LS : AMITY

By kummarii

1.3K 74 0

ချစ်ခြင်းမေတ္တာ ကြီးမားလိုက်ပုံ သူစိမ်းတစ်ယောက်အပေါ် မေတ္တာဓာတ်တွေ ငုံ ။ ချစ်ခြင်းမေတ္တာ ကြီးမားလိုက်ပုံ ငေးက... More

1 : 22
2 : 22
3 : 22
4 : 22
5 : 22
6 : 22
7 : 22
8 : 22
9 : 22
10 : 22
11 : 22
13 : 22
14 : 22
15 : 22
16 : 22
17 : 22
18 : 22
19 : 22
20 : 22
21 : 22
22 : 22
AMITY
1 : 4
2 : 4
3 : 4
4 : 4

12 : 22

35 2 0
By kummarii

" ​အို...ဧည်သည့် ရောက်နေတာပါလား "

အလုပ်မှအပြန် အိမ်ထဲဝင်လိုက်ချိန်တွင် ဧည့်ခန်း၌ အမျိုးသမီးတစ်ယောက်နှင့် စကားပြောနေဟန်တူသည့် ထိုလူကြောင့် ဧကရီ မိမိရောက်လာသည်ဟူသော အသိကို ပေးရင်းနှင့် အသံပြုလိုက်၏ ။ ထိုအခိုက် ဧကရီ့ကို ကျောပေးထားရာမှ လှည့်ကြည့်လာသော အမျိုးသမီး၏မျက်ဝန်းများသည် စူးရှ၍ ညှို့အားပြင်းလှသည်ဟု ဧကရီ ခံစားရလိုက်သည် ။ ထိုအမျိုးသမီး၏ဝတ်စုံမှာ ဧကရီ မြင်ဖူးနေကြ ဝတ်စုံများနှင့် ကွဲထွက်လျက် အင်္ကျီနှင့်ဘောင်းဘီမှာ ကိုယ်တွင် ကပ်နေပြီး ခန္ဓာကိုယ်အကွေ့အကောက်များမှာ ထင်းနေလေသည် ။ ပိတုန်းရောင်ကဲ့သို့ ဖြောင့်စင်းနေသော ဆံနွယ်ရှည်များကို အပြောင်သိမ်း၍ ဦးခေါင်းထိပ်တွင် ခပ်မြင့်မြင့် စည်းထားကာ နှုတ်ခမ်းထက်တွင် နီစွေးနေသော အရောင်များကို ခြယ်သထားသည့် မိန်းမပျိုက ခါးတစ်ဖက်တွင်လည်း ဓားရှည်ကဲ့သို့ နက်မှောင်တောက်ပြောင်လှသော ဓားတစ်လက်ကို ချိတ်ဆွဲထားသေးသည် ။ ထိုမိန်းမပျို၏ပြင်းထန်လှသော ဆွဲဆောင်မှုများတွင် ဧကရီ ခေတ္တ နစ်မြောသွားရသည် ။ တစ်ပြိုင်နက်တည်းမှာပင် သိမ်ငယ်မှုကိုပါ ခံစားလိုက်ရ၏ ။ မိန်းကလေးတစ်ယောက်သည် ဤလောက်အထိ လှပနိုင်သည်လား ။ ဧကရီသည် မျက်စိရှေ့ရှိ လှပလွန်းသည့် ဖြစ်တည်မှုကို အံ့သြစွာပင် ငေးမောနေမိရင်းမှ ပြန်လည်သတိချပ်လိုက်ရသည် ။

" အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ် ။ အေးအေးဆေးဆေး စကားဆက်ပြောကြပါ "

ဧကရီသည် တိတ်ဆိတ်စွာဖြင့်သာ တစ်ခန်းတည်း ရှိသော မိမိ၏အခန်းထဲသို့ ဝင်လာလိုက်သည် ။ အလုပ်က ပြန်လာခဲ့သည်ဖြစ်၍ အဝတ်အစားများ လဲလှယ်ဖို့ရာ ဗီရိုတံခါးကို ဖွင့်လိုက်ပြီး သက်တောင့်သက်သာ ရှိမည့် ဂါဝန်အပါးကလေးတစ်ထည်ကို ဆွဲထုတ်လိုက်မိသည် ။ ထိုအချိန်တွင် အပြင်ဘက်မှ စကားပြောသံများသည် ပါးလွှာသော နံရံကို ထိုးဖောက်လာလျက် ရှိနေ၏ ။

" အဲ့တာဆို ငါ သွားတော့မယ် "

" အလုပ်ကို သေချာလုပ်နော် ။ ဘာမှ မလွဲစေနဲ့ ။ ယုံထားလို့ ရတယ်မလား "

" ဟင်း...နင်သာ ဒီမှာ အဖြစ်ရှိအောင် လုပ်စမ်းပါ အရူးရဲ့ "

တစ်ယောက်နှင့် တစ်ယောက် စကားပြောဆိုပုံများကို ခန့်မှန်းမိသလောက် နှစ်ဦးသားသည် အလွန်ရင်းနှီးသည့် ဆက်ဆံရေးပင် ဖြစ်ရမည် ။ မိန်းမပျိုသည် တစ်ဖက်လူကို ခနဲ့ပြီးနောက် ဖိနပ်နှင့် ကြမ်းပြင် ခပ်ပြင်းပြင်း ရိုက်သံနှင့်အတူ အိမ်ထဲမှ ထွက်သွားဟန်တူသည် ။ ဧကရီ ရောက်လာ၍ သူတို့၏စကားဝိုင်း ပြတ်တောက်သွားရလေသလားဟု ဧကရီ တွေးလိုက်မိသေး၏ ။

