ပထမဆုံးနှင်းကျချိန်တွင် လုရှိုးဝမ်က သတိမေ့မြောနေရာမှ ပြန်နိုးလာခဲ့သည်။
သူက သုံးရက်လုံးလုံးမေ့မြောနေခဲ့ပြီး နိုးလာချိန်တွင် သွမ့်လင်ကိုကြည့်၍ "ရှစ်တိ" ဟု တစ်ခွန်းခေါ်ကာ ပြန်အိပ်ပျော်သွားခဲ့၏။ သွမ့်လင်က ခြံထဲတွင် နှင်းကျသည်ကို ရှုစားနေသော သမားတော်ဝေ့ကိုအမြန်ခေါ်၍ လုရှိုးဝမ်၏ သွေးခုန်နှုန်းကို စမ်းသပ်ခိုင်းသည်။
သမားတော်ဝေ့က လွန်စွာစိတ်မရှည်ဖြစ်နေပြီး သွေးခုန်နှုန်းကို သာမန်ကာလျှံကာ စမ်းသပ်လိုက်၍ -
"ဘယ်နှခါပြောရမလဲ။ သူ့ရဲ့ရောဂါက ကုလို့မရဘူး။ နိုးသင့်တဲ့အချိန်ကျရင် အလိုလိုနိုးလာလိမ့်မယ်။ အကယ်၍ မနိုးလာတော့ဘူးဆိုရင်တော့ ...."
သွမ့်လင်က သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး မျက်လုံးများက အပြင်ဘက်ဆီမှ နှင်းများထက်ပင် ပို၍အေးစက်နေခဲ့သည်။
သမားတော်ဝေ့က ဆက်ပြောမထွက်တော့ဘဲ ခေါင်းကို အသာယမ်းကာ ဆို၏။
"တစ်ကြိမ်သတိလည်လာပြီးပြီဆိုတော့ ရောဂါအခြေအနေက သက်သာလာတယ်လို့ပြောနိုင်တယ်။ အနှေးနဲ့အမြန် နိုးလာလိမ့်မယ်။ စိတ်ရှည်ရှည်စောင့်ပါ။"
သွမ့်လင်လည်း ထိုအခါမှသာ သက်ပြင်းချနိုင်ပြီး ကုတင်ဘေးတွင် စောင့်ကြပ်နေတော့၏။ သူ့လက်နှစ်ဖက်က ပိတ်ဖြူဖြင့်စည်းနှောင်ထားရသည်။ သမားတော်ဝေ့၏ ပြောင်မြောက်လှသောအရည်အချင်းနှင့် ကျင်းချွမ့်ဆေးကို သုံးပေးခဲ့ခြင်းတို့ကြောင့်သာမဟုတ်လျှင် သူ့လက်နှစ်ဖက်လုံးပျက်စီးသွားသည်မှာကြာပြီဖြစ်သည်။
(ကျင်းချွမ့်ဆေးဆိုတာက တရုတ်သိုင်းကားတွေမှာပါတတ်တဲ့ တိရစ္ဆာန်အရိုးကိုကြိတ်ပြီး ဖော်ယူထားတဲ့ ဆေးမှုန့်တစ်မျိုးပါ။ ဒဏ်ရာတွေကိုသက်သာအောင်၊ သွေးတိတ်အောင်၊ ကြွက်သားတွေပြန်ကောင်းအောင် လုပ်နိုင်စွမ်းရှိတယ်လို့ဆိုပါတယ်။)
ထိုနေ့က သူ၏အတွင်းအားကို အဆုံးစွန်ထိထုတ်သုံးပြီး သွေးသံရဲရဲလက်နှစ်ဖက်နှင့်အတူ မြေပေါ်မှ ကျောက်လွှာနှစ်ချပ်ကို အောင်မြင်စွာခွဲနိုင်ခဲ့သည်။ လျှို့ဝှက်ခန်းထဲသို့ဝင်ပြီးနောက် အထဲမှမြင်ကွင်းကို သူတစ်သက်မေ့နိုင်မည်မဟုတ်ပေ ... ကျောက်သားနံရံများနှင့် ကျဥ်းမြောင်းလှသောအခန်းငယ်လေးထဲတွင် သွေးများဖုံးလွှမ်းနေပြီး သွေးနံ့က စူးရှစွာလှိုက်ထွက်နေသည်။ တုဖုန်းက ကြမ်းပေါ်တွင် ပက်လက်အနေအထားဖြင့်လဲနေပြီး လည်ပင်းတွင် ဓားဒဏ်ရာကြီးရှိကာ အသက်မဲ့နေ၏။ သို့သော် မျက်လုံးများက ပြူးကျယ်စွာဖွင့်ထားဆဲဖြစ်ပြီး သေသည့်တိုင်မငြိမ်းချမ်းနိုင်ပေ။ နံဘေးတွင်တော့ လုရှိုးဝမ်ရှိနေပြီး လှုပ်ရှားမှုအလျဥ်းမရှိဘဲ ငြိမ်သက်နေသည်။ ခန္ဓာထက်တွင်တော့ ဒဏ်ရာဒဏ်ချက်ပေါင်းများစွာရှိနေပြီး အနက်ရောင်အဝတ်က သွေးနီရောင်လွှမ်းနေ၏။ တစ်ချက်ကြည့်ရုံနှင့် အသက်ရှင်သည်လော၊ သေဆုံးနှင့်ပြီလော အတပ်မပြောနိုင်ချေ။
သွမ့်လင်၏နှလုံးခုန်သံက တခဏရပ်တန့်သွားပြီး ဝင်သက်ထွက်သက်ကို စမ်းသပ်ကြည့်ရန် မဝံ့ရဲဖြစ်နေခဲ့၏။
ထိုအချိန်တွင် သမားတော်ဝေ့က ဝင်လာပြီး တစ်ချက်ကြည့်၍ အော်ပြောလိုက်သည်။
"ဒီလျှို့ဝှက်ခန်းက ထူးဆန်းနေတယ်။ သူ့ကို မြန်မြန်ခေါ်ထုတ်ခဲ့တော့။"
ထိုအခါမှ သွမ့်လင်လည်း သတိပြန်ဝင်လာပြီး လုရှိုးဝမ်ကို အလျင်အမြန်ပွေ့ချီလိုက်၏။ ထိုသူ၏နွေးထွေးသောကိုယ်ငွေ့နှင့် ဖျော့တော့လှသော အသက်ရှူသံကို ခံစားမိလေမှ သူ့စိတ်နှလုံးမှာ မူလအခြေအနေသို့ ပြန်ရောက်နိုင်တော့သည်။
သမားတော်ဝေ့က စိတ်နှလုံးကောင်းရှိသည်ဟု ဆိုနိုင်ပါသည်။ လုရှိုးဝမ်က ယခုလိုဒဏ်ရာရထားသည်ကိုမြင်သောအခါ သူတို့ကို နှင်မထုတ်တော့ဘဲ ဧည့်အိပ်ခန်းတွင်ပေးနေခဲ့သည်။ သူက ရွှေရောင်အပ်မျှင်ပန်းကိုသုံး၍ ဦးစွာသွေးတိတ်စေပြီး ဆေးညွှန်းကိုပြင်ဆင်တော့သည်။ လုရှိုးဝမ်၏အသက်ကို ကယ်တင်ရန်အတွက် သူ သုံးခဲ့သည့် တန်ဖိုးကြီးဆေးပင်ဆေးမြစ်တို့ကလည်း မနည်းလှပါချေ။
သွမ့်လင်က သူ့ကိုကျေးဇူးတင်၍မဆုံးတော့ပေ။
သမားတော်ဝေ့ကမူ အားတုံ့အားနာဖြစ်မနေဘဲ လက်ကိုယမ်း၍ပြောသည်။
"ငါက အဲဒီလုမျိုးရိုးကောင်လေးကို သဘောတွေ့မိရုံသက်သက်ပဲ။ အဲဒါကြောင့် သူ့အသက်ကိုကယ်လိုက်တာ။ မင်းမျက်နှာနဲ့ကုပေးတာမဟုတ်လို့ ကျေးဇူးတင်စရာမလိုဘူး။"
ထို့နောက် လျိုရိက တုဖုန်း၏အလောင်းကို လျှို့ဝှက်ခန်းထဲမှ သယ်ထုတ်လာပြီး သမားတော်ဝေ့က စစ်ဆေးကြည့်သည်။
"ထူးဆန်းတယ်။ ဒီလူက အရင်ဆုံးအဆိပ်မိပြီးမှ ဓားနဲ့လည်ဖြတ်သတ်ခံရတာပဲ။"
"လျှို့ဝှက်ခန်းထဲမှာ ဝှက်ထားတဲ့အဆိပ်ရှိလို့လား"
"သေချာပေါက်မရှိဘူးလေ။ လျှို့ဝှက်ခန်းရဲ့တံခါးပွင့်သွားတည်းက အနံ့က သိပ်မရိုးမှန်း ငါသတိထားမိလိုက်တယ်။ ကြည့်ရတာ လုမျိုးရိုးကောင်လေးရဲ့လက်ချက်ပဲဖြစ်ရမယ်။ အင်း.. သူ့မှာ အရည်အချင်းရှိသားပဲ။"
