ခေါင်းကိုက်ခြင်းများနှင့် မကြည်သာစွာနိုးထခဲ့ရသော နေ့ရက်မနက်ခင်းတွေသည် လက်ချိုးရေတွက်တဲ့ အခါ တစ်ဖက်ကုန်ဆုံးနေပြီဖြစ်ကြောင်းသိလိုက်ရသည်။ လှောင်ချိုင့်တစ်ခုထဲမှာပိတ်မိနေသလိုမျိုးခံစားချက်ကြီးကလည်းဘယ်လိုပင် မောင်းထုတ်ပါစေ ပျောက်ကွယ်သွားခြင်းအလျင်းမရှိ။ သူ့အားနေ့ရက်တိုင်း ဒုက္ခပေးနေဆဲဖြစ်သည်။ သူကသာ သူများတွေကိုဒုက္ခပေးခဲ့သူမို့ သူ့ထံဒုက္ခတွေဝေလာတဲ့အခါ လွန်စွာနာကျင်ခဲ့ရသူကလည်းသူကိုယ်တိုင်ပင်ဖြစ်ပါသည်။ တစ်စုံတစ်ယောက်ရှေ့မှာဒီကိစ္စတွေဖြစ်ပျက်နေရင် အနှေးနဲ့အမြန်သိသွားမှာစိုးတာကြောင့် စိတ်ဆိုးချင်ယောင်ဆောင်ပြီး မြို့ပြင်အိမ်လေးသို့ရောက်ရှိနေခဲ့သည်။
ဒီနေ့ရဲ့မနက်ခင်းမှာလည်းထုံးစံအတိုင်း မူးဝေခေါင်းကိုက်ခြင်းတွေနဲ့အတူနိုးထလာခဲ့သည်။ မတူညီလာခြင်းက ဒီရက်ပိုင်း ပိုပြီး မူးဝေလာပြီး ခေါင်းပြန်ကြည်ဖို့ရန် အချိန်အကြာကြီးယူနေရခြင်းဖြစ်သည်။ မျက်လုံးနှစ်လုံးဖွင့်လိုက်နိုင်သည်နှင့်သူပထမဆုံးမြင်ရသောအရာသည် မိုးပြာရောင်မျက်နှာကျက်ကြီးဖြစ်သည်။ ခန်းဆီးတွေကလည်းမိုးပြာရောင်လေးတွေနှင့် တစ်ချိန်ကဟန်ယူဂျင်းသည် နူးနူးညံ့ညံ့လေးဖြစ်ခဲ့ဖူးသည်။
မရောက်တာ၁နှစ်လောက်ရှိပြီဖြစ်တဲ့ဒီအိမ်
ဒီအိမ်က ယူဂျင်းနဲ့ကိုကို ချစ်သူသက်တမ်း၁လပြည့် တုန်းကကိုကိုဝယ်ပေးခဲ့ဖူးတာဖြစ်သည်။ ပြီးတော့အိမ်အောက်မှာရပ်ထားတဲ့ကားက ကိုကိုကိုယ်တိုင် ဒီဇိုင်းဆွဲပြီးထုတ်ထားတဲ့ One and only Limited Edition GJ ပြိုင်ကားလေး ကိုကိုကတော့ ယူဂျင်းကားပြိုင်ပွဲမှာရှုံး၍သူများကိုပေးလိုက်ပြီထင်မှတ်ထားသည်။ နောက်ပြီး ဧည့်ခန်းမှာအလှဆင်ထားတဲ့ ကြွေပန်းအိုးကလည်း ယူဂျင်းပူဆာလို့ တရုတ်မှာလေလံသွားဆွဲပေးခဲ့သည့်ပစ္စည်းဖြစ်သည်။ ကိုကိုကတော့ပြောတယ် ""ဟန်ယူဂျင်းကဘယ်အရာကိုမှ အလေးအနက်မထားဘူး""တဲ့ ကိုကိုအဲ့စကားပြောရင်းယူဂျင်းသိပ်ရယ်ချင်တာပဲ။ လတိုင်းရဲ့ Anniversary ရောက်ရင် မိုးလင်းတာနဲ့ရင်ခုန်နေသူဟာကျွန်တော်ဖြစ်တယ်။ ကိုကိုကတော့ ရုံးရောက်မှဖုန်းဆက်ပြီး ကလေးလေးဒီနေ့ဘာနေ့လဲသိရဲ့လားစသဖြင့်ပြောတတ်ပါတယ်။ ကျွန်တော်က ခပ်ရွဲ့ရွဲ့နဲ့ မသိဘူးနေ့စွဲတွေကကျွန်တော့်အတွက် အရေးမကြီးဘူးလို့ပြောရင် သူကအပေါ်ကပြောထားတဲ့ဓာတ်ပြားဟောင်းကြီးကို ပြန်ဖွင့်ပါတယ်။ တကယ်တမ်း သတိမရသူဟာသူဖြစ်ကြောင်းကိုကိုသည် နည်းနည်းလေးမှဝန်မခံခဲ့ဖူးပါ။ ယူဂျင်းကကိုကိုပေးတဲ့ပစ္စည်းတွေကို တန်ဖိုးမထားဖူးတဲ့။ ဒါဆိုကျွန်တော်က ပြန်ပြောမယ် ကိုကိုကကျွန်တော်နဲ့ပတ်သက်တဲ့အရာတွေကိုစိတ်မဝင်စားပါဘူးလို့ပေါ့။ သူသာဒီအိမ်ကြီးကိုရောက်ဖြစ်ခဲ့ရင် ကျွန်တော်ဟာသူပေးတဲ့ ဖန်စီလက်စွပ်ကလေးကစ အမြတ်တနိုး သိမ်းထားတတ်ကြောင်းသူသိနိုင်မည်ဖြစ်သည်။ အခုကား ဤအချင်းအရာများကိုကိိုကို မသိပါပေ။ သိအောင်လည်းကြိုးစားမည် မထင်ပါ။
ကိုကိုလည်းယူဂျင်းနဲ့ပတ်သက်သမျှကိုသိပ်အလေးမထားဖူးပါဘူး။
ရုတ်တရက်ပစ္စည်းတွေလှည့်ပတ်ကြည့်နေရင်းမှအရေးပေါ်အချက်ပေးသံကိုကြားလိုက်ရသည်။ ခေါင်းတွေမူးဝေလာသည်။ အသက်ရှုတွေကြပ်လာသည်။ လောကကြီးကမှောင်တချက် လင်းတချက် မြင်ကွင်းတွေကပျောက်လိုက်ပေါ်လိုက် အင်အားတွေဆုတ်ယုတ်လာသည်။ အခုရက်ပိုင်းဒီလိုဖြစ်တာတွေစိပ်လာသည်။ အရင်က တစ်ရက်တစ်ခါလောက်မနက်ပိုင်းခဏလေးဖြစ်သော်လည်း အခုနောက်ပိုင်းတွင် အကြိမ်ရေစိပ်လာသလို အချိန်လည်းကြာလာတတ်သည်။ ဆေးစစ်ချက်များတွင် ဘာရောဂါလက္ခဏာမှမရှိ။ ဦးနှောက်ကိုလည်း ဓာတ်မှန်ရိုက်ဖူးတယ်။ သွေးစစ်ချက်တွေနဲ့ကြည့်တော့လည်း ရောဂါဆိုလို့ တစ်ခုမှမရှိ။ အဖြေရှာမရတဲ့ ပုစ္ဆာတစ်ပုဒ်မို့ရောဂါဖြစ်လာချိန်မှာယူဂျင်းတွင်ဆေးမရှိ။ ဝေဒနာကိုအလူးအလိမ့်ခံစားနေရုံသာတတ်နိုင်သည်။
......