" ဂျောက်... "

အခန်းတံခါးဖွင့်လိုက်သံကြောင့် ဧကရီ အနောက်သို့ လှည့်ကြည့်လိုက်မိသည် ။ အခန်းထဲသို့ ခေါင်းပြူ၍ ကြည့်လာသော ထိုလူက ဧကရီနှင့် မျက်လုံးချင်း ဆုံလျှင် ချက်ချင်း ပြုံးပြလေသည် ။ သို့သော် ဧကရီသည် မည်သို့မျှ ပြန်လည် တုံ့ပြန်ခြင်း မရှိဘဲ ခေါင်းကို အရှေ့သို့ ပြန်လှည့်၍ အပေါ်ထပ် ဝတ်ရုံ၏ကြယ်သီးကို ဖြုတ်ကာ ဝတ်ရုံကို ထက်ပိုင်းချိုး ခေါက်၍ ဘေးဘက်သို့ လှမ်းတင်လိုက်သည် ။ အကြောင်းပြချက် မရှိဘဲ သာမန်ကဲ့သို့ ထိုလူ့ကို ပြန်လည် ပြုံးပြချင်စိတ်သည် ဧကရီ့ထံတွင် ရှိမနေ ။ အလုပ်က ပင်ပန်းလာတာကြောင့်လား...ဘာရယ်ကြောင့် မသိ မျက်နှာသည် သိသိသာသာ ညှိုးကျနေသည် ။ ထိုတွင် အခန်းအတွင်းပိုင်းသို့ လုံးလုံးလျားလျား ရောက်လာသည့် သူက အနောက်ဘက်ကနေ လက်တစ်ဖက်ဖြင့် ဧကရီ၏ခါးကို ဆွဲဖက်ပြီးလျှင် ဧကရီ၏ပါးကို ရွှတ်ခနဲ နမ်းလိုက်လေသည် ။ ထိုလူ၏ အပြုအမူတိုင်းတွင် အငိုက်မိတတ်သည့် ဧကရီသည် ယခုအချိန်အထိ သတိမရှိတတ်သေးပေ ။ ထို့ကြောင့် ရုတ်တရက် ထိတ်သွားသည့် ရင်ဘတ်နှင့်အတူ ပခုံးများပါ မသိမသာ မြောက်တက်သွားရလေ၏ ။

" ကိုယ့်ကို စိတ်ဆိုးနေတာလား အချစ်လေး "

" ဟင့်အင်း မဟုတ်ပါဘူး ။ ကျွန်မက ဘာကို စိတ်ဆိုးရမှာတဲ့လဲ "

" ဒါဆို ဘာလို့ မျက်နှာက မကောင်းဖြစ်နေရတာလဲ ။ ဘယ်သူနဲ့ အဆင်မပြေခဲ့လို့လဲ "

ထိုတွင် စဥ်းစားမိသည်က ထိုလူ့ဘေးတွင် ဤကဲ့သို့ ပြိုင်စံရှားလှသည့် အလှမျိုးနှင့် မိန်းမပျိုများ ဝိုင်းနေနိုင်ရက်နှင့် ထိုလူက ဘာကြောင့် ဧကရီ့အနားတွင် ရှိနေရသနည်း ။ သူ၏ခန့်ညားမှုနှင့် ဧကရီ့ထက် အဆပေါင်းများစွာ သာလွန်သည့် မိန်းမငယ်များကို ကျော်လွန်၍ မည်သည့်အကြောင်းကြောင့် ဧကရီ့ကိုပဲ ရွေးချယ်ထားရသနည်း ။ အကြောင်းပြချက်တစ်ခုခုကြောင့် အသုံးချခံနေရသည်ဆိုလျှင်လည်း ဧကရီ မည်သူနှင့်မျှ ရန်ညှိုးရန်စ မရှိခဲ့ဖူးပါ ။ သို့ရာတွင် ယခုအချိန်အထိ သူ့ကို ပြန်မနှစ်သက်ပေးနိုင်သော သာမန်အညာတရ မိန်းကလေးတစ်ယောက်ဖြစ်သည့် ဧကရီ့ကို တွယ်တာနေစရာအကြောင်းမှာ အခြားရည်ရွယ်ချက် မရှိနေခြင်းက မဖြစ်တန်ရာ ။

" အလုပ်ကြောင့် ပင်ပန်းလာလို့နဲ့ တူပါတယ် "

မသေချာသော်ငြား မိမိကိုယ်တိုင် သံသယ ရှိနေသည့် အကြောင်းအရာကို ဖြေရှင်းချက်အဖြစ် ပေးလိုက်မိသည် ။ ထိုစကားကို ပြောရာတွင်လည်း ဧကရီ သတိမထားမိလောက်အောင် လေသံမှာ အားနည်းနေလေသည် ။

" ဒီဘက်ကို လှည့်ပါဦး "

ထိုလူသည် ဧကရီ၏လက်တစ်ဖက်ကို ကိုင်၍ သူ့ဘက်သို့ ဖြည်းဖြည်းချင်း ဆွဲလှည့်လေ၏ ။ ထို့နောက် သူ၏နောက်ကျောဘက်တွင် ဝှက်ထားသည့် အရာတစ်ခုကို ဧကရီ့ရှေ့သို့ ဆွဲထုတ်ပြလိုက်ချိန်တွင် ညှိုးငယ်နေသည့် ဧကရီ၏မျက်နှာမှာ ချက်ချင်းဆိုသလို အံ့သြကာ လန်းဆန်းသွားရသည် ။