ထိုအချိန်က လျှို့ဝှက်ခန်းထဲတွင် လုရှိုးဝမ်နှင့် တုဖုန်းတို့နှစ်ဦးသာရှိနေခဲ့သည်။ တုဖုန်းက မိမိကိုယ်ကိုယ်လည်လှီးကာ သတ်သေလိမ့်မည်တော့မဟုတ်ချေ။ ထို့ကြောင့် သူ့ကိုသတ်လိုက်သူက လုရှိုးဝမ်သာဖြစ်လိမ့်မည်။ သို့သော် အသက်ငွေ့ငွေ့သာကျန်သည့် လုရှိုးဝမ်က သိုင်းအတတ်တွင် ကျွမ်းကျင်လှသည့် တုဖုန်းကို မည်သို့အနိုင်ယူခဲ့ပါသနည်း။ သမားတော်ဝေ့နှင့် လျိုရိက အတန်ကြာအောင် ဆွေးနွေးနေသော်လည်း အဖြေရှာမတွေ့ကြချေ။
သွမ့်လင်ကမူ ထိုအရာကိုခန့်မှန်းနေရန် အချိန်မရှိသေး။ ကုတင်ဘေးတွင်နေ၍သာ လုရှိုးဝမ်နိုးအလာကို စောင့်နေခဲ့သည်။
လုရှိုးဝမ်၏ဒဏ်ရာများက အတော်ပြင်းထန်သည်။ ခန္ဓာပေါ်ရှိကြာပွတ်ရာတို့က မပြောပလောက်သေး။ အသက်အန္တရာယ်ကို အခြိမ်းခြောက်နိုင်ဆုံးဒဏ်ရာက ပခုံးပေါ်မှ ဓားဒဏ်ရာဖြစ်သည်။ ထိုဒဏ်ရာကနက်လွန်း၍ အရိုးထိတိုင်မြင်နိုင်ပြီး အသားတို့က ဆိုးရွားစွာထိခိုက်ထား၍ သွေးလွှမ်းနေသည့် အပေါက်ကြီးတစ်ပေါက်နှင့် တူလှသည်။
အတွေ့အကြုံရင့်သန်လှသော သမားတော်ဝေ့ပင်လျှင် ထိုဒဏ်ရာကို စည်းနှောင်ပေးချိန်၌ သက်ပြင်းရှိုက်ခဲ့မိသည်။ သာမန်လူများသာ ထိုသို့သောဒဏ်ရာရလျှင် နာကျင်မှုကြောင့် မေ့မြောသွားလောက်သည်၊ အဘယ်မှာ ဓားနှင့်ထိုး၍ လူသတ်နိုင်ပါမည်နည်းဟုလည်း ဆိုခဲ့၏။
ထိုသို့ဒဏ်ရာပြင်းထန်စွာရပြီးနောက် လုရှိုးဝမ်၏အားနည်းနေသော ခန္ဓာကိုယ်က အခြေအနေပိုဆိုးသွားခဲ့သည်။ ကိုယ်တွင်းရှိအဆိပ်များက ပို၍လျှင်မြန်စွာ အစွမ်းပြလာကြပြီး ဆေးများအားလုံးက အချည်းနှီးဖြစ်သွား၏။ သမားတော်ဝေ့၏ပြောစကားအရ ပြန်နိုးလာရန်ပင် မသေချာလှချေ....
ယခုတော့ လုရှိုးဝမ်က နိုးလာခဲ့ပြီး ၎င်းက သွမ့်လင်အတွက် သတင်းကောင်းဟုဆိုနိုင်သည်။ လွန်ခဲ့သောရက်များက ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ရပြီး သူကိုယ်တိုင်လည်း ဒဏ်ရာမနည်းရခဲ့၏။ ယခုလည်း ကုတင်ဘေးတွင် နေ့နေ့ညည အချိန်ပြည့်စောင့်ကြည့်နေပြန်သည်။ နောက်ဆုံးတွင် သူ့ခန္ဓာက ပင်ပန်းနွမ်းနယ်လာပြီး မသိလိုက်ခင်တွင် ကုတင်ခေါင်းရင်းကိုမှီ၍ အိပ်ပျော်သွားတော့သည်။
သန်းခေါင်ယံထိတိုင်အောင် သူအိပ်ပျော်သွားစဥ် လက်တစ်ဖက်က သူ၏စည်းနှောင်ထားသော လက်များကို အသာအယာထိတွေ့နေကြောင်း ခံစားမိလိုက်သည်။
အခန်းထဲတွင် ဖယောင်းတိုင်မီး၏အလင်းမှိန်ပျပျရှိနေပြီး သွမ့်လင်မျက်လုံးဖွင့်လိုက်ချိန်တွင် အကျွမ်းတဝင်ရှိသော ချောမောကြည့်ကောင်းသည့်မျက်နှာကို မြင်လိုက်ရ၏။ ထိုသူ၏ မျက်နှာက အနည်းငယ်ဖြူလျော်နေသော်လည်း မည်းနက်သည့်မျက်လုံးတစ်စုံက ကြယ်ပွင့်များအလား တောက်ပနေပြီး ဖျော့တော့စွာ ပြုံးနေခဲ့သေးသည်။
"လုရှိုးဝမ်...."
"ရှစ်တိ"
လုရှိုးဝမ်က သူ့လက်နှစ်ဖက်ကို စိုက်ကြည့်ရင်း မေးလာသည်။
"မင်းရဲ့လက်က ဘယ်လိုဖြစ်ပြီး ထိခိုက်ထားတာလဲ"
လုရှိုးဝမ်ကို ကယ်ထုတ်ရန် သူ့လက်နှစ်ဖက်အား ဆုံးရှုံးလုနီးပါးဖြစ်သွားသည့်အကြောင်းကို သွမ့်လင်က သူ့အကျင့်အတိုင်း ထုတ်ပြောလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် သာမန်ကာလျှံကာ ပြောလိုက်၏။
"ဒဏ်ရာနည်းနည်းရသွားရုံပါ"
သူက တစ်ဆက်တည်း မေးလိုက်သည်။
"အခုမှနိုးတာဆိုတော့ ရေသောက်မလား။ ဒါမှမဟုတ် တစ်ခုခုစားချင်လား။ မဟုတ်လည်း .... ကျွန်တော် ဆရာဝေ့ကို သွားခေါ်ပေးရမလား။"
လုရှိုးဝမ်က ပြတင်းအပြင်မှ ကောင်းကင်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး -
"ညဥ့်နက်သန်းခေါင်ကြီး ဘာကြောင့် သူများကို သွားနှိုးဦးမှာလဲ"
"ဒါပေမဲ့ ခင်ဗျားရဲ့ကိုယ်က ..."
"ငါ့ခန္ဓာကိုယ်က အရမ်းကိုသက်သာနေပါပြီ။ ဒါပေမဲ့ ရေနည်းနည်းတော့ သောက်ချင်တယ်။"
သွမ့်လင်က စားပွဲရှိရာသို့ အမြန်သွားပြီး ရေတစ်ခွက်ငှဲ့ပေးသည်။ သူ့လက်များက လွတ်လွတ်လပ်လပ်မရှိလှသဖြင့် သတိထား၍ငှဲ့ရ၏။
လုရှိုးဝမ်က သူငှဲ့ပေးသည့် ရေကိုသောက်လိုက်ပြီး -
"မိုးလင်းဖို့ လိုသေးတာပဲ။ ရှစ်တိ သွားနားတော့လေ။"
"ကျွန်တော် မနက်ပိုင်းက အိပ်ထားလို့ အခု မအိပ်ချင်သေးဘူး။ ခင်ဗျားနဲ့နေပေးပါ့မယ်။"
လုရှိုးဝမ်က သူ့ကို အတင်းမတိုက်တွန်းဘဲ အခန်းပတ်လည်ကိုကြည့်၍ မေးသည်။
"ဒါက ဆရာဝေ့ရဲ့အိမ်လား"
"အွန်း၊ ခင်ဗျားရဲ့ဒဏ်ရာကပြင်းတော့ လှုပ်လှုပ်ရှားရှားလုပ်ဖို့ မသင့်တော်ဘူးလေ။ အဲဒါကြောင့် ဆရာဝေ့က ကျွန်တော်တို့ကို ဧည့်အိပ်ခန်းမှာ ဆက်နေခိုင်းတယ်။ နောက်ပြီး ခင်ဗျားရဲ့ဒဏ်ရာတွေကိုလည်း သူပဲအားစိုက်ပြီး ကုပေးခဲ့တာ။ တန်ဖိုးကြီးဆေးပင်တွေအကုန်သုံးထားတာတောင် ဉာဏ်ပူဇော်ခဆိုပြီး တစ်ပြားတစ်ချပ်မယူခဲ့ဘူး။"
"ငါ့ရဲ့ရောဂါကို... ဆရာဝေ့ ဘာပြောသေးလဲ"
"သူက...."
