တာအိုခဲတံ ( အပူအပင်မဲ့ အင်မော...

By Azure5549

50.8K 4K 183

edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 126
Ch 8 - 14
Book 11 Ch 1 - 7
8 - 14
Book 12 Ch 1 -7
8 - 14
Book 13 Ch 1 - 7
8 - 14
Book 14 Ch 1 - 7
8 - 14
Book 15 Ch 1 - 7
8 - 14
Book 16 Ch 1 - 7
8 - 14
Book 17 Ch 1 - 7
8 - 14
Book 18 Ch 1 - 7
8 - 14
Book 19 Ch 1 - 7
8 - 14
Book 20 Ch 1 - 7
8 - 14
Book 21 Ch 1 - 7
8 - 14
Book 22 Ch 1 - 7
8 - 14
Book 23 Ch 1 - 7
8 - 14
Book 24 Ch 1 - 7
8 - 14
Book 25 Ch 1 - 7
8 - 14
Book 26 Ch 1 - 7
8 - 14
Book 27 Ch 1 - 7
8 - 14
Book 28 Ch 1 - 7
8 - 14
Book 29 Ch 1 - 7
8 - 14
Book 30 Ch 1 - 7
8 - 14
Book 31 Ch 1 - 7
8 - 14 ( end )

Book 10 ( Ch 1 - 7 )

844 61 3
By Azure5549

#အပူအပင်မဲ့အင်မော်တယ်
Book 10
Chapter 1
ငါ့ကိုယ်ထဲ ဝင်နေလိုက်ပါတော့ကွယ်

ငါ့နာမည်က လေးလောင်ပါ။ နှစ်ပေါင်း ၃၆၇ နှစ် သက်တမ်း ရှိနေပါပြီ။ ကီလိုမီတာ တစ်ထောင်အတွင်းမှာ ငါဟာ အစွမ်းအထက်ဆုံး မိစ္ဆာသားရဲကြီးပါပဲ။ ငါက အလွန်အစွမ်းထက်တာကြောင့်လည်း တခြား မိစ္ဆာသားရဲတွေ အားလုံး ငါ့ကို လေးစားရိုသေခဲ့ကြရတယ်။

လေပြည်ညင်းဟာ ငါ့ရဲ့ သားမွေးတွေကို ပွတ်သပ်ကျီစယ်နေတယ်။ ဘာဖြစ်လို့လဲ သိလား။ သူက ငါ့ရဲ့ လှပမှုကို မနာလိုတဲ့ အတွက်ကြောင့်ပေါ့။

ဒီနေ့ နေမင်းဟာ တောက်ပလွန်းတယ်။ ကောင်းကင်အထက်မှာ တိမ်တိုက်ကင်းစင်နေတယ်။ အဆင့်တက်ဖို့အတွက် နေ့ကောင်းရက်မြတ် တစ်ရက်ပါပဲ။ ဟုတ်သားပဲ။ နှစ်ပေါင်း ၃၆၇ နှစ်လောက် ကျင့်ကြံအားထုတ်ပြီး နောက်ဆုံးတော့ ငါဟာ မြေကမ္ဘာ သူတော်စင်တစ်ဦး ဖြစ်လာတော့မယ်။

ဟား ဟား.. အဲဒီအချိန်ကျရင်တော့ မိစ္ဆာသားရဲ အမတွေနဲ့ မိတ်လိုက်ဖို့ ခွင့်ပြုချက် ရှိသွားပြီ။ မိစ္ဆာသားရဲ ဘ၀ရဲ့ အထွတ်အထိပ် အဆင့်ကို ငါရောက်ရှိတော့မယ်။

စဉ်းစားရင်း လေးလောင်တစ်ယောက် အဆင့်တက်ဖို့ နေရာရှာဖွေနေခဲ့ပါတယ်။

ဒီအချိန်မှာပဲ လူရိပ်နှစ်ခုကို သူ့ရဲ့ ဝိညာဉ်အာရုံထဲ မြင်တွေ့လိုက်ရပါပြီ။

“အင်း.. လူသားတွေ ဘာဖြစ်လို့ ဒီနေရာကို ရောက်လာခဲ့တာလဲ”

လေးလောင်လည်း ကိုယ်ကို ဆန့်လိုက်ပါပြီ။ သူ့မျက်နှာအထက် စိတ်ပျက်ရွံရှာမှု ပြည့်နေခဲ့ပါတယ်။

လူသားတွေကို သူသဘောမကျပါဘူး။ လူသားတွေဟာ သူ့အမြင်မှာတော့ အဆင့်နိမ့် သားရဲတွေပါ။ ဒါကြောင့်လည်း သူဟာ မူလတာအို သူတော်စင် အဆင့်ကို ရောက်နေခဲ့ပေမဲ့ ဘယ်တုန်းကမှ အသွင်ပြောင်းဖို့ မကြိုးစားခဲ့ပါဘူး။

“ဟမ့်.. ဘယ်သူက ဂရုစိုက်မှာလဲ။ မင်းတို့လည်း ဒီကိုမှ ရောက်လာတယ်ဆိုတော့ ငါဗိုက်ဖြည့်ရတော့မှာပေါ့”

လေးလောင် ကျေနပ်စွာ ပြုံးလိုက်ပါပြီ။

ဒီနေရာက မိစ္ဆာသားရဲ တောင်တန်းကြီးရဲ့ အလယ်ပိုင်း ဒေသလို့ ဆိုနိုင်ပါတယ်။ လူနည်းစုလောက်သာ ဒီကို လာရောက်ဝံ့တာပါ။ ဒီနှစ်ယောက်က ရူးနေလို့ ရောက်လာတာ ဖြစ်နိုင်ပါတယ်။

“ဂရား”

လေးလောင်တစ်ယောက် မလှုပ်ရှားနိုင်ခင်မှာပဲ သတ်ဖြတ်လိုစိတ်တွေ ပြည့်နှက်နေတဲ့ ခေါင်းသုံးလုံး ခွေးကြီးဟာ လူသားနှစ်ဦးရဲ့ လမ်းကြောင်းကို ချက်ချင်း ပိတ်ဆို့လိုက်ပါတော့တယ်။

“တောက်.. အဲဒီ နံဟောင်နေတဲ့ ခွေးစုတ်ပဲလား”

လေးလောင်လည်း ဒီစကားကြောင့် မှင်သက်သွားပြီး အံကို ကြိတ်လိုက်ပါပြီ။

သူဟာ ကီလိုမီတာ ငါးရာအတွင်း အစွမ်းအထက်ဆုံး မိစ္ဆာသားရဲလို့ ဆိုနိုင်ပေမဲ့လည်း သူ့ရဲ့ ပိုင်နက်အတွင်း တခြား မိစ္ဆာသားရဲတွေ လာရောက်မစိန်ခေါ်ဝံ့တာမျိုးတော့ မဟုတ်သေးပါဘူး။ ဥပမာ ပြောရရင် ဒီခေါင်းသုံးလုံး ခွေးကြီးဟာ မကြာမကြာ သူ့ကို လာရောက်တိုက်ခိုက်ခဲ့ပါတယ်။

လေးလောင်ဟာ အမြဲတမ်း အနိုင်ရခဲ့ပေမဲ့လည်း သူ့ကို ဘယ်တုန်းကမှ သေအောင် မသတ်နိုင်ခဲ့ပါဘူး။ ပြောရရင် ခေါင်းသုံးလုံး ခွေးကြီးဟာ မူလတာအို သူတော်စင်အဆင့်မှာကို အလွန်မြန်ဆန်တဲ့ မိစ္ဆာသားရဲမျိုးနွယ် ဖြစ်နေခဲ့ပါတယ်။

“ငါအဆင့်တက်ပြီး နောက်မှာ… မင်းကို ငါ့အတွက် ဆုလာဘ်အဖြစ် စားသောက်ပေးရမှာပေါ့”

လေးလောင်လည်း နှုတ်ခမ်းကို လျှာနဲ့ သပ်လိုက်ပြီး လှည့်ထွက်ဖို့ ဟန်ပြင်လိုက်ပါပြီ။ ဒီအချိန်မှာပဲ သူ့ရဲ့ ဝိညာဉ်အာရုံထဲမှာ ခေါင်းသုံးလုံး ခွေးကြီး ပေါက်ကွဲသွားတာကို မြင်တွေ့ခဲ့ရပါတယ်။

ခေါင်းသုံးလုံး ခွေးကြီး ဒီလိုနဲ့ ပေါက်ကွဲသေဆုံးသွားပြီလား။

ဒီလိုနဲ့ ပြီးဆုံးသွားပြီလား။

“???”

ဘာတွေ ဖြစ်ကုန်တာလဲ။

လေးလောင် မှင်သက်တုန်လှုပ်သွားခဲ့ပါပြီ။ ခေါင်းသုံးလုံး ခွေးကြီးဟာ သူ့ကို နှစ်ပေါင်း တစ်ရာကျော်လောက် လာရောက်စိန်ခေါ် တိုက်ခိုက်နေခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ဒီလိုနဲ့ သေဆုံးသွားပြီလား။

လေးလောင်လည်း ဝိညာဉ်အာရုံနဲ့ ခေါင်းသုံးလုံးခွေးကြီးရဲ့ ခန္ဓာကိုယ် အပိုင်အစတွေကို အထပ်ထပ် အခါခါ စစ်ဆေးကြည့်ခဲ့ပါတယ်။ အကြိမ်ကြိမ် စစ်ဆေးပြီး နောက်မှာတော့ သူငေးငိုင်တွေဝေ သွားခဲ့ပါပြီ။

သူ့ရဲ့ ဝိညာဉ် အာရုံကို မရုတ်သိမ်းခဲ့တာကြောင့် လူသားနှစ်ဦးဟာ သူရှိရာ အရပ်ကို လှမ်းကြည့်လာခဲ့ပါတော့တယ်။

ချက်ချင်းဆိုသလိုပဲ လေးလောင်တစ်ယောက် ရေခဲလှိုဏ်ဂူထဲ ပြုတ်ကျသွားသလို ခံစားလိုက်ရပါပြီ။ သူ့တစ်ကိုယ်လုံး တုန်လှုပ်လာပါတော့တယ်။

သူတို့တွေက ခေါင်းသုံးလုံး ခွေးကြီးကို ဒီလို သတ်လိုက်နိုင်မှတော့ လေးလောင်ကိုလည်း သတ်နိုင်နေပြီ မဟုတ်လား။

အရမ်းကို ကြောက်စရာ ကောင်းလွန်းလှပါတယ်။

လေးလောင်တစ်ယောက် အကြောက်နွံကနေ ရုန်းမထွက်နိုင်ခင်မှာပဲ လူသားနှစ်ဦးဟာ နေရာမှာ ရပ်နေရာကနေ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့ပြီး လေးလောင်အရှေ့ ပြန်ပေါ်ထွက်လာခဲ့ပါပြီ။

“ဆရာ… ဒီတစ်ကောင်က တော်တော်လေး အရသာ ရှိမယ် ထင်တယ်”

ချင်းကျူဦးခေါင်း အထက် လဲလျောင်းနေတဲ့ ယန့်ရှီက လေးလောင်ကို ညွှန်ပြပြီး ပြောလိုက်ပါပြီ။

“အေး.. ငါလည်း ထင်မိတယ်”

ချင်းကျူလည်း တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်ပါတော့တယ်။

ချင်းကျူ တစ်ယောက် လက်သီးကို မြှောက်လိုက်ချိန်မှာ လေးလောင် ရုတ်ချည်း အသိပြန်ဝင်သွားခဲ့ပါပြီ။ သူ့ရဲ့ ခြေထောက် လေးဖက်လုံး မြေကြီးပေါ် ဒူးထောက်ကျသွားပါတော့တယ်။ သူမျက်ရည်ဖြိုင်ဖြိုင်ကျရင်း အော်ငိုပြီး ပြောလိုက်ပါပြီ။

“ကျွန်တော့်ကို မသတ်ပါနဲ့။ မသတ်ပါနဲ့။ ကျွန်တော့်မှာ မိဘနဲ့ ကလေးတွေ ရှိပါတယ်။ ပြီးတော့ လူသားတွေကို ကျွန်တော်က အရမ်းချစ်ခင်သူပါ။ ကျွန်တော်က အသင်တို့ရဲ့ မိတ်ဆွေကောင်း ဖြစ်နိုင်ပါတယ်”

ချင်းကျူ
“…”

ပကျူး ပကျူး ပကျူး
ငှက်တစ်ကောင် ဖြတ်ပျံသွား။

ဒီတစ်ကောင်က တကယ်ပဲ မိစ္ဆာသားရဲကော ဟုတ်လို့လား။

ဘာဖြစ်လို့ ဒီလောက်တောင်မှ တောင်းပန်တိုးလျှိုးတတ်နေတာလဲ။

ချင်းကျူ ငြိမ်သက်နေတာကို မြင်လိုက်ရတဲ့အတွက် လေးလောင်လည်း အသည်းအသန် ဆက်ရှင်းပြလိုက်ပါပြီ။

“ပြီးတော့.. ကျွန်တော့်ကိုယ်လုံးက စားလို့မကောင်းဘူးခင်ည။ ကျွန်တော်က တခြား မိစ္ဆာသားရဲတွေရဲ့ မစင်တွေကိုပဲ စားသောက်တတ်တာကြောင့် အဆိပ်ခန္ဓာကိုယ် ဖြစ်နေပါပြီဗျာ။ ကျွန်တော့် စကားကို မယုံဘူးဆိုရင် ခေါင်းသုံးလုံးခွေးကြီးကို မေးကြည့်လိုက်ပါ”

“ခေါင်းသုံးလုံး ခွေးကြီးဆိုတာက ဘယ်သူတုန်း”

“အခုပဲ အသင်တို့ သတ်လိုက်တဲ့ တစ်ကောင်ပါ”

ချင်းကျူ
“…”

ငါက သေပြီးတဲ့အကောင်ကို ဘယ်လိုလုပ် သက်သေထားပြီး စစ်ဆေးရမတုန်း။

“ရွံဖို့ကောင်းလိုက်တာ ဆရာ။ ဒီအကောင်ကို သမီး မစားချင်တော့ဘူး”

ယန့်ရှီ ရွံရှာစက်ဆုပ်စွာ ပြောလိုက်ပါပြီ။

“အေး အေး… ”

ချင်းကျူလည်း မတတ်နိုင်တော့ပါဘူး။ လေးလောင်ဟာ အပိုတွေ လျှောက်ပြောနေမှန်း သူသိပေမဲ့လည်း.. တကယ်ကြီး မစင်တွေ စားနေခဲတယ် ဆိုရင်ဘယ်လိုလုပ်မတုန်း။

ဒီမိစ္ဆာသားရဲတွေမှာ ထူးဆန်းတဲ့ ဝါသနာတွေ ရှိမရှိ ဘယ်သူက သိနိုင်မှာလဲ။

ချင်းကျူလည်း ချီးပိုးထိုးလို သားရဲကောင်ကိုတော့ မစားနိုင်ပါဘူး။

ဒါကို ကြားလိုက်ရတော့ လေးလောင်လည်း ရင်ထဲက အလုံးကြီး ကျသွားပြီး သက်ပြင်းချလိုက်မိပါပြီ။
“ကျွန်တော့်ရဲ့ လူသားမိတ်ဆွေတို့… ဒီနေရာမှာ ဝိညာဉ်သစ်သီး အများအပြား ရှိတာကို ကျွန်တော် သိထားပါတယ်။ တကယ်လို့ စိတ်မရှိဘူး ဆိုရင် ကျွန်တော် အဲဒီ သစ်သီးတွေ ယူလာပေးပါ့မယ်”

ဘေးကင်းလုံခြုံမှု ရှိစေဖို့အတွက် လေးလောင်လည်း ရိုရိုကျိုးကျိုး လှမ်းပြောလိုက်ပါပြီ။

“အေး.. ကောင်းသားပဲ”

ချင်းကျူလည်း ပုံမှန်အတိုင်းပဲ ပြောလိုက်ပါပြီ။

လေးလောင်လည်း ချက်ချင်း ထရပ်လိုက်ပြီး သူ့ရဲ့ ပိုင်နက် နယ်မြေအတွင်းပိုင်းထဲ လျှောက်လှမ်းဝင်ရောက်သွားပါတော့တယ်။

မိစ္ဆာသားရဲတောင်တန်းကြီးဟာ တစ်နှစ်ပတ်လုံးလိုလို ကမ္ဘာကြီးနဲ့ အဆက်အသွယ် ပြတ်တောက်နေခဲ့တာပါ။ ဒါကြောင့် အပြင်လောကမှာ မရှိတဲ့ ဝိညာဉ်သစ်သီးတွေ ဝိညာဉ်ဆေးပင်တွေ အများအပြား ဒီနေရာမှာ ပေါက်ရောက်ရှင်သန်ကြပါတယ်။ ဒါပေမဲ့ မိစ္ဆာသားရဲတွေဟာ ဒီနယ်မြေကြီးအတွင်း လွတ်လွတ်လပ်လပ် သွားလာနိုင်တာကြောင့် ဘယ်သူမှ သစ်သီးလာမခူးဝံ့ကြပါဘူး။ ဒါကြောင့် ဝိညာဉ်ဆေးပင်တွေကော ဝိညာဉ်သစ်သီးတွေဟာ အခုအချိန်မှာ ရင့်မှည့်ပြီး မွှေးကြိုင်တဲ့ ရနံ့ သင်းပျံ့နေကြပါပြီ။

မိစ္ဆာသားရဲ တောင်တန်းကြီးထဲကို ချင်းကျူနဲ့ ဆုယန်တို့ ဝင်ရောက်လာခဲ့ရတဲ့ အကြောင်းအရင်းကတော့ ဒီနေရာဟာ မြင့်မြတ်သော အင်မော်တယ် ကုန်းမြေကို သွားတဲ့ လမ်းကြောင်းအထက် တည်ရှိနေခဲ့တာကြောင့်ပါ။ မိစ္ဆာသားရဲတောင်တန်းကြီးကို သူတို့ ဖြတ်ကျော်သွားဖို့ လိုအပ်ပါတယ်။  တောင်တန်းကြီးဟာ မြင့်မြတ်သော အင်မော်တယ် နယ်မြေနဲ့ ကမ္ဘာကြီးနဲ့ကို ခွဲခြားထားတဲ့ သဘာ၀ အတားအဆီးကြီးလိုပါပဲ။

တခြားလူတွေသာ ဆိုရင်တော့ တောင်တန်းကြီးအတွင်းပိုင်းထဲ ဝင်ရောက်လာမှာ မဟုတ်ပဲ အစွန်ဖျားနေရာကနေ ခရီးနှင်ဖြစ်မှာပါ။ ဒါပေမဲ့ ချင်းကျူကတော့ မြင့်မြတ်သော အင်မော်တယ် နန်းတော်ဆီကို မျဉ်းဖြောင့်အတိုင်းပဲ ခရီးနှင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မိစ္ဆာသားရဲတွေက သူ့ကို အန္တရာယ် မပေးနိုင်ဘူး မဟုတ်လား။

“မိတ်ဆွေလေးတို့.. ဒီနေရာပါ။ တကယ်လို့ သဘောကျတယ်ဆိုရင် စိတ်ကြိုက် သုံးဆောင်စားသောက်နိုင်ပါတယ်”

လေးလောင် ပြုံးလိုက်ပါပြီ။ လူသားတွေကို သူနည်းနည်းလေးမှ မရွံရှာမိတော့ပါဘူး။

သစ်သီးတောကြီး တစ်ခုကို သူတို့ မြင်လိုက်ရပါပြီ။ ဒီနေရာမှာ အမျိုးမျိုးသော ကောင်းကင်ဘုံ ရတနာတွေ ပြည့်နှက်နေခဲ့ပါတယ်။ ပြောရရင် အဆင့်မြင့် အဖွဲ့အစည်းတစ်ခုရဲ့ အခြေခံ အုတ်မြစ် တစ်ခုအောက် အဆင့်ကျစရာ အကြောင်းမရှိပါဘူး။

ဒါကြောင့်လည်း မိစ္ဆာသားရဲတောင်တန်းကြီးကို ဝိညာဉ်ဆေးပင်တောင်တန်းဒေသလို့ လူသိများခဲ့တာပါ။ ဒါ့အပြင် အခု လက်ရှိ နေရာက မူလတာအို သူတော်စင် မိစ္ဆာသားရဲ တစ်ကောင်ရဲ့ ပိုင်နက် နယ်မြေသာ ဖြစ်နေပါသေးတယ်။ အဆင့်မြင့် မိစ္ဆာသားရဲကြီးတွေရဲ့ ပိုင်နက်နယ်မြေတွေသာ ဆိုရင် ဘယ်လောက်တောင်မှ ကြွယ်၀ချမ်းသာလိမ့်မလဲ တွေးကြည့်ပါ…

“မင်းမဆိုးဘူး”

ရိုးရိုးသားသား ပြောရရင် သေရမှာ ကြောက်ပြီး ဉာဏ်ကောင်းလွန်းတဲ့ မိစ္ဆာသားရဲမျိုးကို ချင်းကျူ ပထမဆုံးအကြိမ် မြင်ဖူးခဲ့တာပါ။ သူက လူသားတစ်ဦးနဲ့ မခြားတော့ပါဘူး။

လေးလောင်လည်း ခေါင်းငုံ့ထားလိုက်ပါပြီ။ သူပြန်မပြောဝံ့ခဲ့ပါဘူး။ မိစ္ဆာသားရဲရဲ့ အန္တရာယ် ကြိုတင် ခန့်မှန်းနိုင်တဲ့ မသိစိတ်က ဒီလူငယ်လေးဟာ ခေါင်းသုံးလုံး ခွေးကြီးကိုသတ်လိုက်သူ ဖြစ်ကြောင်း အကြိမ်ကြိမ် သတိပေးနေခဲ့ပါတယ်။

