မိုးသောက်ချိန်၏ အလင်းတန်းတို့က ပြတင်းတံခါးကို ဖြတ်ကျော်ကာ ဝင်ရောက်လာသည်။
အခန်းထဲတွင် ပန်းကန်ခွက်ယောက်များ ရှုပ်ပွနေပြီး နှစ်ကူးအကြိုည၏ထမင်းစားပွဲကို ယခုတိုင်မသိမ်းဆည်းရသေးပေ။ သေရည်အိုးကိုလည်း တစ်စုံတစ်ယောက်က တိုက်ချမိခဲ့ပုံရပြီး သေရည်တို့က ကြမ်းပေါ်သို့ တစ်စက်ချင်းကျကာ စူးရှသည့်အနံ့က အခန်းကိုလွှမ်းခြုံနေသည်။ ပြတင်းဘောင်များပေါ်တွင်တော့ နီစွေးစွေးပန်းပွင့်များကိုကပ်ထားပြီး နှစ်သစ်၏ရွှင်မြူးဖွယ်အငွေ့အသက်ကို ပေးစွမ်းနေ၏။
ချောမောကြည့်ကောင်းသော လူငယ်လေးတစ်ဦးက စားပွဲနံဘေးတွင်ထိုင်လျက် ရင်ခွင်ထဲမှလူကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားသည်။
တစ်ညလုံးမအိပ်စက်ထားသဖြင့် သူ့မျက်လုံးများက ရဲရဲနီနေပြီး အလင်းရောင်ကိုကျင့်သားမရစွာ မှေးကျဥ်းလိုက်မိ၏။ သို့သော် မျက်နှာထက်တွင် ပျော်ရွှင်မြူးတူးသည့်အရိပ်အယောင်တို့ ရုတ်ချည်းပေါ်ထွက်လာပြီး ရင်ခွင်ထဲမှလူ၏ဆံပင်ကိုအသာသပ်ကာ နားနားကပ်၍တိုးတိုးပြောလိုက်သည်။
"မိုးလင်းပြီ"
ထိုလူက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပုံရပြီး မျက်လုံးများကို စေ့ပိတ်ထားလျက် တုံ့ပြန်ခြင်းအလျဥ်းမရှိပေ။
လူငယ်လေး၏လက်က ထိုသူ၏ ဖြူဖျော့ကာသွေးရောင်ကင်းမဲ့နေသော မျက်နှာကို ပွတ်သပ်ပေးလိုက်ပြီး နောက်တစ်ကြိမ်ပြောပြန်၏။
"မိုးလင်းရင် ခင်ဗျားကိုနှိုးဖို့ ပြောထားတယ်မဟုတ်လား။ အခုမိုးလင်းနေပြီလေ။"
သူကပြောလိုက်ရင်း လက်ကိုဆန့်ထုတ်ပြီး ပြတင်းတံခါးကို တွန်းဖွင့်လိုက်သည်။
ခပ်ဖျော့ဖျော့နေရောင်ခြည်က ထိုသူ၏မျက်နှာပေါ်သို့ ကျရောက်လာပြီး ဖြူဆွတ်လွန်း၍ ထွင်းဖောက်မြင်နိုင်တော့မ
ည့်အလား ထင်မှတ်ရသည်။
"လုရှိုးဝမ်..."
"မိုးလင်းနေပြီလေ။ ဘာလို့နိုးမလာသေးတာလဲ။"
"ခင်ဗျားပဲ ကျွန်တော့်ကို နှစ်ကူးမုန့်ဖိုးပေးမယ်ဆို။ မသိသလို ဟန်ဆောင်နေမလို့လား။"
"ဒီနေ့က နှစ်သစ်ရဲ့ပထမဆုံးနေ့လေ။ လုပ်စရာတွေအများကြီးရှိတယ်။ ကျွန်တော်တို့ အခန်းထဲမှာပဲတစ်ချိန်လုံးနေနေရင် ဆရာဝေ့ စိတ်ဆိုးလိမ့်မယ်။"
"ရာသီဥတုက ရှားရှားပါးပါးသာယာနေတယ်။ ကျွန်တော် ခင်ဗျားကိုကုန်းပိုးပြီး ခြံထဲတစ်ပတ်ပတ်လျှောက်ပေးရမလား။"
"ရှိုးယန်က ခင်ဗျားကိုလာတွေ့တော့မှာလေ။ ခင်ဗျား သူ့ကိုမတွေ့ချင်ဘူးလား။"
လူငယ်လေးက သူ့နာမည်ကို ထပ်တလဲလဲခေါ်နေပြီး လေသံက ဖြေးညင်းညင်သာလှကာ သူကိုယ်တိုင်ပင် သတိမမူမိသောနွေးထွေးမှုတို့ ရောယှက်ပါဝင်နေခဲ့သည်။
သို့သော် သူ့ရင်ခွင်ထဲတွင် လဲလျောင်းနေသူက လွန်စွာအသည်းမာလှသည်ထင်၏။ မျက်လွှာလေးတစ်ချက်ပင် လှုပ်ခတ်ခြင်းမရှိချေ။
လူငယ်လေးက အနည်းငယ်အားလျော့သွားသော်လည်း ချက်ချင်းဆိုသလိုပြုံးလိုက်ပြီး -
"ခင်ဗျားက ကျွန်တော် ဒီလိုခေါ်တာကို သဘောမကျဘူးလေ။ ဟုတ်တယ်မလား။"
အခြားအမည်နာမတစ်ခုကို သူတွေးမိလေသောအခါ မျက်နှာက အနည်းငယ်နီမြန်းသွားပြီး ရှက်ရွံ့ကာ အခက်တွေ့နေပုံရသည်။ သို့သော်လည်း သူ့လက်ဖြင့် ထိုသူ၏နားသယ်စပ်မှဆံစလေးများကို သပ်ပေးရင်း ခပ်တိုးတိုးခေါ်လိုက်၏။
".....ရှစ်ရှုန်း"
တဖြည်းဖြည်းနှင့် မိုးစင်စင်လင်းလာပြီး ညတာရှည်ကြီး၏အမှောင်ထုကို လုံးလုံးလျားလျားဖြိုခွင်းလိုက်သည်။ သို့ရာတွင် သူ့ရင်ခွင်ထဲမှလူသည်ကား မျက်ဝန်းများကို ဖွင့်မလာခဲ့ပါချေ။
•••••••••
"....သေသွားပြီ"
ဆရာဝေ့က နေ့လယ်ပိုင်းရောက်လေမှ အခန်းတံခါးကို လာခေါက်ခဲ့သည်။
သူ အတန်ကြာအောင်စောင့်နေသော်လည်း လှုပ်ရှားမှုမရှိသဖြင့် တံခါးကိုကိုယ်တိုင်တွန်းဖွင့်ကာ ဝင်ခဲ့ရ၏။ သွမ့်လင်က ငူငူငိုင်ငိုင်ဖြင်ထိုင်နေလျက် သူ့ရင်ခွင်ထဲမှ လုရှိုးဝမ်က လှုပ်ရှားမှုမရှိတော့သည်ကိုမြင်သည်နှင့် အခြေအနေအရပ်ရပ်ကို သူ နားလည်လိုက်သည်။ သို့ရာတွင် သမားတော်တစ်ဦး၏တာဝန်အရ လုရှိုးဝမ်၏ဝင်သက်ထွက်သက်ကို စစ်ဆေးကြည့်ခဲ့သေးသည်။ ထို့နောက်မှ အပြီးသတ်ပြောလိုက်၏။
"သူက သေပြီးနေပြီ"
သွမ့်လင်က ငိုင်တွေနေရင်းမှ ခေါင်းမော့ကြည့်လာပြီး မယုံကြည်နိုင်သလိုမေးသည်။
"ဘာရယ်"
"လုမျိုးရိုးကောင်လေးက အသက်မရှိတော့တာကြာလှပြီ။ မင်း သူ့ကို ဘာလို့ဖက်ထားသေးတာလဲ။"
သွမ့်လင်က ထိုစကားကိုကြားသော်အခါ လုရှိုးဝမ်ကို ပို၍တင်းကြပ်စွာပွေ့ဖက်လိုက်ပြီး -
"သူ မနေ့ညက အိပ်ရာဝင်နောက်ကျလို့ပါ။ အဲဒါကြောင့် မနိုးလာသေးတာ...."