သွမ့်လင်က တခဏရပ်သွားပြီးမှ အလျင်အမြန်ပြောလိုက်သည်။
"သူ ဆေးညွှန်းတွေပြင်ထားပြီးပြီတဲ့။ ခင်ဗျားသာ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ရင် တဖြည်းဖြည်းပိုသက်သာလာလိမ့်မယ်လို့ပြောတယ်။"
နားထောင်သူ မရိပ်မိရလေအောင် အလိမ်အညာစကားကို အမူအရာမပြောင်းလဲစတမ်း သူဆိုခဲ့သည်။
လုရှိုးဝမ်က 'အွန်း' ဟုသာ ပြောပြီး မျက်နှာထက်တွင် အမူအရာကင်းမဲ့လျက် ယုံသည်မယုံသည် မသိနိုင်ချေ။ သူက မေး၏။
"အဲဒီနေ့က မင်းရဲ့ဒဏ်ရာတွေကိုရော ဆရာဝေ့ ကုပေးခဲ့တာပဲလား"
"ဟုတ်ပါတယ်"
လုရှိုးဝမ်က ခေါင်းအသာညိတ်၍ အခန်းထဲမှ ဖယောင်းတိုင်မီး၏အလင်းရောင်ကို အားပြုကာ သွမ့်လင်ကို စေ့စေ့စပ်စပ် သေသေချာချာ စိုက်ကြည့်နေပြန်သည်။
သူက အလွန်အာရုံစိုက်၍ကြည့်နေသဖြင့် သွမ့်လင်လည်း အနေခက်လာပြီး ချောင်းတစ်ချက်ဟန့်ကာ မေးလိုက်သည်။
"ဘာလို့ကြည့်နေတာပါလဲ"
လုရှိုးဝမ်က မဖုံးဖိနိုင်စွာ အသာပြုံးလိုက်၏။
သူ့လက်မောင်းဒဏ်ရာက ပြင်းထန်လှ၍ လက်တစ်ဖက်ကိုသာ လှုပ်ရှားနိုင်သည်။ သူက ထိုလက်ကိုမြှောက်ယူကာ သွမ့်လင်၏ပါးပြင်ကို အသာအယာထိတွေ့လာသည်။ မျက်လုံးအကြည့်တို့က ရေပြင်သဖွယ်ကြည်လင်နေလျက် သူ ပြောလိုက်၏။
"တော်ပါသေးရဲ့။ ရှစ်တိ မင်းကတော့ အန္တရာယ်ကင်းကင်းရှိနေလို့။"
သွမ့်လင်၏မျက်နှာက ပူနွေးသွားပြီး မနေနိုင်စွာ မျက်နှာလွှဲလိုက်မိသည်။
လုရှိုးဝမ်က အနည်းငယ်စိတ်ပျက်အားလျော့သွားဟန်တူပြီး လက်က လေထဲတွင် တခဏရပ်တန့်နေသည်။ ထို့နောက် တဖြည်းဖြည်းပြန်ရုတ်သွားခဲ့၏။
သို့သော် သွမ့်လင်က သူ့ကို ပြန်လှည့်ကြည့်ပြီး ပြောသည်။
"ဒီတစ်ခေါက် ခင်ဗျားရှေ့ထွက်ပြီး သူ့ကိုသတ်ခဲ့လို့သာမဟုတ်ရင် သူ့ဓားချက်နဲ့ ကျွန်တော် အသက်ပျောက်သွားလောက်ပြီ။ ပြောရရင် ... ကျွန်တော့်အသက်ကို ခင်ဗျားကယ်ခဲ့တာပါ။"
လုရှိုးဝမ်က မျက်တောင်ခတ်လိုက်ပြီး -
"ဘာလို့လဲ။ ရှစ်တိက ခန္ဓာကိုရင်းပြီး ပြန်ပေးဆပ်မလို့များလား။"
ပြောပြီးနောက် စောင်ကိုဆွဲလှန်၍ သွမ့်လင်အတွက် နေရာဖယ်ပေးသည်။
"မဟုတ်တာတွေ မလုပ်ပါနဲ့"
သွမ့်လင်က စောင်ကိုအမြန်ပြန်ဆွဲကာခြုံပေးပြီး ဆူပူသလိုပြောလိုက်၏။
"ခင်ဗျားရဲ့ကိုယ်က ဒဏ်ရာရထားတာ။ အအေးမိသွားရင် ဘယ်လိုလုပ်မလဲ။"
လုရှိုးဝမ်က အပျော်လွန်သွားပုံရပြီး ဝအောင်ရယ်မောပြီးမှ ပြောသည်။
"တုဖုန်းက ငါနဲ့ရန်ညှိုးရန်စရှိတာပါ။ သူငါ့ကိုမသတ်ရင် ငါသူ့ကိုသတ်မှပဲ ဒီကိစ္စက ပြီးပြတ်နိုင်မှာ။ ရှစ်တိ စိတ်ထဲထားစရာမလိုပါဘူး။"
သွမ့်လင်က စကားမပြန်ဘဲ ခေါင်းငုံ့ကာ စောင်ကို အသေအချာလုံအောင် ဖိပေးပြီးမှ ပြော၏။
"မိုးမလင်းသေးဘူး။ ခဏလောက်ပြန်အိပ်လိုက်ဦးလေ။"
လုရှိုးဝမ်က အတန်ကြာစကားပြောပြီးနောက် ပင်ပန်းနွမ်းလျနေပြီဖြစ်၍ မျက်လုံးမှိတ်ကာ ပြန်အိပ်သွားသည်။
သွမ့်လင်က မအိပ်တော့ဘဲ ကုတင်ဘေးတွင်ထိုင်ရင်း သူ့ကိုစောင့်ကြည့်နေသည်။
တခဏအကြာတွင် အခန်းထဲမှဖယောင်းတိုင်က မီးငြိမ်းသွားခဲ့ပြီး သွမ့်လင်က ထိုအမှောင်ထုထဲတွင်သာ မလှုပ်မယှက် ဆက်ထိုင်နေခဲ့၏။
နောက်တစ်နေ့မနက်တွင် လျိုရိက လုရှိုးဝမ် နိုးလာပြီဖြစ်ကြောင်းသိသွားပြီး သမားတော်ဝေ့ကို အပြေးခေါ်လာသည်။
သမားတော်ဝေ့က လုပ်မြဲအတိုင်း လုရှိုးဝမ်၏သွေးခုန်နှုန်းကို စမ်းသပ်၍ ဆေးညွှန်းအသစ်ပြင်သည်။ ထို့နောက်တွင်တော့ လုရှိုးဝမ်၏လက်ကိုဆွဲကိုင်ရင်း အဆက်မပြတ်စကားပြောနေသော လျိုရိဆီမှ တွန်းထုတ်ခြင်းခံလိုက်ရရှာ၏။
"အစ်ကိုကြီးလု၊ ခင်ဗျားနိုးလာတာ အချိန်ကိုက်ပဲ။ ဒီနေ့ လာ့ပါးဆန်ပြုတ်ပူပူလေးသောက်လို့ရပြီ။"
"ဒီနေ့က (လပြက္ခဒိန်) ၁၂ လပိုင်း ၈ ရက်နေ့လား"
(တရုတ်နှစ်ကူးမတိုင်ခင် ၁၂ လပိုင်း ၈ ရက်နေ့မှာ ဘာသာရေးပွဲတော်ဖြစ်တဲ့ လာ့ပါးပွဲတော်ကျင်းပပြီး လာ့ပါးဆန်ပြုတ် သောက်ကြပါတယ်။)
"အွန်း၊ အစ်ကိုကြီးလု အိပ်ပျော်သွားတာ သုံးရက်လုံးလုံးကြာတယ်။ အဲဒီနေ့က ခင်ဗျားကို အစ်ကိုကြီးသွမ့် ပွေ့ပြီးခေါ်လာတော့ တကယ်ကြောက်စရာကောင်းလောက်အောင် ဒဏ်ရာရထားတာလေ။ ဆရာဝေ့ရဲ့ ကျွမ်းကျင်မှုကြောင့်သာ ခင်ဗျားကို ပြန်ကယ်နိုင်ခဲ့တာ။"
"ဆရာဝေ့က ဆေးပညာမှာ အမှန်တကယ်ထူးချွန်ပြောင်မြောက်လှပါတယ်"
"ဟုတ်သားပဲ။ ကျွန်တော် ဆရာဝေ့နဲ့ အလောင်းအစားလုပ်ထားတယ်။ အစ်ကိုကြီးလုက တုဖုန်းကို ဘယ်လိုသတ်လိုက်လဲဆိုတာလေ။ ကျွန်တော့်ကို မြန်မြန်ပြောပြပါတော့၊ ကျွန်တော် မှန်းထားတာ မှန်မမှန်သိရအောင် ...."