“ဒါပေမဲ့.. ဝိညာဉ်သစ်သီးပဲ ရှိပြီး အသားမရှိတော့ နည်းနည်းပျင်းစရာ မကောင်းဘူးလား”

ချင်းကျူ အဓိပ္ပာယ် ပါပါ ပြောလိုက်ပါပြီ။

လေးလောင်လည်း ခေါင်းမော့လိုက်ပါတော့တယ်။ သူလှုပ်ရှားလို့ မရတော့ပါဘူး။ ချင်းကျူက သူ့ကို သတ်ပြီ ထင်လိုက်မိပါတယ်။ ချင်းကျူက လေထဲ ရုတ်ချည်း ပျံတက်လာခဲ့ပြီး မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့ပါပြီ။

အချိန်တော်တော်ကြာသွားပြီးချိန်မှာ ချင်းကျူတစ်ယောက် မိစ္ဆာသားရဲ တစ်ကောင်ကို သယ်ဆောင်ရင်း ပြန်ရောက်လာပါတော့တယ်။ ဒီသားရဲကောင်ကြီးရဲ့ အသွင်က လေးလောင်နဲ့ တော်တော်လေး ဆင်တူခဲ့ပါတယ်။

မိစ္ဆာသားရဲကြီးကို လေးလောင် တွေ့လိုက်ရချိန်မှာတော့ ငိုချမိမတတ် ဖြစ်သွားခဲ့ပါပြီ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမိစ္ဆာသားရဲဟာ သူနှစ်ပေါင်းတစ်ရာကျော် မျက်စိကျ ပိုးပန်းနေတဲ့ မိစ္ဆာသားရဲအမ ဖြစ်နေခဲ့တာကြောင့်ပါ။

တစ်ချိန်တည်းမှာပဲ လေးလောင်ရဲ့ ခန္ဓာကိုယ်ကို ချုပ်နှောင်ထားတဲ့ အတားအဆီးတွေ ပျောက်ကွယ်သွားပြီး ပုံမှန်အတိုင်း လှုပ်ရှားလို့ ရသွားခဲ့ပါပြီ။

“ဒီမိစ္ဆာသားရဲက မင်းရဲ့ မျိုးနွယ်တူပဲ မဟုတ်လား။ ငါလည်း အနီးဝန်းကျင်မှာ မေးကြည့်ပြီးပြီ။ ဒီတစ်ကောင်ကတော့ မစင်တွေကို စားရတာ မကြိုက်ဘူးထင်တယ်”

ချင်းကျူ ပြုံးလိုက်ပါတော့တယ်။

လေးလောင်
“…”

“စိတ်မပူပါနဲ့။ မင်းကို ငါမသတ်ပါဘူး”

ဆယ့်ငါးမိနစ် အကြာမှာတော့ ချင်းကျူလည်း မိစ္ဆာသားရဲကြီးကို သန့်စင်ပြီး ဝိညာဉ်မီးလျှံနဲ့ ကင်လိုက်ပါပြီ။ အသားတစ်တုံးကို သူဖဲ့ယူလိုက်ပြီး လေးလောင်ဆီ ကမ်းပေးလိုက်ပါတော့တယ်။

“ရော့.. မင်းအတွက်”

“…”

အရှေ့မှာ ရှိနေတဲ့ မွှေးကြိုင်လှတဲ့ သားရဲသားကို ကြည့်ပြီး လေးလောင် တံတွေးကို ဂလုခနဲ မျိုချလိုက်မိပါပြီ။ ဒါပေမဲ့ မျိုးနွယ်တူ ဖြစ်တာကြောင့် လုံး၀ စားဖို့ မသင့်ကြောင်းကို စိတ်ထဲ အကြိမ်ကြိမ် သတိပေးနေခဲ့ပါတယ်။

ဒါ.. ဒါပေမဲ့.. ဒီအသားက မူလတာအို သူတော်စင် မိစ္ဆာသားရဲရဲ့ အသားလေ။

ဒီအသားက တန်ခိုးကျင့်စဉ် အခြေခံ တိုးတက်ဖို့ အများကြီး အထောက်အကူ ပြုရုံတင် မကပဲ အသက်ဓာတ်နဲ့ သွေးချီကိုပါ တိုးတက်စေမှာ။

မိစ္ဆာသားရဲ တစ်ကောင်ပဲ ဆိုတော့ကာ.. ဘာဖြစ်လို့များ အများကြီး တွေးပူနေရမှာလဲ။

အချိန်တော်တော်ကြာ တွေဝေနေပြီးနောက် လေးလောင်လည်း နောက်ဆုံး ဆုံးဖြတ်ချက် ချလိုက်ပါပြီ။ အသားတုံးကို တစ်ကိုက် ကိုက်ချလိုက်ပါတော့တယ်။

ငါအသက်ရှင်စဉ်တုန်းက မင်းရင်ခွင်ထဲ ဝင်ခွင့်မရခဲ့ဘူး။ ဒါပေမဲ့လည်း မင်းအခု သေသွားပြီဆိုတော့ ငါ့ကိုယ်ထဲ ဝင်နေလိုက်ပါတော့ကွယ်။

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 10
Chapter 2

“ဆရာ … ဘာဖြစ်လို့ သူငိုနေတာလဲ မသိဘူး”

ယန့်ရှီလည်း ခေါင်းလေးစောင်းပြီး လင်းလောင်ရဲ့ အပြုအမူကို နားမလည်နိုင်တဲ့အလား မေးမြန်းလိုက်ပါတော့တယ်။

စားသောက်ရတာက ပျော်ဖို့ကောင်းတဲ့ ကိစ္စမဟုတ်ဘူးလား။

“…”

“အေး… အရမ်းအရသာရှိလို့ မျက်ရည်ကျတာ ဖြစ်ပါလိမ့်မယ်”

ချင်းကျူလည်း အလေးအနက်ထား ရှင်းပြလိုက်ပါပြီ။

ပကျူး ပကျူး ပကျူး
ကျီးကန်းတစ်ကောင် ဖြတ်ပျံသွား။

“အော်.. ဟုတ်မယ်နော်”

ယန့်ရှီလည်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး အသားတစ်ကိုက် ကိုက်ချလိုက်ပါတော့တယ်။ သူပိုပြီး နားမလည်နိုင်အောင် ဖြစ်သွားခဲ့ပါပြီ။

“သမီးကျတော့ ဘာဖြစ်လို့ မငိုမိတာလဲ မသိဘူး”
(ယန့်ရှီရဲ့ အသုံးအနှုန်းတွေက သမီးနဲ့ ကျွန်မဆိုပြီး မကြာမကြာ ပြောင်းလဲထားပါတယ်။ သူ့ရဲ့ ချစ်စရာကောင်းမှုကို ပေါ်လွင်စေချင်တဲ့ အချိန်မှာ သမီးလို့ အသုံးပြုပါတယ်။)

ချင်းကျူ
“…”

ယန့်ရှီတစ်ယောက် ပြဿနာရှာပြီး ပြန်ပြောတတ်တဲ့ အကျင့်မျိုးကို အရင်တုန်းက သူဘာဖြစ်လို့ သတိမထားမိခဲ့တာပါလိမ့်။

“အင်း… ဘာဖြစ်လို့လည်းဆိုတော့ကာ… မင်းက အစားကောင်း အသောက်ကောင်းတွေကို အမြဲတမ်း စားနေရလို့ပေါ့။ ဒါကြောင့် မင်းအတွက် အကျင့်ဖြစ်နေပြီလေ”

ချင်းကျူလည်း ဆက်ပြီး ရှင်းပြလိုက်ပါတော့တယ်။

“အော်.. ဟုတ်ပြီ။ သမီးနားလည်ပြီ”

ယန့်ရှီလည်း အခုမှ ဉာဏ်အလင်းပွင့်သွားပုံ ရပါတယ်။

ချင်းကျူ
“…”

မင်းက ဘာကို နားလည်သွားတာလဲ။

“၀ူး ဝါး ဝါး… မင်းကို ငါအမြဲတမ်း အမှတ်ရနေပါ့မယ်”

လေးလောင်တစ်ကောင် အသားကို ကိုက်စားရင်း ငိုယိုနေတာကို ကြည့်ရတာ အရမ်းကာတွန်းဆန်လွန်းလှပါတယ်။

မကြာခင်မှာတော့ ချင်းကျူတို့ အားလုံး ဗိုက်ပြည့်သွားခဲ့ကြပါပြီ။ သူတို့ အားလုံး မလှမ်းမကမ်းက မြေပြင်ထက် လဲလျောင်းရင်း ထမင်းလုံးစီ မှေးစက်နေကြပါတော့တယ်။

ဒါကို တွေ့လိုက်ရတော့ လေးလောင်လည်း အလစ်ဖမ်း လုပ်ကြံတိုက်ခိုက်ဖို့ စဉ်းစားမိသွားခဲ့ပါပြီ။ ဒါပေမဲ့ သူအချိန်တော်တော်ကြာ စဉ်းစားပြီးသွားချိန်မှာတော့ လက်လျှော့လိုက်ပါတော့တယ်။

သူ့ရဲ့ မသိစိတ်က အလစ်ဖမ်း လုပ်ကြံသတ်ဖြတ်ရင်တောင် အသုံးမဝင်ဘူး။ ကိုယ်ပဲ အသက်ပျောက်သွားလိမ့်မယ်ဆိုပြီး သတိပေးနေခဲ့တာကြောင့်ပါ။

လေးလောင်ဟာ အမြဲတမ်းလိုလို သတိကြီးခဲ့သူပါ။ ဒါကြောင့် စွန့်စားရတာမျိုးကို မလိုချင်ပါဘူး။

“ဂရား”

ဒီအချိန်မှာပဲ ငှက်ကြီးတစ်ကောင် ပျံသန်းရောက်ရှိလာခဲ့ပါပြီ။ ငှက်ကြီးဟာ ဟာရီကိန်း မုန်တိုင်းကို ဖန်ဆင်းထားခဲ့ပါတယ်။ တခြားလူတွေ သူ့ကို မြင်သွားမှာ စိုးရိမ်နေသလိုပါပဲ။

“အဲ.. ဘာဖြစ်လို့ သူထွက်လာခဲ့တာလဲ”

လေးလောင် မျက်နှာသိသိသာသာ ပျက်သွားခဲ့ပါပြီ။ သူ့ခန္ဓာကိုယ်လည်း နည်းနည်း တုန်လှုပ်လာပါတော့တယ်။

မိုးကြိုးသားရဲ တစ်ကောင်ဖြစ်တဲ့ လေးလောင်ဟာ အလွန်အစွမ်းထက်တဲ့ ခန္ဓာကိုယ်နဲ့ တိုက်ခိုက်မှု စွမ်းရည်ကို ပိုင်ဆိုင်ထားပါတယ်။ သူဟာ အဆင့်တူ မိစ္ဆာသားရဲတွေနဲ့ လက်ရည်တူတာမျိုး သိပ်မရှိခဲ့ပါဘူး။ ဒါပေမဲ့ သူ့ခေါင်းပေါ်မှာ ရှိနေတဲ့ ငရဲငှက်ကြီးကိုတော့ သဘာ၀ ရန်သူအဖြစ် အမြဲတမ်း ကြောက်ရွံ့မိခဲ့ပါတယ်။

ဘာဖြစ်လို့လည်းဆိုတော့ ငရဲငှက်ကြီးဟာ နတ်ဘုရားသားရဲ မျိုးဆက်ဖြစ်တာကြောင့်ပါ။ သူ့ရဲ့ တိုက်ခိုက်မှုတွေဟာ ရန်သူရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုတွေ အားလုံးကို လျစ်လျူရှုပြီး အပြင်းအထန် ဒဏ်ရာရစေနိုင်ပါတယ်။

ပြောရရင် ငရဲငှက်ကြီးတွေဟာ မိုးကြိုးသားရဲတွေရဲ့ သဘာ၀ ရန်သူတော်ကြီးတွေပါပဲ။

အဆင့်တူ ဖြစ်နေရင်တောင်မှ လေးလောင်ဟာ သူ့ကို ယှဉ်နိုင်ဖို့ အဝေးကြီးလိုပါသေးတယ်။ မြေကမ္ဘာ သူတော်စင် အဆင့် ငရဲငှက်ကြီးဆိုရင်တော့ ဆိုဖွယ်ရာ မရှိတော့ပါဘူး။

“ဂရား”

တစ်ချိန်တည်းမှာပဲ ငရဲငှက်ကြီးက သူ့ကို သတိထားမိသွားပြီ ဖြစ်ကြောင်း လေးလောင် ခံစားလိုက်ရပါပြီ။ သူ့ရဲ့ မျက်လုံးရွဲကြီးတွေဟာ လေးလောင်ကို စူးစိုက်ကြည့်နေခဲ့ပါတယ်။ လေးလောင်ဟာ သူ့ရဲ့ သားကောင်ပဲ မဟုတ်လား။ လေးလောင်ဟာ နေရာမှာ လှုပ်ရှားလို့ မရတော့ပါဘူး။

“မလုပ်နဲ့”

လေးလောင် မျက်စိမျက်နှာ ပျက်နေပါပြီ။ ဒီလူသားနှစ်ဦး လက်ထဲမှာ သူခက်ခက်ခဲခဲ ရှင်သန်နေရတာပါ။ အခုတော့ အကြောင်းပြချက် မရှိပဲ သေရတော့မှာလား။

“ဂရား”

ငရဲငှက်ကြီးဟာ မြည်သံရှည်ကြီးကို ပြုလုပ်လိုက်ပါပြီ။ သူ့အသံဟာ ကီလိုမီတာ ရာပေါင်းများစွာအထိ ပျံ့နှံသွားခဲ့ပါတယ်။ ငရဲငှက်ကြီးဟာ လေးလောင်ဆီကို ပျံသန်းလာခဲ့ပါပြီ။

“ဟာ.. ဆူညံနေတာပဲ”

အိပ်စက်နေတဲ့ ချင်းကျူလည်း မျက်မှောင်ကြုတ်လိုက်ပြီး စိတ်မရှည်စွာနဲ့ လက်သီးတစ်ချက် ထိုးချလိုက်ပါတော့တယ်။

၀ုန်း

ရွှေရောင်စွမ်းအင်လှိုင်းလုံးကြီးတွေ ဖြာထွက်လာခဲ့ပြီး ငရဲငှက်ကြီးလည်း စွမ်းအင်လှိုင်းလုံးအကြား နစ်မြုပ်သွားခဲ့ပါပြီ။ ဒီအချိန်မှာ မိုးနဲ့မြေဟာ မှေးမှိန်သွားပါတော့တယ်။

သနားစရာ ကောင်းတဲ့ ငရဲငှက်ကြီးဟာ ရုန်းတောင် မရုန်းနိုင်ခဲ့ပဲ ကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားရှာပါပြီ။

“???”

ပကျူး ပကျူး ပကျူး
ကျီးကန်းတစ်ကောင် ဖြတ်ပျံသွား။

ဘာတွေ ဖြစ်ကုန်တာလဲ။

ချင်းကျူက မြေကမ္ဘာ သူတော်စင် အဆင့် မိစ္ဆာသားရဲကြီးကို လက်သီးတစ်ချက်တည်းနဲ့ သတ်နိုင်ခဲ့တယ်လား။

ငါအိပ်မက် မက်နေတာလား။

ကောင်းကင်အထက်ကနေ ငှက်မွှေးတစ်ချောင်း ပြုတ်ကျလာခဲ့ပါပြီ။ လေးလောင်လည်း ငှက်မွှေးကို ကြည့်ရင်း မျက်လုံးကို လက်နဲ့ ပွတ်သပ်လိုက်ပါတော့တယ်။ သူအိပ်မက် မက်နေတာ မဟုတ်တာ သေချာသွားပါပြီ။

“အ.. အရမ်း.. အစွမ်းထက်တာပဲ”

လေးလောင်လည်း ကျောရိုးထဲအထိ အေးစိမ့်မှု ခံစားလိုက်ရပါတော့တယ်။ ချင်းကျူ အိပ်မောကျနေတုန်း အလစ်ဖမ်း မတိုက်ခိုက်မိတဲ့အတွက်လည်း ကိုယ့်ကိုကိုယ် ကျေးဇူးတင်မိသွားခဲ့ပါပြီ။ မဟုတ်ဘူးဆိုရင် ဘယ်လို အသက်ပျောက်သွားမှန်းတောင် သိမှာ မဟုတ်ပါဘူး။

“ဒီလူသားက ကောင်းကင်သူတော်စင် တစ်ဦး ဖြစ်နိုင်တယ်”

လေးလောင်လည်း တုန်လှုပ်စွာနဲ့ ထောင့်တစ်နေရာမှာ လဲလျောင်းလိုက်ပါပြီ။ ဒီကိစ္စတွေကို ဆက်မတွေးဝံ့တော့ပါဘူး။

မိစ္ဆသားရဲတောင်တန်းဒေသမှာ ကျင်လည်တဲ့ လေးလောင်အတွက် ကတော့ ကောင်းကင်သူတော်စင်ဆိုတာ ပြိုင်ဘက်ကင်းတဲ့ တည်ရှိမှုပါပဲ။

အထူးသဖြင့် မိစ္ဆာသားရဲတွေ အကြားမှာ သွေးမျိုးဆက်ရဲ့ အဆင့်ကွာခြားချက် ဖိအားက ရှိနေပါတယ်။ ကောင်းကင်သူတော်စင်တွေဟာ သွေးမျိုးဆက်တွေကို ပြောင်းလဲပေးနိုင်စွမ်း ရှိနေကြပါပြီ။ သူတို့တွေ အနေနဲ့ မိစ္ဆာသားရဲတွေကို ထိပ်တိုက် တိုက်ခိုက်စရာတောင် မလိုအပ်တော့ပါဘူး။ သူတို့ရဲ့ သွေးမျိုးဆက် ဖိအားကို အသုံးပြုလိုက်တာနဲ့ အဆင့်နိမ့် မိစ္ဆာသားရဲ အားလုံး သေဆုံးသွားနိုင်ပါတယ်။

အချိန်ဘယ်လောက် ကြာသွားလဲ မသိတော့ပါဘူး။ ချင်းကျူ ဖြည်းဖြည်းချင်း အိပ်ရာနှိုးလာခဲ့ပါပြီ။ ညနေခင်းတောင် ရောက်နေပြီ မဟုတ်လား။ နေဝင်ချိန် ရောင်ခြည်ဖြာကျမှုဟာ ကီလိုမီတာ ထောင်ပေါင်းများစွာကိုဖြတ်သန်းပြီး ချင်းကျူအပေါ် ကျဆင်းနေခဲ့ပါတယ်။ ဆည်းဆာချိန် နေရောင်ခြည်ကြောင့် ချင်းကျူဆီကနေ ပြိုင်ဘက်ကင်းအောင် တည်ကြည်ခန့်ညားတဲ့ အင်မော်တယ် ဆရာဦးလေးတစ်ဦး အရှိန်အဝါတွေ ဖြာထွက်နေပါပြီ။ ဘာကြောင့်မှန်းမသိပဲ လေးလောင်တစ်ယောက် နားမလည်နိုင်အောင် ဖြစ်နေမိခဲ့ပါတယ်။

“ဝှား.. အိပ်ဖို့ အချိန်ကျပြီပဲ”

ချင်းကျူလည်း အရက်အိုးတစ်အိုးကို ထုတ်ယူပြီး ပျင်းရိစွာ ပြောလိုက်ပါတော့တယ်။

ဆုယန်လည်း တရားကျင့်လို့ ပြီးသွားပြီ ဖြစ်တာကြောင့် ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လိုက်ပါပြီ။

၀ုန်း

ကျယ်လောင်တဲ့ ပေါက်ကွဲသံတစ်ခု မလှမ်းမကမ်းကနေ ပေါ်ထွက်လာပါတော့တယ်။ ကမ္ဘာမြေတစ်ခုလုံး တုန်ခါသွားခဲ့ပါပြီ။

“ဘာဖြစ်ပြန်ပြီလဲ”

ချင်းကျူလည်း မျက်မှောင်ကြုတ်လိုက်ပါပြီ။ နံဘေးမှာ ရှိနေတဲ့ ယန့်ရှီကို ကောက်ယူပြီး ဦးခေါင်းပေါ် ပစ်တင်လိုက်ပါတော့တယ်။ ပြီးတာနဲ့ ပေါက်ကွဲသံကြီး ထွက်ပေါ်လာရာ အရပ်ဆီ ပျံသန်းသွားခဲ့ပါပြီ။ ဆုယန်လည်း သူ့အနောက်ကနေ လိုက်ပါသွားခဲ့ပါတယ်။

လေးလောင်လည်း အချိန်တော်တော်ကြာ ရပ်နေမိခဲ့ပါတယ်။ သူလိုက်သွားသင့်လား မလိုက်သွားရဘူးလားဆိုတာ ဝေခွဲမရ ဖြစ်နေသလိုပါပဲ။ နောက်ဆုံးတော့ သတိထားပြီး နောက်ကနေ လိုက်သွားဖို့ ဆုံးဖြတ်လိုက်ပါပြီ။

လွင်ပြင်တစ်ခုမှာ လူငယ်လေးတစ်ဦးဟာ သေဆုံးနေတဲ့ မိစ္ဆာသားရဲ တစ်ကောင်ကို နွယ်ပင်ကြီးတွေနဲ့ သေသေချာချာ ချည်နှောင်နေခဲ့ပါတယ်။ ပြီးတာနဲ့ မိစ္ဆာသားရဲကြီးကို ပုခုံးထက် သယ်ဆောင်ပြီး တစ်လှမ်းချင်း ထွက်ခွာသွားခဲ့ပါပြီ။

