Backburner

By noiaverse

1.5K 224 89

"Being on the back burner means that you're in someone's life as a second (or third) choice." || inspired by... More

2. Do you like guys?
3. Don't talk to me.

1. I like the way we are right now.

800 78 21
By noiaverse

"ရှန်..."

အိပ်ချင်မူးတူးအသံနဲ့ ထယ်ရယ်တစ်ယောက် ရစ်ခီလည်ပင်းကို ဖက်တွယ်လာပြီး ရင်ဘတ်ကို ခေါင်းနဲ့တိုးဝှေ့တယ်။ မှောင်မည်းနေတဲ့အခန်းထဲမှာ လပ်တော့ပ်ဆီက ထွက်နေတဲ့ အလင်းရောင်မှိန်မှန်ကြောင့် ထယ်ရယ်ရဲ့ မျက်တောင်မွှေးခပ်စိပ်စိပ်တွေနဲ့ အနည်းငယ်ဆူချင်နေတဲ့ ဘဲနှုတ်ခမ်းလေးကို ရစ်ခီမြင်နေရတယ်။ screen ပေါ်မှာတော့ ထယ်ရယ်ကြည့်ချင်နေတဲ့ sci-fi series က တရိပ်ရိပ်ဖြတ်ပြေးနေတယ်

"အိပ်တော့မှာလား"

ရစ်ခီရဲ့အမေးကို ထယ်ရယ်က ခေါင်းမော့ပြီး အင်းလို့ တိုးတိုးပြန်ဖြေတယ်။ နဂိုက ရင်ဘတ်နားမှာရှိတဲ့ထယ်ရယ်နှာတံက ရစ်ခီရဲ့လည်ပင်းပေါ်ဆီ ရောက်လာတယ်။ လည်တိုင်ဆီကိုလာရိုက်ခတ်သွားတဲ့ ထယ်ရယ်အသက်ရှူသံမျှဥ်းမျှဥ်းကြောင့် ရစ်ခီ တစ်ကိုယ်လုံးကျင်တက်ပြီး ရုတ်တရက်ကြီး အသက်ရှူအောင့်လိုက်မိတယ်။

"ငါ့အခန်းကို ပို့ပေးပါလား"

အိပ်ရာပေါ်မှာထိုင်နေတဲ့ ရစ်ခီရဲ့ပေါင်ပေါ်ကို ထယ်ရယ် ခွထိုင်လိုက်တယ်။ လက်နှစ်ဖက်က ရစ်ခီလည်ပင်းမှာ တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားတုန်းပဲ။ ရစ်ခီ သက်ပြင်းတိုးတိုးချလိုက်ပြီး ထယ်ရယ်ကို ချီမြှောက်လိုက်တယ်။ ထယ်ရယ်ဘက်က ပုံမှန်လုပ်နေကျ skinship မှန်သမျှ သူ့ဘက်က မရိုးသားနိုင်တော့လည်း ခက်ပါတယ်။

ထယ်ရယ်ရဲ့ အဆောင်ခန်းက သူ့အခန်းနဲ့ နှစ်ခန်းအကျော်မှာ ရှိတယ်။ သူ့ရဲ့အခန်းက ဘယ်ဘက်ထိပ်ဆုံးဆိုရင် ထယ်ရယ်အခန်းက ညာဘက်အစွန်ဆုံးမှာပဲ။ အဆောင်ခန်းတိုင်းမှာ နှစ်ယောက်နေရတယ်ဆိုပေမယ့် ရစ်ခီဆီမှာက အခန်းဖော်မရှိတာရယ် ၊ ထယ်ရယ့်အခန်းဖော်က အမြဲအခန်းမကပ်တာရယ်ကြောင့် အထီးကျန်တယ်လို့ အမြဲအော်နေတဲ့ ကင်မ်ထယ်ရယ်တစ်ယောက် သူ့ရဲ့အခန်းကိုပဲ ခဏခဏလာနေတတ်တယ်။

