Chapter 9 - ဖြောင့်ယောင်ဆောင်သောဂေးလုရွှမ်း!
•••••••
မိန်းကလေးတွေနဲ့ထွက်တွေ့သည် ဟူသောကောလဟာလမှာ တောမီးလိုပျံ့နှံ့သွားသည်ကို ယဲ့ယောင်မှာမသိလေရကာ ထိုကောလဟာလတွေမှာ သူ့တွင်ချစ်သူကောင်မလေးရှိနေပြီး ဖြစ်သည်ဟူသည့်အတိုင်းအတာထိချဲ့ထွင်ထားပြီး လုရွှမ်းထံမှ ဖုံးကွယ်ထားသည်ဟူ၍ပင်။
ထိုမိန်းကလေးက သူ့ကိုသဘောကျနေသည်ဟူ၍ လုရွှမ်းရဲ့အမေပြောလာတုန်းက ယဲ့ယောင်မှာတကယ်ကိုမယုံခဲ့ပေ။ ကောင်မလေးကသူနဲ့ အတန်းမတူရုံသာမက အရင်ကလည်းတစ်ခါမှမတွေ့ဖူးသည်ဖြစ်ရာ သူမကသူ့ကို ဘယ်လိုလုပ်ဆိုင်းမဆင့်ဗုံမဆင့် သဘောကျနိုင်မှာလဲ? ကောင်မလေးကသူ့ကို ရိုးရိုးရှင်းရှင်းစိတ်ဝင်စားရုံသာဖြစ်ပြီး သူနဲ့တွေ့ဆုံချင်တာဖြစ်နိုင်သည်။ ဒါမှမဟုတ် သူ့အကူအညီ တစ်စုံတစ်ရာလိုအပ်လို့လည်းဖြစ်နိုင်သည်။
ဒါပေမယ့်ဘာပဲဖြစ်ပါစေ ကောင်မလေးကိုသူရှင်းရှင်းလင်းလင်း ရှင်းပြထားဖို့လိုသည်။
*
ကျောင်းလမ်းဆုံတွင် ယဲ့ယောင်ကိုထွက်လာရန်ဖိတ်ခဲ့သော ကျောင်းထောင်မှာငှက်မွေးဂျက်ကတ်အဖြူရောင်နှင့် စကတ်ကိုဝတ်ဆင်ထားပြီး ယဲ့ယောင်ရောက်မလာခင် သူမခေါင်းကိုငုံ့၍သူမရဲ့ bffထံသို့မက်ဆေ့ခ်ျတစ်စောင်ပို့လိုက်သည်။
【သူတို့က အတွဲမဖြစ်နိုင်ပါဘူး။ ငါ့မျက်လုံးက စုံတွဲပေါင်းစုံမြင်ဖူးထားတာ၊ အဲ့လိုခွတီးခွကျပုံစံနဲ့ ၉၉ရာခိုင်နှုန်းလောက်က အဖြောင့်တွေပဲ။ ငါမှားရင်ဆံပင်ညှပ်ပြီး နင်ကစားဖို့ဆံပင်တုပါ လုပ်ပေးလိုက်မယ်】
BFF: 【ဒါပေမယ့် သူတို့ကိုကြည့်ရတာ တကယ့်အစစ်အမှန်ပါ ......】
ကျောင်းထောင် : 【ငါကြုံဖူးတဲ့CPတွေက နင်ဖြတ်ဖူးတဲ့တံတားတွေထက်တောင်များတယ် အရူးမရဲ့၊ ဘာလို့ငါ့ကိုမယုံတာလဲ! မပြောနဲ့တော့သူရောက်နေပြီ၊ ငါစမ်းသပ်ပြီးသွားရင် နင့်ဆီသတင်းလှမ်းပို့မယ်!】
ကျောင်းထောင် ဖုန်းကိုအဝေးတွင်ထားလိုက်ပြီး သူမရှေ့၌ပေါ်လာသောယဲ့ယောင်ထံ သွားရှစ်ချောင်းလုံးပေါ်အောင် တောက်ပစွာပြုံးပြလိုက်သည်။
သူမရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်သူမှာ ယဲ့ယောင်ထံမှတစ်ခါလောက်လေး အကူအညီရလိုက်ပြီးကတည်းက ယဲ့ယောင်ကိုစတင်၍ ကြွေကျမြေခနေခဲ့ခြင်းဖြစ်သည်။ ဘတ်စကက်ဘောပြိုင်ပွဲပြီးသည့်အခါ ယဲ့ယောင်ကိုစကားသွားပြောရန် အတွက် ရဲဆေးတင်ပြီးနောက်ဆုံးတွင်တော့ ယဲ့ယောင်နဲ့လုရွှမ်းကြားက နီးနီးကပ်ကပ်ရင်းနှီးနေမှုကို သူမမျက်မြင်တွေ့ခဲ့ရပြီးနောက် ယဲ့ယောင်နဲ့လုရွှမ်းကို အတွဲတွေဟူ၍ထင်မြင်သွားခဲ့လေသည်။