သမားတော်ဝေ့က များစွာသော သေကွဲရှင်ကွဲ ခွဲခွာရခြင်းတို့ကို မြင်တွေ့ပြီးဖြစ်၍ စကားအပိုမပြောလိုတော့ပေ။ သူက လုရှိုးဝမ်၏လက်ကို ဆွဲယူရင်း ပြောလိုက်သည်။
"မင်းကိုယ်တိုင် ကိုင်ကြည့်လိုက်။ အေးစက်နေပြီမဟုတ်လား။"
သွမ့်လင်၏လက်က တဖြည်းဖြည်းလှုပ်ရှားလာပြီး လုရှိုးဝမ်၏သွယ်လျသောလက်ချောင်းရှည်တို့ကို တစ်ချက်ထိတွေ့လိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို ပြန်ရုတ်သွားလေ၏။
လုရှိုးဝမ်၏လက်က နှင်းရည်များစိုစွတ်နေသည့်အလား အရိုးစိမ့်လုအောင် အေးစက်နေသည် .... အသက်ရှင်နေသူတစ်ယောက်တွင်မရှိနိုင်သည့် ထူးဆန်းလှသော အေးစက်ခြင်းမျိုးပင်။
သွမ့်လင်၏ နှလုံးသားက အေးခဲသွားပြီး ပြီးခဲ့သောညက အဖြစ်အပျက်တို့ကို တဖြည်းဖြည်းပြန်သတိရလာသည်။
မီးပန်းဖောက်သံတို့ကြားတွင် လုရှိုးဝမ်၏ဝင်သက်ထွက်သက်တို့က တဖြည်းဖြည်းတိုးဖျော့လာကာ အသံကလည်း ပို၍တိုးလျလာပြီး နောက်ဆုံးတွင် သူ မကြားနိုင်တော့ချေ။ သူက လုရှိုးဝမ်ကို မလွှတ်တမ်း တင်းကြပ်စွာပွေ့ဖက်ထားမိပြီး ရင်ခွင်ထဲမှလူ၏ခန္ဓာကိုယ်က တဖြည်းဖြည်းအေးစက်လာသည်ကိုလည်း ခံစားမိနေခဲ့သည်။
မှန်သည်။ လုရှိုးဝမ်က သေဆုံးသွားပြီဖြစ်၏။
ထို့ကြောင့် သူ အကြိမ်ထောင်သောင်းချီ ခေါ်ပါလျှင်လည်း နိုးလာတော့မည်မဟုတ်ပေ။
ထိုအချိန်ရောက်လေမှ မည်သည်တို့ဖြစ်ပျက်သွားကြောင်း သွမ့်လင် နားလည်သွားတော့သည်။ သမားတော်ဝေ့က သူ့ကိုအချိန်ကိုက်ဖြောင်းဖြပေးရှာ၏။
"သေပြီးသားလူက ပြန်ရှင်မလာနိုင်ဘူး။ ဝမ်းနည်းပူဆွေးစိတ်ကိုသာ နိုင်အောင်ထိန်းပါ။"
သွမ့်လင်က စကားမဆိုဘဲ ခေါင်းငုံ့ကာ လုရှိုးဝမ်၏မျက်နှာကို စေ့စေ့စပ်စပ်ကြည့်နေသည်။
သူ့မျက်နှာက လွန်စွာအေးချမ်းလှပြီး အိပ်ပျော်နေချိန်နှင့်မခြားပေ။
သွမ့်လင်က လုရှိုးဝမ်၏ အသက်မဲ့သည့်မျက်နှာကို လက်ဖြင့်အသာအယာကိုင်လိုက်ပြီး လက်ချောင်းထိပ်လေးများဖြင့် ညင်သာစွာထိတွေ့နေသည်။ ထို့နောက် နေရာမှထလိုက်ကာ ကုတင်ရှိရာသို့ ချီသွားရန်ပြင်လိုက်၏။ သို့ရာတွင် သူက တစ်ညလုံးထိုင်နေခဲ့သဖြင့် ခြေထောက်များကထုံကျဥ်နေပြီး တစ်လှမ်းလှမ်းလိုက်ပြီးနောက် ပျော့ခွေကာ ကြမ်းပေါ်သို့ လဲကျသွားတော့သည်။
လုရှိုးဝမ်၏ခန္ဓာကိုယ်က သူ့လက်များထဲမှလွတ်ထွက်သွားကာ ကြမ်းပေါ်သို့ အရှိန်ဖြင့်ပြုတ်ကျသွားလေ၏။
သွမ့်လင်၏ရင်ထဲတွင် တုန်လှုပ်သွားပြီး လုရှိုးဝမ်ကိုအမြန်ပြန်၍ပွေ့ချီလိုက်သည်။ ပြီးလေမှ အနှီလူသားက နာကျင်မှုကိုခံစားနိုင်တော့မည်မဟုတ်ကြောင်း သတိဝင်သွားခဲ့၏။ လုရှိုးဝမ်၏မျက်လုံးများက နောက်တစ်ကြိမ်ပွင့်လာတော့မည်မဟုတ်သလို သူ့ကို ခပ်ဖွဖွပြုံးပြခြင်းတို့လည်း ရှိလာတော့မည်မဟုတ်ပေ။ ဘယ်သောအခါမှ ထပ်ရှိလာတော့မည်မဟုတ်ပါချေ.....
လွန်ခဲ့သောနှစ်များစွာက အဖြစ်အပျက်တို့ကို သွမ့်လင် ပြန်မြင်ယောင်လာမိသည်။ ထိုအချိန်က လုရှိုးဝမ်က လူငယ်လေးတစ်ယောက်သာဖြစ်ပြီး ကြာပွတ်ရှည်ကို ကိုင်ဆောင်ထားလျက် မျက်ဝန်းများကတဖိတ်ဖိတ်တောက်နေသည်။ ထိုသူက မျက်ခုံးတစ်ချက်ပင့်ကာ သူ့ကိုခေါ်ခဲ့၏။
"ရှစ်တိ"
ထိုအချိန်က သွမ့်လင်သည် မိစ္ဆာဂိုဏ်းသားများကို လွန်စွာမုန်းတီးလှသဖြင့် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ပြန်မထူးခဲ့ပေ။
နောင်တွင် ထိုသို့သောအခွင့်အရေးမျိုး ရှိတော့မည်မဟုတ်ပေ။
ယနေ့အချိန်မှစ၍ လောကကြီးထဲတွင် လုရှိုးဝမ်ဆိုသည့်လူသား မရှိတော့ပါချေ။
သွမ့်လင်က အတန်ကြာငြိမ်သက်နေပြီးမှ တစ်ဖန်ပြန်ထလိုက်ကာ ကုတင်ဘေးသို့ တစ်လှမ်းချင်းလျှောက်သွားပြီး လုရှိုးဝမ်ကို ကုတင်ပေါ်သို့ ညင်သာစွာချလိုက်သည်။ ယနေ့မနက်ပိုင်းတွင် နေသာပါသော်လည်း ရာသီဥတုက အေးစိမ့်နေဆဲဖြစ်၏။ သွမ့်လင်က ရေခဲတမျှအေးစက်နေသော ထိုသူ၏မျက်နှာကို အသာအယာပွတ်သပ်ပေးရင်း စောင်ကိုဆွဲခြုံပေးကာ ဘေးများကိုလုံအောင်ဖိလိုက်သေးသည်။
သမားတော်ဝေ့က သူ့ကိုကြည့်နေရင်း ရှေ့သို့လျှောက်လာပြီး -
"အခုက ဆောင်းရာသီဆိုပေမဲ့ ဒီအလောင်းက .... အကြာကြီးထားလို့တော့ မရဘူး။ စောစောစီးစီး မြေမြှုပ်လိုက်တာ ပိုကောင်းလိမ့်မယ်"
ထိုအချိန်တွင် သွမ့်လင်က တည်ငြိမ်သွားနှင့်ပြီဖြစ်ကာ ပြန်ပြောလိုက်မိသည်။
"ဒီလောကကြီးထဲမှာ သူ့ရဲ့မိသားစုဝင်က တစ်ယောက်ပဲရှိတယ်။ သူနဲ့တော့ ပေးတွေ့ရလိမ့်မယ်။"
"လုမျိုးရိုးကောင်လေးပြောတာ ငါကြားမိတယ်။ သူ့မှာ ညီတစ်ယောက်ရှိတယ်ဆိုလားပဲ။ သူနေတဲ့နေရာကလည်း မဝေးဘူးလို့ပြောတယ်။ စာပို့ပြီးခေါ်လိုက်မလား။"
သွမ့်လင်က မျက်လုံးများကိုမှိတ်လိုက်ပြီး -
"ကျွန်တော် စာသွားရေးလိုက်ပါ့မယ်"
သမားတော်ဝေ့က သူ၏နွမ်းလျနေသောမျက်နှာကိုကြည့်ရင်း ကရုဏာသက်သွားပုံရကာ ဖြောင်းဖြသလိုပြောလာ၏။