သေချာပေါက် ဒီကိစ္စက ရစ်ခီအတွက်တော့ ပြဿနာရယ်လို့တော့ မဟုတ်ခဲ့ဘူး။ သောကြာနေ့ညဆိုရင် ထယ်ရယ်ကြည့်ချင်တဲ့ ရုပ်ရှင်တွေ စီးရီးတွေကို လိုက်ကြည့်ပေးရတဲ့အခါတိုင်း ၊ ထယ်ရယ်က ရစ်ခီ့ပခုံးပေါ်ကို ဆိုးထားတာသိပ်မကြာ​သေးတဲ့ သူ့ဆံညိုရောင်ခေါင်းလုံးလေး လှမ်းမှီတဲ့အခါ ၊ တစ်နေ့တာ lecture တွေပြီးတဲ့အချိန် ရစ်ခီဆီအပြေးလာပြီး assignment သုံးခုထပ်ရလာကြောင်း နှုတ်ခမ်းဆူပြီး ငြီးတဲ့အခါတိုင်း ၊ မနက်ပိုင်းရောက်ရင် အခန်းတံခါးကို ဝုန်းခနဲဖွင့် သူဝယ်လာတဲ့ အသားညှပ်ပေါင်မုန့်ကို ရစ်ခီပါးစပ်ထဲ ထိုးထည့်ပေးတဲ့အခါတိုင်း ရစ်ခီရဲ့ နှလုံးသားက တသိမ့်သိမ့်ခုန်ရတယ်။

အခန်းထဲရောက်တော့ ထုံးစံအတိုင်း ထယ်ရယ်ရဲ့အခန်းဖော်က ပြန်မရောက်သေးဘူး။ သောကြာနေ့ညဆိုတော့ ကောလိပ်ပါတီမဟုတ်ရင် ရည်းစားနဲ့သွားအချိန်ကုန်နေတာ ဖြစ်မှာပေါ့လို့ ရစ်ခီကောက်ချက်ချလိုက်မိတယ်။ ထယ်ရယ်ရဲ့ အခန်းက ရစ်ခီအခန်းလို ရှင်းလင်းနေတာမျိုးမဟုတ်ဘဲ ရုပ်ရှင်ပိုစတာမျိုးစုံ plushie မျိုးစုံနဲ့ ပြည့်သိပ်နေတယ်။ ထယ်ရယ်ရဲ့ စာကြည့်စားပွဲပေါ်မှာတော့ ရစ်ခီ ဟိုးတစ်ပတ်ကမှ သူ့အတွက်ဝယ်ပေးထားတဲ့ cactus အကြီးအသေးစုံတွဲက ငုတ်တုတ်လေးထိုင်နေကြတယ်။

အရုပ်တွေနဲ့ပြည့်နေတဲ့ ကုတင်ပေါ်မှာ ထယ်ရယ်ကို ချအပြီး ဆံညိုရောင်ကောင်လေးက ဘေးနားမှာရှိတဲ့ ဘဲပေါက် plushie ကို ရင်ခွင်ထဲထည့်ပြီး ရစ်ခီကို ကျောပေးအိပ်သွားရှာတယ်။ ထယ်ရယ်ရဲ့ အိမ်စီးဖိနပ်ကိုချွတ်ပေးရင်း ကုတင်အောက်မှာထားပြီး ရစ်ခီ အခန်းထဲကပြန်ထွက်ဖို့အလုပ်မှာ ထယ်ရယ်ဆီက အသံတိုးတိုးလေးထွက်လာတယ်။

"ဂွတ်နိုက်ပါ ရှန် ငါ့ကို အိမ်မက်ထဲထည့်မက်နော်"

