💕အကြင်နာဒိုင်ယာရီ💕
အပိုင်း(၂၀) (ဇာတ်သိမ်း)
လက်ထဲမှ ဒိုင်ယာရီစာအုပ်လေးအား ကျစ်ကျစ်ဆုပ်ကိုင်ကာ ပါးပြင်သို့ မျက်ရည်များ စီးကျလျက် စာရွက်ထက်က စာလုံးများကိုသာ ဖတ်နေမိဆဲ....
"မင်းဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတဲ့နေ့မှာပဲ အဝေးဆုံးကို ပြန်ထွက်သွားရတဲ့ အချိန်လောက် နာကျင်တာမရှိဘူး..."
တစ်ရွက်ချင်း လှန်ဖတ်ပြီးနောက် အဆုံးသတ်သွားတဲ့ ထိုစာစုလေးကို ရေရွတ်ရင်း မျက်ရည်တွေကို လက်ခုံဖြင့် သုတ်၍ စာအုပ်ကို ခပ်ဖြေးဖြေးပိတ်ကာ ပုံမပျက်အာင် စားပွဲပေါ် ပြန်တင်ပြီး ထွက်လာခဲ့သည်။
အကြောင်းစုံကို သိပြီးသွားတဲ့သူမ လှေကားထစ် တစ်ထစ်စီတိုင်းကို အသက်မပါစွာ ဆင်းလာခဲ့သည်။
"သမီး... သားကို နှိုးပြီးပြီလား..."
"ဟုတ်... အန်တီ... စွမ်း ရေချိုးနေတယ်..."
"ဪ အင်းအင်း... သားလာရင် နေ့လည်စာ စားကြတာပေါ့..."
နှောင်း ခေါင်းညိမ့်ပြ၍ ဧည့်ခန်း၌သာ အသာလေး ဝင်ထိုင်ရင်း ငိုထားသည့် မျက်နှာလေး မသိသာအောင် ကြိုးစားထားရသည်။
ခဏအကြာ စွမ်း ဆင်းလာတော့ ထမင်စား စားပွဲ၌ စွမ်းနှင့် ဘေးချင်းယှဉ်လျက် ထိုင်နေသော်လည်း စွမ်း၏ မျက်နှာကို ကြည့်ဖို့ အင်အားမရှိသလို စွမ်းကလည်း သူမအပေါ် အပြစ်ရှိသကဲ့သို့ ခံစားရ၍ မကြည့်ဝံ့။
"သားပြန်လာပြီဆိုတော့ မင်္ဂလာကိစ္စကို မြတ်တို့ဘက်ကပဲ တာဝန်ယူပါရစေ"
ဒေါ်မြတ်မာလာက လိုလိုလားလား ပြောလာတော့ နှောင်း၏ မိဘတွေက ခေါင်းညိမ့်၍ လက်ခံလိုက်သည်။
"မင်္ဂလာကိစ္စနဲ့ ပတ်သတ်ပြီး အစ်မတို့ဘက်က ဘာများ ပြောစရာ၊ တောင်းဆိုစရာများ ရှိသေးလဲရှင်..."
"ဘာမှ တောင်းဆိုစရာ မရှိပါဘူး.... အဓိကတော့ ကျွန်မ သမီးလေးကို မြတ်မြတ်နိုးနိုးနဲ့ ချစ်ပြီး စိတ်ချမ်းချမ်းသာသာထားပြီး ပေါင်းသင်းသွားမယ်ဆိုရင်ပဲ ကျေနပ်နေပါပြီ..."
"ဟုတ်ပါတယ်.... ကျွန်တော်လည်း သမီးအမေ ပြောသလိုပဲ သမီးကိုစိတ်ချမ်းသာအောင်ထားရင် ရပါပြီ"
မိဘနှစ်ပါးလုံးရဲ့ ဆန္ဒအတိုင်းပြောပြီး ဒေါ်မြတ်မာလာက သားကို တစ်ခုခုပြန်ပြောလိုက်ဆိုသည့် အကြည့်ဖြင့် ကြည့်လိုက်တော့ စွမ်းက...
"စိတ်ချပါ... ကျွန်တော် နှောင်းကို စိတ်ချမ်းသာအောင် ထားပါ့မယ်"
ကိုယ်တိုင်တောင် စိတ်မချမ်းသာပဲ နှောင်းကို စိတ်ချမ်းသာအောင် ထားဦးမှာတဲ့လား စွမ်းရယ်....