" ဒါ ထပ်တစ်ရာပန်းတွေမဟုတ်လား "

ပန်းတွေကို မြင်ရလျှင် ပျော်ရွှင်နေတတ်သည့် ဧကရီ့ကို ထိုလူက သဘောကျစွာ ပြုံးလျက် ငေးကြည့်နေလေသည် ။ ဧကရီ၏စိတ်အခြေအနေကို ပြောင်းလဲနိုင်လိုက်မှုအပေါ် မိမိကိုယ်ကိုယ် ကျေနပ်နေဟန်လည်း ရှိ၏ ။

" အင်း...မင်း သဘောကျမယ်ထင်လို့ ကိုယ် ယူလာခဲ့တာ "

" ကျွန်မ သိပ်ပျော်တာပဲ ။ ဒီပန်းတွေက ဒီအရပ်မှာ သိပ်ရှားတာ ။ မြင်ရရင်လဲ စျေးတန်လွန်းတယ် "

ဧကရီသည် မကြာသေးမီက အခြေအနေနှင့် လွန်စွာ ကွဲပြားလျက် အပြုံးပန်းများ ဝေဆာကာ ထိုလူ ချိုးယူလာသည့် အဆုပ်လိုက် အဆုပ်လိုက်သော လိမ္မော်ရောင် ထပ်တစ်ရာပန်းများကို ပွေ့ယူလျက် လုပ်မိနေကြ အပြုအမူအတိုင်း ပွင့်ချပ်များကို နမ်းရှိုက်လိုက်မိ၏ ။ ထပ်တစ်ရာပန်းတွင် အခြားပန်းများကဲ့သို့ မွှေးကြိုင်သော ရနံ့များ မရှိသော်လည်း ပန်းဟူသည့် ဖြစ်တည်မှုကိုပင် ဧကရီ သဘောကျသည် ။

" ​အာ...မေ့တော့မလို့ ။ မနက်ဖြန်ကျရင် ကျွန်မတို့ မြို့ရဲ့ ပျော်ပွဲရွှင်ပွဲကြီး ရှိတယ် ။ အဲ့တာ ကျွန်မတို့ အတူတူ သွားကြရအောင်လေ "

တက်ကြွစွာဖြင့် ကမ်းလှမ်းလာသော ဧကရီ့ကို သူ ချက်ချင်း လက်ခံမိလိုက်ဖို့ဆဲဆဲတွင် နှုတ်ကို ပြန်ပိတ်၍ ရခဲသည့် အခွင့်အရေးမှာ မူချင်သည့် စိတ်များ ပေါ်လာလေသည် ။ ထို့ကြောင့် အတူသွားဖို့ရာ ချက်ချင်း သဘောမတူလိုက်ဘဲ အခက်အခဲ ရှိသည့်ပုံဖြင့် တွေဝေလိုက်သည် ။

" ပွဲဆိုတော့ လူတွေ အများကြီး ရှိမှာမဟုတ်လား "

" ဒါပေါ့ ။ ကျွန်မတို့ တစ်မြို့လုံးပဲ ။ မြို့ထဲက အချက်အချာကျတဲ့ လမ်းတွေပေါ်မှာ သီချင်းတွေ တီးကြဆိုကြ ၊ စားကြသောက်ကြ ပွဲတော်တည်ကြနဲ့ ။ အရမ်း ပျော်စရာကောင်းတာ "

" အဟမ်း... အဲ့ဒီလောက် လူတွေ များရင် ကိုယ် မသွားချင်ဘူး "

သူတို့၏စည်ကားလှသော ပွဲတော်ကြီးအကြောင်းကို သီကာဖွဲ့ကာဖြင့် ဂုဏ်ယူဝင့်ကြွားစွာ ဖော်ပြနေသည့် ဧကရီက သူ၏စကားသံကို ကြားလျှင် မျက်နှာမှာ ညှိုးသွားပြန်လေသည် ။ ထို့နောက် ပြန်လည်စည်းရုံးဖို့ရာ အကြံတစ်ခုခုကို နက်နက်နဲနဲ စဥ်းစားဟန်ပြုသွား၏ ။

" ဟုတ်တယ် လူတွေတော့ အရမ်းများတယ် ။ ဒါပေမဲ့ ကျွန်မတို့ လူရှုပ်တဲ့ နေရာ မသွားဘဲ လူရှင်းတဲ့ နေရာပဲ နေကြရအောင်လေ ။ ကျွန်မ တကယ်ပဲ ရှင်နဲ့အတူတူ သွားချင်မိတယ် "

" ဘာဖြစ်လို့လဲ "

တစ်ဖက်မှ ရည်ရွယ်ချက် ရှိရှိနှင့် မေးလာသော အမေးကြောင့် ဧကရီ ​စကားပျောက်သွားရသည် ။ သဘောရိုးနှင့် ပြောလိုက်ခြင်းကို ထိုလူက မည်သို့ထင်မြင်သွားလေသနည်း ။

" အထွေအထူးရယ် မဟုတ်ပါဘူး ။ ရှင် အဆင်မပြေတော့လဲ ဘယ်တတ်နိုင်မလဲလေ ။ ခါတိုင်းလိုပဲ ကျွန်မ တစ်ယောက်တည်း သွားလိုက်ပါ့မယ် "

" ကိုယ်က နောက်နေတာပါ အချစ်ရယ် ။ ပျော်ပွဲရွှင်ပွဲမှ မဟုတ်ဘူး ကမ္ဘာကြီးရဲ့အဆုံးကိုသွားလဲ ကိုယ် လိုက်ခဲ့မယ် ဟုတ်ပြီလား "