သူမ၏ချစ်ဒုက္ခရောက်နေသောသူငယ်ချင်းလေးမှာ မျက်ရည်များသီလျက် ဖိုရမ်ထဲသို့ဝင်ကာလုရွှမ်းနဲ့ယဲ့ယောင်တို့၏ CP buildingကိုနှိပ်၍ ဝမ်းနည်းပက်လက်ငိုကြွေးရင်း "ပျော်ရွှင်ပါစေ" ဟူသည့်ဂုဏ်ပြုစာတိုလေးတောင်ပေးပို့လိုက်၏။
သံမဏိဖြစ်မလာမယ့်သံတွေကို ကျောင်းထောင်မုန်းတယ်! သူမက CP buildingတွေကို အကြိမ်အနည်းငယ်လောက်မြင်ဖူးပြီး တစ်ချက်ကြည့်လိုက်ရုံနဲ့ အဲ့ဒါကအစစ်လား၊ အတုလားသူမသိတယ်။ ဒီCPကိုသူမဘယ်လိုလုပ်ယုံနိုင်မှာလဲ? သူမကနှစ်တွေအကြာကြီး CP fanတစ်ယောက်ဖြစ်ခဲ့၍ သူမ၏အတွေ့အကြုံအရ ဒါသည်ဆေးသကြားနယ်ပယ်ကြီးကို တမင်တကာငွေရပေါက်ရှာတာဟုတ်ရင်ဟုတ်၊ မဟုတ်ရင် ဒါကဖြူစင်ရင်းနှီးတဲ့ ယောက်ျားလေးသူငယ်ချင်းနှစ်ယောက်ပဲ။
ဒါကြောင့် ယဲ့ယောင်ကိုသူမအခုဖိတ်လိုက်တယ်။ ယဲ့ယောင်သာအဖြောင့်တစ်ယောက်ဖြစ်ပြီး လုရွှမ်းနဲ့အတွဲတွေမဟုတ်တာသေချာရင် သူမရဲ့အချစ်ဆုံးသူငယ်ချင်းလေးက သူ့ကိုယ်ပိုင်ပျော်ရွှင်မှုလေးနောက်သို့ ရဲရဲဝံ့ဝံ့လိုက်နိုင်မှာဟု သူမမျှော်လင့်ထားသည်။
ယဲ့ယောင်လှမ်းလျှောက်လာသည့်အခါ သူ့ရဲ့မျက်နှာကို ကျောင်းထောင်ရှင်းရှင်းလင်းလင်းမြင်လိုက်သည်။ အဲ့ဒီနောက်တွင်တော့ မှင်သက်သွားလေသည်။
သူမ ယဲ့ယောင်ကိုအရင်ကလူချင်းမတွေ့ဖူးပေ၊ ဒါပေမယ့်ယခုတွင်တော့ သူမကြည့်လိုက်သည့်အခါ ဒီလိုမျက်နှာမျိုးက..... တကယ့်ကို အနည်းငယ် ကျားမကျ၊ မ,မကျမျက်နှာမျိုးပင်။
ကျောင်းထောင်သူမရဲ့ဆံပင်ကိုပြန်ဖြောင့်အောင်သပ်လိုက်ပြီး စမ်းသပ်မှုကိုစတင်လိုက်တယ်။
*
ယဲ့ယောင်မှာတော့ သူ့ရှေ့ကကောင်မလေး သူ့အကြောင်းဘာတွေတွေးနေမှန်း သတိမမူမိချေ။ အပေါ်တွင် ငှက်မွေးဂျက်ကတ်အတိုလေးကိုဝတ်ဆင်ထားပြီး အောက်တွင်တော့ အဖြူရောင်စကတ်အတိုလေးကိုဝတ်ထား၍ ပြောင်ရှင်းနေသောခြေထောက်လေးတွေကိုဖော်ပြထားတဲ့ ကျောင်းထောင်ကိုယဲ့ယောင်ကြည့်လိုက်တယ်။ သူမျက်မှောင်အနည်းငယ်ကြုတ်သွားပြီး အနီးအနားရှိအပူပေးစနစ်ဖွင့်ထားသည့် လက်ဖက်ရည်ဆိုင်တွင်ထိုင်ရန်ရည်ရွယ်လိုက်သည်။
ဤနေရာရှိ အနီးဆုံးနို့လက်ဖက်ရည်ဆိုင်မှာ ရိုမန်တစ်ဆန်သောအပြင်အဆင်ရှိ၍ အောက်တွင်ကြောင်လိမ်လှေကားနှင့်ဖြစ်ကာ ဒုတိယထပ်၌ဖွင့်လှစ်ထားလေသည်။
ကျောင်းထောင်လမ်းလျှောက်နေရင်းဖြင့် ယဲ့ယောင်ကိုစကားပြောနေပြီး တစ်ချိန်တည်းမှာပဲ သူမစိတ်ထဲတတွတ်တွတ်နှင့်ရေရွတ်နေမိတယ်။
