ညနေခင်းအချိန်မှာ မိုးလေးကဖွဲဖွဲရွာနေတယ်။
နားကြပ်လေးတပ်ရင်း YBS bus carကားရဲ့ နောက်ဆုံးခုံ ပြတင်းပေါက်နံဘေးမှာ ထိုင်ပြီး ဖုန်းကြည့်နေတဲ့ ကိုယ်။
ရုတ်တရပ်တွေ့လိုက်တဲ့ postတစ်ခုက ကိုယ့်အား ခေတ္တရပ်တန့်သွားစေတယ်။
အချစ်ဦးတစ်ယောက်မင်းမှာရှိခဲ့သလား? တဲ့။
အင်း ရှိခဲ့တယ်ပဲဆိုရမလား။
လှပတဲ့အတိတ်တွေမဟုတ်ပေမယ့်လည်း ပြန်ပြီးတူးဆွကြည့်တဲ့အခါ အဆင်ပြေနိုင်မလား။
ဒီအကြောင်းတွေ ကိုယ် မင်းကိုပြောပြမယ်ဆိုရင်ရော မငြိုငြင်ပဲ မင်းနားထောင်ပေးနိုင်မယ်မလား။
.
.
.
မိုးတွေသည်းနေပါသောထိုနေ့က...ကိုယ့်ရဲ့ ပထမဆုံးကျောင်းတက်ရက်ဖြစ်တယ်။
ကျောင်းကားက အစောကြီးလာခေါ်မည်ဆိုသဖြင့် မထချင်ဘဲထလိုက်ရတယ်။မထလို့ကလဲမဖြစ် မနိုးမချင်း အဘွားရဲ့ "ကျောင်းနောက်ကျတော့မယ်" ဟူသောအသံနှင့်အတူ "မိန်းကလေးဖြစ်ပြီး အပျင်းထူလိုက်တာ" ဟူသော ပူညံသံကိုပါ ကြားလိုက်ရမို့။
အိပ်ရေးမ၀သဖြင့် စိတ်ကကြည်လင်၍မနေ။ ကျောင်းကားပေါ်သို့ရောက်တာနဲ့ ပြတင်းပေါက်ဘေးတွင်၀င်ထိုင်ကာ ခေါင်းမှီပြီး အိပ်လိုက်တော့တယ်။
"နောက်ဆုံးကတစ်ယောက် ထတော့နော် ကျောင်းရောက်နေပြီ"
ကားသမားဦးလေးကြီးရဲ့အော်သံအဆုံး ကိုယ်မျက်လုံးဖွင့်ကြည့်လိုက်တော့ ကားပေါ်မှ ဘယ်သူမှရှိမနေတော့ပါ။ အားနာနာနှင့်သာ ပြုံးပြရင်း ခပ်သွက်သွက်ဆင်းလာလိုက်တယ်။
မိုးတွေကသည်းလို့နေတယ်။ ဒီမိုးနှင့်တော့ခက်ပြီထင်ပါရဲ့။ ကိုယ့်မှာထီးလဲပါမလာဘူးလေ။ အိတ်ထဲကဖိုင်ကို ခပ်မြန်မြန်ထုတ်ရင်း ခေါင်းကိုအုပ်ဖို့လုပ်နေစဉ် ထီးတစ်ချောင်းက ကိုယ့်ကို အုပ်မိုးပေးလိုက်တယ်။ ကြောင်အစွာ မော့ကြည့်လိုက်တော့ မိန်းကလေးတစ်ဦး... သေချာပြောရရင် ကိုယ်နဲ့အသက်တူတူလောက်ရှိမယ့် မိန်းကလေးတစ်ဦး။ အရပ်ကလည်း အတူတူလောက်မို့ သူမ၏ မျက်နှာမှာ ကိုယ့်မျက်နှာနှင့်တစ်တန်းတည်း ဖြစ်လို့နေတယ်။ ဖြူဖွေးသောအသားအရည်မှာတော့ ကိုယ့်အသားညိုညိုနှင့် လားလားမျှမအပ်စပ်နေ။ ဆံပင်တွေကို mulletကေညပ်ထားသည်။ အမှတ်တမဲ့ကြည့်မိရင် ယောကျာ်းလေးနှင့်တောင် တူသေး။ အစထဲက ဂေးချင်နေတဲ့ ကိုယ်က နီးကပ်နေသော မျက်နှာတွေကြောင့် အမည်မသိလှိုင်းလေးတစ်ခုဖြတ်ပြေးသွားခဲ့သည်ထင်ပါရဲ့။
"အာ....ကျေးဇူးတင်လိုက်တာ ငါက....ထီးမပါလာလို့"
"မြင်ပါတယ်"
စောက်ကျိုးနည်း! သူမအသံကလဲ နားထောင်လို့ ကောင်းချက်ပဲ။
"အော်.....အင်း ထပ်ပြီးကျေးဇူးပါပဲ"
မင်းကကိုယ့်ကိုသတိထားမိအောင် စလုပ်ခဲ့တာပဲ မိန်းကလေးရေ။
ကျောင်းထဲသို့ရောက်တော့ ကျေးဇူးတင်ကြောင်းထပ်ပြောလိုက်မိတယ်။ သူမကတော့ ပြုံးရုံပဲပြုံးပြလာတယ်။ ကိုယ်လဲ ကိုယ့်အာရုံနှင့်ကိုယ်မို့ သူမကို သထိမထားတော့ပဲ အခန်းဆီသို့သာ ဦးတည်လျှောက်လှမ်းသွားလိုက်တယ်။
နေရာလွတ်တစ်ခုမှာ၀င်ထိုင်ရင်း ဘေးဘီဝဲယာကိုကြည့်ရှုမိတော့ စာသင်ခန်းလေးက လှပတာကို၀န်ခံရမယ်။ ပြီးတော့ မိန်းကလေးတွေကြီး တစ်ခန်းမို့ စိတ်ရှုပ်စရာတွေမရှိတော့ဘူးလေ။
ရေအနည်းငယ်စိုသွားတဲ့ဆံပင်ကို စာအုပ်နဲ့ ယပ်ခတ်ရင်း နောက်သို့လှည့်လိုက်မိတော့....