နှောင်း ဇွန်းနှင့်ခပ်ရင်းကို ကိုင်ထားကာ စိတ်ထဲမှ ရေရွတ်မိလိုက်သည်။
လူကြီးတွေကသာ မင်္ဂလာကိစ္စအတွက် တစ်ယောက်တစ်ခွန်းဆီ ဆွေးနွေးနေပေမယ့် ကာယကံရှင်ဖြစ်သည့် သူတို့နှစ်ဦးကတော့ ဘာစကားမျှထွက်မလာပဲ ကိုယ့်အပူကိုသာ အာရုံရောက်နေရင်း ထိုထမင်းဝိုင်းလေးက ပြီးဆုံးသွားသည်။
------------ -------------
နှောင်း အိမ်ပြန်ရောက်တော့ လက်ဆွဲအိတ်ကို ကုတင်ပေါ် ပစ်တင်ပြီး လူက ကြမ်းပြင်ပေါ်ထိုင်ချ၍ ဒူးနှစ်ဖက်ပေါ်သို့ လက်တင်ကာ ခေါင်းလေးမှီထားရင်း မျက်ရည်လေးတွေ ဝေ့ဝဲနေခဲ့သည်။
ခရီးသွားတာ ကျူးကို သွားရှာခဲ့တာပေါ့။ ကျူးကရော စွမ်းကိုချစ်နေတာတဲ့လား... ငါနဲ့စွမ်းအကြား ကျူးက ရှုပ်နေတာလား... စွမ်းနဲ့ကျူးအကြား ငါက ရှုပ်နေတာလား... အခုချိန်မှာ စွမ်းကိုငါက ပိုင်ဆိုင်ရတော့မှာ၊ အဟင်း ငါပိုင်ဆိုင်ရတာ သူ့နှလုံးသားကိုမှ မဟုတ်တာ...
စိတ်ရှုပ်စွာ လက်နှစ်ဖက်ဖြင့် ဆံနွယ်များကို ထိုးဖွလျက် ခေါင်းတသွင်သွင် ခါရမ်းနေမိသည်။
------------- --------------
ကျူး ခြံထဲ၌ ယွန်းလေးနှင့် ကစားပေးနေချိန် အိမ်ထဲက ဖုန်းမြည်သံကြောင့် ထသွားခဲ့သည်။
စားပွဲပေါ်က ဖုန်းလှမ်းယူစဉ်မှာပဲ ဘေးနားက ဖန်ခွက် ကျူး ခြေထောက်အနားသို့ ကွဲကျသွားသည်။
"အို... ဖန်ခွက်က ကွဲသွားသေးတယ်..."
ဖန်အကွဲတွေကို ရှောင်ရင်း ဖုန်းယူကာ Answer ခလုတ်ကို နှိတ်လိုက်သည်။
"ဟယ်လို...."
"........"
"ရှင်....."
"........"
"ဟုတ်... ဟုတ် ကျူးအခုချက်ချင်း လာခဲ့မယ်နော်..."
စိုးထိတ်စွာဖြင့် ဖုန်းချပြီးပြီးချင်း အခန်းထဲသို့ ဝင်မည်အလုပ် မယု ရောက်လာ၏။
"ကျူး ဘာဖြစ်လို့လဲ..."
"မေမေ ဆေးရုံတင်ထားရလို့တဲ့...."
"ဟင် ဟုတ်လား..."
"ဟုတ်တယ် မယု.... အဲ့ဒါကြောင့် ကျူး မြန်မြန်ပြန်မှဖြစ်မယ်...."
"ကားရှာရခက်နေဦမယ်.... အာကာကို လိုက်ပို့ခိုင်းရမလား... ပိုမြန်တာပေါ့"
ကျူးခေတ္တတွေဝေမိပေမယ့်....
"ဟုတ်ကဲ့ မယု..."