ထိုအခါမှ ဧကရီ၏ ညှိုးငယ်နေသည့် မျက်နှာက ရွှင်လန်းလာလေသည် ။ နောက်ပြောင်ရမလားဟူသော သဘောဖြင့် မျက်နှာပုတ်ကာ လက်သီးဆုပ်သေးသေးကလေးနှင့် သူ၏ရင်ဘတ်ကို အသာ ထုလေလျှင် သူသည် သဘောကျစွာ တဟားဟား ရယ်လျက် ဧကရီ၏လက်ကလေးကို ဖမ်းဆုပ်ထားလိုက်မိသည် ။ ထိုလက်သီးဆုပ်ကလေးကတစ်ဆင့် သူ၏ရင်ဘတ်အတွင်းက ချစ်ခြင်းမေတ္တာလှိုင်းများကို အနှီမိန်းကလေး ခံစားနိုင်လျှင် ကောင်းပေလိမ့်မည် ။ သူ(မ)သည် အလွန်တရာ ချစ်စဖွယ်ကောင်းလှသည် ။

" ဟော...ဟိုမှာ လူတွေ စည်လှပေါ့ "

ဧကရီသည် မြို့ထဲရှိ အစည်ကားဆုံးလမ်းမကြီး၏တစ်နေရာ၌ စကားသံ တညံညံနှင့် စုဝေးနေပြီဖြစ်သော လူစုလူဝေးကြီးကို မေးငေါ့ကာ ဆိုလေသည် ။ ပွဲတော်နေ့တွင် မြို့၏အချက်အချာကျသည့် လမ်းမကြီးတစ်လျှောက်ရှိ နေအိမ်မှ လူများသည် မိမိ၏အိမ်ရှေ့တွင် စားပွဲကြီးများခင်း၍ စားသောက်ဖွယ်ရာ အစုံအလင်ကို တည်ခင်း၍ ကျွေးမွေးတတ်ကြသည် ။ အခြားအိမ်များမှ လူများသည်တော့ မိမိတို့နှင့် ခင်ရာခင်ရာ အိမ်များသို့ လည်ပတ်၍ စားသောက်ကာ ပွဲတော်ကို ပျော်ပါးတတ်ကြသည် ။ သို့ရာတွင် အစားအစာများကို မည်သူမျှ အကုန်မခမ်း မစားတတ်ကြပါ ။ ဟိုနည်းနည်း သည်နည်းနည်းသာ တို့စိတ်၍ သုံးဆောင်ကြသည် ။ မြို့၏အရာရှိအိမ်များတွင်တော့ စားသောက်ဖွယ်ရာများက ပို၍စုံလင်ကာ လာရောက်လည်ပတ်သူလည်း ပို၍များသည် ။ ဧကရီတို့နှစ်ယောက် လမ်းသွယ်လေးတစ်ခုမှ လှမ်းကြည့်နေမိသော လူစုလူဝေးမှာလည်း အရာရှိတစ်ဦး၏အိမ်ရှေ့ပင် ဖြစ်လေ၏ ။

" ပွဲတော်ဆိုပြီး ဒီလိုစားသောက်နေကြတာနဲ့ ပြီးရောလား "

ဘေး၌ အတူရှိနေသူသည် နှာခေါင်းတစ်ချက် ရှုံ့၍ ဘဝင်မကျစွာ ဆိုလေ၏ ။ ပွဲတော်နေ့ကို အကြောင်းပြ၍ အဝတ်အစားများကို သပ်ရပ်စွာ ဝတ်ဆင်လာကာ သူ၏ဆံနွယ်များကို အနောက်ဘက်သို့ လှန်၍ စနစ်တကျ ဖြီးလိမ်းထားသည့်ပုံက တော်ဝင်မျိုးနွယ် မင်းသားတစ်ပါး ကြွမြန်းလာသကဲ့သို့ပင် ။ ယနေ့တွင် ထိုလူ၏အရှိန်အဝါသည် ဧကန်ပင် ခညောင်းချင်သဖွယ် ရှိနေ၏ ။

" နေဝင်ကာမှ ပျော်စရာကောင်းမှာ ။ အခုက စကားလက်ဆုံကျကြတဲ့အချိန်လေ ။ နေမဝင်ခင်အချိန်အထိတော့ ဒီနားဟိုနား ပတ်ကြည့်ကြတာပေါ့ "

တစ်ဖက်လူသည် "အင်း" ဟုဆိုကာ ခေါင်းတစ်ချက်ငြိမ့်လျက် သဘောတူညီမှုပေးသည် ။ ထို့နောက်တွင် ဧကရီ၏လက်တစ်ဖက်ကို ဆွဲလျက် ထိုလူက ဦးဆောင်ကာ လမ်းသွယ်ကလေးမှ လမ်းမကြီးပေါ်သို့ တက်လိုက်လေသည် ။ နှစ်ဦးသား ဟိုဟိုသည်သည် ကြည့်ကြမည်ဟု ဆိုလိုက်သော်လည်း အမှန်တကယ်တွင်တော့ ချိတ်ဆွဲထားသည့်လက်များကြောင့် အနေရခက်စွာဖြင့် ဧကရီ မည်သည်ကိုမျှ အာရုံမစိုက်နိုင်ခဲ့ပါ ။ တိုးသျှိုးစွာ ခုန်နေသည့် ရင်ခုန်သံကြောင့် စိတ်လှုပ်ရှားစွာဖြင့် ရံဖန်ရံခါ တစ်ဖက်လူ၏လက်ကို တင်းခနဲ ဆုပ်လိုက်မိလျှင် ရှက်သွေးကလေးများ ဖြာသွားရစမြဲ ။ နံဘေးကနေ မဝင့်မရဲနှင့် ငေးကြည့်မိသော မျက်နှာတစ်ခြမ်းသည်လည်း ယောက်ျားဆန်မှုများနှင့် ဆွဲဆောင်မှုများစွာ ဆွဲကပ်ကာ ယစ်မူးဖွယ်ကောင်းနေလျှင် ဧကရီသည် ငေးကြည့်မိသည့် မိမိကိုယ်ကိုယ် သတိ အင်မတန် ချပ်ယူရသည် ။ ထိုယောက်ျားသည် ယနေ့တွင် သိပ်အမြင်တင့်တယ်နေလေသည် ။

