ကျိုးပဲ့သစ်ကိုင်းငယ်

Galing kay cherry_yuyi

53.3K 5.1K 755

ဆယ်နှစ်အကြာမှာ ရန်သူဟောင်းဟာ သွမ့်လင်ရဲ့ လက်ထဲကို ကျရောက်လာခဲ့တယ်။ သို့ပေမဲ့လည်း ....... ဆယ္ႏွစ္အၾကာမွာ ရန္သူ... Higit pa

Description [Unicode]
အပိုင်း (၁) Unicode
အပိုင်း (၂) Unicode
အပိုင်း (၃) Unicode + Manhua
🚨 အပိုင်း (၄) Unicode
အပိုင်း (၆) Unicode
အပိုင်း (၇) Unicode
အပိုင်း (၈) Unicode
အပိုင်း (၉) Unicode
အပိုင်း (၁၀) Unicode
အပိုင်း (၁၁) Unicode
အပိုင်း (၁၂) Unicode
အပိုင်း (၁၃) Unicode
အပိုင်း (၁၄) Unicode
🚨 အပိုင်း (၁၅) Unicode
အပိုင်း (၁၆) Unicode
အပိုင်း (၁၇) Unicode
Description [Zawgyi]
အပိုင်း (၁) Zawgyi
အပိုင်း (၂) Zawgyi
အပိုင်း (၃) Zawgyi + Manhua
🚨 အပိုင်း (၄) Zawgyi
အပိုင်း (၅) Zawgyi
အပိုင်း (၆) Zawgyi
အပိုင်း (၇) Zawgyi
အပိုင်း (၈) Zawgyi
အပိုင်း (၉) Zawgyi
အပိုင်း (၁၀) Zawgyi
အပိုငျး (၁၁) Zawgyi
အပိုင်း (၁၂) Zawgyi
အပိုင်း (၁၃) Zawgyi
အပိုင်း (၁၄) Zawgyi
🚨 အပိုင်း (၁၅) Zawgyi
အပိုင်း (၁၆) Zawgyi
အပိုင်း (၁၇) Zawgyi

အပိုင်း (၅) Unicode

2.1K 240 12
Galing kay cherry_yuyi

သွမ့်လင် နောက်တစ်နေ့ နိုးလာချိန်တွင် နေမြင့်လှပြီဖြစ်သည်။

သူ့နံဘေးတွင် လူတစ်ယောက်လှဲနေ၏။ ထိုသူက နက်မှောင်သောဆံပင်ရှည်တို့ကို ကုတင်ထက်တွင် ဖြန့်ခင်းထားလျက် လက်တစ်ဖက်ဖြင့်မေးထောက်ကာ သူ့ကို ပြုံးစစကြည့်ရင်း ​ခေါ်လိုက်၏။

"အားလင်"

ပြီးခဲ့သောညက အဖြစ်အပျက်တို့ကို သွမ့်လင် တဖြည်းဖြည်းပြန်လည်မှတ်မိလာသည်။ သူ၏ ရေကဲ့သို့ကြည်လင်တောက်ပနေသော မျက်ဝန်းအကြည့်နှင့် နှုတ်ခမ်းစွန်းမှ ခပ်ရေးရေးအပြုံးကို မြင်သောအခါ မိမိနှလုံးသားထဲမှ လူမဟုတ်ကြောင်း နားလည်သွား၏။ ထိုတခဏတွင် ရေခဲဂူတွင်းကျရောက်သွားသလို သူ အေးစက်သွားခဲ့သည်။

"လုရှိုးဝမ်"

လုရှိုးဝမ်က ညီဖြစ်သူအယောင်ဆောင်နေခြင်းကို သူရိပ်မိကြောင်းသိသောအခါ အံ့သြသွားပြီး ဆိုလာသည်။

"အယ်၊ ရှစ်တိက ငါမှန်းသိနေပြန်ပြီလား"

သွမ့်လင်မှာ ချွေးစို့လာပြီး သူ အိပ်မက်ဆိုးမက်နေခြင်းဖြစ်ရန် ဆုတောင်းနေမိသည်။ သို့သော် နေမြင့်လှပြီဖြစ်ကာ နေရောင်ခြည်က သူ့ကိုယ်ပေါ်သို့ဖြာကျနေသည်။ အိပ်မက်တစ်ခု အဘယ်ဖြစ်နိုင်ပါအံ့။

သူက အသက်ကိုပြင်းပြင်းရှူလိုက်ပြီး တခဏကြာလေမှ ထုတ်မေးလိုက်သည်။

"မနေ့ညက .. ခင်ဗျားလား"

"သေချာပေါက် ငါပဲပေါ့"

လုရှိုးဝမ်က လက်ကိုဆန့်ထုတ်ကာ ရစ်ပတ်နေသော သူတို့နှစ်ဦး၏ဆံချည်မျှင်တို့ကို အသာဖြည်နေသည်။ သူ့အသံက အနည်းငယ်အက်ရှနေပြီး လွန်ခဲ့သောညက အငွေ့အသက်အချို့ကို သယ်ဆောင်လာ၏။

"ရှစ်တိရဲ့အားကတော့ သိပ်မဆိုးလှပါဘူး။ ဒါပေမဲ့ အရည်အချင်းကတော့ ညံ့လွန်းသေးတယ်။ နောက်ကျရင် ရှစ်ရှုန်းက မင်းဖတ်ဖို့ ကာမစပ်ယှက်နည်းစာအုပ်တွေဝယ်ပေးမယ်နော်"

သွမ့်လင်က ထိတ်လန့်ကာ ဒေါသထွက်နေပြီး စနောက်နေသည်ကိုပင် ဂရုမထားနိုင်တော့ပေ။ ထိုလူနှင့် အဝေးကိုသာ အမြန်ဆုံးထွက်သွားချင်မိနေသည်။ သူက ကြမ်းပေါ်တွင်ချွတ်ချထားသည့် နှစ်ဦးသား၏အဝတ်များကိုမြင်သောအခါ ကြုံရာကောက်ဆွဲ၍ဝတ်လိုက်၏။ ကံဆိုးလှစွာ သူဝတ်မိသည်က လုရှိုးဝမ်၏အဝတ်ဖြစ်နေတော့သည်။ ​သွမ့်လင်မှာ အဆိပ်ရှိသည့်မြွေ အပေါက်ခံလိုက်ရသည့်နှယ် အဝတ်ကိုအမြန်ပြန်ချွတ်က ခြေထောက်ဖြင့်နှစ်ကြိမ်တက်နင်းလိုက်၏။

လုရှိုးဝမ်က သူ့ကိုကြည့်ရင်း မထိန်းနိုင်စွာရယ်တော့သည်။

သွမ့်လင်က ပိုစိတ်ရှုပ်လာပြီး အဝတ်ကိုအမြန်ပြန်ဝတ်ကာ သူ့ကိုကြည့်ရင်းပြောလိုက်၏။

"လုရှိုးဝမ်! ခင်ဗျားဘာကြောင့်... ဘာကြောင့်..."

သူ့စကားက အတန်ကြာအောင် တစ်ဆို့နေပြီး ထုတ်ပြောရန် ထွက်မလာချေ။

လုရှိုးဝမ်က သူ့ကို အခွင့်ကောင်းယူခဲ့သည်ဟုပြောလျှင် မည်သူကယုံပါမည်နည်း။ ထို့အပြင် အစပျိုးခဲ့သူမှာလည်း သူကိုယ်တိုင်ဖြစ်နေသည်။ သို့သော် သူက အရက်မူး၍လူမှားခဲ့ခြင်းဖြစ်ပြီး လုရှိုးဝမ်ကလည်း မည်သို့သောရည်ရွယ်ချက်နှင့်မသိ၊ လုရှိုးယန်အသွင်ယူကာ သူ့ကိုလှည့်ဖျားခဲ့ခြင်းပင်။

"ဘာလို့လဲ။ ရှစ်တိက ငါ့ကိုမကျေနပ်လို့လား။ မနေ့ညက မင်းကိုယ်တိုင် ငါ့ကိုလိုချင်ခဲ့တာနော်"

လုရှိုးဝမ်က သူ့မျက်နှာမည်းနှောင်နေသည်ကို မြင်သောအခါ စိုးရိမ်သွားသည့်အလားပြောလာ၏။

"ရှစ်တိ မဟုတ်မှလွဲရော ငိုယိုပြီး ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်တော့မလို့လားဟင်။ မိန်းမပျိုလေးလည်းမဟုတ်ဘဲနဲ့ကို။ မင်းရဲ့ဖြူစင်မှုအတွက် ငါ့ကို တာဝန်ယူစေချင်လို့များလား"