"မင်းရဲ့ပုံစံကိုလည်းကြည့်ဦး။ တစ်ညလုံးမအိပ်ထားဘူးမလား။ အရင်သွားနားလိုက်ဦးလေ၊ တခြားကိစ္စတွေ ငါ့ကိုအပ်ထားလိုက်ပေါ့။"
သွမ့်လင်က လုရှိုးဝမ်ကို အချိန်ကြာမြင့်စွာ ငေးစိုက်ကြည့်နေပြီးမှ နောက်ဆုံးတွင်တော့ အကြည့်လွှဲပြီး နေရာမှထလိုက်သည်။
"ရပါတယ်။ ရှိုးယန်က သူ့အစ်ကိုကြီးအတွက် သမားတော်ရှာဖို့ ကျွန်တော့်ကိုအပ်ထားခဲ့တာ။ အခုလိုတွေဖြစ်သွားတော့ ..... ကျွန်တော် ကိုယ်တိုင်စာရေးပြီး သူ့ကိုရှင်းပြဖို့လိုလိမ့်မယ်။"
သမားတော်ဝေ့က သူ့စကားကိုအဓိပ္ပာယ်ရှိသည်ဟုတွေးလိုက်ပြီး စာကြည့်ခန်းကို သုံးခွင့်ပေးလိုက်သည်။ သွမ့်လင်က စာတစ်စောင်ကို တခဏအတွင်း မြန်မြန်ဆန်ဆန် ရှင်းရှင်းလင်းလင်းရေးလိုက်သည်။ ထို့နောက် သမားတော်ဝေ့က လုရှိုးယန်နေသည့်နေရာကို မေးမြန်းပြီး လူလွှတ်၍ စာအမြန်ပါးခိုင်းလိုက်၏။
"မြန်မယ်ဆိုရင် တစ်ရက်အတွင်းရောက်သွားလိမ့်မယ်"
"အွန်း၊ သမားတော်ဝေ့ကို ဒုက္ခပေးမိပါပြီ"
"သူ့အတွက် အသုဘဝတ်စုံလဲပေးဦးမလား"
"မလိုတော့ပါဘူး။ သူအခုဝတ်ထားတဲ့ဝတ်စုံကို သူကိုယ်တိုင်ပဲ ရွေးသွားတာပါ။"
လုရှိုးဝမ်၏ စိတ်နေသဘောထားအရ အရာရာကို ကိုယ်တိုင်ကြိုတင်ပြင်ဆင်ခဲ့မည်ဖြစ်ကြောင်း သမားတော်ဝေ့ တွေးမိလိုက်သည်။ သို့နှင့် ပြောလိုက်၏။
"ဒါဆိုရင် အခေါင်းတော့သုံးမယ်မလား။ မြို့ထဲမှာ ခေါင်းတလားတွေရောင်းတဲ့ဆိုင်ရှိတယ်။ ပစ္စည်းကောင်းသလို ဈေးလည်းသင့်တယ်လို့ ပြောရမယ်။"
သွမ့်လင်၏ ခြေလှမ်းများ ရပ်တန့်သွားသည်။
"အခေါင်း...."
ထိုစကားလုံးနှစ်လုံးကို ရေရွတ်လိုက်ချိန်တွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် စိမ်းသက်နေသလို သူ ခံစားရသည်။ သို့သော်လည်း ပြောလိုက်၏။
"သွားကြည့်ကြည့်တာပေါ့"
မြို့သို့သွားမည့်ခရီးက သိပ်မဝေးလှပေ။ သို့သော် သမားတော်ဝေ့က သွမ့်လင် လမ်းမမှတ်မိမည်စိုးသဖြင့် ကိုယ်တိုင်လိုက်ပို့ပေး၏။
ထိုခေါင်းတလားဆိုင်က လမ်းကြားလေးထဲတွင် တည်ရှိပြီး အဝင်ဝ၏တံခါးက ယိုယွင်းပျက်စီးနေသည်။ အထဲသို့လျှောက်ဝင်သွားလျှင် ခေါင်းတလားများကို အစီအရီတွေ့ရပြီး လူကို ထိတ်လန့်စေလောက်အောင် ထိုင်းမှိုင်းနေ၏။ သွမ့်လင်သည်ကား မကြောက်ရွံ့ပါချေ။ သူက အခေါင်းတစ်လုံးချင်းစီကို အသေးစိတ်ကျကျ စစ်ဆေးရွေးချယ်နေပြီး ခေါက်ကြည့်သည်၊ ရိုက်ကြည့်သည်။ ဖြစ်နေလျှင် ကိုယ်တိုင်ပင် ဝင်အိပ်ကြည့်ချင်ပုံပေါ်နေသေးသည်။
သမားတော်ဝေ့က နံဘေးတွင်ရပ်စောင့်နေရင်းမှ တစ်ချက်သမ်းဝေလိုက်ပြီး -
"ငါ့အထင်တော့ လုမျိုးရိုးကောင်လေးက အဲဒီလောက် အသေးစိတ်ကျလွန်းတဲ့သူ ဟုတ်ပုံမပေါ်ပါဘူး။ ဘာလို့ ဒီလောက်ထိအလုပ်ရှုပ်ခံနေရတာလဲ။"
သွမ့်လင်၏မျက်ဝန်းအကြည့်တို့က အေးစက်နေဆဲဖြစ်ပြီး အနက်ရောင်ခေါင်းတလား၏ မသေသပ်သောအစွန်းတို့ကို လက်ချောင်းများဖြင့် အသာပွတ်နေ၏။ ထို့နောက် အက်ရှသောအသံဖြင့် ခပ်တိုးတိုးပြောသည်။
"သူက နောက်ဆိုရင် ..... ဒီအမှောင်ထဲမှာပဲ အမြဲအိပ်စက်နေရမှာလေ"
သမားတော်ဝေ့က အတွေ့အကြုံရင့်သန်သည့် သမားတော်တစ်ဦးဖြစ်ပြီး ထိုစကားကိုကြားသောအခါ သည်းညည်းမခံနိုင်စွာ ပြောလိုက်မိ၏။
"သေပြီးသားလူက ပြန်ရှင်မလာနိုင်ဘူး။ မင်း သူ့ကို ဘယ်လောက်ပဲ ချစ်ခင်စုံမက်ပါစေ၊ သူက အသက်ပြန်ရှင်လာမှာမဟုတ်ဘူး။ စောစောစီးစီး မေ့ပစ်လိုက်တာ ပိုကောင်းလိမ့်မယ်။"
"ခင်ဗျား ဘာပြောလိုက်တယ်"
သွမ့်လင်က ဆတ်ခနဲခေါင်းမော့၍ သမားတော်ဝေ့ကို ကြည့်ကာ မေးသည်။
"ဘယ်သူက .... သူ့ကို ချစ်ခင်စုံမက်နေတယ်လို့ ပြောလိုက်တာလဲ"
သမားတော်ဝေ့က အနည်းငယ်ကြောင်အသွားပြီး ပြန်မေး၏။
"မင်း အဲဒီလုမျိုးရိုးကောင်လေးကို အရူးအမူးချစ်မိနေတာမဟုတ်ဘူးလား။ မင်းရဲ့အပြုအမူ၊ အပြောအဆိုတွေကို ဒီရက်တွေထဲ ငါကိုယ်တိုင်မြင်ပြီးပြီ။ ဘာမခန့်မှန်းနိုင်စရာရှိလို့လဲ။ ယောက်ျားချင်း နှစ်သက်သဘောကျတာက လူ့ကျင့်ဝတ်ကိုချိုးဖောက်သလိုဖြစ်ပေမဲ့ မင်းက သူ့ကို ဒီလိုဆက်ဆံပေးတော့ မြင်ရတဲ့သူတောင် ရင်ထဲခံစားမိတယ်။"
သွမ့်လင်က သူ့စကားကြောင့် ထိတ်လန့်သွားသည့်နှယ် ကြက်သေသေနေပြီး တခဏကြာအောင် တုံ့ပြန်စကားမပြောနိုင်ပေ။
သမားတော်ဝေ့က အမြင်စူးရှလှသည်။ သူ့မျက်နှာအမူအရာကို တစ်ချက်ကြည့်သည်နှင့် အကြောင်းအကျိုးတို့ကို ဆက်စပ်နားလည်သွားသည်။ သူက မျက်ဆံများကိုတစ်ချက်လှန်လိုက်ပြီး အနည်းငယ်သနားကရုဏာသက်သွားသည့်အလား ခပ်တိုးတိုးရေရွတ်၏။
"လက်စသတ်တော့ ဒီလိုကိုး။ မင်းကိုယ်တိုင်တောင် မသိဘူးပဲ။ အင်း၊ မသိတာလည်း ကောင်းပါတယ်လေ။ ဝမ်းနည်းကြေကွဲစိတ်မဖြစ်ရတော့ဘူးပေါ့။ ဒါပေမဲ့ နှမြောဖို့ကောင်းတာက အဲဒီလုမျိုးရိုးကောင်လေး ... သူကလည်း မင်းကို...."