လျိုရိ၏ တက်ကြွမှုကို အခွင့်ကောင်းယူ၍ သွမ့်လင်က သမားတော်ဝေ့ကို အခန်းတွင်းမှ ခေါ်ထုတ်လာပြီး ခပ်တိုးတိုးမေးလိုက်သည်။
"သူ့ရောဂါအခြေအနေ ဘယ်လိုရှိပါသလဲ"
သမားတော်ဝေ့က ပြန်မေး၏။
"မင်း အမှန်တရားကိုကြားချင်လား။ မုသားစကားကိုကြားချင်လား။"
သွမ့်လင်က မျက်မှောင်ကြုတ်လိုက်ပြီး သူ့စိတ်ရှည်သည်းခံမှုက ကုန်ဆုံးနေပုံပေါ်သည်။
သမားတော်ဝေ့က သက်ပြင်းချလိုက်ပြီး -
"တကယ်တော့ အမှန်အတိုင်းပြောပြော၊ မုသားပဲဆိုဆို၊ မင်းရော ငါရော အဖြေကို သိနေပြီးသားပဲ။ လုမျိုးရိုးကောင်လေးလည်း သူ့အခြေအနေသူ သိရှာပါတယ်။ အခုချိန်မှာ အမှန်တရားကိုမသိတဲ့လူက ရှောင်လျိုတစ်ယောက်ပဲရှိလိမ့်မယ်။"
သွမ့်လင်က ပျော်ပျော်ရွှင်ရွှင်ရယ်မောနေသော လျိုရိနှင့် သူ့ကို စနောက်နေသောလုရှိုးဝမ်ကို တစ်ချက်လှမ်းကြည့်ရင်း နှလုံးသားထဲတွင် လေးလံသွားရသည်။
မိမိခန္ဓာ၏အခြေအနေကို လုရှိုးဝမ်က အခြားသူများထက် ပိုနားလည်သည်။ သို့သော် သူက အမူအရာတစ်ချက်မပျက်ယွင်းဘဲ ကံကြမ္မာကို တည်တည်ငြိမ်ငြိမ် လက်ခံထား၏။
သို့သော် သွမ့်လင်က လက်မခံနိုင်ပါချေ။
"ဆရာဝေ့၊ တကယ်ကို တခြားနည်းလမ်းမရှိတော့ဘူးလား။ ဥပမာ သေရာကတောင် ပြန်ရှင်စေနိုင်တယ်ဆိုတဲ့ ဆေးမျိုးလေ..."
"သေခြင်းရှင်ခြင်းဆိုတာ ကြမ္မာပေါ်မူတည်သတဲ့။ ငါတို့လို သာမန်လူတွေက ကောင်းကင်ဘုံရဲ့အလိုကို ဘယ်မှာဆန့်ကျင်နိုင်ပါ့မလဲ။"
"အကယ်၍ အဲဒီနေ့က တုဖုန်းသာရောက်မလာခဲ့ရင်ရော။ လုရှိုးဝမ်သာ ဒဏ်ရာမရခဲ့ဘူးဆိုရင်ရော ... ခင်ဗျား သူ့ကို ကယ်နိုင်မှာလား။"
သမားတော်ဝေ့က တခဏတွေးနေပြီး -
"မင်းတို့သမားတော်လာပင့်တဲ့ အချိန်တည်းက အဲဒီကောင်လေးရဲ့သက်တမ်းက ကုန်လုနီးနီးဖြစ်နေပြီ။ ဒါပေမဲ့ သွေးခုန်နှုန်းအရ သက်သာနိုင်ဖို့ အခွင့်အရေးရှိနေသေးတယ်။ သူ့ရဲ့ကိုယ်တွင်းကအဆိပ်တွေကို ထိန်းချုပ်ပြီး နလန်ထူလာအောင် ကုသပေးနိုင်ရင် ရောဂါမပျောက်နိုင်ပေမဲ့ အနည်းဆုံး နောက်သုံးနှစ်ကနေ ငါးနှစ်အထိတော့ အသက်ရှင်နိုင်သေးတယ်။"
"ကျွန်တော် နားလည်ပါပြီ"
သွမ့်လင်က မျက်လွှာချလိုက်ပြီး သမားတော်ဝေ့ကို ကျေးဇူးတင်ကြောင်းပြသကာ မီးဖိုချောင်ရှိရာသို့ လှည့်ထွက်သွားသည်။
သမားတော်ဝေ့က သူ့နောက်ကျောကိုကြည့်ရင်း မနေနိုင်စွာ သတိပေးလိုက်မိ၏။
"အားလပ်ရင် သူ့အနားမှာ ကြာကြာနေပေးလိုက်ပါ။ ငါတွက်ချက်ထားတဲ့အတိုင်းသာ မှန်မယ်ဆိုရင် .... ဒီနှစ်ကို မကျော်နိုင်လောက်ဘူး။"
သွမ့်လင်၏ခြေလှမ်းတို့က ရပ်တန့်သွားပြီး အနည်းငယ်ယိုင်သွားဟန်တူသော်လည်း ချက်ချင်းပြန်၍ထိန်းမတ်လိုက်ကာ ဆက်လျှောက်သွားခဲ့သည်။
နေ့လယ်ပိုင်းအချိန်တွင် ဆန်ပြုတ်နှစ်ပွဲနှင့်အတူ သွမ့်လင် ပြန်ရောက်လာသည်။
"လာ့ပါးဆန်ပြုတ်!"
လျိုရိက ပျော်ရွှင်စွာအော်လိုက်ပြီး -
"အစ်ကိုကြီးသွမ့် အပြင်ကဝယ်လာတာလား"
သွမ့်လင်က ပြန်မဖြေဘဲ ဆန်ပြုတ်တစ်ပွဲကို လုရှိုးဝမ်ဆီ ကမ်းပေးရင်း ပြောလိုက်၏။
"ဆရာဝေ့ကို ကျွန်တော်မေးပြီးပြီ။ ခင်ဗျားရဲ့ကိုယ်က ဒဏ်ရာရှိနေသေးတော့ ဆန်ပြုတ်နည်းနည်းသောက်လိုက်ရင် သက်သာလိမ့်မယ်တဲ့။"
လုရှိုးဝမ်က တစ်ဇွန်းခပ်၍မြည်းကြည့်လိုက်ပြီး မျက်လုံးများတောက်ပသွားကာ အတပ်ပြောလိုက်သည်။
"ရှစ်တိကိုယ်တိုင် ပြုတ်ထားတာပဲ"
"ဘယ်လိုဖြစ်နိုင်မှာလဲ"
လျိုရိက ဆန်ပြုတ်ကို ပလုတ်ပလောင်းသောက်ရင်း ပြောသည်။
"အစ်ကိုကြီးသွမ့်ရဲ့အဖေက ဂိုဏ်းရဲ့အကြီးအကဲတစ်ယောက်လေ။ ဘာပဲလိုလို လုပ်ပေးမယ့်သူတွေအသင့်ရှိနေတာ။ ဘယ်လိုလုပ်ပြီး ကိုယ်တိုင်ဆန်ပြုတ်ပြုတ်တတ်ပါ့မလဲ။"
လုရှိုးဝမ်က ရယ်လိုက်ပြီး စကားမဆိုဘဲ ဆန်ပြုတ်တစ်ပွဲကို ကုန်စင်အောင် သောက်လိုက်သည်။
ဆန်ပြုတ်သောက်ပြီးနောက် သွမ့်လင်က လုရှိုးဝမ် အနားယူနိုင်ရန် လျိုရိကို ရည်ရွယ်ချက်ရှိရှိ ပထုတ်လိုက်တော့သည်။
"ညီလေးလျိုက အလိုက်မသိတတ်ဘူး။ တချိန်လုံးစကားတွေပြောနေတော့ ခင်ဗျားအနှောင့်အယှက်ဖြစ်မှာစိုးမိတယ်။"
"ကိစ္စမရှိပါဘူး။ ရှောင်လျိုရှိနေတော့ ငါလည်း ပိုပြီးတက်တက်ကြွကြွရှိသလို ခံစားရပါတယ်။"
သွမ့်လင်၏နှလုံးသားက တစ်ချက်ခုန်လှုပ်သွားပြီး မေးလိုက်သည်။
"ကျွန်တော် ရှိုးယန်ဆီကို စာရေးပြီး ခင်ဗျားနဲ့အတူလာနေပေးဖို့ ခေါ်လိုက်ရမလား"
သူတို့ရောက်နေသည့်နေရာက လုရှိုးယန်ရှိရာတောင်ကြားနှင့် သိပ်မဝေးလှပေ။ မြင်းကိုဒုန်းစိုင်းစီးလာလျှင် ရက်အနည်းငယ်အတွင်းရောက်နိုင်၏။
"မလိုအပ်ပါဘူးလေ"
လုရှိုးဝမ်က ပြတင်းအပြင်မှ ဆီးနှင်းများကိုငေးကြည့်ရင်း ခေါင်းကိုအသာယမ်းကာ ဆို၏။