သူကပြောရင်း အသာရယ်လိုက်သည်။

"ရှစ်တိက ငါတာဝန်ယူမှဖြစ်မယ်ဆိုလည်း မရတာမဟုတ်ပါဘူး။ ဒါပေမဲ့ ငါက ကြာကြာမနေရတော့ဘူးလေ။ မင်း မုဆိုးမလေးဖြစ်ကျန်ခဲ့မှာကိုတော့ မကြည့်ရက်ဘူးရယ်"

သူ့အပြုအမူနှင့် လေယူလေသိမ်းက လူယုတ်မာနှင့် ထူးမခြားနားတော့။

သူက ကုတင်ထက်တွင် မလှုပ်မယှက်လှဲနေခဲ့ပြီး ကိုယ်ပေါ်တွင် ခြုံထားသည့်စောင်က ရင်ဘတ်တစ်ဝက်ခန့်ကိုလှစ်ဟပြနေသည်။ ထိုရင်ဘတ်ပေါ်မှ နီစွေးစွေးအမှတ်အသားတို့သည်ကား လွန်ခဲ့သောညက အရိုင်းဆန်ခဲ့ခြင်းတို့၏သက်သေပင်။

သွမ့်လင်က သည်းမခံနိုင်တော့စွာ အခန်းထဲမှ အမြန်ထွက်လာခဲ့သည်။ ခပ်ဝေးဝေးသို့ရောက်သည်အထိ လုရှိုးဝမ်၏ရယ်သံကို ကြားနေရဆဲ။

သူအိပ်ရာထနောက်ကျသဖြင့် လုရှိုးဝမ်ကိုမတွေ့ရချေ။ ထို့ကြောင့် စမ်းချောင်းနံဘေးတွင် တစ်ကိုယ်တည်းဓားသိုင်းကျင့်နေခဲ့၏။ ပုံမှန်ဆိုလျှင် သူမည်မျှစိတ်ရှုပ်ထွေးနေကာမူ ဓားသိုင်းကျင့်ပြီးလျှင် တည်ငြိမ်မှုပြန်ရနိုင်၏။ သို့သော် ယနေ့တော့ သူ့စိတ်နှလုံးက မတည်ငြိမ်နိုင်ဘဲ မျက်လုံးမှိတ်လိုက်သည်နှင့် ကုတင်ထက်မှလုရှိုးဝမ်၏ပုံရိပ်တို့ကို ပြန်မြင်ယောင်လာသည်။

တကယ်တမ်းတွင် မူမမှန်သည်ကို သူခံစားမိခဲ့သင့်သည်။ ရှိုးယန်က ထိုသို့သောပုံစံအဘယ်ဖြစ်နိုင်ပါမည်နည်း။ ထိုဒုက္ခအိုးလုရှိုးဝမ်သာလျှင် ကုတင်ထက်တွင် ထိုသို့ပြုမူနိုင်သည်လေ...

ထိုသူ၏ စိုစွတ်နေသောမျက်ဝန်းတို့ကိုပြန်မြင်ယောင်မိသောအခါ သူ့ခန္ဓာက တဖန်ပူပြင်းတောက်လောင်လာ၏။

သူ့စိတ်ကိုပြန်လည်စုစည်းကာ စိတ်အမှောင်အမိုက်တို့ဖြစ်မိ၍ ကိုယ့်ကိုယ်ကိုယ်ဆဲရေးလိုက်မိသည်။ ထို့နောက် အေးစက်နေသောရေကိုသုံး၍မျက်နှာသစ်လိုက်သည်။ ဓားသိုင်းပြန်ကျင့်ချိန်တွင် ဓားချက်များက လေပြင်းတိုက်သည့်နှယ် ပြင်းထန်လှပြီး သူ့ရှေ့တွင်လုရှိုးဝမ်သာရှိနေခဲ့လျှင် ဆယ်ပိုင်းပိုင်းမိပြီးသားဖြစ်သွားလောက်သည်။

ဓားသိုင်းကျင့်ပြီးနောက် သွမ့်လင်၏ရင်တွင်းမှဒေါသစိတ်က အနည်းငယ်ငြိမ်သက်သွား၏။

သူ့တွင်နည်းလမ်းမရှိသည်တော့မဟုတ်ပေ။ လုရှိုးဝမ်ကို အရှက်မရှိ​သူဟု ပြောဆိုကာ ဓားဖြင့်ခုတ်ပိုင်းသတ်လိုက်လျှင်လည်း ရပါ၏။ သို့သော် သူတို့မျက်နှာချင်းဆိုင်လိုက်သည်နှင့် နှစ်ဦးစလုံးအနေခက်ကြရလိမ့်မည်။ သွမ့်လင်စဥ်းစားမိသည့် တစ်ခုတည်းသောနည်းလမ်းမှာ လုရှိုးယန်ကို အမြန်ဆုံးနှုတ်ဆက်၍ပြန်ရန်ဖြစ်၏။ သူ့အနေဖြင့်လည်း ဤနေရာ၌ဆက်နေပြီး လုရှိုးယန်တို့မိသားစု ပျော်ရွှင်သင့်မြတ်နေသည်ကိုကြည့်ကာ စိတ်ဆင်းရဲဒုက္ခမရောက်လိုပါချေ။

သွမ့်လင်က စိတ်ပိုင်းဖြတ်လိုက်ပြီး ဓားကိုပြန်သိမ်းကာ အိမ်ထဲသို့ပြန်ဝင်လာခဲ့၏။ သို့သော် မထင်မှတ်ဘဲ နေ့လယ်ခင်းထိတိုင်အောင် လုရှိုးယန်က ပြန်ရောက်မလာသလို လုရှိုးဝမ်ကလည်း ထမင်းထွက်မစားပေ။

သွမ့်လင်က သခင်မလုကို ​မေးကြည့်လိုက်လေမှ လုရှိုးဝမ် ဖျားနေကြောင်း သိရတော့သည်။

"အစ်ကိုကြီးက မနက်တည်းက လန့်စရာကောင်းလောက်အောင် ကိုယ်တွေအရမ်းပူနေတာတဲ့။ အဲဒါကြောင့် ယောက်ျားက တောင်ပေါ်မှာ ဆေးမြစ်သွားရှာနေတာပါ။"

သွမ့်လင်က အနည်းငယ်ကြောင်အသွားသည်။ ပြန်တွေးကြည့်လေမှ လုရှိုးဝမ်က ထင်းတဲထဲတွင် တစ်ညအိပ်ရုံနှင့် ရက်အတန်ကြာနာဖျားခဲ့သူဖြစ်သည်။ ယခုလိုဆိုလျှင် ... အလွန်အကြူးဖြစ်သွားလောက်မည်လား။ သူက မည်သို့မည်ပုံအရူးထနေသည်မသိချေ။ ဤမျှသေလုဆဲဆဲဖြစ်နေသည့်တိုင် ယခုလိုညစ်ညမ်းသည့်အရာများကိုလုပ်ရန် တွေးတောနိုင်သေး၏။

သွမ့်လင်က လုရှိုးဝမ်ကို ထပ်မတွေ့တော့ရန် ကျိန်ဆိုထားခဲ့သည်။ သို့သော် နေမကောင်းဖြစ်နေကြောင်းကြားပြီးနောက် စိတ်ထဲတွင် နေမထိထိုင်မသာဖြစ်လာပြီး အခန်းထဲ၌ ပတ်လျှောက်နေမိ၏။ နောက်ဆုံးတွင်တော့ ကျိန်ဆိုထားမှုကို ချိုးဖောက်ကာ လုရှိုးဝမ်၏အခန်းဆီသို့ ရောက်သွားတော့သည်။

လုရှိုးဝမ်က ကုတင်ပေါ်တွင် အိပ်ပျော်နေဆဲပင်။ ကုတင်က သေးလှသော်လည်း သူက တစ်ဝက်တွင်သာ အိပ်နေ၏။ မနက်မိုးလင်းစဥ်က အနေအထားနှင့်ပင်ဖြစ်ပြီး သွမ့်လင်ထွက်သွားပြီးနောက် မလှုပ်ရှားခဲ့ပုံပေ။ သွမ့်လင် ပြန်တွေးကြည့်လိုက်သောအခါ မိမိကို စနောက်နေစဥ်ကလည်း သူက လှဲနေရာမှမထခဲ့ပေ။ ထိုအချိန်တည်းက အဖျားတက်နေနှင့်ပြီထင်သည်။

သွမ့်လင်၏စိတ်က အနည်းငယ်ရှုပ်ထွေးနေဆဲပင်။ ထိုသူ၏လက်တစ်ဖက်က စောင်ပြင်ထွက်နေ​သည်ကို မြင်သောအခါ စောင်ထဲသို့ပြန်ထည့်၍ခြုံပေးလိုက်၏။