သူ့ရဲ့အလှအပအတွက် သူမ မပြင်ဆင်ထားမိဘူး ပြီးတော့ဒီလိုစွဲမက်စရာကောင်းတဲ့အရည်အသွေးလေးနဲ့ လမ်းလျှောက်ရတာက သူမခေါင်းကိုအနည်းငယ်ယစ်မူးလာစေတယ်။ သူမစကားပြောတဲ့အခါအတော်လေးစိတ်လှုပ်ရှားနေမိပြီး အရင်ကပြင်ဆင်လာခဲ့တဲ့ စကားတွေလည်းမေ့ကုန်ကာ ကမောက်ကမဖြစ်ကုန်၏။
သူမဘာဆက်ပြောရတော့မလဲ?
ကျောင်းထောင်မူးဝေစွာနှင့် ကြောင်လိမ်လှေကားပေါ် လှမ်းတက်လိုက်ပေမယ့် ရပ်လိုက်ပြန်တယ်။
သူမခေါင်းကိုလှည့်လိုက်တော့ သူမအနောက်မှလျှောက်လာတဲ့ ယဲ့ယောင်ကိုမြင်လိုက်ရတယ်။ သူကဂျက်ကတ်ကိုချွတ်ကာ သူမထံလှမ်းပေးလာတယ်။
"မင်းရဲ့ခါးမှာ ဒီဂျက်ကတ်ကိုအရင်ချည်လိုက်။ ဆိုင်ထဲရောက်မှကျွန်တော့်ကိုပြန်ပေးပေါ့" ယဲ့ယောင်ရဲ့မျက်လုံးတွေက ကျောင်းထောင်ရဲ့ခြေသလုံးတွေပေါ်ဝေ့ဝဲသွားပြီး သူကအနည်းငယ်မျက်မှောင်ကြုတ်နေဆဲဖြစ်ကာ "ရာသီဥတုကအေးတယ်၊ အဝတ်များများဝတ်တာပိုကောင်းလိမ့်မယ်၊ မဟုတ်ရင် မင်းလွယ်လွယ်ကူကူ ဖျားသွားလိမ့်မယ်"
ကျောင်းထောင် ခဏကြောင်သွားပြီး ယဲ့ယောင်ရဲ့မျက်နှာကိုကြည့်လိုက်တယ်။
အေးစက်လွန်းသောဆောင်းဦးလေတွေက လူငယ်လေးရဲ့ရှည်လျားပိန်ပါးသောပုံစံကို ဖြတ်တိုက်သွားကြသည်။ သူ့နဖူးပေါ်ရှိပြန့်ကျဲနေသောဆံပင်တွေမှာ လေနှင့်အတူတဖျပ်ဖျပ်လွင့်နေကြပြီး ပြေလျော့နေသောဆံနွယ်များကြောင့် သူ၏မျက်လုံးလှလှလေးတွေမှာ ဝိုးတိုးဝါးတားပေါ်နေခဲ့သည်။ ထိုမျက်ဝန်းများက တစ်စုံတစ်ယောက်အား လေးလေးနက်နက်ကြည့်လာသည့်အခါ ဘယ်လိုလူကများသူတို့ထံ မကြွေဆင်းသွားပဲနေမလဲ။ တွေးကြည့်ရုံနဲ့တောင် မဖြစ်နိုင်ချေ။
ကျောင်းထောင်က ခဏလောက်မလှုပ်တော့သည့်အခါ ယဲ့ယောင်အနည်းငယ်စဉ်းစားမရဖြစ်သွားပြီး သူမထံဂျက်ကတ်ကို ထပ်ပေးရန်ကြိုးစားလိုက်သည်။
ကျောင်းထောင် အသိအာရုံတွေရုတ်တရတ် ပြန်ရောက်လာတော့ ယဲ့ယောင်ကတစ်စုံတစ်ရာကိုမှားနေပြီမှန်း သူမသဘောပေါက်လိုက်တယ်။ သူမကရယ်မောကာ လက်တွေကိုဝှေ့ယမ်းလိုက်တယ်။ "မဟုတ်ပါဘူး ညီမ ဘောင်းဘီရှည်မဝတ်လာဘူး ထင်လို့လား? ဝတ်လာတာပေါ့။ အရမ်းကိုထူတဲ့တစ်စုံဝတ်လာတယ်၊ ပျော့ပြီးထူတဲ့ကတ္တီပါနဲ့ကာထားတာလေ"
ကျောင်းထောင်ငုံ့ကိုင်းချလိုက်ပြီး သူမခြေထောက်ပေါ်၌ ပစ္စည်းတစ်ခုတကယ်ရှိကြောင်းသက်သေပြရန်နှင့် သူမကဆောင်းဦးရာသီတွင် ခြေဗလာနဲ့လျှောက်သွားနေတဲ့အရူးမဟုတ်ကြောင်းသက်သေပြရန် သူမခြေထောက်ကိုဆွဲပြလိုက်သည်။ "ခြေဗလာပုံစံနဲ့ချွတ်စွပ်တူနေတဲ့jeansလေ။ ဒါကတကယ်ကိုသဘာဝကျရဲ့လား?"