သွမ့်လင်၏ခေါင်းထဲတွင် ချာချာလည်နေပြီး သမားတော်ဝေ့၏စကားကို ထပ်ခါတလဲလဲပြန်တွေးနေမိသည်။
သူက လုရှိုးဝမ်ကို ချစ်ခင်စုံမက်တယ်။
ဟွန်း ... ဘယ်လောက်ရယ်စရာကောင်းလိုက်သလဲ။
သူက တခဏအတွင်း ပြန်တည်ငြိမ်သွားပြီး ပြုံးရယ်သင့်သည်ဟုတွေးကာ နှုတ်ခမ်းထောင့်များကို ကော့ညွှတ်လိုက်သည်။
"ဆရာဝေ့ အထင်မှားနေပါပြီ။ ကျွန်တော်က လုရှိုးဝမ်ကို စောင့်ရှောက်ပေးဖို့ အပ်ခံထားရရုံသက်သက်ပါပဲ။ ကျွန်တော့်နှလုံးသားထဲကလူက သက်သက်ရှိပါတယ်။"
မှန်သည်။ သူ နှစ်သက်စုံမက်သည်က လုရှိုးယန်သာဖြစ်၏။ လုရှိုးယန်တွင် ဇနီးနှင့်သား ရှိနေနှင့်ပြီးသော်ငြား သူ့စိတ်က ထိုမျှအလျင်အမြန် ပြောင်းလဲသွားနိုင်မည်မဟုတ်ချေ။
သူက အဘယ်ကြောင့် လုရှိုးဝမ်ကို စုံမက်ရပါမည်နည်း။
သေဆုံးနှင့်ပြီးသော အသက်မဲ့နေသည့် လုရှိုးဝမ်။
အေးစက်လှသော ခေါင်းတလားထဲတွင် အိပ်စက်ရတော့မည့် လုရှိုးဝမ်။
မျက်ဝန်းများ ထာဝရပွင့်မလာနိုင်တော့မည့် အနှီလုရှိုးဝမ် .....
ရင်ထဲမှ ဖျော့တော့စွာ ဆန်တက်လာသော နာကျင်မှုတို့ကို လျစ်လျူရှုရင်း သူ့ကိုယ်သူ ပြန်ပြောမိသည် ..... 'လုံးဝမဖြစ်နိုင်' ဟူ၍။
သမားတော်ဝေ့က အနည်းငယ်ချီတုံချတုံဖြစ်နေခဲ့သည်။ စကားတစ်ခွန်းက သူ့နှုတ်ဖျားထက်တွင် တဝဲလည်လည်ဖြစ်နေသော်လည်း အဆုံးတွင်တော့ ပြောမထွက်နိုင်ခဲ့ပေ။ ထို့ကြောင့် သူက ဆိုလိုက်၏။
"ကြည့်ရတာ ငါ တကယ်ပဲအမြင်မှားသွားပုံရတယ်။ ဒါပေမဲ့ ယုံကြည်ပြီးအပ်ခံထားရရုံနဲ့ ဒီလောက်ထိ လုပ်ပေးနိုင်တယ်ဆိုတာကတင် ရှားလွန်းနေပါပြီ။"
ပြောပြီးနောက် သူ့စိတ်ထဲတွင် ဆက်၍ရေရွတ်လိုက်မိသည် .... 'မင်းတစ်သက်လုံးမသိနိုင်ဖို့ ငါမျှော်လင့်ပါတယ်'
သွမ့်လင်က အတွေးများနေသဖြင့် သူ့စကား၏အဓိပ္ပာယ်ကို နက်နက်နဲနဲမတွေးမိခဲ့ပေ။ အခေါင်းကိုရွေးချယ်ပြီးသည့်နောက် သူတို့အမြန်ပြန်လာခဲ့ကြသည်။
လုရှိုးဝမ်တွင် ညီတစ်ယောက်သာရှိ၍ မည်သို့ဆက်လုပ်မည်ကို ထိုသူကသာ ဆုံးဖြတ်စီစဥ်သင့်သည်။ ထို့ကြောင့် လုရှိုးယန်ရောက်မလာသေးမီ သူတို့နှစ်ဦးတွင် လုပ်စရာမရှိတော့ပေ။ သမားတော်ဝေ့က တစ်နေ့လုံးအလုပ်များထား၍ အနည်းငယ်ပင်ပန်းနေပုံပေါ်ပြီး အခန်းသို့ပြန်နားသည်။
သွမ့်လင်က ရေတစ်ဇလုံခပ်ကာ လုရှိုးဝမ်၏ခန္ဓာကိုယ်ကို သန့်စင်ပေးရန်ပြင်သည်။ ရာသီဥတုကြောင့် ရေတွင်းထဲမှ ခပ်ယူလာသည့်ရေက အေးစိမ့်နေ၏။ သွမ့်လင်က မျက်မှောင်ကြုတ်လိုက်ပြီး မီးဖိုချောင်ထဲသို့လှည့်ဝင်သွားကာ မီးမွှေး၍ ထိုရေဖြင့် ရေနွေးတည်လိုက်သည်။ ထို့နောက်မှ ရေနွေးဇလုံကိုသယ်၍ အခန်းထဲပြန်ဝင်ခဲ့၏။
လုရှိုးဝမ်က သူထားခဲ့သည့်အတိုင်း ကုတင်ပေါ်တွင် တိတ်တဆိတ် လဲလျောင်းနေသည်။
သွမ့်လင်က လက်ကိုင်ပုဝါကို ရေစွတ်လိုက်ပြီး လုရှိုးဝမ်၏မျက်နှာကို ဖြည်းညင်းစွာပွတ်၍ သန့်ရှင်းပေးသည်။ ချောမွတ်သည့်နဖူးပြင်၊ တင်းတင်းစေ့ပိတ်ထားသည့်မျက်လုံးများ၊ ထို့အပြင် နူးညံ့သည့်နှုတ်ခမ်းများကိုပါ သန့်စင်ပေး၏။ ထိုသူနှင့် လုရှိုးယန်က ဤမျှဆင်တူလှသော်လည်း သူ ဘယ်အခါမှ ထပ်မမှားနိုင်တော့မလို သွမ့်လင် ခံစားမိနေသည်။
သူ့လှုပ်ရှားမှုများက ညင်သာလှပြီး လုရှိုးဝမ်အား နာကျင်စေမည်ကို စိုးထိတ်နေသည့်နှယ်ပင်။ သူက ညင်သာစွာပြောလိုက်၏။
"ခုနက ကျွန်တော်တို့ .... အခေါင်းသွားရွေးတုန်းက ဆရာဝေ့က ပြောတယ်။ ကျွန်တော်က ခင်ဗျားကို ချစ်မိနေတယ်တဲ့လေ။ ခင်ဗျားပြောပါဦး၊ ရယ်စရာမကောင်းဘူးလား။ ကျွန်တော့်ရဲ့ ရှိုးယန်အပေါ်ခံစားချက်ကို ခင်ဗျားလည်းသိနေတာပဲ။ မိစ္ဆာဂိုဏ်းမှာနေခဲ့ရတဲ့ အချိန်တွေတုန်းက သူပဲ ကျွန်တော့်ကို တကယ်ဂရုစိုက်ပေးခဲ့တာ။ ခင်ဗျားကတော့ ...."