ထိုအချိန်တွင် လုရှိုးဝမ်က အိပ်ပျော်နေခြင်းမဟုတ်ပေ။ သူကမျက်လုံးအသာဖွင့်ကာ သွမ့်လင်ကိုကြည့်လာပြီး မေးသည်။

"ရှစ်တိ ငါ့ကို စိတ်ဆိုးနေသေးလားဟင်"

သွမ့်လင်က အေးစက်စက်ရယ်လိုက်ပြီး -

"ဓားနဲ့တောင် ခုတ်သတ်ချင်နေတာ"

"တစ်ချက်တည်းဆိုရင် ရှစ်တိ စိတ်မကျေနပ်မှာစိုးမိတယ်။ ပိုခုတ်မယ်ဆိုလည်း ကိစ္စမရှိပါဘူး"

လုရှိုးဝမ်က ညင်သာစွာပြောလိုက်သည်။

"ရှစ်တိ၊ အားလုံးက ငါ့အပြစ်တွေပါ။"

လုရှိုးဝမ်ကဲ့သို့ မာနကြီး၍ခေါင်းမာလွန်းသူက ယခုလိုအရှုံးပေးလာသောအခါ သွမ့်လင်၏စိတ်က လွန်စွာလျော့သွားခဲ့သည်။ သို့သော် ထိုသူက ဆက်ပြောလာ၏။

"မနေ့ညက ရှစ်တိက မူးနေတယ်ဆိုတော့ စိတ်ဝင်စားစရာသိပ်ကောင်းမယ်လို့ မထင်ဘူး။ နောက်တစ်ခါ ရှစ်တိမမူးတဲ့အချိန် ထပ်လုပ်ကြတာပေါ့"

သွမ့်လင်က ထိတ်လန့်သွားပြီး ပြောလိုက်သည်။

"ခင်ဗျားက ထပ်လုပ်ချင်သေးတယ်လား"

လုရှိုးဝမ်၏မျက်လုံးများက အရောင်တောက်သွားပြီး -

"အရသာကိုကြိုက်သွားရင် ထပ်မြည်းစမ်းချင်တာ သဘာဝပဲလေ"

သွမ့်လင်က အိပ်ရာဘေးမှ ခုန်ထလိုက်မိပြီး သူနှင့် ခပ်ဝေးဝေးကို ခွာသွားသည်။ မိမိလက်နှင့် ကိုယ်တိုင်လည်ပင်းညှစ်သတ်မိမည်ကို စိုးမိ၍ပင်။

"သူ့ကိုယ်သူ ကြာကြာမနေရတော့လောက်ဘူးလို့ ဘယ်သူပြောတာလဲ။ သေတော့မလို အိပ်ရာထဲလဲနေတာကရော ဘယ်သူလဲ"

လုရှိုးဝမ်က အလျှော့မပေးဘဲ ပြန်ပြောသည်။

"အဲဒါကြောင့်ပဲ အသက်ရှင်တုန်းမှာ စိတ်ပျော်ရွှင်အောင်နေသင့်တာပေါ့"

သွမ့်လင်၏စကားလုံးတို့က တစ်ဆို့သွားပြီး ပြန်မငြင်းနိုင်ခဲ့ပေ။

လုရှိုးဝမ်က အမှန်တကယ်ပင်ပန်းနွမ်းနယ်နေပြီး သူနှင့် တခဏစကားပြောပြီးနောက် ချက်ချင်းဆိုသလိုပြန်အိပ်ပျော်သွားတော့သည်။

လုရှိုးယန်က တောင်ပေါ်တွင် ဆေးမြစ်သွားရှာပြီး သခင်မလုက ချန်အာကို ထိန်းနေ၏။ သွမ့်လင်တစ်ဦးတည်းသာ အလုပ်အားလပ်နေသဖြင့် အိမ်ခန်းထဲတွင် နေနေလိုက်သည်။ လုရှိုးဝမ်က နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်ဘဲ အိပ်နေရင်းပင် မျက်မှောင်ကြုတ်ထားသည်။ သွမ့်လင်က သူ့ကို ရေနှစ်ကြိမ်တိုက်ပြီး စောင်ကိုလည်း လဲပေးခဲ့သေးသည်။ လမ်းတစ်လျှောက်လုံး ပြုစုပေးခဲ့ခြင်းကြောင့် ချောချောမွေ့မွေ့ပင်ဖြစ်နေလေပြီ။

လုရှိုးယန်ပြန်ရောက်လာချိန်တွင် မိုးချုပ်လုနီးပြီဖြစ်၏။

သူက ဆေးမြစ်ကို ကိုယ်တိုင်ကိုယ်ကျပြုတ်သည်။ ထို့နောက် လုရှိူးဝမ်၏ကုတင်ပေါ်တွင် တစ်ညလုံးစောင့်ကြည့်နေခဲ့ပြီး မျက်လုံးများပင် နီရဲနေသည်။

ဤသို့ဖြင့် နှစ်ရက်သုံးရက်လွန်ပြီးနောက် လုရှိုးဝမ်၏ရောဂါအခြေအနေက သက်သာလာသည်ဟုဆိုရမည်။ သူက အနည်းငယ်တက်တက်ကြွကြွပြန်ဖြစ်လာပြီး ညီဖြစ်သူ၏လက်ကိုဆွဲကာပြော၏။

"ရှိုးယန်၊ အစ်ကိုကြီး မင်းကိုပြောစရာရှိတယ်"

လုရှိုးယန်က သွမ့်လင်ကို ခေါင်းမော့ကြည့်လာ၏။

သွမ့်လင်ကလည်း အလိုက်မသိသူမဟုတ်ပေ။ ချက်ချင်းဆိုသလို အခန်းပြင်ထွက်သွားပြီး ညီအစ်ကိုနှစ်ဦးကို သီးသန့်စကားပြောနိုင်ရန် ထားခဲ့လိုက်၏။

သူတို့နှစ်ဦးက အခန်းထဲတွင် အတန်ကြာအောင်စကားပြောနေပြီးနောက် လုရှိုးယန်က အပြင်ထွက်လာကာ ပြော၏။

"အားလင်၊ အစ်ကိုကြီးက မင်းကိုဝင်လာခဲ့ပါတဲ့"

ပြောပြီးနောက် သွမ့်လင်၏ပခုံးကို တစ်ချက်အသာပုတ်သွား၏။

သွမ့်လင်က အနည်းငယ်ရင်တုန်သွားပြီး ထူးဆန်းနေသလိုခံစားလိုက်ရသည်။ အထဲသို့ဝင်သွားပြီးနောက် လုရှိုးဝမ် စပြောလာသည့် စကားသည်ကား -

"ရှစ်တိ၊ ငါ့အတွက် တစ်ခုလောက်လုပ်ပေးပါလား"

သူ့လေသံက လွန်စွာသမရိုးကျဆန်နေ၏။ မိစ္ဆာဂိုဏ်းတွင်ရှိစဥ်က သွမ့်လင်ကို ကြာပွတ်ဖြင့်ညွှန်ကာ 'ရှစ်တိ၊ ငါ့အတွက် ဒါလေးလုပ်ပေးပါဦး' ဟု အပြုံးလေးနှင့် စေခိုင်းစဥ်ကလိုပင်။

တစ်ခါတရံတွင် အဆိပ်ရှိသည့်မြွေကို ဖမ်းခိုင်းခြင်းဖြစ်နိုင်သလို၊ အဆိပ်ရှိသည့်ပိုးကောင်ကို ဖမ်းခိုင်းခြင်းလည်းဖြစ်နိုင်သည်။ ထို့အပြင် ... အမြဲလိုလို သွမ့်လင်ကို ဒုက္ခရောက်စေတတ်၏။ ထိုအချိန်မှစ၍ သွမ့်လင်သိလိုက်ရသည်။ လုရှိုးဝမ်၏အပြုံးက ပို၍လှပလေ၊ တစ်ဖက်လူ၏ ကံဆိုးမိုးမှောင်ကျခြင်းက ပိုကြီးမားလေဖြစ်ကြောင်းကိုပင်။

သို့သော် သွမ့်လင်က အကျင့်ဖြစ်နေပြီးဖြစ်၍ မနေနိုင်ဘဲ မေးလိုက်မိသည်။

"ဘာကိစ္စလဲ"

မေးပြီးလေမှ ကိုယ့်လျှာကိုယ်ပြန်ကိုက်ချင်မိသွားသည်။ အခြေအနေများက ပြောင်းလဲသွားပြီဖြစ်သည်။ သူက အဘယ့်ကြောင့် လုရှိုးဝမ်၏အမိန့်ကို နာခံရဦးမည်နည်း။ တစ်ခုပြီးလျှင်နောက်တစ်ခုဖြင့် သံသရာမဆုံးနိုင်တော့ပေ။

