💕အကြင်နာဒိုင်ယာရီ💕
အပိုင်း(၁၈)
"စွမ်း... မင်းအဲ့ဒီလို မဖြစ်သင့်ဘူးနော်..."
စီးကရက်ဖွာရင်း မျက်နှာချင်းဆိုင်မှာ ထိုင်နေသည့် စိုးပိုင်က ပြောလာသည်။ စွမ်း ဆံပင်တွေကို လက်ဖြင့်ထိုးဖွ၍ သက်ပြင်းချလိုက်ရင်း.....
"ငါသိပါတယ်ကွာ... ငါ့စိတ်ကိုက ဖြစ်နေတာ"
"မင်းက နှောင်းကို ရွေးချယ်ထားပြီးပြီလေ... ပြီးတော့ နှောင်းကလဲမင်းကို သံယောဇဉ် ရှိရှာတယ်ကွ..."
"နှောင်းကိုလည်း ငါနားလည်ပါတယ်... ငါ့စိတ်ထဲ ကျူး ရှိမှန်းသိသိချင်း ကျူးနဲ့ပဲ ဖြတ်သန်းဖို့ ဆန္ဒရှိပေမယ့် ငါ နှောင်းအတွက် ကြည့်မှာပါ..."
"မင်းဆိုလိုတာက...."
"နှောင်းကို ပစ်မထားခဲ့ပါဘူး... ကျူးကို ချစ်တာက ချစ်တာပေါ့...."
"မင်းမှန်တယ် စွမ်း.... ငါကတော့ မင်းဘဝလက်တွဲဖော်က နှောင်းကိုပဲ ဖြစ်စေချင်တယ်...."
စိုးပိုင်က ထောက်ခံသလို ပြောလာတော့ စွမ်း လေပူတစ်ချက်မှုတ်ထုတ်ရင်း စီးကရက်ကို ပြန်ချလိုက်သည်။
"ကျူးကိုငါ ဒီအတိုင်းလေးတော့ ချစ်ခွင့်ရှိတယ်မလား... ငါ့အချစ်ကြောင့် နှောင်းကိုလည်း မထိခိုက်စေရပါဘူး... နှောင်းကိုငါ လက်ထပ်မှာပါ"
စွမ်းအဖြစ်ကို သနားရမလိုလို၊ အားပေးရမလိုလိုနှင့် စိုးပိုင် သက်ပြင်းချ၍ သူ့ကိုသာ ကြည့်နေမိသည်။
"ငါ ကျူးကို ရှာချင်သေးတယ်..."
"ဘယ်လို... မင်းက ကျူးကိုရှာပြီး ဘာလုပ်မလို့လဲ"
စိုးပိုင် နားမလည်စွာ မေးလာတော့ စွမ်း ပြုံးရုံသာ ပြုံးလိုက်သည်။
"သူ့ကို ငါ့စိတ်ဆန္ဒအရ တွေ့ချင်ရုံသက်သက်ပဲ.... တခြားပိုင်ဆိုင်လိုစိတ်တွေကြောင့် မဟုတ်ဘူးပေါ့ကွာ...."
"ကျူး ဘယ်သွားမှန်းမသိပဲ ရှာဖို့က လွယ်လို့လား"
"ကံတရားပေါ့ စိုးပိုင်ရာ... ဒီတိုင်းနေနေတာထက်ဆိုင်ရင် ငါ တတ်နိုင်သမျှ ရှာချင်တယ်... လက်မထက်ခင်မှာ ဒီလောက်လေးတော့ ငါ့စိတ်အလိုကို လိုက်ခွင့်ရှိတယ် မဟုတ်လား"
မှိုင်းညှို့ရီဝေတဲ့ မျက်ဝန်းတွေနှင့် ပြောလာခဲ့ရင်း အဝေးတစ်နေရာသို့ မျက်နှာလွှဲထားလိုက်မိသည်။ စွမ်း၏ စိတ်ကို စာနာသောအားဖြင့် စိုးပိုင် ခေါင်းတညိမ့်ညိမ့်နှင့် လက်ခံသည့် အရိပ်အယောင်အား ပြလေသည်။
------------- --------------
ကျူး လက်ထဲမှာ အထုပ်ပေါင်းများစွာနှင့် လျှောက်လာစဉ် ကားအမြင့်တစ်စီးက သူမအရှေ့သို့ ထိုးရပ်လိုက်တော့ ခြေလှမ်းတွေ နှေးသွားကာ ထိုကားကို လှမ်းကြည့်လိုက်မိသည်။
"ကျူး..."