" ဟန်နီ...ကိုယ် ပြောတာ ကြားလား ။ ဟန်နီ "

" ဟင် "

အကြားအာရုံတွင် လက်ဖျောက်သံ တဖျောက်ဖျောက် ဝင်ရောက်လာကာမှ သတိချပ်မိချိန်တွင် ပတ်ဝန်းကျင်သည် မီးထိန်ထိန်လင်းကာ လရောင်ကိုပင် လွှမ်းလျက် ဝင်းထိန်တောက်ပနေချေပြီ ။ အချိန်မည်မျှကြာသည်အထိ ထိုယောက်ျားကို ဧကရီ ငေးကြည့်နေမိခဲ့မှန်း မိမိကိုယ်တိုင်ပင် မသိတော့ပါ ။ ညှို့ယူခံရသကဲ့သို့ တစ်စုံတစ်ဦးဆီတွင် အမြစ်တွယ်နေသော အညှို့ခံမျက်ဝန်းများကို မျက်တောင် နှစ်ချက်ဆင့်ခတ်၍ ဟိုဟိုသည်သည် လှုပ်ရှားလိုက်သည် ။ မိမိ၏လုပ်ရပ်ကြောင့် တစ်စုံတစ်ခုကို မလုံမလဲ ဖြစ်နေသော ဧကရီ့ကို ထိုလူက သဘောကျစွာ ပြုံး၍ကြည့်လေသည် ။ ထိုတွင် ကြည်နူးရိပ်များ တရိပ်ရိပ် တက်လာနေသော သူ၏မျက်ဝန်းများကို ဧကရီ မဆုံရဲခဲ့ပါ ။

" ဟို... ထပ်ပြောပေးပါလား ။ အသံတွေ ဆူနေတော့ ကောင်းကောင်း မကြားလိုက်ရလို့ပါ "

အရပ်မျက်နှာ လေးဘက်ရှိ လူအုပ်ကြီးများ၏ဆူဆူညံညံ စကား ဝိုင်းဖွဲ့သံများနှင့် တေးဂီတဝိုင်းများမှ တူရိယာသံများကိုသာ အကြောင်းပြချက်အနေဖြင့် ထုတ်ဖော်လိုက်ရသည် ။

" လာ ကိုယ်နဲ့ လိုက်ခဲ့ "

လက်ကနေတစ်ဆင့် ဧကရီ့ကို တီးဝိုင်းရှေ့တွင် စီးချက်ညီစွာ ကခုန်နေကြသည့် လူတစ်အုပ်ဆီသို့ ဦးတည်ကာ ခေါ်သွားလျှင် ဧကရီမှာ တွန့်ဆုတ်သွားရသည် ။

" ဒီမှာ ဘာလုပ်မလို့လဲ "

သူသူငါငါ မြူးကြွစွာ ကခုန်နေကြသည့် စုံတွဲများ၏အလယ်သို့ လွယ်ကူစွာ ရောက်သွားလျှင် ဧကရီမှာ ကြောင်စီစီနှင့် အခြားလူများကို လှည့်ကြည့်ရင်း မေးခွန်းထုတ်မိသည် ။ လူတစ်ဦးချင်းစီသည် မိမိ၏ကြင်သူ ၊ သူငယ်ချင်း ၊ မိတ်ဆွေစသည်တို့နှင့် နှစ်ဦးတစ်တွဲ မြူးကြွစွာ တေးဂီတသံများကို လိုက်ပါစီးမြော ကခုန်နေသည်ကို ကြည့်ရင်း ဧကရီ ကိုယ်တိုင်လည်း ပျော်ရွှင်မှုများ ကူးစက်လာသည်ဟု ခံစားရသည် ။ ယနေ့ကဲ့သို့ ပွဲတော်များတွင် ရင်ခုန်ဖွယ်ကောင်းသော ဂီတသံများနှင့်အညီ လိုက်လျောညီထွေရှိလှသော စည်းချက်ဟန်ပန်များကို အလွတ်တမ်း ရနေသကဲ့သို့ ညီညာစွာ ကခုန်နေကြသော လူများကို ဧကရီ ငယ်စဥ်ကတည်းက အားကျခဲ့ရပါသည် ။ မိမိကိုယ်တိုင်လည်း ထိုကဲ့သို့ ကခုန်တတ်ချင်ခဲ့၏ ။ သို့သော် အချိန်ပေးပြီး လိုက်စားခဲ့ခြင်းလည်း မရှိသည့်အပြင် ထိုသည်က စိတ်ဝင်စားမှုတစ်ခုထက် မပိုခဲ့ပါ ။ ထို့ကြောင့် ဧကရီ တစ်ဦးနှင့်တစ်ဦး စည်းချက်ညီစွာ ကခုန်ခြင်းများကို မကျွမ်းကျင်ပေ ။