အဆင့်မြင့်ဆေးရုံတစ်ခုတွင်ဖြစ်သည်။ အရေးပေါ်ဖြစ်နေတဲ့ အခန်းငယ်အတွင် မျက်မှန်နှင့်ဆရာဝန်ဖြူဖြူလေးသည် ပြာယာခတ်နေသည်။
"ကျွန်တော်တော့ရူးချင်တော့တာပဲဆရာ အခုရက်ပိုင်းသူဒီလိုဖြစ်တာတွေစိပ်နေတယ် ကျွန်တော် သူတစ်ခုခုဖြစ်သွားမှာစိုးတယ်"
ပြိုတော့မယ့်မိုးကောင်းကင်လေးလိုမျက်နှာလေးနှင့်ဆရာဝန်လေးသည် လူနာကို စိတ်ပူနေသည်မှာဆွေမျိုးရင်းချာတစ်ယောက်ပမာ...။
"မင်းရဲ့ ကုသမယ့် အစီအစဥ်တွေက အောင်မြင်မယ့် အစီအစဥ်တွေပဲလေ ဒေါက်တာဟန် လူနာက အိပ်ချိန်ကြာမြင့်လာရင် အားနည်းလာတာ ပုံမှန်ပါပဲ သူပုံမှန်ပြန်ဖြစ်သွားဖို့ အချိန်နည်းနည်း ပဲလိုတာပါ ကိုယ့်ရဲ့ယုံကြည်ချက်တွေကို တစ်ညတည်းနဲ့ ထိုးချလိုက်တာလွန်တာပေါ့ ဒေါက်တာဟန်"
ပရော်ဖက်ဆာကြီးက ဒေါက်တာဟန်ဆိုသော ဆရာဝန်ဖြူဖြူလေးရဲ့ ပုခုံးကိုပုတ်ကာ အားပေးစကားပြောရင်း ထွက်သွားသည်။ အခြေအနေပြန်လာ်တည်ငြိမ်သွားသော လူနာဘေးတွင်ဒေါက်တာဟန်သည် ခံစားချက်မဲ့စွာဝင်ထိုင်လိုက်ရင်း
"ဘာမှမဖြစ်လိုက်ပါနဲ့ မင်းကိုယ်တိုင်ကအိပ်မက်ထဲမှာပြိုလဲလိုက်ရင် မင်းကိုယ်တိုင်ပဲထိခိုက်ရလိမ့်မယ် အတိတ်ဆိုးတွေကိုတိုက်ခိုက်ပြီး ထွက်လာခဲ့ပါ ဒီဘက်မှာ မင်းရဲ့ အခြေအနေကိုရင်သတ်ရှုမောစောင့်စားနေတဲ့ငါရှိနေတယ်ဆိုတာကို မင်းမမေ့လိုက်ပါနဲ့ ငါ့ကြောင့်နဲ့မင်းတစ်ခုခုဖြစ်သွားမှာမလိုလားဘူး ငါရှိသေးတယ်ဆိုတာကို သတိရပေးပါ Austin ကျေးဇူးပြုပြီးနိုးထလာပေးပါ ငါတောင်းဆိုနေတာပါ မင်းသာတစ်ခုခုဖြစ်သွားရင် ငါ့ကိုယ့်ငါအပြစ်တင်လို့ပြီးတော့မှာမဟုတ်ဘူး အဲ့တာကြောင့်..."
.....