တံခါးကိုဖွင့်ဖို့ပြင်နေတဲ့ ရစ်ခီလက်တွေ ရပ်တန့်သွားပြီး ကုတင်ပေါ်က ထယ်ရယ်ကို လှမ်းကြည့်လိုက်မိတယ်။ ဒီဆံညိုရောင်ကောင်လေးက သူ့စကားအခွန်းတိုင်းဟာ ရစ်ခီရဲ့စိတ်အခြေအနေကို ဆူနာမီလို ကပြောင်းကပြန်လုပ်နိုင်တာ သိလောက်မယ့်ပုံမရဘူး ထင်တယ်။ ဘာစကားတစ်ခွန်းမှ ပြန်မပြောဘဲ ရစ်ခီ ကိုယ့်အခန်းကိုယ်ပြန်လာပြီး ပွင့်ရက်သားရှိနေတဲ့လပ်တော့ပ်ကို ပိတ်လိုက်မိတယ်။

Campus နားက ကဖီးဆိုင်လေထုထဲမှာ ကော်ဖီနံ့သင်းသင်းနဲ့ တီးလုံးသံအေးအေးက ပြန့်နှံ့နေတယ်။ စားပွဲပေါ်တင်ထားတဲ့ အိုက်စ်အမေရိကာနိုတစ်ခွက်ကို ထယ်ရယ်ယူသောက်လိုက်ပြီး လပ်တော့ပ်စကရင်ပေါ်က ခေါင်းရှုပ်စရာသင်္ချာဂဏန်းတွေကို မျက်မှောင်ကြုံ့ရင်း ကြည့်လိုက်တယ်။

"calculus လား"

ကောင်တာကနေ စတော်ဘယ်ရီမစ်ရှိတ်တစ်ခွက်နဲ့ ချိစ့်ကိတ်တစ်ခုယူပြီး ပြန်လာတဲ့ ရစ်ခီအမေးကို ထယ်ရယ်က ခေါင်းညှိမ့်ပြတယ်။ ထယ်ရယ်ဆံပင်က လက်နှစ်ဖက်လုံးနဲ့ သူ့ဆံပင်သူထိုးဖွထားတာကြောင့် ဟိုးနေရာတစ်ပင်ထောင် ဒီနေရာတစ်ပင်ထောင်နဲ့ ငှက်သိုက်လိုဖြစ်နေရှာတယ်။

"သင်္ချာဂဏန်းတွေနေရာမှာ အေဘီစီဒီတွေ အစားထိုးဝင်လာတည်းက ငါ့ဘဝကြီးကသွားပြီဆိုတာ သိလိုက်ရမှာ"

စားပွဲပေါ် ပါးအပ်ပြီး စိတ်ပျက်လက်ပျက်ပြောနေတဲ့ ထယ်ရယ်ရဲ့ ပညာရေးဒဿနကြောင့် သူရယ်လိုက်မိတော့ ထယ်ရယ်က မကျေမနပ်နဲ့ ခေါင်းထောင်ထလာတယ်။ ဒီထက်ပိုပြီး ထယ်ရယ်နှုတ်ခမ်း ဆူမထွက်လာခင် ရစ်ခီ အမြန် ချိစ်ကိတ်တစ်ဖဲ့ကို သူ့ပါးစပ်ထဲ ခွံ့ကျွေးလိုက်တယ်။

"နောက်ဆို lecture ချိန်တွေ ဆက်တိုက်မပျက်နဲ့"

ရစ်ခီ သူ့အိတ်ထဲက note စာအုပ်တစ်အုပ်ကို ထုတ်ပေးလိုက်တယ်။ ထယ်ရယ်ရဲ့မျက်ဝန်းတွေ အရောင်လက်သွားပုံက ကောင်းကင်ကကြယ်တစ်ပွင့် လာပြီးခိုနားသွားလိုက်သလိုပဲ။ နောက်စာအုပ်တစ်အုပ်ကိုထုတ်ပြီး ရစ်ခီ မှတ်စုထုတ်ဖို့ပြင်နေတုန်းမှာပဲ ထယ်ရယ်ဖုန်းက မြည်လာတယ်။

"အင်း မ ဘာလို့လဲ"