လုရှိုးဝမ်ကမူ သူ့အတွေးများကိုမသိပေ။ သူက ကုတင်ခေါင်းရင်းတွင် ထိုင်လိုက်ရင်း မေးလာ၏။

"ရှစ်တိ ဒီနေရာကနေ ဘယ်တော့ထွက်သွားမှာလဲ"

"အစောတည်းက ပြန်မလို့ကို ခင်ဗျားဖျားလို့လေ။ ရှိုးယန်အလုပ်ရှုပ်မှာစိုးလို့ ရက်ပိုင်းလောက် ဆက်နေနေတာ"

"မင်းပြန်ရင် ငါ့ကိုလမ်းကြုံခေါ်သွားပေးပါ"

သွမ့်လင်က ​အံ့အားသင့်သွားပြီး -

"ခင်ဗျားကို ရှိုးယန်တို့နဲ့ဆက်နေမယ်ထင်နေတာ"

"အစက အဲဒီလိုတွေးထားတာပါပဲ။ ဒါပေမဲ့ ငါ ဒီလောက်ဖျားရုံလေးနဲ့တောင် သူပြာယာခတ်နေရှာတာ။ အဆိပ်သာဖောက်လာရင် အစိုးရိမ်လွန်ပြီး သေသွားလောက်မလားပဲ။ ရှိုးယန်ကို စိတ်မပူစေချင်လို့ စောစောထွက်သွားတာကောင်းမယ်လို့ တွေးမိတယ်"

"ဒါပေမဲ့ ခင်ဗျားမှာ မိဘဆွေမျိုးမှမရှိပဲ။ တစ်ယောက်တည်း ဘယ်မှာသွားနေမှာလဲ။"

လုရှိုးဝမ်က စကားမပြောဘဲ ပြုံးယောင်သမ်းနေသောမျက်ဝန်းများဖြင့် သွမ့်လင်ကိုကြည့်လာသည်။

သွမ့်လင် မျက်ခုံးလှုပ်လာသလို ခံစားမိသွား၏။

"ရှစ်တိရဲ့အိမ်က အကြီးကြီးမဟုတ်ဘူးလား။ တစ်ယောက်စာလောက် ပိုကျွေးရလည်း ပြဿနာမရှိဘူးလားလို့လေ"

"......"

ဤသည်ကား ဆိုရိုးတစ်ခုနှင့်တူမည်ထင်၏။ 'နတ်ပင့်ရာတွင် အပင့်လွယ်၍ အပို့ခက်သည်' ဆိုသော ဆိုရိုးပင်။

လုရှိုးဝမ်၏ သွမ့်လင်၏အခက်တွေ့နေသောမျက်နှာကို မကြည့်ရက်တော့၍ထင်သည်။ သူက ဆက်ပြောလာ၏။

"ငါက စနောက်လိုက်ရုံပါ။ ရှစ်တိက ငါ့ကို ဒီတောင်ကြားကျော်တဲ့အထိ ခေါ်သွားပေးရင်ရပါပြီ။ အနီးအနားကမြို့မှာ အိမ်တစ်လုံးငှားပြီး အစေခံတစ်ယောက် ဝယ်လိုက်ရင် လနည်းနည်းလောက်ကတော့ အဆင်ပြေသွားမှာပါ။"

သွမ့်လင်က မတင်မကျဖြစ်စွာ မေးလိုက်သည်။

"ရှိုးယန်က စိတ်ချပါ့မလား"

"ငါက ရှစ်တိနဲ့အတူ နာမည်ကျော်သမားတော်ဆီသွားမှာလို့ ရှိုးယန်ကို ပြောလိုက်တယ်။ ရှစ်တိသာရှိနေရင် သူသေချာပေါက်စိတ်ချပါတယ်။"

"......ခင်ဗျား.. ရှိုးယန်ကိုလည်း လိမ်လိုက်တာလား"

လုရှိုးဝမ်က အဓိပ္ပာယ်ပါပါဆို၏။

"အွန်း၊ ရှိုးယန်က ငါ့ရဲ့ညီလေးပဲလေ။ အဲဒါကြောင့် ပိုလို့တောင် လိမ်​သင့်သေးတယ်။"

သွမ့်လင်က တခဏတွေးနေသည်။ ညီအစ်ကိုနှစ်ဦး၏ နက်ရှိုင်းသောသံယောဇဥ်အရ အစ်ကိုဖြစ်သူ၏ ရောဂါပြင်းထန်နေသောအခြေအနေကို လုရှိုးယန်အား မြင်စေခြင်းထက် လိမ်လိုက်သည်က ပို၍ကောင်းမည်ထင်၏။

သူက တခဏတိတ်ဆိတ်နေပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ကျွန်တော် အထုပ်အပိုးပြင်လိုက်တော့မယ်။ ခင်ဗျားသက်သာလာရင် သွားကြတာပေါ့"

"ကောင်းပြီ"

လုရှိုးဝမ်က ညီဖြစ်သူကို မည်သို့ဖြောင်းဖြလိုက်သည်မသိပေ။ လုရှိုးယန်ကလည်း သူ့စကားဆိုလျှင် အကြွင်းမဲ့ယုံကြည်သဖြင့် သွမ့်လင်ကိုကြည့်သည့် မျက်လုံးများက ယခင်ထက်ပိုနွေးထွေးလာသလိုပင်။ သူ့အစ်ကိုအား မည်သို့မည်ပုံစောင့်ရှောက်ရမည်ကိုမှာကြားရင်း ဇနီးနှင့်သားရှိနေခြင်းကြောင့်သာမဟုတ်လျှင် အတူလိုက်ခဲ့မိမည်ဖြစ်ကြောင်းပြောနေသေး၏။

ရက်အတန်ကြာပြီးနောက် လုရှိုးဝမ်၏ရောဂါက သက်သာသွားပြီး သွမ့်လင်က သူ့ကို တောင်ကြားမှ ခေါ်ထုတ်လာသည်။

ဝေးလံခေါင်သီသောနေရာဖြစ်သဖြင့် မြင်းလှည်းကိုနှစ်ရက်ကြာမောင်းလာပြီးလေမှ အနီးအနားရှိမြို့လေးသို့ရောက်လာသည်။ တည်းခိုအိမ်တွင်နားပြီးနောက် လုရှိုးဝမ်က သွမ့်လင်ကို အိမ်ငှားရန်နှင့် အစေခံဝယ်ရန်ခိုင်းတော့သည်။

"ဘာလို့ ကျွန်တော်ပဲလုပ်ရပြန်ပြီလဲ"

"ငါ့မှာ ငွေမရှိတော့ ရှစ်တိကိုခိုင်းတာ ပိုကောင်းမယ်ထင်လို့လေ"

"......."

လက်စသတ်တော့ ပေးစရာငွေပင် မရှိရှာချေ။

"ရှစ်တိမလုပ်ပေးချင်လို့လား။ ရပါတယ်၊ ရှိုးယန်က ဒီအနီးအနားမှာနေတာပဲ။  ငါ သူ့ကို ပြန်သွားတွေ့ပြီး..."

"တော်လောက်ပြီ! သွားပေးမယ်"

သွမ့်လင်၏မျက်နှာက မည်းမှောင်လျက် အပြင်တွင်လှည့်ပတ်ရှာနေခဲ့ပြီး မိုးချုပ်မှပြန်ရောက်လာသည်။

လုရှိုးဝမ်က ညစာစားနှင့်နေပြီဖြစ်ကာ တူကိုမြှောက်ရင်း သူ့အားမေးသည်။

"အဆင်ပြေသွားပြီလား"

"မပြေဘူး"

လုရှိုးဝမ်က သံသယမျက်လုံးနှင့် မျက်ခုံးပင့်ကာကြည့်၏။

သွမ့်လင်က စားပွဲပေါ်တွင် နှစ်ယောက်စာပြင်ဆင်ထားကြောင်းတွေ့သောအခါ ဝင်ထိုင်စားလိုက်ရင်း ဆက်ပြောသည်။

"ကျွန်တော် စာတိုက်ကိုသွားပြီး နေရာအနှံ့က မိတ်ဆွေတွေဆီကို စာပို့ထားတယ်။ နတ်ဆေးသမားတော်အကြောင်း စုံစမ်းပေးဖို့ အကူအညီတောင်းလိုက်တာ။"

လုရှိုးဝမ်၏လက်ထဲမှ တူက ရပ်တန့်သွားပြီး သွမ့်လင်ကို ခေါင်းမော့ကြည့်လာသည်။

သွမ့်လင်က ဆက်ပြောလိုက်၏။

"ဒီတည်းခိုအိမ်မှာပဲ ရက်နည်းနည်းလောက် ဆက်နားတာပေါ့။ သတင်းအတိအကျရမှ ခရီးဆက်မယ်ဆိုလည်း နောက်မကျပါဘူး။"

"ရှစ်တိ ဒါက ဘာသဘောလဲ"