ယဲ့ယောင် : "......"
ကျောင်းထောင်ကမျက်လုံးတွေ ကွေးကျသွားသည်အထိရယ်မောကာ သူမထံ၌ အထောက်အထားတစ်ခုခုရလိုက်သည်ဟု ခံစားလိုက်ရသည်။
ထိုအချက်က မိန်းကလေးတွေမိတ်ကပ်လိမ်းထားလား၊ မလိမ်းထားလား ဒါမှမဟုတ် နှုတ်ခမ်းနီအရောင်တူလားကို ယောက်ျားလေးတွေမပြောနိုင်သလိုပဲ ဒါကိုစိတ်ကြိုက်ပြုလုပ်ထားသော ခြေဗလာနဲ့ချွတ်စွပ်တူတဲ့ jeansလို့ သူလည်းမပြောနိုင်ပေ။ ဂေးတွေက သေချာပေါက်ကိုပြောနိုင်ပေမယ့် အဖြောင့်တွေကမပြောနိုင်ဘူး။
ဒါကယဲ့ယောင်က အဖြောင့်ကောင်တစ်ယောက်ပဲဆိုတာ ရှင်းရှင်းလင်းလင်းပြနေတာပဲ!
*
နို့လက်ဖက်ရည်ပူနှစ်ခွက်က စားပွဲပေါ်၌နေရာယူပြီးဖြစ်ကာ ကျောင်းထောင်မှာ ဒီမူးနောက်နေသောအခြေအနေတွင် တစ်စုံတစ်ရာကိုရင်မဆိုင်နိုင်တော့ကြောင်း သဘောပေါက်မိ၍ သူမ၏ရည်ရွယ်ချက်များကို တိုက်ရိုက်ပဲရိုးရှင်းစွာရှင်းပြလိုက်သည်။
"...... လုရွှမ်းနဲ့အစ်ကိုက အတွဲတွေလား?" ယဲ့ယောင်မျက်လုံးတွေကို အောက်ငုံ့ချလိုက်ပြီး နို့လက်ဖက်ရည်ထဲကပိန်းဥအနှစ်လေးတွေကိုပိုက်နဲ့မွှေကာ အကူအညီမဲ့စွာပြုံးလိုက်တယ်။ "မဟုတ်ပါဘူး။ ကျွန်တော်တို့ကသူငယ်ချင်းကောင်းတွေပါ။ မမှားပါနဲ့"
ကျောင်းထောင်က ကျေနပ်သောအပြုံးလေးပြသလာတယ်။
သူမခန့်မှန်းတာမှန်တယ်! သူတို့ကရိုးရိုးသားသားသူငယ်ချင်းတွေပဲ!
နောက်ထပ်ပြဿနာက တစ်ခုပဲရှိတော့တယ်!
ကျောင်းထောင်တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် စတင်ပြောလာတယ်။ "ဒါဆိုအစ်ကို ...... မိန်းကလေးတွေကိုကြိုက်လား?"
ယဲ့ယောင်ထိုမေးခွန်းကိုဖြေဖို့ရှောင်လိုက်ပြီး တိုက်ရိုက်ပဲငြင်းလိုက်တယ်။ "တောင်းပန်ပါတယ်။ ကျွန်တော့်မှာအဲ့အကြောင်းပြောဖို့ ရည်ရွယ်ချက်မရှိ ......"