ဘုရားရေ ခုနက ကောင်မလေးက ငါနဲ့တစ်ခန်းထဲ။
အိုး! ဘယ်လိုတောင်တိုက်ဆိုင်မှုကြီးလဲမသိ။ သေချာတာတော့ ကိုယ့်စိတ်ထဲမှာ သူမကို မှတ်မှတ်ရရ စွဲထင်ကျန်ရစ်သွားပြီ။
သူမက ကိုယ့်ရဲ့ အရှေ့တန်းဘေးခုံမှာထိုင်တာမို့ ကိုယ့်နေရာကလှမ်းကြည့်ရင် သူမကိုသေချာမြင်ရသည်။
အားလပ်နေတဲ့စာသင်ချိန်တွေမှာ မျက်လုံးမကစားမိခဲ့ရင် ကောင်းသား။ ဒါဆို သဘောကျသွားမိခဲ့မှာ မဟုတ်ဘူးလေ။
ရက်တွေလတွေကုန်ဆုံးလာတာနဲ့အမျှ သူမက ကိုယ့်စိတ်ထဲမှာ နေရာယူလာခဲ့တယ်။ တဖြည်းဖြည်းနဲ့ ကိုယ်က သူမနဲ့အနာဂတ်ဘယ်လိုဆက်ဖြစ်မယ်ဆိုတာတွေကိုပါ စိတ်ကူးယဉ်မိခဲ့ပါရဲ့။ ကဆုန်ပေါက်နေတဲ့ နှလုံးသားလေးကြောင့် အနားကပ်စကားပြောဖို့ကိုလည်း ကြောက်ရွံ့ခဲ့မိတယ်။ သူမရဲ့မျက်၀န်းတွေနဲ့ဆုံရင် ဒီလူက ရူးလောက်အောင် ရင်ခုန်နေမိအုံး မှာလေ။
အချိန်တွေကအကုန်မြန်လွန်းပါတယ်။ သူမနဲ့ကိုယ်ဟာ မရင်းနှီကြသေးဘူး။ ဒါပေမယ့် သူမနဲ့ကိုယ့်ရဲ့ထပ်တူညီမှုတစ်ချို့ကိုသိလိုက်ရတော့ ကိုယ်ပိုပြီးလောဘတက်မိပြန်တာပါပဲ။ ဒါပေမယ့်လည်းပဲ ချစ်နေရတာနဲ့ပဲ ကိုယ်ကလုံလောက်နေသည်။ သူမ မသိလဲ ကိုယ်ကချစ်နေရရင်ကို ရပြီပေါ့လေ။
ကျောင်းနောက်ဆုံးနေ့မှာ ကိုယ်အရမ်းငိုခဲ့ရတယ်။ သူမရဲ့မျက်နှာ လှလှကို ကိုယ်မြင်ခွင့်ရဖို့ ရက်တွေအများကြီး စောင့်မျှော်နေရအုံးမှာပဲ။
ဒါဟာ ကိုယ်လူတစ်ယောက်ကို ပထမဆုံးချစ်မိခဲ့ခြင်းလားဆိုရင် စစ်မှန်တဲ့အချစ်နဲ့ချစ်မိခဲ့တာဟာ သူမက ပထမဦးဆုံးပါပဲ။
.
.
.
သူငယ်ချင်းတစ်ချို့ရဲ့အကူညီနဲ့ ကိုယ် သူမ social accountတွေကို သိခွင့်ရခဲ့ပါရဲ့။ သူမက ကိုယ့်နဲ့လက်ခံစကားပြောခဲ့ရတယ်။ အဲ့တုန်းက လက်တွေတုန်ယင်နေခဲ့တာ ပြီးတော့ စိတ်လှုပ်ရှားရင်ဖြစ်တတ်တဲ့ ကိုယ့်အကျင့်လေးကြောင့် ခြေဖျားလက်ဖျားတွေဟာလဲ အေးစက်လို့။ နှလုံးခုန်နေတာကလည်း ပေါက်ထွက်တော့မလိုပါပဲ။ သူမဆီက ပြန်စာလေးရရုံနဲ့တင် ဘာရယ်ကြောင့်များ ဒီလိုတွေဖြစ်နေရတာပါတဲ့လဲ။
သေးငယ်တဲ့အကြောင်းအရာတစ်ခုကိုတောင် ပျော်ရွှင်စေနိုင်တာ အချစ်ပဲနဲ့တူပါတယ်။
ကိုယ်တော့ နွံထဲကို နစ်နေပြီအချစ်ရေ။
.
.
၂နှစ်တိတိကြာသွားပြီပေမယ့် ကိုယ်ဟာ သူမကိုချစ်နေဆဲပါပဲ။
လူတွေကပြောကြတယ် တစ်ဖတ်သတ်အချစ်ဟာ အရမ်း၀မ်းနည်းကြေကွဲရသတဲ့။ အင်း...၀မ်းနည်းရပါတယ်။ ၀မ်းနည်းရပေမယ့် ကိုယ်ပျော်တယ်။ သူမနဲ့အနာဂတ်အကြောင်းတွေစဉ်းစားမိတိုင်း တနေ့နေ့မှာ အဲ့လိုမျိုးတွေဖြစ်လာမယ်လို့တွေးလိုက်တိုင်း ကိုယ့်စိတ်ကူးထဲမှာ ကိုယ်သိပ်ပျော်ရွှင်နေရတယ်အချစ်ရယ်။
စုံစမ်းမှုအရ သိရှိခဲ့ရတာဟာ သူမနဲ့ကိုယ်က ကားလမ်းမကြီးတစ်ခုရဲ့တစ်ဖက်တစ်ခြမ်းစီမှာ နေထိုင်နေတယ်။ ဒါပေမယ့် သူမရဲ့အမေနဲ့အဖေဟာ အိမ်ခွဲနေတာမို့ သူမအဖေအိမ်ကတော့ ကိုယ်နဲ့၂လမ်းကျော်မှာ။
ကိုယ်သူမကို ရဲတင်းစွာ ဖုန်းဆက်ခဲ့မိပေမယ့် သူမကဖုန်းကိုင်ခဲ့တယ်။ ပြီးတော့စကားတွေအများကြီးပြောခဲ့ကြတာ။ ဖုန်းမချခင်မှာ ပြောလိုက်တဲ့သူမစကားက သူမကိုလက်လွှတ်ဖို့မသင့်တော်လောက်အောင်ပဲ။ ကိုယ့်မှာမျှော်လင့်ချက်လေးထပ်ရှိလာရပြန်ပြီပဲလေ။
"ငါဖုန်းအကြာကြီးပြောတာ နင်ကပထမဆုံးပဲ"
တစ်နာရီတိတိပြောခဲ့ကြတဲ့ ဖုန်းကောလ်တစ်ခုက ရေရေရာရာအကြောင်းအရာတစ်ချို့ပါ၀င်တယ်။ တစ်ချို့တစ်လေကတော့ ဘာပြောရမှန်းမသိလို့ နှုတ်ဆိတ်နေတဲ့အချိန်တွေ။
အမြတ်နိုးဆုံးလူသားရဲ့ ပထမဆုံးဖုန်းအကြာကြီးပြောတဲ့ သူငယ်ချင်းကကိုယ်ပေါ့။ သူမရဲ့အခင်ဆုံးသူငယ်ချင်းတွေကို ဒီအကြောင်းပြောပြတော့ သူတို့က အံ့အြကြတယ်။ သူမကလေ အခင်ဆုံးအရင်းနှီးဆုံးဆိုတဲ့ သူတို့နဲ့တောင် ၅မိနစ်ထပ်ပိုမပြောခဲ့ဘူးတဲ့။
"အမြတ် ငါတို့မုန့်သွားစားကြမလား"
ဒီစကားလေးပြောဖို့ ကိုယ်အများကြီး ကြိုးစားခဲ့ရတာ။ အကယ်၍များ သူမသာငြင်းဆိုခဲ့ရင် ကိုယ်တော့ နေမကောင်းဖြစ်တော့မယ်ထင်ပါရဲ့။
"ငါတို့နှစ်ယောက်ပဲလား"
"လောလောဆယ်တော့ နှစ်ယောက်ပဲ နင်ခေါ်ချင်တဲ့သူရှိရင်ခေါ်လေ"
"မခေါ်တော့ဘူး ငါတို့ပဲသွားမယ်"
"....အေးပါ......."
"အင်း နင်နဲ့လဲမတွေ့ရတာကြာပြီဆိုတော့ ကောင်းပါတယ် ဘယ်ဆိုင်လဲပြောလေ"
"ဟို...ကားလမ်းမဘေးကလေ ဆိုင်အသစ်ဖွင့်ထားတဲ့ဟာ"
"သိပြီသိပြီ ဆိုင်အလှလေးမလား"
"အေးဟုတ်တယ် အဲ့ဆိုင်တကယ်လှတာ ငါမရောက်ဖူးသေးလို့"
"ဟုတ်ပြီ ဘယ်နေ့လဲ"
"စနေနေ့"
"အင်း အင်း လာခဲ့မယ်"
"ဘာ၀တ်လာမှာလဲ"
"ဟမ် ဘာလုပ်မလို့လဲ"
"ဪ မေးကြည့်တာပါ ဒီတိုင်း..."
