တာအိုခဲတံ ( အပူအပင်မဲ့ အင်မော...

By Azure5549

51.1K 4K 183

edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 126
Book 10 ( Ch 1 - 7 )
Ch 8 - 14
Book 11 Ch 1 - 7
8 - 14
Book 12 Ch 1 -7
8 - 14
Book 13 Ch 1 - 7
8 - 14
Book 14 Ch 1 - 7
8 - 14
Book 15 Ch 1 - 7
8 - 14
Book 16 Ch 1 - 7
8 - 14
Book 17 Ch 1 - 7
8 - 14
Book 18 Ch 1 - 7
8 - 14
Book 19 Ch 1 - 7
8 - 14
Book 20 Ch 1 - 7
8 - 14
Book 21 Ch 1 - 7
8 - 14
Book 22 Ch 1 - 7
8 - 14
Book 23 Ch 1 - 7
8 - 14
Book 24 Ch 1 - 7
8 - 14
Book 25 Ch 1 - 7
8 - 14
Book 26 Ch 1 - 7
8 - 14
Book 27 Ch 1 - 7
8 - 14
Book 28 Ch 1 - 7
8 - 14
Book 29 Ch 1 - 7
8 - 14
Book 30 Ch 1 - 7
8 - 14
Book 31 Ch 1 - 7
8 - 14 ( end )

91 - 95

715 71 11
By Azure5549

#အပူအပင်မဲ့အင်မော်တယ်
Chapter 91
ငါ့ဂိုဏ်းတူအစ်ကိုကြီးနဲ့ မင်းရဲ့ပတ်သက်မှုက

“အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံး ၂၀၀ဆိုတာ တန်ဖိုးမနည်းပါဘူး”
တန်တျန်း မျက်နှာ သုန်မှုန်သွားခဲ့ပါပြီ။

“မင်းဘယ်လောက်ပေးပေး ငါမရောင်းဘူး”

ချင်းကျူလည်း သူ့ကို ဂရုစိုက်မနေတော့ပဲ အခန်းထဲ ပြန်အိပ်ဖို့ နောက်လှည့်လိုက်ပါပြီ။

သူ့အတွက် ဝိညာဉ်ကျောက်တုံးတွေက အရေးမကြီးတော့ပါဘူး။ သူသာ အလိုရှိတယ်ဆိုရင် အချိန်မရွေး ဝိညာဉ်ကျောက်တုံး အများအပြားကို ရှာဖွေလို့ ရပါတယ်။

ဒါကို တွေ့လိုက်ရတော့ တန်တျန်းမျက်နှာ ပိုပြီး မည်းသည်းသွားခဲ့ပါပြီ။ သူတစ်ခုခု ပြောဖို့ ဟန်ပြင်လိုက်ချိန်မှာပဲ သူ့နံဘေး ရှိနေတဲ့ လူငယ်လေးက အင်္ကျီစကို လှမ်းဆွဲပြီး ခေါင်းကို ဖြည်းလေးစွာ ခါယမ်းလိုက်ပါတော့တယ်။

တန်တျန်းလည်း ချက်ချင်း ပါးစပ်ကို ပိတ်လိုက်ပါပြီ။

ချင်းကျူ အခန်းထဲ ဝင်သွားတာကို ကြည့်ရင်း လူငယ်လေး နက်နက်နဲနဲ စဉ်းစားနေခဲ့ပါတယ်။

ချင်းကျူက မရောင်းလိုဘူး ဆိုမှတော့ ဒီတန်ခိုးရှင်တွေလည်း ရွေးချယ်စရာ မရှိတော့ပါဘူး။ ဒါက တောက်ပသော မြို့တော်ပါ။ သူ့ဆီကနေ လုယူဖို့ကလည်း မဖြစ်နိုင်ပါဘူး။ ဒါ့အပြင်ကို ပြီးပြည့်စုံတဲ့ အဆင့်လေး ဆေးဝါးကို ဖော်စပ်နိုင်တဲ့ တန်ခိုးရှင်ကို လျှော့တွက်လို့ မဖြစ်နိုင်ဘူး မဟုတ်လား။

ဒါပေမဲ့ ပြီးပြည့်စုံတဲ့ အဆင့်လေး ဆေးဝါးကို ချင်းကျူ ဖော်စပ်လိုက်တဲ့ သတင်းဟာ တောက်ပသော မြို့တော်တခွင်ကို ဒီနေ့မှာပဲ တောမီးပမာ ပျံ့နှံ့သွားခဲ့ပါပြီ။

ဒုန်း ဒုန်း ဒုန်း

ချင်းကျူ ခုတင်ထက်လဲလျောင်းပြီး မျက်လုံးမှိတ်လိုက်ချိန်မှာပဲ သူ့အခန်းတံခါးကို တစ်ယောက်ယောက် လာခေါက်လိုက်ပါတော့တယ်။

“ဘယ်သူလဲ”
ချင်းကျူလည်း စိတ်မရှည်နိုင်စွာ ထရပ်လိုက်ပါပြီ။

“မောင်လေးချင်းကျူ.. ငါပါ”

အပြင်ဘက်ကနေ အမျိုးသမီးတစ်ဦး လေသံနှိမ့်ပြီး ပြောလာပါတော့တယ်။

ချင်းကျူ မှင်သက်သွားခဲ့ပါပြီ။ ကောင်းကင်ဘုံ မှတ်စုဂိုဏ်းက ဂိုဏ်းချုပ်ရီရောင် မဟုတ်လား။

ချင်းကျူလည်း လက်ကို ဝှေ့ယမ်းလိုက်ပြီး တံခါးကို ဖွင့်လိုက်ပါတော့တယ်။ ရီရောင် အပြင်မှာ ရပ်စောင့်နေတာကို တွေ့လိုက်ရပါပြီ။

“ဂိုဏ်းချုပ်ရီရောင်.. ရတယ်။ အထဲ ဝင်လာပါ”

ချင်းကျူလည်း ဝိညာဉ်အရက်အိုး တစ်အိုးကို ထုတ်ယူပြီး ကိုင်ထားရင်း ပြောလိုက်ပါပြီ။

၀ူကျန်းကျီးကို သူကြောက်စရာ မလိုပေမဲလည်း ရီရောင်က သူ့ကို မသိပဲနဲ့ ရှေ့ကနေ မားမားမတ်မတ် ရပ်ပေးခဲ့ပါတယ်။ ဒါကြောင့် ချင်းကျူ အလွန်ကျေးဇူးတင်ခဲ့တာပါ။

ပြီးတော့ ရီရောင်နဲ့ ဂိုဏ်းတူအစ်ကိုကြီးအကြား ဘယ်လို ပတ်သက်မှု ရှိနေသလဲ ဆိုတာကို ချင်းကျူ သိချင်မိခဲ့ပါတယ်။

“ကျေးဇူးပါပဲ”

ရီရောင်လည်း ခေါင်းညိတ်ပြီး အခန်းထဲ ဝင်လာခဲ့ပါပြီ။ အခန်းတစ်နေရာမှာ ရပ်နေတဲ့ တမ်ကို တွေ့လိုက်ရတော့ သူမ တုန်လှုပ်သွားပါတော့တယ်။

“ဒီမိစ်ဆာသားရဲက ဘာမိစ်ဆာသားရဲလဲ”

“အော်… ဒါက ဂိုဏ်းတူအစ်ကိုကြီးရဲ့ အိမ်မွေးသားရဲပါ”
ချင်းကျူ သာမန်ပဲ ဖြေလိုက်ပါပြီ။

“အိုး.. သူ့ရဲ့ သားရဲကောင်လား”

ရီရောင်လည်း တီးတိုး ရေရွတ်လိုက်ပါတော့တယ်။ သူ့ရဲ့ သားရဲကောင်တောင်မှ ဝမ်ရှင်းသူတော်စင် ဖြစ်နေတယ်ဆိုတော့။ ကြည့်ရတာ သူက အရင်တုန်းကလိုပဲ အစွမ်းထက်တုန်းပေါ့။

“ဂိုဏ်းချုပ်ရီ.. ဘာကိစ္စများ ရှိလို့လဲ”

ချင်းကျူလည်း အရက်တစ်ကြိုက် မော့သောက်လိုက်ပြီး မေးမြန်းလိုက်ပါပြီ။

“အင်း..”

ရီရောင်လည်း ခေါင်းငုံ့လိုက်ပြီး ချီတုံချတုံ ဖြစ်နေခဲ့ပါတယ်။ ဒီအပြုအမူဟာ ရင့်ကျက်တဲ့ အမျိုးသမီး တစ်ဦးရဲ့ ဆွဲဆောင်မှုကို ပိုပြီးပေါ်လွင်သွားစေခဲ့ပါတယ်။ ယှဉ်ပြောရမယ်ဆိုရင် မုရှောင်ယုလို ချစ်စရာ ကောင်းတဲ့ ကောင်မလေး အနေနဲ့ ဘယ်လိုမှ မယှဉ်သာတော့ပါဘူး။

“ဘယ်.. ဘယ်လို.. ပိုင်ရီ ဘယ်လို နေလဲ”

“…”

သူတို့ နှစ်ယောက်ကြားမှာ လျှို့ဝှက်ချက် ရှိနေတာတော့ သေချာသွားပြီ။

ချင်းကျူလည်း အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး
“ဂိုဏ်းတူအစ်ကိုကြီးကတော့ ဒီတလော တံခါးပိတ် တရားကျင့်နေပါတယ်။ မူလတာအို အဆင့်ကို တက်ဖို့လေ။ ဒါကြောင့် ကျွန်တော်က သူ့ကိုယ်စား စားသောက်ပွဲ လာတက်တာပါ”

ပိုင်ရီရဲ့ ဒဏ်ရာအကြောင်းတော့ ချင်းကျူ ပြောမှာမဟုတ်ပါဘူး။ ဒါ့အပြင် ပိုင်ရီက အခုအခွင့်အရေးကို အသုံးချပြီး အဆင့်တက်ဖို့ ကြိုးစားနေတယ်လို့ ပြောထားပါသေးတယ်။ ဒါကြောင့် ချင်းကျူ ပြန်ရောက်ချိန်ကျ ပိုင်ရီတစ်ယောက် မူလတာအို အဆင့်ကို ရောက်နေလောက်ပါပြီ။

“ငါနားလည်ပါပြီ”

ရီရောင်ရဲ့ မျက်နှာအထက် စိတ်ပျက်မှု ထင်ဟပ်လာပါတော့တယ်။ ဒါပေမဲ့ ပိုင်ရီက မူလ တာအို အဆင့်ကို တက်ဖို့ ကြိုးစားနေတာ ဆိုတော့… သူမ ပြန်တွေးလိုက်ပြီးချိန် ဝမ်းသာသလို ရှက်သလို ခံစားမှုကို ခံစားလိုက်ရပါပြီ။

ပိုင်ရီက မူလတာအို အဆင့်ကို တက်ပြီးချိန်မှာ သူမကို လာရှာမယ်လို့ တစ်ချိန်တုန်းက ပြောဖူးခဲ့တာကြောင့်ပါ။

“…”

“အဲ…. ကျွန်တော် မေးလို့ သင့်တော်မလား မသင့်တော်ဘူးလားတော့ မသိဘူး။ မေးခွန်းတစ်ခုတော့ မေးချင်သေးတယ်”
ချင်းကျူလည်း ရီရောင် နှုတ်ဆိတ်နေတာကို ကြည့်ပြီး ချီတုံချတုံ ဖြစ်နေခဲ့ပါတယ်။

“ဘာများလဲ”

“ဂိုဏ်းချုပ်ရီရောင်နဲ့ ဂိုဏ်းတူအစ်ကိုကြီးနဲ့ ဘယ်လိုများ ပတ်သက်မှု ရှိသလဲ မသိဘူး”

ဒါကို ကြားလိုက်ရတော့ ရီရောင်ရဲ့ မျက်နှာ ချက်ချင်း နီရဲသွားခဲ့ပါပြီ။ သူမ ရှက်ရွံ့စွာ ပြောလိုက်ပါတော့တယ်။
“အဲဒါက… မင်းရဲ့ ဂိုဏ်းတူအစ်ကိုကြီးကိုပဲ မေးကြည့်လိုက်ပါ”

ချင်းကျူ
“…”

ဂိုဏ်းတူအစ်ကိုကြီး.. သူ့ကို ဘာတွေများ လုပ်လိုက်လဲ မသိဘူး။ ဘာဖြစ်လို့ ဝမ်ရှင်းသူတော်စင် အထွတ်အထိပ် တန်ခိုးရှင်တစ်ဦးက ဒီလောက်တောင် ရှက်ရွံ့နေရတာလဲ။

ချင်းကျူ နားမလည်နိုင်ခင်မှာပဲ ရီရောင် တစ်ယောက် ပန်းချီကား တစ်ချပ်ကို ထုတ်ယူပြီး စားပွဲအထက် တင်လိုက်ပါပြီ။
“မောင်လေးချင်းကျူ.. ဒီပန်းချီကားကို ပိုင်ရီဆီ ပို့ပေးပါ။ သူ့ကို ပြောလိုက်ပါ။ အစ်မတော် ထာ၀ရ စောင့်နေပါတယ်လို့”
ပြောဆိုပြီးတာနဲ့ ရီရောင်တစ်ယောက် အခန်းအပြင်ဘက် ပြေးထွက်သွားခဲ့ပါပြီ။ ချင်းကျူတစ်ယောက်သာ အူကြောင်ကြောင်နိုင်စွာ ကျန်ရစ်ခဲ့ပါတော့တယ်။

ပကျူး.. ပကျူး.. ပကျူး… (ကျီးကန်း သုံးကောင် ဖြတ်သန်းသွားသည်။)

ဘာတွေ ဖြစ်ကုန်တာလဲ။

ချင်းကျူရဲ့ လက်ချောင်းလေးတွေ တစ်ချက် လှုပ်ရှားသွားခဲ့ပါပြီ။ ပန်းချီကားလိပ်ဟာ သူ့လက်ထဲ ပျံသန်းဝင်ရောက်လာခဲ့ပြီး ဖြည်းဖြည်းချင်း ပြေသွားပါတော့တယ်။

“ဗုဒ္ဓေါ… သူက ဂိုဏ်းတူအစ်ကိုကြီးတဲ့လား”

ပန်းချီကားထဲက လူကြီးရဲ့ မျက်ခုံးတွေဟာ ထူထဲပြီး ယောက်ျားဆန်လွန်းပါတယ်။ သူ့မျက်လုံးတွေဟာ တောက်ပနေပြီး ခန့်ညားလှတယ် ဆိုရမှာပါ။ သူ့ရဲ့ ဆံပင်ရှည်တွေကို အနောက်ဘက်မှာ သေချာ စည်းနှောင်ထားပါတယ်။ သူ့အသွင်အပြင်ဟာ ဘယ်သူ့ကိုမှ ဦးမညွတ်ပဲ လွတ်လပ်ပေါ့ပါးမှု ပိုင်ဆိုင်ထားပါသေးတယ်။ အထူးသဖြင့် စကားပြောနေတဲ့ အသွင် ပိုင်ဆိုင်ထားတဲ့ သူ့မျက်လုံးတွေပါ။ ပြောရရင် ချင်းကျူရဲ့ မျက်လုံးတွေနဲ့ကို ယှဉ်လို့ ရနေခဲ့ပါတယ်။

သူက ငါ့ရဲ့ ဂိုဏ်းတူအစ်ကိုကြီးကော ဟုတ်လို့လား။

ပကျူး.. ပကျူး.. ပကျူး… (ကျီးကန်း သုံးကောင် ဖြတ်သန်းသွားသည်။)

