Chapter 12 - ဖိုက်တင်း! ချစ်တယ်
*******
ထိုနေရာသို့ ယဲ့ယောင်ရောက်လာသည့်အခါ ကျောက်တုံးကြီးတစ်တုံးပေါ်တွင် ခေါင်းငိုက်စိုက်ချလျက် ထိုင်နေသောလုရွှမ်းအားတွေ့လိုက်ရသည်။
ယဲ့ယောင်မှာပိုလို့တောင် ထိတ်လန့်သွားပြီး သူ့ဆီခြေလှမ်းကျဲကြီးများနဲ့ အပြေးအလွှားပြေးသွားတော့သည်။ "မင်းအဆင်ပြေရဲ့လား? ဘယ်နေရာမှာ ဒဏ်ရာရသွားတာလဲ? မင်းကိုဆေးရုံပို့ဖို့ ငါတက္ကစီခေါ်လိုက်မယ်။ ခဏလေးသည်းခံပေး"
လုရွှမ်းရဲ့ပုံက ပြင်းထန်သောတိုက်ပွဲကို ရင်ဆိုင်ကြုံတွေ့ခဲ့သည့်ပုံပေါ်ပေမဲ့ သူကယဲ့ယောင်ကို ပြုံးပြနေဆဲ။ "ဆိုးဆိုးရွားရွားမဟုတ်ပါဘူး။ စိတ်မပူနဲ့။ အကုန်လုံးဒဏ်ရာအသေးစားလေးတွေပဲ"
လုရွှမ်း ပြောတာကို ယဲ့ယောင်မယုံပါချေ။ တက္ကစီရောက်လာသည့်အတွက် လုရွှမ်းကိုကားထဲသို့ ထိုးသိပ်ထည့်လိုက်ပြီး နှစ်ယောက်သားဆေးရုံသို့ အလောတကြီးသွားလိုက်တော့တယ်။
ကားထဲရှိအလင်းရောင်နှင့် လုရွှမ်းရဲ့ဒဏ်ရာတွေကို ယဲ့ယောင်စတင်စစ်ဆေးသည်။
လုရွှမ်း သူ့ကိုဖုန်းခေါ်တုန်းက သူခြေထောက်နာနေတယ်လို့ ပြောတာကြောင့် ယဲ့ယောင်၏ပထမဦးဆုံးတုံ့ပြန်မှုမှာ လုရွှမ်းရဲ့ခြေထောက်တွေကို စစ်ဆေးတာပင်။
လုရွှမ်းက အနက်ရောင်ပွယောင်းယောင်းဘောင်းဘီကိုဝတ်ဆင်ထားသည်။ ယခုအချိန်တွင်တော့ ဘောင်းဘီရှည်တစ်ဖက်၏ဒူးခေါင်းပေါ်တွင် ညစ်ပတ်ပေရေနေပြီး ဖုန်မှုန့်များရှိနေခဲ့သည်။ ထိုနေရာကတစ်စုံတစ်ခုနှင့် ထိခိုက်ခံလာရမှန်းသိသာလှသည်။
ယဲ့ယောင် လုရွှမ်းရဲ့ဘောင်းဘီရှည်ကို ဂရုတစိုက်နဲ့ဖြည်းဖြည်းချင်းဆွဲတင်လိုက်ပြီးနောက် လုရွှမ်းရဲ့ဒူးခေါင်းပေါ်ကဒဏ်ရာမှာ သွေးထွက်နေသည်ကို သူမြင်လိုက်ရကာ ပင့်သက်မရှိုက်ပဲမနေနိုင်ချေ။
ဘယ်သူမှမထိတွေ့နိုင်သော Gao Lingပန်းပွင့်လေးဟု သူ့အတန်းဖော်တွေကတောင် လျှို့ဝှက်စွာခေါ်တွင်ခဲ့သည့်လူမှာ မျက်မှောင်များကြုတ်လျက် မျက်လုံးထဲတွင်စိုးရိမ်ပူပန်ခြင်းများအပြည့်ဖြင့် "ငါတို့ကားပေါ်ကဆင်းရင် ငါမင်းကိုဆေးရုံဆီသယ်သွားပေးမယ်။ မင်းလမ်းမလျှောက်နဲ့"
"ဟမ်?" လုရွှမ်း ကြောင်အသွားတယ်၊ ထို့နောက် ယဲ့ယောင်ရဲ့ကမ်းလှမ်းချက်ကို အလျင်အမြန်ငြင်းဆိုလိုက်တော့သည်။ "ရပါတယ်၊ ငါ့ဘာသာလျှောက်နိုင်တယ်။"
ယဲ့ယောင်သူ့ကိုဂရုစိုက်အောင်လို့ ခြေထောက်ကိုတမင်တကာ ဒဏ်ရာရစေခဲ့တာလေ။ အဲ့ဒါမှသူ့မှာအခွင့်အရေးရရင် ယဲ့ယောင်ကိုကပ်တွယ်နေလို့ရမှာပေါ့။ ဒါပေမဲ့ ယဲ့ယောင်ကိုတော့ သူ့ကိုသယ်ခွင့်မပေးနိုင်ပါဘူး။ တကယ်လို့ ယဲ့ယောင်ကိုသူဖိမိသွားရင် ဘယ်လိုလုပ်မလဲ?
သူ့အလေးချိန်အောက်မှာ ယဲ့ယောင်ပြားသွားရင် သူရင်ကျိုးရလိမ့်မယ်!
"ဒဏ်ရာက အရမ်းမပြင်းထန်တာ ငါသိတယ်။ မင်းငါ့ကိုကိုင်ထားပေးပေါ့ ငါကခြေတစ်ဖက်တည်းနဲ့ ဖြည်းဖြည်းချင်းသွားလို့ရတယ်။ ပြီးတော့ မင်း ငါ့ကိုဆေးရုံထဲသယ်သွားပေးမယ်ဆိုရင် ဘယ်လောက်ရှက်ဖို့ကောင်းလိုက်မလဲ။ ငါ့ကိုမျက်နှာပျက်စေချင်လို့လား?"
ယဲ့ယောင်မှာ ရယ်ရမလား ဒေါသထွက်ရမလားပင်မသိတော့။ "မင်းကဒီအချိန်မှာတောင် မျက်နှာမပျက်ဖို့အရေး ဂရုစိုက်နေသေးတာလား?"
