်သီးလှော်ကိုလည်း သူဝယ်ခဲ့သည်။ အနောက်ဘက်လမ်းမှ အသားပေါက်စီကိုလည်း သူဝယ်ခဲ့သည်။ လမ်းပေါ်မှ မျက်လှည့်ဖျော်ဖြေရေးများကိုလည်း သူကြည့်ခဲ့သေးသည်။ လျှောက်ရလွန်း၍ ခြေများလည်းတိုလုနီးနီးပင်။ အဆုံးတွင်တော့ လမ်းနံဘေးတွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ခြေထောက်များကိုလက်ဖြင့်ထုရင်း အသံတိုးတိုးဖြင့်ပြောလိုက်၏။
"အစ်ကိုကြီးသွမ့်၊ ကျွန်တော်တစ်ယောက်တည်း လမ်းလျှောက်နေတာ ဒီလောက်ကြာနေပြီ။ ဘာလို့မိစ္ဆာဂိုဏ်းသားတစ်ယောက်တောင် ငါးစာလာမဟပ်သေးတာလဲ။"
သူ့နောက်ဘက်မှ လှောင်ရယ်သံသဲ့သဲ့ပေါ်ထွက်လာ၏။
ထို့နောက် သွမ့်လင်က ခေါင်မိုးပေါ်မှ ပေါ့ပါးသွက်လက်စွာ ခုန်ဆင်းလာပြီး သူ့နံဘေးတွင် ဝင်ရပ်လိုက်သည်။
"ထောင်ချောက်ထဲ ဒီလောက်လွယ်လွယ်နဲ့ဝင်လာရင် အဲဒီကောင်တွေကို ကိုင်တွယ်ဖို့က သိပ်လွယ်နေမှာပေါ့"
သူတို့နှစ်ဦး သတင်းရပြီးသည်နှင့် တောင်ကြားမှထွက်ကာ နေ့နေ့ညညခရီးနှင်လာခဲ့သည်။ ယခုဆိုလျှင် မိစ္ဆာဂိုဏ်း၏စခန်းချုပ်ရှိရာနှင့် ရက်အနည်းငယ်ခရီးသာ ကွာဝေးတော့၏။ လမ်းတလျှောက်တွင် မိစ္ဆာဂိုဏ်းကိုသုတ်သင်ရန်လာကြသည့် သိုင်းသမားအားလုံး ခြုံခိုတိုက်ခိုက်ခံရသည်ဟု သူတို့ကြားခဲ့ရသေးသည်။
မိစ္ဆာဂိုဏ်း၏သတင်းပေါက်ကြားလာသည်က မတော်တဆမဟုတ်ဘဲ ပိုက်ကွန်ကြီးကြီးကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ကျက်လိုက်ပုံရသည်။ ထောင်ချောက်ဆင်ပြီးသည်နှင့် သူတို့ဝင်တိုးလာသည်ကို အသင့်စောင့်နေခဲ့၏။ သို့ရာတွင် မိစ္ဆာဂိုဏ်း၏ သတ်ဖြတ်ခြင်းခံခဲ့ရသူများက အရေအတွက်မနည်းလှပေ။ ထို့ကြောင့် လက်စားချေလိုသည့် အမျိုးအဆွေ၊ ပတ်သက်ရာပတ်သက်ကြောင်းတို့က ထောင်ချောက်မှန်းသိသည့်တိုင် သေချာပေါက် အရောက်လာကြမည်သာ။
လက်ဝဲအရှင်ကလည်း ဤသို့ဖြစ်စေချင်ဟန်တူ၏။
သွမ့်လင် ခေါင်းအသာယမ်းရင်း ခါးသက်စွာပြုံးမိသည်။ သူသည်လည်း ထိုသူများထဲမှတစ်ယောက်ပင်မဟုတ်ပါလား။
လျိုရိကမူ အကောင်းမြင်စိတ်ပိုရှိသည်။ သူက သူတို့နှစ်ဦးကို မိစ္ဆာဂိုဏ်းကပစ်မှတ်ထားလိမ့်မည်ဟု ခံစားရသဖြင့် ကိုယ်တိုင် ငါးစာအဖြစ်ခံပြီး သွမ့်လင်ကို တိတ်တဆိတ်ကာကွယ်ပေးခိုင်းသည်။ သို့ရာတွင် သူတစ်ဦးတည်း အတန်ကြာလျှောက်သွားနေသည့်တိုင် မည်သူကမှ ငါးစာကိုလာမဟပ်ခဲ့ကြပေ။
သွမ့်လင်က စိတ်အားလျော့နေသော လျိုရိ၏ပခုံးကိုပုတ်ပေးလိုက်ပြီး -
"အချိန်မစောတော့ဘူး။ တည်းခိုဆောင်ကို ပြန်နားကြစို့။"
လျိုရိက စိတ်မလျှော့နိုင်သေးချေ။
"မနက်ဖြန် ထပ်စမ်းကြည့်မလား"
"မင်းရဲ့ဆရာရောက်လာတော့မယ်လေ။ သူလာမှ ထပ်ပြောကြတာပေါ့။"
ဆရာဖြစ်သူအကြောင်းကြားသည်နှင့် လျိုရိက ပြန်လည်တက်ကြွလာတော့သည်။
သွမ့်လင်လည်း ပုန်းကွယ်မနေတော့ဘဲ လျိုရိနှင့်အတူ တည်းခိုဆောင်သို့ ပြန်လာခဲ့လိုက်သည်။
ညနေခင်းအချိန်ဖြစ်၍ ပတ်ဝန်းကျင်က အနည်းငယ်မှောင်စပြုလာသည်။ သွမ့်လင်က လမ်းလျှောက်ရင်း လမ်းထောင့်မှ လူတစ်ယောက်လှည့်ထွက်သွားသည်ကို မြင်လိုက်၏။ ထိုသူက နက်မှောင်သောဆံပင်ရှည်များရှိပြီး အသားဖြူသည်။ မျက်နှာသွင်ပြင်တစ်ခြမ်းကိုသာ မြင်လိုက်ရသည့်တိုင် ဝင်လုဆဲဆဲနေမင်း၏ အလင်းရောင်တွင် လူတစ်ယောက်နှင့်လွန်စွာဆင်တူနေခဲ့၏။
သွမ့်လင်၏ရင်က အထိန်းအကွပ်မဲ့စွာ ခုန်လှုပ်လာပြီး အရပ်ဒေသများကိုပင် မေ့လျော့ကာ ထိုသူနောက်သို့ အပြေးလိုက်မိတော့သည်။
လမ်းမပေါ်တွင် လူများပြားလှကာ လွန်စွာစည်ကားသိုက်မြိုက်နေ၏။
သွမ့်လင်တွင် သိုင်းအတတ်ရှိသော်လည်း လူပြည့်ကြပ်နေသည့်လမ်းမထက်တွင် အသုံးမပြုနိုင်ပေ။ ထို့ကြောင့် တခဏအတွင်း လူအုပ်ကြီး၏ပိတ်ဆို့တားဆီးခြင်းကို ခံလိုက်ရ၏။ လမ်းနှစ်လမ်းကျော်သည့်တိုင် နောက်မှအပြေးလိုက်ခဲ့သော်လည်း ထိုသူကို အရိပ်အယောင်ပင် မတွေ့ရတော့ချေ။ နောက်ဆုံးတွင် ခြေလှမ်းများကို မရပ်ချင်သော်လည်းရပ်လိုက်ရပြီး အရပ်လေးမျက်နှာမှ သူစိမ်းများ၏မျက်နှာကို လိုက်ကြည့်ခဲ့မိ၏။ သို့တိုင်အောင် သူ့နှလုံးသားထဲမှလူနှင့် စိုးစဉ်းမျှတူညီသူကိုပင် ရှာမတွေ့ခဲ့ပါချေ။
လျိုရိက နောက်မှအမြန်လိုက်လာပြီး မေးသည်။
"အစ်ကိုကြီးသွမ့်၊ ဘာဖြစ်လို့လဲ။ မိစ္ဆာဂိုဏ်းကလူကိုတွေ့လိုက်လို့လား။"
"မဟုတ်ဘူး"
သွမ့်လင်က လက်ကိုယမ်းပြလိုက်ပြီး ပြန်မေးမိ၏။
"မင်း ခုနက တွေ့လိုက်သေးလား...."