"နတ်ဆေးသမားတော်ရှာပြီး ခင်ဗျားရဲ့ရောဂါကို ကုပေးဖို့ပေါ့။ ဒီကိစ္စက မသေချာဘူးဆိုပေမဲ့ သေရမှာကိုထိုင်စောင့်နေတာထက်စာရင် တော်သေးတယ်လေ။"

သွမ့်လင်က စကားခဏရပ်လိုက်ပြီးမှ လုရှိုးဝမ်အထင်လွဲမှားမည်စိုး၍ ထပ်ပြောလိုက်သည်။

"ကျွန်တော်က ခင်ဗျားအတွက် လုပ်ပေးတာမဟုတ်ဘူး။ ရှိုးယန်ကို ကတိပေးထားလို့ သူစိတ်ပျက်ရအောင် မလုပ်ချင်ရုံပဲ"

"ငါနားလည်ပါပြီ။ အားလုံးက ရှိုးယန်အတွက်ပဲကိုး"

လုရှိုးဝမ်က ပြောပြီးနောက် ခေါင်းငုံ့ကာ ထမင်းဆက်စားနေသည်။ သူက မျက်လွှာချထားသဖြင့် မျက်လုံးထဲမှအရိပ်အယောင်တို့ကို ရှင်းလင်းစွာ မမြင်နိုင်ချေ။ နှုတ်ခမ်းထောင့်စွန်းတို့ကသာ အထက်သို့ ကော့ညွတ်နေပြီး ခပ်ဖွဖွပြုံးနေဟန်တူ၏။

သွမ့်လင်၏စိတ်ထဲတွင် လွန်စွာမသက်မသာဖြစ်နေမိသည်။

သူ မိစ္ဆာဂိုဏ်းတွင်ရှိနေစဥ်က သူအမုန်းဆုံးလူမှာ ဂိုဏ်းချုပ်ပြီးလျှင် သူ့ကို အမြဲလိုလိုနှိပ်စက်တတ်သည့် လုရှိုးဝမ်ဖြစ်သည်။ ညစဥ်ညတိုင်း အိပ်ရာမဝင်မီ ထိုနှစ်ဦးကို ကျိန်ဆဲမိသည်အထိပင်။ သို့သော် မထင်မှတ်ပါဘဲ ဆယ်နှစ်ကြာပြီးနောက်တွင် သူက လုရှိုးဝမ်၏အသက်ကို ကယ်တင်ပေးရန် နာမည်ကျော်သမားတော်ကို လိုက်ရှာပေးနေရသည်။

တွေးလေလေ အဓိပ္ပာယ်မရှိလေလေ ဖြစ်လာသလို သွမ့်လင်ခံစားရသည်။ ထို့ကြောင့် ဤသို့လုပ်ရခြင်းက လုရှိုးယန်၏ကျေးဇူးကို ပြန်ဆပ်ရန်အတွက်ဟု ကိုယ့်ကိုယ်ကိုယ် ဆင်ခြေပေးလိုက်မိ၏။ လုရှိုးယန်က အစ်ကိုဖြစ်သူကို ဂရုအစိုက်ဆုံးဖြစ်သည်။ သူသာ လုရှိုးဝမ်၏ရောဂါကို ကုသပေးနိုင်လိုက်လျှင် ထိုနှစ်က သူ့အသက်ကို ကယ်ခဲ့ခြင်းအတွက် ပြန်ပေးဆပ်ရာလည်းကျမည်ထင်၏။

ထိုသို့တွေးပြီးနောက် သူ့စိတ်က အတန်ငယ်သက်သာရာရသွားခဲ့သည်။

သိုင်းလောကတခွင်တွင် ပါးစပ်ရာဇဝင်ပုံပြင်တို့ကား မရှားလှပါချေ။

ထို့ကြောင့် နတ်ဆေးသမားတော်နှင့်ပတ်သက်သည့် သတင်းတို့ကလည်း လွန်စွာပေါများလှလေ၏။ အချို့က သေသူကို ပြန်ရှင်စေနိုင်သည်ဟုပင် ပြောဆိုကြသော်လည်း အမှန်တကယ်အရည်အချင်းရှိသူက ရှားလှပါ၏။ ၎င်းအပြင် ထိုသမားတော်များက ထူးခြားလှသဖြင့် သာမန်လူတိုင်းအလွယ်တကူတွေ့နိုင်မည်မဟုတ်ပေ။

သွမ့်လင်၏ မိတ်ဆွေများက နေရာအနှံ့ရှိကာ သိုင်းလောကတခွင် သတင်းပို့အမြန်ဆန်ဆုံးသောလူများဖြစ်ကြသည်။ သို့သော် ထိုသို့မြန်ဆန်ကြသည့်တိုင် လဝက်ခန့်ကြာသည်အထိ သတင်းပြန်မရသေးပေ။

လုရှိုးဝမ်က ဂရုမစိုက်သော်လည်း သွမ့်လင်ကလည်း စိတ်မရှည်နိုင်ဖြစ်လာ၏။ နှစ်ကူးကာလက တဖြည်းဖြည်းနီးကပ်လာပြီး နှစ်ကူးပြီးသည်နှင့် (လုရှိုးဝမ်၏) နှစ်ဝက်သက်တမ်းက ကုန်လိမ့်မည်ဖြစ်သည်။ သွမ့်လင်အနည်းငယ်နောင်တရမိလာသည်။ အစတည်းကသာကြိုသိခဲ့လျှင် လုရှိုးဝမ်ကို နတ်ဆေးသမားတော်ဆီသို့ အရင်ခေါ်သွားပေးမိမှာဖြစ်သည်။ ပြောရလျှင် လုရှိုးယန်က ထိုတောင်ကြားတွင်သာရှိနေဦးမည်ဖြစ်ပြီး နှစ်ဝက်ကြာပြီးမှသွားလျှင်လည်း ပျောက်ကွယ်သွားမည်မဟုတ်ချေ။ သို့သော် လုရှိုးဝမ်ကတော့ တစ်နေ့ကုန်လျှင် သက်တမ်းတစ်ရက်လျော့သွားခြင်းဖြစ်သည်။

နှစ်ရက်သုံးရက်ခန့် ထပ်၍စောင့်ပြီးနောက် နောက်ဆုံးတွင် လူတစ်ယောက်ဆီမှ စာရောက်ရှိလာသည်။ ထိုစာကိုဖတ်ပြီးနောက် သွမ့်လင် အပျော်ကြီးပျော်သွားတော့၏။

ထိုသူက နှစ်ပေါင်းများစွာ လှည့်လည်သွားလာရင်း 'ဝေ့ဝူရိုး' အမည်ရ သမားတော်တစ်ဦးကို တွေ့ခဲ့ဖူးသည်။ ထိုသမားတော်က အမှန်တကယ်အရည်အချင်းရှိပြီး အဆိပ်အတောက်ဖြေရာတွင် အလွန်တော်သဖြင့် လုရှိုးဝမ်၏ရောဂါကို ကုသနိုင်လောက်သည်ဟုဆိုထားသည်။

ကံအကြောင်းတိုက်ဆိုင်စွာ သမားတော်ဝေ့နေသည့်နေရာက သူတို့တည်းခိုရာမြို့လေးနှင့်မဝေးလှပေ။ မြင်းဖြင့်ဒုန်းစိုင်းသွားလျှင် ရက်အနည်းငယ်အတွင်းရောက်နိုင်၏။

သွမ့်လင်က အချိန်မဆွဲရဲတော့ဘဲ အထုပ်အပိုးများကို ညတွင်းချင်းသိမ်းဆည်းကာ နောက်တစ်နေ့တွင် ထွက်ခွာလာတော့၏။

လုရှိုးဝမ်က သူ ဤသို့လောနေသည်ကို မြင်သောအခါ မနေနိုင်စွာ အေးစက်စက်ပြောလာ၏။

"အကယ်၍ နတ်ဆေးသမားတော်တကယ်ရှိရင်တောင် သူက ငါ့ရောဂါကို ကုပေးချင်မှာမဟုတ်ဘူး။ အကယ်၍ သူက ကုပေးချင်ရင်လည်း ပျောက်အောင်ကုနိုင်မှာမဟုတ်ဘူး။"

သွမ့်လင်က စိတ်အခြေအနေကောင်းနေ၍ သူ့ကိုအပြစ်မယူဘဲ ပြန်ပြောလိုက်သည်။

"ကောင်းကင်ဘုံရဲ့အလိုက ဘယ်လိုရှိမလဲဆိုတာ အချိန်ကျလာမှ သိမှာပေါ့။ နောက်ပြီး ခင်ဗျားရဲ့မျက်နှာသွင်ပြင်ကို ကျွန်တော် ကြည့်ရသလောက် အသက်တိုမယ့်လူနဲ့မတူဘူး။"

"ရှစ်တိက မျက်နှာအသွင်အပြင်တွေကိုကြည့်ပြီး ဟောတတ်တယ်လား။ ဒါဆို ဘာလို့ ကိုယ့်အိမ်ထောင်ရေးကိုယ် အရင်မကြည့်ကြည့်တာလဲ။"

"လုရှိုးဝမ်!"