"ဘာလို့ ဂရုမစိုက်ရမှာလဲ?" လုရွှမ်းက မ,တင်ထားတဲ့ဘောင်းဘီရှည်ကို ပြန်ပြင်ဆင်လိုက်ပြီး ယဲ့ယောင်ရဲ့ပုခုံးတွေကို လှမ်းဖက်ဖို့ကြိုးစားလိုက်တယ်။ "မင်းကငါ့ကိုထောက်ကိုင်ပေးထား၊ ငါထော့နဲ့ထော့နဲ့လျှောက်လာမယ်"
လုရွှမ်းရဲ့ဆန့်တန်းထားသောလက်ကို ယဲ့ယောင်ကြည့်လိုက်ပြီးနောက် သူ့မျက်လုံးတွေကျဥ်းမြောင်းသွားပြန်တယ်။
လုရွှမ်းရဲ့လက်တွေမှာလည်း ဒဏ်ရာတွေရှိနေသည်။ အဲ့ဒါတွေကတိုက်ခိုက်ရာမှ ရလာသောပွန်းပဲ့ဒဏ်ရာတွေနဲ့တူသည်။
ယဲ့ယောင်၏မျက်နှာအမူအရာ မူမမှန်ဖြစ်နေတာမြင်တော့ လုရွှမ်းမှာအလျင်အမြန်ပဲ ပြောလာ၏။ "ဒီနှစ်နေရာပဲ ဒဏ်ရာရလာတာ၊ တခြားနေရာတွေ ဘာဒဏ်ရာမှမရှိဘူး။ တကယ်ပါ ငါအမှန်ပြောနေတာ"
လုရွှမ်းရဲ့စကားတွေကို ယဲ့ယောင်မယုံတာကြောင့် သူကိုယ်တိုင်ဦးစွာစစ်ဆေးကြည့်လိုက်တယ်။ ထိုနှစ်နေရာ၌သာ ဒဏ်ရာအမှန်တကယ်ရှိကြောင်း အတည်ပြုပြီးမှသာ သူသက်ပြင်းချလိုက်တော့သည်။
ဆေးရုံသို့ရောက်ရန် ၁၀မိနစ်ကျော်ကျော်မျှလိုနေသေး၏။ တိုက်ခိုက်ပြီးဒဏ်ရာလည်းရလာတာကြောင့် လုရွှမ်းမှာအလွန်ပင်ပန်းနေပုံပင်။
"ပင်ပန်းနေပြီလား၊ လှဲအိပ်ချင်လား?" ယဲ့ယောင် နူးညံ့စွာမေးလိုက်သည်။
လုရွှမ်းက သန့်ရှင်းရေးကိုအနည်းငယ် ဇီဇာကြောင်တတ်သောသူဖြစ်၍ လူဘယ်နှစ်ယောက်လောက်ကို ပို့ဆောင်ခဲ့မှန်းမသိသည့်တက္ကစီပေါ်တွင်တော့ သူမလှဲချချင်ပေ။ သူငြင်းတော့မည့်အချိန်တွင် ယဲ့ယောင်ကသူ့ပေါင်ကို ပုတ်ပြလိုက်တာမြင်လိုက်ရ၏။
ယဲ့ယောင်ဘာကိုဆိုလိုမှန်း လုရွှမ်းချက်ခြင်းပင်နားလည်သွား၏။
ယဲ့ယောင်ကသူ့ကို လက်ဟန်လုပ်ပြနေတာလေ... သူ့ပေါင်ပေါ်မှာလှဲအိပ်ဖို့ပေါ့!
သူ့ရဲ့နှလုံးခုန်သံတွေ မြန်ဆန်လာတာကြောင့် အရမ်းပျော်သွားသည့်ပုံမဖြစ်ရအောင် အမူအရာကိုထိန်းချုပ်၍ အားနည်းဟန်ဆောင်ကာ လုရွှမ်းလှဲချလိုက်သည်။
လုရွှမ်းက ကိုယ်နေဟန်ထားကိုတမင်တကာပြောင်းလဲလိုက်သည်။ မူလကသူသည် တစ်ဖက်သို့မျက်နှာမူထားသင့်သော်လည်း အလျင်အမြန်တွေးတောပြီးနောက်မှာတော့ ကိုယ်ကိုလှည့်ကာ ယဲ့ယောင်၏ဝမ်းဗိုက်ဆီသို့ မျက်နှာမူလိုက်တော့၏။
ယဲ့ယောင်ရဲ့ပေါင်သားလေးက အင်မတန်မှနူးညံ့လွန်းတယ်၊ ခန္ဓာ ကိုယ်သင်းနံ့လေးကလည်း မွှေးပျံ့သင်းကြိုင်နေကာ ယဲ့ယောင်ရဲ့ခြေထောက်လေးတွေက သူ့ခေါင်းအောက်မှာရှိနေပြီး ယဲ့ယောင်ရဲ့ခါးလေးနဲ့ ဝမ်းဗိုက်ပိုင်းက ရှေ့တည့်တည့်တွင်ပင်ရှိနေကာ သူ့မျက်နှာနှင့်မဝေးလှချေ။ ဒါကဘယ်လို ကောင်းချီးတွေနဲ့ပြည့်နေတဲ့သုခဘုံမျိုးပါလိမ့်?
ယဲ့ယောင်ရဲ့အငွေ့အသက်တွေနဲ့ လွှမ်းခြုံထားရာ လုရွှမ်းမှာ ထိုလူ၏ရနံ့ကိုရှူရှိုက်ရင်းသူ၏စွဲလမ်းမှု တစ်ဖန်ဖြစ်ပေါ်လာတော့မည်ဟုခံစားလိုက်ရသည်။
ယဲ့ယောင်ရဲ့ရင်နှီးကျွမ်းဝင်နေသောရနံ့လေးကို သူရှူရှိုက်မိလိုက်တာနဲ့ လုရွှမ်းမှာချက်ခြင်းပင် သူ့ခေါင်းကိုအရှေ့သို့နစ်မြှုပ်လိုက်တော့တယ် - ယဲ့ယောင်ရဲ့တစ်ကိုယ်လုံးတောင့်ခဲသွားခဲ့ကာ လုရွှမ်းမသိကျိုးကျွန်ပြုမရတဲ့ ကတုန်ကယင်ဖြစ်မှုပေါ်လာတော့သည်။
သူ့အကြိုက်ဆုံးဖြစ်သော ရနံ့လေးကိုပထမဆုံးတစ်ခေါက် ရှူသွင်းပြီးနောက်မှာတော့ ယဲ့ယောင်ရဲ့တစ်ကိုယ်လုံးဘာလို့တောင့်တင်းနေမှန်း လုရွှမ်းရှာတွေ့သွားခဲ့သည်။
ယဲ့ယောင်ရဲ့ခွကြားနေရာသို့ သူ့ကိုယ်သူနစ်မြှုပ်ကာ အောက်ဘက်ပိုင်းသို့မျက်နှာမူလှဲလျောင်းရင်း၊ ယဲ့ယောင်၏ စွဲလမ်းစေသည့်ရနံ့လေးကို အထပ်ထပ်အခါခါ အဖန်တလဲလဲ နက်နက်ရှိုင်းရှိုင်း ရှိုက်ရှူရင်း ရှိုက်ရှူရင်းဖြင့်...