လာနောက်နေတာလား။

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်တုန်းက ရွှမ်းရီတောင်တန်းဂိုဏ်းကို စတင်ရောက်ခဲ့ချိန်ကို ချင်းကျူ ပြန်အမှတ်ရမိခဲ့ပါတယ်။ ပိုင်ရီဟာ အဲဒီကတည်းက အခုအထိ ဒီရုပ်ရည်ပါပဲ။ ဒီပန်းချီကားထဲက လူကြီးက ပိုင်ရီကော ဟုတ်လို့လား။

“ထားလိုက်တော့။ ပြန်ရောက်မှပဲ မေးလိုက်တော့မယ်”

ချင်းကျူလည်း ပုံတူပန်းချီကားကို လိပ်သိမ်းလိုက်ပြီး အရက်တစ်ကြိုက် အားရပါးရ မော့သောက်လိုက်ပါပြီ။ ပြီးတာနဲ့ အိပ်ရာထက် အိပ်စက်လိုက်ပါတော့တယ်။

တစ်ချိန်တည်းမှာပဲ ပြီးပြည့်စုံတဲ့ အဆင့်လေး ဆေးဝါးကို ချင်းကျူ ဖော်စပ်ခဲ့တဲ့ ကိစ္စဟာ တောက်ပသော မြို့တော်တစ်ခုလုံးကို အုတ်အော်သောင်းနင်း ဖြစ်သွားစေခဲ့ပါပြီ။

“မင်းတို့ ကြားလိုက်ရလား။ တစ်ယောက်ယောက်က ပြီးပြည့်စုံတဲ့ အဆင့်လေး ဆေးဝါးကို ဖော်စပ်လိုက်တယ်တဲ့”

“ဟုတ်လား။ တကယ်လား”

“အမှန်ပဲ။ ထူးခြားတဲ့ နိမိတ်တွေ ပြသလာပြီးတော့ ဆေးရဲ့ သင်းရနံ့ဟာ နေရာတိုင်ကို မွှေးကြိုင်သွားစေခဲ့တယ်။ ငါ့မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာပဲ။ မမှားပါဘူး”

“မှော်ဆေးဝါးကို ဘယ်သူက ဖော်စပ်လိုက်တာတဲ့လဲ”

“သူက ရွှမ်းရီတောင်တန်းဂိုဏ်းချုပ်ရဲ့ ဂိုဏ်းတူညီလေးလို့ ပြောတာပဲ”

“ငါပြောရဦးမယ်။ ရွှမ်းရီတောင်တန်းဂိုဏ်းက ဂိုဏ်းချုပ်ကြီးက ပြီးပြည့်စုံတဲ့ အဆင့်လေး ဆေးဝါးကို ဖော်လိုက်တယ်လို့ ငါကြားခဲ့ရတယ်”

“ပြီးတော့ ဆေးတစ်လုံးတည်း မဟုတ်ဘူးနော်။ ၁၂ လုံးတောင်”

“ဘာ.. ၄၂ လုံးကို တစ်ပြိုင်တည်း ဖော်လိုက်တာ”

“ဘုရားရေ။ လူတစ်ယောက်က ပြီးပြည့်စုံတဲ့ အဆင့်လေး ဆေးလုံးကို တစ်ချိန်တည်းမှာ အလုံး ၈၀ တောင် ထုတ်လုပ်ဖော်စပ်ပြခဲ့တယ်လား”

“ဗုဒ္ဓေါ .. ဒါက တကယ့် သတင်းထူးပဲ။ လူတစ်ယောက်က ဆေးပေါင်းအိုး တစ်အိုးနဲ့ တစ်ချိန်တည်းမှာ ပြီးပြည့်စုံတဲ့ အဆင့်လေး ဆေးဝါး ၁၀၇ လုံးကို ဖော်စပ်ထုတ်လုပ်ခဲ့တယ်တဲ့။ သူက ဝိညာဉ်ဗဟိုကမ္ဘာမှာတော့ အတော်ဆုံး မှော်ဆေးဝါး ဖော်စပ်သူဆိုတဲ့ ဘွဲ့ကို ထိုက်တန်နေပြီ”

“..”

ပြီးပြည့်စုံတဲ့ အဆင့်လေး ဆေးတစ်လုံးကို ဖော်စပ်နိုင်ရင် တောက်ပသော မြို့တော်ကို မဆိုထားနဲ့ ကမ္ဘာတစ်ခွင် တုန်လှုပ်သွားရမှာပါ။

သတင်းကြားလိုက်ရတဲ့ အင်အားစုတိုင်း ချက်ချင်းဆိုသလို လှုပ်ရှားလာကြပါပြီ။ ဘယ်သူကများ ပြီးပြည့်စုံတဲ့ အဆင့်လေး ဆေးလုံး ၁၀၇ လုံးကို ဆေးပေါင်းအိုး တစ်လုံးတည်းနဲ့ တစ်ပြိုင်တည်း ဖော်စပ်ခဲ့တာပါလိမ့်။ မဟာကလန်ကြီး ခြောက်ခုတောင်မှ ခြွင်းချက်မဟုတ်တော့ပါဘူး။

သိပ်မကြာခင်မှာတော့ ရွှမ်းရီတောင်တန်း ဂိုဏ်းချုပ်ရဲ့ သတင်းကိုပဲ အားလုံး ပြောလာကြပါတော့တယ်။ ဒါပေမဲ့ အဲဒီထဲမှာ  အဆင့်လေး ဆေးဝါးဖော်စပ်သူ အကြောင်း သတင်းတော့ မပါခဲ့ပါဘူး။ ပြီးတော့ ချင်းကျူဆိုတဲ့ နာမည်လည်း မပါခဲ့ပါဘူး။

ချင်းကျူဟာ မိစ္ဆာသတ် အစည်းအဝေးကို တက်ရောက်ဖူးတဲ့အတွက် ရွှမ်းရီတောင်တန်းဂိုဏ်းကဆိုတာတော့ သေချာပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာလည်း သူ့နာမည်ကို ဘယ်သူမှ မကြားဖူးတဲ့အတွက် ဘယ်သူမှလည်း သူ့ကို သတိမထားမိခဲ့ပါဘူး။

ဟူကလန် ဂိုဏ်းခွဲ။

“သူက ပြီးပြည့်စုံတဲ့ အဆင့်လေး ဆေးဝါးကို ဖော်စပ်ခဲ့တာ တကယ်ကြီးလား”

ဟူကလန် ဂိုဏ်းခွဲမှူး ဟူယောင်ဟာ တောက်ပသော မြို့တော်မှာ ရှိနေခဲ့ပါတယ်။ သူ့မျက်နှာ တုန်လှုပ်မှင်သက်နေပါပြီ။ သူ့နားကိုတောင် မယုံကြည်ဝံ့တော့ပါဘူး။

“အမှန်ပဲ။ အဲဒီအချိန်တုန်းက တန်ခိုးရှင် အများအပြား မျက်စိနဲ့တပ်အပ် မြင်ခဲ့ရတယ်။ မြက်ဆေးပင်ဂိုဏ်းချုပ် ၀ူကျန်းကျီးလည်း ရှိနေတယ်လေ”

ဟူကလန် တန်ခိုးရှင်က ပြောလိုက်ပါပြီ။

သူတို့အားလုံးက ပရော်ဖက်ရှင်နယ် သတင်းသမားတွေပါ။ သတင်းအချက်အလက်တိုင်းကို သေချာကြောင်း အကြိမ်ကြိမ် ကွန်ဖန်းပြီးမှသာ အထက်ကို တင်ပြကြပါတယ်။ ဒါကြောင် အပြင်မှာ ပျံ့နေတဲ့ ကောလဟလတွေကိုတော့ မဆိုးရွားလှသေးပါဘူး။

မဟုတ်ဘူးဆိုရင် ချင်းကျူ ဖော်စပ်ခဲ့တဲ့ ဆေးဝါးဟာ ပြီးပြည့်စုံတဲ့ အဆင့်လေး ဆေးဝါး မဟုတ်တော့ပဲ ပြီးပြည့်စုံတဲ့ မူလတာအို အဆင့် ဆေးဝါး ဖြစ်သွားတော့မှာပါ။

“အဲဒီတစ်ယောက်က ဘယ်သူတဲ့လဲ”

ဟူယောင် မေးမြန်းလိုက်ပါပြီ။

“သူက ရွှမ်းရီတောင်တန်းဂိုဏ်းချုပ်ရဲ့ ဂိုဏ်းတူညီလေးပါ။ ဒီစားသောက်ပွဲတော်ကို တက်ရောက်လာတဲ့ အဖွဲ့အစည်းတွေအကြားမှာ ရွှမ်းရီတောင်တန်းဂိုဏ်းချုပ်တစ်ယောက်ပဲ ကိုယ်တိုင် မတက်ရောက်လာခဲ့ပါဘူး”

ဟူယောင်လည်း မျက်မှောင်ကြုတ်ရင်း စဉ်းစားနေခဲ့ပါတယ်။ အချိန်တော်တော်ကြာတဲ့ အခါမှာ သူအလေးအနက်ထား ပြောလိုက်ပါပြီ။
“ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ်.. ဒီမှော်ဆေးဝါး ဖော်စပ်သူကို ငါတို့ ဟူမိသားစုထဲ စည်းရုံးသိမ်းသွင်းရမယ်။ ငါ့ကို အဲဒီမှော်ဆေးဆရာဆီ မြန်မြန်ခေါ်သွားပေးစမ်း”

“ဟုတ်ကဲ့”

ဟူယောင်တစ်ဦးတည်း ဒီလို ဖြစ်နေတာ မဟုတ်ခဲ့ပါဘူး။ တောက်ပသော မြို့တော်ထဲ ရှိနေတဲ့ တခြား မဟာကလန်ကြီး ငါးခုကလည်း အလားတူ လှုပ်ရှားလာခဲ့ကြပါပြီ။

ပြီးပြည့်စုံတဲ့ အဆင့်လေး ဆေးဝါးကို ဖော်စပ်နိုင်တဲ့ မှော်ဆေးဝါး ဖော်စပ်သူဟာ နောင်မှာလည်း မူလတာအို ဆေးဝါးကို ဖော်စပ်ပေးနိုင်မှာ သေချာပါတယ်။ မဟာဂိုဏ်းကြီး ၃ ခုလည်း ဒီမှာ ရှိနေမယ်ဆိုရင် သူ့ကို သေချာပေါက် ကြိုးရှည်ရှည်နဲ့ ချည်တုပ်ထားကြတော့မှာပါ။

မကြာခင်မှာတော့ မဟာကလန်ကြီး ခြောက်ခုက တာဝန်ရှိသူတွေဟာ ချင်းကျူရဲ့ ခြံဝန်းအပြင်ဘက်ကို ရောက်လာခဲ့ကြပါပြီ။ သူတို့အားလုံး တခြားလူတွေထက် ခြေတစ်လှမ်း နောက်ကျသွားမှာကို အလွန်ပဲ စိုးရိမ်ပူပန်နေခဲ့ကြပါတော့တယ်။

❄️❄️❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Chapter 92
ငတုံးတွေ

“ဟူယောင်.. မင်းဘာလာလုပ်တာလဲ”

“အစ်ကိုတော်ရင် မဟုတ်လား”

“အစ်ကိုတော် ဝမ်ပါလား”

“ရန်ဘန်… မင်းက တံခါးပိတ် တရားကျင့်နေတာ မဟုတ်ဘူးလား”

“…”

ဝမ်ရှင်းသူတော်စင် ခြောက်ဦးဟာ တစ်ဦးနဲ့တစ်ဦး မျက်နှာချင်းဆိုင်ရပ်နေပြီး စကားပြောနေကြပါတော့တယ်။ သူတို့တွေကို ကြည့်ရတာ ပုံမှန်ထက် ပိုပြီး အူမြူးနေကြသလိုပါပဲ။ အကြောင်းမသိသူသာဆိုရင် သူတို့တွေကို နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ သူငယ်ချင်းတွေလို့ ထင်မိကြမှာပါ။

“အစ်ကိုတော်ရန်.. ဒီကို ဘာလာလုပ်တာလဲ”

“ဟား ဟား ဟား.. အစ်ကိုတော်ကျောင်း… ငါတို့ နှစ်ယောက်အကြား လျှို့ဝှက်နေစရာ မလိုဘူးမ ဟုတ်လား။ ဒီတော့ ငါရှင်းရှင်းပဲ ပြောလိုက်မယ်။ ရန်မိသားစုက ဒီမှော်ဆေးဝါး ဖော်စပ်သူကို မရရအောင် ခေါ်ထားမှာပဲ”

“ဟီး ဟီး… မင်းတို့ ရန်မိသားစုမှာ အစွမ်းရှိလို့လား”

“…”

“အားလုံးပဲ ရန်မဖြစ်ကြပါနဲ့တော့။ မှော်ဆေးဝါး ဖော်စပ်သူကိုပဲ ငါတို့ အသိပေးလိုက်ပြီး ဆုံးဖြတ်ခိုင်းလိုက်ရင် မကောင်းဘူးလား”

ဟူယောင်လည်း ခါးသီးစွာ ပြုံးရင်း အကြံပြုလိုက်ပါပြီ။

အစတုန်းကတော့ ဟူကလန်က သူလျှိုတွေ အစွမ်းနဲ့ ဒီနေရာကို သူတို့ပဲ အရင်ဆုံး ရောက်ရှိလိမ့်မယ်လို့ ဟူတောင် တွေးမိခဲ့ပါတယ်။ မဟာကလန်ကြီး ငါးခုက သူနဲ့အတူ ရောက်လာလိမ့်လို့ ထင်မထားမိခဲ့ပါဘူး။

ရွေးချယ်စရာ မရှိတဲ့ ဟူယောင်လည်း အခုလိုပဲ မသက်သာစွာ အကြံပြုလိုက်ရပါတော့တယ်။

“အစ်ကိုတော် ဟူပြောတာ မှန်တယ်။ မှော်ဆေးဝါး ပညာရှင်ကိုပဲ ဆုံးဖြတ်ခိုင်းလိုက်တာပေါ့”

ဝမ်မိသားစုက အစ်ကိုတော်ဝမ်ဆိုသူက ချီးကျူးလိုက်ပါပြီ။

“အမှန်ပဲ။ ဒီနေရာမှာ ရန်ဖြစ်နေကြမယ့်အစား မှော်ဆေးဝါး ပညာရှင်ကို ရွေးချယ်ခိုင်းလိုက်တာ အကောင်းဆုံးပဲပေါ့”

“ကောင်းပြီလေ။ မှော်ဆေးဝါး ပညာရှင်က ငါ့ရဲ့ ကျောင်းမိသားစုကို ရွေးချယ်လိုက်မယ်ဆိုရင် မင်းတို့ စကား တည်ပါစေနော်”

“…”

ရှိနေကြသူ အားလုံး ရုတ်ရုတ်ရုတ်ရုတ်နဲ့ ခြံဝန်းထဲ ဝင်လာခဲ့ကြပါပြီ။ ချင်းကျူကို အစောပိုင်း လမ်းပြခေါ်ဆောင်ခဲ့တဲ့ ဇီဖူအဆင့် တန်ခိုးရှင်က ခြံဝန်းထောင့်က အခန်းကို ညွှန်ပြလိုက်ပြီး
“မှော်ဆေးဝါး ပညာရှင်က အဲဒီမှာ နေပါတယ်ခင်ဗျာ”

အခု ဆူညံပွက်လောရိုက်နေမှုကြောင့် ခြံဝန်းထဲက တခြား တန်ခိုးရှင်တွေလည်း စပ်စုလာကြပါတော့တယ်။ ဒီခြံဝန်းထဲကို ဝင်လာနိုင်ကြသူတွေဟာ သက်ဆိုင်ရာ အင်အားစုတွေရဲ့ ခေါင်းဆောင်အဆင့်တွေဖြစ်နေတာ တွေ့လိုက်ရပါပြီ။ မဟာကလန်ကြီး ခြောက်ခုက သက်ဆိုင်ရာ ဂိုဏ်းခွဲခေါင်းဆောင်တွေ ဖြစ်နေတာ တွေ့လိုက်ရတဲ့ အတွက် အားလုံး မျက်လုံးပြူးသွားကြပါတော့တယ်။