" ဘာလုပ်ရမလဲ ။ ဒီကို ရောက်လာမှာတော့ ကိုယ်တို့အတူ ကဖို့ပေါ့ "

" အို...မဖြစ်ပါဘူး ။ ကျွန်မ မကတတ်ဘူး ။ ဒီအတိုင်းပဲ ကြည့်ပြီး ပြန်ကြရအောင်ပါ ။ အခြားလူတွေ ထိခိုက်ကုန်လိမ့်မယ် "

​ဧကရီသည် မိမိ၏မူပိုင်ပုံစံကဲ့သို့ ဖြစ်နေသော မြေကြီးကို တရွတ်ဆွဲလုနီးနေသည့် စကပ်အစကို အပေါ်သို့ အသာဆွဲ၍ လူအုပ်ထဲမှ လှည့်ထွက်လိုက်ချိန်တွင် လက်ကောက်ဝတ်မှ ပြန်လည်ဆွဲခေါ်ခြင်းကို ခံလိုက်ရ၏ ။ အားကို အသုံးပြု၍ ဆွဲလိုက်သည့်အရှိန်ကြောင့်  နဂိုမူလ နေရာသို့ ပြန်ရောက်သွားရသည့်အပြင် သွက်လက်လွန်းသည့် ထိုလူ၏လက်နှစ်ဖက်သည် ဧကရီ၏ခါးပေါ်သို့ ရောက်ရှိလာ၏ ။ မမျှော်လင့်ထားသည့် အခြေအနေကြောင့် ခန္ဓာကိုယ် ဟန်ချက်ပျက်၍ လဲကျမသွားစေရန် ထိုလူ၏လက်မောင်းနှစ်ဖက်ကို ဆုပ်ကိုင်၍ ထိန်းလိုက်ချိန်တွင် သူတို့နှစ်ဦး၏ကိုယ်ဟန်အနေအထားများသည် ကကွက်များကို စတင်ပုံဖော်တော့မည့်ဟန် ။

" ကိုယ် သင်ပေးမှာပေါ့ ဟန်နီ ။ ဒီအတိုင်း စိတ်ကို လျှော့ထားပြီး ကိုယ့်ကိုပဲ ယုံထားလိုက် "

ဤအခိုက်အတန့်တွင် ဧကရီသည် ထိုလူ့ကို လူကြီးလူကောင်းဆန်သည်ဟူ၍ပင် တွေးမိသွား၏ ။ ထို့နောက် သက်ပြင်းတစ်ချက်ကို ဆွဲချ၍ တင်းထားသည့် စိတ်ကို ဖြေလျော့ထားလိုက်လျှင် ခြေတစ်လှမ်းကစ၍ အံ့အားသင့်ဖွယ်ကောင်းလာသည် ။ ထိုလူ၏ဦးဆောင်မှုနောက်တွင် မိမိကိုယ်တိုင်ပင် အံ့အားသင့်ရလောက်သည်အထိ လိုက်ကခုန်နေနိုင်သည်မှာ မယုံကြည်နိုင်ဖွယ်ရာ ။ ဤသည် ကကွက်များကို သင်ကြားပေးနေခြင်းမဟုတ်ဘဲ အစီအမံတစ်ခုခုနှင့် ဧကရီ့ခန္ဓာကိုယ်ကို ထိန်းချုပ်နေခြင်းနှင့် တူသည် ။ ခြေတစ်လှမ်း ၊ လက်တစ်ချိုးက စ၍ ကကွက်တိုင်းကို အခြားလူများနည်းတူ သင်ယူထားဖူးသကဲ့သို့ ပေါ့ပါးစွာ ကခုန်နေသော ဧကရီသည် မိမိ၏တွဲဖက်နှင့် တစ်သားတည်းဖြစ်သွားသလိုပင် ခံစားလိုက်ရသည် ။ တေးဂီတက လွှမ်းခြုံထားသည့် စည်းချက်တိုင်းတွင် ထိုလူက ဧကရီ၏လက်ဖဝါးကို နူးညံ့စွာ ဆုပ်ကိုင်လိုက်လျှင် ၊ ဧကရီ၏ခါးကို နွေးထွေးစွာ ဖက်တွယ်လိုက်လျှင် ၊ ဧကရီ့ကို ပေါ့ပါးစွာ မ,ချီလိုက်လျှင် ဧကရီသည် တိမ်တိုက်များပေါ်တွင် ပျံသန်းနေရသကဲ့သို့ ရင်တလှပ်လှပ် ရှိရသည် ။ ထို့အပြင် ဆုံဆည်းထားမိသည့် ထိုလူ၏ရီဝေဝေမျက်ဝန်းများ၏ အနက်ရှိုင်းဆုံးမှ ရင်ခုန်သံများကိုလည်း ခံစားမိနေသည် ။ ပတ်ဝန်းကျင်ကို လျစ်လျူရှုမိသည်အထိ သူတို့နှစ်ဦးသည် ကိုယ်ပိုင်ကမ္ဘာထဲသို့ ရောက်နေခဲ့ကြ၏ ။ အချိန်တစ်စက္ကန့် ၊ ကကွက်တစ်ကွက် ၊ ထိတွေ့မှုတစ်ခုတိုင်းသည် အနှေးပြကွက်တစ်ခုကဲ့သို့ ဖြည်းညှင်းစွာ ရှိနေသော်လည်း ဤအခိုက်အတန့်လေး ကုန်ဆုံးသွားမည်ကို နှစ်ဦးစလုံး ​စိုးရိမ်နေကြခြင်းကို ဖွင့်မပြောပြလည်း မျက်ဝန်းများကတစ်ဆင့် ခံစားမိခဲ့ကြပါသည် ။ ဤကဲ့သို့သော နှစ်ဦးသား၏ ထပ်တူကျသော ခံစားချက်မျိုးကို လူများက မည်သို့ခေါင်းစဥ်တပ်ကြသနည်း ။ သိချင်မိပါ၏ ။
တူရိယာသံများသည် အဆုံးသတ်နှင့် နီးလာလေလေ အသံကျယ်လာလေလေ ဖြစ်သည် ။ လမ်းပေါ်ရှိ ကခုန်နေကြသော လူများသည်လည်း တေးဂီတ ဆုံးခန်းရောက်ခါနီးလေလေ ပို၍ မြူးကြွလာလေလေ ဖြစ်နေကြသည် ။