ရစ်ခီပါးစပ်ထဲ ခါးသက်သွားတယ်။

"အဆောင်ရှေ့မှာလား ဘယ်လိုလုပ်ရမလဲ ကျွန်တော် ကျောင်းရှေ့က ကဖီးဆိုင်မှာ"

ပစ္စည်းတွေ ကပျာကယာသိမ်းနေတဲ့ထယ်ရယ်ကို ရစ်ခီမော့ကြည့်လိုက်ပြီး အကြည့်တွေကို စားပွဲပေါ်ပြန်ရွှေ့လိုက်တယ်။ ထယ်ရယ်သာ သူ့မျက်စိကို ဆုံအောင်ကြည့်ခဲ့ရင် သူ မသွားပါနဲ့ဆိုပြီး ခပ်တိုးတိုးပြောနေတာကို ကြားခဲ့မှာ။ မဟုတ်ဘူး။ ကြားရင်တောင် မကြားချင်ယောင်ဆောင်ခဲ့မလား။

"ငါ သွားပြီနော်"

ဖုန်းကို လက်နဲ့အုပ်ပြီး ထယ်ရယ် သူ့ဘက် နှုတ်ဆက်စကားလှမ်းပြောတာကို ရစ်ခီခေါင်းတစ်ချက်ပဲ ညှိမ့်ပြလိုက်တယ်။ ပြန်လာမှာပါ။ သူအမြဲပြန်လာနေကြပဲ။ အထက်တန်းတည်းက သူပြန်လာနေကြပဲကို။ ရစ်ခီ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်မိတယ်။ ကောင်မလေးကိစ္စကြောင့် ထယ်ရယ် သူ့အနားက ရုတ်တရက် ထွက်သွားတာ ပထမဆုံးအကြိမ်မဟုတ်ပေမယ့်လည်း အချိန်တိုင်း ရစ်ခီပါးစပ်ကနေ ဆေးခါးကြီးသောက်ထားတဲ့အရသာ ရနေတုန်းပဲ။

စားပွဲပေါ်မှာ ကျန်နေခဲ့တဲ့ ချိစ့်ကိတ်ကို တစ်ဖဲ့စားလိုက်ပြီး မျက်စိရှေ့နားက စာကို အာရုံပြန်စိုက်လိုက်တယ်။ ဒီ class လည်း ထယ်ရယ်ပျက်ထားတာပဲ။ ရစ်ခီ ပြန်သတိရမိတယ်။ key points တွေကို ချရေးနေရင်း highlight တားလိုက်တယ်။ သူ့အတွက်ဆို မှင်အရောင်တစ်မျိုးတည်းနဲ့ အဆင်ပြေပေမယ့် ထယ်ရယ်က အရောင်မျိုးစုံနဲ့ဆို စာပိုမှတ်မိတယ်။ ကော်ဖီဆိုင်က သီချင်းသံက ပွင့်နေတုန်းပဲ။ ရစ်ခီလည်း ထယ်ရယ်အလာကို စောင့်နေရင်း မှတ်စုတွေ ထုတ်နေဆဲပါပဲ။

ဒီနေ့ ပြန်မလာရင် ဘယ်လိုလုပ်မလဲ။

ရစ်ခီ အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်မိတယ်။

မနက်ဖြန် ပြန်လာမှာပါ။ မနက်ဖြန် မနက်ကျရင် သူကြိုက်တဲ့ အသားညှပ်ပေါင်မုန့်ဝယ်ပြီး အခန်းထဲရောက်လာဦးမှာ။

ထယ်ရယ်ကလည်း သေချာပေါက် ပြန်လာမှာ ဖြစ်သလို ရစ်ခီကလည်း သေချာပေါက် စောင့်နေမိဦးမှာပါပဲ။

ဒေါက် ဒေါက် ...။

လူခြေတိတ်တဲ့ ညသန်းခေါင်အချိန်မှာ ထွက်လာတဲ့တံခါးခေါက်သံကြောင့် ရစ်ခီဖုန်းကြည့်နေရာကနေ တံခါးပေါက်ကို လှမ်းကြည့်လိုက်တယ်။ ထယ်ရယ်များလား..။ သူ့ဆီ အချိန်မရွေးရောက်လာတတ်သူဆိုလို့ ထယ်ရယ်အပြင် တခြားသူမှမရှိဘဲ။

"စပရိုက်!!!"

