*ကံ့ကော်တွေလား ဥဩသံချိုအောက် ဆိတ်ခဲ့ရပေါ့*
တစ်။
မေမေဆုံးသွားတည်းက ဖေဖေ့လက်ဝယ် ကြီးပြင်းခဲ့ရသူမို့ ကံ့ကော်ရဲ့ အပြုအမူတို့က မိန်းကလေးဆန်ဖို့ ကွာဝေးလွန်းသည်။
အလုပ်မအားတဲ့ ဖေဖေကြောင့် အိမ်အကူအန်တီတို့နှင့်သာ နေရတာများသည်။
ထို့ကြောင့် သူ့အပြုအမူ၊ အကျင့်တို့သည် အမျိုးသမီးတို့တွင် ရှိတတ်သည့် သာမန် နူးညံ့ပျော့ပျောင်းမှုတို့ပင် နတ္ထိ။
ဖေဖေက လူတလူတန်းစေ့တာထက် ကျော်လွန်၍ ကြိုးစားရှာဖွေပေးကာ ကံ့ကော်ကို လိုလေသေးမရှိ ထားနိုင်သည်။
ပညာရေးဘက်တွင် ထူးထူးချွန်ချွန် ဖြစ်မနေခဲ့ပေမယ့် ဆိုးဆိုးဝါးဝါးတော့လည်း မဟုတ်ပေ။
ပုံမှန်ကလေး ဟု နာမည်တပ်၍ ရသည်။
အခန်းလေးက သူ့အတွက် နိမ္ဗာန်ငယ်လေး ဖြစ်နေတတ်သလို၊ ဦးတည်ရာမရှိ လျှောက်သွားသည့်အခါလည်း သွားသည်။
စီးကရက်ကလေး လက်ကြားညှပ်၍ ဘီယာလေး တစ်ဘူး ဘေးချကာ တွေးချင်ရာတွေးရသည့်အချိန်တွေသည် အေးဆေးလွန်းခဲ့သည်။
ထိုအေးဆေးလွန်းသည့် တစ်ကိုယ်ရည် ငြိမ်သက်မှုတွေထဲ ခပ်မာမာခဲလေးတစ်လုံးက အကြောင်းမကြားဘဲ ရောက်လာခဲ့တော့သည်။
ဖေဖေ့သူငယ်ချင်း၏ သမီးဆိုကာ ဆိုင်းမဆင့်ဗုံမဆင့် အိမ်သို့ ရောက်လာသည့် အမကြီးသည် ကံ့ကော်ကို တည့်တည့်မှန်ခဲ့သည့် ခဲလှလှလေးပင်ဖြစ်သည်။
အသက်အားဖြင့် ရှစ်နှစ်ခန့်ကွာကာ ကံ့ကော်ကို မြင်လိုက်တိုင်း တွန့်ရှုပ်သွားတတ်သည့် နှာခေါင်းလုံးလုံးလေးကို သိပ်အသည်းယား၏။
ထိုနေ့က စီးကရက်တစ်လိပ်ကို ဖွာရင်း ဧည့်ခန်းက ဆက်တီတွင် လှဲနေရာမှ စသည်။
Rockဂီတကို သဘောကျသူမို့ ဧည့်ခန်းအတွင်း လျှံကျနေသည့် သံစဉ်တို့သည် သာမန်လူအဖို့ နားဆူနိုင်ဖွယ်အတိ။
"ဆေးလိပ်နံ့ တို့ မခံနိုင်လို့ မသောက်နဲ့"
ပိုင်စိုးပိုင်နင်းစကားသံ။
ငြိမ်လွန်းသည့်အသံသည် လေးနက်စွာ ဟန့်တားပြီး ကံ့ကော်နှုတ်ဖျားဆီက စီးကရက်လေးသည် သူ့လက်ဝယ် ထက်ပိုင်းကျိုးရသည်။
စိတ်ထဲ နောက်ကျိသွားပေမယ့် ခွန်းတုံ့မပြန်မိဘဲ သူ့လက်ဖဝါးထဲ ဖိချေခံနေရသည့် စီးကရက်ဆီသာ အကြည့်ပို့မိသည်။
မကြည်လင်သည့် စိတ်ကြောင့် ကံ့ကော်၏ မျက်နှာတွင် မကျေလည်သည့် လှိုင်းတို့ တွန့်ခေါက်နေမည်မှာ မလွဲ။
