"ဟျောင်းနင်းမ်.... ဘာလို့အရင်လို ဟိုစာဂျပိုးကောင်ကို ရန်မစတော့တာလဲ"
"အို ရှုပ်ရှုပ်ယှက်ယှက်တွေကွာ ငါ့အချိန်တွေအကုန်မခံတော့ဘူး"
"ဟျောင်းနင်းမ်မှာ တခြားအစီအစဥ်တွေရှိနေလို့လား"
မိမိနောက်ကို အမြဲဘာလိုလိုလိုက်ပြီး အစ်ကိုကြီး၊အစ်ကိုကြီးဟုခေါ်ကာ ဆရာတင်နေကြသည့် ကောင်လေးတွေရဲ့စကားကြောင့် ဒီတစ်ခါတော့ ခေါင်းခါပြလိုက်သည်။
ဟုတ်ပါရဲ့.... ဒီနှစ်တော့ ထူးထူးဆန်းဆန်း သူ့မှာ ကင်မ်ဂျီဝွန်းဆိုတဲ့အကြောတင်းကောင်ကို ဒုက္ခပေးချင်စိတ်က ရှိမနေဘူးပဲ။
နွေပိတ်ရက်တွက် ရှန့်ဟိုင်ကနေ ကိုကို ဒီကို ရောက်လာပြီးကတည်းက အဲ့ကိုပြန်ခေါ်သွားမှာကြောက်လို့ လိမ်လိမ်မာမာနေပါ့မယ်ဆိုပြီး ကတိပေးခဲ့မိတာ မှားပြီလားမသိပေ။
သူ့ရဲ့ပျော်စရာကင်မ်ဂျီဝွန်းလေးကို ဒုက္ခမပေးရသေးကြောင်းတွေးမိတော့ ကြည်လင်တဲ့စိတ်လေးသည် နှောက်ကျိသွားရ၏။ ဟူး..... ခက်တာက ကိုကိုပဲ။ ဘာကိစ္စရှန့်ဟိုင်မှာမနေဘဲ ကိုရီးယားကိုလိုက်လာရသည်လဲမသိ။ ကိုကိုရှိနေသရွေ့တော့ ချွမ်းရွေ့တို့ အနေကြပ်ရတော့မည်မှာ အမှန်ပင်။
"မင်းတို့အစ်ကိုကြီးက လူပိုတွေကို ဘယ်ဂရုစိုက်နိုင်ပါတော့မလဲ သူ့ကိုဂရုစိုက်ပေးမဲ့ လူရောက်လာတော့ သာယာနေပြီ"
"ဂယူဗင်း... လျှောက်မပြောစမ်းနဲ့ ကိုကိုက ငါ့အစ်ကိုအရင်းနဲ့ဘာမှမကွာဘူး မင်းပါးစပ်ကိုထပ်ဟတာနဲ့ လျှာဖြတ်ပစ်မယ်"
"အာယိုးယိုး~ ကျွန်တော်မျိုး သခင်မလေးကိုကြောက်ပါတယ်"
"ချီးကို သခင်မလေးနေလိုက်! ကြက်ဘောလို ကောင်"
ဂယူဗင်းသည် သူဒေါသထွက်နေတာကိုပင် လှောင်ရီနေပြီး တဟီးဟီးတဟားဟားလုပ်နေတာကို မရပ်ပေ။ အဲ့ဒါကြောင့်လည်း ကိုကိုကပြောတာ ကိုရီးယားသားတွေက နည်းနည်းမှမကောင်းဘူးဆိုပြီး!