တံခါးဖွင့်လိုက်တော့ ထင်တဲ့အတိုင်း ထယ်ရယ်က ရပ်နေတယ်။ ညာဘက်လက်မှာ ဆိုဂျူနှစ်ပုလင်းပါတဲ့ ကျွတ်ကျွတ်အိတ်ကို ဆွဲထားပြီး ဘယ်ဘက်လက်ကတော့ သူ့ကို လက်ဝှေ့ယမ်းပြနေတယ်။

"ဘာလုပ်ဖို့လဲ ညဘက်ကြီး"

"ရက်စက်လိုက်တာ မင်းနဲ့အတူ အရက်သောက်ချင်လို့ကို"

ထယ်ရယ်က နာကျင်သွားတဲ့ပုံနဲ့ ရင်ဘတ်ကို လက်နဲ့ဖိပြီး အခန်းထဲဝင်လာတယ်။ ကျွတ်ကျွတ်အိတ်ကို စာကြည့်စားပွဲပေါ်ချလိုက်ပြီး သူ့ဘက်ကို ပြုံးကြည့်လာတာကို ကြည့်ရင်း ရစ်ခီ စိတ်ထဲနောက်သွားရတယ်။ သူ ထယ်ရယ်နဲ့ အတူရှိလာတာဖြင့် ကြာနေပါပြီ။ ထယ်ရယ်ဆီမှာ တစ်ခုခုဖြစ်ရင် ရစ်ခီ ချက်ချင်းသိတာပေါ့။

"မုန့်ရှိလား ငါ အမြည်းဝယ်မလာမိလို့"

"ထယ်ရယ်.."

"မရှိလည်းရပါတယ် ခေါက်ဆွဲပြုတ်ကြမလား"

"ထယ်ရယ် ဘာဖြစ်လို့လဲ"

ထယ်ရယ် အသံတိတ်သွားတယ်။ စာကြည့်စားပွဲပေါ်မှာ ရှိတဲ့ဆိုဂျူတစ်ပုလင်းကို အဖုံးဖောက်ဖွင့်လိုက်ပြီး ပါလာတဲ့ပလတ်စတစ်ခွက်ထဲ ထည့်လိုက်တယ်။

"ငါ့ကို ခဏလောက် အချိန်ယူကြရအောင်တဲ့"

"ဘယ်သူကလဲ"

".............."

ထယ်ရယ်မျက်ဝန်းတွေကို ဆုံအောင်ကြည့်လိုက်ရင်း ရစ်ခီသဘောပေါက်သွားတယ်။ အခန်းထဲမှာ စက္ကန့်ပိုင်းလောက် တိတ်ဆိတ်သွားကြတယ်။

"စာတွေနဲ့ ပင်ပန်းနေလို့ ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံစိုက်ချင်လို့တဲ့ ရယ်ရတယ်မလား အခုမှ semester စရုံပဲ ရှိသေးတာကို"

ပလတ်စတစ်ခွက်ထဲက အရက်တွေကို ထယ်ရယ် တစ်ကျိုက်တည်းမော့ချလိုက်တယ်။ ရစ်ခီ သက်ပြင်းတိုးတိုးချလိုက်ပြီး အံဆွဲထဲက ပြည်ကြီးငါးခြောက်အထုပ်ကို ထုတ်ပေးရင်း သူ့အတွက်ပါ ဆိုဂျူတစ်ခွက် ငှဲ့လိုက်တယ်။