လုရွှမ်း တစ်ခဏလောက် ရင်သပ်ရှူမောဖြစ်သွားခဲ့တယ်။ သူမော့ကြည့်လိုက်တဲ့အခါ ယဲ့ယောင်ရဲ့ရှက်သွေးဖြာကာပျာယာခတ်နေသော မျက်လုံးလေးတွေကိုမြင်လိုက်ရသည်။ ယဲ့ယောင်ရဲ့နားရွက်လေးတွေကလည်း သွေးတွေစိမ့်ထွက်လာတော့မလိုပင် နီရဲတွတ်နေ၏။
"မင်း..." လုရွှမ်းကိုကြည့်ဖို့ပင် ယဲ့ယောင်တကယ်ကိုရှက်နေခဲ့သည်။ သူ့လက်ကိုလုရွှမ်းရဲ့ပုခုံးပေါ်သို့တင်လိုက်ပြီး လုရွှမ်းအားအနောက်သို့တွန်းထုတ်ရန်ကြိုးစားလိုက်သည်။
"မင်းနေလို့မကောင်းဘူးလား? ပြီးရင်ငါမင်းအတွက် သောက်စရာဝယ်ပေးမယ်လေ" ယဲ့ယောင်ထပ်ပြောလိုက်တယ်။
လုရွှမ်းက ထိုCPရဲ့လိင်တူပုံရိပ်များကိုမြင်ရုံနဲ့တင် ပျို့ချင်အန်ချင်နေတာ အခုသူ့မျက်နှာနှင့်ပါးစပ်က ထိုသို့သောနေရာများကို ထိတွေ့နေတာဆိုပြောမနေနဲ့တော့။
"ငါကဘာလို့အန်ရမှာလဲ? ကားမူးနေတာမဟုတ်ဘူးနော်" လုရွှမ်းရှင်းပြရခက်သလိုခံစားနေရသည်။ တကယ်တော့သူက ကားမမူးရုံသာမက ကားထဲရှိအနွေးပေးစက်နဲ့သယ်ဆောင်သွားခြင်းပါခံနေရတာလေ။
ယဲ့ယောင်ရှက်သွေးဖြာနေတာလေးက အရမ်းချစ်ဖို့ကောင်းတာပဲ။
ထင်ထားသည့်အတိုင်းပင် ယဲ့ယောင်ရဲ့ဘယ်နေရာပဲဖြစ်ဖြစ် အနံ့လေးကမွှေးလို့ကောင်းသည်။
"ငါမရည်ရွယ်ပါဘူး" လူရမ်းကားတစ်ယောက်လိုပဲ လုရွှမ်းရှင်းပြသည်။
"ငါသိတယ်......"
လုရွှမ်းလို ဟိုမိုဖိုးဘစ် အဖြောင့်ကောင်တစ်ယောက်က ရည်ရွယ်ချက်ရှိရှိနဲ့ဒါကိုလုပ်လိမ့်မယ်လို့ ယဲ့ယောင်လည်းမထင်ပါ။ သူလုရွှမ်းရဲ့ဦးခေါင်းကို အဝေးသို့တိုက်ရိုက်ပဲတွန်းဖယ်၍ စိတ်ထင့်စွာနှင့်ဆေးရုံသို့ရောက်ရန်သာစောင့်နေလိုက်တော့သည်။
နှစ်ယောက်သားဆေးရုံသို့ ရောက်သည့်အခါ ထော့နဲ့ထော့နဲ့ဖြစ်နေသောလုရွှမ်းအား ဆေးရုံထဲကူညီခေါ်ဆောင်လာပေးလိုက်သည်။ အမျိုးမျိုးသောလုပ်ထုံးလုပ်နည်းများ လုပ်ဆောင်ပြီးနောက် သူ၏ဒဏ်ရာများအားကုသရန် လုရွှမ်းကိုသူနာပြုထံယဲ့ယောင်လက်လွှဲပေးလိုက်သည်။ အဲ့ဒီနောက်ကိုယ့်ကိုကိုယ်အချိန်အနည်းငယ်ပေး၍ အိမ်သာသို့ပြေးကာ ရေအေးအေးလေးနှင့်မျက်နှာသစ်လိုက်သည်။
လုရွှမ်းက အဖြောင့်ကောင်။ လုရွှမ်းက အဖြောင့်ကောင်။ လုရွှမ်းက အဖြောင့်ကောင်။
အရေးကြီးသည့်အရာကို သုံးကြိမ်သုံးခါထပ်တလဲလဲရေရွတ်ပြီးနောက် ယဲ့ယောင်ရဲ့အတွေးတွေနဲ့ခံစားချက်တွေက တဖြည်းဖြည်းတည်ငြိမ်လာတယ်။
သူသည်လုရွှမ်းထံပြန်လာခဲ့ပြီး သူနာပြုရဲ့ညွှန်ကြားချက်များကိုနားထောင်ခဲ့သည်။
"ကြီးကြီးမားမားတော့မဖြစ်ပါဘူး။ ဒဏ်ရာက မကြာခင်မှာပဲပြန်ကောင်းလာမှာပါ။ ပြေးလွှားတာလျှော့ပြီး ပြန်ကောင်းမလာခင် လက်ကိုရေမစိုအောင်တော့ အတတ်နိုင်ဆုံးရှောင်ပေးနော်" သူနာပြုကညွှန်ကြားလေသည်။
ယဲ့ယောင်မှာတော့ ညွှန်ကြားချက်များအား တစ်ခုပြီးတစ်ခုချမှတ်နေကာ ဆရာဝန်ညွှန်ကြားထားသော ဆေးတွေကိုသွားယူပြီး ဆေးရုံသို့သွားသည့်ခရီးစဥ်အားအဆုံးသတ်၍ လုရွှမ်းအား ကျောင်းသို့ပြန်ခေါ်လာခဲ့တော့သည်။