မောင်းသူနေရာမှ အာကာဟိန်းက ရင်းနှီးဖော်ရွေစွာ သူမ နာမည်လေးအား လှမ်းခေါ်လိုက်သည်။
"ကိုအာကာဟိန်းပါလား..."
"အိမ်ပြန်မလို့လား ကျူး"
"ဟုတ်တယ်..."
"ကျွန်တော်လည်း အိမ်ပြန်မှာဆိုတော့ လမ်းလည်းကြုံနေတာပဲ... တစ်ခါတည်းလိုက်ခဲ့လေ...."
"နေပါစေ.... ရပါတယ်၊ ကျူးဘာသာပဲ ပြန်လိုက်ပါ့မယ်"
အားနာသလိုပြောလာတဲ့ ကျူးကို အာကာဟိန်းက ပြုံး၍....
"မဟုတ်တာ... လာပါဗျာ... တစ်ခါတည်းလိုက်ခဲ့လိုက်ပါ"
ဆက်ငြင်း၍ မကောင်းတော့သည်မို့ အားနာနာနှင့် တစ်ဖက်သို့သွားကာ အာကာဟိန်း တံခါးဖွင့်ပေးထားသည့်နေရာသို့ တက်လိုက်ပါသည်။ ထိုနေရာမှ မောင်းထွက်သွားပြီး ခဏအကြာ ဘေးတိုက်မြင်နေရသော ကျူးအား တစ်ချက်ကြည့်လိုက်သည်။
"ဈေးဝယ်ပြီး ပြန်လာတာလား"
"ဟုတ်တယ် ကိုအာကာဟိန်းရဲ့... ဝယ်နေကျမဟုတ်လို့လား မသိပါဘူး ခေါင်းတွေမူးနောက်နေတာပဲ..."
"ဟို... ကျူး သွားချင်တဲ့နေရာတွေရှိရင် ကျွန်တော့်ကိုပြောလေ.... ကျွန်တော်လိုက်ပို့ပေးပါ့မယ်.... ကျွန်တော်က ဒီဒေသခံ မဟုတ်ပေမယ့် ဒီကိုမကြာခဏရောက်ဖြစ်တော့ လမ်းတွေ ကျွမ်းပါတယ်ဗျ"
"ဟုတ်ကဲ့ပါ.... ကျေးဇူးတင်ပါတယ်ရှင်...."
လက်ထဲက အထုပ်တွေကို ကျစ်ကျစ်ကိုင်ထားရင်း အာကာဟိန်းကို အလိုက်သင့်လေး ပြန်ပြုံးပြလိုက်သည်။
ကျူး၏ခြံရှေ့မှာ ကားကိုရပ်ပေးလိုက်တော့ ကျေးဇူးတင်စကားပြော၍ ဆင်းသွားသော သူမကို ငေးကြည့်နေမိသေးသည်။ အိမ်ထဲဝင်သွားတော့မှသာ အကြည့်ကို လွှဲဖယ်၍ မယုတို့ခြံထဲ ဝင်ခဲ့သည်။
------------- ------------
"ဘယ်လို... ကိုက တောင်ကြီးသွားရမယ် ဟုတ်လား..."
"ဟုတ်တယ် နှောင်းရဲ့... ဖေဖေနဲ့ မတွေ့တာလည်းကြာလို့ ခဏသွားချင်လို့လေ"
"ကြာမှာလား..."
