'' ဘာလုပ်နေသလဲ လရောင် တံခါးမဖွင့်ဘဲ ''
မေမေမြင့်၏ အော်သံကြောင့် လရောင် ကြောင်နေရာမှ လန့်ကာ အသိဝင်သွားလေသည်။
'' ဘာကိစ္စကျုပ်တို့ အစ်မလေးကို အော်ရသလဲ။ သူများခြံထဲလဲဝင်ချင်သေးတယ် အိမ်ရှင်ကိုလည်းအော်လား ၊ ဟောက်လားနဲ့ ။ ဘာလဲ ခင်ဗျားက။ အစ်မလေး သိသလား။ သူတို့ကိုသိလား။ ''
သူများခြံထဲလည်း အတင်းဝင်ချင်သေး၊ အစ်မလေးကိုလည်း အော်လား၊ ဟောက်လားနဲ့ ထိုဘွားတော်ကြီးကြောင့် ထွန်းတောက်ဒေါသထွက်ကာ ပြောလိုက်လေသည်။
'' ကိုထွန်းတောက် ဖွင့်ပေးလိုက်ပါ။ လ..လရောင်ရဲ့ မာ..မာမီပါ။ ''
'' ဘာရယ်။ အစ်မလေးရဲ့ မာမီ ။ ဒါ..ဒါဆို ရန်ကုန်မြို့တော်က အစ်မလေးရဲ့မာမီ ဒေါ်မာရင်မြင့်ဆိုသူလား''
ထွန်းတောက် မျက်လုံး လေး ပြူးကာ လရောင်အားပြန်မေးနေမိလေသည်။လရောင်သည် ထွန်းတောက်အား ခေါင်းကလေးသာတစ်ချက်ညိတ်ပြလေသည်။
'' ကဲ ဖွင့်စရာရှိတာ ဖွင့်စမ်း ။ ဘာတွေ စကားရှည်နေသလဲ။ ရပ်စောင့်နေရတာ မောပြီ။ ''
ဒေါ်မာရင်မြင့်၏ စိတ်မရှည်သောလေသံကြောင့် ထွန်းတောက်ဘာမှ ဆက်ပြောမနေတော့ဘဲ ခြံတံခါးအားဖွင့်ပေးလိုက်လေသည်။
ထွန်းတောက် ခြံတံခါးဖွင့်ပေးလိုက်သည်နှင့် အိုဗါလင်း ဂျစ်ကားလေးသည် မြို့အုပ်မင်း၏ ခြံထဲသို့ ဝင်သွားလေတော့သည်။ လရောင်ရော၊ ထွန်းတောက်ပါ နောက်မှ အသာလိုက်ခဲ့လေသည်။ ထွန်းတောက်ကတော့နားမလည်သည့်အလား ခြံတံခါးပင်ပြန်မပိတ်နိုင်တော့ဘဲ ခေါင်းတကုတ် ကုတ်နှင့်သာ လရောင်အားကြည့်နေလေတော့သည်။
'' ခင်လေး ''
လရောင် မေမေမြင့်၏ အရိပ်အကဲကြည့်၍ ခေါင်းငုံ့ထားမိတုန်း ကြားလိုက်ရသည့်အသံကြောင့် မော့ကြည့်မိတော့ ကားပေါ်မှဆင်းလာသူမှာ ခင်ထွေး ဖြစ်နေလေသည်။
'' ခင်လေး နေကောင်းရဲ့လားဟင်။ ခင်ထွေးလေ ခင်လေးကိုသိပ်အောင့်မေ့ နေတာ သိရဲ့လား။ ''