သူ့စကားလုံးတွေအဆုံးမသတ်ခင် လက်တစ်ဖက်က အနောက်မှနေ၍သူ့ပုခုံးကိုရုတ်တရတ်ကြီးထွေးပတ်လာသည်။ သူနဲ့မျက်နှာချင်းဆိုင် ထိုင်နေသောကျောင်းထောင်မှာ မျက်လုံးတွေပြူးကျယ်သွားလေတယ်။
သူ့ကိုပွေ့ဖက်ထားတဲ့လက်မောင်းက အလွန်သန်မာပြီး တစ်ဖက်လူရဲ့ရင်ခွင်ထဲ သူ့ကိုဖိကပ်ထားလုနီးပါးပင်။ ယဲ့ယောင်ရဲ့စိတ်ထဲတွင် ထင်ကြေးတစ်ချို့ရှိနေပြီးဖြစ်ကာ သူမော့ကြည့်လိုက်ပြီး သူ့အကြည့်တွေက လုရွှမ်းရဲ့မုန်တိုင်းထန်နေသော မျက်ဝန်းနက်များနှင့်အရှိန်ပြင်းပြင်းတိုက်မိလေသည်။
လုရွှမ်းရဲ့နှုတ်ခမ်းပါးပါးတွေက တင်းကျပ်စွာစေ့ပိတ်ထားတယ်။ သူပြုံးနေတဲ့အခါမှာ နှစ်လိုဖွယ်ကောင်းပေမယ့် ရုပ်တည်နေတဲ့အချိန်မှာတော့ သူ့ရဲ့ချောမောသည့်မျက်နှာမှာ အေးတိအေးစက်နှင့် အလွန်အမင်းရက်စက်လွန်းသည့်ပုံပေါ်သည်။ သူ၏ခက်ထန်နေသောမျက်လုံးများနှင့်တွဲလျက် လူတွေကြောက်အားလန့်အားနဲ့ ခြေထောက်များပင်ပျော့ခွေကျသွားအောင် အလွယ်တကူသူလုပ်နိုင်သည်။
လုရွှမ်းမှာယခုချိန်၌ ကြောက်စရာကောင်းသော စိတ်အခြေအနေဖြစ်နေမှန်း ယဲ့ယောင်ချက်ခြင်းသိလိုက်တယ်။
သို့ပေမယ့် ခက်ထန်တဲ့ပုံစံနဲ့လုရွှမ်းက ဆူပူကြိမ်းမောင်းလာခြင်းမျိုးမရှိပဲ သူ၏ရင်ဘတ်ကသာ မြင့်ချည်နိမ့်ချည်နှင့် အကြိမ်အနည်းငယ်လှုပ်ရှားနေခဲ့ပြီး မဲမှောင်နေသောမျက်နှာနှင့် ယဲ့ယောင်ထံအတင်းဖျစ်ညှစ်ပြုံးပြလာတယ်။ "တိုက်ဆိုင်လိုက်တာ မင်းလည်းဒီရောက်နေတာပဲ။ နို့လက်ဖက်ရည်ဝယ်ဖို့ ငါဒီကိုလာချင်ခဲ့တာ၊ မင်းသောက်ဖို့အတွက်ဝယ်သွားမလို့ပေါ့"
လွန်ခဲ့တဲ့နာရီဝက်လောက်က သူတို့နှစ်ယောက်တစ်ကုတင်ထဲ အတူတူလှဲလျောင်းနေခဲ့ကြပြီး နောက်နာရီဝက်အကြာတွင်တော့ ဂျက်ကတ်ဆင်တူနဲ့နို့လက်ဖက်ရည်ဆိုင်ထဲ နှစ်ယောက်လုံးပေါ်လာတာက တိုက်ဆိုင်မှုတစ်ခုဖြစ်ခဲ့တာလား။
ယဲ့ယောင်သည် လုရွှမ်းရဲ့အလိမ်အညာကိုမသိချင်ယောင်သာဆောင်ကာ အတွင်းဘက်သို့ရွှေ့လိုက်ပြီး တစ်ဖက်လူအတွက်နေရာဖယ်ပေးလိုက်သည်။ လုရွှမ်းမှာသူဘေး၌ ဘာမပြောညာမပြောထိုင်ချလိုက်ပြီး တစ်ဖက်ကဆန့်ကျင်ဘက်တွင် တစ်ယောက်ယောက်ရှိနေကြောင်းကို အခုမှသတိထားမိဟန်ဆောင်ကာ "ဒါက?"
