အလင်းတွေကျရောက်လာလို့ မျက်လုံးဖွင့်ဖို့ကြိုးစားတဲ့အခါ ခေါင်းတွေကမတရားထိုးကိုက်လာသည်။ လူမှန်းသူမှန်းမသိတော့တဲ့အချိန်တွေမှာ ဘာတွေဖြစ်ပျက်ခဲ့လဲ သေချာဆန်းစစ်ရမှာဖြစ်တာကြောင့် အားယူဖွင့်လိုက်တဲ့အခါ မိုးပြာရောင်အခန်းမျက်နှာကျက်ကိုတန်းမြင်လိုက်ရသည်။ လုံခြုံသွားတဲ့ခံစားချက်မျိုးရလိုက်သည်။ အခန်းပိုင်ရှင်ရဲ့မိုးပြာရောင်ရပ်ဝန်းငယ်ထဲမှာ နွေးထွေးနူးညံ့ခြင်းတွေစိမ့်ဝင်နေသည်။ စားပွဲခုံမှာLaptopတစ်လုံးနှင့် အလုပ်ရှုပ်နေသောနောက်ကျောလေးသည် လွမ်းစိတ်တို့ကိုနှိုးဆွလိုက်သည်။ သက်ပြင်းတွေချနေသောနောက်ကျောပြင်သည် ဘာတွေစိတ်ပူနေသလဲမပြောတတ်ပါ။ သေချာတာတစ်ခုကတော့သူနဲ့ပတ်သက်၍ပဲဖြစ်နိုင်ပါသည်။
"ကိုကို"
လှည့်ကြည့်လာချိန်က တွန့်ချိုးလျက်ရှိသော မျက်ခုံးတန်းနှစ်ခုသည် အိပ်ယာထစမှုန်ကုပ်နေသော မျက်နှာလေးကိုမြင်တဲ့အခါ အလိုအလျောက်ပြေလျော့သွားသည်။ ပြီးနောက်အပြုံးဖျော့ဖျော့လေးလည်းပြုံးပြလာသည်။
"ခေါင်းကိုက်နေသေးလား"
"အင်း..ဟိုညကလေ.."
"ညကအကြောင်းမပြောဘဲနေရအောင်လား"
ကိုကို့ပုံစံသည်စိတ်ရှုပ်နေသည့်ပုံပေါ်သည်။ ပြဿနာကို လွယ်လွယ်နဲ့နိဂုံးချုပ်လိုက်ခြင်းသည် ကိုကို့စိတ်ကို ခန့်မှန်းမရအောင်ဖြစ်သွားစေသည်။ စိတ်ပျက်သွားတာလားဆိုတဲ့ စိုးရိမ်စိတ်လေးက အဆိုးလေးဆီကို အလုံးအရင်းလိုက်ဝင်ရောက်လာသည်။
//တကယ်ဆိုဆွေ့ဆွေ့တွေခုန်နေရမှာမဟုတ်ဘူးလားကင်မ်ဂယူဘင်း//
"ရေအရင်ချိုးလိုက်ပါလား ပြီးရင်မနက်စာစားမယ်ဆေးလည်းသောက်ရမယ်"
"လိုက်ပို့ပါလား"
အဆိုးလေးနေမကောင်းတဲ့အခါ အနားကိုပိုကပ်တတ်သည်။ ပြဿနာတွေလုံးဝမရှာဘဲ တစ်နေကုန်ကပ်ချွဲနေတတ်သည်။ မဟုတ်ရင်လည်း ငြိမ်ငြိမ်လေးထိုင်ပြီးကာတွန်းကားကြည့်နေတတ်သည်။
"ဆရာဝန်ခေါ်ရတော့မှာပဲကွာ"
°°ဒေါက်တာဟန်ဆီမှာAppointmentယူထားပါတယ်°°
°°နာမည်ကဟန်ယူဂျင်းနော်...ဒေါက်တာခဏနေရောက်လာပါလိမ့်မယ်စောင့်ပေးပါအုံး°°
မနေ့ကရေချိန်တွေများသွားတယ်ထင်သည်။ တစ်ခါမှမကြားဖူးသောစကားတွေပါ ကြားလာရသလို အမြင်အာရုံတွေကဝေဝါးလာသည်။ မြန်မြန်ရေချိုးပြီးဆေးသောက်မှရတော့မည်။
"ခေါင်းအရမ်းကိုက်နေတာလားကလေးလေး"
ခန္ဓာကိုယ်တစ်ခုလုံးကအားမရှိတော့သလို ပျော့ခွေလာသည်။ ဘေးကတွဲပေးနေတဲ့ကိုကိုကလည်း ပေါ်လာလိုက်ပျောက်သွားလိုက်နဲ့ ကိုကို့အသံတွေကိုလည်း ကြားတစ်ချက်မကြားတစ်ချက် အဆိုးလေးမူမမှန်တော့ဘူး။
>>>
အခန်းအတွင်းအိမ်တော်သခင်လေးက ယောက်ယက်တွေခတ်နေသည်။ တစ်ခန်းလုံးကို အထက်လျှောက်လိုက် အောက်လျှောက်လိုက်နဲ့ တည်ငြိမ်ခြင်းတွေကင်းမဲ့နေသည်။ စဥ်းစားမိလိုက်တိုင်း အသက်မဲ့သွားတဲ့ ကောင်မလေးကိုလည်း တမလွန်ကနေပြန်ခေါ်ပြီး နုတ်နုတ်စဥ်းလိုက်ချင်သည်။
"ဘာဖြစ်တာလဲဒေါက်တာပတ်ခ်...ဘာလို့မှန်းမသိရုတ်တရက်ကြီးလဲကျသွားတာ..သူခါတိုင်းသောက်နေကျပဲဘာမှမဖြစ်ဘူး..အခုက..."