စကားမဆုံးသေးမီ သူ့နှုတ်ဖျားက ဆက်ပြောရန်ခက်ခဲသွားကာ မည်သို့ထုတ်မေးရမည်ကို မသိတော့ချေ။ လုရှိုးဝမ်က သေနှင့်ပြီဖြစ်သည်။ ဤနေရာတွင် မည်သို့ပေါ်လာနိုင်ပါမည်နည်း။
"ဘာကိုလဲ"
"ဘာမှမဟုတ်တော့ဘူး။ ငါလူမှားသွားတာ။"
သွမ့်လင်က စကားကိုပြန်ရုတ်သိမ်းလိုက်ပြီး လျိုရိကို တည်းခိုဆောင်သို့ ပြန်ပို့ပေးလိုက်သည်။ ကိုယ်တိုင်ကမူ အနားမယူသေးပါဘဲ လမ်းမထက်တွင် ဦးတည်ရာမဲ့လျှောက်သွားနေခဲ့၏။
လုရှိုးဝမ်က သူ့ရင်ခွင်ထဲတွင် အသက်ရှူရပ်တန့်သွားခဲ့သည်။
သူက သူ့ကို ပွေ့ဖက်ထားခဲ့ပြီး ညဥ့်သန်းခေါင်မှ မနက်လင်းသည့်တိုင် ရင်ခွင်ထဲမှခန္ဓာကိုယ်က တဖြည်းဖြည်းအေးစက်လာသည်ကို ခံစားမိခဲ့၏။
ဤလောကတွင် သေသူကို ပြန်လည်အသက်သွင်းနိုင်သည့်အတတ်ပညာ အမှန်တကယ် မတည်ရှိပါချေ။
အခြားသူက လုရှိုးဝမ်နှင့် မည်မျှတူပါစေ၊ အဓိပ္ပာယ်မရှိ။ လုရှိုးယန်သည်လည်း ဆင်တူသည်မဟုတ်ပါလား။ သို့တိုင်အောင် သူ့နေရာတွင် အစားမထိုးနိုင်ပေ။
ထိုသို့တွေးတောမိသောအခါ ဆူပွက်နေသည့် သူ့စိတ်အစဉ် တဖြည်းဖြည်းပြန်လည်ငြိမ်သက်သွားသည်။
သို့ရာတွင် သူ့ရင်ထဲ၌ သံသယတစ်ခုအမြဲရှိနေခဲ့ပါသည်။ ထိုနေ့က လုရှိုးဝမ်၏အလောင်းကို လော့ရှားတောင်တန်းသို့ ပြန်သယ်လာစဉ် လမ်းတွင် မိစ္ဆာဂိုဏ်းသား၏တိုက်ခိုက်မှုကို ခံခဲ့ရသည်။ သူနှင့်လုရှိုးယန်က ပထုတ်ခံလိုက်ရပြီး လုရှိုးဝမ်၏ခေါင်းလည်းအဖြတ်ခံခဲ့ရ၏။ ထိုအချိန်က သူ လွန်စွာဒေါသဖြစ်ရပြီး လက်ဝဲအရှင်က လုရှိုးဝမ်ကို မိစ္ဆာဂိုဏ်း၏သစ္စာဖောက်ဟု သတ်မှတ်ကာ အပြစ်ပေးလိုခဲ့သည်ဟု ယူဆခဲ့မိသည်။ သို့သော် စိတ်ငြိမ်သွားချိန်၌ပြန်တွေးမိသောအခါ သံသယဖြစ်ဖွယ်အချက်များကို သတိပြုမိလာခဲ့၏။ ပထမအချက်မှာ လုရှိုးဝမ်သေဆုံးသွားသည်က အချိန်အတန်ကြာပြီဖြစ်သည်။ ထို့ကြောင့် အလောင်းက သွေးထွက်နိုင်တော့မည်မဟုတ်ပေ။ ဒုတိယအချက်သည်ကား လုရှိုးဝမ်၏ကိုယ်ကို သူ နေ့နေ့ညည ထွေးပွေ့ထားခဲ့ဖူးပြီး လွန်စွာအကျွမ်းတဝင်ရှိသည်။ သို့တိုင်အောင် ခေါင်းမဲ့နေသည့် ထိုအလောင်းက....တစ်စုံတရာ မူမမှန်သလို ခံစားမိစေ၏။
တစ်စုံတစ်ယောက်က လုရှိုးဝမ်၏အလောင်းကို တမင်တကာ လဲလှယ်ခဲ့သည်လား။
မည်သို့သော ရည်ရွယ်ချက်နှင့် လဲခဲ့ပါသနည်း။
အမှန်တရားက မည်သို့ဖြစ်စေ၊ မိစ္ဆာဂိုဏ်း၏လက်ဝဲအရှင်တစ်ဦးသာ ဖြေဆိုပေးနိုင်မည်ဖြစ်သည်။
မိုးချုပ်လာ၍ လမ်းပေါ်တွင် လူပါးသွားပြီဖြစ်သည်။ သွမ့်လင်က အတွေးများနေသဖြင့် မသိလိုက်မသိဖာသာဖြင့် လူသူကင်းမဲ့သည့်နေရာတစ်ခုကို လျှောက်လာမိလေသည်။
သူက ဤနှစ်ဝက်လုံးလုံး လုံ့လဝီရိယစိုက်ထုတ်၍ သိုင်းကျင့်ခဲ့သည်။ ထို့ကြောင့် သူ သင်ယူခဲ့သည့် မိစ္ဆာလမ်းစဉ်သိုင်းအတတ်က အဆင့်တစ်ဆင့်ကို ထပ်မံရောက်ရှိသွားပြီဖြစ်၏။ သူ၏အကြားအာရုံက သာမန်လူများထက် ပို၍ထူးကဲလှသည်။ ခြေလှမ်းအနည်းငယ်လျှောက်ပြီးနောက်တွင် နောက်ကျောဘက်မှ လှုပ်ရှားသံသဲ့သဲ့ကိုကြားလိုက်ရပြီး တစ်စုံတစ်ယောက်လိုက်လာကြောင်း သတိပြုမိလိုက်၏။