"ရားရား! ဟိုမှာ ကင်မ်ဂျီဝွန်းလာနေပြီ"
"သူလာတာ ငါကဘာလုပ်ရမှာလဲ စိတ်မပါဘူး"
ရစ်ခီက နှုတ်ခမ်းတွေမဲ့ရှုံ့ပြီးပြောကာ ခုံပေါ်မှောက်အိပ်သွားတာမို့ လူမိုက်ကောင်လေးတွေကလည်း အလျှိုလျှိုနဲ့အဖွဲ့ခွဲသွားကြတော့သည်။ အဆင့်စာရွက်တွေကို ကိုင်ထားတဲ့ ကင်မ်ဂျီဝွန်းကတော့ အတန်းပိုင်ဆရာကျေးဇူးနဲ့ ကျောင်းပြန်တက်တက်ချင်း အပတ်မှာ ဖြေရတဲ့စာမေးပွဲအဖြေလွှာတွေကို ပြန်ဝေပေးနေ၏။
"ရော့ မင်းအဖြေလွှာ... ဆရာက ရုံးခန်းကိုလာခဲ့အုံးတဲ့"
"ချထားခဲ့လိုက်"
ကင်မ်ဂျီဝွန်းသည် ထွေထွေထူးထူးပြန်ပြောမနေဘဲ အဖြေလွှာကို ရစ်ခီခုံပေါ်တွင် တင်ခဲ့လိုက်သည်။ သူ့ဟာသူ ရုံးခန်းကိုသွားသွား၊မသွားသွား ဂျီဝွန်းနှင့်လည်းမဆိုင်ပေ။ အဓိကက ဆရာပြောခိုင်းတာကို ပြောပေးဖို့ပဲ အခုလည်းပြောပြီးသွားပြီဆိုတော့ ကျန်တာကိုယ်နဲ့မဆိုင်။
"ဝေ့ ကင်မ်ဂျီဝွန်း!!! ဆရာ့ကို ငါမအားဘူးလို့သွားပြောလိုက် ကြားလား"
"မင်းဟာမင်း ပြောပါလား ငါလည်းမအားဘူး"
"ဘာပြောလိုက်တယ် ပြန်ပြောလိုက်စမ်း"
ကင်မ်ဂျီဝွန်းက အဖြေလွှာတွေအကုန်ဝေပြီးသွားတာမို့ အခန်းထဲက ထွက်သွားတဲ့အပြင် ရစ်ခီကိုလည်း အဖက်ပင် လုပ်မသွားပေ။လက်သီးဆုပ်တွေကို လေထဲပစ်သွင်းရင်း ရစ်ခီကတော့ အခန်းထဲတွင် ခြေဆောင့်ပြီးကျန်ခဲ့၏။
မျက်နှာကိုအတင်းစူပုပ်နေတဲ့ ရစ်ခီက စာသင်တဲ့အထဲလည်း ဂရုမစိုက်နိုင်။ မှောက်အိပ်ရင်းနဲ့သာ သူ့ကိုကျောသွားတဲ့ ကင်မ်ဂျီဝွန်းမျက်နှာကို စိတ်မှန်းဖြင့် မကျေမနပ်ဆွဲထိုးချင်နေသည်။
နေ့လည်စာကျောင်းဆင်းချိန်တွင်မူ ရစ်ခီသည်ကား အပြုံးလေးတစ်ချက်နှင့် ကင်မ်ဂျီဝွန်းရှိရာ စားပွဲဝိုင်းဆီကို ဖြည်းဖြည်းချင်း လျှောက်လာပြီးဝင်ထိုင်လိုက်၏။
ထမင်းပန်းကန်ခွက်ထဲသို့ ဟင်းရည်တွေလောင်းထည့်ပေးကာ "ကောင်းကောင်းစားနော် ဂျီဝွန်းလေး"ဟု ပြောလိုက်ပေမယ့် ဂျီဝွန်းက ဆက်မစားတော့တာမို့ ရစ်ခီ၏ မျက်မှောင်တွေပြန်ကြုပ်သွားရသည်။
"စားလေ ဘာလို့မစားတော့တာလဲ မင်းတို့တွေက အမြဲဒီလိုစားနေကြမဟုတ်ဘူးလား"
"....."