'' နောက်မှ အလွမ်းသည်ကြစမ်းပါ။ ဘယ်မလဲ လရောင် မြို့အုပ်မင်းက အိမ်ထဲမှာလား။''
မေမေမြင့် စကားသံကြောင့် ခင်ထွေးရော ၊ လရောင်ပါ စကားပြောရပ်လိုက်ကြလေသည်။
'' ဟို ...ကိုသစ်ဦး ...က ''
'' ဆရာက ရုံးမှာပါ ။ ပြန်လာတော့မှာ။ ''
ထွန်းတောက် ဝင်ဖြေလိုက်တော့ ဒေါ်မာရင်မြင့်သည် ထွန်းတောက်အား မျက်စောင်းခဲ၍ ကြည့်လိုက်လေသည်။
'' မင်းကဘယ်သူလဲ ။ ဒီခြံရဲ့ မာလီလား ''
'' မေမေမြင့် ''
ကိုထွန်းတောက်အား မာလီအားဟု မေးလိုက်သည့် မေမေမြင့်ကြောင့် လရောင် အားနာကာ ပြောလိုက်လေသည်။
'' ကိုထွန်းတောက် မေမေကြီးဆီ ခဏ သွားပေးပါအုံး။ မေမေကြီးတစ်ယောက်တည်းမို့ ပြီးရင် ဒီဘက်ကိုခေါ်လာခဲ့နော် လရောင် မာမီနဲ့စကားပြောချင်လို့''
'' ဟုတ်ကဲ့ အစ်မလေး တစ်ခုခုဆို ကျုပ်ကိုသာလှမ်းခေါ်''
ထွန်းတောက် အစ်မလေး၏ စကားကြောင့် မသွားချင် သွားချင်နှင့် ဒေါ်မာရင်မြင့်အား မျက်မှောင်ကြုတ် ကာ သာကြည့်ရင်း ပေစောင်းစောင်းနှင့်ထွက်သွားလေသည်။
'' ဟင်း စိန်နားကပ်အရောင်နဲ့ပါးပြောင်နေလိုက်တာ ခိုင်းလို့ရမယ့် လူတွေဘာတွေနဲ့ပါလား လရောင်ခင်။ တစ်ခဏလေး မင်းမမမော်လီ အစားလွှတ်လိုက်တာ မင်းကိုယ်တိုင် အစစ်ဖြစ်သွားပြီ ထင်နေသလား။ ''
'' ဘာကိုလဲ မေမေမြင့်ရဲ့။ မေမေမြင့်တို့ ဆန္ဒအတိုင်းပဲ လရောင် ဒီကိုလာခဲ့တယ်။ လာခဲ့တုန်းက လရောင်ဆန္ဒတစ်ခုမှမပါခဲ့ပါဘူး။ ခုဟာက လရောင် ဘဝမေ့နေတာလဲ မဟုတ်ရပါဘူး။ အလိမ်ပေါ်ရင် အိမ်ပြန်လာမယ်မကြံနဲ့ ဆိုတဲ့ မေမေမြင့်ရဲ့ အမိန့်တစ်ခုကြောင့် လရောင် ပိပိရိရိ နေနေရတာပါ။ ခုဟာကလည်း လရောင် စိန်နားကပ်အရောင်နဲ့ပါးပြောင်နေတာမဟုတ်ရပါဘူး။ ''
'' အမယ် ကြည့်စမ်း မာမီ ဒီဟာလေး မာမီကိုပြန်ပြောနေတာ ။ ကြည့်စမ်းကြည့်စမ်း မာမီ သူ့ကိုယ်သူ တကယ် မြို့အုပ်ကတော်လောင်းလို့ ထင်နေတာမာမီ ''