"ဒီတစ်ပုလင်းကုန်ရင် အခန်းပြန်တော့"

"မပြန်ဘူး"

ထယ်ရယ် နှုတ်ခမ်းဆူလာပြန်တယ်။

"မင်းနဲ့ အိပ်မှာ"

ရစ်ခီ ရင်ခုန်သံစည်းချက် မှားသွားရတယ်။

"ငါ တစ်ယောက်တည်း အိပ်ရတာမုန်းတယ်"

ပလပ်စတစ်ခွက်အဖုံးနားကို လက်ညိုးနဲ့ဝိုင်းနေရင်း ထယ်ရယ် နောက်တစ်ခွက် ထပ်သောက်လိုက်တယ်။

"ဂယူဘင်းကလည်း ပြန်မလာဘူး"

မျက်လုံးအုပ်နေတဲ့ ဆံပင်တွေကို ထယ်ရယ်အပေါ်လှမ်းသပ်လိုက်ပြီး ရစ်ခီနဲ့ အကြည့်ချင်းဆုံလိုက်တယ်။

လှတယ်..။

ထယ်ရယ် မျက်ဝန်းတွေက အရမ်းလှတယ်..။

အရက်သောက်ထားတာပဲဖြစ်ဖြစ် မသောက်ထားတာပဲဖြစ်ဖြစ် ပျော်နေတဲ့အချိန်ပဲဖြစ်ဖြစ် ဒီလိုနည်းနည်းလေးဝမ်းနည်းနေတဲ့အချိန်ပဲဖြစ်ဖြစ် ထယ်ရယ်မျက်ဝန်းတွေက အချိန်တိုင်းလှတယ်။ ဘယ်အချိန်ပဲကြည့်ကြည့် ရစ်ခီ့ကို ကြာကြာမျက်လုံးချင်းမဆုံနိုင်အောင် သူ့ဘက်ကစပြီး အကြည့်လွှဲသွားအောင် လုပ်နိုင်တယ်။

နှစ်ယောက်လုံး တစ်ခွက်ပြီးတစ်ခွက်သောက်ဖြစ်ကြတယ်။ နှစ်ပုလင်းလုံးကုန်ပြီးတဲ့အချိန်မှာ အရက်သိပ်မသောက်နိုင်တဲ့ ထယ်ရယ်မျက်ဝန်းတွေက ရီဝေစပြုနေတယ်။ မရယ်ရတဲ့ဟာသတွေကို ရစ်ခီကိုပြောပြပြီး အူမြူးနေရင်း ရစ်ခီရဲ့အိပ်ရာပေါ်ကို ပိုင်စိုးပိုင်နင်းနဲ့ တက်အိပ်လိုက်တယ်။

"ဘယ်သွားတာလဲ"

ရစ်ခီက မျက်နှာချင်းဆိုင်က အိပ်ရာပေါ်မှာ အိပ်မယ်အလုပ် ထယ်ရယ်က မကျေမနပ်နဲ့ လှမ်းအော်တယ်။

"ငါနဲ့ အတူအိပ်ပါဆို"

ထယ်ရယ်က ထလာပြီး ရစ်ခီကို လက်ဆွဲခေါ်ရင်း အိပ်ရာပေါ်တွန်းပို့တယ်။ ရစ်ခီခါးကို လှမ်းဖက်ရင်း သူ့ခေါင်းကို လည်ပင်းပေါ်မှာအတင်းအပ်ထားပြီး ခွေးပေါက်လေးလို တရှုံ့ရှုံ့လုပ်တယ်။

"မွှေးလိုက်တာ မင်းသုံးတဲ့ shower gel လိုက်သုံးမှ ဖြစ်တော့မယ်"

တစ်ခါတလေ ထယ်ရယ်က ဒီလိုစကားတွေကို သူ့ကို တမင်သက်သက်များပြောတာလား တွေးမိတယ်။ သူ့ကို တမင်သက်သက်ညှင်းပန်းဖို့များ ဒီလိုတွေလုပ်နေတာလား။ ဒါမှမဟုတ် ထယ်ရယ်ဘက်က ရိုးရိုးသားသားလုပ်ရပ်တွေမှန်သမျှကို ရစ်ခီက ထင်ယောင်ထင်မှားဖြစ်နေတာများလား။

"ရှန်.."