"Oversize T-Shirt နဲ့ JJပဲ ၀တ်မှာ ရိုးရိုးရှင်းရှင်းပေါ့"
"ကောင်းပါတယ် ငါတော့ ပေါ့ပေါ့ပါးပါး pajamaပဲ ၀တ်လာတော့မယ်"
"ရင်တောင်ခုန်နေပြီ"
"...."
"နင်နဲ့အပြင်မှာမှမတွေ့ဖူးတော့လေ ကျောင်းမှာလဲစကားသိပ်မပြောဘူးဆိုတော့ စကားတောင်ပြောဖြစ်ပါ့မလားမသိ"
"နင်မပြောလဲငါကလိုက်ပြောနေမှာ တွေးပူမနေနဲ့"
"အေးပါ အေးပါ ညကျမှဖုန်းပြန်ဆက်တော့ ငါပန်းပင်ရေလောင်းလိုက်အုံးမယ်"
"အေးအေး"
အခု သူမနဲ့တွေ့ရတော့မယ်ပေါ့ နှစ်ယောက်ထဲလေ။ ပျော်လိုက်တာ တအားပဲ။ နှလုံးသားက ဂျွမ်းထိုးမှောက်ခုံဖြစ်နေတာ သူမတော့ဘယ်သိပါ့မလဲ။
တစ်နာရီတိတိဖုန်းစပြောပြီးတဲ့နေ့ကတည်းက သူမနဲ့ကိုယ်က ဖုန်းပြောရတာ အလုပ်တစ်ခုလိုဖြစ်လာတယ်။ အကြောင်းအရာအများကြီးကို ပြောကြရင်း ကိုယ်တို့ရင်းနှီးလာခဲ့ပြီလေ။ ကိုယ်က အရမ်းဟန်ဆောင်ကောင်းတယ်ထင်ရပေမယ့် အပြင်မှာခုလို ပြန်တွေ့တဲ့အခါရော သူမကိုသဘောကျတဲ့စိတ်ကို ဟန်မပျက်ဖုံးဖိထားနိုင်ပါ့မလား။
သေချာတာကတော့ သူမနဲ့ကိုယ်က သူငယ်ချင်းတွေပါပဲ။
"ငါလာခေါ်ရမလား"
"ဟမ် လမ်းလဲမကြုံဘဲနဲ့"
"မဟုတ်ဘူး ငါ့အဖေအိမ်မှာလာအိပ်မလို့"
"ဪ"
"အဲ့ဒါ နင့်အိမ်ကိုပြောပြလိုက်တာ ငါ့အမေကသိတယ်တဲ့ တစ်ခါထဲ၀င်ခေါ်သွားလိုက်မယ်တဲ့"
"နင့်အမေက သိတာလား"
"အေး"
"ကောင်းတာပေါ့"
"ဟုတ်တယ် ငါနောက်ဆို နင့်အိမ်ကို အေးဆေးလာလို့ရပြီ"
"ဘာလို့လဲ"
"ငါ့အမေနဲ့သိနေတာပဲလေ ဟိုဘက်အိမ်မှာက အဘိုးအဘွားနဲ့ဆိုတော့ တစ်ခါတစ်လေကျ ပျင်းစရာကြီးလေ"
"အေးပေါ့ ပျင်းတဲ့အချိန်လာခဲ့ ငါကအားယားနေတာ"
"နင့် online classတွေကရော"
"မနက်ပိုင်းလေ နှစ်ချိန်ထဲပါ ပြီးရင်အားသွားပြီ"
"ဟုတ်ပြီ"
"ဟုတ်ပြီလို့နင်ပြောရင်တစ်မျိုးလေး"
"ဟမ် ဘာကို..."
"ဒီတိုင်းလူကြီးနဲ့တူလို့ ဟီးဟီး"
"ငါ့ကိုဆို ဘူလီနေတော့တာပဲ"
"မဟုတ်ရပါဘူးဟယ်"
"အေး အဲ့ဒါဆို ငါ့အဖေအိမ်ရောက်ရင်ဖုန်းပြန်ဆက်မယ်"
"အိုခေ"
သူမရဲ့အမေနဲ့ပါသိကျွမ်းရတော့မယ်ပေါ့။ အဲ့ဒါလဲကောင်းတာပဲ ဆွေသိမျိုးသိဖြစ်သွားတာပေါ့လေ။
နောက်ဆုံးမှာ သူမနဲ့တွေ့ခွင့်ရခဲ့ပါရဲ့။ ကိုယ့်ရင်တွေက ပေါပ်ထွက်မတတ်ကိုခုန်နေခဲ့ပြီး ကဆုန်ပေါက်နေတဲ့နှလုံးသားကို သူမမသိအောင်ထိန်းခဲ့ရပါသေးတယ်။
သူမကလည်း လိင်တူချင်းလက်ခံထားသူပဲ။ ကိုယ်က ဘာတွေများကြောက်ရွံ့နေမိတာလဲ။ ကိုယ်က ကိုယ့်ရဲ့ပုံစံကြောင့် ကြောက်ခဲ့တယ်။ အများအမြင်မှာ ယောကျာ်းလေးဆန်နေတဲ့ကိုယ်က သူမကို ချစ်ရေးဆိုဖို့ကိုကြောက်ရွံခဲ့တယ်။ ဘာများသက်ဆိုင်လို့လဲ တကယ်သာဆို ချစ်နေဖို့ကသာအဓိကမဟုတ်ပါလား။
ကိုယ်ဟာ သူမနဲ့ပတ်သတ်လာရင် ဘာကိုမှအထိခိုက်မခံနိုင်ခဲ့ဘူးရယ်။ အသေးအမွှားကိစ္စတွေကအစပေါ့။
ကိုယ့်အတွေးတွေက အရမ်းများ လွန်ကဲသွားသလား အချစ်ရယ်။ အကယ်၍ လွန်နေတယ်ဆိုရင်တောင် ဒါဟာ မင်းကိုသိပ်ချစ်လို့ဖြစ်လာတာမို့ နားလည်ပေးမယ်မလား။
ဒိတ်တယ်လို့မမြည်တဲ့ ဒိတ်အသေးစားလေးတစ်ခုက ကိုယ်တို့နှစ်ယောက်ကြားက အကွာအဝေးကို ပိုနီးကပ်လာစေမယ်လို့ ဘယ်ထင်ခဲ့ပါ့မလဲ။
သူမနဲ့ကိုယ်ရဲ့ရင်းနှီးမှုအတိုင်းအတာက နေရာတစ်ခုကိုရောက်နေခဲ့ပြီလေ။
သူမက ပျင်းတယ်ဆိုတဲ့အကြောင်းပြချက်တစ်ခုနဲ့ ကိုယ့်အိမ်ကိုအမြဲလာလည်တတ်သလို ရံဖန်ရံခါ ညလဲအိပ်တတ်သေးတယ်။ ကိုယ်နဲ့သူ အတူအိပ်ကြတိုင်း နီးကပ်နေတဲ့နှလုံးသားတွေကြောင့် သူမရိပ်မိသွားမှာကိုလည်း အင်မတန်စိုးရိမ်ခဲ့ရပါသေးတယ်။
မတော်တဆများ ကိုယ့်ကိုဖက်မိသွားတဲ့အခါ သွေးကြောထဲက သွေးတွေက ပြောင်းပြန်စီးဆင်းနေသလိုပဲ ထင်ရမိပါရဲ့။
အချစ်က ဒီလိုပဲ ပင်ပန်းရတာလားကွယ်။
"ဟဲ့ ထတော့လေ"
"ဟမ်....အင်း....."