မမမော်လီ၏ စကားကြောင့် လရောင် မျက်ရည်တို့ ဝဲသွားပြီး အောက်နှုတ်ခမ်းလေးကိုသာအသာကိုက်လိုက်မိလေသည်။
'' လရောင်ခင် ! နင် ဘယ်တုန်းက ငါ့ကို ဒီလို ပြန်ပြောဖူးလို့လဲ ဟမ်။ နင်ကခုငါ့ကို ပြန်ကိုက်နေတာပေါ့လေ ငါတယ်လုပ်ထလိုက်ရ။''
'' လရောင် မပြောပါဘူး မေမေမြင့် လရောင် ရှင်းပြတာပါ။ ''
'' ကြေးနန်းပို့တော့လည်း ပြန်မလာဘူး။ တယ်လီဖုန်းခေါ်တော့လည်း ငါ့ကိုစကားလာမပြောဘူး ။ နင်ဘာအချိုးတွေချိုးနေတာလဲ လရောင်ခင် ။ တုတ်နဲ့ဝေး လို့ တုတ်တောင်းနေတာလား''
'' မဟုတ်ရပါဘူး မေမေမြင့်ရင့် လရောင် ပြန်လာမလို့ပါပဲ။ ကိုသစ်ဦးက မလွှတ်တာပါ။''
'' ဘာ ! ကိုသစ်ဦး ဟုတ်လား နင်ကများရာရာစစ မြို့အုပ်မင်းကိုများ ကိုသစ်ဦး ဟုတ်သလား။ ငါ့ရဲ့ခင်ပွန်းလောင်းက်ိုလေ။ လရောင်ခင် ကိုယ့်နေရာ ကိုယ်မသိဘူးပေါ့လေ ဟုတ်လား အင့်ဟာ ။ ''
'' အားဟင့် မမ... မမမော်လီ မလုပ်ပါနဲ့ လရောင်နာလို့ပါ။ နောက်မခေါ်တော့ပါဘူး ။လွှတ်ပေးပါ ဟင့်''
မိမိရှေ့ကို အတင်းတိုးကာ ဗိုက်ခေါက်အား သူမ၏ လက်သည်းရှည်ရှည် လက်ချောင်းများနှင့် ဆွဲလိမ်နေသော မမမော်လီကြောင့် လရောင် နာလွန်း၍မျက်ရည်များပင်ကျလာလေသည်။
'' တီ တီ တီ! ''
ခြံထဲသို့ဝင်လာသောမော်တော်ကားသံ ကြားမှ မမမော်လီသည် လရောင်၏ ဗိုက်ခေါက်လေးအား လွှတ်ပေးလာလေသည်။ လရောင် နာလွန်းလို့မျက်ရည်တွေသာ တစ်ပေါက်ပေါက်ကျနေမိသည်။
'' ဘယ်သူတွေများလဲ လရောင် ဘာလိုအဲဒီမှာရပ်နေတာလဲ ထွန်းတောက်ရော ။ ''
နားထဲသို့တိုးဝင်လာသည့် ကိုသစ်ဦး ၏ အသံကြောင့် လရောင် မျက်ရည်လေးတွေ အတင်း သုတ်ကာ ဘာမှမဖြစ်သလို လှည့်ကြည့်လိုက်လေသည်။
'' ဟို လရောင် မာမီတို့ရောက်နေတာပါ ကိုသစ်...မြို့ မြို့အုပ်မင်း ''
လရောင်၏ အဖြေစကားကြောင့် သစ်ဦး မျက်နှာ ကွပ်ခနဲ့ ပျက်သွားလေသည်။ ပြီးမှပြန်ထိန်းရင်း....