စကားတခဏရပ်လိုက်ပြီး အတိတ်မှအကြောင်းများကို သူပြန်တွေးမိသည်။
"အဲဒီအချိန်တုန်းက ခင်ဗျားက သိပ်ကိုမုန်းစရာကောင်းလွန်းတယ်။ ကျွန်တော်က လက်ယာအရှင်ရဲ့တပည့်တစ်ယောက်အပေါ် အမှားလုပ်မိတော့ ခင်ဗျားက မပြောမဆိုနဲ့ ကြာပွတ်ထုတ်ပြီး ကျွန်တော့်ကို တစ်ချက်ရိုက်လိုက်တယ်လေ။ အဲဒီတုန်းက နာလွန်းလို့ လူးလှိမ့်နေတာပဲ။ ကုတင်ပေါ်လှဲရင်း ကိုယ့်ကိုယ်ကိုယ် သေတော့မယ်လို့တောင် ထင်ခဲ့မိသေးတယ်။ ခင်ဗျားကတော့ ကျွန်တော့်ကိုတစ်ချက်တောင်လာမကြည့်ဘူး။ ရှိုးယန်ကပဲ ကျွန်တော့်အတွက် ဆေးလာပို့ပေးခဲ့တာ။"
သွမ့်လင်က ပြောရင်း ဝတ်ရုံလက်ကိုပင့်တင်ကာ အမာရွတ်ကိုရှာသည်။ သို့ရာတွင် နှစ်များစွာကြာခဲ့ပြီး၍ ဒဏ်ရာဟောင်းက ပျောက်ကွယ်သွားပြီဖြစ်ကာ အမာရွတ်အနည်းငယ်ပင် ထင်ကျန်မနေတော့ချေ။
သွမ့်လင်က အနည်းငယ်စိတ်ပျက်အားလျော့သွားပြီး ဆက်ပြောသည်။
"နောက်တော့ ခင်ဗျားက ကျွန်တော့်ကို ရွှေရောင်ရှိတဲ့မြွေတစ်ကောင်ဖမ်းပေးဖို့ ပြောတယ်။ ကျွန်တော် နှစ်ရက်လုံးလုံး တစ်တောင်လုံးအနှံ့လိုက်ရှာခဲ့ရတယ်။ အဲဒီမြွေကို ခက်ခက်ခဲခဲရှာတွေ့ပြီးတော့လည်း အကိုက်ခံလိုက်ရသေးတယ်။ လက်မောင်းတစ်ခုလုံး ညိုမည်းပြီး သေတော့မလိုတောင်ဖြစ်ခဲ့တာ။ အဲဒီတစ်ခေါက်တော့ ခင်ဗျားက ကျွန်တော့်ကို လာကြည့်ပါရဲ့။ ဒါပေမဲ့ မြွေလေးတစ်ကောင်တောင် ဖြစ်ဖြစ်မြောက်မြောက် မဖမ်းနိုင်အောင် တုံးအလွန်းတယ်ဆိုပြီး လှောင်ရယ်သွားတယ်လေ။"
"နောက်တစ်ခေါက်ကျတော့ .... "
သွမ့်လင်က လုရှိုးဝမ်၏ဆိုးယုတ်ခြင်းများကို တစ်ခုချင်းဆက်ပြောနေခဲ့ပြီး သမားတော်ဝေ့၏စကားကြောင့် လှုပ်ခတ်သွားသော သူ့နှလုံးသားကို ပြန်တည်ငြိမ်အောင် ဖြောင်းဖြနေသလိုပင်။
သူက လုရှိုးဝမ်၏ကိုယ်ကို သန့်ရှင်းပေးပြီးနောက် အဝတ်ကိုသပ်ရပ်အောင် ပြန်ပြင်ဝတ်ပေးသည်။ ထို့နောက် ကုတင်ဘေးတွင်ထိုင်၍ ခေါင်းငုံ့ကာ
ထိုသူ၏နာမည်ကို ခေါ်လိုက်၏။
"လုရှိုးဝမ်"
"ခင်ဗျား ဘာတွေတွေးနေခဲ့သလဲဆိုတာကို ကျွန်တော် တစ်ခါမှမခန့်မှန်းနိုင်ခဲ့ဘူး။ ခင်ဗျားပြောတဲ့ စကားတွေ၊ ခင်ဗျားလုပ်တဲ့အရာတွေကိုရောပဲ။ ခင်ဗျား အကယ်၍ ... အကယ်၍ ကျွန်တော့်အပေါ် ခံစားချက်ရှိနေခဲ့တယ်ဆိုရင် ဘာကြောင့်တစ်ခွန်းလေးတောင်မှ ထုတ်မပြောခဲ့ရတာလဲ။"
သွမ့်လင်က တစ်ချက်လှောင်ရယ်လိုက်ပြီး လက်စားချေနိုင်ခြင်းအတွက် အနည်းငယ်ကျေနပ်နှစ်သိမ့်နေပုံပေါ်သည်။
"ခင်ဗျားက မပြောဝံ့မှတော့ ကျွန်တော်ကလည်း မသိသလိုပဲ နေလိုက်ပါ့မယ်"
သူကပြောပြီးနောက် တခဏမျှငြိမ်သက်နေသည်။ လုရှိုးဝမ်က တုံ့ပြန်မလာကြောင်းမြင်သောအခါ နောက်ဆုံးအနေဖြင့် ထိုသူကို တစ်ချက်ကြည့်ပြီးနောက် နေရာမှထ၍ ထွက်ခွာရန်ပြင်လိုက်၏။
သို့သော် ထိုအကြည့်တစ်ချက်တွင် လုရှိုးဝမ်၏ခေါင်းအုံးအောက်၍ ဖွက်ထားသောအရာကို သူမြင်လိုက်ရသည်။
ထိုအရာကို အစနဂိုက အသေအချာကွယ်ဝှက်ထားခဲ့သော်လည်း သွမ့်လင်က လုရှိုးဝမ်၏ခန္ဓာကိုယ်ကို သန့်စင်ပေးရင်း ခေါင်းအုံးကိုမတော်တဆထိမိရာမှ ထွက်ပေါ်လာခြင်းဖြစ်၏။
မှောင်လွန်းလှပြီဖြစ်၍ ထိုအရာကို သွမ့်လင် ရှင်းရှင်းလင်းလင်းမမြင်နိုင်ပေ။ လက်ဖြင့်စမ်းကြည့်သောအခါ ခပ်ကြမ်းကြမ်းအရာဖြစ်ကြောင်း ခံစားမိလိုက်သည်။ သူက ထိုအရာကိုယူလိုက်ပြီး ဖယောင်းတိုင်မီးအောက်တွင် ကြည့်လိုက်လေမှ ခြောက်သွေ့နေသော သစ်ကိုင်းကျိုးလေးဖြစ်ကြောင်း မြင်လိုက်ရလေ၏။ ထိုသစ်ကိုင်းက အရောင်လွင့်ပြယ်နှင့်ပြီဖြစ်ကာ အရွက်တို့ကင်းမဲ့နေလျက် သစ်ပင်တစ်ပင်မှ အလျဥ်းသင့်သလို ချိုးယူထားကြောင်း မြင်နိုင်ပေသည်။
သွမ့်လင် အံ့အားသင့်သွားသည်။ လုရှိုးဝမ်က ဤအရာကို အမြတ်တနိုးသိမ်းထားလိမ့်မည်ဟု မထင်ခဲ့ပေ။
လက်ဖြင့်ကိုင်ထားရင်း သူကြည့်လိုက်သောအခါ အလွန်တရာရင်းနှီးနေခဲ့၏။ လွန်ခဲ့သောလအနည်းငယ်က သူ့နေအိမ်၏ ခြံဝင်းထဲရှိ မက်မွန်ပင်ငယ်လေးတစ်ပင်မှ သစ်ကိုင်းကိုချိုးယူကာ လုရှိုးဝမ်ကို ပေးခဲ့ဖူးကြောင်း သူပြန်မှတ်မိသွားခဲ့သည်။