"ကျူး အဝတ်ထည့်ထားလိုက်နော်.... မယု အာကာကို သွားပြောလိုက်ဦးမယ်"
"ဟုတ် မယု... ကျေးဇူးတင်ပါတယ်"
မယုကို ပြောပြီးတာနှင့် သိမ်းစရာရှိသည်များကို သိမ်းဆည်း၍ လက်ဂေ့ခ်ျလေးဆွဲကာ အဆင်သင့်ပြင်ထားသော အာကာဟိန်း၏ ကားပေါ်သို့ တက်လိုက်သည်။
မယုနှင့် ယွန်းလေးက ကျူးအား တာ့တာပြ၍ နှုတ်ဆက်ရင်း ထိုကားလေးက ရန်ကုန်သို့ ဦးတည်၍ ထွက်လာခဲ့သည်။
--------------- ---------------
"ဘယ်လိုလဲ.... တွေ့ခဲ့ရဲ့လား"
စိုးပိုင်အမေးကြောင့် စွမ်း ထိုင်ခုံပေါ် ထိုင်လိုက်ပြီး သက်ပြင်းရှည်ကြီး ချလိုက်မိသည်။
"တွေ့ခဲ့တယ်..."
"တွေ့ခဲ့တော့ မင်း ဘယ်လိုခံစားရလဲ..."
"ခံစားချက်ကတော့ ပေါင်းစုံပဲ... ဒါပေမယ့် ဝမ်းနည်းတာတော့ ပိုများတာပေါ့ကွာ"
"အင်း... ဒီလောက် ရက်ကလေးမှာ ရှာနိုင်မယ်လို့ မထင်ထားဘူး... ဘာပဲဖြစ်ဖြစ် မင်းကံကောင်းခဲ့ပါတယ်...."
စွမ်းအသက်မပါသလို တစ်ချက်ရယ်လိုက်မိရင်း...
"ငါ့အတွက် ကံကောင်းခြင်းဆိုတာ မရှိတော့ပါဘူး... ငါရွေးချယ်တဲ့လမ်းကိုပဲ မှန်မှန်လျှောက်ဖို့ပဲ ရှိတော့တယ်.... တကယ်လို့သာ ကျူး ငါ့အချစ်ကိုလက်ခံခဲ့ရင်တောင် နှောင်းကိုစွန့်လွှတ်ဖို့ ငါ အားနာရတယ်..."
"ဒါပေါ့... နှောင်းကို ရွေးချယ်လိုက်လို့ မင်းနှလုံးသားက လက်မခံတာပဲရှိမယ်... မင်းဘဝအတွက်တော့ လက်တွဲဖော်ကောင်းတော့ ဖြစ်မှာသေချာတယ်... ဘာလို့လဲဆို နှောင်းက မင်းကိုတကယ်ချစ်တဲ့ မိန်းကလေးဖြစ်နေလို့ပဲ..."
စိုးပိုင်ပြောသည်ကို စွမ်း ထောက်ခံ၍ ခေါင်းညိမ့်ပြလိုက်သည်။ တကယ်တော့ နှောင်းဆိုတာလည်း မိန်းမကောင်းလေးမို့ သူ့အနေနှင့်လည်း မရက်စက်နိုင် ဖြစ်ခဲ့ရသည်။
စွမ်း လေပူတစ်ချက် မှုတ်ထုတ်ရင်း အဝေးတစ်နေရာသို့သာ ငေးကြည့်နေလိုက်သည်။
------------- -------------
"မေမေ.... မေမေ...."
လက်ဂေ့ခ်ျဆွဲကာ ဆေးရုံကို အပြေးတစ်ပိုင်း ရောက်လာသော ကျူးက မေမေ့ကုတင်အနား စိုးရိမ်စွာ ခေါ်နေမိသည်။ အာကာဟိန်းကတော့ အနောက်ကနေ သူမကို မှီအောင် လိုက်ခဲ့သည်။ ကျူး အသံကြားတော့ ကုတင်ထက်က မေမေက လှည့်ကြည့်လာခဲ့သည်။
"သမီး...."
"မေမေ... ဘယ်လိုဖြစ်တာလဲဟင်..."
မေမေ့ လက်ကောက်ဝတ်လေးအား ကိုင်ထားရင်း ဖေဖေ့ကို ခေါင်းလေးလှည့်၍ မေးလိုက်သည်။
"သမီးမေမေက သွေးတိုးတာပါ... အခု ဘာမှစိုးရိမ်စရာမရှိတော့ဘူးလို့ ဆရာဝန်က ပြောသွားတယ်... မနက်ဖြန်ဆို ဆေးရုံဆင်းလို့ရပြီ..."