နှစ်ဦးသား ပြောပြောဆိုဆိုရယ်ရယ်မောမောနှင့် ခရီးနှင်လာသည်မှာ မသိလိုက်မသိဖာသာနှင့် တစ်ရက်ကုန်သွား၏။ သွမ့်လင်က အလောကြီးလွန်းနေ၍ သတိမမူမိဘဲ တည်းခိုအိမ်ကို ကျော်သွားမိသည်။ ထို့ကြောင့် တောတွင်း၌သာတစ်ညအိပ် နားလိုက်ရ၏။

ကံကောင်းထောက်မစွာ မြင်းလှည်းက နေရာကျယ်သည်။ သွမ့်လင်က ဝတ်ရုံရှည်တစ်ထည်ယူကာ လုရှိုးဝမ်၏ကိုယ်ပေါ်ခြုံပေးလိုက်ပြီး နံဘေးတွင်ထိုင်ရင်း အတူအိပ်ဖြစ်ကြသည်။

ညပိုင်းတွင် လေပြင်းများအလွန်တိုက်ကာ အေးစိမ့်လှ၏။

သွမ့်လင်က လုရှိုးဝမ် အေးမည်စိုး၍ ထိုသူဘက်သို့ကိုင်းရင်း လေမတိုက်အောင် ကိုယ်ဖြင့်ကာပေးထားသည်။

အိပ်ပျော်သွားပြီး ညဥ့်အချိန်ရောက်သောအခါ အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရ၏။

သွမ့်လင်က နားအလွန်ပါး၍ ဤခြေသံပိုင်ရှင်များက သိုင်းပညာရှင်များဖြစ်ကြောင်းသိလိုက်၏။ ရှေ့ဆုံးမှပြေးလာသူ၏ခြေသံက အလောတကြီးနှင့် ယောက်ယက်ခတ်နေကာ နောက်မှလူများက သူ့နောက်သို့လိုက်လာကြဟန်တူသည်။

သိပ်မကြာလိုက်။ ထိုလူကို မီသွားကြပြီး လက်နက်များအချင်းချင်းထိခိုက်ပွတ်တိုက်မိသံတို့ တစ်ဆက်တည်းပေါ်ထွက်လာ၏။

တချွင်ချွင်အသံတို့ကို ညဥ့်နက်သန်းခေါင်တွင် ကျယ်လောင်ထင်ရှားစွာကြားနေရသည်။

လုရှိုးဝမ်က အစနဂိုကပင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခြင်းမဟုတ်၍ ဆတ်ခနဲလန့်နိုးလာပြီး မေးသည်။

"ရှစ်တိ၊ ဘာဖြစ်လို့လဲ"

"တောတွင်းဓားပြတွေထင်တယ်။ ကျွန်တော်သွားကြည့်လိုက်မယ်။"

ပြောပြီးမှ သူတခဏတုံ့ဆိုင်းသွားသည်။ ဓားပြဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ လုရှိုးဝမ်ကိုတစ်ဦးတည်းထားခဲ့ခြင်းက မလုံခြုံပေ။

လုရှိုးဝမ်ကလည်း သူစိုးရိမ်သည်ကို သဘောပေါက်နားလည်ပြီး လှဲနေရာမှထကာ -

"ရှစ်တိ ငါ့ကိုကူပေးပါလား။ ငါမင်းနဲ့ အတူလိုက်ခဲ့မယ်။"

သွမ့်လင်က သူ့ကို လှည်းပေါ်မှဆင်းရန် ကူပေးလိုက်သည်။

ထိုသူများတိုက်ခိုက်နေသည့်နေရာက သူတို့နှင့် သိပ်မဝေးပေ။ လရောင်ဖြာကျနေသည်မှာလည်း အဆင်သင့်လှ၏။ တောင်​ခြေအကွယ်ကို ကျော်ပြီးသည်နှင့် တောအုပ်ထဲတွင် လူအချို့တိုက်ခိုက်နေကြသည်ကို မြင်နိုင်ပေသည်။

အလယ်တွင်ရှိနေသူက ငွေရောင်ဖြာထွက်နေသော ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားပြီး သိုင်းပညာက မထူးခြားသလို သာမန်လည်းမဆန်သည့် အလယ်အလတ်အဆင့်ဖြစ်သည်။ သို့သော် သိသိသာသာ ထိခိုက်ဒဏ်ရာရထားပြီး ရန်သူများကို အားကုန်ခုခံနေရ၏။ သူ့ကိုဝိုင်းထားသည့်ရန်သူက ငါးယောက်ရှိကာ လူတိုင်းက မတူညီသည့်လက်နက်တစ်မျိုးစီ ကိုင်ဆောင်ထားသည်။ အချို့က ဓားကိုကိုင်ဆောင်၍ အချို့က ခေါက်ယပ်တောင်ကို ကိုင်ထားကာ လှံရှည်ကိုင်ဆောင်သူပင်ပါရှိသေး၏။ ထိုသူများ၏သိုင်းပညာအဆင့်က သူ့ထက်သိသိသာသာပိုမြင့်သော်လည်း အသွားထက်လှသောဓားလက်နက်ကြောင့်သာ သူ့ကို အနိုင်မယူနိုင်သေးခြင်းဖြစ်သည်။

သွမ့်လင်က သူတို့ကို မည်သည့်လမ်းစဥ်လိုက်စားသူဖြစ်ကြောင်းမသိသဖြင့် အခြေအနေသိရုံကြည့်နေရန်သာ စီစဥ်ထားသည်။ သို့သော် အသေအချာကြည့်မိလေမှ ထိုသူများဝိုင်းထားသည့်လူကို ရင်းနှီးနေကြောင်း တွေ့လိုက်ရသည်။ ထိုသူကား သူနှင့်သိကျွမ်းသည့် ချင်းရှန်းဂိုဏ်းသား လျိုရိပင်။

လျိုရိက ခြေကုန်လက်ပန်းကျနေပြီဖြစ်ကာ ဓားဦးကိုမြေတွင်စိုက်၍ အံကြိတ်ကာပြောလိုက်သည်။

"သတ်မယ်ဆိုလည်း သတ်လိုက်တော့။ မင်းတို့မိစ္ဆာဂိုဏ်းရဲ့အစွယ်အပွားတွေ ပြစ်ဒဏ်ပြန်ခံရမယ့်နေ့ကိုသာ စောင့်လိုက်နေကြ!"

ဘာဖြစ်တယ်။

လျိုရိနဲ့ တိုက်ခိုက်နေတဲ့သူတွေက မိစ္ဆာဂိုဏ်းသားတွေလား။

သွမ့်လင်က လူကယ်ချင်ရုံဖြစ်သော်လည်း မိစ္ဆာဂိုဏ်းဆိုသည့်စကားလုံးကို ကြားချိန်တွင် တုံ့ဆိုင်းမနေတော့ဘဲ သိုင်းအတတ်ဖြင့် ကိုယ်ဖော့၍ချက်ချင်းဝင်ရောက်သွားတော့သည်။

ထိုလူငါးဦးက လျိုရိကို ချောင်ပိတ်မိအောင်လုပ်ပြီးဖြစ်၍ အလွယ်တကူရှင်းထုတ်ရန်သာကျန်တော့သည်။ သို့သော် မထင်မှတ်ဘဲ တောင်ကွယ်မှ လူတစ်ဦးရုတ်ချည်းပေါ်ထွက်လာသည်။ ထိုသူ၏လက်ထဲမှဓားက အလင်းပြန်သွားပြီးနောက် လှံကိုင်ထားသည့်လူကို ချိန်ရွယ်ထိုးစိုက်လိုက်၏။

ထိုဓားချက်က လျှပ်စီးသဖွယ်လျင်မြန်လှပြီး လှုပ်ရှားမှုကလည်း မှင်သက်ဖွယ်ပင်။ လှံကိုင်ထားသူက ရင်ဝတွင် ကြီးစွာသောဖိအားကို ခံစားလိုက်ရပြီး ထိုဓားချက်အောက်တွင် အသက်အန္တရာယ်ခြိမ်းခြောက်ခံလိုက်ရ၏။

ထိုသူ၏တုံ့ပြန်မှုကလည်း မြန်ဆန်သည်။ သူ့လက်ထဲမှလှံနှင့် ဓားကိုကာလိုက်ပြီး 'ချွင်' ဟူသော အသံတစ်ချက်နှင့်အတူ နောက်သို့ ခြေလှမ်းများစွာယိုင်သွား၏။ ဓားချက်၏ပြင်းအားက မည်မျှပြင်းထန်ကြောင်းသက်သေပင်။

အင်အားကြီးသည့်ရန်သူကိုမြင်ပြီးနောက် အနှီလူငါးဦးမှာ ကြက်သေသေသွားကြသည်။

လျိုရိကမူ အံ့သြပျော်ရွှင်စွာ အော်ခေါ်၏။

"အစ်ကိုကြီးသွမ့်!'

