"Ben မင်း ပြန်သင့်ပြီ"
အနူးညံ့ဆုံး ပြုံးကာ ပြောလာသော အမျိုးသားအား Benjamin ဟာ နှမြောခြင်းကြီးစွာ ကြည့်နေမိသည်။
"မင်းနဲ့အတူတူ နည်းနည်းလောက် ပိုနေချင်သေးလို့ မပြန်ချင်သေးဘူး ဆိုရင်ရော?"
Benjamin က ပြောတော့ ထိုအမျိုးသားက ကျောကပ်ထားသော သစ်ပင်ပင်စည်ကြီး၌ ခေါင်းအား မှီလျက် အသာအယာ ရယ်မောတယ်။
နက်ရှိုင်းတဲ့ ဩရှရှ ရယ်သံတွေက ဤမျှလောက် နားထောင်လို့ ကောင်းမှန်း သိခဲ့ပါလျှင် Benjamin က ထိုကဲ့သို့ တဇွတ်ထိုး မိုက်မဲခဲ့မည် မဟုတ်လှ။
"ဒါပေမဲ့ မနက်စာ စားရမယ်လေ Ben ရဲ့"
သူ့အပေါ်ဆို အသိမ်မွေ့ဆုံးသာ ထိတွေ့ဆက်ဆံတတ်သော အမျိုးသားဟာ အခုလည်း သူ့ခေါင်းကို နွေးထွေးစွာ ပွတ်သပ်ရင်း ချော့နေပြန်သည်။
ထိုအနွေးဓာတ်ကလေးနောက် လိုက်ရင်း Benjamin က ခေါင်းအား စောင်းကာ မျက်လုံးတို့အား စင်းလိုက်မိ၏။
သက်သောင့်သက်သာ ရှိလွန်းလှတယ်...။
အမြဲတမ်း ဒီအတိုင်းလေး နေလို့ရရင် ကောင်းမှာပဲ။
သူရယ် ၊ သူ့အပေါ်ဆို ဘယ်သူမဆိုထက် ပိုချစ်ပေးနိုင်တဲ့ ဤအမျိုးသားရယ်။
"မပြန်ချင်ဘူး... ငါ ဒီမှာပဲ မင်းနဲ့ တစ်သက်လုံး နေချင်တယ်"
"မဖြစ်ဘူးလေ Ben... မင်းကတော့ ဆက်ပြီး ရှင်သန်ရမှာပေါ့"
လေသံတိုးတိုးနှင့် ချော့ပြောလာသော အမျိုးသား။
Benjamin ဟာ ထိုအမျိုးသားက သူ့ထက် သေးငယ်သည့်တိုင် အမျိုးသားရဲ့ ရင်ခွင်ထဲ ပစ်၀င်ရင်း လက်တွေနဲ့ ခါးသိမ်သိမ်ကို သိုင်းဖက်ပစ်လိုက်တယ်။
"မင်းမရှိဘဲ ငါမရှင်သန်ချင်ဘူး... ငါ့မှာက မင်းပဲ ရှိတာကို..."
နောင်မှ သိတဲ့ အမှန်တရားတွေက စူးရှတဲ့ အချိုများများ ဖျော်ရည်တစ်ခွက်လိုပဲ။
ချိုမြိန်သည့်တိုင် ခါးသက် စူးရှလှတယ်။
"တစ်ယောက်ယောက် ပေါ်လာမှာပေါ့ Ben ရဲ့... ငါ့ထက် ပိုပြီး မင်းကို ချစ်ပေးနိုင်တဲ့ တစ်ယောက်ယောက် ပေါ်လာလိမ့်မယ်"
သူ့ထက် ပိုပြီး Benjamin ကို ချစ်ပေးနိုင်တဲ့ တစ်ယောက်ယောက်?
ဒါဟာ ဘယ်လို နောက်ပြောင်ကျီစယ်ခြင်းများလဲ?