ယခုမှ စိတ်အေးသလိုလေး သက်ပြင်းချမိသည်။
"တော်သေးတာပေါ့ မေမေရယ်... ကျန်းမာရေး ဂရုစိုက်ရမယ်နော်..."
"အင်းပါ... သမီးရဲ့..."
"ဒါနဲ့သမီးလာတာ မြန်သားပဲ..."
ဖေဖေပြောတော့ ကျူး အနောက်လှည့်ကာ အာကာဟိန်းကို ကြည့်လိုက်သည်။
"ဖေဖေ ဒါသမီးမိတ်ဆွေ အာကာဟိန်းတဲ့... ကလောမှာ အိမ်နီးချင်းဆိုတော့ သူကူညီပြီး လိုက်ပို့တာ..."
"ကျေးဇူးတင်ပါတယ်ကွယ်..."
"ရပါတယ် အန်ကယ်"
ဖေဖေက အာကာဟိန်းကို ကြည့်ပြီးပြောလိုက်တော့ သူကလည်း ဖေဖေ့ကို ရိုသေစွာပဲ ပြန်ပြောလိုက်သည်။
"ကဲ ခရီးပန်းလာတာဆိုတော့ သမီးလည်း နားဦးလေ... ဒါနဲ့ သားရော အန်ကယ်တို့အိမ်ပဲ တည်းလိုက်နော်..."
"ရပါတယ် အန်ကယ်... ကျွန်တော့် သူငယ်ချင်းဆီမှာပဲ တည်းလိုက်မယ်"
"ဪ ဒီမှာ သူငယ်ချင်းရှိတာလား...."
"ဟုတ်တယ် အန်ကယ်..."
"သားအဆင်ပြေရင် ပြီးတာပါပဲ..."
"ကျွန်တော့်ကို ခွင့်ပြုဦး"
"ကောင်းပါပြီ"
"ကျူး... သွားပြီနော်"
"ဟုတ်ပြီ အာကာ... ကျေးဇူးပဲနော်..."
အာကာဟိန်းက ကျူးတို့ကို နှုတ်ဆက်ပြီး၍ ဆေးရုံမှ ထွက်သွားခဲ့သည်။ ကျူးကတော့ မေမေ့အနားက မခွာပဲ လက်ကလေးကိုင်ကာ စကားတွေ ပြောနေသေးသည်။
ခဏအကြာ တံခါးဖွင့်သံနှင့်အတူ လက်ထဲမှာ အထုပ်များကိုင်ထားသော လူနှစ်ဦးရောက်လာခဲ့၍ ကျူးလှည့်ကြည့်လိုက်တော့...
"ဟင်..."
"ကျူး..."
စွမ်းနှင့်နှောင်းကို မြင်၍ သူမ အာမေဍိတ်အသံလေး တီးတိုးစွာ ထွက်လာတော့ တစ်ဖက်မှ ထိုလူသားနှစ်ဦးကလည်း ကျူး နာမည်လေးကို ပြိုင်တူ ခေါ်လိုက်မိသည်။
"နှောင်း..."
ကျူး ထိုင်ရာမှထကာ နှောင်းနှင့် တစ်ယောက်ကိုတစ်ယောက် ဘာမျှမတွေးပဲ ဝမ်းသာအားရ ပြေးဖက်လိုက်သည်။ စွမ်းကတော့ ဘေး၌သာ ခြေစုံရပ်နေခဲ့သည်။
ကျူးနှင့်နှောင်း ခန္ဓာကိုယ်ချင်း ပြန်ခွာ၍ တစ်ယောက်လက်တစ်ယောက် နွေးထွေးစွာ ကိုင်ထားရင်း....
"ကျူး... ငါနင့်ကို အရမ်းသတိရနေတာ..."
"ငါလည်းသတိရတာပေါ့ဟာ..."
နှောင်း မုန့်ထုပ်လေးတွေ ကျူး၏မိခင်အနားချကာ သတင်းမေးပြီး စွမ်းက အထဲမှာ ကျန်ခဲ့လျက် ကျူးနှင့်အတူ အခန်းအပြင်သို့ ထွက်လာခဲ့သည်။
နှစ်ယောက်သား ခုံပေါ်ထိုင်ပြီး လက်ကလေးတွေဆုပ်ကိုင်ကာ နှောင်းက မျက်ရည်လေး စီးကျလာသည်။
"ဘာလို့မျက်ရည်ကျနေတာလဲ နှောင်းရဲ့..."