"ဘာလဲ မင်းထမင်းခွက်ကို ရုတ်တရပ်ကြီးမမြင်ရတော့တာလား ဒါက စိတ်ပူစရာမလိုပါဘူး ငါကူညီပေးမယ်"
ရစ်ခီက ဂျီဝွန်းတပ်ထားတဲ့ မျက်မှန်ဝိုင်းလေးကို တစ်ရှူးနဲ့သုတ်ပေးပြီး တမင်တကာကြမ်းပြင်ပေါ်က ပစ်ချလိုက်တော့ ခါတိုင်းနဲ့မတူစွာ ကင်မ်ဂျီဝွန်း၏မျက်လုံးရဲရဲတွေ စိုက်ကြည့်လာတာနဲ့တိုးတော့သည်။
"အို့.... မတော်တဆပြုတ်ကျလိုက်မိတယ် အားယိုး! မှန်တွေက အက်ကွဲကုန်ပြီပဲ တပ်မနေပါနဲ့တော့ မင်းမြင်ရတယ်မလား"
ကင်မ်ဂျီဝွန်းက ဘာမှမပြောဘဲ သက်ပြင်းချရင်း ကြမ်းပြင်ပေါ်က သူ့မျက်မှန်ကိုလှမ်းကောက်သည်။ ရစ်ခီကတော့ မျက်မှန်လှမ်းကောက်တဲ့ ၎င်းလက်ချောင်းတွေကို ခြေထောက်နဲ့ပိတ်ကန်ပြီးတာတောင် အပြုံးမပျက်ပေ။
"ကောက်မနေပါနဲ့ဆို... ငါပြောတာမကြားလို့လား"
"မျက်မှန်အသစ်လုပ်ဖို့ ငါ့မှာ ပိုက်ဆံရှိမနေဘူး ရစ်ခီ ထပ်ပြီးပြဿနာမရှာစမ်းနဲ့"
"ဒီလိုလုပ်မလား ငါ့ဖိနပ်ကို မနက်တိုင်းသုတ်ပေးလေ မင်းကို နေ့တိုင်း ဝမ်တစ်သောင်းပေးမယ်"
ကင်မ်ဂျီဝွန်းသည် တပ်နင်းခံထားရတဲ့သူ့လက်တွေကို ရစ်ခီခြေထောက်အောက်ကနေ ဆွဲထုတ်ကာ စားပွဲဝိုင်းကနေ ခပ်မြန်မြန်ထထွက်သွားဖို့လုပ်တော့ ရစ်ခီက ထမင်းပန်းကန်တွေကို မှောက်ပစ်ပြီး ဂျီဝွန်းပုခုံးကို အမိအရလှမ်းဆွဲ၏။
"ဒါတွေ ပြောင်အောင်သုတ်ပြီးမှ သွား"
"မသုတ်နိုင်ဘူး ငါအချိန်မရှိဘူး"
"ငါတို့ဂျီဝွန်းလေးက စကားကောင်းကောင်းနဲ့ပြောနေတာကို နားမလည်ဘူးပဲ"
ရစ်ခီက ကင်မ်ဂျီဝွန်းမျက်နှာကို ဆွဲထိုးကာ ကော်လံစကိုလည်း အားပြင်းပြင်းနဲ့ဆောင့်ဆွဲလိုက်သည်။ ကင်မ်ဂျီဝွန်းကတော့ စိတ်ကုန်နေတဲ့မျက်နှာထားမျိုးနဲ့မျက်နှာလွှဲထားကာ ရစ်ခီကိုပင် ပြန်မကြည့်ပါချေ။
"ညီ....ညီမသုတ်ပေးပါ့မယ် သူ့ကိုလွှတ်ပေးလိုက်ပါ"
သူတို့အနားကိုအပြေးရောက်လာသည့် ကျောင်းသူလေးက ရစ်ခီက စိုက်ကြည့်လိုက်သည်။ ကင်မ်ဂျီဝွန်းမျက်လုံးတွေက ထိုကျောင်းသူကိုမြင်တာနဲ့ အရောင်တောက်သွားတာကိုလည်း အကဲခတ်တော်တဲ့ ရစ်ခီက တန်းသတိထားမိလိုက်၏။ ခပ်ဖွဖွလေးပြုံးလိုက်ကာ
"ဒီက ညီမလေးက..... ကင်မ်ရူအန်း?"
ရစ်ခီ ထိုညီမလေး၏name tagကိုလှမ်းဖတ်ကာ မေးလိုက်တော့ ကျောင်းသူလေးက ခေါင်းတဆတ်ဆတ်ငြိမ့်ပြ၏။ ကင်မ်ဂျီဝွန်းက သိပ်မိုက်မဲတာပဲ သူ့ကိုများ ငတုံးမှတ်လို့ ဘယ်လိုကြည့်ကြည့်ဒီလောက်ရုပ်ချင်းဆင်နေတာကို သူနဲ့အဲ့ကောင်မလေးရဲ့ဆက်နွယ်မှုလောက်ကိုများ သူ မသိနိုင်လောက်ဘူးဟု ထင်နေသည်။ အဟား ကျောင်းနံပါတ်တစ်ဖြစ်နေပြီး ရူးနှမ်းချက်!
