" ဘယ်က maskနဲ့ ဦးထုပ်ကြီး ဆောင်းထားတာလဲ... ကောက်ရတာလား... "
သူ့ဘေးနား ထယ်ရယ်ရောက်လာပြီး စကားပြောမှ ဟာအိုလည်း သတိပြန်ကပ်တော့သည်။ ထယ်ရယ်က ခါးထောက်ကာ မျက်မှောင်ကြုတ်ကြည့်ရင်း ဟာအို့ကို စပ်စုနေသည်။ ဟာအိုလည်း ဘာမှ ပြန်မဖြေသေးဘဲ ထယ်ရယ်ရဲ့ လက်ကို ဆွဲကာ အနီးနားက သစ်ပင်ရဲ့ အနောက် ဝင်ရပ်လိုက်ပြီး toilet ထဲက ထွက်လာတဲ့သူတွေကို လိုက်ကြည့်နေမိသည်။
" ဘာကို ကြည့်နေတာတုန်း... မင်းက.. "
" ရှူး... "
ထယ်ရယ်ကို တိတ်တိတ်နေဖို့ အချက်ပြလိုက်ပြီး toiletဘက်ကို ပြန်ကြည့်နေလိုက်သည်။ သူကြည့်နေတဲ့အချိန်မှာပဲ သူ့လို maskအမည်း၊ ဦးထုပ်အမည်း ဝတ်ထားတဲ့ ကောင်လေးတစ်ယောက် ထွက်လာပြီး ဟိုကြည့်ဒီကြည့်နဲ့ လူရှာနေလေသည်။
" အိုးဂေါ့ဒ်...မင်းနဲ့ တစ်ပုံစံတည်းပဲ... "
" Maskတပ်ပြီး ဦးထုပ်ဆောင်းထားတာကို မင်းက ဘာကို မြင်ရလို့ တစ်ပုံစံတည်းလို့ ပြောနေရတာတုန်း.. "
" အရပ်အမောင်း၊ ကိုယ်လုံးကိုယ်ပေါက်၊ အခုသူဝတ်ထားတဲ့ ပုံစံမျိုးနဲ့တင် မင်းတို့နှစ်ယောက်က တစ်ပုံစံတည်းလို ဖြစ်နေပြီ... maskအောက်က မျက်နှာကလည်း မင်းနဲ့ ဆင်တူမယ်ဆိုတာ ပြောရဲတယ်... "
ဟာအို ဘာမှ ပြန်မပြောဘဲ ထိုကောင်လေးကိုသာ ကြည့်နေမိသည်။
" ဟာအို... အဲဒါ အိမ်ရှေ့စံများလား မသိဘူး... "
" ဟုတ်တယ်...အဲဒါ အိမ်ရှေ့စံ.. စောနက သူ့သူငယ်ချင်းထင်တယ်... ငါ့ကို လူမှားပြီး ဦးထုပ်နဲ့ mask ဝတ်ပေးသွားတာ... "
" သူငယ်ချင်းကတောင် လူမှားတယ်ဆိုတော့ မင်းတို့နှစ်ယောက် အပြင်မှာပါ တော်တော်တူမယ့်ပုံပဲ... "
ခဏကြာတော့ ခုနက သူ့ကို လူမှားတဲ့ ကောင်လေး ထွက်လာပြီး အိမ်ရှေ့စံနဲ့ အတူ ထွက်သွားလေသည်။ ဟာအိုလည်း ထပ်မစပ်စုတော့ဘဲ ထယ်ရယ်နဲ့အတူ ကစားကွင်းကနေ ပြန်သာ လာခဲ့လိုက်တော့သည်။
*****
" ခုနကကျ မဝင်တော့တာလိုလိုနဲ့ ... အပြင်မှာ စောင့်မယ်ဆိုပြီး...ခုကျတော့လည်း toilet ဝင်တာ ကြာလိုက်တာကို.."