'' သြော် ဒေါ်ဒေါ်တို့ ရောက်နေသလား။ အန်ကယ်ရော ဒေါ်ဒေါ် မပါဘူးလား''
'' အယ် မြို့အုပ်မင်းလား အမယ်လေး ကြားဖူးနေတာတော့ကြာပါပြီကွယ်။ ခုမှပဲလူကိုယ်တိုင်မြင်ဖူးတော့တယ်။ ငယ်ငယ်က နဲ့ တစ်ခြားစီပါလားကွယ် ။ မင်း အန်ကယ်က လိုက်မလာဖြစ်ဘူးကွဲ့ ရန်ကုန်မှာလည်း သူမရှိရင် ဒေါ်ဒေါ်ရှိမှ ဒေါ်ဒေါ်မရှိရင် သူရှိမှလေ ''
မြို့အုပ်မင်း ဆိုသည့် အသံကြားသည်နှင့် လောကွပ်တွေချော်ကာ သစ်ဦးအား ရယ်ရယ်မောမော ပြောလာသည့် ဒေါ်မာရင်မြင့်ကြောင့် သစ်ဦး မဲ့ပြုံး လေးသာပြုံးလိုက်လေသည်။
'' လရောင်လေး မေမေက လွမ်းနေရတာ။ လရောင်လေးကို သူများအိမ်ကို လွှတ်လိုက်ရပေမဲ့ မေမေက လေ တစ်စက်ကလေးမှ စိတ်ချ ရတာမဟုတ်ပါဘူးကွယ်။ ''
ကိုသစ်ဦး ၏ရှေ့တွေ လရောင်အား ဖတ်ကာ မျက်နှာငယ်လေးနှင့်ပြောလာသည့် မေမေမြင့်ကြောင့် လရောင် ရင်ထဲ နာနာကျင်ကျင်နဲ့သာ ပြုံးနေမိသည်။
'' လရောင် ငိုထားတာ လား ။ ငိုထားသလားလရောင် မောင့်ကိုကြည့်စမ်း ။ ''
ပြန်ရောက်ကတည်း က သစ်ဦး ကိုတစ်ချက်မကြည့်ဘဲ အကြည့်လွှဲနေသည့်လရောင်ကြောင့် သစ်ဦးသေချာစိုက်ကြည့်မိတော့ မျက်လုံးလေးတွေနီကာ နှာထိပ်လေးတွေပါနီနေလေသည်။ သစ်ဦး လရောင်၏ ပုခုံး နှစ်ဖက်အား အသာ ထိန်းကိုင်ရင်း စိုးရိမ်တကြီး မေးလိုက်လေသည်။
'' ဟို မငိုပါဘူး ။ လ...လရောင် မငိုပါဘူး ''
'' မလိမ်စမ်းနဲ့ မောင့်လရောင် ။မောင်ကလေ လရောင် ရဲ့ မျက်နှာကို အလွတ်နေတဲ့သူ။ လရောင်ရဲ့ မျက်နှာကိုကြည့်လိုက်တာနဲ့ လရောင်ရဲ့ မျက်တောင်မွှေးလေး တွေ ဘယ်နှစ်ပင်ရှိတယ်က အစ မောင်က အလွတ်ရနေတဲ့သူပါ။ မလိမ်စမ်းနဲ့ကွယ်''
လရောင်ခင်အား စိုးရိမ်တကြီး အရေးတယူပြုနေသည့် မြိို့အုပ်မင်းကြောင့် မော်လီရော ၊ ဒေါ်မာရင်မြင့်ပါ မျက်စိ၊ မျက်နှာ ပျက်သွားလေသည်။
'' လ..လရောင် မေမေ တို့ကို ပြန်တွေ့တော့ စိတ်လှုပ်ရှား သွားတာ နေမှာပါ ။ လရောင်မငိုပါဘူး။ မြို့အုပ်မင်း စိတ်မပူနဲ့နော် ''
အလိုအလျောက် ကျဆင်းလာသည့် မျက်ရည်ကြည်လေးကိုသုတ်ကာ ပြောလာသည့် လရောင်ကြောင့် သစ်ဦး ခေါင်းကလေးသာညိတ်လိုက်ပြီး လွှတ်ပေးလိုက်လေသည်။
'' လရောင်လေးက မေမေ တို့လာတော့ စိတ်လှုပ်ရှားသွားတာနေမှာပါကွယ်။ သြော်ဒါနဲ့ ဒါ လရောင်လေးရဲ့ မမ လေ ဒေါ်ဒေါ်တူမလေးပေါ့ ''
မမမော်လီ၏ လက်ကိုဆွဲကာ ကိုသစ်ဦးအား အတင်းမိတ်ဆက်ပေးနေသည့် မေမေမြင့်ကြောင့် လရောင် ခေါင်းကလေးသာ ငုံ့ထားမိလေတော့သည်။