"ရှန်! သားလေး"
"ဟုတ်ကဲ့အန်တီ"
ပြခန်းထဲကို လှပစွာလျှောက်လှမ်းလာသူသည် ဂယူ့မေမေဆိုသူဖြစ်သည်။ အပြုံးချိုချိုတွေကိုအမြဲဆင်ထားတတ်ပြီး သဘောကောင်းတဲ့သူဟု အထင်မှားနိုင်သော်လည်း ကင်မ်အိမ်တော်ကလူဖြစ်တာကြောင့် ထင်သလောက်မရိုးစင်းပါပေ။
"အန်တီပြောထားတဲ့ကိစ္စကိုဘယ်လိုသဘောရလဲဟင်"
"ကျွန်တော်လက်မခံနိုင်ပါဘူး"
လက်ခံမယ်လို့ပဲတထစ်ချမှတ်ယူထားသော ဥက္ကဌကတော်သည် အငြင်းခံလိုက်ရသောအခါ ရှူးရှူးရှဲရှဲဒေါသထွက်သွားသည်။
"ဘာလို့လဲ! သားကကင်မ့်အပေါ် မေတ္တာရှိနေတယ်ထင်တာ"
"အန်တီနားလည်မှုလွဲထားပုံပဲ"
"မဟုတ်ဘူးလေရစ်ခီရှန်! မင်းရဲ့ပုံစံတွေကို ငါလည်းရိပ်မိသလို ငါ့သားလည်းသိနေတာပဲ ချစ်ရဲ့သားနဲ့ပိုင်ဆိုင်ဖို့ဘာလို့များ မကြိုးစားတာလဲ အန်တီမင်းကိုသိပ်အားမရတာပဲ"
ဂယူပြောဖူးတဲ့အတိုင်း ""မေမေကကြောက်ဖို့ကောင်းဖို့ကောင်းတယ်"" ဆိုတာ အခုမှသေချာတွေ့မြင်ရသည်။ ဘယ်လိုဖြစ်ပြီးကိုယ့်သားတစ်ယောက်လုံးကိုယူပါယူပါနဲ့ထိုးပေးနေရတာပါလိမ့်။
"Hello"
"အန်တီ ဥက္ကဌရှန်နဲ့တွေ့ဖို့လာခဲ့ပါအုံးမယ်"
ဖုန်းလာလို့ထွက်လာခဲ့တာတောင် ကင်မ့်မေမေသည် သူရည်မှန်းချက်ကိုရအောင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်းပြောနေသေးသည်။
.....
ကြီးကျယ်ခမ်းနားလှတဲ့တော်ဝင်အိမ်တော်ထဲမှာ လေထုသည်တင်းကြပ်လို့နေသည်။
"မင်းလက်ထပ်ရမယ် ရစ်ခီရှန်"
"ဗျာ!"
"ငြင်းဖို့မကြိုးစားနဲ့ ဒါကမင်းနဲ့ငါလွန်ခဲ့တဲ့နှစ်တွေတည်းကလုပ်ထားတဲ့အပေးအယူလေ"
"မငြင်းဘူး အဲ့လက်ထပ်မယ့်သူကကင်မ်ဂယူဗင်းမဟုတ်ရင်ကျန်တာအဆင်ပြေတယ်"
"ငါကလည်းကင်မ်ဂယူဗင်းနဲ့ပဲလက်ထပ်စေချင်တာ"
"ပါးးး!"
"အော်မနေနဲ့ မင်းအော်တိုင်းပြောင်းလဲသွားမယ့်အထဲမှာ ငါ့ရည်ရွယ်ချက်တွေနဲ့ ငါ့ပန်းတိုင်တွေမပါဘူး"
ရစ်ခီလှည့်ထွက်လာခဲ့သည်။ မင်းပြောသလိုပဲဂယူ ""ငါတို့ မိဘတွေကကြောက်ဖို့ကောင်းလိုက်တာ""
ဖြစ်ချင်တိုင်းဖြစ်ခွင့်မရှိတဲ့ဘဝကြီး။ လောကမှာတစ်ခုရဖို့တစ်ခုပေးဆပ်ရတယ်ဆိုရင် ရှန်အိမ်တော်ကထိုစည်းကမ်းကိုအပြည့်အဝလိုက်နာသူဖြစ်သည်။ သူဖြစ်ချင်တဲ့ Automotive Designerတစ်ယောက်ဖြစ်ဖို့အခုသူပြန်ပေးဆပ်ရမယ့် အရာက သူများချစ်ခြင်းကိုခွဲဖို့တဲ့။ ရယ်လိုက်ရတာ။ ရစ်ခီရှန်ရဲ့ခံစားချက်တွေကို တစ်ယောက်ကမှလည်းထည့်မတွက်ကြပါလား။
.....
"ယူဂျင်းကိုယ်ပါ တံခါးဖွင့်ပါအုံး ဘယ်အချိန်ထိ ဒီမှာနေဖို့စိတ်ကူးနေတာလဲဟင် ကလေးလေး"
မူးဝေနေသောခေါင်းလေးသည် ချစ်ရသူရဲ့အော်သံကြားတဲ့အခါ မူးဝေဖိုပင်သတိမရတော့။ အိပ်ယာပေါ်ကအလူအလဲထပြီး တံခါးဆီကိုပြေးရသည်။ ကိုကို့ကိုလွမ်းနေခဲ့တာ။
"ဘယ်လိုဖြစ်ပြီးဒီကို..."