Toiletထဲ ထွက်လာလာချင်း ဟာနူးလ်ရဲ့ ရန်တွေ့စကားကို ဟန်ဘင်း မတုံ့ပြန်မိ။
" လာ... နေ့လည်စာ သွားစားရအောင်... "
မတုန်မလှုပ်နဲ့ ရပ်နေတဲ့ ဟန်ဘင်းကို ဟာအို ဆွဲခေါ်သွားလေသည်။ သူ့လက်ကို ဆွဲထားတဲ့ ဟာနူးလ်ရဲ့ လက်ကို ကြည့်ပြီး ဟန်ဘင်း အတွေးများရပြန်သည်။ အခုလို လက်ကို ကိုင်ထားတဲ့အချိန်မှာတောင် ရင်မခုန်ဘဲနဲ့ ဘာလို့ အကြည့်ချင်း ဆုံရုံနဲ့ ရင်ခုန်ရတာလဲ။ ပြီးတော့ အကြည့်ချင်း ဆုံတာကလည်း အခုမှ မဟုတ်ဘူး။ အရင်ကတည်းက ဟာနူးလ်နဲ့ ခဏခဏ အကြည့်ချင်း ဆုံဖူးတာကို ဘာကိစ္စ ရင်တွေ ထခုန်ရတာလဲ။ သွားပြီ... သူတကယ်ရူးသွားပြီ ထင်ပါရဲ့။
" ဟန်ဘင်း... ဘာတွေ အတွေးလွန်နေတာတုန်း.... စားစရာတွေ မှာပေးဦး... "
သူ့ရှေ့ မီနူးကဒ်ကို ချပေးကာ ပြောလာတဲ့ ဟာနူးလ်အား ဟန်ဘင်း ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ဟာနူးလ် ကြိုက်တဲ့ စားစရာတွေကို ကြည့်ပြီး မှာပေးလိုက်တော့သည်။
" ဟာနူးလ်... "
" ဘာလဲ... "
" ငါနဲ့ အကြည့်ချင်း ဆုံတာ ပြိုင်ရအောင်... "
ဟာနူးလ်က ဟန်ဘင်းအား မျက်မှောင်ကြုတ်ကြည့်လာပြီး
" အားအားယားယား... မပြိုင်ချင်ပါဘူး... "
ဟန်ဘင်းလည်း သူ့မူပိုင် နှုတ်ခမ်းဆူလိုက်ရင်း
" လုပ်ပါ... ဟာနူးလ်ကလည်း... ကစားကွင်းကအပြန် ဂိမ်းဆိုင် လိုက်ပို့ပေးမယ်ကွာ... "
ထိုအခါမှ ဟာနူးလ်က ခေါင်းညိတ် လက်ခံကာ
" အိုကေ... Deal... "
ထို့နောက် နှစ်ယောက်သား အရင်ဦးဆုံး မျက်လုံးတွေကို မှိတ်ထားလိုက်ကြသည်။
" ဝမ်း..တူး... သရီး... "
Timing ခေါ်ပြီး နှစ်ယောက်သား ပြိုင်တူ မျက်လုံးဖွင့်ကာ တစ်ယောက်နဲ့ တစ်ယောက် စိုက်ကြည့်လိုက်ကြသည်။ ဟာနူးလ်ရဲ့ မျက်လုံးတွေကို ကြည့်ရင်း ဟန်ဘင်း မသိမသာ ကိုယ့်ရင်ခုန်သံကို ပြန်နားစွင့်နေမိသည်။ ရင်ခုန်သံမြန်ဖို့ မပြောနဲ့ ။ စိတ်ထဲ ဘာမှကို မခံစားရ။ ငါးမိနစ်လောက်ကြာတော့ ဟန်ဘင်းဘက်က အရင် အကြည့်လွှဲလိုက်တော့သည်။
" ဆက်မကြည့်နိုင်တော့ဘူး... မင်းမျက်နှာကို... "
" ဘာလဲ... ရင်ခုန်သွားလို့လား... "
" ရင်ခုန်ဖို့လား... ဝေးသေး... "
ဟာနူးလ်ကတော့ ဟန်ဘင်းကို စနောက်ရလို့ ပျော်ရွှင်နေသည်။ ဟန်ဘင်းလည်း ကိုယ့်အဖြစ်ကို ကြိတ်ရယ်လိုက်မိသည်။