'' မော် တဲ့ မော်လေးက ကောလိပ်တက်နေတာလေ ခု သူ့ညီမကို သတိရလို့ အလည်လိုက်ချင်ပါတယ် ဆိုတာနဲ့ ဒေါ်ဒေါ်ခေါ်လာလိုက်တာ ။ ဒါကတော့ အိမ်က အလုပ်သမလေး ခင်ထွေး ။ ''
တစ်ယောက်တည်း မမောနိုင် မပန်းနိုင် တစ်ယောက်ပြီး တစ်ယောက်မိတ်ဆက်ပေးနေသည့် ဒေါ်မာရင်မြင့်ကြောင့် သစ်ဦး ခေါင်းသာညိတ်ပြလိုက်လေသည်။
ဒေါ်မာရင်မြင့် မေမြို့သို့တက်လာသည်မှာ အကြံနှင့်ဖြစ်သည်။ မေမြို့ရှိ ဦးကိုကိုကျော်၏ မှောင်ခို လုပ်ငန်း ပြန်စရန် ဖြစ်ပြီး ဦးကိုကိုကျော်ကတော့ ရန်ကုန်တွင်ခဏ မျှ အယောင်ပြနေပြီး မေမြို့သို့လိုက်လာကာ သူ့လုပ်ငန်းတွေကို ပြန်စမည်။ ဒေါ်မာရင်မြင့်တို့သားအမိကလည်း မြို့အုပ်မင်း အိမ်တွင်နေပြီး မြို့အုပ်မင်းအားလည်း စောင့်ကြည့်ရင်း သူမ၏ သမီး အရင်း မော်လီနှင့်လည်း မြို့အုပ်မင်းတို့ ငြိစေရန် အကြံဖန်ရင်း လာနေကြချင်း ဖြစ်လေသည်။ ကျီးက ဒေါင်းမြှီးတက်လိုက်လို့ ဒေါင်း ဖြစ်မသွားဘူး ကျီးက ကျီးပဲ မဟုတ်ပါလား။ ခုလည်း ဒီလိုပဲ လရောင်ခင်ကို ဒီကို လွှတ်လိုက်လို့ မော်လီ ဖြစ်မသွားဘူး အိမ်စေက အိမ်စေပါပဲ။
ဒေါ်မာရင်မြင့် မဲ့ပြုံးတစ်ခု ချိတ်ဆွဲရင်းသာ လရောင်ခင်းအား ကြည့်လိုက်ပြီး မျက်နှာရိ မျက်နှာကဲဖြင့် ပစ္စည်းများသည်ရန် ပြောလိုက်လေသည်။
'' အာ ခင်လေး မသယ်ပါနဲ့ ခင်ထွေးသယ်မယ် ''
'' ဘာလို့ လရောင် က သည်ရမှာလဲ ကိုယ့်အိတ်လေး တစ်လုံးတောင်ကိုယ့်ဘာသာမသည်နိုင်ကြဘူးလား ''
ပစ္စည်းတွေ သည်မလို့ဟန်ပြင်နေသည့် လရောင်လေးကြောင့် သစ်ဦး စိတ်တ်ုကာပြောလိုက်လေသည်။
'' ရပါတယ် လရောင်သည်ချင်လို့ပါ ''
'' ဒါက ဘာဖြစ်တာလဲ လရောင် ဘာလို့အဲလောက်နီနေရတာလဲ ဘယ်သူ ကုပ်လိုက်တာလဲ''
ပစ္စည်းတွေ ကုန်းမရင်း ခါးတို ရင်ဖုံးလေးသည် အပေါ်သို့လိပ်တက်သွားကာ ပေါ်လာသော ဗိုက်သားလေးပေါ်တွင် အကျီးတန်စွာတည်ရှိနေသည့် ရဲတောက်နေသော နေရာကြောင့် သစ်ဦး လရောင်ခါးကလေးအားဆွဲကိုင်ကာ ကြည့်ရင်း လေသံမာမာဖြင့်မေးလိုက်လေသည်။
'' ထွန်းတောက်! ဘယ်မလဲ ထွန်းတောက် ငါမင်းကို လရောင်ကို ဂရုစ်ိုက်ပါလို့မပြောဘူးလား ''
'' နေပါ မြို့အုပ်မင်းရယ် ဟို လရောင် ...ဘာသာ ယားလို့ကုတ်မိတာပါ။ ''
မိမိအား မျက်စောင်းတခဲခဲဖြင့် ကြည့်နေသော မမမော်လီကြောင့် လရောင် ထိုသို့သာပြောလိုက်လေသည်။
'' ထွန်းတောက်!''