"အခုတော့ သွားတော့ နေထွက်နေပြီ မဟုတ်ရင် ငါ မင်းရဲတိုက်ကြီးကို မီးရှို့ပစ်လိုက်မှာ"
ရယ်သံနှောသော စနောက်ခြင်း မည်တဲ့ စကားကြောင့် Benjamin ဟာလည်း လိုက်ကာ ရယ်ရင်း ဖက်ထားရာမှ လွှတ်လိုက်၏။
ထို့နောက်...။
"ငါ့ အစား ငါတို့ ဖြစ်ရမှာ မဟုတ်ဘူးလား? ကပ်နေနေပြီးတော့များ"
ပြောရင်း Benjamin က ဆံသားအကုန် အပြောင်သိမ်းထားသော နှာဖူးအား တောက်ခနဲ တောက်ပစ်လိုက်သည်။
"နာတယ် ကောင်စုတ်လေးရဲ့!"
ကြိမ်းမောင်းသံနှင့်အတူ လက်မောင်းထက် ကျရောက်လာသော ထိုးချက်တစ်ချက်။
သိပ်ပြင်းမနေသော အားက ထိုလက်သီးဟာ စိတ်တောင်မပါကြောင်း ဖော်ပြနေတယ်။
Benjamin ရယ်လိုက်ရင်း သူ့လက်မောင်းအား ထိုးခဲ့သော လက်အား ဆုပ်ကိုင်လိုက်၏။
"ဒီညရော မင်းလာမှာလား?"
ရုတ်တရက် လေးနက်သွားတဲ့ အသံ။ ရုတ်တရက် လွင့်ပျယ်သွားတဲ့ မျက်နှာပေါ်က တောက်ပမှု။
"အခြေအနေ အရပဲ... ခက်ခဲတာ မင်းလည်း သိလျက်သားနဲ့"
ခါးသက်စွာပဲ Benjamin ဟာ ပြုံးလိုက်မိတယ်။
အကုန် သူ့အပြစ်ချည်းသာ ဖြစ်တာကြောင့် လာဖို့ မဖြစ်နိုင်တဲ့ အမျိုးသားအား အပြစ်တင်နိုင်စွမ်း မရှိ။
"အခုတော့ ပြန်လိုက်တော့... ငါက နောက်အခါတွေ ကျရင် ဒီထက်ပိုပြီး ကြာကြာလေး နေပေးမယ်"
ဆံသားတို့အား ဖိပွတ်ရင်း ပြောလာသော အနွေးထွေးဆုံး ထိုအသံ။
Benjamin သက်ပြင်းတစ်ချက်အား တိုးလျစွာ ချမိတယ်။
"ကောင်းပြီ နောက်အခါကျ ထပ်တွေ့မယ် အရင်တစ်ခေါက်ကလို တစ်နှစ်လောက် ပျောက်မသွားနဲ့"
"ဟုတ်ပါပြီ ငါမြန်မြန် ထပ်လာခဲ့ပါ့မယ်"
ချိုမြန်သော ရှတတ ရယ်သံ။
သူ့အနား တိုးကပ်လာသော မျက်နှာကြောင့် Benjamin ဟာ မျက်နှာအား အသာလေး ငုံ့ပေးလိုက်တယ်။
နှာဖူးအား ဖိကပ်လာသော သိမ်သိမ်မွေ့မွေ့ နှုတ်ခမ်းနှစ်လွှာ။ ကြာရှည်သော အနွေးဓာတ်။
"ကောင်းကောင်း နိုးထနိုင်ပါစေ..."
"ငါ့အချစ်"
အမျိုးသား၏ အသံအဆုံး Benjamin မျက်လုံးတို့အား ဖွင့်လိုက်သည်။
ကျောက်သား မျက်နှာကြက်နှင့် သူ့မြင်လွှာကြား ခံနေသော အိပ်ရာအား အလှဆင်ထားသည့် ဖြူလှပ်လှပ် ပါးလွှာလွှာ အစ...။
နိုးနိုးချင်း Benjamin ဟာ သက်ပြင်းတစ်ချက် ချရင်း အသာအယာ ထထိုင်လိုက်တယ်။
"ငါနိုးပြီ..."