မျက်လုံးတွေကိုပွတ်သပ်လိုက်ပြီး မျက်စိဖွင့်ဖွင့်ချင်း မျက်နှာချောချောကို မြင်လိုက်ရတာကြောင့် စိတ်အစဉ်ချမ်းမြေ့သွားရပေမယ့် ထချင်နေတာ့မဟုတ်။
ဒါပေမယ့်လည်း ခပ်မြန်မြန်ထလိုက်ပြီး ရေချိုးကာ အ၀တ်အစားလဲလိုက်သည်။
"အိမ်မှာဘယ်သူမှမရှိဘူးလား"
"အေး အဘွားတို့က ဘုန်းကြီးကျောင်းသွားတယ်"
"အော်"
"ငါထမင်းကြော်ထားတယ် စားလိုက်"
"အေးအေး နင်ပြန်တော့မှာလား"
"ဘာလဲပြန်စေချင်ပြီလား"
"မဟုတ်ပါဘူးဟ မေးကြည့်တာပါ"
"မပြန်သေးဘူးလေ နင်လဲတစ်ယောက်ထဲဆိုတော့....ညနေကျရင် ငါ့အိမ်ခနပြန်မယ် အ၀တ်အစားတွေ ပြန်ယူမလို့"
"ဒီညထပ်အိပ်မှာလား"
"အင်း"
ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ပြီး ထမင်းစားခန်းထဲ၀င်တော့ သူမပါလိုက်လာသည်။
"မွှေးနေတာပဲ"
"အရသာလဲရှိတယ် စားကြည့်"
"နင်ရော မစားဘူးလား"
"စားပြီးပြီ အဘွားတို့နဲ့အတူ"
"ငါ့တောင်မစောင့်ဘူး"
"နင်ကအိပ်နေတာလေ နင့်ကိုစောင့်ရရင် ငါအစာအိမ်ကင်ဆာဖြစ်သွားလိမ့်မယ်"
"ဖြစ်ရမယ်"
"ညကျရင် အပြင်သွားရအောင်"
"ဘယ်ကိုလဲ"
"xxရပ်ကွက်မှာ ညဈေးရှိတယ် အဲ့ကိုသွားမယ်"
"ငါ့ကိုမလွှတ်လောက်ဘူးနော်"
"ငါရှိနေတာပဲကို ဘာမှမဖြစ်ဘူး အဲ့မှာသီချင်းလဲဆိုလို့ရတယ်"
"ဟုတ်လား"
"ဘယ်လိုလဲသွားချင်သွားပြီမလား"
"နင်ကတော့ ငါ့ကို ဘယ်လိုဆွယ်ရမလဲကောင်းကောင်းသိနေတာပဲ"
"ဒါပေါ့ ငါကနင်နဲ့ပတ်သတ်တာတွေဆိုမှတ်ထားတယ်လေ"
"...."
သူမဒီလိုတွေအမြဲပြောနေရင်တော့ ကိုယ့်နှလုံးသားကြီးပေါက်ထွက်ကုန်တော့မယ်ထင်ပါရဲ့။
ပျော်ရွှင်စရာကောင်းတဲ့အရာဆိုတာ သူမကိုယ့်အနားမှာရှိနေတဲ့ အချိန်တွေပါပဲ။ နှလုံးသားကတဒုတ်ဒုတ်ခုန်နေပြီး သူမသိသွားမှာကိုလည်း စိုးရိမ်မိသေးတယ်။ အကယ်၍များ သူမသာသိသွားခဲ့ရင် ကိုယ်နဲ့သူငယ်ချင်းအဖြစ်တောင်ရှိမနေတော့မှာကို အရမ်းပဲကြောက်ရွံ့မိခဲ့တယ်ထင်ပါရဲ့။
"ငါကရေကြောင်းသိပ္ပံတက်ချင်တာ"
ကိုယ်တို့အနာဂတ်အကြောင်းတွေပြောမိကြတော့ သူမက ဖြစ်ချင်တဲ့ဆန္ဒတွေကိုပြောပြလာတယ်။
"ကောင်းတာပေါ့...ငါတို့တက္ကသိုလ်ရောက်ရင်တော့ မတွေ့ဖြစ်ကြလောက်တော့ဘူးထင်တယ်"။
"ဘာလို့လဲ"
"ငါကရေကြောင်းသိပ္ပံမတက်ချင်ဘူးလေ"
"...."
"ငါဘာဖြစ်လဲနင်သိတယ်မလား"
သူမခေါင်းငြိမ့်ပြလာတယ်။ ဒါပေါ့ သူမကကိုယ်နဲ့ပတ်သတ်လာရင် အသေးအဖွဲ့ကအစမှတ်ထားတတ်တယ်လို့ ပြောဖူးတယ်မလား။
"ဘာပဲဖြစ်ဖြစ် စာရေးဆရာမပဲလုပ်လုပ် သီချင်းပဲဆိုဆို တက္ကသိုလ်တက်ပြီး ဘွဲ့တော့ယူရမယ်လေ"
"အနုပညာပဲတက်မှာပေါ့ဟ"
"...."
"ငါကစာရေးရင် အချိန်ဘာညာလိုမယ်လေ သီချင်းဆိုရင်လဲ အဲ့တိုင်းပဲ အလုပ်နှစ်ခုက အချိန်ပေးရတဲ့အပြင် ငါကအပျော်တမ်းလုပ်မှာမှမဟုတ်တာ ငါ့ရဲ့ တစ်ဘ၀စာအလုပ်တွေအဖြစ်သတ်မှတ်ထားတာလေ"
"အဲ့ဒါလဲဟုတ်တော့ဟုတ်ပေမယ့်"
"ထားလိုက်ပါတော့....ငါတို့ကခင်နေမှာပဲလေ ဘယ်နေရာရောက်ရောက်ပေါ့"
"အင်းပေါ့"
"နင်ငါ့ကို မေ့မသွားဘူးမလား"
"ဘာတွေမေးနေတာလဲ ငါကအဲ့လိုလူစားမျိုးမို့လို့လား"
"အေးပါ အေးပါ"
"ငါလေခရီးတွေသွားချင်တယ်သိလား"
"အင်း ငါလဲသွားချင်တယ်"
"နင်နဲ့အတူတူ"
"...."
"နင်နဲ့ငါနဲ့ခရီးတွေထွက်ကြမယ် ရွက်ဖျင်တဲထိုးပြီး အဲ့မှာအတူအိပ်ကြမယ် ကြယ်တွေအတူကြည့်မယ် အသားကင်တွေလည်းစားမယ်"
"အင်း....."
"ဘာလဲနင်ကမသွားချင်ဘူးလား"
"မဟုတ်တာ ငါကအသွားချင်ဆုံးပါ"
"ငါပြောနေတာကို စိတ်မပါသလိုနဲ့"
"မဟုတ်....ငါ.....ဒီတိုင်းအံ့အြသွားလို့"
"ဘာကိုလဲ"
ကိုယ်ဘာဖြစ်နေတယ်ဆိုတာ သူမကိုပြောပြဖို့ ယုံကြည်ချက်မရှိဘူးကွယ်။
"မဟုတ်ပါဘူး နင့်အခင်ဆုံးသူငယ်ချင်းတွေနဲ့မသွားဘဲ ငါနဲ့သွားမယ်ဆိုလို့ပါ"
"အင်း သူတို့နဲ့ကသွားမှာပါ ဒါပေမယ့် သူတို့က ဘယ်လိုပြောရမလဲ ခရီးထွက်လို့မကောင်းဘူးဟာ စကားပြောလို့မကောင်းဘူး အဲ့ဒါကြောင့်..."