* ဆောင်းဟန်ဘင်းတို့ကတော့... ပေါက်ကရပဲ... ဘယ်လိုလုပ် ကျန်းဟာနူးလ်ကို ရင်ခုန်ရမှာလဲ... ခုနက maskမပါ.. ဦးထုပ်မဆောင်းထားလို့... အိမ်ရှေ့စံမှန်း လူတွေ သိသွားမှာ စိုးပြီး ရင်တုန်သွားတာကို... ရင်ခုန်တယ် မှတ်နေတာ... ဟား... ဟား... တကယ် ဟာသပဲ....*
*****
" သား.. ဒီမှာပဲ တက္ကသိုလ် တက်ချင်ပါတယ်... အဘွားတော်... "
ကိုယ့်မြို့မှာ ရှိတဲ့ တက္ကသိုလ်ကလည်း ကမ္ဘာ့အကောင်းဆုံး စာရင်းဝင်ပါလျက်နဲ့ ဘာလို့ တခြားနိုင်ငံက တက္ကသိုလ်မှာ တက်ခိုင်းချင်မှန်း ဟာနူးလ် စဉ်းစားမရပါ။
" အဘွားတော်က ငါ့မြေးတော်ကို အကောင်းဆုံး ဖြစ်စေချင်တာလေ... ကောင်းကင်ဘုံရဲ့ သားတော်ဆိုတာ အမြဲတမ်း ထွန်းတောက်နေရမယ်လေ... "
တစ်ဆိတ်ရှိ ကောင်းကင်ဘုံရဲ့သားတော်ဆိုသည့် စကားလုံးနဲ့ပဲ ဟာနူးလ်ရဲ့ သဘောထားတွေ၊ ဆန္ဒတွေကို ဘေးဖယ်ပစ်လိုက်သည်။ ဟာနူးလ် အကူအညီ ရလိုရငြား ခမည်းတော်နဲ့ မယ်တော့်ကို ကြည့်လိုက်မိသည်။
" ဒီက တက္ကသိုလ်ကလည်း ကမ္ဘာ့အဆင့်မီပါတယ်... မယ်မယ်ကြီးရယ်... "
အဘွားတော်က မယ်တော်အား တစ်ချက်ငဲ့ကြည့်လိုက်ပြီး
" ကမ္ဘာ့အဆင့်မီတာလေ... ကမ္ဘာ့အဆင့်တစ်မှ မဟုတ်ဘဲ... ငါ့မြေးတော်လေး ကောင်းဖို့ ဒီအဘွားတော်က စီစဉ်တာကို ဧကရီက ကန့်ကွက်ချင်တာလား... "
" သားတော်က ဒီမှာ တယောသင်တန်းလည်း ရှိသေးတယ်လေ... "
ခမည်းတော်ကလည်း ဟာနူးလ်ဘက်က ဝင်ပြောပေးသည်။
" ထီးနန်းဆက်ခံဖို့အတွက် တယောက အရေးမပါ,ပါဘူး... ပညာကိုသာ ကောင်းကောင်း သင်ယူ... တယောသင်တန်း တက်ဖို့ ခွင့်ပြုပေးထားတာတောင် လွန်လှပြီ... "
နောက်ဆုံးတော့ ဘယ်သူမှ အဘွားတော်ကို မလွန်ဆန်နိုင်ကြ။ ဟာနူးလ်လည်း စိတ်ညစ်ညစ်နဲ့ ကိုယ့်အခန်းကိုသာ ပြန်လာခဲ့လိုက်သည်။ ထို့နောက် တစ်ဦးတည်းသော သူငယ်ချင်းလေးဆီ ရင်ဖွင့်ဖို့ ဖုန်းဆက်မိတော့သည်။
// ဟာနူးလ်...ငါတောင် အခုပဲ ဖုန်းဆက်မလို့..ဖုန်းကိုင်တုန်း ရှိသေးတယ်... မင်းဆီက ဖုန်းအရင် ဝင်လာတာ... ငါ... တက္ကသိုလ်ကို မြို့တော်မှာ တက်ဖို့ ရွေးလိုက်ပြီ...//
ဝမ်းသာအားရ ဟန်ဘင်းဘက်က ပြောနေပေမယ့် ဟာနူးလ် သက်ပြင်းသဲ့သဲ့သာ ချလိုက်ပြီး
" ဟန်ဘင်း... "
// အင်း... //