"ဘာလဲ မကျေနပ်ဘူးလား မင်းက "
နှုတ်ခမ်းဖူးဖူးကို ဟမ့်ခနဲ တစ်ချက်မဲ့ကာ ပြောလာသည့် စကားသံကြောင့် ကံ့ကော် မော့ကြည့်မိသည်။
ကံ့ကော်၏ မျက်ဝန်းတွေဆီ တည့်တည့်ကြည့်နေသည့် မျက်ဝန်းတစ်စုံ။
အို! ညာဘက်မျက်ဝန်းထဲ မှဲ့နက်ကလေးနဲ့ပါလား။ အူယားဖွယ်ရာ။
ထိုမျက်ဝန်းတို့ကြောင့်ပင် ငြိမ်သက်ခဲ့မိသည်ထင်၏။
"ဟောဒီ စီးကရက်ကလေ မင်းအတွက် ဘယ်လောက်အန္တရာယ်များတယ်ထင်သလဲ ဟမ်။ မင်းရဲ့အဆုတ်ထဲ စကာပေါက်လို အပေါက်အပေါက်တွေနဲ့ မဲညစ်ပြီး ပျက်စီးစေမှာ သိရဲ့လား။ အို စိတ်ရှုပ်လွန်းလို့ မပြောတော့ဘူး မင်းဘာသာ ပြောမရလို့ သောက်ချင်ရင် ကြိုက်တဲ့နေရာမှာသောက်။ တို့မျက်စိရှေ့တော့ လာမသောက်မိစေနဲ့ "
သတိပေးသလို တစ်ချက်ကြည့်ကာ စားပွဲပေါ်ချထားသည့် စီးကရက်ဘူးကိုပါ ကောက်ယူသွားတော့သည်။
လှည့်ထွက်သွားသည့် ကျောပြင်မှာ ဆံနွယ်ရှည်တို့က ဝဲခနဲ။
ပန်ထားသည့် သနပ်ခါးပန်းရနံ့က သူထွက်သွားသည့်တိုင် ကံ့ကော်နံဘေး ကြွင်းကျန်ရစ်သေးသည်။
အဲဒီအမျိုးသမီးဟာ စိတ်ဆိုးမာန်ဆိုးဖြင့် ပိုင်စိုးပိုင်နင်းတွေ ပြောပြီး လုပ်ချင်ရာ လုပ်သွားတတ်သည်။
အမှန်ဆို ကံ့ကော်အိမ်ပေါ် တက်နေတာ အဲဒီအမျိုးသမီး ဖြစ်လျက်နှင့် သူ မကြိုက်တာတွေ ရှောင်ပေးရသူသည် ကံ့ကော်ဖြစ်နေခဲ့သည်။
အန္တရာယ်သိပ်များလွန်းသည့်မိန်းမချောကလေးဟု မကြည်မလင် ကောက်ချက်ချခဲ့မိတော့သည်။
~*~
"ဒေါ်လေးတို့က မင်းအိမ်က အကူဆိုပေမယ့် အသက်အရွယ်အားဖြင့် အိပ်ရေးဝဖို့လိုအပ်တယ်။ မင်းရဲ့ အခုလို အလေလိုက်ပြီး နောက်ကျမယ့်ညတွေအတွက် သူတို့မှာ အိပ်ရေးပျက်ခွင့်မရှိဘူး မျိုးကံ့ကော် မိန်းကလေးတစ်ယောက်ရဲ့ အိမ်ပြန်ချိန်က ညဆယ်နာရီ၊ဆယ့်တစ် တစ်ခုခုဖြစ်သွားဖို့ သိပ်လွယ်တယ် ဒါကို မင်းသိရဲ့လား "
အိမ်တံခါးထဖွင့်သူသည် မမျှော်လင့်ထားတဲ့သူ ဖြစ်နေသည်မို့ ခပ်ကြာကြာ မအံ့ဩလိုက်နိုင်ပါ။
ခပ်မာမာထွက်လာသည့် အသံကတောင် နားဝင်ချိုစေသည့် ညို့ဓာတ်ရှိနေသေးသည့် အမျိုးသမီး။
သို့သော် ကလေးတစ်ယောက်ကို ဆူပူသလို မျက်နှာတည်တည်ဖြင့် အပေါက်ဝမှာတင် မာန်မဲခံနေရသည်ကြောင့် ကံ့ကော် အိမ်ထဲ မဝင်ရသေး။