တိုးလျစွာ သတိပေးလိုက်သည့်တိုင် ထိုအမျိုးသားဟာတော့ ကြားလောက်မည် ဖြစ်၏။
"မနက်စာ ပေါင်မုန့်နဲ့ ကြက်ဥနဲ့ လုပ်ပေးမယ် ကြိုက်တယ်မလား?"
ပြန်ဖြေသံ မရှိသော အခန်းကျယ်။
Benjamin က အားယူကာ ပြုံးလိုက်ရင်း ဂုတ်ထောက် ဆံနွယ်ရှည်အား ချည်နှောင်ရန် ကုတင်ဘေး စားပွဲလေးရှိ ဖဲကြိုး အဖြူလေးအား ဆွဲယူလိုက်သည်။
"ခဏစောင့်... ငါအခု လုပ်ပေးမယ်"
စကားအဆုံး Benjamin အိပ်ရာထဲမှ ထွက်လိုက်သည်။
ကျန်ခဲ့သော အိပ်ရာကတော့ ထိုအမျိုးသား ပြင်ပေးမည် ဖြစ်ပြီး သူ့တာ၀န်ကတော့ ဟင်းချက်ရုံသာ။
"Good morning"
လှေကားက ဆင်းဆင်းချင်း မြင်ရသည့် အမျိုးသား၏ ကိုယ်တစ်ပိုင်း ပန်းချီကားအား Benjamin ဟာ ပြုံးပြရင်း နှုတ်ဆက်လိုက်တယ်။
သေချာပေါက် ပြန်ဖြေသံကို ကြားရမှာ မဟုတ်သော်လည်း...။
"မနေ့ညက ပျော်ဖို့ကောင်းခဲ့တယ် ဒါပေမဲ့ အရင်လို မြင်းပြိုင်စီးလို့ မရတာတော့ နှမြောသား"
အဖြူရောင် ည၀တ်အင်္ကျီပွပွ၏ လက်တို့အား ဖြစ်သလို လှန်တင်လိုက်ရင်း Benjamin က ရေဘုံပိုင်အား ဖွင့်ကာ လက်အရင် ဆေးလိုက်တယ်သည်။
"နည်းနည်းပူလို့ ပြတင်းပေါက်တွေ တစ်ချက်လောက် ဖွင့်လိုက်ပါလား?"
Benjamin စကားအဆုံး ပြတင်းပေါက်တွေက ခပ်သွက်သွက် ပွင့်သွားတယ်။
သဘောတကျတော့ ပြုံးမိပါရဲ့။
သူဘယ်လောက်ပဲ ဆိုးသွမ်းနေပါစေ ထိုအမျိုးသားက သူ့အနား အမြဲရှိပေးလိမ့်မယ်။
သူဘယ်လောက်ပဲ အနိုင်ကျင့်နေပါစေ ထိုအမျိုးသားက နှုတ်ခမ်းပေါ်က အပြုံးကို ဘယ်တော့မှ ဖြုတ်ချမှာ မဟုတ်ဘူး။
သူဘယ်လောက်ပဲ နာကျင်မှုတွေကို ပုလဲလုံးလေးတွေလို သီကုံးပြီး လည်ပင်း၌ ဆွဲပေးပါစေ ထိုအမျိုးသားက အတွန့်တက်မည် မဟုတ်ဘူး။
မှားယွင်းခဲ့တဲ့ ဆုံးဖြတ်ချက်တွေနဲ့ အတူတူ ရှိစဉ်က မပေးခဲ့နိုင်တဲ့ ပျော်ရွှင်မှုတွေအတွက် Benjamin က နောင်တရမဆုံး ဖြစ်ရတယ်။
အခုတော့ သူ့ကို ဂရုစိုက်တဲ့ တစ်ဦးတည်းသော အမျိုးသားက သူ့ကို စိတ်မချဘဲ ရုပ်မရှိသည့် နာမ် တစ်ခုအနေဖြင့် အနား၌ လိုက်စောင့်ရှောက်ပေးနေရသည်။
ဖြစ်နိုင်ရင် ထိုအမျိုးသား ပေးခဲ့တဲ့ အသက်ကိုမှ အားမနာဘဲ Benjamin က ထိုအမျိုးသားနောက် လိုက်သွားပစ်ချင်တယ်။