ထိုသစ်ကိုင်းကို ချိုးယူခဲ့စဥ်က အကိုင်းထက်တွင် မက်မွန်ရွက်တို့ဝေနေခဲ့သည်။ ရက်အနည်းငယ်ကြာပြီးလျှင်တော့ ထိုအရွက်များက ကြွေလွင့်သွားမည်ဖြစ်ကာ သစ်ကိုင်းသည်လည်း ခြောက်သွေ့လာမည်ပင်။ သို့ရာတွင် တစ်စုံတစ်ဦးက ထိုသစ်ကိုင်းငယ်ကို ကိုယ်နှင့်မကွာဆောင်ထားခဲ့ပြီး နှစ်ဝက်ကြာအောင် ခေါင်းအုံးအောက်တွင် သိမ်းဆည်းထားခဲ့သည်။ မြတ်နိုးလွန်းသဖြင့် မခွဲမခွာရက်ခဲ့ပေ။
ထိုအချိန်က မက်မွန်ပင်ပေါ်သို့ ခုန်တက်ပြီးနောက် အမှတ်တမဲ့လှည့်ကြည့်ခဲ့မိသေးကြောင်း သွမ့်လင်မှတ်မိသည်။ လုရှိုးဝမ်က ပြတင်းဝတွင်ရပ်ရင်း တစ်နေရာသို့ ငေးစိုက်ကြည့်နေခဲ့၏။ ညအမှောင်ထုကြောင့် သူ့အမူအရာကို ရှင်းရှင်းလင်းလင်းမမြင်ခဲ့ရသလို မည်သည့်နေရာသို့ ကြည့်နေကြောင်းလည်း မသိခဲ့ရပေ။
ယခုတော့ မည်သူ့ကို ငေးကြည့်နေခဲ့ကြောင်း သူ သိခဲ့လေပြီ။
သူ အဘယ်ကြောင့် မရိပ်မိခဲ့ပါသနည်း။ လုရှိုးဝမ်၏အကြည့်တို့က သူ့ထံတွင အမြဲရှိနေခဲ့သည်သာ။
ထိုစဥ်က လုရှိုးဝမ် ပြောခဲ့ပါသည်။ မက်မွန်ပန်းတို့ ဝေအောင်ပွင့်နေသည့် အကိုင်းကိုမှ အလိုရှိပါသည်ဟူ၍။ ထိုအချိန်မှစ၍ တိတ်ဆိတ်သော သန်းခေါင်ယံညများစွာတွင် ထိုသစ်ကိုင်းခြောက်ငယ်ကို ညင်သာစွာပွတ်သပ်ရင်း တုနှိုင်းမဲ့လှပသည့်မက်မွန်ပန်းတို့ ဖူးပွင့်လာမည်ဟု စိတ်ကူးဖြင့်ပုံဖော်နေခဲ့သည်လား။
လူတစ်ဦးက အခြားတစ်ဦးကို ချစ်မိလာစေရန် ..... မျှော်လင့်ချက်မဲ့စွာ စိတ်ကူးယဥ်နေခဲ့သည့်နှယ် ....။
လုရှိုးဝမ်၏ဖြူလျော်သောမျက်နှာက သူ့ရှေ့တွင် ရှိနေခဲ့သည်။
သွမ့်လင်က လက်ထဲမှ သစ်ကိုင်းခြောက်ငယ်ကို သူ့ခေါင်းအုံးနံဘေးတွင် ချလိုက်ပြီး အသက်ကိုပြင်းပြင်းရှိုက်ကာ ရှူလိုက်၏။
"တကယ်ကို ဉာဏ်များလွန်းတာပဲ"
သူကပြောရင်း လုရှိုးဝမ်၏လက်တစ်ဖက်ကို ဆွဲယူကာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။
"ခင်ဗျားတမင်လုပ်ခဲ့တာ၊ ဟုတ်တယ်မလား။ တမင်သက်သက် ဘာမှမပြောခဲ့ပဲ ဒီလျှို့ဝှက်ချက်ကို ကျွန်တော်ကိုယ်တိုင် ရှာတွေ့စေချင်ခဲ့တာ။"
လုရှိုးဝမ်က သူ့ကို အမြဲချစ်မြတ်နိုးခဲ့ကြောင်း သိစေချင်ခဲ့သည်။
......... သူ သေဆုံးပြီးလေမှသာ။
သွမ့်လင်၏နှုတ်ခမ်းထောင့်စွန်းတို့က ပင့်တက်သွားပြီး အမူအရာက ရယ်မောနေသည်လော၊ ငိုကြွေးတော့မည်လော မခွဲခြားနိုင်ပေ။
"ခင်ဗျား ကျွန်တော့်ကို အမွှေးအိတ်ပေးခဲ့တဲ့နေ့က ကျွန်တော့်ကို တိတ်တိတ်လေးနမ်းခဲ့တယ်။ ကျွန်တော် မသိဘူးထင်လို့လား။ တကယ်တော့ ကျွန်တော် အစောကြီးတည်းက သိနေခဲ့ပြီးသား။ ဒါပေမဲ့ ခင်ဗျားက ဝန်မခံချင်ခဲ့ဘူး။ အွန်း.... ခင်ဗျားက ကျွန်တော့်ကို အရင်ပြောစေချင်ခဲ့တာမဟုတ်လား။"
သူ့အသံက တဖြည်းဖြည်းတိုးလျလာပြီး ကိုယ်ကိုငုံ့ကိုင်းကာ လုရှိုးဝမ်၏နားနားကပ်၍ စကားတစ်ခွန်းဆိုလိုက်သည်။
သို့သော် လုရှိုးဝမ်က သေဆုံးသွားခဲ့ပြီဖြစ်သည်။
ထို့အတွက် သွမ့်လင်ကိုယ်တိုင်မှလွဲ၍ သူ ပြောခဲ့သည့်စကားကို မည်သူမှ မကြားသိနိုင်ခဲ့ပေ။
ထိုစကားကိုပြောပြီးနောက် သွမ့်လင်က ကုတင်ထက်သို့ယိုင်ကျသွားပြီး သူ့ခန္ဓာမှ ခွန်အားတို့သည်လည်း အလုံးစုံဆုတ်ယုတ်သွားတော့၏။ သူသည်လည်း ပြန်ထရန် အားမစိုက်ထုတ်တော့ဘဲ ကုတင်ခေါင်းရင်းကိုမှီ၍ လုရှိုးဝမ်၏လက်ကိုကိုင်ထားလျက် အိပ်မောကျသွားတော့လေသည်။
ဒုန်းဒုန်းဒုန်း !
သွမ့်လင်က ညဥ့်နက်သည့်တိုင်အောင် အိပ်မောကျသွားပြီး အပြင်ဘက်မှ တံခါးခေါက်သံကြောင့် လန့်နိုးလာခဲ့သည်။ အခန်းထဲရှိ ဖယောင်းတိုင်မီးက အစောတည်းကပင် ငြိမ်းသွားပြီဖြစ်၏။ ပြတင်းအပြင်ဘက်သို့ ကြည့်လိုက်သောအခါ အမှောင်ထုကသာကြီးစိုးနေပြီး အချိန်အတိအကျမသိနိုင်ပေ။
သူ အိပ်ပျော်သွားသည်မှာ အချိန်ကြာမြင့်လှ၍ ခြေလက်များက တောင့်တင်းနေသည်။ ထိုစဥ် အပြင်ဘက်ဆီမှ သမားတော်ဝေ့၏အသံကို ကြားလိုက်ရ၏။
"ညဥ့်နက်သန်းခေါင်ကြီး ဘာတွေဆူညံနေတာလဲ!"