နှစ်ယောက်သားအိပ်ဆောင်သို့ပြန်ရောက်သည့်အချိန်တွင် ၁၂နာရီပင်ကျော်နေပြီဖြစ်သည်။ ဝမ်ခဲ့နဲ့တခြားသူတွေက မအိပ်ကြသေးပေ။ ၎င်းတို့ကလုရွှမ်းအားခဏမျှနှုတ်ခွန်းဆက်ကြပြီး လုရွှမ်းရဲ့ဇာတ်ကြောင်းပြန်မှုအောက်၌ ရန်သူခြောက်ယောက်နဲ့တစ်ယောက်တည်းဖိုက်တင်းပလေး အနိုင်ယူလာခဲ့ပြီးမပြောပလောက်တဲ့ဒဏ်ရာလေးတွေသာရလာခဲ့သောလုရွှမ်းရဲ့ လူစွမ်းကောင်းဇာတ်ကြောင်းကို အခိုင်အမာယုံကြည်မျောလွင့်နေကြလေ၏။
ယဲ့ယောင် သူ့ကိုကြားဖြတ်မနှောင့်ယှက်ပေ။ လုရွှမ်းရဲ့လက်က ရေမထိလေ ပိုကောင်းလေဖြစ်တာကြောင့် မျက်နှာသုတ်ပုဝါကို ယဲ့ယောင်ယူလိုက်ပြီး ရေဆေးကာ လုရွှမ်းရဲ့မျက်နှာအားကူသုတ်ပေးလိုက်သည်။
"ဒီလောက်အားနဲ့ဆို အိုကေလား?" ယဲဲ့ယောင်မေးသည်။
"အိုကေတာပေါ့၊ မင်းလုပ်ချင်သလိုလုပ်လို့ရတယ်။ အားအများကြီးထည့်ပြီး ငါ့ကိုပွတ်ပေးရင်တောင် အဆင်ပြေတယ်" မျက်နှာသုတ်ပုဝါအောက်က လုရွှမ်းရဲ့နှုတ်ခမ်းထောင့်လေးတွေ အပေါ်ကိုမြင့်တက်နေတာမရပ်တော့။
ဒီဒဏ်ရာရတာ အရမ်းတန်တယ်။ အခုယဲ့ယောင်ကသူ့ကို ကူပြီးမျက်နှာသစ်ပေးနေတယ်။ နောက်ပိုင်းယဲ့ယောင်က သူ့ကိုရေပါ ကူချိုးပေးနိုင်လောက်လား?
ထိုကိစ္စ၌ သူကြိုတင်ပြင်ဆင်ထားဖို့လိုပြီး ဘယ်လိုဟန်ဆောင်ရမလဲကိုလေ့လာဖို့လိုသည်။ အဲ့ဒါမှယဲ့ယောင်အပေါ် ပြီးပြည့်စုံသည့် ပထမဆုံးထင်မြင်ချက်ကိုချန်ထားခဲ့နိုင်မှာ။
လုရွှမ်းရဲ့တဖျပ်ဖျပ်နဲ့စိတ်လှုပ်ရှားနေသည့်ခံစားချက်က သူအိပ်မပျော်သေးခင်အထိဖြစ်ပေါ်နေခဲ့တယ်။ သူသည်ထုံးစံအတိုင်း ယဲ့ယောင်၏ကုတင်ပေါ်သို့သွားချင်ပေမယ့် ယဲ့ယောင်ထံမှရက်ရက်စက်စက် တားဆီးခြင်းခံလိုက်ရသည်။
"မလာနဲ့" ယဲ့ယောင်ကအကြင်နာမဲ့စွာငြင်းဆိုသည်။ "ကုတင်ကအရမ်းကျဥ်းလွန်းတယ်။ ငါမင်းဒဏ်ရာတွေကို ထိမိနိုင်တယ်။ ကိုယ့်အိပ်ရာမှာပဲကိုယ်အိပ်"
လုရွှမ်းရဲ့မြူးထူးနေသောစိတ်ကလေးမှာ ချက်ခြင်းပင်ကျဆင်းသွားတော့သည်။ သူ့ခြေထောက်တွေနဲ့ ယဲ့ယောင်ရဲ့ငြင်းဆန်နေသောလက်ကိုကြည့်ကာ ပြောဖို့ရုန်းကန်လိုက်သည်။ "ရပါတယ်။ ငါတို့နှစ်ယောက်အတူတူလှဲတိုင်း ငြိမ်းငြိမ်းချမ်းချမ်းအိပ်ပျော်တာပဲလေ။ ရုတ်တရတ်ကြီးအိပ်ရာပြောင်းလိုက်ရင် ငါအိပ်ပျော်မှာမဟုတ်ဘူး။"
"အဲ့ဒါဆိုလည်း တက်လာခဲ့" ယဲ့ယောင်ပြောသည်။
လုရွှမ်းမှာပျော်ရွှင်စွာနဲ့ ယဲ့ယောင်ရဲ့ကုတင်ပေါ်သို့ တွားသွား၍ဆက်တက်လာသည်။ သူထိုနေရာသို့ရောက်သည့်အခါ ကပ်လျက်ကုတင်ပေါ်သို့ ယဲ့ယောင်ရဲ့ခြေထောက်ရှည်များတိုက်ရိုက်ခွထိုင်နေတာကိုမြင်လိုက်ရသည်။
"ငါ့မှာအိပ်ရာတွေနဲ့ပတ််သတ်ပြီး ပြဿနာမရှိဘူး။ ဒီရက်တွေထဲ တခြားကုတင်မှာအိပ်တာပေါ့" ယဲ့ယောင်ကဆိုသည်။
လုရွှမ်း : "..."