"ငါ့ကိုအကူအညီတောင်းနေတဲ့ ဂျူနီယာကျောင်းနေဖက်လေးပါ" ယဲ့ယောင်ပြောလိုက်တယ်။
"ဂျူနီယာကျောင်းနေဖက်?" လုရွှမ်းရဲ့မျက်ဝန်းနက်တွေက သူ့ဆီမှရွေ့သွားပြီးတစ်ဖက်လူကိုစူးစိုက်ကြည့်လိုက်တယ်။ အဲ့ဒီနောက် သူ့နှုတ်ခမ်းတွေကကွေးတက်သွားပြီး အပြုံးတစ်ခုဖြစ်တည်သွားကာ "ဟယ်လို"
ကျောင်းထောင်ရဲ့တစ်ကိုယ်လုံး ကြက်သီးမွေးညင်းတွေထောင်ထကုန်တယ်။ ထိုလူကရှင်းလင်းစွာပဲ ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်နေပေမယ့် စက္ကန့်ပိုင်းအတွင်းမှာပဲ သူမကိုသတ်ဖို့တဟုန်ထိုးပြေးလာသလိုမျိုး သူမကိုကြောက်ရွံ့စေသည်။
ကျောင်းထောင်ရဲ့ရှင်သန်ချင်တဲ့ဗီဇက သူမကိုအလျင်အမြန်ပဲ အပြုံးတစ်ခုဖြစ်တည်လာစေတယ်။ "ဟယ်လို ဟယ်လို စီနီယာလု အစ်ကိုဘာသောက်ချင်လဲ? ညီမဒကာခံပါ့မယ်"
"မလိုဘူး" လုရွှမ်း ငြင်းလိုက်တယ်။
ကျောင်းထောင်သူမရဲ့ဖိတ်ခေါ်မှုက ပထမအကြိမ်ကြိုးစားမှုမှာပဲ အောင်မြင်မည်ဟုမမျှော်လင့်ထားခဲ့ပါ။ ယဲ့ယောင်ရဲ့နို့လက်ဖက်ရည်ကို လုရွှမ်းဆွဲယူလိုက်တဲ့အချိန် သူမစကားအနည်းငယ်ပြောမည်လုပ်တုန်း လုရွှမ်းကထိုနို့လက်ဖက်ရည်ကို စုပ်သောက်လိုက်သည်။
တောင်တန်းမြင့်တွေပေါ်က ပန်းပွင့်လေးလိုအသွင်နဲ့ယဲ့ယောင်က သူ့ဘေးတွင်မလှုပ်မယှက်ထိုင်လို့နေပြီး မျက်နှာပေါ်တွင်လည်း အံ့အားသင့်သည့်အရိပ်အယောင်တောင်ရှိမနေပဲ လုရွှမ်းအားသူ့ရဲ့နို့လက်ဖက်ရည်ကို အေးအေးဆေးဆေးသောက်ခွင့်ပြုထားလေ၏။
ကျောင်းထောင်ကိုပြန်မကြည့်ခင် လုရွှမ်းကတစ်ငုံစုပ်လိုက်ပြီး ဖြည်းညင်းစွာသောက်ပြီးမှ စကားလုံးတစ်လုံးတိုင်းကို ပြတ်ပြတ်သားသားပီပီသသပြောလာတယ်။ "သူ့ဆီကနေသောက်လိုက်ပါ့မယ်၊ နောက်တစ်ခွက်မှာစရာမလိုဘူး"
ကျောင်းထောင် ခဏလောက်ကြောင်အမ်းသွားကာ သူမရဲ့ကိုယ်ပိုင်နို့လက်ဖက်ရည်ကိုစိုက်ကြည့်ပြီး ယဲ့ယောင်ရဲ့နို့လက်ဖက်ရည်ခွက်ကို လှမ်းကြည့်လိုက်တယ်။
အဲ့စာကြောင်းက ဘာအဓိပ္ပာယ်လဲ? သူတို့ကအတူတူဖြစ်ပြီး သူမကတော့အပြင်လူတစ်ယောက်လား?
သူမနဲ့မျက်နှာချင်းဆိုင်မှ လူနှစ်ယောက်က ဘေးချင်းကပ်ထိုင်နေကြပြီး နို့လက်ဖက်ရည်တစ်ခွက်ကို အတူသောက်ကာ ဂျက်ကတ်ဆင်တူကိုလည်းဝတ်ဆင်ထားကြတယ်။ သူတို့ကိုအပြင်ကတစ်ယောက်ယောက်က ဘယ်လိုများမြင်သွားမလဲ?
