Chapter 8 - ယဲ့ယောင်ချိန်းတွေ့နေတယ်!
ᕯᕯᕯᕯ
လီမွန်ဖျော်ရည်ဝယ်ပြီး ယဲ့ယောင်ပြန်ရောက်လာသည့်အခါ လုရွှမ်းကပုံမှန်ပြန်ဖြစ်သွားပုံရကာ သူ့ကိုစိတ်သက်သာရာရသွားစေသည်။
လုရွှမ်းလက်ထဲက ဈေးဝယ်အိတ်တွေကို ယဲ့ယောင်လှမ်းယူဖို့ကြိုးစားလိုက်ပေမယ့် လုရွှမ်းကသူ့ကိုသယ်ခွင့်မပေးပေ။ တစ်ချိန်တည်းမှာပဲ လီမွန်ဖျော်ရည်ကိုလုရွှမ်းကကိုင်ထားရပြီး ယဲ့ယောင်ကိုလည်းဆွဲထားချင်ပြန်ရာ တတိယမြောက်လက်တစ်ချောင်းထပ်ပေါက်လာစေရန် လုရွှမ်းတကယ်ကိုဆုတောင်းမိတယ်။
အဆုံးတွင်တော့ လုရွှမ်းမှာဈေးဝယ်အိတ်နှင့်လီမွန်ဖျော်ရည်ကို လက်တစ်ဖက်တည်းနှင့်ကိုင်၍ ကျန်တစ်ဖက်ကတော့ ယဲ့ယောင်၏ပုခုံးအားပွေ့ဖက်လျက် အဲ့ဒီနောက်အားရကျေနပ်စွာနှင့် လျှောက်လှမ်းသွားတော့၏။
"ကွဲကြေနေတဲ့ငါ့နှလုံးသားကို နှစ်သိမ့်ဖို့ဒီညစိတ်ပြေလက်ပျောက်ဖြစ်ပြီး ပျော်စရာကောင်းတာတစ်ခုခုလုပ်ရမယ်" လုရွှမ်းကပြောလေသည်။
"အင်း" လုရွှမ်း၏ဂေးမုန်းတီးသည့်ရောဂါအား ဘာဆိုဘာမှမပြောပဲယဲ့ယောင်တုံ့ပြန်လိုက်တယ်။ "ဂိမ်းဆော့မလို့လား?"
"မဆော့ပါဘူး၊ အဲ့ဒါတွေကိုကစားတော့ရော ဘာထူးမှာမို့လို့လဲ?" လုရွှမ်းကတခစ်ခစ်ရယ်လာတယ်။
သူတို့နှစ်ယောက်က နီးကပ်သင့်သလောက်နီးကပ်နေပြီးပေမယ့် လုရွှမ်းကရုတ်တရတ်ကြီး ခေါင်းကိုစောင်းငဲ့လာကာ ယဲ့ယောင်၏နားအနား နှုတ်ခမ်းကိုကပ်လိုက်ပြီး အဲ့ဒီနောက် ယဲ့ယောင်၏နားအတွင်းသို့ လေပူစီးကြောင်းများချဉ်းနင်းဝင်ရောက်လာခဲ့တော့သည်။
လုရွှမ်းရဲ့အသံထဲတွင် မျှော်လင့်စောင့်စားခြင်းတွေအပြည့်နှင့် ကျီစယ်နောက်ပြောင်သံကို ယဲ့ယောင်ကြားလိုက်ရသည်။ "တစ်ယောက်ကိုတစ်ယောက် ကူညီကြမယ်လေ?"
သူစကားပြောလိုက်စဉ် ထွက်ပေါ်လာသောလေစီးကြောင်းလေးသည် ယဲ့ယောင်၏နားအတွင်းသို့ ယားယံခြင်းတစ်မျိုးသယ်ယူလျက် ချဉ်းနင်းဝင်ရောက်လာကာ နှလုံးသားဆီသို့တည့်တည့်တိုးဝင်၍ သူ၏နှလုံးသားအညှာအား ကုတ်ခြစ်လိုက်သလိုယားယံစေလေ၏။
လုရွှမ်းက ခင်မင်ရင်းနှီးမှုအားဖော်ပြရန် သူနဲ့အတူ ရုပ်ပိုင်းဆိုင်ရာထိတွေ့ဖလှယ်မှုအမျိုးမျိုးလုပ်ရန် အလွန်စိတ်အားထက်သန်နေပုံရသည်။ လူသိမခံပဲတိတ်တိတ်လေးများ ဂေးနေတာလားဟူ၍သူသံသယဝင်ခဲ့ဖူးပေမယ့် လုရွှမ်းကဖြောင့်လွန်း၍ ဒီလိုအရာတွေကိုတောင်မတွေးမိလောက်ပေ။
ယဲ့ယောင်ကိုယ့်စိတ်ကိုယ်အလိုမလိုက်တော့ပဲ မျက်လုံးကိုအောက်စိုက်ချကာဆိုလေသည်။ "ဒါပေမယ့်ငါနည်းနည်းပင်ပန်းနေပြီ"
"ဒါဆိုလည်းထားလိုက်ပါတော့" လုရွှမ်းကသူ့ကိုသံသယမဝင်ပဲ ယဲ့ယောင်ရဲ့လည်ပင်းအနောက်ဘက်ကိုပွတ်သပ်လိုက်ကာ "ပြန်ပြီးရေချိုးအနားယူလိုက်၊ မင်းကိုမနှောင့်ယှက်ဘဲ တိတ်တိတ်ဆိတ်ဆိတ်ကစားလို့ရမယ့် ဂိမ်းတွေရှိလားငါကြည့်လိုက်မယ်"
***
ယဲ့ယောင်ရေချိုးခန်းထဲမှ ထွက်လာသည့်အခါ Wechatကနေသူ့အမေ အသံမက်ဆေ့ခ်ျပို့ထားတာ မြင်လိုက်ရသည်။