"နောင်ကို ညခုနှစ်နာရီက နောက်အကျဆုံး အိမ်ပြန်ချိန် ဖြစ်ပါစေ မျိုးကံ့ကော် တို့ရှိနေရဲ့သားနဲ့ မင်းမှာ တစ်ခုခု ကြုံတွေ့ရတဲ့အဖြစ် ဖြစ်လာရင် တို့အတွက် မကောင်းသလို မင်းအတွက်လည်း မကောင်းဘူး ဦးလေးက တို့ကို ယုံကြည်လို့ သူ့အိမ်မှာ နေခိုင်းခဲ့တာ တို့ကို အယုံအကြည်ပျက်သွားစေမယ့် ဘယ်လိုအဖြစ်သနမျိုးမှ အဖြစ်မခံနိုင်ဘူး တရားခံက သူ့သမီး မင်း ဖြစ်နေရင်တောင်မှပေါ့ "
မျက်ခုံးတစ်ခုကို ပင့်ကာ ပြတ်သားစွာ ဆိုလာသည့် အမျိုးသမီးဟာ ကံ့ကော်တစ်ကိုယ်လုံးကို ခပ်စူးစူးကြည့်ပစ်လိုက်ဖို့ ဝန်မလေးတတ်ပါ။
မှဲ့လေးတစ်လုံးဝန်းရံသည့် ထိုအကြည့်တို့ဖြင့် ထိုအမျိုးသမီးကြည့်လာတိုင်း အနေကျုံ့ရသည်။
"ကျနော်က ခင်ဗျားပြောတဲ့အတိုင်း နားထောင်ရင် ဘာပြန်ရမှာတဲ့လဲ အဟင်း"
အပြုံးတစ်ပွင့်ဖြင့် ကံ့ကော်မေးလိုက်တော့ အလိုမကျသည့် အမူအရာသည် ချက်ချင်း ပေါ်လာတော့သည်။
"တို့ မင်းထက် ရှစ်နှစ်ကြီးတယ် မျိုးကံ့ကော် မလေးစားနိုင်ရင်တောင် အကြီးတစ်ယောက်ကို မရိုမသေခေါ်ဝေါ်တာကို တို့အမုန်းဆုံးပဲ "
ကံ့ကော် အောက်နှုတ်ခမ်းလေးကို အသာဖိကိုက်လိုက်ရသည်။ အခေါ်အဝေါ်လေးတစ်ခုကိုတောင် သေးသေးတင် မခံသည့် အမျိုးသမီးပဲ။
"ဒါဆို ပြောကြည့်လေ ကျနော်က ခင်ဗျားကို ဘယ်လိုမျိုး တရိုတသေ ခေါ်ရမှာတဲ့လဲ"
ပြုံးစစဖြင့် ပြောလိုက်သည့် ကံ့ကော်ပုံစံသည် ထိုအမျိုးသမီးမျက်လုံးထဲ ဘယ်လိုမှ ထောင့်ကျိုးမည် မဟုတ်။ ပိုပြီး စိတ်တိုအောင် ဆွပေးချင်သည့် ညဉ့်ဆိုးလေးသည် ကံ့ကော်ကိုယ်ထဲ ကိန်းအောင်းနေသည်။
"တို့ကို လာမရိနဲ့ မျိုးကံ့ကော် မင်းအသိဉာဏ်က ကိုယ့်ထက်အကြီးကို ဘယ်လိုခေါ်ဝေါ်သုံးနှုန်းရမှန်း မသိအောင်အထိတော့ မယို့ယွင်းသေးဘူး မဟုတ်လား။ "
"အဟက်ဟက် သိပ်စွာတာပဲကိုး "
သဘောတကျ ရယ်ရင်း ခပ်တိုးတိုးဆိုတော့ ဒေါသမျက်ဝန်းလေးတွေက ကံ့ကော်ဆီ စူးစူးနစ်နစ်။
မျက်ဝန်းထဲ မှဲ့ကလေးက မျက်ဆန်အလှုပ် တိုင်း ရွေ့လျားနေသည်ကြောင့် ပို၍ ရုန်းမထွက်နိုင်တော့ပါ။ ထိုမှဲ့ကလေးက ကံ့ကော်ကို ကောင်းကောင်းကြီး စေစားနိုင်မည့် သော့ချက်ကလေး ဖြစ်မည်။