"ငါနဲ့ကျတော့ သွားလို့ကောင်းမယ်ထင်တယ်လား"
"အေး ထင်တယ်လေ"
"ဘာလို့လဲ"
"နင့်ပုံစံကိုက အဲ့လိုပုံစံပေါက်နေတာ"
"ဟင်"
"မွေးထဲက မျက်နှာမှာစာကပ်ထားတာဟေ့ ခရီးသွားလို့ကောင်းပါတယ်ဆိုပြီး"
"ဟားဟား ဖြစ်ရမယ်"
"ငါတို့ဆယ်တန်းအောင်ပြီးတာနဲ့ သွားကြမယ် နှစ်ယောက်ထဲ"
"အင်း...."
"ဒီကြားထဲမှာ မိသားစုလိုက်သွားဖြစ်ရင်လဲ ငါတို့အတူသွားမယ် ဒါမှမဟုတ် သူငယ်ချင်းတွေအုပ်စုလိုက် ဖြစ်ဖြစ်ပေါ့"
"ဒါပေါ့"
ကိုယ်အခုအရမ်းကို ပျော်လွန်းလို့ ဘာမှတောင်မပြောနိုင်တော့ဘူးပဲ။ ကိုယ့်နှုတ်ဖျားကနေ ဘာကိုမှထွက်မလာတော့ဘူး။ ကိုယ်ဟာ သူမပြောသမျှစကားတိုင်းကို စိတ်မပါလို့မဟုတ်ဘဲ ရင်တွေအခုန်မြန်နေလို့ဆိုတာ အချစ်သိရင် သိပ်ကောင်းမယ်ကွယ်။
တဖြည်းဖြည်းနဲ့ သံယောစဉ်တွယ်နေပြီ။
တဖြည်းဖြည်းနဲ့ ကိုယ်ဟာ ဒီနွံ့ထဲကနေ ရုန်းမထွက်နိုင်တော့ဘူးပဲ။ သူမရဲ့အဲ့ဒီစကားလုံးတွေနဲ့ အပြုံးတွေက ကိုယ့်ကို မဖြစ်သင့်တဲ့မျှော်လင့်ချက်တွေ ပေးနေခဲ့ပါတယ်။ ကိုယ်ကလည်း မငြင်းဆိုဘဲ ရယူမေခဲ့တာပဲ။
ကျောင်းပိတ်ရက်တွေက ကုန်ဆုံးသွားပြီး ကိုယ်နဲ့သူမကြားက ရင်းနှီးမှုဟာ ပိုပြီးနက်ရှိုင်းလာတယ်လို့ ဆိုရမလား။ မရေရာတဲ့ အခြေအနေမှာ အများကြီးတွေးလို့မရမှန်းသိပေမယ့် ကိုယ်တွေးမိနေတုန်းပဲ အချစ်ရယ်။
ကိုယ်ဟန်ဆောင်တာတော်တယ်မလား။ ကိုယ်ဟာအခု ကြိုက်တယ်ဆိုတဲ့ အသုံးနှုန်းကိုကျော်လွန်ပြီး သူမကို နှစ်နှစ်ကာကာကိုချစ်မိနေပါပြီ။
"ငါ့ကိုဟိုဘက်ခန်းက အမကြီးနဲ့ပေးစားနေကြတယ်"
ကိုယ်က ရယ်မောရင်း ပြောလိုက်ပေမယ့် သူမမျက်နှာကတော့ ရေသေလိုတည်ငြိမ်နေဆဲ။
"သဘောတွေကျနေတယ်ပေါ့"
"အဲ့လိုလဲမဟုတ်ပါဘူး ငါက...."
"တော်ပြီ....ငါနင့်ကိုအဲ့ဒါတွေမကြိုက်တာ"
"ငါဘာလုပ်မိလို့လဲ"
"မသိဘူး"
"ငါကဒီတိုင်း နင့်ကိုပြောပြတာလေ ငါကြိုက်နေတယ်လို့ရော ပြောမိလို့လား"
"သူ့ကိုမကြိုက်တာသေချာတယ်ပေါ့"
"အေး"
"ဟင်း....ငါကနင်အဲ့လိုလုပ်နေတာတွေက မကောင်းလို့ပြောရတာပါ ဘာပဲဖြစ်ဖြစ်လေ နင့်ကိုဝိုင်းကြိုက်တယ်ဆိုတာဟုတ်ပေမယ့် အတည်မဟုတ်ဘဲ ဘယ်သူ့ကိုမှမတွဲသင့်ဘူးထင်လို့ပါ"
"နင်ကျတော့ရော နင့်ကိုကြိုက်တဲ့လူတွေက ငါ့ထက်တောင်များနေသေးတယ်လေ"
"ငါအဲ့လူတွေကိုပြန်ကြိုက်လို့လား"
"မဟုတ်ဘူးလေ ငါပြောချင်တာက....ထားလိုက်တော့...ငါဘယ်သူနဲ့မှတွဲမှာမဟုတ်ဘူးသိလား ငါ့မှာအတည်ချစ်နေတဲ့လူရှိတယ်"
"ဟင်"
အံ့အြသံတစ်ချက်ပြုပြီး သူမမျက်လုံးတွေက တစ်ခုခုကို စဉ်းစားနေသလိုလို။
"ဘယ်သူလဲ"
"ကောင်မလေးတစ်ယောက်"
"အဲ့ဒါဘယ်သူလဲလို့"
"နင်မသိပါဘူး"
"မသိလို့မေးနေတာလေ"
"ငါမပြောပြချင်ဘူး"
"မပြောချင်ရင်အစထဲကအစမဖော်နဲ့လေ ငါအဲ့လိုတွေမကြိုက်တာ သိရဲ့သားနဲ့"
"စိတ်ဆိုးချင်လဲဆိုးတော့ဟာ ငါ....ငါမပြောပြချင်ဘူး"
"အေး ပြီးတာပဲ"
အဲ့နေ့ကတည်က သူမကိုယ့်ကိုစိတ်ဆိုးသွားခဲ့တာက အချိန်တစ်ခုထိပင်ကြာနေပြီ။ သူမက ကိုယ်နဲ့စကားတစ်လုံးမှမပြောတဲ့အပြင် တခြားသော ကောင်မလေးတွေနဲ့ အရမ်းကို ရင်းရင်းနှီးနှီးနေထိုင်နေတာက ကိုယ့်ရဲ့စိတ်ကိုအထူးထိခိုက်စေကြောင်း ပြောပြချင်လိုက်တာ။
"အမြတ်"
မုန့်စားကျောင်းဆင်းချိန်တစ်ခုမှာတော့ ကိုယ်မနေနိုဂ်စွာ စကားသွားပြောမိတယ်။ သူ့အနားကို ကိုယ်ရောက်သွားတာနဲ့ မျက်စောင်းတစ်ချက်ထိုးပြီးထသွားတဲ့သူမက တကယ်ချစ်စရာလေး။
"အမြတ်....နင်ငါ့ကိုစိတ်ဆိုးနေတာလား"
"...."
"အမြတ်"
"...."
"မြတ်နိုးရိပ်...!"
"တောက်!"