ယဲ့ယောင်အမေရဲ့အသံကနူးညံ့ညင်သာစွာထွက်လာတယ် : 【ယောင်ယောင် အဲ့မှာရာသီဥတုကအေးလာပြီလား? အဝတ်တွေကိုသေချာနွေးနွေးထွေးထွေးဝတ်နော်။ အအေးမမိစေနဲ့။】
ယဲ့ယောင်ရဲ့မျက်ခုံးလေးတွေ ပြေလျော့သွားကာ : 【ဟုတ်ကဲ့ပါ မားရဲ့၊ စိတ်မပူပါနဲ့ ဒီမှာအားလုံးအဆင်ပြေပါတယ်】
သူ့အမေက မြန်ဆန်စွာစာပြန်လာလေတယ်။ : 【အဝတ်အစားတွေဝယ်ပြီးတော့ စားဖို့သောက်ဖို့ရောပိုက်ဆံလောက်ရဲ့လား? မလောက်ရင် အိမ်ကိုပြန်ပြောနော်၊ မားပိုက်ဆံလှမ်းပို့ပေးမယ်။ အခုဆိုအရင်ကထက် မိသားစုအခြေအနေကပိုကောင်းနေပြီဆိုတော့ အိမ်အတွက်ပိုက်ဆံချွေတာနေစရာမလိုဘူးနော်】
ယဲ့ယောင်လက်ထဲ ပညာသင်ဆုတစ်ခုရှိနေပြီး စားဖို့သောက်ဖို့စရိတ်စကလည်း ပြတ်တောက်မှုမရှိသေးပေ။ ဒါပေမယ့်သူဒီနေ့အဝတ်အစားဝယ်ဖို့ ဈေးဝယ်ထွက်တာကို သူ့အမေကဘယ်လိုသိသွားတာလဲ?
ယဲ့ယောင်စိတ်ထဲ သံသယတစ်ချို့ဝင်လာကာ သူ့အမေရဲ့စိုးရိမ်မှုကိုတုံ့ပြန့်ရင်းနဲ့ ဒီမေးခွန်းကိုမေးလိုက်တယ်။
သူ့အမေကပြုံးလျက် : 【ရှောင်လုကသူ့ momentမှာ ပုံတင်ထားတယ်လေ၊ မင်းမတွေ့ဘူးလား?】
ယဲ့ယောင် : "......?"
ဘာmomentတွေလဲ? လုရွှမ်းကmomentမှာပို့စ်တင်ရတာ မကြိုက်ဘူးမဟုတ်ဘူးလား?
သူရေချိုးနေတုန်း ဘာတွေဖြစ်ကုန်တာလဲ?
ယဲ့ယောင်သူ့အမေနဲ့စကားပြောပြီးနောက် momentကိုအမြန်ဖွင့်ကြည့်လိုက်ပြီး momentထဲပထမဆုံးတွေ့လိုက်ရတဲ့အရာမှာ လုရွှမ်းရဲ့ပို့စ်အသစ်ပေ။
လုရွှမ်းကပုံတစ်ပုံကို ပို့စ်တင်ထားတယ်။ ရုပ်ပုံထဲတွင် သူနဲ့လုရွှမ်းကပုံစံတူအဝတ်သစ်တွေကိုဝတ်လျက် သူကလုရွှမ်းရှေ့တွင်ခြေလှမ်းတစ်ဝက်လှမ်း၍ရပ်နေပြီး လုရွှမ်းကိုယ်ပေါ်မှအနက်ရောင်ဆွယ်တာအား ကိုင်ထားလေတယ်။
အပြင်ထွက်သည့်အခါ လုရွှမ်းရဲ့cool guyပုံရိပ်က အတိအကျထင်းလင်းနေဆဲပင်။ ပုံတွင်စကားလုံးတစ်လုံးထဲနှင့် captionတပ်ထားသည်။【shopping】တဲ့။
လိင်စိတ်တိမ်းညွတ်မှု ပြောင်းလဲသွားတာကြောင့်လားတော့ ယဲ့ယောင်မသိပေမယ့် ဒီပုံကသူ့အတွက် တစ်နည်းနည်းနဲ့တော့ပုံမှန်ဟုတ်မနေချေ။ ငယ်ငယ်ရွယ်ရွယ်စုံတွဲတစ်တွဲအတူတူနေပြီးမှ မျက်လုံးလေးကလယ်ကလယ်နဲ့ နိစ္စဓူဝလုပ်ငန်းတွေကိုလိုက်လုပ်နေရသလိုပုံစံမျိုးနဲ့တူလေတယ်။ လုရွှမ်းရဲ့ပင်ကိုယ်စရိုက်နဲ့ အသွင်အပြင်တို့ရဲ့ကျေးဇူးကြောင့် ချစ်သူလေးနဲ့အတူရှော့ပင်းထွက်ရင်း သူ့ရဲ့ချစ်သည်းသက်ညှာလေးအား တုန်နေအောင်ချစ်ပြီးအလိုလိုက်ထားသည့် လွှမ်းမိုးခြယ်လှယ်သောCEOကြီးတစ်ယောက်လိုမျိုး ခြောက်ခြားဖွယ်ရာခံစားချက်တောင်ရနေသည်။
စိတ်ငြိမ်ငြိမ်ထားစမ်းပါ! ရှုပ်ထွေးခဝထွေ့ထွေးအရာကို တွေးနေမိရလား။
ဒါနဲ့ဒီလိုပုံတွေကို သူ့ရဲ့သူငယ်ချင်းစက်ဝန်းထဲ လူကြီးတွေကိုမပိတ်ပဲပို့စ်တင်တာအဆင်ပြေပါ့မလား?