"ငါနင့်ကို သတိရလို့ပေါ့... ပြီးတော့ ငါနင့်ကို အရမ်းကျေးဇူးတင်တယ်... ငါသွေးလိုတုန်းက ကူညီခဲ့လို့"
ကျူးက သူမ၏ လက်တစ်ဖက်ကို ပြန်ဆုပ်ကိုင်၍...
"ကျေးဇူးတင်ဖို့ မလိုပါဘူး... နင်ကငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်း ဖြစ်တဲ့အတွက် ငါဒီလောက်လေးတော့ လုပ်ပေးရမှာပေါ့..."
"ပြီးတော့ စွမ်းမေမေရော ငါ့အဒေါ်ရော နင့်ကို ပြောဆိုခဲ့တာတွေအတွက် သူတို့အစား ငါတောင်းပန်ပါတယ်နော်"
"ရပါတယ်.... နင်ကျန်းမာလာတာကိုပဲ ငါပျော်နေပြီ.. သိတယ်မလား ငါက ဘာကိုမှဂရုမစိုက်တတ်ဘူးလေ..."
ကျူးက ရယ်မောသလိုပြောတော့ နှောင်းကပြုံးလိုက်သည်။
ဘာကိုမှ ဂရုမစိုက်တဲ့နင်၊ လိုချင်တာကိုမရရအောင် ယူတတ်တဲ့နင်က ငါ့ဆီက မုန့်ဘူး အလွယ်တကူ ယူသလို ဘာဖြစ်လို့ စွမ်းကို ငါ့လက်ထဲက မယူရတာလဲ...
စိတ်ထဲရေရွတ်ရင်း အသက်မဲ့စွာ ကျူးကို ကြည့်နေမိသည်။
"နှောင်း... ဘာတွေစဉ်းစားနေတာလဲ..."
ကျူးက သူမပုခုံးလေးအယး လှုပ်ခတ်လိုက်တော့မှ အသိပြန်ဝင်လာခဲ့သည်။
"ဪ... ဘာမှမတွေးပါဘူး..."
"စွမ်းနဲ့ရော အဆင်ပြေလား... ငါ့သူငယ်ချင်းလေးကို စိတ်ချမ်းသာအောင် ထားရဲ့လား... မထားရင်ပြောနော် ငါကောင်းကောင်းဆုံးမပစ်မှာ..."
အရင်လောက် မာန်မပါပဲ နာကျင်မှုတို့ကို ဖုံးကွယ်၍ မေးလာသောသူမကို နှောင်း ပြုံးပြ၍....
"စိတ်ချမ်းသာအောင် ထားပါတယ်... တစ်ခါမှတော့ ရန်မဖြစ်ဖူးဘူး"
စကားပြောနေကြရင်း စွမ်း ထွက်လာတော့ ကျူးတို့စကားဝိုင်းလေး တိတ်ဆိတ်သွားသည်။ စွမ်း ကျူးကို လွမ်းမောဖွယ်ရာ မျက်ဝန်းတွေနှင့် တစ်ချက်ကြည့်လိုက်ပြီးတာနှင့် အကြည့်ပြန်လွှဲလိုက်သည်။
"ကို... ပြန်တော့မှာလား"
နှောင်းမေးလာတော့ ခေါင်းညိမ့်ပြရင်း....
"အင်း.... ပြန်တော့မယ်လေ"
ကျူး သူ့ကိုပြန်ကြည့်လိုက်ပြီး နှောင်းနှင့်အတူ မတ်တပ်ထလာခဲ့သည်။
"ပြန်ရင်လည်း ပြန်တော့လေနှောင်း.... နောက်ကျနေဦးမယ်"
"အင်း... ဆေးရုံဆင်းရင် အိမ်ကိုလာခဲ့မယ်နော် ကျူး"
"အင်းပါ... ကောင်းကောင်းပြန်ဦး။ စွမ်း... ကျူး သူငယ်ချင်းကို ဂရုစိုက်ခေါ်သွားဦးနော်..."