“အကြီးအကဲရီ.. ဘာဖြစ်လို့ ဒီကို ရောက်လာခဲ့တာလဲ”
၀ူကျန်ကျီးလည်း ဂုဏ်ယူစွာနဲ့ လှမ်းနှုတ်ဆက်လိုက်ပါပြီ။ သူ့အတွက်ကြောင့် အကြီးအကဲရီ ရောက်လာတယ်လို့ ထင်မိခဲ့ပါတယ်။

“အော်… ဂိုဏ်းချုပ်၀ူပါလား။ လမ်းဖယ်ပေးပါဦး။ အခု ကိစ္စက ဂိုဏ်းချုပ်နဲ့ မပတ်သက်ပါဘူး”

အကြီးအကဲရီလည်း လက်ကို ဝှေ့ယမ်းလိုက်ပြီး စိတ်မရှည်စွာ ပြောလိုက်ပါပြီ။

၀ူကျန်းကျီး
“…”

သူ့ကို မနက်တုန်းက လက်ဖက်သောက်ဖို့ ယဉ်ယဉ်ကျေးကျေး ဖိတ်ခေါ်ခဲ့တဲ့ အကြီးအကဲရီကော ဟုတ်သေးရဲ့လား။ အပြောင်းအလဲက မြန်လိုက်တာ။

၀ူကျန်းကျီးက အရူးမဟုတ်ပါဘူး။ အကြီးအကဲရီနဲ့ မဟာကလန်ကြီး ငါးခုက အကြီးအကဲတွေ ချင်းကျူရဲ့ အခန်းဆီ လျှောက်သွားတာကို တွေ့လိုက်ရချိန်မှာတော့ အဖြစ်အပျက်ကို နားလည်သွားခဲ့ပါပြီ။

သူဒေါသထွက်နေပေမဲ့လည်း ဘာမှ မတတ်နိုင်ခဲ့ပါဘူး။

“နေဦး.. ငါတို့တွေ ဘာမှ မပြောပဲ ဝင်သွားလို့ မကောင်းဘူးထင်တယ်။ ဟုတ်တယ်မလား”

ရန်ကလန်ရဲ့ အကြီးအဖြစ်သူ ရန်ဘန်ကပြောလိုက်ပါပြီ။
“ဆရာ အနှောင့်အယှက် ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ”

အားလုံး မှင်သက်သွားကြပါတော့တယ်။

“အမှန်ပဲ။ သူက အနားယူနေတုန်းဆိုရင် ငါတို့အနေနဲ့ တံခါးအလောတကြီး ခေါက်လိုက်လို့ သူ့ကို စိတ်မချမ်းမသာ ဖြစ်သွားစေနိုင်တယ်။ မနက်ဖြန်မှ ပြန်လာရင် မကောင်းဘူးလား”

“ဟုတ်တယ်။ ဟုတ်တယ်”

“အဲဒီလိုဆိုတော့လည်း မနက်ဖြန်မှ ပြန်လာကြတာပေါ့”

ပြောပြောဆိုဆိုနဲ့ အကြီးအကဲ ခြောက်ဦးလည်း သဘောတူလိုက်ကြပါပြီ။ သူတို့ အားလုံး ပျော်ရွှင်စွာနဲ့ မြင်ကွင်းကနေ ပြန်လည်ပျောက်ကွယ်သွားကြပါတော့တယ်။ ဘာဆိုဘာမှ ခြံဝန်းထဲ မဖြစ်ပျက်သွားခဲ့သလိုပါပဲ။

“ဒါ…”

ရှိနေကြသူ အားလုံး တစ်ဦးမျက်နှာ တစ်ဦးကြည့်ပြီး အူကြောင်ကြောင် ဖြစ်သွားခဲ့ကြပါပြီ။

ဘာတွေ ဖြစ်ကုန်တာလဲ။

အားလုံး ပြန်သွားကြတယ်လား။

အချိန်တော်တော်ကြာသွားပြီးချိန်မှာ ခြံဝန်းလေးဟာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါတော့တ်ယ။ အခုအချိန်မှာတော့ လူရိပ်တစ်ခုဟာ အသံလုံစွာ ခြံဝန်းအပြင်ဘက်ကို ချည်းကပ်လာခဲ့ပါပြီ။ တကယ်လို့ အပြင်လူတွေသာ သူ့ကို တွေ့လိုက်ရရင် ရန်ဘန်ဖြစ်ကြောင်း ချက်ချင်း မှတ်မိမှာပါ။ သူက မကြာခင်ကမှ ပြန်လည်ထွက်ခွာသွားခဲ့တဲ့ ရန်ကလန်က အကြီးအကဲပဲ မဟုတ်လား။

“ဟား ဟား.. အရူးကောင်တွေ။ ငါ့စကားကို သူတို့ ချက်ချင်း သဘောတူလိုက်ကြတယ်လား”

ရန်ဘန်လည်း အေးစက်စွာ ပြုံးပြီးခြံဝန်းအတွင်း ပြန်ဝင်လာခဲ့ပါပြီ။

“အား”

ဒါပေမဲ့ ရန်ဘန်တစ်ယောက် ခြံဝန်းထဲ ခြေချမိသွားတာနဲ့ နာကျင်စွာ အော်ဟစ်လိုက်သံကို ကြားလိုက်ရပါတော့တယ်။

“ဘာဖြစ်သွားတာလဲ”

ရန်ဘန် ရင်ထိတ်သွားခဲ့ပါပြီ။

ရန်ဘန် မလှုပ်ရှားနိုင်ခင်မှာပဲ လူတစ်ဦး မြေကြီးထဲကနေ ထိုးထွက်လာပါတော့တယ်။ သူသေချာကြည့်လိုက်တော့ ဝမ်ကလန်က အကိုကြီးဝမ်ဆိုသူဖြစ်နေတာကို တွေ့လိုက်ရပါပြီ။

အစ်ကိုကြီးဝမ်က မြေပြင်အထက် နာကျင်စွာ လူးလှိမ့်နေခဲ့ပါတယ်။ ရန်ဘန်ရဲ့ ခြေထောက်က သူ့ရင်ဘတ်ပေါ်မှာပါ။

“မင်း”

ရန်ဘန်လည်း ထိတ်လန့်တကြား ခြေထောက်ကို မြန်မြန် ဖယ်ရှားလိုက်ပါပြီ။

“အား”

အစ်ကိုကြီးဝမ်ဆိုသူ နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့နေခဲ့ပါတယ်။

“တောက်.. မင်းလွယ်လွယ်နဲ့ မပြန်သွားဘူးလို့တော့ ငါထင်မိသားပဲ”
အစ်ကိုကြီးဝမ်ဆိုသူ မြေပြင်ထက် ထထိုင်လိုက်ပြီး ဒေါသတကြီး ဆဲဆိုလိုက်ပါပြီ။ တကယ်လို့ တခုခု မှားယွင်းသွားတယ်ဆိုတာနဲ့ ရန်ဘန်ကို သူအသေအကြေ တိုက်ခိုက်မိမှာပါ။

အစတုန်းကတော့ လျှို့ဝှက်ထွက်ပြေးကျင့်စဉ်နဲ့ ခြံဝန်းလေးထဲ သူချည်းကပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ရန်ဘန်တစ်ယောက် ပြန်လာလိမ့်မယ်လို့ ထင်မထားမိခဲ့ပါဘူး။ ပြီးတော့ ရန်ဘန်က သူ့ကိုမှ တည့်တည့် နင်းချလိုက်ပါတယ်။ သူသာ မာကျောလှတဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်ထားတဲ့ ဝမ်ရှင်းသူတော်စင် တစ်ဦးမဟုတ်ဘူးဆိုရင် နင်းချမှုကြောင့် ပေါက်ကွဲသေဆုံးသွားမှာပါ။

ကံဆိုးလိုက်တာ။

ဒါကို တွေးရင်း ဒေါသထွက်နေတဲ့ အစ်ကိုကြီးဝမ်လည်း အနောက်မှာ ရှိနေတဲ့ နံရံကို လက်သီးနဲ့ ထိုးချလိုက်ပါပြီ။

“အား”

ထင်မှတ်ထားမိသလို နံရံဟာ နည်းနည်းလေးတောင် တုန်ခါမသွားခဲ့ပဲ အော်ဟစ်လိုက်ပါတော့တယ်။

“တောက်”

အစ်ကိုကြီးဝမ် တုန်လှုပ်သွားခဲ့ပါပြီ။ ဘာတွေ ထပ်ဖြစ်ပြန်ပြီလဲ။ နံရံမှာလည်း ဝိညာဉ်အစောင့်အရှောက် ရှိနေပြီလား။

“ဟား ဟား.. မင်းတို့ နှစ်ယောက်လည်း ရောက်နေကြတာကိုး”

နံရံဟာ မရှောင်တိမ်းနိုင်မှန်း သိတဲ့အတွက် လိမ်တွန့်လှုပ်ရှားလာခဲ့ပြီး နံရံထဲကနေ ရင်ဘတ်ကို ဖိကိုင်ထားတဲ့ ဟူရောင်တစ်ယောက် လမ်းလျှောက်ပေါ်ထွက်လာခဲ့ပါပြီ။

အစ်ကိုကြီးဝမ်
“…”

ရန်ဘန်
“…”

“မင်းတို့တွေ မထွက်သွားလောက်ဘူးလို့ ထင်မိသားပဲ။ ငါပြန်လာကြည့်မိလို့ တော်သေးတာပေါ့”

တစ်ချိန်တည်းမှာပဲ သူတို့ ပတ်ဝန်းကျင် ရှုခင်း ရုတ်ချည်းပြောင်းလဲသွားခဲ့ပါပြီ။ ရန်မိသားစု အကြီးအကဲက အရိပ်ထဲကနေ အပြင်ကို ထွက်လာခဲ့ပါတော့တယ်။

သူ့အနေနဲ့ အစ်ကိုတော်ဝမ်နဲ့ ဟူရောင်တို့လို မတော်တဆ ဒဏ်ရာရတားမျိုး မဖြစ်ချင်ခဲ့ပါဘူး။

“အဲ.. မင်းတို့တွေ ပြန်ရောက်နေကြပါလား”

“မင်းတို့ အဘိုးကြီးတွေကို ယုံလို့မရမှန်း ငါသိသားပဲ”

“…”

မျက်စိတမှိတ် အချိန်အတွင်း အကြီးအကဲ ခြောက်ဦးလုံး တစ်နေရာတည်း ပြန်ဆုံတွေ့သွားကြပါပြီ။ တချို့တွေကတော့ လျှို့ဝှက်ထွက်ပြေးနည်းတွေကို အသုံးပြုကြပြီး တချို့တွေကတော့ လျှို့ဝှက်ဆန်းကြယ် ကျင့်စဉ်တွေကို အသုံးပြုထားခဲ့ကြပါတယ်။ ဘယ်သူကမှ တကယ်မပြန်သွားခဲ့ကြပါဘူး။

လူခြောက်ဦးလုံး တစ်ဦးမျက်နှာ တစ်ဦး ကြည့်လိုက်ကြပြီး ချင်းကျူ အခန်းဆီကို ချက်ချင်း လျှောက်လှမ်းသွားကြပါပြီ။ အခုအချိန်မှာတော့ ဟန်ဆောင်နေဖို့လည်း မလိုတော့ဘူး မဟုတ်လား။

ဒေါက် ဒေါက် ဒေါက်

“ဆရာကြီး.. ကျွန်တော်တို့တွေ ဆရာကြီးကို လာရောက်ဂါရ၀ ပြုတာပါ”

ကျွီ

တံခါးပွင့်သွားတဲ့ အချိန်မှာတော့ အကြီးအကဲ ခြောက်ဦးလုံးရဲ့ မျက်နှာတွေ ဝင်းလက်တောက်ပသွားပါတော့တယ်။

ဒါပေမဲ့ နောက်တဒင်္ဂမှာတော့ သူတို့ တုန်လှုပ်သွားခဲ့ပါပြီ။ အရှေ့မှာ ပေါ်လာခဲ့တာက လျှာအရှည်ကြီးနဲ့ ဖောင်းကား၀တုတ်နေတဲ့ ဖားပြုတ်ကြီးတစ်ကောင်ပါ။

“သူက… ပြီးပြည့်စုံတဲ့ အဆင့်လေး ဆေးဝါးကို ဖော်စပ်ထုတ်လုပ်နိုင်ခဲ့တယ်ဆိုတဲ့ ဆရာကြီးလား”
ဟူရောင် မှင်သက်သွားပါတော့တယ်။

“မဖြစ်နိုင်ဘူး။ မိစ္ဆာသားရဲက ဆေးဝါးဖော်စပ်တတ်လို့လား”

ရန်ဘန်လည်း တံတွေး မျိုချလိုက်ပါတော့တယ်။

“ငါတို့ အခန်းများ မှားဝင်လာခဲ့တာလား”

“…”

“မင်းတို့တွေက ဘယ်သူတွေတုန်း”

တမ်က မေးမြန်းလိုက်ပါတော့တယ်။

“မေးပါရစေ။ မင်းက ရွှမ်းရီတောင်တန်းဂိုဏ်းချုပ်ရဲ့ ဂိုဏ်းတူညီလေးဆိုသူလား”

“မဟုတ်ဘူး။ ငါမဟုတ်ဘူး”

တမ်လည်း ခေါင်းကို ခါယမ်းလိုက်ပြီး
“ဆရာဦးလေးချင်းက အိပ်ပျော်နေတုန်းပဲ”

အခု စကားကို ကြားလိုက်ရတော့မှ သူတို့တွေ စိတ်သက်သာရာ ရသွားကြပါတော့တယ်။ ဒီဖားပြုတ်က ဆရာကြီး မဟုတ်ဘူးဆိုရင် အဆင်ပြေပါပြီ။

“ဒါဆို ဆရာကြီးက အိပ်ပျော်နေတုန်းပေါ့။ ဒီလိုဆိုရင်တော့လည်း ကျွန်တော်တို့တွေ ဆက်ပြီး မနှောင့်ယှက်တော့ပါဘူး”
ဟူရောင်လည်း ယဉ်ကျေးစွာ ပြောလိုက်ပါတော့တယ်။

“အမှန်ပဲ။ အမှန်ပဲ။ ဆရာကြီးက အိပ်နေတုန်းဆိုတော့ မနက်ဖြန်မှ ပြန်လာခဲ့တာပေါ့”

“ဟုတ်တယ်။ ဟုတ်တယ်”

သူတို့ ခြောက်ဦး ပြောပြောဆိုဆိုနဲ့ ခြံဝန်းကနေ ပြန်လည်ထွက်ခွာသွားခဲ့ကြပါတော့တယ်။ ဒီတစ်ကြိမ်မှာတော့ သူတို့ ပြန်မလာကြတော့ပါဘူး။

သူတို့တွေက နှစ်ပေါင်း တစ်ရာကျော် ရှင်သန်ခဲ့ပြီးဖြစ်တဲ့ မိစ္ဆာအိုကြီးတွေပဲ မဟုတ်လား။ အခုလို အခြေအနေမျိုးမှာ မနှောင့်ယှက်သင့်ကြောင်း အခြေအနေကိုတော့ နားလည်သဘောပေါက်ထားပါတယ်။ မဟုတ်ဘူးဆိုရင် အခြေအနေ ပြောင်းလဲသွားနိုင်တယ် မဟုတ်လား။