သွမ့်လင် မျက်ခုံးပင့်သွားပြီး လျိုရိ၏နည်းလမ်းက မအောင်မြင်ခဲ့ဘဲ သူကိုယ်တိုင်ကပစ်မှတ်ဖြစ်သွားကြောင်း တွေးမိလိုက်သည်။ သူက မရိပ်မိသလိုဟန်ဆောင်လိုက်ပြီး တခဏဆက်လျှောက်ပြီးနောက် တည်းခိုဆောင်သို့ ပြန်လှည့်လာခဲ့သည်။
နောက်ယောင်ခံလိုက်လာသူက မလှုပ်ရှားလိုသေးပုံရသည်။ ပြတင်းတံခါးအပြင်မှ တစ်ချက်ကြည့်ပြီးနောက် လှည့်ထွက်သွားခဲ့၏။
သွမ့်လင်က ထိုသူ၏ခြေသံ ဝေးကွာသွားသည်အထိစောင့်နေပြီးမှ ပြတင်းတံခါးကိုဖွင့်ကာ အပြင်ထွက်၍ ခပ်ဝေးဝေးမှ လိုက်သွားသည်။ သူ၏ကိုယ်ဖော့သိုင်းက အဆင့်မြင့်လှပြီး ကိုယ်ယောင်ဖျောက်နိုင်စွမ်းကလည်း မြင့်မားသည်။ ထို့ကြောင့် ဝတ်ရုံနက်နှင့်လူက သူ နောက်ယောင်ခံလိုက်လာသည်ကို မရိပ်မိဘဲ မြို့တွင်း၌ တစ်ပတ်ပတ်သွားပြီးနောက် မြို့ရှေ့ပိုင်းရှိစံအိမ်ကြီးရှိရာသို့ ပြန်လေသည်။
ထိုစံအိမ်ကြီး၏အပြင်ပိုင်းက ဟောင်းနွမ်းပျက်စီးနေပြီး အချိန်ကြာမြင့်စွာ စွန့်ပစ်ခံထားရပုံပေါ်သည်။ သွမ့်လင်က ဝတ်ရုံနက်နှင့်လူနောက်သို့လိုက်၍ နံရံကိုကျော်လိုက်သည်။ ထိုအခါမှ အတွင်းပိုင်းအပြင်အဆင်က လွန်စွာခမ်းနားလှပကြောင်း မြင်တွေ့လိုက်ရတော့၏။ ရှုခင်းအလှကို ရှုစားရာ လေသာဆောင်များသာမက ရေတသွင်သွင်စီးနေသည့် လူလုပ်ရေတံခွန်များလည်းရှိကာ ဥယျာဉ်လယ်တွင်တော့ လူလုပ်ရေကန်ကျယ်ကြီးရှိနေသည်။ ရေကန်ထဲတွင် အရောင်အသွေးစုံလင်လှသော ရှားပါးပန်းမျိုးစိတ်များရှိနေပြီး ကန်လယ်တွင် လေးဖက်လေးတန်ပြာသာဒ်ပါရှိသည့် လေသာဆောင်က ခမ်းနားစွာတည်ရှိနေသည်။
သွမ့်လင်က သစ်ပင်နောက်တွင်ပုန်းလိုက်သည်။ လေသာဆောင်ထဲတွင် မီးအိမ်ချိတ်ဆွဲထားသဖြင့် လူတစ်ယောက် သေရည်သောက်နေသည်ကို ဝိုးတဝါးလှမ်းမြင်နေရ၏။
ရာသီဥတုက ပူပြင်းလွန်းလှပြီး လေပြည်ညင်းက ရံဖန်ရံခါသာ တိုက်ခတ်တတ်သည်။ ထိုလေသာဆောင်၏ထောင့်နှစ်ဖက်တွင်တော့ ရေခဲဆောင်နှစ်ခုရှိနေသဖြင့် အေးမြသောလေကို ဖန်တီးပေးပြီး အပူဓာတ်ကို လွင့်ပြယ်စေပုံပေါ်သည်။
သွမ့်လင် နောက်ယောင်ခံလိုက်လာသည့် ဝတ်ရုံနက်နှင့်လူက လောသာဆောင်ရှိရာသို့မဝင်ရဲပါဘဲ ကန်နံဘေးတွင် ဒူးထောက်ရင်း ခပ်ကျယ်ကျယ်အော်ပြောလိုက်၏။
"လက်ဝဲအရှင်ကို ဒီငယ်သားက ခစားပါတယ်"
သွမ့်လင် အနည်းငယ်အံ့သြသွားပြီး တွေးမိသည်။ သို့ဆိုလျှင် ဤလူက လက်ဝဲအရှင်ဖြစ်နေသည်လော။
လေသာဆောင်တွင်းမှလူက သွမ့်လင်ကိုကျောပေးထိုင်နေသဖြင့် မျက်နှာသွင်ပြင်ကိုမမြင်နိုင်ပေ။ သို့သော် သူ၏ခန္ဓာကဖြောင့်မတ်ပြီး အရပ်ရှည်ပုံပေါ်သည်။ လက်ထဲတွင် ကျောက်စိမ်းနက်ဖြင့်ပြုလုပ်ထားသည့်ခွက်ကိုကိုင်ထားပြီး အနက်ရောင်က ပို၍မည်းနက်နေသလို အဖြူရောင်ကလည်း ပို၍ဖြူဆွတ်နေသည်။ ဆိုရလျှင် ထိုခွက်ကိုကိုင်ထားသည့်လက်က ကျောက်စိမ်းတမျှ ဖွေးဆွတ်နေခဲ့၏။