"ညီလေးလျို"

သွမ့်လင်က ပြန်ထူးပြီးနောက် ခေါက်ယပ်တောင်ကိုင်ဆောင်ထားသည့် ခပ်ချောချောယောက်ျားပျိုကို လက်ပြန်လွှဲချက်နှင့်အတူ ဓားဖြင့်ခုတ်လိုက်သည်။

ထိုသူက သူမည်မျှအားကြီးသည်ကိုသိထား၍ အလျင်စလိုမတုံ့ပြန်ရဲဘဲ ကိုယ်ကိုယိမ်းကာ အန္တရာယ်မှ လွတ်ကင်းအောင် အမြန်ရှောင်လိုက်၏။

သွမ့်လင်က ဓားချက်နှစ်ချက်နှင့်အတူ ထိုသူများကိုဖယ်ခွာသွားစေပြီး လူအုပ်ကြားသို့ဝင်ရောက်ကာ လျိုရိနှင့်တွဲလျက်နေရာယူလိုက်သည်။ လျိုရိက ချက်ချင်းဆိုသလို ပြန်လည်တက်ကြွလာပြီး ဓားကိုပြန်လည်မြှောက်ယူကာ သူနှင့်ကျောချင်းကပ်ပြီး အတူတိုက်ခိုက်ရန်ပြင်လိုက်၏။

"အစ်ကိုကြီးသွမ့်၊ ဒီကိုဘယ်လိုရောက်လာတာလဲ"

သေရေးရှင်ရေးအခြေအနေတွင် သွမ့်လင်က အကျယ်ချဲ့မပြောနိုင်ဘဲ လိုရင်းသာရှင်းရှင်းပြောလိုက်၏။

"ဒီနေရာကနေ ဖြတ်သွားရင်း အသံကြားလို့လာကြည့်လိုက်တာ"

သူတို့နှစ်ဦး စကားအပြန်အလှန်ပြောနေစဥ်အတွင်း လူငါးယောက်က နေရာပြန်ယူလိုက်ပြီးဖြစ်ကာ သူတို့ကိုဝိုင်းလိုက်သည်။ လှံကိုကိုင်ဆောင်ထားသည့်လူက လက်ထဲမှလှံရှည်ကို ဝှေ့ရမ်းရင်း အော်လိုက်၏။

"ငါတို့က ထျန်းကျွယ်ဂိုဏ်းကလူတွေပဲ။ မင်းအသက်ကို တန်ဖိုးထားတယ်ဆိုရင် မဆိုင်တဲ့ကိစ္စကို ဝင်မပါနဲ့။"

သွမ့်လင်က ဓားကို ရင်ဘတ်ရှေ့တွင် အသင့်ကိုင်ဆောင်ထားရင်း လှောင်ရယ်လိုက်၏။

"မိစ္ဆာဂိုဏ်းကလူတွေဆိုတော့ ငါက ပိုလို့တောင်သတ်ပစ်ရဦးမှာပဲ။"

"ဟေ့၊ အပြောကြီးလှချည်လား။ မင်းက ဘယ်သူလဲ။ အမည်ကရော ဘာတဲ့လဲ။"

"သွမ့်လင်"

စကားဆုံးသည်နှင့် ထိုလူငါးဦးအနက်မှ အမျိုးသမီးတစ်ဦး၏အသံပေါ်ထွက်လာပြီး နူးညံ့သိမ်မွေ့သောလေသံနှင့်မေးလာသည်။

"ရှင်...ရှင်က သွမ့်လင်လား။ လက်ယာစောင့်ရှောက်သူကို သတ်လိုက်တဲ့ သွမ့်လင်လား"

"အမှန်ပဲ"

ထိုစကားနှင့်အတူ ထျန်းကျွယ်ဂိုဏ်းသားတို့၏မျက်နှာက ရုတ်ချည်းပြောင်းလဲသွားသည်။

သွမ့်လင်က အစနဂိုတွင် သိုင်းလောက၌ အမည်နာမကျော်ကြားခြင်းမရှိခဲ့သည့်တိုင် လက်ယာစောင့်ရှောက်သူကို ခေါင်းဖြတ်သတ်ပြီးနောက် လောကတခွင်သတင်းမွှေးလာခဲ့သည်။ ထျန်းကျွယ်ဂိုဏ်းသားများက လက်ယာစောင့်ရှောက်သူ၏အစွမ်းအစကို သိရှိထားပြီးဖြစ်၍ သွမ့်လင်၏အမည်ကိုကြားသောအခါ အလိုလိုတုန်လှုပ်သွားတော့၏။

အနှီကြည့်ကောင်းချောမောသည့်အမျိုးသားသည်ကား ရဲစွမ်းသတ္တိအနည်းငယ်ရှိပုံရ၏။ သူကယပ်တောင်ကိုလွှဲယမ်းရင်း ဆိုလာသည်။

"ကောင်းသားပဲ။ ဒီလိုဆိုမှတော့ သွမ့်မျိုးရိုးကိုသတ်ပြီး လက်ယာအရှင်အတွက် လက်စားချေပေးရသေးတာပေါ့။"

နံဘေးမှလူက ဝင်ပြောလိုက်၏။

"ငါတို့က လက်ဝဲအရှင်ရဲ့လက်အောက်ခံတွေလေ။ ဘာကြောင့်နဲ့ အဲဒီလက်ယာအရှင်အဖိုးကြီးအတွက် လက်စားချေပေးရမှာလဲ။"

"လက်ဝဲနေနေ လက်ယာနေနေ၊ ထျန်းကျွယ်ဂိုဏ်းရဲ့တစ်ဂိုဏ်းတည်းသားတွေပဲမဟုတ်ဘူးလား"

"ကဲပါ ကဲပါ။ ဘာတွေငြင်းခုန်နေဦးမှာလဲ။ လက်ဝဲအရှင်ကပြောထားတယ်လေ။ ထျန်းကျွယ်ဂိုဏ်းရဲ့ရန်သူဆိုရင် ဘယ်သူနေနေ ... အသေသတ်ပစ်ရမယ်!"

'သတ်' ဆိုသည့် ထိုစကားဆုံးသည်နှင့် ကျန်လေးဦးကလည်း လက်နက်တို့ကို​ကိုင်ဆောင်ကာ သွမ့်လင်ကိုသတ်ရန် ရှေ့တိုးလာကြ၏။

သွမ့်လင်က သူတို့ကို ကြောက်ရွံ့မနေပေ။ လက်ထဲရှိဓားသွားက ပန်းပွင့်သဖွယ်ညင်သာပျော့ပြောင်းကာ အလျင်က လေနှယ်မြန်ဆန်လှသည်။ များမကြာမီတွင် ထိုဝန်းကျင်တစ်ခွင်၌ ဓားရိပ်တို့စိုးမိုးလာ၍ လက်နက်တို့၏ထိခိုက်သံက စူးရှကျယ်လောင်စွာ ပေါ်ထွက်လာသည်။ သတ်ဖြတ်လိုသည့်လှုပ်ရှားမှုတို့သည်ကား အရပ်လေးမျက်နှာအနှံ့ပြည့်နှက်နေတော့၏။

ထိုအမျိုးသမီးက သိုင်းပညာအဆင့်အနိမ့်ဆုံးဖြစ်ကာ တစ်ချိန်တည်းမှာပင် ဓားဒဏ်နှစ်ချက်ခံလိုက်ရပြီး လက်မောင်းကိုအုပ်ကိုင်၍ နောက်ပြန်ဆုတ်သွားသည်။

လျိုရိက တစ်ချက်ကြုံးဝါးလိုက်ပြီး တိုက်ပွဲလယ်သို့ ဝင်ရောက်ပူးပေါင်းလာ၏။

သွမ့်လင်က သူ့ကိုမျက်လုံးအကြည့်ဖြင့်သာ အချက်ပြလိုက်သည်။

"ညီလေးလျို၊ သူတို့ကိုအာရုံလွှဲပေး"

လျိုရိက သဘောပေါက်နားလည်ပြီး လက်ထဲမှဓားကို အံ့မခန်းအဟုန်နှင့် လွဲရမ်းလိုက်သည်။ သွမ့်လင်က ထိုအခြေအနေကို အခွင့်ကောင်းယူပြီး ကိုယ်ဖော့၍ လေပေါ်ခုန်တက်ကာ ခပ်ချောချောအမျိုးသား၏နောက်သို့ရောက်သွားပြီး ဓားချက်ဖြင့် ခုတ်ပိုင်းလိုက်၏။