မျက်နှာလေးညှိုးကာ နှုတ်ခမ်းလေးစူပြီး ပြောလိုက်တော့ စွမ်းက သူမ ပါးနှစ်ဖက်လေးကို ညင်သာစွာ ညှစ်လိုက်သည်။
"ကြာတော့မကြာပါဘူး.... တစ်ပတ်လောက်ပါပဲ... ကို ပြန်လာရင် မင်္ဂလာကိစ္စ စီစဉ်ကြတာပေါ့.... နော်"
သူမပါးပြင်ပေါ်က စွမ်း၏လက်တစ်ဖက်ကို ဆုပ်ကိုင်ကာ သူ့ကိုမော့ကြည့်၍ ပြုံးပြလိုက်သည်။
"အင်းပါ... မြန်မြန်တော့ ပြန်လာနော်"
"စိတ်ချပါ.... ကို ပြန်လာရင် ဟော့ဒီက နှောင်းလေးနဲ့ အမြန်ဆုံးလက်ထပ်မယ် ဟုတ်ပြီလား"
"ပြီးရော...."
နှောင်းမျက်နှာလေး ပီပီပြင်ပြင် ပြုံးလာ၍ သူမခန္ဓာကိုယ်လေးကို ရင်ခွင်ထဲ ထွေးပွေ့လိုက်၍ ကောင်းကင်ကြီးကို မော့ကြည့်ကာ ပင့်သက်ရှိုက်လိုက်သည်။
သူ့ဆန္ဒအရ ကျူးကို ရှာချင်သေးပေမယ့် နှောင်းကို တကယ်ပဲ ပျော်ရွှင်စေချင်သည်။ သူ့ကြောင့် နှောင်းထိခိုက်မည်ကိုလည်း မလိုလားမိတာအမှန်...
------------- -----------
ခပ်ဟဟပွင့်နေသော မေမေ့အခန်းတံခါးအနား တိုးလာရင်း ညင်သာစွာဖွင့်လိုက်တော့ ကုတင်ပေါ်တွင် လက်ဝတ်ရတနာတွေ ထုတ်ကြည့်နေသော မေမေက ကြိုဆိုလိုက်ပါသည်။
"လာလေ သား..."
မေမေက လက်ဝတ်ရတနာဘူးကို ပိတ်၍ ဘေးနားထားတာ ခြေဆင်းထိုင်လိုက်သည်။ တစ်ခုခု တောင်းဆိုဟန်ရှိသည့် စွမ်းက မေမေ့ဘေး ဝင်ထိုင်ရင်း....
"မေမေ... သား ပြောစရာရှိလို့..."
"ပြောလေ သား....ဒီရက်ပိုင်း သားကိုကြည့်ရတာ တစ်ခုခုဖြစ်နေသလိုပဲ"
စွမ်းက မျက်နှာလွှဲ၍ ခေါင်းငုံ့ထား၍ စကားလုံးတွေရှာမရ....
"နှောင်းနဲ့တစ်ခုခု ဖြစ်လို့လား..."
"မဟုတ်ပါဘူး... နှောင်းနဲ့ အဆင်ပြေပါတယ်...."
"ဒါဆို... ဘာဖြစ်နေတာလဲ... မေမေ့ကို အမှန်တိုင်းပြော"
စွမ်း တွေဝေနေရင်း မေမေ့ကို ပြောပြဖို့ အားယူနေခဲ့သည်။ မေမေက စွမ်းမျက်ဝန်းတွေကို ကြည့်၍ ပြောလာမည့်စကားကို စောင့်ဆိုင်းနေဆဲ....
"သားတကယ်ချစ်တဲ့သူက နှောင်း မဟုတ်ဘူး မေမေ..."
"ဘာ..."