" ကိုယ် တောင်းပန်ပါတယ် ။ ကိုယ် မင်းကို တကယ် ချစ်မိသွားတယ် ဧကရီ "

" ဟမ်... ဘာပြောလိုက်တာတဲ့ "

နားအူလောက်သည်အထိ တဝုန်းဝုန်း ဆူညံလာသည့် အသံများကြောင့် ဧကရီ မေးခွန်းပြန်ထုတ်လိုက်သော်လည်း ဧကရီ၏အသံပင် တိုးသျှစွာ ​ပျောက်ကွယ်သွားရသည် ။ ထို့ကြောင့် ထိုလူ ထပ်မပြောပုံထောက် အရေးမကြီးသည့် စကားမျိုး ဖြစ်လိမ့်မည်ဟု တွေးကာ ဧကရီ ထပ်မမေးခဲ့ပါ ။ ထပ်မမေးမိအောင်လည်း ဂီတစည်းချက်များက ဧကရီ၏စိတ်ကို ဆွဲဆောင်သွားကြလေသည် ။ ဆုံးခန်းပင် ရောက်ချေတော့မည် ။

" ဖြောင်း...ဖြောင်း...ဖြောင်း "

တူရိယာသံများ တိခနဲ ပြတ်တောက်သွားသည့်တစ်ပြိုင်နက် အနီးအနားမှ ရပ်ကြည့်နေကြသည့် လူများ၏လက်ခုပ်သံများသည် ကျယ်လောင်စွာ ထွက်ပေါ်လာလေသည် ။ အဆုံးသတ် ကကွက်အဖြစ် ဧကရီသည် ခါးကို အနောက်သို့ လှန်ချလိုက်လျှင် ထိုလူက သူ၏ခါးကို ကိုင်း၍ ဧကရီ့ကို ခါးကနေ ထိန်းကိုင်ပေးလေသည် ။ ဧကရီသည် လက်များကို ထိုလူ၏လည်ဂုတ်တွင် ချိတ်ဆွဲ၍ ခြေထောက်တစ်ဖက်သည် မြေကြီးမှ မြှောက်ကာ ထိုလူ၏လက်ပေါ်တွင် လဲလျောင်းနေသည့်အနေအထားမှ မိမိကို အုပ်မိုးထားသကဲ့သို့ ဖြစ်နေသော ထိုလူ၏မျက်နှာကို မောဟိုက်မှုများကြားမှ ငေးကြည့်နေမိသည် ။ ကခုန်နေသည့်အချိန်တွင် မောဟိုက်နေမှန်း မသိအောင် ကခုန်နေရင်းက အဆုံးသတ်ကျမှ အသက်ရှူခြင်းလုပ်ငန်းစဥ်သည် တော်တော်ပင် ပြင်းထန်နေသည် ။ ထို့ကြောင့် နားစည်ကိုပင် လာရိုက်နေသည့် နှလုံးခုန်သံ အကျယ်ကြီးက မောဟိုက်မှုကြောင့်လား ၊ နီးကပ်နေသည့် သူ၏မျက်နှာကြောင့်လား ဝေခွဲမရပါ ။ ဆုံဆည်းထားမိသည့် သူ၏ရီဝေဝေမျက်ဝန်းများ၏တစ်ဖက်ခြမ်းတွင် ဖုံးကွယ်ထားပုံရသည့် အရာတစ်ချို့ကို ဧကရီ ခံစားမိသော်လည်း ဤမျက်ဝန်းများ၏အပေါ်ယံသည် ဧကရီ့ကို တစ်စုံတစ်ခုအတွက် လှုံ့ဆော်နေလေသည် ။ မိမိရောက်နေသည့် ပတ်ဝန်းကျင် အနေအထားကိုပင် မေ့လျော့သွားစေနိုင်သည်အထိ ထိုမျက်ဝန်းများက ဧကရီ့ကို တစ်နေရာရာသို့ ခေါ်ဆောင်နေသလိုပင် ။ ဤသည် ညှို့ယူခံရခြင်းမည်သည်လား ။
သူ၏လည်ဂုတ်တွင် ချိတ်ဆွဲထားသည့် လက်များက သူ့အလိုလိုပင် ထိုလူ၏ပါးတစ်ဖက်တစ်ချက်ဆီပေါ်ကို ရောက်ရှိသွားကြသည် ။ နူးညံ့စွာ ထွေးပိုက်လိုက်မိသည့် သူ၏ပါးများသည် ဧကရီ၏ရင်ဘတ်ကို အုံ့အုံ့ကလေး နွေးသွားစေသည် ။ မျက်နှာနှစ်ခု တဖြည်းဖြည်း နီးကပ်လာမှုတွင် သူ့ဘက်က စွမ်းဆောင်နေသည်လား သို့မဟုတ် ဧကရီ့ဘက်ကပဲ နီးကပ်အောင် တိုးသွားနေမိသည်လား ဧကရီ မသိပါ ။ တစ်ယောက်၏အသံရှူကို တစ်ယောက် ပြန်ကြားနေရသည့် အကွာအဝေးတွင် ဧကရီသည် ထိုလူ၏နှုတ်ခမ်းများကို မိမိဘက်မှ စတင်နမ်းရှိုက်ဖို့ရာ အနီးသို့ ပို၍ကပ်လိုက်သည် ။ သို့သော် ထိုလုပ်ငန်းစဥ်သည် မအောင်မြင်ခဲ့ပါ ။