လူငယ်လေးရဲ့ အမြန်နှုန်းဟာ မြန်တယ်လို့ မဆိုနိုင်ပါဘူး။ ဒါပေမဲ့ အလွန် တည်ငြိမ်နေခဲ့ပါတယ်။ သူဟာ မိစ္ဆာသားရဲတွေရဲ့ အလစ်ဖမ်း တိုက်ခိုက်မှုတွေကို အသင့်အနေအထားနဲ့ စောင့်စားနေသလိုပါပဲ။

တကယ်လို့ သေချာကြည့်လိုက်မယ်ဆိုရင် လူငယ်လေး သယ်ဆောင်ထားတဲ့ မိစ္ဆာသားရဲဟာ ဝမ်ရှင်းသူတော်စင်အဆင့် မိစ္ဆာသားရဲကြီး ဖြစ်နေတာကို တွေ့ရမှာပါ။

အဝေးမှာတော့ ချင်းကျူတစ်ယောက် လေထဲ ရပ်တန့်ပြီး အံ့အားသင့်စွာ ရေရွတ်လိုက်ပါပြီ။

“အော်.. ဒီမှာ နောက်ထပ် လူသားတွေ ရှိနေသေးတာကိုး”

မိစ္ဆာသားရဲ တောင်တန်းဒေသဟာ မိစ္ဆာသားရဲတို့ရဲ့ ပိုင်နက်နယ်မြေလို့ ဆိုနိုင်ပါတယ်။ ဒီနေရာဟာ တောင်ပိုင်းနယ်မြေကြီးက သေမင်းဝိညာဉ်လျှိုမြောင်ထက် အဆများစွာ ပိုပြီး ကြောက်စရာကောင်းခဲ့ပါတယ်။ ဒါပေမဲ့ ဝမ်ရှင်းသူတော်စင် အဆင့်သာ ရောက်ပုံရသေးတဲ့ လူငယ်လေးဟာ ဘာဖြစ်လို့ ဒီနေရာကို ရောက်လာခဲ့တာလဲ။

ဒါကို ကြားလိုက်ရတော့ လေးလောင်လည်း သူ့အတွက် အခွင့်အရေး ရလာပြီ ဆိုတာကို နားလည်သွားခဲ့ပါပြီ။ သူချက်ချင်း အရှေ့တက်လာပြီး ရှင်းပြလိုက်ပါတော့တယ်။

“သူက ကျောက်တုံးကျေးရွာက တန်ခိုးရှင်တစ်ဦး ဖြစ်ပါလိမ့်မယ်”

“ကျောက်တုံးကျေးရွာ”

ချင်းကျူ နားမလည်နိုင်အောင် ဖြစ်သွားခဲ့ပါပြီ။

“ဟုတ်တယ်။ အဲဒါက မိစ္ဆာသားရဲတောင်တန်းဒေသမှာ တစ်ခုတည်းသော လူသားကျေးရွာပဲ။ သူတို့ ရွာအပြင်ဘက်မှာ စိုက်ထူထားတဲ့ ကျောက်ပြားက အဆင့်မြင့် မိစ္ဆာသားရဲတွေ ချည်းကပ်လာမှာကို တားဆီးထားနိုင်တယ်လေ။ ကျွန်တော်တောင် ဝင်လို့ မရဘူးခင်ဗျ”

လေးလောင်လည်း ဆက်ရှင်းပြလိုက်ပါပြီ။
“ဒီလူသားနဲ့ ကျွန်တော် အကြိမ်တော်တော်များများ ဆုံဖူးတယ်။ သူက အရမ်းကို ဉာဏ်နီဉာဏ်နက်များတယ်။ ကျွန်တော့်ရဲ့ ဝိညာဉ်သစ်သီး အများအပြားပဲ ခိုးယူသွားနိုင်တယ်လေ။ ပြီးတော့ အချိန်တိုင်းလိုလို ကံကောင်းပြီး ပြေးလို့ လွတ်သွားခဲ့တယ်”

လေးလောင်ရဲ့ ရှင်းပြမှုကို နားထောင်ပြီးချိန် ချင်းကျူ စဉ်းစားကြည့်လိုက်ပါပြီ။

ဒီဇာတ်ညွှန်းကလည်း တော်တော်လေး ရင်းနှီနေတာပဲ။

အဓိကဇာတ်ကောင် တစ်ကောင်ကို သူရှင်းလင်းပြီးချိန်မှာ နောက်ထပ် အဓိက ဇာတ်ကောင်တစ်ကောင်က ထပ်ရောက်လာပြန်ပြီလား။

ဒီနေရာက ဘာလဲ။ သူတို့တွေက Avengers တွေလား။ Avengers time line မှာလို သူရဲကောင်း ဇာတ်ကောင်တွေ တစ်ကောင်ပြီး တစ်ကောင် ဆက်တိုက်ပေါ်ထွက်လာနေတယ်ဆိုတော့…

ဒါပေမဲ့ ချင်းကျူတစ်ယောက် ကျောက်တုံး ကျေးရွာကိုတော့ တော်တော်လေး စိတ်ဝင်စားမိခဲ့ပါတယ်။

“ကောင်းပြီလေ။ မင်းလည်း ပြန်လို့ရပြီ”

ချင်းကျူလည်း လက်ကို ဝှေ့ယမ်းလိုက်ပါပြီ။

လေးလောင်လည်း မှင်သက်သွားပါတော့တယ်။ ဒါပေမဲ့ မငြင်းဝံ့ပါဘူး။ သူဖြည်းဖြည်းချင်း နောက်ဆုတ်သွားခဲ့ပါပြီ။ တစ်ချိန်တည်းမှာပဲ ရင်ထဲမှာ ဆုံးဖြတ်ချက် ချလိုက်ပါတော့တယ်။ နောင် ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် ကျောက်တုံးကျေးရွာကို သူထိလို့ မဖြစ်ဘူး ဆိုတာပါ။ ဒီအတွက်ကြောင့် ချင်းကျူကို အပြစ်ပြုမိသွားရင် သူအသက်ပျောက်သွားလိမ့်မယ် မဟုတ်လား။

လေးလောင် ထွက်ခွာသွားပြီးချိန်မှာ ချင်းကျူလည်း မြေပြင်ပေါ်ကို ပေါ့ပါးစွာ ဆင်းသက်လာခဲ့ပါပြီ။ လူငယ်လေးအရှေ့ ချင်းကျူ ပိတ်ရပ်လိုက်ပါတော့တယ်။

“မင်းက ဘယ်သူလဲ”

ချင်းကျူ ရုတ်တရက်ပေါ်ထွက်လာတာကို တွေ့လိုက်ရတော့ လူငယ်လေး မှင်သက်သွားခဲ့ပါပြီ။ ချက်ချင်းပဲ သူ့ခန္ဓာကိုယ်က ကြွယ်သားတွေ တောင့်တင့်သွားပါတော့တယ်။ အချိန်မရွေး တိုက်ခိုက်ဖို့အတွက် အဆင်သင့် ဖြစ်သွားခဲ့ပါပြီ။

သူ့စကား မဆုံးခင် ဆုယန်လည်း ပျံသန်းဆင်းသက်လာပါတော့တယ်။ လူငယ်လေး အခု ပိုပြီး အသင့်ဖြစ်သွားခဲ့ပါပြီ။

“မိတ်ဆွေလေး.. ငါတို့တွေ မတော်တဆ လမ်းပျောက်နေလို့။ ဒီနေရာမှာ နားခိုလို့ ရနိုင်မယ့် တစ်နေရာရာများ ရှိသလား။ တစ်ညလောက် ငါတို့ အနားယူချင်လို့ပါ”

ချင်းကျူလည်း အရက်တစ်ကြိုက် မော့သောက်လိုက်ပြီး ပုံမှန်အတိုင်း ပြောလိုက်ပါပြီ။

“အော်.. ဟုတ်ကဲ့”

လူငယ်လေး ခေါင်းညိတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ သတိကိုတော့ သူမလျှော့ခဲ့ပါဘူး။ တွေးတွေးဆဆနဲ့ ပြန်ပြောလိုက်ပါပြီ။

“ဒါဆို ကျွန်တော်နဲ့ လိုက်ခဲ့လိုက်ပါ”

ချင်းကျူလည်း စကားလမ်းကြောင်းလွှဲပြီး မေးမြန်းလိုက်ပါတော့တယ်။

“ဒါနဲ့.. မင်းနာမည်ကို ငါသိခွင့် ရှိမလား မသိဘူး”

“ရှီတျန်း”

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 10
Chapter 3
မင်းက လူကောင်း တစ်ဦးဆိုတာ ငါသေချာသိတာပေါ့။ လူဆိုးတွေက ဒီလောက်ကြီး တည်ကြည်ခန့်ညားစရာ အကြောင်းမှ မရှိတာ။

ရှီတျန်းဆိုတဲ့ လူငယ်လေးရဲ့ ဦးဆောင်မှုကြောင့် ချင်းကျူနဲ့ ဆုယန်တို့ ကျောက်တုံးကျေးရွာ အပြင်ဘက်ကို အမြန်ဆုံး ရောက်လာခဲ့ပါပြီ။

လမ်းတစ်လျှောက်မှာ ချင်းကျူနဲ့ ဆုယန်တို့ကို မသင်္ကာတဲ့အတွက် ရှီတျန်း အမြဲတမ်းလိုလို သတိနဲ့ ခပ်လှမ်းလှမ်းကနေ နေခဲ့ပါတယ်။ သူ့အသွင်ဟာ ဆယ်ကျော်သက်အရွယ် လူငယ်လေးတစ်ဦးနဲ့တောင် မတူတော့ပါဘူး။

ပြောရရင် ချင်းကျူ အနေနဲ့ သူ့ကို ဒုက္ခပေးချင်ရင် ဒီလောက်အထိ ဒုက္ခခံနေစရာ မလိုပါဘူး။ တစ်ချက် ရိုက်သတ်လိုက်ရုံပဲ မဟုတ်လား။

ချင်းကျူ နားမလည်နိုင်တာကတော့ ရှီတျန်းက သူတို့ကို သတိနဲ့ စောင့်ကြည့်နေတာဆိုတော့ ကျောက်တုံးကျေးရွာကို ခေါ်သွားဖို့ ဘာလို့ သဘောတူလိုက်တာလဲ ဆိုတာပါပဲ။

ဒါပေမဲ့ မကြာခင်မှာတော့ ချင်းကျူ အဖြစ်အပျက်ကို နားလည်သွားခဲ့ပါပြီ။

တောင်တန်းကြီးတွေနဲ့ မိုးထိအောင် မြင့်မားလှတဲ့ သစ်ပင်ကြီးတွေအကြား တည်ရှိနေတဲ့ ကျေးရွာလေးဟာ ဒီလောကက မဟုတ်တဲ့အလားပါပဲ။ ဒီတောအုပ်ထဲမှာ ကျေးရွာလေးကို တစ်ယောက်ယောက်က အတင်းထိုးထည့်သွားတဲ့ ပုံစံ ပိုပေါက်နေခဲ့ပါတယ်။

ကျေးရွာထဲမှာ အိမ်ထောင်စု အနည်းငယ်သာ ရှိပါတယ်။ အိမ်အများစုက အကြမ်းထည်သာ ဆောက်လုပ်ထားခဲ့တာပါ။ ဒါပေမဲ့ ဒီနေရာဟာ အပြင်လောကနဲ့ အဆက်အသွယ် ပြတ်နေတဲ့အလား အလွန်တိတ်ဆိတ် ငြိမ်းချမ်းနေပါတယ်။

ပြောရရင် ဒီလို နေရာမျိုးကို မိစ္ဆာသားရဲတွေက အစောကြီးကတည်းက အမှုန့်ချေပြီး ဖြစ်ရမှာပါ။ ဒါပေမဲ့ ထူးဆန်းတာကတော့ ကျေးရွာကနေ ငါးကီလိုမီတာ ပတ်လည်အတွင်း မိစ္ဆာသားရဲ တစ်ကောင်တမြီးမှကို ရှိမနေခဲ့ပါဘူး။

“ကြည့်.. အစ်ကိုကြီး ရှီတျန်း ပြန်လာပြီ”

“အစ်ကိုကြီး ရှီတျန်းက ဝမ်ရှင်းသူတော်စင် မိစ္ဆာသားရဲ နောက်တစ်ကောင်ကို အမဲလိုက်လာခဲ့တာပဲ။ ငါတို့တွေတော့ ဒီနေ့ အသားစားရပြီ”

“အစ်ကိုကြီး ရှီတျန်း”

ဒီအချိန်မှာတော့ ကလေးဆယ်ယောက်ကျော် ရွှာထဲကနေ ပြေးထွက်လာခဲ့ကြပါပြီ။ ဒီထဲမှာ မိန်းကလေးတွေကော ယောက်ျားလေးတွေပါ ပါဝင်နေခဲ့ပါတယ်။ အားလုံးက တိရိစ္ဆာန် သားရေကို ပတ်ပြီး ဝတ်ဆင်ထားကြတာပါ။ အားလုံးမျက်နှာအထက် အပြုံး ရှိနေတာကိုလည်း တွေ့ရပါလိမ့်မယ်။

“ရပ်ကြ။ မလှုပ်ကြနဲ့”

ရှီတျန်းလည်း ရုတ်တရက် အော်ပြောလိုက်ပါပြီ။ ကလေးတွေ လန့်သွားပါတော့တယ်။ အားလုံး နေရာမှာ မလှုပ်မယှက် ရပ်တန့်လိုက်ကြပါပြီ။

“ဘာဖြစ်လို့လဲ ရှီတျန်း”

ဆံပင်ဖြူဖွေးနေတဲ့ အဘိုးအို တစ်ဦး တုတ်ကောက်နဲ့ လမ်းလျှောက်ထွက်လာပြီး မျက်မှောင်ကြုတ်ရင်း မေးမြန်းလိုက်ပါတော့တယ်။

“ဂိုဏ်းချုပ်… အပြင်လောကက တန်ခိုးရှင် နှစ်ဦး လမ်းပျောက်ပြီးတော့ ကျွန်တော်တို့ ကျေးရွာမှာ တစ်ညအိပ်ဖို့ ခွင့်တောင်းခဲ့ပါတယ်”

အဘိုးအိုကို တွေ့လိုက်ရတော့ ရှီတျန်းလည်း လေးလေးစားစား ရှင်းပြလိုက်ပါပြီ။

ဒါကို ကြားလိုက်ရတော့ အဘိုးအိုလည်း ဝေဝါးနေတဲ့ မျက်လုံးကို ပင့်လိုက်ပြီး ချင်းကျူနဲ့ ဆုယန်တို့ကို လှမ်းကြည့်လိုက်ပါပြီ။ သူချီးကျူးလိုက်ပါတော့တယ်။

“တကယ်ကို လူချောလေးပဲ (တည်ကြည်ခန့်ညားတဲ့ လူငယ်လေးဟာ ပြောင်းလဲဖတ်နိုင်)”

“ရှီတျန်း”

ချင်းကျူ
“…”

“ကဲ ကဲ.. အလုပ်အကြောင်း စကားဆက်တာပေါ့။ မင်းတို့ နှစ်ယောက် ဘာဖြစ်လို့ ဒီလောက် အန္တရာယ်များတဲ့ ဒေသထဲ ဝင်လာခဲ့ကြတာလဲ”

အဘိုးအို ချောင်းဟန့်ပြီး မေးမြန်းလိုက်ပါပြီ။

ဒီနေရာက မိစ္ဆာသားရဲ တောင်တန်းဒေသရဲ့ အတွင်းပိုင်း မဟုတ်လား။ ဝမ်ရှင်းသူတော်စင်တောင်မှ သတိလစ်သွားတာနဲ့ အသက်ဆုံးရှုံးသွားနိုင်ပါတယ်။ ချင်းကျူနဲ့ ဆုယန်တို့ အကြောင်းမရှိပဲ ရောက်လာစရာ မရှိပါဘူး။ ဒါကြောင့် အဘိုးအို သတိထားနေခဲ့တာပါ။

ရှီတျန်းတစ်ယောက် သူတို့ နှစ်ဦးကို သတိထား စောင့်ကြည့်နေတာကလည်း အပြင်လူတွေကို အလွယ်တကူ မယုံကြည်ဖို့ အဘိုးအို မှာကြားထားခဲ့တာကြောင့်ပါ။

“ငါတို့တွေက မိစ္ဆာသားရဲ တောင်တန်းဒေသ အပြင်မှာပဲ လေ့ကျင့်ဖို့ ထွက်လာခဲ့တာပါ။ ဒါပေမဲ့ မတော်တဆနဲ့ အထဲကို ရောက်လာခဲ့တာပါပဲ”

ချင်းကျူလည်း ပုံပြင်တစ်ခု ဖန်တီးပြီး ရှင်းပြလိုက်ပါပြီ။

“ငါနားလည်ပြီ”

အဘိုးအိုလည်း သေသေချာချာ စဉ်းစားနေခဲ့ပါတယ်။

“ရှီတျန်း.. အထဲ အရင်ဝင်လာခဲ့ဦး”

“ဟုတ်ကဲ့”

ရှီတျန်းလည်း ကျေးရွာအပြင်မှာ စိုက်ထူထားတဲ့ ကျောက်ပြားထဲကနေ တဆင့် ဝင်ရောက်သွားပြီး ကျောပိုးထားတဲ့ မိစ္ဆာသားရဲကို အောက်ပစ်ချလိုက်ပါပြီ။ ဖုန်မှုန့်တွေ ထလာခဲ့ပါတော့တယ်။

ဒီမိစ္ဆာသားရဲရဲ့ ခန္ဓာကိုယ်ဟာ အလွန်ကြီးမားရုံတင်မကပဲ ကီလိုမီတာ ရာပေါင်းများစွာ လေးလံနေခဲ့ပါတယ်။ ရှီတျန်းဟာ ဝမ်ရှင်းသူတော်စင် တစ်ဦးဖြစ်ပေမဲ့ ဒီမိစ္ဆာသားရဲကို ထမ်းထားပြီး ချင်းကျူနဲ့ ဆုယန်တို့ကို အသင့်အနေအထားနဲ့ စောင့်ကြည့်နေရတာကြောင့် ဝိညာဉ်စွမ်းအင် အများအပြား ကုန်ခမ်းနေပါပြီ။

“မင်းတို့ကို ငါမကူညီချင်တာတော့ မဟုတ်ဘူး။ ကျောက်ပြားကို မင်းတို့တွေ ပွန်းပဲ့ရာမရှိ ဖြတ်ကျော်နိုင်မယ်ဆိုရင် ဒီမှာ တစ်ည နားခိုခွင့် ပြုပါတယ်”

အဘိုးအိုဟာ မလှမ်းမကမ်းက ကျောက်ပြားကို ညွှန်ပြလိုက်ပြီး တည်ကြည်နက်နဲစွာ ပြောလိုက်ပါပြီ။

ချင်းကျူရဲ့ အမြင်မှာတော့ ဒီကျောက်ပြားကနေ ဖြာထွက်နေတဲ့ ထူးဆန်းတဲ့ စွမ်းအင်တွေဟာ ကျောက်တုံးကျေးရွာ တစ်ခုလုံးကို လွှမ်းခြုံထားခဲ့ပါတယ်။ သက်ရှိအားလုံး အနားကို မချည်းကပ်နိုင်စေဖို့ ရက်စက်တဲ့ အငွေ့အသက်တွေကိုလည်း ထုတ်လွှတ်နေပါသေးတယ်။

“ဒါက မိုးမခ သစ်ပင်လို့ ငါထင်မိတာပဲ”

ချင်းကျူလည်း အံ့အားသင့်စွာ ပြောလိုက်ပါပြီ။

“ဆရာကြီး.. ဒီကျောက်ပြားက ထူးတော့ ထူးဆန်းနေတယ်”

ကျောက်ပြားက ထူးဆန်းကြောင်း ဆုယန် သိပေမဲ့လည်း သူမရဲ့ တန်ခိုးကျင့်စဉ် အခြေခံနဲ့ ကျောက်ပြားရဲ့ လျှို့ဝှက်ချက်ကို မမြင်နိုင်သေးပါဘူး။

“ငါသိတယ်”

ချင်းကျူ ဘာမှ ထပ်မပြောတော့ပဲ ကျောက်ပြားဆီကို လျှောက်လှမ်းသွားခဲ့ပါပြီ။

ဘယ်လိုပဲ ဖြစ်ဖြစ် ဒီကျောက်ပြားဟာ ကျောက်တုံးကျေးရွာကို ရန်ပြုမဲ့ သက်ရှိတွေကိုသာ နှင်ထုတ်ပေးတာပါ။ ချင်းကျူက ရန်ပြုမဲ့ လူတစ်ဦး မဟုတ်ပါဘူး။ ဒါ့အပြင်ကို သူက ရန်ပြုရင်တောင်မှ ကျောက်ပြားအနေနဲ့ ချင်းကျူကို မောင်းထုတ်နိုင်စွမ်း မရှိရှာပါဘူး။

ဒီ ဒီ

ချင်းကျူ ကျောက်တုံးကျေးရွာရဲ့ ပိုင်နက်အတွင်း ခြေချလိုက်တာနဲ့ အနက်ရောင် အလင်းလွှာတစ်ခုဟာ ချင်းကျူနဲ့ ခေါင်းပေါ်က ယန့်ရှီကို လွှမ်းခြုံသွားခဲ့ပါပြီ။

အဘိုးအိုလည်း မျက်မှောင်ကြုတ်ရင်း အနက်ရောင် အလင်းလွှာကို စောင့်ကြည့်နေခဲ့ပါတယ်။

ဒါပေမဲ့ အနက်ရောင် အလင်းလွှာ လျှင်မြန်စွာ ပျောက်ကွယ်သွားခဲ့ပြီး ချင်းကျူတစ်ယောက် ကျောက်တုံးကျေးရွာထဲ ဘေးမသီရန်မခ ရောက်ရှိသွားခဲ့ပါပြီ။