တမ် ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ပါတယ်။

ဒီလူတွေက လာပြောင်နေကြတာလား။

“ဘာဖြစ်လို့လဲ”

ချင်းကျူလည်း အိပ်မှုံစုံမွှားနဲ့ လှမ်းမေးလိုက်ပါပြီ။

“ဘာမှမဟုတ်ပါဘူး။ အခုပဲ အရူးတစ်အုပ် ရောက်လာတယ်လေ။ သူတို့တွေက ဆရာဦးလေးကို လာဂါရ၀ပြုတာလို့ ပြောကြတယ်။ ဒါပေမဲ့ ပြန်သွားကြတယ်။ အူကြောင်ကြောင်နဲ့”
တမ်လည်း တံခါးကို ပြန်ပိတ်လိုက်ပါပြီ။ သူ့စကားပြောပုံ ဆိုပေါက်က လူသားတစ်ဦးလိုပါပဲ။

“အော်”

ချင်းကျူ အရေးစိုက်မနေပါဘူး။ အိပ်ရာနံဘေး အရက်အိုးကို သူကောက်ယူလိုက်ပြီး အရက်တစ်ကြိုက်ကို အားရပါးရ မော့သောက်လိုက်ပါပြီ။ ပြီးတာနဲ့ ဆက်လက်အိပ်စက်လိုက်ပါတော့တယ်။

❄️❄️❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Chapter 93
ငွေပြာမြက်ပင်အကြောင်းကို သိရဲ့လား

နောက်တစ်နေ့ မနက်ခင်း။

နွေးထွေးတဲ့ နေရောင်ခြည် ဖြာကျပြီး တောက်ပသော မြို့တော်တစ်ခုလုံးကို လွှမ်းခြုံထားခဲ့ပါတယ်။ အမျိုးမျိုးသော သယ်ယူပို့ဆောင်ရေး မှော်ယာဉ်ပျံတွေဟာ မြို့ကောင်းကင်ယံအထက် ဥဒဟို ပျံသန်းနေကြပါပြီ။ မြို့တော်ကြီးကို ကြည့်ရတာ သိပ္ပံဇာတ်ကားထဲက မြင်ကွင်းတစ်ခုကို မြင်နေရသလိုပါပဲ။

ချင်းကျူလည်း ပျင်းရိစွာ အညောင်းဆန့်ပြီး အိပ်ရာကနေ ထလိုက်ပါပြီ။

ဒီနေရာမှာ နေရတာ အရမ်းသက်တောင့်သက်သာ ရှိလိပါတယ်။ ဒါပေမဲ့ စားစရာမရှိတဲ့အတွက်ကတော့ ဝမ်းနည်းစရာပါပဲ။

ချင်းကျူတစ်ယောက် ဘာမှ စားသောက်ဖို့ မလိုအပ်ပေမဲ့လည်း မနက်ခင်း နိုးထလာချိန်တိုင်း ပါးစပ်ထဲ တစ်ခုခုကို စားချင်စိတ် အမြဲ ဖြစ်ခဲ့ပါတယ်။

အခုမှ သူပြန်စဉ်းစားကြည့်မိခဲ့ပါတယ်။ ဒါကမှ အဓိပ္ပာယ် ရှိမှာ မဟုတ်လား။ အခု စားသောက်ပွဲတော်ကို တက်ရောက်ကြသူတိုင်းဟာ အင်အားစုတိုင်းရဲ့ ခေါင်းဆောင်တွေပါ။ ဒါဆို ဘာဖြစ်လို့များ သူတို့ စားသောက်ပွဲတော်ဆိုတာကြီးကို တက်ရောက်ပြီး စားသောက်ကြမှာလဲ။

စဉ်းစားရင်း ချင်းကျူလည်း အရက်သမား နှလုံးသား ဆေးလုံး တစ်လုံးကို ထုတ်ယူပြီး ပါးစပ်ထဲ ပစ်ထည့်လိုက်ပါပြီ။

သင်းပျံ့တဲ့ ဆေးရနံ့ ချက်ချင်း ဖြာထွက်လာပါတော့တ်ယ။ ဒီရနံ့ဟာ သွေးဝိညာဉ်သစ်သီးရဲ့ သင်းရနံ့ နည်းနည်း ပါဝင်နေတာကိုလည်း တွေ့ရမှာပါ။

အရသာက မဆိုးလှဘူး ဆိုပေမဲ့လည်း ချင်းကျူ စားပြီးချိန် စားစရာအဖြစ် မခံစားမိခဲ့ပါဘူး။ ပြောရရင် ရေသောက်လိုက်ရသလိုမျိုးသာ ခံစားခဲ့ရပါတယ်။

နောက်ထပ် အရက်သမား နှလုံးသားဆေးလုံး နှစ်လုံးကို သောက်ပြီးချိန်မှာတော့ ချင်းကျူ တော်တော်လေး ကျေနပ်သွားခဲ့ပါပြီ။ အခန်းတံခါးကို သူတွန်းဖွင့်လိုက်ပြီး အပြင်ထွက်လာခဲ့ပါတော့တယ်။ တမ်လည်း သူ့နောက်ကနေ လိုက်လာခဲ့ပါပြီ။

ခြံဝန်းဟာ အလွန်ကျယ်ပြောပါတယ်။ ဒီနေရာမှာ ဝိညာဉ်ကီစွမ်းအင် သိပ်သည်းမှု ရှိရုံတင်မက ရေကန်တွေ အလှပြဇရပ်တွေလည်း ရှိနေပါသေးတယ်။ လူတိုင်းက တရားကျင့်နေတာကြောင့် ထင်ပါတယ်။ ခြံဝန်းထဲမှာ လူတစ်ယောက်ကိုမှ မတွေ့မြင်ရပါဘူး။

ချင်းကျူလည်း အလှဇရပ်တစ်ခုမှာ ဝင်ထိုင်လိုက်ပါပြီ။ အောက်မှာ ရှိနေတဲ့ ရေကန်ထဲမှာ ငါးကလေးတွေ ရှိနေတာကို ချင်းကျူ မြင်လိုက်ရပါတော့တယ်။

ဒီငါးတွေဟာ ဝိညာဉ်ကီစွမ်းအင် တစ်နှစ်ပတ်လုံးလိုလို သိပ်သည်းမှု ရှိတဲ့ နေရာမှာ နေကြတာကြောင့် ထူးထူးခြားခြား ပြောင်းလဲမှုတွေ ရရှိထားပြီး ဆူဖြိုးလွန်းလှပါတယ်။

ချင်းကျူလည်း နှုတ်ခမ်းကို လျှာနဲ့ သပ်လိုက်ပါပြီ။ သူ့သွားရည်ယိုလာပါတော့တယ်။

ပြောရမယ်ဆိုရင် ငါးကို မစားသောက်ရတာ တော်တော်လေး ကြာမြင့်သွားခဲ့ပြီ မဟုတ်လား။

ဘယ်သူမှ အနားဝန်းကျင်မှာလည်း ရှိမနေတဲ့ အတွက် ချင်းကျူတစ်ယောက် လက်နဲ့ ဖမ်းဆုပ်လိုက်ပါပြီ။ ချက်ချင်းဆိုသလို ငါးနှစ်ကောင် ရေပြင်ပေါ် ခုန်တက်ပြီး ချင်းကျူအရှေ့ လေထဲ မျောလွင့်နေပါတော့တယ်။

“ငါကင်စားကြည့်လိုက်ရင် တော်တော် အရသာ ရှိမယ် ထင်တယ်”

ချင်းကျူလည်း ဆုံးဖြတ်ချက် ချလိုက်ပြီး ငါးနှစ်ကောင်ရဲ့ ကလီစာတွေကို သန့်ရှင်းဖယ်ရှားရင်း ကင်စားဖို့ ပြင်ဆင်လိုက်ပါတော့တယ်။

ဒီအချိန်မှာပဲ လူငယ်လေးတစ်ဦး အခန်းတံခါးကို တွန်းဖွင့် ထွက်လာပြီး ဇရပ်လေးဆီ လျှောက်လှမ်းလာနေပါပြီ။

“ဆရာကြီး.. မင်္ဂလာပါ”

လူငယ်လေးက ဇရပ်ထဲ ဝင်လာပြီး ချင်းကျူနဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်ပါတော့တယ်။

ချင်းကျူလည်း လူငယ်လေးကို တစ်ချက် လှမ်းကြည့်လိုက်ပါပြီ။ ဒီလူငယ်လေးက သေမင်းလျှိုမြောင် သခင် တန်တျန်းနံဘေး ရပ်နေခဲ့တဲ့ လူငယ်လေး မဟုတ်လား။

“ကျွန်တော့် နာမည်က တန်ရှောင်ပါ”

ချင်းကျူ နားမလည်နိုင်တဲ့ အမူအရာကို မြင်နေရတဲ့အတွက် လူငယ်လေးလည်း ချက်ချင်း ရှင်းပြလိုက်ပါတော့တယ်။

သူခဏလောက် စဉ်းစားလိုက်ပြီး စကားဆက်လိုက်ပါပြီ။
“ကျွန်တော်ကတော့ သေမင်းလျှိုမြောင်သခင်ရဲ့ တတိယမြောက်သားပါ။ လူတိုင်းက ကျွန်တော့်ကို တတိယတန်လို့ ခေါ်ကြပါတယ်”

“အော်”
ချင်းကျူလည်း သာမန်ပဲ ခေါင်းညိတ်ခဲ့ပါတယ်။ သူ့ကို ကြည့်ရတာ လူငယ်လေးရဲ့ စကားကို သေချာကြားလိုက်ပုံ မရပါဘူး။

တန်ရှောင်
“…”

မကြာခင်မှာတော့ ကင်ထားတဲ့ ငါးနှစ်ကောင်ကနေ ဆွဲဆောင်မှု ရှိတဲ့ မွှေးရနံ့ သင်းပျံ့လာခဲ့ပါပြီ။ ချင်းကျူလည်း ဟင်းခတ်အမွှေးအကြိုင်တချို့ကို ထပ်ဖြူးလိုက်ပြီး အားရပါးရ တစ်ကိုက် ကိုက်ချလိုက်ပါတော့တယ်။

“ဂလု”
တန်ရှောင်လည်း တံတွေး မျိုချလိုက်မိပါပြီ။ သူလည်း ဗိုက်ဆာလာပါတော့တယ်။

“မင်းလည်း စားချင်လို့လား”
ချင်းကျူလည်း ပါးစပ်ကို လက်နဲ့ သုတ်ရင်း လှမ်းမေးလိုက်ပါပြီ။

တန်ရှောင်လည်း ခေါင်းအရင်ခါပြီး ချက်ချင်း ခေါင်းပြန်ညိတ်လိုက်ပါပြီ။

“ထပ်ပြီး စဉ်းစားလိုက်ဦး”
ချင်းကျူလည်း ငါးကင်ကို ဆက်ပြီး ငုံ့စားနေလိုက်ပါတော့တယ်။

“…”

မကြာခင်မှာတော့ ချင်းကျူလည်း ငါးနှစ်ကောင်လုံးကို စားလို့ ကုန်သွားခဲ့ပါပြီ။ အရက်တစ်အိုးကို သူထုတ်ယူလိုက်ပြီး တစ်စက်မကျန် သောက်ချလိုက်ပါတော့တယ်။

“ကောင်းလိုက်တာ”

“…”

“ဆရာကြီးခင်ဗျာ.. ကျွန်တော် အရက်သမား နှလုံးသားဆေးကို ဝယ်ချင်လို့ပါ”

အချိန်တော်တော်ကြာ နှုတ်ဆိတ်နေပြီးချိန် တန်ရှောင် သတိထား ပြောဆိုလိုက်ပါပြီ။

“မရောင်းဘူး”
ချင်းကျူ စဉ်းစားတောင်မနေပဲ ချက်ချင်း ငြင်းဆန်လိုက်ပါတော့တယ်။

“ကျွန်တော် တစ်ခုခုနဲ့ လဲလှယ်ပေးနိုင်ပါတယ် ခင်ဗျာ”
တန်ရှောင်ထပ်ပြောလိုက်ပါပြီ။

“မင်းမှာ ဘာရှိသလဲ”
ချင်းကျူလည်း နည်းနည်း စိတ်ဝင်စားသွားခဲ့ပါပြီ။ ဒီလူငယ်လေးက တခြားလူတွေနဲ့ မတူကြောင်း ခံစားမိနေခဲ့ပါတယ်။ ပြောရရင် တတိယတန်ဆိုတဲ့ နာမည်ပြောင်က တော်တော်လေး ထူးခြားနေခဲ့တယ် မဟုတ်လား။

ချင်းကျူ စိတ်ဝင်စားသွားပုံ မြင်လိုက်ရတဲ့အတွက် တန်ရှောင် ဝမ်းသာသွားခဲ့ပါပြီ။ သူချက်ချင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပါတော့တယ်။ ဘယ်သူမှ မရှိတာ သေချာသွားပြီ ဆိုတော့မှ ဂျင်ဆင်းပင်နဲ့ ပုံစံချင်း ခပ်ဆင်ဆင်ရှိတဲ့ ဆေးပင်တစ်ခုကို သိုလှောင်ခန်းလက်စွပ်ထဲကနေ ထုတ်ယူပြသလိုက်ပါပြီ။
“ဒါက အဆင့်ငါး ဝိညာဉ်ဆေးပင်ပါ။ ပြီးတော့ ရင့်မှည့်နေပါပြီ။ အရွယ်ရောက်ပြီပေါ့ ဆရာကြီးရယ်”

“အဆင့်ငါး ဝိညာဉ်ဆေးပင်”

ချင်းကျူ အံ့ဩသွားပါတော့တယ်။
“အဆင့်လေး ဆေးလုံးတစ်လုံးကို အဆင့်ငါး ဆေးပင်နဲ့ လဲချင်လို့လား”

အားလုံးသိထားသလိုပဲ အဆင့်ငါးကို ရောက်သွားပြီဖြစ်တဲ့ ဝိညာဉ်ဆေးပင်တွေဟာ အရည်အသွေး သိသိသာသာ ပြောင်းလဲသွားခဲ့ပါပြီ။ တချို့တွေက ဒီအဆင့်မှာ အသိဉာဏ်ကို ပိုင်ဆိုင်လာကြပြီး နတ်သူငယ်သစ်ပင်အဖြစ် ရရှိဖို့ ကျင့်ကြံအားထုတ်နိုင်ခဲ့ကြပါတယ်။

အရွယ်ရောက်ပြီး အဆင့်ငါး ဆေးပင်ကို အရည်အသွေးမြင့် အဆင့်လေး ဆေးလုံး တစ်ဒါဇင် ဒါမှမဟုတ် အများအပြားနဲ့ လဲလှယ်လို့တောင် ရနေပါပြီ။ ဒီဆေးပင်နဲ့ ပြီးပြည့်စုံတဲ့ အဆင့်လေး ဆေးလုံးကို လဲလှယ်မယ်ဆိုရင်တောင်မှ ဆေးပင်က နည်းနည်းတောင် တန်ဖိုး ပိုရှိနိုင်ပါသေးတယ်။

“ဆရာကြီးခင်ဗျာ.. သဘောတူမယ်လို့ မျှော်လင့်မိပါတယ်”

တန်ရှောင်လည်း လေးလေးစားစား ပြောလိုက်ပါပြီ။

“ကောင်းပြီလေ။ မင်းနဲ့ ငါ လဲလှယ်ပေးမယ်။ ဒါပေမဲ့ မင်းကို မေးစရာတော့ ရှိတယ်”

ချင်းကျူလည်း ဝိညာဉ်အရက် တစ်ပုလင်း ထုတ်ယူပြီး တစ်ကြိုက်မော့သောက်လိုက်ပါပြီ။ သူ့အကြည့်တွေက အဓိပ္ပာယ် ပြည့်၀နေခဲ့ပါတယ်။