လက်ဝဲအရှင်က 'အွန်း' ဟု အသာဆိုလိုက်ပြီး အသံက အက်ရှရှဖြစ်ကာ အသက်အရွယ်ကို မခန့်မှန်းနိုင်ပေ။ သူက ညာလက်ကိုပင့်မြှောက်လိုက်ရင်း မေးသည်။
"ဘယ်လိုအခြေအနေရှိသလဲ"
ဝတ်ရုံနက်နှင့်လူက ချက်ချင်းပြန်ဖြေသည်။
"ဒီငယ်သားက သေသေချာချာစစ်မေးခဲ့ပြီးပါပြီ။ အဲဒီလူနှစ်ယောက်မှာ တစ်ယောက်က လျိုမျိုးရိုး၊ တစ်ယောက်က သွမ့်မျိုးရိုးပါတဲ့။ လျိုမျိုးရိုးက ချင်းရှန်းတောင်ရဲ့တပည့်ပါ။ သူ့ရဲ့သိုင်းအဆင့်က သာမန်ပါပဲ။ စိုးရိမ်စရာမရှိဘူး။ နောက်တစ်ယောက်ရဲ့နာမည်ကတော့ သွမ့်လင်လို့ ခေါ်ပါတယ်။ သူက လက်ယာအရှင်ကို သတ်ခဲ့တဲ့တစ်ယောက်ပါပဲ။"
လက်ဝဲအရှင်က ထိုစကားကိုကြားသောအခါ ခပ်ကျယ်ကျယ်ရယ်မောလိုက်သည်။
"ဟားဟား၊ ကောင်းကောင်းသတ်ခဲ့တာပဲ"
ပြောပြီးနောက် ခေါင်းမော့၍ လက်ထဲမှသေရည်ခွက်ကို ကုန်စင်အောင်သောက်လိုက်သည်။
ထျန်းကျွယ်ဂိုဏ်း၏ ဂိုဏ်းတွင်းအခြေအနေက ရှုပ်ထွေးလှပြီး လက်ဝဲအရှင်နှင့် လက်ယာအရှင်က အမြဲတစေသဘောထားကွဲလွဲနေခဲ့သည်။ ထို့ကြောင့် သူရယ်မောသည်က မထူးဆန်းပါချေ။ ထူးဆန်းနေသည်က သူ၏ရယ်သံဖြစ်၏။ ရယ်သံကိုကြားသည်နှင့် နားထဲတွင် တစ်မျိုးတမည်ထူးဆန်းနေသလို ခံစားရစေသည်။
ရယ်မောပြီးနောက် လက်ဝဲအရှင်က လက်ထဲမှခွက်ကိုလှည့်လိုက်ပြီး လက်နက်ပုန်းတစ်ခုအား ရေကန်နံဘေးမှ ဝတ်ရုံနက်နှင့်လူရှိရာကို ပစ်လွှတ်လိုက်လေသည်။
ဝတ်ရုံနက်နှင့်လူက အော်ဟစ်လိုက်ပြီး မြေပေါ်သို့လဲကျသွားကာ သွေးတစ်ပွက်အန်ထုတ်လိုက်၏။
"လက်ဝဲအရှင်....ဘာလို့...."
"မင်းလုပ်ခဲ့တာ သိပ်ကောင်းတယ်!"
လက်ဝဲအရှင်က အေးစက်စွာ ရယ်လိုက်သည်။
"ငါက မင်းကို အဲဒီလူနှစ်ယောက်ရဲ့အကြောင်း စုံစမ်းခိုင်းတယ်။ မင်းကတော့ သိပ်ကိုတော်လှချည်ရဲ့။ နောက်ယောင်ခံလိုက်ခံရတာကို မရိပ်မိတဲ့အပြင် ငါ့ဆီကိုတောင် ခေါ်လာလိုက်သေးတယ်။ ဟက်၊ ငါ့ကို တံခါးဖွင့်ပြီး ဧည့်ကြိုစေချင်တာများလား။"
သွမ့်လင် တုန်လှုပ်သွားပြီး မိမိလိုက်လာခဲ့သည်မှာ ပေါ်သွားပြီဖြစ်ကြောင်း သိလိုက်ရ၏။ အခြားသူ၏ပိုင်နက်အတွင်း သူ ထပ်၍ပုန်းလျှိုးပါလျှင်လည်း အသုံးဝင်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ပုန်းကွယ်နေရာမှထွက်လိုက်ပြီး လက်နှစ်ဖက်ကို ထပ်ကာ နှုတ်ဆက်စကားဆိုလိုက်သည်။
"ကျွန်တော်က သွမ့်လင်ပါ။ ညဥ့်နက်သန်းခေါင်ကြီး နှောင့်ယှက်မိပါပြီ။"
"လက်စသတ်တော့ သူရဲကောင်းသွမ့်ဖြစ်နေတာကိုး"
လက်ဝဲအရှင်က လေသံကိုတစ်ဖန်ပြောင်းလိုက်ပြီး ပြုံးရယ်ကာဆိုသည်။
"ရောက်လာပြီဆိုမှတော့ ဧည့်သည်တော်ပဲမဟုတ်လား။ သူရဲကောင်းသွမ့်လည်း ရောက်တုန်းရောက်ခိုင်း ငါနဲ့အတူတူ တစ်ခွက်တစ်ဖလား သောက်လှည့်ပါလား။"
သွမ့်လင်က ငြင်းပယ်လိုက်သည်။
လက်ဝဲအရှင်က ဆို၏။
"သူရဲကောင်းသွမ့်က ငယ်ငယ်ရွယ်ရွယ်နဲ့ ငါတို့ဂိုဏ်းရဲ့လက်ယာအရှင်ကို သတ်နိုင်ခဲ့တာပဲ။ ငါလေးစားမိပါတယ်။ ဒါပေမဲ့ နှမြောစရာကောင်းတာက..."