မေမေက ပါဝါထူမျက်မှန်ကို ချွတ်၍ စွမ်းကို ဖျက်ခနဲကြည့်လိုက်သည်။
"ဘာပြောလိုက်တယ် သား... မကြာခင်ပဲ နှောင်းနဲ့လက်ထပ်တော့မယ်လေ"
"ဟုတ်ပါတယ်မေမေ... သားလဲ အဲ့ဒီလို ဘယ်ဖြစ်ချင်ပါ့မလဲ... ဒါပေမယ့် သားရဲ့ နှလုံးသားကိုက သူ့ဆီမှာ မရှိဘူး... မေမေ့ကို အပွင့်လင်းဆုံး ပြောပြတာပါ"
မေမေ့မျက်နှာ ခပ်တင်းတင်းဖြင့် သားကို နားမလည်စွာ ကြည့်လိုက်မိသည်။
"ပြောစမ်းပါဦး... မင်းချစ်နေတာ ဘယ်သူလဲ..."
သူမနာမည်လေးကို ပြောဖို့ စွမ်းမနည်းကြိုးစားရင်း...
"ကျူးရင့်မေ ပါ..."
"ဘာ.... ကျူးရင့်မေ ဟုတ်လား...."
စောစောကထက် မေမေ့မျက်နှာ ပို၍ တင်းမာသွားခဲ့ရကာ စွမ်းကို စေ့စေ့ကြည့်လိုက်သည်။
"မင်းကို နှောင်းနဲ့လွှဲပြီး ဘယ်သူနဲ့မှ သဘောမတူဘူးလို့ ပြောထားတယ်လေ... အထူးသဖြင့် ကျူးရင့်မေနဲ့ ပိုပြီး သဘောမတူဘူး.... မင်းစွမ်းရည် ငါ့ကိုမျက်နှာပျက်အောင် လုပ်ဖို့မစဉ်းစားနဲ့.... မင်း နှောင်းကိုပဲ ချစ်ရမယ်"
"နှလုံးသားကို အဲ့ဒီလို စေခိုင်းလို့မှ မရတာ မေမေရာ..."
"နှောင်းနဲ့ သဘောတူတာ မှန်ပေမယ့် တကယ်တမ်း ရွေးချယ်ခဲ့တာ မင်းစိတ်နဲ့ မင်း နော်... အို... မင်းဘာသာ ဘယ်သူ့ကိုပဲချစ်ချစ် နှောင်းနဲ့ပဲ လက်ထပ်ရမယ်"
"သားနားလည်ပါတယ်... မေမေ... သား နှောင်းကိုပဲ လက်ထပ်မှာပါ ဒါပေမယ့် သားဆန္ဒတစ်ခုကိုတော့ လိုက်လျောပေးပါ"
တောင်းဆိုလာသည့် စွမ်း၏မျက်နှာကို 'ပြော' ဆိုသည့်သဘောဖြင့် ကြည့်လိုက်သည်။
"နှောင်းနဲ့လက်မထပ်ခင် ကျူးရှိတဲ့နေရာကို ခဏ သွားခွင့်ပေးပါ"
"မင်းဘာသွားလုပ်မှာလဲ... နှောင်မျက်နှာကိုထောက်ပါဦး..."
မေမေ့သားရဲ့ နှလုံးသားကိုရော မငဲ့ညှာပေးတော့ဘူးလား...
မပြောဖြစ်ပဲ စိတ်ထဲ၌သာ မြိုသိပ်ရင်း....
"နှောင်းမျက်နှာကို ထောက်လို့ နှောင်းကိုပဲ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ... ကျူး ရှိတဲ့နေရာ သွားချင်တယ်ဆိုတာလည်း တွေ့ချင်ရုံသက်သက်ပါ... စိတ်ချပါမေမေ... ကျူးကိုတွေ့ခဲ့ရင်တောင် သား နှောင်းကိုပဲ လက်ထပ်ပါ့မယ်... သားရဲ့ဆန္ဒကိုတော့ မေမေလိုက်လျောပေးပါ"
နှောင်းကိုလက်ထပ်မည် ဟူသော စကားကြောင့် မေမေစိတ်အနည်းငယ်လျှော့ကာ ခက်ထန်သည့်မျက်ဝန်းတွေ ပြေလျော့သွားခဲ့သည်။
"ကောင်းပြီလေ... မင်းစကားတည်ရင် ပြီးတာပဲ..."