မျက်ခုံးတန်းနှစ်ဖက်ကို စုကြုံ့ကာ ဒေါသဖြင့် ပြောလိုက်သည်မို့ ရုတ်တရပ်လန့်သွားမိပြီး မျက်လုံးအစုံက ဝိုင်းစက်လို့သွားရတယ်။
သူမကကိုယ့်ကို ဒေါသထွက်နေတယ်လား။ မုန်းသွားမှာတော့ မဟုတ်ဘူးမလား။ အတွေးပေါင်းများစွာကြားက ကိုယ်တိုင်တောင်မသိလိုက်ခင်မှာပဲ မျက်ရည်တစ်ပွင့်က ကြွေကျလို့လာတယ်။
သူမကကိုယ့်ကို စိုက်ကြည့်နေပြီးမှ စိတ်ပျက်သလို သက်ပြင်းတစ်ချက်ချပြီး လက်ကိုဆွဲကိုင်လိုက်တယ်။ ပြီးတော့ ကျောင်းထဲက ဥယျာဉ်ဆီဆွဲခေါ်သွားပြီး အဲ့ကိုရောက်တာနဲ့ ကိုယ့်ရဲ့လက်ကို ဆောင့်လွှတ်လိုက်တယ်။
"မြတ်နိုးရိပ်...."
တိုးလျစွာသူမနာမည်ကို ခေါ်လိုက်တော့ ကိုယ့်ကိုကြည့်လာတဲ့သူမ။
"နင်ငါ့ကို.....မုန်း.."
"အရမ်းစိတ်ပျက်တယ်"
သူမက အခုစိတ်ပျက်တယ်လို့ပြောလိုက်တာလား။ သူမရဲ့စကားက ကိုယ့်အသည်းတွေကို တစ်စဆီဖြစ်စေတာကိုရော သိပါရဲ့လား။
"ငါ.....ငါဘာများလုပ်မိ..."
"ငါ့ကိုယ်ငါ"
"...."
"ငါ့ကိုယ်ငါ အရမ်းစိတ်ပျက်တယ်"
"ဘာလို့များ...."
"...."
"ငါကနင့်အတွက် အနှောင့်အယှက်တွေပေးနေမိတာလားဟင် ငါ့ကြောင့် နင်စိတ်ညစ်နေရတာလား"
ဆက်ပြီးပြောလိုက်တဲ့ ကိုယ့်စကားအဆုံး သူမက အမည်ဖော်မရတဲ့ အကြည့်တွေနဲ့ကြည့်လို့လာတယ်။ ကိုယ့်ပါးပြင်ပေါ်မှာလဲ မျက်ရည်တွေကစီးကျလို့.....။
အကယ်၍များ သူမသာ ကိုယ့်ကိုမုန်းနေပြီဆိုပါရင် ကိုယ်နာကျင်ရရင်တောင် လက်လွှတ်လိုက်မှာပါ။
သူမမသိလိုက်ရရင်တောင် ကိုယ်ကတစ်သက်လုံး နှုတ်ဆိတ်နေတော့မှာပါပဲ။
"မငိုပါနဲ့....."
"...."
"ငါမကြိုက်ဘူး"
"...."
"နင်ငါ့ကြောင့်ငိုနေရတာကို ငါမကြိုက်ဘူး"
နွေးထွေးတဲ့စကားသံနဲ့အတူ နူးညံ့စွာနဲ့ မျက်ရည်တွေကို ဖယ်ရှားပေးနေတဲ့ သူမရဲ့လက်တစ်စုံဟာ ကိုယ့်ကို အကြိမ်ကြိမ်အခါခါရူးသွပ်သွားဖို့ လုံလောက်စေတယ်။
"ငါ...ငါ...ငါရှိနေတာ နင်အဆင်မပြေဘူးဆို ငါဒီနေ့ကစပြီး သရဲလိုမျိုးနေပေးပါ့မယ်"
"ဘယ်သူကအဲ့လိုနေခိုင်းလဲ"
"...."
"နင်မရှိလို့မဖြစ်ဘူး"
"...."
သူမဆီကနေ ကိုယ်ဟာထွက်သွားလို့မရနိုင်ခဲ့ဘူးပဲ။
ကိုယ်ထွက်သွားဖို့ကြိုးစားလဲ သူမရဲ့အပြုအမူနဲ့ စကားလုံးတွေကြောင့် ဒီနွံထဲကကိုယ်တစ်သက်လုံး ထွက်လို့မရတော့ဘူးထင်ပါရဲ့လေ။
ရက်တွေ လတွေ နှစ်တွေ အလီလီကုန်ဆုံးလာတယ်။
ကိုယ့်စိတ်နဲ့အချစ်တွေက ထိုသူတစ်ဦးဆီမှာသာ အပ်နှံထားဆဲ။ တစ်ခါတစ်ရံ လက်လွှတ်ဖို့ကြိုးစားမိလဲ ကိုယ်ဟာကျရှုံးခဲ့ရပြန်တာပါပဲ။
ကိုယ့်အပိုင်မဟုတ်သူကို ချစ်ခင်နှစ်သက်ဖို့များ မွေးဖွားလာသလားကွယ်။
နှစ်လအလီလီဖြတ်ကျော်အပြီးမှာ ကိုယ်ဟာ သူမဆီကနေ အကြိမ်ကြိမ်ရုန်းထွက်ဖို့ကြိုးစားခဲ့ပေမယ့် ကိုယ်ရုန်းမထွက်နိုင်ခဲ့ဘူး။
ဆယ်တန်းနောက်ဆုံးနေ့ဟာ ကိုယ့်အသည်းနှလုံးကို အများကြီးနေမကောင်းဖြစ်အောင်လုပ်နိုင်မယ်မှန်းသာ ကြိုသိခဲ့ရင် ကိုယ်သိပ်ပျော်မှာမဟုတ်သလို အဲ့နေ့ကိုမရောက်ဖို့လဲ ဆုတောင်းမိခဲ့မယ်ထင်ပါရဲ့။
အချိန်အကြာကြီးဖုံးကွယ်ထားရင်း သူမရော ကိုယ့်ကို ကြိုက်နေလားဆိုတာ အကြိမ်ကြိမ်တွေးမိခဲ့ဘူးတယ်။
တစ်ဖက်သတ်အချစ်ကသိပ်ကိုပင်ပန်းရတာပဲလား။
ထပ်ပြီးမတောင့်ခံနိုင်တော့တာမို့ ထိုနေ့မှာဖွင့်ပြောဖို့ကို ကိုယ်ဆုံးဖြတ်ခဲ့တယ်။
"ငါ...ငါ.....ပြောစရာရှိတယ်အမြတ်"
တုန်ယင်နေတဲ့ စကားသံတွေနဲ့အတူ လက်ဖျားခြေဖျားတွေက အေးစက်လို့။
"ဘာလဲ ပြောလေ"
"နင်ငါ့ကိုကတိပေးရမယ်"
"ဘာကတိလဲ"
"ပုံမှန်အတိုင်းပဲနေသွားပါ့မယ်လို့"
"ဘာကိုလဲ"
"အဲ့ကတိပေးပါ"
"အေးအေး ဘာလဲပြော"
"ငါ...ငါနင့်ကိုကြိုက်နေတာကြာပြီ နင်ပြန်မကြိုက်မှန်းသိပါတယ် ဒီတိုင်းပြောပြတာ"
"ဪ ဘာများလဲလို့ အင်း....."