"စိတ်ချပါ..."
မကောင်းတတ်လို့ စွမ်းကို စကားလှမ်းပြောရပေမယ့် ကျောင်းတုန်းကလိုတော့ တက်ကြွမှုမရှိပေ။ ထွက်သွားသော သူတို့နှစ်ယောက်၏ ကျောပြင်လေးအားကြည့်ကာ ထိုထိုင်ခုံမှာပဲ အသက်မပါသည့် မျက်ဝန်းတွေဖြင့် ထိုင်ချမိလိုက်သည်။
------------- --------------
"မင်းနဲ့ကျူးက ရန်ကုန်အတူလာတာလား"
"ဒါပေါ့ကွ... သူ့အမေ ဆေးရုံတင်ထားရတယ်လို့လည်းသိရော မျက်နှာလေးကိုညှိုးလို့"
အာကာဟိန်းက ကော်ဖီခွက်ကိုင်ရင်း ကျူး၏ ပုံပန်းသဏ္ဍာန်လေးအား ပြောပြနေသည်။
"မင်းနော်... ကျူးအနား သိပ်မကပ်နဲ့ ငါမကြိုက်ဘူး"
ကော်ဖီတစ်ငုံသောက်ကာ ရုပ်တည်ကြီးနှင့် ပြောလာသော စွမ်းအား အာကာ ရယ်ကျဲကျဲနှင့် ကြည့်လိုက်သည်။
"အဖြစ်သည်းနေလိုက်တာ... မင်းနဲ့လက်ထပ်မယ့် ကောင်မလေးရှိနေတဲ့ဟာကို"
"ဒါတော့ ဒါပေါ့ကွ"
"သူ့အဖေက ငါ့ကို သူတို့အိမ်မှာ တည်းခိုင်းတာနော်... ငါမတည်းပဲ မင်းဆီလာတာ ကျေးဇူးတင်.... ဘာလဲ သူတို့အိမ်မှာပဲ သွားတည်းလိုက်ရမလား"
"ခွေးကောင်... မင်းနော်"
"အခုတော့ ငါ့ကို မင်းအနားကနေ ဘယ်မှ မသွားစေချင်ဘူးဆိုပါတော့... ဟား ဟား"
"ထွီး... ဒီကောင်တော့ ပြောလေကဲလေ... ငါက ငါ့နတ်သမီးလေးနဲ့ မင်းကိုမနီးစေချင်လို့ကွ..."
မျက်နှာအရှေ့တိုးပြီး စနောက်သော အာကာဟိန်းကို စွမ်း လက်ဖြင့် အသာတွန်းရင်း ပြောလိုက်သည်။
"အေးပါကွာ... ငါကနီးချင်ရင်တောင် သူက မနီးပါဘူး... မင်းကလည်း ကလောလာမယ့်လာ သုံးလေးရက်လောက် နေတာမဟုတ်ဘူး... တစ်ရက်ထဲကွာ"
"ဖြစ်နိုင်ရင် ဒီအခြေအနေတွေကြားမှာ အဲ့ဒီတစ်ရက်ကို ရပ်တန့်ထားချင်မိတယ်"
စွမ်းမျက်ဝန်းမှာ မှိုင်းညှို့ရီဝေလျက် အသက်မပါစွာ ငြိမ်သက်နေမိသည်။ အာကာဟိန်းက သူ့ကို စာနာသလိုကြည့်ရင်း ပုခုံးခပ်ဖွဖွပုတ်ကာ အားပေးနေသည့် အရိပ်အယောင်များကို တွေ့ရသည်။
------------- ------------
နောက်တစ်နေ့ ညနေခင်းမှာပဲ နှောင်းက သုံးယောက်ဆုံချင်သည်ဟုဆို၍ တစ်နေရာရာတွင် ချိန်းလိုက်သည်။ သုံးယောက်ထဲမှ နှောင်းက အရင်ရောက်နှင့်၍ ရေကန်ပြင်ကြီးကို မျက်နှာမူလျက် လက်ကလေးပိုက်ထားသည်။ ရင်ထဲမှာလည်း အမည်ဖော်မရတဲ့ ခံစားတချို့က နေရာယူကာ မိမိဘာသာ လိုလိုလားလားလေး ပြုံးလိုက်သည်။
ခဏအကြာ စွမ်းရောက်လာတော့ သူမဘေးနားရပ်ကာ တစ်ယောက်ကိုတစ်ယောက် ပြုံးပြ၍ ကျူးအလာကိုသာ ထပ်စောင့်နေကြသည်။
မိနစ်ပိုင်းလောက်မှာပဲ ကျူး ရောက်လာတော့ စွမ်းရော နှောင်းပါ သူမဘက်သို့ လှည့်လာခဲ့သည်။
"နှောင်းတို့သုံးယောက် ပြန်ဆုံပြီနော်..."