"မင်းအစ်ကိုက အပြစ်လုပ်ထားတယ်ဆိုတော့ ဟုတ်တာပေါ့ မင်းကပဲ ကိုယ်စားလုပ်ပေးလိုက်"
"ရစ်ခီရှန်... ငါ့ညီမကို ဒီကိစ္စတွေထဲဆွဲမထည့်နဲ့ မင်းကိုငါဒီတစ်ခေါက်ပဲ ပထမဆုံးအကြိမ်နဲ့နောက်ဆုံးအကြိမ် သတိပေးထားလိုက်မယ်"
ကင်မ်ဂျီဝွန်းက ရုတ်တရပ်သူလြက်တွေကို ဖြုတ်ချတာမို့ ရစ်ခီက အငိုက်မိသွားပြီး အနောက်ကိုယိုင်သွားရသည်။ စူးစူးဝါးဝါးကြည့်လာတဲ့ ကင်မ်ဂျီဝွန်းမျက်ဝန်းတွေက မြင်ဖူးသမျှထဲ အပြင်းထန်ဆုံးပဲ...
"ဒါလေးပြောတာကို ဘာစောက်ကြောင်းမို့ လာအော်နေတာလဲ"
"ငါထပ်ပြောမယ် ငါ့ကိုအနိုင်ကျင့်တာသည်းခံနိုင်ပေမယ့် ငါ့ညီမကိုလာထိရင်တော့ မင်းဘဝတစ်ခုလုံးကို စုတ်ပြတ်သပ်အောင် လုပ်ပစ်မှာ"
သူ့ညီမ လက်ကိုတွဲကာ ပုခုံးကိုလာတိုက်ပြီးထွက်သွားတဲ့ ကင်မ်ဂျီဝွန်း၏ ဒီပုံစံကို ရစ်ခီတစ်ခါမှမမြင်ဖူးပေ။ အအော်ခံလိုက်ရတာမို့ အခဲမကြေပေမယ့်လည်း ထပ်ပြီး သူ့ညီမကိုသွားမစဖို့တော့ ဆုံးဖြတ်ထားလိုက်သည်။ သွားစရင် ကင်မ်ဂျီဝွန်းက တကယ်ကျားစိမ်းငါးစိမ်းလိုက်သတ်မဲ့ ပုံကြီး!
"မှတ်ပြီလား အဲ့ဒါကြောင့်သွားမစပါနဲ့ပြောတာကို... ကျောင်းရှေ့ကိုခဏသွားလိုက်အုံး မင်းကိုကိုရောက်နေတယ်"
"ဟမ် သူကဘာလာလုပ်တာလဲ တကယ်ပါပဲ အကုန်လုံးကိုလိုက်ချုပ်ချယ်နေတာ!"
ဂယူဗင်းကို လက်ထဲသူ့ထမင်းဗန်းကြီး ထိုးထည့်ပေးရင်း ရစ်ခီက စူအောင့်အောင့်ဖြင့် ကျောင်းရှေ့ကိုပြေးထွက်သွားသည်။ ပါးစပ်ကသာ မကြိုက်ဘူးပြောနေတာ ရစ်ခီက အဲ့အစ်ကိုကြီးကိုတအားချစ်မှန်းတော့ သူတို့အားလုံးအသိ။
သူ့ရဲ့အစ်ကိုကလည်း ရစ်ခီကို အမျိုးအရင်းအချာမဟုတ်တာတောင် ဒီလောက်ဂရုစိုက်ပေးနေတာမို့ ဂယူဗင်းတို့အနေနဲ့ ဘာမှဝင်ပြောဖို့မလိုလောက်ဘူးဟုသာ မှတ်ထားကြသည်။
_♥_
"ဘယ်..ဘယ်ကလူတွေလဲ လွှတ်ပေး! လက်ကိုအခုလွှတ်ပေး"
ညနေကျောင်းဆင်းချိန်ဖြစ်တာမို့ ကျောင်းထဲမှာ လူသိပ်မရှိတော့ပေ။ မိန်းမငယ်လေးတစ်ဦး၏ အသံကလည်း ကျောင်းဆောင်အပေါ်ထပ်က ခုံတန်းတွေကြားမှ ထွက်ပေါ်လျက်ရှိ၏။ ထိုမိန်းမငယ်လေး၏ရင်ဘတ်မှ ကင်မ်ရူအန်းဟု ရေးထားသော ရင်ထိုးလေးက အကြမ်းပတမ်းဆွဲခေါ်ခံရတာမို့ ပြုတ်ကျသွားရသည်။
"နင်...နင်တို့ဘယ်သူတွေလဲ လွှတ်ပေးကြ"
"ငိုနေရအောင် အခုမှဘာငိုနေတာလဲ ပြဿနာမလေးရဲ့ ငါတို့က မင်းအသားကိုထိချင်တာတောင်မဟုတ်ဘူး နားလည်ရဲ့လား!"