ဒီလိုလှပတဲ့မျက်နှာလေးနဲ့ ဒီလိုရက်စက်ကြမ်းကြုတ်တဲ့နှလုံးသားရှိနေတာပဲ။
မီးတွေပိတ်ပြီးသွားတဲ့နောက်မှာတော့ လုရွှမ်း ယဲ့ယောင်ရဲ့ဂွမ်းကပ်စောင်ကို ပွေ့ဖက်ကာ နောက်အစီအစဥ်ကိုစဥ်းစားရင်းတွေးရင်း တဖြည်းဖြည်းအိပ်ပျော်သွားခဲ့တော့သည်။
*****
လုရွှမ်းရဲ့ခြေထောက်ဒဏ်ရာက အရမ်းဆိုးဆိုးရွားရွားမဟုတ်ပေမယ့် သကောင့်သားမှာလမ်းမလျှောက်နိုင်ချေ။ ယဲ့ယောင်ဆရာဝန်ကို မနေ့ကမေးကြည့်တော့ ဖြည်းဖြည်းချင်းလျှောက်ရင်အဆင်ပြေတယ်ဆိုတာကြောင့် နှစ်ယောက်လုံးအတန်းရှိနေချိန် လုရွှမ်းကိုတစ်ယောက်တည်း အတန်းသွားတက်ခိုင်းရမှာကို ယဲ့ယောင်နည်းနည်းစိတ်သက်သာရာ ရသွားခဲ့သည်။
"မင်းခြေထောက်အရမ်းနာလာလို့ လမ်းမလျှောက်နိုင်တော့ရင် ငါ့ကိုစာပို့လိုက် ဒါမှမဟုတ်လည်း တခြားအတန်းဖော်တွေကိုထိုင်ဖို့ကူညီခိုင်းလိုက်" ယဲ့ယောင်မှာ၎င်းတို့နှစ်ယောက် ခွဲပြီးသွားရမည့်လမ်းဆုံလမ်းခွသို့ရောက်သည့်တိုင် အသေးစိတ်ညွှန်ကြားနေဆဲပင်။
"ကောင်းပြီ" လုရွှမ်းက ယဲ့ယောင်ရဲ့လက်ချောင်းလေးတွေကိုချိတ်တွယ်ထားခဲ့တယ်။ ထွက်ခွာသွားသောယဲ့ယောင်ရဲ့ပုံရိပ်လေးကို ကျေနပ်အားရစွာနှင့်စောင့်ကြည့်နေခဲ့ပြီး အရှေ့သို့ဖြည်းညင်းစွာ ဆက်၍လျှောက်သွားခဲ့သည်။
အဲ့ဒီနောက် ယဲ့ယောင်ထွက်ခွာခြင်းနှင့်အတူ လူတစ်စုကလည်းစတင်၍ လှုပ်ရှားလာကြသည်။
လုရွှမ်းရဲ့ဒဏ်ရာအကြောင်းက မြောက်များလှစွာသော သတင်းအုပ်စုတွေဆီသို့ တိတ်တဆိတ်ပျံ့နှံသွားခဲ့တယ်။
လုရွှမ်းကဘယ်သူလဲ? သူကချောမောခန့်ညားပြီး ထိုသို့သောမျက်နှာကိုအမှီပြုရုံနဲ့ ကျော်ကြားတဲ့လူဖြစ်လာနိုင်တယ်။ လူဘယ်နှစ်ယောက်လောက်များ သူ့ကိုသဘောကျနှစ်သက်ပြီး တိတ်တဆိတ်ချစ်နေလေမလဲ မသိနိုင်။
တစ်နိုင်ငံလုံးရှိ ထိပ်တန်းစာရင်းဝင်သူဌေးသူကြွယ်မိသားစုများထဲမှာမှ ပြည့်စုံကြွယ်ဝသည့်မိသားစုနောက်ခံရှိသည့် လုရွှမ်းသာသူတို့ကိုကြိုက်နှစ်သက်ခဲ့ရင် ၎င်းတို့၏တစ်ဘဝလုံးသောက်လိုက်စားလိုက်၊ ပျော်လိုက်ပါးလိုက်ဖြင့် ရွှေပုံပေါ်လှဲလျောင်းနေဖို့သာလိုပေလိမ့်မည်။
ထိုသို့သောအကြောင်းတရားတွေကြောင့် ယဲ့ယောင်ဟာအလွန်တုံးအတယ်လို့ လူတစ်ချို့ကတွေးထင်ကြသည်။ လုရွှမ်းနဲ့အလွန်နီးကပ်သည့် ဆက်ဆံရေးရှိပေမယ့် ပိုက်ဆံကိုဘယ်လိုပိုရှာရမလဲတော့ သူမသိပေ။
လုရွှမ်းကတကယ်ကို အရပ်ရှည်ပြီး ချမ်းသာကာ ချောမောခန့်ညားတာကြောင့်လည်း လုရွှမ်းအခုဒဏ်ရာရထားသည်ကိုမပြောရင်တောင် သူ့ကိုအမြဲတမ်းစိုက်ကြည့်နေသည့်လူတွေ အများကြီးရှိလေသည်။
ဒဏ်ရာအနာတရဖြစ်သည့် အချိန်ကာလအပိုင်းအခြားတစ်ခုသည် လူတစ်ဦး၏ အထိအခိုက်အလွယ်ဆုံးအချိန်ကာလတစ်ခုပင်ဖြစ်သည်။ ထိုအချိန်၌ ဂရုစိုက်မှုကိုပြသခြင်းသည် ထိုလူ၏နှလုံးသားထံ ပုံမှန်ထက်ပို၍ချဥ်းကပ်ဝင်ရောက်ရန်လွယ်ကူပြီး ကျားမဖြစ်တည်မှုကိုပင် ပဓာနမထားပဲ ထိုပုဂ္ဂိုလ်၏နှလုံးသားထဲမှ မေ့မရနိုင်သောလရောင်ဖြူလေးပင် ဖြစ်လာနိုင်လေသည်။
ဝတ္ထုတွေမှာ အဲ့လိုရေးထားတာပဲ မဟုတ်လား?