"ဘယ်လိုမှမနေဘူးလား"
"ဘာကိုဘယ်လိုနေရမှာလဲ"
"နင့်အတွက်မထူးဆန်းဘူးပေါ့"
"အင်း"
"အခုကငြင်းတာလား"
"ငါကနင့်ကို သူငယ်ချင်းလိုပဲသဘောထားတာလေ ငါပြန်ကြိုက်ဖို့ကိုမျှော်လင့်နေတာလား"
"မြတ်နိုးရိပ်....နင်ဒီနှစ်တွေအတွင်းမှာ ငါ့အပေါ်သူငယ်ချင်းထက်မပိုခဲ့ဘူးပေါ့"
"အေးဟုတ်တယ်"
"ဒါနဲ့များ ငါ့ကိုဘာလို့မျှော်လင့်ချက်တွေပေးခဲ့လဲ ဟမ်"
"ငါမပေးခဲ့ပါဘူး"
"နင်ပေးခဲ့တာပေါ့ နင်ပေးခဲ့တာပေါ့ဟာ သ၀န်တိုနေတဲ့နင့်ပုံစံ စိတ်ပူနေတဲ့နင့်ပုံစံ ကာကွယ်ပေးတဲ့နင့်ပုံစံ အားလုံးက သူငယ်ချင်းထက်ပိုခဲ့တယ်မဟုတ်ဘူးလား အမြတ်"
"အဲ့ဒါတွေက နင့်ကိုအဲ့လိုတွေးစေတယ်ဆိုရင် အဲ့လိုပဲတွေးလိုက်ပါ အဲ့အချိန်တွေတုန်းက ငါနင့်ကိုကြိုက်ချင်ကြိုက်ခဲ့မယ် ဒါပေမယ့်ချစ်တာမှမဟုတ်တာ ကြိုက်တာနဲ့ချစ်တာမှမတူဘဲ ငါ့ရဲ့အပြုအမူတွေအပေါ်သာယာသွားတယ်ဆိုရင် အခုကစပြီးမေ့လိုက်တော့ ငါကမကောင်းတဲ့လူပါ"
"နင်မို့လို့ လွယ်လွယ်ပြောရက်တယ် ငါက နင့်အပြုမူတွေကြောင့်သာယာသွားတယ်ထင်နေတာလား ငါနင့်ကိုအဲ့မတိုင်ခင်တွေထဲက ချစ်နေခဲ့တာ ငါအမြဲသူငယ်ချင်းလိုပဲနေဖို့ ကြိုးစားခဲ့တယ် ငါ့ကိုမျှေယ်လင့်ချက်တွေပေးနေတာက နင်ပဲအမြတ်"
"အေးပါ ထားပါတော့ ငါပဲလူဆိုးမကြီးလုပ်လိုက်ပါ့မယ် ငါတို့အခုဆယ်တန်းတောင်ဖြေပြီးနေပြီ တက္ကသိုလ်ရောက်ရင်ငါ့ထက်သာတဲ့လူကို နင်တွေ့မှာပါ ဒီအရွယ်ကဒီလိုပဲလေ"
"နင်ကလေ ငါ့ကိုဘယ်တုန်းကမှနားမလည်ခဲ့ပါဘူး တော်ပြီအမြတ် ငါအခုကစပြီး နင့်ကိုမေ့နိုင်ဖို့ကြိုးစားသွားမယ်"
ကိုယ်နဲ့သူမဝေးကွာခဲ့ကြတယ် အောင်စာရင်းတွေထွက်တော့ သူမက ရေကြောင်းသိပ္ပံတက်ဖို့အမှတ်မှီခဲ့တယ်။
ကိုယ်ကတော့ အစထဲကရည်ရွယ်ထားတဲ့အတိုင်း အနုပညာကိုပဲရွေးချယ်ခဲ့တယ်။
ကိုယ်တို့လျှောက်တဲ့လှမ်းတွေကွဲလွဲသွားပြီ။
တစ်ချိန်ကကိုယ်မေးခဲ့ဖူးတယ် သူမဖြေခဲ့တယ်။
"နင့်ကိုဘယ်တော့မှမေ့မသွားဘူး" တဲ့ အခုတော့ မေ့နေပြီမလား။
သူမပြောဖူးတဲ့စကားလေး "နင်မရှိလို့မဖြစ်ဘူး" တဲ့လေ အခုတော့ ကိုယ်မရှိလဲမင်းပျော်နေတယ်မလား အချစ်ရေ။
ကိုယ်ကတော့မမေ့နိုင်ခဲ့ဘူးပဲ။ ဘာလို့များလဲနော်။
ကိုယ့်ကိုမချစ်တာပဲကို ဘာရယ်ကြောင့်များ မုန်းလို့မရနိုင်တာလဲကွယ်။
သူမပြောသလိုစိတ်ကစားတာဖြစ်ဖို့ ကိုယ်ကြိုးစားခဲ့ပေမယ့် ကိုယ်ကသူမကိုနှစ်နှစ်ကာကာချစ်မိနေပြီရယ်။
ကိုယ်ရဲ့အတန်းက သူငယ်ချင်းကိုရင်ဖွင့်ရင်း သူမကို နောက်တစ်ကြိမ်ထပ်ပြီး ချစ်ရေးဆိုဖို့စီစဉ်လိုက်တယ်။
ကော်ဖီဆိုင်လေးမှာ စာအုပ်လေးတွေလဲဖတ်လို့ရမယ်။ ရှေးခတ်ဆန်တဲ့အသွင်အပြင်တွေကြား ကိုယ်သူမကိုထပ်မံဖွင့်ပြောမယ်ပေါ့။
ကိုယ်စီစဉ်ထားတာအားလုံးပျက်ဆီးသွားတယ်။ သူမကအဲ့နေ့ညမှာပဲ ချစ်နေတဲ့သူရှိနေတဲ့အကြောင်း ကိုယ့်ကိုလာပြောပြခဲ့တယ်။ ကိုယ့်ကိုပထမဆုံးပြောပြတာတဲ့လေ။ ဘာလို့များလဲ။ ရင်တွေကွဲရပါတယ်အချစ်ရယ်။
နှလုံးသားကနာကျင်နေပြီး ကိုယ့်မှာအင်အားတောင်မရှိတော့ပေမယ့် မင်းပျော်ရွှင်နေတယ်ဆိုတဲ့အသိက ကိုယ့်ကိုပါထပ်တူပြုံးမိစေနိုင်ပါရဲ့။
မျက်ရည်တွေကြားက ကိုယ်ပြုံးနေခဲ့ပါသေးတယ်။
သူမတောင်းတဲ့အကြံညဏ်တွေကိုပေးရင်း သူမရဲ့ချစ်ရသူ အမျိုးသမီးလေးနဲ့နီးစပ်ဖို့ ကိုယ်ကူညီပေးခဲ့တယ်။
မြတ်နိုးရိပ်က သိပ်ကိုဆိုးတယ်။ သူမချစ်ရသူနဲ့ First dateမှာ ကိုယ့်ကိုပါခေါ်ခဲ့တယ်။
"ဒါက ကိုယ့်သူငယ်ချင်းလေ အရမ်းခင်တာ ကိုယ့်အပေါ်လဲအရမ်းကောင်းတာ"
"အမရဲ့ကောင်မလေးကိုဂရုစိုက်ပေးလို့ကျေးဇူးပါနော်"
"မဟုတ်တာပဲအမရဲ့ အမကိုသူကအရမ်းချစ်တာ အမတို့အမြဲလက်တွဲနိုင်ဖို့ ဆုတောင်းပေးနေမှာပါ"
"ကျေးဇူးပါရှင်"
သူမချစ်တဲ့အမျိုးသမီးလေးဟာ အပူအပင်ကင်းမဲ့စွာ ပြုံးနေခဲ့တယ်။ ကိုယ်သိပ်ချစ်ရဲ့အမျိုးသမီးလေးကလည်း ထိုအမလှလှလေးကိုကြည့်ရင်း ပြုံးနေခဲ့တယ်။
ဒီအပြုံးတွေက သိပ်နူးညံ့ပေမယ့် ကိုယ်ကဘာကြောင့်များ နာကျင်နေရတာလဲ။
ဒါကအရင်ဘ၀က ၀ဋ်ကြွေးတွေကြောင့်ထင်ပါရဲ့။
နှလုံးသားလေးကအကျဉ်းတန်စွာ ငိုကြွေးခဲ့ရတယ်။
အိပ်မရတဲ့ရက်တွေကလည်းထောင်သောင်းမကများခဲ့ပါရဲ့။ ကိုယ်သိပ်ကိုနာကျင်ရပါတယ်။ အရမ်းကိုပဲပင်ပန်းလွန်းတယ်။ အားလုံးရဲ့အဝေး တေးဂီတတွေရဲ့အဝေး လှပမှုတွေရဲ့အဝေးကို ပြေးထွက်သွားချင်မိတယ်။
ဒါပေမယ့်လည်း သူမကိုတော့
ချစ်မိနေဆဲပဲထင်ပါတယ်။
ကိုယ်ကရုန်းထွက်လို့မရတာမဟုတ်ဘူး
အမှန်တကယ်ဆို ရုန်းမထွက်နိုင်ခဲ့တာ။
သေလောက်အောင်ပင်ပန်းလည်း ချစ်မိနေတာပါပဲ။
သူမနှုတ်ကထွက်သမျှ စကားလုံးတိုင်းကို တန်ဖိုးထားခဲ့တာမို့ သူမငြင်းဆိုတဲ့စကားလုံးလှလှတွေကိုလည်း ကိုယ်သိမ်ငယ်စွာ နားထောင်ခဲ့ရတယ်။
သူမပြောပြတဲ့ အမျိုးသမီးလေးအားဘယ်လောက်ချစ်ကြောင်းတွေကိုလည်း နားထောင်ခဲ့ရသေးတယ်။
နှလုံးသားမှာ ဆူးတွေစိုက်၀င်နေသလို ခံစားနေရလည်း သူမပြောပြတဲ့ အကြောင်းအရာတွေကို နားထောင်ရင်း ကိုယ်ဟာ အပြုံးမပျက် ဟန်ဆောင်ထားနိုင်ခဲ့ပါရဲ့။
လူအများမသိတဲ့မျက်ကွယ်မှာတော့
ကိုယ်ဟာ အရူးတစ်ယောက်လို အော်ရယ်ခဲ့ပါသေးတယ်။
ဒါပေမယ့်လည်း သိပ်ချစ်ရတဲ့နှလုံးသားလေးက ကိုယ်နာကျင်နေတာ မသိခဲ့ဘူးရယ်။
.