"နောက်ထပ် ရက်နည်းနည်းနေရင် နှစ်ကူးတော့မယ်။ ရှိုးယန်က အခုဆို ဇနီးနဲ့သား ရှိနေပြီ။ ဒီလိုအချိန်မှ သူ့ကို အပြေးအလွှားဖြစ်ရအောင် မလုပ်ချင်ပါဘူး။"
သူက တွေးလိုက်ပြီး -
"နှစ်ကူးပြီးမှပဲ ခေါ်လိုက်ပါ"
သွမ့်လင်၏နားထဲတွင် သမားတော်ဝေ့ပြောခဲ့သည့်စကားကို ပြန်ကြားယောင်လာပြီး နှလုံးသားထဲတွင် လေးပင်လာခဲ့၏။ သူက စိတ်ကိုတည်ငြိမ်အောင်ကြိုးစားယူပြီးမှ ပြန်ပြောလိုက်သည်။
".... ကောင်းပါပြီ"
လုရှိုးဝမ်က သွမ့်လင်နှင့်စကားပြောရင်း ငိုက်မြည်းလာပြီး ပခုံးကိုမှီလျက် အိပ်ပျော်သွားခဲ့သည်။ သွမ့်လင်က စောင်ကိုဆွဲယူ၍ခြုံပေးရင်း လုရှိုးဝမ်၏လက်က နံဘေးတွင်ချထားသည်ကိုမြင်သောအခါ ဆွဲယူ၍ အသာဆုပ်ကိုင်ထားလိုက်၏။
ယနေ့က ၁၂ လပိုင်း ၈ ရက်နေ့ဖြစ်ပြီး နှစ်ကူးရောက်ရန် ရက်နှစ်ဆယ်ကျော်လိုသေးသည်။
....... ရက်နှစ်ဆယ်ကျော်သာ အချိန်ကျန်ပေတော့၏။
လုရှိုးဝမ်၏ဒဏ်ရာသက်သာနှုန်းက အလွန်နှေးလှသည်။ ရက်အနည်းငယ်အကြာတွင် လမ်းလျှောက်နိုင်ပြီဖြစ်သော်လည်း အိမ်တွင်း၌သာနေရသည်။ အပြင်ဘက်တွင် အလွန်အေးသောကြောင့် သွမ့်လင်က သူ့ကို အပြင်ပေးမထွက်ပေ။
လျိုရိက သူ ပျင်းနေမည်စိုး၍ နှင်းရုပ်သုံးရုပ်လုပ်ကာ ပြတင်းအပြင်ဘက်တွင် အပျင်းပြေကြည့်ရန်ထားပေးသည်။ ထိုသုံးရုပ်အနက် ကြည့်ပျော်ရှုပျော်အရှိဆုံးအရုပ်မှာ လျိုရိကိုယ်တိုင်၏ နှင်းရုပ်ဖြစ်သည်။ မျက်နှာသွင်ပြင်များ ရှုပ်ထွေးနေသည့် ကျန်နှစ်ရုပ်သည်ကား သွမ့်လင်နှင့် လုရှိုးဝမ်ဖြစ်ချေ၏။
မထင်မှတ်ဘဲ တစ်ညကုန်လွန်ပြီး နောက်တစ်နေ့မနက်ရောက်သောအခါ ပြတင်းအပြင်ရှိ နှင်းရုပ်များက နေရာပြောင်းနေသည်ကို တွေ့လိုက်ရသည်။ သွမ့်လင်နှင့် လုရှိုးဝမ်က ပူးပူးကပ်ကပ်ရှိနေကာ လျိုရိ၏အရုပ်က နံဘေးသို့ တွန်းပို့ခံထားရ၏။
လျိုရိက ဇဝေဇဝါမေးလာသည်။
"အစ်ကိုကြီးလု၊ နှင်းရုပ်တွေကို တစ်ယောက်ယောက်ထိသွားသေးလား"
"ဘယ်သူသိပါ့မလဲလေ"
လုရှိုးဝမ်က ခေါင်းငုံ့ကာ စာဖတ်နေပြီး မျက်လွှာပင် ပင့်၍မကြည့်ဘဲ ခပ်အေးအေးဆိုသည်။
"လေတိုက်လို့ ရွေ့သွားတာထင်တယ်"
လေတိုက်ရုံနှင့် မည်သို့ရွေ့နိုင်ပါမည်နည်း။
လျိုရိခမျာ နားမလည်နိုင်ရှာ။
သို့သော် ထိုမေးခွန်းကို အဖြေရှာရန် သူ အချိန်မမီလိုက်ချေ။ နေ့လယ်ပိုင်းတွင် သူ့ဆရာသခင်သင်ကြားပေးထားသော စာပို့ငှက်ဆီမှစာကို လက်ခံရရှိခဲ့၏။ လော့ရန်ကို အရောက်နောက်ကျနေသဖြင့် ဆရာသခင်ကမနေနိုင်စွာ လူလွှတ်၍ရှာစေခဲ့ခြင်းပင်။ လျိုရိလည်း အလျင်အမြန်စာပြန်၍ မိစ္ဆာဂိုဏ်းသားများနှင့်ဆုံခဲ့သည့်အဖြစ်အပျက်တို့ကို အတိုချုံးရှင်းပြလိုက်သည်။ ဆရာဖြစ်သူကိုယ်တိုင်ရောက်လာသောအခါ သူလည်း အပြေးသွား၍ တွေ့ရတော့မည်ဖြစ်သည်။
လျိုရိက လုရှိုးဝမ်နှင့် ဆုံတွေ့သည်မှာမကြာသေးသော်လည်း နှစ်ဦးသားက သဟဇာတဖြစ်ကာ ရင်းနှီးကြသည်။ ထို့ကြောင့် လျိုရိက ထွက်မသွားမီ လုရှိုးဝမ်ကို စကားများပြောကာ အထပ်ထပ်မှာကြားနေပြီး သူအချိန်အားလပ်လျှင် ပြန်လာတွေ့မည်ဟုလည်း ကတိပေးခဲ့သေး၏။
လုရှိုးဝမ်က ပြုံး၍သာတုံ့ပြန်လေသည်။
သွမ့်လင်က လမ်းတစ်ဝက်တွင် လျိုရိ ဒုက္ခကြုံမည်ကိုစိုးရိမ်သဖြင့် ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ကာ လုံခြုံကြောင်း သေချာလေမှ အမြန်ပြန်လာခဲ့သည်။
ဝေ့အိမ်တော်သို့ သူပြန်ရောက်ချိန်တွင် မှောင်စပျိုးနေပြီဖြစ်သည်။ ခြံတွင်းသို့ဝင်လိုက်သောအခါ လူတစ်ဦးက ကျောက်စားပွဲပေါ်တွင်ထိုင်၍ ဗျပ်စောင်းတီးခတ်နေသည်ကို မြင်လိုက်ရ၏။ ထိုသူက အနက်ရောင်ဝတ်စုံဝတ်ဆင်ထားပြီး သူ့ကို ကျောပေး၍ထိုင်နေသည်။ ဗျပ်စောင်းသံက ပြတ်တောင်းပြတ်တောင်းထွက်ပေါ်နေပြီး လက်ဖြင့် ကျပန်းတီးခတ်နေဟန်တူသည်။
သွမ့်လင်က အနားသို့လျှောက်သွားသောအခါ ထိုသူက သူ့ကိုလှည့်ကြည့်လာပြီး ချောမောလှပသောမျက်နှာကို မြင်တွေ့လိုက်ရ၏။ သူက နွေးထွေးစွာပြုံးရင်း ညင်ညင်သာသာဆိုသည်။
"အားလင်"
အရာအားလုံးက အိပ်မက်တစ်ခုနှယ်။
သွမ့်လင်က အနည်းငယ်ရင်းနှီးသလို ခံစားလိုက်ရပြီး ခေါ်လိုက်၏။
"ရှိုးယန်"
"အွန်း၊ ငါ မင်းကို လာတွေ့တာ"
ထိုလူက ပြောလိုက်ရင်း လက်ကိုအသာဝှေ့ယမ်း၍ သူ့ကိုခေါ်သည်။
သွမ့်လင်က သတိလက်လွတ်ဖြင့် တစ်လှမ်းလျှောက်သွားမိခဲ့သည်။
ထိုလူက လက်နှစ်ဖက်ဖြင့် သွမ့်လင်၏ခါးကိုဖက်လိုက်ပြီး သက်ပြင်းချသလို လေသံဖွဖွဖြင့် ပြောလာသည်။
"အားလင်၊ ငါ ဘယ်လောက်တောင် လွမ်းနေခဲ့ရလဲ သိရဲ့လား..."