“ဘာများမေးချင်သလဲခင်ဗျာ”
တန်ရှောင် မျက်မှောင်ကြုတ်လိုက်ပါတော့တယ်။

“ငွေပြာမြက်ပင်ဆိုတာကို မင်းသိသလား”
ချင်းကျူ အလေးအနက်ထား မေးမြန်းလိုက်ပါတော့တယ်။

“ငွေပြာမြက်ပင်။ အဲဒါက ဘာလဲ မသိဘူး”
တန်ရှောင် နားမလည်နိုင်အောင် ဖြစ်သွားခဲ့ပါပြီ။

“ငွေပြာအင်ပါယာက ဘယ်နားမှာလဲ”

“…”

တန်ရှောင် ပိုပြီးတောင် နားမလည်နိုင်အောင် ဖြစ်သွားခဲ့ပါပြီ။ ချင်းကျူ ဘာတွေ မေးမြန်းနေတာလဲ။

“ကောင်းပြီလေ။ ထားလိုက်ပါ”

ချင်းကျူလည်း စိတ်ပျက်လက်ပျက် အမူအရာနဲ့ ပြောလိုက်ပါတော့တယ်။

တန်ရှောင်
“…”

“ဒီအရက်သမား နှလုံးသားဆေးလုံးက မင်းအတွက်ပါပဲ”

ကတိပေးပြီး ဖြစ်တဲ့အတွက် ချင်းကျူလည်း စကားကို ပြန်ရုတ်သိမ်းစရာ အကြောင်းမရှိပါဘူး။ သူ့လက်ကို ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ ဆေးလုံးတစ်လုံး တန်ရှောင်ရဲ့ လက်ဝါးပြင်ထက် ကျဆင်းလာခဲ့ပါပြီ။ တန်ရှောင်ရဲ့ လက်ထဲ ရှိနေတဲ့ အဆင့်ငါး ဝိညာဉ်ဆေးပင်ကို ချင်းကျူလည်း လက်စွပ်ထဲ သိမ်းဆည်းလိုက်ပါတော့တယ်။

“ကျေးဇူး အများကြီးတင်ပါတယ် ဆရာကြီး”
တန်ရှောင်လည်း ကျေးဇူးတင်စွာ ဦးညွတ်လိုက်ပါပြီ။

ချင်းကျူ မေးမြန်းတဲ့ မေးခွန်းတွေရဲ့ အဓိပ္ပာယ်ကို သူနားမလည်ပေမဲ့လည်း ပြီးပြည့်စုံတဲ့ အဆင့်လေး ဆေးဝါး ရရှိလာခဲ့တဲ့ အတွက်ကြောင့် အလွန်ကျေနပ်မိခဲ့ပါတယ်။

ဒီဆေးလုံးနဲ့ဆိုရင် သူ့ဖခင် အနေနဲ့ မူလတာအို အဆင့်ကို တက်လို့ ရသွားပါပြီ။

ပြီးပြည့်စုံတဲ့ အဆင့်လေး ဆေးဝါးဟာ ဝမ်ရှင်းသူတော်စင် အတွက်ကတော့ အဆင့်ငါး မူလတာအို ဆေးဝါးနဲ့ တန်ဖိုးချင်း မတိမ်းမယိမ်းပါပဲ။ ဒီဆေးကြောင့် အဆင့်တက်ဖို့ အောင်မြင်နိုင်ချေ ရာခိုင်နှုန်း အများကြီး တိုးတက်သွားမှာပါ။

အခုအချိန်မှာတော့ ချင်းကျူတစ်ယောက် မတ်တတ်ထရပ်ပြီး ခြံဝန်းအပြင်ဘက် လမ်းလျှောက်ထွက်လာခဲ့ပါပြီ။

“ဆရာကြီး.. ဘယ်များသွားမလို့လဲ”
တန်ရှောင်လည်း လှမ်းမေးလိုက်ပါတော့တယ်။

“မင်းနဲ့မဆိုင်ပါဘူး”
ချင်းကျူလည်း အေးအေးလူလူ ခြံ၀န်းအပြင်ဘက် ထွက်သွားခဲ့ပါပြီ။ တမ်က သူ့အနောက်ကနေ လိမ်မာစွာ လိုက်လာခဲ့ပါတယ်။

မဟာကလန်ကြီး ခြောက်ခုက စားသောက်ပွဲတော်ကြီးကို ကျင်းပမှာ ဖြစ်တဲ့အတွက် တောက်ပသော မြို့တော်မှာ တန်ခိုးရှင်တွေ ပုံမှန်ထက် ပိုမိုများပြားနေပါပြီ။

ချင်းကျူလည်း ဝိညာဉ်အာရုံကို ဖြန့်ကျက်လိုက်ပြီး လူစည်းကားတဲ့ လမ်းမတစ်ခုပေါ် တက်လာခဲ့ပါတော့တယ်။ ဒီနေရာမှာ ဘာများ ဝယ်စရာ ရှိမလဲလို့ လျှောက်ကြည့်လိုက်ပါပြီ။

လမ်းမပေါ် သူခြေချလိုက်ချိန်မှာပဲ အမျိုးသားကော အမျိုးသမီးကော ရှိသမျှ လူအားလုံးဟာ သူ့ကို ပြူးတူးပြဲတဲ ကြည့်နေကြတာ သတိထားမိခဲ့ပါတယ်။

“ဒီသခင်လေးက ဘယ်ကလန်လဲ။ သူက အရမ်း ကြည့်ကောင်းတာပဲ”

“ဒီကမ္ဘာမှာ ဘယ်လိုလုပ်ပြီး ဒီလောက် ကြည့်ကောင်းတဲ့ လူငယ်လေး ရှိနေရတာလဲ”

“ကြည့်စမ်း.. သူက အရက်သောက်နေတာ။ အမလေး.. ငါတော့ အသက်ရှူတွေ မှားကုန်ပါပြီ”

အမျိုးသမီးတွေ တစ်ယောက်ပြီး တစ်ယောက် ပြောဆိုနေကြပါပြီ။

ဒီအချိန်မှာတော့ ချင်းကျူ လက်ထဲမှာ အရက်တစ်အိုးကို ကိုင်ထားခဲ့ပါတယ်။ သူ့ရဲ့ ဝတ်စုံဖြူဟာ နှင်းလို ဖြူဖွေးနေတာ တွေ့ရမှာပါ။ သူ့ရဲ့ မျက်နှာအသွင်အဟာ အလွန်ကို တည်ကြည်ခန့်ညားပါတယ်။ ပြောရရင် အလွန်ရင့်မာခြင်းလည်း မရှိသလို မိန်းမဆန်ခြင်းလည်း မရှိခဲ့ပါဘူး။ သူ့ကို ကမ္ဘာမှာ ပြိုင်ဘက်ကင်း ခန့်ညားသူလို့တောင် ဆိုနိုင်ပါတယ်။ တကယ်လို့ ချင်းကျူသာ မိန်းကလေး ဖြစ်နေမယ်ဆိုရင်တော့ တစ်လောကလုံးက မိန်းကလေးတွေ မနာလိုလို့ ဆုံးမှာတောင် မဟုတ်တော့ပါဘူး။

“ဖွီ… သူက ဒီလောက် ခန့်ညားတည်ကြည်လွန်းမှတော့ မိန်းကလေးတွေကို အဆင့်နှိမ့်ခွဲခြား ဆက်ဆံမှာပဲ”

“အမှန်ပဲ။ သူအသက်ရှည်ရှည် နေရမှာ မဟုတ်ဘူး”

“ယောက်ျားတွေအတွက် အရေးအကြီးဆုံးက ဗလပဲကွ”

အမျိုးသားတွေ တစ်ယောက်ပြီး တစ်ယောက် သဝန်တိုစွာ ပြောလာကြပါပြီ။

ချင်းကျူ ဘာကိုမှ အရေးစိုက်မနေပါဘူး။ သူဖြည်းဖြည်းချင်းပဲ လျှောက်လှမ်းရင်း စာအုပ်ဆိုင် တစ်ဆိုင်အရှေ့ ရပ်တန့်လိုက်ပါပြီ။ သူငုံ့ကြည့်လိုက်တော့ အရှေ့မှာ ချထားတဲ့ ရုပ်ပုံစာအုပ်တစ်အုပ်ကို သတိထားမိသွားပါတော့တယ်။ ဒီစာအုပ်အထက် စာလုံးလေးလုံး ရေးထားတာ တွေ့လိုက်ပါပြီ။ လူငယ်လေးချန်

ချင်းကျူလည်း စာအုပ်ကို ကောက်ယူပြီး အလေးအနက်ထား ဖတ်ရှုကြည့်လိုက်ပါတော့တယ်။

ပုံပြင်လေးက ရိုးရိုးလေးပါ။ အသုံးမကျတဲ့ လူငယ်လေးတစ်ယောက် တန်ခိုးရှင် လမ်းစဉ်မှာ ကြိုးကြိုးစားစား လေ့ကျင့်ရင်း တဖြည်းဖြည်း အစွမ်းထက်လာခဲ့ပါတယ်။ နောက်ဆုံးတော့ ဝိညာဉ်ဗဟိုကမ္ဘာမှာ ပြိုင်ဘက်ကင်းသူ ဖြစ်သွားပုံပါ။

ဒါပေမဲ့ နောက်ဆုံးတော့ လူငယ်လေးကို သူ့ချစ်သူက သစ္စာဖောက်ပြီး သူ့ရဲ့တာအို လွင့်ပြယ် ပျက်စီး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် သူ့ခေါင်းလည်း အဖြတ်ခံခဲ့ရပါသေးတယ်။

“ဒီကမ္ဘာမှာ ကော်မစ် (ရုပ်ပြ) စာအုပ်တွေလည်း ရှိတယ်လားဟ”
ချင်းကျူလည်း ဖတ်ရင်း ရေရွတ်လိုက်ပါပြီ။

“သခင်လေး.. ဒီစာအုပ်လေး ဝယ်မလို့လား”
စာအုပ်ဆိုင် မန်နေဂျာက ပြုံးလိုက်ပါပြီ။
“ဒါက ကျွန်တော်တို့ တောက်ပသော မြို့တော်က အရောင်းရဆုံး စာအုပ်တစ်အုပ်ပါ”

သူ့စကား မဆုံးခင်မှာပဲ အရှေ့မှာ ဝိညာဉ်ကျောက်တုံး တစ်တုံး ပြုတ်ကျလာခဲ့ပါပြီ။

“ဒီစာအုပ်အားလုံးကို ငါလိုချင်တယ်”

ချင်းကျူလည်း လက်ကို ဝှေ့ယမ်းလိုက်ပြီး စာအုပ်ဆိုင်ထဲ ရှိသမျှ စာအုပ်အားလုံးကို လက်စွပ်ထဲ သိမ်းဆည်းလိုက်ပါတော့တယ်။

အားတဲ့ အချိန် စာအုပ်ဖတ်ရင်း အချိန်ဖြုန်းရမှာပေါ့။ ဟုတ်ဖူးလား။

ဆိုင်မန်နေဂျာလည်း မှင်သက်နေခဲ့ပါတယ်။ ချင်းကျူကို တလှည့် အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံးကို တလှည့် ကြည့်ရင်း ဘာပြောရမှန်းမသိ အချိန်တော်တော် ကြာသွားခဲ့ပါပြီ။

ဆိုင်မန်နေဂျာ ဖြစ်ပျက်နေပုံကို ချင်းကျူ ဂရုမစိုက်ပါဘူး။ ချက်ချင်း လှည့်ထွက်လာခဲ့ပါပြီ။

ဒီဝိညာဉ်ကျောက်တုံးဟာ မိုးနဲ့မြေက ဝိညာဉ်စွမ်းအင်ကို သူကိုယ်တိုင် စုစည်းပြီး ဖန်တီးထားတာပါ။ ပြောရရင် စာအုပ်အားလုံးကို ဝယ်ယူနိုင်ရုံမက ပိုပြီး တန်ကြေး ရှိခဲ့ပါတယ်။

နောက်ထပ် ပစ္စည်းတချို့ကိုလည်း ချင်းကျူ ထပ်မံ ဝယ်ယူဖြစ်ခဲ့ပါတယ်။ ဝိညာဉ်ဗဟို ကမ္ဘာဆီ ဘ၀ကူးပြောင်း ရောက်ရှိလာချိန်ကစလို့ ရွှမ်းရီတောင်တန်းဂိုဏ်းမှာသာ အချိန်ဖြုန်းခဲ့တာကြောင့် အပြင်လောကနဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိသလောက် ဖြစ်နေခဲ့ပါတယ်။ ဒီတစ်ခေါက်တော့ စိတ်ဝင်စားဖို့ကောင်းတဲ့ အရာတော်တော်များများကို သူမြင်တွေ့လာခဲ့ရပါပြီ။

နောင်ကျရင် သူ့အနေနဲ့ ဗဟိုကုန်းမြေ တိုက်ကြီးက မြင့်မြတ်သော နယ်မြေဆီ သွားဖို့ စဉ်းစားသင့်တယ်လို့ တွေးနေမိခဲ့ပါတယ်။ အဲဒီနေရာက ဒီနေရာထက် အများကြီး တိုးတက်ကြွယ်၀တယ် မဟုတ်လား။

“လူချောလေး… လာဆော့ပါဦး”

ဒီအချိန်မှာတော့ နံဘေးကနေ စကားသံတစ်ခုကို ချင်းကျူ ကြားလိုက်ရပါပြီ။ ချင်းကျူ စိတ်ဝင်စားမိသွားပါတော့တယ်။

“အင်း.. ဒီဆိုင်က ဘာဆိုင်လဲမသိဘူး”

❄️❄️❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Chapter 94

အသင့်အတင့် ကျယ်ဝန်းတဲ့ ဆိုင်ခန်းအရှေ့မှာ ပုံရိပ်ယောင် ဆိုတဲ့ စာလုံးကြီးတွေ ရေးထားတဲ့ ဆိုင်းဘုတ်ကို ချိတ်ဆွဲထားပါတယ်။ ဒီစာလုံးကြီးတွေကို ရေးသားထားတဲ့ လက်ရေးက တော်တော်လေးကို မလှတဲ့အတွက် ကြည့်ရတာ အူကြောင်ကြောင် နိုင်လှတယ် ဆိုရမှာပါ။

ပြီးတော့ လိုက်ကာတစ်ခုကလည်း ကာကထားတာကြောင့် ဆိုင်ခန်းအတွင်းပိုင်းကို မမြင်နိုင်ပါဘူး။

ဒီလမ်းမအထက်က တခြားဆိုင်ခန်းတွေနဲ့ ယှဉ်လိုက်ရင် ဒီဆိုင်ခန်းလေးရဲ့ အသွင်အပြင်က တော်တော်လေးကို ရိုးရှင်းလှပါတယ်။

စကားပြောနေတဲ့ တစ်ယောက်ကတော့ ဆိုင်ခန်းအပြင်ဘက် ထားထားတဲ့ ရုပ်သေးရုပ်တစ်ရုပ်ပါ။

“လူချောလေး.. လာဆော့ပါလား”

ရုပ်သေးရုပ်က ထပ်ပြီး အော်ပြောလိုက်ပါပြီ။

ချင်းကျူ
“…”

“ဟင်း ဟင်း.. မိုက်တယ်”

ချင်းကျူ အထဲ ဝင်ကြည့်ဖို့ စဉ်းစားလိုက်ချိန်မှာပဲ လိုက်ကာကို မပြီး ဆိုင်ခန်းထဲကနေ အပြင်ဘက်ကို ကျေနပ်အားရတဲ့ မျက်နှာနဲ့ ထွက်လာခဲ့ပါပြီ။