.
.
[အတိတ်တွေကမှုန်ဝါးနေလည်း
ငါတို့နှစ်ဦးဇာတ်လမ်းမှာ တစ်ချို့နေရာက အကောင်းတိုင်း ရှိနေဆဲပါပဲ.....]
YBSကားပေါ်ပျံ့လွင့်လာတဲ့ သီချင်းသံအား တိုးလျစွာလိုက်ဆိုမိတယ်။ မိုးတွေကအခုထိမတိတ်သေးတာမို့ အပြင်ကိုငေးကြည့်နေရင်းပေါ့။
လက်ထဲမှာတော့ လှပတဲ့ဒေစီဖြူတွေရှိနေတယ်။ ဒါဟာ ဂုဏ်ပြုဖို့အတွက်ပေါ့။
ဆင်းရမယ့်မှတ်တိုင်ရောက်တော့ လျင်မြန်စွာဆင်းလိုက်တယ်။ ဒီတစ်ခါလည်း ထီးမပါလာခဲ့ပြန်ဘူး။ ပြီးတော့ ထီးဆောင်းပေးမယ့်သူလည်း ရှိမနေတော့ဘူး။
ပန်းစည်းနဲ့ခေါင်းကို အုပ်မိုးပြီး ဆိုင်လှလှလေးထဲသို့သာ အလျင်အမြန်ပြေး၀င်သွားလိုက်တယ်။
ဒီဆိုင်လေးက ကိုယ်ဖွင့်ထားတဲ့ဆိုင်လေးပေါ့။ ရှေးခေတ်ဆန်တာကိုသဘောကျတဲ့ကိုယ်က ကိုယ်ပိုင်စိတ်ကူးတွေကိုပုံဖော်နိုင်ခဲ့တယ်။
ဒီနေ့ဟာ သူမနဲ့သူမချစ်ရတဲ့အမျိုးသမီးတို့ 5နှစ်ပြည့်တဲ့နေ့လေးပါပဲ။ ဆိုင်လုံးကျွတ်လာငှားပေမယ့် ကိုယ်ထပ်တွေ့ရဂ် ရင်ကွဲအုန်းမှာမို့ ရှောင်ပြေးခဲ့ပေမယ့် မရခဲ့ဘူးရယ်။
ဒီတော့လည်း အလှပဆုံးပြုံးပြီး ဂုဏ်ပြုပေးရမှာပေါ့။
"ထပ်ပြီး ထီးမပါလာပြန်ဘူးလား"
ဆိုင်ထဲမှာလူစုံနေပြီ အားလုံးက လူရင်းတွေကြီးပါပဲ။
ကိုယ်သူမကို ဟီးကနဲရယ်ပြလိုက်ပြီး ဒေစီဖြူဖြူတွေကိုပေးလိုက်တယ်။
"ဒီထက်ပိုပြီး ချစ်ချစ်ခင်ခင်နဲ့ တစ်သက်လုံးလက်တွဲသွားနိုင်ပါစေနော်"
"ကျေးဇူးပါပဲရှင့် ပန်းလေးတွေကသိပ်လှတာပဲနော်"
သူမက ပြုံးရုံသာပြုံးလာပြီး သူမချစ်ရသူအမျိုးသမီးလေးကတော့ ရည်မွန်စွာစကားဆိုလာခဲ့တယ်။
ဒီလောက်နှစ်တွေကြာနေတာတောင် ဘာလို့များချသ်နေသေးတာတဲ့လဲ။
အများကမေးကြလေမလား။ ကိုယ်ချစ်တဲ့သူက တစ်ခြားတစ်ယောက်နဲ့ပျော်ရွှင်နေတာကို ဘာကြောင့်များပြုံးပြနိုင်ရတာလဲပေါ့။
ကိုယ်သူမကိုမပြုံးပြပဲ ငိုလိုက်ရမလား။
ဟင့်အင်း သူမကမကြိုက်ဘူးလို့ပြောခဲ့တယ်လေ။
ကိုယ်ပျော်ပေးမှာ သူမအတွက်အများကြီးကိုပျော်နေပေးမှာပါ။
လူတိုင်းမှာအချစ်ဦးကိုယ်စီရှိကြသလို အချစ်ဆုံးဆိုတာလဲရှိကြပေမယ့် ကိုယ့်အတွက်တော့ အချစ်ဦးဟာ သူမဖြစ်ခဲ့သလို အချစ်ဆုံးကလဲ သူမပဲဖြစ်နေအုန်းမယ်ထင်ပါရဲ့။
သူမနဲ့ သူမချစ်ရသူအမျိုးသမီးလေးတို့အတွက် လက်ခုပ်ဩဘာတွေပေးရင်း ဆက်ရှင်သန်သွားရမယ်ထင်ပါတယ်။
ကိုယ်ကမျက်ရည်ကျနေရလဲဖြစ်တာမို့ မင်းကအများကြီးပျော်ရွှင်နေပေးပါ အချစ်ရယ်။
ကိုယ်ကတော့ မင်းနဲ့မင်းချစ်ရသူအတွက် ဒေစီဖြူတွေအမြဲလက်ဆောင်ပေးနေဦးမယ်။
ဒေစီဖြူတွေက လှပတာကိုပဲမင်းမြင်ကောင်းမြင်နိုင်တယ် ဒါပေမယ့် ကိုယ်တကယ်ဆိုလိုချင်တာက
"ဘယ်တော့မှပြောပြမှာမဟုတ်ပါဘူး" တဲ့။
သော်သော်ဘုန်း