"ဒါပေါ့ နှောင်းရဲ့..."
ကျူးက ထောက်ခံသလိုလေး ပြန်ဖြေလိုက်သည်။
"ကိုရော မပျော်ဘူးလား"
"အင်း... ပျော်ပါတယ်"
"အခု နှောင်းပြောမယ့် စကားတွေကို သေချာနားထောင်ပေးပါနော်..."
စွမ်းနှင့်ကျူးက ခေါင်းညိမ့်ပြ၍ နှောင်းဆီမှ ထွက်လာမည့် စကားတွေကို စောင့်နေခဲ့သည်။
"နှောင်းဘက်က လက်ထပ်ပွဲကို ဖျက်သိမ်းပါရစေ"
"ဟင်!"
"ဘာ!"
အာမေဍိတ်အသံ တစ်ယောက်တစ်မျိုးဆီထွက်ကာ နှောင်းအား နားမလည်စွာ ကြည့်နေမိသည်။ သူမကတော့ တည်ငြိမ်သည့်အပြုံးလေးဖြင့်သာ နောက်ထပ်ပြောလာမည့် စကားတွေအတွက် အဆင်သင့်ရှိနေပုံပင်။
"နှောင်း.... ဘာလို့ လက်ထပ်ပွဲဖျက်မှာလဲ... စွမ်းနဲ့ ဘာဖြစ်ထားလို့လဲ..."
ကျူးက စိုးရိမ်သည့် မျက်ဝန်းတွေဖြင့် မေးလာတော့ နှောင်းက စွမ်း၏မျက်နှာကို စေ့စေ့ကြည့်လိုက်သည်။
"စွမ်း... စွမ်းကရော နှောင်းကို တကယ်လက်ထပ်ချင်လို့လား..."
"လက်ထပ်ဖို့ ဆုံးဖြတ်ထားလို့ပဲ ဒီအခြေအနေအထိ ရောက်လာရတာပေါ့..."
"ဆုံးဖြတ်ချက်ပဲ ရှိတာ... တကယ်လက်ထပ်ချင်စိတ် ရှိလို့လားစွမ်းရယ်"
မဆိုင်းမတွ မေးခွန်းပြန်ထုတ်လာသော စွမ်း ချွေးတွေပြန်ကာ စကားလုံးတွေက ချက်ချင်း ရှာမရခဲ့။
"ဘာဖြစ်နေတာလဲ နှောင်း..
ကို ဘာလုပ်မိလို့လဲ..."
နှောင်း ပင့်သက်လေးရှိုက်ရင်း လွယ်အိတ်ကြိုးကို ခပ်တင်းတင်း ဆုပ်ကိုင်ထားမိသည်။
"နှောင်း ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်... စွမ်းတကယ်ချစ်တဲ့သူက ကျူး မဟုတ်လား..."
ကျူးက မျက်လုံးလေးပြူးကာ စွမ်းကလည်း အံ့ဩမှင်သက်မှုများဖြင့်....
"ဟို.... နှောင်းရယ်... ကျူးကြောင့်နဲ့တော့ မင်္ဂလာပွဲကို အပျက်မခံပါနဲ့..."