ဤလုပ်ရက်ကို ပြုလုပ်ရန် ဧကရီသည် ထိုလူနှင့် ခံစားချက်ပေါ် အခြေပြု၍ မပတ်သက်ရသေးပါ ။ ယခုအချိန်အထိ ထိုလူ့ဘက်က ခံစားချက် ဖွင့်ဟထားသည့် တစ်ဖက်သက် အခြေအနေတွင် ရှိသေးသည် ။ မိမိကိုယ်တိုင်က ပြန်လည်ဖွင့်ဟ၍ နှစ်ဦးနှစ်ဖက်အခြေအနေသို့ မရောက်သေးသေးသဖြင့် ဤသို့ပြုလုပ်မည်ဆိုလျှင် ဧကရီ လွန်ရာကျသည် ။ ထို့အပြင် မိမိဘက်က ခံစားချက်များကို မဖော်ပြထားပါဘဲနှင့် ဤသို့လုပ်ပုံက ယုတ္တိမရှိရာ ကျလေသည် ။ ဧကရီကိုယ်တိုင်လည်း မည်သည့်အကြောင်းကြောင့် ထိုသို့လုပ်မိသည် မသိပါ ။ ဝေဝေဝါးဝါး ခံစားချက်များနှင့်တော့ ထိုလူ့ကို မချည်နှောင်လိုက်ချင်ပါ ။ ထို့ကြောင့်နှင့် ဧကရီသည် မိမိလုပ်ရပ်ကို ရပ်တန်းက ရပ်၍ အကွာအဝေးတစ်ခုသို့ ပြန်လည်ဆုတ်ကာ ခါးကို ပြန်မတ်၍ မတ်တပ်ရပ်လိုက်ချိန်တွင် တစ်ဖက်လူမှာ မျက်ခုံးများကို ကျုံ့၍ အလိုမကျဖြစ်သွားသည်ကို မြင်လိုက်ပါသော်လည်း ဖြေရှင်းချက် မပေးချင်ပါ ။ ထို့ကြောင့် ရှောင်ထွက်သွားဖို့ ပြင်လိုက်သော်လည်း ထိုလူက ဧကရီ၏ခါးကနေတစ်ဆင့် သူနှင့် နီးကပ်နိုင်သမျှ အနီးကပ်ဆုံးကို ဆွဲယူကာ ကျန်လက်တစ်ဖက်ဖြင့် ဧကရီ၏မေးစေ့ကို မော့ယူပြီး သူ့ဘက်ကစ၍ နမ်းရှိုက်လိုက်လျှင် ဧကရီသည် မျက်ဝန်းများ ကျယ်သွားရသည် ။ သို့သော် အချိန်ခဏလေးအတွင်းမှာပင် မိမိကို လွှမ်းမိုးသွားသည့် အနမ်းတစ်ခုကြောင့် မျက်ဝန်းများသည် မှေးစင်းသွားကြသကဲ့သို့ တွန်းထုတ်မည်ပြင်ထားသည့် လက်များသည်လည်း ထိုလူ၏အင်္ကျီစများကို ဆုပ်ကိုင်မိသွားသည် ။ သူတို့နှစ်ဦးသည် လူလယ်ခေါင်တွင် ဖြစ်နေပါသော်လည်း ဧကရီတို့ကို မြင်သွားသည့် မည်သူမဆို မည်သည့်စကားမျိုး ပြောလာပါစေဦး ဤသည် ကျွန်မ၏ကြင်သူဟု ဆိုရဲသည့် သတ္တိမျိုးက အနမ်းတစ်ခုကနေ ဧကရီ၏အသွေးအသားထဲသို့ ကူးစက်လာသည်ကို ခံစားရသည် ။ ဧကရီနှင့် ထိုလူသည် ယခုမှ ပထမဆုံးအကြိမ် နမ်းရှိုက်ဖူးခြင်း မဟုတ်သော်လည်း ဤသည်က ပထမဆုံးအကြိမ် စစ်မှန်သည့်အနမ်းတစ်ခုဟု ဧကရီ မှတ်ယူလိုက်ပါသည် ။ မကြာမီ ရှေးဖြစ်ဟောဆရာမကြီး ဟောလိုက်သည့်အတိုင်း ဖြစ်လာတော့မည်ကို ရိပ်မိသွားသည့် ဧကရီက အံ့အားသင့်စွာနှင့် အမှန်တရားကို လက်ခံလိုက်ရပါတော့သည် ။

Continue Reading

You'll Also Like

546K 12.4K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
794K 25.7K 58
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
15K 184 7
အချစ်​ဆိုတာ ချစ်​တဲ့အချစ်​​ပေါ်မူတည်​ပြီး သိမ်​​မွေ့ညင်​သာတာလား...ဒါမှမဟုတ်​ ရူးမိုက်​သွားတာလား....​ပြောပြခွင့်​ရှိမယ်​ဆိုရင်​...
532K 47.9K 143
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်