“မင်းဘာမှ မဖြစ်ဘူးပဲ”

အဘိုးအိုလည်း တခဏလောက် မှင်သက်ခဲ့ပြီး နောက်ဆုံး သက်ပြင်းချလိုက်ပါပြီ။

ကျောက်ပြားဟာ သူတို့ ကျေးရွာကို နှစ်ရာပေါင်းများစွာ ကာကွယ်ပေးထားခဲ့တာပါ။ ကျေးရွာကို ရန်ပြုမယ့် သက်ရှိတိုင်း ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ အထဲကို ဝင်လာလို့ မရခဲ့ပါဘူး။ ဒီကျောက်ပြား ဘယ်တုန်းကမှ မမှားယွင်းဖူးပါဘူး။

မြေကမ္ဘာ အဆင့် မိစ္ဆာသားရဲကြီးတောင်မှ ကျောက်ပြားကြောင့် နောက်ဆုတ်လိုက်ရတာကို အဘိုးအို မျက်စိနဲ့တပ်အပ် မြင်ဖူးခဲ့ပါတယ်။ ဒါကြောင့် အဘိုးအိုရဲ့ အမြင်မှာ ကျောက်ပြားဟာ နတ်ဘုရားကို ကိုယ်စားပြုနေပါပြီ။

ချင်းကျူ ဝင်လာနိုင်တယ် ဆိုတော့ ကျောက်ပြားဟာ သူ့ကို အသိအမှတ် ပြုလိုက်ပြီ ဆိုနိုင်ပါတယ်။

ဒီအချိန်မှာတော့ ဆုယန်တစ်ယောက် ကျောက်ပြားကို ဖြတ်ကျော်ပြီး ကျေးရွာထဲ ဝင်ရောက်လာခဲ့ပါပြီ။ အနက်ရောင် အလင်းလွှာဟာ သူမကို မငြင်းထုတ်ခဲ့ပါဘူး။

“ကြည့်ရတာ မင်းတို့ နှစ်ယောက်လုံးက ရိုးသားကြသူတွေပဲ။ ဒီတော့ ကျေးရွာမှာ တစ်ညအနားယူလို့ ရပါတယ်”

အဘိုးအို ပြုံးလိုက်ပါပြီ။

“ကျေးဇူးပါပဲ”

ချင်းကျူလည်း လက်သီးနှစ်ဖက် ဆုပ်လိုက်ပြီး ကျေးဇူးတင်စကား ပြောလိုက်ပါပြီ။

ရှီတျန်းလည်း ပြုံးလိုက်ပါတော့တယ်။
“မင်းက လူကောင်း တစ်ဦးဆိုတာ ငါသေချာသိတာပေါ့။ လူဆိုးတွေက ဒီလောက်ကြီး တည်ကြည်ခန့်ညားစရာ အကြောင်းမှ မရှိတာ”

ချင်းကျူ
“…”

ပကျူး ပကျူး ပကျူ
ကျီးကန်းတစ်ကောင် ဖြတ်ပျံသွား။

ဒီလောဂျစ်က တော်တော်ထူးဆန်းတာပဲ။ အပြင်မှာ လူဆိုးတွေက ရုပ်ဆိုးလို့လား။

ဒီအချိန်မှာတော့ အဘိုးအိုလည်း ရှီတျန်း အမဲလိုက်လာတဲ့ မိစ္ဆာသားရဲကို သတိထားမိသွားခဲ့ပါပြီ။

ကွေသမင်ဟာ အဆင့်မြင့် ဝမ်ရှင်းသူတော်စင် မိစ္ဆာသားရဲကြီးပါ။ သူ့ရဲ့ ဦးချိုနှစ်ခုကနေ အစွမ်းထက်တဲ့ ဝိညာဉ်စွမ်းအင်တွေ ဖြာထွက်နေခဲ့ပါတယ်။ ဝမ်ရှင်းသူတော်စင် အထွတ်အထိပ် အဆင့် တန်ခိုးရှင်တောင်မှ သူ့ကို အနိုင်ယူဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ သူက ကွေသမင်ကို အမဲလိုက်နိုင်ခဲ့တယ်ဆိုတော့ တကယ်ကို စာဖွဲ့လို့ မရတော့ဘူး ဆိုနိုင်ပါတယ်။

ဒါ့အပြင်ကို ကွေသမင်ရဲ့ တစ်ကိုယ်လုံးဟာ ရတနာပါ။ တန်ခိုးရှင် တစ်ဦးအတွက် ဒီသမင်ဟာ အဆင့်လေး ဆေးလုံးထက် ပိုပြီး တန်ဖိုးကြီးပါတယ်။

“ဒီကွေသမင်က ဒဏ်ရာရထားတာလေ။ ကျွန်တော်လည်း သူ့ကို အလစ်ဖမ်း တိုက်ခိုက် သတ်ဖြတ်ခဲ့တာပါ။ ဒါကြောင့် သိပ်ပြီး မပင်ပန်းခဲ့ပါဘူး”

ရှီတျန်း ပြုံးလိုက်ပါပြီ။

လူငယ်လေးက ပေါ့ပေါ့လေး ပြောလိုက်ပေမဲ့လည်း ကွေသမင်ကို သတ်ဖို့ ဘယ်လောက် ခက်ခဲကြောင်း အဘိုးအို သိထားပြီးသားပါ။ ချင်းကျူကို အဘိုးအို တစ်ချက်ကြည့်ပြီး ရှီတျန်း ဘက်ကို မျက်နှာလှည့်လိုက်ပါပြီ။
“တခြားလူတွေကို ခေါ်လိုက်ချေဦး။ ဒီညတော့ ငါတို့ မီးပုံပွဲ ကျင်းပပြီး ဧည့်သည်တော် နှစ်ဦးကို ဧည့်ခံရမှာပေါ့”

“ဟုတ်ကဲ့”

ရှီတျန်းလည်း နားထောင်ပြီး ချက်ချင်း ထွက်ခွာသွားခဲ့ပါပြီ။

ကလေးတွေလည်း မီးပုံပွဲ အကြောင်းကိုကြားလိုက်ရတော့ ပျော်ရွှင်စွာ ထခုန်လိုက်ကြပါတော့တယ်။ စားကောင်းသောက်ဖွယ်တွေ အများကြီး စားရတော့မယ် မဟုတ်လား။

ကျောက်တုံးကျေးရွာမှာတော့ မီးပုံပွဲဟာ ပွဲတော်ကြီးတစ်ခုနဲ့ မခြားပါဘူး။

မကြာခင်မှာတော့ ရွာသားတွေ အားလုံး ကွင်းပြင်တစ်ခုကို ရောက်လာခဲ့ကြပါပြီ။ ဒီနေရာမှာ အိမ်ထောင်စု အနည်းငယ်သာ ရှိပေမဲ့လည်း  သက်ကြီးရွယ်အိုတွေ၊ ငယ်ရွယ်သူတွေနဲ့ ကလေးတွေကတော့ ပုံမှန်အတိုင်းပါပဲ။

သူတို့တွေဟာ မိစ္ဆာသားရဲ တောင်တန်းကြီးမှာ နေထိုင်ရတာကြောင့် အားလုံးရဲ့ အသွင်သဏ္ဌာန်ဟာ နည်းနည်းတော့ ခက်ထန်ကြမ်းကြုတ်ပုံ ရခဲ့ပါတယ်။

ချင်းကျူလည်း အားလုံးကို အကြမ်းဖျင်းသာ အကဲခတ်ခဲ့ပါတယ်။ အဘိုးအိုနဲ့ ရှီတျန်းတို့ကလွဲရင် ဇီဖူအဆင့်နဲ့ ဇင်တျန် အဆင့် တန်ခိုးရှင်က အနည်းစုသာ ရှိခဲ့ပါတယ်။ ရှီတျန်းအရွယ် လူငယ်လေးတွေကတော့ ဟိုတျန်အဆင့်မှာ ရှိကြတာ များခဲ့ပါတယ်။

ကျောက်ပြားကြောင့်သာ မဟုတ်ဘူးဆိုရင် အစောကြီးကတည်းက သူတို့တွေ သေဆုံးသွားလောက်ပါပြီ။

အဘိုးအိုလည်း ချင်းကျူနဲ့ ဆုယန်တို့ကို သူတို့အကြောင်း ရှင်းပြပြီးနောက် စကားဆက်လိုက်ပါပြီ။

“ရှီတျန်းက ကွေသမင်ကြီးကို အမဲလိုက်နိုင်ခဲ့တယ်။ ပြီးတော့ အပြင်လောကက ဝင်လာတဲ့ ဧည့်သည်တော် နှစ်ဦးကလည်း ရှိနေသေးတော့ ငါတို့တွေ ဒီည မီးပုံပွဲ ကျင်းပဖို့ ဆုံးဖြတ်လိုက်တာပဲ”

ဒီစကားကြောင့် ရှိနေကြသူ အားလုံး ကောင်းချီးဩဘာ ပေးလိုက်ကြပါပြီ။

“အပြင်လောကက ဧည့်သည်တော်လား။ တကယ်လား”

“ကြည့်စမ်း။ ဟိုလူငယ်လေးက အရမ်းကို ခန့်ညားချောမောတာပဲ”

“မိစ္ဆာသားရဲ တောင်တန်းကနေ ငါတစ်ခါမှ အပြင်မထွက်ဖူးဘူး။ အပြင်လောကက ဘယ်လိုပုံ ရှိလဲ မသိဘူးနော်”

“…”

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 10
Chapter 4

ညရောက်လာခဲ့ပါပြီ။ လခြမ်းကွေးဟာ ကောင်းကင်ထက် ချိတ်ကောက်တစ်ခုလို တွဲလဲခိုနေခဲ့ပါတယ်။

တခြား နေရာတွေနဲ့ ယှဉ်လိုက်ရင် မိစ္ဆသားရဲ တောင်တန်းဒေသရဲ့ ညအချိန်ဟာ အလွန်အေးစိမ့်နေခဲ့ပါတယ်။

မကြာမကြာ ဆိုသလိုပဲ မိစ္ဆာသားရဲတွေရဲ့ ဟိန်းသံတွေ ပေါ်ထွက်လာတာကို ကြားနေရမှာပါ။ ဒီအသံတွေဟာ ကြားလိုက်ရတဲ့ သာမန်လူသားတွေအဖို့ တုန်လှုပ်ချောက်ချားဖို့ ကောင်းလှပါတယ်။

ဒါပေမဲ့ အခုအချိန်မှာတော့ ကျောက်တုံးကျေးရွာဟာ အလွန်စည်ကားသိုက်မြိုက်နေပါပြီ။ အလွန်ကြီးမားလှတဲ့ ကွေသမင်ကြီးကို အပိုင်းပိုင်း ခုတ်ထစ်ပြီးသွားခဲ့ပြီ မဟုတ်လား။ တစ်ဝက်ကို သိုလှောင်ထားလိုက်ပြီး ကျန်တစ်ဝက်ကိုတော့ ကင်တဲ့အတုံးကိုကင်၊ စွတ်ပြုတ်လုပ်သောက်တဲ့ အတုံးတွေကို စွတ်ပြုတ်ချက်ပြုတ်ထားပြီးပါပြီ။ မွှေးပျံ့တဲ့ အသားကင်နံ့နဲ့ ဟင်းအနနံ့ လွင့်ပျံနေခဲ့ပါတော့တယ်။

ကျေးရွာဟာ ကမ္ဘာနဲ့ သီးခြားတည်ရှိသလို ဖြစ်နေပေမဲ့လည်း အစားအသောက် ချက်ပြုတ်ရာမှာတော့ အပြင်လောကမှာ ရှိတဲ့ စားဖိုမှုးတွေအောက် အဆင့်မနိမ့်ခဲ့ပါဘူး။

ပြောရရင် ဒီလို နေရာမျိုးမှာ နေထိုင်ကြတဲ့ လူသားတွေ အတွက် အစားအသောက်ကိုသာ မွန်းမံချက်ပြုတ်ရတာ အပြင် တခြား ရွေးချယ်စရာလည်း မရှိပေဘူး မဟုတ်လား။

ကျောက်တုံးကျေးရွာရဲ့ ဧည့်ဝတ်ကျေပွန်မှုကြောင့် ချင်းကျူလည်း အလကား မစားသောက်ချင်ခဲ့ပါဘူး။ သူ့လက်စွပ်ထဲကနေ ဝိညာဉ်သစ်သီးတွေ ဝိညာဉ်အရက်တွေကို ထုတ်ပေးလိုက်ပြီး အားလုံးနဲ့ မျှဝေစားသောက်ဖြစ်ခဲ့ပါတယ်။

ဝိညာဉ်သစ်သီး အများစုက အဆင့်တစ် နှစ်လောက်သာ ရှိသလို ဝိညာဉ်အရက်ကလည်း ဆယ်စုနှစ် အနည်းငယ်လောက်သာ သက်တမ်း ရှိပါသေးတယ်။ သူ့အနေနဲ့ ရွာသားတွေရဲ့ တန်ခိုးကျင့်စဉ် အခြေခံ နိမ့်ကျခြင်းကြောင့် မစားမသောက်နိုင်မှာကို စိုးရိမ်စရာတော့ မရှိသေးပါဘူး။

“ဘယ်လောက်တောင်မှ အစွမ်းထက်သလဲ ကြည့်စမ်း။ သူက လေထဲကနေ အရာများစွာကို ဖန်တီးနိုင်တယ်နော်”

“ဟုတ်တယ်။ ဟုတ်တယ်။ အရမ်းအစွမ်းထက်လွန်းတယ်”

“မြေကမ္ဘာ သူတော်စင်တွေမှ ဒီလိုမျိုး စွမ်းဆောင်နိုင်ကြတယ်လို့ ဂိုဏ်းချုပ်ကြီး ပြောထားတယ် မဟုတ်လား။ သူက ကောင်းကင်သူတော်စင်တောင် ဖြစ်နေပြီလား မသိဘူးနော်”

“မင်းတို့ ဘာများ သိလို့လဲ။ အဲဒီ ပစ္စည်းတွေက သူ့လက်စွပ်ထဲကနေ ထွက်လာခဲ့တာလေ။ အဲဒီလက်စွပ်ကို သိုလှောင်ခန်း လက်စွပ်လို့ ခေါ်ကြတယ်။ အပြင်လောကမှာ အဲဒီလို ရတနာတွေ အများကြီး ရှိတာပေ့ါ။ သူတို့ကို ပစ္စည်းတွေ သိုလှောင်သိမ်းဆည်းဖို့ အသုံးပြုကြတယ်လေ”

“မင်းက ဘယ်လိုသိတာလဲ”

“ဂိုဏ်းချုပ်ကြီး ပြောပြထားတာပေါ့”

ကျောက်ပြားရဲ့ အကာအကွယ်ကြောင့် မိစ္ဆားသားရဲတွေကို အမဲလိုက်ဖို့ကလွဲရင် ရွာသားတွေ အနေနဲ့ ကျေးရွာအပြင်ကို တစ်ခါမှ မထွက်ဖြစ်ခဲ့ကြပါဘူး။ ဒါကြောင့် အပြင်လောကမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို မသိကြတာ များပါတယ်။

အပြင်လောကအကြောင်း သူတို့ သိထားသမျှ သတင်းတိုင်းဟာ အဘိုးအို ပြောပြထားသမျှပါ။ ကျေးရွာအပြင်ဘက်ကို ထွက်သွားသူဆိုလို့ သူတစ်ဦးတည်းသာ ရှိခဲ့ပါတယ်။

ဒါပေမဲ့ သူနောက်ဆုံး ထွက်သွားဖြစ်တာက ဆယ်စုနှစ်တော်တော် ကြာမြင့်သွားခဲ့ပါပြီ။

“ဟား ဟား… ညီလေး.. မင်းရဲ့ ဝိညာဉ်အရက် ဘာနဲ့ ချက်ထားတာလဲ။ ငါတို့ ဖာသာ ချက်ထားတဲ့ အရက်ထက် အဆများစွာကို ကောင်းမွန်နေလို့ပါ”

“အမှန်ပဲ။ အမှန်ပဲ။ ပြီးတော့ ငါတို့ရဲ့ တန်ခိုးကျင့်စဉ် အခြေခံကိုလည်း တိုးတက်သွားစေသေးတယ်”

“အနံ့ကလည်း ဝိညာဉ်သစ်သီးအနံ့လိုပဲနော်”

“…”

ကျေးရွာထဲက ဗလကြီးတွေ ဝိညာဉ်အရက်ကို သောက်ပြီးချိန်မှာ တဖြည်းဖြည်း အူရွှင်လာပြီး ချင်းကျူကို ဝိုင်းရံရင်း ကျေးဇူးတင်စကား ပြောနေကြပပြီ။

ရိုးရိုးသားသား ပြောရရင် ယောက်ျားကြီးတွေ ဝိုင်းလာတဲ့အတွက် ချင်းကျူ တော်တော်လေး စိတ်ထဲ စနိုးစနောင့် ဖြစ်လာခဲ့ပါတော့တယ်။ တကယ်ဆို ချင်းကျူက မိန်းမတွေကိုပဲ သဘောကျတဲ့ ယောကျ်ားစစ်စစ်ပဲ မဟုတ်လား။

ဒါ့အပြင်ကို ဒီဝိညာဉ်အရက်တွေက တခြားနေရာတွေကနေ သူကောက်ယူလာခဲ့တာပါ။ ဘယ်လိုလုပ်ပြီး ရှင်းပြတတ်မလဲ။

ဒါပေမဲ့ ရှီတျန်းတစ်ယောက် အသားတုံးကြီးတစ်တုံးကို ကိုင်ထားရင်း ပြေးလွှားရောက်လာခဲ့ပြီး အူကြောင်ကြောင် နိုင်နေတဲ့ လေထုကို ဖြိုခွဲလိုက်ပါပြီ။

“အဲ… မင်းရဲ့ နာမည်ကို ငါမသိရသေးဘူး”

ချင်းကျူလည်း သက်ပြင်းချလိုက်ပြီး
“ချင်းကျူ”

“အော်”

ရှီတျန်းလည်း ခေါင်းညိတ်လိုက်ပြီး အလေးအနက်ထား ပြောလိုက်ပါပြီ။

“အပြင်ကမ္ဘာအကြောင်း ငါ့ကို ပြောပြလို့ ရမလား”

ရှီတျန်းရဲ့ မျက်လုံးတွေထဲ မျှော်လင့်ချက် အလင်းရောင် တောက်ပနေခဲ့ပါတယ်။ ကလေးငယ်တစ်ဦးက ဗဟုသုတ ငတ်မွတ်လို့ ရှာဖွေနေသလိုပါပဲ။

“ရတာပေါ့”

ချင်းကျူလည်း ချက်ချင်း သဘောတူလိုက်ပါပြီ။ ပထမ အချက်ကတော့ ဒီဗလကြီးတွေကို ရှောင်ချင်လို့ပါ။ ဒုတိယ အချက်ကတော့ အခုလို အခြေအနေမျိုးမှာ အရူးတောင်မှ ရှီတျန်းဟာ သာမန်လူတစ်ဦး မဟုတ်ကြောင်းကို သိနိုင်နေပြီ မဟုတလား။

“မင်းဘာသိချင်တာလဲ”

ချင်းကျူ ပုံမှန်လေသံနဲ့ မေးမြန်းလိုက်ပါပြီ။

“အပြင်မှာ ရှိရှိသမျှ အကြောင်းအရာ အားလုံးကို ငါသိချင်တာ”

ရှီတျန်းလည်း မိစ္ဆာသားရဲ အသားတုံးကို တစ်ကိုက် ကိုက်ချလိုက်ပြီး ပလုတ်ပလောင်း စားသောက်လိုက်ပါပြီ။

“…”

ချင်းကျူလည်း ခေါင်းကို ခါယမ်းလိုက်ပြီး ခါးသီးစွာ ပြုံးလိုက်ပါတော့တယ်။ နောက်ဆုံးတော့ သက်ပြင်းချလိုက်ပြီး
“ငါက တောင်ပိုင်းနယ်မြေကြီးကနေ လာခဲ့တာလေ။ ဒါကြောင့် တောင်ပိုင်းနယ်မြေကြီးက ကိစ္စတွေကိုပဲ သိထားတာ များပါတယ်”

ဒီလဝက်အတွင်းမှာ ချင်းကျူဟာ ဗဟိုကုန်းမြေတိုက်ကြီးက မြင့်မြတ်သော နယ်မြေတစ်ဝက်လောက်ကို ဖြတ်ကျော်ဖြစ်ခဲ့ပြီး မြို့ကြီးများစွာနဲ့ ထိတွေ့ဆက်ဆံဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း နေရာအများစုအကြောင်းကို အကြမ်းဖျင်းလောက်သာ သိထားခဲ့တာပါ။ သူကောင်းကောင်းသိတဲ့ နယ်မြေဆိုလို့ တောင်ပိုင်းနယ်မြေကြီးသာ ရှိပါသေးတယ်။

ဒါကြောင့် ချင်းကျူလည်း ပွင့်ပွင့်လင်းလင်း ပြောလိုက်တာပါ။ ဝိညာဉ်ဗဟိုကမ္ဘာအကြောင်းကို ချင်းကျူ နည်းနည်းလေးသာသိထားပါသေးတယ်။ ပြောရရင် ရွှမ်းရီတောင်တန်းမှာ ၁၀ နှစ်ကျော်လောက်ပဲ သူနေထိုင်ဖြစ်ခဲ့သေးတယ် မဟုတ်လား။