မူလကတည်းက သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးမှာ အလွန်ရင်းနှီးနေပြီးဖြစ်ကာ အခုသူကဒီလိုပုံမျိုးကိုပို့စ်တင်လိုက်တော့ လုရွှမ်းရဲ့မိဘတွေကသူတို့ဆက်ဆံရေးကို တကယ်ကြီးနားလည်မှုတော့မလွဲလောက်ဘူးမလား?
ယဲ့ယောင်ခေါင်းထောင်ကာ အိပ်ရာပေါ်လှဲနေတဲ့လုရွှမ်းကိုကြည့်လိုက်တယ်။ လုရွှမ်းကမျက်နှာပေါ်အပြုံးတစ်ခုနဲ့ ပျော်ရွှင်စွာဖုန်းကိုဟိုတို့ဒီတို့လုပ်နေလေတယ်။ သူဘာလုပ်နေမှန်းယဲ့ယောင်မသိပေ။
ယဲ့ယောင်ပုံကိုအောက်သို့ ဖြည်းညင်းစွာဆွဲချရင်း ပို့စ်တင်ထားတဲ့လုရွှမ်းရဲ့ momentအတွက် ဆုတောင်းနေမိတယ်။ လုရွှမ်းရဲ့မိဘတွေနှစ်ယောက်လုံး အလုပ်ရှုပ်နေပြီး momentကလုရွှမ်းရဲ့ပို့စ်ကို သတိမထားမိပါစေနဲ့ဟူ၍။
ဆက်ဆွဲချကြည့်ရာ ပုံ၏အောက်ခြေတွင် likeတွေအများကြီးကိုယဲ့ယောင်တွေ့ရပြီး အရင်အထက်တန်းကျောင်းတုန်းက အတန်းဖော်တွေရော၊ အခုတက္ကသိုလ်ကသူတို့ရဲ့အခန်းဖော်တွေပါရှိနေကြသည်။
လူတိုင်း လုရွှမ်းရဲ့momentကပို့စ်ကြောင့် အံအားသင့်ကုန်ကြပြီး ပို့စ်ပါအကြောင်းအရာကြောင့်လည်း အူမြူးနေကြလေ၏။
【ဒါက တရားဝင်ကြေညာချက်လား?】
【ညီအစ်မတို့ရေ၊ ဒါကအရမ်းကိုချိုမြိန်ဆွိနေတာပဲ! ငါသူတို့ရဲ့ဖန် ဖြစ်နေတာကြာပြီ။ ငါshipနေတဲ့CPက တကယ်ကြီးနောက်ဆက်တွဲဇာတ်လမ်းလေးတွေရှိမယ်ဆိုတာမယုံနိုင်သေးဘူး။ သူတို့နှစ်ယောက်အတူတူရှိနေတာက ကြည့်လို့ကောင်းလိုက်တာ!】
【လုကောကနေ့စဉ်ဘဝကို သူ့ဇနီးလေးနဲ့အတူဖြတ်သန်းနေတာကို ကြွားနေတာပဲ၊ မနာလိုဘူးဗျာ၊ ကျွန်တော်လည်းဇနီးလေးတစ်ယောက်လောက် လိုချင်တယ်】
ထိုlikeများပေးထားသည့်အထဲတွင် လုရွှမ်း၏မိဘတွေကိုမတွေ့မှသာ ယဲ့ယောင်မှာသက်ပြင်းချနိုင်သည်။ ပုံမှန်အားဖြင့်တော့လုရွှမ်းက စာတွေကိုပြန်မဖြေတတ်ပေ၊ သူနဲ့ဆက်ဆံရေးကောင်းရှိတဲ့သူငယ်ချင်းတစ်ချို့သာ သူ့ဆီမှခပ်မိုက်မိုက်ပြန်စာတစ်ချို့ရတတ်သည်။
သို့သော်လည်း လုရွှမ်းမှာသူ့ရဲ့သဘောထားကို ရုတ်တရတ်ပြောင်းလဲလိုက်၍ တစ်စုံတစ်ယောက်၏စာအား ပြန်ဖြေထားလေသည်။
ယဲ့ယောင်ရဲ့မား : 【ရှောင်လုကတကယ်ကို ချောမောနေတုန်းပဲကွယ်၊ ရာသီဥတုကအေးလာပြီမလို့ နွေးနွေးထွေးထွေးနေနော်။ ယဲ့ယောင် အာ ဒီကလေးကဆောင်းတွင်းဆိုနေမကောင်းဖြစ်တတ်တာမလို့ သူ့ကိုဂရုစိုက်ပေးဖို့အန်တီမင်းကို ဒုက္ခပေးရဦးမယ်ကွယ်】
လုရွှမ်း : 【အန်တီ မစိုးရိမ်ပါနဲ့၊ ယဲ့ယောင်ကိုကျွန်တော်နဲ့သာလွှတ်ထားလိုက်၊ ကျွန်တော်သူ့ကိုသေချာလေးဂရုစိုက်ပေးပါ့မယ်】
ယဲ့ယောင်ရဲ့အမေက သက်သာရာရသည့်အပြုံးလေးဖြင့် စာပြန်ထားလေသည်။
ယဲ့ယောင် : "......"