သူက တမင်တကာ သက်ပြင်းချလေသည်။
သွမ့်လင်က မေးလိုက်၏။
"နှမြောစရာကောင်းတာက ဘာများလဲ"
"နှမြောစရာကောင်းတာက လမ်းမှန်ကိုလိုက်တဲ့လူတွေကြားမှာ အများစုက အောင်မြင်ကျော်ကြားမှုနောက်ကိုလိုက်နေကြပြီး အမှန်တကယ်အရည်အချင်းရှိတဲ့လူတွေကတော့ တိမ်မြုပ်နေကြတယ်။ သူရဲကောင်းသွမ့်သာ ငါတို့ထျန်းကျွယ်ဂိုဏ်းနဲ့လက်တွဲလိုက်မယ်ဆိုရင် လုံးဝခြားနားသွားလိမ့်မယ်။ အနာဂတ်မှာ ငါက ထျန်းကျွယ်ဂိုဏ်းကို ပြန်စုစည်းပြီး ဂိုဏ်းချုပ်ဖြစ်လာရင် လက်ဝဲအရှင်နဲ့လက်ယာအရှင် ရာထူးနှစ်နေရာထဲက မင်းစိတ်တိုင်းကျရွေးနိုင်တယ်။"
သွမ့်လင်က သူ့တွင် ထိုရည်ရွယ်ချက်ရှိနေကြောင်းမသိသလို မိမိကိုကမ်းလှမ်းလာလိမ့်မည်ဟုလည်း ထင်မထားခဲ့ပေ။ ထို့ကြောင့် ရယ်ရမည်လော၊ ငိုရမည်လောပင် မသိတော့ချေ။
"အရှင့်ရဲ့ပစားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ဒါပေမဲ့ ကျွန်တော်က ဒီဘဝမှာ မိစ္ဆာဂိုဏ်းနဲ့မပတ်သက်ဖို့ ကျိန်ဆိုထားပြီးပြီ။"
သူက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သော်လည်း လက်ဝဲအရှင်က ဒေါသဖြစ်ခြင်းအလျဉ်းမရှိချေ။
"အရင်က ဂိုဏ်းထဲမှာ ဆူပူထကြွလိုတဲ့သူတွေမနည်းရှိပေမဲ့ ငါဂိုဏ်းချုပ်ဖြစ်လာပြီးရင်တော့ အရာအားလုံးပြောင်းလဲသွားမှာပါ။"
"ခင်ဗျား ဂိုဏ်းချုပ်ဖြစ်ချင်ရင် အခုလုပ်လိုက်လည်းရတယ်မဟုတ်လား"
"အခုမဖြစ်နိုင်သေးဘူး။ ဂိုဏ်းချုပ်ဟောင်းအတွက် လက်စားမချေနိုင်သေးပဲ လူအများကို ဘယ်လိုစည်းရုံးနိုင်ပါ့မလဲ။"
သွမ့်လင်က လှောင်ရယ်လိုက်ပြီး -
"လက်စသတ်တော့ ဒီလိုကိုး။ ကျွန်တော်ကတော့ ဒီလိုရက်စက်ယုတ်မာတဲ့လူတွေကို ပိုလို့တောင် မကူညီနိုင်ဘူး။"
လက်ဝဲအရှင်က သေရည်ကို ကိုယ်တိုင်ငှဲ့လိုက်ပြီး နှမြောတသဖြစ်စွာဆိုသည်။
"ငါက သူရဲကောင်းသွမ့်ကို ငါတို့ဂိုဏ်းနဲ့ အမှန်တကယ်လက်တွဲစေချင်တာပါ။ ဒါပေမဲ့ သူရဲကောင်းသွမ့်က ဆက်တိုက်ငြင်းနေတော့ တကယ်ကိုစိတ်မကောင်းဖြစ်မိတယ်။"
သူက ယဉ်ကျေးပျူငှာဟန်ပြုနေ၍ သွမ့်လင်ကလည်း သိသိသာသာမဆန့်ကျင်နိုင်ပေ။ ထို့ကြောင့် ပြောလိုက်သည်။
"အရှင် ဆက်မဖြောင်းဖြပါနဲ့တော့။ ကျွန်တော် ဒီနေ့လာခဲ့တာက ခင်ဗျားကိုမေးချင်မိတဲ့ ကိစ္စတစ်ခုရှိလို့ပါ။"
"အော၊ မေးပါ သူရဲကောင်းသွမ့်"
သွမ့်လင်၏လည်ချောင်းက အနည်းငယ်လှုပ်ရှားသွားပြီး သူ့စိတ်ထဲမှသံသယတို့ကို ထုတ်မေးလိုက်မိသည်။
"ထျန်းကျွယ်ဂိုဏ်းမှာ .... လူသေကို ပြန်အသက်သွင်းနိုင်တဲ့လျှို့ဝှက်အတတ် ရှိပါသလား။"
"အကယ်၍ ငါကရှိတယ်လို့ပြောရင် မင်းယုံမှာလား"
လက်ဝဲအရှင်က ရယ်ရယ်မောမောဆိုသည်။
"သေပြီးသားလူကို ပြန်အသက်သွင်းဖို့ဆိုတာက လူတွေရဲ့ ဆုတောင်းသက်သက်ပဲမဟုတ်လား။"
သွမ့်လင်က မျက်လုံးများကိုမှိတ်လိုက်မိပြီး သူစိတ်ပျက်အားလျော့မိသည်လား၊ အခြားခံစားချက်ဖြစ်မိသည်လားပင် မသဲကွဲပါချေ။
"ခင်ဗျားတို့ ခေါင်းတွေအများကြီးဖြတ်ခဲ့တာကရော ဘာအတွက်လဲ"
"အသုံးချနိုင်တဲ့နည်းတွေအများကြီးရှိတယ်လေ။ ဥပမာပြောရရင် .... အဲဒီလူရဲ့အရေပြားကို ခွာယူပြီး မျက်နှာဖုံးလုပ်တာမျိုးပေါ့။"
ထိုစကားကိုကြားသောအခါ သွမ့်လင်၏အမူအရာက ရုတ်ချည်းပြောင်းလဲသွားသည်။
လုရှိုးဝမ်၏ဦးခေါင်းကိုလည်း မိစ္ဆာဂိုဏ်းမှလူက ခိုးယူသွားခဲ့၏။ အကယ်၍ သူသာ ဤသို့ပြုမူခံရပါလျှင် ....