ဒါပေမဲ့ ချင်းကျူရဲ့ ရှင်းပြမှုကြောင့် ရှီတျန်းတစ်ယောက် စိတ်လိုလက်ရ နားထောင်နေရုံတင် မကတော့ပဲ တခြားလူငယ်လေးတွေပါ ချင်းကျူကို ဝိုင်းလာခဲ့ကြပါပြီ။ အရက်မူးနေတဲ့ ဗလကြီးတွေပါ ချင်းကျူ ပြောစကားကို စိတ်ဝင်တစား ဆက်လက် နားထောင်နေကြပါတော့တယ်။

သူတို့တွေ အားလုံး မိစ္ဆာသားရဲ တောင်တန်းဒေသမှာ ဆယ်စုနှစ်များစွာ နေထိုင်ခဲ့ကြရတာပါ။ သက်ကြီးရွယ်အိုတွေကနေ ကလေးတွေ အဆုံး အပြင်လောကအကြောင်း အလွန်စိတ်ဝင်စားနေခဲ့ကြပါတယ်။ အခုတော့ အပြင်လောက အကြောင်း ရှင်းပြနိုင်သူ တစ်ဦး ရောက်လာခဲ့ပြီ ဖြစ်တာကြောင့် သူတို့တွေ ဒီအခွင့်အရေးကို လက်လွှတ်မခံနိုင်တော့ပါဘူး။

ချင်းကျူလည်း ပါမောက္ခတစ်ဦးက တပည့်တွေကို ပညာသင်ကြားပေးတော့မယ့်အလား တခဏ စကားရပ်လိုက်ပါပြီ။

“အော်.. အပြင်လောကဆိုတာ အဲဒီလိုလား။ ငါတို့ မိစ္ဆာတောင်တန်း ဒေသလောက်တောင် လုံခြုံမှု မရှိဘူးလိုပဲနော်”

လူငယ် တန်ခိုးရှင်တစ်ဦး သက်ပြင်းချလိုက်ပါတော့တယ်။

“ဟုတ်တယ်။ ဟုတ်တယ်။ ဒီမှာ နေရတာကမှ ဘေးကင်းလုံခြုံသေးတယ်လေ”

တခြား တစ်ဦးလည်း ထောက်ခံလိုက်ပါပြီ။

“…”

ချင်းကျူ
“…”

ပကျူး ပကျူး ပကျူး
ကျီးကန်းတစ်ကောင် ဖြတ်ပျံသန်းသွား။

ချင်းကျူ ဆွံ့အသွားခဲ့ပေမဲ့လည်း သေချာ စဉ်းစားကြည့်မယ်ဆိုရင်တော့ သူတို့ ပြောစကားက မမှားလှပါဘူး။  ဒီနေရာမှာ မိစ္ဆာသားရဲတွေကို အမြဲတမ်းလိုလို သတိထားနေရပေမဲ့လည်း ကျောက်တုံးကျေးရွာ ပိုင်နက်ထဲ ရောက်လာတဲ့ အချိန်မှာ လုံး၀ ဘေးကင်းလုံခြုံသွားပါပြီ။

အပြင်လောကမှာတော့ တစ်ချက်လောက် သတိပေါ့လျော့သွားတာနဲ့ အဖွဲ့အစည်းတစ်ခုရဲ့ ခြေမှုန်းခြင်း ခံလိုက်ရပြီး အသက်ပျောက်သွားပါလိမ့်မယ်။ ဒါ့အပြင်ကို အပြင်လောကမှာ ပုန်းဖို့ နေရာလည်း မရှိပါဘူး။

“ငါ အပြင်ကို ထွက်ကြည့်ချင်တယ်ကွာ”

ဒီအချိန်မှာတော့ လူငယ်လေးဟာ ပြတ်သားစွာ ပြောလိုက်ပါပြီ။ သူ့အရှေ့မှာ တခြားကမ္ဘာလောကရဲ့ တံခါးကြီးကို လှမ်းမြင်နေရတဲ့အလား။ သူမျှော်လင့်ချက်တွေ အပြည့် ရှိနေခဲ့ပါတယ်။

ချက်ချင်းဆိုသလိုပဲ အားလုံး ရှီတျန်းကို လှမ်းကြည့်လိုက်ပြီး မရေမရာမှုတွေနဲ့ ပြောလိုက်ပါပြီ။

“တျန်းကလေး။ မင်းက အပြင်လောကကို ထွက်ကြည့်ချင်လို့လား။ အရမ်းအန္တရာယ် များတယ်နော်”

“အမှန်ပဲ.. ဒီညီလေးလည်း ပြောပြနေတယ် မဟုတ်လား။ အပြင်လောကမှာ လူဆိုးတွေက နေရာတိုင်းမှာ ရှိနေတယ်နော်”

“ငါ့အမြင်ကတော့ တျန်းကလေးက အသက် ၁၅ နှစ်ပဲ ရှိသေးတယ်။ ငါတို့ ကျေးရွာရဲ့ အစွမ်းအထက်ဆုံး တန်ခိုးရှင် ဖြစ်နေပြီ။ သူအပြင်ထွက်ပြီး စွန့်စားကြည့်တာ မှားတော့ မမှားပါဘူးလေ”

“အမှန်ပဲ။ တျန်းကလေးရဲ့ ပါရမီနဲ့ဆိုရင် အပြင်လောကမှာ စူပါ ပါရမီရှင်တစ်ဦး ဖြစ်သွားလိမ့်မယ်။ ဟုတ်တယ်မလား”

ရှိနေကြသူ အားလုံး ရှီတျန်းရဲ့ ဆုံးဖြတ်ချက်ကြောင့် ဆွေးနွေးကုန်ကြပါပြီ။

ကျောက်တုံးကျေးရွာက ရွာသားတွေဟာ အလွန်ရိုးသားကြပါတယ်။ တော်တော်များများက အပြင်လောကမှာ အန္တရာယ်တွေ ရင်ဆိုင်ရမှာ စိုးရိမ်တဲ့အတွက် ရှီတျန်းကို မထွက်သွားစေချင်ကြပါဘူး။

နောက်တစ်ဖွဲ့ကတော့ ရှီတျန်းကို ယုံကြည်ခဲ့ကြပါတယ်။ သူ့ရဲ့ ပါရမီစွမ်းနဲ့ဆိုရင် အန္တရာယ်မတွေ့နိုင်ဘူး မဟုတ်လား။

ပြောရမယ် ဆိုရင် ၁၅ နှစ်အရွယ် ဝမ်ရှင်းသူတော်စင် တစ်ဦးဟာ မြင့်မြတ်သော မဟာကုန်းမြေကြီး ရှစ်ခုဆီ ရောက်သွားရင်တောင်မှ ပါရမီရှင်အဖြစ် သတ်မှတ်ရမှာပါ။

ဒီအချိန်မှာတော့ ချင်းကျူရဲ့ စကားတွေကြောင့် လူငယ်လေးအပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိသွားခဲ့တယ် ဆိုတာနဲ့ လူငယ်လေးဟာ အနာဂတ်မှာ ဘယ်လိုလူစားမျိုး ဖြစ်လာမယ် ဆိုတာကို ဘယ်သူမှ သတိမထားမိခဲ့ကြပါဘူး။

“တိတ်ကြစမ်း”

အဘိုးအိုဟာ တောင်ဝှေးကို ထောက်ရင်း အလေးအနက်ထား ပြောလိုက်ပါပြီ။
“ရှီတျန်း.. မင်းအပြင်ကမ္ဘာကို ထွက်ကြည့်ချင်တယ်ဆိုတာ သေချာလား”

ဒါကို ကြားလိုက်ရတော့ ရှီတျန်းလည်း တွေဝေမနေပဲ ချက်ချင်း ခေါင်းညိတ်လိုက်ပါပြီ။

“ဟုတ်ကဲ့”

“အပြင်လောကရဲ့ အန္တရာယ်တွေကိုကော မကြောက်ဘူးလား”

“မကြောက်ပါဘူး”

“ဟား ဟား ဟား.. ကောင်းတယ်။ ငါတို့ ကျောက်တုံးကျေးရွာသားရဲ့ ယောက်ျား ပီသပါပေတယ်။ ဒီလိုပဲ ဖြစ်ရမယ်လေ”

အဘိုးအို ဝမ်းသာစွာ ပြောလိုက်ပါပြီ။ အဘိုးအိုဟာ ရှီတျန်း ဒီစကား ပြောလာတာကို နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရတယ်ဆိုတာ ဘယ်သူက သိနိုင်ပါလိမ့်မလဲ။

အဲဒီတုန်းက အဘိုးအိုနဲ့အတူ ကျေးရွာက တန်ခိုးရှင်တချို့ ခရီးထွက်ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးတော့ သူတို့တွေ ဒဏ်ရာအပြင်းအထန် ရခဲ့ပြီး အဘိုးအို တစ်ဦးတည်းသာ ပြန်ရောက်လာခဲ့ပါတော့တယ်။ အဘိုးအို အပြင်းဖျားခဲ့ပါတယ်။

ဆယ်စုနှစ် များစွာ ကြာသည်အထိ အဘိုးအိုဟာ လက်စားချေဖို့ လုံး၀ မတွေးခဲ့ပါဘူး။

နောက်ဆုံးတော့ မျှော်လင့်ချက်ကို သူတွေ့လာရပါပြီ။

“ရှီတျန်း.. အပြင်လောကထဲ မင်းခရီးနှင်ဖို့ကို ငါခွင့်ပြုပေးနိုင်တယ်။ ဒါပေမဲ့ ငါ့ကို တစ်ခုတော့ ကတိပေးရမယ်”

အဘိုးအိုလည်း အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး အလေးအနက်ထား ပြောလိုက်ပါပြီ။

အဘိုးအိုဟာ သူ့ရင်ထဲ ဆယ်စုနှစ်များစွာ ကြာမြင့်အောင် ကိစ္စတစ်ခုကို သိမ်းဆည်းထားခဲ့ပါတယ်။ ဘယ်သူ့ကိုမှ ဒီအကြောင်း မပြောပြခဲ့ပါဘူး။ အခုတော့ တစ်ရွာလုံးအရှေ့မှာ သူပြောပြပါတော့မယ်။

“ဘာဖြစ်လို့လဲ”

ရှီတျန်းလည်း ပြုံးလိုက်ပါပြီ။

“ချန်းပိုင်ရွှမ်ဆိုတဲ့ လူတစ်ယောက်ကို ရှာပြီး သတ်ပေးပါ”

အဘိုးအိုရဲ့ မျက်လုံးတွေ သွေးနီရောင် သန်းနေပါပြီ။ သူအံကို တင်းတင်းကြိတ်လိုက်ပါတော့တယ်။

ချင်းကျူ
“??”

ဘာတွေလဲ။

ဘာဖြစ်လို့ ဒီဇာတ်ညွှန်းက သူထင်ထားတာထက် ပိုပြီး ရှုပ်ထွေးနေတာလဲ။

တစ်ခုခုများ မှားယွင်းသွားပြီလား။

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 10
Chapter 5
မြင့်မြတ်သော မှော်ပစ္စည်း

ညနက်ချိန်မှာတော့ မီးပုံကို ငြိမ်းလိုက်ပါပြီ။ ရွာသားတွေလည်း အိမ်ပြန်အိပ်ကြသူတွေ အိပ်ကြသလို မျက်လုံးမှိတ်ပြီး တရားကျင့်သူတွေလည်း ကျင့်နေကြပါပြီ။

မိစ္ဆာသားရဲ တောင်တန်းဒေသမှာ နေထိုင်ကြသူတွေအဖို့ ခွန်အားက အရေးအကြီးဆုံးလို့ ဆိုရပါလိမ့်မယ်။ မဟုတ်ဘူးဆိုရင် သူတို့တွေ အားလုံး ငတ်ပြတ်ပြီး သေဆုံးသွားရမှာပါ။

ဇီဖူအဆင့်နဲ့အထက် တန်ခိုးရှင်တွေ အနေနဲ့ စားသောက်ဖို့ မလိုအပ်တော့ဘူး ဆိုပေမဲ့လည်း လူတိုင်းက ဇီဖူအဆင့်ကို ရောက်နိုင်ကြတာ မဟုတ်ပါဘူး။

ဒါ့အပြင် မိစ္ဆာသားရဲတွေရဲ့ အသားတွေထဲမှာ ဝိညာဉ်ကီစွမ်းအင် ပမာဏ များစွာ ပါဝင်ပြီး တန်ခိုးရှင်လမ်းစဉ် လျှောက်လှမ်းရာမှာ အထောက်အကူ ပြုပေးနိုင်ပါတယ်။

ဒါကြောင့်လည်း သူတို့တွေ အားလုံး ခက်ထန်ကြမ်းတမ်းနေကြတာပါ။ မိစ္ဆာသားရဲ အသားကို အချိန်ကြာမြင့်စွာ စားသောက်ခဲ့တာကြောင့် တချို့တွေဟာ တန်ခိုးရှင်တွေ မဟုတ်ကြပေမဲ့လည်း ခန္ဓာကိုယ် ခွန်အားဟာ သာမန်လူသားတစ်ဦးထက် သာလွန်သွားခဲ့ပါပြီ။ သူတို့တွေဟာ ကီလိုဂရမ် ရာပေါင်းများစွာ လေးလံနဲ့ ပစ္စည်းတွေကို အလွယ်ကလေး ကိုင်ပေါက်နိုင်ကြပါတယ်။

တကယ်လို့ ဒီလို အစွမ်းနဲ့ တောင်ပိုင်းနယ်မြေကြီးကို သူတို့ ရောက်ရှိခဲ့မယ် ဆိုရင် အဖွဲ့အစည်းလေးတစ်ခုနဲ့ကို ရင်ဘောင်တန်းနိုင်လောက်ပါတယ်။ ပြီးတော့ သူတို့မှာ ဝမ်ရှင်းသူတော်စင် တန်ခိုးရှင် နှစ်ဦးလည်း ရှိနေသေးတယ် မဟုတ်လား။

ဟူး

အေးမြတဲ့ လေပြည်တိုက်ခတ်သွားခဲ့ပါပြီ။ ကျောက်ပြားဟာ ကျေးရွာအပြင်ဘက်မှာ တိတ်ဆိတ်စွာ ရှိနေမြဲ။ ဒီကျောက်ပြားဟာ ဘာမှ မထူးဆန်းတဲ့ ကျောက်ပြားတစ်ချပ်လိုပါပဲ။

ဒါပေမဲ့လည်း ဒီကျောက်ပြားကြောင့်သာ မိစ္ဆာသားရဲတွေ ကျောက်တုံးကျေးရွာအနီးကို မချည်းကပ်ဝံ့ခဲ့ကြတာပါ။

ချင်းကျူနဲ့ ဆုယန်တို့ အိမ်တစ်လုံးစီမှာ ခွဲနေခဲ့ကြပါတယ်။ ယန့်ရှီဟာ မီးပုံပွဲမှာ အလွန်ပျော်ရွှင်စွာ စားသောက်ခဲ့ရပါတယ်။ အခုအချိန်မှာတော့ သူမဦးခေါင်းအထက်က ဆံပင်လေးတလူလူနဲ့ ချင်းကျူလက်ချောင်းတွေအကြား အိပ်မောကျနေပါပြီ။

ချင်းကျူနဲ့ လိုက်လာချိန်ကစလို့ ယန့်ရှီတစ်ယောက် တရားကျင့်ကြံခြင်း သိပ်မရှိခဲ့ပါဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက အဆင့်သုံးဝိညာဉ်ဆေးပင်အဖြစ် သူမ အဆင့်တက် အောင်မြင်သွားခဲ့ပါတယ်။

သူမရဲ့ တန်ခိုးကျင့်စဉ် အခြေခံ တိုးတက်နှုန်းဟာ အံ့မခန်းပါပဲ။

ဆုယန်ပြောသလို ဆိုရင်တော့ ဒါက နဂါးသွေးနဲ့ ရေချိုးပြီးချိန်ကစလို့ ယန့်ရှီရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံ ပြောင်းလဲသွားခြင်းကြောင့်ပါ။

မဟာစကြ၀ဠာ နဂါးကြီးဟာ နတ်ဘုရားသွေးမျိုးဆက် စူပါ မိစ္ဆာသားရဲကြီးပဲ မဟုတ်လား။ ယန့်ရှီဟာ မြေကမ္ဘာ အဆင့် မဟာစကြ၀ဠာ နဂါးကြီးရဲ့ သွေးနဲ့သာ ရေချိုးခဲ့ခြင်း ဖြစ်ပေမဲ့လည်း သူမရဲ့ ခန္ဓာကိုယ် ဖွဲစည်းပုံ ပြောင်းလဲသွားဖို့ လုံလောက်ခဲ့ပါတယ်။ မဟုတ်ဘူးဆိုရင် အဆင့်နှစ် ဆေးပင်ဖြစ်ကတည်းက သူမအနေနဲ့ လူသားအသွင် ပြောင်းလဲနိုင်လိမ့်မယ် မဟုတ်ပါဘူး။

ယန့်ရှီရဲ့ အခုလက်ရှိ အစွမ်းဟာ ဇီဖူအဆင့် တန်ခိုးရှင်ထက် သာလွန်နေပြီ ပြောတယ်ဆိုရင် ပိုပြောတာ မဟုတ်တော့ပါဘူး။ သူမရဲ့ အရွယ်အစားနဲ့ အမြန်နှုန်းကိုပါ ထည့်ပေါင်းလိုက်မယ်ဆိုရင် သိုင်းပညာကို သူမ တစ်ခါမှ မလေ့ကျင့်ထားပေမဲ့ အထင်သေးလို့မရတဲ့ အထဲ ပါဝင်သွားခဲ့ပါပြီ။

နောင်ကျရင် ယန့်ရှီဟာ နတ်ဘုရားသွေးမျိုးဆက် သားရဲကောင်ရဲ့ သွေးကို နှိုးထစေနိုင်ပါလိမ့်မယ်။ အဲဒီအချိန်ကျရင် သူမ ပိုပြီး အစွမ်းထက်လာမှာပါ။

“အင်း.. အရသာ ရှိလိုက်တာ”

“အရမ်းအရသာရှိတာပဲ”

ယန့်ရှီတစ်ယောက် အိပ်စက်နေချိန်မှာ နှာခေါင်းတရှုံ့ရှုံ့နဲ့ စားကောင်းသောက်ဖွယ်တွေကို အနံ့ရနေတဲ့အလား ယောင်ရမ်းနေပါပြီ။

ချင်းကျူ
“…”

အိပ်မက်ထဲမှာတောင် စားဖို့ မမေ့ဘူး ကြည့်စမ်း။ ဒီအဖြစ်အပျက်က ချင်းကျူကို ဆွံ့အသွားစေခဲ့ပါတယ်။

“ဆရာ… ဒါက ဆရာ့ဖို့။ ဒါက သမီးဖို့”

ယန့်ရှီ ထပ်ပြီး ရေရွတ်လိုက်ပါပြီ။

ဒီစကားကြောင့် ချင်းကျူရင်ထဲ ပီတိဖြာသွားပါတော့တယ်။ အိပ်မက်ထဲ စားသောက်နေတုန်းတောင် ယန့်ရှီကို သူ့ကို မမေ့ပေဘူးပဲ။

“ဟီး ဟီး.. ဆရာ့ဖို့ ဖင်သားဖယ်ပေးထားတာလေ။ သမီး ဉာဏ်ကောင်းတယ် မဟုတ်လား”

ချင်းကျူ
“…”

ပကျူး ပကျူး ပကျူး
ကျီးကန်းတစ်ကောင် ဖြတ်ပျံသန်းသွား။

ယန့်ရှီကို ချင်းကျူ သေအောင် ပိတ်ရိုက်ချင်စိတ် ဖြစ်ပေါ်လာခဲ့ပါပြီ။

“ဟူး.. တော်ပါပြီ။ ငါလည်း အိပ်တော့မယ်”

ချင်းကျူလည်း ခေါင်းကို ခါယမ်းလိုက်ပြီး ဖြည်းဖြည်းချင်း လဲချလိုက်ပါပြီ။ ရှီတျန်းကို အဘိုးအို ပြောလိုက်တဲ့ စကား ချင်းကျူ ပြန်အမှတ်ရမိခဲ့ပါတယ်။ ချန်းပိုင်ရွှမ်းဆိုတဲ့ တစ်ယောက်ကို တွေ့အောင်ရှာပြီး သတ်ပေးပါ။

ရှီတျန်းက ချန်းပိုင်ရွှမ်းကို သတ်ပေးရမှာလား။

ဒီဇာတ်ညွှန်းက နည်းနည်းတော့ ထူးဆန်းနေတယ်။

ကြည့်ရတာ အဘိုးအိုက ကျေးရွာက တန်ခိုးရှင်တွေနဲ့ အပြင်ထွက်သွားချိန်မှာ ချန်းပိုင်ရွှမ်းဆိုသူနဲ့ ရတနာတစ်ခုခုကို လုယူရင်း တိုက်ပွဲဖြစ်ခဲ့ပုံ ရတယ်။

ထင်ထားသလိုပဲ ချန်းပိုင်ရွှမ်းက အနိုင်ရသွားပြီး တခြားတန်ခိုးရှင်ကို သတ်ပစ်ခဲ့လိမ့်မယ်။

နောက်ဆုံးတော့ မိတ်ဆွေရင်းတွေ အသက်စွန့် ကူညီပေးလို့ အဘိုးအို လွတ်မြောက်သွားတာ ဖြစ်နိုင်တယ်။