"လုရွှမ်း မင်းဒီညပျော်စရာမလုပ်တော့ဘူးလား?" ယဲ့ယောင်မှာခေါင်းကိုက်လျက်မေးလိုက်သည်။
ကုတင်ပေါ်လှဲနေတဲ့လုရွှမ်းက လက်ထဲမှဖုန်းကိုချကာ ပဟေဠိဖြစ်စွာလှမ်းကြည့်လာသည်။ "momentမှာပို့စ်တင်တာက ယဉ်ယဉ်ကျေးကျေးနဲ့ လိုက်ဖက်ညီတဲ့ပျော်စရာလို့မထင်ဘူးလား?"
ယဲ့ယောင်မှာ ဒီအံ့ချီးမခန်းပျော်စရာရှာသည့်ပုံစံနှင့်ပတ်သတ်၍ သံသယဝင်မိကာ သူ့ရဲ့အထင်အမြင်အား မဖော်ပြလိုက်ပေမယ့် ပြဿနာကိုတတ်နိုင်သမျှအရှိအရှိတိုင်း ဖြေရှင်းဖို့ကြိုးစားလိုက်သည်။
"ငါ့အမေဆီမင်းပြောထားတဲ့စာကို မင်းမိဘတွေမြင်သွားနိုင်တယ်" ယဲ့ယောင်ကပြောသည်။ "မင်းဘာလို့အရင်ဆုံးမဖျက်ပစ်တာလဲ?"
ထိုအချိန်တွေတုန်းက ပုန်ကန်တတ်သောဆယ်ကျော်သက်လေးလုရွှမ်းမှာ ၎င်း၏သဘောထားအားမှန်မှန်ကန်ကန်ပြုပြင်ကာ စာကိုပြင်းပြင်းထန်ထန်ကြိုးစားခဲ့လေ၏။ နောက်ဆုံး သူတက္ကသိုလ်သို့ ရောက်သွားသည့်အခါမှာတော့ လုရွှမ်းရဲ့မိဘများမှာ ဝမ်းသာပီတိဂွမ်းဆီထိ၍ အပျော်လွန်ကြလေသည်။ သူတို့သားရဲ့သဘောထားပြောင်းလဲသွားမှုမှာ အကုန်လုံးယဲ့ယောင်ကြောင့်ဟူ၍ယုံကြည်နေခဲ့ကြတယ်။ ထိုအချိန်မှစ၍ သူသည်မကြာခဏညစာစားရန်အဖိတ်ခံရပြီး ၎င်းတို့ရဲ့WeChatမှာလည်းအထည့်ခံရလေသည်။
"ဖျက်ရမယ်? ဘာလို့ငါကဖျက်ရမှာလဲ?" လုရွှမ်းကမျက်မှောင်ကုတ်၍ ဖုန်းကိုကောက်ကိုင်ကာသူ၏ပြန်စာအားကြည့်လိုက်သည်။ "ငါ့ပြန်စာက သင့်တင့်လျောက်ပတ်မှုရှိသင့်တယ်နော် ဟုတ်တယ်မလား?"
လုရွှမ်းကဒီလိုအရာတွေလုပ်တိုင်း အခြားသူတွေရဲ့အထင်အမြင်တွေကို ဂရုမစိုက်တတ်ဘူး။ အဲ့ဒါကြောင့်ယဲ့ယောင်မှာ အခြေအနေအားဖြိုခွင်းလိုက်ကာ အကြောင်းအရင်းကိုဖြည်းဖြည်းချင်းပြောပြလိုက်သည်။ "မင်းသတိထားမိလားတော့မသိပေမယ့် စကားလုံးတွေရဲ့ရွေးချယ်မှုက နည်းနည်းလေးထူးဆန်းနေတယ်မဟုတ်လား? အဲ့ဒါကငါတို့နှစ်ယောက်လျှို့ဝှက်ပြီး အတူတူရှိနေပါတယ်ဆိုပြီး မင်းမိဘတွေကအလွယ်တကူအထင်လွဲသွားစေလိမ့်မယ်။ သူတို့ဆီကရှောင်ပုန်းဖို့ သူငယ်ချင်းတွေဆိုတဲ့အမည်ကိုခံပြီး ဟန်ဆောင်နေတယ်ဆိုပြီးတော့ပေါ့"
ယဲ့ယောင်ခဏရပ်လိုက်တယ်။ လုရွှမ်းရဲ့မိသားစုက စီးပွားရေးလုပ်ငန်းအကြီးကြီးကို လုပ်ကိုင်နေတာဖြစ်တယ်။ ထိုသို့လူသိများပြီး လက်တွေ့ဘဝအင်တာဗျူးများနှင့် တီဗွီဒရမ်မာအမျိုးမျိုးများထဲမှ ပုံမှန်ဇာတ်ကွက်များအတိုင်း မိဘတွေက၎င်းတို့၏ ရင်နှစ်သည်းချာတစ်ဦးတည်းသောသားလေးမှာ ဂေးဖြစ်နေကြောင်းသိရှိသွားသည့်အခါ သူတို့ကိုခွဲထားပြီး သားဖြစ်သူအားလမ်းကြောင်းမှန်သို့ပြန်လည်တည့်မတ်ပေးဖို့ အစွမ်းကုန်ကြိုးစားကြလိမ့်မည်မဟုတ်လား?