လုရွှမ်းရဲ့အတိတ်က ကျိုးကြောင်းမသင့်သည့်စတိုင်ကြောင့် ထိုလူအုပ်စုငယ်လေးများသည် ကမူးရှူးထိုးမိုက်မိုက်ကန်းကန်းတော့ မပြုမူရဲကြချေ။ သန့်ရှင်းသပ်ရပ်ကာချောမောသည့်ကောင်လေးတစ်ယောက်ကသာ ပထမဦးဆုံးထရပ်၍ အရှေ့သို့ဦးဆောင်ထွက်လာသည်။
သူ့ရဲ့မျက်နှာအသွင်အပြင်သည် နူးညံ့သိမ်မွေ့လေသည်။ ဒီနေ့တွင် သူကယဲ့ယောင်၏မျက်နှာပုံစံအတိုင်းတုပကာ မိတ်ကပ်ကိုအထူးပြင်ဆင်ချယ်သလာသည်။ မျက်နှာကိုဘေးသို့လှည့်လိုက်သည့်အခါ မျက်နှာထောင့်အနေအထားအနည်းငယ်က ယဲ့ယောင်နှင့်ခပ်ဆင်ဆင်တူနေလေ၏။
အဲ့ဒါကြောင့်လည်း သူပထမဆုံးရှေ့ထွက်လာရဲတာပေါ့။
"အတန်းဖော် မင်းအတန်းသွားတက်တော့မလို့လား? မင်းဒဏ်ရာရာနေတာ ခြေထောက်ကအမြန်လျှောက်ဖို့အဆင်မပြေဘူးမလား? မဟုတ်လည်း ငါမင်းကိုကူညီပြီးလိုက်ပို့ပေးမယ်လေ" ကောင်လေးကနူးညံ့စွာပြုံးလိုက်သည်။
လုရွှမ်း သူ့ကိုဗလာအကြည့်ကြီးနဲ့ တစ်ချက်ကြည့်လိုက်တယ်။
ကောင်လေးရဲ့အပြုံးကမပြောင်းလဲပဲ "မင်းဘယ်အတန်းကလဲ? ငါလိုက်ပို့ပေးမယ်"
"မလိုဘူး" လုရွှမ်းငြင်းလိုက်တယ်။
"မင်းနားလည်မှုလွဲနေပြီ။ ငါ့မှာတခြားရည်ရွယ်ချက်မရှိပါဘူး... ငါမင်းကိုကူညီချင်ရုံပါပဲ" ကောင်လေးက သူ့နှုတ်ခမ်းလေးကိုကိုက်လိုက်တယ်။ ထို့ကြောင့် ထောင့်အနေအထားက သူ့ကိုယဲ့ယောင်နဲ့ပို၍တူသွားစေသည်။
လုရွှမ်းရဲ့ အမူအရာမဲ့မျက်နှာက မကျေမနပ်ဖြစ်သည့်အရိပ်အယောင်တွေ လျှပ်တစ်ပြက်ဖြစ်ပေါ်လာသည်။
"မင်းမျက်နှာပေါ်က မိတ်ကပ်တွေကိုသာအကုန်ဖျက်ထားရင် အဲ့စကားပြောတာကိုပိုယုံကြည်နိုင်လောက်တယ်။" လုရွှမ်းကသရော်လိုက်ကာ နှေးကွေးစွာလမ်းလျှောက်နေသည့်အမူကိုဆက်၍ ဟန်ဆောင်မနေတော့ပဲ လူတွေကိုတုန်လှုပ်သွားစေပြီး ခြေလှမ်းကျဲကြီးများဖြင့် အဝေးသို့ထွက်သွားတော့သည်။
အနောက်၌ကျန်ခဲ့သည့်ကောင်လေးမှာ မျက်လုံးများပြူးကျယ်၍ သူသယ်လာခဲ့သည့်ကျောပိုးအိတ်ထဲမှ မှန်လေးကိုထုတ်ကာသူ့ကိုယ်သူကြည့်လိုက်သည်။
ဟုတ်ပါတယ်၊ သူလိမ်းထားတာ သေသေချာချာရှင်းရှင်းလင်းလင်းကို nude make upပုံစံပါ။ မိတ်ကပ်အမြင်မရှိတဲ့သူဆို မိတ်ကပ်လိမ်းထားမှန်းမြင်မှာတောင်မဟုတ်ဘူး။ အဖြောင့်ကောင်လို့ပြောတဲ့လုရွှမ်းက တစ်ချက်ကြည့်ရုံနဲ့တင်ဘာလို့သိသွားရတာလဲ?
ဒါကြီးက သိပ္ပံနည်းကျတော့ ဟုတ်မနေဘူးနော်!
*****
ဒီနေ့လည်ခင်းအတန်းပြီးချိန်တွင် ယဲ့ယောင်၌ ဘတ်စကက်ဘောပွဲရှိလေသည်။ လုရွှမ်းသည် ပြီးပြည့်စုံသောအစီအစဥ်တစ်ခုကိုပြုလုပ်ထားခဲ့ပြီး အတန်းပြီးတာနဲ့ ကစားကွင်းသို့တစ်ဟုန်ထိုးပြေးသွားတော့သည်။
ဘတ်စကက်ဘောကွင်းဘေးရှိ ကန်တင်းမှတစ်ရှူးတစ်ထုပ်နှင့် ယဲ့ယောင်အကြိုက်ဆုံးရေကိုဝယ်ယူကာ အဲ့ဒီနောက်သူ၏နှေးကွေးသောလမ်းလျှောက်နှုန်းကိုပြန်စတင်၍ ဘတ်စကက်ဘောကွင်းအစွန်းသို့တရွေ့ရွေ့လျှောက်လာခဲ့သည်။
အားကစားကွင်းတစ်ခုလုံးမှာ အားပေးရန်လာရောက်ကြသည့် ကောလိပ်နှစ်ခုမှလူအများအပြားနှင့် ယဲ့ယောင်ကစားတာကိုကြည့်ဖို့ရန်ရောက်လာကြသည့် ဖန်တွေရောနဲ့ပါဝန်းရံပြည့်နှက်နေလေ၏။ အားပါးတရအားပေးသံများနှင့် ရယ်မောအော်ဟစ်နေသောအသံများမှာ အဆုံးမရှိသောစမ်းချောင်းတစ်ခုလို စီးဆင်းဝင်ရောက်လာ၏။
ပွဲအစပိုင်း၌လူတိုင်းက ကစားပွဲကိုသာအာရုံစိုက်လို့နေပြီး ၎င်းတို့ဘေး၌မည်သူရပ်နေမှန်းအာရုံမပြုမိကြချေ။