အဲဒီအချိန်မှာပဲ အဘိုးအို ဒဏ်ရာအပြင်းအထန် ရထားလိမ့်မယ်။ ဒါကြောင့် သူ့ခန္ဓာကိုယ် အားနည်းသွားခဲ့ပြီ။ ဝမ်ရှင်းသူတော်စင် တစ်ဦး ဖြစ်နေပေမဲ့လည်း သူ့စွမ်းအင်တွေကို ဒီတိုင်း အသုံးမပြုနိုင်လောက်တော့ဘူး။ သူ့အစွမ်း ထုတ်သုံးလိုက်ရင် သွေးအန်ပြီး အတွင်းဒဏ် ပြန်ရသွားနိုင်တယ်။  အဆိုးဆုံး အခြေအနေဆို သူသေဆုံးသွားလိမ့်မယ်။

ဒါပေမဲ့ ကံကောင်းချင်တော့လည်း မိတ်ဆွေတွေ အသက်စွန့် ကာကွယ်ပေးမှုကြောင့် ရတနာကို ကျေးရွာဆီ ပြန်ယူလာနိုင်ခဲ့တယ် ထင်တယ်။  အဲဒီ ရတနာကြောင့်လည်း ရှီတျန်းဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဝမ်ရှင်းသူတော်စင် အဆင့်ကို ခြေချလိုက်နိုင်တာ ဖြစ်လိမ့်မယ်။

ဒီရတနာဟာ ခန္ဓာကိုယ် ဖွဲ့စည်းပုံကို ပြောင်းလဲပေးနိုင်တဲ့ အဆင့်ငါး ဆေးပင် ဖြစ်လိမ့်မယ်။ ဒီဆေးပင်ဟာ နဂါးသွေးမှာ ရေချိုးလိုက်ခြင်းနဲ့ အာနိသင်ခြင်း တူညီလိမ့်မယ်။

ကွာခြားချက်ကတော့ ဝိညာဉ်ဆေးပင်ရဲ့ အာနိသင်က ပိုပြီး သိမ်မွေ့ခဲ့တာပဲ။ နဂါးသွေးရဲ့ အာနိသင်က ပြင်းထန်လွန်းတယ်။

အဘိုးအို ပြန်ရောက်လာပြီးနောက်မှာ ဝိညာဉ်ဆေးပင်ကို ခြံဝန်းနောက်မှာ စိုက်ပျိုးပြီး ရင့်မှည့်သည်အထိ စောင့်စားဖြစ်ခဲ့ပါတယ်။

အစောပိုင်းမှာတုန်းက အဘိုးအိုဟာ ဒီဆေးပင်ကို သောက်ပြီး အတွင်းဒဏ်ရာတွေကို ကုသဖို့ စဉ်းစားလိုက်ပါသေးတယ်။ ဒါပေမဲ့ သူ့ရဲ့ တန်ခိုးကျင့်စဉ် အခြေခံနဲ့ဆို ဘယ်လိုမှ လက်စားချေနိုင်မှာ မဟုတ်ပါဘူး။

ဒီအချိန်မှာပဲ အမဲလိုက်ထွက်သွားတဲ့ ရွာသားတွေဟာ ပြန်ရောက်လာခဲ့ပြီး မွေးကင်းစ ကလေးငယ်တစ်ဦးကိုလည်း ကောက်ရခဲ့ကြပါတယ်။ ဒီကလေးငယ်ကို သူတို့တွေ မွေးစားဖို့ ဆုံးဖြတ်လိုက်ကြပါပြီ။

ကလေးငယ် တဖြည်းဖြည်း အရွယ်ရောက်လာချိန်မှာ အံ့မခန်း ပါရမီစွမ်းဟာ ပိုပြီး ထင်ရှားလာခဲ့ပါတယ်။ အဘိုးအိုလည်း ကလေးငယ်ကို ကြည့်ရင်း လက်စားချေဖို့ မျှော်လင့်ချက် အလင်းရောင်ကို မြင်လာရပါပြီ။ ဒါကြောင့် ကလေးငယ်ကို ရှီတျန်းလို့ နာမည်ပေးလိုက်ပါတော့တယ်။ ဒီနာမည်ဟာ တာဝန်ကြီးတစ်ခုကို ထမ်းဆောင်ထားရသူရဲ့ နာမည်ပါပဲ။ ဝိညာဉ်ဆေးပင်တွေကိုလည်း ကလေးငယ်ကို တိုက်ကျွေးပြီး ပြုစုပျိုးထောင်ဖြစ်ခဲ့ပါတယ်။

ဒီစကားကို ကြားလိုက်ရတော့ အတုန်လှုပ်ရဆုံး ပုဂ္ဂိုလ်က ရှီတျန်းပါ။ အဘိုးက သူ့ကို အပြင်ကမ္ဘာကနေ ကောက်ယူမွေးစားခဲ့တယ်လို့ တစ်ခါမှ မပြောဖူးခဲ့ပါဘူး။

ဒါပေမဲ့ ဆေးပင်တွေ အကြောင်းတော့ ရှီတျန်း ကြားဖူးခဲ့ပါတယ်။ သူအသက် ခြောက်နှစ်အရွယ်တုန်းက အဘိုးအိုဟာ သူ့ကို ဆေးအိုးကြီးထဲ ရေချိုးခိုင်းခဲ့တာကြောင့်ပါ။

ဆေးရည်နဲ့ ရေချိုးပြီးချိန်မှာ ခန္ဓာကိုယ် ဖွဲ့စည်းပုံ သိသိသာသာ ပြောင်းလဲလာကြောင်း ရှီတျန်း ခံစားမိခဲ့ပါတယ်။ သူ့ရဲ့ ခွန်အားကော တန်ခိုးကျင့်စဉ် အခြေခံကော သိသိသာသာ တိုးတက်လာခဲ့ပါပြီ။

“ဂိုဏ်းချုပ်ဘိုးဘိုး… စိတ်မပူပါနဲ့။ အဲဒီလူက ဘယ်သူပဲ ဖြစ်ပါစေ ကျွန်တော် ရအောင် ရှာပြီး သတ်ပေးပါ့မယ်”

ရှီတျန်းလည်း တည်ကြည်လေးနက်စွာနဲ့ အဘိုးအိုရဲ့ တောင်းဆိုမှုကို လက်ခံလိုက်ပါပြီ။

ဒါကို စဉ်းစားရင်း ချင်းကျူတစ်ယောက် ရှီတျန်းနဲ့ ချန်းပိုင်ရွှမ်ရဲ့ တိုက်ပွဲကို မြင်ယောင်ကြည့်နေမိခဲ့ပါတယ်။

“အင်း”

ချင်းကျူ မျက်မှောင်ကြုတ်လိုက်ပြီး ဝိညာဉ်အာရုံကို ဖြန့်ကျက်လိုက်ပါပြီ။ ပုံမှန်မဟုတ်တဲ့ အခြေအနေ တစ်ခုကို ချက်ချင်း သတိထားမိခဲ့ပါတယ်။

အမှောင်ထုထဲမှာ အဘိုးအိုဟာ ကျောက်တုံးအိမ်လေးထဲကနေ တောင်ဝှေးကို အားပြုပြီး လမ်းလျှောက် ထွက်လာခဲ့ပါပြီ။ အဘိုးအိုဟာ ကျောက်ပြားအရှေ့မှာ ဒူးထောက်ချလိုက်ပါတော့တယ်။

“အို… မြင့်မြတ်လှသော ကျောက်တုံး နတ်ဘုရား… ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် တျန်းကလေးကို ဘေးကင်းလုံခြုံအောင် စောင့်ရှောက်ပေးပါ”

အဘိုးအိုဟာ လက်ဝါးနှစ်ဖက်ကို ပူးကပ် လက်အုပ်ချီပြီး အလေးအနက်ထား ဆုတောင်းနေခဲ့ပါတယ်။

“တျန်းကလေးကို ဒီလောက်အထိ ကျွန်တော် မတောင်းဆိုသင့်ပါဘူး။ ဒါပေ.. ဒါပေမဲ့လည်း.. ကျွန်တော် … မစွန့်လွှတ်နိုင်ခဲ့ဘူး”

ချန်းပိုင်ရွှမ် ဘယ်လောက် အစွမ်းထက်ကြောင်း အဘိုးအို ကောင်းကောင်း သိထားပါတယ်။ အခုဆို ဆယ်စုနှစ်များစွာ ကုန်လွန်သွားခဲ့ပါပြီ။ ချန်းပိုင်ရွှမ်ဟာ မူလတာအို သူတော်စင် အဆင့်ကို ရောက်ရှိနေမှာ မြေကြီးလက်ခတ် မလွဲပါဘူး။

ဒါပေမဲ့ လက်စားချေဖို့ကို အဘိုးအို စွဲလမ်းနေခဲ့ပါတယ်။

အချိန်တိုင်းလိုလို သေဆုံးခဲ့ရတဲ့ ရဲဘော်ရဲဘက် မိတ်ဆွေတွေကို အဘိုးအို သတိရနေဆဲပါ။ ချန်းပိုင်ရွှမ်ကို ရှင်လျက်နဲ့ အရေခွံ စုတ်ပစ်ချင်စိတ် အမြဲတမ်း ဖြစ်နေခဲ့ပါတယ်။

ဒါပေမဲ့လည်း သူ့ရဲ့ တန်ခိုးကျင့်စဉ် အခြေခံနဲ့ ဘယ်လိုမှ မတတ်နိုင်တော့ပါဘူး။

ဒါကြောင့်လည်း ရှီတျန်းကို အဘိုးအိုက ယုံကြည်မှု အားလုံး ပုံအပ်ခဲ့တာပါ။

ဘယ်လိုပဲ ဖြစ်ဖြစ် ဆယ်စုနှစ် တစ်ခုကျော် အတူနေထိုင်ခဲ့ပြီးချိန်မှာ အပြစ်မဲ့တဲ့ ကလေးလေးကို သူ့ရဲ့ မြေးတစ်ဦးအဖြစ် အဘိုးအို သံယောဇဉ် တွယ်နေပါပြီ။ လက်စားချေလိုစိတ်ကို သူမစွန့်လွှတ်နိုင်ပေမဲ့လည်း ဒီကိစ္စကြောင့် ရှီတျန်း ဒဏ်ရာအပြင်းအထန် ရမှာကိုတော့ မလိုလားခဲ့ပါဘူး။

ဒီ ဒီ ဒီ

သူ့စကား အဆုံးမှာတော့ ကျောက်ပြားဟာ အနက်ရောင် အလင်းတွေနဲ့ တောက်ပလာခဲ့ပါပြီ။ ဒီကျောက်ပြားဟာ အဘိုးအိုရဲ့ ဆုတောင်းသံကို ပြန်လည် တုန့်ပြန်လိုက်သလိုပါပဲ။

ဒါကို တွေ့လိုက်ရတော့ အဘိုးအိုလည်း ချက်ချင်း ဦးချကန်တော့လိုက်ပါပြီ။
“ကျေးဇူး အများကြီး တင်ပါတယ်.. အိုကျောက်တုံး နတ်ဘုရား”

ဆယ်ကြိမ်လောက် ရှိခိုးဥိးချလိုက်ပြီးချိန်မှာ အဘိုးအိုတစ်ယောက် အခန်းဆီကို ပျော်ရွှင်စွာ ပြန်လာခဲ့ပါပြီ။

ဒီမြင်ကွင်းကို မြင်နေရတဲ့ ချင်းကျူလည်း ခဧလောက် စဉ်းစားပြီးချိန် ခန္ဓာကိုယ် လျှပ်တပြက် လှုပ်ရှား ပျောက်ကွယ် သွားပါတော့တယ်။ ယန့်ရှီကိုလည်း တစ်ပါတည်း ခေါ်ဆောင်ပြီး ကျောက်ပြားနံဘေးမှာ ချင်းကျူ ပြန်ပေါ်လာခဲ့ပါပြီ။

ဒီ ဒီ ဒီ

ချင်းကျူကို တွေ့လိုက်ရတော့ ကျောက်ပြားဟာ အနက်ရောင် အလင်းတွေကို ထုတ်လွှင့်လိုက်ချိန်မှာပဲ ချင်းကျူက လက်ဝါးနဲ့ ကျောက်ပြားကို တစ်ချက် ပုတ်လိုက်ပါပြီ။ ချက်ချင်းဆိုသလိုပဲ ကျောက်ပြားဟာ ပြန်လည် တည်ငြိမ်သွားပြီး အနက်ရောင် အလင်းတွေ ပျောက်ကွယ်သွားပါတော့တယ်။

“စိတ်ဝင်စားစရာပဲ။ မင်းက မြင့်မြတ်သော မှော်ပစ္စည်းတစ်ခု မဟုတ်လား”

ချင်းကျူ အဓိပ္ပာယ် ပါပါ ပြောလိုက်ပါတော့တယ်။

မြင့်မြတ်သော မှော်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ချင်းကျူ များများစားစား မသိထားပါဘူး။ ပြောရရင် ဘာမှကို မသိထားဘူးလို့ ဆိုနိုင်ပါတယ်။

ဒါပေမဲ့ ဝိညာဉ်ကလန်ကနေ သိမ်းဆည်းလာခဲ့တဲ့ မြင့်မြတ်သော မှော်ပစ္စည်းတစ်ခုဟာ သူ့လက်စွပ်ထဲ ရှိနေဆဲပါ။ ဒီမြင့်မြတ်သော မှော်ပစ္စည်းဟာ တစ်ပိုင်းတစ်စသာ ပြုလုပ်ထားတဲ့ ပစ္စည်းဖြစ်ပြီး မှော်ရတနာ ဝိညာဉ်ကို မပိုင်ဆိုင်ထားသေးပါဘူး။

ဒီကျောက်ပြားကတော့ မှော်ရတနာ ဝိညာဉ်ကို ပိုင်ဆိုင်ထားတဲ့ တကယ့် မြင့်မြတ်သော မှော်ပစ္စည်းတစ်ခု ဖြစ်နေလောက်ပါပြီ။

“…”

ကျောက်ပြားဟာ တိတ်ဆိတ်ငြိမ်သက်နေဆဲ။ ဘာမှလည်း ထူးခြားနေပုံ မရှိခဲ့ပါဘူး။ ဒီကျောက်ပြားဟာ မြင့်မြတ်သော မှော်ပစ္စည်းတစ်ခု ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ။

❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 10
Chapter 6
မင်းအသွင် ပြန်ပြောင်းသင့်တယ်

“မင်းဆီကနေ ဘာမှ မသိနိုင်ဘူးဆိုတော့ ငါကိုယ်တိုင် ကြည့်ကြည့်ရတော့မှာပေါ့”

ချင်းကျူ သက်ပြင်းချလိုက်ပါတော့တယ်။

“မလုပ်ပါနဲ့။ မလုပ်.. ပါနဲ့”

အစတုန်းက တည်ငြိမ်ပြီး မလှုပ်မယှက် ဖြစ်နေတဲ့ ကျောက်ပြားဟာ ရုတ်တရက် စကားပြောလာခဲ့ပါပြီ။ သူ့စကားဟာ ကလေးငယ်တစ်ဦးရဲ့ စကားသံလိုပါပဲ။

ချင်းကျူ
“…”

ပကျူး ပကျူး ပကျူး
ကျီးကန်းတစ်ကောင် ဖြတ်ပျံသွား။

ငါအိပ်မက် မက်နေတာလား။

ဒီပစ္စည်းက တော်တော်လေး ထူးဆန်းနေတယ်။

“မင်း.. မင်းက ဘယ်သူလဲ။ ဘာ.. ဘာဖြစ်လို့ ငါတို့ ရွာကို ရောက်လာခဲ့တာလဲ”

ကျောက်ပြားဟာ တုန်လှုပ်ချောက်ချားစွာနဲ့ ချင်းကျူကို မေးမြန်းလိုက်ပါပြီ။

မတတ်နိုင်ဘူးလေ။ ချင်းကျူက အရမ်းကြောက်စရာကောင်းနေတယ် မဟုတ်လား။ သူ့ဆီက ရရှိနေတဲ့ ဖိအားဟာ အလွန်ကို ပြင်းထန်လွန်းနေခဲ့ပါတယ်။ နေ့လည်ခင်းတုန်းက ကျောက်ပြားဟာ အစွမ်းကုန် ထုတ်သုံးပြီး စစ်ဆေးကြည့်ခဲ့ပေမဲ့ ချင်းကျူဆီကနေ ဘာဝိညာဉ်စွမ်းအင်လှိုင်းဖြာထွက်မှုကိုမှ မမြင်တွေ့ခဲ့ရပါဘူး။ ဒါဆို သူက ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ဒီလောက် အစွမ်းထက်လာရတာလဲ။

“ငါက ဒီမှာ တစ်ည အနားယူဖို့ပဲ ဝင်လာခဲ့တာလေ”

ချင်းကျူလည်း သာမန်ပဲ ဖြေလိုက်ပါတော့တယ်။

ပြောရရင် ချင်းကျူသာ ရှီတျန်းကို တွေ့ပြီး စိတ်ဝင်စားသွားတာကြောင့် မဟုတ်ဘူးဆိုရင် ဒီနေရာကို ရောက်လာစရာလည်း အကြောင်းမရှိပါဘူး။

ဒါပေမဲ့ ဒီကျောက်တုံးကျေးရွာဟာ သူထင်ထားသလိုမျိုး မဟုတ်ပဲ တော်တော်လေး ထူးခြားနေခဲ့ပါတယ်။ ဒီထူးခြားမှုက ချင်းကျူ လက်ခံနိုင်တဲ့ အတိုင်းအတာအတွင်း ရှိနေဆဲပါ။

“မဟုတ်တာတွေ လျှောက်မပြောနဲ့။ မင်းက အရမ်းအစွမ်းထက်တာ။ မင်းအနေနဲ့ အနားယူဖို့တောင် မလိုအပ်တော့ဘူးလေ”

ကျောက်ပြားလည်း မကျေမနပ်နဲ့ ပြန်ပြောလိုက်ပါပြီ။

“ငါ့ဖာသာ အစွမ်းထက်တာနဲ့ အနားယူတာနဲ့ ဘာဆိုင်လို့တုန်း”

ချင်းကျူလည်း မျက်ခုံးပင့်ပြီး ဆွံ့အစွာ ပြောလိုက်ပါတော့တယ်။

“…”

ကျောက်ပြားလည်း ဆွံ့အသွားခဲ့ပါပြီ။ နေဦး… သူ့မှာ ပါးစပ်မှ မရှိတာ။

“စိတ်မပူပါနဲ့။ ကျေးရွာကို ငါဘာမှ မလုပ်ပါဘူး။ ငါသာ ဒီကျေးရွာကို ဖျက်ဆီးပစ်ချင်ရင် ဒီကမ္ဘာကနေ အစောကြီးကတည်းက ပျောက်ကွယ်သွားလောက်ပါပြီ”

ချင်းကျူလည်း သာမန်ပဲ ဖြေလိုက်ပါတော့တယ်။

“…”

ကျောက်ပြား ထပ်မံ ဆွံ့အသွားခဲ့ပါပြီ။

အမှန်ပါပဲ။ ကျောက်ပြားကိုတောင် ချင်းကျူ အလွယ်တကူ ဖိအားပေးထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီထက်မက အစွမ်းထက်နေတာ သေချာနေပါပြီ။

ကျောက်ပြားတောင်မှ ချင်းကျူကို မတားဆီးနိုင်ဘူးဆိုတော့ ကျောက်တုံးကျေးရွာက အဆင့်နိမ့် တန်ခိုးရှင် ရွာသားတွေ ချင်းကျူကို ဘယ်လိုလုပ်တားဆီးနိုင်ပါလိမ့်မလဲ။

“မင်းက မြင့်မြတ်သော မှော်ပစ္စည်းတစ်ခု မဟုတ်လား”

ချင်းကျူ ထပ်ပြီး မေးမြန်းလိုက်ပါတော့တယ်။

ဒီတစ်ကြိမ်မှာတော့ ကျောက်ပြားဟာ နှုတ်ဆိတ်မနေတော့ပါဘူး။
“ဟုတ်ကဲ့”

သူဟာ မှော်ရတနာ ဝိညာဉ် ပိုင်ဆိုင်ထားပြီး ဖြစ်တဲ့ မြင်မြတ်သော မှော်ပစ္စည်းတစ်ခုပါ။ မြင်မြတ်သော မှော်ပစ္စည်းတွေသာ မှော်ရတနာ ဝိညာဉ်ကို ပိုင်ဆိုင်နိုင်ကြပါတယ်။

တကယ်လို့သာ အပြင်လောကမှာ ဆိုရင် မှော်ရတနာ ဝိညာဉ် ပိုင်ဆိုင်ထားတဲ့ မြင့်မြတ်သော မှော်ပစ္စည်းတစ်ခုဟာ မရေမတွက်နိုင်အောင် များပြားလှတဲ့ တန်ခိုးရှင်တွေကို အရူးအမူး ဖြစ်သွားစေမှာပါ။ မြင့်မြတ်သော မဟာကုန်းမြေကြီး ရှစ်ခုနဲ့ မြင့်မြတ်သော ကလန်ကြီး ၁၂ ခုတောင်မှ ခြွင်းချက် ဖြစ်စရာ အကြောင်းမရှိခဲ့ပါဘူး။

မြင့်မြတ်သော ကလန်ကြီး ၁၂ ခုထဲက တစ်ခုဖြစ်တဲ့ ဝိညာဉ်ကလန်မှာတောင်မှ မပြည့်စုံသေးတဲ့ မြင့်မြတ်သော မှော်ပစ္စည်းတစ်ခုသာ ရှိခဲ့တယ် မဟုတ်လား။

မှော်ရတနာ ဝိညာဉ်ပိုင်ဆိုင်ထားတဲ့ မြင့်မြတ်သော မှော်ပစ္စည်းရဲ့ စွမ်းရည်ဟာ ဘက်ပေါင်းစုံမှာ အလွန် အဆင့်မြင့်မားသွားခဲ့ပါပြီ။ ပြောရရင် အလွန် အလွန်ကို အစွမ်းထက်တယ် ဆိုရမှာပါ။