ချင်းကျူကို တွေ့လိုက်ရတော့ ဒီလူကြီး နည်းနည်းမှင်သက်သွားခဲ့ပါတယ်။ ချက်ချင်း လူကြီးလည်း ခေါင်းငုံ့လိုက်ပြီး အမြန်ဆုံး ထွက်ခွာပျောက်ကွယ်သွားခဲ့ပါပြီ။

“သခင်လေး… စမ်းကြည့်ချင်သလား မသိဘူး”

နားရွက်ကြီးကြီး မျက်လုံးမှေးမှေး လူ၀ကြီးတစ်ဦးဟာ လိုက်ကာကနေ ခေါင်းပြူပြီး အဓိပ္ပာယ် ပါပါ ပြောလိုက်ပါပြီ။

ချင်းကျူ အံ့ဩသွားပါတော့တယ်။ ဒီလူ၀ကြီး အသွင်က သာမန်ဖြစ်ပေမဲ့လည်း တကယ်တော့ ဝမ်ရှင်းသူတော်စင် နောက်ပိုင်းအဆင့်ကို ရောက်ရှိနေပါပြီ။

“မင်းက ဒီမှာ ဘာရောင်းတာလဲ မသိဘူး”

ချင်းကျူလည်း မျက်မှောင်ကြုတ်ရင်း ဆိုင်ခန်းထဲ ဝင်ရောက်သွားပါတော့တယ်။

လူ၀ကြီး နည်းနည်း အံ့အားသင့်သွားခဲ့ပါပြီ။ ချင်းကျူရဲ့ လှုပ်ရှားမှုကို သူရှင်းရှင်းလင်းလင်း မမြင်တွေ့ခဲ့ရတာကြောင့်ပါ။

ဒီအချိန်မှာ တမ်လည်း ဆိုင်ထဲ လိုက်ဝင်လာပါတော့တယ်။ ၀တုတ်ကြီးက တစ်ခုခု ပြောဖို့ ဟန်ပြင်လိုက်ချိန်မှာပဲ ချင်းကျူ လှမ်းပြောလိုက်ပါပြီ။
“သူက ငါ့သားရဲကောင်ပါ”

ဒါကို ကြားလိုက်ရတော့ ဖောင်းကားနေတဲ့ ဖားပြုတ်ကို ကြည့်ပြီး လူ၀ကြီး ပိုတောင် အံ့အားသင့်သွားပါတော့တယ်။ ဒီသားရဲကောင်က ဝမ်ရှင်းသူတော်စင်အဆင့် သားရဲကောင်ကြီး ဖြစ်နေခဲ့တယ် မဟုတ်လား။

အခုအခြေအနေမှာတော့ လူ၀ကြီးက ငတုံးတစ်ကောင် ဖြစ်နေတယ် ဆိုရင်တောင်မှ သူ့အရှေ့ ရှိနေတဲ့ လူငယ်လေးဟာ ပေါ့သေးသေး တန်ခိုးရှင် တစ်ဦး မဟုတ်နိုင်ကြောင်း နားလည်သွားခဲ့ပါပြီ။

ဆိုင်တဲ့ ရောက်တဲ့ အချိန်မှာတော့ ချင်းကျူ ဝေ့ကြည့်အကဲခတ်လိုက်ပါတော့တယ်။ ဒီအခါမှာတော့ လေးထောင့်ခန်း အများအပြား ကန့်ထားတာကို တွေ့လိုက်ရပါပြီ။ အခန်းတွေထဲကနေ ထွက်ပေါ်လာတဲ့ လေသံဖျော့ဖျော့ကိုလည်း ချင်းကျူ ကြားနေခဲ့ရပါတယ်။

ချင်းကျူလည်း မျက်မှောင်ကြုတ်လိုက်မိပါပြီ။ ဒီနေရာက ဆံပင်ညှပ်ဆိုင်ပဲလား။ ဒါမှမဟုတ် …

ချင်းကျူ နားမလည်နိုင်တဲ့ အသွင်ကို မြင်လိုက်ရတဲ့ ၀တုတ်ကြီးလည်း မြန်မြန် ရှင်းပြလိုက်ပါပြီ။
“သခင်လေး.. စိတ်မပူပါနဲ့။ ကျွန်တော်တို့ နေရာက အရမ်းအထက်တန်းကျပြီး အဆင့်မြင့်ပါတယ်။ လူကြီးမင်း ထင်သလို နေရာမျိုး မဟုတ်ပါဘူး ခင်ဗျာ”

၀တုတ်ကြီးလည်း ခဏလောက် စကားရပ်လိုက်ပြီး ဆက်ပြောလိုက်ပါပြီ။
“ဒါပေမဲ့ တခြားနေရာတွေထက်စာရင် ပိုပြီးတော့ ကြမ်းတမ်းတဲ့ ဆားဗစ်တွေလည်း ပေးပါသေးတယ်”

အခုအချိန်မှာတော့ ၀တုတ်ကြီးဟာ အဓိပ္ပာယ် ပြည့်၀နေတဲ့ အပြုံးတစ်ခုကို ပြုံးလိုက်ပါပြီ။

ချင်းကျူ
“…”

၀တုတ်ကြီး ရှင်းပြပြီးချိန်မှာ ချင်းကျူ အဖြစ်အပျက်တွေကို နားလည်သွားခဲ့ပါပြီ။ ဒီ၀တုတ်ကြီးက ပုံရိပ်ယောင် တန်ခိုးရှင်တစ်ဦးပါ။ သူဟာ ပုံရိပ်ယောင် ပညာရပ် အမျိုးမျိုးကို တတ်ကျွမ်းရုံတင် မကပါဘူး။ အထူးနည်းလမ်းတွေနဲ့ ပုံရိပ်ယောင်တွေကို ထုတ်သုံးပေးနိုင်ပါသေးတယ်။ ဒီအတွက် သခင်လေးတွေဟာ ချင်းကျူ အရင်ဘ၀ မြေကမ္ဘာတုန်းက ရှိခဲ့တဲ့ 3D ရုပ်ရှင်တွေလိုမျိုး စစ်မှန်တဲ့ ခံစားချက်ကို ရရှိခံစားနိုင်မှာပါ။

“ဒီဝိညာဉ်မှော်ရတနာက ကျွန်တော့်ရဲ့ ပုံရိပ်ယောင်တွေကို သိမ်းဆည်းထားပါတယ်။ ဒီမျက်နှာဖုံးကို တပ်ထားလိုက်မယ်ဆိုရင် ပုံရိပ်ယောင် ကမ္ဘာထဲ ဝင်ရောက်နိုင်ပါပြီဗျ”

၀တုတ်ကြီးလည်း VR မျက်မှန်လို အရာကို ထုတ်ပေးလိုက်ပြီး လေသံနဲ့ ရှင်းပြလိုက်ပါပြီ။
“ဒီပစ္စည်းကို ဝမ်ရှင်းသူတော်စင်အဆင့် လက်နက်သွန်းလောင်းသူတစ်ဦးက ခက်ခက်ခဲခဲ သွန်းလောင်းပေးထားတာပါ။ ဒီရတနာကို ပုံရိပ်ယောင် အချိန်ကာလလို့ ကျွန်တော် နာမည်ပေးထားပါတယ်။ ဒီပစ္စည်းမျိုး ဆယ်ခုသာ ရှိပါတယ်။ စမ်းကြည့်ချင်လား မသိဘူး”

“…”

ဒီတစ်ယောက်က အလုပ်လုပ်ရာမှာ အရမ်းထူးချွန်လွန်းတယ် ဆိုရပါလိမ့်မယ်။ သူက တခြား ကမ္ဘာတစ်ခုမှာ VR နည်းပညာကို ဖန်တီးလိုက်ပြီး ရုပ်ရှင်ရုံတောင် ဖွင့်စားနေပြီပဲ။

“မင်းဆီမှာ ဘာပုံရိပ်ယောင်တွေ ရနိုင်သလဲ”

ချင်းကျူ မေးမြန်းလိုက်ပါပြီ။

“အရာအားလုံး ရှိပါတယ်။ ကျွန်တော်တို့မှာ မိစ္ဆာဖခင်၊ မိစ္ဆာသားရဲ ကမ္ဘာ.. စသည်ဖြင့်ပေါ့။ သခင်လေးသာ အလိုရှိမယ်ဆိုရင် အဲဒီအရာတွေကို အချိန်မရွေး ခံစားနိုင်မှာပါ”

၀တုတ်ကြီးလည်း  ယုံကြည်မှု အပြည့်နဲ့ ပြုံးရွှင်စွာ ဆက်ပြောလိုက်ပါပြီ။
“ပြီးတော အထူးပုံရိပ်ယောင် တချို့လည်း ရှိပါသေးတယ်။ အဲဒီပုံရိပ်ယောင်ကို အသုံးပြုမယ်ဆိုရင် ပုံရိပ်ယောင် ကမ္ဘာထဲမှာ မျက်နှာ အသွင်အပြင်တွေ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကိုလည်း စိတ်ကြိုက် ပြောင်းလဲနိုင်မှာပါ။ သခင်လေး အဲဒါကို စိတ်ဝင်စားလား မသိဘူး”

“…”

ချင်းကျူလည်း ဘာကြောင့် လေးထောင့်အခန်းလေးတွေဆီက လေသံဖျော့ဖျော့ ထွက်ပေါ်လာနေခဲ့တာလဲ ဆိုတာကို နောက်ဆုံးတော့ နားလည်သွားခဲ့ပါပြီ။ သူတို့တွေက အဲဒီ အထူးပုံရိပ်ယောင်တွေကို အသုံးပြုနေကြတာပေါ့။

“ငါ့ကို မိစ္ဆာသားရဲ ကမ္ဘာတစ်ချက်ပေးစမ်း။ စမ်းကြည့်ကြည့်ရအောင်”

“ဟုတ်ကဲ့”

၀တုတ်ကြီး နည်းနည်းတော့ စိတ်ပျက်သွားပုံပါပဲ။ ဒါပေမဲ့ သူ့မျက်နှာအမူအရာကတော့ လုံး၀ မပျက်ခဲ့ပါဘူး။

“မိစ္ဆာသားရဲ ကမ္ဘာ” ဆိုတာကတော့ စိတ်ကူးယဉ် စွန့်စားခန်း ဇာတ်လမ်းတစ်ခုပါပဲ။ ဒါပေမဲ့ ချင်းကျူ အစောပိုင်း ဖတ်ခဲ့တဲ့ ကောမစ် (ရုပ်ပြ) စာအုပ်လိုမျိုး ဇာတ်လမ်းက မနာလှပါဘူး။

ပုံရိပ်ယောင် အချိန်ကာလ ဆိုတဲ့ အရာကို တပ်ပြီးချိန်မှာတော့ ချင်းကျူဝန်းကျင်က မြင်ကွင်းအားလုံး ပြောင်းလဲသွားခဲ့ပါပြီ။ ဆူးချွန်တွေ ပြည့်နေတဲ့ ကမ္ဘာတစ်ခုကို ချင်းကျူ ရောက်ရှိသွားပါတော့တယ်။ နေရာတိုင်းမှာ မိစ္ဆာသားရဲတွေ ရှိနေကြပြီး သူ့ကို ဝိုင်းရံထားကြပါတယ်။

ချင်းကျူရဲ့ ဘယ်ဘက်မှာတော့ အမျိုးမျိုးသော သိုင်းပညာတွေနဲ့ ဝိညာဉ်စွမ်းအင် နံပါတ်တွေကို တွေ့လိုက်ရပါပြီ။ ဒါက ဂိမ်းတစ်ခုရဲ့ ယူဇာ အင်တာဖေ့ user interface အတိုင်းပါပဲ။

ဒါပေမဲ့ ၀တုတ်ကြီးက ဝမ်ရှင်းသူတော်စင် နောက်ပိုင်းအဆင့်ကိုသာ ရောက်ရှိသေးတာကြောင့် ဒီပုံရိပ်ယောင်တွေဟာ ချင်းကျူအဖို့ တော်တော်လေး အကြမ်းထည် ဆန်တယ် ဆိုရမှာပါ။ မိစ္ဆာသားရဲ အများအပြားဟာ mine craft လိုမျိုး pixal တွေနဲ့ ဖြစ်ကြပြီး ခွဲခြားလို့ မရသလောက်ပါပဲ။  ဒါပေမဲ့ သူ့အတွက် အချိန်ဖြုန်းဖို့ကတော့ လုံလောက်ခဲ့ပါတယ်။

မိနစ်သုံးဆယ် အကြာမှာတော့ ချင်းကျူလည်း ကိရိယာကို ဖြုတ်လိုက်ပါပြီ။
“မဆိုးဘူးပဲ”

“မြန်လိုက်တာ”
၀တုတ်ကြီးလည်း မယုံကြည်နိုင်စွာ ပြောလိုက်ပါတော့တယ်။
“ဂိမ်းကို အောင်မြင်သွားပြီလား မသိဘူး”

“အေး”

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
၀တုတ်ကြီး မှင်သက်သွားပါတော့တယ်။ မိနစ်သုံးဆယ်အတွင်း အောင်မြင်သွားတယ်လား။ အစွမ်းထက်လိုက်တာ။

ငါတောင်မှ ငါးရက်လောက် ဆော့မှ အောင်သွားတယ်လေ။

“အရမ်းရိုးပါတယ်”

ချင်းကျူဟာ geek တစ်ကောင် (ဝါသနာရှင်တစ်ကောင်) ဖြစ်တာကြောင့် အရင်ဘ၀တုန်းက မရေမတွက်နိုင်တဲ့ ဂိမ်းမျိုးစုံကို ဆော့ကစား ဖူးခဲ့ပါတယ်။ ဒီဂိမ်းလောက်ကတော့ မျက်စိမှိတ်ဆော့တောင် အောင်မယ် ဆိုရမှာပါ။

“…”

“ဒါနဲ့.. မင်းနာမည်က ”
ချင်းကျူ မေးမြန်းလိုက်ပါပြီ။

“အဲ.. ကျွန်တော်လား။ ကျွန်တော့် နာမည်က မာဟွာတန်ပါ”

ချင်းကျူ
“…”

“တကယ်ကြီးလား”

၀တုတ်လည်း ချင်းကျူရဲ့ အမူအရာကြောင့် အံ့ဩသွားပါတော့တယ်။
“ဟုတ်ပါတယ်။ ဒီနာမည်ကို အသုံးပြုနေတာ နှစ်ပေါင်း ၅၀ ကျော် ကြာမြင့်သွားပါပြီ”

“…”

“ဒီပုံရိပ်ယောင်တွေကို ဝိညာဉ်ကွန်ရက်အပေါ် တင်ဖို့ကော မစဉ်းစားမိဘူးလား”
ချင်းကျူလည်း ရုတ်တရက် အကြံကောင်း ရသွားပါတော့တယ်။

“ဝိညာဉ်ကွန်ရက်ပေါ် တင်ရမှာလား”

၀တုတ်ကြီး ခဏလောက် မှင်သက်သွားခဲ့ပြီး ခေါင်းကို ခါယမ်းရင်း ပြောလိုက်ပါပြီ။
“မဖြစ်နိုင်ဘူး။ ဒီကိရိယာက ဆယ်ခုပဲ ရှိတယ်။ ဝိညာဉ်ကွန်ရက်ပေါ် အပ်လုပ် upload တင်လိုက်ရင်လည်း အသုံးဝင်မှာ မဟုတ်ပါဘူး”

အင်း.. ဟုတ်တော့လည်း ဟုတ်တယ်။ ဒီကိစ္စကို ချင်းကျူ မေ့နေခဲ့တာပါ။

“ဒါဆို မင်းရဲ့ ပုံရိပ်ယောင် အချိန်ကာလ ကိရိယာကို ရောင်းမလား”