"ကောင်းပြီ ကျနော်က ဟောဒီက ဒေါ်ဉဩချိုပြောတဲ့အတိုင်း ညတွေ စောပြန်လာခဲ့မယ်ဆိုရင်ပေါ့။ ကျနော်က ဒေါ်ဥဩချိုဆီက လိုချင်တာ တောင်းခွင့်ရှိမှာလား"
နောက်ဆုံးတွင်တော့ တစ်သက်တာလုံး မကျိုးခဲ့သည့် အချိုးတို့ကို အနည်းငယ်လျော့ချရင်း ခပ်ရွှင်ရွှင် မေးလိုက်ရသူသည် ကံ့ကော်သာလျှင်။
စိတ်အလိုမကျချိန် ဟမ့်ခနဲ မဲ့သွားသည့် ဆေးမကူရဘဲ ရဲသည့် နှုတ်ခမ်းထွေးထွေးလေးတွေအထိ ဒီအမျိုးသမီးရဲ့ ဆုတောင်းကောင်းခြင်းက အားကျဖွယ်အတိ။
ကံ့ကော်မှာတော့ နှုတ်ခမ်းညိုညို၊ အသားလတ်လတ်၊ ဆံစကောက်ကွေးကွေးသာ ပိုင်ဆိုင်သည်။ ပိုင်ဆိုင်ခဲ့ရသည့် မွေးရာပါပုံစံကပင် မိန်းကလေးလားဟု မေးငေါ့စရာ ဖြစ်နေခဲ့တာမို့ မိန်းမဆန်သည့် ပုံစံသည် မျိုးကံ့ကော်အတွက် နာမည်တစ်လုံးသာ သိမ်မွေ့စွာ ရှိနေခဲ့သည်လေ။
"မင်းက လာလှချည့်လား မျိုးကံ့ကော်. တို့က မင်းအကျိုးအတွက် ပြောနေတာ ဒါက မင်းတို့ကို အပေးအယူ လာလုပ်နေစရာမလိုဘဲကို အလိုလို လိုက်နာရမယ့်ကိစ္စပဲ ထားပါလေ တို့ ကလေးနဲ့ ပြိုင် ကလေးမဆန်ချင်တာမို့ မင်းက တို့ဆီက ဘာများ လိုချင်လဲသာ ပြောပါ"
ခပ်ဆတ်ဆတ်ပြောလာသည့် အသံတည်တည်တွင် ဒေါသကလေးများ ဝန်းရံတော့ မျိုးကံ့ကော် လက်မနှင့် လက်ညှိုးကို အသာဆိတ်မိသည်။ အတန်ကြာမှ...။
"ကျနော်နဲ့ ဆုံတိုင်း ပြုံးပြပါ့လား ဟင်"
သတိလက်လွတ်ပြောလိုက်မိသည်ကြောင့် ကံ့ကော် မလုံမလဲ။
ရှေ့က မာန်တင်းထားသည့် သိမ်သိမ်မွေ့မွေ့လေးဟာလည်း မထင်မှတ်ထားသည်ကို ကြားလိုက်ရသည့်ဟန် စိုက်ကြည့်နေလေတော့ ပို၍ နေရခက်လာရသည်။
ထို့ကြောင့်ပင် ကံ့ကော် အပေါ်ကို မော့ကြည့်လိုက်၊ ဘေးက နံရံကြီးဆီ အကြည့်ပို့လိုက်၊ ကြမ်းပြင်က ခြေခုံဖွေးဖွေးလေးဆီ အကြည့်ရောက်လိုက်နှင့် တိတ်တဆိတ် ဗျာများ နေရပြီ။
မကြာပါ။ ရှစ်နှစ်ကြီးသူ၏ မျက်ဝန်းလေးတွေသည် ပြုံးရိပ်သန်းလာကာ နှုတ်ခမ်းထွေးထွေးလေးတွေကတော့ အသာ လှုပ်ခတ်လာသည်။
"ကလေးက ကလေးပါပဲလား ငါ့နှယ်"
ခပ်တိုးတိုးရေရွတ်လာသည့် စကားက ကံ့ကော် မျက်ခုံးတို့ကို ပင့်တက်သွားစေသည်။ ဘာလဲ ထိုစကားက။ ကံ့ကော်ကို ကလေးလို့ ပြောလိုက်တာလား။ ဆယ့်ကိုးနှစ်ဟာ ကလေးလား။
"ကျနော် ကလေး မဟုတ်ဘူး"