အရေးအကြီးဆုံးကတော့ အဆိုပါ ရတနာတွေဟာ လက်နက်တစ်မျိုးတည်းအသွင် မဟုတ်တော့ပါဘူး။ အသိစိတ် ပိုင်ဆိုင်ထားတဲ့ နွယ်ပင်လေး ယန့်ရှီလိုပါပဲ။ မှော်ရတနာ ဝိညာဉ်ပိုင်ဆိုင်ထားတဲ့ မြင့်မြတ်သော မှော်ပစ္စည်းဟာ သီးခြား သက်ရှိအသွင်ကို ဆင့်ကဲ ပြောင်းလဲနိုင်နေပါပြီ။

တစ်နည်းဆိုရရင် ဘယ်သူကမှ ထိန်းချုပ်ထားခြင်း မရှိဘူးဆိုရင် သူတို့တွေဟာ ကိုယ့်စိတ်တိုင်းကျ စိတ်လိုလက်ရ တိုက်ခိုက်နိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ဟာ သာမန် ကောင်းကင်သူတော်စင် တစ်ဦးလောက်ကို အစွမ်းထက်နေကြပါပြီ။ ပြောရရင် တချို့သော အဆင့်မြင့် မြင့်မြတ်သော မှော်ပစ္စည်းတွေနဲ့ မဟာသူတော်စင်တွေကိုတောင်မှ ရင်ဆိုင်နိုင်စွမ်း ရှိကြတယ် ဆိုရပါလိမ့်မယ်။

ကျောက်တုံးကျေးရွာ အနေနဲ့ နှစ်ရာပေါင်းများစွာ ဒီနယ်မြေမှာ ရှင်သန်နိုင်ခဲ့တဲ့ အဓိက အကြောင်းအရင်းကလည်း ဒီကျောက်ပြားကြောင့်ပါပဲ။ မဟုတ်ဘူးဆိုရင် အစောကြီးကတည်းက မိစ္ဆာသားရဲတွေကြောင့် ကျေးရွာလေး ပျက်စီးသွားလောက်ပါပြီ။

“ငါက ဆရာ့အမိန့်နဲ့ ဒီနေရာကို စောင့်ရှောက်ပေးထားတာပါ။ သူပြန်မလာမချင်း ငါတခြားနေရာကို သွားလို့ မရပါဘူး”

ခဏလောက် စကားရပ်လိုက်ပြီး ကျောက်ပြားလေးစကားဆက်လိုက်ပါပြီ။
“ငါ့ကို မင်းမယူသွားဖို့ မျှော်လင့်မိပါတယ်”

သာမန် အခြေအနေမှာတော့ ဘိုးဘေးသူတော်စင်တွေဟာ မှော်ရတနာ ဝိညာဉ်ပိုင်ဆိုင်ထားတဲ့ မြင့်မြတ်သော မှော်ပစ္စည်းတွေကို အလွန်ပဲ မက်မောကြပါတယ်။ ဒါကြောင့်လည်း ချင်းကျူက သူ့ကို အဓမ္မ ဆွဲခေါ်သွားမှာကို ကျောက်ပြားလေး စိတ်ပူနေခဲ့တာပါ။

“ဆရာ.. မင်းရဲ့ ဆရာက ဘယ်သူလဲ”

ချင်းကျူ နားမလည်နိုင်အောင် ဖြစ်သွားခဲ့ပါပြီ။ ကျောက်ပြားလေးမှာ မူလပိုင်ရှင် ရှိပြီးသား ဖြစ်လိမ့်မယ်လို့ ထင်မထားမိခဲ့ပါဘူး။

“အဲ.. ငါမေ့သွားပြီ”

ချင်းကျူ
“..”

“ဒါပေမဲ့.. သူပြန်လာခဲ့မယ်လို့ ပြောခဲ့တာတော့ ငါမှတ်မိသေးတယ်”

“…”

“ပြီးတာပဲလေ”

ချင်းကျူလည်း ခါးသီးစွာ ပြုံးလိုက်ပါပြီ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီကျောက်ပြားကို သူစိတ်မဝင်စားဘူး မဟုတ်လား။

ဒါ့အပြင်ကို ကျောက်ပြားကို သူနှုတ်ယူသွားတာနဲ့ ကျောက်တုံးကျေးရွာက ရွာသားအားလုံး သေဒဏ်ချမှတ် ခံရသလို ဖြစ်သွားမှာပါ။ ချင်းကျူအနေနဲ့ ဒီလို အဖြစ်မျိုး မလိုလားပါဘူး။

“ဒါနဲ့.. မင်းလူသားအသွင်ကို ပြောင်းလို့ရလား”

ချင်းကျူ စိတ်ဝင်တစား မေးမြန်းကြည့်လိုက်ပါတော့တယ်။

မှော်ရတနာ ဝိညာဉ်ပိုင်ဆိုင်ထားတဲ့ မြင့်မြတ်သော မှော်ပစ္စည်းတွေဟာ မိစ္ဆာသားရဲတွေလိုပဲ လူသားအသွင် ပြောင်းလဲနိုင်လိမ့်မယ် မဟုတ်လား။ ဒါကြောင့် ချင်းကျူလည်း ကျောက်ပြားလေးကို မေးကြည့်လိုက်တာပါ။

“ကျွန်တော် ပြောင်းလဲလို့ ရပါတယ်။ ဒါပေမဲ့ ဆရာကြီးရဲ့ လက်ကို ဖယ်ပေးပါဦး”

ကျောက်ပြားလေးလည်း တွေးတွေးဆဆနဲ့ တိုးညင်းစွာ ပြောလိုက်ပါပြီ။

ချင်းကျူ ပေါ်လာချိန်ကတည်းက သူ့ရဲ့ ဝိညာဉ်စွမ်းအင်အားလုံး ဖိအားပေး ထိန်းချုပ်ခြင်း ခံထားခဲ့ရပါတယ်။ အခုအချိန်မှာတော့ လူသားအသွင် ပြောင်းလဲဖို့ မပြောနဲ့ လှုပ်တောင်မလှုပ်နိုင်တော့ပါဘူး။

ချင်းကျူလည်း မြန်မြန် လက်ပြန်ရုတ်လိုက်ပါပြီ။

ဒီ ဒီ ဒီ

တဒင်္ဂ အတွင်း အနက်ရောင် အလင်းတွေ ဖြာထွက်လာခဲ့ပြီး ကျောက်ပြားလေးကို လွှမ်းခြုံသွားခဲ့ပါပြီ။ စွမ်းအင်လှိုင်းတွေ ဖြာထွက်လာပါတော့တယ်။ မကြာခင်မှာတော့ ဆံပင်ငွေရောင်နဲ့ ကိုယ်လုံးတီး လူတစ်ဦး ချင်းကျူအရှေ့ ပေါ်ထွက်လာခဲ့ပါပြီ။ သူ့ခန္ဓာကိုယ်ဟာ anime ထဲက ဇာတ်ကောင်တစ်ကောင်လိုပါပဲ။

အထူးသဖြင့် သူ့ရဲ့ မျက်လုံးတွေပါ။ ဒီမျက်လုံးတွေဟာ ကြီးမားဝိုင်းစက်ပြီး နက်ရှိုင်းသလို ကြယ်တာရာတွေ ပါဝင်နေသလိုပါပဲ။

ဒါပေမဲ့.. အခု မြင်ကွင်းကတော့… အရမ်းရက်စက်လွန်းသွားခဲ့ပါပြီ။

“ဒါက ကျွန်တော် လူသားအသွင် ပြောင်းလဲလိုက်တဲ့ အသွင်ပါပဲ”

ကျောက်ပြားလေးလည်း ချင်းကျူကို မော့ကြည့်လိုက်ပါပြီ။ သူ့ခန္ဓာကိုယ်ဟာ ချင်းကျူရဲ့ ခါးလောက်အထိသာ အရပ်အမောင်း ရှိခဲ့ပါတယ်။

“…”

“ရပြီ။ မင်းအသွင် ပြန်ပြောင်းလိုက်တော့”

ချင်းကျူ မျက်နှာမည်းသည်းသွားခဲ့ပါပြီ။

ဘာဖြစ်လို့များ လူသားအသွင် ပြောင်းလဲရင် အမြဲတမ်း ကိုယ်လုံးတီး ဖြစ်နေကြတာလဲ။ ပြီးတော့ သူက ပြဿနာ အကြောင်းအရင်းကို နားမလည်တဲ့ ကလေးတစ်ဦးလို ဖြစ်နေပြန်တယ်။

“…”

ကျောက်ပြားလေးလည်း ခေါင်းကို ကုတ်လိုက်ပါပြီ။ အခြေအနေကို သူနားမလည်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ချက်ချင်းပဲ အသွင်ပြန်ပြောင်းလဲလိုက်ပါတော့တယ်။

“ဟူး.. ဒီနေရာကို ကောင်းကောင်း စောင့်ရှောက်ချေ။ ငါအိပ်တော့မယ်”

ချင်းကျူလည်း ပျင်းရိစွာ အညောင်းဆန့်လိုက်ပြီး စကားအပိုတွေ လျှောက်မပြောချင်တော့ပါဘူး။ သူ့ခန္ဓာကိုယ် တစ်ချက် လှုပ်ရှားသွားပြီး နေရာကနေ ပျောက်ကွယ်သွားခဲ့ပါပြီ။

ဒါကို တွေ့လိုက်ရတော့ ကျောက်ပြားလေး မှင်သက်သွားပါတော့တယ်။ ချင်းကျူ ဒီလို မြန်မြန် ပြန်သွားလိမ့်မယ်လို့ ထင်မထားမိခဲ့ပါဘူး။

“ဒီ.. ဒီလူသားက တော်တော် ထူးဆန်းတယ်”

ကျောက်ပြားလေးဟာ ကျေးရွာကို တိတ်ဆိတ်စွာ စောင့်ရှောက်ရင်း ဆရာဖြစ်သူကို မေ့လျော့နေပါပြီ။ ချင်းကျူဟာ သူ့ထက် ပိုပြီး အစွမ်းထက်နေတဲ့ ပထမဆုံးအကြိမ် ဆက်ဆံဖြစ်ခဲ့တဲ့ လူသားတစ်ဦးပါပဲ။

ချင်းကျူရဲ့ အပြုအမူတွေကို ကြည့်ပြီး ကောက်ချက် ချရရင်တော့ ဘာကိုမှ အလေးမထားတာကို မြင်ရပါလိမ့်မယ်။

ဒါမှမဟုတ် အပြင်လောကမှာ မြင့်မြတ်သော မှော်ပစ္စည်းတွေ အများကြီး ရှိနေလို့ ငါ့ကို စိတ်မဝင်စားတာလား။

ကျောက်ပြားလေး နားမလည်နိုင်ခဲ့ပါဘူး။

နောက်တစ်ရက် မနက်ခင်း နေရောင်ခြည်ဟာ တိမ်တိုက်တွေကို ဖောက်ထွင်းပြီး ကျဆင်းနေပါပြီ။ အရာအားလုံး အသက်ဝင်လာပါတော့တယ်။

ချင်းကျူနဲ့ ဆုယန်တို့လည်း နှိုးလာခဲ့ကြပြီး ခရီးထွက်ဖို့ ပြင်ဆင်နေကြပါပြီ။ သူတို့ ဦးတည်ချက်ကတော့ မြင့်မြတ်သော အင်မော်တယ် ကုန်းမြေပါ။ ဒါကြောင့် ဒီနေရာမှာ အချိန်အကြာကြီး မနေလိုခဲ့ပါဘူး။

ဒါ့အပြင် ကျောက်တုံးကျေးရွာလေး အခြေအနေကို ကြည့်ချင်လို့သာ ချင်းကျူ ရောက်လာခဲ့တာပါ။ အခု  သူ့ရည်မှန်းချက် ပြည့်သွားပြီ ဖြစ်တာကြောင့် ဆက်နေလို့လည်း မထူးတော့ပါဘူး။

ဒီအချိန်မှာတော့ ကျောက်တုံးကျေးရွာသားတွေဟာ ကျေးရွာရင်ပြင်ကို ထွက်လာခဲ့ကြပြီး ဆုယန်နဲ့ ချင်းကျူတို့ကို နှုတ်ဆက် ပို့ဆောင်ဖြစ်ခဲ့ကြပါတယ်။

ရွာသားတွေဟာ အလွန်ရိုးသားကြသူတွေပါ။ ချင်းကျူတို့နဲ့ နေ့ဝက်လောက်သာ ဆက်ဆံဖြစ်ခဲ့ပေမဲ့လည်း ချင်းကျူတို့ကို မိသားစုဝင်တစ်ဦးလို သတ်မှတ်လိုက်ကြပါပြီ။

“ချင်းကျူ.. မင်းက တောင်ပိုင်းနယ်မြေကြီးကလား။ ငါလည်း နောက်ကျ လာလည်ဦးမယ်”

ရှီတျန်းလည်း တည်ကြည်ပြတ်သားစွာ ပြောလိုက်ပါပြီ။

အဘိုးအိုက အကြောင်းအရာတွေကို မနေ့ညတုန်းက ရှင်းပြပြီး ဖြစ်တာကြောင့် ရှီတျန်းတစ်ယောက် အပြင်လောကထဲ ခရီးထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဘိုးအို အတွက် လက်စားချေဖို့ အပြင်ကို သူပိုပြီး အစွမ်းထက်ချင်နေပါပြီ။

ချင်းကျူ
“…”

ဘာဖြစ်လို့ ရှီတျန်းက ချင်းကျူဆီ လာလည်ပြီး စိန်ခေါ်တိုက်ခိုက်ချင်တဲ့ လေသံပေါက်နေရတာလဲ။

“အေးပါ.. ငါလည်း ဧည့်ဝတ်ကျေရမှာပေါ့”

“တာ့တာ”

“တာ့တာ”

စကားဆုံးသွားတာနဲ့ ချင်းကျူလည်း မလှမ်းမကမ်းက ကျောက်ပြားလေးကို လှမ်းကြည့်လိုက်ပါပြီ။ ပြီးတာနဲ့ ဆုယန်နဲ့အတူ လေထဲ ပျံတက်သွားပါတော့တယ်။

ဒီအချိန်မှာပဲ မိစ္ဆာသားရဲ တစ်ကောင်ဟာ တောအုပ်ထဲကနေ အပြေး ထွက်ပေါ်လာခဲ့ပြီး ပါးစပ်ကြီးကို ဟလို့ ချင်းကျူတို့ကို ကိုက်ချဖို့ ဟန်ပြင်လိုက်ပါပြီ။

“သတိထား”

ရှီတျန်း လှမ်းအော်လိုက်ပါတော့တယ်။

၀ုန်း

ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီးနဲ့အတူ ပါးစပ်ကြီး ဟထားတဲ့ မိစ္ဆာသားရဲကြီးရဲ့ ခန္ဓာကိုယ်ဟာ မီးရှူးမီးပန်းတွေအလား ပေါက်ကွဲသွားခဲ့ပါပြီ။ သွေးမှုန်တွေဟာ ကောင်းကင်ယံအထက် လွင့်ပျံနေပါတော့တယ်။

“???”

ဒီမြင်ကွင်းကြောင့် ရှီတျန်းတစ်ဦးတည်းတင်မကပဲ ရှိနေကြသူ အားလုး တုန်လှုပ်သွားခဲ့ကြပါပြီ။ သူတို့ အမြင် မမှားဘူးဆိုရင် မိစ္ဆာသားရဲကြီးဟာ ဝမ်ရှင်းသူတော်စင် အဆင့်ကို ရောက်နေပြီ မဟုတ်လား။ ဘာဖြစ်လို့ ရုတ်တရက်ကြီး ပျောက်ကွယ်သွားခဲ့တာလဲ။

ချင်းကျူကတော့ သူတို့ အတွေးတွေကို အရေးစိုက်မနေခဲ့ပါဘူး။ ချင်းကျူခြေထောက်အောက် ဝိညာဉ်စွမ်းအင်တွေဟာ မြင်းတစ်ကောင် အဖြစ် ပြောင်းလဲသွားပြီး ဆုယန်ကိုပါ သယ်ဆောင်ရင်း မိုးကုတ်စက်ဝိုင်းထဲ ပျံသန်းဝင်ရောက် ပျောက်ကွယ်သွားခဲ့ပါပြီ။ အနောက်မှာတော့ အံ့ဩ မှင်သက်နေကြတဲ့ ကျောက်တုံးကျေးရွာသားတွေသာ ကျန်ရစ်ခဲ့ပါတော့တယ်။

❄️❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Book 10
Chapter 7
အစားအသောက် ကြိုက်တဲ့ ဆရာနဲ့ အစားအသောက်ကြိုက်တဲ့ တပည့်

ချင်းကျူနဲ့ ဆုယန်တို့ အတွက်ကတော့ ကျောက်တုံးကျေးရွာက အဖြစ်အပျက်ဟာ သာမန် ကိစ္စလောက်သာ ဖြစ်ပြီး သူတို့ ရင်ထဲ မထည့်ထားခဲ့ပါဘူး။ ပြီးတော့ ချင်းကျူက ကျေးရွာကို ဝင်ကြည့်ချင်လို့သာ ဝင်ကြည့်ဖြစ်ခဲ့တာပါ။

ရှီတျန်းတစ်ယောက် ချင်းကျူ ခန့်မှန်းထားသလို အဓိက ဇာတ်ကောင်တစ်ကောင်လို တိုးတက်လာခြင်း မလာခြင်းကတော့ ရှီတျန်းရဲ့ ကံကြမ္မာပေါ်သာ မူတည်ပါတယ်။

“ဒါပေမဲ့လည်း ရှီတျန်းက မူလတာအို သူတော်စင် အဆင့်ကို ချက်ချင်း မရောက်နိုင်သေးပါဘူးလေ”
ချင်းကျူလည်း စိတ်ပျက်စွာ သက်ပြင်းချလိုက်မိပါပြီ။

ဒါပေမဲ့ မူလတာအို သူတော်စင်အဆင့်ကို သူတက်လှမ်းနိုင်ရင်တောင်မှ ပြိုင်ဘက်ကင်း ပါရမီရှင်အဖြစ် သတ်မှတ်လို့ မရနိုင်သေးပါဘူး။

ပြောရရင် တောင်ပိုင်းနယ်မြေကြီးမှာ မူလတာအို သူတော်စင် အဆင့် တန်ခိုးရှင်တွေကို ထိပ်တန်းအဆင့် ပုဂ္ဂိုလ်ကြီးတွေ အဖြစ် သတ်မှတ်ကြပေမဲ့လည်း ဗဟိုကုန်းမြေတိုက်ကြီးက မြင့်မြတ်သော နယ်မြေကြီးမှာတော့ သာမန် အဆင့်လောက် ဖြစ်နေခဲ့ပါပြီ။

လနက်မြို့တော်လိုမျိုး နယ်စပ်မြို့လေးတွေကလွဲရင် မြို့ကြီးတိုင်က မြို့တော်ရှင်တွေ အားလုံးဟာ မူလတာအို သူတော်စင် အဆင့်တွေချည်းလို့ ဆိုနိုင်ပါတယ်။

ရက်အနည်းငယ် အတွင်း သူတို့ နှစ်ဦး မိစ္ဆာသားရဲ တောင်တန်းဒေသ အတွင်းပိုင်းထဲ ဆက်လက် ဝင်ရောက်ခဲ့ကြပြီး ထူးဆန်းတဲ့ ကိစ္စ အများအပြားကို မြင်တွေ့ခဲ့ရပါတယ်။ အလွန်လှပတဲ့ လျှိုမြောင်တစ်ခုနဲ့ ထူးဆန်းတဲ့ ပန်းပွင့်တွေ ဆေးပင်တွေ နေရာတိုင်းလိုလို ပြည့်နှက်နေတဲ့ မြင်ကွင်းမျိုးဟာ ကောင်းကင်ဘုံ တစ်ခုအလားပါပဲ။

အလွန်ကို ရက်စက်ကြမ်းကြုတ်တဲ့ အန္တရာယ်များလှတဲ့ နယ်မြေတွေမှာဆိုရင်လည်း အမျိုးမျိုးသော အင်းဆက်ပိုးကောင်တွေ၊ မြွေတွေနဲ့ ပုရွက်ဆိတ်ကြီးတွေဟာ လွှမ်းမိုးထားတာကို တွေ့ရမှာပါ။ မိစ္ဆာသားရဲတွေဟာလည်း လွတ်လွတ်လပ်လပ် သွားလာနေတာကြောင့် မြင်လိုက်ရသူတွေ သည်းထိတ်ရင်ဖို ဖြစ်သွားနိုင်ပါသေးတယ်။

သူတို့တွေ ပိုပြီး နက်ရှိုင်းတဲ့ အတွင်းပိုင်းကို ရောက်လာတာနဲ့ အမျှ မိစ္ဆာသားရဲတွေရဲ့ တန်ခိုးကျင့်စဉ် အခြေခံ အဆင့်ဟာ တိုးတက်သည်ထက် တိုးတက်လာနေတာကို တွေ့လိုက်ရပါပြီ။ နောက်ဆုံးတော့ ကောင်းကင်သူတော်စင် အဆင့် မိစ္ဆာသားရဲတွေနဲ့ပါ သူတို့ တိုးလာခဲ့ပါတော့တယ်။ ကောင်းကင်သူတော်စင် မိစ္ဆာသားရဲကြီးတွေရဲ့ သာမန် မာန်ဖီလိုက်သံဟာ အဆင့်နိမ့် တန်ခိုးရှင်တွေရဲ့ အသည်းနှလုံးကို ပျက်စီးသွားစေပြီး နေရာမှာတင် အသက်ပျောက်သွားစေဖို့ လုံလောက်နေပါပြီ။