သွမ့်လင်က ခါးကို အနည်းငယ်ကိုင်းညွှတ်လိုက်၏။
ထိုလူက ခေါင်းမော့၍ သူ့နှုတ်ခမ်းကို နမ်းလိုက်သည်။
သူတို့နှစ်ဦး၏ နှုတ်ခမ်းများ ထိစပ်လုနီးနီးအချိန်တွင် သွမ့်လင်က မျက်နှာလွှဲလိုက်ပြီး -
"လုရှိုးဝမ်"
လုရှိုးဝမ် အားလျော့သွားရသည်။ သူက အနည်းငယ်စိတ်ပျက်သွားပုံပေါ်ကာ မေး၏။
"မင်းက ဘာလို့ အမြဲခွဲတတ်နေရတာလဲ"
သွမ့်လင်က ပြန်မေးသည်။
"ခင်ဗျားကရော ဘာလို့ ရှိုးယန်လို အမြဲဟန်ဆောင်ရတာလဲ"
လုရှိုးဝမ်က တခဏတွေဝေသွားပြီး သွမ့်လင်၏ခါးပေါ်မှလက်တို့ကို တဖြည်းဖြည်းဖြေလျှော့ပေးကာ ပြောသည်။
"ဘယ်သူက ရှစ်တိကို ကိုယ့်ကိုယ်ကိုယ် ရတနာလိုသဘောထားပြီးကာကွယ်ရမယ်လို့ မှာထားတာများလဲ။ အနမ်းလေးတစ်ပွင့်တောင် လိမ်ပြီးယူလို့မရဘူး။"
သွမ့်လင်က သူ့ကိုလျစ်လျူရှုလိုက်ပြီး ကျောက်စားပွဲပေါ်မှ ဆွဲထူပေးရင်းမေးလိုက်သည်။
"ဆရာဝေ့ရော၊ ဘယ်လိုလုပ်ပြီး ခြံထဲမှာ ခင်ဗျားတစ်ယောက်တည်းဖြစ်နေတာလဲ။"
"နှစ်ကူးတော့မယ်လေ။ ဆရာဝေ့က ဝယ်စရာတွေရှိလို့ မြို့ကိုသွားတယ်။"
"ဒီဗျပ်စောင်းက...."
"စာကြည့်ခန်းထဲက ရှာတွေ့လာတာ"
သွမ့်လင်က ခေါင်းညိတ်လိုက်ပြီး လေလုံသည့် ဝတ်ရုံရှည်ကိုချွတ်ကာ လုရှိုးဝမ်၏ကိုယ်ပေါ်ကို ခြုံပေးလိုက်သည်။ ထို့နောက် သူ့ကို အသာပွေ့ဖက်တွဲကူပေးကာ အိမ်ထဲသို့ခေါ်လာခဲ့သည်။ သွမ့်လင်က ရေနွေးကြမ်းပူပူတစ်ခွက်ပြင်ပေးပြီး လုရှိုးဝမ်၏လက်များကို အနွေးခံစေသည်။ အားလုံးပြီးသွားလေမှ စကားစလိုက်၏။
"ရှိုးယန်သာ တကယ်လာရင် သူ့အစ်ကိုကိုပဲ ပြုစုပေးနေမှာပေါ့။ ဘာလို့ခြံထဲဆင်းပြီး ကျွန်တော့်ကိုစောင့်နေပါ့မလဲ။ သူ့စိတ်ထဲမှာ ခင်ဗျားက အများကြီးပိုပြီး အရေးပါပါတယ်။"
လုရှိုးဝမ်က တခဏငြိမ်သက်နေပြီး ရေနွေးခွက်ကို ကိုင်ထားရင်း ပြော၏။
"ငါ ရှိုးယန်ကို အားကျစိတ်ဖြစ်ဖူးတယ်လို့ပြောရင် ရှစ်တိယုံမလား"
သွမ့်လင်က သေချာပေါက်မယုံပေ။
"ဘာလို့လဲ။ ခင်ဗျားက ရှိုးယန်ထက် အရာအားလုံးပိုတော်တာပဲလေ။ သိုင်းပညာလည်း သူ့ထက်တော်တယ်။ အတွေးအခေါ်လည်း သူ့ထက်နက်နဲတယ်။ အဲဒီနှစ်တုန်းက မိစ္ဆာဂိုဏ်းမှာ ဂိုဏ်းချုပ်က ခင်ဗျားကို အနှစ်သက်ဆုံးပဲ။ ခင်ဗျားစေလိုရာစေ လက်ညှိုးညွှန်ရာအကုန်ဖြစ်ခဲ့တာပဲ...."
"ဒါပေမဲ့ ငါသူ့ကို မယှဥ်နိုင်တဲ့အရာရှိတယ်"
"ဘယ်နေရာများလဲ"
လုရှိုးဝမ်က မျက်ဆံတစ်ချက်ကစားပြီးနောက် ဆက်မပြောတော့ဘဲ ရေနွေးကြမ်းကိုသာ တစ်ငုံပြီးတစ်ငုံသောက်နေသည်။ တခဏကြာလေမှ သူက ဆက်ပြော၏။
"ငါတို့မိဘတွေက အစောကြီးဆုံးပါးသွားကြတယ်။ အဲဒါကြောင့် ငယ်ငယ်တည်းက ရှိုးယန်နဲ့ အပြန်အလှန်မှီခိုပြီး ကြီးပြင်းလာရတာ။ ဒီနှစ်တွေအများကြီးထဲ ဘေးလူတွေရဲ့အမြင်မှာ ငါကလုရှိုးဝမ်မဟုတ်ဘူး။ အမွှာနှစ်ယောက်ထဲက အစ်ကိုပဲ။ ဂိုဏ်းချုပ်အတွက်တောင်မှပေါ့ .... သူက ငါ့ရဲ့ဆရာဖြစ်နေတာတောင် ငါနဲ့ရှိုးယန်ကို ရောနေတုန်းပဲလေ။"
"တကယ်တော့ မျက်နှာပဲတူတာမဟုတ်လား။ ရှိုးယန်က အဖြူဝတ်ရတာကို သဘောကျတယ်။ ငါက အနက်ရောင်ဝတ်ရတာကို သဘောကျတယ်။ ရှိုးယန်က စပ်တဲ့အစားအသောက်တွေကိုနှစ်သက်ပေမဲ့ ငါက ထိတောင်မထိဘူး။ ရှိုးယန်က လူတွေကို အယုံလွယ်တယ်။ ငါကတော့ ပင်ကိုယ်ဗီဇကိုက သံသယများတယ်။ ရှိုးယန်က နူးညံ့ပြီးကြင်နာတတ်တယ်။ ငါကတော့ ... အဟင်း၊ ရက်စက်ကြမ်းကြုတ်တယ်လေ။"
"ငါ ရှိုးယန်ရဲ့အဝတ်တွေကိုယူဝတ်ပြီး သူ့လိုဟန်ဆောင်ရင်း လူတွေကိုလိမ်တာက ဘယ်သူများမှတ်မိနိုင်မလဲဆိုတာ သိချင်လို့ပဲ။"
လုရှိုးဝမ်က ရုတ်တရက် ခေါင်းမော့လိုက်ပြီး သွမ့်လင်၏မျက်ဝန်းများကို စိုက်ကြည့်လာသည်။
"ငါက ဒီလောကကြီးထဲမှာ ငါ့ကို နှစ်ယောက်မရှိ၊ ပြိုင်ဖက်ကင်းတယ်လို့ ခံစားမိတဲ့သူကို ရှာချင်ခဲ့တာ"
သွမ့်လင်၏နှလုံးသားက ပြင်းထန်စွာခုန်လှုပ်နေလျက် မေးလိုက်မိသည်။
"နောက်တော့ရော၊ အဲဒီလူကို ခင်ဗျားရှာတွေ့ခဲ့လား"
အခန်းထဲတွင် တိတ်ဆိတ်သွားပြီး အသက်ရှူသံတို့ကို အပြန်အလှန်ရှင်းလင်းစွာ ကြားနေရသည်။
လုရှိုးဝမ်က စကားဆိုရန်ပြင်လိုက်စဥ် အပြင်ဘက်မှ သမားတော်ဝေ့က အော်ခေါ်လာ၏။
"သွမ့်မျိုးရိုးလေး၊ ငါ့ကို ပစ္စည်းတွေလာကူသယ်ဦး"
သမားတော်ဝေ့က မြို့မှပြန်လာချိန်တွင် နှစ်ကူးအတွက် ပစ္စည်းပစ္စယများစုံစုံလင်လင် ဝယ်ယူလာခဲ့၏။ သွမ့်လင်က လုရှိုးဝမ်နှင့်အတူ သူ့အိမ်တွင် တည်းခိုနေခဲ့ပြီး သူ့ကို ဆေးကုပေးရန်လည်း တောင်းဆိုထားသေးသည်။ ထို့ကြောင့် လက်တိုလက်တောင်းတော့ ကူညီပေးရမည်သာ။
သွမ့်လင်ကပြန်ထူးလိုက်ပြီး သမားတော်ဝေ့ကို ကူပေးရန် မထချင်ထချင်ဖြင့် ထသွားရတော့သည်။
လုရှိုးဝမ်ကမူ ပြတင်းပေါက်ရှိရာကို မှီလျက် အပြင်သို့ငေးကြည့်နေခဲ့၏။