"အရမ်းကြီးစိတ်မပူပါနဲ့သခင်လေး...အရင်ရက်တွေကမအိပ်ထားဘဲသောက်မိလို့ဖြစ်တာပါ...သေချာလေးအနားယူလိုက်ရင်ကောင်းသွားမှာပါ...ကျွန်တော်ဆေးလည်းပေးထားခဲ့ပါ့မယ်"
"ဒါပေမယ့်ကျွန်တော်..."
"တကယ်လို့သခင်လေးစိတ်ပူတယ်ဆိုရင်ကျွန်တော်ဆေးစစ်ဖို့လုပ်လိုက်ပါ့မယ်"
"ကျေးဇူးပါဒေါက်တာပတ်ခ်..လိုက်တော့မပို့တော့ဘူး"
"မလိုပါဘူးသခင်လေးရယ်"
ငယ်စဥ်ကတည်းကမိသားစုဆရာဝန်ဖြစ်လာတာကြောင့် သခင်လေးစိတ်ကို နားအလည်ဆုံးဖြစ်နေသည်။ သခင်လေးကအဆိုးလေးကို ဘယ်လောက်ချစ်ကြောင်း ဘယ်လောက်စိတ်ပူတတ်ကြောင်း ဆေးကုခဲ့တဲ့သက်တမ်းတစ်လျှောက် ပုံရိပ်တွေအလွတ်ရနေပြီဖြစ်သည်။ သခင်မကြီးနဲ့ တစ်မျိုးလုံးက ကန့်ကွက်တာတောင် အားလုံးကိုအတိုက်အခံလုပ်ပြီး ကိုယ်ပိုင်ခွဲထွက်ခဲ့တာသည် သခင်လေးကအဆိုးလေးကို အရာအားလုံးနဲ့မလဲနိုင်ကြောင်း သက်သေပြနေသည်။
"ကိုကိုအိပ်တော့လေကျွန်တော်သက်သာနေပါပြီ"
"ခေါင်းကိုက်သေးလား ဗိုက်ဆာနေပြီလား"
သခင်လေးရဲ့ဂရုစိုက်မှုတွေမှာ အဆိုးလေးက ညင်သာစွာပြုံးသည်။ သူလိုချင်ခဲ့တာဒါမျိုး...။ မေတ္တာငတ်ခဲ့တဲ့သူ့ဘဝကြီးထဲကို ဝင်လာပေးခဲ့တာ တစ်ဘဝလုံးမှာတစ်ခါပဲရတဲ့ဆုလာဒ်...။ ကိုကိုစိတ်မပျက်သွားရင်ကောင်းမယ်...။ ပင်ပန်းလို့အရမ်းကြီးမဆိုးနိုင်တော့တာမို့ စိတ်ပျက်မသွားရင်ကောင်းမယ်..။
"ဟင့်အင်းခေါင်းလည်းမကိုက်ဘူးဗိုက်လည်းမဆာဘူး"
"ဗိုက်မဆာလည်းကြက်ပေါင်းရည်လေးတော့သောက်လိုက်ပါလားပြီးရင်ဆေးသောက်ရအုံးမယ်လေ"
"ကျွန်တော့်ကြောင့်နဲ့ပင်ပန်းနေရပြီ ကျွန်တော်အရမ်းဆိုးခဲ့တာပဲ"
ပြောရင်းဆိုရင်း အဆိုးလေးဆီက မျက်ရည်တွေကျဆင်းလာသည်။ ဘယ်တော့မှမငိုတဲ့ အကြောတင်းတဲ့ကလေးလေးလည်း ကိုကိုနဲ့တွေ့မှပဲငိုတတ်တော့သည်။
//လောကကြီးမှာခင်ဗျားကပထမဆုံးမျက်ရည်ကျအောင်လုပ်နိုင်တာပဲကင်မ်ဂယူဘင်း//
"ဟိတ်မငိုရဘူးလေကွာ...ကိုယ်ချစ်တာလေ..အဲ့ဒီဆိုးတာလေးကိုချစ်တာမို့လို့ ကိုယ်ကအပြစ်မမြင်ပါဘူး..ကြိုက်သလောက်ဆိုးကိုယ်ကပဲထပ်တိုးချစ်ပေးမယ်..ဟုတ်ပြီလား..ဘယ်တော့မှမင်းအပြစ်လို့မတွေးလိုက်ပါနဲ့ကလေးလေးရယ်"
"စိတ်ပျက်မသွားရဘူးနော်"