မေမေလက်ခံတော့ စွမ်းပြုံးကာ မျက်နှာ လင်းလက်လာခဲ့၍ မေမေ့လက်မောင်းကို ဖွဖွကိုင်ကာ...
"ကျေးဇူးတင်ပါတယ် မေမေ... နှောင်းကို တောင်ကြီးသွားမယ်လို့ ပြောထားတာ... မေမေ့ကို မေးလာရင် ကြည့်ဖြေပေးပါနော်"
မေမေသက်ပြင်းချ၍ ခေါင်းကိုသာ ညိမ့်ပြလိုက်သည်။
စွမ်း မေမေ့အခန်းထဲက ထွက်လာတော့ စိတ်တွေ အရင်လောက် မလေးလံတော့ပေမယ့် တကယ်တမ်း ကျူးကိုလိုက်ရှာဖို့ ဘယ်ကို အရင် စသွားရမည် မသိ။ သွားရှာပေမယ့် မတွေ့ပဲ ပြန်လာရတာမျိုး ဖြစ်နိုင်သည်ကို တွေး၍လည်း ပူပန်မိသေးသည်။
ခဏအကြာ စားပွဲပေါ်မှ ဖုန်းကို ကောက်ယူလိုက်ပြီး သူငယ်ချင်းတစ်ယောက်ထံ ဆက်ဖို့ ပြင်လိုက်၏။ Contact မှာ မှတ်ထားသည့် နာမည်က....
"အာကာဟိန်း...."
------------- ------------
ဖုန်း Ringtone မြည်သံကြောင့် အာကာဟိန်း နိုးလာကာ မျက်မှောင်ကြုတ်၍ ကမန်းကတန်း ကိုင်လိုက်သည်။
"ဟယ်လို... "
"ဟယ်လို.... အာကာ.... ငါ စွမ်းပါ..."
"အေ့... စွမ်း... ပြော"
"ငါ တောင်ကြီးလာမလို့... အဲ့ရောက်ရင် ငါ့အဖေအိမ်မှာ မတည်းချင်လို့ မင်းဆီပဲ လာခဲ့မယ်..."
အာကာဟိန်း မျက်စိတွေကို ပွတ်၍ ထထိုင်လိုက်သည်။
"ငါ တောင်ကြီးမှာ မဟုတ်ဘူး စွမ်းရ.... ငါ့အစ်ကိုရှိတဲ့ ကလောကို ခဏရောက်နေတာ..."
"မင်းကလည်းကွာ... "
"တောင်ကြီးကို ပြန်လာတော့မလို့လား မင်းက"
"တောင်ကြီးရယ်လို့လည်း သီးသန့်မဟုတ်ဘူးပေါ့ကွာ... ရောက်တတ်ရာရာ ခရီးထွက်မလို့..."
"ဒါဆိုလည်း ကလောကို လာခဲ့လိုက်လေကွာ... ပြီးမှ ငါနဲ့အတူ တောင်ကြီးသွားကြတာပေါ့...."
"အဲ့ဒီလိုလည်း မဆိုးပါဘူး... ကလောမှာ မင်းက မင်းအစ်ကိုအိမ်မှာ တည်းတာဆိုတော့ ငါတော့ Hotel မှာပဲ တည်းလိုက်တော့မယ် အားနာလို့..."
"မင်းသဘောပါကွာ...."
"ဒါဆို ကလောရောက်ရင် ငါ ဖုန်းဆက်လိုက်မယ်နော်..."
"အေးပါကွာ...ငါစောင့်နေမယ်...."