သူ ထိုထက်ပို၍မရှင်းပြနိုင်သေးခင်မှာပဲ လုရွှမ်းမှာmoments pageအား refreshလုပ်လိုက်ကာ ၎င်း၏မျက်ခုံးများမှာအပေါ်သို့ မြင့်တက်သွားလေသည်။ "သူတို့က မြင်တောင်မြင်ပြီးသွားပြီ"
ယဲ့ယောင်တောင့်တင်းသွားပြီး ပေ့ခ်ျအား refreshလုပ်လိုက်သည့်အခါ သူ့နှလုံးခုန်သံမှာခဏလောက်ရပ်တန့်သွားရကာ လုရွှမ်း၏မိဘများထံမှ ပြန်စာအသစ်နှစ်ခုကို မြင်လိုက်ရလေတယ်။
လုရွှမ်းရဲ့ပါး : 【ဟမ့် ရှောင်ယဲ့ရဲ့အလှရသက မင်းထက်အများကြီးသာတယ်】
လုရွှမ်း : 【ဟားဟား ပါးအဲ့ဒါကျွန်တော့်ကို ပြောဖို့လိုသေးလို့လား?】
လုရွှမ်းရဲ့မား : 【ငါမင်းတို့နှစ်ယောက်ကို မတွေ့ရတာကြာပြီ။ ရှောင်ယဲ့က ကြီးလေပိုချောလာလေပဲနော်】
လုရွှမ်း : 【ကျွန်တော်လည်း ထင်ပါတယ်】
လုရွှမ်းကဖုန်းကိုတစ်ဖန်ပြန်ချလိုက်ကာ ယဲ့ယောင်ထံပြုံးပြလာပြီး ပူပန်မှုအားပြေပျောက်စေသည်။ "စိုးရိမ်မနေနဲ့၊ သူတို့မင်းကိုအများကြီးသဘောကျကြတယ်"
ယဲ့ယောင်မှာမှင်သေသေမျက်နှာထားနဲ့ : "...... အိုး"
သူနှစ်၂၀နီးပါးလောက်အဖြောင့်တစ်ယောက်ဖြစ်ခဲ့တယ်၊ ဒါပေမယ့်အဆုံးမှာလိင်ကွဲလောကကြီးကို လုံးဝနားမလည်တော့တာ သူတစ်ယောက်တည်းပဲလား?
သေချာပေါက်ကို သူကဆတ်ဆတ်ထိမခံဖြစ်နေပြီး တစ်ပါးသူအပေါ်ယုံမှားသံသယလွန်ကဲနေတာပင်။ ပြီးတော့အဲ့ဒါကကိစ္စကြီးကြီးမားမားတောင်မဟုတ်ပဲနဲ့။ သူ့မိဘတွေရဲ့မျက်လုံးထဲဒီမျိုးဆက်မှာ ညီအစ်ကိုကောင်းတွေလိုပုံစံပေါက်နေတာပင်။
လှဲလျောင်းနေတဲ့လုရွှမ်းမှာ ထထိုင်လိုက်သည်။ သူအရာအားလုံးကိုဂရုမစိုက်သလို တစ်ခြားသူတွေရဲ့စိတ်ခံစားချက်တွေကိုလည်း အာရုံစိုက်မနေဘူး။ သို့ပေမယ့် ယဲ့ယောင်ကတော့ ခြွင်းချက်ဖြစ်သည်။
ဒီအရာနှင့်ပတ်သတ်ပြီး ယဲ့ယောင်စိုးရိမ်ပူပန်နေမှာကို သူမလိုလားပေ။
"ငါတို့ရဲ့ အမှန်တကယ်လိုက်လျောညီထွေဖြစ်နေတဲ့ပုံစံကို ဘယ်သူ့ဆီမှာမှမဖုံးကွယ်ချင်ဘူး" လုရွှမ်းသည် နှစ်ထပ်ကုတင်အပေါ်ထပ်မှနေ၍ လူနှစ်ယောက်၏မျက်လုံးများကိုဆုံစေရန် ခေါင်းကိုငုံ့ကိုင်းလာသည်။ သူကယဲ့ယာင်ရဲ့မျက်ဝန်းတွေထဲသို့ကြည့်ကာ "သူတို့အတွေးမှားတွေဝင်သွားတာ ဒါမှမဟုတ် အဲ့ကိစ္စကြောင့်မင်းနဲ့ပြဿနာတက်ရတာဆိုရင် ... ငါကတော့မင်းရဲ့ဘေးမှာ အမြဲတမ်းရှိနေမှာပါ"
ယဲ့ယောင်ရဲ့နှလုံးသားက ရှုပ်ထွေးသွားသလိုခံစားလိုက်ရသည်။ သူကသူ့အကြည့်တွေကို ရှောင်လွှဲလိုက်ပြီး တိုးညင်းစွာပြောလိုက်သည်။ "အင်း ငါသိပါတယ်"
***
ထိုဖြစ်ရပ်က ဤသို့ပင်ပြီးပျက်သွားသည့်ပုံပင်။ ဆောင်းရာသီ၏အအေးဓာတ်က နွအေပူအား လွင့်စင်ပပျောက်သွားစေ၍ စိမ်းမြမြသစ်ရွက်တွေဟာလည်း အချိန်တိုအတွင်းအဝါရောင်သို့ ပြောင်းလဲလာခဲ့သည်။