ဒုန်းဒုန်းဒုန်း!
တံခါးခေါက်သံက အဆက်မပြတ်ထွက်ပေါ်နေပြီး မိုးစက်များတဖွဲဖွဲကျသည့်အလား ပိုစိပ်လာကာ အပြင်ဘက်မှလူ၏ အလောတကြီးဖြစ်မှုကို ဖော်ပြနေသယောင်ပင်။
သမားတော်ဝေ့က အိပ်ရာမှမထဘဲ အော်ပြောလိုက်၏။
"မဆူနေနဲ့တော့။ အခုချိန် မိုးပြိုကျလာလည်း ငါကတော့ အိပ်ဖြစ်အောင်အိပ်ဦးမှာပဲ"
သွမ့်လင်က သမားတော်ဝေ့၏စိတ်ကို သိထားသည်။ သူက ထိုသို့ပြောလာသောအခါ ကိုယ်တိုင်ကိုယ်ကျပင် တံခါးထဖွင့်ရန်ပြင်ရတော့၏။ မည်သို့ဖြစ်စေ သူလည်းအိပ်မရတော့ပါချေ။ သို့ဖြင့် အမှောင်ထဲတွင် ထလိုက်ပြီး တံခါးထွက်ဖွင့်ရတော့၏။
အပြင်ဘက်မှလူက တစ်ကိုယ်လုံးလေအေးများဖြင့်လွှမ်းခြုံနေပြီး လက်ထဲတွင် မီးအိမ်ငယ်လေးကို ကိုင်ထားလျက် ထိုမီးအလင်းရောင်က သူ၏ချောမောကြည့်ကောင်းသောမျက်နှာကို ထင်ဟပ်နေသည်။ သွမ့်လင်က တခဏကြောင်အသွားပြီးမှ ခေါ်လိုက်သည်။
"ရှိုးယန်"
လုရှိုးယန်က ပင်ပန်းနွမ်းနယ်နေပြီး မျက်လုံးများကလည်း နီရဲနေကာ မေးလာ၏။
"အားလင်၊ အစ်ကိုကြီးရော"
"သူ....."
သွမ့်လင်၏အသံက အနည်းငယ်ဆို့နင့်သွားပြီး -
"အခန်းထဲမှာရှိတယ်။ ကျွန်တော် လိုက်ပြပေးပါ့မယ်။"
အခန်းထဲသို့လျှောက်လာရင်း သူမေးလိုက်၏။
"ညတွင်းချင်းထွက်လာတာလား"
"အွန်း၊ စာရပြီးပြီးချင်း ထွက်လာခဲ့တာ"
သွမ့်လင်က အနည်းငယ်တွေဝေနေပြီး လုရှိုးယန်က အဘယ်ကြောင့် ဤမျှမြန်မြန်ဆန်ဆန် ရောက်လာသနည်းဟု တွေးနေမိသည်။ အသေအချာစဥ်းစားကြည့်လေမှ သူ တစ်ရက်လုံးလုံး အိပ်ပျော်သွားခဲ့ကြောင်း သိလေတော့၏။
အခန်းထဲတွင် ဖယောင်းတိုင်မီးမရှိပေ။ သို့ရာတွင် လုရှိုးယန်၏လက်ထဲမှမီးအိမ်က အခန်းတစ်ဝက်မျှကို လင်းထိန်သွားစေသည်။ သူက အခန်းဝတွင်ရပ်ရင်း ကုတင်ပေါ်တွင်လဲလျောင်းနေသည့် လုရှိုးဝမ်ကို တစ်ချက်ကြည့်ပြီးနောက် ဆက်မလျှောက်နိုင်တော့ပေ။ တခဏကြာပြီးလေမှ ခြေလှမ်းကျဲများနှင့် ကုတင်ဘေးသို့လျှောက်သွားကာ ခေါ်လိုက်သည်။
"အစ်ကိုကြီး!"
သွမ့်လင်လည်း လှည့်ထွက်လာပြီး အခန်းတံခါးကို အသာပိတ်ပေးခဲ့သည်။
ချက်ချင်းဆိုသလို အခန်းတွင်းမှ ခပ်တိုးတိုးငိုရှိုက်သံတို့ ပဲ့တင်ထွက်ပေါ်လာလေ၏။
သွမ့်လင်၏ရင်ထဲတွင် တင်းကြပ်၍နာကျင်နေရသည်။ သူက မျက်လုံးထောင့်များကို လက်ဖြင့်ဖိထားလျက် ညအမှောင်ထဲကိုသာ ငေးကြည့်နေမိတော့သည်။
မိုးတဖန်လင်းလာချိန်တွင် လုရှိုးယန်က အခန်းထဲမှ ပြန်ထွက်လာခဲ့သည်။ သူက ခံစားချက်ကို ကောင်းမွန်စွာထိန်းချုပ်နိုင်ပြီး မျက်ခမ်းတို့နီရဲနေသည်မှအပ မူမမှန်သောအရာကို မမြင်တွေ့နိုင်ချေ။
သမားတော်ဝေ့က အိပ်ရေးဝသွားပြီဖြစ်သဖြင့် ဧည့်ဝတ်ကြေသည့်ပုံစံသို့ ပြန်ပြောင်းသွားပြီး လုရှိုးယန်ကို နှုတ်ဆက်သည်။ လုရှိုးယန်က အစ်ကိုဖြစ်သူ၏ရောဂါအကြောင်းကို မေးသောအခါတွင်လည်း သူက ကောင်းကောင်းမွန်မွန်ဖြေကြားပေး၏ ..... ပြောပြီးနောက် အဆုံးတွင်သက်ပြင်းတစ်ချက်နှင့်အတူ ဆိုလိုက်သည်။
"သူ့ရဲ့ရောဂါက ကျွမ်းနေနှင့်ပြီးသားပါ။ နောက်ပြီး ဒဏ်ရာအပြင်းအထန်လည်းရလိုက်တော့ ပြန်မသက်သာနိုင်တော့တာပဲ။"
"ကျွန်တော် နားလည်ပါပြီ။ ဆရာဝေ့ရဲ့ကုသပေးမှုအတွက် တကယ်ကိုကျေးဇူးတင်ရပါတယ်။"
နှစ်ဦးသားက ယဥ်ကျေးသော လောကဝတ်စကားအချို့ကို အပြန်အလှန်ပြောကြသည်။ ပြီးနောက် လုရှိုးဝမ်၏စျာပနအတွက် တိုင်ပင်ကြ၏။
သွမ့်လင်က မနက်စာကို အဖြစ်သာစားရင်း နံဘေးမှ နားထောင်နေပြီး လုရှိုးယန်ကို မေးလိုက်သည်။
"ခင်ဗျား ဘယ်လိုလုပ်မယ်လို့တွေးထားလဲ"
"တွေးစရာမလိုတော့ပါဘူး။ အစ်ကိုကြီးက အကုန်လုံးကို ပြင်ဆင်ခဲ့ပြီးသားပါ။"
လုရှိုးယန်က ခါးသက်စွာပြုံးလိုက်ရင်း -
"ထျန်းကျွယ်ဂိုဏ်းမှာ ရှိနေစဥ်တည်းက အစ်ကိုကြီးက ငါ့ကို အမြဲမှာလေ့ရှိတယ်။ ဂိုဏ်းထဲကလူတွေက အန္တရာယ်ကြီးတယ်။ အဲဒါကြောင့် ခြေတစ်လှမ်းမလှမ်းခင် ဆယ်လှမ်းစာကြိုတွက်ဖို့ လိုတယ်တဲ့။ သူကိုယ်တိုင်လည်း အဲဒီလိုပဲ အမြဲလုပ်ခဲ့တယ်။ အရင်တစ်ခါ မင်းတို့ ငါ့ကိုတောင်ကြားမှာလာတွေ့တုန်းက သူက မှာသင့်တာတွေအကုန်လုံးကို မှာခဲ့ပြီးပါပြီ။"
"သူ ဘာပြောသွားခဲ့လဲ"
"သူက အားလုံးကိုရိုးရိုးရှင်းရှင်းပဲ ဖြစ်စေချင်တယ်။ အဲဒါကြောင့် ခက်ခက်ခဲခဲတွေမလုပ်ဘဲ လော့ရှားတောင်တန်းပေါ်မှာပဲ မြှုပ်ပေးရင်ရပါပြီတဲ့။"
လော့ရှားတောင်တန်းဆိုသည့် အမည်ကို သွမ့်လင်ကြားဖူးသည်။ ထိုတောင်တန်းက လုရှိုးယန်နေသည့် တောင်ကြားနှင့် ကပ်လျက်တည်ရှိပေ၏။ တောင်ပေါ်ရှုခင်းကသာယာသလို ဆည်းဆာတိမ်တိုက်များ၏အလှကိုလည်း မြင်တွေ့ခံစားနိုင်သည်။ လုရှိုးဝမ်သာ ထိုနေရာတွင် အိပ်စက်ရပါလျှင် လွန်စွာအထီးကျန်ဆန်ရလိမ့်မည်ဟု မထင်ပေ။
"ဘယ်တော့လောက် ခေါ်သွားမလဲ"
"ဒီနေ့က သုံးရက်နေ့မဟုတ်လား။ ဒီကိစ္စမျိုးက အချိန်ဆွဲလို့မကောင်းလှဘူး။ မနက်ဖြန်ပဲ ပြန်ဖို့တွေးထားပါတယ်။"
သွမ့်လင်က ပြောလိုက်၏။
"ကျွန်တော် သူ့ကိုလိုက်ပို့ပေးပါ့မယ်"
"ဒီလိုဆိုရင်တော့ အကောင်းဆုံးပဲပေါ့လေ"
လုရှိုးယန်က အနည်းငယ်တွေးတောလျက် ပြောလာသည်။
"အစ်ကိုကြီးက အထီးကျန်လွန်းပါတယ်။ တစ်ဘဝလုံးမှာ သူ အမှန်တကယ်ချစ်ခင်ရတဲ့လူက ငါတို့နှစ်ယောက်သာပဲ ရှိတယ် ..."