" ငါ .... တက္ကသိုလ်ကို မင်းနဲ့အတူ တက်လို့ မရတော့ဘူး... အဘွားတော်က ငါ့ကို xxxxxx နိုင်ငံက တက္ကသိုလ်မှာပဲ တက်ရမယ်တဲ့.... "
ဟာနူးလ်ရဲ့ စကားအဆုံး၌ ဟန်ဘင်းဘက်က ငြိမ်ကျသွားလေသည်။ ဖုန်းကိုင်ထားလျက်နဲ့ နှစ်ယောက်သား တိတ်ဆိတ်နေမိကြသည်။ စက္ကန့်တော်တော်ကြာတဲ့ အထိ ဘယ်သူကမှ စကားစမလာပေ။
" ဟန်ဘင်း... ငါတို့တော့ လေးနှစ်လောက် မတွေ့ရတော့ဘူး... ငါ မသွားခင် မင်းဆီကို ထပ်အလည်လာခဲ့ဦးမယ်... အခုလောလောဆယ်တော့ ငါ စိတ်ပြေလက်ပျောက် ဂိမ်းဆိုင်ကို ခိုးသွားလိုက်ဦးမယ်... ဒါပဲနော်... "
ဟာနူးလ်လည်း ဖုန်းချလိုက်ပြီးနောက် ရုပ်ဖျက်ကာ အဘွားတော်ရဲ့ အခြေအနေကို စောင့်ကြည့်ပြီး အလစ်မှာ အိမ်တော်ကနေ ခိုးထွက်လာခဲ့တော့သည်။
*****
" no.1 ဇွတ်မတက်နဲ့.. အရှေ့က အိမ်ထဲမှာ enemy ရှိတယ်... "
သူ ပြောနေတာကို မကြားတာလား၊ မကြားချင်ယောင်ဆောင်နေတာလား မသိ။ ရန်သူရှိတဲ့ အိမ်ဆီ တည့်တည့်ပြေးဝင်သွားတာမလို့ ရန်သူ ပစ်သတ်လို့ no .1ခမြာ လျှောသွားတော့သည်။
" ကျစ်... ပြောနေတာကိုကွာ... "
Teammate တွေ အကုန်သေသွားပြီမလို့ ဟာနူးလ်လည်း zoneထဲမှာပဲ ရန်သူတွေ မတွေ့အောင် ပုန်းနေလိုက်သည်။ ကိုယ့်အရှေ့ကို ကြည့်နေတုန်း ဘာမှတောင် လုပ်ချိန်မရလိုက်။ အနောက်ကနေ ချောင်းပစ်ခံလိုက်ရသည်။
" ဟာကွာ.... ဘယ်ကနေ ပစ်သွားတာတုန်း... ခြေသံလည်း မကြားလိုက်ရဘဲနဲ့.. "
စိတ်ညစ်လို့မှ ဂိမ်းဆိုင်ကို ထွက်လာပါတယ်ဆို ဆော့သမျှ ပွဲတိုင်း ရှုံးနေတော့ လူက အဆင်မပြေတော့။ စိတ်ညစ်တာတွေပေါင်းပြီး မျက်ရည်တွေ ဝဲလာရသည်။ ဟာနူးလ်လည်း ကျလာတဲ့ မျက်ရည်တွေကို သုတ်ရင်း monitorပေါ်ကို ငေါင်တောင်တောင် ကြည့်နေမိသည်။
" ဂိမ်းဆော့ရင်း ငိုတယ်တဲ့... ကလေးကလား... "
ဘေးနားက ထိုင်ခုံမှာ ဆော့နေတဲ့ လူတစ်ယောက်ဆီမှ အသံထွက်လာတာကြောင့် ဟာနူးလ် headsetsကို ချွတ်ကာ လှည့်ကြည့်လိုက်သည်။ သူ့ကို ပြောနေတဲ့သူက ဟာနူးလ်နဲ့ ရွယ်တူမဟုတ်ဘဲ အလယ်တန်းကျောင်းသားလေးတစ်ယောက်ပင်။
" ဟိတ်.. ကလေးလေး... စာမလုပ်ဘဲ ညဘက်ကြီးကို ဂိမ်းလာနှိပ်နေတယ်လား... "
" ဘာကလေးလေးလဲ...ကျွန်တော်က အလယ်တန်း ဒုတိယနှစ် ရောက်နေပြီ... "
" ဖွီး... "