ပက်ခနဲ ထွက်သွားရသည့် မကျေမလည်စကားတွင် ခပ်ဟဟ ရယ်မောလာသူသည် သိပ်၍ ကြည့်ကောင်းလွန်းသည်။
"သွားအိပ်တော့ ဟုတ်ပြီလား စကားနားထောင်ရင် မင်းဖြစ်ချင်ရာ ဖြစ်ရစေ မယ်"
ခေါင်းပေါ် ထိုးဖွလာသည့် လက်ဖဝါးတစ်ဖက်ကြောင့် အသာ ရှောင်မိလိုက်ပေမယ့် မရပါ။
နူးညံ့လိုက်တာ။ ထိတွေ့မှုလေးတစ်ခုကပင် ရင်ကို နွေးသွားစေသည်။
ဒီသိမ်သိမ်မွေ့မွေ့လေးသာ အမြဲအနားမှာ ရှိနေရင် ဘယ်လောက်တောင် နေလို့ ကောင်းလိုက်မလဲ။
မျက်လုံးလေးများ မှိတ်မိသည်အထိ ဇိမ်ခံနေမိသည့် ကိုယ်ကိုယ်ကိုယ်လည်း ကံ့ကော်ဖြင့် မယုံနိုင်ပါ။
လုပ်ချင်ရာ လုပ်တတ်သူကတော့ အိမ်ရှေ့ တံခါးကို ပိတ်၍ သူ မဟုတ်သလိုပင် အခန်းရှိရာ ဝင်သွားလေပြီ။
~*~
"ဩကာသ ဩကာသ ဩကာသ ကာယကံ"
ထပ်တလဲလဲကြားနေရသည့်အသံသည် မနက်စောစောတွင် အထူးအဆန်း ထွက်ပေါ်နေသည်။ အိမ်အကူအဒေါ်ကြီးသည်လည်း ထိုအသံကြားတိုင်း ပြုံးစိစိနှင့်။
အကြောင်းမှာ တစ်မိုးအောက် ကံ့ကော်လေးသည် ဥဩချို၏ ကြပ်မတ်မှုအောက် မနက်အစောထကာ ဘုရားရှိခိုး ကျက်နေရ၍ ဖြစ်သည်။
"ဒေါက်!"
"အ!! နာတယ်နော် "
"ကလေးပေါက်စ သွားမေးတုန်းသိတဲ့ ဘုရားရှိခိုးကို မင်း အခုထိ ထစ်ငေါ့နေတာ မရှက်ဘူးလား မျိုးကံ့ကော်"
ဒေါသကဲသည့် အသံလေးတွင် ရှုံ့မဲ့နေသည့် မျက်နှာဖြစ်သွားရပေမယ့် ဘာသံမှတော့ မထွက်မိ။ ပြောသွားတာကလည်း ဟုတ်နေသည်ကိုး။ ဘုရားရှိခိုးဆို ဦးသုံးကြိမ်သာ ကုန်းရုန်း ချလာသည့် ကံ့ကော်က ဩကာသပင် အမြီးအမောက်မတည့်။
အပြုံးကြီးကြီးဖြင့် *တို့နဲ့အတူ ဘုရားရှိခိုးပါ့လား ကံ့ကော်ရယ်* ဆိုသည့် စကားတစ်ခွန်း။ ထိုအပြုံးနှင့် ထိုစကားတစ်ခွန်းကြောင့်ပင် တစ်သက်လုံး မရောက်ဖြစ်ခဲ့သည့် ဘုရားစင်ရှေ့ ကံ့ကော်ရောက်ခဲ့တာဖြစ်သည်။
အခုတော့ ကလေးပေါက်စပင် ရသည့် ဘုရားရှိခိုးကို ကံ့ကော်မရသည်ကြောင့် ဒေါ်ဥဩချိုရဲ့ လက်ဆစ်တွေ ကံ့ကော်ခေါင်းပေါ် ခပ်မဆိတ် ပြိုကျနေတာဖြစ်သည်။
"ဗိုက်ဆာနေပြီ"
ဗိုက်ကို ပွတ်ကာ ရှုံ့မဲ့မဲ့ဆိုမိတော့ ဟင်းခနဲ သက်ပြင်းချသံကို ကြားလိုက်ရသည်။
"မင်း ဒီနေ့တစ်နေကုန် အလေလိုက်ဖို့ မစဉ်းစားနဲ့ ဘုရားရှိခိုး ကျက်ရမယ် မှတ်! အခု မနက်စာ သွားစားမယ် ထ!"