သူကပြောပြီးသည်နှင့် စကားရပ်ကာ သွမ့်လင်ကိုကြည့်လာသည်။
ပြီးခဲ့သောတစ်ရက်အလိုက ထိုစကားကိုကြားခဲ့လျှင် သွမ့်လင် အံ့အားသင့်မိနိုင်ပါသည်။ သို့သော် ယခုတော့ သူ ခေါင်းသာညိတ်ခဲ့မိ၏။
"ကျွန်တော် နားလည်ပါတယ်"
ထို့နောက် ဆက်ပြောလိုက်သည်။
"ရှိုးယန်၊ တစ်လက်စတည်း ပြောပါရစေ"
လုရှိုးယန်က အနည်းငယ်မရေရာဖြစ်သွားသည်။
သမားတော်ဝေ့က အခြေအနေကိုရိပ်စားမိသဖြင့် ချက်ချင်းရှောင်ဖယ်ပေး၏။
"ငါလုပ်စရာရှိလို့ မင်းတို့ အေးအေးဆေးဆေး ဆက်ပြောကြပါ"
သွမ့်လင်က သူနှင့်ရှည်ရှည်ဝေးဝေးပြောစရာမရှိပါချေ။ သူက အင်္ကျီရင်ဘတ်ထဲတွင် သိမ်းဆည်းထားသော သံမကျ၊ ရွှေမကျသည့် အမိန့်ပြားလေးကိုသာ ထုတ်ပေးလိုက်သည်။
"အရင်က ခင်ဗျား ဒါကို ကျွန်တော့်အတွက် ခိုးယူပေးခဲ့တယ်။ အခု နှစ်တွေလည်းကြာသွားခဲ့ပြီဆိုတော့ ပိုင်ရှင်ဆီကို ပြန်အပ်ဖို့သင့်ပြီလေ။"
သူက ဤအမိန့်ပြားလေးကို ချစ်ခြင်းတရား၏လက်မှတ်တစ်ခုနှယ် သဘောထား၍ အမြဲတစေသိမ်းဆည်းထားခဲ့သည်။ နောက်ပိုင်းတွင် လုရှိုးယန်က ဇနီးနှင့်သားရှိပြီးဖြစ်ကြောင်းသိခဲ့သော်လည်း သူပြန်မပေးနိုင်ခဲ့ပေ။ သို့သော် ပြီးခဲ့သောညက လုရှိုးဝမ်ကို ထိုစကားတစ်ခွန်း သူပြောခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် မပြတ်မသားနှင့် ထိုအရာကို သိမ်းဆည်းထားရန် သူ့တွင်အကြောင်းမရှိတော့ချေ။
သူက ခံစားချက်တို့အကြောင်း စကားမဆိုပါဘဲ အမိန့်ပြားကိုသာ ပြန်ပေးခဲ့သည်။ သို့ရာတွင် မထင်မှတ်ဘဲ လုရှိုးယန်က မယူသည့်အပြင် ထိုအမိန့်ပြားကိုကြည့်ရင်း မေးလာ၏။
"ဒါက ..... ဂိုဏ်းချုပ်ရဲ့အမိန့်ပြားလား"
"ဘာလို့လဲ။ ကိုယ်တိုင်ခိုးယူလာခဲ့တဲ့ပစ္စည်းကို မမှတ်မိတော့ဘူးလား။"
လုရှိုးယန်က သွမ့်လင်ကို တစ်ချက်ကြည့်လာပြီး သူ့မျက်လုံးအကြည့်တို့က ရှုပ်ထွေးနေသည်။
"ဂိုဏ်းချုပ်ရဲ့အမိန့်ပြားက တစ်ကိုယ်ရည်ပိုင်ဆိုင်တဲ့ပစ္စည်းပါ။ ငါက အဝေးကနေ ကြည့်နေရုံလောက်ပဲ တတ်နိုင်တယ်။"
"ခင်ဗျား ဘာပြောလိုက်တာလဲ"
လုရှိုးယန်က စကားဆက်မဆိုတော့ဘဲ အမိန့်ပြားကိုယူ၍ လုရှိုးဝမ်ရှိရာအခန်းဆီလျှောက်သွားသည်။
တစ်ရက်နှင့်တစ်ည ကုန်လွန်သွားခဲ့သည်တိုင် လုရှိုးဝမ်၏အသွင်သဏ္ဍာန်က မပြောင်းလဲသေးဘဲ အိပ်မောကျနေသည့်အလား ထင်မှတ်ရသည်။
လုရှိုးယန်က ကုတင်နံဘေးသို့ တစ်လှမ်းချင်းလျှောက်သွားပြီး အစ်ကိုဖြစ်သူ၏နံဘေးတွင် ထိုင်လိုက်၏။ သူ တစ်ညလုံးငိုထားခဲ့သော်လည်း မျက်လုံးများက တဖန်ထပ်၍နီမြန်းလာခဲ့သည်။
"ပိုင်ရှင်ဆီကို ပြန်အပ်ချင်တယ်မဟုတ်လား"
သူက ထိုစကားလုံးများကို တိုးလျစွာ ပြောလိုက်၏။ ထို့နောက် လုရှိုးဝမ်၏အင်္ကျီရင်ဘတ်တွင်းသို့ ထိုအမိန့်ပြားလေးကို ဂရုတစိုက် ထည့်ပေးလိုက်လေသည်။
"ဒီလိုဆိုရင် ပိုင်ရှင်အမှန်ဆီကို ပြန်ရောက်သွားပါပြီ"
•••••••••
Translator's Note :
နောက်ဆုံးတော့ သွမ့်လင် သိသွားပါပြီ .....
စာဖတ်သူတွေလည်း ဒီအပိုင်းကိုဖတ်ပြီးတော့ ဝတ္ထုရဲ့နာမည်က ဘာလို့ "Broken Branch (ကျိုးပဲ့သစ်ကိုင်းငယ်)" ဖြစ်နေလဲဆိုတာကို သိသွားကြလောက်ပါပြီ။
ကျွန်တော့် Profile ထဲက Conversations မှာ ဒီအပိုင်းရဲ့ Audio Drama Cut ကိုဘာသာပြန်ထားတာ ရှိပါမယ်နော်။
ဒီပုံမှာ လုရှိုးဝမ်ရဲ့လက်ထဲက သစ်ကိုင်းကျိုးလေးပါ။