တနင်္ဂနွနေ့တစ်ရက်တွင် အဆောင်ခန်းထဲ၌အပူပေးစက်မဖွင့်ရသေး၍ အေးစက်လို့နေလေသည်။ ယဲ့ယောင်ကဘာမှလုပ်စရာမရှိသည့်အခါ နွေးထွေးနေသောစောင်ပုံထဲ၌ ဝင်ခွေနေရတာကိုသဘောခွေ့ပြီး နေ့လည်နေ့ခင်းတရေးတမောအိပ်ရင်တောင် သူကနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်လေတယ်။
အရာအားလုံးကအဆင်ပြေပြေပဲရှိနေပြီး တစ်ယောက်အိပ်ကုတင်ပေါ် သူနဲ့အတူတိုးဝှေ့ချင်နေတဲ့ တစ်စုံတစ်ယောက်မရှိရင် ပိုတောင်ကောင်းနေလိမ့်ဦးမည်ပေ။
တိုးတိမ်သောတုန်ခါသံတစ်ခု သူ့ဖုန်းမှထွက်ပေါ်လာကာ တစ်ယောက်ယောက်ကသူ့ထံစာတိုတစ်စောင် ပို့လိုက်တာပဲဖြစ်မည်။ ယဲ့ယောင်ဖုန်းကိုလှမ်းယူလိုက်ပြီး မက်ဆေ့ခ်ျပေးပို့သူ၏ အမည်ကိုမြင်လိုက်ရသည့်အခါ သူ၏အိပ်မှုန်စုံမွှားဖြစ်မူမှာ ရုတ်ခြည်းပျောက်ကွယ်သွားခဲ့သည် - လုရွှမ်းရဲ့အမေ သူ့ထံပေးပို့လာတာဖြစ်သည်။
【ရှောင်ယဲ့ သားအားလား? အန်တီမင်းကိုပြောချင်တာရှိတယ်】
ဖုန်းကိုဆုပ်ကိုင်ထားသည့် ယဲ့ယောင်၏လက်ချောင်းထိပ်လေးတွေမှာ တောင့်တင်း၍ဖြူဖျော့နေခဲ့သည်။ သူ့အနားရှိလုရွှမ်းမှာ မျက်လုံးဖွင့်လာကာ "ဘာဖြစ်လို့လဲ?"
"ဘာမှမဟုတ်ပါဘူး။ အတန်းဖော်တစ်ယောက်က အိမ်စာအကြောင်းလာမေးတာ။ မင်းပြန်အိပ်လို့ရတယ်"
ယဲ့ယောင်လစ်ထွက်ရန်ဆင်ခြေတစ်ခုရှာလိုက်ကာ ဗလာဖြစ်နေတဲ့ရေချိုးခန်းသို့သွားလိုက်ပြီး လုရွှမ်းအမေထံစာပြန်လိုက်သည်။
သူသည်လုရွှမ်း၏မိခင်နှင့် အကြိမ်အများကြီးဆုံဖူးလေကာ သူမသည်တကယ်ကိုလှပပြီး ကြော့ရှင်းရည်မွန်၍ စကားပြောကောင်းလှသည်။ မည်သို့ဆိုစေကာမူ ဒီလိုစံပြမိခင်ကိုကြည့်ခြင်းဖြင့် သူမထံ၌လုရွှမ်းလိုပုန်ကန်ပြီးမနာခံ၊ မလိုက်နာသောသားလေးတစ်ယောက် ရှိနေလိမ့်မည်ဟု သူတစ်ခါမှမတွေးခဲ့ဖူးပေ။
လုရွှမ်းအမေရဲ့messageက လျင်မြန်စွာပဲပြန်ရောက်လာသည်။ ဒီတစ်ခေါက်တွင်တော့သူမက voice messageပေးပို့လာသည်။
ယဲ့ယောင်အသံအတိုးအကျယ်ကို ချိန်ညှိကာဖွင့်လိုက်ပြီး အနည်းငယ်ရှက်ရွံ့သံပါနေသောလုရွှမ်းအမေ၏ အသံကိုနားထောင်လိုက်သည်။ "ရှောင်ယဲ့ ဒီလိုပါ အန်တီ့မှာသူငယ်ချင်းတစ်ယောက်ရှိတယ်၊ သူ့သမီးလေးက သားတို့ကျောင်းမှာပဲတက်နေတာ။ ကလေးမလေးကသားထက်တစ်နှစ်ငယ်တယ်၊ ဒီနှစ်မှလူသစ်လေးလေ"
ယဲ့ယောင် တစ်ခဏမျှကြောင်အမ်းသွားကာ ထိုထိုသောပုံစံခွက်ထဲကဇာတ်လမ်းဒရမ်မာများစွာ၏ အပိုင်းအစများကသူ့စိတ်ထဲ ထိန်းချုပ်မရစွာပေါ်လာလေသည်။
ဥပမာပြောရရင် လုရွှမ်းရဲ့အမေက ချက်လက်မှတ်တစ်စောင်ကို ထုတ်လိုက်ကာပြောလာသည်။ "ဒီမှာဒေါ်လာသန်း၅၀၊ ငါ့သားကိုထားခဲ့" ဆိုသလိုမျိုးပေါ့။