ချင်းကျူဟာ ဗဟိုကုန်းမြေတိုက်ကြီးရဲ့ မြင့်မြတ်သော နယ်မြေဆီကို အပျော်ခရီး သီးသန့်သာ ထွက်လာခဲ့တာ ဖြစ်တာကြောင့် လမ်းတစ်လျှောက် အလွန်လွတ်လပ် ပျော်ရွှင်ခဲ့ရပါတယ်။ ဝိညာဉ်သစ်သီးတွေ ဝိညာဉ်ဆေးပင်တွေ အများအပြားကိုလည်း သူခူးဖြစ်ခဲ့ပါသေးတယ်။ နောက်ဆုံးတော့ သူ့ရဲ့ လက်စွပ်ရဲ့ သိုလှောင်နိုင်စွမ်းကို အဆင့်မြင့်လိုက်ဖို့ ဆုံးဖြတ်လိုက်ရပါပြီ။

ချင်းကျူဟာ တရားကျင့်ကြံရာ လိုအပ်တဲ့ မှော်ရတနာတွေ ဝိညာဉ်သစ်သီးတွေကို အလေးမထားပါဘူး။ သူတို့ကို ချက်ချင်း စားသောက်လိုက်လို့ ရပါတယ်။ ဒါပေမဲ့ ဝိညာဉ်ဆေးပင်တွေကိုတော့ ပိုင်ရီ ဆေးဝါးဖော်စပ်ဖို့အတွက် ချင်းကျူက အိမ်ပြန်ယူသွားဖို့ စဉ်းစားထားခဲ့တာပါ။

ဒါပေမဲ့ ပြောကြည့်ရရင်.. သူပြန်ရောက်ချိန်မှာ ပိုင်ရီက အသက်ရှင်လျက် ရှိနေဦးမှာမို့လား။ မိန်းကလေးတွေက ပိုင်ရီကို အမဲဖျက် ခုတ်ထစ်ပြီး အိမ်ပြန်ယူသွားကြရင်ကော ဘယ်လိုလုပ်မတုန်း။

“ဂရား”

ချင်းကျူ စဉ်းစားနေချိန်မှာပဲ အဝေးနေရာကနေ ဩဇာအာဏာ ကြီးမားလှတဲ့ ကျယ်ပြောလှတဲ့ အော်ရာအရှိန်အဝါတစ်ခု ဖြာထွက်လာခဲ့ပါပြီ။ ဒီအော်ရာအရှိန်အဝါထဲ အဆုံးအစမဲ့ ဒေါသမာန်မာနတွေ ပါဝင်နေခဲ့ပါတယ်။ စကြ၀ဠာ တည်ရှိမှုတောင်မှ အနည်းငယ် လိမ်တွန့်သွားခဲ့ပါပြီ။

ချက်ချင်းဆိုသလိုပဲ ကမ္ဘာလောက တစ်ခုလုံး အဆုံးအစမဲ့ သွေးနီရောင် အဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။

ကောင်းကင်သူတော်စင် အဆင့် မိစ္ဆာသားရဲကြီးမှသာ ဒီလို နိမိတ်လက္ခဏာမျိုး ဖြစ်ပေါ်လာစေမယ်ဆိုတာ ယုံမှားဖွယ် မရှိပါဘူး။

“လူသား… မင်းက ငါ့ပိုင်နက်ထဲ ကျူးကျော်ဝံ့တယ်လား”

သူ့စကား မဆုံးခင်မှာပဲ ချင်းကျူ လှည့်တောင်မကြည့်ပဲ လက်ချောင်းနဲ့ တောက်ထုတ်လိုက်ပါပြီ။

ရွှစ်

ရွှေရောင်အလင်းတန်းဟာ မိစ္ဆသားရဲကြီးရဲ့ မေးရိုးကနေ ဖောက်ထွင်းဝင်ရောက်သွားပြီး ဦးခေါင်းတစ်ဖက်ကနေ ပြန်ထွက်သွားခဲ့ပါပြီ။ သူ့ရဲ့ အမြုတေ စိတ်ဝိညာဉ်ပါ ပျက်စီးသွားပါတော့တယ်။

ဟူး

မိုးနဲ့မြေက နိမိတ်လက္ခဏာတွေလည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့ပါပြီ။ အခုဆို ဘာဆိုဘာမှ မဖြစ်ခဲ့သလိုပါပဲ။

၀ုန်း

မိစ္ဆာသားရဲကြီးရဲ့ ခန္ဓာကိုယ်ကြီးဟာ ကောင်းကင်အထက်ကနေ ဥက္ကာခဲတစ်ခုအလား မြေပြင်ပေါ် ပြုတ်ကျသွားပါတော့တယ်။ ကမ္ဘာလောကကြီး တစ်ခုလုံး တုန်ခါသွားသလိုပါပဲ။

ဒါကို တွေ့လိုက်ရတော့ အဝေးမှာ ပုန်းအောင်းနေတဲ့ မိစ္ဆာသားရဲကြီးလည်း ချက်ချင်းပဲ သွေးပျက်ချောက်ချားစွာ လှည့်ထွက်ပြေးသွားခဲ့ပါပြီ။

“ဒီလူသားက အရမ်းကြောက်ဖို့ကောင်းတာပဲ။ ဗြဲ”

ပြောရမယ် ဆိုရင် အခု မိစ္ဆာသားရဲကြီးက ချင်းကျူ သတ်ဖြတ်လိုက်တဲ့ တတိယမြောက် ကောင်းကင်သူတော်စင် အဆင့် မိစ္ဆာသားရဲကြီးပါ။ မိစ္ဆာသားရဲကြီး တစ်ကောင်ဆိုရင် ခန္ဓာကိုယ် တစ်ပိုင်းလုံး ပေါက်ကွဲပျက်စီးသွားပြီး ဘာမှ မကျန်ရစ်ခဲ့ပါဘူး။

အခု မိစ္ဆာသားရဲ အလောင်းကတော့ ခန္ဓာကိုယ် အပြည့်အစုံ ပါဝင်တဲ့ အလောင်းလို့ ဆိုနိုင်ပါတယ်။

“ကောင်းကင်သူတော်စင်အဆင့် မိစ္ဆာသားရဲတွေက ဘယ်လို အရသာ ရှိမလဲ မသိဘူးနော်”

ချင်းကျူလည်း လက်ကို လှုပ်ရှားလိုက်ပါပြီ။ ဒီအခါမှာတော့ တောင်ကြီးတစ်လုံးလောက် အရွယ်အစားရှိတဲ့ ကောင်းကင်သူတော်စင် မိစ္ဆာသားရဲကြီးရဲ့ အလောင်းခန္ဓာကိုယ်ကြီးဟာ စကြ၀ဠာ တည်ရှိမှုကို ဖြတ်သန်းပြီး ချင်းကျူအရှေ့ ချက်ချင်း ပြန်ပေါ်ထွက်လာခဲ့ပါပြီ။

ပထမ နှစ်ကောင်ရဲ့ ပုံစံက ကြည့်မကောင်းတာကြောင့် ချင်းကျူ ဘာမှမလုပ်ပဲ အလောင်းတွေကို ချန်ရစ်ခဲ့ပါတယ်။ ဒီတစ်ကောင်ကတော့ စားကောင်းမဲ့ ပုံစံပါပဲ။

“ဆရာကြီး.. ကျွန်မတို့ရဲ့ လက်ရှိ အမြန်နှုန်းနဲ့ ဆိုရင် နှစ်ရက်အတွင်းမှာပဲ မိစ္ဆာသားရဲ တောင်တန်းဒေသကနေ ထွက်ခွာနိုင်လိမ့်မယ်”

ဒီအချိန်မှာတော့ ဆုယန်တစ်ယောက် ပြုံးရွှင်စွာ လျှောက်လှမ်းလာနေပါပြီ။

အခုအချိန်မှာတော့ ဆုယန်ဟာ မျက်နှာဖုံး ချွတ်ထားလိုက်ပြီး ဖြစ်တာကြောင့် ပြိုင်စံရှားအောင် ချောမောလှပတဲ့ မျက်နှာကို ပကတိအတိုင်း မြင်တွေ့နေရပါတော့တယ်။ သူမရဲ့ တောက်ပတဲ့ မျက်လုံးတွေ၊ ဖြူဖွေးနေတဲ့ သွားတွေ အားလုံးဟာ ပန်းချီကား တစ်ချပ်လိုပါပဲ။ သူမရဲ့ အသွင်အပြင်နဲ့ဆိုရင် အမျိုးသားတိုင်း ကြွေကျသွားရမှာပါ။

ချင်းကျူနဲ့ သူမ ခရီးအတူ နှင်ချိန်မှာ ဆုယန်တစ်ယောက် ဝိညာဉ်သစ်သီးတွေ၊ တရားကျင့်ကြံဖို့ မှော်ရတနာ ကုန်ကြမ်းတွေ အများအပြား ရရှိခဲ့ပါတယ်။ အဆင့်မြင့် ဝိညာဉ်ဆေးပင်တွေကို သူမ ရရှိဖို့ အိပ်မက်တောင် မမက်ဝံ့ပါဘူး။ ဒါပေမဲ့ မိစ္ဆာသားရဲ တောင်တန်းမှာတော့ သူတို့တွေဟာ နေရာတိုင်းလိုလိုမှာ ရှိနေခဲ့ပါတယ်။

မကြာမကြာ ဆိုသလိုပဲ ကောင်းကင်ဘုံ ရတနာတွေကို စောင့်ရှောက်နေတဲ့ မိစ္ဆာသားရဲ တချို့နဲ့ သူမ ရင်ဆိုင်မိခဲ့ပါတယ်။ ဒါပေမဲ့ ချင်းကျူက သူတို့ကို သာမန်ပဲ သတ်ဖြတ်လိုက်တာကြောင့် ရတနာတွေကို ဆုယန် အလွယ်တကူ ရရှိခဲစမြဲပါ။

“ အေး”

ချင်းကျူလည်း ခေါင်းညိတ်လိုက်ပြီး မိစ္ဆာသားရဲရဲ့ အသားတုံးကို လှီးခုတ်လိုက်ပါပြီ။ ပြီးတာနဲ့ သေချာ ဆေးကြော သန့်စင်လိုက်ပြီး ကျွမ်းကျင်စွာ မီးကင်လိုက်ပါတော့တယ်။

“ဂရား ဂရား”

ကောင်းကင်အထက်မှာ ယန့်ရှီတစ်ယောက် ကြောက်စရာကောင်းတဲ့ မာန်ဖီသံ ပြုလုပ်ပြီး သင်းပျံ့တဲ့ အသားကင်အနံ့ ထွက်လာရာကို ပျံသန်းလာခဲ့ပါပြီ။ သူမရဲ့ အသွင်က အလွန်ကို ချစ်စရာ ကောင်းလှပါတယ်။

ယန့်ရှီဟာ အဆင့် ၃ ဝိညာဉ်ဆေးပင် ဖြစ်နေပြီ ဖြစ်တာကြောင့် အချိန်ပိုင်းလောက်ကို သူမ မိုးပျံနေပါပြီ။ ဒါပေမဲ့ သူမရဲ့ ပျံသန်းနှုန်းက တော်တော်လေး နှေးကွေးနေပါသေးတယ်။

“လျှောက်မသွားပါနဲ့လို့ ငါပြောထားတယ် မဟုတ်ဘူးလား”

ချင်းကျူ ဆူလိုက်ပါတော့တယ်။

“ဆရာကလည်း.. သမီးက အခုမှ အပျံတတ်ကာစကို။ ဒါကြောင့် လေ့ကျင့်ကြည့်နေတာပါ”

ယန့်ရှီလည်း နားရွက်ကို ပွတ်ရင်း ချင်းကျူ ပုခုံးအထက် ဆင်းသက်လာပြီး အပြစ်ရှိတဲ့ အသွင်နဲ့ ပြောလိုက်ပါပြီ။

ချင်းကျူလည်း မျက်ခုံးပင့်ပြီး ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပါတော့တယ်။ ယန့်ရှိရဲ့ တန်ခိုးကျင့်စဉ် အခြေခံနဲ့ဆိုရင် လက်ရှိအချိန် ဟိုဒီလျှောက်ပျံသန်းနေတာက သေမင်းကို စိန်ခေါ်နေသလိုပါပဲ။ ဒါကြောင့် အခုဆို ဝိညာဉ်အာရုံကို ဖြန့်ကျက်ပြီး ယန့်ရှီကို အမြဲတမ်း ကြည့်နေရပါပြီ။

“ဆရာ… ဘာစားစရာလဲ”

ယန့်ရှီရဲ့ ခေါင်းပေါ်က ဆံပင်အသွင် သစ်ရွက်လေး ယိမ်းခါသွားခဲ့ပါပြီ။ သူမ စိတ်မရှည်နိုင်စွာ မေးမြန်းလိုက်ပါတော့တယ်။

ယန့်ရှီ စကားလမ်းကြောင်းလွှဲလိုက်တာကြောင့် ချင်းကျူလည်း မတတ်နိုင်တော့ပါဘူး။

“ဒါက ကောင်းကင်သူတော်စင် မိစ္ဆာသားရဲရဲ့ အသားလေ။ မင်းစားလို့ မရဘူးနော်”

“ဘာဖြစ်လို့လဲ.. ဆရာကလည်း”

ယန့်ရှီလည်း ခေါင်းငုံ့ပြီး ပြောလိုက်ပါတော့တယ်။ သူမကို ကြည့်ရတာ အလွန်ပူဆွေး ကြေကွဲနေသလိုပါပဲ။

“မင်း အဆင့်ငါးကို တက်ပြီးတော့မှ အဲဒီစကား ဆက်ပြောကြမယ်”
ချင်းကျူ အေးအေးဆေးဆေး ပြောလိုက်ပါပြီ။

တကယ်လို့ မူလတာအို သူတော်စင် အဆင့် မိစ္ဆာသားရဲရဲ့ အသားသာ ဖြစ်နေမယ် ဆိုရင်တော့ ယန့်ရှီအနေနဲ့ စွမ်းအင်တွေကို စုပ်ယူပြီး တရားကျင့်နိုင်ပါလိမ့်မယ်။

ဒါပေမဲ့ ကောင်းကင်သူတော်စင် မိစ္ဆာသားရဲကတော့ ဒီလိုမျိုး မဟုတ်တော့ပါဘူး။

သူတို့ရဲ့ အသွေး၊ အသား၊ အရိုး အားလုံးမှာ အံ့မခန်း ဝိညာဉ်ကီစွမ်းအင်နဲ့ အံ့မခန်း အသက်ဓာတ် ပြည့်၀နေပါပြီ။ သူတို့ သေဆုံးသွားပြီး ချိန်မှာတောင်မှ သူတို့ အလောင်းတွေဟာ နှစ်ရာပေါင်းများစွာ ထောင်ပေါင်းများစွာအထိ မပုပ်သိုး မဆွေးမြေ့ပဲ ကျန်ရှိနေဦးမှာပါ။

ယန့်ရှီ တစ်ယောက် အဆင့်လေးကို ရောက်သွားခဲ့ရင်တောင်မှ သူမ တောင့်ခံဖို့ မဖြစ်နိုင်သေးပါဘူး။ နည်းနည်းလောက် သတိပေါ့လျော့သွားတာနဲ့ စွမ်းအင်ဖိအားကြောင့် ပေါက်ကွဲသေဆုံးသွားနိုင်ပါတယ်။

နဂါးသွေးနဲ့ ရေချိုးထားတာကြောင့် ယန့်ရှီရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံ ပြောင်းလဲနေပြီ ဖြစ်ပေမဲ့လည်း မူလတာအို သူတော်စင်အဆင့် မဟာစကြ၀ဠာ နဂါးကြီးက ကောင်းကင်သူတော်စင် မိစ္ဆာသားရဲကို ဘယ်ယှဉ်နိုင်ပါလိမ့်မလဲ။

“ အဆင့်ငါးလား”

ယန့်ရှီလည်း ချင်းကျူ ပုခုံးအထက် ထိုင်ရင်း လက်ချိုးရေတွက်ကြည့်နေခဲ့ပါတယ်။

“တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး။ အရမ်းမကြာဘူးလား ဆရာ”

ချင်းကျူ
“…”

ကြာမှာပေါ့ကွ။ အချိန်တိုလေး အတွင်းသာ ရောက်နိုင်တယ်ဆိုရင် အဆင့်ငါးဝိညာဉ်ဆေးပင်တွေ နေရာတိုင်းမှာ အပြည့်ပေါက်နေတော့မှာပေါ့။

ဒါပေမဲ့ အခု တိုးတက်နှုန်းနဲ့သာ ဆက်သွားမယ်ဆိုရင် မကြာပါဘူး။ ဟုတ်တယ်နော်။

နှစ်ဝက်ဆိုတဲ့ အချိန်တိုလေး အတွင်း ယန့်ရှီဟာ အသိစိတ်ကို ရရှိခဲ့သလို အဆင့်သုံး ဝိညာဉ်ဆေးပင်လည်း ဖြစ်လာခဲ့ပြီးပါပြီ။

ယှဉ်ရမယ် ဆိုရင် ရှီတျန်းနဲ့ လီချီရီတို့ လိုပါပဲ။

“ဆရာ… တခြား စားစရာကော မရှိဘူးလား”

ယန့်ရှီလည်း လက်မလျှော့ပဲ နွဲ့ဆိုးဆိုးပြီး ချင်းကျူကို ပူဆာလိုက်ပါပြီ။

“ဟူး.. မင်းလို တပည့်မျိုး လက်ခံမိတာ ငါကိုက ကံဆိုးတာပါ”

ချင်းကျူလည်း ပါးစပ်အဟောင်းသားနဲ့ ဝိညာဉ်သစ်သီး တစ်လုံးကို ထုတ်ယူပြီး ယန့်ရှီကို ပါးစပ်ပိတ်ခိုင်းလိုက်ပါပြီ။

“ဟီး ဟီး.. ဆရာက အကောင်းဆုံးပဲ”

ယန့်ရှီလည်း ကိုယ်လုံးထက် ကြီးမားနေတဲ့ ဝိညာဉ်သစ်သီးကို ပွေ့ဖက်ထားရင်း ပျော်ရွှင်စွာ စားသောက်လိုက်ပါတော့တယ်။

မကြာခင်မှာတော့… မိစ္ဆာသားရဲကို မီးကင်ပြီးသွားခဲ့ပါပြီ။ ချင်းကျူလည်း ဆုယန်ကို အသားစတချို့ ပေးလိုက်တာကြောင့် ဆုယန် ရှက်သွေးဖြာသွားပါတော့တယ်။

“ကျေးဇူးပါပဲ ဆရာကြီး”

ဆုယန်လည်း အသားကင်ကို သတိထားပြီး စားသောက်လိုက်ပါပြီ။

ချင်းကျူ ပြောထားသလိုပါပဲ။ ကောင်းကင်သူတော်စင် အဆင့် မိစ္ဆာသားရဲတွေဟာ သာမန် မိစ္ဆာသားရဲတွေနဲ့ မတူပဲ လုံး၀ ကွဲပြားသွားခဲ့ပါပြီ။ ဆုယန်ဟာ မူလတာအို သူတော်စင် တစ်ဦး ဖြစ်ပေမဲ့လည်း သတိထားဖို့ လိုအပ်နေပါသေးတယ်။

ချင်းကျူကတော့ ဘာမှ စိတ်မပူမိခဲ့ပါဘူး။ သူ့မျက်လုံးထဲမှာတော့ စားကောင်းတဲ့ အသားနဲ့ စားမကောင်းတဲ့ အသားဆိုပြီးတော့သာ ရှိပါတယ်။ ဝိညာဉ်ကီ ဘယ်လောက်ပါဝင်နေနေ သူ့အပေါ် အကျိုးသက်ရောက်မှု မရှိပါဘူး။

ဒီလိုနဲ့ နှစ်ရက် ကုန်ဆုံးသွားခဲ့ပါပြီ။ ချင်းကျူနဲ့ ဆုယန်တို့ မိစ္ဆာသားရဲ တောင်တန်းဒေသ အပြင်ဘက်ကို ပျံသန်းထွက်လိုက်ချိန်မှာတော့ အဆုံးအစမဲ့ လွင်ပြင်ဒေသကို ရောက်ရှိသွားပါတော့တယ်။

အရှေ့ဘက် ကီလိုမီတာ သောင်းပေါင်းများစွာ အကွာမှာတော့ မြင့်မြတ်သော အင်မော်တယ် ကုန်းမြေ တည်ရှိနေပါပြီ။

Continue Reading

You'll Also Like

41.6K 3.6K 200
ကောင်းကင်မှာ ပျံဝဲမည့် စစ်ဘုရင် War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် ) မူရင်းရေးသူ - Feng Qin Yang ဘာသာပြန်သူ - Tai...
36.2K 5.4K 201
အဖေဖြစ်သူက ကွပ်မြက်ခံခဲ့ရပြီးနောက် လျူမင်းဟာ ကလေးဘဝ ကတည်းက လူမိုက်ကျွန်းဆိုတဲ့ ထောင်တစ်ခုမှာ ထောင်ကျနေခဲ့ရာက တစ်နေ့မှာ ထွက်ပြေး လွတ်မြောက်လာခဲ့ပါတယ်။...
166K 21.6K 58
အမြှောက်စာဇတ်ကောင်ထဲကို ကူးပြောင်းလာရင်သူမဘာလုပ်သင့်လဲ? သူမပထမဆုံးလုပ်မှာကတော့ မူလကိုယ်ဆီမှာတင်နေတဲ့အကြွေးတွေအကုန်လုံးကို ပျော်ပျော်ကြီး ပြန်ဆပ်မည်။ ...
395K 50.4K 200
Book-5 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...