အားကစားကွင်းရဲ့တစ်ဖက်၌ ရပ်နေသောဆံပင်တိုနှင့်မိန်းကလေးမှာ သူမ၏အဖော်အပေါင်းတွေနဲ့ အဆက်မပြတ်ပေါက်ပေါက်ဖောက်နေရင်း ယဲ့ယောင်ရဲ့ပုံတွေကိုလည်း သူမဖုန်းဖြင့်တဖျပ်ဖျပ်ပုံရိုက်လို့နေသည်။ "သူကတကယ်ကို ကြည့်ကောင်းတာပဲ။ အခုလက်ရှိကြယ်ပွင့်တွေထက်တောင် ပိုကြည့်ကောင်းတယ်လို့ငါထင်တယ်။ သူသာပွဲဦးထွက်မယ်ဆို သေချာပေါက်ပေါ်ပြူလာဖြစ်မှာပဲ! ဟင်းး အခုတော့ဖျော်ဖြေရေးလောကကြီးကို ရုပ်ဆိုးတဲ့သူတွေပဲ သိမ်းပိုက်ထားတာကြာလှပြီ"
"အမှန်ပဲ" သူမဘေးရှိ ဆံပင်ကောက်ကောက်လေးတွေနဲ့ကောင်မလေးက သံယောင်လိုက်ကာပြောလေသည်။ "ဝူး... အခုတလောအဆင်လေးတွေက ဖျော်ဖြေရေးလောကထဲဝင်ဖို့ကို တွန့်ဆုတ်နေကြတယ်"
ဆံပင်တိုနဲ့ကောင်မလေးက ခဏလောက်စဥ်းစားပြီးနောက် သူမခေါင်းကိုခါလိုက်ကာ "ထားလိုက်တော့၊ ဖျော်ဖြေရေးလောကမှာ ကလိမ်ကကျစ်နည်းလမ်းတွေ အများကြီးပဲ။ ငါတို့ရဲ့အလှလေးယဲ့ယဲ့ကို အပိုင်သိမ်းထားချင်နေတဲ့ အော်ဂလီဆန်စရာရွှေပိုင်ရှင်ကြီးရှိနေရင် ဘယ်လိုလုပ်မလဲ? အလုပ်ကြိုးစားပြီး ယဲ့ဇီနဲ့လုမျိုးရိုးကို တွဲပေးလိုက်တာက ငါတို့အတွက်ပိုကောင်းတယ်။ ယဲ့ယဲ့ကိုကာကွယ်ဖို့ လုမျိုးရိုးကို gold masterကြီးဖြစ်ခွင့်ပေးလိုက်တာပေါ့"
"သူတို့ကိုတွဲဖက်ပေးဖို့ လိုသေးတာလား?" ဆံပင်တိုမိန်းကလေးရဲ့ တစ်ဖက်ခြမ်းမှ ဩရှနက်ရှိုင်းသောယောက်ျားလေးအသံထွက်ပေါ်လာသည်။ "ယဲ့ယောင်သာဖျော်ဖြေရေးနယ်ပယ်ထဲ ဝင်ချင်ရင် ဒါကအလိုလိုဖြစ်လာလိမ့်မယ်လို့ ငါထင်တယ်။"
ဆံပင်တိုနဲ့ကောင်မလေးက ပုံရိုက်တာကိုအာရုံစိုက်နေလေရာ တစ်ဖက်လူကိုကြည့်ဖို့ရန် သူမခေါင်းကိုလှည့်မနေတော့ပေ။ သူမတို့လိုပဲ CPတစ်တွဲရှိသည့် တစ်စုံတစ်ယောက်လို့တွေးထင်၍ သာမန်ကာလျှံကာပြန်ဖြေလိုက်သည်။ "ကွဲပြားနေတုန်းပဲလေ။ ကာကွယ်ဝန်းရံပေးဖို့ဆိုတာ ပိုက်ဆံအတော်လေးကုန်ကျမှာ။ ပြီးတော့ဖျော်ဖြေရေးနယ်ပယ်က ပိုက်ဆံကိုရေလိုသုံးဖြုန်းနေကြတာ။ မိန်းမလှလေးပြုံးဖို့အတွက် ပိုက်ဆံဖြုန်းသလိုပေါ့။ သူတို့မှာဆက်ဆံရေးကောင်းရှိရင်တောင် လုမျိုးရိုးကအဲ့လိုလုပ်ဖို့ဆန္ဒမရှိလောက်ဘူး"
"ဘယ်လိုလုပ်အဲ့လောက်ရှုပ်ထွေးနေရမှာလဲ? ယဲ့ယောင်ပျော်နေသရွေ့ အဆင်ပြေတာပဲကို"
ဆံပင်တိုနဲ့မိန်းကလေး ဆွံ့အသွား၏: "..."
CPကိုအသားကုန် အကြိုက်လိုက်နေတဲ့သူတွေဘာလို့ရှိနေတာလဲ? တစ်ဖက်တည်းကိုပဲအာရုံစိုက်ပြီး မညီမညာအဆုံးသတ်ကို အဆုံးသတ်ဖို့အကောင်းဆုံးကြိုးစားနေကြတယ်။ ဘယ်လိုလုပ်သူတို့ထဲကတစ်ယောက်ကိုပဲ ပေါ်တင်ဘက်လိုက်နိုင်ရတာလဲ? ဒါက CPလေထုကိုဖျက်စီးပစ်လိမ့်မယ်!
အိုး ဒီကောင်က နှာခေါင်းပိတ်ပြီး CPထဲနစ်နေတဲ့ ယဲ့ယောင်ရဲ့အမာခံဖန်စစ်စစ်ကြီးပဲဖြစ်ရမယ်။ စည်းမျဥ်းတွေနားမလည်တဲ့ကောင်ပဲ၊ ကြည့်နေ သူမသူ့ကို ဘယ်လိုသင်ခန်းပေးပြမလဲဆိုတာ!
ဆံပင်အတိုနဲ့ကောင်မလေးက လှည့်လာပြီးထိုလူကိုစိတ်ဆိုးစွာနှင့်မျက်နှာချင်းဆိုင်လိုက်သည်။ "ဟေး နင်-"
သူမဘေး၌ရပ်နေသောလူငယ်မှာ 1.9မီတာလောက်အရပ်ရှည်ပြီး ဆောင်းရာသီဝတ်စုံကိုပါဝတ်ဆင်ထားကာ အရပ်ရှည်၍ ခြေတံရှည်တွေလည်းရှိသည်။ သူ့လက်ထဲတွင်ရေတစ်ဘူးကိုကိုင်လို့ထားပြီး ထိုရေက ယဲ့ယောင်မကြာခဏသောက်တတ်သောရေပင်။
ကောင်မလေးကိုကြည့်ရတာ အရမ်းဒေါသထွက်နေပုံရတယ်။ သူကသူ့မျက်ခုံးကို အံ့ဩစွာနှင့်ပင့်မြှောက်လိုက်ကာ: "ဘာဖြစ်တာလဲ။ ငါတစ်ခုခုများမှားပြောမိလို့လား?"