ကောင်လေးနှစ်ယောက်က ထိုမိန်းကလေးကိုဖမ်းချုပ်ပြီး တဟားဟားနဲ့လှောင်ရီလို့မပျက်ပေ။ ကျောင်းသားတွေမရှိတော့တာမို့ ခြောက်ကပ်နေတဲ့Helix school၏ကျောင်းဆောင်တွေမှာ ကျယ်လွန်းသလို တစ်ခုနဲ့တစ်ခုဝေးလံကြ၏။ သို့ကြောင့် အနှီကျောင်းသူ၏အော်သံကို အနီးအနားက လူမဟုတ်ပါက ဘယ်သူမှမကြားနိုင်ပေ။
"မင်းအစ်ကိုက တော်တော်စိတ်အနှောင့်အယှက်ပေးတယ် အမြဲအဆင့်တစ်ရတယ်ဆိုပြီး သူအသိသူအတတ်လုပ်နေတာ! ငါတို့ခေါင်းဆောင်က သူ့ကြောင့်နဲ့ တစ်သက်လုံး အဆင့်နှစ်ပဲရတယ် မင်းတွေးကြည့်လေ ဖြစ်သင့်ရဲ့လား"
"အဲ့ဒါမကြိုးစားလို့လေ ညီမ...ညီမအစ်ကိုက ဘာမဆို အမြဲကြိုးစားပြီးလုပ်တဲ့သူ"
"လျှာသိပ်ကောင်းနေတယ်ပေါ့လေ စကားကိုပြောချင်သလိုလာပြောနေတယ်"
ထိုကောင်လေးထဲက တစ်ယောက်က ကျောင်းသူလေး၏ပါးကို ပစ်ရိုက်လိုက်သည်။ လက်ဖဝါးရာထင်သွားတဲ့ ပါးပြင်လေးက အနီရောင်လွှမ်းသွား၏။ နာကျင်သွားပုံရတဲ့ကောင်မလေးက စကားထပ်မပြောတော့ပေ။
"မင်းကိုဒုက္ခပေးဖို့တော့ မရည်ရွယ်ပါဘူး ဒါပေမယ့် ကင်မ်ဂျီဝွန်းက သေလောက်အောင် စောက်မြင်ကပ်ဖို့ကောင်းတယ် ဒီတော့ငါတို့လည်း နည်းလမ်းမရှိဘူးလေ သူကအမြဲဇောင်ကြွဇောင်ကြွနဲ့"
"ရစ်ခီရှန်ဆိုတဲ့လူက ခိုင်းတာလား"
"ရစ်ခီရှန်? ဟိုအမြဲဒေါသူပုန်ထနေတဲ့ သူဌေးလေးကိုပြောတာလား? သူက ငါတို့ခေါင်းဆောင်နဲ့ယှဥ်ကြည့်ရင် ဘာတော်လို့လဲ မင်းဦးနှောက်လေးက မင်းအစ်ကိုနဲ့မတူဘူးပဲ တုံးလိုက်တာ"
ရူအန်းသည် ခေါင်းကိုအေးအေးထားပြီးစဥ်းစားနေပေမယ့် စဥ်းစားလို့မရပေ။ သူ့အစ်ကိုကိုအမြင်မကြည်တာဆိုလို့ ဒီကျောင်းမှာ ရစ်ခီရှန်ဆိုတဲ့တစ်ယောက်ပဲ ရှိတာသေချာပေါက်ပါ။ တခြားတစ်ယောက်ရှိနေလျှင်တော့ ရူအန်း မပြောတတ်ပေ။