အင်း...။

ရစ်ခီ စိတ်ထဲက ဖြေလိုက်မိတယ်။

"ငါ မင်းကို အရမ်းသဘောကျတာ သိတယ်မလား"

ရစ်ခီ မျက်တောင်တွေ တဖျတ်ဖျတ်လှုပ်သွားမိတယ်။ ရင်ခွင်ထဲက ထယ်ရယ်က ရစ်ခီခါးပေါ်က သူ့လက်တွေကို ပိုတင်းကြပ်လာတယ်။ တိတ်ဆိတ်နေတဲ့အခန်းထဲမှာ ထယ်ရယ်ရဲ့ရယ်သံသြသြလေး ထွက်လာတယ်။ စာကြည့်စားပွဲပေါ်က စားပွဲတင်နာရီလက်တံက နံပါတ်နှစ်ကို ညွှန်ပြနေတယ်။

"ငါ မင်းနဲ့ ဒီလိုရှိနေရတာ ကြိုက်တယ်"

"မင်း အမြဲတမ်း ငါ့အတွက် ရှိပေးနေတာလည်း ကြိုက်တယ်"

"ပထမဆုံးအသည်းကွဲတုန်းကရော စာမေးပွဲဖြေခါနီး ဘူဆန်ကို ဘယ်သူမှမပြောဘဲ လစ်ထွက်သွားတဲ့အချိန်တုန်းကရော တက္ကသိုလ်ဝင်ခွင့်အောင်တဲ့အချိန်တုန်းကရော"

"တကယ်ကို.."

ညအိပ်မီးရဲ့ အလင်းရောင်အောက်မှာ ထယ်ရယ် ရစ်ခီကို မော့ကြည့်လိုက်တယ်။ ရစ်ခီကလည်း ပြန်ငုံ့ကြည့်တယ်။ ဒီညမှ ထူးထူးဆန်းဆန်း ထယ်ရယ်မျက်ဝန်းတွေက ပိုတောက်ပနေတယ်။

"မင်းက ငါ့အတွက် မရှိမဖြစ်ထင်ပါတယ်"

ရစ်ခီ သူ့ရဲ့နှလုံးသားကို တစ်ယောက်ယောက် ဆူးသေးသေးလေးတွေနဲ့ လာခြစ်နေသလို ခံစားရတယ်။ ဗိုက်ထဲက လိပ်ပြာတွေရဲ့ လက်တွေခြေတွေမှာများ ဆူးတံတွေ ပေါက်လာတာလား။ ရစ်ခီ အူကြောင်ကြောင်တွေ တွေးမိပြန်တယ်။

နာရီလက်တံက လေးကိုထိုးသွားပြီ။ ထယ်ရယ်က အိပ်ပျော်သွားပေမယ့် ရစ်ခီက မျက်နှာကြက်ကို မော့ကြည့်နေမိတယ်။

ထယ်ရယ် ပြန်လာတယ်။

သူကလည်း စောင့်နေတယ်။

ဒါကပဲ အရေးကြီးဆုံးထင်ပါတယ်။

Continue Reading

You'll Also Like

413K 19.7K 81
Kang y/n was always been the black sheep of the family. Overshadow by her extremely talented, gorgeous sister Roseanne . Who has the world revolve a...
460K 31.3K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
152K 5.5K 42
❝ if I knew that i'd end up with you then I would've been pretended we were together. ❞ She stares at me, all the air in my lungs stuck in my throat...
69.7K 1.6K 31
!Uploads daily! Max starts his first year at college. Everything goes well for him and his friends PJ and Bobby until he meets Bradley Uppercrust the...