ကျောင်းထောင်မှာ နှစ်ပေါင်းများစွာကျင်လည်ခဲ့ပြီး မရေမတွက်နိုင်သောCPတွေနဲ့ကြုံခဲ့ဖူးသည်။ ထို့သို့ဖြစ်ရာအချို့သောကဏ္ဍများ၌ သူမသည်အတော်အကဲဆတ်သည်ဟူ၍ ပြောနိုင်သည်။
ဥပမာအနေနဲ့ အခုလုရွှမ်းရဲ့အပြုအမူက သူ့ပိုင်နက်ကိုကာကွယ်နေသည့်ပုံနှင့် ဆင်တူနေသည်ဟုသူမခံစားရသည်။
ဒီလွှမ်းမိုးခြယ်လှယ်ပြီး တစ်ဦးတည်းမောင်ပိုင်စီးလိုကာ အမျက်ဒေါသနဲ့သဝန်တိုမှုတွေက စာတစ်ကြောင်းတည်းနှင့်ပင် သူမခေါင်းကိုလောင်ကျွမ်းသွားစေသည်။
စားပွဲကိုဖြတ်၍ နို့လက်ဖက်ရည်ကိုင်ထားသောလက်ကို လုရွှမ်းရွှေ့လိုက်ပြီး စားပွဲပေါ်တင်ထားတဲ့ယဲ့ယောင်လက်ဖမိုးကို သူ့လက်ဖမိုးနဲ့ဖိကပ်လိုက်ကာ ပြောလာပြန်တယ်။ "ဘာလို့မင်းလက်တွေ အရမ်းအေးနေရတာလဲ?"
"အဆင်ပြေပါတယ်" ယဲ့ယောင်ပြောသည်။ "မင်းရဲ့အပူချိန်ကအရမ်းမြင့်နေလို့နေမှာ"
"ဒါဆိုငါမင်းကို နွေးအောင်လုပ်ပေးမယ်" လုရွှမ်းကဆိုသည်။
ယဲ့ယောင်ရဲ့လက်ကိုနွေးအောင်လုပ်ပေးဖို့ လုရွှမ်းဆွဲယူလိုက်တာကို ကျောင်းထောင်မှာ အံ့အားသင့်လျက်ကြည့်နေရပြီး နောက်တစ်ဖန်ကြောင်အမ်းသွားရပြန်သည်။ ယဲ့ယောင်သည်ဒါကမသင့်လျော်ဘူးဟူ၍ ခံစားရကာသူ့လက်ကို ပြန်ရုတ်သိမ်းဖို့ အနည်းငယ်ကြိုးစားလိုက်ပေမယ့် လုရွှမ်းရဲ့ဆုပ်ကိုင်ထားမှုမှ သူရုန်းမထွက်နိုင်ချေ။ ထို့ကြောင့်သူ့လက်ကို မ၍ စားပွဲအောက်၌သာထားလိုက်သည်။ အဲ့လိုမှသာ သူတို့ရဲ့ချိတ်သွယ်နေတဲ့လက်တွေကို မည်သူမှမမြင်နိုင်မှာဖြစ်သည်။
ကျောင်းထောင်အခု လုရွှမ်းကသူ့ရဲ့ချစ်မြတ်နိုးမှုကို တမင်တကာပြနေတာများလားဟူ၍ တကယ့်ကိုသံသယဝင်မိသည်။ သူမမျိုချလိုက်ပြီး ရဲတင်းသောအကြံဉာဏ်တစ်ခုပေါ်လာခဲ့တယ်။
ယဲ့ယောင်ကအဖြောင့်ဆိုရင် လုရွှမ်းကရော?
ကျောင်းထောင် ခဏကြာအောင်စဉ်းစားပြီးနောက် သေလောက်အောင်အန္တရာယ်ရှိတဲ့ စွန့်စားမှုကြီးကိုဆက်မေးလိုက်တယ်။ "စီနီယာယဲ့ အစ်ကိုညီမကိုမဖြေရသေးဘူးနော်၊ အစ်ကိုမိန်းကလေးတွေကို သဘောကျလား?"