သို့သော်လည်း...။
သို့သော်လည်း... သူ ထိုကဲ့သို့ ပြုလုပ်လိုက်လျှင် ထိုအမျိုးသား ထပ်နာကျင်ရမယ်။
ဘာကြောင့်ဆို သူငယ်ချင်း စည်းထဲက ထိုအမျိုးသားရဲ့ မလိုလားဆုံး အရာက Benjamin သူ့ကြောင့် တစ်ခုခု ဖြစ်မှာလေ...။
ဒါကြောင့် အထီးကျန် ကိုယ်ကို အားယူကာ ဆွဲယူ လှုပ်ရှားစေရင်း ဖြေသံမရှိတဲ့ စကားတွေကို တတွတ်တွတ် ပြောရင်း Benjamin က နေ့ဘက်တွေကို ကုန်ဆုံးရတယ်။
ဝေဟင်ထပ် ငွေယုန် ဖိုးလမင်း ထွက်ပေါ်လာချိန်မှာတော့ အိပ်မပျော်သည့်တိုင် သူဟာ အိပ်ဖို့ရန် ကြိုးစားရတယ်။
ဘာကြောင့်ဆို ထိုအမျိုးသားက အဖန်ရေ ရှားပါးသော်ငြား အိပ်မက်တွေထဲဆို အလည်လာတတ်တယ်လေ။
သူ့ရဲ့ အစစ်အမှန် မဟုတ်လှတဲ့ မြို့ကြီးထဲမှာဆို ထိုအမျိုးသားက သူ့ကို အတောက်ပဆုံး ပြုံးပြ နှုတ်ဆက်တတ်တယ်။
သူ့ရဲ့ ဆံပင်တွေကို အနူးညံ့ဆုံး ဆော့ကစားပေးလေ့ ရှိတယ်။
တစ်ချိန်က ကလေးတွေလိုလည်း သူတို့ဟာ လွတ်လွတ်လပ်လပ် ရယ်မောတတ်ကြတယ်။
ဒါကြောင့် Benjamin ဟာ ညဘက်တွေမှာ အိပ်စက်ပါတယ်။
တစ်ယောက်သောသူနှင့် တွေ့ဆုံရန် အတွက်သာ Benjamin က အိပ်စက်တယ်။
သို့သော်လည်း ထိုအမျိုးသား ပေါ်မလာသော ညများမှာ ဆိုလျှင်တော့ သူက အတိတ်ပုံရိပ်တွေထဲ ပိတ်မိနေတတ်ပြီး နိုးထလာချိန်၌ လွင့်စဥ်သွားသော အနွေးဓာတ်အား စိတ်လွတ်စွာ လိုက်ရှာမိတယ်။
ထိုနေ့တွေရဲ့ မိုးသောက်ချိန်မှာတော့ Benjamin က ကိုယ့်ကိုယ်ကို လှောင်အိမ်ထဲ ထည့်ပိတ်ရင်း အပြစ်ရှိတဲ့ ငှက်တစ်ကောင်လို ထိုအမျိုးသားအား မည်မျှလောက် လွမ်းဆွတ်မိကြောင်းအား သီချင်းတစ်ပုဒ်အဖြစ် သီကုံးရင်း နှုတ်ခမ်းနှစ်လွှာကြားမှ အက်ကွဲကြောင်း အပြည့် အသံနဲ့ သီဆိုနေမိပါတယ်။
.........................................
ကျန်တဲ့ဟာတွေ စစ်နေတုန်းလေး တင်ပေးထားပါဆိုလို့သာ တင်ပေးရတာပါ။ တင်ပေးရတာလည်း လူက ခပ်လန့်လန့်ရယ်။ ㅠㅠ
ခါးလားဆိုတော့ အရမ်းကြီး မခါးပါဘူး။ ချိုလားဆိုတော့လည်း လုံး၀ ချိုမနေပါဘူး။ မရယ်ရတဲ့ comedy romance လေးပေါ့ ဟဲဟဲ။ hope you guys like it pr!