တစ်ချက်လွှတ်အမိန့်ချသွားသူသည် မဆီမဆိုင်ဖြင့် ပိုင်စိုးပိုင်နင်း သိပ်လုပ်ချင်သည်။ မထုံတက်သေးမျက်နှာတည်ဖြင့် အမိန့်ပေးသွားတိုင်း ကံ့ကော်သည်လည်း မငြင်းနိုင်ခဲ့။ ကြောက်၍ တော့ဖြင့် မဟုတ်။ မျက်နှာလေး တစ်ချက်ညိုးသွားလျှင်ပင် ကမ္ဘာပြိုသလို ခံစားရ၍ ဖြစ်သည်။ ထိုအမျိုးသမီးကို စိတ်ကြည်လင်နေစေချင်သည်။ ချမ်းမြေ့နေစေချင်သည်။ သူ့ကြောင့် စိတ်ညစ်ညူးသွားရမှာမျိုး မဖြစ်စေချင်ပါ။
သူ ပျော်လျှင် ကံ့ကော် ပျော်သည်။ သူပြုံးနေလျှင် ကြမ်းပေါ်သွားနေသည့် ပုရွတ်ဆိတ်ကလေးကိုပင် ချစ်စရာလေးဟု ကံ့ကော်မြင်နေတတ်သည်။
ထိုအမျိုးသမီးလေးသည် ထိုမျှအထိ ကံ့ကော်အပေါ် သက်ရောက်နေ၏။
"ပဲကြော် များများထည့်ပေးနော် ဩဩ"
မုန့်ဟင်းခါးပွဲ ပြင်ပေးနေသူနား တိုးကပ်ကာ ပြောတော့ မျက်စောင်းတစ်ချက် လက်ဆောင်ရလိုက်သည်။
"အကြီးကို ဘယ်လိုခေါ်နေတာလဲ မရိုမသေနဲ့ "
"ချစ်လို့ ခေါ်တာလေဗျာ ချစ်စနိုးနဲ့ ဒါလေးတော့ ခွင့်ပြုပါ တွန့်တိုတာ မကောင်းဘူးနော့"
မျက်စောင်းလှလှလေးတစ်ခုကို ထပ်မံရရှိလိုက်တာမို့ သူ ပြုံးပြလိုက်မိသည်။
"ကဲ ထိုင်လေ! ဘယ်လိုဖြစ်လို့ မိုးတိုးမတ်တပ် ရပ်နေတာလဲ "
တိုးကပ်ထားသည်မို့ တံတောင်ဖြင့် တွတ်ပြီး ခပ်ဆတ်ဆတ်မာန်လာတော့သည်။ မတတ်နိုင်ပါ စံပယ်ပန်း ဘာလို့ပန်ထားလဲ။ နားရွက်ကြားညှပ်ထားတဲ့ စံပယ်ပန်းလေးက သိပ်မွှေးနေတာကိုး။
"အား ပူတယ်"
"ကဲ! မျိုးကံ့ကော်တစ်ယောက်နဲ့တော့! ကလေးပိစိလေးတွေထက် ဆိုးနေပါ့လားဟမ် အငွေ့တထောင်းထောင်းနဲ့ အခုမှ အိုးထဲက ခပ်ထားတာ မြင်သားနဲ့ မမှုတ်မပြုဘဲ ခပ်သောက်တော့ ပူကုန်မှာပေါ့ ကျစ်! ရော့ ရေနွေးနွေးလေးသောက်ကြည့် ရလား! သက်သာလား"
လက်ထဲရောက်လာသော အေးထားသည့် ရေနွေးခွက်လေးကို သောက်လိုက်မှ နည်းနည်း သက်သာသည်။
စိတ်ပူနေသည့် မျက်ဝန်းလေးတွေကို ပိုသဘောကျဖွယ်ကောင်းနေပြန်သည်။