ထိုမေးခွန်းထွက်လာသည်နှင့်တပြိုင်နက် တိုးတက်ကောင်းမွန်လာသည့် လုရွှမ်းရဲ့မျက်နှာမှာ တစ်ဖန်နစ်မြုပ်သွားပြန်ကာ သူ့တစ်ကိုယ်လုံးက ဒေါသမီးကိုမှုတ်ထုတ်တော့မည့် ရက်စက်ကြမ်းကြုတ်သည့်နဂါးတစ်ကောင်နဲ့တောင်တူနေလေသည်။
ယဲ့ယောင်က အေးဆေးတည်ငြိမ်နေကာ "စိတ်မကောင်းပါဘူး။ ကျွန်တော့်အတွက် စာလေ့လာဖို့နဲ့ အသက်မွေးဝမ်းကြောင်းက ဒီအချိန်မှာပိုအရေးကြီးနေတာပါ။ ကောလိပ်တက်နေရင်း ရည်းစားထားဖို့က ကျွန်တော်မစီစဉ်ထားဘူးဗျ"
မျက်စိတစ်မှိတ်အတွင်း ဒေါသထွက်နေသောအာဏာရှင်ကြီးမှာ ချွေးသိပ်ခံလိုက်ရပြီး သူ့မျက်နှာကတိမ်ထူနေရာမှ နေသာသည့်အဖြစ်သို့ ပြောင်းလဲသွားပြန်တော့၏။
လုရွှမ်းကလည်း အေးစက်စွာနဲ့ပြန်ဖြေသည်။ "လူသစ်တွေအတွက် ရည်းစားထားဖို့ အမြဲစဉ်းစားစရာမလိုဘူး။ မင်းစာလေ့လာဖို့ ဒီကိုရောက်နေတာ၊ အနာဂတ်အိမ်ထောင်ဖက်ကို လာရှာဖို့မဟုတ်ဘူး"
ကျောင်းထောင် သူမစိတ်ထဲကအတွေးတွေကို မဖော်ပြမိစေဖို့ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်သည်။ "...... အမိမြေကို အလုပ်အကျွေးပြုဖို့၊ ညီမနားလည်ပါတယ်နော်"
အိုးမိုင်ဂေါ့ သေစမ်း! သူမတော့ မဟာလျှို့ဝှက်ချက်ကြီးကို ရှာတွေ့သွားပုံပဲ!
ယဲ့ယောင်က အဖြောင့်တစ်ယောက်၊ လုရွှမ်း ဒီလူကမှ ဖြောင့်ချင်ယောင်ဆောင်နေတဲ့တကယ့်ဂေးကောင်ပဲ ဒါမှမဟုတ်ရင် တိတ်တိတ်ပုန်းကွေးနေပြီး ယဲ့ယောင်ကိုလည်း ဖြည်းဖြည်းချင်းစီ ကွေးအောင်လုပ်ဖို့ကြိုးစားနေတာ!
လုရွှမ်းရဲ့အမေက ဒီအခြေအနေကိုသိရဲ့လား? မဟုတ်ဘူး သူမဝေ့လည်ကြောင်ပတ်လုပ်ရမယ်၊ လုရွှမ်းကယဲ့ယောင်ကြောင့် ကွေးသွားပါတယ်ဆိုပြီး လုရွှမ်းရဲ့မိသားစုကထင်သွားရင် ယဲ့ယောင်ကိုအပြစ်တင်မှာစိုးရတယ်။
ဟားဟား မျက်ခုံးမွေးထူထူ မျက်လုံးကြီးကြီးနဲ့လုရွှမ်းက ပထမအကြည့်တစ်ချက်နဲ့တင် အဖြောင့်ကောင်ဟုတ်မနေဘူးပဲ!
ကျောင်းထောင် အလျင်အမြန်ပဲနှုတ်ဆက်ပြီးထွက်လာကာ လမ်းတစ်ဝက်ရောက်တော့ သူမပြန်လှည့်ကြည့်လိုက်တယ်။
လုရွှမ်းက ယဲ့ယောင်ကိုစကားပြောနေပြီး ယဲ့ယောင်ရဲ့ဒီနေ့မမျှော်လင့်ပဲ အပြင်ထွက်သည့်အပေါ် စိတ်ဆိုးနေဆဲဖြစ်ပုံရပေမယ့် ယဲ့ယောင်ကိုသူကြည့်လိုက်တဲ့အခါမှာတော့ သူ့ရဲ့ပြင်းထန်နေသောအဆိုးမြင်စိတ်ခံစားချက်တွေကို အစွမ်းကုန်ဖုံးကွယ်ဖို့ကြိုးစားနေတယ်။
အဲ့အကြည့်က ...... တမူထူးနေတာပဲ။
သူ့ကိုယ်ပိုင်ရတနာလေးကို ကြည့်နေတဲ့ဆိုးယုတ်သောနဂါးတစ်ကောင်လို၊ သူ့အသက်လိုမျိုး မှတ်ယူထားသည့်ရတနာလေး၊ တကယ့်ကိုမရှိမဖြစ်လေးကို တစ်ခြားသူတွေက အဝေးသို့လုံးဝလုယူသွားလို့မရနိုင်သကဲ့သို့ပင်။
×××××××
Thanks for Reading
8/6/2023