နှစ်ဦးသား ပစ္စည်းများကို အခေါက်ခေါက် သယ်ယူနေရာချနေကြပြီး ပစ္စည်းအများစုမှာ လုရှိုးဝမ်အတွက်ဖြစ်သည်။ သွမ့်လင်က မနေနိုင်စွာ လုရှိုးဝမ်ရှိရာသို့ မကြာခဏလှည့်ကြည့်မိနေ၏။
လုရှိုးဝမ်က သူ့ကို အမှောင်ထဲမှကြည့်ကာ ပြုံးလိုက်သည်။
"ရှာတွေ့ခဲ့တယ်"
သူက တစ်ကိုယ်တည်းရေရွတ်သည့်နှယ် တီးတိုးဆိုပြီး အသာရယ်သည်။ ထို့နောက် ခပ်ပေါ့ပေါ့လေသံကိုပြောင်းလိုက်ပြီး ညင်သာစွာဆို၏။
"ဒါပေမဲ့ သူက တခြားလူကို ချစ်မိနေနှင့်ပြီ"
သွမ့်လင်က သမားတော်ဝေ့ကိုကူပြီးပြန်လာသောအခါ လုရှိုးဝမ်က ကုတင်ပေါ်တွင် အိပ်ပျော်နေပြီဖြစ်သည်။ သူက ယခုတလောတွင် လန်းလန်းဆန်းဆန်းမရှိပါဘဲ အချိန်အများစုက အိပ်ပျော်ရင်းသာ ကုန်ဆုံးသွားတတ်၏။
မကြာသေးမီက လုရှိုးဝမ်ပြောခဲ့သည့်စကားတို့ကို သွမ့်လင်မှတ်မိနေသေးသည်။ သူ့နှလုံးသားထဲတွင် အနည်းငယ်ခန့်မှန်းမိနေပြီး အဖြေကိုသိချင်သော်ငြား သိရမည်ကိုလည်း ကြောက်ရွံ့နေမိသည်။ သူက ကုတင်ဘေးတွင် အချိန်အတန်ကြာရပ်နေခဲ့ပြီးမှ အခန်းသို့ပြန်၍ အနားယူလေ၏။
ထိုညက သူအိပ်မက်မက်ခဲ့သည်။
အိပ်မက်ထဲတွင် ကောင်းကင်ပြင်က ဆည်းဆာရောင်လွှမ်းနေခဲ့၏။ သူက ဝေ့အိမ်တော်၏တံခါးကိုဖွင့်ဝင်လိုက်ချိန်တွင် လူတစ်ယောက်က ကျောက်စားပွဲတွင်ထိုင်လျက် ဗျပ်စောင်းကို တီးခတ်နေခဲ့သည်။
ဗျပ်စောင်းသံက ကျပန်းပေါ်ထွက်နေပြီး စည်းချက်မမှန်ချေ။
သွမ့်လင် ကြားသည်နှင့် သိလိုက်သည်။ လုရှိုးဝမ်က တစ်ဖန်ထပ်၍ ညီဖြစ်သူအယောင်ဆောင်နေပြန်လေပြီ။ သူ တစ်လှမ်းချင်းလျှောက်သွားလိုက်သောအခါ ထိုလူက အမှန်ပင်လှည့်ကြည့်လာ၏။ သူ၏မျက်နှာသွင်ပြင်က ပန်းချီကားတစ်ချပ်နှယ် ချောမောလှပ၍ မျက်လုံးများက ရေပြင်အလား ကြည်လင်နေသည်။
"အားလင်"
သူက လက်ကိုဆန့်ထုတ်၍ သွမ့်လင်၏ခါးကိုဖက်လိုက်ပြီး လုရှိုးယန်၏လေသံနှင့် ခေါ်လိုက်သည်။ သို့သော် အသံက အနည်းငယ်ပို၍နက်ရှိုင်းပေ၏။
သွမ့်လင် တွေးလိုက်သည်။ သူအဘယ်ကြောင့် မမှတ်မိဘဲနေပါအံ့။
"အားလင်၊ ငါ မင်းကို ဘယ်လောက်လွမ်းနေခဲ့ရလဲ သိရဲ့လား..."
သွမ့်လင်က ကိုယ်ကို တဖြည်းဖြည်းကိုင်းညွှတ်လိုက်သည်။
လုရှိုးဝမ်က ခေါင်းမော့ကာ သူ့နှုတ်ခမ်းကို နမ်းလိုက်၏။
သူတို့နှစ်ဦး၏နှုတ်ခမ်းတို့ ထိတွေ့လုဆဲဆဲအချိန်တွင် သွမ့်လင် မျက်နှာလွှဲလိုက်သင့်ကြောင်း ကိုယ့်ကိုယ်ကိုယ်သိသည်။ သို့သော် လုရှိုးဝမ်က သူ့ကို မျက်လွှာပင့်ကြည့်ရင်း အပြုံးနှင့်အတူ ခေါ်လိုက်၏။
"ရှစ်တိ"
သွမ့်လင်၏ရင်ခုန်သံက အမှားမှားအယွင်းယွင်းဖြစ်ကာ အဆုံးတွင် အကြည့်မလွှဲရက်ခဲ့ပေ။
လုရှိုးဝမ်၏ နွေးထွေးသောနှုတ်ခမ်းနှစ်လွှာက သူ့နှုတ်ခမ်းများကို ညင်သာစွာထိတွေ့လာပြီး .....
'ဒုန်း!'
သွမ့်လင်၏မျက်လုံးများက ဆတ်ခနဲပွင့်သွားပြီး အိပ်မက်မှ လန့်နိုးလာသည်။ နံဘေးအခန်းဆီမှထွက်လာသောအသံကြောင့် လန့်နိုးလာခြင်းဖြစ်ပြီး နှလုံးခုန်သံကမြန်ဆန်လွန်းလျက် အိပ်မက်ထဲမှ ချက်ချင်းရုန်းမထွက်နိုင်သေးပေ။
သို့သော် သူ့နံဘေးအခန်းတွင် လုရှိုးဝမ်ရှိနေကြောင်း ချက်ချင်းသတိရသွားသည်။
သွမ့်လင်က အဝတ်ပင်ပြန်မဝတ်နိုင်ဘဲ အပေါ်ရုံတစ်ထည်ကိုဖြစ်သလိုခြုံ၍ အပြေးထွက်လာခဲ့၏။ မိုးသောက်ချိန်ရောက်ပြီဖြစ်၍ ပြတင်းအပြင်မှ မှိန်ပျပျအလင်းရောင်က အခန်းထဲသို့ကျရောက်နေသည်။ သွမ့်လင်က တံခါးကို တွန်းဖွင့်လိုက်သောအခါ လုရှိုးဝမ်က ကြမ်းပေါ်တွင်ထိုင်လျက်ရှိနေပြီး ကိုယ်ပေါ်တွင် အဝတ်ပါးတစ်ထည်သာရှိ၍ မျက်နှာကအနည်းငယ်ရှုပ်ထွေးနေသည်။
သွမ့်လင်က အမြန်ပြေးသွားကာ သူ့ကိုလက်မောင်းမှဆွဲထူပေးရင်း -
"ဘာဖြစ်လို့လဲ။ ကိုယ်ထဲကအဆိပ်တွေ ဖောက်လာပြန်ပြီလား။"
"ရှစ်တိ...."
လုရှိုးဝမ်က မျက်တောင်အမြန်ခတ်လိုက်ပြီး ဝေဝါးနေသည့်အမူအရာက တဖြည်းဖြည်းပျောက်ကွယ်သွားသည်။
"ဘာမှမဖြစ်ပါဘူး။ ငါအိပ်မက်မက်ရင်း သတိလက်လွတ်ဖြစ်ပြီး ကုတင်ပေါ်ကပြုတ်ကျတာ။"
သူလည်း အိပ်မက်မက်သည်။ မည်သို့သောအိပ်မက်ကို မက်ခဲ့ပါသနည်း။
သွမ့်လင်က ဆက်ပြီးမမြိုသိပ်နိုင်တော့ဘဲ လုရှိုးဝမ်ကို ကုတင်ပေါ်တွင် ပြန်ထိုင်ရန် ကူပေးရင်း မေးလိုက်သည်။
"မနေ့ညက ခင်ဗျားပြောတဲ့စကား..."
"အွန်း"
"ခင်ဗျားရှာချင်တယ်လို့ ပြောတဲ့လူလေ...."
"အဲဒီလိုလူမရှိဘူး"
လုရှိုးဝမ်က အမြန်ဖြေလိုက်သည်။
"ငါရှာမတွေ့ဘူး"
သွမ့်လင် မှင်သက်သွားသည်။
လုရှိုးဝမ်က ဆက်ပြောလာ၏။
"ရှစ်တိရဲ့အမြင်ကလည်း မဆိုးလှပါဘူး။ ဒါပေမဲ့ လွဲခဲ့ဖူးတာကတော့ နှမြောစရာပဲ။"
သွမ့်လင်က အနည်းငယ်မယုံကြည်နိုင်ဖြစ်နေသည်။
"ဘယ်အချိန်ကလဲ"
လုရှိုးဝမ်က တခဏရပ်သွားပြီး နှုတ်ခမ်းထောင့်လေးများကိုကော့ညွှတ်၍ ပြုံးလိုက်သည်။
"မင်းခန့်မှန်းကြည့်လေ"
ဆန်းကြယ်လှစွာ သွမ့်လင်၏စိတ်ထဲတွင် အနည်းငယ်ထိုင်းမှိုင်းသွားခဲ့၏။
သူထင်ခဲ့သည်က .....