လက်ညိုးလေးထိုးပြီး နှုတ်ခမ်းလေးဆူကာပြောနေတာကြောင့် သခင်လေးကအသည်းယားစွာရေရွတ်လိုက်ပြီး ပါးနှစ်ဖက်ကိုဆွဲညစ်လိုက်သည်။
"အဟက်! ဟန်ယူဂျင်းကချစ်စရာလေးကွာ"
>>>
ဆွတ်ဆွတ်ဖြူနေတဲ့ရှပ်အင်္ကျီလေးကို ထုံးစံအတိုင်းကြယ်သီးနှစ်လုံးဖြုတ်ထားပြီး နေကာမျက်မှန်လေးနဲ့ကြွကြွရွရွခြေလှမ်းတွေသည် StarGarden ရဲ့မြေညီထပ်မှာလျှောက်လှမ်းနေသည်။
"မင်းကဟန်ယူဂျင်းဟုတ်ပါတယ်နော်"
နောက်ဘက်ကထွက်လာတဲ့အသံကြောင့် အဆိုးလေးကလှည့်ကြည့်လိုက်တဲ့အခါ လက်ချိုးရေတွက်လို့ရတဲ့ အနေအထားတစ်ခုအထိ ရင်းနှီးသောအန်တီကြီးဖြစ်နေသည်။
"အမြဲခေါင်းထဲမှာထည့်ထားလို့မှတ်မိမယ်ထင်နေတာမမှတ်မိဘူးပဲ"
အဆိုးလေးက ဘောင်းဘီအိတ်ထဲကို လက်နှစ်ဖက်ထိုးထည့်ထားပြီး ခနဲ့တဲ့လေသံနှင့် ပြောတဲ့အခါအန်တီကြီးက သူ့ဆီကိုခပ်မြန်မြန်လမ်းလျှောက်လာသည်။
"မင်းဘယ်လိုတောင်အသက်ပြင်းရတာလဲ"
လုပ်ကြံတဲ့သူကအမြဲသေတွင်းဝကလွတ်မြောက်နေတတ်တဲ့အဆိုးလေးကို ကြည့်မရတော့ဘူးထင်သည်။ ကိုယ်တိုင်တောင်ထုတ်ပြောလာပြီ။
"အင်းးဘယ်လိုပြောရမလဲ...အန်တီကသေစေချင်နေပေမယ့် အန်တီ့သားကမသေစေချင်ဘူးလေ...အချစ်ရဲ့စွမ်းအားတွေနဲ့ရှင်သန်နေတာ"
"ပိုက်ဆံယူပြီးထွက်သွားရင်ဒီလိုမျိုးတွေမထိခိုက်တော့ဘူးလေနင့်မှာဦးနှောက်ပါမလာတာလား"
"နိုးးနိုးးနိုးး ကင်မ်ဂယူဘင်းတစ်ယောက်လုံးရှိနေတာကို တစ်ခြားဘာတွေထပ်ယူရအုံးမှာလဲ...ဟန်ယူဂျင်းကဦးနှောက်အရှိလွန်တာ...ဘာမှမလိုဘူးအချစ်ရှိရင်ပြီး..ပြည့်..စုံ..တယ်"
လက်တစ်ဖက်ကိုရှေ့ထုတ်လာရင်း နိုးနိုးဆိုသောနေရာလေးကို လေသံဆွဲနှင့်ပြောသွားပုံတွေ...အချစ်ရှိရင်ပြီးပြည့်စုံတယ်ဆိုသောနေရာတွေမှာ တစ်လုံးချင်းဖိပြီးအားထည့်ကာပြောသွားပုံတွေကြောင့် ကင်မ့်မေမေသည် ရိုက်ချင်စိတ်တွေတဖွားဖွားဝင်လာရသည်။
"ရိုက်မလို့လား...ရိုက်လိုက်လေအန်တီ"
ပါးထိုးပေးနေသောမျက်နှာလေးသည် ပြုံးပျော်နေသည်။ မမြင်နိုင်တဲ့အမူအရာတွေများစွာကို ထိုအပြုံးလှလှလေးအောက်ဖုံးကွယ်ထားသည်။
ဖြန်းးး
အဆိုးလေးကနီတက်သွားသော မျက်နှာတစ်ခြမ်းကိုအုပ်ကိုင်လိုက်ရင်းထပ်ပြောသည်။
"ရိုက်ချင်သေးရင်ရိုက်လို့ရသေးတယ်"
ဖြန်းးး