သူ၏ရင်ဘတ်က ပြင်းထန်စွာ နိမ့်ချည်မြင့်ချည်ခုန်လှုပ်လာပြီး ဆက်မတွေးဝံ့တော့ပေ။ သူက ကိုယ်ဖော့၍ လေထဲသို့ ခုန်တက်လိုက်ပြီး ကန်လယ်မှ လေသာဆောင်ရှိရာသို့ အမြန်ပျံဝဲသွား၏။
လက်ဝဲအရှင်က ခပ်အေးအေးသာပြုမူနေပြီး လက်ထဲမှသေရည်ခွက်ကို အရသာခံ၍သောက်နေသေးသည်။ သွမ့်လင် သူ့နောက်သို့ ရောက်လာသောအခါမှ အတွင်းအားသုံး၍ ခွက်ထဲမှသေရည်ကို လက်နက်ပုန်းတစ်ခုနှယ် သွမ့်လင်ရှိရာသို့ လှမ်းပက်လိုက်လေသည်။ သစ်ရွက်များပန်းပွင့်များကိုအသုံးပြု၍ တိုက်ခိုက်ခြင်းနှင့် နည်းတူပင်။
သို့သော် သွမ့်လင်ကလည်း ရပ်စောင့်နေမည်မဟုတ်ပေ။ သူက လေထဲတွင်ရှိနေဆဲဖြစ်၍ အတွင်းအားကို ထုတ်မသုံးနိုင်၍ ဘေးသို့တိမ်းရှောင်လိုက်သည်။ ထို့နောက် လေသာဆောင်၏တိုင်လုံးကို ခြေဖြင့်ကန်လိုက်ပြီး လေသာဆောင်ထဲသို့ လွယ်လင့်တကူဝင်ရောက်နိုင်ခဲ့၏။
သူက လက်ကိုဆန့်ထုတ်၍ လက်ဝဲအရှင်၏ပခုံးကို ဖမ်းဆွဲလိုက်သည်။
လက်ဝဲအရှင်က ရှောင်တိမ်းခြင်းမပြုဘဲ သူဖမ်းဆွဲလိုက်သည်ကို ရပ်စောင့်နေခဲ့၏။ သူ့လက်က ပခုံးကိုထိသွားချိန်တွင် ပြန်ကန်အားတစ်ခုက သဘာဝကျကျပေါ်ထွက်လာခဲ့သည်။
သွမ့်လင်၏ လက်က ပူပြင်းသွားပြီး အလိုလိုပြန်ရုတ်လိုက်မိ၏။
လက်ဝဲအရှင်က အချိန်ကိုက်လှည့်လာပြီး သွမ့်လင်ကို လက်ဝါးချက်ဖြင့် ရိုက်လိုက်၏။
ထိုလက်ဝါးချက်က ပြင်းထန်သော်လည်း သွမ့်လင်၏အရည်အချင်းအရ မရှောင်နိုင်သည်မဟုတ်ပေ။ သို့သော် လက်ဝဲအရှင်၏မျက်နှာကို မြင်လိုက်ချိန်တွင် အကြောပိတ်ခံလိုက်ရသည့်လူတစ်ဦးနှယ် ထိုနေရာတွင် သွမ့်လင်ကြောင်အစွာ ရပ်နေခဲ့မိသည်။
အသံတစ်ချက်နှင့်အတူ လက်ဝါးချက်က သွမ့်လင်၏ရင်ဘတ်ပေါ်သို့ ကျရောက်လာခဲ့သည်။
သွမ့်လင်က ခြေလှမ်းအနည်းငယ်ဆုတ်သွားသော်လည်း အကြည့်များက ထိုသူအပေါ်တွင် မြဲမြံစွာရှိနေခဲ့၏။
သူတို့နှစ်ဦး၏တိုက်ခိုက်မှုကြောင့် လှုပ်လီလှုပ်လဲ့လွှဲရမ်းသွားသော မီးအိမ်ငယ်၏အလင်းမှိန်မှိန်အောက်တွင် ထိုသူ၏ချောမောကြည့်ကောင်းသောမျက်လုံးမျက်ခုံး၊ အသွင်အပြင်များနှင့် လှုပ်ရှားနေသည့်မျက်ဝန်းများက သေလွန်နှင့်ပြီးသောလုရှိုးဝမ် စင်စစ်ဖြစ်နေခဲ့သည်။
သွမ့်လင်က ဒဏ်ရာကိုအရေးမစိုက်နိုင်ဘဲ သူ့ကို ငေးကြည့်နေမိပြီး အိပ်မက်တစ်ခုမြင်မက်နေသလို မေးလိုက်မိသည်။
"လုရှိုးဝမ်၊ တကယ်ပဲခင်ဗျားလား။"
"ဘာလို့လဲ၊ သူရဲကောင်းသွမ့်က ဒီမျက်နှာကိုမြင်ဖူးလို့လား။"
သူက ကောက်ကျစ်သောအငွေ့အသက်တို့ပြည့်နေသည့် အပြုံးတစ်ပွင့်နှင့်အတူ မျက်နှာကိုပြန်ကိုင်လိုက်ပြီး -
"မင်းသိတဲ့လူလား"
သူက တခဏရပ်သွားပြီးမှ ဆက်ပြော၏။
"အာ၊ အဲဒီလူရဲ့မျက်နှာကနေ ခွာယူခဲ့မိတာဖြစ်မယ်"
သွမ့်လင်၏နှလုံးသားက တင်းကြပ်သွားပြီး မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များထပ်ဟပ်လာကာ သူ့မျက်နှာကို ဖမ်းဆုပ်ရန်ပြင်လိုက်သည်။
လက်ဝဲအရှင်က အသာပြုံးရင်း ခေါင်းမော့ကာ ရှောင်လိုက်၏။
"ကြည့်ရတာ သူရဲကောင်းသွမ့်က ငါ့ရဲ့ဒီမျက်နှာကို အတော်နှစ်သက်ပုံပဲ။ ငါသုံးလို့ဝသွားရင် မင်းကိုပေးမယ်လေ။"
သူက ပြောပြီး နောက်သို့ဆုတ်ကာ သွယ်လျသောလက်ချောင်းများကို စားပွဲပေါ်သို့ တင်လိုက်သည်။
သွမ့်လင်က လွန်စွာဒေါသထွက်နေသော်လည်း စိတ်လွတ်နေခြင်းမရှိပေ။ သူ၏လှုပ်ရှားမှုကိုမြင်သောအခါ လှည့်ကွက်များသုံးတော့မည်ကို ရိပ်မိလိုက်၏။ အမှန်တကယ်ပင် 'ချက်'ခနဲအသံနှင့်အတူ စားပွဲကပြောင်းပြန်လန်သွားပြီး မြားပေါင်းများစွာ ပျံဝဲထွက်လာခဲ့၏။ မြားထိပ်တို့က နက်မှောင်၍ပြောင်လက်နေပြီး အဆိပ်သုတ်လိမ်းထားကြောင်းသိသာလှသည်။
လေသာဆောင်ထဲတွင် ကိုယ်ခံပညာသိုင်းအတတ်ကိုထုတ်သုံးရန်အဆင်မပြေလှချေ။ အကယ်၍ သွမ့်လင်ရှောင်လိုက်ပြန်လျှင်လည်း ရေကန်တွင်းသို့ ပြုတ်ကျသွားနိုင်ပြန်၏။ ထို့ကြောင့် ဝတ်ရုံလက်ကိုလွှဲယမ်းလိုက်ပြီး လက်ဝါးမှလေပြင်းဖြင့် အဆိပ်မြားတို့ကို ဖယ်ထုတ်လိုက်သည်။
"ကောင်းလိုက်တဲ့သိုင်းကွက်!"