ချင်းကျူလည်း ဒီကိရိယာ တစ်ခုကို ဝယ်ပြီး အချိန်ဖြုန်းဖို့ စဉ်းစားမိခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ပုံရိပ်ယောင် ပညာကိုပါ လေ့လာရင်း သူ့ကိုယ်ပိုင် ပုံရိပ်ယောင်များ ဖန်တီးနိုင်မလားလို့ တွေးမိသွားပါပြီ။

“မရပါဘူး။ ကျွန်တော် လုံး၀ မရောင်းနိုင်ပါဘူး”
၀တုတ်ကြီးလည်း ခေါင်းကို ခါယမ်းပြီး ပြောလိုက်ပါတော့တယ်။

“ပြီးပြည့်စုံတဲ့ အဆင့်လေး ဆေးလုံးတစ်လုံးနဲ့ လဲမယ်လေ”

“ဘာ.. ပြီးပြည့်စုံတဲ့ အဆင့်လေး ဆေးလုံး”

၀တုတ်ကြီး မျက်လုံးပြူးကျယ်သွားပါတော့တယ်။ သူများ နားကြားမှားသွားတာလား။

ချင်းကျူလည်း အချိန်ဖြုန်းမနေတော့ပါဘူး။ ချက်ချင်း အရက်သမား နှလုံးသားဆေးတစ်လုံးကို ထုတ်ယူလိုက်ပြီး
“ပုံရိပ်ယောင်အချိန်ကာလ စက်တစ်ခုကို ရေဂာင်းမယ်ဆိုရင် ဒီဆေးက မင်းအတွက်ပဲ”

အရက်သမား နှလုံးသား ဆေးကို မြင်လိုက်တာနဲ့ ၀တုတ်ကြီးတစ်ယောက် ချင်းကျူ လိမ်ပြောနေတာ မဟုတ်ကြောင်းကို နားလည်သွားခဲ့ပါပြီ။ သူက ဝမ်ရှင်းသူတော်စင်အဆင့် တန်ခိုးရှင်တစ်ဦး မဟုတ်လား။ ပြီးပြည့်စုံတဲ့ အဆင့်လေး ဆေးကို မြင်တာနဲ့ သိတာပေါ့။

“ကောင်းပါပြီ။ ကျွန်တော် သဘောတူပါတယ်။ ဘယ်စက်ကို လိုချင်သလဲဆိုတာ ရွေးလိုက်ပါ”

၀တုတ်ကြီးလည်း သိုလှောင်ခန်း လက်စွပ်ထဲ ရှိနေသေးတဲ့ ပုံရိပ်ယောင် စက်တွေကို ထုတ်ယူပြီး အလောတကြီး ပြောလိုက်ပါပြီ။

ဒီကိရိယာတွေကို တည်ဆောက်ဖို့ ကုန်ကြမ်းပစ္စည်း အမြောက်အများ အသုံးပြုခဲ့ရပေမဲ့ ပြီးပြည့်စုံတဲ့ အဆင့်လေး ဆေးဝါးကိုတော့ မယှဉ်သာသေးပါဘူး။

ဒါ့အပြင်ကို ၀တုတ်ကြီးဟာ ဝမ်ရှင်းသူတော်စင် အထွတ်အထိပ် အဆင့်ကို ရောက်ဖို့ ခြေလှမ်းတစ်ဝက်သာ ကျန်ပါတော့တယ်။ ပြီးပြည့်စုံတဲ့ အဆင့်လေး ဆေးဝါးနဲ့ဆိုရင် သူ့အနေနဲ့ လဝက်အတွင်း အဆင့်တက်နိုင်မှာပါ။

ရွေးချယ်ခွင့် ပေးလိုက်ပြီ ဖြစ်တဲ့အတွက် ချင်းကျူလည်း အားမနာ်တော့ပါဘူး။ အကောင်းဆုံး ကုန်ကြမ်းပစ္စည်းတွေနဲ့ သွန်းလုပ်ထားတဲ့ ကိရိယာကို ကောက်ယူလိုက်ပြီး ၀တုတ်လက်ထဲ အရက်သမား နှလုံးသားဆေးတစ်လုံးကို ထည့်ပေးလိုက်ပါပြီ။

၀တုတ်လည်း အရက်သမား နှလုံးသားဆေးကို လက်ထဲကိုင်ထားရင်း အချိန်တော်တော်ကြာ ဝမ်းသာပျော်ရွှင်နေခဲ့ပါတယ်။ ပြီးတော့မှ သူအမှတ်ရသွားခဲ့ပါပြီ။
“တောက်ပသော မြို့တော်ထဲမှာ ပြီးပြည့်စုံတဲ့ အဆင့်လေး ဆေးဝါးကို ဖော်စပ်နိုင်သူ တစ်ဦးရောက်နေတယ် ကြားတယ်။ သူပဲ ဖြစ်နေမလား”

ချင်းကျူအနောက် သူပြေးလိုက်သွားပေမဲ့လည်း ချင်းကျူကို ရှာမတွေ့တော့ပါဘူး။

“ဝိညာဉ်ကွန်ရက်ပေါ်မှာ ပုံရိပ်ယောင်တွေကို တင်ရမလား”

အခုအချိန်မှာတော့ ချင်းကျူ အကြံပေးချက်ကို ၀တုတ် ပြန်အမှတ်ရလာခဲ့ပါပြီ။

“နေဦး… ငါတခြား နည်းလမ်း အသုံးပြုလို့ ရသေးတာပဲ”

အခုလို မတော်တဆ ပေးလိုက်တဲ့ အကြံဉာဏ်ကြောင့် ဆယ်စုနှစ် တစ်ခုကျော် အကြာမှာ ဝိညာဉ်ဗဟို ကမ္ဘာကြီး တစ်ခုလုံးကို လွှမ်းမိုးသွားပြီး အံ့မခန်းအဆင့်ကို ရောက်ရှိသွားတဲ့ ဒဏ္ဍာရီလာ လုပ်ငန်းကြီးတစ်ခု ပေါ်ထွက်လာလိမ့်မယ်လို့ ချင်းကျူ ထင်မထားမိခဲ့ပါဘူး။

❄️❄️❄️❄️❄️

#အပူအပင်မဲ့အင်မော်တယ်
Chapter 95
စားသောက်ပွဲကြီး စတင်ပြီ

အခန်းထဲ ပြန်ရောက်ချိန်မှာ ချင်းကျူလဲလျောင်းလိုက်ပါပြီ။ စားသောက်ပွဲက ဒီညပဲ စတင်ကျင်းပမှာပါ။ ဒီမတိုင်ခင်မှာ သူခဏလောက် အိပ်စက်ချင်ပါတယ်။ ဒီတော့မှ သူ့စိတ်ဓာတ် နည်းနည်း တက်ကြွနိုင်မှာပါ။

တန်ရှောင်နဲ့ ရီရောင် တို့ကိုတော့ ချင်းကျူ ထပ်မတွေ့ရတော့ပါဘူး။ သူတို့တွေက တရားကျင့်နေကြပုံပါပဲ။ ချင်းကျူလောက်တော့ မအားနိုင်ဘူး မဟုတ်လား။

“ဆရာဦးလေးချင်း.. ကျွန်တော်ထင်တယ်”

“မရဘူး။ မင်းဘာမှ မစဉ်းစားရဘူး”

ချင်းကျူလည်း တမ်ကို လက်ဝှေ့ယမ်းပြီး ဟန့်တားလိုက်ပါပြီ။ ပြီးတာနဲ့ မျက်လုံးမှိတ်ပြီး နှစ်ခြိုက်စွာ အိပ်မောကျသွားပါတော့တယ်။

တမ်ဘာပြောရမှန်းတောင် မသိတော့ပါဘူး။

အချိန်ဘယ်လောက်ကြာသွားလဲ မသိလိုက်ပေမဲ့ တမ်မအောင့်နိုင်တော့ပဲ အပြင်ထွက်ပြီး လမ်းလျှောက်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဒါပေမဲ့ တံခါးကို ဖွင့်လိုက်ချိန်မှာပဲ အကာအကွယ် အလွှာတစ်ခု ရှိနေတာကို တွေ့လိုက်ရပါတော့တယ်။ ချင်းကျူ အစောကြီးကတည်းက ပြင်ဆင်ထားလိုက်ပုံပါပဲ။

တမ်ဟာ လူတွေကို လျှာနဲ့ လျက်ရတာ သဘောကျပြီး ဝမ်ရှင်းသူတော်စင် အစောပိုင်းအဆင့်ကို ရောက်ရှိနေပါပြီ။ မဟာကလန်ကြီးတွေက အကြီးအကဲတွေနဲ့ တခြားအဖွဲ့အစည်းတွေက ခေါင်းဆောင်ပိုင်းတွေကလွဲလို့ ဘယ်သူကမှ တမ်ကို အနိုင်မယူနိုင်တော့ပါဘူး။ သူ့ကို လွှတ်ထားလိုက်မယ်ဆိုရင် ပြဿနာကြီးတွေ တက်သွားနိုင်ပါတယ်။ အလုပ်ရှုပ် မခံချင်တာကြောင့် ချင်းကျူလည်း သူ့ကို ထွက်ခွင့်မပေးထားတော့ပါဘူး။

တမ်လည်း ရင်ထဲ မကျေနပ်လှပေမဲ့လည်း အများကြီး မစဉ်းစားဝံ့ခဲ့ပါဘူး။ သူက ၀ူကျိသူတော်စင်ရဲ့ အသိဉာဏ်နဲ့ အစွမ်းတွေကို အမွေဆက်ခံထားခဲ့တာပဲ မဟုတ်လား။ ချင်းကျူက ၀ူကျိသူတော်စင်ရဲ့ မှတ်ဉာဏ်တွေကို ဖယ်ရှားလိုက်ပြီ ဖြစ်ပေမဲ့လည်း တမ်ဟာ သူ့ကို ကြောက်ရကောင်းမှန်း သိထားပါသေးတယ်။ ပြောရရင် လူသားတွေက နတ်ဘုရားတွေကို ကြောက်နေရသလိုပေါ့။

အချိန်တွေ ကုန်ဆုံးသွားပြီး မကြာခင် ညဘက် ရောက်လာခဲ့ပါပြီ။ မိုးကုတ်စက်ဝိုင်းထဲ နေဝင်သွားပြီး ကောင်းကင်ထက် ကြယ်အစုံ တောက်ပလာပါတော့တယ်။ တောက်ပသော မြို့တော်ကနေ ကောင်းကင်ထက်က လကြီးကိုတောင် မြင်နေရပါပြီ။

ဒေါင် ဒေါင် ဒေါင်

ညလေပြေဟာ နည်းနည်းတော့ အေးမြနေခဲ့ပါတယ်။ ချိုသာတဲ့ ခေါင်းလောင်းထိုးသံ ပေါ်ထွက်လာခဲ့ပါပြီ။ မကြာခင်မှာ စားသောက်ပွဲ ကျင်းပတော့မဲ့ အသွင်ပါပဲ။

ချင်းကျူလည်း မျက်လုံးကို ဖွင့်လိုက်ပါပြီ။

“သွားကြစို့”
ချင်းကျူလည်း ပျင်းရိစွာ အညောင်းဆန့်လိုက်ပြီး အခန်းတံခါးကို ဆွဲဖွင့်လိုက်ပါပြီ။

တစ်ချိန်တည်းမှာပဲ ခြံဝန်းထဲက တခြား တန်ခိုးရှင်တွေလည်း အပြင်ကို ထွက်လာခဲ့ကြပါတော့တယ်။ သူတို့တွေကတော့ ကီလိုမီတာ ၅၀၀၀ ပတ်လည်အတွင်းက အဖွဲ့အစည်း အမျိုးမျိုးတို့ရဲ့ ခေါင်းဆောင်တွေပါ။

ချင်းကျူ ခြံဝန်းထဲ ရောက်လာချိန်မှာ အားလုံးက သူ့ကို ဝိုင်းကြည့်လိုက်ကြပါပြီ။ ချင်းကျူက မနေ့ကပဲ ပြီးပြည့်စုံတဲ့ အဆင့်လေး ဆေးဝါးကို ဖော်စပ်ခဲ့တယ် မဟုတ်လား။ မဟာကလန်ကြီး ခြောက်ခုက သူ့ကို အကောင်းဆုံး ကြိုးရှည်ရှည်နဲ့ လှန်ထားကြတော့မှာပါ။

“ဆရာဦးလေးချင်း”

မုရှောင်ယု ဝမ်းသာအားရ နှုတ်ဆက်လိုက်ပါပြီ။

ချင်းကျူဟာ ပိုင်ရီရဲ့ ဂိုဏ်းတူညီလေး ဖြစ်မှန်း သိလိုက်ချိန်ကတည်းက ရီရောင်တစ်ယောက် သူမရဲ့ တပည့်မ နှစ်ဦးကို ဆရာဦးလေးလို့ ခေါ်ခိုင်းခဲ့ပါတယ်။

ချင်းကျူလည်း ခေါင်းညိတ်လိုက်ပြီး သာမန်ပဲ မေးမြန်းလိုက်ပါပြီ။
“စားသောက်ပွဲက ဘယ်နားမှာ ကျင်းပမှာလဲ မသိဘူး”

“ဟား ဟား… မောင်လေးရဲ့ ဂိုဏ်းတူအစ်ကိုကြီးနဲ့ ပုံစံချင်း တူနေလိမ့်မယ်လို့ အစ်မ ထင်မထားမိခဲ့ဘူး”
ရီရောင်လည်း ပါးစပ်ကို လက်နဲ့အုပ်ပြီး ရယ်မောလိုက်ပါပြီ။

ချင်းကျူ
“…”

ငါက ဂိုဏ်းတူအစ်ကိုကြီးနဲ့ ဘာတွေတူသွားလို့လဲ။

ရီရောင်လည်း ပြောပြောဆိုဆိုနဲ့ ခြံဝန်းအပြင်ဘက် လမ်းလျှောက်ထွက်ခွာသွားခဲ့ပါပြီ။

ချင်းကျူလည်း ကူကယ်ရာမဲ့စွာ အနောက်ကနေ လိုက်သွားပါတော့တယ်။

တခြား တန်ခိုးရှင်တွေလည်း စားသောက်ပွဲ ကျင်းပရာ နေရာဆီ လျှောက်လှမ်းသွားကြပါပြီ။ အခုမှပဲ မဟာကလန်ကြီး ခြောက်ခုက ဖိတ်ခေါ်ထားတဲ့ အဖွဲ့အစည်းတွေဟာ ဒီခြံဝန်းထဲမှာသာ ရှိနေကြတာ မဟုတ်ကြောင်း ချင်းကျူ နားလည်သွားပါတော့တယ်။ မျက်စိတဆုံးအထိ လူရာပေါင်းများစွာကို ချင်းကျူ မြင်တွေ့နေခဲ့ရပါတယ်။

ချင်းကျူ အံ့ဩရတဲ့ အချက်ကတော့ စားသောက်ပွဲကြီးကို သယ်ယူပို့ဆောင်ရေး မှော်ရတနာ သင်္ဘောကြီးအထက် ကျင်းပနေတဲ့ အတွက်ကြောင့်ပါ။

ဒီမှော်ရတနာ သင်္ဘောကြီးဟာ အလွန်ကို ကြီးမားပြီး နန်းတော်ကြီး တစ်ခုလိုပဲ ခမ်းနားလှပါတယ်။ ကျောက်စိမ်းတွေကို ကြမ်းခင်းအဖြစ် ခင်းထားပြီး အလင်းရောင်တွေကလည်း ဖြာထွက်တောက်ပနေပါသေးတယ်။ ပြီးတော့ တောင်အတုကြီးတွေ မြစ်အတုကြီးတွေကိုလည်း ထည့်သွင်းထားတဲ့အတွက်ကြောင့် ဒီနေရာဟာ ကောင်းကင်ဘုံတစ်ခုလိုပါပဲ။