ဒါမှမဟုတ်လည်း လုရွှမ်းလိုချမ်းသာသည့်မိသားစုက စီးပွားရေးမိတ်ဖက်အဖြစ် လက်ထပ်ထိမ်းသိမ်းမြားရန်လိုပေမယ့် လုရွှမ်းဆန္ဒမရှိမှာစိုးတာကြောင့် သူမကသူ့အား လုရွှမ်းနှင့်ထိုမိန်းကလေးကြားကဆက်ဆံရေးကိုတိုးတက်အောင် အောင်သွယ်တော်လုပ်ပေးဖို့တောင်းဆိုပြီး အဆုံးတွင်သူ့ရဲ့အားထုတ်မှုကြောင့် လုရွှမ်းကမင်္ဂလာခန်းမထဲလှမ်းဝင်လာပြီး သူကတော့မင်္ဂလာဆောင်တွင် ပြုံးနေသည့်သတို့သားရံလေးဖြစ်လာတာမျိုးပေါ့။
သေချာပေါက်ကို လုရွှမ်းအမေအနေနှင့်လည်း သူမ၏သားကလိင်တူသူငယ်ချင်းတစ်ယောက်နဲ့ နီးနီးကပ်ကပ်ပူးကပ်နေတာကို ရပ်မကြည့်နိုင်လောက်ပေ။
ယဲ့ယောင်နှုတ်ခမ်းတွေကို ဖိကိုက်လိုက်ကာ လုရွှမ်းအမေရဲ့နောက်ထပ် voice messageကိုနှိပ်လိုက်သည်။
လုရွှမ်းရဲ့အမေအသံက ပို၍ခက်ခက်ခဲခဲပြောထွက်လာပုံရကာ "အဲ့ဒါ....အဲ့ဒီကလေးမလေးက မင်းကိုအရမ်းသဘောကျတယ်လို့ပြောလာတယ်။ သူကမင်းကိုစကားပြောချင်လို့ we chatမှာအပ်ချင်တယ်တဲ့၊ မင်းအဲ့ကောင်မလေးနဲ့တွေ့ချင်လား?"
ယဲ့ယောင် : "?"
"အဲ့ကလေးက သွက်သွက်လက်လက်လေးပါ။ သူကမင်းတို့တက္ကသိုလ်က နို့လက်ဖက်ရည်ဆိုင်မှာ ဒီနေ့လည်ကျမင်းကို နေ့လည်ခင်းလက်ဖက်ရည်သောက်ဖို့ စောင့်နေမယ်လို့ပြောလိုက်တယ်။ မင်းမသွားချင်ရင် သူစိတ်လျှော့သွားအောင် အန်တီမင်းကိုကူပြောပေးပါ့မယ်"
ယဲ့ယောင်မှာ ချစ်သူမိန်းကလေးထားရန် ရည်ရွယ်ချက်မရှိပေမယ့် ထိုသို့ငြင်းဆိုလိုက်ခြင်းသည် မိန်းကလေးတစ်ယောက်၏ ကိုယ့်ကိုကိုယ်တန်ဖိုးထားမှုကို အလွယ်တကူထိခိုက်စေနိုင်မှန်း သိတာကြောင့် ထိုနေရာသို့လူကိုယ်တိုင်သွားပြီး သေချာရှင်းပြဖို့ဆုံးဖြတ်လိုက်သည်။
သံသယအချို့ဖြင့် ယဲ့ယောင်မေးလိုက်သည်။ 【အန်တီလုရွှမ်းကို အဲ့အကြောင်းပြောပြမယ်ထင်ခဲ့တာပြီးတော့ လုရွှမ်းကကျွန်တော့်ကို တစ်ဆင့်ပြန်ပြောလို့ရတယ်လေ?】
လုရွှမ်းရဲ့အမေက သက်ပြင်းချလိုက်ကာ : 【ငါသာသူ့ကိုပြောပြလိုက်ရင် မင်းဒီသတင်းကို ဘယ်တော့မှသိရမှာမဟုတ်လောက်ဘူး】
အဆုံးမှာသူမ၏သားကပဲ ယဲ့ယောင်အနားကမက်မွန်ပွင့်တွေအကုန်လုံးကို လိုက်ညှပ်ချပစ်နေတော့ ယဲ့ယောင်အတွက်ကတကယ့်ကို စိုးရိမ်စရာပင်။
(မက်မွန်ပွင့် - အလားအလာရှိတဲ့ချစ်ရေးဆိုသူများ)
သာမန်လူတွေအနေနဲ့ ဒီလိုကြီးစိုးခြယ်လှယ်ဗိုလ်ကျတဲ့ သူငယ်ချင်းဆက်ဆံရေးကို သည်းမခံနိုင်လောက်ပေ။ တစ်နေ့တွင်လုရွှမ်းက ...... ဒီသူငယ်ချင်းဆက်ဆံရေးကို ဖျက်စီးပစ်လိုက်မှာ သူမတကယ်ကိုစိုးထိတ်မိသည်။
လုမားမားက သူမဖုန်းကိုချလိုက်ပြီး သူမဘေးရှိ လုပါးပါးအားပြောလိုက်သည်။ "ရှင့်သားက တကယ်ကိုပုံမှန်ဟုတ်မနေဘူးနော်။ သူအဆက်မပြတ်နှောင့်ယှက်နေတာကို ရှောင်ယဲ့ကစိတ်ညစ်နေမှာပဲမလား?"