လက်ဝဲအရှင်က ချီးကျူးလိုက်ပြီး လက်ချောင်းကြားမှ လက်နက်ဖြင့် လေသာဆောင်တွင်းရှိ မီးအိမ်ကို ပစ်ကာငြှိမ်းလိုက်လေ၏။
ဤညတွင် လမရှိသလို ကြယ်လည်းမရှိသဖြင့် မီးအိမ်ငြိမ်းသွားသည်နှင့် ပတ်ဝန်းကျင်က မှောင်မည်းတိတ်ဆိတ်သွားသည်။
သွမ့်လင်က တခဏမျှအသားမကျဖြစ်သွားပြီး နောက်ကျောဘက်ဆီမှ အသံတစ်ချက်ကိုကြားလိုက်ရ၍ ထိတ်လန့်သွားရသည်။ လက်ဝဲအရှင်က သူ့ကို ချောင်းမြောင်းတိုက်ခိုက်ခြင်းဖြစ်ပင်။ သူလည်း ကိုယ်ကိုလှည့်ကာ လက်ဖြင့်ကာ၍ တုံ့ပြန်လိုက်၏။
နှစ်ဦးသား အမှောင်ထဲတွင် အတန်ကြာအောင် တိုက်ခိုက်နေကြပြီး လက်ရည်ညီသဖြင့် တိုက်ပွဲက မပြီးမဆုံးနိုင်သေးပေ။ သွမ့်လင်၏လက်ဝါးချက်တို့က လွန်စွာကျယ်ပြန့်ပြီး တစ်ဖက်လူကို လွှမ်းမိုးဖိနှိပ်နိုင်သည်။ လက်ဝဲအရှင်၏သိုင်းကွက်တို့ကမူ ကြမ်းတမ်းသည့်လှည့်ကွက်များကို ပေါင်းထည့်ထားပြီး အသေးစိတ်လှုပ်ရှားမှုတို့က ပိုတိကျနေသည်။
ဤနေရာက ရန်သူ့ပိုင်နက်ဖြစ်၍ ကြာကြာနေလျှင် သူ့အတွက် ပိုဆုတ်ယုတ်လာနိုင်ကြောင်း သွမ့်လင်သဘောပေါက်နားလည်သည်။ ထို့ကြောင့် သက်ပြင်းရှိုက်ထုတ်လိုက်ပြီး လက်ဝဲအရှင်ကို လက်ဝါးဖြင့် ထိထိမိမိရိုက်ချလိုက်၏။
သူတို့နှစ်ဦးကအတွင်းအားက ပြင်းထန်လှ၍ စားပွဲပင် ထက်ပိုင်းကျိုးသွားခဲ့သည်။ ထိုလက်ဝါးချက်အပြီးတွင် နှစ်ဦးစလုံးနောက်သို့ တစ်လှမ်းဆုတ်လိုက်ကြ၏။
သွမ့်လင်က အတွင်းဒဏ်ရာရထားသဖြင့် သေချာပေါက် ရှေ့ဆက်မတိုးလိုက်ပေ။ သို့ရာတွင် ထူးဆန်းသည်က လက်ဝဲအရှင်၏အတွင်းအားသည်လည်း အားလျော့နေခဲ့၏။ သူနှင့်သွမ့်လင်တိုက်ခိုက်နေစဉ်အချိန်အတွင်း သူ၏သိုင်းကွက်များက လွန်စွာသိမ်မွေ့လှသော်လည်း အတွင်းအားက များစွာယုတ်လျော့နေခဲ့သည်။ ပြောစကားများအရ မိစ္ဆာဂိုဏ်း၏လက်ဝဲအရှင်က ထိပ်တန်းပညာရှင်တစ်ဦးဖြစ်သည်။ သို့ဆိုလျှင် အဘယ်ကြောင့် ဤသို့အားနည်းနေရပါသနည်း။
ဧကန္တ ......
သွမ့်လင်၏ရင်ထဲတွင် လှုပ်ခတ်သွားပြီး ခန့်မှန်းချက်တစ်ခုပေါ်ထွက်လာခဲ့သည်။ ထို့နောက် ခန္ဓာ၏အန္တရာယ်ကိုပင်မမှုနိုင်တော့ဘဲ လက်ဝါးသိုင်းကွက်များကို ဆက်တိုက်ထုတ်သုံးလိုက်၏။ လက်ဝါးချက်တို့၏ပဲ့တင်သံက ကျယ်လောင်လှပြီး တစ်ဖက်လူကို အတွင်းအားဖြင့် ရည်ရွယ်ချက်ရှိရှိဖိနှိပ်ထားခဲ့သည်။
ထင်သည့်အတိုင်းပင်။ လက်ဝဲအရှင်က ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်ခြင်းမရှိဘဲ နောက်သို့ထပ်ဆုတ်သွားပြီး လေသာဆောင်အပြင်ဘက် ရေကန်ထဲသို့ ပြုတ်ကျလုနီးနီးဖြစ်သွားသည်။
သွမ့်လင်က သူ့လက်မောင်းကို အမြန်ဖမ်းဆွဲလိုက်သောအခါ သူက ရုတ်တရက် ရယ်လိုက်ပြီး -
"သူရဲကောင်းသွမ့်က ဒီမျက်နှာကို ထိခိုက်အောင်မလုပ်ရက်လို့လား"
ပြောပြီးနောက် သွမ့်လင်ကိုပါ ရေထဲသို့ဆွဲချလိုက်တော့သည်။
ရေပြင်ဆီမှအသံများ ကျယ်လောင်စွာပဲ့တင်လာ၏။
သူတို့နှစ်ဦးက ရေထဲတွင်ဆက်၍တိုက်ခိုက်နေကြပြီးနောက် ရေပေါ်သို့ တစ်ဦးပြီးတစ်ဦး ပြန်လည်ပေါ်ထွက်လာသည်။
သွမ့်လင်က တစ်ကိုယ်လုံးရွှဲနစ်နေပြီး ဆံပင်များလည်းစိုနေသည့်တိုင် ရေမသုတ်နိုင်အားပေ။ သူက ချင်းနာလက်ဝါးသိုင်းကိုသုံး၍ လက်ဝဲအရှင်၏လက်ကို မြဲမြံစွာဆုပ်ထားပြီး လက်တစ်ဖက်က လည်ပင်းကိုကိုင်ထားသည်။ သို့သော် သူ့လက်တွင် အားမထည့်ထားပါချေ။ သူ၏လက်က လည်တိုင်ဆီမှ အထက်သို့တဖြည်းဖြည်းရွေ့လျားသွားပြီး လုရှိုးဝမ်နှင့်ဆင်တူသည့်မျက်နှာကို ထိတွေ့လိုက်သည်။