သူ၏သိုင်းပညာက အဆင့်မြင့်လှပြီး ရဲစွမ်းသတ္တိကလည်းလွန်စွာကြီးမားသည်။ ကျန်သုံးယောက်မှာ ရှေ့သို့ဆက်မတက်ရဲတော့ဘဲ အရပ်ပုပုနှင့်လူက အချက်ပေးလိုက်၏။

"မဖြစ်ဘူး။ ခက်လွန်းတယ်။ ငါတို့ပြန်ဆုတ်ရအောင်"

သူတို့က ဆုတ်ခွာရာတွင်တော့ လွန်စွာကျွမ်းကျင်လှပြီး ပြောပြီးသည်နှင့် အသီးသီးလူခွဲကာပျောက်ကွယ်သွား၏။ သွမ့်လင်ကိုယ်တိုင်ပင် မည်သည့်အရပ်သို့လိုက်ရမည်ကို ချက်ချင်းတွေးမရလိုက်ပေ။

ပုံမှန်အားဖြင့် သွမ့်လင်က မိစ္ဆာဂိုဏ်းသားများကို အလွတ်ပေးရိုးထုံးစံမရှိပေ။ သို့သော် အနီးအနားတွင် လုရှိုးဝမ်ရှိနေကြောင်းသတိရသွားပြီး ထိုသူကို တစ်ဦးတည်းချန်မထားရဲပေ။ ထို့ကြောင့် လက်ထဲမှဓားကိုသာ အရှိန်နှင့်လွှဲပစ်လိုက်၏။

လှံကိုင်သည့်လူက ပြေးရာတွင် အနှေးဆုံးဖြစ်သည်။ သွမ့်လင်၏ဓားက ကြောက်မက်ဖွယ်အရှိန်နှင့် သူ့ကျောမှဖောက်ဝင်သွားကာ မြေပေါ်လဲကျသွား၏။ ထိုသူက အသံပင်မပြုလိုက်နိုင်ဘဲ အသက်ထွက်သွားတော့သည်။

လျိုရိက တစ်ညလုံးတိုက်ခိုက်ခဲ့ရ၍ ခြေကုန်လက်ပန်းကျနေပြီဖြစ်ကာ မြေပေါ်ဖြစ်သလိုထိုင်ချလိုက်သည်။

"အစ်ကိုကြီးသွမ့်ရဲ့သိုင်းပညာက ကောင်းပြီးရင်းကောင်းလာတာပဲနော်။ ဒီနေ့ အစ်ကိုကြီးသာလာမကယ်ရင် ကျွန်တော်တော့ သေနေ့စေ့မှာအသေအချာပဲ။"

"မင်းက ဘယ်လိုလုပ်ပြီးတစ်ယောက်တည်းဖြစ်နေတာလဲ။ မိစ္ဆာဂိုဏ်းကမကောင်းဆိုးရွားတွေနဲ့ရော ဘယ်လိုတွေ့လာရတာလဲ။"

လျိုရိက ပြန်ဖြေရန်ပြင်လိုက်စဥ် အမှောင်ထဲမှလူတစ်ယောက်ထွက်လာသည်။ ထိုသူ၏ဆံပင်က နက်မှောင်ကာ အနက်ရောင်ဝတ်ရုံကို ဆင်မြန်းထားပြီး မျက်နှာကမူ ကျောက်စိမ်းအသွင်ဖြူဖွေး၍ မျက်လုံးမျက်ခုံးတို့က ပန်းချီကားနှယ် သိမ်မွေ့လှပနေသည်။

လျိုရိက ကြောင်အစွာငေးကြည့်နေပြီး သွမ့်လင်က အလျင်အမြန်မိတ်ဆက်ပေးလိုက်သည်။

"သူက ငါ့မိတ်ဆွေ"

လျိုရိက ခေါင်းညိတ်လိုက်၏။

"ကျွန်တော်သိပါတယ်။ မိစ္ဆာဂိုဏ်းကနေ အစ်ကိုကြီးသွမ့် ကယ်ထုတ်လာတဲ့ သခင်လေးမဟုတ်လား။ အစ်ကိုကြီးသွမ့်မှာ ဒီလိုမိတ်ဆွေချောချောရှိတာ ရှားတယ်လေ။"

သွမ့်လင်က တစ်ချက် 'ဟွန့်' လိုက်ပြီး လုရှိုးဝမ်၏လူမမာမျက်နှာက မည်သို့ချောမောနိုင်မည်နည်းဟု စိတ်ထဲမှတွေးလိုက်၏။ သူ၏ယခင်ပုံစံကသာလျှင် .... လူကို အမှန်တကယ်အကြည့်မလွှဲစေနိုင်အောင် ချောမောခြင်းဖြစ်သည်။

လုရှိုးဝမ်က မိစ္ဆာဂိုဏ်းမှလူဖြစ်သည့်တိုင် လမ်းမှန်လိုက်သည့်လူတစ်ဦးအပေါ် စိတ်ယုတ်စိတ်မာမရှိချေ။ သူက လျိုရိရှေ့သို့လျှောက်သွားပြီး ဆိုလာ၏။

"ဒီညီလေးရဲ့ခြေထောက်က ဒဏ်ရာရထားတယ်။ မြင်းလှည်းပေါ်မှာ ဆေးရှိတယ်လေ။ သူ့ကိုခေါ်သွားပြီး ဆေးထည့်ပေးရအောင်။"

လျိုရိက အဆက်မပြတ်ထောက်ခံကာ နေရာမှထလိုက်သည်။ တစ်ချိန်တည်းမှာပင် လုရှိုးဝမ်၏ အမည်ရင်းကိုလည်း မေးမြန်းနေသေး၏။ သွမ့်လင်က သူ၏ပုံစံအစစ်ပေါ်သွားမည်စိုး၍ ထိုနှစ်ဦးကို လှည်းဆီသို့အမြန်သွားရန် ဆော်ဩရလေသည်။ မြင်းလှည်းပေါ်သို့ရောက်သောအခါ ဆေးဘူးကိုထုတ်ကာ လျိုရိဆီပစ်ပေးလိုက်၏။

"ဒီတစ်ခေါက် ဘယ်လိုလုပ်ပြီးတစ်ယောက်တည်းထွက်လာရတာလဲ"

လျိုရိ၏မျက်ခမ်းတို့က နီရဲသွားကာ ပြောသည်။

"အစက ကျွန်တော့်ရဲ့ဆရာတူအစ်ကိုအစ်မတွေနဲ့အတူလာတာပါ။ မထင်မှတ်ဘဲလမ်းမှာ မိစ္ဆာဂိုဏ်းသားတွေနဲ့ဆုံပြီး သူတို့အားလုံးအသတ်ခံလိုက်ရတယ်။ ကျွန်တော်တစ်ယောက်ပဲ ဆရာသခင်ပေးလိုက်တဲ့ဓားကိုအားကိုးပြီး လွတ်အောင်​ထွက်ပြေးလာနိုင်တာ။"

သွမ့်လင်က မျက်မှောင်ကြုတ်သွားပြီး -

"ဒီလူတွေ အတင့်ရဲလှချည်လား"

"သူတို့က လက်ဝဲစောင့်ရှောက်သူရဲ့လက်အောက်ခံတွေလေ။ ဒီလတွေအတွင်း သိုင်းလောကကို ဆူပူပွက်လောညံအောင် ဒုက္ခပေးနေတာ။ အဲဒီတုန်းက မိစ္ဆာဂိုဏ်းကိုသုတ်သင်ခဲ့တဲ့လူတွေထဲက အတော်များများအသတ်ခံခဲ့ရတယ်။ သူတို့သေပုံသေနည်းကမတူပေမဲ့ တူတာတစ်ခုက အကုန်လုံး.....ခေါင်းဖြတ်ခံထားရတာပဲ။"

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

97.6K 8.5K 68
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
435K 46.9K 147
Myanmar Translation of " It's Better to be the Empress Dowager" 135 Chapters + 8 extras Crd September...
73.4K 4.8K 52
ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.
1.5M 188K 123
အေဒီ ၇၉ ခုနှစ် .. ပုံပေမြို့.. ရောမအင်ပါယာ ဒဏ္ဏာရီမဟုတ်တဲ့ ရာဇဝင်ထဲက အဖြစ်အပျက်လေးတစ်ခုလား ဒါမှမဟုတ်.. ရာဇဝင်တွင်မကျန်ခဲ့တဲ့ ဒဏ္ဏာရီဇာတ်လမ်းလေးပဲလာ...