သိပ်မကြာလိုက်၊ ကျောင်းကန်တင်းဘက်ကို ဆွဲခေါ်ခံလာရကာ ကန်တင်းအစားအသောက်တွေကိုထိန်းသိန်းထားတဲ့ ကုန်ကြမ်းဂိုထောင်ထဲ တွန်းပို့ပြီး သော့ခတ်သွားကြ၏။ ရူအန်းစိတ်ညစ်သွားပေမယ့်လည်း ကံကောင်းတာဟာ ထိုလူတွေက သူမကိုအစားအသောက်တွေရှိနေတဲ့ ဒီလိုနေရာမျိုးမှာ ထားသွားကြတာမို့ပင်။
မနက်ဖြန်မနက်ဆိုလျှင်တော့ ကန်တင်းဝန်ထမ်းတွေက လာသော့ဖွင့်ပေးရင် အေးအေးဆေးဆေးထွက်လာလို့ရမည်။ ရူအန်းက ဘာမှလည်းလုပ်စရာမရှိတာမို့ အေးစိမ့်စိမ့်ဖြစ်နေတဲ့ဂိုထောင်ထဲ ဟိုဟိုသည်သည်လျှောက်ပတ်ပြီး ကြည့်နေလိုက်တော့၏။
သို့သော် သိပ်မကြာလိုက်။ ဂိုထောင်တံခါးကို တစ်ယောက်ယောက်က ရိုက်ထုပြီးဖွင့်နေတဲ့အသံကြားရတာမို့ ရူအန်းက ဂိုထောင်စင်တွေဘက်မှာ အမြန်ဝင်ပုန်းပစ်လိုက်၏။
ဝုန်းခနဲပွင့်လာတဲ့ တံခါးအတွင်းပိုင်းမှ ဝင်လာသူဟာ ကျောက်ခဲကြီးကြီးတစ်ခုကိုကိုင်ထားတဲ့ သူမ၏ကိုကြီးဖြစ်နေတာမို့ သက်ပြင်းချပြီးထွက်တွေ့လိုက်သည်။
"ရူလေး... ဘာဖြစ်သွားသေးလဲ"
"ဘာမှမဖြစ်ပါဘူး ပါးလေးနည်းနည်းထိသွားရုံပဲရယ် ကျန်တာဘာမှမဖြစ်ဘူး"
"ရှီးလ်!!! ဒီခွေးကောင်တော့... ရူလေး အိမ်ကိုစောစောပြန်နှင့်လိုက်တော့"
ကင်မ်ဂျီဝွန်းက ညီမငယ်၏ နီရဲပွန်းပဲ့နေတဲ့ပါးတစ်ဖက်ကို အသာကိုင်ကြည့်ပြီးတာနဲ့ ဆဲရေးပြီးထွက်သွား၏။ ရစ်ခီရှန်လုပ်တာမဟုတ်ဘူးဆိုတာကို ရှင်းပြမလို့ပေမယ့် ကိုကြီးက အပြောမခံဘဲ ခပ်မြန်မြန်ပြေးထွက်သွားတာမို့ ရူအန်း ပြေးလိုက်တာတောင် မမှီတော့ပေ။
အလွန်အကျွံတွေမဖြစ်ဖို့ပဲ ရူအန်းက လက်နှစ်ဖက်ကိုအုပ်ကိုင်ဆုတောင်းရင်း အိမ်ကိုပြန်လာလိုက်ရသည်။ ကိုကြီးက မေမေရယ် သူရယ်နဲ့ပက်သက်လာရင် တကယ်စိတ်ဆတ်သည်။ ခက်တော့တာပါပဲ....