ကျူးက ပျာပျာသလဲ ဝင်ပြောသလောက် စွမ်းကတော့ ငြိမ်သက်ကာ နှုတ်ဆိတ်နေခဲ့သည်။
နှောင်းက စီးကျလာသော ပါးပြင်ပေါ်က မျက်ရည်တွေကို သုတ်ဖယ်လျက် စိတ်ထဲပါပါပြုံးကာ ကျူး၏ လက်ဖဝါးလေးကိုကိုင်ကာ စွမ်း၏လက်ဖဝါးထဲသို့ ထပ်ပေးလိုက်တာကို နှစ်ယောက်သား အဓိပ္ပာယ်ပါသော မျက်ဝန်းတွေနှင့် ကြည့်နေခဲ့သည်။
"ငါနင်တို့နှစ်ယောက်လုံးကို မနာကျင်စေချင်ဘူး... ပြီးတော့ ငါ့အတွက်မဟုတ်တဲ့ အချစ်ကိုလည်း ငါမပိုင်ဆိုင်ချင်ဘူး... အချစ်မပါပဲ ပေါင်းသင်းနေရပြီး တကယ်ချစ်တဲ့ နင်တို့နှစ်ယောက် နာကျင်ခံစားရမှာ မလိုလားဘူး... ဒါကြောင့် ငါ လက်ထပ်ပွဲကို ဖျက်သိမ်းလိုက်တာ အဲ့ဒီကိစ္စကိုတော့ လူကြီးတွေကို ကြည့်ပြောလိုက်ပါမယ်... ငါ့ကိုအားလည်းမနာနဲ့... ငါ့ကိုတကယ်ခင်ရင် ငါပြောတာကို လက်ခံပေးပါ...."
မျက်ဝန်းတွေက ကျူးကိုကြည့်လိုက် စွမ်းကိုကြည့်လိုက်နှင့် စိတ်ထဲပါပါနှင့် ရင်ထဲက စကားတွေကို တသွင်သွင် ပြောနေမိသည်။
"နှောင်း.... ဒါပေမယ့်"
ကျူး တစ်ခုခုဆက်ပြောဖို့ ပြင်လိုက်တော့ နှောင်းက လက်ကာပြ၍...
"ဘာမှဆက်မပြောပါနဲ့တော့... ငါပြောတာကိုပဲ လက်ခံပေး ဟုတ်ပြီလား... စွမ်း... ကျူးကို ချစ်နေတဲ့ကြားက နှောင်းကိုနာကျင်အောင်မလုပ်ခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်.... နှောင်း နောက်အပတ်ထဲ နိုင်ငံခြား သွားတော့မှာ... အဲ့ဒါတစ်ခါတည်း နှုတ်ဆက်ခဲ့တယ်နော်... ပြန်လာရင် ပြန်ဆုံကြတာပေါ့..."
စွမ်းနှင့်ကျူးအား တစ်ယောက်လက်ကို တစ်ယောက်ကိုင်စေသည့် အနေအထားမျိုး လုပ်ပေးပြီး၍ လေးလံနေသော ခြေလှမ်းများဖြင့် ထိုလူသားနှစ်ဦးကို ကျောခိုင်း၍ ဖြေးဖြေးချင်း ထွက်ခွာသွားသည်။
ထွက်သွားသော သူမ၏ ကျောပြင်လေးအား တဖြေးဖြေး ပျောက်ကွယ်သွားသည်အထိ စာနာစွာကြည့်နေခဲ့ရင်း စွမ်းက ကျူး၏ ပုခုံးလေးကို ခပ်ဖွဖွလေး ဖက်လိုက်သည်။
နှောင်း သူတို့ရှေ့မှ ထွက်လာရင်း ကောင်းကင်ကြီကို မော့ကြည့်မိသည်။
ဆုပ်ကိုင်ထားတဲ့သူရော ဆုပ်ကိုင်ခံရတဲ့သူရော ဒဏ်ရာမတူတာပဲရှိတယ် နာကျင်ရတာအတူတူပဲ....
ကိုယ့်ကိုတကယ်မချစ်တဲ့သူကို ပိုင်ဆိုင်ရပြီး နှောင်း မနာကျင်ချင်ဘူး။ ပြီးတော့ ကျူးကနှောင်းရဲ့ အသက်ကိုတောင် ကယ်ခဲ့ပေးထားတာပဲ နှောင်းရဲ့နှလုံးသားကိုတော့ လိုလိုလားလား ပေးရဲပါတယ်....။
နောက်တစ်ပတ်အကြာ စွမ်းနှင့်ကျူးကိုရော မြန်မာပြည်ကြီးကိုပါ နှုတ်ဆက်၍ ရေမြေခြားသို့ ထွက်ခွာသွားခဲ့သည်။
****ပြီးပါပြီ****
ကျေးဇူးတင်လျက်......
မြူအလင်္ကာ