နောက်တစ်ဖက်အရိုက်ခံရပြီးနောက် အဆိုးလေးကလျှာနှင့်ပါးစောင်ကိုထိုးလိုက်ပြီးနောက် လှောင်ပြုံးလေးတစ်ခုပြုံးပြလာသည်။
"စီစီတီဗွီတွေနေရာတိုင်းရှိတာကို ဥက္ကဌကတော်က မေ့သွားပုံပဲ...ပြီးတော့ကိုကိုကလည်းမြင်သွားလောက်ပြီ..ဘယ်လိုလုပ်ရပါ့မလဲသားအမိနှစ်ယောက်အဆင်မပြေနိုင်တော့ဘူးလေ"
"တောက်ခ်!!နင်သိပ်မာယာများတာပဲဟန်ယူဂျင်း"
"ကျွန်တော့်ကို ကိုကို့နားမကပ်အောင် မဆုံးမခင် အန်တီ့ယောက်ျားနားကို ကပ်နေတဲ့မိန်းမလှလေးတွေကိုသာ သွားဆုံးမနေလိုက်ပါလား...သူတို့ဆိုရင်ပိုရိုက်လို့ကောင်းလောက်တယ်..ပြီးတော့ပိုက်ဆံလည်းယူလောက်တယ်..အန်တီအရမ်းပေးချင်နေတာမလား..ရယ်ရတယ်မကြာခင်ဘုံပျောက်တော့မယ်လူက..."
"ဟန်ယူဂျင်း!!!နင်.."
ကင်မ့်မေမေကအဆိုးလေးကို နောက်တစ်ဖန်ရိုက်ဖို့လက်ရွယ်လိုက်တဲ့အခါ""မေမေ""ဆိုသောအသံကြီးက မြေညီထပ်မှာဟိန်းသွားသည်။
"သား..မေမေကလေ"
"မေမေဘာလို့ယူဂျင်းကိုလိုက်ဒုက္ခပေးနေရတာလဲ...ကျွန်တော်မေမေတို့ပြောတဲ့အတိုင်းအိမ်ကနေထွက်လာခဲ့ပြီးပြီပဲ...အားလုံးကိုစွန့်လွှတ်ခဲ့တာလေ...သူတစ်ယောက်ပဲရှိစေချင်တာကိုဘာလို့လိုက်နှောက်ယှက်နေကြတာလဲ"
"ဘာလို့ဒီလိုပိုင်းလုံးကောင်အတွက်နဲ့မိဘတွေကိုစွန့်ခွာသွားရတာလဲကင်မ်...သားကပညာတတ်ပါ နည်းနည်းပါးပါးထိန်းသိမ်းပါအုံး...မေမေတို့ဆီပြန်လာခဲ့ပါသားရယ်..နော်.."
ကင်မ်မေမေသည်ဒေါသတွေရောဝမ်းနည်းစိတ်တွေရော ရောယှက်ကာမျက်ရည်တွေကျလာသည်။ သူ့မှာရှိတဲ့အဖိုးတန်သားလေးနဲ့အိမ်ခြေယာမဲ့ဘယ်ကမှန်းမသိတဲ့အဆိုးအပေပိုင်းလုံးကောင်နဲ့ကို ဘယ်လိုစိတ်နဲ့များ အတူထားနိုင်ပါ့မလဲ။ မာယာတွေသိပ်များတဲ့ကောင်လေးကသူ့သားဆီကနေအရာအားလုံးကိုသိမ်းကျုံးယူသွားတော့မှာ...။
"မေမေပြန်လိုက်ပါတော့ယူဂျင်းကိုထပ်စော်ကားနေရင်သည်းခံနိုင်တော့မှာမဟုတ်လို့"
ကင်မ့်မေမေကဒေါသမျက်လုံးတွေနဲ့စိုက်ကြည့်တဲ့အခါ ပွဲကြည့်ပရိတ်သတ်လေးဖြစ်နေတဲ့ အဆိုးလေးက "ဘယ်လိုလဲ"ဆိုသောမျက်နှာပေးနှင့် အချေပြုံးပြုံးပြသည်။ သခင်လေးလှည့်ကြည့်လာချိန်တွင်တော့ အရမ်းကိုနာကျင်နေရပါသော မျက်နှာလေးနှင့်။
သူတို့တွေပြောနေကြတဲ့အတိုင်းဟန်ယူဂျင်းကမာယာများတယ်ပေါ့...။
-Sun_niva-