"သူကမင်းရဲ့သားပဲလေ" လုပါးပါးကစိန်းစိန်းဝါးဝါးကြည့်ကာ ညည်းညူလာတယ်။ "အဲ့လိုခြယ်လှယ်ချင်တဲ့စရိုက်ကို သူဘယ်ကသင်လာမှန်းငါမသိဘူး။ ဘာပဲဖြစ်ဖြစ်ငါသာရှောင်ယဲ့ဆို လှည့်ပြေးပြီပဲ။ လုရွှမ်း အဲ့စောက်ကောင်စုတ်လေးက သေဖို့လမ်းရှာနေတာပဲ"
***
လုရွှမ်းတစ်ယောက် မိန်းမောတွေဝေလျက် အိပ်ရာမှနိုးလာသည်။ စာရေးခုံအောက်၌ထားထားသော သူ၏လက်ကိုင်ဖုန်းမှာ မရပ်မနားတုန်ခါနေခဲ့ကာ ကောင်းကင်ကြီးတစ်ခုလုံး လှုပ်ခါလုနီးပါးပင်။
သူ၏မြင့်မားသောအရပ်နှင့် ခြေတံရှည်များကို အားကိုး၍လုရွှမ်းသည် ကုတင်လှေကားကိုအသုံးမပြုပဲ ကုတင်ပေါ်မှလိမ့်ဆင်းလိုက်ပြီး စာရေးခုံမှဖုန်းအားဆုပ်ကိုင်လိုက်သည်။
သူ့ဖုန်းဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် လုရွှမ်းမှာ မရေမတွက်နိုင်သော '@' အကြောင်းအရာများဖြင့် လွှမ်းမိုးခံလိုက်ရတော့သည်။
【လုကော လုကော မင်းအခုတိတ်တိတ်လေးငိုနေပြီလား?】
【လုသာ့ကောက သန်မာပါတယ်။ ဘာလို့သောက်ဖို့ထွက်မလာတာလဲ ဒါမှမဟုတ်လည်းငါတို့နဲ့hackဖို့ အင်တာနက်ကဖေးကိုသာ လာခဲ့လိုက်၊ ဒီကကောင်တွေကမင်းကိုအဖော်ပြုပေးမှာပါ】
ဘာလဲဟ၊ ဘာလို့သူကတိတ်တိတ်လေးငိုနေမှာလဲ?
လုရွှမ်း နားလည်ရခက်စွာ မျက်မှောင်ကုတ်လိုက်တယ်။ အဲ့ဒီနောက်သူပုံတစ်ပုံကို တွေ့လိုက်ရတော့၏။
ပုံထဲတွင် မကြာသေးခင်ကသူ့ဘေးနား၌ အိပ်နေခဲ့သောယဲ့ယောင်မှာ ရိုးရှင်းသည့်ဂျက်ကတ်နှင့်ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားကာ ကျောင်းဝန်းလမ်းပေါ်လမ်းလျှောက်လို့နေပြီး သူ့ဘေးတွင်တော့အဖြူရောင်ဂါဝန်လေးနှင့် ချစ်စဖွယ်မိန်းကလေးတစ်ဦးရှိလို့နေလေသည်။
လုရွှမ်းရဲ့အမူအရာမဲ့မျက်နှာတွင် အက်ကွဲကြောင်းတစ်ခုပေါ်လာတော့သည်။
သူအနားမှာရှိမနေတဲ့အချိန် ယဲ့ယောင်ကကောင်မလေးတစ်ယောက်နဲ့ သွားတွေ့နေတယ်။
ယဲ့ယောင်က ...... ကောင်မလေးတွေနဲ့ချိန်းတွေ့နေတယ်!
ယဲ့ယောင်က သပ်သပ်ရပ်ရပ်ဝတ်စားတတ်ကာ ချောမောကြည့်ကောင်းလှသည်။ သေချာပေါက် ဘယ်သူမှငြင်းပယ်နိုင်မှာမဟုတ်!
ယဲ့ယောင်ကို ငြင်းတဲ့ဘယ်သူမဆို သေချာပေါက်ကန်းနေလို့ပဲ၊ ယဲ့ယောင်ကိုငြင်းပြီး ဝမ်းနည်းအောင်လုပ်ရဲတဲ့ဘယ်သူမဆို၊ အဲ့အယုတ်တမာတွေကို သူအသေရိုက်သတ်ပစ်မယ်။
ယဲ့ယောင်က တစ်ယောက်ယောက်နဲ့ စုံတွဲဖြစ်လာတော့မယ်!
မရေမတွက်နိုင်သော အတွေးတွေ၊ အကြံစည်တွေက လုရွှမ်းရဲ့စိတ်ထဲရေလွှမ်းမိုးသွားသလို အဆက်မပြတ်လှိမ့်ဝင်လာသည်။ သူ့အမြင်တွေမဲမှောင်လာပြီး ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်နေသည်ကိုသာ သူခံစားရတော့သည်။
သူစားပွဲကိုထောက်ကိုင်ထားရပြီး သူ့မျက်နှာကိုပွတ်သုတ်လိုက်တယ်။ ယဲ့ယောင်နဲ့ဆင်တူဖြစ်သည့် ဂျက်ကတ်ကိုဆွဲယူကာ မြန်နိုင်သမျှမြန်မြန်ကိုယ့်ကိုယ့်ဆွဲခြုံလိုက်ပြီး တံခါးအား'ဘန်း'ခနဲမြည်ဟည်းသွားအောင်ပင် တွန်းဖွင့်လိုက်တော့သည်။
×××××××
Thanks for Reading
30/5/2023