"နေမကောင်းဘူးလားဟင်"
ကင်မ်သည် လွမ်းနေခဲ့ရတဲ့ကိုယ်ငယ်လေးကိုတွေ့တွေ့ချင်းဆွဲဖက်လိုက်သော်လည်း အားနည်းနေသောအငွေ့အသက်ကို ထိုကလေးငယ်၏ခန္ဓာကိုယ်မှတစ်ဆင့်ခံစားလိုက်ရတဲ့ စိတ်ပူမှုဒီဂရီသည်မြင့်တက်သွားရသည်။
စိုးရိမ်တကြီးမျက်ဝန်းတွေကိုမြင်လိုက်ရတဲ့အခါ ယူဂျင်းခေါင်းကိုအသာခါလိုက်သည်။ အမှန်တကယ်က ဘာမှပြန်မပြောနိုင်လောက်အောင်ဆွံ့အနေခဲ့သူဖြစ်သည်။ အကြာကြီးဖက်ထားပြီးတဲ့အခါ ကင်မ်ရဲ့မျက်ဝန်းညိုတွေကအိမ်တွင်းအစိတ်အပိုင်းတွေဆီရောက်ရှိသွားတဲ့အခါ အကြီးအကျယ်ရှော့ခ်ရသွားခဲ့သည်။ ဘယ်လိုဖြစ်ပြီး ဒါတွေက....
"ကလေး ဒါတွေက ဘယ်လိုဖြစ်ပြီး"
"ပြောအုံးလေ ဟန်ယူဂျင်းက အရာအားလုံးကိုအလေးမထားဘူးလို့ ကိုကိုပြောလေ ပြောပါအုံး"
ယူဂျင်းပြောရင်းနဲ့ပင်မျက်ရည်တွေကျလာသည် ။ကိုကို တစ်သက်လုံးမသိတော့ဘူးလို့ထင်ထားခဲ့တာ။
"ကိုကို့ကို ဘာလို့လိမ်ထားရတာလဲဟင် အခုတော့ ကိုယ်မင်းကိုအထင်တွေလွဲခဲ့မိပြီ"
"ကိုကိုအမြဲကျွန်တော့်ကို အဲ့လိုစွပ်စွဲနေခဲ့တာမဟုတ်ဘူးလား"
"ရှင်းပြပါလားကလေးရာ"
"မရှင်းပြချင်ဘူး အပိုစကားတွေကို မပြောချင်တာ"
"ဟုတ်ပါပြီဗျာ ကျွန်တော်မျိုးကပဲ အလိုက်တသိနဲ့ရှာခဲ့သင့်တာ ဟုတ်ပြီလား"
"မရွဲ့နဲ့နော် ကင်မ်ဂယူဗင်း!"
"ဟေး စိတ်မဆိုးရဘူးလေ... ကိုယ်အရမ်းလွမ်းနေခဲ့တာ"
"ကျွန်တော်ရော"
ပြန်လည်ပွေ့ဖက်လိုက်တဲ့အခါ ခန္ဓာကိုယ်နှစ်ခုသည် အလွန်တရာပူးပူးကပ်ကပ်။ ပူးကပ်နေတဲ့ ခန္ဓာကိုယ်နှစ်ခုလိုပဲ နှုတ်ခမ်းတွေလည်းပဲထပ်တူကြကာ ရင်ခုန်သံသံစဥ်တွေကြားစီးမြောလို့နေသည်။ အတိတ်တွေကိုလည်း မေ့ထားပြီး အနာဂတ်တွေကိုလည်းစိတ်မပူဘဲ အရာအားလုံးကို ဒီအနမ်းထဲပဲမြုပ်နှံထားလိုက်ကြမယ်။ ပြီးရင် အရာအားလုံးနဲ့ဝေးတဲ့ဆီကို ကိုယ်တို့နှစ်ယောက်အတူထွက်သွားကြမယ်။ ဘယ်သူမှကြားဝင်မနှောင့်ယှက်နိုင်တဲ့နေရာလေးဆီကိုပေါ့...။
-Sun_iva-