သူ၏လှုပ်ရှားမှုတို့က လွန်စွာနူးညံ့လှပြီး လက်ဝဲအရှင်ကို ပြင်းပြင်းထန်ထန် ရုန်းကန်အော်ဟစ်စေ၏။
"ဘယ်ကို လျှောက်ထိနေတာလဲ"
သွမ့်လင်ကစကားမဆိုဘဲ တဖြည်းဖြည်းကိုင်တွယ်ပွတ်သပ်နေပြီး သူ့နှလုံးသားက ဆီပူပူတွင်အလှိမ့်ခံနေသည့်အလား ခံစားမိနေသည်။ အဆုံးတွင် သူ့လက်က ထိုသူ၏ပါးပြင်ပေါ်၌ရပ်တန့်သွားပြီး ပြန်လည်တည်ငြိမ်စ နှလုံးသားသည်လည်း ပြင်းထန်စွာခုန်လှုပ်လာပြီး ပြောလိုက်သည်။
"ဒါက အရေပြားမျက်နှာဖုံးမဟုတ်ဘူး"
ထိုသူက တုံ့ဆိုင်းသွားသည်။
"ဒီတော့ရော ဘာအရေးလဲ"
သွမ့်လင်က သူ့လက်ကို မြဲမြံစွာဆုပ်ကိုင်ထားပြီး အိပ်မက်ငယ်လေး လွင့်ပြယ်သွားမည်ကို စိုးရွံ့နေသည့်အလားပင်။ သူက တိုးဖွစွာဆို၏။
"ခင်ဗျားက လုရှိုးဝမ်ပဲ"
"ရယ်စရာတွေပြောနေပြီ။ လုရှိုးဝမ်ဆိုတဲ့နာမည်ကို ငါတစ်ခါမှတောင် မကြားဖူးဘူး။"
"ဒါဆိုရင် ခင်ဗျားက လက်ဝဲအရှင်ပိုလို့တောင်မဖြစ်နိုင်ဘူး"
သွမ့်လင်က ရယ်မောလိုက်ရင်း -
"လက်ဝဲအရှင်က ကျွန်တော်နဲ့လုရှိုးဝမ်ကိုသတ်ဖို့ လူလွှတ်ခဲ့ဖူးတယ်။ သူဘယ်သူလဲဆိုတာကို မသိပဲမနေဘူး။"
ထိုသူက တခဏငြိမ်သက်သွားပြီး -
"ဒီလိုကိုး"
သူက လက်ကောက်ဝတ်ကိုလှည့်၍ သွမ့်လင်၏လက်ထဲမှရုန်းလိုက်ပြီး ပြောသည်။
"မင်းသိသွားပြီဆိုတော့ ငါလည်း ဆက်ပြီးဟန်ဆောင်မနေတော့ပါဘူး"
သွမ့်လင်က အလောတကြီးမေးလိုက်သည်။
"လုရှိုးဝမ်၊ ခင်ဗျား ကျွန်တော့်ကိုမမှတ်မိဘူးလား"
"မှတ်မိတာပေါ့။ မင်းက ငယ်ရွယ်ပြီးအရည်အချင်းရှိတဲ့ သူရဲကောင်းသွမ့်လေ။ ငါ့ဂိုဏ်းရဲ့လက်ယာအရှင်က မင်းလက်ထဲမှာ သေသွားတာပဲ။"
ထိုစကားကိုကြားသောအခါ တစ်စုံတရာမှားယွင်းနေကြောင်း သွမ့်လင်သိလိုက်သည်။ ထိုမှားယွင်းမှု၏တရားခံစင်စစ်က လက်ဝဲအရှင်သာဖြစ်လိမ့်မည်။
"ခင်ဗျားက အခု လက်ဝဲအရှင်အတွက် အလုပ်လုပ်ပေးနေတာလား"
"ဟွန့်၊ လက်ဝဲအရှင်လောက်လေးကိုများ ငါက မျက်လုံးထဲတောင် ထည့်မနေဘူး"
လုရှိုးဝမ်က ပြုံးရယ်ရင်း ပြောသည်။
"သူနဲ့ငါက အပြန်အလှန်အသုံးချနေရုံပဲ။ သူက ဂိုဏ်းချုပ်အတွက် လက်စားချေချင်တယ်။ ငါက ဂိုဏ်းချုပ်နေရာကို လိုချင်တယ်လေ။"
"ဒါဆိုဘာလို့ လက်ဝဲအရှင်လို ဟန်ဆောင်နေတာလဲ"
"သူရဲကောင်းသွမ့် မခန့်မှန်းမိဘူးလား။ ဘာကြောင့် ငါ့ရဲ့လက်အောက်ငယ်သားကို ဒီလောက်လွယ်လွယ်နဲ့ ရှာတွေ့ခဲ့တာလဲ။ ဘာကြောင့် သူ့နောက်ကို မသိပဲလိုက်နိုင်ခဲ့တာလဲ။ နောက်ပြီး ဘာကြောင့် ဒီနေရာကိုရောက်လာခဲ့တာလဲ။"
သွမ့်လင်တွေးပြီးနောက် သဘောပေါက်သွားသည်။
"ခင်ဗျားက ကျွန်တော့်ကို မြားခေါ်လိုက်တာပေါ့လေ"
"မှန်တာပေါ့။ သူရဲကောင်းသွမ့်က မတုံးအရှာဘူးပဲ။"
လုရှိုးဝမ်က လက်ခုပ်တီးလိုက်ပြီး ဆက်ပြောသည်။
"နှမြောစရာကောင်းတာကတော့ မင်းနဲ့အတူလိုက်လာတဲ့ ချင်းရှန်းတောင်ရဲ့တပည့်လေးက အခုဆိုတစ်ယောက်တည်းကျန်နေခဲ့မှာလေ။"
လျိုရိ!
မိစ္ဆာဂိုဏ်းက သူ့ကိုပစ်မှတ်ထားနေခဲ့သည်လား။
သွမ့်လင်က ပထုတ်ခံရခြင်းကို တစ်ကြိမ်ကြုံတွေ့ခဲ့ဖူးပြီဖြစ်၍အချိန်မဆွဲရဲတော့ဘဲ ချက်ချင်းလှည့်ပြန်မိသည်။
နှစ်လှမ်းမျှလျှောက်သွားပြီးနောက် သူက ရုတ်တရက်ပြန်လှည့်လာပြီး လုရှိုးဝမ်ကို လက်ဝါးဖြင့် ချိန်ရွယ်လိုက်၏။ လုရှိုးဝမ်က အငိုက်မိသွားပြီး လက်ဖြင့်ကာရန်ပြင်လိုက်သည်။ သို့ရာတွင် သွမ့်လင်၏လက်ဝါးချက်က သူ့အပေါ်သို့ မကျရောက်ခဲ့ဘဲ ရင်ဘတ်ကိုထိတွေ့ချိန်တွင် ပုံစံပြောင်းလဲသွားပြီး ချက်ချင်းဆိုသလို သူ့အား အကြောပိတ်လိုက်လေသည်။
••••••••
လေသာဆောင်