အာကာဟိန်း ဖုန်းချပြီး၍ ပြတင်းပေါက်မှ ကျူး၏ အိမ်ကို လှမ်းကြည့်တော့ ကျူးကို အရိပ်အယောင်မျှ မတွေ့ရပေမယ့် ခပ်သဲ့သဲ့လေး ပြုံးလိုက်မိသည်။
--------------- --------------
နှစ်ရက်လောက်အကြာ စွမ်း ကလောကို ရောက်လာခဲ့သည်။ ကိုယ့်ကားနှင့်ကို မဟုတ်ပဲ Express နှင့်သာ လာသည်မို့ အာကာဟိန်းကို ဖုန်းဆက်ခေါ်ရသည်။
နာရီဝက်အကြာ အာကာဟိန်းရောက်လာ၍ ကားပေါ်မှ ဆင်းခဲ့သည်။ ဘေးမှ ယွန်းလေးကလည်း သူ့လက်ကိုဆွဲ၍ ပါလာခဲ့ရသည်။
"မတွေ့တာကြာလို့ ငါ့ကောင်က ပိုခန့်လာတယ်နော်..."
အာကာဟိန်းက မြှောက်ပြောလိုက်တော့ သူ့ပုခုံးကို စွမ်းကဖက်ရင်း ရယ်သာရယ်လိုက်သည်။
"မင်းလည်းဘာထူးလဲကွာ... ဒါနဲ့ ဒီကလေးက "
"ဒါက.... ငါ့တူမလေးလေ... လိုက်ချင်တယ်လို့ အတင်းပူဆာနေလို့ ခေါ်ခဲ့လိုက်တာ... ငါ့တူမလေးကို ပြန်ပို့ရင်း အိမ်မှာမနက်စာ စားပြီးမှ မင်းကို Hotel လိုက်ပို့ပေးမယ်.... အိမ်မှာ ငါ့မရီးကလည်း မနက်စာတွေ လုပ်ထားတယ်"
"အားနာစရာကြီး...."
"အားနာဖို့မလိုပါဘူးကွာ... ကဲ လာ... သွားမယ်...."
အာကာဟိန်းက စွမ်း၏ လက်ဂေ့ခ်ျကို ယူပြီး ကားပေါ်တင်ပေးလိုက်သည်။ ယွန်းလေးက နောက်ခန်းမှာထိုင်လျက် သူတို့နှစ်ဦး ရှေ့ခန်းတွင် နေရာယူလိုက်သည်။
ခြံရှေ့ရောက်တော့ ကားပေါ်မှ ဆင်းလိုက်ရင်း အေးစိမ့်စိမ့် ဖြစ်နေသော ကလော၏ မနက်ခင်းအရသာကို အပြည့်ဝ ခံစားရသည်။ လှမ်းမြင်နေရသော တောင်တန်းတွေနှင့် သဘာဝရှုခင်းတွေကြောင့် စိတ်တွေ လန်းဆန်းပေါ့ပါးသွားသယောင်....
မနက်စာ မစားခင် ခြံထဲသို့ လမ်းလျှောက်ရင်း မျက်နှာချင်းဆိုင်တွင်ရှိသော ချစ်စရာအိမ်လေးကို လှမ်းကြည့်၍ သဘောကျမိသေးသည်။ ခြံဝန်းထဲမှာလည်း စိုက်ထားတာ မကြာသေးတဲ့ ပန်းလေးတွေနေရာယူထားပုံကို ကြည့်၍လည်း စိတ်အေးချမ်းရသည်။
တရဆက်တည်း နောက်ကျောပေး၍ ဆံပင်ခါးလောက်ရှိသော အမျိုးသမီးလေး ထိုပန်းလေးတွေကို ရေလောင်းနေတာမြင်တော့ တစ်စုံတစ်ယောက်များလားဟု စိတ်ထဲ ထင်မှတ်သွားရရင်း.....
အပိုင်း၁၉မျှော်>>>>>
ကျေးဇူးတင်လျက်......
မြူအလင်္ကာ