_♥_
ကင်မ်ဂျီဝွန်းသည် ကျောင်းဝန်းထဲမှာရှိနေတဲ့ လူတွေထဲမှာ အခါတိုင်းလိုလို ရစ်ခီနောက်ကိုလိုက်နေတတ်သည့် ကျောင်းသားတစ်ယောက်ကိုတွေ့တာနဲ့ ကော်လံစကို ချက်ချင်းဆွဲယူပစ်လိုက်၏။
"ဟိုကောင် ဘယ်မှာလဲ"
"ဘယ်..ဘယ်သူလဲ"
ကောင်လေးသည် သိပ်ပြီးတော့ သတ္တိရှိပုံမပေါ်ပေ။ သူတစ်ချက်လေသံမာမာမေးရုံနှင့်ပင် အသံတုန်တုန်ရီရီဖြင့် တန်းဖြေ၏။ ဂျီဝွန်းက ထိုကောင်လေးလည်ပင်းကို အားနဲ့ပိုတင်းကြပ်လိုက်တော့ လည်ပင်းအစ်သွားပုံရတဲ့ ထိုကျောင်းသားဆီမှ "ဟျောင်းနင်းမ်လား"ဟုသော စကားလေးထပ်ထွက်လာသည်။
"ဒီအချိန်ဆို... ဟျောင်းနင်းမ်က J0MOဆိုတဲ့ ကလပ်မှာ ရှိတတ်တယ်"
"အဲ့ကလပ်လိပ်စာက ဘာလဲ မြန်မြန်ပြော"
"ဂန်းနမ်ဂူ Aလမ်းဘက်မှာ! အဲ့ကလပ်အနီးမှာ M ရှော့ပင်းမောလ်လည်းရှိတယ်"
ဂျီဝွန်းက ထိုကောင်လေး၏ ကော်လံစကိုအမြန်ဖြုတ်ချပြီး ခပ်သွက်သွက်ထွက်လာလိုက်သည်။ ကျောင်းကအထွက် တက်စီတစ်စီးကို အမြန်လက်တားပြီးငှားလိုက်တာ ထိုကောင်စုတ်လေးပြောတဲ့ ကလပ်ကိုမောင်းခိုင်းလိုက်သည်။ ဂန်းနမ်နယ်ထဲပဲ သွားရတာမို့ အချိန်သိပ်မကြာလိုက်ပါဘဲ ကလပ်ရှေ့ရောက်လာခဲ့၏။
ဂျီဝွန်းသည် ဝင်ခွင့်မပေးသည့် လုံခြုံရေးဝန်ထမ်းတချို့ကို ပိုက်ဆံတချို့ပစ်ပေးကာ ကလပ်ထဲကို ခပ်မြန်မြန်ဝင်လာခဲ့၏။ သို့သော် သူတွေ့ရန်လိုအပ်နေသည့်သူအား ကြာကြာမရှာလိုက်ရပေ။ dancing floorထဲရှိ လူကြားထဲတွင် ကနေသည့် ဆံပင်ငွေမင်ရောင်နဲ့လူသားသည် မျက်စိလေးတစ်ချက်ဝေ့လိုက်တာနဲ့ တန်းတွေ့နိုင်သည့် အနေအထားမျိုးပင်။
ကင်မ်ဂျီဝွန်းက အကပွဲထဲက ရစ်ခီကိုဆွဲခေါ်ပြီး လက်မောင်းကနေ အကြမ်းပတမ်းကိုင်ကာ ကလပ်တာဝန်ရှိသူရှေ့ကိုသွားပြီး စကားတစ်ခွန်းကိုခပ်သွက်သွက်ပြောချလိုက်၏။
"VIPခန်း စီစဥ်ပေး"
"လက်ကိုလွှတ်စမ်း ဘာလုပ်တာလဲ ကင်မ်ဂျီဝွန်း! ရူးသွားပြီလား"
အသံကိုမိုင်ကုန်ဟစ်ကာ အော်နေတဲ့ ရစ်ခီကို ကင်မ်ဂျီဝွန်းက မရှိသလိုသဘောထားကာ ကလပ်တာဝန်ရှိသူလိုက်ပြပေးတဲ့ အခန်းဆီ ရစ်ခီအား ဆောင့်ဆွဲပြီးခေါ်လာလိုက်တော့၏။ တစ်လမ်းလုံးတွင် ရစ်ခီကတော့ ရုန်းထွက်နိုင်ဖို့အတင်းအကြပ်ကြိုးစားနေရှာသည်။
_♥_
tbc