ဟိတ်ကြီးဟန်ကြီးနဲ့ သူ့အား ပြန်ရန်တွေ့နေသော ထိုကလေးအား ကြည့်ရင်း ဟာနူးလ် ရယ်လိုက်မိသည်။
" အလယ်တန်းကျောင်းသားပဲ ရှိသေးတာကို... ကလေးပဲပေါ့... "
" အစ်ကိုကမှ ဂိမ်းရှုံးလို့ ငိုနေတဲ့ ကလေးလေး... "
" မင်း အဖေအမေတွေ ဖုန်းနံပါတ်ပြောစမ်း .. ဖုန်းဆက်ပြီး မင်းအိမ်ကို လှမ်းတိုင်ရမယ်... "
ထိုအခါ ထိုကလေးက ဟာနူးလ်အား ပြောင်စပ်စပ်လုပ်ပြပြီး
" တိုင်ပေါ့... ဒီဆိုင်က ကျွန်တော့ ဦးလေးဆိုင်... ကျွန်တော်က ဒီမှာနေတာ.... "
" မဖြစ်နိုင်ဘူး... ကလေးလေး... ဒီဆိုင်က ငါ လာနေကျဆိုင်... မင်းကို တစ်ခါမှ မတွေ့ဖူးဘူး... "
" ကျွန်တော်က ဒီမြို့ကို နွေကျောင်းပိတ်လို့ အလည်လာတာ... "
" မယုံဘူး... ငါ ဆိုင်ရှင်ဦးလေးကို မေးမှာ... လာ.. လိုက်ခဲ့... "
ဟာနူးလ်လည်း ထိုကလေးရဲ့လက်ကို ဆွဲကာ ကောင်တာဆီ ခေါ်လာခဲ့လိုက်သည်။ ကောင်တာရှေ့ရောက်တော့ ဆိုင်ရှင်ဦးလေးက ဘယ်ထသွားသလဲမသိ၊ နေရာမှာ ရှိမနေ။
" ကျွန်တော်က ဘာလို့ လိမ်ရမှာလဲ... ဒါ ကျွန်တော့ဦးလေးဆိုင်ပါဆို... "
" ပတ်ဂွန်းဝု... ဘာတွေ ရှုပ်နေတာလဲ... "
ဆိုင်ရှင်ဦးလေးက အနောက်ဘက်ကနေ ထွက်လာပြီး စကားများနေတဲ့ သူတို့နှစ်ယောက်အနား ရောက်လာလေသည်။
" ဒီအစ်ကိုပေါ့... ဦးလေးက ကျွန်တော့ဦးလေးဆိုတာ မယုံဘူးတဲ့... "
" ဒါ ငါ့တူပါကွာ... ပတ်ဂွန်းဝုတဲ့...မနေ့ကမှ ရောက်လာတာ... နွေကျောင်းပိတ်ရက် လာလည်တာလေ... "
ဂွန်းဝုက ဟာနူးလ်အား တွေ့လားဆိုသည့်ပုံဖြင့် မေးဆတ်ပြလေသည်။ ဟာနူးလ်လည်း ဆွဲထားတဲ့ လက်ကို လွှတ်ပေးလိုက်ပြီး
" ဦးလေးတူဆိုရင်လည်း ပြီးတာပါပဲ...ကလေးတစ်ယောက် ညဘက်ကြီး ဂိမ်းဆိုင် ခိုးထွက်လာတယ်ထင်လို့... "
ထို့နောက် session ဖိုး ရှင်းလိုက်ပြီး ဟာနူးလ်လည်း ထွက်လာခဲ့တော့သည်။
" အစ်ကို... "
အနောက်ကနေ လှမ်းခေါ်တဲ့ ဂွန်းဝုကြောင့် ဟာနူးလ် ပြန်လှည့်ကြည့်လိုက်သည်။
" ဘာလဲ... ကလေးလေး... "
" အစ်ကို့နာမည် ပြောခဲ့ဦး... "
ဟာနူးလ် ပြုံးလိုက်ရင်း
" ဘာလုပ်မလို့လဲ... မင်းက... "
" သိချင်လို့... "
" အွန်း.......... "
ဟာနူးလ်လည်း မျက်လုံးကို အပေါ်ထောင့်ကပ်ကာ စဉ်းစားရင်း
" နာမည်က... ဟာနူးလ်.... ဆောင်းဟာနူးလ်... "
__________________________________TBC