တကယ်လို့သာ သူတို့ မျက်လုံးနဲ့ တပ်အပ် မမြင်ခဲ့ရဘူး ဆိုရင် ဘယ်သူကမှ ဒီသင်္ဘောပျံကြီး ရှိနေကြောင်းကို ယုံကြည်ကြလိမ့်မယ် မဟုတ်ပါဘူး။

ပြောစရာ တစ်ခုရှိတာကတော့ ဒီမှော်သင်္ဘောပျံကြီးဟာ ဝေကလန်ပိုင်ဆိုင်ခဲ့တဲ့ ရတနာတစ်ပါးပါ။ အခုတော့ ရန်ကလန်ရဲ့လက်ထဲ ကျရောက်သွားခဲ့ပါပြီ။

ရာပေါင်းများစွာသော တန်ခိုးရှင်တွေဟာ မှော်သင်္ဘောပျံကြီးပေါ် ရောက်ရှိနေကြပါပြီ။ ယန်ကလန်ရဲ့ တန်ခိုးရှင်တွေက လမ်းပြပေးခဲ့ကြပါတယ်။ ဝိညာဉ်အရက်ကောင်းတွေ၊ စားကောင်းသောက်ဖွယ်တွေကိုလည်း သင်္ဘောကြီးအထက် ပြင်ဆင်ပြီးသွားပါပြီ။ သူတို့ရဲ့ သင်းရနံ့ဟာ သင်္ဘောပေါ်မှာ သင်းပျံ့နေခဲ့ပါတယ်။ ပြီးတော့ မိန်းမချော အမှုထမ်းလေးတွေလည်း အများအပြား စောင့်စားနေခဲ့ကြပါသေးတယ်။

အရင်တုန်းကသာဆိုရင် ချင်းကျူတစ်ယောက် အရက်အိုးတွေကို အသည်းအသန် ပြေးကောက်ပြီး စိတ်ကြိုက်သောက်မိမှာပါ။ ဒါပေမဲ့လည်း အခုတော့ နှစ်နှစ်ထောင်သက်တမ်းရှိ အရက်ကောင်းတွေကို သောက်ပြီး ဖြစ်တာကြောင့် ဒီနှစ်ဆယ်ဂဏန်းလောက်သာ သက်တမ်းရှိတဲ့ အရက်တွေကို မျက်စိထဲ မမြင်နိုင်တော့ပါဘူး။

“ဂိုဏ်းချုပ်တို့.. နေကောင်းကျန်းမာပါစ”

စင်မြင့်ထက်မှာ မဟာကလန်ကြီး ခြောက်ခုရဲ့ အကြီးအကဲတွေဟာ ခန့်ညားထည်ဝါစွာ ရှိနေခဲ့ကြပါတယ်။ သူတို့ စကားသံတွေဟာ လေနဲ့အတူ နေရာတိုင်းကနေ ပျံ့လွင့်ကြားယောင်နေခဲ့ပါသေးတယ်။

“ဒီနေ့ ငါတို့ မဟာကလန်ကြီး ခြောက်ခုက စားသောက်ပွဲတော်ကြီး ကျင်းပရတဲ့ အကြောင်းရင်းက ဂိုဏ်းချုပ်တို့ကို ငါတို့ဆီ အညံ့ခံခိုင်းဖို့ မဟုတ်ပါဘူး။ ကြွယ်၀ချမ်းသာတဲ့၊ လိုက်လျောညီထွေရှိတဲ့ ယဉ်ကျေးတဲ့ သိုင်းတာအို လူမှုအဖွဲ့အစည်းကြီး တစ်ခုကို ငါတို့ အားလုံး ပူးပေါင်းပြီး တည်ဆောက်ကြဖို့ ရည်ရွယ်ချက်နဲ့ပါ”

“အားလုံးပဲ အကျိုးတူပူးပေါင်းပြီး ခက်ခဲအောင် မလုပ်ဘူးလို့လည်း မျှော်လင့်မိပါတယ်”

ဒါကို ကြားလိုက်ရတော့ အားလုံး တစ်ဦးမျက်နှာ တစ်ဦး ကြည့်လိုက်မိကြပါပြီ။ ချက်ချင်း သံပြိုင်အော်ပြောလိုက်ကြပါတော့တယ်။
“အကြီးအကဲတို့.. စိတ်မပူပါနဲ့။ ကျွန်တော်တို့ အားလုံး အကျိုးတူ ပူးပေါင်းမှာပါ”

ချင်းကျူ
“…”

ဒါက စားသောက်ပွဲတော် ကျင်းပတာကော ဟုတ်ရဲ့လား။

တစ်ခုခုတော့ မှားနေပြီထင်တယ်။

ဘာဖြစ်လို့များ ကလန်ကြီး ခြောက်ခုက အကြီးအကဲတွေဟာ အဆင့်မြင့် အရာရှိကြီးတွေက သာမန် လူတွေကို တွေ့ဆုံတဲ့ ပုံစံမျိုး ဖမ်းထားကြတာလဲ။

“ကောင်းပါတယ်”

အကြီးအကဲ ခြောက်ဦး ကျေနပ်စွာ ခေါင်းညိတ်လိုက်ကြပါပြီ။
“ဒီနေရာမှာ စားကောင်းသောက်ဖွယ်တွေ ဝိညာဉ်အရက်တွေ အများကြီး တည်ခင်းထားပါတယ်။ တန်ခိုးရှင်တို့ စိတ်ကြိုက်သုံးဆောင်ကြပါ။ ဒီစားသောက်ပွဲ လာရောက်တက်ရောက်ပေးတဲ့ အဖွဲ့အစည်းတိုင်းဟာ ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေပါပဲ”

တစ်နည်းဆိုရရင်တော့ တက်ရောက်ခြင်း မရှိတဲ့ အဖွဲ့အစည်းတိုင်းဟာ ရန်သူတွေပေါ့။

ဒါပေမဲ့ မထင်မရှား သေးငယ်လှတဲ့ အဖွဲ့အစည်း ပိစိလေးတွေကလွဲလို့ အဖွဲ့အစည်းတိုင်းနီးပါးဟာ ဖိတ်စာကို ရရှိခဲ့ကြပါတယ်။ သူတို့အားလုံးနီးပါးလည်း ဒီကို တက်ရောက်ခဲ့ကြပါတယ်။

ဖွင့်ပွဲအမှာစကား ပြောပြီးနောက်မှာတော့ အကြီးအကဲ ခြောက်ဦး စင်မြင့်အောက်ကို ပျံသန်းဆင်းသက်လာခဲ့ပါပြီ။ သူတို့တွေဟာ စားသောက်ပွဲတော်မှာ လိုက်လံဧည့်ခံကြပါတော့တယ်။ အခုလောလောဆယ်တော့ ထူးဆန်းတဲ့ တောင်းဆိုမှုတွေကို သူတို့ ကြေညာလိမ့်ဦးမှာ မဟုတ်ပါဘူး။

ဒီအချိန်မှာတော့ ချင်းကျူတစ်ယောက် ထောင့်တစ်နေရာမှာ ဝိညာဉ်အရက်ကို အေးအေးလူလူ သောက်သုံးနေခဲ့ပါတယ်။ သူ့နံဘေးမှာတော့ လျှိုပင်းနဲ့ မုရှောင်ယုတို့ ရှိနေတာ တွေ့ရမှာပါ။ ရီရောင်ကတော့ တခြား ဂိုဏ်းခေါင်းဆောင်တွေနဲ့ စကားပြောဆိုနေခဲ့ပါတယ်။

ဒီအတွက်ကြောင့်လည်း ဒီလို အက်တီဗတီတွေမှာ ချင်းကျူ မတက်ရောက်ချင်တာပါ။ ရွှမ်းရီတောင်တန်းဂိုဏ်းက အစည်းအဝေးတွေကိုတောင် သူမတက်ရောက်ခဲ့ပါဘူး။ ဒီလို ပွဲတွေ တက်ရောက်ရင် စကားစမြည် ပြောဆိုမှုတွေကို ရှောင်ရှားဖို့ မဖြစ်နိုင်ဘူး မဟုတ်လား။

ဒီအချိန်မှာပဲ တန်ခိုးရှင်တစ်ဦးက သူ့ကို လက်ညှိုးထိုးလိုက်တာ ချင်းကျူ တွေ့လိုက်ရပါပြီ။ မဟာကလန်ကြီး ခြောက်ခုက အကြီးအကဲတွေလည်း ချင်းကျူဆီ အမြန်ဆုံး လျှောက်လှမ်းလာကြပါတော့တယ်။ သူတို့ ကြည့်ရတာ တခြားတစ်ယောက်ယောက်က သူတို့ထက် ဦးသွားမှာကို စိုးရိမ်နေကြသလိုပါပဲ။

ချင်းကျူလည်း ပြီးပြည့်စုံတဲ့ အဆင့်လေး ဆေးဝါး ဖော်စပ်ခဲ့မှုကို ပြန်ပြီး အမှတ်ရသွားခဲ့ပါပြီ။

“ဟူး… ငါက ဘယ်လိုလုပ်ပြီး မေ့သွားရတာလဲ”

ချင်းကျူလည်း ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပါတော့တယ်။

အစတုန်းကတော့ ဆေးဝါးတချို့ကိုပဲ သူဖော်စပ်ကြည့်ချင်ခဲ့တာပါ။ ဒီလို နိမိတ်တွေ ပြသလာပြီး အုတ်အော်သောင်းနင်း ဖြစ်သွားလိမ့်မယ်လို့ ထင်မထားမိခဲ့ပါဘူး။ အခုတော့ မဟာကလန်ကြီး ခြောက်ခုကပါ သူနဲ့ ပတ်သက်လာနေပါပြီ။ ဒါကို စဉ်းစားရင်း ချင်းကျူ ခေါင်းကိုက်လိုက်ပါတော့တယ်။

သူ့အနေနဲ့ ဒီအကွက်ကိုသာ သုံးရတော့မယ် မဟုတ်လား။

စဉ်းစားရင်း ချင်းကျူလည်း အရက်တစ်ကြိုက် မော့သောက်လိုက်ပါပြီ။ မဟာကလန်ကြီး ခြောက်ခုက အကြီးအကဲတွေ အနားကို ရောက်ခါနီးမှာပဲ လက်ဝါးကို ဖြည်းဖြည်းချင်း မြှောက်လိုက်ပါတော့တယ်။

ဟူး

ချက်ချင်းဆိုသလို ရွှေရောင်အလင်းတွေ ဖြာထွက်လာခဲ့ပါပြီ။ ညအချိန် နေမင်းကြီး ထွက်ပေါ်လာတဲ့အတိုင်း မိုးနဲ့မြေဟာ ထွန်းလင်းတောက်ပသွားပါတော့တယ်။ အလင်းရောင်ဟာ လျှင်မြန်စွာပဲ တောက်ပသော မြို့တော်ကြီးကို လွှမ်းခြုံသွားခဲ့ပါပြီ။

အခုတော့ ရှိနေကြသူတွေ အားလုံး အကြောပိတ်ခံလိုက်ရတဲ့အလား နေရာမှာ မလှုပ်မယှက် ရပ်တန့်သွားကြပါတော့တယ်။ အချိန်စီးဆင်းမှုဟာ တခဏလောက် ရပ်တန့်သွားခဲ့ပြီး ထူးဆန်းတဲ့ ဝိညာဉ်စွမ်းအင် အမှုန်လေးဟာ ချင်းကျူရဲ့ လက်ချောင်းထိပ်မှာ ပေါ်ထွက်လာခဲ့ပါပြီ။ ဒီအလင်းမှုန်ဟာ တောက်ပသော မြို့တော်တစ်ခုလုံးကို ဖြတ်သန်းသွားပါတော့တယ်။

ဒီ ဒီ ဒီ

ရွှေရောင်အလင်း လွင့်ပြယ်သွားချိန်မှာ အရာအားလုံး ပုံမှန် ပြန်ဖြစ်သွားခဲ့ပါပြီ။ ဘာမှ မဖြစ်ခဲ့သလိုပါပဲ။

“ဟင်.. ငါ ဘာလုပ်ဖို့ စဉ်းစားနေတာပါလိမ့်”

ဟူယောင်လည်း မျက်တောင်ပုတ်ခတ် ပုတ်ခတ်လုပ်ရင်း နားမလည်နိုင်အောင် ဖြစ်နေခဲ့ပါတယ်။

တခြား အကြီးအကဲတွေလည်း အူကြောင်ကြောင် ဖြစ်နေကြပါပြီ။ သူတို့ အားလုံး ဘာလုပ်နေကြတယ် ဆိုတာနဲ့ ဘယ်ကို ရောက်နေကြတယ် ဆိုတာကို ရုတ်တရက် မေ့သွားပါတော့တယ်။

မှန်ပါတယ်။ ချင်းကျူက သူတို့ရဲ့ မှတ်ဉာဏ်တွေကို ပြောင်းလဲလိုက်တာပါ။ ပြောရမယ်ဆိုရင် ပြီးပြည့်စုံတဲ့ အဆင့်လေး ဆေးဝါးကို သူဖော်စပ်ခဲ့တာနဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တိုင်းကို ချင်းကျူ ဖျက်ဆီးပစ်လိုက်တာပါပဲ။

အကြီးအကဲ ခြောက်ဦးတင် မကပါဘူး။ ရှိနေကြတဲ့ တန်ခိုးရှင်တိုင်းနဲ့ တောက်ပသော မြို့တော်မှာ ရှိသမျှ လူတိုင်းရဲ့ မှတ်ဉာဏ်တွေကိုပါ ဖျက်ဆီးလိုက်တာပါ။

တစ်နည်းဆိုရရင်တော့ ချင်းကျူတစ်ယောက် ပြီးပြည့်စုံတဲ့ အဆင့်လေး ဆေးဝါးကို ဖော်စပ်ခဲ့ကြောင်း ဘယ်သူကမှ မသိကြတော့ပါဘူး။ ဒါပေမဲ့ သူနဲ့ ပတ်သက်တဲ့ တခြားမှတ်ဉာဏ်တွေကိုတော့ ချင်းကျူ မဖျက်ဆီးခဲ့ပါဘူး။ ဒါကြောင့် သူဘယ်သူလဲဆိုတာကိုတော့ သိကြပါသေးတယ်။

ဒီကိစ္စဟာ သူ့ရဲ့ အေးအေးလူလူ နေထိုင်ရတဲ့ ဘ၀ကို အနှောင့်အယှက် ဖြစ်လာနိုင်တာကြောင့်သာ မဟုတ်ဘူးဆိုရင် ချင်းကျူအနေနဲ့ ဒီနတ်ဘုရား သိုင်းပညာကို အသုံးပြုဖြစ်လိမ့်မယ် မဟုတ်ပါဘူး။

ပြီးတော့ ဒီနတ်ဘုရား သိုင်းပညာ ခဏခဏ အသုံးပြုရင် အသုံးပြုခံရတဲ့ လူတွေဟာ မကြာခင် ငတုံးငအတွေ အဖြစ် ပြောင်းလဲသွားနိုင်ပါသေးတယ်။ ဒီအတွက်ကြောင့် ချင်းကျူ သတိထားပြီးသာ အသုံးပြုခဲ့တာပါ။

Continue Reading

You'll Also Like

571K 91.9K 198
I don't own this story.I just translate it.So, credit to original author. Chinese Name- 小人鱼 Author- Du lai E Tran- N/A Genre- Comedy,shounen ai,Yaoi ...
547K 74.9K 111
Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is jus...
41.7K 3.6K 200
ကောင်းကင်မှာ ပျံဝဲမည့် စစ်ဘုရင် War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် ) မူရင်းရေးသူ - Feng Qin Yang ဘာသာပြန်သူ - Tai...