ကောင်မလေးရဲ့ပါးစပ်ထဲရှိ စကားလုံးများမှာ အကြိမ်တစ်ထောင်လောက် လှည့်၍လိမ်ထွက်သွားတော့သည်။ အဆုံးမှာတော့ "နင်... နင်ပြောတာကောင်းတယ်၊ ကောင်းတယ်၊ အတော်လေးကောင်းတယ်" ဟူ၍ဖြစ်လာသည်။
သူမဘေးမှာရပ်နေတဲ့ ယဲ့ယောင်ရဲ့အမာခံဖန်စစ်စစ်ကြီးက လုရွှမ်းဆိုတာဘယ်သူကတွေးမိမှာလဲဟ! အဲ့တော့သူမကဘာတတ်နိုင်မှာလဲ လက်ခုပ်ဩဘာတီးပြီးချီးကျူးပေးရုံပဲပေါ့?
လုရွှမ်းရဲ့အမူအရာထဲတွင် ရွံရှာသည့်အရိပ်အယောင်များရှိနေကာ "မင်းတို့တွေ CPတွေကိုဘယ်လိုများ shipနေကြတာလဲ? သူတို့ကိုဘယ်လို supportရမလဲဆိုတာမင်းတို့တကယ်မသိကြဘူး။ တကယ်ကိုမချိုမြိန်ကြဘူးပဲ"
ကောင်မလေး :"......"
ဆွံ့အ။
သူမ supportသောCoupleက ပုဂ္ဂိုလ်ဆီမှလက်တွေ့ဘဝကို ပြန်ရောက်အောင်ဖြတ်ရိုက်ခံလိုက်ရတဲ့ ဖီလင်ကြီးက တကယ်ကို coolဖြစ်ပါတယ်။
ကစားပွဲရဲ့ ပွဲတစ်ဝက်ခေတ္တရပ်နားချိန်သို့ရောက်ရှိလာသည်။ ဘတ်စကက်ဘောအသင်းနှစ်ဖက်စလုံးရှိ အဖွဲ့သားအတော်များများထံ၌ ချစ်သူမိန်းကလေးများရှိကြသည်။ ရေဘူးလေးများကိုင်၍ ကိုယ့်ကောင်လေးများထံ သူမလေးတို့လျှောက်လှမ်းလာကြချိန် ကိုယ့်ကောင်မလေးထံမှ ရေဘူးရလိုက်ကြတဲ့ကစားသမားများမှာ တစ်ခဏတာရွှင်ရွှင်ပျပျဖြစ်လာပြီး စိတ်ဓာတ်များမှာလည်း တစ်ဟုန်ထိုးပျံဝဲတက်ကြွလာကြသည်။
ယဲ့ယောင်၌ကောင်မလေးလည်းမရှိသလို တခြားမိန်းကလေးများထံမှ ရေလက်ခံဖို့ရည်ရွယ်ချက်လည်းမရှိပေ။ အဲ့ဒါကြောင့်သူ့ကိုယ်ပိုင်ရေဘူးကိုကြိုတင်ပြင်ဆင်ထားသည်။
သူရေဘူးကိုကောက်ယူတော့မည့် အချိန်၌ အသင်းဖော်တစ်ယောက်က သူ့ပုခုံးကိုပုတ်လိုက်သည်။
ထိုအသင်းဖော်က ပြုံးဖြဲဖြဲနဲ့ရယ်ပြလာတယ်။ သူ့ကောင်မလေးမှာလည်း ပါးစပ်ကိုအုပ်၍ သူ့ဘေး၌ရယ်လို့နေတယ်။ အသင်းဖော်ကပြောသည်။ "ယဲ့ဇီ"
ယဲ့ယောင် : "?"
အားကစားကွင်းရဲ့တစ်ဖက်၌ လက်ခုပ်ဩဘာပေးကာဆူညံမှုအသေးစားလေးဖြစ်သွား၍ ယဲ့ယောင်လှည့်ကြည့်လိုက်တော့ လုရွှမ်းကသူအကြိုက်ဆုံးတံဆိပ်နဲ့ရေဘူးကို ကိုင်၍သူ့ဆီလျှောက်လာသည်ကိုမြင်လိုက်ရသည်။
ယဲ့ယောင်အံ့ဩသွား၍ အရှေ့သို့ရွရွကလေးပြေးသွားကာ လုရွှမ်းအားထောက်ကိုင်ပေးလိုက်သည်။ "မင်းဘာလို့ဒီမှာရှိနေတာလဲ၊ အရင်ဆုံးအနားယူဖို့ အိပ်ဆောင်ကိုမပြန်ဘူးလား?"
"အနားယူတာက မင်းကစားတာကိုကြည့်ဖို့လောက်အရေးမပါဘူး" လုရွှမ်းရေဘူးကိုယဲ့ယောင်ဆီလှမ်းပေးလိုက်သည်။ အဲ့ဒီနောက်သူ့အိတ်ကပ်ထဲမှ တစ်ရှူးတစ်ရွက်ထုတ်ကာ ယဲ့ယောင်ရဲ့ချွေးတွေကိုသုတ်ပေးလိုက်၏။
သူတို့နဲ့မနီးမဝေး၌ ကောင်လေးနဲ့ကောင်မလေးတခြားစုံတွဲတစ်တွဲစကားပြောလို့နေသည်။ တစ်ခါတစ်ရံ စကားတစ်ခွန်းနှစ်ခွန်းလောက်က ကျယ်လောင်စွာလွင့်ပျံလာတတ်သည်။ လုရွှမ်းကနားထောင်နေကာ အသုံးဝင်မယ့်စကားစုလေးတွေကိုသင်ယူနေလေရဲ့။
သူကသူ့နှုတ်ခမ်းကို ပင့်မြှောက်ကာပြုံး၍ ယဲ့ယောင်ရဲ့နှဖူးပေါ်မှ ချွေးပူလေးတွေကိုဂရုတစိုက်သုတ်ပေးပြီး ရှင်းလင်းပြတ်သားတိကျစွာဆိုပါလေ၏။
"ဖိုက်တင်း! ချစ်တယ်နော်"
ယဲ့ယောင် : "...?"
ယဲ့ယောင်မှာ အံ့ဩထိတ်လန့်သွားရကာ ပါးစပ်အပြည့်ရေများလည်းသီးသွားပြီး ပြင်းထန်စွာချောင်းဆိုး၍ မျက်နှာမှာနီရဲတွတ်လာလေတော့၏။
×××××××
Thanks for Reading
13/9/2023