ဟက်.. လုရှိုးဝမ်က အဓိပ္ပာယ်နှစ်ခွရှိသည့်စကားတို့ကို အမြဲပြော၍ သွမ့်လင်လည်း အထင်မှားခဲ့မိခြင်းဖြစ်မည်။
သွမ့်လင်က စကားမဆိုတော့ဘဲ လုရှိုးဝမ်ကို စောင်ခြုံပေးပြီး ပြန်လှည့်ထွက်မည်အပြုတွင် လုရှိုးဝမ်က သူ့ကို ခေါ်လိုက်၏။
"ရှစ်တိ၊ ဘယ်အချိန်ရှိသွားပြီလဲ"
သွမ့်လင်က အပြင်ဘက်ကိုလှမ်းကြည့်ရင်း ဖြေလိုက်သည်။
"မိုးလင်းစပြုနေပြီ။ အရုဏ်တက်ချိန်လောက်ရှိရောပေါ့။ ဘာဖြစ်လို့လဲ။"
"ဘာမှမဖြစ်ပါဘူး"
လုရှိုးဝမ်၏မျက်ဝန်းတစ်စုံက နက်မှောင်နေပြီး သွမ့်လင်ရှိရာသို့ကြည့်ရင်း ပြောသည်။
"အချိန်စောသေးတယ်။ ရှစ်တိ ပြန်အိပ်လိုက်ပါဦး"
"အွန်း၊ ခင်ဗျားရောပဲ"
သွမ့်လင်က ထိုသို့ပြောလိုက်သော်လည်း အခန်းရှိရာပြန်သွားပြီးနောက် အိပ်မပျော်တော့ချေ။ ထို့ကြောင့် အဝတ်အစားလဲကာ ခြံထဲတွင်ဓားသိုင်းကျင့်ရန် ထွက်လာခဲ့လိုက်သည်။
သို့ရာတွင် သူ့နှလုံးသားက ငြိမ်သက်သွားခြင်းမရှိဘဲ ထိုအိပ်မက်ကိုသာ တဝဲလည်လည်ပြန်တွေးနေမိ၏။
အိပ်မက်ထဲတွင် လုရှိုးဝမ်၏အနမ်းကို သူ မရှောင်ဖယ်ခဲ့ပေ။
အဘယ်ကြောင့်ပါနည်း။
သွမ့်လင်၏စိတ်က မတည်ငြိမ်နိုင်သေးသော်လည်း ဓားသိုင်းကျင့်ပြီးနောက် လုရှိုးဝမ်အတွက် မနက်စာပြင်ပေးရန် ပြန်ဝင်လာခဲ့သည်။ ဆန်ပြုတ်ကို သူကိုယ်တိုင်ပြုတ်ပေးခဲ့သော်လည်း လုရှိုးဝမ်က အနည်းငယ်မျှသာစားသည်။ တစ်လုတ်နှစ်လုတ်စားပြီးနောက် ခံတွင်းမတွေ့ဟုဆိုကာ တူကိုပစ်ချလိုက်၏။
သွမ့်လင်က ထူးဆန်းနေသလိုခံစားရသည်။ လုရှိုးဝမ်၏ မျက်နှာအမူအရာအသေးစိတ်မှအစ လှုပ်ရှားမှုတို့အဆုံး အရာအားလုံးက အနည်းငယ်ခြားနားနေသည်။ သို့သော် မည်သည့်နေရာက လွဲမှားနေကြောင်းကိုလည်း သူမပြောနိုင်ပေ။
လုရှိုးဝမ်၏ကိုယ်တွင်းမှအဆိပ်များ တစ်ဖန်ထပ်ဖောက်နေမည်ကိုစိုးရိမ်မိ၍ သမားတော်ဝေ့ကိုခေါ်ကာ စမ်းသပ်ခိုင်းသော်လည်း ထူးခြားမှုမရှိပေ။
သို့ဖြင့် တစ်မနက်ကုန်လွန်သွားသည်။ နေ့လယ်ပိုင်းတွင် သွမ့်လင်က သမားတော်ဝေ့ကို ဆေးမြစ်များ ကူခွဲပေးပြီး ပြန်ဝင်လာသောအခါ လုရှိုးဝမ်က ပုံမှန်အတိုင်း ပြတင်းပေါက်နံဘေးတွင်ထိုင်၍ စာဖတ်နေသည်ကို မြင်လိုက်ရ၏။ ထိုအခါမှသာ သူလည်း သက်ပြင်းချနိုင်တော့သည်။ သို့သော် မျက်လုံးအကြည့်ကိုတစ်ချက်အရွှေ့တွင် လုရှိုးဝမ်၏လက်ထဲမှစာအုပ်ကို မြင်လိုက်ချိန်၌ သူ့နှလုံးခုန်သံကရပ်တန့်သွားပြီး နေရာတွင်အေးခဲသွားတော့သည်။
လုရှိုးဝမ်၏လက်ထဲမှစာအုပ်က ပြောင်းပြန်ဖြစ်နေခဲ့၏။
သို့သော် သူက သိဟန်မတူဘဲ ခေါင်းငုံ့၍ စာအုပ်ကို လေးလေးနက်နက်ဖတ်နေကာ ခဏအကြာတွင် တစ်မျက်နှာလှန်လိုက်ပြီး ဆက်၍ဖတ်သည်။
တခဏမှင်သက်သွားပြီးနောက် အရာအားလုံးကို သွမ့်လင် နားလည်လိုက်သည်။ သူက တမင်တကာခြေကိုဖွနင်း၍ လုရှိုးဝမ်၏နံဘေးသို့လျှောက်သွားပြီး မျက်လုံးရှေ့တွင် လက်ဖြင့်ကာလိုက်သည်။
လုရှိုးဝမ်က သတိမထားမိဘဲ စာဖတ်ခြင်းကိုသာ စိတ်နှစ်ထား၏။
သူ၏မည်းနက်နေသည့် မျက်လုံးလေးများကို ငေးကြည့်ရင်း သွမ့်လင်၏နှလုံးသားထဲတွင် စူးအောင့်ကာ နာကျင်လာရသည်။ အသက်ပင်မရှုနိုင်တော့ချေ။
သူကုတင်ပေါ်မှ ပြုတ်ကျသည်က မထူးဆန်းပေ။ တူကို ပစ်ချမိသည်ကလည်း မထူးဆန်းပေ.... ထူးဆန်းနေခဲ့သည့် အမူအရာများအားလုံးက ဤလျှို့ဝှက်ချက်ကို ဖုံးကွယ်ထားရန်သာဖြစ်၏။
သွမ့်လင်က လုရှိုးဝမ်၏နံဘေးတွင် အချိန်ကြာမြင့်စွာ ရပ်ရင်း ငေးကြည့်နေခဲ့ပြီးလေမှ အသံထွက်၍ခေါ်လိုက်သည်။
"လုရှိုးဝမ်"
လုရှိုးဝမ်က ထိတ်လန့်သွားကာ ခေါင်းမော့ကြည့်လာပြီး သူ့မျက်နှာက အနည်းငယ်ရှုပ်ထွေးနေသည်။ သို့သော် သူကချက်ချင်းဖုံးကွယ်လိုက်ပြီး ပြုံးရင်း ဆို၏။
"ရှစ်တိ ဘယ်အချိန်ကရောက်လာတာလဲ။ အသံတောင်မကြားမိပါလား။"
"အကယ်၍ အသံမထွက်ရင် ကျွန်တော်လာမှန််း ခင်ဗျားမသိတော့ဘူးလား။"
သွမ့်လင်က နင့်နင့်နဲနဲ ထုတ်မေးလိုက်သည်။
"ခင်ဗျားရဲ့မျက်လုံးတွေ... မမြင်ရတော့ဘူးမဟုတ်လား"
လုရှိုးဝမ်က တခဏငြိမ်သက်သွားပြီး သွမ့်လင်ကို ငေးငိုင်၍စိုက်ကြည့်နေသည်။ ထိုအကြည့်များက သူ့ကိုယ်ပေါ်တွင်ရှိနေသည့်တိုင် လစ်ဟာလျက် အသက်ကင်းမဲ့နေပြီး ယခင်နှင့်လွန်စွာခြားနားလှပေသည်။
ထို့နောက် လုရှိုးဝမ်က သက်ပြင်းရှိုက်လိုက်ပြီး စာအုပ်ကိုနံဘေးသို့ချရင်း ပြောသည်။
"ဒီလောက်မြန်မြန်သိသွားလိမ့်မယ်လို့ ထင်မထားဘူး"
"ဘယ်အချိန်တည်းကလဲ"
"ဒီမနက်မိုးလင်းမှပါ။ အိပ်ရာကနိုးလာတော့ သေချာမမြင်ရတော့လို့ ကုတင်ပေါ်က ပြုတ်ကျသေးတယ်။ နောက်တော့ မင်းကိုမေးကြည့်မှ မိုးလင်းနေပြီမှန်းသိရတာပဲ။"
သူက မမြင်နိုင်တော့သည်တိုင် သွမ့်လင်ရှိရာသို့ ခေါင်းမာစွာ စိုက်ကြည့်နေပြီး ပြုံးရင်းပြောလာ၏။
"နှမြောစရာကောင်းလိုက်တာ။ နောက်ဆိုရင် ရှစ်တိရဲ့ မျက်နှာလှလှလေးကို မမြင်နိုင်တော့ဘူးပဲ"