'' လာပြီ ဆရာ ကျုပ်လာပြီ။ မေမေကြီးကိုကြည့်နေလို့ပါ။''
သစ်ဦး၏ စကားကြောင့် ထွန်းတောက်ခြံထဲမှအပြေးတစ်ပိုင်းနှင့်ထွက်လာလေတော့သည်။
'' မင်းကို ငါမပြောထားဘူးလား။ လရောင်ကို ဂရုစိုက်ပါလို့ ။ ''
'' ကျုပ်ဂရုစိုက်ပါတယ် ဆရာရဲ့ ''
'' ဂရုစိုက်ရင် ဒီလို ဒဏ်ရာတွေ လရောင် ခန္ဓာကိုယ်ပေါ်မှာရှိမလား။ ''
'' အစ်မလေး အစ်မလေး ဘာဖြစ်လို့လဲ ။ အင်း ရန်ကုန်သူတွေများ တယ်လည်းစွမ်းသကို ရောက်တာဖြင့် နာရီဝက်တောင်မရှိသေးဘူး ကျုပ်အစ်မလေးမှာ ဒဏ်ရာတွေနဲ့''
ထွန်းတောက်၏ ရွဲ့တဲ့တဲ့ စကားကြောင့် မော်လီနှင့် ဒေါ်မာရင်မြင့်ကို မျက်နှာမထားတက်အောင်ပျက်သွားလေသည်။
'' ကျုပ်ကနောက်တာပါလေ။ ကဲ ထားပါ ဒါတွေ ကျုပ်သည်ပေးခဲ့မယ် အစ်မလေးနဲ့ ဆရာတို့ ဧည့်သည်တွေသာ ခေါ်ပြီး အိမ်ထဲသွားနှင့်ကြ။ သြော် အမိကတော့ကျုပ်ကိုတစ်ချက်မေမေကြီးကိုကူကြည့်ပေး ''
ခင်ထွေးအား ကြည့်ကာပြောလိုက်သည့်ထွန်းတောက်ကြောင့် ခင်ထွေး ခေါင်းလေးသာညိတ်ရင်း ကျန်ခဲ့လေသည်။
'' မေမေနဲ့ မမတို့ နားကြပါ ဒီအခန်းပဲ ။ လရောင် သံပုရာရည်လေး ဖျော်ပြီးလာပို့ပါ့မယ်''
'' အင်းပါ လရောင်လေးရဲ့ ''
လရောင်အား ဆူမလို့ရှိသေး အခန်းတံခါးဝတွင်ရပ်ကြည့်နေသော မြို့အုပ်မင်းကြောင့် ဒေါ်မာရင်မြင့် ပြုံးကာ လရောင်အားပြောလိုက်လေသည်။ လရောင်အခန်းထဲက ထွက်သွားပြီဆိုမှ မော်လီသည် အဝတ်အိတ်အား ပစ်ချခိုက်လေသည်။
'' မာမီတွေ့လား ။ ဒီဟာလေးကို တစ်အိမ်လုံးက အဖြစ်သည်းနေကြတာ။ မော်လီ သည်းမခံနိုင်တော့ဘူး။''
'' သည်းခံစမ်းပါ သမီးရယ် မာမီ ကြံပါ့မယ်။ မာမီ့သမီးလေး မြို့အုပ်ကတော်ဖြစ်စေရမယ် ဟုတ်ပလား ''
ဒေါ်မာရင်မြင့် သမီးဖြစ်သူအား နှစ်သိမ့်ရင်း မဲ့ပြုံးတစ်ခုကိုသာ ချိတ်ဆွဲထားလေသည်။
'' မယားငယ်မရဲ့သားကများ ရာရာစစ ''
>>>>>
<<<<<
25.6.2023
TBC____
cmt လေးတွေမျှော်နေမယ်နော်