ရေနွေးသောက်နေတုန်းမှာပင် မျက်စိရှေ့က မုန့်ဟင်းခါးပန်းကန်ကို ဆွဲယူသွားကာ ဇွန်းဖြင့် မွှေကာ တဟူးဟူးမှုတ်ပြီး အေးပေးနေသူ။ ဒီအမျိုးသမီးသည် မျိုးကံ့ကော်ကို ရူးစေချင်နေပြီထင်သည်။
"ကဲ ရော့ စား! ကလေးလို့ ပြောရင်ဖြင့် မကြိုက် ပုံစံက ကလေးပေါက်စထက် ဆိုးနေတယ်"
ခပ်ရွဲ့ရွဲ့လေးပြောလာပေမယ့် အမှန်တကယ်ကို စိတ်ပူကာ လိုက်လုပ်ပေးနေသည်ကို ခံစားလို့ ရနေသည်။ ဂရုစိုက်ခံရသည်ဆိုတာ ဒါမျိုးခံစားချက်တဲ့လား။ မွေးကတည်း မရခဲ့ဖူးပေ။
"ဩဩက ဘာလို့ ကျနော့်ကို ဂရုစိုက်ပေးတာလဲ"
ကြိုက်နှစ်သက်လွန်းသည့် မုန့်ဟင်းခါးပန်းကန်ကိုပင် အာရုံမရှိတော့ဘဲ နံဘေးက မှဲ့နက်ပိုင်ရှင်လေးဆီ ခပ်ငေးငေး မေးမိတော့ စိုက်ကြည့်လာသည်။
"အာ! ကျနော်သိပြီ ဂရုစိုက်ပေးတာက..."
ဘာမဟုတ်တာပြောမလဲဟူသည့် အကြည့်နှင့် ကံ့ကော်မျက်နှာပေါ် အကဲခတ်နေသည်။
"ချစ်လို့ မဟုတ်လား"
စိုက်ကြည့်နေသူ၏ နှုတ်ခမ်းလေးသည် ဝိုင်းခနဲ။
"အဟွန်း မင်းပဲ အပြောကောင်း"
ခပ်ဟဟလေး ရယ်ကာ နှာခေါင်းလေးရှုံ့၍ ပြောလာသည်ကြောင့် ကံ့ကော်ပါ လိုက်ပြုံးမိတော့သည်။
"မဟုတ်လို့လား မဟုတ်လို့လား ဟမ် ဒါဖြင့် ဩဩက ကံ့ကော်ကို မချစ်ဘူးလား ပြော ပြော"
"ဘာရယ်! မင်းကိုယ်မင်း ဘယ်လိုပြောလိုက်တာ? ကံ့ကော်ကို တဲ့လား အဟား! နားထောင်ကောင်းသားပဲ ထပ်ပြောကြည့်ဦး"
"ဟာဗျာ!"
မရဲတရဲ ချွဲပျစ်လိုက်မှုသည် စနောက်စရာတွေ့သွားသလို ပြုံးစိစိဖြင့် ပြောလိုက်သည်ကြောင့် နားရွက်ဖျားတွေထိ ပူထူလာရသည်။ ရှက်စရာကြီး။
"ကဲ ကံ့ကော်လေးရေ မုန့်ဟင်းခါးတွေ အေးကုန်ပြီ စားလိုက်ဦးကွယ်"
"အား! ဩဩနော်!!!"
ခိုးခိုးခစ်ခစ်ရယ်သံသည် ခပ်တိုးတိုးလေးထွက်ပေါ်လာကာ ကံ့ကော်သည်တော့ မုန့်ဟင်းခါးကိုသာ ငုံ့စားမိတော့သည်။
~*~
ဆက်ရန်...။
(ရေးမယ်ရေးမယ်နဲ့ ဒါလေးကို အစပျိုးထားတာကြာပြီ ဒီညမှ မုဝင်လာလို့ မြန်မြန်ရေးပြီး တင်ပေးလိုက်ပါတယ်။ ရေးနေကျ မဟုတ်တဲ့ GLမို့ လိုတာတွေ့ရင် ပြောပေးကြပါဦး။
Safety Zoneလည်း ဒီတစ်ပတ်ထဲ လာမယ်...ဘာဘီတို့။🖤)